News Article Photo Poem Video Cartoon Music Radio

Monday, April 28, 2008

စင်ကာပူ တနင်္ဂနွေ မဲပေးပွဲ (ဆောင်းပါး)

ဆန်းသစ်
Monday, 28 April 2008 13:40 - မြန်မာစံတော်ချိန်

ဒီမိုကရေစီ အဖွဲ့ အားလုံးပေါင်းပြီး အောချပ်လမ်းမမှာ ရှိသော မြန်မာသံရုံးဆီသို့  မဲသွားပေး၊ ဆန္ဒပြပွဲ စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ခဲ့ကြသည်။ မြန်မာ ရှော့ပင်းစင်တာဟု သတ်မှတ်ထားသော ပင်နီစူလား ပလာဇာတွင် ဘတ်စ်ကား ၅ စီးနှင့်၊ အခြား ထရပ်ကားများ၊ ဗင်ကားများပါ လုပ်အားပေးပြီး မြန်မာများကို ဆန္ဒပြပွဲ လုပ်ဆောင်မည့် မြန်မာသံရုံးထိ ကူလား၊ ခေါက်ပြန် ပို့ပေးခဲ့ကာ ညနေပိုင်းတွင် ခန့်မှန်းခြေ မြန်မာ ၂ဝဝဝ ကျော် အင်္ကျီ အနီများ ဒီမိုကရေစီ ထောက်ခံ၍ တော်တော်များများက ဝတ်ဆင်၍ စုဝေး ရောက်ရှိကြပါသည်။

ရည်ရွယ်ချက်မှာ သံရုံးတွင် ကျင်းပသော ဧပြီ ၂၅ မှ ၂၉ အတွင်း မဲပေးပွဲကို မဲပေးလိုသောကြောင့် ဖြစ်သည်။ သို့သော် သံရုံးအတွင်းသို့  ဝင်ခွင့်မရပါ။ မဲပေးရန်အတွက် မြန်မာများမှာ အခွန်ဆောင်ပြီး စာရွက်တောင်းခြင်း၊ ကျောင်းသားများအတွက် သက်ဆိုင်ရာ ကျောင်းမှ ကျောင်းသားဖြစ်ကြောင်းထောက်ခံစာ တောင်းခြင်၊ အများအားဖြင့် အလုပ်သမားများမှာ မိမိတို့ ပတ်စ်ပို့များကို အလုပ်ရှင်များက သိမ်းဆည်းခြင်း ခံထားရသူများ ဖြစ်သောကြောင့် ပတ်စ်ပို့ ပြရမည်ဆိုသည့် အချက်နှင့်ပင် မကိုက်ညီတော့ပါ။ အားလုံးသော စင်ကာပူရောက် မြန်မာများမှာ စင်ကာပူအစိုးရက ထုတ်ပေးထားသော အိုင်ဒီ (မှတ်ပုံတင်) ကဒ်ပြားများ ရှိကြသည်။ ကဒ်ပြား ပြခြင်းဖြင့်လည်း မဲပေးခွင့် မရပါ။ သူတို့ထံ ကြိုတင် စာရင်းပေးထားသော မြန်မာများကိုသာ နာမည်အော်ခေါ်ပြီး မဲပေးစေပါသည်။ အများအားဖြင့် မြန်မာသံရုံးနှင့် အဆင်ပြေသူများမှာ အမှန်ခြစ်မဲကို ပေးကြမည့်သူများ၊ အစိုးရ အလိုတော်ရှိများသာ ဖြစ်နေမည် သေချာပေသည်။ မဲပေးပြီးနောက် ပုံမှန်အရ မဲရုံမှုးက ကြားခံ အဖွဲ့အစည်းများ ရှေ့တွင် ရေတွက်ပေးရမည် ဖြစ်သော်လည်း ပြည်ပရောက် မြန်မာများ၏ မဲရေတွက်မှုအဖြေကို သိရန်ပင် မလွယ်သလို ဖြစ်နေပါသည်။ သူတို့ ကြိုက်သလို ရေတွက်ပါစေ - မြန်မာများ စင်ကာပူတွင် ရွှေဝါရောင် စက်တင်ဘာ တော်လှန်ရေးအပြီး အကြီးကျယ်ဆုံး ဆန္ဒပြမှု ညီညွတ်၊ စည်းကမ်းရှိစွာ ဖြစ်လာခြင်းမှာ အကြီးမားဆုံး ဒီမိုကရေစီ အမြတ် ဖြစ်ပါသည်။


သံရုံးရှေ့တွင် လူများများ ရောက်လာလေလေ၊ စောင့်ကြပ်သော စင်ကာပူရဲများ များလာလေလေ ဖြစ်သည်။ ထောင်ရဲကား ၂ စီးကလည်း ရုန်းရင်းဆန်ခတ် လုပ်သူများကို ထိမ်းသိမ်းရန် စောင့်နေသော်လည်း ဘာမှ မကြားရပါ။ အေးဆေးစွာ ရှိနေကြသည်။ ရဲများက မဲမပေးရသူများ ပြန်ရန်ပြောခြင်း၊ လူမစုရန် ပြောခြင်း ရှိသော်လည်း လူစုလူဝေးကြီးက သည်းခံကာ မဲပေးခွင့် ရလိုရငြား စောင်းခဲ့ကြသည်။ စုစုပေါင်း လာရောက်သော မြန်မာများ ၅ဝဝဝ ခန့် ရှိမည်ဟု မှန်းကြသည်။ သို့သော် နောက်ဆုံး လူစုခွဲချိန်တွင် ၂ဝဝဝ ကျော် ကျန်နေသေးသည်။ စာရင်းပေးပြီး မဲပေးရန် မှတ်ပုံတင်ထားသူများကို အမည်ခေါ်၍ မဲပေးစေသည်ကိုလည်း တွေ့ရပြီး မြန်မာသံရုံးမှ တဦးက ညနေ ၅ နာရီတွင် မဲပေးမှု တနင်္ဂနွေနေ့ အတွက် ပြီးဆုံးသွားကြောင်း၊ နောက် တနင်္လာ၊ အင်္ဂါ (၂) ရက် ကျန်သေး၍ ထပ်မံ ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း ပြောပါသည်။ မြန်မာ လူအုပ်ကြီးလည်း ပြန်ရုံသာ ရှိပါသည်။

စေတနာရှင်များက ရေ၊ စတုဒီသာများ ကျွေးမွေးမှု ရှိသော်လည်း လူအုပ် များလှသောကြောင့် မလောက်နိုင်ပါ။ နေကလည်း တော်တော် ပူသောကြောင့် ရေ၊ စတုဒီသာ ဝယ်ကျွေးမွေးရန် အလှူ လိုက်လံကောက်ရာ ပရိတ်သတ်များထံမှ ရရှိငွေ ဒေါ်လာ ထောင်ချီ ရပါသည်။ အနီးအနားမှ ရေ၊ ဖျော်ရည်၊ ပန်းသီးများ ဝယ်ယူ ကျွေးမွေးခြင်းဖြင့် ပရိတ်သတ်များကို ကျေနပ်စေခဲ့ပါသည်။ အမှိုက်ရှင်းသော လူငယ်များကလည်း အမှိုက် တစက်မကျန်အောင် စည်းကမ်းမဲ့သည်ဟု အပြောမခံရရေးအတွက် ကြိုးပမ်း လုပ်အားပေးသွားခဲ့ကြသည်။

ညနေ ၅ နာရီမှာ စောသေးသောကြောင့် မြန်မာများစုရပ် ပင်နီစူလား ပလာဇာသို့  အုပ်စုလိုက် ပြန်ရန် ဖြစ်သည်။ မပြန်ခင် ကမ္ဘာမကြေ အမျိုးသားသီချင်းကို စုပေါင်းသီဆိုရန် အားလုံးက သဘောတူညီသောကြောင့် လူအုပ်ဖြင့် သီဆိုသံမှာ ကြားသူ၊ ဆိုသူ အားလုံး ကြက်သီးထဖွယ်ရာ မျိုးချစ်စိတ် တက်ကြွစေပါသည်။ ပြီးမှ စီတန်း လမ်းလျောက်ပြန်သွားသူများ၏ အင်္ကျီအနီ၊ ဒီမိုကရေစီ တံဆိပ်များမှာ ဆန္ဒပြသကဲ့သို့ ဖြစ်ပါသည်။ ထိုလူတန်းသည် နာရီဝက်ခန့် ပင်နီစူလား ပလာဇာအထိ လမ်းဆက်လျှောက် သွားခဲ့ကြရပါသည်။

အဓိက ထိုဆန္ဒပြပွဲ နှင့် မဲပေးပွဲကို မနားမနေ၊ စည်းရုံးပေးခဲ့သော အိုဗာဆီး ဗားမိစ် အဖွဲ့  (အိုဘီပီ) စည်းရုံးရေးမှူးများဖြစ်သော ကိုကျော်စိုး၊ ကိုကျော်ဝင်းတို့ကို စင်ကာပူရဲမှ ခေါ်ယူ မေးမြန်းခဲ့ပါသည်။

စင်ကာပူတွင် ဆန္ဒပြမှု လုပ်ခွင့်မရှိပါ။ အထူးသဖြင့် သံရုံးရှေ့တွင် နိုင်ငံရေး လူအုပ်နှင့် ဆန္ဒပြခြင်းကို စင်ကာပူ ဥပဒေအရ သူတို့ နိုင်ငံသမိုင်း နှစ် ၄ဝ ကျော်တွင် ဘယ်သံရုံးမှ မဖြစ်ခဲ့ပါ။ နိုင်ငံရေး ချီတက် လမ်းလျှောက် ဆန္ဒပြခြင်းလည်း ဘယ်လူမျိုးမှ လုပ်ခွင့် မရသော်လည်း စင်္ကာပူရောက် မြန်မာများက ရဲ့ဝံ့စွာ လုပ်ဆောင်နိုင်ခဲ့သည်။

မြန်မာ့အရေး လှုပ်ရှားသူများကိုလည်း အလုပ်သမားဝန်ကြီးဌာနမှ အလုပ်ဗီဇာ ရုပ်သိမ်းနိုင်သည် ကြေငြာခဲ့ကြောင်း ပြောကြသော်လည်း သတင်း အတိအကျ မရသေးပါ။ နိုင်ငံရေး လှုပ်ရှားသူများကို စင်ကာပူတွင် နေထိုင်ခွင့် ဗီဇာ ရုပ်သိမ်းလေ့ရှိသည့် နိုင်ငံဖြစ်ပြီး - ယခင်ကလည်း သူတို့ နိုင်ငံလုံခြုံရေးကို အနှောက်အယှက်ပေးသည့် ဥပဒေဖြင့် နေထိုင်ခွင့် ဗီဇာ ရုပ်သိမ်းလေ့ ရှိသည်။ ယခုကိစ္စတွင် ထိုသို့ မဖြစ်ရန် မြန်မာများ စည်းကမ်းတကျ ဆန္ဒပြခဲ့ကြသည်။ စင်ကာပူနိုင်ငံသည် သေးငယ်သောကြောင့် လူစုဝေး၊ ဆန္ဒပြမှုကို စင်ကာပူ အတိုက်အခံပါတီကသာ ပါမစ်များယူပြီးမှ လုပ်လေ့ ရှိပါသည်။ မြန်မာများ ခွင့်ပြုချက် ပါမစ်ယူရန် ကြိုးစားခဲ့သော်လည်း မပေးခဲ့သောကြောင့် ဖြစ်သည့်နည်းနှင့် စည်းကမ်းရှိစွာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

Monday, April 14, 2008

မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈) အပေါ် သုံးသပ်ချက်

စောကပီ
Saturday, 12 April 2008 00:00 - မြန်မာစံတော်ချိန်
ပြည်ထောင်စုစနစ် အစစ်အမှန်လား၊ ဒါမှမဟုတ် တပ်မတော် ကြိုးကိုင် တပြည်ထောင်စနစ်လား

မြန်မာစစ်အစိုးရက ၎င်းတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုနိုင်ဖို့ အတွက် ပြည်သူ့ဆန္ဒ ခံယူပွဲကို လာမည့် မေလ ၁၀ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ မူကြမ်းကိုတော့ ဧပြီလ ၈ ရက်နေ့ကစပြီး စတင်ဖြန့်ဝေတယ်လို့ သိရပါတယ်။ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်းဟာ အင်တာနက်ပေါ်မှာတော့ အတော့်ကို ပြန့်နှံ့နေခဲ့တာ ရက်အနည်းငယ် ရှိခဲ့ပါပြီ။ ပုံနှိတ်ထုတ်ဝေဖို့ ပေးလိုက်တဲ့ ဌာနဆိုင်ရာ ပုဂ္ဂိုလ်အချို့ကနေတဆင့် ပြန့်ပွားခဲ့တာလို့လဲ ဆိုကြပါတယ်။ ယခု တရားဝင် ထုတ်ပြန်လိုက်ပြီ ဖြစ်တဲ့ ဒီနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို အတိုချုပ် လေ့လာ သုံးသပ်လိုပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်း အခန်း (၁) နိုင်ငံတော် အခြေခံမူများ ဆိုတဲ့အခန်းမှာ "နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်" ဆိုပြီး ပါရှိတာကို တွေ့ရပါတယ်။ ပြီးတော့တခါ "နိုင်ငံတော်ကို ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်း တည်ဆောက်သည်" ဟူ၍ အတိအလင်း ပြဌာန်းထားပါတယ်။ ဒီနေရာမှာ "ပြည်ထောင်စု" (Union) ဆိုတဲ့ နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ လက္ခဏာနဲ့ ပတ်သက်ပြီး အနည်းငယ် အဓိပ္ပါယ်ဖွင့်ဆို ဆွေးနွေးလိုပါတယ်။

"ပြည်ထောင်စု" ဆိုတဲ့ စကားလုံးရဲ့ အရိုးဆုံးနဲ့ အရှင်းဆုံး အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ ပြည်နယ်များ ပေါင်းစုပြီး သဘောတူညီချက် တရပ်ဖြင့် အချုပ်အခြာ အာဏာရှိတဲ့ တိုင်းပြည်တခုအဖြစ် တည်ထောင် ထားတဲ့ တိုင်းပြည်မျိုးပါ။ အဲဒီ ပြည်ထောင်စုနဲ့ ဆန့်ကျင်ဖက် (သို့မဟုတ်) ပြည်ထောင်စုနိုင်ငံတော်ရဲ့ အသွင်လက္ခဏာ မရှိပဲ ဗဟိုအစိုးရ တရပ်ကသာ ကြိုးကိုင်အုပ်ချုပ်တဲ့ စနစ်နဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်မျိုးကိုတော့ တပြည်ထောင်နိုင်ငံလို့ ခေါ်ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် အင်ဒိုနီးရှား နိုင်ငံဟာ "တပြည်ထောင်စနစ်" (Unitary System) နဲ့ တည်ထောင်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် နိုင်ငံထဲမှာရှိတဲ့ နယ်မြေဒေသ (သို့မဟုတ်) ပြည်နယ်တွေဟာ ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှု အောက်မှာသာ ရှိပြီး သူတို့မှာ အုပ်ချုပ်ရေးရာ ကိစ္စရပ်များ၊ တရားဥပဒေပြုရေးရာနဲ့ တရားစီရင်ရေးတွေမှာ ဗဟိုအစိုးရရဲ့ သဘောတူညီမှု၊ ညွှန်ကြားမှုမပါပဲ ဆုံးဖြတ်နိုင်ခွင့် မရှိပါဘူး။

ပြည်ထောင်စု နိုင်ငံရဲ့ အဓိက အင်္ဂါရပ်ကတော့ ဒီပြည်ထောင်စုထဲမှာ ရှိတဲ့ ပြည်နယ် ဒါမှမဟုတ် တိုင်းဒေသတွေဟာ ပြည်ထောင်စု အစိုးရရဲ့ လက်အောက်မှာ တိုက်ရိုက် ထိမ်းချုပ်ခံထားမှုမျိုး မဟုတ်ဘဲ ကိုယ်ပိုင်ပြဌါန်းခွင့် အာဏာဆိုတာ ရှိရပါတယ်။ တနည်းအားဖြင့် ပြောရရင် ပြည်ထောင်စုနိုင်ငံတွေမှာ ပြည်ထောင်စု အစိုးရဟာ ပါဝင်ဖွဲ့ထားတဲ့ ပြည်နယ်များရဲ့ အပေါ်မှာ အချုပ်အခြာအာဏာ အားလုံးမရှိပါဘူး။ နိုင်ငံတော်ရဲ့ အဓိက အချုပ်အခြာ အာဏာခက်မကြီး သုံးခုဖြစ်တဲ့ ဥပဒေပြုရေး အာဏာ (Legislative Power)၊ အုပ်ချုပ်ရေး အာဏာ (Executive Power) နဲ့ တရားစီရင်ရေး အာဏာ (Judiciary Power) တွေဟာ ပြည်နယ်က လူထုက ရွေးကောက် တင်မြှောက်ထားတဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေရဲ့ လက်ထဲမှာလဲ ရှိရပါတယ်။ ပို၍ တိကျအောင် ပြောရရင် ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတွေကြားမှာ အထက်က ပြောခဲ့တဲ့ အာဏာသုံးရပ်ကို ခွဲဝေထားရှိရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရတွေကြား အာဏာ ခွဲဝေအပ်နှင်းမှုအပေါ်မှာ မူတည်ပြီးတော့ ပြည်ထောင်စု နိုင်ငံတော်တွေရဲ့ အမျိုးအစားနဲ့ အဆင့်အတန်းတွေဟာလဲ အမျိုးမျိုး ကွဲပြားကြတာကိုတွေ့နိုင်ပါတယ်။

ယခု မြန်မာစစ်အစိုးရရဲ့ တင်းကြပ်စွာ ထိမ်းချုပ်မှု၊ ပိတ်ပင်မှုတွေ အမျိုးမျိုးနဲ့ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံက ချမှတ်ပေးလိုက်တဲ့ အခြေခံ မူတွေအတိုင်း ရေးဆွဲခဲ့တဲ့ အနာဂတ် မြန်မာနိုင်ငံအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းထဲမှာတော့ "နိုင်ငံတော်၏ အာဏာသုံးရပ်လုံးကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းသည်" ဟူ၍ ပါရှိပါတယ် [အခန်ုး (၁) ပုဒ်မ ၁၁ (ခ)]။ ယေဘူယျအားဖြင့်တော့ ဒါဟာ ပြည်ထောင်စု နိုင်ငံတော်တခုရဲ့ ဖွဲ့စည်းပုံမှာရှိရမဲ့ သဘောလက္ခဏာကို ထည့်သွင်း ပြဌါန်းထားခြင်း ဖြစ်ပါတယ်။

သို့သော် ဒီအခြေခံဥပဒေ မူကြမ်းမှာပါရှိတဲ့ အသေးစိတ် အာဏာခွဲဝေရေး (power sharing) ဆိုင်ရာ ပုဒ်မတွေကို ကြည့်တဲ့ အခါမှာတော့ နိုင်ငံတော် ဗဟိုအစိုးရက နိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာ အများစုကို ရယူထားပြီး၊ အရေးမကြီးလှတဲ့ အာဏာ အစိတ်အပိုင်းများကိုသာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရဲ့ လက်ထဲမှာ ထားတာကို တွေ့ရပါတယ်။

ဥပဒေပြုခွင့် အာဏာ (Legislative Power) ဆိုင်ရာ ပြဌါန်းချက်များကို ကြည့်မယ်ဆိုရင်၊ နိုင်ငံတော်ရဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေးနဲ့ နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အဓိက ကိစ္စရပ်များမှာ ပြည်ထောင်စု လွှတ်တော်က ဥပဒေပြုခွင့် အာဏာ ရရှိမှာ ဖြစ်တယ်။ ဒါ့အပြင် ပြည်ထောင်စု လွှတ်တော်ကသာလျှင် ရဲတပ်ဖွဲ့၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် စသည့် အဆင့်မြင့် ပညာဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စာသင်ကျောင်းများနှင့် သင်တန်းများ၊ စာပေရုပ်ရှင်ဆိုင်ရာ ဥပဒေပြုခွင့် အာဏာများကို ရရှိထားတာ ဖြစ်ပါတယ်။ ပြည်နယ်နှင့်တိုင်း ဒေသကြီး လွှတ်တော်များကတော့ စည်ပင်သာယာရေး၊ အိမ်တွင်း အသေးစား စက်မှုလက်မှုလုပ်ငန်း၊ အပန်းဖြေစခန်း၊ တိရိစ္ဆာန် ဥယျာဉ်အစရှိတဲ့ အရေး သိပ်မပါလှသော ကိစ္စရပ်များတွင်သာ ဥပဒေပြုခွင့် အာဏာရှိတာ ဖြစ်ပါတယ်။ အမည်အားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ခေါ်တွင်ရန် ပြဌါန်းထားသော်လည်း ယခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းပါ ဥပဒေပြုရေးဆိုင်ရာ ပြဌါန်းချက်များအရ ဗဟိုကြိုးကိုင် တပြည်ထောင်နိုင်ငံကိုသာ အသားပေး တည်ဆောက်နေခြင်း ဖြစ်ပါတယ်။

အုပ်ချုပ်ရေးအာဏာ (Executive Power) အပိုင်းကို ကြည့်ပြန်တော့လည်း၊ နိုင်ငံတော်သမ္မတ လုပ်သူကသာ အာဏာအများစုကို ရယူထားပြီး၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများရဲ့ ၀န်ကြီးချုပ်တွေကိုလည်း ရွေးချယ် ခန့်ထားနိုင်တဲ့ အာဏာတွေကို ပေးထားတာ တွေ့ရပါတယ်။ အဲဒီတော့ အုပ်ချုပ်ရေးအပိုင်းမှာ ပြည်ထောင်စု အစိုးရလို့ခေါ်တဲ့ ဗဟို အစိုးရကသာ ပြည်နယ်နဲ့တိုင်း ဒေသကြီးများကို ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးများရဲ့ ၀န်ကြီးချုပ်များ ကနေတဆင့် ဆင့်ကဲ အုပ်ချုပ်မှာ ဖြစ်ပါတယ်။ ဒီတော့ ပြည်နယ်တွေမှာ သူတို့ပြည်နယ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဆိုတာ လုံးဝ မရှိသလောက်ပါ။

ထိုသို့ ခန့်အပ်ရာမှာ (ပုဒ်မ ၂၆၁၊ အပိုဒ် ၈ အရ) နိုင်ငံတော်သမ္မတဟာ ပြည်နယ်လွှတ်တော်၏ သဘောတူညီမှုကို ရယူရန် လိုအပ်သော်လည်း အပိုဒ် (ဃ) မှာတော့ "တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ၀န်ကြီးချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက အမည်စာရင်း တင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ်အား တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ" လို့ ဆိုထားပြန်ပါတယ်။ တနည်းအားဖြင့် ပြောရရင်တော့ ပြည်နယ်လွှတ်တော် အမတ်များထဲမှာ ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူရန် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံမည့်သူ တဦးထက်ပို၍ ရှိနိုင်သော်လည်းပဲ၊ နိုင်ငံတော် သမ္မတသာ စိတ်ကြိုက် ရွေးချယ် ခန့်အပ်နိုင်တာကို တွေ့ရပါတယ်။

အလားတူစွာပင် နိုင်ငံတော်သမတဟာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးများအတွက် တရားသူကြီးချုပ်ကို စိတ်ကြိုက် ရွေးချယ်ခန့်ထားနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်သမတက ပြည်နယ် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းတဲ့အခါမှာ ပြည်နယ် လွှတ်တော် အမတ်အများစုရဲ့ ထောက်ခံမဲကို ရရှိစရာ မလိုဘဲ၊ "သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံကြောင်းကို ပြည်နယ်လွှတ်တော်မှ အထင်အရှား မပြသနိုင်ပါက အမည်စာရင်း ပေးပို့သူများကို ငြင်းပယ်ခွင့် မရှိစေရ" လို့ အတိအလင်း ပြဌါန်းထားပါတယ်။ ဒီတော့ တရားစီရင်ရေး အာဏာ (Judiciary Power) အပိုင်းမှာလဲ နိုင်ငံတော် သမတကသာ အာဏာကို ထိမ်းချုပ်ထားပြီး တိုင်းရင်းသား ပြည်နယ်များရဲ့ တရား စီရင်ရေး ကိစ္စတွေမှာ တိုက်ရိုက် ဩဇာ သက်ရောက်နေနိုင်မှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် အစရှိတဲ့ လွှတ်တော်သုံးရပ်လုံးရဲ့ အမတ်များထဲမှ လေးပုံတပုံဟာလည်း နိုင်ငံတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းပြီး ခန့်အပ်ထားတဲ့ တပ်မတော်သားများ ဖြစ်ရမယ်လို့ ဆိုထားပြန်ပါတယ်။ ဒီတော့ သတ်မှတ်ထားသော နိုင်ငံတော် သမ္မတရဲ့ ရှိရမည့် အရည်အချင်းများအရ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များထဲမှ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရဖို့ သေချာသလောက် ဖြစ်နိုင်ပါတယ်။ အဲဒီလိုပဲ ပြည်နယ် ၀န်ကြီးချုပ်တွေဟာလည်း နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်း ခန့်အပ်နိုင်တာဖြစ်လို့ တပ်မတော်သားများထဲကပဲ ဖြစ်လာဖို့ များပါတယ်။

အတိုချုပ်ပြီး ပြောရရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဟာ တပ်မတော် ကြိုးကိုင်ဗဟိုအစိုးရဲ့ လုံးဝ လက်အောက်ခံသဖွယ် ဖြစ်ပြီး၊ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြု အာဏာနဲ့ တရားစီရင်ရေး အာဏာ အားလုံးတို့မှာ နိုင်ငံတော် သမ္မတရဲ့ တိုက်ရိုက်ကြိုးကိုင်မှုကို ခံရမှာ ဖြစ်တယ်။ ဒီတော့ တိုင်းရင်းသား လူမျိုးစုများရဲ့ ကိုယ်ပိုင် ပြဌါန်းခွင့် ဆိုတာဟာလဲ အနှစ်သာရအားဖြင့် လုံးဝမရှိနိုင်ဘူးလို့ ဆိုရမှာ ဖြစ်တယ်။ တနည်းအားဖြင့်တော့ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစုများ လိုလားတဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် ပြဌါန်းခွင့်ရှိတဲ့ ပြည်ထောင်စုမျိုးကို ဒီဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းက လုံးဝ ဆန့်ကျင် မျက်ကွယ်ပြုထားတာ ဖြစ်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

Tuesday, April 8, 2008

ကန့်ကွက်မဲ ပေးကြရုံမှတပါး အခြား မရှိပြီ

ကျော်လင်းဦး
Thursday, 03 April 2008 11:30 - မြန်မာစံတော်ချိန်

မြန်မာနိုင်ငံရဲ့ အကြီးဆုံး နိုင်ငံရေးပါတီတခု ဖြစ်ပြီး ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့အနိုင် ရထားတဲ့ NLD ပါတီက ပြည်သူလူထုကို လာမယ့် မေလ ပြည်သူ့ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲ ထည့်ကြဖို့ ဆော်သြလိုက်ပါတယ်။ ဒါဟာ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က အဓိကကျလှတဲ့ နိုင်ငံရေးဇာတ်ကောင်ရဲ့ သဘောထားဖြစ်လို့ အင်မတန်မှ အရေးပါလှပါတယ်။ ဒါနဲ့တပြိုက်နက်တဲ့ လာမယ့် ပြည်သူ့ဆန္ဒခံယူပွဲမှာ ကန့်ကွက် မဲပေးရေးနဲ့ သပိတ်မှောက်ရေးကြား ကွဲလွဲနေတဲ့ ကွဲလွဲချက်တွေကိုလဲ တခါတည်း ချုပ်ငြိမ်းသွားစေပါတယ်။ ဒါကြောင့် ပြည်သူလူထုက NLD ရဲ့လမ်းညွှန်ချက်အတိုင်း တစ်ခဲနက် ကန့်ကွက်မဲ ပေးကြဖို့သာ ရှိပါတော့တယ်။

နအဖ စစ်အစိုးရဟာ ဖေဖေါ်ဝါရီလအတွင်းက မေလ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲကို ကျင်းပမယ်လို့ ကြေငြာပြီးကတည်းက ပြည်တွင်းပြည်ပက နိုင်ငံရေး လှုပ်ရှားသူတွေကြားမှာ ကန့်ကွက်မဲပေးရေးနဲ့ သပိတ်မှောက်ရေးကြား ကွဲလွဲ ငြင်းခုံမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သေချာ ပြန်ကြည့်မယ်ဆိုယင် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်အများစုက ကန့်ကွက်မဲပေးရေးကို အဓိက အာရုံစိုက်ပြောနေတာ ဖြစ်ပြီး အနည်းစုကသာ သပိတ်မှောက်ရေးကိစ္စကို ဆွေးနွေး တင်ပြတာ ဖြစ်ပါတယ်။ တကယ်တမ်း ဒီနှစ်ခုကို သေချာ ယှဉ်ကြည့်လိုက်ရင်လည်း ကန့်ကွက်ပေးရေးသာလျှင် လက်တွေ့အကျဆုံး လုပ်ငန်းစဉ် ဖြစ်ပြီး နအဖကို အဓိက အထိနာစေမယ့် နည်းဗျူဟာ ဖြစ်တယ်ဆိုတာကို တွေ့ရမှာပါ။

သပိတ်မှောက် လိုသူများဘက်ကတော့ နအဖရဲ့တရားမ၀င်မှု၊ အခြေခံဥပဒေရေးဆွဲတဲ့ အမျိုးသားညီလာခံရဲ့တရားမ၀င်မှုနဲ့ နောက်ဆုံး အခြေခံဥပဒေ ကိုယ်၌က ပြည်သူ့ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍ မပါမှုတွေကြောင့် သပိတ်မှောက်ရေးဘက်ကို ရပ်ခံ တင်ပြလာပါတယ်။ ဒါပေမယ့်လည်း လက်တွေ့ နိုင်ငံရေးနယ်ပယ်မှာတော့ ဒီလို တရားမ၀င်မှုတွေဟာ နအဖကို သိက္ခာချရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး။ ဒါဟာ မူအရ ပြောတယ်ဆိုပေမယ့် စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်ပါတယ်။ နအဖ အတွက် ထိခိုက်တဲ့ ထိုးနှက်ချက် မဖြစ်နိုင်ပါဘူး။ နောက်ထပ်တခါ ပြည်သူလူထုတစ်ရပ်လုံးက ညီညီညာညာနဲ့ သပိတ်မှောက်အခြေအနေ ဟာ လက်တွေ့မှာ အလှမ်းဝေးနေလွန်းပါတယ်။ ဘာလို့လဲဆိုတော့ နအဖ ဘက်တော်သား ကြံ့ဖွတ်နဲ့ စစ်တပ် အ၀န်းအ၀ိုင်းက ထောက်ခံမဲထည့်လိုက်ရုံနဲ့ သပိတ်မှောက်သူတွေနဲ့ ကျန်တဲ့ ပြည်သူလူထုရဲ့ ကံကြမ္မာဟာ ရေစုံမျောရမယ့် ကိန်းရှိနေလို့ပါပဲ။

နအဖဘက်က ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲလမ်းကြောင်းကို တင်ပြလာတဲ့အခါ ဒီလမ်းကြောင်း အတိုင်းလိုက်ပြီး ပြည်သူလူထုက နိုင်ငံရေး သတိရှိရှိနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ငြင်းပယ်တာဟာသာ လက်တွေ့အကျဆုံး နည်းလမ်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နအဖ ရဲ့ ကလိန်ကျမှုနဲ့ ထွက်ပေါ်လာမယ့် ပြည်သူ့ဆန္ဒခံယူပွဲ ရလဒ်အပေါ် ကတိမတည်မှုတွေကိုလည်း ထည့်တွက်ထားရမှာပါ။ ဘာပဲဖြစ်ဖြစ် အခြေခံအကျဆုံးနဲ့ လူထု ဘက်က အသက်သာဆုံး နည်းလမ်းကတော့ ကန့်ကွက်မဲပေးရေးသာ ဖြစ်ပါ တယ်။ ကန့်ကွက်မဲပေးလို့ ရလာမယ့် ပြည်သူလူထုရဲ့ အဆုံးအဖြတ်ဟာသာလျှင် နအဖအတွက်ရော၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းအတွက်ပါ မဖြစ်မနေ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်လာမှာပါ။ ဒီနေ့ နိုင်ငံတကာ အခြေအနေဟာ လွန်ခဲ့တဲ့ ၁၉၉၀ လွန်ကာလတွေနဲ့ မတူတော့တဲ့ အခြေအနေကိုလည်း ထည့် သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုဘက်က ကန့်ကွက်မဲ အရေအတွက် များနိုင်သလောက် များများရလေ၊ စစ်အုပ်စု အတွက်ရော၊ သူတို့ အနာဂတ်နိုင်ငံရေး လုပ်ငန်းစဉ်တွေအတွက်ပါ အကြပ်အတည်း တွေကြုံရမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြည်သူလူထုဘက်က တစ်ခုသတိပြုရမှာကတော့ ကန့်ကွက်မဲပေးလိုက်ရုံနဲ့ တိုင်းပြည် ပြဿနာတွေ တမဟုတ်ချင်း ပြေလည်သွားမှာ မဟုတ်တဲ့အတွက် မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေ အားလုံးပြီးဆုံးသွားပြီလို့ တွက်လို့မရပါဘူး။ ဒါပေမယ့်လည်း ပြည်သူ့ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲကသာ အသာရခဲ့ယင် နအဖ စစ်အုပ်စုကို ထိုးစစ်ကနေ ခံစစ်အနေအထား ကို တွန်းပို့သလို ဖြစ်မှာမို့လို့ ဒါဟာ အရေးကြီးတဲ့အဆင့် ဖြစ်ပါတယ်။ ဒီနောက်မှာ နအဖကို တန်ပြန်ထိုးစစ်တွေ လာပါလိမ့်မယ်။ ဒါကိုလဲ နအဖက သိတဲ့အတွက် ပြည်သူ့ဆန္ဒခံယူပွဲမှာ ဖွဲစည်းပုံ အခြေခံဥပဒေကျရေးကို အသေအလဲ ကြိုးစားနေပါတယ်။ ဒါကြောင့် ဒီမိုကရေစီ အင်းအားစုများကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ မကျရေးကိုသာ ကြိုးစားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် နအဖရဲ့ ပြည့်သူ့ဆန္ဒခံယူပွဲနဲ့ ပတ်သက်ပြီးတော့ သသောထား ကွဲလွဲခဲ့သူတွေအားလုံး လက်တွေ့ကျကျ ပြန်လည်သုံးသတ်ပြီးတော့ NLD ပါတီရဲ့လမ်းညွှန်ချက်အတိုင်း ကန့်ကွက်မဲ ပေးရေးကိုသာ ၀ိုင်းဝန်း လုပ်ဆောင်ကြဖို့ လိုနေပါပြီ။ ကန့်ကွက်မဲ ပေးပြီးနောက်နောက်မှာ ပေါ်ပေါက်လာမယ့် နိုင်ငံရေး အနေအထား တစ်ရပ်မှာလည်း အားလုံး ပူးပေါင်းပါဝင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုပါတယ်။ ဒါမှသာ စစ်အုပ်စုနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ ဒီမိုကရေစီ အင်အားစုတွေဘက်က သာလွန်တဲ့ အနေအထားတစ်ခုကို ရမှာလည်း ဖြစ်ပါတယ်။

Friday, April 4, 2008

အမေရိကန် ဆပ်ပရိုင်း (Sub-prime) ဒေါ်လာဒုက္ခ နှင့် ကမ္ဘာ့စီးပွားရေး ပြဿနာ

ဘိုဘိုကျော်ငြိမ်း
Friday, 04 April 2008 14:00 - မြန်မာစံတော်ချိန်

"အိမ်ဈေးတွေလဲ အတက်ရပ်သွားရော ခုန လူလည်နည်းနဲ့ ချေးထားတဲ့သူတွေရဲ့ ချေးငွေ Loan တွေ ပြဿနာပေါ်တာကို မရှင်းနိုင်ကြတော့ဘူး၊ ဝယ်ကတည်းက မိမိရဲ့ ငွေတပြားမှ ရှေ့မှာ မပေးခဲ့ရတော့ အထူးသဖြင့် Sub-prime လူတွေက Mortage ဖိုး မတတ်နိုင်တော့ အိမ်ပေါ်က ဆင်းသွားပြီး ဘဏ်တွေ လက်ထဲမှာ အိမ်အလွတ်တွေ သောင်တင်ပြီး လစဉ်ဝင်ငွေ မရတော့ဘဲ အရှုံးပေါ် တော့တာပေါ့။ ဒါကြောင့် ရင်းနှီမြုပ်နှံမှု Investment Bank ကြီးတွေဟာ ဘီလျံနဲ့ ချီပြီး ရှုံးတော့ တခြားဘဏ်တွေလဲ ကြောက်ပြီး ငွေချေးတာကို ကြပ်ပစ်ကြတော့ အမေရိကားမှာ Credit Crurch လို့ ခေါ်တဲ့ ငွေချေးရခက်တဲ့ ပြဿနာ ပေါ်လာတယ်။ ငွေချေးရခက်ရင် လုပ်ငန်းတွေ နည်းသွားပြီး Ecomomic Slow Down လို့ခေါ်တဲ့ စီးပွားရေး နှေးကွေးမှု ဖြစ်တယ်။ ကမ္ဘာ့ဘဏ်တွေနဲ့ တကမ္ဘာလုံးရှိတဲ့ ငွေတတ်နိုင်သူတွေလဲ အထိနာကြတာပဲ။ အမေရိကန်မှာ လူ(၃)သန်းလောက် အိမ်တွေကို စွန့်သွားရတယ်လို့ ခန့်မှန်းကြတယ်" ။

ဒီဆောင်းပါးဟာ မြန်မာလူငယ်တွေ ဗဟုသုတတိုးစေဖို့ ရည်ရွယ်တာပါ။ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးမို့ တချို့ကပျင်းစရာလို့ ထင်ကောင်း ထင်နိုင်တယ်။ ဒါပေမဲ့ တိုင်းပြည်ကို ခေတ်မှီတိုးတက်အောင် တည်ဆောက်ချင်တဲ့ စေတနာရှိရင် စီးပွားရေးပညာကို လေ့လာနားလည်ရပါမယ်။ တိုင်းပြည် ဒီမိုကရေစီရရင် ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လက်ရှိ လူငယ်တွေအပေါ် မူတည်မှာပါ။ ဒါကြောင့် စေတနာရင်းမှန်နဲ့ တင်ပြရခြင်း ဖြစ်ပါတယ်။

ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ ယနေ့ခေတ်မှာ အမေရိကန်နိုင်ငံဟာ စီးပွားရေးအရ အကြီးဆုံးနိုင်ငံ ဖြစ်တဲ့အတွက် အမေရိကန်စီးပွားရေး နှာစေး၊ ချောင်းဆိုး၊ အအေးမိရင် ကမ္ဘာမှာရှိတဲ့ ကျန်တဲ့နိုင်ငံတချို့လဲ လေဟပ်ခံ ရပါတော့တယ်။ ဒါကြောင့် မနေ့တနေ့က အမေရိကန်စီးပွားရေးဟာ Recession လို့ခေါ်တဲ့ စီးပွားရေး ကျဆင်းမှု ဖြစ်နေပြီဆိုတဲ့ စိုးရိမ်မှုနဲ့ ဝေါလ်စထရိ Wall Street မှာ စတော့ stock ဈေးတွေ ထိုးကျတာကြောင့် အာရှဈေးကွက်နဲ့ ဥရောပဈေးကွက် မှာလည်း ဈေးတွေ ထိုးကျခဲ့ရပြီး စီးပွားရေး မငြိမ်မသက် ဖြစ်ခဲ့ရပါတယ်။ ထို့အပြင် အမေရိကန်ဒေါ်လာ တန်ဖိုးထိုးကျပြီး ရွှေဈေးနဲ့ ရေနံဈေးတွေ ထိုးတက်ပြီး ကမ္ဘာဘဏ်တွေနဲ့ ကမ္ဘာစီးပွားရေးဈေးကွက် မငြိမ်မသက် ဖြစ်တာကြောင့် အမေရိကန် ဗဟိုဘဏ် Federal Resevese က ဘဏ်အချင်းချင်း ချေးတဲ့အတိုးနှုန်းကို (0.75 basic-point)၊ ဝ.၇၅ အမှတ်အထိ ပုံမှန် အစည်းအဝေးလုပ်တဲ့ ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့မှာ တကြိမ် ထပ်ချပေးခဲ့ရပါတယ်။ထို့နည်းတူဇန်နဝါရီလ (၂၂) ရက် ၂ဝဝ၈ မှာ (0.75basicpoint) အရေးပေါ် ချပေးခဲ့ရပါတယ်။

ယနေ့ အမေရိကန်စီးပွားရေး လောကမှာ ရင်ဆိုင်နေရတဲ့ Sub-prime ပြဿနာဟာ ဘာလဲ? ဘာကြောင့် Sub Prime ပြဿနာ ပေါ်ရတာလဲ? ဘာကြောင့် အမေရိကန် ပြဿနာဟာ ကမ္ဘာစီးပွားရေးကို ထိခိုက် ရိုက်ခတ်ရတာလဲ?ဘာကြောင့် အမေရိကန် ဒေါ်လာတန်ဖိုး ထိုးကျရတာလဲ။ ဒီ ပြဿနာတွေကို ဘယ်လို ဖြေရှင်းမှာလဲ? ဒီပြဿနာဟာ မိမိနဲ့ ဘယ်လိုဆိုင်သလဲ? ဆိုတာတွေကို သိလို့ မေးခွန်းထုတ် လိုသူတွေ ရှိမှာပါ။

အမေရိကန်ရဲ့ Sub-prime ပြဿနာကို မဖြေရှင်းနိုင်ရင် အမေရိကန်ပြည်မှာ စီးပွားရေး ကျဆင်းမှု Recession နဲ့ ရင်ဆိုင်ရပါမယ်။Recession ဆိုတာက စီပွားရေး ကျဆင်းမှု ဖြစ်တဲ့အတွက် အလုပ်ရှိသူတွေ အလုပ်ပြုတ်မယ် အလုပ်ရှာရခက်မယ်။ အမေရိကန်မှာ နေထိုင်တဲ့ သူတွေ ဒုက္ခ တွေ့နိုင်ပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံနဲ့ ထုတ်ကုန်၊ သွင်းကုန် အများဆုံးနိုင်ငံ ဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံရေးအများရဲ့ စီးပွားရေးဟာ အမေရိကန် နိုင်ငံကို တင်ပို့ရတဲ့ ပို့ကုန် အပေါ် မူတည်နေကြတာကြောင့် အမေရိကန်နိုင်ငံဟာ ၄င်းရဲ့ စီးပွားရေး အခက်အခဲကြောင့် သွင်းကုန် ကို လျော့ချခဲ့ရင် နိုင်ငံအများရဲ့ ပို့ကုန်တွေ ထိခိုက်နိုင်တာကြောင့် ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်နိုင်ပါတယ်။

ဒါကြောင့် Sub-prime ပြဿနာဆိုတာ ဘာလဲ? ဘယ်က အရင်းခံတာလဲ? ဆိုတာကို ဆန်းစစ် ကြည့်ရအောင်။

ဒါပေမဲ့ အဦးဆုံး အမေရိကန်နိုင်ငံရဲ့ စီးပွားရေး အခြခံနဲ့ ပကထိအနေအထား လုပ်ထုံးလုပ်ဟန်နဲ့ စီးပွားရေးစနစ်ကို သိဖို့ လိုအပ်ပါတယ်။

စီမံကိန်း စီးပွားရေး ဆိုရှယ်လစ် စီးပွားရေးစနစ်ဆိုးကြောင့် ဆိုဗီယက် ကွန်မြူနစ်နဲ့ ကမ္ဘာ့ကွန်မြူနစ် စနစ်ကြီး မြေမြုပ် သဂြိုလ်ခံရပြီး နောက်ပိုင်းကမ္ဘာကြီးမှာ ဈေးကွက်စီးပွားရေးစနစ်ပဲ ရှင်သန် ကျန်ရစ်ပါတော့တယ်။ သို့သော် ဈေးကွက်စီးပွားရေးစနစ်ကို ဖေါ်ဆောင်ရာမှာ ပုံသဏ္ဍန် model အမျိုးမျိုး ရှိကြပါတယ်၊ အကြမ်းအားဖြင့် အမေရိကန်ပုံစံ ၊ ဥရောပပုံစံ နဲ့ တရုတ်ပုံစံ လို့ နောက်ဆုံး ခွဲခြားနိုင်ပါတယ်။ ဒ်ီပုံစံ အမျိုးမျိုးမှာ အမေရိကန်ပုံစံက ဈေးကွက်ကို (လွှတ်) အပေးဆုံးပဲ။ အစိုးရကဝင်ပြီး မထိန်းချုပ်ဘူး။ စည်းမျဉ်း၊ စည်းကမ်း အနည်းဆုံးလို့ ဆိုနိုင်ပါတယ်။ ဥရောပပုံစံနဲ့ တရုတ်ပုံစံက အစွန်းမရောက်ရအောင် ထိန်းချုပ်မှု ပိုရှိတယ်။ နောက်မှ ဒီပုံစံတွေကို ယှဉ်ပြီး ဆွေးနွေးတင်ပြပါမယ်။

အရင်းရှင်စနစ်ကို အခြေခံတာက လောဘ၊ တွန်းပို့တဲ့ တွန်းအားနဲ့ ပြိုင်ဆိုင်မှုပဲ။ ဘယ်ပစ္စည်းဟာ လူကြိုက်များပြီး ရောင်းရမယ် ဘယ်ပစ္စည်းကိုတော့ လူမကြိုက်၍ မရောင်းရပါ ဆိုတာက ဈေးကွက်က ဆုံးဖြတ်တယ်။ ဒီဈေးကွက်ကို အဆုံးအဖြတ်ပေးတာက စားသုံးသူ ဖြစ်တယ်။ ဈေးကွက်မှာ ဈေး (သို့) တန်ဖိုးကို ဆုံးဖြတ်တာက Supply & Demand လို့ ခေါ်တဲ့ ထုတ်လုပ်နိုင်မှုနဲ့ လိုအပ်မှုတို့ကပဲ ဖြစ်တယ်၊ ဥပမာ - ယနေ့ ကမ္ဘာကြီးမှာ လူဦးရေသန်း ၆ဝဝဝနဲ့ သန်း ၇ဝဝဝ အကြား ရှိပါတယ်။ တကမ္ဘာလုံးအတွက် တနေ့ ရေနံစည် ၈ဝသန်း လိုခဲ့ရင် တနေ့ ၈ဝသန်းကျော်ကျော် ထုတ်နိုင်လို့ ဈေးကွက်မှာ ရေနံတွေ ပေါများနေရင် ရေနံဈေးကျမယ်။ အကယ်၍ လိုတာက (၈ဝ)သန်း၊ ထုတ်နိုင်တာက (ရဝ)သန်းပဲရှိရင် ရေနံဈေးဟာ ထောက်လျောက် တက်နေမှာပါ။ ဒါကြောင့် အရင်းရှင်စနစ်နဲ့ ဘုရားတဆူလို့ ပြောလို့ရတဲ့ အဲဒန်စမစ် က မမြင်ရတဲ့ လက်ဆိုပြီး သုံးနှုန်းသွားပါတယ်။ အရင်းရှင်စနစ်ကို လေ့လာချင်ရင်- Adam Smith ရေးတဲ့ Weath of Nations စာအုပ်ကို ဖတ်သင့်ပါတယ်။

ဒီလို့ ဈေးကွက်ပေါ်မှာ မူတည်ပြီး (လောဘ) ကို အခြေခံတဲ့ စီးပွားရေးစနစ်မှာ တကိုယ်ကောင်းဆန်တဲ့ လူညာတွေ အများအပြား ရှိတတ်ပါတယ်။ ဒါကြောင့် အရင်းရှင် စီးပွားရေးစနစ်ကို ဖေါ်ဆောင်ရင် ခိုင်မာတဲ့ ဥပဒေနဲ့ အစိုးရရဲ့ စောင့်ကြပ်မှု စည်းမျဉ်း ရှိရပါတယ်။ သို့သော်လည်း စည်းမျဉ်း သိပ်တင်းကြပ်ရင် စီးပွားရေးအောင်မြင်မှု ခက်ခဲမှုရှိပြီး သိပ်လျော့လွန်းရင်လည်း အတက်အကျ ပြင်းထန်တတ် ပါတယ်၊ အမေရိကန်တွေရဲ့ အတွေးအခေါ်က အစိုးရက အနည်းဆုံး ကြပ်မတ်ရမယ်။ ဈေးကွက်က တာဝန်ယူပါစေလို့ ယုံကြည်တာကြောင့် ယနေ့ ကမ္ဘာကြီးမှာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ အလွတ်လပ်ဆုံး ဖြစ်သလို အမေရိကန်စီးပွားရေးမှာ Boom & Bust Cycle လို့ ခေါ်တဲ့ စီးပွားရေး တဟုန်ထိုးတက်မှုနဲ့ ပေါက်ကွဲပြုတ်ကျမှုဟာ ဒွန်တွဲ နေတတ်ပါတယ်။ ၁၉၈ဝခုနှစ်များက သမ္မတ ရေဂင် လက်ထက်မှာ Real Estate & Thrift Boom/Bust ၁၉၉ဝခုနှစ်များက Tech (Internet) Boom/Bust ၊ ယ္ခု 2008 မှာ Housing Boom/Bust ၊ အမေရိကန်ပုံစံမှာ စီးပွားရေးတက်ပြီး ပြုတ်ကျမှု ဖြစ်စမြဲပါ။

Boom နဲ့ Bust ဆိုတာ ဘာလဲ?

ဘာကြောင့် Boom နဲ့ Bust ကို မထိန်းကွပ်တာလဲ?

Boom နဲ့ Bust ကိုပြောမယ်ဆိုရင် အမေရိကန်ရဲ့ လက်ရှိ စီးပွားရေးအနေအထားကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။

အမေရိကန်နိုင်ငံဟာ ၂ဝ ရာစု နှစ်လောက်ကတည်းက ခေတ်နဲ့အမှီ တိုးတက်ဖွံ့ဖြိုးပြီးဖြစ်တဲ့ နိုင်ငံအဆင့်ကို ရောက်ခဲ့ပြီမို့ ရာစုနှစ်တခုမျှ ငွေစုဆောင်းပြီးသား ချမ်းသာပြီး နိုင်ငံအဖြစ် တည်ရှိပါတယ်။

အရင်းရှင်စနစ်မှာ ငွေကို သုံးပြီး ငွေရှာရတဲ့ Wealh Creation ဆိုတာ အရေးကြီးပါတယ်။ တနည်းအားဖြင့် ငွေရှိပြီးသူ လူတန်းစား ပိုမိုငွေရရှိ ပိုမို ကြွယ်ဝချမ်းသားဖို့ ငွေရှာနိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ငွေရနိုင်မဲ့ အကွက် (သို့) ဈေးကွက်ကို ဖေါ်ထုတ်ကြပါတယ်။ အဲဒီအကွက် (သို့) ဈေးကွက်တွေ့ရင် ငွေရင်းရှိတဲ့ ငွေရှင်တွေက ငြွှေမှုပ်နှံလုပ်ရင်း ငွေရှာကြပါတယ်။ ဥပမာ ၁၉၈ဝ ခုနှစ်များ သမ္မတ ရောနယ်ရီဂင် လက်ထက်က ဈေးကွက် (၂) နေရာမှာ တဟုန်ထိုးတက်မှု ဖြစ်ပါတယ်။ တခုက ငွေစုငွေချေး ကုမ္ပဏီတွေ၊နောက်တခုက အိမ်ရာ၊မြေ၊ အဆောက်အဦး ဈေးကွက်တွေ ဖြစ်တယ်။ အိမ်ယာ၊ မြေ၊ အဆောက်အဦး ဈေးကွက်မှာ စီးပွားရေးလုပ်ငန်းဆိုင်ရာ မြေအဆောက်အဦး၊ ဆိုလိုတာက မောလ်လိုဈေးဆိုင်တွေ ဖွင့် ၊ အဆောက်အဦး (သို့) ရုံးခန်း တွေဆောက်ပြီး အခန်းငှါးစားတာပေါ့။ ဒီလို အိမ်ရာရော ငှါးစားတဲ့ အဆောက်အဦးတွေ ဈေးတက်တော့ ငွေရှိသူတွေက ရင်းနှီးပြီး အလုအယက် ဝယ်ယူကြတော့ ဈေးထပ်တက်နဲ့ တဟုန်ထိုးတက်တဲ့ Boom ဖြစ်ပါရော။

Boom ဖြစ်တော့ ကုမ္မဏီတွေရော အိမ်ပိုင်ရှင်တွေပါ ချမ်းသာလာတာပေါ့။ ဥပမာ လူတယောက်က ဒေါ်လာ (၂) သိန်းနဲ့ ဝယ်ထားတာ ၆လအကြာ တနှစ်အကြာမှာ ၂ သိန်း ၂ သောင်း ဖြစ်နေပြီဆိုရင် ဒီအိမ်ပိုင်ရှင်က ငွေရေးကြေးရေးအရေ ပိုပြီး ယုံကြည်မှုရှိတော့ ငွေသုံးဖို့ ဝန်မလေး လှတော့ဘူးပေါ့။ ဒီလိုဘဲ ကုမ္မဏီတွေက အမြတ်ငွေပိုရနေရင် အဆောက်အဦး (၁ဝ) ခုက ( ၁၂) ခုထိ တိုးချဲ့မှာပေါ့။ ဒါကြောင့် Boom Time လို့ခေါ်တဲ့ ချမ်းသားမှု တိုးပွားချိန်မှာ ပြည်သူပြည်သားတွေ ငွေရွှင်ပြီး ပိုသုံးဖြုန်းကြတာပေါ့။

ဒီနေရာမှာ ဖြတ်ပြီး အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ထူးခြားမှုအကြောင်း တင်ပြလိုပါတယ်။

အမေရိကန်နိုင်ငံဟာ ချမ်းသားပြီးဖြစ်တဲ့ နိုင်ငံဖြစ်တာကြောင့် သူ့နိုင်ငံရဲ့ စီးပွားရေးရဲ့ (၂/၃)ဟာ စားသုံးသူပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် လူတွေနဲ့ အစိုးရရဲ့စရိုက်က စုဆောင်းမှုထက် သုံးစွဲမှု ကို အားပေးတယ်။ အစိုးရရဲ့ Tax code အခွန်ငွေ စည်းမျဉ်းတွေ ကိုယ်နှိုက်က များများသုံးရင် များများသက်သာခွင့် ရပါတယ်။ အမေရိကန်ပြည်မှာ ထိပ်ဆုံး ၁% သော လူချမ်းသားများက နိုင်ငံရဲ့ ကြွယ်ဝမှု ၃ဝ% ကျော်ကျော်ကို ပိုင်ဆိုင်ပါတယ်။ ဒါပေမဲ့ အများက လူလတ်တန်းစားတွေ ဖြစ်တာကြောင့် တခြားနိုင်ငံသားတွေနဲ့ ယှဉ်ရင် ပိုချောင်လည်တယ်လို့ ပြောလို့ရပါတယ်။ စိတ်မကောင်းစရာက အောက်ဆုံး ၂ဝ ရာခိုင်နှုန်း ဖြစ်ရင်တော့ မချောင်လှပါ။ အစိုးရထောက်ပံ့မှု ရှိပေမယ့် ဥရောပတို့၊ သြစတြေးလျ တို့လို ရက်ရောမှု မရှိပါ။

ဒါကြောင့် အမေရိကန်ပြည်ဟာ အရင်းရှင်းစနစ်စစ်စစ် ဖြစ်တယ်။ ပညာတတ်ရင် ကြိုးစားချင်စိတ် ရှိသူတွေအတွက် ကောင်းပေမယ့် ပညာမဲ့ရင် ကြိုးစားချင်စိတ် နည်းရင်တော့ မချောင်လှပါ။

Boom -Time မှာ လုပ်ငန်းတွေပေါ ကုမ္မဏီနဲ့လူတွေ ဝင်ငွေရွှင်ရင် များများသုံး ဒါကြောင့် အစိုးရက ဝင်မနှောင့်ယှက် မတားဆီးပါ။ ထို့အပြင် အမေရိကန်နိုင်ငံဟာ ဒီမိုကရစီ အခြေခိုင်တဲ့အတွက် နိုင်ငံရေးတည်ငြိမ်မှု ရှိတယ်လို့ ယူဆကြတာကြောင့် တကမ္ဘာ့လုံးက ငွေရှင်ကြေးရှင် တွေ ကလည်း Boom Time မှာအမေရိကန်မှာ မြှုပ်နှံအရင်းပြု လုပ်ကြတာကြောင့် Boom Time ငွေရွှင်ကြပါတယ်။ ဈေးတွေ အဆမတန် တက်ပါရင် တချိန်မှာ ဈေးကွက်က ထိုးချလေ့ ရှိပါတယ်။ ဒါကို Bust လေပူဖေါင်း ပေါက်ကွဲသလို ပေါက်ကွဲကျဆင်းမှု ဖြစ်တယ်လို့ ခေါ်ပါတယ်။ ဒီလို Bust မဖြစ်ခင်တနှစ်၊ နှစ်နှစ်လောက် ကတည်းက စေတနာရှင် ပညာတတ်တွေ အတွေကြုံရှိသူတွေက သတိပေးလေ့ ရှိပါတယ်။ ဥပမာ - ၁၉၉ဝ ခုနှစ်တွေက အင်တာနက်စတော့ မတရားဈေးတက်တော့ သတိပေးသူတွေ အများအပြား ရှိပါတယ်။ အများက လောဘဇောတက်နေတာကြောင့် သတိမမူ မိကြပါ၊ ပိုက်ဆံချမ်းသာသူများကတော့ ကြေးစားတွေကို ငွေပေးခိုင်းတာကြောင့် Bust ဖြစ်တာနဲ့ စတော့တွေ ရောင်းပြီး ငွေပုံမှာ ထိုင်နေလေ့ ရှိပါတယ်။ Bust မှာ ဒုက္ခရောက်လေ့ ရှိတာက အတွေ့အကြုံမရှိတဲ့ လောဘသား အများစု ဖြစ်တယ်။

Bust ဖြစ်ရင်ဘာဖြစ်သလဲ?

Bust ဖြစ်ရင် တနာရီမိုင် (၁ဝဝ) နှုန်းနဲ့ မောင်းနေတဲ့ကားကို ရုတ်တရက် ဘရိတ်အုပ်လိုက်သလို Boom ဖြစ်နေတဲ့ စတော့ဈေးတွေ ထိုးကျပါတယ်။ ဥပမာ - ၁၉၉ဝ ခုနှစ်များအကုန် ၂ဝဝဝခုနှစ် တွေတုန်းက အင်တာနက်စတော့ ဈေးတွေထိုးကျတော့ ကုမ္မဏီတွေ လူတွေ ရှုံးကြတော့ တပြည်လုံးမှာ ယုံကြည်မှု နည်းပြီးတော့ လူတွေက အသုံးရပ်သွားသလို ကုမ္မဏီတွေကလဲ အသုံးရပ်သွားတယ်။ ဒါ့အပြင် လူပိုတွေ လျော့ချရတော့ လူတွေအလုပ်လက်မဲ့ ဖြစ်ကုန်တာပေါ့။ ဘဏ်တွေကလည်း ငွေလွယ်လွယ် မချေးတော့ပါ။ ဒါကို Credit Crunch လို့ ခေါ်ပါတယ်။

Boom Time မှာ တချိန်တိုးတက်ကြွလှုပ်ရှားနေတဲ့ အမေရိကန်စီးပွားရေးဟာ Bust ဖြစ်တာနဲ့ အရှိန်လျော့ Slow Down ဖြစ်သွားတယ်။ ကြမ်းရင်တော့ Recession လို့ ခေါ်ပြီး သိပ်ဆိုးဝါးရင် Depression လို့ ခေါ်ပါတယ်။

ကောင်းပြီ တိုင်းပြည်ရဲ့ စီးပွားရေး ဒုက္ခရောက်ရင် ဘယ်သူက ကယ်နိုင်သလဲ? ဘယ်သူက တာဝန်အရှိဆုံးလဲ?

ဒီနေရာမှာ အမေရိကန်နိုင်ငံရဲ့ ဗဟိုဘဏ် ဆိုတာကို ရှင်းပြဖို့ လိုလာပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဗဟိုဘဏ်ကို ၁၉၁၃ ခုနှစ်မှာ ကွန်ဂရက်က ဥပဒေပြုကာ တည်ထောင်ခဲ့ပါတယ်။ ဒိအပြင် အမေရိကန်နိုင်ငံမှာ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ဗဟိုဘဏ်ဟာ သီးခြားလွတ်လပ်ခွင့် ရှိရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ရာက ယနေ့ အမေရိကန်နိုင်ငံရဲ့  ဗဟိုဘဏ်ဟာ လွတ်လပ်စွာ ရပ်တည်လျက် ရှိပါတယ်။ ဗဟိုဘဏ်ကို အမေရိကန်သမ္မတက သော်လည်းကောင်း၊ ကွန်ကရက်အမတ်တွေက လည်းကောင်း အမိန့်ပေးခွင့် မရှိပါ။ ဒါကြောင့် စီးပွားရေးနဲ့ ပတ်သက်ရင် ဗဟိုဘဏ်ဟာ လွန်စွာ အရေးကြီးတာကြောင့် ဗဟိုဘဏ် ဥက္ကဌဟာ အမေရိကန်နိုင်ငံမှာ အင်မတန် အာဏာကြီးသည်။

ဘာကြောင့်လဲ?

နိုင်ငံတိုင်းမှာ ၄င်းတို့သုံးတဲ့ ငွေကြေး ရှိကြသည်။ အမေရိကန်နိုင်ငံမှာ အမေရိကန် ဒေါ်လာ။ ဂျပန်က ယန်း။ တရုတ်က ယွမ်နဲ့ ဥရောပ ယူရို တို့ ဖြစ်ကြပါတယ်။ ဒီငွေကြေးကို ဗဟိုဘဏ်တွေက တာဝန်ယူ ကြရပါတယ်။ အမေရိကန်နိုင်ငံက ကြီးလွန်းတော့ ဒေသအလိုက် ခွဲထားပါတယ်။ ဆိုင်ရာဒေသမှာ ရှိတဲ့ဘဏ်တွေက အချက်အလက် မှန်သမျှကို ဒေသဗဟိုဘဏ်ဖြစ်တဲ့ Regional Federal Reserve ကို အစီရင် ခံရပါတယ်။ ဒေသဗဟိုဘဏ် ဥက္ကဌတွေပါတဲ့ ဖက်ဒရယ်ဈေးကွက် ကော်မတီ (Federal Open Market Committee) က အစည်းအဝေးထိုင်ပြီး မဲခွဲကာ အမေရိကန်ရဲ့ ငွေကြေးပေါ်လစီ Monetary Policy ကို ချမှတ်ရပါတယ်။

နိုင်ငံတိုင်းမှာ Monetary Policy နဲ့ ဘတ်ဂျတ်အသုံး ပေါ်လစီ Fiscal Policy ဆိုတာရှိပါတယ်။ Monetary policy ကို အမေရိကန်နိုင်ငံမှာ ဗဟိုဘဏ်က လွပ်လွတ်လပ်လပ် ချမှတ်ခွင့် ရှိပြီး Fiscal policy ကို သမ္မတနဲ့ ကွန်ကရက်က ချမှတ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ စီးပွားရေးနဲ့ ၄င်းရဲ့ ငွေကြေး တန်ဖိုးဟာ ၄င်းနိုင်ငံရဲ့ ငွေကြေးပေါ်လစီနဲ့ ဘတ်ဂျတ်အသုံး ပေါ်လစီတို့ပေါ်မှာ မူတည်ပါတယ်။ နိုင်ငံအများရဲ့ ဗဟိုဘဏ်တွေရဲ့ အဓိကတာဝန်က ငွေကြေးဖေါင်းပွမှုကို ထိန်းကွပ်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံဟာ စီးပွားရေးတိုးတက်မှုကို ဦးစားပေးတဲ့ နိုင်ငံဖြစ်တဲ့အတွက် ဗဟိုဘဏ် ဟာ စီးပွားရေးတိုးတက်မှု အတွက်လဲ ကြပ်မတ်ရပါတယ်။

ဒီမှာ ဖြတ်ပြီး ငွေကြေးဖောင်းပွမှု နဲ့ ပတ်သက်လို့ ဆွေးနွေးပါရစေ။ အမေရိကန်လို နိုင်ငံတွေမှာ စားသုံးသူ ဈေှးနှုန်းတွေ တက်လာရင် ရင်တမမနဲ့ စိုးရိမ်ကြတယ်။ ငွေကြေးဖောင်းပွမှု ဟာ သုည ဒဿမသုည နှစ် (ဝ.ဝ၂) ရာခိုင်နှုန်း တက်လာရင်ပဲ စိုးရိမ်မကင်း ဖြစ်ကုန်ကြပြီ။

တာဝန်ကင်းမဲ့တဲ့ မြန်မာနိုင်ငံမှာတော့ တိုင်းသူ ပြည်သားတွေအတွက်မငဲ့ဘဲ ဓါတ်ဆီဈေး၊ စီအင်ဂျီ ဈေးတွေကို ၂ဆ ၅ဆ တင်နဲ့ တာဝန်မဲ့စွာ ရမ်းကားတတ်ကြတယ်။ ပိုက်ဆံကိုလဲ ပရမ်းပတာ (ဝါဇီ) ကနေ ရိုက်ထုတ်တာကြောင့် မြန်မာနိုင်ငံမှာ ငွေဖောင်းပွဟာ ပရမ်းပတာ ကြီးထွားလျက် ရှိတာပါ။ တာဝန်သိတတ်တဲ့ အစိုးရနဲ့ တာဝန်မဲ့တဲ့ အစိုးရကွားခြားတာ သိစေချင်တာပါ။

စီးပွားရေး တိုးတက်မှုအကြောင်း ဆက်ပြောကြရအောင်။ ကမ္ဘာ့မှာ အမေရိကန်က Gross National Product ပထမ၊ ဂျပန်က ဒုတိယ၊ ဂျာမဏီက တတိယ အကြီးဆုံးတွေပါ၊ ၂ဝဝဝခုနှစ်က အမေရိကန်ရဲ့ ဂျီအန်ပီ ဟာ အမေရိကန်ဒေါ်လာ (၇) ထရီလီယံ ရှိပါတယ်။ ဂျပန်က ၄ ထရီလီယံ ကျော်ကျော် - ဂျာမဏီက ၃ ထရီလီယံ ကျော်ကျော် ရှိကြပါတယ်။

(1Trillion = 1000 Billions ; 1Billion = 1000 millions (American Unit))

၂ဝဝ၇ခုနှစ်မှာ အမေရိကန် ဂျီအန်ပီက ဒေါ်လာ ၁၃.၇၉ ထရီလီယံ၊ ဂျပန်က ဒေါ်လာ ၄.၃၄၆ ထရီလီယံ၊ ဂျာမဏီက ၃.၂၅၉ ထရီလီယံ ရှိကြပါတယ်။ (၇) နှစ် ကာလအကြာမှာ အမေရိကန်ရဲ့ တိုးတက်မှုဟာ ဒုတိယ ဂျပန်ရဲ့ ဂျီအန်ပီထက် ကြီးမားပါတယ်။ ၂ဝဝ၇ခုနှစ်မှာ တရုတ် ရဲ့ ဂျီအန်ပီ ဟာ ဒေါ်လာ ၃.၂၄၉ ထရီလီယံ ခန့်ရှိပါတယ်။

http://en.wikipedia.org/wiki/List_of_countries_by_GDP_(nominal) မှာလည်း ကြည့်နိုင်ပါသည်။

ထိုင်းနိုင်ငံရဲ့ ဂျီအန်ပီ ဟာ ဒေါ်လာ ၂၂၅.၈ ဘီလီယံရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ဂျီအန်ပီ ဟာ (၇-၈) ဘီလီယံခန့် ရှိပြီး ဓါတ်ငွေ့ မပါရင် (၆-၇) ဘီလီယံပဲ ရှိပါတယ်။ (၅၂) သန်းကျော်ကျော် မြန်မာပြည်သားတွေဟာ ဆီ၊ ဆန်၊ ဆား၊ ပဲ၊ ငရုတ်နဲ့ မွေးမြူရေးက ထွက်တဲ့ (၆-၇) ဘီလီယံကို ဝေစားရတာပါ။ ဒါကို စစ်တပ်က ထိပ်ကနေ ခွအုပ်နေတော့ ပြည်သူတွေ ဆင်းရဲရတာပေါ့။ လူဦးရေ ၅ သိန်းကျော်ကျော်သာရှိတဲ့ ဝါရှင်တန် ဒီစီ အစိုးရရဲ့ သုံးငွေဘတ်ဂျက်ကပင် ၆ ဘီလီယံ ကျော်ပါတယ်။ အာဏာရှင်စနစ်ဆိုးနဲ့ စီးပွားရေး မကိုင်တတ်တာကြောင့် ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေ ဆင်းရဲရတာပါ၊

မှတ်ချက်။ CIA factbook အရ၊ $13-14 Billions (official exchange rate) လို့ ဆိုပါတယ်။ Official Exchange Rate ဆိုတာ အဓိပ္ပယ်မရှိပါ။ အများက လက်ခံတဲ့နံပါတ် (၆-ရ) ဘီလျံကို အသုံးပြုရခြင်း ဖြစ်ပါသည်။

နိုင်ငံတနိုင်ငံရဲ့ ဈေးကွက်ထဲမှာ ငွေသား Currency လုံလုံလောက်လောက် ရှိနေမယ်။ ငွေချေးရတာ သက်သက်သာသာ ရှိနေရင် တိုးတက်မှု လွယ်တယ်။ စီးပွားရေး တိုးတက်မှု အရှိန်ရနေတာပေါ့။ ဒီတိုးတက်မှု အရှိန်နဲ့ ငွေလည်ပတ်မှု မျှတရင် ဈေှးနှုန်းတွေ တည်ငြိမ်ပြီး ငွေဖောင်းပွမှုကို ထိန်းနိုင်တာပေါ့။ ဒါကြောင့် Federal Reserve က liquidity လို့ခေါ်တဲ့ ငွေလည်ပတ်မှုနဲ့ ဘဏ်အတိုးနှုန်းကိုကိုင်ပြီး စီးပွားရေးကို ထိန်းပေးရပါတယ်။ ဘဏ်တခုကနေ နောက်တခုကိုချေးတဲ့ အတိုးနှုန်းကို ဗဟိုဘဏ်က သတ်မှတ်ပေးရပါတယ်။ အတိုးနှုန်းများရင် ငွေချေးရတဲ့စရိတ် ကြီးတယ်။ ငွေလည်ပတ်မှုနှုန်း (နှေး)သွားတယ်။ အတိုးနှုန်းနည်းရင် ငွေခြေးရတဲ့စရိတ် နည်းတာကြောင့် ငွေလည်ပတ်မှုနှုန်း(မြန်) တာပေါ့။ Bust ဖြစ်ရင် Credit Crurch လို့ ခေါ်တဲ့ ငွေချေးအားလျော့သွားရင် ဗဟိုဘဏ် က အတိုးနှုန်းလျော့ပြီး စီးပွားရေးကို တွန်းအား ပေးရပါတယ်။

အခု ဘုရှ် အစိုးရနဲ့ ကွန်ကရက် ကလဲ Stimilus Package လို့ခေါ်တဲ့ ၁၅ဝ ဘီလီယံ တန်ဖိုးရှိတဲ့ ငွေကို ပြည်သူတွေကို (Tax Rebate) အခွန်ငွေ ပြန်ပေးတဲ့ပုံစံနဲ့ လူတဦးကို ၈ဝဝ ဒေါ်လာ၊ မိသားတစုကို ၁၆ဝဝ ဒေါ်လာ ပြန်ပေးဖို့ ကြိုးစားနေပါတယ်။ Credit Crurch ကြောင့် ငွေကြပ်ပြီး အသုံးရပ်သွားတာကို ငွေပိုသုံးခိုင်းတာပါ။ ကုမ္မဏီတွေ သုံးစွဲသူတွေ ငွေသုံးရဲလာမှ စီးပွားရေး ဦးထောင်လာအောင်ပါ။ တဖက်ကလဲ ဗဟိုဘဏ်က အတိုးနှုန်းကို ချပြီး စီးပွားရေးထောင်အောင် ကြိုးစားလျက် ရှိပါတယ်။ ၂ဝဝ၁ ခုနှစ်က စခဲ့တဲ့ အိမ်ယာဈေးကွက် တဟုန်ထိုး တိုးတက်မှုဟာ လွန်ခဲ့တဲ့ တနှစ်ခွဲက စပြီး Subprime လို့ခေါ်တဲ့ ဈေးကွက်ကစပြီး ပြဿနာပေါ်ရာက ပေါက်ကွဲကျဆင်းမှု ဖြစ်လိုက်တာ ချေးငွေတွေ နင်းကန်ထုတ်ထားမိတဲ့ ဘဏ်တွေ အများကြီး အရှုံးပေါ်ရတာ Credit Crunch ဖြစ်တာကြောင့် စီးပွားရေးနှေးကွေးမှု Slow Down ဖြစ်ရပြီး စီးပွားရေးကျဆုံးမှု Recession အန္တရာယ် ရှိနေပါတယ်။ အမေရိကန်မှာ Recession ဖြစ်ရင် လူတွေ အလုပ်ပြုတ်ဒုက္ခနဲ့ ရင်ဆိုင်ရပြီး ကမ္ဘာ့စီးပွားရေး Global Economy ပါ ထိခိုက်နိုင်ပါတယ်။

ဒီတော့ လောလောဆယ် Bust ကို ဖန်တီးတဲ့ Sub-prime ပြဿနာဆိုတာ ဘာလဲ?

အမေရိကန်တွေ ဂုဏ်ယူတာ (၂)ခု ရှိပါတယ်။ American Can Do Altitude ဆိုတဲ့ လုပ်နိုင်တယ် ဆိုတဲ့ အမေရိကန် စိတ်ဓါတ်နဲ့ American Dream လို့ခေါ်တဲ့ အမေရိကန်အိမ်မက်ပါ ။

American Dream ဆိုတာက လူတိုင်း အိမ်ပိုင်နိုင်ရမယ် ဆိုတဲ့ ခံယူချက်ပါ။

အိမ်ဝယ်ချင်ရင် ငွေချေးရပါမယ်။ ငွေချေးဖို့ (ချေး) တဲ့ လူလဲ ရှိရမယ်။ ချေးမဲ့လူကလဲ Credit History လို့ခေါ်တဲ့ ချေးပြီး မှန်မှန်ပြန်စပ်တဲ့ ရာဇဝင် ကောင်း ရှိရပါမယ်။ မိမိငွေကို စည်းကမ်းရှိရှိ ပြန်စပ်သူကို (ချေး) ချင်မယ် အကျွေးထူပြီး မှန်မှန်မစပ်သူကို မ ချေးသလိုမျိုးးပေါ့။ ချေးရင်လဲ ရှုံးဖို့ များတယ်။ အန္တရာယ် (Risk) ရှိတယ်ပေါ့။

Credit History ကောင်းတဲ့ ငွေမှန်မှန်ပြန်စပ်တဲ့ သူကို Prime lender ငွေချေးဖို့ အကောင်းဆုံးသူလို့ သတ်မှတ်ပါတယ်။ အကျွေးထူ မှန်မှန်ပြန်မပေးတဲ့ Credit history မကောင်းတဲ့သူ - အန္တရာယ် Risk ရှိသူတွေကို Sub Prime တဆင့်နိမ့်သူလို့ သတ်မှတ်ပါတယ်။ အိမ်တအိမ်ကို ဝယ်ဖို့ ချေးတဲ့ငွေကို Mortage လို့ ခေါ်ပါတယ်။ အမေရိကန်နိုင်ငံမှာ တိုင်းသူပြည်သားတွေ အိမ်ဝယ်ဖို့ ငွေချေလို့ ရနိုင်အောင် အစိုးရက စနစ်ထောင်ပေး ထားပါတယ်။ ဒါကြောင့် Americam Dream လို့ ဂုဏ်ယူကြတာပါ။

လူတဦးဟာ ငွေချေးဖို့

(၁) အလုပ်အကိုင်နဲ့ ဝင်ငွေ ပုံမှန်ရှိရမယ်။

(၂) Credit History ကောင်းရမယ်။

(၃) အကြွေးနဲ့ ဝင်ငွေ မျှတရမယ်။

ဒါတွေကို ကျော်နိုင်မှ ငွေချေးနိုင်သူလို့ သတ်မှတ်ခံရပါမယ်။

ဘဏ်ဆိုတာက ဒီလိုစမ်းစစ်တဲ့ နေရာမှာ တင်းကြပ်တတ်ပါတယ်။ ဒါကြောင့် ဘဏ်အပြင် အမေရိကားမှာ အိမ်ဝယ်ဖို့ ငွေချေးတဲ့ကုမ္ပဏီ Mortage Company တွေသက်သက် ရှိပါတယ်။

အိမ်ဝယ်ဖို့ ငွေချေးရင် ဘဏ်သော်လည်းကောင်း၊ Mortage ကုမ္ပဏီတွေက လည်းကောင်း ချေးသူလွယ်လွယ်နဲ့ ထွက်မပြေးအောင် ချေးငွေရဲ့ (၁ဝ ရာခိုင်နှုန်း) ကို အရင် စိုက်ခိုင်းလေ့ ရှိတယ်။ ဒါကို Down Payment လို့ ခေါ်ပါတယ်။ ဒီ့အပြင် ငွေချေးဖို့ ပြင်ဆင် Service Fee တောင်းခံလေ့ ရှိပါတယ်။ ဒေါ်လာ ၅ထောင်၊ တသောင်း လောက် ကုန်လေ့ ရှိပါတယ်။ ဒို့အပြင် လစဉ်ပေးစပ်ရတဲ့ ပေးစပ်ငွေရဲ့ ၉ဝ ရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းခန့်ကို အတိုးအတွက် နှုတ်ယူထားပါတယ်။ (ဆုံးရှုံးမှုအန္တရာယ် နည်းအောင်ပါ) ဒါကို Front-loaded ကြိုပြီး ချီထားတာပါ။ ဥပမာ ဒေါ်လာ ၄သိန်းခန့် ချေးပြီး တလ ၂ ထောင်(၂ဝဝဝ)ကျော် ( အနှစ် ၃ဝ) ပေးစပ်ရရင် (၁၉ဝဝ) ခန့်က အတိုးအတွက် ပေးရပြီး (၁ဝဝ) ခန့်သာ Equity ခေါ်တဲ့ အိမ်တန်ဖိုးထဲ ပေးစပ်ကြပါတယ်။

ဒါက လုပ်ထုံးလုပ်နည်းပါ။ ဒီတော့ အိမ်ဝယ်မဲ့ ပြည်သူပြည်သားတွေကို စိစစ် တိုက်ရိုက်ငွေခြေးတဲ့ ဈေးကွက်ကို Primary Mortage Market ပထမ (သို့) အဓိက အိမ်ငွေချေးဈေးကွက် လို့ခေါ်ပါတယ်။

ကောင်းပြီ ၊ ကုမ္မဏီ ABC ဟာ ငွေ (၁ဝ) သန်း ရင်းပြီး အိမ်တလုံးကို ပျမ်းမျှ (၂) သိန်း ချေးရင် အိမ်အလုံး (၅ဝ)အတွက် ချေပြီး Service Fee စားပြီးရင် ငွေကုန်လို့ ထပ်မချေးနိုင်တဲ့ အတိုးထိုင်စားရုံ ရှိတော့မှာပေါ့။ ဒါဆိုရင် ချေးနိုင်တဲ့ ငွေချေးမဲ့ ကုမ္မဏီတွေဘဏ်တွေရဲ့ American Dream လို့ခေါ်တဲ့ လူအများ အိမ်ဝယ်၊ ပိုင်နိုင်ရမယ်ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။

ဒါကြောင့် အမေရိကန်ကွန်ကရက်က ငွေရင်း ထုပ်ပေးပြီး ဒုတိယ (သို့) နောက်တန်းဈေးကွက် Secondary Mortage Market ကို ဖေါ်ထုတ်ပေးပါတယ်။ အမေရိကန် ကွန်ကရက်က ငွေရင်းစိုက်ထုတ်ပေးပြီး ဒီအဖွဲ့အစည်းတွေက ကိုယ်ပိုင် ရပ်တည်ရပါတယ်။ ဆိုလိုတာက အစိုးရပိုင်မဟုတ် အစိုးရက (မ)တည်ပေးရုံသာ ဖြစ်၍ ဒီအဖွဲ့အစည်းတွေကို GSE Goverment Sponsered Enterprise အစိုးရ ဆောင်မပေးသော လုပ်ငန်းများလို့ ခေါ်ပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ Fannie Mae ဆိုတာ အကြီးဆုံးပါ။ သူက ဥပမာပေးခဲ့တဲ့ ABC ကုမ္မဏီလို လုပ်ငန်းတွေဆီက ချေးပြီးသားငွေသား Loan ကို တဆင့်ပြန်ဝယ်ပြီး ABC လို ကုမ္မဏီတွေကို နောက်ထပ် ချေးနိုင်ဖို့ ငွေထုတ်ပေးပါတယ်။ ဥပမာ - ABC က ငွေ (၁ဝ)သန်း ထပ် (မ) တည်နိုင်တော့ အိမ်(၅ဝ)အတွက် ငွေထပ်ချေးမယ် ကုန်သွားရင် Fannie Mae ကို ချေးထားတဲ့ စာချုပ်တွေကို ရောင်းပြီးငွေ (၁ဝ)သန်း ထပ်ရတော့ နောက်ထပ် အိမ် (၅ဝ) အတွက် ထပ်ချေးနိုင်တာပေါ့။ ABC လို့ Mortage Company တွေက အိမ်ဝယ်သူ ပြည်သူတွေကို တိုက်ရိုက်ငွေချေးပြီး Up-front Service Fee ရှေ့မှာ အိမ်ဝယ်ဖို့ ပေးရတဲ့ဝန်ခပေါ်မှာ စားတာပေါ့ Fannie Mea က ဒီ Company တွေကို ငွေထပ်ဖြည့်ပေါ့။

ABC Company က တအိမ်ချင်း ချေးတယ်၊ Fannic Mae က အလုံးအရင်းလိုက် ဝယ်လိုက်တာပေါ့။ ပြီးတော့မှ Fannic Mae က Mortage Back Securities လို့ခေါ်တဲ့ အိမ်ချေးငွေအာမခံတဲ့ Bond ကို Investor လို့ ခေါ်တဲ့ ငွေရှိလို့ ငွေရင်းသူတွေကို Bond ရောင်းပြီး ငွေပြန်ရှာပါတယ်။ ဒါကို Secondary Market ဒုတိယ (သို့) နောက်တန်းဈေးကွက်လို့ ခေါ်ပါတယ်။ ဒီစနစ်မှာ အဓိကကျတာက ဒီချေးငွေတွေနောက်မှာ အာမခံတဲ့ (အိမ်) ရှိတယ်ဆိုတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ စစ်မှုထမ်းဟောင်းများအတွက် VA Loan ပထမဆုံးအကြိမ် ဝယ်သူများအတွက် FHA loan စသည့်ဖြင့် ငွေချေးလွယ်ရအောင် စနစ်တွေ ရှိပါသေးတယ်။ အသေးစိပ်ဆိုရင် ရှုပ်ထွေး Complex ဖြစ်တာကြောင့် ယေဘုယျ သဘောထားတင်ပြခြင်း ဖြစ်ပါတယ်။

Fannie Mae အပြင် Fannie Mac/ Ginnie Mae/ Ginnie Mac ဆိုတဲ့ GSE တွေလည်း ရှိပါသေးတယ်။ အမေရိကားမှ Secondary Market ပေါ်လာပြီး Fannie Mae နဲ့ အပြိုင် ပုဂ္ဂလိက ဘဏ် Private Banks တွေကလည်း ဒီဈေးကွက်ထဲ ဝင်လာပါတယ်။ ABC လို Mortage ကုမ္မဏီတွေက မိမိတို့ ချေးထားတဲ့ ငွေချေးစာချုပ်ကို Fannie Mae ကဲ့သို့ GSE သို့မဟုတ် ဘဏ်တွေကို ရောင်းပြီး ငွေပြန်ဖြည့် နိုင်လာပါတယ်။

ကျနော်ဗမာနိုင်မှာ ကြီးပြင်းစဉ်က (မဆလ) ခေတ် ဖြစ်တာကြောင့် ဘဏ်စနစ် Banking System ဟာလုံးဝ ပျက်စီးပိတ်ပြစ် ခံခဲ့ရတယ်။ ဒါကြောင့် ထိုစဉ်က ဗမာနိုင်ငံမှာ ကားဝယ်ရင်၊ အိမ်ဝယ်ရင် ငွေအဖြည့် ပေးဝယ်ရတော့လက်တဆုပ်စာ လူတန်းစားဘဲ အိမ်ပိုင် ကားပိုင် ရှိနိုင်တာပေါ့။ ဘဏ်စနစ်ရှိရင် အလုပ်ရှိမယ်၊ လစဉ်မှန်မှန် အကျွေးပေးနိုင်ရင် Credit History ကောင်းရင် လူငယ်လေးတွေပါ၊ ကားဝယ် အိမ်ဝယ် နိုင်တာပေါ့။ ဒီတော့လူအများစုရဲ့ လူနေမှုအဆင့်အတန်း တိုးတက်လာတာပေါ့။ ဆိုရှယ်လစ် စီးပွားရေးစနစ်ဆိုးနဲ့ လွတ်လပ်တဲ့ ဈေးကွက်တို့ရဲ့ ဈေးကွက်စနစ် ကွားခြားတာကို သတိရှိစေချင်လို့ပါ။ ခုလဲ အာဏာရှင်စနစ်ဆိုးကြောင့် အစိုးရက ဘာမဆို ( ချုပ်ကိုင်) လိုတာကြောင့် စီးပွားရေး မအောင်မြင်ဘဲ လူတွေ ဆင်းရဲကြရတာပါ။

၂ဝဝ၁ခုနှစ် နောက်ပိုင်း အိမ်ယာဈေးကွက် တဟုန်ထိုးတက်မှု Housing Boom သမ္မတ ကလင်တန် လက်ထက်မှာ အမေရိကန်မှာ ကြုံရခဲတဲ့ Boom ဖြစ်တယ်။ ဖြစ်ရတဲ့ အကြောင်းအရင်းက ဂြိုဟ်နက္ခတ်တွေ အကုန်လာပူးသလို ဖြစ်ရပ် (၃) ခုက လာတိုက်ဆိုင်ခဲ့တယ်။ ၁၉၉ဝ ခုနှစ် အလယ်ပိုင်းလောက်မှာ အင်တာနက် ပေါ်လာပြီး အတတ်ပညာနဲ့ ပတ်သက်တဲ့ Technology Boom ဖြစ်တယ်။ တခါ တကမ္ဘာလုံးမှာ နှစ် ၂ဝဝဝ ခုနှစ်ပြည့်မှာ ကွန်ပြူတာတွေကို စနစ်ဟောင်းရဲ့ ရေးထားတာကြောင့် ဒုက္ခဖြစ်မယ်ဆိုပြီး Y2K ပြဿနာပေါ်တယ်။

မှတ်ချက်။ ကွန်ပြူတာအဟောင်းတွေကို သုံးပြီး ပရိုဂရမ် ရေးကြစဉ်က (၁၉၉၉) အထိပဲ ရေးခဲ့ကြပါတယ်။ ဒါကြောင့်(၂ဝဝဝ ခု) ရောက်ရင် အားလုံး ဒုက္ခရောက်ရချေလျက် ဆိုပြီး ဖြစ်တဲ့ပြဿနာပါ။

ဒါကြောင့် တကမ္ဘာလုံး အလုအယက် Y2K ပြဿနာအတွက် ပြင်ဆင်ကြရတယ်။ Y2K ရဲ့ အန္တရာယ်ကြောင့် အမေရိကန် ဗဟိုဘဏ်က ပိုက်ဆံလုံလုံ လောက်လောက်ရှိအောင် ဘဏ်တွေမှာ ငွေဖြည့် ထားရတဲ့အတွက် ဈေးကွက်ထဲမှာ Lquidity လို့ခေါ်တဲ့ ငွေလည်ပတ်မှုက အားကောင်းနေတယ်။ တခါ အမေရိကန်ကွန်ကရက်က အဝေးဆက်သွယ်ရေး (Tele-Comunication-Sector) မှာ Deregulation လို့ခေါ်တဲ့ အစိုးရထိန်းကွပ်မှုကို လျော့ချတဲ့ ဥပဒေအပြောင်းအလဲ လုပ်တယ်။ အစက အမေရိကားမှာ အဝေးပြော တယ်လီဖုန်းခေါ်ဆိုမှုကို ATT/ Sprint နဲ့ MCI ကပဲ လက်ဝါးကြီးအုပ်စီး လုပ်ထားရာက ကုမ္မဏီအသစ်တွေကို ယှဉ်ပြိုင်ခွင့် ပေးတာကြောင့် တယ်လီကွန်မြူနီကေးရှင်း ဈေးကွက် တဟုန်ထိုးတက်မှု Tele-Comunication Boom ဖြစ်တယ်။

ဒိအရင်က အင်တာနက်က ရေပန်းစားပြီး အင်တာနက်ကုမ္ပဏီတွေ ခေတ်စား၊ ဒါကြောင့် စတော့ရှယ်ယာတွေ ဈေးကောင်းပြီး အမေရိကန်က စတော့ဈေးကွက်တွေဟာ တအားအရှိန်ရလာတာကြောင့် စတော့နဲ့လူအများ ချမ်းသာကြွယ်ဝ လာကြတယ်။ တကမ္ဘာလုံးက ငွေရှိသူတွေဟာ အမေရိကန် စတော့တွေကြောင့် ငွေရွှင်လာကြတယ်။

အမေရိကန်နိုင်ငံဟာ Financial and Capital Market လို့ ခေါ်တဲ့ ငွေရေးကြေးရေးနဲ့ အရင်းရှင်ဈေးကွက်မှာ ထိပ်ဆုံးက ပြေးနေတာကြောင့် စတော့တခုထဲ မဟုတ်ပါ။ Option Market Derivatives / Hedging / Arbitrage/ Speculation ဆိုတဲ့ အင်တမန်ရှုပ်ထွေး နက်နဲပေမယ့် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ စီးပွားရေးလက်နက် တွေရှိပါသေးတယ်။ Stocks & Bonds ပဲ မဟုတ်ပါ၊ ဒါကြောင့် Clinton Boom မှာ လူများစွာ ချမ်းသာခဲ့ကြရတယ်။အမေရိကန် အစိုးရဟာလည်းအကြွေးတွေကျေပြီး ငွေပိုငွေလျှံ ရှိခဲ့ပါတယ်။

၂ဝဝဝခုနှစ် ကုန်ပိုင်းလောက်မှာ ပေါက်ကွဲကျဆင်းမှု Bust ဖြစ်တော့ အမေရိကန် အရင်းရှင်စနစ်ရဲ့ ဦးသျှောင်ဆရာ့ဆရာကြီးတွေ ဖြစ်တဲ့ ဝေါလ်စထရိက ရင်းနှီးမြုပ်နှံမှုဘဏ်တွေ၊ ငွေရှင်တွေက စတော့ကို ရောင်းယုံမက Short လုပ်တတ်တာကြောင့် စတော့တွေ အကျမှာ ထပ်မြတ်လိုက် ကြပါတယ်။ ဒါကြောင့် Economic Downturn လို့ စီးပွားရေးကျရင် Ordinary Investor ခေါ်တဲ့ ရိုးရိုးလူငမိုက်သားတွေသာ ခွက်ခွက်လန် ရှုံးကြတာပါ။

ဒီငွေပုံပေါ် ထိုင်နေတဲ့သူတွေက စတော့တွေအကျမှာ လိုက်ကြည့်တော့ အိမ်ဈေးကွက်ကို တွေ့ပြီ ဒီမှာ ငွေပုံအော ကြပြန်ရော။ အိမ်ဈေးကွက်တက်တော့ လူတွေကလည်း လောဘထွက်လာပြီး ဒုတိယအိမ်ကို ရင်းနှီးမှုအတွက် ဝယ်ပြီးငှားစား။ ရင်းနှီးမြုပ်နှံမှုကလပ် Investment Club တွေဖွဲ့ပြီး အိမ်တွေဝယ် (ပြန်ရောင်)း နဲ့ အမြတ်ရှာကြတော့ ဝယ်အားက တအားကောင်းလာပြီး အိမ်တွေဈေးတက်နဲ့ အိမ်ခြံမြေဈေးကွက် တဟုန်ထိုးတက်တာ ဖြစ်ပြန်ရော။

တောမီးလောင်ရင် တောကြောင် လက်ခမောင်းခတ် ဆိုတလို ဒီလို Boom ဖြစ်တိုင်း မသမာတဲ့ အရင်းရှင်တောကြောင်တွေ ဝင်လာတတ်ပါတယ်။ သာမန်အချိန်မှာ အိမ်ဝယ်ရင် ငွေချေးသူ ရှိရမယ်။ ဝယ်တဲ့သူ ရှိရမယ်။ ဝယ်သူက အလုပ်ရှိပြီး မှန်မှန် အကြွေးပြန်ဆပ်တဲ့ Credit History ကောင်းသူ ဖြစ်ရမယ်၊ ချေးငွေ ၁ဝ ရာခိုင်နုန်း Down Paymeent ငွေချေ ရမယ်ပေါ့။ ငွေချေးတဲ့ ဈေးနှုန်းမှာလဲ (၁၅) နှစ် ပြန်ဆပ်မလား။ အနှစ် (၂ဝ) ဆပ်မလား။ Fixed Rate လို့ ခေါ်တဲ့ ဈေးကွက်က သတ်မှတ်ထားတဲ့ ( နှုန်း) အတိုင်းတွက်ပြီး တလ ဘယ်လောက်ကျမယ်၊ အနှစ် (၂ဝ)သို့ အနှစ် (၁၅)နှစ် ပြန်စပ်ပေါ့။

ဈေးကွက်မှာ Fixed Rate အပြင် ARM (Adjustabe Rate Mortage) လို့ခေါ်တဲ့ လွယ်လွယ်ပြောရရင် (နှုန်း) ပြောင်းတဲ့ စနစ်ဆိုတာ ရှိပါသေးတယ်။

ဒါကို အခွင့်ကောင်းယူပြီး လူလည်ကြီး သားသမီးတချို့က များများဝယ်နိုင်ဖို့ Down Payment လည်း ပေးစရာမလို၊ ရှေ့ပိုင်းမှာလဲ ကိုယ်တတ်နိုင်သလောက် တနိုင်ပဲ ပေးနိုင်တယ် ဆိုပြီး ဝယ်မဲ့သူတွေများအောင် လှည့်ဖျားပြီး ဝယ်သူတွေကို ချေးတာကြောင့် Credit History မကောင်းတဲ့ အဆင့်မမှီသူတွေကိုပါ ဦးတည်ပြီး ချေးဖို့ စီစဉ်လာကြပါတယ်။

ဒါကို အာဏာပိုင်တွေက ဟန့်တားရမှာကို မဟန့်တားခဲ့ကြဖူး။

ဒီလူလယ်တွေက တခါ ဒီချေးထားတဲ့ ချေးငွေတွေကို စုပေါင်းပြီး Secondary Market မှာ ရှိတဲ့ ဘဏ်တွေကို ပြန်ရောင်းပြီး ဘဏ်တွေက တခါ တကမ္ဘာလုံးမှာရှိတဲ့ အရင်းရှင် တွေကို Mortage Back Security အနေနဲ့ ပြန်ရောင်းပေါ့။ ဝယ်တဲ့သူတွေက အိမ်အာမခံ ရှိတယ်ဆိုတော့ ဝယ်ရဲကြတာပေါ့။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၆ နှစ်လောက် အိမ်ယာဈေးကွက် တဟုန်ထိုးတက်တာကနေ ပွသူတွေ ပွကြတာပေါ့။

Boom ပြီးရင် Bust လာပြန်ပြီဟေ့။

Boom ပြီးရင် Bust လာမယ်ဆိုတာ သိလျက်နဲ့ လူဆိုတာ လောဘကြောင့် အရှိန်မသတ်နိုင်ကြပါ။ လွန်ခဲ့တဲ့ တနှစ်ကျော်ကျော်လောက်မှာ Housing Bust ဖြစ်တော့ ဝုန်းဆို အိမ်ဈေးတွေ အတက်ရပ်သွားတော့ လူတွေလဲ ကြောက်ပြီး ရောင်းကြတော့တာပေါ့။ ရင်းနှီးမှုအနေနဲ့ ဒုတိယ၊ တတိယ အိမ်ဝယ်ထားသူတွေက မြန်မြန်ရောင်း Investment အသင်းတွေကလဲ ပြန်ရောင်းဆိုတော့ ဝယ်အားထက် ရောင်းအား ပိုလာတော့ အိမ်ဈေးတွေ တန့်ရာက ထိုးကျတော့တာပေါ့။

အိမ်ဈေးတွေလဲ အတက်ရပ်သွားရော ခုန လူလည်နည်းနဲ့ ချေးထားတဲ့ သူတွေရဲ့ချေးငွေ Loan တွေ ပြဿနာပေါ်တာကို မရှင်းနိုင်ကြတော့ဘူး၊ ဝယ်ကတည်းက မိမိရဲ့ ငွေတပြားမှ ရှေ့မှာမပေးခဲ့ရတော့ အထူးသဖြင့် Sub-prime လူတွေက Mortage ဖိုး မတတ်နိုင်တော့ အိမ်ပေါ်က ဆင်းသွားပြီး ဘဏ်တွေ လက်ထဲမှာ အိမ်အလွတ်တွေ သောင်တင်ပြီး လစဉ်ဝင်ငွေ မရတော့ဘဲ အရှုံးပေါ်တော့တာပေါ့။ ဒါကြောင့် ရင်းနှီမြုပ်နှံမှု Investment Bank ကြီးတွေဟာ ဘီလျံနဲ့ ချီပြီး ရှုံးတော့ တခြားဘဏ်တွေလဲ ကြောက်ပြီး ငွေချေးတာကို ကျပ်ပစ်ကြတော့ အမေရိကားမှာ Credit Crurch လို့ခေါ်တဲ့ ငွေချေးရခက်တဲ့ ပြဿနာပေါ်လာတယ်။ ငွေချေးရခက်ရင် လုပ်ငန်းတွေနည်းသွားပြီး Ecomomic Slow Down လို့ခေါ်တဲ့ စီးပွားရေး နှေးကွေးမှု ဖြစ်တယ်။ ကမ္ဘာ့ဘဏ်တွေနဲ့ တကမ္ဘာလုံးရှိတဲ့ ငွေတတ်နိုင်သူတွေလဲ အထိနာကြတာပဲ။ အမေရိကန်မှာ လူ (၃) သန်းလောက် အိမ်တွေကို စွန့်သွားရတယ်လို့ ခန့်မှန်းကြတယ်။

အမေရိကန်ဘဏ်တွေ သာမက ဥရောပဘဏ်တွေပါ ထိတာကြောင့် အမေရိကန်ဒေါ်လာအတွက် တာဝန်ရှိတဲ့ အမေရိကန် ဗဟိုဘဏ် သာမက ယူရိုကို တာဝန်ယူရတဲ့ ECB (Europe Central Bankk ) ကပါ liquidity လို့ခေါ်တဲ့ လည်ပတ်မှု အားကောင်းအောင် ဖြည့်ဆည်းပေးခဲ့ရတယ်။ အမေရိကန် ဗဟိုဘဏ် က အစိုးရိမ်ပိုပြီး အရေးပေါ်ငွေချေးနှုန်း (ဘဏ်၊ ဘဏ်ချင်းချေနှုန်း) ကို ဇန္နဝါရီလမှာ သုညဒသမ ခုနစ်ငါး (0.75 basic point) ချပေးခဲ့တယ်။

အမေရိကန်အစိုးရနဲ့ ကွန်ကရက်ကလည်း လူတဦးကို ဒေါ်လာ (၈ဝဝ)၊ တမိသားစုကို ဒေါ်လာ (၁၆ဝဝ) နှုန်းနဲ့ အခွန်ပြန်အမ်းငွေ Tax Reloate အဖြစ် ပြန်အမ်းဖို့ ကြိုးစားနေကြတယ်။ ဒီလိုနဲ့ လူတွေငွေရှိလာရင် လူတွေ ငွေသုံးလုပ်ငန်းတွေကောင်း တိုးချဲ့မှ Econonic Growth ဖြစ်ပြီး Another Boom ဖြစ်။ နောက် Bust ဖြစ် နဲ့ သံသရာလည်နေတာက အမေရိကန်ရဲ့ အရင်းရှင် စီးပွားရေးစနစ်ပါပဲ။

Bust မပြီးသေးဘူး အမေရိကန် ချစ်တီးတွေဖြစ်တဲ့ Hedge Funds တွေက ရေနံတွေကို လိုက်ဝယ် နေကြပြန်ပြီး ဒီလုပ်ငန်းက ဒေါ်လာမီလျံ ဘီလျံရှိမှ ဖြစ်တာကြောင့် လူတိုင်း မဝင်နိုင်ပါ။ သို့သော် ကမ္ဘာမှာ ရေနံဈေးတက်ရင် လူတိုင်းထိခိုက်ပြီး နအဖအတွက် အကြိုက်ပေါ့။ လောင်စာ ဈေးကောင်းလေ နအဖ ဝင်ငွေကောင်းလေပေါ့။

ဘိုဘိုကျော်ငြိမ်း

အပိုင်း (၂)

Sub-prime ပြဿနာမှ ကမ္ဘာ့ဘဏ်များသို့ ရောဂါကူးစက်ကာ အမေရိကန်တွင် စီးပွာရေး ကျဆင်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရပုံအကြောင်းနှင့် ဒေါ်လာဘာကြောင့်တန်ဖိုးကျရသလဲနဲ့ အကျိုးဆက်များအကြောင်းကို ဆက်လက် ဖေါ်ပြပါမည်။