News Article Photo Poem Video Cartoon Music Radio

Wednesday, June 4, 2008

ညောင်လေးပင်ခရိုင်၊ မွန်ကာဒါ ခံတပ်နှင့် သံလွင်ညများ ... (ဆောင်းပါး)

ရွှေအိမ်စည်
အင်္ဂါနေ့၊ ဇွန်လ 03 2008 18:10 - မြန်မာစံတော်ချိန်

(က)

မာနယ်ပလောမှ ကြေးနန်း ပြန်မလာသေး ...။ သို့သော် ... KNU မှ ခေါင်းဆောင်နှစ်ဦးနှင့်မူ မဲလထတွင်ပင် တွေ့ခွင့်ရခဲ့၏။ စောဘအေး၏ ဆိုင်အိမ်လေးတွင် ဖြစ်သည်။ အဖူးစံလင်းနှင့် ပဒိုမန်းရှာ ... ။ ထိုစဉ်က ... အဖူးစံလင်းသည် KNU ဗဟို၏ တွဲဘက်အတွင်းရေးမှူး (၂) တာဝန်နှင့်ဖြစ်ပြီး ပဒိုမန်းရှာကမူ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြ၏ အထူး အကြံပေးပုဂ္ဂိုလ်။ ၁၉၉ဝ ခုနှစ်နောက်ပိုင်း လွတ်မြောက်နယ်မြေသို့ ရောက်ရှိခဲ့ကြသည့် ဒီမိုကရက်တစ် အင်အားစုများနှင့် ဆက်ဆံရာတွင်လည်း သူသည် KNU ၏ ဆက်သွယ်ရေး အထူးအရာရှိ ...။

အဖူးစံလင်းက အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်နှင့် ...။ ဆံပင်များကမူ တခေါင်းလုံး ဖြူဖွေး၍ နေသည်။ လေသံအေးအေးနှင့် စကားကို ဖြည်းဖြည်းပြော၏။ အသံကား မကျယ် ...။ ညှင်းညှင်းသွဲ့သွဲ့ ...။ တိုးသော်လည်း ကွဲပြားစွာ ကြားရ၏။

ပဒိုမန်းရှာက မာနယ်ပလောရှိ ဒီမိုကရက်တစ် အင်အားစုများအကြောင်း မိတ်ဆက်ပေး၏။

မြောက်ပိုင်းမှ NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် ကချင်ပြည်နယ် စည်းဥက္ကဋ္ဌ တို့လည်း ရောက်နေကြကြောင်း ပြောပြ၏။

ဦးမောင်မောင်လတ် (ဘီးလင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်) ၏ ကျန်းမာရေး အခြေအနေကို မေးပြီး ထူးဝါးလူ ဆေးရုံတွင် ဆေးကုသမှု ခံယူရန်လည်း အကြံပေးသည်။ ထူးဝါးလူ ဆေးရုံက မာနယ်ပလော၏ ဗဟိုစစ်ဆေးရုံ ...။

ကျနော်တို့၏ ရှေ့အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ ဦးမောင်မောင်လတ်က ... ကျန်းမာရေးနှင့် အသက်အရွယ်အရပါ ချင့်တွက်၍ မာနယ်ပလောသို့ စောဘအေးမှ လိုက်ပို့ပေးမည် ဖြစ်သည်။ ကျနော်တို့ လူငယ်များကမူ ... KNU တပ်မဟာ ၃ သို့ ဆင်းကြရမည်။ တပ်မဟာ ၃ က ကော်သူ့လေ ဖွဲ့စည်းပုံအရ ညောင်လေးပင်ခရိုင်ဖြစ်သည်။ စစ်ဒေသအဖြစ်မူ KNLA တပ်မဟာ ၃ ... ။ မြန်မာပြည်မြေပုံအရမူ စစ်တောင်းမြစ်နှင့် သံလွင်အကြား ... ။ ရွှေကျင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်တို့နှင့် နီးသည်။ မြောက်ဘက်တွင် လိပ်သို၊ သံတောင်၊ ဘောခဲ ...၊ ကယားပြည်နယ်စပ် ...။

ကျနော်တို့က KNLA တပ်မဟာ ၃ နယ်မြေရှိ နအဖ စစ်စခန်းတခုကို ထိုးစစ်ဆင်မည့် စစ်ဆင်ရေးတွင် လိုက်ပါရမည်။ မည်သည့် စစ်စခန်း ဟူသည်ကိုမူ မသိရ ...။ ဘယ်နေ့ လိုက်ရမည်။ ဘယ်နေ့ တိုက်ရမည်ကိုလည်း မသိနိုင်။ သို့သော် ... ကျနော်တို့ကို အခြေခံ စစ်ပညာသင်တန်း မဲလထတွင်ပင် ပေးမည်။ သင်တန်းဆရာက KNLA တပ်ရင်း ၂ဝ မှ တပ်ကြပ်ကြီး စောငါးပြား ...။ ပြီးလျှင် သူ၏ တပ်စိတ်တွင်ပင် ပါဝင်ပြီး ... တပ်မဟာ ၃ စစ်ဆင်ရေးက သူနှင့်ပင် သွားရမည်။

ကောင်းကင်သည် ညိုနေရာမှ ပြိုကျလာသည်။ လေသည် သံလွင်မြစ်ပြင်အား ဖြတ်၍ တိုက်ခတ်လာသည့် အတွက် မိုးငွေ့ မိုးမွှာတို့ လွှမ်းထုံ၍ ပါလာသည်။ လေနှင့်အတူ မိုးပါလာ၏။ ဝုန်းကနဲ ရေအိုးတလုံးအား ခွဲချလိုက်သကဲ့သို့ ...။ လေအရှိန်ကြောင့် မိုးစက်တို့က မတ်မတ်ထိုးမဆင်း ...။ လေသင့်ရာအလိုက် တိမ်း၍ စွေစွေစောင်းစောင်းနှင့် မြေသို့သက်၏။ ဆိုင်အရှေ့ လမ်းမဘေး လုံခြုံရေး ယူထားကြသည့် KNLAမှ ရဲဘော်လေးများ မိုးရေအောက်၌ စိုရွှဲကုန်၏။ ဦးထုပ်မှ စီးကျလာသည့် ရေစီးကြောင်းသည် မျက်နှာနှင့် ပုခုံးပေါ်သို့ စီးဆင်းပြန်၏။ ဘယ်လက်ဖြင့် အသင့် မြောက်ကိုင်ထားသည့် M-၁၆ မောင်းပြန်ရိုင်ဖယ်လည်း မိုးရေတို့နှင့် မဲပြောင်၍ နေသည်။ ဖာပွန်မိုးက ဝုန်းဆို ရွာပြီး ဝုန်းဆို ရပ်၏။ ခြုံခိုတိုက်သကဲ့သို့ပင် ...။

(ခ)

တပ်ကြပ်ကြီး စောငါးပြားက အသက် ၃၅ နှစ်ခန့် ရှိမည်။ အသားညိုသည်။ ကိုယ်ခန္ဓာက ကျစ်ကျစ်လစ်လစ်။ ပိန်သည်ဟု ထင်ရသော်လည်း ကြွက်သားများနှင့် တောင့်တောင့်တင်းတင်း။ ညာဘက် မျက်လုံးတဖက်မရှိ ...။ မော်ဖိုးကေတွင် ကျန်ခဲ့သည်ဟု ဆိုသည်။ ဟောက်ပက်ကြီး ဖြစ်နေသည့် မျက်လုံးနေရာတွင် ကျောက်မျက်လုံး အစားထိုး ထည့်ထား၏။ သူ၏ ပုံသဏ္ဍာန်က စစ်ရည်ဝနေသည့် ပြောက်ကျား စစ်သားကောင်း တယောက်မှန်း သိသာ ပေါ်လွင်နေသည်။ KNU တပ်မဟာ ၁ တွင် တွေ့ခဲ့ဖူးသည့် ဗိုလ်မြင့်သိန်း ကဲ့သို့ပင် ...။ ဖျတ်လတ်မှု၊ နိုးကြားမှု၊ တည်ငြိမ်မှု တို့သည် သူ့ ခန္ဓာအတွင်း အချိုးညီမျှစွာ ပေါင်းစပ်ဖွဲ့တည်၍ ထား၏။

အမိန့်နာခံ၍ စွန့်ရဲလုပ်ရဲသော စိတ်သည် သူ့မျက်နှာတွင် ပေါ်နေ၏။ အထူးသဖြင့် တော်လှန်ရေးသမားကောင်း တဦး၏ သွင်ပြင် လက္ခဏာများက သူ့တွင် အပြည့်အဝ ရှိနေသည်။ ကျနော် နားလည်ထားသည့် တော်လှန်ရေးသမားကောင်း ဟူသည်ကား ... ရဲဘော် ရဲဘက်စိတ် ရှိမှုနှင့် အနစ်နာခံမှု၊ ကိုယ်ကျိုးအတ္တ ခြိုးခြံ ထိန်းသိမ်းနိုင်မှုတို့ပင် ...။

သူသည် မော့ကလိုး (ဆေးတံ) ဖွားရင်း ... ကျနော်တို့ကို အခြေခံစစ်ပညာ သင်တန်းပေးမည့် အစီအစဉ်အား ပြော၏။

သင်တန်းက ၅ ရက်ခန့်သာ ကြာမည်။ လက်နက်ငယ် ပစ်ခတ် တိုက်ခိုက်နည်း သင်တန်း ...။ စစ်မြေပြင်တွင် အမိန့်နာခံမှု ရှိအောင် ကျနော်တို့ သင်တန်းက အချိန်ယူ၍ မပို့ချပေးနိုင်။ အခြေအနေနှင့် အချိန်က မပေး ...။

သူသည် တပ်စိတ်မှူးအဖြစ် ကျနော်တို့ကို အုပ်ချုပ် ကွက်ကဲပြီး စစ်မြေပြင်သို့ သွားမည်။ စစ်မြေပြင်တွင် အမိန့်နာခံမှု ရှိအောင် ကျနော်တို့ကို မည်သို့ အုပ်ချုပ်မည်နည်း ...။ စစ်မြေပြင် တိုက်ပွဲအတွင်း အမိန့်နာခံမှုက စစ်သားတဦးချင်းအလိုက် အရေးကြီးသလို ... သူပါဝင်သည့် တပ်စိတ်၊ တပ်စုအလိုက်လည်း အရေးပါ၏။

ဘာပဲဖြစ်ဖြစ် ... သူနှင့်အတူတွဲ၍ စစ်မြေပြင်သို့ သွားရန် မတွန့်ဆုတ် ...။ ရဲသည်။ သူသည် ကျနော်တို့ကို ရဲဘော်ရဲဘက်စိတ် ရှိစွာနှင့် တွဲခေါ်မည်။ ဦးဆောင်မည်။ အနစ်နာခံစရာ ရှိလျှင်လည်း သူသည်ပင် အရှေ့မှ အနစ်နာခံလိမ့်မည် ...။

သူ၏ စစ်စွမ်းရည်ပြည့်ဝမှု၊ နိုးကြားဖြတ်လတ်မှု၊ တည်ငြိမ်မှုတို့နှင့် ကျနော်တို့ တပ်စိတ်ကို ဦးဆောင်၍ ကျနော်တို့ တပ်စိတ်၏ စစ်ရေး တာဝန်များကို သူ ဆောင်ရွက်ပေးလိမ့်မည်ပင် ...။

သို့သော် ... ကျနော်တို့က သူ့ကို မည်မျှ ဝိုင်းရံပေးနိုင်ပါမည်နည်း ...။ ကျနော်တို့ ပါဝင်သည့် တပ်စိတ်အတွက် မည်မျှ ကူညီ တာဝန်ယူနိုင်မည်နည်း ...။

စစ်ပညာ၊ သဘောတရား မသိသော သူတယောက်အဖို့ စစ်မြေပြင်တွင် သေနတ်ကိုင်ထားခြင်းသည် မိမိပါဝင်သည့် တပ်စိတ်အတွက် အထောက်အကူ မည်မျှ ရှိစေမည်နည်း ...။ ဒါမဟုတ် ဝန်ထုတ်ဝန်ပိုး မည်မျှ ဖြစ်စေမည်နည်း ...။

ကျနော်တို့အထဲ၌ တယောက်ကမူ မဆလခေတ်၌ မဆလတပ်ထဲတွင် ၂ နှစ်ခန့် စစ်သားအဖြစ် နေခဲ့ဖူး၏။ သူ့တွင်မူ စစ်အခြေခံပညာနှင့် စစ်မြေပြင် အတွေ့အကြုံတို့ ရှိပေလိမ့်မည်။ ထားတော့ ...။ ကျန်တယောက်က ကျူရှင်ဆရာ ပေါက်စနှင့် တယောက်က သကြားချက်စက်ရုံမှ ဝန်ထမ်း ...။

ကျနော်ကမူ လွယ်အိတ်ကို ပစ်ချ၍ ထွက်လာခဲ့သူ ...။

ဘာပဲဖြစ်ဖြစ် ... ကျနော်တို့ အားလုံးက စစ်ပွဲများကို ကြုံခဲ့ဖူးကြ၏။ ပြည်တွင်းစစ်အတွင်း မွေး၍ ... ပြည်တွင်းစစ် အတွင်း၌ပင် ကြီးခဲ့ကြရသည်။

ဗိုလ်လင်းထင်တို့၏ ခေတ်ကို မမှီလိုက်သော်လည်း ... ဗိုလ်ဒင်္ဂါး၊ ဗိုလ်စိန်သီးတို့၏ ခေတ်တွင်မူ ကျနော်တို့ မြို့လေးသည် နွေဦး စစ်ဆင်ရေး ကာလများအတွင်း တစ်နှစ်လျှင် တကြိမ်ခန့်တော့ အသိမ်းခံရသည်သာ ...။

သေနတ်သံကြားလျှင် ကျနော်တို့ အိမ်အောက်သို့ ဆင်းကြရ၏။ အိမ်အောက်၌ ဗုံးခိုကျင်းများ တူးထားကြသည်။ ဗုံးခိုကျင်း အတွင်းမှ သေနတ်သံများကို နားထောင်ကြသည်။ မီးညွန့်၊ မီးစွယ်များကို ဗုံးကျင်းအတွင်းမှ ခေါင်းပြူ၍ ကြည့်ကြရသည်။

ကျွဲချိုများ မှုတ်သံကြားလျှင်မူ ဗိုလ်စိန်သီးတို့ မြို့မှ ပြန်၍ဆုတ်ပြီ ...။

နံနက်တွင်မူ မြို့လေး၏ သတင်းမျိုးစုံ ကြားရတော့၏။

အစိုးရ ဆန်စက်က ဆန်ဂိုဒေါင် မီးလောင်သွားတယ် ...။

သမဝါယမဆိုင်တော့ တဆိုင်လုံး မီးလောင်သွားပြီ ...။ သူပုန်တွေ ထွက်သွားပြီးမှ သမဆိုင်က မီးလောင်တာလို့ ပြောတယ် ...။

နံနက်ခင်းသတင်းက စုံသည်။

ပြီးလျှင် ... ကျနော်တို့ ခလေးများ စစ်တိုက်တန်း ကစားကြပြီ ...။ ကစားလျှင် ... သူပုန်ဗိုလ်သာ လုပ်ချင်ကြ၏။

ဤသို့ ... ကျနော်တို့ ကြီးပြင်းခဲ့ကြရသည်။

တပ်ကြပ်ကြီး စောငါးပြား က တပ်ရင်း ၂ဝ သို့ မပြန်တော့ ... ကျနော်တို့နှင့်အတူပင် ဒု-အရာခံဗိုလ် ကျော်သန်း၏ ထောက်ပို့တဲလေး၌ အိပ်၏။ တဲငယ်က မိုး၊ လေ အောက်၌ ဝပ်၍ ကုပ်နေသည်။ လေအဝှေ့တွင် မိုးစက်တို့က တဲအတွင်း လွင့်စင်၍ ဝင်လာသေး၏။ သူသည် လောက်သေရွက် အဖန်ရည်ကို ဝါးခွက်နှင့် သောက်ရင်း ဆေးတံကို တဆုံပြီး တဆုံဖွာ၏။ ၁၉၇ဝ ဝန်းကျင် တော်လှန်ရေးကာလ သူ၏ ဖြတ်သန်းမှု အတွေ့အကြုံများက စိတ်ဝင်စားဖွယ် ကောင်း၏။

မော်ဖိုးကေး ... မဲသဝေါ ... ကာလ တော်လှန်ရေးသမားများ၏ ဘဝစာမျက်နှာများ ...။

ညဥ့်နက်မှပင် ကျနော်တို့ အိပ်ယာ ဝင်ခဲ့ကြ၏။ လေနှင့်မိုးက သည်းဆဲ ...။ သံလွင်မြစ်ပြင် အတွင်းမှ လှိုင်းပုတ်သံများကို ကြားရ၏။ ထိုညက ကျနော် ကျူးဘားမှ ကြယ်နီကြီး ဖီဒယ်ကပ်စထရိုနှင့် တွေ့၏။ အိပ်မက်အတွင်းမှ ဖြစ်သည်။ ဖီဒယ်ကပ်စထရိုက ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် သူနှင့် ပြောက်ကျားရဲဘော် ၂ဝဝ တို့ ကျူးဘားအာဏာရှင် ဘတ္တစတ္တာ၏ မွန်ကာဒါ စစ်စခန်းကို ဝင်ရောက်တိုက်ခိုက် စီးနင်းခဲ့သည့် တိုက်ပွဲအကြောင်းကို ပြောပြနေခြင်း ဖြစ်သည်။

နံနက်တွင်မူ အစီအစဉ်များ အားလုံးက ပြောင်းလဲ၍ သွားပြန်သည်။ KNLA မှ တပ်ကြပ်ကြီး စောငါးပြား၏ တပ်စိတ်နှင့် တပ်မဟာ ၃ နယ်မြေသို့ ဆင်း၍ စစ်ဆင်ရေးထွက်ရန် မဟုတ်တာ့ ...။

ရွှေအိမ်စည်



အမြင့်ပျံငှက် (ဆောင်းပါး)

မင်းဟန်
အင်္ဂါနေ့၊ ဇွန်လ 03 2008 17:55 - မြန်မာစံတော်ချိန်

(က)

Dear ရဲ

ဘုရားသခင် ခင်ဗျားနဲ့အတူ အမြဲရှိနေပြီး အခက်အခဲမျိုးစုံ၊ အန္တရာယ်မျိုးစုံမှ လွတ်မြောက်ရန် ဆုတောင်းလိုက်ပါတယ်။

ချစ်စွာသော ... ရဲရေ ခင်ဗျားမေးတဲ့ ဗိုက်နာတာ ပျောက်ပြီလား ဆိုတဲ့ ကိစ္စ ပျောက်ပြီ။ ဒါပေမဲ့ နဲနဲ နာသေးတယ်၊ ကောင်းကောင်း မပျောက်သေးဘူး။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။

ခင်ဗျားအတွက် အမြဲ ဆုတောင်းပေးပါတယ်။ သမီးလည်း နေကောင်းပါတယ်။

ချစ်စွာသော ... ရဲရေ ခင်ဗျားကို ဘာအစားအသောက်မှ မပို့နိုင်ပါ။ ငွေမရှိတော့ပါ။ တကျပ်တောင် မရှိတော့ပါ။ ငါ့အတွက်လည်း ဝယ်စားစရာငွေ မရှိပါ။

ခင်ဗျားတောထဲမှာ နေရတာ ဘာမှစားစရာ မရှိမှန်း ငါသိပါတယ်၊ ဒါပေမဲ့ ငွေမရှိလို့ ဘာမှမပို့နိုင်ပါ။

ချစ်စွာသော ... ရဲရေ ၊ တော်လှန်ရေးသမားဆိုတာ ငွေ ဘယ်ရှိပါ့မလဲ။ ခင်ဗျား သဘောပေါက်မှာပါနော်၊

ဒါပါပဲ...

(ခ)

၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ။

ထိုစဉ်က ... ကျနော်တို့ အဖွဲ့ချုပ်၏ နယ်စပ်ရုံးကို ‘နောင်လုံ’ တွင် ဖွင့်လှစ်ထားသည်။ မဲ့ကော့မိုင်သို့ပင် မပြောင်းရွှေ့ရသေး။ ဗဟိုဌာနချုပ်ကိုတော့ ‘ထီးခဲဖလှယ်’ မှာပင် ထားသည်။ ထီးခဲဖလှယ်က နယ်စပ်မျဉ်း၏ မြန်မာပြည် အတွင်းပိုင်းဘက် အခြမ်းတွင် ရှိသည်။ KNU ဌာနချုပ်သည်လည်း ထီးခဲဖလှယ်တွင်ပင် ရှိသည်။ ဗိုလ်ချုပ်ကြီး စောဘိုမြသည် ထိုစဉ်က ထီးခဲဖလှယ်တွင်ပင် အမြဲလိုလို နေသည်။ ကျနော်တို့က ပိတောက် မြိုင်စခန်းဟုလည်း ကိုယ်ဘာသာ မြန်မာလို အမည်သစ် ပေးထားကြသေးသည်။ ဒီနေရာတွင် နယ်စပ်မျဉ်းက သိသိသာသာ စီးမခြားထား။ မာနယ်ပလောကဲ့သို့ မဟုတ်။ မာနယ်ပလောကား နယ်စပ်မျဉ်းအဖြစ် သောင်းရင်းမြစ်က တားထားသည်။ ရန်သူ့ထိုးစစ်များ ဆင်းခွဲလာသည့်အခါ ထီးခဲဖလှယ်သည် မာနယ်ပလောကဲ့သို့ နယ်စပ်မျဉ်း ‘အဟန့်’ မခိုင်ခန့်သဖြင့် နောက်ကျောမလုံ။ သတိထားရသည်။

အဖွဲ့ချုပ်သည် တိုင်းရင်းသား လူမျိုးစုများနှင့် အေးအတူ၊ ပူအတူ၊ ငတ်အတူ၊ ပျက်အတူ၊ ရှိအတူ၊ မရှိအတူ၊ ဘဝချင်းထပ်၍ ယုံကြည်မှုကို ထုဆစ်ကြမည်။ ပြီးနောက် ... အမျိုးသား သွေးစည်းမှုကို နိုင်ငံရေးအရ တည်ဆောက်ကြမည်၊ ဤသို့ အဖွဲ့ချုပ်သည် ယုံကြည်ခဲ့သည်။ သို့ဖြစ်၍ မာနယ်ပလော ကျပြီးနောက်ပိုင်း လွတ်မြောက်နယ်မြေအတွင်း ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်း အားထုတ်ခဲ့ကြသည့် အထဲ၌ အဖွဲ့ချုပ်သည်လည်း ပါခဲ့သည်။ ကနဲလေး၊ စခန်းသစ်၊ ထီးခဖလှယ်။ ပြီးနောက် ...။

စခန်းသစ်တွင် အဖွဲ့ချုပ်၏ အလယ်ပိုင်းတိုင်း စခန်းနှင့် ဗဟိုစည်းရုံးရေးဌာန ရှိသည်။ ဗဟိုကျန်းမာရေး ဌာနခွဲလည်း ရှိသည်။ ‘နောင်လုံ’ ကား စခန်းသစ်နှင့် ထီးခဲဖလှယ်အကြား အလယ်ဆုံမှတ်အဖြစ် တည်ရှိနေသည်။ ထိုင်းနိုင်ငံ၏ နယ်စပ်ရွာငယ်လေး ဖြစ်သော်လည်း တယ်လီဖုန်း ဆက်သွယ်ရေးစနစ် ရှိသဖြင့် ပြင်ပသို့လည်း အလွယ်တကူ ဆက်သွယ်နိုင်သည်။ ဤသို့ဖြင့် နောင်လုံသည် အဖွဲ့ချုပ်၏ စီမံခန့်ခွဲရာ ယန္တရား အစိတ်အပိုင်း တခုအဖြစ် ထိုစဉ်က ရှိခဲ့သည်။

(ဂ)

ကျနော် ‘နောင်လုံ’ ရုံးပေါ်သို့ ရောက်သည်နှင့် အားလုံးက ဝိုင်း၍ မေးကြသည်။ စခန်းသစ် အခြေအနေ ဘယ်လိုလဲ။ သူတို့ သိချင်နေကြသည်။ စခန်းသစ်၏ နောက်ဆုံး အခြေအနေနှင့် ပတ်သက်၍ သူတို့ သတင်းမရတော့။ မနေ့ နေ့လယ်မှစ၍ ဆက်သွယ်ရေးစက် ဆက်သွယ်မှု အားလုံး ပြတ်တောက်သွားခဲ့ပြီ။ အင်အား ကြီးမားစွာနှင့် ထိုးဝင်လာသော ရန်သူ့စစ်ဆင်ရေး၏ အောက်၌ စခန်းသစ်သည် မည်မျှအထိ ခုခံ ဟန့်တား ထားနိုင်မည်နည်း။ ပြီးလျှင် ... စခန်းသစ်သည် ပထဝီ အနေအထားအရ ရန်သူ့ထိုးစစ်ကို ခံစစ်သေဖြင့် ခုခံ ဟန့်တားထားနိုင်ရန် အခြေအနေက မပေး။ ဤသည်ကို သိကြသည်။ သို့သော် နောက်ဆုံးအချိန် အထိတော့ ကျွန်ုပ်တို့၏ လွတ်မြောက်ဒေသ အတွင်းသို့ အာဏာရှင်တို့ကို မဝင်ရောက်စေချင်ကြ။ တားဆီး၍ ထားလိုကြသေးသည်။

“မနေ့ညနေက စခန်းသစ် ကျတယ်။ ကျနော်တို့ ဆုတ်ပေးလိုက်တာပါ။ DKBA လည်း ပါတော့ ရန်သူက ဝင်လာရဲတယ်။ ကျနော်တို့ တွေ့တော့ ရန်သူက ကျနော်တို့ စခန်းကုန်း အနောက်က တောင်ကျော်တွေပေါ်ကို ရောက်နေပြီ ချက်ချင်းတော့ မဆင်းလာဘူး။ ၆ဝ မမနဲ့ပဲ လှမ်းထုတယ်။ ဈေးတန်းတော့ မီးလောင်သွားတယ်”

အိမ်ထောင်သည် မိသားစုများ၏ အခြေအနေနဲ့ ပတ်သက်၍ တယောက်က ဝင်မေးသည်။

“အိမ်ထောင်သည် မိသားစုတွေကိုတော့ မနေ့မနက်ထဲက ကျနော်တို့ ကလောထောကို ရွှေ့ထားလိုက်တယ်။ ကလောထော ဘုန်းကြီးကျောင်းထဲမှာ။ KNU ကရော၊ ABSDF ကရော မိသားစုတွေ အားလုံးပဲ။ စခန်းသစ်နားက ဒုက္ခသည် စခန်းက လူတွေလည်း ‘ကလောထော’ ရွာထဲကိုပဲ စုပြုံပြီး ပြောင်းကုန်ကြတယ်။ DKBA လည်း ပါလာတော့ အဲဒီမှာလည်း လုံခြုံရေးက စိတ်မချရဘူး”

ကျနော့်စကား ဆုံးသွားတော့ ... သူတို့အားလုံး ငြိမ်၍ တွေးနေကြသည်။ စခန်းသစ် ကျဆုံးစဉ်ကရော၊ ပါရီ ကျဆုံးခန်း ကဲ့သို့ပင်လား။ သူတို့ ... တွေးကောင်း တွေးနေကြလိမ့်မည်။ ခဏနေ KNU က ကားလာလိမ့်မယ်။ ကျနော်တို့ ထီးခဲဖလှယ် သွားကြမယ်။ ခင်ဗျားလည်း လိုက်ခဲ့ပေါ့ဗျာ။ ဥက္ကဋ္ဌနဲ့လည်း တွေ့လိုက်ပေါ့။ မနက်ဖြန်ကျမှပဲ ကလောထောကို ပြန်တာပေါ့ဟု တယောက်က ပြောသည်။

(ဃ)

ကျနော်တို့ ‘နောင်လုံ’ ရုံးမှထွက်တော့ ညနေ ၃ နာရီခန့် ရှိပြီ။ နေအပူချိန်က မကျသေး။ ကား၏ နောက်ခန်းကိုယ်ထည် အတွင်း၌ကား ငှက်ပျောခိုင်များ အပြည့်တင်ထားသည်။ ငှက်ပျောခိုင်များပေါ်၌ ထိုင်၍ လိုက်ခဲ့ကြသည်။ စစ်ပွဲ ဖြစ်နေသည့် နေရာသို့ သွားမည့် ကားပေါ်၌ ငှက်ပျောခိုင်များကို တင်လာသည့်အတွက် စိတ်ထဲ၌ အံ့သြနေမိသည်။ ဘာလုပ်ဖို့လဲဗျ။ ဒါတွေက ဟူ၍ ငှက်ပျောခိုင်များကို လက်ညှိးထိုးပြရင်း ဘေးမှ တယောက်ကို မေးကြည့်သည်။ အပေါ်က ဖုံးလာတာတွေလေဟု သူက ပြန်ပြောမှ ကျနော် သဘောပေါက်တော့သည်။ ၁၅ မိနစ်ခန့် ရှိသည်နှင့် ကတ္တရာခင်းလမ်းက ဆုံးသွားတော့သည်။ ကတ္တရာခင်းလမ်း အဆုံး၌ ကရင်ဒုက္ခသည် ရွာငယ်လေးတရွာ ရှိသည်။ ဒုက္ခသည် အိမ်များက မြေနီလမ်းကို ဝဲယာ နှစ်ဖက်ညှပ်၍ စီတန်းပြီး ဆောက်ထားကြသည်။ အိမ်ခြေကမူ သိပ်မများလှ။ ၃-၄ဝ ခန့်သာ ရှိမည်။ အချို့ အိမ်များတွင် လူမရှိတော့။ နယ်စပ်တွင် စစ်ပူသဖြင့် ပြောင်းပြေးသွားကြပြီ ထင်သည်။ အိမ်တန်းရှည်များ အဆုံးတွင်တော့ ထိုင်းနယ်ခြားစောင့် တပ်စခန်းတခုကို တွေ့ရသည်။ တပ်အင်အား တိုးချထားသည်ကို မတွေ့ရ။ ယခင်အခါများ ကဲ့သို့ပင်။

ထိုင်းနယ်ခြားစောင့် တပ်စခန်းကို လွန်သည်နှင့် ကားလမ်းသည် အင်းတောကြီးများ အတွင်းသို့ ဖျက်၍ ဝင်သွားတော့သည်။ အင်းပင်ကြီးများက ပေ ၁ဝဝ၊ ၁၅ဝ အထိ မြင့်ကြမည်။ အချို့အပင်များသည် ယောက်ျားကြီးများ လက်ဖြင့် တဖက် ဖက်လျှင်ပင် မှီမည်မထင်။ ခုတ်လှဲပြီးသား သစ်လုံးများလည်း ရှိသည်။ လမ်းက သစ်ထုတ်လုပ်ရေးလမ်း ဖြစ်သဖြင့် ကြမ်းသည်။ ချိုင့်များက နက်သည်။ ကားက ‘ထီးခဲဖလှယ်’ အတွင်းပိုင်းအထိ မောင်း၍မရ။ စမ်းချောင်းတခု၏ ဘေးတွင်ပင် ရပ်လိုက်ရသည်။ ကျနော်တို့ ကားပေါ်မှဆင်းပြီး စမ်းချောင်းကို ဖြတ်၍ ကူးကြသည်။ နွေဦးရာသီဖြစ်၍ ရေက သိပ်မနက်၊ ဒူးဆစ်ခန့်သာ ရှိသည်။ ဝါးရွက်ခြောက်များက ချောင်းငယ်အတွင်း မျော၍နေသည်။ စမ်းချောင်း၏ တဖက်တွင်မူ ဝါးရုံ အုပ်အုပ်များနှင့် ပိတောက်ပင်ကြီးများကို တွေ့ရသည်။ အင်ပင်များကိုမူ မတွေ့ရတော့။

ပိတောက်ပင်ကြီး တပင်ဘေး၌ KNU မှ ရဲဘော်လေး နှစ်ယောက် ကင်းစောင့်နေသည်ကို တွေ့ရသည်။ နယ်စပ်မျဉ်းက သိသိသာသာ စီးခြားထားခြင်း မရှိသဖြင့် နောက်ကျောဘက်တွင်လည်း ကင်းချထားလေဟန် တူသည်။ ရင်ခွဲဘားတိုက်ကြီး နှစ်ခုအနားသို့ ရောက်လာသည်။ ဘားတိုက် အတွင်း၌ကား မည်သူမျှမရှိ။ တိတ်ဆိတ်၍ နေသည်။ လွန်ခဲ့သည့် နှစ်လခန့်ကပင် ဤနေရာ၌ ကျနော်တို့ အဖွဲ့ချုပ်၏ ဒုတိယအကြိမ် ညီလာခံကို ကျင်းပခဲ့ကြသေးသည်။ ဤနေရာ၌ပင် ကျွန်ုပ်တို့ လည်ပင်းကြောကြီးများ ထောင်အောင် ဆွေးနွေးခဲ့ကြသည်။ ဤနေရာ၌ပင် လက်သီးလက်မောင်း တန်း၍ ငြင်းခုန်ခဲ့ကြသည်။ ဤနေရာ၌ပင် ကျနော်တို့ သစ္စာအဓိဋ္ဌာန် ပြုခဲ့ကြသည်။ ယခုတော့ ... ဤနေရာ၏ ဆိတ်ငြိမ်မှုက သားကောင်ကို ချောင်းမြောင်းနေသည့် ကျားရဲတကောင်၏ ငြိမ်သက်မှုမျိုး ဖြစ်၍ နေလေပြီ။

ကျနော်တို့ ဌာနချုပ်က ဖြတ်ကူးခဲ့သော စမ်းချောင်း၏ အညှာဘက်တွင် ရှိသည်။ အဆောက်အဦများက အားလုံး ဆောက်၍ မပြီးသေး။ အစည်းအဝေး ခန်းမနှင့် တွဲ၍ထားသည့် ဥက္ကဋ္ဌ ရုံးခန်း၊ စားရိပ်သာနှင့် လူနေဘားတိုက် တလုံးသာ ဆောက်ရသေးသည်။ ဆေးခန်းနှင့် သင်တန်းခန်းမ ဆောက်ရန်အတွက် ပုံထားသည့် သစ်ပုံများကို တွေ့ရသည်။ ရန်သူ့ထိုးစစ် ဆင်လာသဖြင့် မဆောက်ဘဲ ရပ်ထားဟန် ရှိသည်။ အဆောက်အဦ ၃ ခုစလုံးက စမ်းချောင်းငယ်၏ ဘေးတွင်ပင် ကပ်၍ မေးတင်ပြီး ဆောက်ထားကြသည်။ စားရိပ်သာ၏ ဘေးမြေကွက်လပ်ရှိ စိုက်ခင်းမှ ခရမ်းတို့က သီး၍ပင်နေပြီ။ အရွက်စား မုန်လာပွင့်အဝါနှင့် ကိုက်လန်ရွက်တို့မှာလည်း သန်လှသည်။

ကျနော့်ကို မြင်တော့ ဥက္ကဋ္ဌ က စခန်းသစ် အခြေအနေ ဘယ်လိုလဲဟု ဆီး၍မေးသည်။ ကျနော်က နောင်လုံရုံးမှာ ပြောခဲ့သည့်အတိုင်း ဥက္ကဋ္ဌကို ပြန်၍ ရှင်းပြရသည်။ ဌာနချုပ်ရုံးရှိ ရဲဘော်များ ကျနော်တို့ အနားသို့ စုပြုံရောက်လာကြသည်။ သူတို့လည်း စခန်းသစ် အခြေအနေကို သိချင်နေကြသည်။ အချို့ ရဲဘော်များ၏ မိသားစုများက စခန်းသစ်တွင် ရှိနေကြသည်။ မိသားစုအတွက် စိုးရိမ်ကြပေလိမ့်မည်။ သူတို့ထဲ၌ ရဲဘော်တယောက်ကို ရှာကြည့်သည်။ မတွေ့။ မေးကြည့်သည့်အခါ ကင်းသွား စောင့်နေသည်ဟု ပြောသည်။ သူ့ကို သူ့ဇနီးပေးလိုက်သော စာ ပေးရန် ရှိသည်။ နေလုံးကြီးက ထီးခဲဖလှယ်၏ အနောက်ဘက်ရှိ ခုနှစ်ထွေ တောင်တန်းကြီးနှင့် ကွယ်သွားလေပြီ။ လေအသော့တွင် ဝါးရွက်များက ဖျတ်ဖျတ်လူးနေကြသည်။

မမှောင်ခင် ထမင်းစားလိုက်ကြရင် ကောင်းမယ်ဟု ဥက္ကဋ္ဌက သတိပေး၍ ကျနော်တို့ အားလုံး စားရိပ်သာဆီသို့ ထွက်ခဲ့ကြသည်။ ထမင်းစားရင်း ဥက္ကဋ္ဌက ထီးခဲဖလှယ်၏ အခြေအနေကို ပြောပြနေသည်။ ထီးခဲဖလှယ်၏ အရှေ့မြောက်ဘက် ဥယျာဉ်ခြံတွင် ရန်သူ့စစ်ကြောင်း တကြောင်း ရောက်နေသည်မှာ ၃ ရက်ခန့်ရှိပြီ။ ဥယျာဉ်ခြံက ထီးခဲဖလှယ်နှင့် ကိုက် ၃ဝဝဝ ခန့်သာ ဝေးမည်ဟု ထင်သည်။ ရန်သူသည် ၃ ရက်လုံးလုံး ငြိမ်နေသည်။ လှုပ်ရှားမှုမရှိ။ စခန်းသစ်ဘက်မှ ဆင်းလာမည့် စစ်ကြောင်းများကို စောင့်နေသည်လားဟု ခန့်မှန်းရသည်။ စခန်းသစ် ကျသွားပြီဆိုတော့ စခန်းသစ်ဘက်မှ ရန်သူ့စစ်ကြောင်းများ ထီးခဲဖလှယ်ဘက်သို့ ထိုးလာနိုင်သည်။ ဒီနေ့ည ဒါမှမဟုတ် မနက်ဖြန်။ ခရမ်းသီးပြုတ် တို့စရာက လတ်ဆတ်၍လားမသိ ချိုနေသည်။ ‘ကင်း’ ချိန်းပြီး ပြန်လာသည့် ရဲဘော်လေးက ကျနော့်နားတွင် ဝင်ထိုင်ပြီး ကျနော့်အတွက် စာပါတယ်ဆိုဟု မေးသည်။၊ ကျနော် ထုတ်ပေးလိုက်သည့် စာကို ဖောက်ကြည့်ပြီး ကရင်လို ရေးထားတယ်ဟု သူ့ဘာသာ ရေရွတ်လိုက်သည်။ သူကား ကရင်စာ မဖတ်တတ်။ သူ့ဇနီးသည်က ကရင်လို ရေးလိုက်သည်။ ကျနော်တို့အားလုံး သူ့စာအပေါ် စိတ်ဝင်စားသွားကြသည်။ သူကား အနားတွင် ရှိသော ကရင်ရဲဘော်လေး တဦးကို ခေါ်၍ စာဖတ်ခိုင်းနေသည်။ ကရင်ရဲဘော်လေး ဖတ်ပြနေသည့် စာကို ကျနော်တို့အားလုံး အလိုလို နားစွင့်နေမိကြသည်။

Dear ရဲ

‘-----------------’

‘------------------’

‘ခင်ဗျား တောထဲမှာ နေတာ ဘာမှ စားစရာမရှိမှန်း ငါသိပါတယ်။ ဒါပေမဲ့ ငွေမရှိလို့ ဘာမှ မပို့နိုင်ပါ’

‘ချစ်စွာသော ရဲ ရေ ... တော်လှန်ရေးသမားဆိုတာ ငွေဘယ်ရှိမလဲ ။ ခင်ဗျားသဘောပေါက်မှာပါနော် ...’

စာကား ဆုံးသွားပြီ။ ကာယကံရှင် ရဲဘော်၏ ရင်တွင်မူ မည်သို့ ဖြစ်မည်မသိ။ ကျနော့် ရင်ထဲတွင်မူ လှုပ်ရှား၍ နေသည်။ ကြည်နူးသည်လား။ ကျေနပ်မိသည်လား။ မခွဲခြားတတ်။

မင်းဟန



နာဂစ်မြစ်၊ နာဂစ်ကျိန်စာ နာဂစ်အလွန် ခရီးသွားမှတ်တမ်း (ဆောင်းပါး)

သင်ကာ
အင်္ဂါနေ့၊ ဇွန်လ 03 2008 17:50 - မြန်မာစံတော်ချိန်

လှေဆိပ်နှင့် ကူလီ

ကွမ်းခြံကုန်းရှိ လှေဆိပ်သို့ ရောက်လာသည်။ ရှေ့ဆက်သွားသူရှိသလို ဤလှေဆိပ်မှနေ၍ ပင်လယ်ဝရှိရွာများသို့ သွားကြသည်လည်း ရှိသည်။ ကျနော်တို့ကား တက်ကြွသော လူငယ်အများစုပါသူများပီပီ ခပ်ဝေးဝေး လိပ်ကျွန်းအထိ သွားကြမည်ဖြစ်သည်။ အတွေ့အကြုံရှိပြီး ဦးဆောင် လူငယ်သည် တနေ့ကတည်းက ကွမ်းခြံကုန်းကို ကြိုလာပြီး စက်လှေငှားထားပြီးဖြစ်၍ စက်လှေက အသင့်စောင့်နေသည်။ ကြိုတင် မစီစဉ်နိုင်သူ မှာ ၉၈ ရာခိုင်နှုန်းဖြစ်ရာ စက်လှေငှားမရ၊ ငှားရတော့လည်း လှေဆိပ်ကပ်ဖို့မရှိ ဖြစ်နေရသည်။ တချို့လည်း ခရီးသင့်ရာ စုငှားသွားကြသည်။ ထိုနေ့အဖို့ ကျနော်တို့ အစုသာ အဝေးဆုံးခရီးနှင်ကြသည့်အဖွဲ့ဟု ထင်ပါသည်။

ငွေကျပ်တသိန်းကျော်ဖြင့် ကြိုငှားထားသော စက်လှေကကမ်းကပ်ဖို့ ကြိုးစားချိန် ကျနော်တို့ကလည်း အထုပ်တွေ ကားလမ်းပေါ်ကနေ ရေစပ် အထိ ထမ်းချဖို့ လုပ်ရသည်။ မျက်နှာငယ်လေးများနှင့် ကုန်ထမ်းသမားများကို ငှားလိုက်ချင်သော်လည်း ကိုယ်တွေအဖွဲ့မှာ လူငယ်ယောက်ျား လေးတွေ အများကြီးရှိသည်နှင့် ကိုယ့်ဖာသာ ထမ်းချကြသည်။ ကျနော်လည်း လိုလိုလားလားပင် ကျရာအထုပ် ၀င်ထမ်းပြီး စေတနာကူလီလုပ်ပါ သည်။ ထိုအချိန် ထိုနေရာမျိုးတွင် လူတိုင်းလိုလိုပင် ကိုယ်ချင်းစာချင်း၊ လူသားအချင်းချင်း မေတ္တာထားခြင်းတို့ဖြင့် ပြည့်လျှမ်းနေကြချိန်။ ဘာပဲ ကူညီရ ကူညီရဆိုတာမျိုး။ မိဘဆီမှာ ဘော်ကျော့ ဆိုးပေနေသူ လူငယ်လေးများမှာလည်း တသက်နှင့်တကိုယ်မထမ်း ကြည့်ဖူးသည့် ဆန်အိတ် ကြီးကို သူထမ်းမယ် ငါထမ်းမယ် လုပြီး ကုသိုလ်ယူ ထမ်းချင်နေကြသည့် မြင်ကွင်းကို မြင်ကြစေချင်ပါဘိ။ ကူလီလုပ်ရင်း ချွေးတလုံးလုံးကြားမှာ ပြုံးနေနိုင်ကြပါသည်။


နာဂစ်မြစ်၊ နာဂစ်မြင်ကွင်း


လှေဆိပ်မှ အထွက်တလျှောက် မြစ်ကမ်း အိမ်ယာတွေမှာ ရစရာမရှိ။ အလဲလဲ အပြိုပြို။ ပွင့်ထွက်နေသည့် ဂိုဒေါင်ကြီး သုံးဆောင်မှာ အသစ်ပြီး ကာစ ဖွင့်ပွဲတောင် မလုပ်ရသေးပါတဲ့။ အမိုးအကာ ဘာမှမရှိပဲ ထုတ်လျောက်တန်းလျားပဲ ကျန်သော ကြီးမားလှသည့် ဂိုထောင်ကြီး။ တချို့ စက်လှေ၊ သမ္ဗာန်ကြီးများမှာ မြုပ်တ၀က်၊ ပေါ်တ၀က်။ ခေါင်းစိုက် ဖင်စိုက်။ ကမ်းတလျောက် လူနေအိမ်ခြေတွေမှ မဆုံးသေး၊ ဓနိတောတခု ကြားမှာ လူသေအလောင်းတခုက ဖောင်းကားလျက်။ မုန်တိုင်းပြီး၍ ရက်နှစ်ဆယ်ပင်ကျော်ခဲ့ပြီ။ လူတွေနဲ့နီးနီး အလောင်းတွေရှိနေတာတွေ့တော့ အံ့သြမိသည်။ ဒီလို အလောင်းမျိုးကို ဖယ်ဖို့ခက်မည်ဟုတော့ ခန့်မှန်းမိသည်။ ဓနိတောစပ်ကို ဒီရေနဲ့ မျောဝင်တုန်းက မပုပ်ပွသေး။ အထဲရောက် ပြီး လူသေက ပွပြီးဖောင်းလာတော့ အပြင်ပြန်မရောက်တော့ဘဲ ဓနိတောရှုပ်ရှုပ်ထဲမှာ ပိတ်မိနေတာမျိုး။ ၀ါးနဲ့လည်း ထိုးချ၍ မရ၊ လူဝင်ပြီးဆွဲလို့ လည်း မရ။ ဒီအတိုင်းဖြစ်နေသည်။ ဒါက အရေးမကြီး။ ဒီလူသေ ကျွဲနွားသေတွေနဲ့ ရေစီးရေလာ မနီးမဝေးမှာ ယောင်္ကျား၊ မိန်းမ၊ ကလေးတွေ မြစ်ထဲမှာ ရေချိုးနေကြတာ၊ မြစ်စပ်မှာ မြစ်ရေနဲ့ အ၀တ်လျှော်နေကြတာ။ ရေမှမရှိဘဲနဲ့။ ဒီဒေသခံတွေ ဘယ်မှာလာ ကျန်းမာကြံ့ခိုင်ကြတော့မည် နည်း။ ဘယ်မှာလာ ကျန်းမာရေးနှင့် ပြည့်စုံတော့မည်နည်း။

တဖြည်းဖြည်းနှင့် လူနေအိမ်ခြေရှိ ကမ်းပါးများ နည်းလာပြီး ကျွန်းကလေးတွေ ဟိုဘက် ဒီဘက်နှင့် မြစ်ပြင်ကျဉ်းလိုက်၊ ကျယ်လိုက်၊ မြစ်ခွဲလက် တက်ရောက်လိုက် တွေ့လာရသည်။ မြစ်ဝအရောက်တွင် စက်လှေဆရာက အလောင်းတွေ ရှိသေးကြောင်းပြောရာ ကျနော် မယုံဖြစ်နေသည်။ နာဂစ်အပြီး ရက်ပင် ၂၀ ကျော်ခဲ့ပြီ။ အလောင်းတွေ အရိုးကျလောက်ပြီ။ စက်လှေဆရာစကား မှန်ပေသည်။ ကျွဲနွားအသေတွေ ကမ်းပါးမှာ တွေ့နေရာကနေ ဘွားကနဲဆို ခပ်ပြေပြေ ရွှံ့ကမ်းစပ်ပေါ်တွင် ဦးခေါင်း၊ ကိုယ်၊ ခြေတံ လက်တံတွေ ရှိသေးသော အလောင်းတစ်ခုကို ကို့ရို့ ကားယားနှင့် ဘွားကနဲ တွေ့ရလိုက်ရသည်။ ခရီးသွား အယောက်သုံးဆယ်ကျော်ပါရာ ထိုဘက်ဝိုင်းကြည့်ကြသည်နှင့် စက်လှေကြီးလည်း ယင်းကမ်းပါးဘက် တစ်ခြမ်းစောင်းသွားသည်။ ယောင်္ကျား မိန်းမ ရေထဲမှာ မှောက်လျက်သေသည်၊ ပက်လက်သေသည်ဟု မြို့သားတစ်စု ငြင်းနေကြဆဲ၊ လှေဆရာစကားကြောင့် တိတ်သွားကြသည်။ `မုန်းတိုင်းအကျမှာ သေရတာ သေချင်သလို သေကြတာပါပဲဗျာ၊ မှောက်လျက် ပက်လက်တွေတောင် မရှိနိုင်တော့ပါဘူး´တဲ့။

လူသေတွေ အရိုးမကျပဲ ခန္ဓာမပျက် ရှိနေသေးခြင်းကို ရှင်းပြချင်ပါသည်။ ရေထဲရောက် အလောင်း တော်တော်များများမှာ အရိုးကျကုန်ပြီဖြစ်၍ မမြင်နိုင်ပြီ။ ကလေးအလောင်းတွေဆို မြန်မြန်ပင် အရိုးကျသွားသည်ဟု ဆိုသည်။ ယခု ရက် ၂၀ ကျော် ကြာသည့်တိုင် တွေ့နေရသေးသည့် အလောင်းများမှာ ရေးစပ်စပ်တွင် တင်နေသော အလောင်းများဖြစ်သည်။ မုန်းတိုင်းအကျ ရေတက်စဉ်က ရေသည် ၁၂ ပေ အမြင့်အထိတက် သည်ဆို၏။ ကုန်းမြေများမှာ ကျွန်းမြေပြန့်များဖြစ်ပြီး ကျနော်မှန်းကြည့်ရာ ငါးပေ၊ ခြောက်ပေ အမြင့်မျှသာဖြစ်သည်။ ပြေးတက်စရာကုန်းမြင့် မရှိရကား အကုန်သေကြခြင်းဖြစ်သည်။ ထိုအလောင်းများသည် ညဒီရေတက်ချိန်တွင် ဆားငန်ရေထိလိုက်၊ နေ့အချိန်တွင် နေပူကျဲကျဲထိလိုက်နှင့် ရက်အတန်ကြာသောအခါ ဆားစိမ်သော အလောင်းသဖွယ်ဖြစ်ပြီး အရိုးကျခြင်းသို့ မရောက်ဘဲ ဖြစ်ကာ ကျန်နေကြခြင်းဖြစ်သည်။ ကျွဲနွားအသေ တွေမှာလည်း ထို့အတူပင်။ အရိုးပေါ်တွင် သားရေတင်ပြီး အကောင်သဖွယ် ကျန်နေသေးသည်။ အနံအသက်မကောင်းသည်နှင့် နှာခေါင်းစည်း များ တပ်ထားရသည်။


ဒီဝဋ် ဘယ်သူလည်မလဲ

စက်လှေအမိုးပေါ်တွင် ကျနော်တို့ ယောင်္ကျားလေးများနှင့် ဦးပဇင်းတို့ကလိုက်ကြရာ မတ်တပ်ရပ်ကြည့်လျှင် ကုန်းပေါ်အတော်လှမ်းလှမ်းအထိ မြင်ရသည်။ တစ်နေရာအရောက်တွင် လှေဆရာက အစ်ကို မတ်တပ်ရပ်ပြီး ကြည့်လိုက် သေတာနှစ်ရက်ပဲ ရှိသေးတဲ့ နွားတွေ တွေ့ရလိမ့်မယ်တဲ့။ ကျနော်ထရပ်ပြီး ကြည့်လိုက်ရာ မပုပ်သိုးသေးပဲ ခွာတွေ ဂျိုတွေရော အကောင်းအတိုင်းရှိနေသေးသော နွားတစ်ကောင်ကို ကမ်းစပ် တုန်းလုံးလဲ လျက်သား မြင်ရသည်။ ဖြစ်ပုံကို ကျနော်သိလိုက်ပါပြီ။

လေမုန်တိုင်းအပြီးတွင် ကျွဲနွားအချို့မှာ မသေသော်လည်း လေ၊ ရေတို့ဖြင့်လွင့်ထွက်ပြီး ခြေ၊ လက်၊ နံရိုးတို့ ကျိုးကာ မသွားနိုင်၊ မလာနိုင် လဲနေကြသည်။ ဆေးကု ရေတိုက် အစာကျွေးမည့် သခင်တို့လည်း မရှိပြီ။ ထိုနေရာအနီးတွင် လူသူကျေးရွာကိုလည်း မတွေ့ရ။ စဉ်းစားသာ ကြည့်တော့။ ညဘက်ကျ အေးလိုက်။ နေ့လည် နေလှမ်းခံရလိုက်။ ခြေကျိုး၊ လက်ကျိုး၊ နံရိုးကျိုး ဒဏ်ရာတွေနှင့် မျှင်းးသတ်သလို ခံစားရမည့် ဒုက္ခ။ အရက်နှစ်ဆယ်လောက် နာကျင်ခြင်းဝေဒနာ၊ ငတ်ပြတ်ခြင်း ဝေဒနာတွေ တမြည့်မြည့်ခံစားပြီး သေရသည့်ဘ၀။ ၀ဋ်ဒုက္ခကြီးပေစွဟုသာ စိတ်နှလုံး မသာယာဖြစ်မိသည်။ ဒီလူကျွဲနွားတွေ အဖြစ်မျိုးပဲ လူတွေ မခံရဘူး မပြောနိုင်ပါ။ ယနေ့တိုင် လူသူ အကူအညီ မရောက်သေးသည့် နေရာတွေ ရှိကြပါသေးသည်။ လူတွေသည် လေမုန်းတိုင်း လွင့်ပါကုန်ကြခြင်းဖြစ်သည်။ နေထိုင်သည့် နေရာလေးတွင် ကပ်၍ သေကြ၊ ဒဏ်ရာ ရကြသည် မဟုတ်ပါ။

ခရီးတစ်လျှောက် ချိုင့်ကမ်းစပ်၊ သစ်ပင်တောရုံတို့တွင် လူသေအလောင်းတွေကို တစွန်းတစရော၊ ပီပီပြင်ပြင်ပါ တွေ့ရသည်။ တစ်နေရာတွင် သစ်ပင်အမှိုက်ပုံကြီးလို တွေ့သဖြင့် လှေဆရာကို မေးရာ အရင်ကရွာဟု သိရသည်။ ဘုရားစူး ကြိမ်၍ ရွာဟု ပြောရမလိုပင်၊ အိမ်တိုင်တစ်ငုတ် မကျန်ရစ်ပါ။ သစ်ပင်တွေမှာလည်း အမြစ်လား၊ သစ်ကိုင်းတွေလားဟုပင် ခွဲမရတော့လောက်အောင် ဦးစိုက်တစ်ပင်၊ ကန့်လန့်တစ်ပင်၊ ပြောင်းပြန် တစ်ပင် ဖြစ်ချင်တိုင်းဖြစ်နေတော့သည်။ ဦးခေါင်းမရှိတော့သော မိန်းမဟု ယူဆရသည့် အလောင်းတစ်လောင်းသည် အင်္ကျီအနီလေး ၀တ်လျက် သားနှင့် ထိုကို့ရို့ကားယားသစ်ပင်တွင် ချိတ်နေ၏။ ရေထဲမရောက် ကုန်းပေါ်မတင်နှင့် ဤနည်းနှင်နှင် လူတွေလူလို မသေရသည့် အဖြစ်တွေကို ရင်နင့်ဖွယ် မြင်တွေ့ရပေသည်။ ဒါကိုမြင်လျင် ကျနော်လည်း ကူညီကယ်ဆယ်ရေးအစား စစ်အစိုးရ အားချင်းလုပ်ခဲ့သော `သောက်မဲပေးပွဲ´ကို ပစ်ပစ်နှစ်နှစ် ကြိမ်ဆဲမိပေတော့သည်။ တုတ်တကားကား၊ သေနတ်တကားကားနှင့် တာဝန်ရှိသူတွေဆိုသည် မဟုတ်တာတွေပဲ လုပ်နေသည်ဟု သွားလေလေ မြင်လေလေ သိရလေလေပင် ဖြစ်သည်။


ရေတစ်ပေါက်

သွားလေလေ တွေ့လေလေ၊ နောက်တော့ ဓာတ်ပုံပင် မရိုက်နိုင်တော့ပြီ။ လှေသမားကမူ ဆေးလိပ်ဖွာ မပျက်။ သူအဖို့ ပို၍ ရိုးလို့နေသော မြင်ကွင်း ဖြစ်ပေမည်။ လေဆရာက အလိုက်သိစွာ သေပျောက်ပျက်ဆီးမှုရှိသော ကမ်းများဘက်သို့ ကျနော်တို့ လေ့လာရအောက် ကပ်၍ မောင်းပေးတတ်ပါသည်။ သူစိတ်လိုလက်ရရှိလျှင်လည်း တစ်ချက်တစ်ချက် ရှင်းပြသည်။ လှေကလေးတစ်စင်းနှင့် ၀မ်းရေးအတွက် ငါးဖမ်း နေသူများကိုလည်း တွေ့ရသည်။ အချို့တွေကတော့ အိမ်ယာလေးများ ပြန်ဆောက်လျက်။ ပြန်ဆောက်သည် ဆိုသော်လည်း ပြန်ကောက်ရသမျှ တိုင်နှင့် ဓနိရွက်ကိုင်းအစိုခုတ်လျက် ဖြစ်သလိုမိုးကြခြင်းသာ။ မိုးရွာလျှင် ခိုစရာရှိဖို့ လိုသည်မဟုတ်လား။

တချို့တွေလည်း စက်လှေကလေးတွေနဲ့ တစ်ရွာမှ တစ်ရွာကူးသည်လား၊ မြို့တက်သည်လားမသိ။ တစ်နေရာတွင် စက်တပ်သမ္ဗာန်လေးပေါ်မှ ယောင်္ကျားတစ်ယောက်သည် ကျနော်တို့ရှိရာသို့ လှမ်းမျှော်၍ ပါးစပ်ကို လက်မတေ့ပြချေ၏။ အကြိမ်ကြိမ်လုပ်ပြတော့မှ ကျတော်တို့မြင်လေသည်။ စက်လှေဆရာက ရေတောင်းတာဟု ကျနော်တို့ကို ဘာသာပြန်ပေး၏။ ကျနော်တို့က လက်ရပ်ခေါ်သောအခါ ထိုစက်လှေကလေးထဲတွင် လှဲနေ သော အမယ်အိုတစ်ယောက်နှင့် မိန်းမသုံးယောက်တို့ ခေါင်းထောင်လာ၏။ တစ်ဦးမှာ နေမကောင်းဟန်ရှိပြီး အချို့မှာ စိတ်ပျက်အားငယ်နေပုံ ရ၏။ ကျနော်တို့ စက်လှေအနီး ချဉ်းကပ်လာသောအခါ ရေဗူးငါးယောက်စာ ပစ်ပေးလိုက်သည်။ ကျေးဇူးတင်သော အပြုံးများနှင့် လက်ဝှေ့ရမ်း လျက် ရေဗူးကိုယ်စီ အငမ်းမရဖွင့်နေသော သူတို့တရိပ်ရိပ်ဝေးကျန်ခဲ့တာ ကြည့်ပြီး မျက်ရည်ဝိုင်းမိသဖြင့် နှာခေါင်းဖုံး (Mask) ကို မျက်လုံးနား အထိ ဆွဲတင်လိုက်မိလေသည်။
သင်ကာ