News Article Photo Poem Video Cartoon Music Radio

Sunday, October 28, 2007

ဆောင်းပါး
အာရှတန်ဖိုးရဲ့ နေဝင်ချိန်
ကျော်ခေါင်
အောက်တိုဘာ ၂၆ ရက်။ ၂၀၀၇ ခုနှစ်

မြန်မာပြည်မှာ စစ်အစိုးရက ပြည်သူပြည်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အကြား အမြဲလိုလို အငြင်းအခုံ ဖြစ်နေရတဲ့ အချက်ကတော့ စီးပွါးရေး ဒဏ်ခတ် ပိတ်ဆို့မှုနဲ့ စစ်အစိုးရအပေါ် ဖျောင်းဖြ နားချပြီး စည်းရုံးမှုဆိုတဲ့ မူဝါဒ ဖြစ်ပါတယ်။

မြန်မာပြည် အရေးဟာ နိုင်ငံတကာ အလယ်မှာ လူ့ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်းရတဲ့ ဖြစ်ရပ် ဖြစ်တယ် ဆိုတာကိုတော့ ကမ္ဘာပေါ်က လူသားတိုင်း၊ နိုင်ငံတိုင်း လက်ခံထားကြပြီး ပဋိပက္ခတွေကို ဖြေရှင်းကြတဲ့ နည်းနာတွေကို စွမ်းနိုင်သလောက်တော့ ထုတ်သုံးကြပါတယ်။ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေရေး အတွက် အနောက်နိုင်ငံတွေရဲ့ မူဝါဒက စီးပွါးရေး ပိတ်ဆို့ အရေးယူရေး ဖြစ်ပါတယ်။ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ အာဆီယံ နိုင်ငံတွေကတော့ ပိတ်ဆို့ ဒဏ်ခတ်ရေးကို ဆန့်ကျင်ပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေးလို့ သူတို့ခေါ်တဲ့ အချိုသပ် နားချရေး သံခင်း တမန်ခင်း နည်းကိုသာ တစိုက်မတ်မတ် ကျင့်သုံးနေဆဲပါ။

မြန်မာပြည်အပေါ် စီးပွါးရေး ပိတ်ဆို့မှုဟာ ထိရောက်မှု မရှိတဲ့အပြင် သာမန် ပြည်သူတွေသာ ဒီပိတ်ဆို့မှုကြောင့် ဒုက္ခ ရောက်ရတယ်ဆိုတဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေကို ဒီဆယ်စုနှစ်အတွင်း လှိုင်လှိုင် ပြောနေရာကနေ သူတို့ရဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ် လုပ်ဆောင်မှုဟာလည်း မအောင်မြင်ပါဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟာဆမ်း ဝီရာယုဒါ ကိုယ်တိုင် သြဂုတ်လအတွင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် အာဆီယံရဲ့ မြန်မာပြည်အပေါ် ထားတဲ့ သူတို့မူဝါဒကတော့ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားဆဲပါပဲ။ ဒါဖြင့် အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံတွေရဲ့ မြန်မာပြည်အပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုဟာ တကယ်ပဲ ထိရောက်မှု ရှိရဲ့လား။ ဘာ့ကြောင့် ပိတ်ဆို့ရေးမူကို ဆက်ပြီး ကျင့်သုံးနေတာလဲ။

ဒါကတော့ နိုင်ငံရေးစနစ် ပြောင်းလဲမှ နိုင်ငံ့ စီးပွါးရေးနဲ့ ကျန်အပိုင်းတွေပါ ပြောင်းလဲမှုတွေ ဖြစ်လာမယ်ဆိုတဲ့ အယူအဆနဲ့ စီးပွါးရေး ကောင်းမွန်တဲ့ အခင်းအကျင်းရှိမှ နိုင်ငံရေးနဲ့ကျန် အစိတ်အပိုင်းတွေပါ ပြောင်းလဲလာမယ် ဆိုတဲ့ အယူအဆ (၂)ခုဟာ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး လွန်ဆွဲမှုကြီး ဖြစ်ပေါ်လာစေတာပါပဲ။ ဒီနေရာမှာ အနောက်နိုင်ငံတွေဟာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စေဖို့ စီးပွါးရေးအရ ဘေးကြပ်နံကြပ် ဖြစ်လာစေအောင် ဖိအားပေးရေးကို မူဝါဒတစ်ခုအဖြစ် ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြပါတယ်။

စီးပွါးရေး ပိတ်ဆို့ ဒဏ်ခတ်မှုကို ကျင့်သုံးတဲ့အခါမှာ အဓိကအချက် (၅)ချက် ရှိပါတယ်။ နိုင်ငံ တစ်နိုင်ငံက ကျင့်သုံးနေတဲ့ အစိုးရရဲ့ နိုင်ငံရေး မူဝါဒတွေ ပြောင်းလဲစေရေး (နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရေး၊ နျူးကလီးယား လက်နက် မထုတ်လုပ်နိုင်အောင် တားဆီး ဟန့်တားရေး ကဲ့သို့သော အချက်များ)၊ တည်ဆဲအစိုးရ ပြိုလဲသွားစေရေး (အစိုးရ တစ်ရပ်ရဲ့ စီးပွါးရေး အခွင့်အလမ်းတွေကို ချိုးဖျက်ပစ်သည့် အချက်များ)၊ တည်ငြိမ်မှု ကင်းမဲ့နေတဲ့ အစိုးရ တစ်ရပ်က စစ်ရေးအရ ကျူးကျော်နိုင်သည့်အရေးကို ဟန့်တားရေး၊ စစ်တပ် တစ်ခု၏ စစ်ရေး ခြိမ်းခြောက်မှု အလားအလာများကို အားနည်းချိနဲ့သွားစေရေး (စစ်အင်အား အဆမတန် တိုးချဲ့နေခြင်း)နဲ့ အခြားသော ရည်ရွယ်ချက်များဖြင့် ပိတ်ဆို့ရေး (တောင်အာဖရိက နိုင်ငံတွင် အသားအရောင် ခွဲခြားမှု ရပ်တန့်သွားစေရန်) စတဲ့ အကြောင်းရင်းတွေကြောင့် စီးပွါးရေး ပိတ်ဆို့မှုကို ကျင့်သုံးကြတာ ဖြစ်ပါတယ်။

ဒီမူဝါဒကို ကျင့်သုံး လုပ်ဆောင်တဲ့ အခါမှာလည်း ပစ်မှတ်ထားခံရတဲ့ နိုင်ငံတနိုင်ငံရဲ့ အခင်းအကျင်းတွေကလည်း အရေးပါတဲ့နေရာမှာ ရှိပါတယ်။ ပိတ်ဆို့ အရေးယူမှု ထိရောက်စေရေး အတွက် (၁)။ ပိတ်ဆို့ခံရမယ့် နိုင်ငံဟာ ဧရိယာအရ သေးငယ်ပြီး စီးပွါးရေး အားနည်းနေတဲ့အပြင် နိုင်ငံရေး အခြေအနေပါ မတည်မငြိမ် ဖြစ်နေရမယ် (၂)။ အဲဒီနိုင်ငံဟာ စီးပွါးရေး ပိတ်ဆို့တဲ့နိုင်ငံနဲ့ မဟာမိတ် ဖြစ်ရမယ် (၃)။ ပိတ်ဆို့ အရေးယူမှုတွေကို အချိန်တိုတိုအတွင်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်ရေး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရမယ် (၄)။ ပိတ်ဆို့မှုကြောင့် ပိတ်ဆို့တဲ့ နိုင်ငံတွေ ဆုံးရှူံးရတဲ့ ကုန်သွယ်မှု ပမာဏက နည်းပါးရမယ် (၅)။ ပစ်မှတ်ထားတဲ့ နိုင်ငံကို လုပ်စေချင်တဲ့ အပြောင်းအလဲဟာ သေးငယ်ရမယ် ဆိုတဲ့ အချက်တွေ ပြည့်စုံတဲ့အခါမှာ ဒဏ်ခတ် အရေးယူမှုဟာ အင်အား ကြီးကြီးမားမားနဲ့ကို ထိရောက်တယ်လို့ ဆိုနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည် ပိတ်ဆို့ အရေးယူမှု ထိရောက်မှု ရှိတယ်၊ မရှိဘူးဆိုတာ ဒီအချက်တွေနဲ့ တိုင်းတာနိုင်သလို ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ အချိန်တိုအတွင်း အကောင်အထည်ဖော်ဖို့ ခေါင်းမာ တင်းခံနေတဲ့ အခြေအနေတွေကို ဖယ်ရှားလိုတဲ့ ရည်ရွယ်ရင်းကြောင့် ကျင့်သုံးနေတဲ့ မူဝါဒကို သဘောပေါက်နိုင်ပါတယ်။ အာဏာသိမ်း စစ်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွါးရေးအရ မတည်ငြိမ်ဘူး၊ ဂလိုဗယ်လိုက်ဇေးရှင်း ဖြစ်စဉ်ထဲမှာ မဖြစ်မနေ ထိစပ် ပတ်သက်နေရတဲ့ အခြေအနေတွေကြောင့် အခွင့်အလမ်းတွေ ဆုံးရှူံးရတဲ့ ပမာဏတွေ ပိုပိုပြီး ကြီးလာနေတယ်၊ ပိတ်ဆို့မှုကို အာခံရင်း ပြည်တွင်း ဖိနှိပ်မှုတွေ အရှိန်မြင့်လာတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံးက နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ပါဆိုတဲ့ တွန်းအားတွေ ညီညီညာညာ ပေါ်လာတာတွေဟာ ရေခံမြေခံတွေ ဖြစ်ပါတယ်။ အကျိုးဆက်ကတော့ ပိတ်ဆို့မှုဟာ အလုပ်မဖြစ်ဘူး၊ ပူးပေါင်း ဆောင်ရွက်ရေးသာလျင် လက်တွေ့ကျတယ် ဆိုတဲ့ နိုင်ငံအချို့ ကိုယ်တိုင် စစ်အစိုးရနဲ့ မကင်းနိုင်တာကြောင့် သူတို့နိုင်ငံရဲ့ ဘဏ္ဍာရေး ထိခိုက်တော့မယ်ဆိုတဲ့ အရိပ်အယောင်တွေ ဖြစ်လာနေပါတယ်။

မြန်မာပြည်မှာ ပေါ်ပေါက်ခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးရဲ့ ဂယက်ကြောင့် အချိန်တိုတိုအတွင်း အနောက် နိုင်ငံတွေရဲ့ အရေးယူမှု၊ နောက်ဆက်တွဲ ပိတ်ဆို့ရေး ဥပဒေတွေ ပြဌာန်းမှုတွေကြောင့် စစ်အစိုးရရဲ့ ငွေကြေး အရင်းအမြစ်တွေ လျှပ်တပြတ်အတွင်း ပြတ်တောက် သွားခဲ့ပါတယ်။ စီးပွါးရေး တည်ငြိမ်မှ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်လာစေမယ်ဆိုတဲ့ အယူအဆကို ချိုးဖျက် နိုင်လိုက်တဲ့အခါ အာဆီယံ၊ တရုတ်နဲ့ အိန္ဒိယ အစိုးရတွေ ကိုယ်တိုင်က မြန်မာပြည်မှာ ဒီမိုကရေစီရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မဖြစ်မနေ လုပ်ဖို့ လိုနေပြီလို့ ထုတ်ဖော် ပြောလာရတဲ့ ကိန်းကို ဆိုက်သွားပါတယ်။ ဒါဟာ ပိတ်ဆို့မှုကြောင့် မြန်မာစစ်အစိုးရ အလဲထိုးခံလိုက်ရတဲ့ ကနဦးအချက် ဖြစ်ပါတယ်။

နောက်ထပ် စစ်အစိုးရ ရင်ဆိုင်နေရတာက ၁၉ နှစ်လုံးလုံး မလုပ်ချင်ဆုံး အလုပ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးရေးကို လုပ်ပါမယ်လို့ ကတိပေးခဲ့ရတာပါပဲ။ ဒါတွေဟာ စီးပွါးရေး ပိတ်ဆို့မှု အပါအဝင် နိုင်ငံတကာရဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲဖို့လိုတယ်ဆိုတဲ့ ဖိအားကို မငြင်းဆန်နိုင်တဲ့ အခြေအနေကို ဆိုက်ရောက် သွားစေတာမို့ အမေရိကန် ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုဟာ ထိရောက်မှု ရှိတယ် ဆိုတာပါပဲ။ ဒီပိတ်ဆို့မှုတွေကြောင့် သူတို့ ကိုယ်တိုင် ထိခိုက်ပါတယ်လို့ စစ်အစိုးရ ကိုယ်တိုင် ဝန်ခံလာပြီး တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စေချင်ရင် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရမယ်လို့ အပေးအယူ လုပ်လိုတဲ့သဘော တီးခေါက်လာပါတယ်။

လာမယ့် သီတင်းပတ်တွေအတွင်း အမေရိကန် ပြည်ထောင်စုက ထပ်မံ ပြဌာန်းဖို့ရှိတဲ့ Burma JADE Act 2007 ဟာ ကုလသမဂ္ဂက တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရေး၊ တွေ့ဆုံ ဆွေးနွေးရေး အမြန်ဆုံး စတင်ရေး ခြေလှမ်းတွေ နှောင့်နှေးအောင် အချိန်ဆွဲနေတာကို ရပ်တန့်စေဖို့ နောက်ထပ် လှမ်းနေတဲ့ အင်အားပြင်းတဲ့ ဖိအား ဖြစ်ပါတယ်။ ဒီသီတင်းပတ် အတွင်းမှာလည်း တောင်အာဖရိကနဲ့ ဆွစ်ဇာလန် နိုင်ငံတွေက မြန်မာပြည်က တင်သွင်းလာတဲ့ အဝတ်အစားနဲ့ ရေထွက် ပစ္စည်းတွေကို ဆိပ်ကမ်း ရောက်ပြီးမှ ပြန်ပို့ခံလိုက်ရတဲ့ သီးခြားအဓိပ္ပါယ်နဲ့ အရေးယူမှုကြောင့် စစ်အစိုးရရဲ့ ရပ်တည်ရေးဟာ ပိုပြီး အကြပ်ရိုက်စေခဲ့ပါတယ်။ စစ်အစိုးရရဲ့ ဆွေမျိုးသားချင်း ကောင်းစားရေး စီးပွါးရေး မူဝါဒကို ကျားကန်ပေးနေတဲ့ အလိုတော်ရိ စီးပွါးရေး သမားတွေရဲ့ လုပ်ငန်းတွေ အမည်ပျက် စာရင်းထဲ ထည့်သွင်းခံရတာတွေ၊ သူတို့ရဲ့ ဘဏ္ဍာရေး စာရင်းတွေကို ပိတ်ဆို့လိုက်တာတွေကြောင့် စင်္ကာပူ အပါအဝင် ဒေသတွင်းက နိုင်ငံတွေကပါ မြန်မာ စစ်ဗိုလ်တွေကို အကာအကွယ် ပေးနိုင်ရေးဆိုတာ ခက်ခဲလာပါတယ်။ ဒါ့ကြောင့် အပြောင်းအလဲတွေ လုပ်ပါလို့ ထုတ်ဖော် ပြောလာနေသလို စစ်တပ်ကို ဖယ်ရှားလိုက်ရင် အီရတ်က အခြေအနေတွေလို ဖြစ်လာမယ်လို့ ဗေဒင်ဆရာလိုလို လေသံတွေ ပစ်လာပြီး စစ်အစိုးရ ပြုတ်ကျရေးတော့ မလုပ်ပါနဲ့၊ အာဏာ ခွဲဝေရေးလုပ်ပြီး အရပ်သား အစိုးရ ဖွဲ့ပါလို့ ပြောလာကြပါတယ်။ ဆူဟာတိုလွန် ကာလတွေကို နမူနာ ယူပါတို့၊ မြောက်ကိုရီးယား အရေး (၆) နိုင်ငံ ဆွေးနွေးပွဲအတိုင်း လိုက်ပါတို့ ပြောလာပါတယ်။ ဒါဟာ ဒေသတွင်း နိုင်ငံတွေရဲ့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်ရေး မူဝါဒ ဗုန်းခနဲ လဲပြိုသွားတာကို သိက္ခာ ဝိုင်းဆယ်ကြတဲ့ သဘောပါပဲ။

ဒါပေမယ့် အာဆီယံဟာ စီးပွါးရေး ပိတ်ဆို့မှုကို မထောက်ခံပါဘူးလို့ တွင်တွင် ပြောနေရတာ ဘာ့ကြောင့်လဲ။ အဖြေကတော့ ခေတ်မီရေး၊ ချမ်းသာ ကြွယ်ဝရေးမူကြောင့် စီးပွါးရေး၊ ကုန်သွယ်ရေးကို ထိခိုက်မှုကို မလိုလားခြင်းနဲ့ တရုတ်နိုင်ငံရဲ့ မြန်မာပြည် ပေါ်လစီအပေါ် သတိထားနေခြင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာပြည်အပေါ် သြဇာ လွှမ်းမိုးမှုကို အာဆီယံ နိုင်ငံတွေဟာ သိပ်ကို စိုးရိမ်ကြပါတယ်။ တရုတ်သြဇာ ပျံ့နှံ့မှုကို ဟန့်တားနိုင်ရေးအတွက် အာဆီယံအဖွဲ့ကို ထူထောင်ခဲ့ရတာ ဖြစ်ပါတယ်။ အနောက် မဟာမိတ် နိုင်ငံတွေလို မြန်မာပြည်ကို ပိတ်ဆို့လိုက်ရင် တရုတ် လွှမ်းမိုးမှုနဲ့ စီးပွါးရေးဟာ မြန်မာပြည်မှာ တမိုးလုံး ဖျောက်ဆိပ် ဖြစ်သွားမှာပါ။ ဒါကို အိန္ဒိယကလည်း အဖြစ်မခံနိုင်ပါဘူး။ အိန္ဒိယနဲ့ အာဆီယံ တဦးကိုတဦး ဈေးကွက်အရ လိုအပ်နေကြတာမို့ မြန်မာပြည်ဟာ သူတို့ကြားက ပင်မ အဆက်အသွယ်ကြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် အာဆီယံဟာ ကုလသမဂ္ဂ အလိုအတိုင်းသာ လုပ်ပါ၊ ထောက်ခံပါတယ်လို့ တစိုက်မတ်မတ် ပြောလာပါပြီ။

မြန်မာစစ်အစိုးရရဲ့ ခေါင်းမာမှုကို တစ်ချက်တည်း အလဲထိုးနိုင်မယ့် ကစားကွက်ကတော့ တရုတ်ကို ဖိအားပေးတဲ့နည်း ဖြစ်ပါတယ်။ တရုတ် အစိုးရသာ ရေရှည်အမြင်နဲ့ မြန်မာပြည် အရေးကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး မြောက်ကိုရီးယားကို ဖိအားပေးသလို မြန်မာ စစ်ခေါင်းဆောင်ကို ဖိအား ပေးနိုင်ရင်တော့ သေချာပေါက် အပြောင်းအလဲ ရှိပေမယ့် တရုတ်အစိုးရက သေချာပေါက် အမြတ်ကျန်မှ ဒီပွဲကို ဝင်နွှဲမှာပါ။ သူ့သြဇာသုံးပြီးမှ အိန္ဒိယနဲ့ ဝေစုခွဲရမယ် ဆိုရင်တော့ ရှူံးနေသေးတာမို့ ဈေးတင်ထားတဲ့ အခြေအနေမှာ ရပ်တည်နေတာပါ။ ဂလိုဗယ်လိုက်ဇေးရှင်း ဖြစ်စဉ်ထဲမှာ မြန်မာပြည် အရေးဟာ ကမ္ဘာ့နိုင်ငံ တနိုင်ငံချင်းစီရဲ့ အမျိုးသား အကျိုးစီးပွါးတွေကြားမှာ မဗေဒါက အယက်အကန် ခံနေဆဲပါပဲ။ ကမ္ဘာကြီး ပြောင်းလဲသွားတာကြောင့် မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းကလည်း အချိန်တွေ ကြာမြင့်ခဲ့ရသလို ဒီမိုကရေစီ အောင်ပွဲကို ညတွင်းချင်း မရနိုင်တဲ့ ခရီးရှည်တွေကို တအိအိ ဖြတ်သန်းနေရဆဲပါ။ ဒါပေမယ့် အဲဒီလှိုင်းကြောင့်ပဲ စစ်အစိုးရဟာ ကြောက်ခမန်းလိလိ ဖိအားတွေကို အလူးအလဲ ခံနေရတာလည်း ဖြစ်ပါတယ်။ အဲဒါကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူတွေရဲ့ သဘောတူညီမှု မရှိဘဲ စစ်အစိုးရက ကိုယ့်သဘောနဲ့ကိုယ် လုပ်ချင်ရာ လုပ်ခွင့်မရှိတော့ဘူး ဆိုတဲ့ ရွှေဝါရောင် ဂယက်ကြီးပါပဲ။

နောက်ထပ်တခေါက် ဒီမေးခွန်းကို ပြန်မေးပါရစေ။ မြန်မာပြည်အပေါ် စီးပွါးရေး ပိတ်ဆို့မှုဟာ ထိရောက်ပါရဲ့လား။ လီကွမ်ယူရဲ့ တစ်ချိန်တုန်းက စီးပွါးရေး ပြောင်းလဲပြီးမှ နိုင်ငံရေး ပြောင်းလဲမှု ရှိနိုင်မယ်ဆိုတဲ့ အာရှတန်ဖိုးဟာ သက်တမ်းမကြာခဲ့ဘူး ဆိုတာပါပဲ။ မြန်မာပြည်က သက်သေပြပါလိမ့်မယ်။

Thursday, October 25, 2007

ဆောင်းပါး
ပြောလိုက်ပါရစေ ဝန်ကြီးရေ
ဘဒ္ဒန္တသာသနပိယ
အောက်တိုဘာ ၂၅ ရက်။ ၂ဝဝ၇ ခုနှစ်

၂၄.၁ဝ.ဝ၇ ည ၈နာရီ မြန်မာ့ ရုပ်မြင်သံကြားနှင့် မြဝတီ ရုပ်သံတို့မှ ထုတ်လွှင့်ခဲ့သော သာသနာရေး ဝန်ကြီး သူရမြင့်မောင် (နံဘေးမှ အကြံပေး ရဟန်းလူထွက် သာသနာဖျက် အံ့မောင်)နှင့် အပေါင်းပါတို့၏ အင်းစိန် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ အပါအဝင် ဆရာတော်ကြီး ၁၃-ပါးတို့ မျက်မှောက်၌ ဖတ်ပြခဲ့သော ရိုင်းစိုင်း ကြမ်းတမ်းလှသည့် (ထောင်ထွက် ကဲ့သို့သော) စကားလုံးများ ပါဝင်သည့် ထုတ်လွှင့်မှု အပေါ် သံဃာထု တစ်ရပ်လုံးမှ အယုံအကြည်မရှိ ရှုတ်ချခြင်းနှင့် အတူ ယင်းသို့ ရေးသား ဖတ်ပြမှုများသည် သာသနာတော်အား စော်ကားခြင်းနှင့် သံဃာထု တစ်ရပ်လုံးအား စိန်ခေါ်မှု တစ်ရပ်သာ ဖြစ်ကြောင်း တုန့်ပြန် ပြောကြားလိုက်ပါရစေ။

ပီနန် ဆရာတော်ဟု ထင်ရှားသည့် ဆရာတော် ဦးပညာဝံသနှင့် မစိုးရိမ်တိုက်၌ ဆယ်စုနှစ်ပေါင်း များစွာ စာပေပို့ချခဲ့ပြီး သာသနာတော်အတွက် ကျေးဇူး များလှသော ဆရာတော် ဦးကောဝိဒတို့အား သံဃာ အတုအယောင်ဟု စွပ်စွဲခြင်း၊ ဆရာတော် ဦးကောဝိဒအား ထောင်ကျခဲ့ဘူးသူ (ထောင်ထွက်) ဟု ပြောဆိုခြင်းမှာ အလွန်ပင် ရိုင်းပျလှပါသည်။ ထို့အပြင် ရှေ့မှောက် ၌ ငုတ်တုတ်ထိုင်နေသော အင်းစိန် ဆရာတော်အားလည်း (အရှင်ဘုရားလည်း ခေါ်ယင်လာ၊ မလာယင် ဒီလိုပဲ အပြောခံရမယ်လို့) ပရိယာယ်နဲ့ စော်ကား ခြိမ်းခြောက်လိုက်ခြင်းသာ ဖြစ်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပျံလွန်သွားပြီ ဖြစ်တဲ့ တိပိဋကဓရ အရှင် သုမင်္ဂလာ လင်္ကာရ၊ ယခုလက်ရှိ မစိုးရိမ် တိုက်သစ် ဆရာတော် အရှင် ရာဇဓမ္မာ ဘိဝံသတို့နဲ့အတူ အင်းစိန် ဆရာတော် ကိုယ်တိုင် ထောင်ချခံခဲ့ရဘူးလို့ ပါပဲ။ ဒါ့အပြင် ဆရာတော် ဦးပညာဝံသ တည်ထောင်ခဲ့တဲ့ သန္တိသုခ ကျောင်းတော်ကြီးကို မတရား သိမ်းပိုက်ခဲ့တာ ဘယ်အစိုးရ အဖွဲ့အစည်းလဲဆိုတာ တစ်သာသနာလုံးက သိပြီးသားပါ။

လက်ရှိ အစိုးရကို ဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေ တွေ့ရှိလို့ အရေးယူကြစတမ်း ဆိုယင် သာသနာပိုင် အဆောက်အဦ အတွင်းရှိ စာအုပ် စာတမ်း (ပိဋကတ်တော်) များသာမက ပြည်သူပိုင် စာအုပ်များနှင့် တစ်ကမ္ဘာလုံးရှိ စာအုပ်စာတမ်းများကို မီးရှို့ ဖျက်ဆီးလိုက်ရုံသာ ရှိပါတော့တယ်၊ အကြောင်းကတော့ စစ်အစိုးရ ဆိုတာ သာသနာဖျက် အဖွဲ့ ဖြစ်ရုံမျှမက ပြည်သူ တစ်ရပ်လုံး တစ်ကမ္ဘာလုံးရဲ့ ဆန့်ကျင်ဘက် ဖြစ်နေလို့ပါပဲ။

၂ လုံးထီ ၃ လုံးထီ ဆိုတာ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေပါ ဆိုယင် လက်ရှိ ဘယ်သူတွေ အုပ်ချုပ်နေပြီး ဘယ်လို အရေးယူနေလို့ ဒီလိုဖြစ်နေရတာလဲ ဆိုတာရော စဉ်းစား ကြည့်စမ်းပါဦးလေ။ စစ်မှန်တဲ့ ဥပဒေဆိုတာ တစ်ချိန်ချိန်မှာ ပေါ်ပေါက်လာမှာ မြေကြီးလက်ခတ် မလွဲပါပဲ၊ အဲဒီအချိန်ကျယင် ယခု ကြေငြာ ဖတ်ပြခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်မှု မှန်သမျှ တာဝန်ရှိတဲ့ သာသနာရေး ဝန်ကြီးနဲ့ အကြံပေး ဦးအံ့မောင်တို့ ဖြေရှင်းနိုင်ဘို့တော့ ကြိုတင် စဉ်းစား ထားစေချင်ပါတယ်၊ (သက်ရှိထင်ရှားရှိနေကြဦးမယ်ဆိုယင်ပေါ့)၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက� သိုလ် ပါမောက္ခချုပ် ဆရာတော် အရှင် နန္ဒမာလာ ဘိဝံသ၊ သီတဂူ ဆရာတော် နဲ့ မစိုးရိမ်တိုက်သစ် ဆရာတော် မြတောင်ကျောင်းတိုက် ဆရာတော်၊ မဟာဂန္ဓာရုံ (အမရပူရ) ဆရာတော် တို့ကိုလည်း လမ်းပေါ်ထွက်တာ သံဃာ အတုအယောင်တွေသာ ဖြစ်တယ် ဆိုတဲ့ စာရွက် စာတမ်းတွေကို လက်မှတ်ထိုးခိုင်း၊ မရယင် ထုံးစံအတိုင်း လုပ်ဘို့ လမ်းညွှန်မှု ပေးခဲ့တာ လက်မှတ် ထိုးခိုင်းလို့လည်း မရတော့၊ ထုံးစံအတိုင်း လုပ်ဘို့ လမ်းစရှာနေပြီ ဆိုတာပါ တစ်သာသနာလုံးက သိနေပါပြီ။ (လက်မှတ် ထိုးခိုင်းတာ ဆရာတော်ကြီးများက ငြင်းဆိုလိုက်တာ ဟုတ်မဟုတ် ဆရာတော်ကြီးများ အသိဆုံးပါ)၊ နောက်ကွယ်က ကြိုးကိုင်တိုင်း လုပ်နေရတာဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးတွေ ဆိုတာကတော့ ပညာရှိ ရဟန်းရှင်လူများထက် လယ်ထွန်သမား လှည်းမောင်းသမားတွေက ပိုသိကြပါတယ်လို့ တုန့်ပြန်ယင်း-

ဘဒ္ဒန္တသာသနပိယ
မြန်မာပြည်


ဆောင်းပါး
ညီလာခံထောက်ခံပွဲ ဆိုသည်မှာ
အောက်တိုဘာ ၂၄ ရက်။ ၂၀၀၇ ခုနှစ်

စက်မှုဇုန် (၁)ဇုန်ကို လူ (၅၀၀၀) နှုန်းနှင့် ထောက်ခံပွဲ တက်ရန်ခေါ်ရာ အထည်ချုပ် စက်ရုံဆိုလျှင် တရုံလျှင် (၂၀၀ မှ ၄၀၀) အထိ လိုက်ရသော ရုံများ ရှိပါသည်။ ထိုစက်ရုံများကို စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီမှ တောင်းသော လူအင်အားအတိုင်း ပေးရခြင်း ဖြစ်ပါသည်။ ဆန္ဒပြပွဲသို့ လာရောက်မည့် သူများသည် ပိုက်ဆံအိတ်၊ အသံဖမ်းစက်၊ ကင်မရာ၊ ဟန်းဖုန်းများ ယူဆောင်လာခြင်း မပြုရန် ကြိုတင် အကြောင်းကြားထားသည်။

ရွှေပြည်သာ အထည်ချုပ်စက်ရုံမှ မနန္ဒာ၏ ပြောကြားချက်အရ စက်ရုံ ပိုင်ရှင်မှ မဲနှိုက်ပြီး လူရွေး ပေးလိုက်ကြောင်းနှင့် စစ်ထောက်လှမ်းရေးများ ရှိနေမည်ဟု စက်ရုံက မှာကြားလိုက်သည်ဟု ဆိုသည်။

"စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ၊ လုပ်ရမှာပဲတဲ့ " ဟု သူမက ပြောသည်။

ကာဖျူးရှိသော်လည်း ည (၁၂) နာရီ မထိုးခင် စက်ရုံသို့ အရောက်သွားရပြီး စက်ရုံ အမည်နှင့် လူအရေအတွက် စစ်ဆေးခံပြီး (၃) နာရီကျော်ခန့်တွင် သုဝဏ္ဏ အားကစားကွင်းသို့ စက်ရုံမှ ကားများဖြင့် ထွက်လာခဲ့ကြသည်။

ကွင်းရောက်သောအခါ လုံခြုံရေး အစီအစဉ်အရ ဆိုကာ လမ်းလျှောက်ခိုင်းပါသည်။ တီဗွီရိုက်သည့် အဖွဲ့ ရောက်လာကာနီး အချိန်တွင် ကြွေးကြော်သံများ အော်ဟစ်ခိုင်းပြီး ရိုက်ကူးရေးအဖွဲ့ ကျော်လွန်သွားသောအခါ ရေသန့်ဗူးများကို လုံခြုံရေးအရဟု ဆိုကာ သိမ်းဆည်းသွားကြသည်။

ထိုနေ့က ထောက်ခံပွဲတွင် စက်ရုံလုပ်သား (၇၀၀၀၀) အားကစား ကွင်းလည်တွင် ဒီလိုနှင့် ရှိခဲ့သည်။

"ထောက်ခံလား၊ မထောက်ခံသလား ဖြေဖို့တောင် မလိုဘူး တနိုင်ငံလုံး သိတယ် ၊ ကျမတို့က အိပ်ငိုက်ပြီး ပြန်လာတာ" ဟု တက်ရောက်လာသူ အမျိုးသမီးတဦးက ပြောသည်။

စက်ရုံပိုင်ရှင်များမှကတော့ အခမ်းအနား တက်မည့် လုပ်သားများအတွက် ကုန်ကျစားရိတ်များ ကျခံရသည်။

ရန်ကုန်မြို့ ပတ်လည် စစ်တပ်များမှ စစ်သားများ၏ မိန်းမများလည်း ထိုထောက်ခံပွဲသို့ တက်ရောက်ခဲ့ရသည်။ လက်ရှိ မင်္ဂလာဒုံ စစ်တပ်အတွင်း နေထိုင်လျှက် မြောက်ဥက� လာတွင် ကုန်စိမ်း ရောင်းနေသော စစ်သား မိန်းမတဦးက ကားများပေါ် မတက်ခင်တွင် တယောက် (၂) ထောင်နှုန်းဖြင့် လက်ငင်း ရှင်းပေးကြောင်းနှင့် အထူးတန်း ပွဲကြည့်စင်အောက်တွင် နေရပြီး ကော်ဖီမစ်နှင့် မုန့်များကို အလျှံပယ် သုံးဆောင်ခွင့် ရသည်ဟု ဆိုသည်။

အခု ထောက်ခံသော အခြေခံ ဥပဒေထဲတွင် ဘာတွေပါလဲ မေးသောအခါ "ဒါလူကြီးတွေအလုပ် တို့နဲ့ မဆိုင်ဘူး" ဖြေကြားသွားသည်။


ဆောင်းပါး
စီးဆင်းလေဦးမှာလား ဧရာဝတီ
အောင်သူငြိမ်း
စက်တင်ဘာလ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။

ဧရာဝတီမြစ်ဆုံကို ဆည်ဖို့တော့မည်။ မေခ၊ မေလိခတို့ ဆုံစည်းရာမှ ဧရာဝတီမြစ်ဟု စတင် ပေါ်ပေါက်လာရသည့် မြစ်ဖျားပိုင်းကို ဆည်ဖို့တော့မည် ဖြစ်သည်။ ဆည်မှ ဧရာမ ဆည်ကြီးမျိုး ဖြစ်သည်။ ဆည်ကြီးများ တည်ဆောက်ခဲ့၍ နိုင်ငံအများတွင် ဆိုးကျိုး နစ်နာမှုများ ကြုံခဲ့ကြရသလို ဧရာမ ဆည်ကြီးများ တည်ဆောက်မည် ဆိုလျှင် ကမ္ဘာတလွှားတွင် ပွက်ပွက်ညံ ကန့်ကွက်သံများ ဆူညံ သွားတတ်ကြသည်။

အခုလည်း မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု တင်စား ခေါ်ဝေါ်နိုင်သည့် ဧရာဝတီ မြစ်ကြီးကို ဆည်တုတ်မည့် ကိစ္စ ဖြစ်သည်။ ဤကိစ္စကို စိုးရိမ်ပူပန်စွာ အရေးတယူ လေ့လာ တင်ပြလာကြသည့် ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက်ကို မိမိ အလွန် ကျေးဇူးတင်ပါသည်။ သူတို့၏ သုတေသန ပြုချက်များကလည်း ပြည့်စုံ ပီပြင်စွာ စုဆောင်း တင်ပြခဲ့ကြခြင်း ဖြစ်ပြီး၊ အန္တရာယ်ကြားမှ စွန့်စား၍ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ မေးမြန်းခန်းများ ပြုခဲ့ကြသည်မှာ အလွန် ချီးကျူးထိုက်သော ကိစ္စ ဖြစ်ပါသည်။ အလွန် စိုးရိမ်ဖွယ်ကောင်း၍ အမှန်တကယ် သံချောင်းခေါက် တပ်လှန့်ရမည့် ကိစ္စလည်း ဖြစ်ပါသည်။ ဤဧရာဝတီ မြစ်ဆုံဆည်သာမက မေခမြစ်ပေါ်တွင် နောက်ထပ်ဆည် ၇-ခု ထပ်တည်ဆောက်ရန် စစ်အစိုးရက လျာထားချက်များလည်း ရှိနေပါသေးသည်။

သို့သော်လည်း ဤအစီရင်ခံစာအကြောင်း သတင်းအဖြစ် ဖော်ပြကြသူများက ဤသို့ စိုးရိမ်ဖွယ် အကြောင်းကို ခြုံငုံ ဖော်ပြခဲ့သည်ဟု မဆိုနိုင်ပါ။ သတင်း ခေါင်းစဉ်များကို ကြည့်၍ မိမိအလွန် အားမလို အားမရ ဖြစ်လာပါသည်။ ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်) က ဤသတင်းကို ဖော်ပြသည် ကြားရပါသည်။ ဧရာဝတီ အွန်လိုင်းတွင် မတွေ့ရသေးပါ။ မဇ္ဈိမ သတင်းဌာန အွန်လိုင်း မြန်မာ စာမျက်နှာက "မြစ်ဆုံရေကာကြောင့် ရွာ ၅ဝ ခန့် ရေမြုပ်မည်ဟု ကချင်အဖွဲ့က ပြောဆို" ဟုသာ သတင်း ခေါင်းစီး ဖော်ပြခဲ့ပါသည်။ ခေတ်ပြိုင် သတင်းစာ အွန်လိုင်း စာမျက်နှာကလည်း "KDNG မှ စံချိန်မှီ စီမံကိန်းများ ဖြစ်စေရန် တရုတ်အား တိုက်တွန်း" ဟု သာ သတင်းခေါင်းစီးရေး ဖော်ပြခဲ့ပါသည်။ ဤဖော်ပြချက်များကို မိမိ မကျေနပ်နိုင်၍ ဤ ဆောင်းပါး ရေးရခြင်း ဖြစ်ပါသည်။

မြန်မာလူ့ယဉ်ကျေးမှု၏ အသက်သွေးကြော

ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အချက်အချာ နေရာများကို ဖြတ်သန်း စီးဆင်းသွားပြီး၊ မြန်မာနိုင်ငံ၏ နှလုံးသည်းပွတ်ဟုပင် ခေါ်နိုင်ပါသည်။ ဧရာဝတီမြစ်က မြန်မာလူထုများအတွက် သောက်သုံးရေ ပေးသလို၊ ဆန်စပါးများ စိုက်ပျိုးရန်အတွက် ရေ၊ နုံးတင်မြေနု၊ သားငါး တောကောင်များ ကျက်စားရာ လွင်ပြင် ဖြစ်ပါသည်။ မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင် ဧရာဝတီ နှင့် ကင်းကွာ၍ မရပါ။ ၁၁-ရာစု ပုဂံ အင်ပိုင်ယာမှသည်၊ မြင်စိုင်း၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင် အဆက်ဆက်သော မြန်မာ့ ထီးနန်း အုပ်ချုပ်သူများ လူထုများ မှီခို ရှင်သန်ခဲ့ကြသည်မှာ ဤမြစ်ကြီး ဧရာဝတီပင် ဖြစ်ပါသည်။ တနည်းဆိုရလျှင် ဧရာဝတီသည် မြန်မာ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုကို ဖွံ့ဖြိုးစေခဲ့သော လွင်ပြင်လည်း ဖြစ်ပါသည်။ မြန်မာများက ဤမြေကို ကာကွယ်ခဲ့ကြပြီး၊ ဤမြေတွင် ကြီးထွားခဲ့ကြပါသည်။ ဤမြစ်နှင့် ဤမြေကို ခုံမင် တပ်မက်ခဲ့ကြပါသည်။ ရှေးအဆိုတော်များ သာမက ခေတ်အဆိုတော်များ ဖြစ်သည့် ခင်ဝမ်း၏ ဧရာဝတီ၊ ထူးအိမ်သင်၏ ဧရာဝတီ၊ စသဖြင့် ဧရာဝတီသည် အနုပညာရှင် တို့၏ အိပ်မက်များကို ဖွားမြင်စေရာလည်း ဖြစ်ပါသည်။

ဧရာဝတီ မြစ်ဝှမ်းက (၄၁၃,၆၇၄) စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး၊ မြန်မာနိုင်ငံ စုစုပေါင်း အကျယ်အဝန်း၏ (၆၁) % ကို လွှမ်းခြုံထားပါသည်။ ဧရာဝတီမြစ်သည် မြစ်ကြောင်းအလျားက (၂,၁၇၀) ကီလိုမီတာနီးပါး ရှည်လျားပြီး၊ တိုင်းပြည်၏ အရေးအကြီးဆုံး ကူးသန်း ရောင်းဝယ်ရေး ရေကြောင်းလမ်းလည်း ဖြစ်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသည် လူဦးရေ (၃) သန်းကျော် မှီတင်း နေထိုင်ရာ ဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆန်စပါး အထွက်၏ (၆၀%) ကို ဤဒေသက ထုတ်လုပ် ဖြည့်ဆည်း ပေးနေပါသည်။

ထိုမျှမက ဧရာဝတီမြစ်သည် ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် (UN Environment Programme) နှင့် ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းမှု စောင့်ကြည့်ရေး ဌာန (World Conservation Monitoring Center) တို့က ၎င်း၏ ဇီဝသတ္တ စုံလင်ကြွယ်ဝမှုကြောင့် ဦးစားပေး ထိန်းသိမ်း ထားအပ်သည့် မြစ် (၃၀) စာရင်းတွင် ထည့်သွင်းထားသော မြစ်ကြီးတစင်းလည်း ဖြစ်ပါသည်။ ဧရာဝတီမြစ်တွင် ငါးမျိုးစိတ် (၇၉) မျိုး ရှိနေပြီး ရှားပါးသည့် ဧရာဝတီ လင်းပိုင်ငါးကြီးများလည်း အပါအဝင် ဖြစ်ပါသည်။ ထို့အပြင် ဧရာဝတီ မြစ်ဝှမ်းတလျှောက်၌ ငှက်များအတွက် စားကျက်ဘေးမဲ့မြေ ၄-ခု လည်း တည်ရှိနေပါသေးသည်။

ယခုကိစ္စက ဤမြစ်ကို ဆည်တုတ်မည့် ကိစ္စ ဖြစ်ပါသည်။ စစ်အစိုးသည် ဧရာဝတီမြစ်ပေါ်ရှိ ပင်မဆည်ကြီး အပြင်၊ မြစ်ဆုံမြောက်ဘက်ရှိ အင်မိုင်ခခေါ် (မေခ) မြစ်ပေါ်၌လည်း နောက်ထပ်ဆည် (၇) ခု တည်ဆောက်ရန် လျာထားသော စီမံကိန်းများ ရှိနေပါသေးသည်။ ဧရာဝတီမြစ် စီးဆင်းနိုင်ပါ ဦးတော့မည်လော။

စစ်အစိုးရ သက်ဆိုးရှည်စေမည့် ရင်းနှီးမြှုပ်နှံမှုများ

ဤဆည်တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုများကြောင့် စစ်အစိုးရ ဝင်ငွေရကာ သက်ဆိုးရှည် စေပါဦးမည်။ ရင်းနှီးမြှုပ်နှံမှု ပမာဏကို အတိအကျ မသိရသော်လည်း အမေရိကန် ဒေါ်လာ ၃. ၆ ဘီလီယံ ခန့် ရှိမည်ဟု KDNG က ခန့်မှန်းတွက်ချက် ဖော်ပြပါသည်။ ထို့အပြင် ဤဆည်များ တည်ဆောက် ပြီးစီးပါက လျှပ်စစ် ရောင်းချငွေဖြင့် စစ်အစိုးရက တနှစ်လျှင် ဒေါ်လာ သန်း (၅၀၀) ခန့် နှစ်စဉ် ငွေဝင်လမ်း ဖြောင့်နေပါဦးမည်။

(၂၀၀၇) ခုနှစ်၊ မေလ အစိုးရထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးတပုဒ်က အောက်ပါအတိုင်း ဖေါ်ပြ ထားပါသည်။

အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လက်အောက်ရှိ၊ ရေအားလျပ်စစ် အကောင်အထည်ဖေါ်ရေး ဌာနနှင့် တရုတ်နိုင်ငံ လျပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (China Power Investment Corporation--CPI) တို့သည် ရေအား လျှပ်စစ်လုပ်ငန်း စီမံချက် (၇) ခု (ဧရာဝတီ မြစ်ဆုံ၌ ၃,၆၀၀- မီဂါဝပ် စီမံချက်၊ ချီဗွေ၌ ၂,၀၀၀-မီဂါဝပ် စီမံချက်၊ ပါရှီး၌ ၁,၆၀၀-မီဂါဝပ် စီမံချက်၊ လာကင်၌ ၁,၄၀၀-မီဂါဝပ် စီမံချက်၊ ဖီဇော၌ ၁,၅၀၀-မီဂါဝပ် စီမံချက်၊ ခေါင်ဂလန်ဖူ၌ ၁,၇၀၀-မီဂါဝပ် စီမံချက်၊ လိုင်ဇာ၌ ၁,၅၆၀-မီဂါဝပ်စီမံချက်) ကို ကချင်ပြည်နယ် အတွင်း၌ တည်ဆောက်သွားမည် ဖြစ်သည်ဟု ဆိုထားပါသည်။ ဆည်အားလုံး တည်ဆောက် ပြီးစီးသွားပါက စုစုပေါင်း မီဂါဝပ် (၁၃,၃၆၀) ကို ထုတ်လွှတ်ပေးနိုင်မည်ဟု မျှော်လင့်ထားပါသည်။ ဤစီမံချက်သည် မြန်မာနိုင်ငံ၌ အကြီးဆုံး ရေအားလျပ်စစ် လုပ်ငန်းဖြစ်ပြီး တိုင်းပြည်၏ အကြီးဆုံး ရေအားလျှပ်စစ် လုပ်ငန်း စီမံချက်ဖြစ်သော ရှမ်းပြည်နယ်ရှိ (၇,၁၀၀) မီဂါဝပ် ထုတ်ပေးနိုင်သည့် တာဆန်းဆည်၏ အင်အား ထက် သာလွန်နေပါသည်။

ဤဆည်များမှ ထွက်လာသော ရေအား လျှပ်စစ်များက မြန်မာပြည်သူလူထု ခံစားရဖွယ် မရှိပါ။ အကြောင်းမှာ ထိုင်းနိုင်ငံရှိ ပညာရှင်တဦး လေ့လာချက်အရ ထိုဆည်များမှ လျှပ်စစ်ကို သယ်ပို့ပေးမည့် ကောင်းကင် ကြိုးတန်းစနစ် မရှိသောကြောင့် ဖြစ်ပါသည်။ ဤလျှပ်စစ်များက တရုတ်နိုင်ငံကို ရောင်းစားရန် သက်သက်သာ ဖြစ်ပါသည်။

စီမံချက်တွင် အဓိက ပါဝင်လုပ်ဆောင်မည့်သူ တဦးဖြစ်သော တရုတ်နိုင်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ၏ အဆိုအရ၊ ယူနန် လျှပ်စစ်ဓါတ်အား ကွန်ရက် ကုမ္ပဏီ (Yunnan Power Grid Company) က မြန်မာနိုင်ငံမှ ထုတ်လွှတ်ပေးမည့် လျှပ်စစ် ဓါတ်အားများကို ယူနန် လျှပ်စစ်ဓါတ်အား ကွန်ရက်စနစ်ဖြင့် တရုတ်နိုင်ငံသို့ ပို့လွှတ်ပေးမည် ဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်း၏ "အနောက်မှအရှေ့သို့ လျှပ်စစ် ဓါတ်အား ပို့လွှတ်ပေးရေး အစီအစဉ်" (West to East Power Transmission Policy) အရ လုပ်နေခြင်း ဖြစ်သည်။ ဤဆည်များ တည်ဆောက်မှုက ဤစီမံချက်၏ အစိတ်အပိုင်းသာ ဖြစ်ပါသည်။

The Voice ဂျာနယ်၏ သတင်းတခုအရ ရေအားလျှပ်စစ် စီမံကိန်းကြီးများကြောင့် တရုပ်နိုင်ငံက FDI ခေါ် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွင် နိုင်ငံများအနက် ဆဌမ နေရာယူလာကြောင်း ဖတ်ရပါသည်။ (၂၀၀၅-၆) ဘဏ္ဍာရေး နှစ်တွင် တရုပ်နိုင်ငံက အဆင့် ၉ သာ ရှိခဲ့သော်လည်း၊ ရွှေလီ ရေအားလျှပ်စစ်တွင် တရုတ်နိုင်ငံက ဒေါ်လာ ၂၈၁ သန်း ထပ်မံ မြှုပ်နှံခဲ့သောကြောင့် (၂၀၀၆-၂၀၀၇) တွင် အဆင့် ၆ ဖြစ်လာခဲ့ပါသည်။ ယခု ဧရာဝတီ မြစ်ဆုံဆည် ကိစ္စများ မလာသေးပါ။ (၂၀၀၇) ခု၊ ဖေဖေါ်ဝါရီလ စာရင်းများအရ ရေအားလျှပ်စစ် လုပ်ငန်းက မြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် (၄၃.၈%) အထိ တက်လာပြီး၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့က ၂၀% သာ ရှိနေပါသည်ဟု ၎င်းဂျာနယ်တွင်ပင် ဖတ်ခဲ့ရပါသည်။

ဆည်ကြီးများ၏ ဆိုးကျိုး

ဖော်ပြခဲ့သည့် ပမာဏ အတိုင်းအတာကို တွက်ကြည့်ပါ။

သစ်တောများ၊ သဘာဝ ပတ်ဝန်းကျင်များ အကြီးအကျယ် ပျက်စီးရပါလိမ့်မည်။ ဆည်တည်ဆောက်သည့် ကန်ထိရိုက်များ အတွက် ငွေတွင်းကြီး ဖြစ်သော်လည်း ဒေသနေ ပြည်သူအများ အိုးအိမ်စွန့်ခွါ ပြောင်းရွှေ့ ကြရပါလိမ့်မည်။ စစ်တပ်များ လုံခြုံရေးအတွက် ပိုမို တိုးမြှင့် ချထားလာသောကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ မုဒိမ်းမှုများ၊ အဓမ္မ လုပ်အားခိုင်းစေမှု၊ အဓမ္မ ရွှေ့ပြောင်းစေမှုများ ပို၍ ကြုံလာရဖွယ် ရှိနေပါသည်။ ဒေသနေ လူများလည်း ဒေသများ ရေလွှမ်းသောကြောင့် နေထိုင်ရေး၊ သွားလာရေး ခက်ခဲကြရမည်။ ရွှေတူးခြင်း၊ အမဲလိုက်၊ ငါးဖမ်းခြင်း စသည့် သက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဆုံးရှုံးရခြိမ့်မည်။ မိသားစု အသိုက်အမြုံများ ပြိုကွဲမည်။

ကမ္ဘာ့ ဆည်များကော်မရှင် (World Commission on Dams) ၏ ခန့်မှန်းချက်အရ ကမ္ဘာ တဝှမ်းလုံးတွင် ဆည်များ ဆောက်လုပ်မှုကြောင့် လူဦးရေ သန်း (၄၀) မှ (၈၀) အထိ နေရပ်ရင်း စွန့်ခွါပြောင်းရွှေ့ ခဲ့ကြရကြောင်း ဖော်ပြထားပါသည်။ ဤသို့ ပြောင်းရွှေ့ကြရမှုကြောင့် အမျိုးသမီးများနှင့် ဌာနေ တိုင်းရင်းသား လူမျိုးများမှာ အထူးနစ်နာ ခံစားခဲ့ကြရပါသည်။ ကော်မရှင်၏ ဖော်ပြချက်အရ ရုပ်ပိုင်းဆိုင်ရာအရ ပြောင်းရွှေ့ အခြေချကြရမှုနှင့် သက်မွေးဝမ်းကျောင်း၊ နေထိုင်မှု ဘဝများ ပြောင်းရွှေ့ကြရသောကြောင့် "မြေယာမဲ့များ ဖြစ်ရခြင်း၊ အလုပ်လက်မဲ့များ ဖြစ်ရခြင်း၊ အိမ်ခြေယာမဲ့များ ဖြစ်ရခြင်း၊ ခွဲခြား ဖိနှိပ်ခံရခြင်း၊ စားရေရိက္ခာ မဖူလုံ ဖြစ်ရခြင်း၊ သေနှုန်းမြင့်များခြင်းနှင့် လူအများပိုင် ရင်းမြစ်များ ဆုံးရှုံးရခြင်း၊ လူမှုရေး နှင့် ယဉ်ကျေးမှုအရ ပြန်လည် ထူထောင်နိုင်သော သတ္တိများ ဆုံးရှုံးရခြင်း" တို့ကိုလည်း ဖြစ်ပွားစေပါသည်။ ဖွဲ့စည်း တည်ဆောက်ထားသော လူနေမှုစနစ် ပြိုကွဲရခြင်းနှင့်အတူ စီးပွားရေးအရ စွမ်းအားများ ပျက်စီး ဆုံးရှုံးရခြင်းတို့ကြောင့် "များသောအားဖြင့် ပြန်လည် ပြုပြင်၍ မရနိုင်တော့လောက်အောင် လူနေမှု အဆင့်အတန်း ဆင်းရဲ နိမ့်ကျရခြင်းများ" ကိုလည်း ဖြစ်စေပါသည်။

ဤမျှမကသေးပါ။

မစီးဆင်းပဲနေသော ရေသေကြောင့် ရှစ်ဆိုစတိုမီယေးဆစ် (Schistosomiasis) ခေါ် ကပ်ပါး သံကောင်များ ပိုပေါက်ဖွားနိုင်ခြင်း၊ ပြဒါးဓါတ် စုပုံလာ၍ ပြဒါးဆိပ်သင့်ခြင်း စသည့် ကျန်းမာရေး ပြဿနာများလည်း ရှိနေပါသည်။ ငါးမျိုးစိတ်အချို့ မြစ်ညာ တက်၍ သားမပေါက်နိုင်တော့သောကြောင့် ပျောက်ကွယ်သွားမည်။ လူအများ ပြောင်းရွှေ့ အခြေချရမှုကြောင့် ကျန်းမာရေး ပြဿနာများလည်း ပိုဆိုးလာဖွယ် ရှိနေပါသည်။

မြစ်အောက်ပိုင်းရှိ ရေသွင်း စိုက်ပျိုးခင်းများ၊ နုံးတင်ကျွန်းများ၊ စိုက်ပျိုးရေးနှင့် တံငါလုပ်ငန်း၊ ခရီး ကူးသန်း ရောင်းဝယ်မှု သောက်သုံးရေ ကိစ္စများတွင်လည်း ထိခိုက်မှု အကြီးအကျယ် ရှိလာစေတော့မည် ဖြစ်ပါသည်။ အပေါ်မှ မြစ်ရေဆုတ်ယုတ် အားလျှော့လာသောကြောင့် ပင်လယ်ရေငံ အထက် တက်လာကာ မြေများ ဆားငံဓါတ် ပေါက်ခြင်းလည်း ကြုံကြရပါဦးမည်။

ထို့အပြင် ဆည်ကျိုးပေါက်မှုများ အတွက်လည်း အန္တရာယ် ရှိနေပါသည်။ ကချင်ပြည်နယ်၌ပင် ဝါရှောင်ဆည်၊ ကြိမ်ခရမ် ဆည်များ ရေလျှံကျိုးပေါက်ခဲ့ပြီး လူအများ အသက်အိုးအိမ် ဆုံးရှုံးခဲ့ရပါသည်။ ဤသတင်းများကို စစ်အစိုးရက အမှောင်ချ ထားခဲ့ပါသည်။

လူထုကို အသိပေးတိုင်ပင်မှု မရှိခြင်း

ပိုဆိုးသည်မှာ ဤသို့ဆိုးကျိုးများ ခံစားရဖွယ်ရှိသည့် လူထုအများကို အသိပေး အကြောင်းကြားမှု မရှိခြင်းပင် ဖြစ်ပါသည်။ စစ်အစိုးရ ရှိသမျှ ထုတ်ရောင်းစားနေပြီး၊ အိမ်နီးချင်း နိုင်ငံများကလည်း ဘာရရ အမြတ်ထုတ်ဖို့သာ ချောင်းနေကြပါသည်။ လူထုအများက မစားရ ဝမခန်း "သတင်းစာ ကိုင်လျှင်ပင် ဓါတ်လိုက်ရမည့်" ကြွားလုံးများနှင့်သာ ကြုံနေကြရပါသည်။ ဆုံးဖြတ်ချက် ချရာတွင်လည်း ပါဝင်ခွင့်မရှိ။ ဤစီမံချက်များကလည်း လေ့လာနိုင်ခွင့်လည်း မရှိ။ ဒုက္ခ အကြီးအကျယ် ကြုံရ စေမည့် အခြေအနေ ဖြစ်နေလျှင်သော်မှ ကြိုတင် သိထားခွင့် မရှိကြပါ။ အခြား အိမ်နီးချင်း နိုင်ငံများတွင် ဆည်တည်ဆောက်ရေး ကိစ္စများနှင့် လူထုအများက ဆူညံစွာ ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်နေကြသော်လည်း၊ မြန်မာပြည်သူများက မေတ္တာသုတ်ပင် ကျယ်ကျယ် မရွတ်ဝံ့သည့် အခြေအနေ ဖြစ်နေပါသည်။

သံလွင်မြစ်ကို ဆည်တည်သည့် ကိစ္စကို ထောက်ခံလိုခြင်း မဟုတ်ပါ။ သံလွင်နှင့် ဧရာဝတီယှဉ်လျှင် သံလွင်စီးဆင်းရာ တလျှောက်တွင် တောတောင် ပိုများပြီး၊ မြစ်ဝကျွန်းပေါ်သဖွယ် လွင်ပြင်က အနည်းအကျဉ်းသာ ရှိပါသည်။ ဧရာဝတီ မြစ်ကတော့ ဤသို့မဟုတ် မြန်မာနိုင်ငံ အလယ်ကို ဖြတ်စီး၍ သွေးကြောကြီးသဖွယ် ဖြစ်နေသော မြစ်ဖြစ်ပါသည်။ ဆိုးကျိုးများက ပိုများမည်မှာ ပြောဖွယ် မရှိပါ။ ဆင်ခြင်ကြည့်လျှင် ဖြစ်နိုင်ပါသည်။

ဤကိစ္စအတွက် အစီရင်ခံစာ ပြုစု ထုတ်ပြန်ခဲ့သော KDNG ကို ကျေးဇူးတင်ကြောင်း ထပ်ဆိုပါရစေ။ သတင်း မီဒီယာများ အနေဖြင့်လည်း ထိခိုက် နစ်နာရမည့် တန်ဖိုးကို အလေးအနက်ထား၍ ဝိုင်းဝန်း တားဆီးကြပါရန် မီးသံချောင်းလှန့်လိုက် ရပါသည်။

(ဆည်နှင့် ပတ်သက်သော အချက်အလက်များကို KDNG အစီရင်ခံစာမှ ရယူပါသည်။)


Saturday, October 20, 2007

လွတ်မြောက်ရာလမ်း….

ကျနော့်မွေးရာပါပင်ကိုဗီဇစိတ်ကအေးအေးဆေးဆေးနေချင်ပါတယ်။ တနေ့တာအချိန်အများစုကို ကိုယ်ပိုင်အချိန်တွေအဖြစ် တစ်ယောက်တည်း နေပြီးပဲကုန်ချင်တယ်။အပြင်လျှောက်သွားတာကိုမကြိုက်ဘူး။ အိမ်ထဲမှာ ပဲအချိန်ကုန်ရတာပိုနှစ်သက်တယ်။ ဒါပေမဲ့ အရွယ်ရောက်လာတဲ့ အချိန်က စလို့အေးအေးဆေးဆေးကိုယ့်စိတ်ကြိုက်နေခဲ့ရတာနည်းပါတယ်။ လူ့ဘ၀မှာကိုယ့်စိတ်ကြိုက်သာဖြစ်ခွင့်ရရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့လူဆိုတာတစ်ဦးတည်း ရှင်သန်နေထိုင်လို့မရပါဘူး။ ပတ်ဝန်းကျင်အဖွဲ့အစည်းရှိပါတယ်။ ပတ်ဝန်းကျင် ကောင်းကျိုးအတွက် လုပ်ကိုင်ရပါတယ်။ဒါမှ အဓိပ္ပါယ်ရှိစွာ ရှင်သန်နေထိုင်ခြင်းဖြစ် မှာပါ။

လွတ်လပ်ခွင့်ကလူတွေအတွက်အရေးကြီးပါတယ်။ စိတ်၏လွတ်လပ်ခြင်း၊ ကိုယ်၏လွတ်လပ်ခြင်းပေါ့။လွတ်လပ်ခွင့်အတွက်ပဲ ကျနော်တို့ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။လွတ်လပ်ခွင့်အတွက်တိုက်ပွဲဝင်သူတွေဟာကိုယ်ပိုင် လွတ်လပ်ခွင့်တွေကိုမကြာမကြာဆုံးရူံးရတယ်။ မြန်မာပြည်နဲ့နယ်နမိတ်ချင်းစပ်နေတဲ့နိုင်ငံတစ်ခုမှာ ကျနော် တရားမ၀င်နေပါတယ်။ဆယ်နှစ်ကျော် ကာလအတွင်း အဲဒီနိုင်ငံကပုလိပ်တွေရဲ့အဖမ်းကို ခုနစ်ကြိမ်ရှစ်ကြိမ်ခန့် ခံခဲ့ရပါတယ်။ ပုလိပ်တွေရဲ့ ရိုင်းစိုင်းတဲ့ ဆက်ဆံမူကိုခံရတိုင်းကျနော်ဒေါသဖြစ်မိတယ်။ အချုပ်ထဲမှာ၊ ထောင်ထဲ မှာ နေရတဲ့အချိန်တွေတိုင်း အပြင်ကို အမြန်ဆုံး ပြန်ရောက် ချင်တယ်။လွတ်မြောက်ချင်တယ်။ ဒါပေမဲ့ အဆိုး ဆုံးနဲ့ ကျနော့်ဘ၀မှာဒီကနေ့အထိအမှတ်တရဖြစ်နေတဲ့ နေ့စွဲတွေ ထဲမှာ စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းကိုခံရပြီး၊ (၁၁)ရက်ကြာစစ်ကြောရေးစခမ်းတစ်ခုမှာ လူမသိသူမသိအစစ်အဆေးအနှိပ်စက်ခံခဲ့ရတဲ့ နေ့ရက်တွေ ပါဝင်ပါ တယ်။လူသားတစ်ဦးရဲ့ဘ၀မှာတော့ တကယ့်ကိုရိုင်းစိုင်းတဲ့ သမိုင်းရက်စွဲတွေပါပဲ။

ကျယ်ဝန်းတဲ့စစ်တပ် ၀င်းတစ်ခုအတွင်းက အဆောင် တစ်ခု မှာအကျဉ်းသားကျနော်နဲ့စစ်ဆေးသူခင်ညွန့်ရဲ့ စစ်ခွေးခြောက်ကောင်ပဲရှိပါတယ်။ အဖမ်းခံရကတည်းက မျက်စိပိတ် လက်ထိပ်ခြေထိပ်ခတ် ခံထားခဲ့ရတဲ့ ကျနော်ဟာဘယ်နေရာကိုရောက်နေမှန်းမသိခဲ့ပါဘူး။ နောက်မှနေရာကိုပြန်သိရပါတယ်။ တစ်ညမှအိပ်ခွင့် မပေးခဲ့ဘူး။ တွင်းတူးထားပြီးပြီ၊ ဒို့က မလုပ်ချင်ပေမဲ့အထက်အမိန့်အရ မင်းကိုမကြာခင်သတ်ရလိမ့်မယ်လို့လဲ သူတို့ကမကြာမကြာပြောတတ်ပါတယ်။ အဲဒီအချိန်မှာ ကျနော့်စိတ်ထဲမှာ ခံစားချက်တစ်ခုပဲရှိပါတယ်။ အဲဒါက သေရ မယ့်အချိန်ကိုစောင့်နေတာပါပဲ။ ကျနော့်လိုကောင်မျိုးကိုတောင်အဲသလောက် ရက်စက်ယုတ်မာ ခဲ့ကြ သေးရင်ကိုမင်းကိုနိုင်တို့လိုကျောင်းသားခေါင်းဆောင်တွေကို ဘယ်လောက်အထိစိတ်ဒါဏ်ရာတွေရအောင်လုပ်ကြမယ် ဆိုတာ ကျနော်ခန့်မှန်း ကြည့်နေမိပါတယ်။ပိုဆိုးတာက စစ်ခွေးတွေရဲ့ လိုက်လံ ဖမ်းဆီး ခြင်းကနေ ရှောင်တိမ်း ရင်းလူထုလူပ်ရှားမူကို ဦးဆောင်ခဲ့တဲ့ကိုဌေးကြွယ်၊ ကိုလှမျိးနောင်၊ကိုအောင်သူ၊ မမီးမီး တို့အဖမ်းခံရပြီး စစ်ကြောရေးစခမ်းတွေမှာ ဘယ်လောက်အထိ နှိပ်စက်ခံနေရမှာလဲ…။ ဗကသ ကျောင်းသားခေါင်းဆောင် ကိုစည်သူမောင်နဲ့မဟန်နီဦးတို့ ဘယ်လောက် ရက်စက်မူတွေနဲ့ရင်ဆိုင်နေရပြီလဲ…။ စဉ်းစား မိတိုင်းကျနော်ကြေကွဲစွာ ခံစားရတယ်။

သို့သော်..မည်သို့ပင်ဖြစ်ပါစေ၊ဗမာဖြစ်ရတာကို ကျနော့်အနေနဲ့ ဘယ်တုံးကမှဂုဏ်မငယ်ခဲ့ပါဘူး။ ဒါပေမဲ့ကျနော်တို့ လူလာဖြစ်ခဲ့တဲ့နိုင်ငံက ဆင်းရဲ စုတ်ပြတ်နေတယ်၊ဘက်ပေါင်းစုံမှာချွတ်ခြုံကျနေတယ်။ အမျိုးသား ရေးဂုဏ်သိက္ခာတွေညိုးနွမ်းနေတယ်။ စစ်အာဏာရှင်အောက်မှာ ဆယ်စုနှစ် လေးခုကျော် ဖြတ်သန်းလာပြီးတဲ့ နောက် လူ့ကျင့်ဝတ်သိက္ခာ၊ တစ်ဦးချင်း ဂုဏ်သိက္ခာဆိုတာတွေအတုံးအရုံးလဲကျပျက်စီးနေတယ်။ ရှေးမြန်မာ ဘုရင်တွေရဲ့ ရာဇ၀င်တွင်တဲ့ဂုဏ်ရောင် ထွန်းပြောင် ခဲ့မူ့တွေ၊ နယ်ချဲ့အင်္ဂလိပ်နဲ့ ဖက်ဆစ်ဂျပန်ကိုတော်လှန် တိုက်ထုတ်ခဲ့တဲ့ မျိုးချစ်စိတ်ဓါတ် ဆိုတာတွေကို ဒီကနေ့မှာပြန်လည်ဆန်းစစ်ဖို့လည်းလိုနေပြီ။ လူ့သဘာဝအရ လူဆိုတာကိုယ်ရောစိတ်ရောချမ်းသာချင်တယ်။ အေးဆေးသက်သာ နေချင်တယ်။ ဒါပေမဲ့အဲဒါတွေထက် ပိုအရေးကြီးတာက ကိုယ်ကျင့်သိက္ခာပဲ၊ ကိုယ်ကျင့်သိက္ခာရှိမှလူ့ဂုဏ်သိက္ခာရှိနိုင်မယ်။ ဂုဏ် သိက္ခာမရှိတဲ့လူ၊ ဂုဏ်သိက္ခာမရှိတဲ့လူမျိုးတွေနေတဲ့ တိုင်းပြည်တွေဟာ ဘယ်တော့မှ မော်ကြွားနိုင်မှာမဟုတ်ဘူး၊ရှေ့တန်း ကိုလည်း ရောက်နိုင်မှာမဟုတ်ဘူး။


ဆင်းရဲစုတ်ပြတ်နေတဲ့ဘ၀မှာ လူတွေအကျင့်ပျက် တာလောက် ဆိုရင် တော်သေးတာ ပေါ့လို့ဖြေတွေးလေး တွေးနိုင်ပေမဲ့၊ ဗုဒ္ဓဘာသာမှာ ဘုရား၊ တရားနဲ့ တဂိုဏ်းထဲနေရာပေးခံရတဲ့ဘုန်းကြီးတွေ ကိုယ်ကျင့် သိက္ခာပျက် တာကတော့ဖြေတွေးတွေးပေးဖို့ခက်ပါတယ်။ ပဲခူးမြို့ကြခတ်ဝိုင်း ဆရာတော်ဟာ နှယ်နှယ်ရရ ဆရာတော်တော့မဟုတ်ပါဘူး။ သက်တော်ကြီး၊ ၀ါတော်ကြီးဆရာတော်ကြီး တစ်ပါးဖြစ်ပါတယ်။တစ်ခါက စစ်အစိုးရ ဆန့်ကျင်ရေး စကားတွေမိန့်ကြားခဲ့ဖူးတယ်။ ဒါပေမဲ့စက်တင်ဘာလ ဘုန်းကြီးတွေ သပိတ်မှောက် ကံဆောင် ပွဲမှာတော့ သူ့ရပ်တည်ချက်ကိုပြတ်ပြတ်သားသား ပြသလိုက်တော့ တယ်။ ကြားခါစက ကိုယ့်နား ကိုယ်တောင်မယုံကြည်မိဘူး။ သူ့ကျောင်းကသံဃာတွေကို ဆန္ဒပြပွဲတွေမှာ မပါဝင်နိုင်အောင်ကျောင်းကို သော့ခတ်ထား လိုက်တယ်။ NLD နဲ့ဆန္ဒပြသူတွေက သူ့ကျောင်းကမှန်တံခါးတွေ ကိုရေပုလင်းတွေနဲ့ ပေါက်ခွဲတယ်လို့လည်း စစ်အစိုးရကို လက်မှတ်ထိုးတိုင်ကြားတယ်။ သားသုံးသား ရှင်းလင်း ရေးတရား ကိုလည်းသူပဲဟောသတဲ့။

ဘုန်းကြီးတွေလည်းပြောင်းလည်းတတ်သလား။ ဒါ့အပြင် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးတွေအနေနဲ့ကော သွေးချောင်းစီး နှိမ်နင်းမူ တွေကို ရပ်တန့်နိုင်စေဖို့တစ်ခုခုဝင်ရောက် မလုပ်ကိုင်သင့် ပေဘူး လားဆိုတာကို လူတော်တော်များများမေးခဲ့ကြတယ်။ လက်တွေ့မှာတော့ ဘယ်ဆရာတော်ကြီးတစ်ပါးပါးကမှဘာမှထင်ထင်ရှားရှားမလုပ်ခဲ့ဘူး။ စစ်အာဏာ ရှင်တွေကတိုင်းပြည်ကို ဖျက်ရုံတင်အားမရလို့၊ သာသနာပိုင် တွေကို လာဒ်လာဘတွေနဲ့ဖျက်ဆီးခဲ့ပြီလား။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်မြန်မာပြည်လွတ်လပ်ရေးအတွက်အသက်ပေး၊ ဘ၀ပေး တိုက်ပွဲဝင်နေသူ များအားလုံး၊ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုမြအေး၊ကိုလှမျိုးနောင်၊ ကိုဂျင်မီ၊ မနီလာသိန်း၊ ကိုအောင်သူ၊ မမီးမီးနဲ့၈၈-မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အားလုံး၊ ကိုကျော်ကိုကို၊ကိုလင်းထက်နိုင်၊ ကိုစည်သူမောင်၊ မဟန်နီဦးနဲ့ ဗကသခေါင်းဆောင်များအားလုံးဘ၀တွေ၊ အသက်တွေပေးပြီး တိုက်ပွဲဝင်နေတာဟာ ပုဂိုလ်ရေးတစ်စုံတစ်ရာအကျိုးအတွက် မျှော်ကိုးလို့မဟုတ်ပါဘူး။ ဗမာပြည်လွတ် မြောက်ရေး၊အမျိုးသားတွေလွတ်မြောက်ရေး သို့မဟုတ် အမျိုးသားရေး ဂုဏ်သိက္ခာကို အဖတ်ပြန်ဆည်ဖို့ တိုက်ပွဲဝင်နေကြတာပါ။ တိုင်းပြည်အတွက်အသေခံဖို့ သူတို့တွေအဆင်သင့် ရှိနေကြ ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ၊ အောက်တိုဘာတိုက်ပွဲတွေမှာလည်း ဘုန်းဘုန်းတွေ၊ သီလရှင်တွေရှေ့ထွက် တိုက်ပွဲ ၀င်ခဲ့ပြီးပြီ။ ဘယ်နှစ်ပါး သေဆုံး သွားကြပြီလဲ။ထောင်ထဲမှာ စစ်ကျောရေးစခမ်းတွေမှာ ဘယ်နှစ်ပါး အဖမ်းခံ ထားရလဲ။သူတို့အားလုံးဟာ တိုင်းပြည်အတွက်၊ ပြည်သူလူထုကြီး အတွက်၊သာသနာကိုစောင့်ရှောက် ကာကွယ်ရန် အတွက် တိုက်ပွဲဝင်ခဲ့ကြတာပါ။တကယ်ကလွတ်မြောက်ရေးတိုက်ပွဲကို လူတွေကသာ ရှေ့ဆောင် ပြီးလုပ်ကြရမှာ..အခုတော့လူတွေကမလုပ်လို့ ဘာသာရေး ခေါင်းဆောင်တွေအသက်တွေပေးခဲ့ကြရပြီ။

ကျနော်တို့အားလုံးနားလည်ကြဖို့လိုနေပါပြီ။လူမျိုးရေးဂုဏ်သိက္ခာလည်း အတုံးအရုံးကျရုံးနေပါပြီ။ သာသနာ လည်းညစ်နွမ်းနေပြီ။ တိုင်းပြည်လည်း စုတ်ပြတ်သတ်နေပြီ။ ကိုယ်နဲ့မဆိုင်သလိုဘာသိဘာသာနေကြ မယ်ဆိုရင်၊ လက်ရှိအခြေအနေကနေ အချိန်မီသာမပြောင်းလဲနိုင်ရင်တော့ …

ငြိမ်းချမ်းအောင်

၁၆ အောက်တိုဘာ ၂၀၀၇

ကိုစိုးမြင့်၊ မသင်းသင်းအောင်နှင့်အယ်ဒီတာများခင်ဗျာ..ကျနော် ထိုင်းကပါ၊ အန်အယ်ဒီ လွတ်မြောက် နယ်မြေက လူငယ်တာဝန်ခံပါ။ ကျနော့်ဆောင်းပါးလေးကို မဇျွှိမ မဂ္ဂဇင်းအတွက် ပို့ပေးလိုက်ပါတယ်။ အားလုံး နေကောင်းကြမယ် ထင်ပါတယ်။ ကိုထွဋ်။

Wednesday, October 17, 2007

ဆောင်းပါး
အာဏာရှင်ကို လူသတ်ဖို့ ညွှန်ကြားသူ အသံရှင် ဘယ်သူလဲ
အရှင်ကေလာသ
အောက်တိုဘာ ၁၆ ရက်၊ ၂ဝဝ၇ ခုနှစ်

အခုတလော အင်တာနက် သတင်းတွေမှာ အာဏာရှင်တွေကို လူသတ်ဖို့ အကြံပေးတဲ့ ဆရာတော် တပါးရဲ့ အသံဖိုင်ကို နားထောင်ရလို့ တုန်လှုပ်မိပါတယ်။ ဒါလောက် ဗုဒ္ဓသာသနာကို စော်ကားရဲတဲ့ အသံရှင် ‘ဆရာတော်’ ဆိုသူဟာ ဘယ်သူလဲ ဆိုတာကိုလည်း အတိအကျ သိချင်လာပါတယ်။

ဒါကြောင့် ပြည်တွင်းပြည်ပမှာ ရှိတဲ့ မိတ်ဆွေ ရဟန်းတချို့ကို ရနိုင်သမျှ စုံစမ်းကြည့်ပါတယ်။ သူတို့ အားလုံးကတော့ ပဲခူးက ဆရာတော် တပါးရဲ့ အသံပဲလို့ ပြောကြပါတယ်၊ အာဏာရှင်တွေရဲ့ လုပ်ကြံ ဖန်တီးမှုလည်း ဖြစ်နိုင်တာမို့ စာရေးသူ အနေနဲ့တော့ အသံရှင် ဆရာတော် ဆိုသူကို ကိုယ်တိုင်လည်း မမြင်ဖူး၊ အသံကိုလည်း အပြင်မှာ တခါမှ မကြားဖူးတဲ့အတွက် အသံရှင် ပုဂ္ဂိုလ်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်လို့ ယတိပြတ် မပြောလိုပါဘူး။

ဒါပေမဲ့ အသံဖိုင်မှာ ပါတဲ့အတိုင်း ဆိုရင် အသံရှင် ဘုန်းကြီးဟာ “ခမဲပြင် နိဗ္ဗာန်ကားလမ်းကို ဦးစီးပြီး ဖောက်လုပ်တယ်။ မီးရထား ဝန်ကြီးက သူ့ကို ကူညီ ပေးတယ်လို့ နားလည်ရပါတယ်။ ပရိသတ်ထဲမှာ ပါနေတဲ့ ယခု မီးရထားဝန်ကြီး “အောင်မင်း“ ဟာ အရင်တုန်းက တောင်ပိုင်းတိုင်းမှူး ဖြစ်ခဲ့တာမို့ ပဲခူးတိုင်း၊ ကဝမြို့နယ်က ခမဲပြင်ရွာနဲ့ နိဗ္ဗာန်ရွာ ကားလမ်းကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။ အသံဖိုင်မှာ “ဆရာတော့် ကျောင်းမှာ သံဃာ တထောင်ကျော် တထောင့် နှစ်ရာလောက် နေ့တိုင်း ဆိုရတယ်၊ ကဲ ... လိုက်ဆိုစမ်း” လို့လည်း ဆိုထားပါတယ်။

ဒါကြောင့် အသံရှင်ဟာ ပဲခူးနယ်က သံဃာ ၁၂ဝဝ လောက်ရှိတဲ့ ကျောင်းတိုက်ကြီး တခုက ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဝန်ကြီးနဲ့ တိုင်းမှူး အဆင့်ရှိတဲ့ လူတွေကို စကားပြောခွင့် ရတာမို့လို့ အဲဒီ ကျောင်းတိုက်ရဲ့ အဓိက ပုဂ္ဂိုလ်ပဲ ဖြစ်ပါလိမ့်မယ်။ အသံရှင်ဟာ မည်သူပင် ဖြစ်စေ သူ့လုပ်ရပ်က သံဃာထု တရပ်လုံးကို သိက္ခာကျစေတာ ဖြစ်လို့ ငြိမ်မနေသင့်ပါဘူး။ အသံရှင် အစစ်အမှန်ကို သိဖို့ထက် သူလုပ်တဲ့အလုပ် မမှန်တာကို ထောက်ပြဖို့က ပိုအရေးကြီးတယ်လို့ ယူဆပါတယ်။

အသံရှင် ပြောတဲ့စကား

အသံရှင်က အာဏာရှင်တွေကို ပြောတဲ့စကားကို စဉ်းစားကြည့်ပါမယ်။

အသံရှင်ဘုန်းကြီးက ပရိသတ်ကို - “အတိုက်အခံတွေဟာ ခင်ဗျားတို့ရဲ့ မိတ်ဆွေလား၊ ရန်သူလား” လို့ မေးပြီး အသံရှင်ကိုယ်တိုင် “ရန်သူ” လို့ ရှေ့က ဖြေလိုက်တော့ ... အာဏာရှင် ပရိသတ်က “ရန်သူပါ ဘုရား” လို့ လိုက်ပြီးတော့ အော်တယ်။

အဲဒီနောက် အသံရှင်က “မီးကြွင်း မီးကျန်လည်း မထားနဲ့၊ ရန်ကြွင်း ရန်ကျန်လည်း မထားနဲ့။ မြန်မြန်ဖြတ်၊ ပြတ်တဲ့နည်းနဲ့ ဖြတ်၊ လွှနဲ့ ပြတ်ရင် လွှနဲ့ဖြတ်၊ တုတ်နဲ့ပြတ်ရင် တုတ်နဲ့ဖြတ်၊ ဓားနဲ့ပြတ်ရင် ဓားနဲ့ဖြတ်၊ ပုဆိန်နဲ့ပြတ်ရင် ပုဆိန်နဲ့ဖြတ်၊ လက်သီးနဲ့ပြတ်ရင် လက်သီးနဲ့ဖြတ်။ ဝန်ကြီး ... မြန်မြန်ဖြတ်ဆိုတာ နားလည်သွားပြီလား” လို့ ဆက်မေးတယ်။ ဝန်ကြီးဆိုသူနဲ့ အပေါင်းပါတွေက “နားလည်ပါပြီ ဘုရား“ တဲ့။ အတိုင်အဖောက် ညီလိုက်တဲ့ ဖြစ်ခြင်း။ ဝန်ကြီးတွေကိုတောင် သြဝါဒ ပေးခွင့်ရှိတဲ့ သံဃာ့ ခေါင်းဆောင် ဆရာတော် တပါးရဲ့ နှလုံးသားဟာ ဒါလောက် အောက်တန်းကျပြီး မယုတ်မာသင့်ပါဘူး။ “ကိုယ့်မျက်လုံးကို ဖောက်ရင် သူ့မျက်လုံးကို ပြန်ဖောက်၊ ကိုယ့်နံရိုးကို ချိုးရင် သူ့နံရိုးကို ပြန်ချိုး၊ ကိုယ့်သွားကို ချိုးရင် သူ့သွားကို ပြန်ချိုး” လို့ဆိုတဲ့ လက်စားချေ တရားနဲ့ ဘာထူးသေးလဲ။ “လူဖြစ်ချင်ရင် လူ့အရည်အချင်း ရှိရမယ်” လို့ ပြောတဲ့ အသံရှင်ကို လူ့အရည်အချင်းဆိုတာ ဘာလဲ၊ ကိုယ်တိုင်ကော လူ့အရည်အချင်း ရှိရဲ့လားလို့ ပြန်မေးရလိမ့်မယ်။

အသံဖိုင် တခုလုံးရဲ့ လိုရင်းကတော့ အတိုက်အခံတွေကို ရန်သူလို့ သတ်မှတ်ပြီး ကျူပင်ခုတ် ကျူငုတ်မကျန် ချေမှုန်းပစ်ဖို့ အာဏာရှင်တွေကို “ဆရာတော်” ဆိုသူ အသံရှင်ဘုန်းကြီးက “လမ်းညွှန်တာ၊ တိုက်တွန်းတာ၊ အားပေးတာ၊ သတ်ပစ်ဖို့ ခိုင်းတာ” ဖြစ်ပါတယ်။ ဒါကြောင့် အသံရှင် ဘုန်းကြီးဟာ ဘယ်နည်းနဲ့မှ လူ့အရည်အချင်းရှိတဲ့ သူတော်ကောင်း ပုဂ္ဂိုလ် မဖြစ်နိုင်ပါဘူး။

ဝိနည်းအပြစ် ဘာလဲ

(၁) လမ်းပေါ်မှာ မေတ္တာ ပို့နေကြတဲ့ ရဟန်းတော်တွေဟာ လူသားစင်စစ် ဖြစ်ပါတယ်။

(၂) သူတို့တွေ အသက်ရှင်နေတယ် ဆိုတာကိုလည်း အသံရှင်ဘုန်းကြီး သိပါတယ်။

(၃) “ဒုတ်နဲ့ ဖြတ်၊ ဓားနဲ့ ဖြတ်၊ ပြတ်တဲ့နည်းနဲ့ ဖြတ်” လို့ အူလှိုက်သဲလှိုက် ပြောလိုက်တဲ့ အသံရှင်ရဲ့ စကားထဲမှာ သေစေလိုတဲ့ စေတနာ မပါဘူးလို့ ငြင်းလို့ မရပါဘူး။

(၄) အဲဒီလို ရန်သူကို အမြစ်ပြတ် ရှင်းပစ်ဖို့ အာဏာရှင်တွေကို ညွှန်ကြားတဲ့အခါ လက်နက် အမျိုးအစား၊ အချိန်ကာလ၊ နေရာဒေသ စတဲ့ သတ်မှတ်ချက်တွေ မပါလို့ အာဏာရှင်ရဲ့ လက်ပါးစေ လူသတ်သမားတွေက ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်လက်နက်၊ ဘယ်နည်းနဲ့မဆို ဘယ်သူ့ကိုပဲ သတ်သတ် စေခိုင်းသူ အသံရှင်ဘုန်းကြီးရဲ့ ပယောဂ မကင်းတာ သေချာပါတယ်။

(၅) ရဟန်းသံဃာတွေ၊ လူတွေ သေနတ်နဲ့ ပစ်ခံရ၊ ဒုတ်နဲ့ ရိုက်ခံရ၊ နည်းမျိုးစုံ နှိပ်စက်ခံရလို့ လမ်းပေါ်မှာ တမျိုး၊ မြစ်ထဲမှာ ပေါလောမျောလို့ တဖုံ၊ လူမသိ သူမသိနဲ့ပါ သေကြေတာကို ကမ္ဘာ အရပ်ရပ်က ရုပ်မြင်သံကြားတွေ၊ အသံလှိုင်းတွေမှာ သန်းချီတဲ့လူတွေ မြင်ရကြားရပြီး ဖြစ်ပါတယ်။ ဘာမှ အပြစ်မရှိတဲ့ ဂျပန် သတင်းထောက်ကို အာဏာရှင် လက်ပါးစေတွေက သေနတ်နဲ့ ပစ်သတ်လိုက်ပုံ အသေးစိတ်ကို ကမ္ဘာ့ ရုပ်မြင်သံကြားတွေမှာ ပြသတာကို တွေ့မြင်ရလို့လည်း တကမ္ဘာလုံးက လူတွေ မျက်ရည်ကျမတတ် ခံစားခဲ့ကြရပါတယ်။

ဒါကြောင့် ရဟန်းသံဃာနဲ့ လူတွေကို အပြတ် ရှင်းပစ်ဖို့၊ သတ်ပစ်ဖို့ အာဏာရှင်တွေကို လမ်းညွှန် သြဝါဒပေးတဲ့ အသံရှင် ဘုန်းကြီး အနေနဲ့ ဝိနည်းကို သင်ဖူးတယ်ဆိုရင် ဖော်ပြထားတဲ့ “လူသတ်အင်္ဂါ ငါးရပ်” နဲ့ ပြည့်စုံနေလို့ မိမိဟာ ရဟန်းကောင်း၊ ရဟန်းစစ် မဟုတ်တော့ဘူး ဆိုတာကို ကိုယ့်ဟာကိုယ် သိနေလောက်ပါပြီ။ အသံဖိုင်ထဲက တချို့ စကားလုံးတွေဟာ သူတော်ကောင်း ရဟန်းတွေ ပြောဆိုကောင်းတဲ့ စကားမျိုး မဟုတ်ပါဘူး။ အာဏာရှင်ကို ဒံပေါက်ထုပ်ကလေး ပေးလိုက်နိုင်တာကို “ဖား” စိတ်နဲ့ အသားယူ ပြောတာမျိုး၊ “ဝန်ကြီး” “ဗိုလ်ချုပ်ကြီး” စတဲ့ မြှောက်ကော် ဝေါဟာရတွေနဲ့ ခေါ်ဝေါ် သုံးနှုန်းတာမျိုးတွေကြောင့် အလှူပစ္စည်း ရအောင်ကြံတတ်တဲ့ “ကုဟက” “လပက” လို့ ခေါ်တဲ့ ကောက်ကျစ် စဉ်းလဲတဲ့ “သီလကြောင် ပုဂ္ဂိုလ်” ပဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ ပြောတဲ့ ဘုန်းကြီးအတုဆိုတာ တခြား သွားမရှာပါနဲ့။ အဲဒီလို ပုဂ္ဂိုလ်မျိုးပါ။ အာဏာရှင်တွေဟာ မိမိကို ပေါင်းစားတဲ့ “ကြောင်သူတော်တွေ” ကို ဆည်းကပ်လေ့ ရှိပါတယ်။

သူတော်ကောင်း ရဟန်းတပါးအနေနဲ့ ကိုယ့်တဝမ်းတခါး စားရဖို့ လူဒါယကာ တယောက်ကို အဲဒါလောက် မြှောက်ပင့်ခယ ဝပ်တွားစရာ မလိုပါဘူး။ ဘုရားတန်ဆောင်းတွေမှာ ချိတ်ထားတဲ့ ကောသလမင်း အိပ်မက် သရုပ်ဖော် ပန်းချီကားချပ်တွေမှာ တွေ့ရတဲ့ ခွေးလိုလို၊ ဆိတ်လိုလို ကောင်တွေကို ဦးခေါင်းသေးသေး၊ နှာခေါင်းကြီးကြီး၊ နဖူးမောက်မောက်နဲ့ ခွေးခြင်္သေ့တွေ ဝန်းရံ ခစားနေတာကို အမှတ်ရစေပါတယ်။ တကယ့်ကို ဇောက်ထိုး ပြောင်းပြန်ကြီးပါ။

စဉ်းစားကြည့်ပါ

ကိုယ်တယောက် ရနိုင်စရာရှိတဲ့ မဆိုစလောက် အခွင့်အရေးကြောင့် အာဏာရှင်တွေရဲ့ ရက်စက် ယုတ်မာမှုကို အားပေး အားမြှောက်လုပ်ရင် ကိုယ်အပါအဝင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး ဘယ်သူမှ အကျိုးမရှိနိုင်ပါဘူး။ စဉ်းစား ကြည့်စေချင်ပါတယ်။

(၁) အသံရှင် ကိုယ်တိုင်မှာ အလိုအလျောက် ရဟန်းအဖြစ်က လူ့အဖြစ်သို့ လျှောကျ သွားခဲ့ရတယ်။ (သင်္ကန်း ဝတ်ထားပေမယ့် ဘုန်းကြီး မဟုတ်တော့ဘူး။ အာဏာရှင်တွေ သုံးနှုန်းတဲ့ သင်္ကန်းဝတ်ဆိုတာ အဲဒီလို ပုဂ္ဂိုလ်မျိုးသာ ဖြစ်သင့်ပါတယ်)။

(၂) နိုင်ငံတော်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ မငြိမ်းတဲ့အပြင် ရဟန်းသံဃာ၊ တိုင်းပြည့်လူထုနဲ့ အာဏာရှင် လူတစုအကြား ရန်òငိးတွေ ပိုမို ကြီးထွားသွားခဲ့ရတယ်။

(၃) အပြစ်မဲ့တဲ့ ရဟန်းသံဃာ၊ ကျောင်းသားလူငယ်၊ ပြည်သူ များစွာတို့ မသေသင့်ဘဲ သေဆုံးကြရတယ်။

(၄) အနာဂတ် ဗုဒ္ဓသာသနာရဲ့ အာဇာနည်လောင်းတွေ ဖြစ်တဲ့ စာသင်သား သံဃာငယ်တွေ အတင်းအဓမ္မ လူဝတ် လဲခံရတယ်။

(၅) ဗုဒ္ဓကျမ်းစာကို သင်ကြား ပို့ချပေးတဲ့ စာသင်တိုက်ကြီးတွေ ညအချိန်မှာ စစ်နယ်မြေက ရန်သူ့စခန်းလို ဥပဒေမဲ့ အဓမ္မ ဝင်ရောက် စီးနင်း၊ လုလက်ဖျက်ဆီး၊ သတ်ဖြတ် ခံကြရတယ်။

(၆) “ယိုသူမရှက်၊ မြင်သူရှက်” ဆိုသလို ဗုဒ္ဓအဆုံးအမ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ဒီလို လူမဆန်တဲ့ ရိုင်းစိုင်း ရက်စက်မှုတွေ ဖြစ်ပေါ်နေတာကို ကမ္ဘာက သိမြင်သွားလို့ တမျိုးသားလုံး အရှက်တကွဲ ဖြစ်ရတယ်။

(၇) အာဏာရှင်တွေ သက်ဆိုးရှည်သလောက် တိုင်းပြည် လူထုရဲ့ဘဝ ဆင်းရဲတွင်း နက်စေတယ်။

လူဖြစ်ချင်ရင် လူ့အရည်အချင်း ရှိရမယ်လို့ အာဏာရှင် ပရိသတ်ကို လိုက်ဆိုခိုင်းခဲ့တဲ့ ဆရာတော်ဆိုသူ အာဏာရှင်ရဲ့ အလိုတော်ရိ “ဖော်လံဖား” ကိုယ်တိုင်မှာ လူ့အရည်အချင်း လူ့ဂုဏ်သိက္ခာ ကင်းမဲ့လို့ ဖော်ပြပါ အကျိုးဆက်တွေ ဖြစ်ခဲ့ရတာပါ။

မသူတော်ကို ရှောင်ပါ

အသံရှင် ဘုန်းကြီးအနေနဲ့ အာဏာရှင်ကို ထောက်ခံတယ် ဆိုရင်လည်း သူ့ရဲ့ ရွေးချယ်မှုပဲ ဖြစ်လို့ မဝေဖန်လိုပါဘူး။ လွတ်လပ်ခွင့် ရှိသင့်ပါတယ်။ ဒါပေမဲ့ အသံရှင် “ဆရာတော်” ဆိုသူရဲ့ နည်းလမ်းမကျ မှားယွင်းတဲ့ လမ်းပြစကား၊ လူတွေကို သတ်ဖြစ်အောင် အားပေးတဲ့ စကားတွေကြောင့် လက်နက်ဆိုလို့ မေတ္တာ ပို့သံမျှသာ ပါရှိတဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မေတ္တာပို့ပြီး မိမိဆန္ဒကို ဖော်ပြနေကြတဲ့ အပြစ်မရှိတဲ့ စာသင်သား ရဟန်း သံဃာတော်တွေ၊ ကျောင်းသား လူငယ်တွေ၊ ပြည်သူပြည်သားတွေ မမြင်ရက်၊ မရှုရက်လောက်အောင် သွေးမြေကျရတာကတော့ သမိုင်းတွင်ရစ်တဲ့ တကယ့် အဖြစ်ဆိုးကြီးပါ။

ဒါကြောင့် ၁၂ဝဝ ကျော်ရှိတဲ့ အဲဒီ ကျောင်းတိုက်က တပည့် သံဃာတော်တွေကိုရော ထောက်ပံ့နေတဲ့ ဒကာ ဒကာမတွေကိုပါ “အသေဝနာ စ ဗာလာနံ” ဆိုတဲ့ မင်္ဂလာ တရားတော်အတိုင်း သူတော်ကောင်း မဟုတ်တဲ့ အဲဒီလို သူတော်ယောင် ပုဂ္ဂိုလ်မျိုးကို ရှောင်ကြဉ်ဖို့ အကြံပေး တိုက်တွန်းလိုပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီလိုပုဂ္ဂိုလ်ကို ဆက်လက်ပြီး ထောက်ပံ့ အားပေးနေအုံးမယ်၊ ဆရာအဖြစ် ကိုးကွယ်နေအုံးမယ် ဆိုရင် လူမိုက်နောက်လိုက်၊ အဓမ္မရဲ့ ဘက်တော်သားတွေပဲ ဖြစ်နေမှာမို့ပါ။

အာဏာရှင်တွေရဲ့ သံဃာကို သင်းခွဲတဲ့ လုပ်ကြံဖန်တီးမှု မဟုတ်ရင် ဒီအသံဖိုင်ကို စစ်ရုံးကနေ အပြင်ရောက်အောင် ထုတ်ပေးတဲ့ ပုဂ္ဂိုလ်ဟာ အဓမ္မကို အဓမ္မမှန်း သိတဲ့ လူကောင်း သူကောင်း တယောက် ဖြစ်ပါလိမ့်မယ်။

သြဝါဒဆိုတာ

အသံဖိုင်ထဲမှာ “သြပါဒ ခံယူပွဲ” တဲ့။ စကားလုံး ဝေါဟာရကတော့ ခမ်းနားလှပါရဲ့။ ဒါပေမဲ့ စကားလုံး လှပသလောက် အလုပ်က အရုပ်ဆိုးနေပါတယ်။ ဟုတ်ပါတယ်၊ သြဝါဒဆိုတာ မကောင်းတာကို မလုပ်ဖို့ တားမြစ်ပြီး ကောင်းတာကို လုပ်ဖို့ ညွှန်ကြားတာ၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြားတတ်အောင် သင်ကြားပေးတာပါ။ “သြဝါဒ” ဟာ ဘယ်နည်းနဲ့မျှ “လူသတ်လမ်းညွှန်” မဖြစ်သင့်ပါဘူး။

ပထမ ရွှေကျင် ဆရာတော် ဘုရားကြီးရေးတဲ့ “ဝိစိတြဝန္ဒနာ ဘုရားရှိခိုးကျမ်း” မှာ ဗုဒ္ဓဟာ မိမိကို သေကြောင်းကြံတဲ့ အရှင်ဒေဝဒတ် ကိုတောင် သားတော် ရာဟုလာနဲ့ထပ်တူ မေတ္တာ ထားတော်မူတယ်လို့ ရေးထားပါတယ်။

ဒါကြောင့် အာဏာရှင်တွေကို စကားပြောခွင့်ရတဲ့ အသံဖိုင်ထဲက အသံရှင် ဘုန်းကြီးအနေနဲ့ “ရန်လိုရင် ရန်ပိုတယ်၊ ရန်မလိုမှ ရန်ပြိုတယ်” ဆိုတဲ့ ဒုတိယရွှေကျင် သာသနာပိုင် ဝိသုဒ္ဓါရုံ ဆရာတော် ဘုရားကြီးရဲ့ သြဝါဒကို ပေးလိုက်နိုင်ရင် အနည်းဆုံး အတိုက်အခံနဲ့ အာဏာရှင်တွေ အကြား ရန်သူလို သဘောမထားဘဲ တင်းမာမှုတွေ လျော့သွားပြီး အာဏာရှင်တွေ အနေနဲ့ အပြစ်မဲ့ ရဟန်းရှင်လူကို မသတ်မိအောင် ဆင်ခြင်ကောင်း ဆင်ခြင်သွားစေ နိုင်ခဲ့မှာပါ။ ဒီလိုဖြစ်ခဲ့ရင် အသံရှင် ပုဂ္ဂိုလ်ဟာလည်း (ရွှေဥမင် ဆရာတော်ရဲ့ စကားအတိုင်း) “လောကတွင် အလွန့်ယောက်ျား” ဖြစ်သွားနိုင်ခဲ့မှာပါ။ ခုတော့ သူ့ခမျာ တသက်လုံး ထိန်းသိမ်းလာတဲ့ သိက္ခာတွေ၊ လုပ်ဆောင်ချက်တွေ တခါတည်း စုန်းစုန်း နစ်ရရှာပြီပေါ့။

(ဗုဒ္ဓသာသနာကို ထိခိုက်လွန်းလို့ပါ။ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ဖို့ကို မရည်ရွယ်ပါဘူး။)

ဆောင်းပါး
ကပ်ဆိုး၏ တံလျှပ်များ…
'လက်ပြထား '
ကလိုစေးထူး
အောက်တိုဘာ ၁၆ ရက်။ ၂၀၀၇ ခုနှစ်

တရုတ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီဖုန် မြန်မာပြည်ကို ချစ်ကြည်ရေး ခရီး အလည်အပတ် ရောက်ခဲ့စဉ်တုန်းက ဖြစ်ပါတယ်။

ရန်ကုန် အပြည်အပြည်ဆိုင်ရာ လေဆိပ်ကို လီဖုန် အရောက်မှာ မြန်မာနိုင်ငံက တာဝန်ရှိသူတွေက ကြိုဆိုကြ၊ ခရီးဦးကြိုဆို ပြုကြပေါ့။ ညရောက်တော့ အဲဒီ သတင်းကို နိုင်ငံပိုင် ရုပ်မြင်သံကြား အစီအစဉ်ကနေ ထုံးစံအတိုင်း ရုပ်သံရိုက်ချက်တွေ ဝေဝေဆာဆာနဲ့ တင်ဆက်ပါတယ်။

သတင်းကြေညာသူ အမျိုးသမီးက…

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီဖုန် လေဆိပ်မှ ထွက်ခွာရာ လမ်းတလျှောက်တွင် မြန်မာပြည်သူများနှင့် ကျောင်းသူ ကျောင်းသားများက နှစ်နိုင်ငံ အလံများကို ဝှေ့ယမ်း၍ သောင်းသောင်းဖြဖြ နှုတ်ဆက်ကြပါသည်´ လို့ ကြေညာပြီးတော့ ကားတန်းဖြတ်သွားရာ လမ်းတလျှောက် ဘေးဝဲယာက ကျောင်းသူ ကျောင်းသားလေးတွေ ပုံကို ပြပါတယ်။ အဲဒီမှာတင် သတင်းတင်ဆက်သူ တည်းဖြတ် ချန်လှပ်ဖို့ လစ်ဟာသွားပုံရတဲ့ ရုပ်သံထဲက အသံတသံက ပီပီသသကြီး ပေါ်လာပါတော့တယ်။

အဲဒါကတော့ ကားတန်းပေါ်က တယောက်ယောက်က ကျောင်းသူ ကျောင်းသားလေးတွေကို အော်ဟစ်နေတဲ့…

`လက်ပြထား၊ လက်ပြထား´

ဆိုတဲ့ အသံပါပဲ။ သတင်း နားထောင်နေတဲ့ လူတွေမှာ တအုန်းအုန်းနဲ့ တော်တော်နဲ့ အတောမသတ်နိုင်အောင် ထရယ်ကြတာ မှတ်မိနေပါသေးတယ်။

***

၁၉၉၃ ခုနှစ်၊ မြန်မာပြည်တွင်းမှာ `ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း´ ဆိုပြီး စတင်ဖွဲ့စည်းတော့ လူတွေက `အဲဒါက ဘာအဖွဲ့ကြီးတုန်း´ လို့ အချင်းချင်း မေးခွန်းထုတ်ကြပါတယ်။ အာဏာပိုင်တွေရဲ့ လုပ်နည်းလုပ်ဟန်တွေကို အလွတ်ရနေပြီးသား လူကြီးတွေက `မဆလ ခေတ်ကလိုပေါ့ကွာ၊ တေဇ လူငယ်၊ ရှေ့ဆောင် လူငယ်၊ လမ်းစဉ် လူငယ် ဘာညာနဲ့ပေါ့၊ နောက်ပိုင်းကျရင် အရန်အဖွဲ့ဝင်၊ တင်းပြည့် အဖွဲ့ဝင်ဆိုပြီး ဖြစ်လာလိမ့်မယ်´ လို့ ပြောကြတာကို ကြားခဲ့ရဖူးပါတယ်။ အဲဒီတုန်းကတော့ အာဏာပိုင်တွေဟာ အဲဒီအဖွဲ့ကို `လူမှုရေး အဖွဲ့ပါ´ လို့ ကြွေးကြော် ခဲ့ကြပါတယ်။

အသင်းဖွဲ့ပြီး သိပ်မကြာခင်မှာပဲ သူတို့ အသင်းရဲ့ အင်အား ဘယ်ရွေ့ဘယ်မျှ ရှိကြောင်း သတင်းစာတွေမှာ ဦးစွာ ကြွားလုံး ထုတ်ပါတယ်။ (အမှန်တကယ်ကတော့ အဲဒီတုန်းက အခြေခံပညာ ကျောင်းသူ ကျောင်းသားတွေကို ဘုမသိ ဘမသိနဲ့ အသင်းဝင် လျှောက်လွှာတွေ အဖြည့်ခိုင်းပြီး အသင်းဝင်စာရင်းကို အတင်းကာရော သွင်းခဲ့ကြတာပါ)။

နောက်တော့ `ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း၊ သင်းလုံးကျွတ် အစည်းအဝေး´ ဆိုပြီးတော့ ပြည်နယ်နဲ့ တိုင်းအလိုက် အစည်းအဝေးတွေ လုပ်ပါတယ်။ အစည်းအဝေးမှာ ပြောရမယ့် အဆိုပြုလွှာနဲ့ ထောက်ခံလွှာ ဆိုတာတွေကို ဘယ်သူက ရေးလို့ရေးမှန်းမသိ ၏၊ သည် မရွေးဖတ်ရတဲ့ အစည်းအဝေးတွေ လုပ်ကြပါတယ်။

အဲဒီကနေ အရသာ တွေ့သွားလားတော့ မပြောတတ်ပါဘူး။ အုပ်ချုပ်သူ ပုဂ္ဂိုလ်များဟာ ထစ်ခနဲ ရှိတာနဲ့ အဲဒီလိုပဲ ထောက်ခံပွဲ၊ ကန့်ကွက်ပွဲ၊ ဆန္ဒ ထုတ်ဖော်ပွဲ၊ အစရှိသဖြင့် အမည်ပေါင်းစုံနဲ့ အစည်းအဝေးတွေကို သူတို့ရဲ့ စီစဉ်ကြီးကြပ်မှုနဲ့ နိုင်ငံအနှံ့မှာ အမြဲတစေလိုလို ပြုလုပ်ပါတော့တယ်။

***

မြန်မာပြည်ဟာ စစ်ဆင်ရေး အထမ်းသမားဖြစ် အတင်းအဓမ္မ ခိုင်းစေမှု၊ လုပ်အားပေး ခိုင်းစေမှုတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့အလယ်မှာ အပုပ်နံ့ထွက်လေ့ ရှိပေမယ့် မြန်မာ အာဏာပိုင်တွေက တကမ္ဘာလုံးကို လှည့်ဖျားပြီး ပြည်သူတွေကို အနုနည်းနဲ့ နှိပ်စက်နေတာ တခုကိုတော့ တခြားနိုင်ငံတွေက မသိကြပါဘူး။ အဲဒါကတော့ `ဆန္ဒရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ အတင်းအကျပ် တက်ရောက်စေသော အတုအယောင် အစည်းအဝေးများ´ ပါပဲ။

အခုဆိုရင် ကျနော်တို့ နိုင်ငံအနှံ့မှာ `အမျိုးသား ညီလာခံနှင့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအား ထောက်ခံ ကြိုဆိုပွဲ´ ဆိုတဲ့ အမည်နဲ့ ပြည်နယ်နဲ့ တိုင်းအလိုက် အလှည့်ကျ ပြုလုပ်နေတာကို တွေ့နေရပါတယ်။ အဲဒီ အစည်းအဝေး ပွဲတွေကို လူအင်အား ဘယ်လောက် တက်ရောက်ကြောင်း၊ ဘယ်လိုဘယ်ပုံ တင်ပြကြကြောင်း ဟန်ချက်ညီညီနဲ့ သတင်း ထုတ်ပြန်နေတာဟာ နိုင်ငံပိုင် နေ့စဉ်ထုတ် သတင်းစာတွေမှာ စာမျက်နှာ အပြည့်ပါပဲ။ ဒီတော့ အဲဒီအခမ်းအနားတွေ ဖန်တီးကြပုံကို လေ့လာ ကြည့်ချင်ပါတယ်။

***

တကယ်တော့ အဲဒီလို အခမ်းအနားတွေ လုပ်ကြရမယ်ဆိုတာနဲ့ အရင်ဆုံး မျက်ခုံးလှုပ်ရတာက ပြည်သူတွေပါပဲ။ အရပ်တကာလှည့်ပြီးတော့ ရယကတွေ၊ ဆယ်အိမ်ခေါင်းတွေက ဘယ်နေ့မှာ ဘာအခမ်းအနားရှိလို့ တအိမ်တယောက် တက်ရမှာဖြစ်ကြောင်း၊ မတက်နိုင်ရင် ဒဏ်ငွေ ဘယ်လောက်ပေးရမှာ ဖြစ်ကြောင်း စသဖြင့် လိုက်လံ အကြောင်းကြားပြီး လူစုတာဟာ ပြည်သူတွေအတွက်တော့ ဆန်းလှတော့တာ မဟုတ်ပါဘူး။ ဒါတောင် တံတားဖွင့်ပွဲ၊ လမ်းဖွင့်ပွဲ၊ ဟိုလူကြီးလာ၊ ဒီလူကြီးလာ အစရှိတာတွေအတွက် အင်အားပြနိုင်ဖို့ အတင်းအကျပ် လူစုတာတွေကို ထည့်မတွက်ရသေးပါဘူး။ အဲဒါတွေပါ ထည့်တွက်ရမယ်ဆိုရင်တော့ မြန်မာပြည်သူတွေရဲ့ `အခမ်းအနား ကပ်ဘေးဒဏ်´ က မသေးလှပါဘူး။

တခါတရံကျတော့ အဲဒီ အခမ်းအနားတွေကို တက်ချင်လာအောင် မက်လုံးပေး အတက်ခိုင်းတာလည်း ရှိတတ်ပါတယ်။ ဥပမာ ဘားအံမြို့မှာ လုပ်မယ့် ပြည်နယ် ကြံ့ခိုင်ရေးအသင်း သင်းလုံးကျွတ် အစည်းအဝေးကို သွားတက်ဖို့အတွက် ကျနော်တို့မြို့က နီးစပ်ရာ လူငယ်တွေကို `ဘားအံ အလည်ခရီးပေါ့ကွာ၊ ခရီးစရိတ်၊ စားစရိတ်ပေးမှာ၊ လိုက်ခဲ့၊ အစည်းအဝေးက ဘာမှမဟုတ်ပါဘူး´ လို့ မြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူးက လိုက်လံ စည်းရုံးတာကို မြင်ခဲ့ရဖူးပါတယ်။

အစည်းအဝေးကို သွားတက်ကြတဲ့ ပြည်သူအများစုက အဲဒီ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးမှာလဲ ဆိုတာထက် အဲဒီ အစည်းအဝေး ဘယ်အချိန် ပြီးမလဲ၊ မြန်မြန်ပြီး မြန်မြန်နားအေး သဘောမျိုး ထားကြတာ များကြပါတယ်။ နေကပူပူ၊ အခမ်းအနား ပြုလုပ်ရာ ကွင်းပြင်မှာ ချွေးသံတရွှဲရွှဲနဲ့ အပေါ်ကနေ ရဟတ်ယာဉ် ဖြတ်မောင်းရင် အတင်းကာရော လက်ဝှေ့ယမ်း ခိုင်းသေးတာမို့ အင်မတန် စိတ်ညစ်ဖွယ် ကောင်းလှပါတယ်။

ပြည်သူတွေက ဘယ်လောက်ပဲ စိတ်ညစ်ညစ်၊ အဲဒီ အစည်းအဝေးတွေကို ဘယ်လိုပဲ မတက်ချင် မတက်ချင် အာဏာပိုင်တွေကတော့ အခါအခွင့် သင့်တိုင်း ကျင်းပမြဲ ကျင်းပနေသလို အခုလည်းပဲ ကျင်းပနေဆဲပါပဲ။

***

အဲဒီလို အတုအယောင် ထောက်ခံပွဲ အခမ်းအနားတွေကို အာဏာပိုင်တွေက စီမံ ကျင်းပရတဲ့ အကြောင်းရင်းကတော့ သူတို့ကို ပြည်သူတွေက ထောက်ခံနေပါတယ်လို့ ကမ္ဘာကို လိမ်ချင်လို့ပါပဲ။ ပြည်သူတွေကို လိမ်တာကတော့ ရိုးနေပြီမို့ အရှက်လဲ ကုန်နေတော့ မထူးခြားလှတော့ပေမယ့် ကမ္ဘာ့နိုင်ငံတွေကိုတော့ သူတို့ဟာ မြန်မာပြည်သူတွေရဲ့ ထောက်ခံမှုကို ရနေပါတယ်လို့ ထင်မြင်လာအောင် ဒီနည်းနဲ့ လိမ်ရင် ရနိုင်တယ်လို့ တွက်ဆထားလို့ အခုလို အခမ်းအနားပွဲတွေကို အချိန်ကုန်၊ ငွေကုန်ခံပြီး ကျင်းပနေတာပါ။

အဲဒီလို အလိမ်အညာတွေနဲ့ ကုလသမဂ္ဂကိုပါ လိမ်ညာ လှည့်ဖျားနေတဲ့ အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ မသတီစရာ ကောင်းလှပေမယ့် အံတုခြင်းငှာ မစွမ်းသာတဲ့ ပြည်သူတွေမှာ အလိုမတူပါဘဲနဲ့ အခမ်းအနား ကပ်ဘေးဒဏ်ကို ခံနေရတာကတော့ ခံပြင်းစရာ ကောင်းလှပါတယ်။

အာဏာပိုင်တွေကို ဆန့်ကျင် ကန့်ကွက်နေကြတဲ့ ပြည်တွင်းပြည်ပ အတိုက်အခံတွေနဲ့၊ သတင်းဌာနတွေ အနေနဲ့လည်း ဒီအခမ်းအနားတွေဟာ ပြည်သူ့ဆန္ဒ အစစ်အမှန် မဟုတ်ကြောင်း၊ အာဏာပိုင်တွေရဲ့ လိမ်လှည်လှည့်ဖျားခြင်းသာ ဖြစ်ကြောင်းကို ထင်သာမြင်သာအောင် ဖော်ထုတ်မှုပိုင်းမှာ အားနည်းနေတယ်လို့ သတိထားမိပါတယ်။

ပြည်တွင်းမှာ နေထိုင်ရတဲ့ ပြည်သူကတော့ ဒီအခမ်းအနားကို မတက်ချင်လည်း လွန်ဆန်ခြင်းငှာ ဘယ်လိုမှ စွမ်းသာမှာ မဟုတ်ပါဘူး။ တက်ချင်သည် ဖြစ်စေ၊ မတက်ချင်သည် ဖြစ်စေ တက်ကြရမှာပါပဲ။

***

`လက်ပြထား၊ လက်ပြထား´

ကားတန်းပေါ်က အော်သံ၊ နေပူထဲက ကျောင်းသား ကျောင်းသူလေးတွေရဲ့ စိတ်မပါ လက်မပါ အလံဝှေ့ယမ်းဟန်၊ စာရွက်တွေ တထပ်ကြီးနဲ့ သတင်းကြေညာနေတဲ့ မြန်မာ့အသံ ဝန်ထမ်း…။

ဒါပေမယ့် တရုတ်ဝန်ကြီးချုပ် လီဖုန်ကတော့ သူ့ကို မြန်မာပြည်က ကျောင်းသား ကျောင်းသူလေးတွေ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာပဲလို့ ထင်သွားခဲ့မှာပါပဲ။

အခုလည်း `လက်ပြထား၊ လက်ပြထား´ ပုံရိပ်တွေက နိုင်ငံပိုင် သတင်း မီဒီယာတွေမှာ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်နေရပြန်ပါပြီ။ တရုတ်ဝန်ကြီးချုပ် လီဖုန်တယောက် ဘာမှ မသိလိုက်သလို ကုလသမဂ္ဂနဲ့တကွ တခြားနိုင်ငံတွေကပါ ဘာမှမသိစွာနဲ့ အဲဒါတွေကို အဟုတ် လို့ ထင်သွားကြမှဖြင့်…။

ကလိုစေးထူး

ဆောင်းပါး
ပြောင်းလဲရန် အချိန်တန်ပေပြီ။
အောင်သူငြိမ်း
အောက်တိုဘာလ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။

(၁)

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဥက� ဋ္ဌ၏ ထုတ်ပြန် ကြေငြာချက် ထွက်လာခဲ့သည်။ ဒီမိုကရေစီ အတိုက်အခံများနှင့် တွေ့ဆုံ ဆွေးနွေးရေးကို တောင်းဆို ထားသည်။ နိုင်ငံရေး အကျဉ်းသားများကို လွှတ်၍ တိုင်းပြည်ကို အပြောင်းအလဲ လုပ်ရန် တောင်းဆိုထားသည်။ နိုင်ငံ ခေါင်းဆောင် အများက ထုတ်ပြန်ကြေငြာချက် ထွက်လာလာချင်းပင် ထောက်ခံကြသည်။ ကြိုဆိုကြသည်။ စစ်အစိုးရကို အပြောင်းအလဲလုပ်ရန် ဆက်လက် တိုက်တွန်း အားပေးခဲ့ကြသည်။

စစ်အစိုးရကတော့ ချက်ချင်းပင် ပယ်ချလိုက်ပြန်သည်။ ဒါကလည်း အံ့သြစရာတော့ မဟုတ်ပါ။ သူတို့က လမ်းပြမြေပုံ ၇-ချက် အတိုင်း ဆက်သွားမည်ဟု တုံ့ပြန်ခဲ့သည်။ မပြောင်းနိုင်၊ မဆွေးနွေးနိုင်၊ ကိုယ့်လမ်း ကိုယ်သွားမည်ဟု ဆိုသည်။ လူထုအများကို အတင်းအကျပ် ဆင့်ဆို၍ စစ်အစိုးရကို ထောက်ခံကြောင်း လူထုဆန္ဒ ထောက်ခံပြပွဲများ ငွေကုန်ကြေးကျခံ ဆက်လုပ်နေပြန်သည်။ သူတို့ လက်ရွေးစင် စုထားသော လူတစုဖြင့် အမျိုးသား ညီလာခံခေါ် ချမှတ်ထားသည့် ဖွဲ့စည်းပုံအတွက် အခြေခံမူ (၁၀၄) ချက်၊ အသေးစိတ်မူများကို အတင်း ထောက်ခံခိုင်းနေပြန်သည်။

အမှန်တွင်တော့ စစ်အစိုးရက ဆန္ဒပြ သံဃာများအပေါ် တုတ်တချက်ဝင့်ရုံမျှဖြင့် လမ်းပြမြေပုံ ကျဆုံးခဲ့ပြီ ဖြစ်သည်။ စစ်အစိုးရက ပထမဦးဆုံး ပစ်ဖောက်လိုက်သည့် ကျည်၊ သေနတ်သံတွင်ပင် သူတို့ ပြောနေသော အခြေခံမူ (၁၀၄) ချက် သေဆုံးသွားရသည်။ ဆက်လက် အကြမ်းဖက် ဖိနှိပ်မှုများ အောက်တွင် လည်စင်းလိုက်ရသည်မှာ ပြည်သူများ မဟုတ်။ စစ်အစိုးရ ပြောနေသည့် "စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်" သာ ဖြစ်သည်။ သို့သော်လည်း ဤအချက်များက ပြင်ဆင်၍မရ မဟုတ်။ လူများက ဖန်တီးထားသော၊ လူအများက ရေးထားသော အချက်များသာ ဖြစ်သည်။ ပြင်ဆင်၍ ရသည်။ ပြန်လည် ပြင်ဆင်ရေးဆွဲခွင့် မရှိသော ဗျာဒိတ်တော် မဟုတ်ပါ။ တိုင်းပြည် လူအများ ကောင်းစားရေး အတွက် ပြန်လည် ပြင်ဆင် ရေးဆွဲခွင့် ရှိနေပါသည်။ လူအများက ဆန့်ကျင် မလိုလားလျှင် လူအများ သဘောကျ လက်ခံမည့် အချက်များဖြင့် ပြန်လည်ပြင်ဆင် ဖြည့်စွက် ရေးဆွဲခွင့် ရှိနေပါသည်။

အရာကိစ္စတိုင်းသည် ပြင်ဆင်၍ မရတော့သော တရားသေကိစ္စများ မဟုတ်ကြပါ။

(၂)

တခါက ပုံပြင်တပုဒ်တွင် ဖတ်ရသည်။ ဇာတကထဲက ဖြစ်မည် ထင်သည်။ အတိအကျ မမှတ်မိတော့။

"တရံရော အခါက ရဟန်းနှစ်ပါး ခရီးအတူ သွားကြသည်။ သူတို့သည် ကောက်ရိုးနှစ်ထုံးကို အတူတကွ သယ်ဆောင် သွားကြလေသည်။ နေရာသို့ ရောက်သောအခါ မြက်နှစ်ထုံးကို တွေ့ကြရပြန်၏။ ရဟန်းတပါးက ကောက်ရိုးထုံးကို ချ၍ မြက်ထုံးကိုသယ်၏။ ကျန်ရဟန်း တပါးကတော့ ယခု ကောက်ရိုးထုံးသည် ခရီးဝေးစွာ သယ်ဆောင်လာခဲ့ပြီး ဖြစ်သည်။ မစွန့်ပစ်လိုတော့ဟုဆိုကာ ကောက်ရိုးထုံးကိုပင် သယ်လေသည်။ ဆက်လက်၍ ခရီးဆက်ကြပြန်သည်။ တနေရာသို့ ရောက်လတ်သော် ဝါဂွမ်းထုံးများကို တွေ့ရပြန်လေသည်။ ထိုအခါ ရဟန်းတပါးက မြက်ထုံးကို ချ၍ ဝါဂွမ်းထုံးကို ဆက်လက် သယ်ဆောင်လေ၏။ ကောက်ရိုး သယ်ဆောင် လာခဲ့သော ရဟန်းကမူ ခရီးဝေးမှလည်း သယ်ဆောင်လာခဲ့ပြီ။ သယ်ခဲ့သော ကောက်ရိုးထုံးကိုလည်း သံယောဇဉ် ဖြစ်နေပြီ ဆိုကာ ကောက်ရိုးထုံးကိုပင် ဆက်လက် သယ်ဆောင်ပြန်၏။"

ဤရဟန်းနှစ်ပါး ပုံပြင်သည် ကျနော်တို့အတွက် များစွာသော စဉ်းစားစရာ အချက်အလက်များ ပေး၏။ ကျနော်တို့ အစဉ်အဆက် လမ်းဟောင်းအတိုင်း တွေးခေါ်ခဲ့ကြသည်။ အစဉ်အလာအတိုင်း လျှောက်ခဲ့ကြသည်။ သယ်ဆောင်လာခဲ့သော အတွေးအခေါ် ဟောင်းကို သံယောဇဉ် တွယ်နေကြသည်။ အတွေးအခေါ်သစ် အတွက် စမ်းသပ်မှု မလုပ်ရသေး၊ မှားနိုင်သည်ဟု အလွယ်ပင် တွေးကြသည်။ ကောက်ရိုးထုံးကို ဆက်လက် သယ်ဆောင်နေသော ရဟန်းကဲ့သို့ သွားလိုကြသည်။

စစ်အစိုးရကလည်း အလားတူပင် ဖြစ်သည်။ လူအများက လက်မခံသော လမ်းပြမြေပုံ အစုတ်ကြီးနှင့် အခြေခံမူ (၁၀၄) ချက်ကို ဆက်လက် ဖက်တွယ်နေသည်။ ကိုယ်ကျိုးစီးပွား ကြည့်သည်လည်း ပါလိမ့်မည်။ စိုးရိမ် ကြောင့်ကြစိတ်များလည်း ပါလိမ့်မည်။ သို့သော် ဤအချက်များကို လူအများက လက်မခံကြောင်း ပြီးခဲ့သည့် ဆန္ဒပြပွဲများက ထင်ထင်ရှားရှား ပြခဲ့ပြီ ဖြစ်သည်။ နိုင်ငံ တကာ မိသားစုက UNSC ၏ ထုတ်ပြန် ကြေငြာချက်ဖြင့် ပြသခဲ့ပြီ ဖြစ်သည်။ စစ်အစိုးရကတော့ ကောက်ရိုးထုံးကြီးဖြင့်သာ ခရီး ဆက်လိုသည်ကို တွေ့နေရသည်။

ဤသို့ ဆိုလျှင်ဖြင့် မှားခြိမ့်မည်။ တိုင်းပြည်လည်း ချောက်ထဲ ကျရမည့်ကိန်း ရှိနေပါသည်။

(၃)

တတိယလှိုင်း (Third Wave) ဟု အမည်ရသည့် စာအုပ်ကိုရေးသားသူ ပါမောက္ခ ဆင်မြူရယ် ဟန်တင်တန် (Samuel Huntington) က သူ၏ စာအုပ်တွင် ကမ္ဘာကြီး၏ နောက်ဆုံး ဆယ်စုနှစ်များ ကာလအတွင်း နိုင်ငံ အများအပြားတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာပုံကို ရေးသား ဖော်ပြခဲ့ပါသည်။

သူက နိုင်ငံအများတွင် ဒီမိုကရေစီ အပြောင်းအလဲများ ဖြစ်ပေါ်လာပုံကို ခြုံငုံလေ့လာ၍ သုံးသပ်ချက် ထုတ်ခဲ့သည်။ သူက အချက် ၅-ချက် ရှိသည်ဟု ဆိုပါသည်။

ပထမအချက်မှာ- အာဏာရှင် အစိုးရများ၏ တရားဝင်မှု (Legitimacy) ပြဿနာ ပိုမိုနက်ရှိုင်း ကြီးထွားလာခြင်း ဖြစ်ပြီး၊ စစ်ရှုံးရသော အခြေအနေ၊ စီးပွားရေး ကျရှုံးရသော အခြေအနေ အောက်တွင် ကြုံလာသည့်အခါ ပြောင်းလဲလေ့ ရှိပုံကို ဆိုပါသည်။

မြန်မာ စစ်အစိုးရ အနေဖြင့် ၁၉၈၈ စစ်အာဏာသိမ်း တက်လာချိန်မှစ၍ တရားဝင်မှု မရခဲ့ပါ။ (De facto/ De Jure) စသဖြင့် ငြင်းခုံရင်း နိုင်ငံတကာက အသိအမှတ် ပြုထားသောကြောင့်သာ de facto government (တရားဝင် ရွေးကောက်ခြင်း မခံထားရသော်လည်း နိုင်ငံကို ထိန်းချုပ် ထားနိုင်ခြင်းကြောင့် အသိအမှတ် ပြုထားရသော အစိုးရအဖြစ်) လက်ခံထားကြပါသည်။ စစ်အစိုးရက နိုင်ငံအတွင်း လူအများက ထောက်ခံ အသိအမှတ် ပြုလာစေရေးအတွက် ရဟန်းသံဃာများကို အကြီးအကျယ် အလှူ အတန်းပေးကာ သာသနာပိုင်များက အသိအမှတ် ပြုသယောင် တရားဝင်မှု ရစေရန် ကြိုးပမ်းခဲ့ကြပါသည်။ မကြာသေးခင်က သံဃာများကို လူမဆန်စွာ အကြမ်းဖက် ဖြိုခွဲပြီးနောက်ပိုင်းတွင် ဤဘာသာရေးအရ တရားဝင်မှု ဆုံးရရုံသာမျှမက၊ ယခု ကုလ လုံခြုံရေး ကောင်စီ၏ ထုတ်ပြန်ချက် အပြီးတွင် နိုင်ငံတကာဖက်မှ အသိအမှတ် ပြုထားသည့် တရားဝင်မှုမှာ ဆုံးရှုံးယိုယွင်း လာနေပါသည်။ အထူးသဖြင့် ယခင်ကတည်းက မရှိတတ်ခဲ့သော လူထုထောက်ခံမှုမှာ ပို၍ ဆိုးရွားစွာ ပြိုလဲနေပြီ ဖြစ်ပါသည်။

ဒုတိယအချက်အဖြစ်- ပါမောက္ခ ဟန်တင်တန်က ဖော်ပြရာ၌ စီးပွားတက်လာသော နိုင်ငံ အများတွင်လည်း ဒီမိုကရေစီ ပြောင်းလဲ လာတတ်သည်ဟု ဆိုပါသည်။ လူလတ်တန်းစား များပြားလာခြင်း၊ မြို့ပြ ဖြစ်ထွန်းလာခြင်း၊ လူအများ၏ ပညာ အရည်အချင်း မြင့်တက်လာခြင်းကြောင့် ဒီမိုကရေစီ စနစ်ဖက်သို့ ကူးပြောင်းလာပုံ ဖြစ်ပါသည်။ တိုင်ဝမ်၊ တောင်ကိုရီးယား တို့ကို ဥပမာ ပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွက်မူ မဆိုင်လှပါ။

တတိယအချက်မှာ ဘာသာရေး အဖွဲ့အစည်းများအတွင်း ခံယူချက် သဘောထားများ ပြောင်းလဲလာခြင်း ဖြစ်ပြီး၊ ဘာသာရေး ဆိုင်ရာ ခေါင်းဆောင်များက အစိုးရကို ဆန့်ကျင်သော သဘောထားကို ပိုမိုကိုင်စွဲ လက်ခံလာကြသည့် အခြေအနေ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မကြာသေးမီက ဖြစ်ခဲ့သော သံဃာများ၏ "ဓမ္မနှင့် အဓမ္မ တိုက်ပွဲ" နှင့် သိသိသာသာကြီး တိုက်ဆိုင် နေပါတော့သည်။

စတုတ္ထအချက်မှာ- လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ကိစ္စများအတွက် ပြင်ပတွန်းအားများ ဖြစ်လာခြင်းနှင့် အရပ်ဖက် လူမှု အဖွဲ့အစည်းများ (civil society) ဟု ခေါ်သော ထွန်းကားလာခြင်း ဖြစ်ပါသည်။ ပြင်ပရှိ အင်အားစုများနှင့် အစိုးရ မဟုတ်သည့် (အန်ဂျီအို) အဖွဲ့များ၏ တွန်းအားများကြောင့်လည်း ပါပါသည်။

ပဉ္စမအချက်မှာ ဆန္ဒပြပွဲများ၏ တဖြည်းဖြည်းခြင်း အရှိန်ရ အားကောင်းလာသော အာနိသင် သက်ရောက်မှု (snow balling effect) ဖြစ်ပြီး၊ အခြားနိုင်ငံများမှ ဒီမိုကရေစီ အောင်ပွဲများ၏ ဂယက် ရိုက်ခတ်လာမှု၊ နိုင်ငံတကာနှင့် ပို၍ ကူးလူးဆက်ဆံမှု၊ ပို၍ ကောင်းမွန်သော ဆက်သွယ်ရေး စနစ်များ ရှိလာမှုတို့ကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဆန္ဒပြပွဲများက နောက်ထပ်တပတ်မျှ အချိန်ရလျှင် လူထုများအဖို့ အောင်ပွဲခံဖွယ် ရှိသောကြောင့် စစ်အစိုးရက နောက်ဆုံး အကြမ်းကြုတ် အရက်စက်ဆုံး နည်းသုံး ဖြေရှင်းခဲ့ခြင်း ဖြစ်သည်ဟုလည်း တွက်နိုင်ပါသည်။ တရုတ်က မြန်မာ စစ်အစိုးရကို ကာကွယ်နေခြင်းမှာ မြန်မာ စစ်အစိုးရကို ချစ်လွန်း၍ မဟုတ်ဘဲ၊ ၎င်း၏ ပြည်တွင်း ပြဿနာများကို ကူးစက်မည်စိုး၍လော ဟူ၍လည်း တွက်ဆဖွယ် ရှိနေပါသည်။

မည်သို့ပင်ဖြစ်စေ၊ ပါမောက္ခ ဟန်တင်တန် တင်ပြသည့် နိုင်ငံအများ ဒီမိုကရေစီ ကူးပြောင်းလာကြသည့် အခြေအနေကို ကြည့်ပါက မြန်မာနိုင်ငံက ပြောင်းလဲရတော့မည့် အခြေအနေ ဖြစ်သည်။ လူအများက ဆန္ဒပိုင်းဖြတ် ဆုံးဖြတ်ထားကြပြီ ဖြစ်သလို၊ စစ်အစိုးရကိုလည်း "စစ်အစိုးရ တော်ပါပြီ" ဟု ဖော်ထုတ် ပြသခဲ့ကြပြီ ဖြစ်သည်။

"နိုင်ငံများသည် စစ်တပ်ကြီးများ၏ ကျူးကျော်လာမှုကို ခုခံနိုင်စွမ်း ရှိကောင်း ရှိလိမ့်မည်။ သို့သော် အချိန်အခါကျ၍ ပြောင်းလဲလာသော အတွေးအခေါ် တရပ်၏ အင်အားကို ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်" ဟု ပညာရှင်တဦး ဖြစ်သူ ဗစ်တာဟူးဂိုးက ပြောခဲ့ဖူးပါသည်။ မြန်မာပြည်သူများ ဖက်ကတော့ ပြောင်းလဲရန် ဆန္ဒပိုင်းဖြတ် ဆုံးဖြတ်ထားကြပြီ ဖြစ်သလို၊ နိုင်ငံတကာ မိသားစုကလည်း ထောက်ခံပံ့ပိုးရန် အသင့် ဖြစ်နေကြပါပြီ။

စစ်အစိုးရက ပြောင်းလဲရတော့မည့် အချိန်ဖြစ်ပါသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်များ အနေဖြင့် အတွေးအခေါ် ပြောင်းခြင်းအားဖြင့် ဘာမှမဆုံးရှုံးနိုင်ပါ။ အခွင့်အလမ်းများကသာ ဆီးကြိုနေသည် ဖြစ်ပါတော့သည်။

အောင်သူငြိမ်း

Saturday, October 13, 2007

အင်တာဗျူး
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီနှင့် စင်္ကာပူ နိုင်ငံ စထရိတ်တိုင်း(မ်) သတင်းစာ အမေရိကန်ဗျူရိုမှ ဒါဝင်ပါရေးရား တွေ့ဆုံမေးမြန်းချက်
အောက်တိုဘာလ ၁၃ ရက်၊ ၂၀၀၇ ခုနှစ်။
မေး၊ အခုပြန်ခဲ့တဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ ဘာတွေ လုပ်ဆောင်နိုင်ခဲ့ပါသလဲ ခင်ဗျား၊

ဂမ်ဘာရီ၊ ကျနော့် ခရီးစဉ်မှာ ဦးတည်ချက် ၃ ခု ရှိခဲ့ပါတယ်၊ မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေကို နှိပ်ကွပ်အပြီး ဘာတွေ ဖြစ်နေသလဲ ဆိုတာ သိရဘို့ရယ်၊ ဒုတိယ အချက်ကတော့ ဆန္ဒပြသူတွေ အပေါ်မှာ အင်အားသုံးပြီး ရက်ရက်စက်စက် ဖိနှိပ်နေမှုကို ရပ်တန်းကရပ်ဖို့ မြန်မာ စစ်ခေါင်းဆောင်တွေကို သတိပေး ပြောကြားဖို့ရယ်၊ ဖမ်းဆီး ထိမ်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ ခေါင်းဆောင်တွေကို လွှတ်ပေးဘို့ရယ် နောက်ဆုံး စစ်အစိုးရနဲ့ အတိုက်အခံများ အကြား တွေ့ဆုံ တွေးနွေးရေး စတင်နိုင်ဘို့ ဆိုတဲ့ အချက်တွေပါပဲ။

ကျနော်အဖို့ ပြည့်ပြည့်စုံစုံ သိနိုင်ဘို့ ပြောကြားပေးနိုင်မဲ့ လူတွေ အကုန်လုံးနဲ့ တွေ့ခွင့်မရခဲ့ပါဘူး၊ ဥပမာ အင်အယ်ဒီ က ပုဂ္ဂိုလ်တွေရယ်၊ ဘုန်းတော်ကြီးတွေရယ်နဲ့ တွေ့ခွင့် မရခဲ့ပါဘူး၊ ဒါပေမဲ့ သူတို့တတွေ ပြောကြားချင်တာတွေကို ကျနော့်ဆီ ရောက်အောင် ဆက်သွယ် လာနိုင်ခဲ့ကြပါတယ်၊ နောက် ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ထံမှလည်း ဖြစ်ပျက်နေတာတွေကို အသေးစိတ် အစီရင်ခံခဲ့ပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်နေတာတွေကို လုံလုံ လောက်လောက် သိရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ကျနော် တွေ့ရှိချက်တွေကို အတွင်းရေးမှူးချုပ်၊ နောက်လုံခြုံရေး ကောင်စီတို့ကို အစီရင်ခံခဲ့ပါတယ်၊ ကျနော်သွားတယ်၊ တွေ့ခဲ့ မြင်ခဲ့ရတယ်၊ ဒါတွေကို ပြန်အစီရင်ခံခဲ့ပါပြီ။

မေး။ စစ်အစိုးရက အတိုက်အခံတို့အပေါ်မှာ ဘယ်လို မြင်ပါသလဲ၊

ဂမ္ဘာရီ။ စစ်အစိုးရကတော့ ခေါင်းမာတယ်ဗျာ၊ သူတို့က အထီးကျန် ဖြစ်နေတာလဲ ကြာပြီ မဟုတ်လား၊ သူတို့ အလေးထားတာ တခုကတော့ ငြိမ်ဝပ်ပိပြားရေးပဲ၊ ကျနော်ဟာ သူတို့ မကြားချင်တာတွေကို လာပြောတော့မယ် ဆိုတာလည်း သူတို့ သိတာပဲ၊ ဒါပေမဲ့သူတို့ ကျနော်ကို ဂရုတစိုက် လေးလေးစားစား ဆက်ဆံခဲ့ကြပါတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ ကျနော် ကျယ်ကျယ်ပြန့်ပြန့်ကြီး ဆွေးနွေးခဲ့ရပါတယ်။ အတွင်းရေးမှူးချုပ်မှာ လိုက်တာတွေကိုလည်း ကျနော် ပြောပြခဲ့ပါတယ်၊ ဒီအခက်အခဲတွေ ကြားက လွတ်မြောက်ဘို့ နည်းလမ်းတွေ ပြောတော့လည်း သူတို့ မငြင်းပယ်ပါဘူး။ ကျနော် နိုဝင်ဘာလ ပြန်လာမယ် ဆိုတာကိုလည်း သူတို့ လက်ခံပါတယ်။ ကျနော် တတ်နိုင်သမျှ အမြန်ဆုံး မြန်မာနိုင်ငံကို ပြန်သွားမှာပါ၊

ဒေါ်အောင်ဆန်း စုကြည်ကတော့ အရင်တခေါက် ကျနော် တွေ့တုံးကနဲ့ စာရင်ပိုပြီး ကျန်းကျန်းမာမာ ရှိပါတယ်။ သူမ အနေနဲ့ကတော့ တွေ့ဆုံ ဆွေးနွေးရေးကို အချိန်အတိအကျ သတ်မှတ်ချက်နဲ့ လေးလေးနက်နက် လုပ်ချင်ပုံ ရပါတယ်၊ သူ့ဘက်က ရည်ရွယ်ချက် ကောင်းထားတာကို ပြသတဲ့ အနေနဲ့ ကြားထဲမှာ ဆက်သွယ်ရေး အရာရှိ တယောက်ထားရင် ကောင်းမယ်လို့ အကြံ ပြုခဲ့ပါတယ်၊ အရင်ကနဲ့စာရင် တွေ့ဆုံ ဆွေးနွေးဘို့ကို အရင်ကနဲ့စာရင် အခုပိုပြီး ဆန္ဒရှိပုံ ရပါတယ်။

မေး။ နိုဝင်ဘာလပြန်သွားရင် ဘာလုပ်နိုင်မယ်လို့မျှော်လင့်ပါသလဲ၊

ဂမ်ဘာရီ၊ ကျနော့် ပထမအခေါက်တုံးက လုပ်ဆောင်နိုင်ခဲ့တာတွေကို ပိုပြီး သေချာအောင် ဆောင်ရွက်ရပါမယ်၊ ကျနော် ရည်ရွယ်ချက်ကတော့ ဒီတွေ့ဆုံ ဆွေးနွေးရေးကိစ္စ အမြန်ဆုံး အကောင်အထည် ပေါ်စေချင်တာပါပဲ၊ ကျနော် ရောက်မသွားခင် စဖြစ်တယ် ဆိုရင်လည်း ဘယ်လောက် ခရီးရောက်တယ်ဆိုတာ ကျနော် ဆန်းစစ်ကြည့်ချင်ပါတယ်၊ ဘယ်နှစ်ကြိမ်ပဲ သွားဘို့လိုလို မြန်မာပြည်ကို ကျနော်သွားပါမယ်၊ ဒါက သူတို့အပေါ်မှာတော့ မူတည်တာပေါ့ဗျာ၊ ကျနော် ၆၃ နှစ် ပဲ ရှိပါသေးတယ်၊ ကျနော် ခရီးသွားနိုင်ပါသေးတယ်၊

မေး၊ ခင်ဗျားဟာ နှစ်ဘက်စလုံးနဲ့ အဆင်ပြေပြေ ဆက်ဆံနိုင်တယ်လို့ ဆိုကြပါတယ်၊ ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေပါလဲ။

ဂမ်ဘာရီ၊ ကျနော့်အရင်က ဆောင်ရွက်ချက်တွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ ကျနော့် အကျင့်က အရေးကြီးတယ် ထင်ပါတယ်။ သူတယောက်နဲ့ သဘောမတူရင်တောင် သူပြောတာ ကို နားထောင်ပြီး သူဘာဖြစ်ချင်တယ် ဆိုတာကို မြင်အောင် ကြည့်တတ် ကြရပါလိမ့်မယ်၊ ပြီးတော့ မြန်မာပြည်ရဲ့ ပြဿနာတွေဟာ မြန်မာတွေ ကိုယ်တိုင် ဖြေရှင်းကြရမှာပါ၊ အပြင်လူတွေ အနေနဲ့ကတော့ တချို့ကိစ္စတွေမှာသာ ကူညီပေးနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် ဒါဟာ ခင်ဗျားတို့ နိုင်ငံပါ၊ ခင်ဗျားတို့ ကျနော့်ကို အကူအညီ ပေးစေချင်ရင် ကျနော် ကူညီမှာပါ၊ ကျနော့် အကူအညီ မလိုဘူးဆိုရင်လည်း ကျနော့်မှာ တခြား လုပ်စရာတွေ အများကြီးပါ၊ ဆိုတော့ ဒါကို သူတို့ လက်ခံပါတယ်၊ ခင်ဗျား ဆက်နေပါ၊ အဖြေတခုခု ထွက်အောင် ဆောင်ရွက်ပေးပါ လို့ သူတို့  ကျနော့်ကို ပြောကြပါတယ်၊

မေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးဆိုတာ ဘာကို ဆိုလိုပါသလဲ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ စစ်တပ်အကြား စေ့စပ်ရေး ပဲလား၊ တိုင်းရင်းသားတွေကော မပါဘူးလား၊

ဂမ်ဘာရီ၊ ဒီနိုင်ငံမှာ အုပ်ချုပ်သူနဲ့ အတိုက်အခံ ဆိုပြီးကွဲနေပါတယ်၊ တိုင်းပြည် အကျိုးအတွက် ဒီအုပ်စုတွေကို ညီညွတ်အောင် ဘယ်လိုလုပ် စည်းရုံးကြမလဲ၊ ဒါဟာ ပြဿနာရဲ့ တစိတ်တပိုင်းပါ၊ ဒုတိယတခုကတော့ မြန်မာ စစ်တပ်ဟာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ တိုက်ခိုက် နေကြတာဟာ ဆယ်စုနှစ်ချီ ကြာနေပါပြီ၊ လူမျိုးစု တပ်ဖွဲ့ပေါင်း ၁၈ ဖွဲ့ လောက် ရှိပါတယ်၊ အစိုးရ အနေနဲ့က တဖွဲ့နဲ့က လွဲလို့ အားလုံးနဲ့ အပစ်အခပ် ရပ်စဲဘို့ သဘောတူညီမှု ရပြီးကြပါပြီ၊ ဒါပေမဲ့ ဒီ သဘောတူညီမှုတွေကို အဖြေလို့ ပြောလို့ မရသေးပါဘူး၊ ဘာလို့လဲ ဆိုတော့ ဒီအဖွဲ့တွေကို လက်နက် ကိုင်ဆောင်ခွင့်တွေ ပေးထားရလို့ပါပဲ၊ ဒါကြောင့် စေ့စပ် ညှိနှိုင်းနေကြတာတွေဟာ လက်နက်ကိုင် အဖွဲ့အစည်းဟာ တခုတည်း ဖြစ်သည်အထိ ဆောင်ရွက်နိုင်ဘို့ လိုပါတယ်၊ လူတိုင်း အဖွဲ့တိုင်း လက်နက်ကိုင်နေကြလို့ မဖြစ်ဘူးလေ။

ဒါကြောင့် စေ့စပ် ဆွေးနွေးမှုဟာ အဓိက အစိုးရနဲ့ အတိုက်အခံ ဒေါ်အောင်ဆန်း စုကြည်နဲ့ စရပါလိမ့်မယ်၊ တချိန်မှာတော့ သုံးပွင့်ဆိုင် ဆွေးနွေးဘို့ လိုတဲ့အဆင့်ကို ရောက်လာမှာပါ၊ အစီအစဉ်ထဲမှာ ပါပါတယ်။ ပထမတော့ အရေးကြီးဆုံး ဘက်နှစ် ဘက်နဲ့ စရတဲ့ သဘောပါပဲ၊

အခုဟာက အချင်းချင်း ပြန်လည် ပေါင်းစည်းရေးဆိုတာ ဖြစ်ပါ့မလား မဟုတ်တော့ပါဘူး၊ ဘယ်တော့မှာ ဘယ်လိုဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ဘို့ပဲ လိုပါတော့တယ်။

မေး၊ ခင်ဗျားရဲ့ လုပ်ငန်းစဉ် အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာကို ဘယ်လို တိုင်းတာနိုင်မလဲ၊ အချိန်အတိအကျကော သတ်မှတ်လို့ ရမလား။

ဂမ်ဘာရီ၊ ကျနော် ယုံကြည်တာကတော့ အခုအချိန်ဟာ အချိန်ကန့်သတ်ချက်တွေ ပါဝင်လာရတော့မဲ့ အချိန်ပါ၊ ကျနော် မြန်မာပြည်ကို နောက်တခေါက် သွားချိန်မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ အစိုးရတို့အကြား စေ့စပ် ဆွေးနွေးပွဲတွေ စနေလောက်ပြီလို့ ကျနော် မျှော်လင့်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်သလို အဲဒီ ဆွေးနွေးပွဲဟာ လေးလေးနက်နက် ရှိပြီး အချိန် ကန့်သတ်ချက်တွေ လည်း ပါပါလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်၊ အဓိက မျှော်မှန်းထားတာကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ မူကြမ်းနဲ့ ပါတ်သက်လို့ ဆွေးနွေးစရာတွေ၊ အစိုးရ အနေနဲ့ ပြည်တွင်းမှာ စီးပွားရေး၊ လူမှုရေး ပြဿနာ တက်နေတာတွေကို ဖြေရှင်းပေးရေး နဲ့ တတိုင်းပြည်လုံး ပါဝင်တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတွေ ဖြစ်ပေါ်လာနိုင်ဘို့ပါပဲ။

ဒါတွေ ခရီးရောက်မရောက် ဘယ်လို တိုင်းတာကြမလဲ၊ စေ့စပ် ဆွေးနွေးပွဲ ဖြစ်လာ မလာ၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်း သွားမသွား၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမပေး၊ အားလုံးက လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအသစ် ထွက်ပေါ်လာပြီလား၊ ဒါတွေကို စောင့်ကြည့်ပြီး အောင်မြင်မှု ရှိမရှိကို တိုင်းတာ နိုင်ကြပါလိမ့်မယ် ။

မေး၊ ခင်ဗျားရဲ့ လုပ်ငန်း အောင်မြင်ဘို့ ASEAN အပါအဝင် တရုတ်၊ အိန္ဒိယ စတဲ့အိမ်နီးချင်း နိုင်ငံတွေက ဘယ်လို အကူအညီတွေ ပေးဘို့ လိုအပ်ပါသလဲ၊

ဂမ်ဘာရီ၊ ASEAN ဥက� ဌအနေနဲ့ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ကျနော့်ရဲ့ မြန်မာခရီးစဉ်ကို ထောက်ခံထားတဲ့ အတွက် ကျနော် အများကြီး ဝမ်းသာပါတယ်၊ ကျနော်ဟာ စင်္ကာပူ အပါအဝင်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတွေကို ရောက်ပြီးပါပြီ၊ ဒီတပါတ်အကုန်မှာ ကျနော် ခရီးထွက်ရဦးမှာပါ၊ ဒီတခါ ထိုင်း၊ မလေးရှားနဲ့ နောက်ပိုင်း တရု တ်၊ ဂျပန်နဲ့ အိန္ဒိယ နိုင်ငံတွေကို သွားဘို့ ရှိပါတယ်၊ ကျနော် ယုံကြည်တာကတော့ အဲဒီ နိုင်ငံအသီးသီးဟာ ကျနော့် လုပ်ငန်း အောင်မြင်အောင် အလွန် အရေးကြီးတဲ့နေရာတွေက အကူအညီ ပေးနိုင်ကြပါလိမ့်မယ်၊

ဘာဘဲဖြစ်ဖြစ် လုံခြုံရေး ကောင်စီ ဥက� ဌကြီးက ဒီနေ့ပဲ ကျနော့် လုပ်ငန်းစဉ်နဲ့ပါတ်သက်လို့ လေးနက်စွာ ထောက်ခံ အားပေးတဲ့ အကြောင်း ပထမဦးဆုံး အနေနဲ့ ကြေညာချက် တခုကို ဖတ်ကြားသွားခဲ့ပါတယ်၊ ဒီကြေညာချက်ဟာ အလွန် အရေးကြီးပါတယ်၊ ဒါဟာ လုံခြုံရေး ကောင်စီက အရေးယူလိုက်တဲ့ ပထမဆုံးသော ဆုံးဖြတ်ချက် ဖြစ်ပါတယ်၊ ဇန္နဝါရီလတုံးက ကုလသမဂ္ဂ ဆုံးဖြတ်ချက် ရှိခဲ့ဘူးသော်လည်း ဗီတိုအာဏာနဲ့ ပယ်ချခြင်း ခံခဲ့ရပါတယ်၊ အခု အကြိမ်ဟာ ပထမဆုံးအကြိမ် တညီတညွတ်တည်း ဆုံးဖြတ်ချက် ချခဲ့နိုင်တာပါပဲ၊

မေး၊ လက်နက် ရောင်းချခြင်း ပိတ်ဆို့ခြင်းနဲ့ တခြားသော ပိတ်ဆို့မှုတွေဟာ ခင်ဗျားရဲ့ မစ်ရှင်ကို အထောက်အကူ ပြုနိုင်ပါသလား၊

ဂမ်ဘာရီ၊ ဒါတွေကတော့ အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်ရမှာပါ၊ ဘာသေချာလဲ ဆိုတော့ ကျနော် ရည်ရွယ်ချက် အောင်မြင်ဘို့ လုံခြုံရေး ကောင်စီက တညီတညွတ်တည်း ဆုံးဖြတ် လိုက်တယ် ဆိုတာပါဘဲ၊ ဒီလောက်ပဲ ကျနော် ကျေနပ်ပါတယ်၊ ကောင်စီက ချမှတ်လိုက်တာ တခုဟာ မြန်မာအစိုးရအပေါ် အလေးအနက် တာသွားပါတယ်၊ ကျနော်တို့ လိုအပ်တဲ့ ထောက်ပံ့မှုဟာ ဒါပါပဲ၊

မေး၊ တချို့က အစိုးရ တခုလုံး ပြောင်းလဲပစ်ရမယ်လို့ ပြောတယ်၊ တချို့ကတော့လဲ ဘာပဲဖြစ်ဖြစ် စစ်တပ်ဟာ နောက်ဖွဲ့မဲ့ အစိုးရမှာ ပါရမယ်လို့ ပြောပါတယ်၊ ခင်ဗျားအမြင်က ဘယ်လိုပါလဲ၊

ဂမ်ဘာရီ၊ ကုလသမဂ္ဂ ဟာ အစိုးရ အပြောင်းအလဲ အလုပ်ကို လိုက်လုပ်နေတာ မဟုတ်ပါ၊ အစိုးရတွေ အပြုအမူတွေ ပြောင်းအောင်သာ လုပ်နေရခြင်းပါ၊ စစ်တပ်ဟာ အဖြေထုတ်ပေးဘို့ အရေးပါတဲ့နေရာမှာ ပါဝင်ပါသလား၊ အားလုံးပါဝင်တဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စမှာ စစ်တပ်ဟာ အရေးကြီးပါတယ်၊ ဒါပေမဲ့ ဘယ်လိုဘယ်ပုံ ပါရမယ် ဆိုတာကိုတော့ မြန်မာတွေ ကိုယ်တိုင်က ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်၊

မေး၊ ဒီလို အမျိုးသား ရင်ကြားစေ့ရေး ဆိုတာ ဖြစ်မလာဘူးဆိုရင် ခင်ဗျား ဘာကို အစိုးရိမ်ဆုံးပါလဲ၊ မြန်မာနိုင်ငံမှာ အီရတ်လို။ ယူဂိုဆလပ်ဗီးယားတို့လို မင်းမဲ့စရိုက်ဆန်ဆန် အရှုတ်အထွေးတွေ ဖြစ်နိုင်ပါသလား။

ဂမ်ဘာရီ၊ မြန်မာပြည်လို သယံဇာတတွေ ပေါကြွယ်ဝတဲ့ နိုင်ငံတခုဟာ ပဋိပက္ခ ပြဿနာတွေကြောင့် ပြည်တွင်း မငြိမ်မသက်မှုတွေဟာ ပါတ်ဝန်းကျင်ဒေသ တခုလုံး ထိခိုက်ကုန်ရမှာတွေကိုပါပဲ၊

တခုသတိပြုရမှာက နိုင်ငံတွင်းက တိုင်းရင်းသားအဖွဲ့ ၁၇ ဖွဲ့ဟာ အသီးသီး လက်နက် ဆွဲကိုင်နိုင်ကြတယ် ဆိုတာပါဘဲ၊ ၁ရ ဖွဲ့က ငြိမ်းချမ်းရေး စာချုပ် ချုပ်ထားကြပါတယ်၊ ဒါပေမဲ့ ဒါဟာ ပဋိပက္ခတွေ မရှိတော့ဘူးလို့ ဆိုလိုရာ မရောက်ပါဘူး၊ ဒါကြောင့် စစ်တပ်ရယ် ဒေါ်အောင်ဆန်း စုကြည်ရယ် တိုင်းရင်းသား လူမျိုးစု အားလုံး အဖွဲ့စုံပါဝင်တဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စဟာ အရေးကြီးတယ်လို့ ဆိုရခြင်းပါ၊ ကျနော်တို့ ဟာ အီရတ်မှာ ဖြစ်ခဲ့တာတွေကို ဘယ်နိုင်ငံမှာမှ ထပ်ပြီး မဖြစ်စေချင်ပါဘူး၊

မြန်မာဘာသာပြန် အဆုံးသတ်ပါသည်၊
(စင်ကာပူ ဒီမိုကရေစီ အင်အားစု)
ကိုးကားချက်
၁၃-အောက်တိုဘာ -၂၀၀၇ (စင်ကာပူ စထရိတ်တိုင်း သတင်းစာ)

ဆောင်းပါး
တော်လှန်ရေးဟာ နောက်ပြန်မဆုတ်ပါ

ညီညီထွေး
အောက်တိုဘာ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်

နအဖ စစ်သွေးကြွ အုပ်စုရဲ့ အဆုံးမဲ့ ရက်စက်ယုတ်မာ လူမဆန်မှုများအား မျက်ဝါးထင်ထင် တွေ့ မြင်လိုက်ရတဲ့ ယဉ်ကျေးမှု လူ့ကမ္ဘာ့ရွာကြီးဟာ မယုံကြည်နိုင်ခြင်း များစွာနဲ့  ထိတ်လန့်တကြား ဖြစ်ခဲ့ရပါတယ်။ ယဉ်ကျေးမှု အထွန်းကားဆုံး အချိန်၊ လူ့အခွင့်အရေးများကို အသိအမှတ်ပြု အခံရဆုံး နှစ်ဆယ့်တရာစု ကာလနဲ့  လူသားမျိုးနွယ် လောကရဲ့  အသိဉာဏ် အမြင့်ဆုံး ခောတ်ကို လက်တဆုပ်စာသော နအဖ စစ်ဝါဒီများက သူတို့ရဲ့ အသိဉာဏ်မဲ့ မိစ္ဆာ လုပ်ရပ်များကို ဖွင့်ချပြသပြီး ခြိမ်းခြောက် စိန်ခေါ်ပြက်ရယ်ပြု လိုက်ပါတော့တယ်။ ဒါဟာ ပညာလူ့အဖွဲ့အစည်းများဆီ လှမ်းချီနေကြတဲ့ ကမ္ဘာ့လူ့ဘောင်ကို အမိုက်မဲဆုံးသော နအဖ ဗိုလ်ချူပ်များက အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်လိုက်ခြင်းလည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ မေတ္တာတရားတို့ရဲ့ အနှစ်သာရတို့  စုဝေး ကိန်းအောင်းရာ သာသနာ့ နယ်မြေများကို ထင်သလို ဝင်ရောက် ဖျက်ဆီးနေပြီး သွေးရောင် ဖုံးလွှမ်း စွန်းထင်းစေခြင်းဟာ တိရစ္ဆာန်များထက် အောက်တန်းကျတဲ့ လူဒိဋ္ဌိတို့ရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ လုပ်ရပ်များသာ ဖြစ်ပါတယ်။ နှစ်ပေါင်း ထောင်ချီ ထွန်းကားလာခဲ့တဲ့ ဗုဒ္ဓဘာသာကို နအဖ စစ်သွေးကြွများက လုံးဝ ပျက်သုန်းသွားအောင် ထိုးစစ်ဆင်နေခြင်းလည်း ဖြစ်ပါတယ်။

ရာစုတဝက် နီးပါးခန့်  လူစိတ်ကင်းမဲ့တဲ့ စစ်ဝါဒီတို့ရဲ့ တရားလက်လွတ် ထင်ရာစိုင်း သွေးစုပ်ဖိနှိပ် အုပ်ချူပ်မှု အောက်မှာ တိုင်းပြည်လည်းကြေ လူထုလည်း သေလုမြောပါး ဖြစ်နေခဲ့ကြရတာ ကြာခဲ့ပါပြီ။ အခုတော့ မြန်မာပြည်က လူတဦးချင်းစီရဲ့  အသက်ရှင် ရပ်တည်မှုနဲ့ လူထု ကိုးကွယ် တန်ဖိုးထားတဲ့ ဗုဒ္ဓဘာသာတောင် ပျောက်လုနီးနီး ရိုက်ဖြိုခြေဖျက် ခြိမ်းခြောက်ခံ ဘဝများဆီ ဆိုက်ရောက်လာခဲ့ရပါပြီ။

အခုလို နိုင်ငံတခု လူ့ အဖွဲ့အစည်းတခုနဲ့  လူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ် အနာဂတ်များအတွက် အလွန် အရေးကြီးတဲ့ အချိန်ကာလမျိုးမှာ ကျနော်တို့ ရှေ့ ဆက်ပြီး ဘာလုပ်ကြမလဲ၊ ကမ္ဘာ့ရွာ အသိုင်းအဝိုင်းကရော ဘယ်အတိုင်းအတာအထိ ကူညီနိုင်မလဲ၊ ဒါ့အပြင် နအဖ စစ်အုပ်စုကရော တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းကို အလုံးစုံ ပျက်သုန်းသွားအောင် ဘယ်အထိ လုပ်ဆောင် နေနိုင်မလဲ စတဲ့ မေးခွန်းတွေက ကျနော်တို့ရဲ့ ဦးနှောဏ်ထဲကို ဖိတ်ခေါ်စရာ မလိုပဲ တိုးဝင်တိုက်ခတ် မေးမြန်းနေမှာ သေချာနေပါတယ်။

ကယ်သူမဲ့နေတဲ့ လူထုရှေ့က မားမားမတ်မတ် ရပ်ပြီး အသက်ကို ပဓါန မထားပဲ မြင့်မြတ်ငြိမ်းချမ်းသော ဓမ္မတိုက်ပွဲကို ဖော်ဆောင် ဆင်နွဲခဲ့ကြတဲ့ အာဇာနည် သူရဲကောင်း ဘုရားသားတော် ရဟန်း သံဃာများက သွေးအသက်နဲ့ ရင်းပြီး လမ်းကြောင်းခင်း ချပေးခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေးကြီးကို မွန်မြတ်သော စိတ်ဓါတ်များနဲ့  ရဲရင့်စွာ လက်ဆင့်ကမ်း ယူပြီး ပြန်လည် သယ်ဆောင် ချီတက်ခြင်းကသာ တိုင်းပြည်နဲ့  လူဘောင်ကို အနာဂတ်သစ် တခုဆီ အရောက် ပို့ပေးနိုင်မှာပါ။

နောက်ပြီးတော့ ဒီနေ့ ကာလမှာ သွေးစစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို တိတိကျကျ အဓိပ္ပါယ် ဖွင့်ဆိုရရင်တော့ သန်းပေါင်း ငါးဆယ်ကျော်သော မြန်မာလူထု၏ သွေးစည်း ညီညွတ်မှု၊ အမျိုးဘာသာ သာသနာနဲ့  ပြည်ဖျက်မိစ္ဆာ အရိုင်းအစိုင်း လူသတ် စစ်ဝါဒီ နအဖ အုပ်စုကို အပြီးတိုင် အမြစ်ပြတ် ဖြုတ်ချရေးနဲ့  အကြောက်တရား ကင်းပြီး လူ့အခွင့်အရေး ပြည့်ဝတဲ့ ဒီမိုကရက်တစ် ငြိမ်းချမ်းသော လူဘောင်ကို ထူထောင်ရေးတို့ပဲ ဖြစ်တယ်လို့  ပြောရမှာပါ။ ဘယ်အမျိုးသား တရပ်ကိုမှ ကိုယ်စားမပြုတဲ့ လက်တဆုပ်စာ နအဖ စစ်အုပ်စုနဲ့ တွေ့ဆုံ ဆွေးနွေးခြင်းက အမျိုးသား ရင်ကြားစေ့ရေးဆီ ဦးတည်ပြီး မသွားနိုင်သလို တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် တစုံတရာသော ရလဒ်ကောင်းလည်း ထွက်ပေါ်လာလိမ့်မယ်လို့  မထင်မိတာ အမှန်ပါ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို တရားခံရှာ တံဆိပ်ကပ်ထားတဲ့ ကြိုတင် သတ်မှတ်ထားသော စည်းကမ်းချက်တွေနဲ့  တွေ့ဆုံ ဆွေးနွေးမယ်လို့ အသံကောင်း ဟစ်နေပြီး တဘက်မှာ အပြစ်မရှိ အပြစ်ရှာ လူဖမ်းပွဲများ ပြုလုပ်ကာ စစ်ကြောရေး စခန်းတွေမှာ နှိပ်စက် သတ်ဖြတ်နေခြင်းဟာ စစ်အုပ်စုရဲ့  ကလိမ်ကကျစ်ဉာဏ်နဲ့  မင်းသား ခေါင်းဆောင်းထားတဲ့ ဘီလူး မျက်နှာကို ထုတ်ဖော် ပြသနေခြင်း ပါပဲ။ လူမှုစီးပွါးရေးနဲ့ နိုင်ငံရေး ပြဿနာကို အဖြေရှာနိုင်ဖို့ တိုင်းပြည်နဲ့ လူမျိုးအတွက် စက� န့်နဲ့အမျှ အလွန် အရေးကြီးနေတဲ့ အချိန်မှာ တိကျ မှန်ကန်တဲ့ လုပ်ငန်းစဉ်နဲ့  အချိန်ကာလ သတ်မှတ်ချက်တွေ တွေ့ဆုံ ဆွေးနွေးရေး ကမ်းလှမ်းချက်ထဲမှာ မပါခြင်းဟာလည်း စစ်အုပ်စုက အပျော့ဆွဲ အချိန်ဖြုန်းခြင်း ပရိယာယ်ကို ကျင့်သုံးနေကြောင်း ပေါ်လွင်နေပါတယ်။

နိုင်ငံရေးဟာ တိုင်းပြည် တည်ဆောက်ခြင်း အနုပညာတရပ် ဖြစ်ပြီး ဒီ အနုပညာပင်ပျို ရှင်သန် ကြီးထွားလာစေဖို့ အမှားနဲ့ အမှန်ကို ခွဲခြား လက်ခံနိုင်တဲ့ တိုင်းပြည်ရဲ့ သြတ္တပ္ပတရားနဲ့ လူထုရဲ့ ရွေးချယ် ဆုံးဖြတ်မှုကသာ မှန်ကန်စွာ စင်ခံ ပေးနိုင်ပါလိမ့်မယ်။ မတရားမှုကို လုံးဝ လက်မခံတဲ့ လူမှု ကျင့်ဝတ် နီတိ တရားများက တရား မျှတမှုနဲ့ လူ့အဖွဲ့အစည်း ရေရှည် တည်တံ့ရေး အတွက် အခြေခံ အုတ်မြစ်ပါပဲ။ စစ်အုပ်စုကတော့ သေနတ်ကိုင်ပြီး လူသတ်ခြင်း ပညာနဲ့ ယဉ်ပါးနေပြီမို့  နူးညံ့သိမ်မွေ့တဲ့ နိုင်ငံရေး အနုပညာနဲ့  လုံးဝ မအပ်စပ်ပါ။ ပြောင်းလဲလာနိုးနိုးကို စောင့်မျှော်ရင်း အပျက်ပျက်နဲ့ နှာခေါင်း သွေးထွက်ပြီး အဆုံးမှာ လူထုရဲ့ ဆင်းရဲမွဲတေ ငတ်မွတ်ခြင်းကသာ အဖတ်တင် ကျန်ရစ်မယ့် စစ်အုပ်စုရဲ့  နိုင်ငံရေး ပုံပြင်ကို နားထောင်ဖို့  အချိန် မဟုတ်တော့ဘူးလို့  လူတိုင်း ခိုင်ခိုင်မာမာ နားလည် ယုံကြည်ထားကြမယ် ဆိုတာကတော့ သံသယ ဖြစ်စရာ မလိုပါ။ အခုလိုကာလမှာ လူထုနဲ့  တသားတည်း ဖြစ်နေသင့်တဲ့ အတိုက်အခံ နိုင်ငံရေး သမားများ အနေနဲ့လည်း နိုင်ငံရေး မာနကို ခဝါမချပဲ ရှင်းလင်း ပြတ်သားတဲ့ တော်လှန်ရေး အမြင်နဲ့  ခေတ်စနစ် ပြောင်းလဲရေးဆီ ဦးဆောင်သွားခြင်းက တိုင်းပြည်အတွက် အကောင်းဆုံး ထွက်ပေါက်ရှာခြင်းလို့  ထင်မြင် မိပါတယ်။

တိုင်းပြည် တပြည်ရဲ့ လွတ်လပ်ရေးဟာ အဲဒီ တိုင်းပြည်က လူထုရဲ့ လက်ထဲမှာသာ ရှိပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ် အကောင်းအဆိုးဟာလည်း လူထုရဲ့ ဖန်တီး တည်ဆောက်မှု အပေါ်မှာ လုံးဝ မှီတည်နေပြီး အခွင့်အာဏာ အားလုံးကိုလည်း လူထုလက်သို့  အပ်နှံ ရပါလိမ့်မယ်။ လွတ်လပ်ရေးနဲ့  အနာဂတ် ရှာပုံတော် ဖွင့်ခဲ့ကြခြင်း ဖြစ်စဉ်များနဲ့ ကမ္ဘာ့လူ့သမိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ တော်လှန်ရေးတိုင်းဟာ နောက်ပြန် မဆုတ်တတ်ပါ။ လူထုရဲ့ ပါဝင်ဆင်နွဲမှု အင်အား အနည်းအများအပေါ် မူတည်ပြီး အချိန်ကာလ အပိုင်းအခြား အနည်းငယ်လောက်သာ ငြိမ်သက် နေသယောင် ရှိတတ်ပေမယ့် တော်လှန်ရေးလှိုင်းက ဟောင်းနွမ်း ဆွေးမြေ့ခြင်းများကို အပြီးတိုင် တိုက်ဖျက်ပြီး စစ်မှန်တဲ့ အသစ်ရှိရာဆီ တလိမ့်လိမ့် လှမ်းချီသွားစမြဲပါ။

ဆောင်းပါး
ကိုယ်လုပ်စရာရှိတာပဲ လုပ်ကြရအောင်ပါ

အွန်လိုင်း
အောက်တိုဘာ ၁၂ ရက်၊ ၂ဝဝ၇ ခုနှစ်

နအဖ စစ်အာဏာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမယ်လို့ ထုတ်ဖော် ပြောကြားလိုက်တာနဲ့ ပတ်သက်လို့ မဇ္ဈိမ သတင်းဌာနကနေ ကျနော့် အမြင်ကို တင်ပြချင်ပါတယ်။ အမြင် ဆိုတာထက် တကယ့် ပကတိ လက်တွေ့ အခြေအနေတွေကို သိအောင် ပြောချင်တာပါ။

နအဖ အကြမ်းဖက်သမား အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး သန်းရွှေက ကမ္ဘာ့ ကုလသမဂ္ဂကြီး အပါအဝင် မြန်မာပြည်သူတွေ အပေါ် စာနာ ထောက်ထားတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာ ပြည်သူတွေကို လှည့်စားဖို့ ရည်ရွယ်ပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆွေးနွေးမယ်လို့ ကျေညာလိုက်တာ ဖြစ်ပါတယ်။

ကြပ်ပြေး ဗိုလ်ချုပ် တသိုက်နဲ့ အလွန်နီးစပ်တဲ့ အရာရှိကြီး တဦးကတော့ သူတို့ဗိုလ်ချုပ်တွေ တွေ့ဆုံ ဆွေးနွေးရတဲ့ ရည်ရွယ်ချက်တွေကို အခုလို ပြောပြထားပါတယ်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် ထိပ်ပိုင်း ခေါင်းဆောင်တွေထဲမှာ အတိုက်အခံနဲ့ ပြည်သူလူထု အပေါ် ထားရှိတဲ့ သဘောထားက ဘာမှ မပြောင်းလဲဘူးနော်။ အခုလို ဆွေးနွေးမယ်လို့ ခါတော်မှီ ပြောရတာက လုံခြုံရေး ကောင်စီနဲ့ နိုင်ငံတကာ ဖိအားကို ရှောင်ဖို့ပေါ့နော်။ ဒါကတချက်။ နောက်တခုက အတိုက်အခံ အင်အားစုတွေ ပြည်သူလူထုတွေထဲက ပျော့တဲ့ အုပ်စုကို ဖဲ့ထုတ် စည်းရုန်းနိုင်အောင်ရယ်ပေါ့။ အခုက တပ်ထဲမှာရော၊ ဝန်ထမ်းတွေ ထဲမှာရော အခြေအနေက မကောင်းဘူးဆိုတာ သူတို့သိတယ်။ ဒါကိုလည်း ဆွေးနွေးပွဲ လုပ်မယ့် သဘောတရားနဲ့ ထိန်းထားချင်တာ အဲဒါပဲ ခင်ဗျ” လို့ ပြောပြတာပါ။

နောက်ပြီး သူပြောသွားတာကတော့ နအဖ စစ်ဗိုလ်ချုပ်တွေရဲ့ အဓိက ဒေါက်တိုင်တွေကို အသုံးချပြီးတော့ တချို့ကို ပြန်ပေးဆွဲတဲ့ သဘောမျိုး ဖမ်းဆီးထားပြီး တချို့ကို အမြစ်ပြတ်ချေမှုန်း၊ ခေါင်းဆောင်ပိုင်းတွေနဲ့ နိုင်ငံရေး ပါတီတွေ ဒူးထောက် အညံ့ခံလာအောင် လုပ်မယ့် စီမံချက်တွေလည်း ရေးဆွဲထားတယ်လို့ ပြောပါတယ်။

အခုလို ဆွေးနွေးမယ် ဆိုတဲ့ နအဖရဲ့ လေသံကို လိုက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာပြည်သူ တရပ်လုံးက မျက်စိ မလည်သင့်ပါဘူး ခင်ဗျာ။ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြပါ။ မကြာခင် စစ်အာဏာရှင် စနစ်ကြီး တခုလုံး မြန်မာ့မြေပေါ်က ပျောက်ကွယ်သွားရမှာ သေချာပါတယ်။

ဆောင်းပါး
ဥမင်ဆုံးသည့်တိုင်
‘ပြိုပျက်သွားတဲ့ အုတ်နံရံတွေ သမိုင်းမှာ အများကြီးပါ’

အဝေရာ
အောက်တိုဘာလ ၁၁ ရက်၊ ၂၀၀၇ ခုနှစ်။

သံဃာတွေ အစိုးရကို သပိတ်မှောက် ကံဆောင်တော့မယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ ပြန့်နေချိန်မှာ အကိုတော်တဦးက - “အင်း - အာဇာနည်တွေ ထပ်ပေါ်လာဦး တော့မှာပေါ့လေ” လို့ မှတ်ချက် ချပါတယ်၊

အုတ်နံရံကို ခေါင်းနဲ့ မတိုက်သင့်ဘူးလို့ ဆိုလိုတဲ့ အရိပ်အငွေ့လေးကို ခံစားမိလိုက်ပါတယ်၊ နောက်တော့ ကိုယ့်မျက်စေ့ကို ကိုယ်မယုံနိုင်စရာ သံဃာ လှုပ်ရှားမှုကြီးကို မျက်ဝါးထင်ထင် မြင်ရပါတော့တယ်၊ ပြည်သူတွေ ခံစားနေရတဲ့ လူမှုဒုက္ခ ပေါင်းစုံကို မထေမဲ့မြင်ပြုပြီး လောင်စာဆီဈေးတွေကို ရုတ်တရက် မြှင့်တင်လိုက်မှုရဲ့ အကျိုးဆက်ကတော့ သံဃာတွေရဲ့ မေတ္တာပို့ ဆန္ဒပြ ချီတက်ပွဲကြီးပေါ့၊

စစ်အာဏာပိုင်တွေက “ခွေးလှေးခုန်လို့ ဖုန်မထပါဘူး” လို့ အထင်သေးစိတ်နဲ့ စောင့်ကြည့်နေခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာပဲ ရှေ့ကဆော်တဲ့ “သာသနာမောင်း” နောက်ကို ခွပ်ဒေါင်းတွေ။ ပြည်သူတွေ လှိမ့်ဝင် ပူးပေါင်း လာကြတာကို မြန်မာသာမက ကမ္ဘာကပါ လှိုက်လှဲ ဝမ်းသာစိတ်။ ပြီးတော့ စိုးရိမ်စိတ်တွေနဲ့ စောင့်ကြည့် ခဲ့ကြတာပေါ့၊ စိုးရိမ်တဲ့အတိုင်းပဲ စစ်အာဏာကို ဖက်ပြိုင်အံတုရဲတဲ့ သံဃာနဲ့ ပြည်သူတွေကို အာဏာရှင်ရဲ့ စေခိုင်းချက်အရ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ကြေးစား အငှား လူမိုက်တွေက ရက်ရက်စက်စက် တိုက်ခိုက် ဖြိုခွင်းခဲ့ကြတယ်လေ၊ စစ်အစိုးရရဲ့ သတင်းဌာနတွေက ပြည်သူတွေကို မုသားမှိုင်း တိုက်နေချိန်မှာ လမ်းမတွေပေါ်မှာတော့ မျက်ရည်ယိုဗုံး အခိုးအငွေ့တွေ မြူလိုဆိုင်းခဲ့ရတယ်၊ အငြိုးကြီးကြီးနဲ့ ပစ်ခတ် ရိုက်နှက်မှုတွေ အောက်မှာ လက်နက်မဲ့ သံဃာနဲ့ ပြည်သူတွေရဲ့ သွေးတွေမြေမှာ ကျရပြန်ပြီလေ၊ မကြာခင်ကမှ အပြီးသတ်ခဲ့တဲ့ အမျိုးသား ညီလာခံက ပုံဖော်ပေးမယ့်န-အ-ဖ အကြိုက် အနာဂါတ် နိုင်ငံတော်ရဲ့ ပုံရိပ်ကို အမြည်းသဘော မြင်တွေ့ခဲ့ရပါတယ်၊

၁၉၈၈ ခုနှစ်က ဒီမိုကရေစီရေး လှုပ်ရှားခဲ့ချိန်နဲ့ မတူတာကတော့ ဆက်သွယ်ရေး နည်းပညာ တိုးတက်မှု အကူအညီကြောင့် စစ်အစိုးရ ကိုယ်တိုင် အကွက်ချ စီမံထားတဲ့ အကြမ်းဖက်မှုတွေကို မျက်စေ့နဲ့ ကိုယ်တိုင် တွေ့မြင်လိုက်ရတဲ့ ကမ္ဘာ့ပြည်သူတွေနဲ့ နိုင်ငံတကာ အစိုးရ အဖွဲ့တွေက ချက်ချင်း ဆိုသလို တညီတညွတ်တည်း ဆန့်ကျင် ရှုံ့ချခဲ့ကြပါတယ်၊ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူ ဆွေးနွေးပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေး ဖြေရှင်းချက် တစ်ရပ် ရရှိအောင် လုပ်ဆောင်ဖို့ တာဝန်နဲ့ မစ္စတာ ဂမ်ဘာရီကို စေလွှတ်ခဲ့ပါတယ်၊

မစ္စတာ ဂမ်ဘာရီကို မြန်မာပြည်ဝင်ခွင့် မပေးခင်မှာဘဲ ပြည်သူကို ကာကွယ်ပေးရမယ့် တပ်မတော်သားတွေက လမ်းပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို ရန်သူအဖြစ် သတ်မှတ်ပြီး အမြစ်ပြတ် ချေမှုန်းရေး စတင်ခဲ့တယ်၊ လမ်းဘေးဝဲယာက လက်ခုပ်တီး အားပေးသူ။ရေသန့်ဗူး လှူဒါန်းသူ။ ဝန်းရံ ကြည့်ရှုသူတွေ သာမက လမ်းသွား လမ်းလာတွေကိုပါ ဥပဒေမဲ့ သတ်ဖြတ်။ ရိုက်နှက်။ ဖမ်းဆီးပြီး စစ်အာဏာကို ပြည်သူတွေ ဒူးထောက် အညံ့ခံ လာစေမယ့် အကြောက်တရားကို ပြည်သူတွေ ရင်ထဲ ရိုက်သွင်းပေးကြတယ်၊

စစ်အစိုးရရဲ့ အကြမ်းဖက် ချေမှုန်းမှုတွေဟာ ဒီလောက်နဲ့ ရပ်မသွားခဲ့ပါဘူး၊ ပြည်သူတွေနဲ့ ကမ္ဘာရဲ့ မျက်စေ့ရှေ့ လမ်းမတွေပေါ်ကနေ မျက်ကွယ်ဖြစ်တဲ့ ယာယီ အကျဉ်းစခန်းတွေနဲ့ ဘုန်းတော်ကြီးကျောင်း စီးနင်း တိုက်ခိုက်ပွဲတွေမှာ နေ့စဉ် ဆက်လက် ဖြစ်နေဆဲပါ၊ ရိုက်နှက် နှိပ်စက်ခံရတဲ့ ဒဏ်ရာ ဗလပွနဲ့ သင်္ကန်းတွေ စုတ်ပြဲပျက်စီးနေတဲ့ သံဃာ့ အလောင်းတွေကို ဟိုမှာ ဒီမှာ တွေ့မြင်နေရတာက သတ်ဖြတ် နှိပ်စက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေကြောင်း သက်သေတွေပါ၊

နိုင်ငံခြားသား ဂျပန် သတင်းထောက်ကိုတောင် ပစ်ခတ် သတ်ဖြတ်ပြီး သူရဲ့ ကင်မရာကို ခိုးဝှက်ယူရဲတဲ့ စစ်အစိုးရရဲ့ လက်ပါးစေတွေဟာ ပြည်သူတွေနဲ့ ဘုန်းတော်ကြီးတွေ ပိုင်ဆိုင်တဲ့ ငွေကြေးနဲ့ အဖိုးတန် ပစ္စည်းတွေကို ကားကြီး ကားငယ်တွေနဲ့ တိုက်ပြီး လွတ်လွတ်လပ်လပ် လုယက် ယူနေကြပုံကို စစ်အာဏာရှင်ရဲ့ မဟာမိတ် နိုင်ငံကြီးများ တွေ့မြင်စေချင်လှပါတယ်၊ နိုင်ငံတကာက လေးစား နည်းယူနေရတဲ့ မြန်မာပြည်က ထေရဝါဒ သာသနာ့ဝန်ထမ်း ရဟန်းတော်တွေကို အာဏာ မာန်တက်ပြီး သတ်ဖြတ် ရမ်းကားနေတဲ့ စစ်အစိုးရအပေါ် ဒေါသထွက်သူက ထွက်ပြီး သေမင်းတမန် မောင်းပြန် လက်နက်တွေကို အုတ်ခဲပိုင်းနဲ့ တော်လှန်ဖို့ သွေးရူးသွေးတန်း ကြိုးစား လာနိုင်သလိုပဲ တဖက်မှာလည်း သတ်ဖြတ် နှိပ်စက်တာ။ ဖမ်းဆီး အကျဉ်းချတာတွေ သာမက မိမိတို့ပိုင်တဲ့ ပစ္စည်းတွေ လုယက် ယူငင်ခံရတာ။ အသက် မွေးဝမ်းကျောင်း အလုပ်ကို မလုပ်နိုင်အောင် ထမင်းအိုး ရိုက်ခွဲခံရတာ။ နေစရာ မရှိအောင် ကျောင်းတွေ။ အိမ်တွေကနေ မောင်းနှင် ထုတ်ခံရတာတွေကို ကိုယ်တိုင် ခံစားရ။ မြင်တွေ့ ကြားသိရတာကြောင့် အမှန်တရား မြတ်နိုးစိတ်နဲ့ မျိုးချစ်စိတ်တွေကို အကြောက်တရားက ဖုံးလွှမ်းပြီး ဒီတသက်တော့ စစ်ဖိနပ်အောက်မှာ ပြားပြား ဝပ်ပါပြီလို့ အားလျှော့သူတွေလည်း ရှိလာနိုင်ပါတယ်၊ အခိုက်အတန့်မှာတော့ ပြည်သူတွေ ကိုးကွယ်ရာမရ ဖြစ်ရတာ အမှန်ပါပဲ၊

ဒါပေမယ့် ဒီအာဏာရှင် အမှောင်ခေတ်ကြီးကို လက်လျှော့ အရှုံးပေးပြီး “တနေ့တော့ သူ့အလိုလို ကောင်းလာတန်ရဲ့” ဆိုတဲ့ မှားယွင်းတဲ့ မျှော်လင့်ချက်နဲ့ စစ်အစိုးရ စေစားရာကို လိုက်ပါဖို့ သင့်ပါရဲ့လား? နိုင်ငံတော်ကို ကာကွယ်နေပါတယ်။ သာသနာကို ချီးမြှောက် နေပါတယ် ဆိုတဲ့ မင်းသား ခေါင်းဆောင်း ပြုတ်အကျမှာ မြင်တွေ့လိုက်ရတဲ့ စစ်အာဏာရှင်တွေရဲ့ ဘီလူးစွယ်တွေနဲ့ အခုလိုပဲ ကိုက်ဖဲ့ ဝါးမြိုခံရဖို့ နောင်လာနောင်သား မျိုးဆက်သစ်တွေကို ထားရစ်ခဲ့တော့မလား? ဆန်းစစ်ဖို့တော့ လိုပါလိမ့်မယ်၊ အာဏာရှင်တွေဟာ ဆွေမျိုးသားချင်း ကောင်းစားရေးကို အာရုံ စိုက်စမြဲမို့ အများ ပြည်သူတွေရဲ့ စားဝတ်နေရေး တိုးတက်အောင် ဆောင်ရွက် မပေးနိုင်ဘူး ဆိုတာကို မြန်မာပြည်သူတွေ လေးဆယ့် ငါးနှစ်လုံးလုံး တွေ့မြင်ခဲ့ပြီးပါပြီ၊ မြန်မာပြည်မှာ သဘာဝ ဓာတ်ငွေ့တွေ အလျှံပယ် ထွက်လို့ ဒေါ်လာငွေ ဘီလီယံနဲ့ ချီပြီး ဝင်လာခဲ့ပေမယ့် နေပြည်တော် တည်ဆောက်ရေး စတဲ့ မှားယွင်းတဲ့ စီမံ အုပ်ချုပ်မှုတွေကြောင့် သဲထဲရေသွန် ဖြစ်ပြီး ပြည်သူတွေ အတွက် ကိုယ့်နိုင်ငံက ထွက်တဲ့ သဘာဝ ဓာတ်ငွေ့ကို နိုင်ငံတကာ ပေါက်ဈေးလို သုံးစွဲစေဖို့ ဈေးနှုန်း တိုးမြှင့်တာ ခံလိုက်ရတယ် မဟုတ်ပါလား?

(၂) ဥမင်ဆုံးသည့်တိုင် ဆက်လျှောက်ကြပါစို့

ရှစ်လေးလုံး ကာလအတွင်းက ကျောင်းသား ခေါင်းဆောင်တွေဟာ မ-ဆ-လ စစ်အာဏာရှင် ဆိုတဲ့ အုတ်တံတိုင်းကို ကျနော်တို့ ခေါင်းနဲ့ တိုက်ခဲ့လို့ အခု ပြိုလဲသွားပါပြီ လို့ ကြွေးကြော်ခဲ့တယ်၊ “မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် အရိုးတွေ တောင်လိုပုံရမယ် ဆိုရင်တောင် ကျနော်တို့ ကျောင်းသားတွေရဲ့ အရိုးတွေဟာ အောက်ဆုံးမှာ ရှိနေပါစေ့မယ်” လို့ ကတိပေးခဲ့ပါတယ်၊ အခု ၂ဝဝ၇ ခုနှစ်က ကျောင်းသူ ကျောင်းသားတွေကလည်း သံဃာ လှုပ်ရှားမှုကြီးမှာ တာဝန်ကျေကျေနဲ့ အသက် သွေးချွေးတွေကို အနစ်နာခံ ပေးဆပ် ခဲ့ကြပြန်ပါပြီ၊ နှစ်ကာလတွေ ကြာညောင်းသော်လည်း ခွပ်ဒေါင်းသွေးဟာ နီမြဲနီဆဲ ပါလားလို့ ဦးညွတ်မိပါတယ်၊ စစ်အာဏာရှင် လက်အောက်မှာ နေထိုင်ရတာဟာ အမှောင်ဖုံးတဲ့ ဥမင် လိုဏ်ခေါင်းထဲ ရောက်နေရသလိုပါပဲ၊ ဒါပေမယ့် ဒီဥမင် ဆုံးအောင် လျှောက်မှ လွတ်လပ်မှုဆိုတဲ့ အလင်းရောင်ကို ရမှာပါ၊ ဒီလျှောက်လှမ်းရမယ့် အမှောင်ခရီးမှာ ကျဆုံးသွားသူတွေကို ချီးကျူးဂုဏ်ပြု။ ထိခိုက်နာကျင်ရသူတွေကို ဝိုင်းဝန်းဖေးမနဲ့ အဆုံးတဖက်ကို မရောက်မချင်း အားခဲပြီး ဆက်လျှောက် ရပါဦးမယ်၊

အခုဆိုရင် လွတ်မြောက်ရာ လမ်းမှာ ခရီးတထောက်တော့ ရောက်ခဲ့ပါပြီ၊ အစိုးရရဲ့ ဥပဒေ လက်လွတ် ရမ်းကားနေတာတွေကို ဟန့်တားနိုင်ဖို့ ကမ္ဘာက ကြိုးစားနေတာဟာ ဘယ်တုန်းကနဲ့မှ မတူပါဘူး၊ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီ အထူး အစည်းအဝေးမှာ “မြန်မာနိုင်ငံဟာ အရင် အခြေအနေမျိုးကို ပြန်သွာဖို့ မဖြစ်နိုင်တော့ဘူး” ဆိုတဲ့ အချက်ကို အဖွဲ့ဝင် အားလုံးက လက်ခံခဲ့ကြပါပြီ၊

မစ္စတာ ဂမ်ဘာရီကလည်း စစ်အစိုးရဟာ ကမ္ဘာရဲ့ ပြင်းထန်တဲ့ အရေးယူမူကို ရှောင်ရှားနိုင်ဖို့ တွေ့ဆုံ ဆွေးနွေးရေးကို လွတ်မြောက်ရာ လမ်းအဖြစ် ရွေးချယ်ဖို့ သတိပေးခဲ့ပါပြီ။ ဒီတိုးတက်မှုတွေဟာ တချို့ လူတွေအဖို့ မျှော်လင့်ထားတာထက် လျော့နည်းကောင်း လျော့နည်းနေပါလိမ့်မယ်၊ ဒါပေမယ့် ခိုင်မာတဲ့။ ပြန်လည် လျော့ပါးသွားမှာ မဟုတ်တဲ့ လှေကားထစ် အသစ်တွေ ဖြစ်ပါတယ်၊ ဒီတိုးတက်မှုတွေကို ရဖို့ ပြည်တွင်းက သံဃာ လှုပ်ရှားမှုကြီးက ပုခုံးနဲ့ ထမ်းတင် ပေးလိုက်တာပါ၊ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သလိုပဲ “ကိုယ့်ပြည်တွင်းရေးဆိုပြီး လုပ်ချင်တိုင်း လုပ်လို့မရဘူး။ မခံနိုင်တဲ့ တနေ့မှာ ဂျပန်နဲ့ ဂျာမနီကို ကမ္ဘာက ဝိုင်းနှိမ်သလို အနှိမ်ခံရလိမ့်မယ်” ဆိုတဲ့ စစ်အာဏာရှင်တွေအတွက် နီးကပ် လာနေပါပြီလို့ နှိုးဆော် လိုက်ရပါတယ်၊

အောက်တိုဘာ ၂ဝဝ၇

Wednesday, October 10, 2007

ဆောင်းပါး
မြန်မာပြည် နဲ့  စင်ကာပူ က န.အ.ဖ များ

ဆန်းသစ်

အောက်တိုဘာလ ၁၀ ရက်၊ ၂၀၀၇ ခုနှစ်။

လီကွမ်းယူ က ပြောပြီ

ဒီကနေ့  ၁ဝ-စက်တင်ဘာ-၂ဝဝ၇ စင်ကာပူ သတင်းစာတွေမှာ “ထုံပေပေ ဗိုလ်ချုပ်ကြီးများ ကြာကြာ မခံတော့မှာ သေချာတယ်” လို့  လီကွမ်းယူက အမေရိကန် ကာလီဖိုးနီးယား သတင်းစာ ဆရာကြီး ၂ ယောက်ကို ဗြောင်ပဲ ပြောချလိုက်ပါပြီ။ အရင် ရက်များမှာတော့ မြန်မာ့အရေး လှုပ်ရှားမှုတွေကို “သူ့ အစိုးရ နဲ့  သူ နိုင်ငံ” ဒုက္ခ မရောက်ရေးအတွက် ဆင်ခြင် ပြောဆိုနေရာကနေ အခုတော့ ဗြောင် ရှုတ်ချ လိုက်ပါပြီ။ လီကွမ်းယူ ဟာ ဗိုလ်ချုပ်ကြီးများရဲ့ တနပ်စား၊ လဒ်စား ထုံပေပေ မှုများကြောင့် ခံခဲ့ရပေါင်း များပေမဲ့ မြန်မာနိုင်ငံကနေ ဘယ်လို အမြက်ထုတ်ရမလဲ အမြဲ ကြံရွယ်နေသူပါ။ သူကပြောတယ် “ဗိုလ်ချုပ်ကြီး ခင်ညွန့် ကတော့ မဆိုးဖူး၊ သူ့ ကို ဟိုတယ် ခရီးလုပ်ငန်း အကြံပေးတော့ သူက လက်ခံပြီး အကောင်အထည် ဖေါ်နေရင်း၊ ထုံပေ၊ မိုက်ကန်းတဲ့ သဘောထား တင်းမာသူ ဗိုလ်ချုပ်ကြီးမျာက အနိုင်ယူ ဖြုတ်ချ၊ ထောင်သွင်း အကျဉ်းချလိုက်တယ်” လို့  ပြောပါတယ်။

၂ဝဝ၂ ဒီပဲယင်း အရေးအခင်း ပြီးတဲ့ နောက်ပိုင်းမှာ စင်ကာပူလည်း မြန်မာတွေအပေါ် မူဝါဒ ပြောင်းသွားတယ်။ စင်ကာပူကျွန်းမှာ တရုတ်လူမျိုး ကြီးစိုးရေး လူဝါဒကနေ တရုတ်ကုလား၊ မလေး အပြင် ယူရေးရှန်း ဆိုတဲ့ လူမျိုးတမျိုးကို အသစ် တိုးထည့်လိုက်တယ်။ လွှတ်တော် အမတ် တယောက်တောင် အာဏာရ ပါတီက ထည့်ထားပြီ။ သက္ကရာဇ် ၂ဝ၂ဝ မှာ လက်ရှိ လူဦးရေ ၃ သန်းကနေ ၆သန်းအထိ တိုးချဲ့ မယ် တရားဝင် ကြေညာရင်း၊ စင်ကာပူက မြန်မာ လူမျိုးတွေကို အလုပ်ပါမစ်၊ ပီအာ ဆိုတဲ့ အမြဲနေထိုင်ခွင့်တွေ အလွယ်တကူ တိုးချဲ့  ပေးလာတော့၊ မြန်မာပြည်က ဇနီး၊ ယောင်္ကျား၊ သားသမီးတွေကို စင်ကာပူ ခေါ်လာကြတယ်။ နောက်ဆုံးတော့ မြန်မာ လူမျိုးအပါအဝင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာ လူမျိုး တတ်သိ၊ ပညာရှင် လူငယ်၊ လူကြီးများစွာနဲ့  ပိုက်ဆုံ တတ်နိုင်တဲ့ မိဘများရဲ့ သားသမီးများလည်း စင်ကာပူမှာ ကျောင်းတက်သည် ဆိုတဲ့ ဂုဏ်ပုဒ်ကို ယူပြီး အခြေချ နေထိုင်လာတယ်။ အထူးသဖြင့် မြန်မာလူဦးရေ ၂ဝဝ၄ နောက်ပိုင်းမှာ ကြောက်ခမန်းလိလိ တိုးတက်လာတယ်။ ခရီးသွား ဘတ်စ်ကား၊ ရထားပေါ်မှာ လက်ကိုင်ဖုန်းပြောသံ ကြားလိုက်မှ သြော် - သူလဲ မြန်မာပါလား ဆိုတာ ကြုံရတာ များလွန်းနေပါပြီ။ ရှင်းရှင်း ပြောရရင် စင်ကာပူက မြန်မာပြည်တွင်းမှာ ဝင်ပြီး လုပ်ကိုင်စားဖို့  အကြံ မအောင်မြင်တော့၊ ဖေါ်ရွေပြီး၊ အလုပ်ရှင်ကို သိတတ်တဲ့ မြန်မာများကို အလုပ်သမား အဖြစ်နဲ့  အလုပ် လာလုပ်စေတဲ့ သဘောပါပဲ။

ရွှေဝါရောင် တော်လှန်ရေး အစ

မြန်မာပြည်မှာ လောင်စာဆီ ပြဿနာကနေ သံဃာတော်များ ဦးဆောင်တဲ့ ကံဆောင် သပိတ်ကြီး ဖြစ်ပြီး တပတ်ကြာလောက် စစ်အစိုးရက ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ နောက်တော့ ခေါင်းမာတဲ့ စစ်အာဏာပိုင်များပဲ သံဃာ၊ ကျောင်းသား၊ ပြည်သူတွေကို ရက်စက်စွာ ပစ်သတ်၊ ချေမှုန်း ပစ်လိုက်တာ အလွန် ဝမ်းနည်းစရာပဲ။ စင်ကာပူမှာမှာ အိတ်ဆဲစီယာ ဟော်တယ်မှာ အနီရောင်ရှပ် ဝတ်ဆင်ထားတဲ့ ၅ဝဝ လောက်ရှိတဲ့၊ ပရိတ်သတ်ကို ဘုန်းကြီးတပါးက အင်္ဂလိပ်လို ပြောသွားတယ် "I don't want to cry form ... my .. country"...။ တခုခုတော့ လုပ်ကြတော့လို့ ဆိုတာပဲ။ အခုဆို ပြည်တွင်းမှာ ချေမှုန်းခံရတာ ၁ဝ ရက် ကျော်သွားပါပြီ။ ပြည်ပ မြန်မာများနဲ့  ကုလသမဂ္ဂ အပါအဝင်၊ နိုင်ငံကြီးများကအစ စင်ကာပူ နိုင်ငံလေး အဆုံး တရုန်းရုန်း ဖြစ်နေပါတယ်။

တကမ္ဘာလုံးမှာ အရေးကြီး ဖြစ်ရပ် သိပ်မရှိတဲ့ အချိန်နဲ့  ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေချိန် တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည်က ကံဆောင် သံဃာသပိတ်ကြီး ရုတ်တရက် ဖြစ်လာတော့ တအံ့တသြ ဖြစ်ကြရတယ်။ ကမ္ဘာတွင် မကဘူး မြန်မာပြည်သူများ ကိုယ်တိုင်နဲ့  နအဖ စစ်သားအထိ အံ့သြစရာ ဖြစ်ရပ်ပဲ။ ၁၉၈၈ ရှစ်လေးလုံး အရေးအခင်းမှာ ကွန်မြူနစ်ပုံစံ မဆလပါတီ ပြုတ်သွားပြီး၊ အရင်းရှင်ဆန်တဲ့ နအဖ တက်လာတယ်။ နောက် ၁၉၈၉ မှာ တရုတ်နိုင်ငံ အရေးအခင်းကြီး ဖြစ်ပြီး တရုတ် ကွန်မြူနစ် ပါတီက တနိုင်ငံထဲ စနစ်၂ မျိုးနဲ့ ပြောင်းလဲ အုပ်ချုပ်ခဲ့တယ်။ ၁၉၉ဝ မှာတော့ ကမ္ဘာ နျူကလီးယား အင်အားကြီး ရုရှား အင်ပါယာကြီးက ကွန်မြူနစ်စနစ် ပြိုလဲသွားပြီး ဘာလင် တံတိုင်းလဲ ကွယ်ပျောက် သွားခဲ့တာ အံ့သြကုန်နိုင်ဖွယ် ဖြစ်ခဲ့ရပါတယ်။ ဒီတော့ ကွန်မြူနစ်စနစ် စတင် ပြိုလဲတာ မြန်မာပြည်က စခဲ့တယ် ကြံဖန်ပြောလဲ ရပါတယ်။ အခုလည်း ကမ္ဘာမှာ ဘာသာရေး အုံကြွမှု အီရန်နိုင်ငံ ရှားဘုရင်ကို ဖြုတ်ချစဉ် ဖြစ်ခဲ့သလိုပါပဲ။ သင်္ကန်းရောင် တော်လှန်ရေးဟာ အရောင်နဲ့  ကြည့်ရတာကိုက တော်တော်လှပခဲ့တယ်။ ကမ္ဘာပြည်သားများက သံဃာတော်တွေကို ပစ်သတ်မယ် မထင်ဘူး၊ အထူးသဖြင့် စင်ကာပူ နိုင်ငံသားတွေက လုံးဝကို မထင်ကြဘူး။ မြန်မာတွေက “စစ်တပ်က တကယ် ပစ်သတ်လိမ့်မယ် ကြည့်နေ” လို့  ပြောတာတောင် စင်ကာပူ နိုင်ငံသားတွေက မဖြစ်နိုင်ဘူးပဲ ပြောကြတယ်။ ဝမ်းနည်းဖွယ်ရာ သင်္ကန်းတွေ သွေးလွှမ်းခဲ့ရတယ်။ သတင်းထောက်ဆိုရင် ကမ္ဘာ့ စစ်တပ်တွေမှာ သူတို့ အသက်ကိုတောင် စစ်တပ်တွေက အထူး ကာကွယ် ပေးရမှာကို ဂျပန် သတင်းထောက် ခမျာ အနီးကပ် ရက်စက်စွာ သိသိရက်နဲ့  ပစ်သတ်ပစ်တာလဲ ကမ္ဘာက အံ့သြ အောချရတယ်။

အရှေ့တောင်အာရှ မြန်မာများ

ကျနော်က စင်ကာပူဆိုတဲ့ ကျွန်းနိုင်ငံ သေးသေးလေးမှာ ရှိုးဂျော့ ဆိုတဲ့ အလုပ် လာလုပ်တဲ့လူပါ။ ရှင်းရှင်း ပြောရရင် စီးပွားရေး ဒုက္ခသည်လို့ ဆိုနိုင်ပါတယ်။ မိသားစုပါ စင်ကာပူမှာ ခေါ်ထားနိုင်တော့ တော်တော် ကုသိုလ်ကံ ကောင်းတဲ့လူပါ။ မလေးရှားရောက် မြန်မာများကို ကြွက်လို့ ခေါ်တဲ့ မလေးရှား ရဲတွေက လိုက်ဖမ်း၊ ငွေညှစ်တာတွေ ကြည့်ပြီး စိတ်မကောင်းဘူး။ ထိုင်းမှာတော့ ပိုဆိုးသေးတယ်။ မြန်မာဖမ်းပြီး ငွေတောင်းတဲ့ လုပ်ငန်းကို ထိုင်းအစိုးရက မသိချင် ယောင်ဆောင် ထားတာလည်း ဘာမှ မတတ်နိုင်ပါဘူး။ ပြုသမျှ နုရပေမဲ့ အလုပ်ရရင် ငွေရှာနိုင်တော့ တော်သေးတယ်။ ထိုင်းနယ်စပ် မဲဆောက်က မဲလ ဒုက္ခသည် စခန်းမှာ ဒုက္ခသည် ၅ သောင်းရဲ့ ဘဝကို တွေ့ မြင်တော့ ရင်နာရတယ်။ နောက်ဆုံး ကိုယ့်ဆွေမျိုးတွေရှိတဲ့ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တွေက ပြည်သွားလည်ခွင့် ရတော့ ဆံပြုတ်သောက်၊ ပိန်းဥစား၊ ကြမ်းပေ့ဆိုတဲ့ ဆန်တွေကို စားသောက်နေရတဲ့ ပိန်လှီ၊ သေးကွေးလှတဲ့ အဟာရ မပြည့်ဝ ကလေးများ၊ လူငယ်များကို မြင်တွေ့ ရတော့ အရမ်းကို မကျေမနပ် ဖြစ်မိတယ်။ ခက်တာက တီဗီ၊ တံတား၊ လမ်း၊ ဈေးတိုက် အသစ်တွေကို မြင်နေရတဲ့ မြန်မာပြည်သားများကို မင်းတို့ သိပ်ခေတ်နောက်ကျနေတယ် မပြောရက်ဘူး၊ သူတို့ ဖာသာ အစိုးရရဲ့ အလှောင်ပိတ် ဘဝထဲမှာနေပြီး ကျေနပ်လို့ ၊ ရောင့်ရဲ တင်းတိန် ပျော်ပျော်ပါးပါး ဗီဒီယိုကြည့်၊ လ္ဘက်ရည်ဆိုင် စကားဝိုင်နဲ့ တရုတ်လုပ် ဒီဗီဒီ ပြစက်ကို အသုံးပြုနိုင်တာကိုပဲ ဟုတ်လှပြီ ထင်နေရှာတယ်။ နိုင်ငံခြား အကြောင်းတွေလည်း ကိုယ်ကပြောရင် သူတို့ နဲ့  မဆိုင်သလိုပဲ နားထောင်ကြတယ်။

ရုတ်တရက် ရှစ်လေးလုံး ကျောင်းသားတွေ လောင်စာဆီ ကိစ္စ၊ ဆန္ဒပြတော့ ပြည်သူတွေက ကြောက်ရွံတာကြောင့် မဆိုင်သလို နေပေမဲ့၊ သံဃာတော်များ ဦးဆောင်တော့ ပြည်သူတွေ နိုးကြားသွားတာ သိပ်မြန်တယ်။ ပြည်သူတွေ ထင်သလိုပါပဲ၊ ပစ်သတ်၊ ချေမှုန်းခံလိုက်ရတယ်။

စင်ကာပူက မြန်မာများ လှုပ်ရှားမှု

အခုတော့၊ ပြည်ပရောက် မြန်မာများ အလှည့် ရောက်လာပါပြီ။ ကျနော်တို့ ကတော့ စင်ကာပူ နိုင်ငံလေးမှာနေတော့ ဂန္ဒီကြီးဝါဒ အတိုင်းပဲ ကိုယ်မနိုင်တဲ့ မြန်မာပြည်တွင်း ကိစ္စ၊ စစ်ဗိုလ်ချုပ်ကြီးများ၊ ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ်ရုရှား၊ အိန္ဒိယကအစ အာစီယံ နိုင်ငံ ကိစ္စတွေလည်း နားထောင်ယုံက လွဲလို့  ဘာမှ မတတ်နိုင်ပါဘူး။ ကိုယ်တတ်နိုင်တဲ့ ကိစ္စကိုပဲ လုပ်ကြမယ် ဆိုပြီး စင်ကာပူမှာ နီးစပ်ရာ ဒီမိုကရေစီ အဖွဲ့ များ၊ လူမှုရေးအဖွဲ့ များ၊ ပေါ်လီတက်ကနစ်၊ စင်ကာပူ အင်တီယူ၊ အင်ယူအက်စ်၊ အက်စ်အမ်ယူ စတဲ့ တက္ကသိုလ် ကျောင်းသားများ၊ ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းသားဟောင်းများ၊ ဆရာဝန်များ၊ ဘူမိဗေဒ ပညာရှင်များ၊ ဆေးရုံ၊ ဆောက်လုပ်ရေး၊ သင်္ဘောကျင်း အလုပ်သမားများ စသဖြင့် နီးစပ်ရာတွေနဲ့  အမျိုးမျိုး လှုပ်ရှားကြပါတယ်။ စတင် လှုပ်ရှားတဲ့ အဖွဲ့ တွေမှာ နိုင်ငံရေး နိုးကြားသူများရဲ့ အိုးဝေ (စင်ကာပူ) အဖွဲ့ ရှေ့ ဆုံးကပဲ။ တိုပါးရိုး ဘုန်းကြီးကျောင်းမှာ စက်တင်ဘာ-၃ဝ ရက် တနင်္ဂနွေမှာ လူစုပြီး၊ ဘားမားအက်ရှင် (စင်ကာပူ)၊ လမ်းပြကြယ် စာကြည့်တိုက်တွေနဲ့ ပေါင်းပြီး သံဃာ ထောက်ပံ့ရေး ကော်မတီကို ဖွဲ့ စည်းတယ်။ ပင်နီစူလာ ပလာဇာက လမ်းပြကြယ် မြန်မာ စာကြည့်တိုက်မှာ အလှူငွေ ကောက်တော့ ၃ ရက်အတွင်း စင်ကာပူဒေါ်လာ ၃ သောင်းလောက် ရရှိသွားတယ်။ အဲဒီ အချိန်မှာ စင်ကာပူရဲက နည်းမျိုးစုံနဲ့  တိုက်ခိုက်လာလို့  ငွေကောက်ခံမှုကို ရပ်လိုက်ရတယ်။ ငွေတွေတော့ မြန်မာပြည်က သံဃာ၊ အဖွဲ့ တွေကို အမြန်ဆုံး ပို့ပေးပြီးပါပြီ။ နောက်ပိုင်း တကမ္ဘာလုံးက အင်တိုက်အားတိုက် မြန်မာ စစ်အစိုးရကို အပြင်းအထန်၊ တိုက်ခိုက်တဲ့အပြင် စင်ကာပူ နိုင်ငံသားများရဲ့ မြန်မာ့ ဒီမိုကရေစီရေးကို အားပေးမှုတွေကြောင့် စင်ကာပူဟာ မြန်မာ စစ်အစိုးရကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့  အထူး တောင်းဆို လာရတယ်။ မစ္စတာ ဂမ်ဘာရီလည်း စင်ကာပူက တဆင့် မြန်မာပြည်ကို သွားခဲ့ပါတယ်။

ကုလသမဂ္ဂမှာလည်း မြန်မာနိုင်ငံကို ပြင်းထန်စွာ စီးပွားရေး၊ ပိတ်ဆို့ အရေးယူဖို့  အမေရိကန်၊ အင်္ဂလိပ်၊ အနောက်နိုင်ငံများက လုံခြုံရေး ကောင်စီ အထူး စည်းဝေး လုပ်ခဲ့ရာမှာ တရုတ်က ကန့်ကွက်တယ်။ ရုရှားကလည်း ထို့ အတူပဲ၊ ဆရာကြီး ၂ နိုင်ငံ ရှေ့က သွားပြီးမှာ ဆရာလေး စင်ကာပူကလည်း ပိတ်ဆို့ လိုက်နည်းကို မသုံးဖို့  ပြောလာတယ်။ မြန်မာနိုင်ငံကို မြေပေါ်ကျနေတဲ့ အမဲသားတုံး တခုလိုပဲ၊ ဝိုင်းလု ဖဲ့စားဖို့  ကြိုးစားနေကြတာ စိတ်ဝင်စားစရာပါ။ ဓါတ်ငွေ့ လည်း တနှစ်ကို ဒေါ်လာ ၂ ဘီလျှံ ဘိုးလောက် ရောင်းနေရတော့ ထိုင်းနိုင်ငံကလည်း အမေရိကန် ရေနံ ကုမ္ပဏီကြီးတွေနဲ့ ပေါင်းစား၊ တရုတ် အိန္ဒိယတွေကလည်း ရသရွေ့ ယူချင်နေတဲ့ အပြင်၊ ဘင်္ဂလား ပင်လယ်အော်ကနေ အိန္ဒိယ သမုဒ္ဒရာကို ထွက်ပေါက် စစ်မဟာဗြူဟာ အရေးကိုလည်း တရုတ်က လိုချင်နေတဲ့ ကိစ္စတွေနဲ့  ရှုပ်ရှက်ခပ်နေပါတယ်။ ဒီအရေးတွေမှာ စင်ကာပူ နိုင်ငံကလေးကလည်း ပွဲစားနိုင်ငံ ပီပီ စေတနာနဲ့  ကူသလိုလို၊ အမြတ်ထုတ်နေတာပါ။

စင်ကာပူက မြန်မာသံရုံးရှေ့  ဆန္ဒပြခြင်းကို မနှိမ်နင်းပဲ လွှတ်ပေးထားခြင်း၊ မြန်မာ့ အရေး ဆွေးနွေးပွဲ အိတ်စစ်စီယာ ဟော်တယ် လူ ၄ဝဝ ဆန့်  အခန်းကို ခွင့်ပြုခြင်းတွေဟာ စင်ကာပူ နိုင်ငံမှာ အနှစ်၂ဝ လောက် နေခဲ့တဲ့အတွင်း ဘယ်နိုင်ငံ အရေးအခင်းမှာမှ မတွေ့ခဲ့ရပါဘူး။ စင်ကာပူရောက် မြန်မာများ ဆူပူ အုံကြွလာရင် အတိုက်အခံ ပါတီ၊ အထူးသဖြင့် - အက်ဒီပီ က ဒေါက်တာ ချီ အုပ်စု အမြတ်ထုတ်သွားပြီး၊ စင်ကာပူ နိုင်ငံရေး အခက်အခဲ ဖြစ်လာမှာကိုလည်း ကာကွယ် ရပါသေးတယ်။ စင်ကာပူ ဒေါက်တာချီက စင်ကာပူ လီကွမ်းယူ အစိုးရက ရောင်းချတဲ့ လက်နက် စက်ရုံတွေက ထုတ်တဲ့ ကျည်ဆံတွေနဲ့  မြန်မာ သံဃာ၊ ပြည်သူများကို ပစ်သတ် ခံရပါတယ် ပြောတော့ စင်ကာပူ အစိုးရ တော်တော် အထိနာပုံ ရပါတယ်။ ဒီဆောင်းပါး ရေးစဉ်မှာပဲ ဒေါက်တာချီတို့  အဖွဲ့ စင်ကာပူ သမ္မတ နေအိမ်ထိ ၂၄ နာရီ ဆန္ဒပြတော့မယ် လုပ်လာလို့  အရေး ယူလိုက်ရတယ်။ လီကွမ်းယူ ကလည်း တက္ကသိုလ် ကျောင်းသားတွေကို မြန်မာ့အရေးကိစ္စ သွားပြောတယ်။ အရှေ့တောင်အာရှမှာ တိုင်းဗုံးလိုပဲလို့ ၊ ပေါ့ပေါ့ မထားဖို့ ပြောသလို၊ လီကွမ်းယူရဲ့ သားဖြစ်သူ ဝန်ကြီးချုပ် လီရှန်လုန်းကလည်း မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေကို ဆေးကုသခွင့်ပေးတာ လူလူခြင်း၊ ညှာတာ ထောက်ထားမှုကြောင့်ပါ။ စင်ကာပူက ငွေမဲတွေ ခဝါချ လက်ခံထားခြင်း မလုပ်ပါဘူး လို့  သတင်းစာ ရှင်းလင်း ပြောရတယ်။ ဘယ်လောက် ရှင်းပေမဲ့လည်း ဗိုလ်ချုပ်တွေရဲ့ မိသားစု၊ ဆွေမျိုးတွေ စင်ကာပူမှာပဲ ဆေးကု၊ အိမ်အကောင်းစားတွေဝယ်၊ စိန်ရွှေ ရတနာတွေဝယ်၊ သားသမီး၊ မြေးတွေကို ပညာသင်၊ ကျောင်းထား၊ ကမ္ဘာ့ စတော့၊ စင်ကာပူစတော့ ရှယ်ယာတွေ ဝယ်ပြီး နိဗ္ဗာန်လို နေနေကြတာ ကမ္ဘာက အသိပါပဲ။

လောလောဆယ်တော့ စင်ကာပူ အစိုးရကလည်း မြန်မာတွေ၊ သူ့နိုင်ငံ အတွင်းမှာ သူ့ ဥပဒေဘောင် အတွင်းက လှုပ်ရှားဖို့ကို မသိမသာ အားပေးနေတယ်။ ဥပဒေဘောင် အပြင်ကနေ အမှန်တရားတွေကို ဗြောင်ပြောပြီး တိုက်ခိုက်မဲ့ ဒေါက်တာချီ အဖွဲ့ နဲ့  မြန်မာ လှုပ်ရှားသူများ မပေါင်းမိသွားရေးကို အထူး ကြိုးစားနေရတယ်။ တခြား အင်အားကြီး အတိုက်အခံ အလုပ်သမား ပါတီကလည်း အခြေအနေကို ငြိမ်ငြိမ်လေး ကြည့်နေတော့ အာဏာလက်ရှိ ပီအေပီ ပါတီအတွက် အထူး စိုးရိမ်စရာ ဖြစ်နေတယ်။ ခြေလှမ်းမှားလို့  မဖြစ်ပါဘူး။

ဘာပဲဖြစ်ပါစေ၊ ဗိုလ်ချုပ် စိုးဝင်းလို မြန်မာများ မျက်စိကျစေမဲ့ အန္တရာယ်ထုတ်တွေကို မြန်မာပြည် ပြန်ပို့ ထားပြီးပါပြီ။ ထိပ်တန်း ဗိုလ်ချုပ်ကြီးများရဲ့ သားသမီး၊ ဆွေမျိုးတွေတော့ မြန်မာပြည် ပြန်သွားချင်သွားပေမဲ့၊ ဗိုလ်ချုပ် တော်တော် များများရဲ့ မိသားစုနဲ့  သူတို့ စိးပွားရေး လုပ်ငန်းတွေတော့ စင်ကာပူမှာ ခပ်တည်တည် ရှိနေကြပါတယ်။ အင်တာနက် ဝက်ဆိုက်တွေမှာတော့ စင်ကာပူ ရှင်တန်ဝေး မြို့လည်ခေါင်မှာ နအဖ ဆွေမျိုးတွေရဲ့ စီးပွားရေး၊ ကုမ္မဏီ လိပ်စာများကို ရေးသားပြီး၊ တိုက်ခိုက်ဖို့  တယ်လီဖုန်း၊ လိပ်စာတွေကို တင်ပြ ထားပါတယ်။ မြန်မာ အများစုကတော့ စင်ကာပူက ဗိုလ်ချုပ် ဆွေမျိုးတွေကို မတိုက်ခိုက်သေးပါဘူ။ အကျိုးမရှိဘူး ထင်လို့၊ မကြာခင်မှာပဲ စစ်အစိုးရ ပြုတ်သွားမှာ ယုံကြည်လို့  မတိုက်ခိုက် သေးတာလား မသိပါ။

တရုတ်ရုရှား ပြီးရင် လောလောဆယ် မြန်မာပြည်ရဲ့ မိတ်ဆွေအဖြစ် စစ်အစိုးရကို ခုခံ ကာကွယ် ပြောဆိုနေတဲ့ စင်ကာပူရဲ့ နည်းလမ်းတွေကလည်း စိတ်ဝင်စားဖွယ် ကောင်ပါတယ်။ နောက်ဆုံးတော့ စင်ကာပူက နအဖ အင်အားများ ကျဆုံးသွားရင် မြန်မာပြည် နအဖ တွေလည်း သေချာပေါက် ကျဆုံးမှာ ဖြစ်ကြောင်း ပေါ်လွင် နေပါတယ်။ စင်ကာပူက မြန်မာများ ကိုယ်နဲ့  ဆိုင်ရာ အဖွဲ့အစည်းတွေက တဆင့် ညီညွတ်စွာ ဝိုင်ဝန်း လှုပ်ရှားကြတဲ့ အတွက် ဝမ်းသာမိကြောင်းပါ။

ဆန်းသစ်