News Article Photo Poem Video Cartoon Music Radio

Friday, December 28, 2007

စည်းရုံးခြင်းအတွက် စည်းလုံးခြင်း (ဆောင်းပါး)

ကလိုစေးထူး
Saturday, 22 December 2007 22:39 - မြန်မာစံတော်ချိန်

လွန်ခဲ့တဲ့ ရက်ပိုင်းတွေက မြန်မာပြည်မှာ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၅၀) နဲ့ တပ်မတော် နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဆင်းပွဲ အမှတ်စဉ် (၁၀) တို့ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီ သင်တန်း ဆင်းပွဲ နှစ်ခုလုံးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

အသက်အရွယ်ရလာလို့ ဇရာဖိစီးလာပုံရတဲ့ အတွက် ချုပ်ကြီးရဲ့ မိန့်ခွန်းတွေဟာ စစ်ရေးပြကွင်းထဲမှာ တန်းစီ မတ်တပ်ရပ်နေတဲ့ ဗိုလ်လောင်း တယောက်ယောက် မူးမေ့ လဲကျသွားလောက်တဲ့ အထိတော့ ရှည်လျားခြင်း မရှိလှတော့ပါဘူး။ သင်တန်းဆင်းပွဲ နှစ်ခုမှာ ပြောသွားတဲ့ မိန့်ခွန်း နှစ်ခုလုံးဟာ ခပ်တိုတိုနဲ့ ပုံစံတွေကလည်း ဆင်တူပါပဲ။

တိုတောင်းလှပေမယ့် သူ ပြောတဲ့ မိန့်ခွန်းနှစ်ခုလုံးမှာ ပါဝင်တဲ့ အချက်တခုကို သတိထားမိပါတယ်။ အဲဒါကတော့ တပ်မတော်ရဲ့ စွမ်းရည် (၃) ရပ် ဖြစ်တဲ့ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည် နဲ့ စည်းရုံးရေး စွမ်းရည်တွေကို ထည့်သွင်း မှာကြားသွားတာပါပဲ။ အဓိကအားဖြင့် စည်းရုံးရေး စွမ်းရည်ကို ပိုမို အလေးထားဟန် ရှိနေတယ်လို့ ဉာဏ်မီသလောက် ထင်မြင် သုံးသပ်မိပါတယ်။

***

စည်းရုံးရေး…။

သုံးလုံးတည်းသော ဒီစကားရပ်ရဲ့ နောက်ကွယ်မှာတော့ ပြည့်ဝတဲ့ အဓိပ္ပာယ်များစွာနဲ့ ပုံဖော် ဆောင်ရွက်သင့်တာ များစွာ၊ ပြီးတော့ သဘောထားကြီး ပြည့်ဝပေးရမယ့် အရာများစွာ လိုအပ်လို့ နေတာကတော့ အမှန်ပါပဲ။ လူတယောက်၊ ဒီထက်ပိုပြီးတော့ လူတစု၊ ဒီထက်ပိုပြီးတော့ လူ့အဖွဲ့အစည်း တခု၊ ဒီထက်ပိုပြီးတော့ လူ့ဘောင် တခုလုံး မိမိဘက်ကို ပါလာဖို့အတွက် `စည်းရုံးရေး´ ဆိုတဲ့ အရာဟာ မရှိမဖြစ် လိုအပ်ချက်တခုပါပဲ။

လုပ်ငန်းဆောင်တာ သေးသေးလေးကိုပဲ ဖြစ်ဖြစ်၊ ကြီးမားတဲ့ စီမံကိန်းကြီး တခုလုံးကိုပဲဖြစ်ဖြစ်၊ လှုပ်ရှားဆောင်ရွက်မှု တခုကိုပဲဖြစ်ဖြစ်၊ စိတ်အားထက်သန်စွာ ပူးပေါင်း ဆောင်ရွက်လိုသူတွေ လိုအပ်ပါတယ်။ တဦးတယောက်တည်း ပုံဖော်ဆောင်ရွက်လို့ ဘယ်လိုမှ မဖြစ်သာတော့တဲ့ အခြေအနေမျိုးမှာ မိမိဆောင်ရွက်တဲ့ အလုပ်ကို စိတ်ပါဝင်စားလာအောင်၊ စိတ်ပါဝင်စားမှုကမှ တဆင့်တက်လို့ ပူးပေါင်းပါဝင်လာအောင် လိုက်လျောညီထွေတဲ့ အနေအထားမျိုးစုံကနေ ဆွဲဆောင်မှုတွေ ပြုလုပ်ရတာကို `စည်းရုံးရေး´ လို့ အဓိပ္ပာယ် ဖွင့်နိုင်ပါတယ်။

မြန်မာစစ်တပ်ကတော့ ဒီအချက်ကို သူတို့ နည်းသူတို့ဟန်နဲ့ ပုံဖော်ပါတယ်။ စည်းရုံးရေး စွမ်းရည် ပြည့်ဝမှုဆိုတာကိုလည်း သူတို့ စစ်တပ်တွင်းမှာ အလေးထားစရာ အချက်တချက် အဖြစ်နဲ့ စစ်ခေါင်းဆောင်တွေကို အကဲဖြတ်ပါတယ်။ ဥပမာအားဖြင့် တနှစ်ပတ်လုံးမှာ တပ်သားသစ် အနိမ့်ဆုံး အယောက် ၃၀ မှ ရအောင် မစုဆောင်းနိုင်တဲ့ တပ်ရင်း/တပ်ဖွဲ့က တပ်မှူးဟာ `စည်းရုံးရေး စွမ်းရည် ညံ့ဖျင်းတယ်´ လို့ သတ်မှတ်ပါတယ်။ အတင်းအဓမ္မ စုဆောင်းလို့ပဲ ဖြစ်ဖြစ်၊ ကလေးသူငယ်တွေကို လှည့်ဖျားသွေးဆောင်တာပဲ ဖြစ်ဖြစ် ပုံစံမျိုးစုံနဲ့ တပ်သားသစ် များများ စုဆောင်းနိုင်တဲ့ တပ်ရင်းဟာ `စည်းရုံးရေး စွမ်းရည် ကောင်းတယ်´ လို့ သတ်မှတ်ပေးပါတယ်။

စစ်တပ်ထဲမှာ ထူးခြားချက် တခုကတော့ စည်းရုံးစရာ သိပ်မလိုလှဘဲနဲ့ ပြန်တမ်းဝင်အဆင့် အရာရှိတွေဟာ အင်မတန်မှ စည်းလုံးပါတယ်။ အရာရှိပေါက်စတွေ အမှားတခုခု လုပ်မိရင်လည်း အကောင်ကြီးကြီး အရာရှိကြီးတွေက တတ်နိုင်သမျှ လျှော့လျှော့ပေါ့ပေါ့ အရေးယူဆောင်ရွက်တာတွေ၊ အခြားအဆင့် စစ်သည် တယောက်ယောက်နဲ့ အရာရှိ တယောက်ယောက် ကတောက်ကဆ တခုခုဖြစ်ခဲ့ရင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ အရာရှိကသာလျှင် များသောအားဖြင့် အသာစီးရလေ့ရှိတာဟာ အရာရှိအချင်းချင်း စည်းလုံးနေစေဖို့ အသုံးချတဲ့ စည်းရုံးရေး လက်နက် တခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အတူတကွ တက်ရောက်ခဲ့ကြရတဲ့ ဗိုလ်လောင်း သင်တန်းက သံယောဇဉ်တွေကလည်း စစ်တပ် အရာရှိ အချင်းချင်း တထူးတလည် စည်းရုံးစရာ မလိုလှတဲ့ စည်းလုံးခြင်းတွေကို ဖြစ်စေပါတယ်။ ဒါကြောင့်လည်းပဲ ကျနော်တို့နဲ့ ယနေ့အချိန်မှာ အနီးကပ်ဆုံးအားဖြင့် ထိတွေ့ ဆက်ဆံနေရတဲ့ ရုရှရောက် မြန်မာစစ် အရာရှိငယ်များဟာ အင်မတန်မှ စည်းလုံးဟန် ရှိတာကို သတိထားမိပါတယ်။

သာဓက တခု တင်ပြရရင် လွန်ခဲ့တဲ့ ၇ လ ကျော်ခန့်တုန်းက ရုရှရောက် စစ်ဗိုလ်တယောက် မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ပုတ်ခတ်စော်ကားတာကို ဝေဖန်ထောက်ပြတဲ့ ကျနော့် ဆောင်းပါး တပုဒ် ခေတ်ပြိုင် ဂျာနယ်မှာ ဖော်ပြပါရှိစဉ်တုန်းက အဲဒါကို ဖတ်မိတဲ့ ရုရှရောက် စစ်ဗိုလ် အတော်များများဟာ ဆောင်းပါးရဲ့ အဓိကဆိုလိုရင်း ဖြစ်တဲ့ ဗိုလ်ချုပ်ကို စော်ကားသူ အဲဒီ စစ်ဗိုလ်ပေါက်စကို အချင်းချင်း ထိန်းသိမ်းတည့်မတ်ပေးလိုတဲ့ အချက်ထက် သူတို့ စစ်တပ်အရာရှိသင်တန်းနဲ့ စစ်ဗိုလ်တွေကို ပုတ်ခတ်တယ် ဆိုတဲ့ အချက်ကိုသာ တက်ညီလက်ညီနဲ့ တစည်းတလုံးကြီး အလေးထား ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။ အဲဒီ စစ်ဗိုလ်က ကိုယ်ပိုင်ဘလော့ဂ် ရေးပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းကို နောက်ထပ်တခါ ပုတ်ခတ်စော်ကား ပြန်တော့လည်း သူတို့ ရုရှရောက် အချင်းချင်း ဘယ်သူကမှ ထိန်းသိမ်း တည့်မတ်ပေးတာ မရှိခဲ့ပါဘူး။

ဒါပေမယ့် မကြာသေးခင်ကာလကတော့ ရုရှရောက် စစ်ဗိုလ်တယောက်ရဲ့ ပါစင်နယ်နဲ့ ဆိုင်တဲ့ ဓာတ်ပုံတချို့ကိစ္စကို နာမည်ကြီး ဘလော့ဂါတယောက်ရဲ့ ဘလော့ဂ်ပေါ်မှာ တင်ပြတဲ့ အခါမှာတော့ ရုရှရောက် စစ်ဗိုလ်တော်တော်များများက တညီတညာနဲ့ ကန့်ကွက်ကြပါတယ်။ တကယ်တမ်းမှာတော့ အဲဒီ ဘလော့ဂါကြီးကို ဝေဖန်ထောက်ပြတဲ့ အထဲမှာ ဒီမိုကရေစီ လိုလားသူတွေလဲ ပါဝင်ခဲ့တာပါပဲ။

တဖက်က စစ်ဗိုလ်တွေက ဟုတ်တဲ့နေရာရော၊ မဟုတ်တဲ့နေရာရော အဲဒီလို စည်းလုံးနေတဲ့ အချိန်မှာ ကျနော်တို့ ဒီမိုကရေစီ လိုလားသူတွေဘက်မှာ တခါတရံမှာ မလိုအပ်လှတဲ့ ထိခတ်မှုတွေနဲ့ အလုပ်များနေတာကို တွေ့ရတော့ ၀မ်းနည်းမိပါတယ်။

တကယ်တမ်း စဉ်းစားကြည့်ရင် ကျနော်တို့ အားလုံး (ဒီမိုကရေစီလိုလားသူ မှန်သမျှ) မှာ ပုံစံတွေ မျိုးစုံ ကွဲပြားနေရင်တောင် စုတ်ပြတ်သတ်နေတဲ့ ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ အခြေအနေကြီးကို ပြောင်းလဲမှု တစုံတရာကနေ တဆင့် ယခုထက် ပိုပြီးတော့ ကောင်းမွန်တဲ့ အနေအထားကို ရောက်စေချင်ကြတဲ့ ဆန္ဒရှိသူတွေချည်းပါပဲ။ တဖက်မှာတော့ ကျနော့်တို့ရဲ့ အဲဒီ ဆန္ဒကို ရိုက်ချိုးပြီးတော့ သူတို့ရဲ့ နေရာကို မြဲနိုင်သမျှ မြဲအောင် ခြေကုပ်ယူထားတဲ့ စစ်အာဏာပိုင်တွေနဲ့ သူတို့ကို ထောက်ခံသူတွေ…။

အဲဒီ ဘက်နှစ်ဖက်ရဲ့ အလယ်မှာတော့ ကျနော်တို့ အတွက် အင်မတန်မှ အရေးကြီးလှတဲ့ အင်အားစုကြီး ရှိနေပါတယ်။ အဲဒါကတော့ `ပြည်သူလူထု´ ပါပဲ။ အဲဒီ ပြည်သူလူထုဟာ စစ်တပ်ကိုရော ကျနော်တို့ကိုပါ စောင့်ကြည့်နေတယ် ဆိုတာဟာ ကျနော်တို့ ဘယ်လိုမှ မေ့ထားလို့ မရတဲ့ အချက်ပါပဲ။

လက်ရှိ အခြေအနေမှာ စစ်တပ်ဟာ ပြည်သူလူထုကို အကာအကွယ် ပေးမနေဘူးဆိုတဲ့ အချက်နဲ့ စစ်တပ်ကို ပြည်သူက နာကျည်းနေတယ်ဆိုတဲ့ အချက်ဟာ သေချာနေပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ကျနော်တို့ လိုလားတဲ့ ဒီမိုကရေစီ စနစ်ကို ပြောင်းလဲပစ်ဖို့အတွက် လုံလောက်တဲ့ အချက်တော့ မဟုတ်သေးပါဘူး။ အဲဒီ နာကျည်းမှုတွေကမှ တဆင့် ပူးပေါင်းပါဝင် ဆန့်ကျင်မှု ဆိုတဲ့ အရာဆီကို ရောက်လာဖို့ လိုပါသေးတယ်။ ဒီတော့ ကျနော်တို့ကလည်း အဲဒီ ပြည်သူလူထုနဲ့ တသားတည်း ဖြစ်နေခြင်းအားဖြင့် စည်းရုံးရေးကို သိမ်မွေ့စွာ ဖော်ဆောင်သင့်ပါတယ်။

ကျနော်တို့ စည်းရုံးရမယ့် ပြည်သူတွေထဲမှာလည်း အလွှာပေါင်းစုံနဲ့ လူတန်းစား ပေါင်းစုံ ပါဝင်နေပါတယ်။ သူတို့တတွေ ကျနော်တို့ကို နားလည်လာအောင်၊ ကျနော်တို့နဲ့ အတူတူ ပူးပေါင်းပါဝင်လာအောင် ကြိုးစားရမယ့် အချိန်မှာ ကျနော်တို့ အချင်းချင်း ထိခတ် စီးချင်းထိုးနေကြသင့်ပါသလား…။ နည်းနည်းလေး လုပ်နိုင်တဲ့ လူပဲ ဖြစ်ဖြစ်၊ အများကြီး လုပ်နိုင်တဲ့ လူပဲဖြစ်ဖြစ် လမ်းတခုကို ဦးတည်လျှောက်လှမ်းနေသူ အချင်းချင်း စည်းလုံးညီညွှတ်လှစွာနဲ့ အတူတူပူးပေါင်း လျှောက်လှမ်းချင်သူတွေ များသထက်များလာအောင် ကျနော်တို့ စည်းလုံးကြပါစို့လား…။

နောက်တချက်…။

ရုရှကို ရောက်နေတဲ့ စစ်ဗိုလ်တယောက်ကို စစ်ယူနီဖောင်းချွတ်ပြီးတော့ သူ့စစ်တပ်ကို ပြန်ဆန့်ကျင်ဖို့အထိ ကျနော်တို့ ဘယ်လိုမှ မျှော်လင့်ထားလို့ မရပါဘူး။ ဒါပေမယ့် သူ့ရဲ့ စိတ်ထဲ အတွေးထဲကို ကျနော်တို့အားလုံး လိုလားတာ၊ ကျနော်တို့ ခံစားနေရတာတွေဟာ ဒါတွေပါလား၊ သူတို့ အမှန်တကယ် လုပ်သင့်တာဟာ ဒါတွေပါလား ဆိုတာကို သိသွားအောင်တော့ ကျနော်တို့ လုပ်နိုင်ပါတယ်။ အဲဒီကမှ တဆင့်ပဲ ပြောင်းလဲခြင်းကို ကျနော်တို့ ဖော်ဆောင်ဖို့ ကြိုးစား စည်းရုံးသင့်တယ်လို့ ထင်မိပါတယ်။ ခက်ခဲမှုတွေကတော့ များစွာ ရှိနေနိုင်ပါတယ်။ အသားသေနေတဲ့ အမြင်တွေ၊ အရိုးစွဲနေတဲ့ ၀ါဒတွေ၊ မစွန့်လွှတ်လိုတဲ့ အခွင့်အရေးတွေကို ကျော်လွှားပြီးတော့ `စည်းရုံးရေး´ ဆိုတဲ့ အရာကို ကျနော်တို့ ပါးနပ်စွာ ဖော်ဆောင်ဖို့ လိုအပ်တာကတော့ အမှန်ပါပဲ။

ရေးတာ အတန်ငယ် ရှည်လျားခဲ့ပါပြီ။ အထက်က ရေးခဲ့တာ အားလုံးကို လုံးဝ ဥဿုံ လက်ခံနိုင်ချင်မှ လက်ခံနိုင်မယ် ဆိုတာ ကျနော် နားလည်ပါတယ်။ ကျနော် ရေးခဲ့တာရဲ့ လိုအပ်ချက်နဲ့ ဖြည့်လိုတဲ့ အချက်ကို မိမိ ထင်မြင်တဲ့ ရှုထောင့်ကနေ စိတ်ကြိုက် ထောက်ပြနိုင်ပါတယ်။ အဓိကက ကျနော်တို့ အဖြေတခု ကောင်းကောင်း ထုတ်နိုင်ဖို့ပါပဲ။ လုပ်ဆောင်ရမယ့် စည်းရုံးရေးအတွက် လိုအပ်နေတဲ့ စည်းလုံးမှုကိုတော့ ခိုင်ခိုင် ကိုင်ထားရမယ်ဆိုတာ သေချာနေပါပြီ။

ကလိုစေးထူး

Friday, December 7, 2007

လှိုင်းတံပိုးအကြား ကူးခတ်ရှင်သန် မြန်မာအနုပညာရှင်များ (သတင်းဆောင်းပါး)

နန်းဒေဝီ
Thursday, 06 December 2007 17:46 - မြန်မာစံတော်ချိန်

စက်တင်ဘာလတုန်းက ဆန္ဒပြသံဃာတော်တွေကို ထောက်ခံအားပေးတယ် ဆိုတဲ့ စွပ်စွဲပြီး နှစ်ပေါင်း ၃ဝ ကျော် ကာတွန်းဆွဲလာတဲ့ လုပ်ငန်းကို မြန်မာ အာဏာပိုင်တွေက အခုလို ရုတ်တရက် ပိတ်ပင်လိုက်တဲ့အတွက် စာဖတ်သူ ပရိတ်သတ်နဲ့ ဝေးကွာသွားရလို့ စိတ်မကောင်း ဖြစ်ရတယ်လို့ ဝါရင့်ကာတွန်းဆရာ အော်ပီကျယ်က ရင်ဖွင့်လာပါတယ်။

“အခုတော့ ကာတွန်း မဆွဲရတော့ဘူးလေ။ ကျနော့်ကာတွန်းကို ပရိတ်သတ်တွေက မတွေ့ရတော့ဘူး ဆိုတော့ ဘယ်စိတ်ကောင်းမလဲ။ ကိုယ်တိုင်လည်း စိတ်မကောင်းဘူးပေါ့” လို့ ဆိုပါတယ်။

“အပိတ်ခံလိုက်ရတာကို ကျနော်တို့ကိုယ်တိုင် သိရပါတယ်။ ကြော်ငြာ ကုမ္ပဏီတွေ ကိုယ်တိုင် ပြောပြတယ်။ ဆရာ့ ကာတွန်းတော့ အပိတ်ခံလိုက်ရပြီ။ ကြော်ငြာခွင့် မရတော့ဘူးလို့ ပြောပါတယ်။ နောက်ပြီးတော့ တချို့တွေမှာ ကျနော်နဲ့ ပတ်သက်လို့ ကျနော့် မိတ်ဆွေတွေရဲ့ ဆောင်းပါး၊ ဝတ္ထုထဲမှာ ကျနော့်နာမည် ပါရင်လည်း ပိတ်တယ်” လို့ ဆက်ပြောပါတယ်။

ကာတွန်းဆရာ အောင်ပီကျယ်အပါအဝင် အနုပညာရှင်၊ စာပေပညာရှင် ၁၉ ယောက်နဲ့ သူတို့တွေရဲ့ အနုပညာ လုပ်ပိုင်ခွင့်တွေကို အာဏာပိုင်တွေက ပိတ်လိုက်တာပါ။

အနုပညာရှင်၊ စာပေပညာရှင် အသိုင်းဝိုင်းကတော့ အခုလို အနုပညာ လုပ်ပိုင်ခွင့် ပိတ်လိုက်တာဟာ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေအတွက် သူတို့အသက်ကိုတောင် တပါထဲ သတ်လိုက်တာနဲ့ အတူတူပဲလို့ မှတ်ချက်ပြုကြပါတယ်။

ရုပ်ရှင်လောကမှာလည်း နာမည်ကျော်ကြား လူကြိုက်များတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆုရှင် ဦးကျော်သူကိုလည်း ဆင်ဆာခွင့်ပြုချက် ရပြီးတဲ့ ရုပ်ရှင်နဲ့ ဗွီဒီယိုကား ၂ဝ လောက်ကို ရုံတင်ပြသခွင့် ပိတ်ပင် ထားပါသေးတယ်။

“ရုံတင်ခွင့်တောင် ပိတ်ထားတယ် ဆိုတော့ ရိုက်ကူးခွင့်ပါ တခါထဲ ပိတ်ထားလိုက်တာနဲ့ အတူတူပါပဲ။ အဲဒီလို လုပ်လိုက်တော့ အနုပညာသမားတွေကို အသက်ကိုပါ သေအောင် လုပ်လိုက်တာနဲ့ အတူတူပဲဗျ” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က နအဖ ရုံးစိုက်တဲ့ ကျပ်ပြေးအရပ်မှာ စစ်အစိုးရက သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်။ အစိုးရ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ၊ သံရုံးအကြီးအကဲတွေ၊ ပြည်တွင်းပြည်ပ သတင်းထောက်တွေ တက်ရောက်တဲ့ပွဲပါ။

သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းက သံဃာလူထု လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုရာမှာ သံယာတော်တွေကို ဆွမ်းကပ်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ လူရွှင်တော် ဇာဂနာ ခေါ် ကိုသူရ၊ စာရေးဆရာမ သန်းမြင့်အောင် တို့ကို မျိုးချစ်စိတ် ဓာတ်ခံအားနဲတဲ့ အနုပညာသည်တွေအဖြစ် ပြန်ကြားရေး ဝန်ကြီးက စွပ်စွဲပြောဆိုခဲ့ပြီး၊ မသမာသူလူတစု သွေးထိုးမူကြောင့် ယောရောင်လိုက်ပါသူတွေ ဖြစ်တယ်လို့ စွပ်စွဲ ပုတ်ခတ်ခဲ့ပါတယ်။

အခုလို အနုပညာသည်တွေကို လုပ်ပိုင်ခွင့်တွေ ပိတ်ပင်လိုက်လို့ စားဝတ်နေရေးကို ထိခိုက်စေရုံသာမက ဝါသနာပါတဲ့ အနုပညာလုပ်ငန်းကနေ သွေဖြီသွားအောင် ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်လိုက်တာ ဖြစ်တယ်လို့ အနုပညာရှင်တွေက ဝေဖန်ကြပါတယ်။

ကာတွန်းဆရာ အော်ပီကျယ်က “အခက်အခဲက လောလောဆယ်မှာ နဲနဲတော့ ခက်တာပေါ့။ သို့သော် ကျနော်က နဂိုကတည်းက ကွန်ပြူတာ Graphic design လေးပါလုပ်တော့၊ Logo လေးတွေဘာတွေ လုပ်တော့ အဲဒီ Commercial အလုပ်လေးတွေတော့ မထိခိုက်ပါဘူး” လို့ ဆိုလာပါတယ်။

ရုပ်ရှင်မင်းသား ဦးကျော်သူကလည်း “ကျနော့်မှာ နာရေးလုပ်ငန်းလေး ရှိသေးတော့ ခံသာပါသေးတယ်။ ကျနော်ကိုယ်တိုင် နာရေး ဦးဆောင်လာတော့ အလုပ်လည်း တော်တော်တိုးလာတယ်။ လူအများကလည်းပဲ ဒီဟာကို အားပေးကြတယ်” လို့ ပြောပါတယ်။

ကလောင်အမည်ကို အပိတ်ခံရတာကြောင့် စာပေပညာရှင် တချို့က သူတို့ရဲ့ စာမူတွေကို ကလောင်ပြောင်းပြီး ရေးကြည့်ပေမယ့် စာရေးသူတွေရဲ့ ကိုယ်ရေး ရာဇဝင်တွေကို စာပေစိစစ်ရေးက တောင်းလေ့ရှိတာကြောင့် အခက်အခဲ တွေ့ရပြန်ကြောင်း ကာတွန်းရေးဆရာ အော်ပီကျယ်က အခုလို ပြောပါတယ်။

“ကျနော်တော့ ကလောင်ပြောင်းသုံးပြီး ကာတွန်းဆွဲတာကိုတော့ ရှောင်တယ်။ ကျနော်တို့ရဲ့ စာတမျက်နှာကြောင့် မဂ္ဂဇင်း၊ ဂျာနယ်တွေ ထုတ်တဲ့အခါ သူတို့မှာ အဆင့်ဆင့် ဖြတ်ကျော်ပြီး လုပ်ရတော့ ပြဿနာတွေ၊ အခက်အခဲတွေ ဖြစ်မှာကို မလိုလားဘူး။ ဒါကြောင့် ကျနော် ဒီအတိုင်းပဲ ကာတွန်းမဆွဲဘဲ နေလိုက်တယ်” လို့ ပြောဆိုပါတယ်။

အခုလို အဖက်ဖက်က ပိတ်ပင်တားဆီးမှုတွေ အထပ်ထပ် လုပ်ထားလို့ ကာယကံရှင် အနုပညာရှင်တွေသာ မကဘဲ သူတို့ရဲ့ ပရိသတ်တွေ အတွက်ပါ စာပေဆိုင်ရာ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ကြရတယ်လို့ အော်ပီကျယ်က အခုလို ထောက်ပြ ဝေဖန်ပါတယ်။

“အဓိကတော့ ကလောင်နာမည်ကို စာဖတ်သူတွေကလည်း အမြဲတမ်း မျှော်လင့်နေကြတယ်။ နောက် အားလုံးကလည်းပဲ ကျနော်ရေးတဲ့ ကာတွန်းလေးကို နှစ်ခြိုက်ကြတယ်လေ။ ဒါပေမယ်လို့ သူတို့တွေ ဖတ်ခွင့်မရှိတော့ ကျနော်တို့နဲ့ အလှမ်းဝေးသွားတာပေါ့” လို့ ဆိုပါတယ်။

စာပေစိစစ်ရေးက တချို့ စာပေအနုပညာရှင်တွေကို ဆင်ဆာက တင်းကျပ်၊ အကန့်အသတ်နဲ့ ထုတ်ဝေခိုင်းသလို အာဏာပိုင်တွေကို ဝေဖန်ပြောဆိုတဲ့ စာရေးဆရာတွေကို Black Lists စာရင်းမှာ မှတ်သားထားလေ့ ရှိပါတယ်။

ဒါပေမဲ့ စစ်တပ်နဲ့နီးစပ်တဲ့ ဆွေမျိုး အသိုင်းအဝိုင်းတွေရဲ့ ဂျာနယ်၊ မဂ္ဂဇင်း ထုတ်လုပ်သူတွေနဲ့ အာဏာပိုင်တွေရဲ့ အာဘော်ကို ပံ့ပိုးဝန်းရံ ရေးသားချက်တွေကို ထည့်သွင်း ထုတ်ဝေပေးတဲ့ စာပေ လုပ်ငန်းရှင်တွေကိုတော့ မျက်နှာသာ ပေးတာကတော့ ခေါက်ရိုးကျိုးနေတဲ့ နအဖ စာပေကင်ပေတိုင်ရဲ့ ကျင့်ဝတ်တခု ဖြစ်နေပြီလို့ ရန်ကုန် စာပေ အသိုင်းအဝိုင်းက ဝေဖန်ကြပါတယ်။

မကြာသေးခင်က ပြည်သူ့အချစ်တော် စာရေးဆရာမကြီး လူထုဒေါ်အမာ ရဲ့ ၉၂ နှစ်မြောက်မွေးနေ့မှာ စာပေလောကမှ ကဗျာဆရာတစုက အမှတ်တရကဗျာတွေ ဝေငှကြသလို၊ ကဗျာ ရွတ်ဆိုခဲ့ကြတဲ့အတွက် အာဏာပိုင်တွေက ကဗျာဆရာ နွယ်စိမ်းဝေ (၃ဝ နှစ်) ကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်း ဇနီးသည်က အခုလို ပြောပြပါတယ်။
“သူ့ကို ခဏဆိုပြီးတော့၊ မေးစရာတွေ ရှိလို့ဆိုပြီး ခေါ်ယူစစ်ဆေးတယ်။ ပြီးတော့ အဲဒီနေ့မှာပဲ ပြန်လွှတ်လိုက်တယ်။ ဘာတွေမေးတယ် ဆိုတာက ကျမ ခင်ပွန်းပဲ သိမယ်ရှင်။ အခု သူ ကားသွားပြင်နေတယ်” လို့ သူက ဆိုပါတယ်။

တချို့ စာရေးဆရာတွေ၊ ကဗျာဆရာတွေ အများစုကတော့ အာဏာပိုင်တွေကနေ လိုက်လံ ရှာဖွေနေတာကြောင့် ပုန်းရှောင်နေရပါတယ်။

ကာတွန်းဆရာ အော်ပီကျယ်ရဲ့ မိတ်ဆွေတွေရေးတဲ့ စာမူမှာ အော်ပီကျယ် နာမည်ကိုတောင် ရေးသားဖော်ပြခွင့် မပေးပါဘူး။ ဦးအော်ပီကျယ်ကတော့ ကာတွန်းရေးဆွဲသူက ကာတွန်းကိုပဲ ရေးဆွဲသင့်တဲ့အကြောင်း အခုလို ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

“ကာတွန်းကတော့ အဓိက။ သူ့ဟာသူ ဝင်ငွေနဲသည် ဖြစ်စေ၊ များသည်ဖြစ်စေ ကာတွန်းဆရာက ကာတွန်း ရေးရမှာပဲလေ” လို့ ပြောဆိုပါတယ်။

Tuesday, December 4, 2007

ဒေါ်စုကို ပံ့ပိုးပေးကြပါ။ ကိုယ့်တာဝန် ကိုယ်ကျေနိုင်ကြပါစေ (ဆောင်းပါး)

ဘိုဘိုကျော်ငြိမ်း
Tuesday, 04 December 2007 21:32 - မြန်မာစံတော်ချိန်

လက်ရှိ ဗမာနိုင်ငံရဲ့ အခြေအနေဟာ သိမ်မွေ့တယ်လို့လဲ ဆိုနိုင်တယ်။ ကျနော် အမြဲတင်ပြခဲ့သလို ကျနော်တို့ နိုင်ငံရဲ့ နောက်ဆုံးမိုင် The last mile ကို ဒေါ်စု တယောက်ပဲ လျှောက်နိုင်ပါတယ်။ နိုင်ငံအတွက် ငြိမ်းချမ်းသောနည်းနဲ့ အဖြေရှာ ရမယ်ဆိုရင်၊ တွေ့ဆုံ ဆွေးနွေးရေးနဲ့ အဖြေရှာရမယ်ဆိုရင် လူထုကိုယ်စား၊ တိုင်းပြည်ကိုယ်စား ဒေါ်စုပဲ နောက်ဆုံးမိုင်ကို ဦးဆောင်လျှောက်နိုင်ပါတယ်။ တကမ္ဘာလုံးနဲ့ တပြည်လုံးက ဒေါ်စုကိုပဲ ယုံကြည်အားကိုးကြလို့ပါ။

ဒါပေမယ့် လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်လေ့ရှိပါတယ်။ ပြည်သူအများက ငြိမ်းချမ်းရေးနဲ့ တိုင်းပြည် တိုးတက်ရေးကို လိုလားပေမယ့် ဓါးမိုးအုပ်ချုပ်လျှက်ရှိတဲ့ စစ်အာဏာရှင်တွေကလည်း တိုင်းပြည်နဲ့ လူမျိုးအပေါ် စေတနာရှိမှ၊ ငြိမ်းချမ်းစွာ အဖြေရှာလို့ ရနိုင်ပါမယ်။ နိုင်ငံရေးဆိုတာ အာဏာနဲ့ ရောယှက်နေတာကြောင့် အာဏာလက်ကိုင်ထားသူတွေဟာ လွယ် လွယ်နဲ့ အာဏာကို လွှဲပေးလေ့ မရှိပါဘူး။ ဥပါယ်တမျည်နဲ့ ရှေ့တိုး နောက်ဆုတ် အမျိုးမျိုး ဉာဏ်ကစား လှည့်ဖျားပြီး မတတ်သာမှ အလျှော့ပေးလေ့ ရှိကြပါတယ်။ ဒါကြောင့် လက်ရှိ အခြေအနေဟာ အလွန်သိမ်မွေ့ပြီး ဒေါ်စုနောက်က "တသံ" တည်း ထွက်နိုင်မှ အင်အားပြနိုင်မှ တော်ရုံကျမယ်လို့ ထင်မြင်မိပါတယ်။

လူ့ဘ၀မှာ အခွင့်အရေး (opportunity) ဆိုတာ နှစ်ခါဆက်တိုက် လာလေ့ မရှိတတ်ကြပါဘူး။ ရတောင့်ရခဲ အသက်ပေါင်း များစွာနဲ့ ရင်းခဲ့ရတဲ့ အခွင့်အရေးကို လက်လွတ်မသွားစေချင်ပါ။ လက်ရှိ အခြေအနေကို လက်တွေ့ကျကျ သုံးသပ်ပြီး ထောက်ခံသင့်တာကို ထောက်ခံ၊ လုပ်သင့်တာကို လုပ်ပြီး (အားလုံး) ကိုယ်စီ ကြိုးစားကြဖို့ လိုအပ်ပါတယ်။

တဘက်ကလည်း မျက်စေ့မှိတ်ပြီး မျှော်လင့်ချက် မပိုစေချင်ပါ။ ယနေ့အခြေအနေဟာ မျှော်လင့်ချက် ရောင်ခြည်သန်းတဲ့ အဆင့်ပင် မရောက်သေးပါ။ မျှော်လင့်စရာရှိနိုင်သည့် အခြေအနေသို့သာ ရောက်ပါသေးသည်။ မျှော်လင့်ချက် (hope) ပေး ပြီး နိုင်ငံရေးကစားနိုင်သည်ကိုလည်း မေ့၍ မရပါ။ ၁၉၈၈ (၈၈၈၈) ပြည်သူ့အုံကြွမှုကြီးတုန်းကလည်း စစ်တပ်က ဒီမိုကရေစီ ပေးမည့်ပုံယောင်ယောင်၊ နိုင်ငံရေးကစားပြီး နားလှည့်ပါးရိုက် အားလုံးကို လှည့်စားခဲ့ဖူးပါသည်။ မျှော်လင့်ချက် (hope) ပေးပြီး (၈၈၈၈) ပြည်သူ့အုံကြွမှုကြီးရဲ့ အရှိန် (momentum) ကို ရိုက်ချိုးခဲ့ဖူးပါသည်။ ယနေ့လည်း တွေ့ဆုံ ဆွေးနွေးရေး မျှော်လင့်ချက် ပေးထားရုံသာ ရှိပါသေးသည်။ (အရိပ်) ကိုသာ ဖော်ပြထားပါသည်။ အကောင်အထည်ကို မမြင်ရသေးပါ။

အမှန်ကို သတ္တိရှိရှိ ကြည့်တတ်လျှင် ဒေါ်စုသည် ကိုယ်ကျိုးစွန့်၍ အနစ်နာခံကာ တိုင်းပြည်အတွက် စေတနာထားကာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှာသာ မပြောင်းမလဲ တောက်လျှောက် ရပ်တည်ခဲ့သော်လည်း (နအဖ) စစ်ဗိုလ်ချုပ် တို့က အလေးမထားခဲ့ဟု ဆိုနိုင်ပါသည်။ ဒီပဲယင်းတွင် လုပ်ကြံခဲ့ကြပြီး ဒင်းတို့ကပင် မတရား ပြည်သူ့ခေါင်းဆောင်ကို အိမ်တွင်း အကျဉ်းချခဲ့သည်မှာ ယနေ့ထက်တိုင်ပင် မဟုတ်ပါလား?

ဆင်းရဲမှုဒဏ်၊ အာဏာနှင့် မတရားဖိနှိပ်မှုဒဏ်ကို အနှစ် (၄၀) ကျော်ကျော် နှစ်ဘက်ညှပ် ခံနေရသော ပြည်သူလူထုက တဖန်လမ်းပေါ်မှာ ရဲရဲကြီး ၎င်းတို့၏ဆန္ဒကို ကြွေးကြော်ခဲ့မှ၊ အသက်ပေါင်းများစွာ စတေး၍ ထပ်မံတောင်းဆိုလာမှ၊ ကမ္ဘာ့ ပရိသတ်ကပါ တောင်းဆိုလာမှ ဘုရား၏သားတော် ရဟန်းတော်များ ဦးဆောင်တောင်းဆိုလာမှ၊ မနေသာတဲ့အဆုံး UN နဲ့ ဂမ်ဘာရီကို အသုံးပြုပြီး မျှော်လင့်ချက်နှင့် အရှိန်သတ်ရန် တွေ့ဆုံ ဆွေးနွေးရေးကဒ် (card) ကို ဖုန်သုတ်ကာ နိုင်ငံရေးစင်ပေါ် တင်ပြလာရသည် မဟုတ်ပါလား?

ဤဖြစ်ရပ်များကို သက်သေပြု၍ နိုင်ငံရေးတွေး တွေးမယ်ဆိုရင် (နအဖ) စစ်ဗိုလ်တွေ စိုးရိမ်ထိပ်လန့်တာ၊ ပြည်သူ့အုံကြွမှု တခုပဲလို့ တွေးဆနိုင်ပါတယ်။ ကျနော့ရဲ့ ပုဂ္ဂိုလ်ရေး အမြင်တခုထဲနဲ့ ပြောရရင် ပြည်သူ့အုံကြွမှု ရှေ့တလှမ်း မတိုးနိုင်ခင် တဖက်က ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းပြီး၊ တဖက်က မျှော်လင့်ချက်ပေးပြီး အုံကြွမှုအရှိန်ကို ရိုက်ချိုးလိုက်တာလို့ ပဲ ရိုးရိုးသားသား သုံးသပ်မိတယ်။ နိုင်ငံရေးမှာ ရေမှုတ်တဖက်၊ မီးတစဖက် လုပ်ကြတာ လူ့သမိုင်း ပေါ်လာကတည်းကပါပဲ။

အရေးအကြီးဆုံးက နိုင်ငံရေးလှည့်ကွက်ကို နားလည်ပြီး၊ သတိရှိကြဖို့ပါ။ ကြိုတင်ပြင်ဆင်ထားဖို့ပါ။

ဒေါ်စုရဲ့ ကြီးမားတဲ့ စွန့်လွှတ်ချက်တွေကို ကျနော် အလေးမပြုဘဲ မနေနိုင်ပါ။

ဒေါ်စုရဲ့ တိုင်းပြည်အပေါ် စေတနာကို မလေးစားဘဲ မနေနိုင်ပါ။

ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ တိုင်းပြည်တာဝန်ကို ပခုံးပေါ်တင်ပြီး သတ္တိရှိရှိ ဦးဆောင်ရဲတာကို အသိအမှတ်ပြု ဦးညွှတ်ရပါမယ်။ ဒါကြောင့် ဒေါ်စုကို ကျနော် အမြဲတမ်း ထောက်ခံခဲ့ပါတယ်။ ဒါကြောင့်လည်း ဒေါ်စုနောက်က တသံတည်း ထွက်ကြဖို့ တောင်းဆိုနေတာပါ။

အာဏာကိုင်ထားတဲ့ (နအဖ) စစ်ဗိုလ်တွေနဲ့ ဉာဏ်ကစားကြရာမှာ အသိဉာဏ်တခုထဲ အားကိုး၍ မရပါ။ (အင်အား) လိုပါတယ်။

အာဏာ ယစ်မူးနေကြတဲ့ စစ်ဗိုလ်ချုပ်တွေက လူ (၅) သိန်းရှိတဲ့ စစ်တပ်ကို (အား) ယူထားပါတယ်။ တရုတ်နဲ့ ဗမာကွန်မြူနစ်တွေရဲ့ ဘုရားသခင်ဖြစ်တဲ့ မော်စီတုံး ဟောကြားခဲ့တဲ့ အာဏာဟာ သေနတ်ပြောင်းဝက လာတယ်ဆိုတဲ့ ဟောကြားချက်ကို နှလုံးသွင်း ခံယူထားပါတယ်။ ပေါက်ဖော် တရုတ်ကြီးကို ရှိခိုးဂါဝရပြုပြီး တရုတ်ကြီးရဲ့ အရိပ်ကို ခိုလှုံလျှက် ရှိတယ်။

ဒေါ်စုရဲ့ အင်အား၊ ကျနော်တို့အားလုံးရဲ့ အင်အားဟာ ဘာလဲ?

မှန်ကန်သော ယုံကြည်မှု၊ စေတနာနဲ့ သန်း (၅၀) သော ပြည်သူတွေပဲ ဖြစ်တယ်။ ဒါပေမယ့် သန်း (၅၀) ရှိသော ပြည်သူကို ဘာကြောင့် (၅) သိန်းသာရှိတဲ့ စစ်တပ်က ဖိနှိပ်နိုင်တာလဲ? နိုင်ငံရေးမှာ disorganized majority လို့ဆိုတဲ့ စုစည်းမှုနဲ့ ဖွဲ့စည်းမှု မရှိတဲ့ (လူများစု) ကို၊ Organized minority လို့ခေါ်တဲ့ စုစည်းမှုနဲ့ ဖွဲ့စည်းမှုရှိတဲ့ လူနည်းစုက ဗိုလ်ကျအနိုင်ကျင့် တတ်ပါတယ်။ စစ်တပ်မှာ ဖွဲ့စည်းမှုရှိတယ်။ စည်းကမ်းရှိတယ်။ စစ်တပ်တိုင်းမှာ တသွေး၊ တသံ၊ တမိန့်ဆိုတဲ့ အမိန့်နာခံ ရတဲ့ ၀န်ထမ်းရှိတယ်။ ဂရစ် စပါတာ Sparta ခေတ်ကတည်းက စစ်တပ်ဆိုတာ unit နဲ့ တိုက်တယ်။ ဒါကြောင့် (၅) သိန်း သာ ရှိတဲ့ စစ်တပ်က unit အနေနဲ့ ရပ်တည်နိုင်တယ်။ ပစ်ဆိုရင် မိုက်မိုက်ကန်းကန်း သံဃာတော်တွေပါ မရှောင် ပစ်တာပါ။

ပြည်သူဆိုတာ သန်း (၅၀) ဆိုပေမယ့် ဖွဲ့စည်းမှု မရှိဘူး။ တဖက်က စစ်တပ်က ဖွဲ့စည်းမှုမရှိအောင် ဖိနှိပ်ချုပ်ချယ်ထားသလို တဖက်ကလည်း ညီညွတ်မှ အင်အားဖြစ်မယ်ဆိုတဲ့ (အသိ) ကို မဖော်ထုတ်နိုင်ကြဘူး။ ဒီ့အပြင် လူမျိုးရေးစိတ်ဓါတ်တွေနဲ့ လူမျိုးရေး တိုက်ပွဲတွေ၊ မယုံကြည်မှုတွေကို တိုင်းပြည်အကျိုးကို ကြည့်ပြီး မဖျောက်ဖျက်နိုင်ကြဘူး။ ဗမာလူမျိုးစုတခုထဲမှာ တောင် အဖွဲ့တွေကွဲပြီး အစိတ်စိတ်အမွှာမွှာ ကွဲနေကြပြန်တယ်။ ဒါကြောင့် သန်း (၅၀) ရှိပေမယ့် (အင်အား) ဆိုတာ မပြနိုင် ဖြစ်နေကြတာပါပဲ။

ကျနော်တို့ ဗမာနိုင်ငံရဲ့ ရာဇ၀င်ကို ပြောင်းနိုင်တာ အတွင်း (အင်အား) ပဲ ဖြစ်တယ်။ အပြင် (အင်အား) ကို မမျှော်ကိုးကြပါနဲ့။ နိုင်ငံတိုင်း ကိုယ့်နိုင်ငံ အကျိုးမပါဘဲ ကိုယ်ထိလက်ရောက် မပါနိုင်ပါဘူး။ သူ့ရဲ့သားကောင်း လူငယ်တွေကို ယုံကြည်မှု တခုတည်းနဲ့ မစွန့်ဝံ့ပါဘူး။ သမတဘုရှ် (Bush) ဟာ ဒီမိုကရေစီ ယုံကြည်မှုအတွက်၊ ဗမာနိုင်ငံအတွက် သက်သက်၊ အမေ ရိကန် စစ်သားလူငယ်တွေရဲ့ အသက်ကို မစွန့်ခိုင်းပါဘူး။ ဈေးမကြီးတဲ့လေနဲ့သာ ထောက်ခံ အားပေးနေတာပါ။ ဆူဒန်နိုင်ငံ၊ ဒါဖောပြည်နယ် (Durfur) လူသတ် ဖိနှိပ်မှုအတွက် တကမ္ဘာလုံးက တောင်းဆိုနေတာတောင် စစ်ကူမပေးခဲ့ပါဘူး။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးရုံသာ ရှိပါတယ်။

ဒေါ်စုရဲ့ ပြဿနာ

လက်ရှိ တွေ့ဆုံဆွေးနွေးရေး အခြေအနေ တကယ်ဖြစ်ခဲ့ရင် လိမ်မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းဖို့ အတွေးဉာဏ် (capacity) နဲ့ အရည်အချင်း ဒေါ်စုမှာ ရှိတယ်လို့ ကျနော်လုံးဝ ယုံကြည်ထားတယ်။ (နအဖ) ဘက်က ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး အမျိုးမျိုး လှည့်စားလိမ့်မယ်လို့လည်း မျှော်လင့်ထားရပါမယ်။

တွေ့ဆုံဆွေးနွေးရေး ဖြစ်ခဲ့ရင် အချိန်အတိုင်းအတာ တခုအတွင်း တိုးတက်မှု ရှိဖို့လိုအပ်ပါတယ်။ မျှော်လင့်ချက်ပေးပြီး သက်သက် အချိန်ဆွဲ ကစားတာမျိုး မဖြစ်သင့်ပါ။ သို့သော် ဖြစ်ခဲ့ရင် Plan B လို့ခေါ်တဲ့ နောက်ချန်ကွက် တကွက်ကို နိုင်ငံရေးအရ အသင့်ရှိနေရပါမယ်။ နိုင်ငံရေးမှာ ဆိုစကားတခု ရှိပါတယ်။ Prepare to fight while you talk and prepare to talk while you fight ပါတဲ့။ ဆွေးနွေးချိန်မှာ တိုက်ပွဲအတွက် ပြင်ထားပါ။ တိုက်ပွဲဝင်ချိန်မှာ ဆွေးနွေးဖို့ ပြင်ထားပါတဲ့။

ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး ယုံကြည်ချက်ကတော့ ပေးရင်ပေး၊ မပေးရင်တိုက်ယူ၊ နောက်တချီ လူထုဆန္ဒအားနဲ့ အပြီးသတ် တိုက်ယူရပါမယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးကို တိုက်ယူပေးခဲ့တဲ့ ဖဆပလ ခေါင်းဆောင်တွေရဲ့ ခံယူချက်တခုဖြစ်ခဲ့တဲ့ - ရရင်ရ မရရင်ချ- ဆိုတဲ့ ခံယူချက် (မူ) အတိုင်းပါပဲ။

အတွေးအခေါ် ပဋိပက္ခ

ဒီနေရာမှာ လက်တွေ့ကို အားသန်တဲ့ အတွေးအခေါ် Realism (or) Realpolitik နဲ့ ပညာတတ် အတွေးအခေါ်လို့ ခေါ်ရမယ့် Intellectual thinking based idealism တို့ရဲ့ အတွေးအခေါ် ပဋိပက္ခ ရှိလာပါတယ်။ ဒီမိုကရေစီကို နှစ်ပေါင်းရာချီပြီး ကျင့်နေခဲ့တဲ့ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတို့ကို အခြေပြုတဲ့ ကောလိပ် ကျောင်းကြီးတွေဖြစ်တဲ့ ဟားဗတ် (Harvrad) တို့လို၊ အောက်စဖို့ဒ် (Oxford) တို့လို ကောလိပ်ကျောင်းတွေမှာ Idealism လို့ ခေါ်ရမယ့် ခေတ်မီ တွေးခေါ်မှုတွေကို အခြေခံတဲ့ အတွေးအခေါ်အရ အကြမ်းဖက်မှု၊ သတ်ဖြတ်ရက်စက်မှု မပါတဲ့၊ သွေးမြေမကျတဲ့ Non-violent အတွေးအခေါ်တွေဟာ ကြီးစိုး လွှမ်းမိုးလေ့ရှိတယ်။ ဒါကြောင့် Harvard ကအောင်လာတဲ့ ဗမာလူငယ်တစု ဆိုရင် ပညာတတ်အတွေးလို့ ဆိုနိုင်တဲ့ compromise တို့၊ dialogue တို့ကို ရှေ့တန်းတင် ဆွေးနွေးလာကြတယ် မဟုတ်ပါလား? ပညာတတ်အမြင်နဲ့ ကြည့်ရင် နားလည်နိုင်ပါတယ်။ လူ့အခွင့်အရေး Human rights ကို ရှေ့တန်းတင်ထားတဲ့ ယနေ့လို (၂၁) ရာစုမှာ ဘာကြောင့် သွေးထွက်သံယိုမှုကို စိတ်ကူး ဦးစားပေးရမှာလဲ?

ဒါပေမယ့် ကမ္ဘာကြီးမှာ တတန်းထဲ ညီမျှမှု မရှိတဲ့အတွက် နိုင်ငံတိုင်းမှာ လူ့အခွင့်အရေးကို ဦးစားပေးခြင်း၊ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ Rule of law ဆိုတာ မရှိသေးပါဘူး။ ဒါကြောင့် လူ့အခွင့်အရေးကို အလေးမပေးတဲ့၊ စစ်ဘီလူးစိတ်ဝင်နေတဲ့ အာဏာကို စွဲမက်နေတဲ့ (နအဖ) ဗိုလ်ချုပ်တွေကို စာအုပ်ကြီးဖွင့်ပြီး ရှင်းပြ ဆွေးနွေးလို့တဖုံ၊ ဗုဒ္ဓတရားတော်တွေ ဖွင့်ပြီး ဆွေးနွေးလို့ ရနိုင်ပါ့မလား? ဆိုတဲ့ ပြဿနာ ပေါ်လာပါတယ်။ မရရင် နောက်တကွက် ဘာလုပ်မလဲ ဆိုတာကို စဉ်းစားစရာ ဖြစ်လာပါတယ်။

နိုင်ငံရေးမှာ (အာဏာ) ပါလာတဲ့အတွက် နိုင်ငံရေးဟာ အလွန် အန္တရာယ်ကြီးပါတယ်။ အန္တရာယ်နဲ့အတူ စွန့်လွှတ်မှုတွေ ပါလာတယ်။ (အင်အား) ပြိုင်တဲ့နေရာမှာ ရင်ဆိုင် တိုက်ခိုက်မှု (confrontation) ကို ရှောင်၍ မရပါ။

(နအဖ) က မည်သို့ပင် စွပ်စွဲစေကာမူ ကျနော့အမြင်အရ ဒေါ်စုဟာ သွေးထွက်သံယိုမှုကို အားမပေးခဲ့ပါ။ ၎င်း၏ ယုံကြည်ချက် ဖြစ်သည့် non-violence အပေါ် အစဉ် ရပ်တည်ခဲ့သည့်အပြင် မိခင်စိတ် ကြီးမားသည့်အတွက် လူငယ် လူရွယ်လေးတွေရဲ့ အသက်ကိုစွန့်ခိုင်းရန် မခိုင်းရက်ဟု မြင်မိပါသည်။

သို့သော် ဆွေးနွေးပွဲ မဖြစ်လျှင်သော်လည်းကောင်း၊ ပျက်ခဲ့လျှင်သော်လည်းကောင်း၊ Plan B နောက်ချန်ကွက် အနေနှင့် လူထုအားနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရေး confrontational people upraising ကို အားမပေးခဲ့၍ နအဖဘက်က လုပ်နိုင်ခြေအား များခဲ့ပါသည်။ ဒေါ်စုသာ သေမထူး၊ နေမထူး ထချကြလော့ ဟု တခွန်းဟခဲ့လျှင် နအဖ မတုန်လှုပ်စရာ မရှိပါ။ ဒေါ်စု၏ မိခင်စိတ်၊ စိတ် ကောင်းရှိမှုကို သိသိကြီးနှင့် အသာယူခဲ့သည်ကို မခံချင်စိတ် ပြင်းထန်စွာ ခံစားမိပါသည်။

ဒေါ်စု၏ ခံယူချက်နှင့် မိခင်စိတ်ကို နားလည်မိပါသည်။

အကြမ်းဖက်နည်းကို သုံးမည်လော၊ ရှောင်မည်လော ဆိုသည်မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်ကတည်းက ကြုံလာခဲ့ကြရပါသည်။ ဦးသိန်းဖေမြင့် ရေးတဲ့ (ကျော်ငြိမ်း) စာအုပ်မှာ ဖော်ပြခဲ့ဖူးပါတယ်။ မျိုးချစ်စိတ်ပြင်းတဲ့ ကိုအောင်ဆန်း၊ ကိုနု၊ ကို သိန်းဖေမြင့်၊ ကိုကျော်ငြိမ်း၊ ကိုအုန်းတို့ဟာ ("ဃ") ဆိုတဲ့ အဖွဲ့ကလေး ဖွဲ့ခဲ့ကြတယ်။ ညအမှောင်ထဲမှာ ဆွေးနွေးကြစဉ်က ဒီ ပြဿနာတွေကို ဆွေးနွေးခဲ့ကြတယ်။ ကိုနုက ဘာသာရေး ကိုင်းရှိုင်းတာကြောင့် အကြမ်းဖက်နည်းကို ကိုယ်တိုင်ကျင့်သုံးဖို့ မလိုလားဘူး။ ဒါကြောင့် ဖဆပလ ဖွဲ့စဉ်ကလည်းကောင်း၊ UG ဖွဲ့ကြစဉ်ကလည်းကောင်း မပါဝင်ခဲ့ကြဘူး။ ဒါပေမယ့် မတားမြစ်ခဲ့ဘူး။

ဒေါ်စုဟာလည်း သူရဲ့ခံယူချက်ဟာ အကြမ်းမဖက်တဲ့နည်း non-violence အပေါ် ရပ်တည်နေတဲ့အတွက် တွေ့ဆုံ ဆွေးနွေးရေးကိုပဲ တောင်းဆိုခဲ့ပေမယ့်၊ တခြားခံယူချက်များကို မဟန့်တားခဲ့ပါ။

ထို့ကြောင့် ကျနော်၏ အမြင်ကို ရဲရဲတင်ပြရပါလျှင် Plan B ကို ကျန်တဲ့သူတွေက ဖော်ဆောင်နိုင်အောင် ပြင်ဆင်ထားမှ နိုင်ငံအတွက် ဆွေးနွေးရမယ့် ဒေါ်စုမှာ (အင်အား) ပိုရှိပါမယ်။

မိုးမပြို - ပြိုခဲ့သည်ရှိသော်ဟူသော အတွေးနှင့် ဒေါ်စု၏ တောင်းဆိုချက်များ၊ ဆွေးနွေးချက်များကို (နအဖ) က ညစ်ပတ် လှည့်စား၍ လက်မခံ ရှောင်တိမ်းခဲ့သော် လူထုအင်အားပြရန် အသင့်ပြင်ထားရမည်မှာ ကျနော်တို့ အားလုံး၏ တာဝန် ဖြစ်ပေသည်။

ဖဆပလ လွတ်လပ်ရေး တောင်းစဉ်က၊ ဗိုလ်ချုပ်အောင်ဆန်းကို လေးလေးနက်နက် လေ့လာလျှင် ဗိုလ်ချုပ်တို့ဟာ ရရင်ရ- မရရင်ချ ဆိုတဲ့မူကို ရှေ့က ဗန်းပြထားပေမယ့် မချဘဲနဲ့ (အင်အား) ပြပြီး လွတ်လပ်ရေး တောင်းဆိုရေးမှုကို သုံးခဲ့ကြတယ်။ သူ့ခေတ် သူ့အခါက နေမ၀င် အင်ပါယာကြီးကို တည်ထောင်ခဲ့တဲ့ အင်္ဂလိပ်ကို အံတုရတာ မလွယ်ခဲ့ပါ။ ဗိုလ်ချုပ်ဟာ ကွန်မြူနစ်၊ ဆိုရှယ်လစ်နဲ့ တပ်မတော်ကို အားယူပြီး ဖဆပလ အဖွဲ့ကြီးကို တည်ဆောက်ခဲ့တယ်။ ပြီး ကရင်လူငယ်စတဲ့ အဖွဲ့ အစည်း ပေါင်းစုံ၊ ဘကြီးဘဖေကဲ့သို့ လက်ျာသမားတွေအပြင် ဦးနုကဲ့သို့ တသီးပုဂ္ဂလ နိုင်ငံရေး ခေါင်းဆောင်တွေကို သိမ်းသွင်းပြီး ဖဆပလကြီးကို အားဖြည့်ခဲ့ပြီး လူထုရဲ့ ထောက်ခံမှုကို အရယူခဲ့တယ်။ နေသူရိန် အစည်းအဝေးကြီးလို လူထု အစည်းအဝေးတွေ ခေါ်ပြီး ဖဆပလရဲ့ (အင်အား) ကို ပြခဲ့တယ်။ အင်္ဂလိပ် အစိုးရက ရုပ်ပြနေရာပေးပြီး ပါဝင်ဖို့ ကမ်းလှမ်းလာတော့ ငြင်းဆိုခဲ့တယ်။ ဖဆပလရဲ့ အင်အားကိုပြပြီး အင်္ဂလိပ်က လေးလေးစားစား ကမ်းလှမ်းလာမှ၊ တန်းတူ အစိုးရ အဖွဲ့ထဲ ၀င်ခွင့်ရမှ ၀င်ခဲ့တယ်။

ဘာကြောင့် အင်္ဂလိပ်က ကမ်းလှမ်းလာရတာလဲ?

ဒုတိယ ကမ္ဘာစစ်ကြီးအပြီးမှာ အင်္ဂလိပ်က စစ်ပန်းလျက် ရှိတယ်။ ချာချယ်ပြုတ်ပြီး အက်တလီ တက်လာတယ်။ အစိုးရ အပြောင်းအလဲ ဖြစ်တယ်။ တခါ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ အဖွဲ့ကြီးနောက်မှာ ပြည်သူတွေ တခဲနက်ရှိ တယ်ဆိုတာ ထင်ရှားတယ်။ ဖဆပလနောက်မှာ တော်လှန်မှုဖြစ်က တော်လှန်နိုင်တဲ့ စစ်တပ်ရှိတယ်။ စစ်မှုထမ်းဟောင်း တွေဖြစ်တဲ့ (ပြည်သူ့ရဲဘော်) အဖွဲ့တွေ ရှိတယ်။ စစ်အပြီးမို့ လက်နက်ကလည်း မရှားလှပါ။ ဒါတွေအားလုံးဟာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဖဆပလ အဖွဲ့ကြီးရဲ့ အင်အားတွေ ဖြစ်တယ်။ ဒါကြောင့် လွတ်လပ်ရေးကို တနှစ်အတွင်းပေးဆိုပြီးရင်ကော့ ပြီး တောင်းနိုင်ခဲ့ကြတာပါ။

ဒါက သူ့အချိန်နဲ့ သူ့အခြေအနေ

ယနေ့ အခြေအနေကို ကြည့်ရအောင်..

ဒေါ်စု သူ့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလိုပဲ တိုင်းပြည်တာဝန်ကို ပခုံးပေါ်တင်ပြီး ကိုယ်ကျိုးစွန့်ကာ အာဏာရှင် စစ်အုပ်စုကို သတ္တိရှိရှိ ရဲရဲကြီး ရင်ဆိုင်ခဲ့တယ်။ ပြည်သူက တခဲနက် ထောက်ခံ အားပေးခဲ့ကြတယ်။ ကမ္ဘာက လေးစားထောက်ခံလာကြရတယ်။

ဗိုလ်ချုပ် အနောက်မှာ ဖဆပလ အဖွဲ့ကြီး ရှိရုံမက အားကိုးရတဲ့ ထိပ်တန်း ခေါင်းဆောင်တွေ ရှိတယ်။ ဗိုလ်ချုပ်ကို အသိဉာဉ် (Capacity) နဲ့ အရည်အချင်းပြည့်တဲ့ မျိုးချစ်ခေါင်းဆောင်တွေက ၀ိုင်းရံထားတယ်။

ဒေါ်စုနောက်မှာ NLD ဆိုတာ ရှိပေမယ့် အားကိုးရမယ့် ဗိုလ်ချုပ်တင်ဦးနဲ့ ဦးဝင်းတင်တို့လို ပုဂ္ဂိုလ်တွေကို ဒေါ်စုနည်းတူ ဖမ်းဆီးထားတယ်။ တိုင်းပြည် အပြင်ဘက်ကို ရောက်နေတဲ့ ဗမာ နိုင်ငံသား အားလုံးကို စုစည်းပြီး အင်အား တည်ဆောက်ကာ အပြင်အားနဲ့ အတွင်းမှာ အင်အား တည်ဆောက်ရမယ့်အစား နိုင်ငံရေး နကန်းတလုံးမှ နားမလည်တဲ့ လူက ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ ဒေါ်စုနာမည် အလွဲသုံးစားလုပ်ပြီး နိုင်ငံရေး လုပ်စားနေကြတာကြောင့် အခွင့်အရေးတွေ ဆုံးရှုံးကာ ပြည်တွင်းမှာ နိုင်ငံရေး အဆောက်အအုံ မတည်ဆောက်နိုင်ကြပါ။

(နိုင်ငံရေးမှာ တည်ဆောက်မှုဆိုတာ ရေရှည်ကို ကြိုကြည့်တတ်ပြီး အချိန်ယူ တည်ဆောက်ရပါတယ်။ မီးခလုတ်လို လိုအပ်မှ အဖွင့် အပိတ်လုပ်၍ မရပါ။ ၂၀၀၃ ခုနှစ် ကတည်းက ပြည်တွင်း UG လိုအပ်တယ်ဆိုတာ ကျနော် မဇ္ဈိမမှာ ရေးသားခဲ့ပါတယ်။)

ဒေါ်စုခမျာ နောက်လှည့်ကြည့်လျှင် ရဲရဲကြီး အားကိုးနိုင်လောက်တဲ့ လူမရှိပါ။

အားလုံးက ဒေါ်စုကို စောင့်နေကြပါသတဲ့...

ဒေါ်စုအတွက် ရင်နာမိပါတယ်။

ဒါကြောင့် ဒေါ်စုကို စစ်ဗိုလ်လူမိုက်တစု ဗိုလ်ကျ စော်ကားလာရင် (အင်အားပြဖို့၊ လူထုအုံကြွမှုကို ဖော်ဆောင်နိုင်ဖို့၊ နိုင်ငံရေး အဆောက်အအုံ လိုအပ်ပါတယ်။ ဒီနိုင်ငံရေး အဆောက်အအုံ (political infrastructure) ကို ကျနော်တို့ အားလုံး (၀ိုင်း) တည်ဆောက်ရပါမယ်။

ဒါဟာ ကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်ပေသည်။

ဆက်ရန်-
နိုင်ငံရေးအဆောက်အအုံကို စစ်အာဏာရှင် လက်အောက်မှာ ဘယ်လိုတည်ဆောက်နိုင်မှာလဲ?

(မှတ်ချက်။ ။. ကျနော်၏တင်ပြချက်ကို နားလည် သဘောပေါက်သူ ရှိသလို၊ နားမလည် လက်မခံသူများလည်း ရှိမှာပါ။ အပြင်မှာနေပြီး ကြီးမကျယ်ပါနဲ့ ဆိုသူများ ရှိမှာဧကန်ပါ။ ဝေဖန်နိုင်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီကို ယုံလျှင် ဝေဖန်မှု ကို ခရီးဦးကြို ပြုရမှာပါ။ စေတနာနှင့် ဝေဖန်လာလျှင် စဉ်းစားရပါမည်။ စော်ကားလာသူရှိလျှင် စော်ကားလာသူကိုသာ သနားရုံ ရှိပါသည်။ နိုင်ငံရေးမှာ မိမိယုံကြည်မှုကို ရဲရဲတင်ပြနိုင်ခွင့် ရှိရပါမည်။


ကျနော် တက္ကသိုလ်အောင်တဲ့နှစ် (၁၉၇၄) မှာ ကျောင်းက အောင်အောင်ချင်း ဦးသန့် အရေးအခင်းမှာ ပါဝင် ဦးဆောင်ခဲ့ပါတယ်။ ဘယ်အရေးအခင်းမဆို အန္တရာယ်နှင့် မကင်းခဲ့ပါ။ အကောင်းဆုံး အရွယ်မှာ ထောင်ထဲမှာ (၅) နှစ် ဒုက္ခစရိယ ကျင့်ကြံခဲ့ရပါတယ်။ ခေတ်အလိုက် ပေးဆပ်ခဲ့ပါတယ်။ တာဝန် မလစ်ဟင်းခဲ့ပါ။ ကျနော်ရဲ့အတွေး၊ ကျနော့်အရေးကို ယုံကြည်၍သာ ရေးခဲ့ခြင်း ဖြစ်ပါသည်။)



တန်းတူရည်တူ တိုးတက်မှု ॥ (ဆောင်းပါး)


ကလိုစေးထူး
Tuesday, 04 December 2007 19:45 - မြန်မာစံတော်ချိန်

ကျနော်တို့ မြန်မာစကားပုံမှာ အတန်ငယ် ရင့်သီးသယောင် ရှိပေမယ့် ထိထိမိမိနဲ့ ဆုံးမ သင်ခန်းစာ ပေးထားတဲ့ စကားပုံ တခု ရှိပါတယ်။ အဲဒါကတော့ `တလွဲဆံပင် မကောင်းနဲ့´ ဆိုတဲ့ စကားပုံပါ။ အဲဒီ စကားပုံနဲ့ အဓိပ္ပာယ်တူ နောက်ထပ် စကားပုံတခုလည်း ရှိပါသေးတယ်။ `မယောင်ရာ ဆီလူး´ …တဲ့။ စကားပုံတွေရဲ့ အနှစ်ချုပ်ကတော့ အမှန်တကယ် လုပ်သင့်၊ ဖြစ်သင့်တာကို ဦးစားပေး လုပ်ဆောင်ခြင်း မရှိဘဲနဲ့ မဟုတ်တဲ့ နေရာတွေမှာ၊ အရေးမပါတဲ့ နေရာတွေမှာ ဦးစားပေး နေတတ်တာကို ထိန်းကျောင်း တည့်မတ်လိုရင်းနဲ့ အဲဒီ စကားပုံတွေ ပေါ်လာတယ် ထင်ပါရဲ့ …။

***

ယနေ့ သြကာသ လောကကြီးကို ကြည့်လိုက်ရင် အပြောင်းအလဲတွေက မြန်ဆန်လွန်းလှခဲ့ပါပြီ။ တိုးတက်လာတာလို့ပဲ သတ်မှတ်သတ်မှတ်၊ ဒါမှမဟုတ် ဆုတ်ယုတ် လာတယ်လို့ပဲ ပြောပြော၊ မနေ့ကနဲ့ ဒီနေ့ မတူတော့သလို မနှစ်ကနဲ့ ဒီနှစ် မတူတော့ပါဘူး။ ပြောင်းလဲလာခြင်းတွေကို လေ့လာကြည့်လိုက်မယ် ဆိုရင်လည်း ရုပ်ဝတ္ထုဆိုင်ရာ ပြောင်းလဲခြင်းတွေ အပြင် အဲဒီ ရုပ်ဝတ္ထု ပြောင်းလဲခြင်းတွေရဲ့ ပဲ့ကိုင်ရှင် လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းကိုလည်း သတိထားမိလာရပါတယ်။

အဲဒီ ပြောင်းလဲလာခြင်းတွေထဲကမှ `တိုးတက်မှု´ လို့ သတ်မှတ်လို့ရတဲ့ ထင်ရှားတဲ့ သာဓကတွေကို ထုတ်နှုတ်ရရင်… ခါးသီးလှတဲ့ ကျွန်ပိုင်ရှင် စနစ် ပျောက်ကွယ်သွားမှု၊ လူဖြူ/လူမည်း ခွဲခြားမှုကို ချေဖျက်နိုင်မှု အပြင် နိုင်ငံ အတော်များများမှာ သက်ဦးဆံပိုင် ဘုရင်စနစ် ချုပ်ငြိမ်းသွားမှုတွေဟာ လူသားတွေရဲ့ ဆင်ခြင်ဉာဏ်စွမ်းအား မြင့်မားလာမှုရဲ့ ပြယုဂ်တွေပါပဲ။ ထောက်ပြစရာ လက်ကျန် ချွင်းချက် တချို့ ရှိနေသေးသည့်တိုင်အောင် အဲဒီပြောင်းလဲခြင်းတွေဟာ ကမ္ဘာတ၀ှမ်းကို ကြီးမားတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်စေခဲ့တာတော့ အမှန်ပါပဲ။

အဲဒီလို ပြောင်းလဲလာခြင်းတွေထဲမှာ `လူသား´ ဆိုတဲ့ မျိုးတူသတ္တ၀ါ အချင်းချင်းထဲမှာကိုပဲ တခုတည်းသော ကွဲပြားချက် ဖြစ်တဲ့ လိင်မတူခြင်းကို အခြေခံထားတဲ့ ခွဲခြား ဆက်ဆံမှုတွေ တစတစနဲ့ လျော့ပါးလာတာကိုလည်း ကျနော်တို့ ထည့်တွက် စဉ်းစားရပါမယ်။ လူသားတွေရဲ့ ဆန့်ကျင်ဘက် လိင်တွေအပေါ် အပြန်အလှန် ထားကြတဲ့ သဘောထားတွေဟာ ယခင်နဲ့ ယခု အကွာကြီး ကွာခဲ့ပါပြီ။

ဥပမာအားဖြင့် ယခင်က `မိန်းကလေးပဲ၊ သေစာရှင်စာတတ်ရင် တော်ရောပေါ့၊ အဓိကက လင်ကောင်းသားကောင်း ရဖို့´ ဆိုတဲ့ အယူအဆကို ဒီခေတ်လူတွေက လုံးဝ လက်မခံတော့ပါဘူး။ အဲဒီနေရာမှာ `မိမိနေထိုင်တဲ့ ပတ်ဝန်းကျင် သာယာဖို့၊ တိုးတက်ဖို့ဆိုရင် အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနဲ့ တန်းတူရည်တူ ရှိသင့်တယ်၊ ရှိရမယ်၊ ရှိခွင့်ပေးရမယ်´ ဆိုတဲ့ အယူအဆကို အစားထိုးဖို့ ကြိုးစားလာကြပါပြီ။

ဒီနေရာမှာ `တန်းတူ ရည်တူ´ ဆိုတဲ့ စကားရပ်ကို ကျနော်တို့ ဘယ်လို ရှုမြင်သင့်သလဲ ဆိုတာ စဉ်းစားဖို့ လိုလာပါတယ်။

***

အင်မတန်မှ တက်ကြွဟန် ရှိတဲ့ အမျိုးသမီးငယ် တယောက်က ဆီမီနာ တခုမှာ ဆွေးနွေးဖူးခဲ့တဲ့ အကြောင်းအရာ တခုကို တင်ပြချင်ပါတယ်။ အဲဒါကတော့…

`အမျိုးသားတွေ လမ်းဘေးမှာ အပေါ့သွားတာကိုတော့ လူတွေက ဘာမှ ထူးထူးထွေထွေ လုပ်ပြီး အပြစ်မပြောတတ်ကြပေမယ့် အမျိုးသမီး ဆိုရင်တော့ ရစရာမရှိအောင် ကဲ့ရဲ့တတ်ကြကြောင်း၊ ဒါဟာ ခွဲခြားဆက်ဆံမှု တမျိုးဖြစ်တဲ့ အကြောင်း၊ အမျိုးသမီးတွေကို ဒီလို ဖိနှိပ်ကဲ့ရဲ့တာဟာ မကောင်းကြောင်း´ စသဖြင့် စသဖြင့် အကျယ်ချဲ့ ဆွေးနွေးသွားခဲ့ဖူးပါတယ်။

တကယ်တော့ သေသေချာချာ ပြန်စဉ်းစား ကြည့်မယ်ဆိုရင် လမ်းဘေးမှာ အပေါ့သွားတာဟာ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ဘယ်သူ့အတွက်မှ သင့်တော်တာ မဟုတ်သလို နိုင်ငံကြီးသား ပီသတဲ့ အပြုအမူလို့လည်း ဘယ်သူကမှ လက်ခံထားတာ မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အပေါ့သွားဖို့အတွက် အိမ်သာတွေ ရှိနေလို့ ဖြစ်ပါတယ်။ လူအများရဲ့ မြင်ကွင်းမှာ အပေါ့ သွားရဲလောက်အောင် အရှက် ကင်းမဲ့နေရင်လည်း အဲဒီလူဟာ အမျိုးသား ဆိုရင်လည်း ကဲ့ရဲ့ခံရမှာပါပဲ။ အမျိုးသမီးကိုမှ မဟုတ်ဘူး လို့ ကျနော် ထင်ပါတယ်။

တကယ်လို့ အိမ်သာလဲ အနီးအနားမှာ မရှိနိုင်ဘူး၊ လူမြင်ကွင်းလဲ မဟုတ်ဘူး ဆိုရင်တော့ အမျိုးသား/အမျိုးသမီး မဟူ အဆင်ပြေသလို ကိစ္စ ပြီးနိုင်ပါတယ်။ ဒါက ပြဿနာ မဟုတ်ပါဘူး။ ဒါကို ပြဿနာ လုပ်ပြီးတော့ အမျိုးသားတွေကျတော့ လမ်းဘေးမှာ အပေါ့သွားတယ်၊ ငါတို့လဲ လိုက်လုပ်တော့ ဘာဖြစ်သလဲ ဆိုပြီး အဲဒီလိုမျိုး လိုက်လုပ်မိတဲ့ အမျိုးသမီးတွေဟာ အထက်မှာ ကျနော် တင်ပြခဲ့တဲ့ နိုင်ငံကြီးသား မပီသသူ အမျိုးသားတွေ နည်းတူ ရောပြီး အပြစ်တင် ကဲ့ရဲ့တာကို ခံရမှာပါပဲ။ နဂိုကတည်းကမှ အမျိုးသမီးတွေအပေါ် ကျဉ်းမြောင်းတဲ့ အမြင်မျိုး ရှိတဲ့လူတွေ အတွက်ဆိုရင်တော့ ပို၍ပို၍ ကဲ့ရဲ့စရာ ဖြစ်ပါလိ့မ်မယ်။

နောက်တချက်…။

လူတွေမှာ လူမျိုးအလိုက် နိုင်ငံအလိုက် ကိုယ်စီ လက်ခံသတ်မှတ်ကြတဲ့ `ယဉ်ကျေးမှု´ ဆိုတာ ရှိပါတယ်။ တိုးတက်တဲ့ လမ်းကြောင်းတခုကို သွားဖို့အတွက် တခါတရံမှာ အဲဒီ ယဉ်ကျေးမှု ဆိုတာထဲက စံတချို့ကို ဖယ်ထုတ် စဉ်းစားရတာတွေ ရှိတာကို နားလည် လက်ခံပေမယ့် အဲဒီလို ဖယ်ထုတ် စဉ်းစားတာတွေဟာ `တလွဲဆံပင် ကောင်းမှု´ ကို အကာအကွယ် ပေးတာမျိုးတော့ မဖြစ်သင့်ပါဘူး။

ဥပမာအားဖြင့် မြန်မာ မိန်းကလေး တယောက်က မြန်မာပြည်မှာ သူနေထိုင်စဉ်တုန်းကတော့ သွားလေရာမှာ ထဘီကိုသာ ၀တ်ဆင်လေ့ ရှိပေမယ့် နိုင်ငံရပ်ခြား ရောက်လာရင် ဘောင်းဘီရှည်ကို ပြောင်းလဲ ၀တ်ဆင်တာမျိုးကိုတော့ ကျနော်တို့က `မြန်မာ့ ယဉ်ကျေးမှုနဲ့ မညီဘူး´ ဆိုပြီး လိုက်လံ စံထားနေစရာ အကြောင်းမရှိပါဘူး။ အမျိုးသားများသည်လည်း ပုဆိုးဝတ်ရာကနေ ဘောင်းဘီ ပြောင်းလဲ ၀တ်ဆင်ရတာပဲကိုး…။

ဒါပေမယ့် အဲဒီ ပြောင်းလဲ ၀တ်ဆင်ရတဲ့ အ၀တ်အစားက ခေတ်မီမှုနဲ့ လက်ရှိရောက်နေတဲ့ နေရာနဲ့ လိုက်လျောညီထွေ ဖြစ်မှုဆိုတာထက် ကျော်လွန်ပြီးတော့ လျှပ်ပေါ်လော်လီမှု လို့ သတ်မှတ်လို့ရတဲ့ အနေအထားမျိုးကို ရောက်လာရင်တော့ `မြန်မာ့ယဉ်ကျေးမှု´ ဆိုတဲ့ စံနဲ့ ပြန်လည် ထိန်းညှိသင့်ပါတယ်။ ယနေ့ခေတ်မှာ ထိုင်မသိမ်း ၀တ်စုံ၊ ဆံမြိတ်ကြီး တချချနဲ့ နေထိုင်ဝတ်ဆင်လို့ အလုပ်မဖြစ်တော့တာ မှန်ပါတယ်။ ဒါပေမယ့် မမြင်အပ်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မလုံ့တလုံ ဖြစ်တဲ့အထိ ၀တ်ဆင်ဖို့ အထိတော့ မလိုအပ်ပါဘူး။ နိုင်ငံရပ်ခြား ရောက်သွားလို့ စကပ်အတို မ၀တ်တဲ့ အမျိုးသမီးကို ဘယ်နိုင်ငံခြားသားကမှ မကဲ့ရဲ့ပါဘူး။

နောက်ထပ် ဆွေးနွေးချင်သေးတာ တချက်ကတော့…။

နိုင်ငံခြားမှာ မတက်မဖြစ် တက်ရတဲ့ ပါတီပွဲတွေမှာ `အရက်၊ ဘီယာကို မသောက်မဖြစ် သောက်ရတယ်´ ဆိုတာ တကယ်တော့ မရှိပါဘူး။ ကျနော် တက်ခဲ့ဖူးသမျှ ပါတီပွဲတွေမှာ Something to drink? ဆိုတဲ့ မေးခွန်းကို ဦးစွာ အမေးခံရလေ့ ရှိပါတယ်။ Soda လို့ ဖြေလိုက်လို့ ဒီကောင် 'So rude' ပဲ လို့ ဘယ်လူကြီးလူကောင်းကမှ မသတ်မှတ်ပါဘူး။ ဘီယာသောက်မှ၊ အရက်သောက်မှာ ပါတီပွဲတွေမှာ လူဝင်ဆန့်တာ မဟုတ်ပါဘူး။ ဒီတော့ အမျိုးသမီးတချို့ ပါတီပွဲတက် ဘီယာသောက်၊ အရက်သောက် မူးတာဟာ သူ့နိုင်ငံ ယဉ်ကျေးမှုအရ လိုက်လျောညီထွေ ဖြစ်အောင် သောက်ရတာပါ ဆိုတာဟာ ပြည့်စုံ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ (ဒီနေရာမှာ အမျိုးသားတွေလည်း ထပ်တူပါပဲ)။

လူတိုင်းမှာ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် ကိုယ်ပိုင် အခွင့်အရေး ကိုယ်စီ ရှိကြတာကို ကျနော် လုံးဝဥသုံ လက်ခံပါတယ်။ ဒါပေမယ့် အဲဒီ ကိုယ်ပိုင် အခွင့်အရေး ဆိုတဲ့ ခေါင်းစဉ်ကို တခြားသော ကောင်းမွန်တဲ့ အရာတွေမှာ အသုံးချရမယ့် အစား မဟုတ်တဲ့ နေရာမှာ တလွဲဆံပင် ကောင်းချင်တာမျိုးတော့ အားမပေးလိုတာ အမှန်ပါ။

တကယ်တော့ အရက်သောက်တာပဲ ဖြစ်ဖြစ်၊ အချိန်မတော် လျှောက်လည်တာပဲ ဖြစ်ဖြစ်။ အ၀တ်အစား မလုံ့တလုံ ၀တ်တာပဲဖြစ်ဖြစ် သေသေချာချာ ပြန်စဉ်းစားရင်တော့လည်း ကိုယ်ပိုင် အခွင့်အရေးပါပဲ။ ထပ်မံ ဖြည့်စွက်ပြောရရင် ဒါဟာ အမျိုးသားတွေနဲ့ အမျိုးသမီးအကြား တန်းညှိ ပြောနေစရာ မလိုတဲ့ ကိုယ်ပိုင် အခွင့်အရေးတွေပါပဲ။ တခုတော့ ရှိပါတယ် မိမိနဲ့ သက်ဆိုင်တဲ့ လူ့ပတ်ဝန်းကျင်ရဲ့ တန်ဖိုးဖြတ်မှုကိုတော့ မိမိနေထိုင်တဲ့ ပုံစံအပေါ်မှာ မူတည်ပြီး လက်ခံ ရရှိပါလိမ့်မယ်။

`ယနေ့ခေတ် အမျိုးသမီးတွေ အမျိုးသားတွေ နည်းတူ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ အလုပ်အကိုင်တွေမှာ တန်းတူရည်တူ ရှိလာပြီ´ ဆိုတဲ့ အရိပ် လက္ခဏာမျိုး လူ့ပတ်ဝန်းကျင်မှာ ပိုမို ထင်ဟပ်လာပြီဟေ့ ဆိုရင် ဒါဟာ အဲဒီ လူ့ပတ်ဝန်းကျင်ရဲ့ တိုးတက်မှု ပြယုဂ်ပါပဲ။ ဒီလိုမှ မဟုတ်ဘဲနဲ့ `အမျိုးသားတွေ အရက်သောက်သလို အမျိုးသမီးတွေလည်း ဘီယာလောက်တော့ သောက်တော့ ဘာဖြစ်မှာလဲ၊ အမျိုးသားတွေတောင် ညနက်သန်းခေါင် လိုက်လည်သေးတာပဲ၊ အမျိုးသမီးလည်တော့လဲ ဘာဖြစ်မှာလဲ´ ဆိုတဲ့ မဟုတ်တဲ့ဘက်ကို ကြံဖန်ကပ်သပ် စဉ်းစားလာရင်တော့ ဒါဟာ `ဆုတ်ယုတ်မှု´ လို့ပဲ ရိုးရိုးလေး သတ်မှတ်ရမှာပါပဲ။ မကောင်းတာ လုပ်တယ်ဆိုကတည်းကိုက အမျိုးသားပဲ ဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ဘယ်သူလုပ်တာမှ မကောင်းပါဘူး။

ရေးခဲ့တာတွေ တော်တော်ကြီးကို ရှည်လျားပါပြီ။ အနှစ်ချုပ်လေး တခု ဆွေးနွေးကြည့်ပြီးတော့ အဆုံးသတ်ပါရစေ။

အမျိုးသမီးတယောက်ဟာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ခွဲခြားဖိနှိပ် ဆက်ဆံခံရတာကို ဆန့်ကျင်ပြီးတော့ အမျိုးသားထက် သာအောင် ကြိုးစားနေတယ် ဆိုပါစို့။ အားရပါးရကြီး ထောက်ခံ အားပေးပါ့မယ်။ အဲဒီ အမျိုးသမီး စွမ်းဆောင်နိုင်စွမ်း ရှိသလောက် လူမှန်နေရာမှန် ဖြစ်အောင် အားလုံးကလည်း ပံ့ပိုး ကူညီပါလိမ့်မယ်။

တလွဲဆံပင်ကောင်းတဲ့ ဘက်ကို ဦးတည်သွားဖို့ အလားအလာ ပိုများတာမျိုးကိုတော့ ကျနော်တို့ တတ်နိုင်သရွေ့ ကြိုးစား ကန့်သတ်ကြည့်သင့်ပါတယ်။ `တိုးတက်မှု ကို ဖော်ဆောင်သော တန်းတူရည်တူ ဖြစ်မှု´ အတွက်ပေါ့…။


Tuesday, November 20, 2007

ကျနော်နှင့် တိုင်းရင်းသားများ ...

ကလိုစေးထူး
Tuesday, 20 November 2007 13:33 - မြန်မာစံတော်ချိန်

ကျနော့်ကို တယောက်ယောက်က မင်းဘာလူမျိုးလဲ မေးရင် အတော် ဖြေရခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျနော့် မေမေဘက်က အဘိုးက ကရင်၊ အဘွားက ကရင်-ဗမာ ကပြား၊ အဲဒီတော့ မေမေ့ဆီမှာက ကရင်သွေး သုံးမတ်လောက် ပါတယ်။ ဖေဖေတို့ကတော့ အညာသား မျိုးရိုးတွေဆိုတော့ ဗမာပဲ ထားပါတော့။ အဲဒီတော့ ကျနော်က ကရင်လား၊ ဗမာလား ဘာကောင်ကြီးမှန်း မသိတဲ့ တိုင်းရင်းသား တခုခု ဖြစ်နေတာပေါ့။ ဗမာဘက်ကို ပိုများတယ်လို့ ယူဆမိတော့ သူများမေးလာရင် ဗမာလို့ပဲ အလွယ်ဖြေဖြစ်ပါတယ်။

ကျနော် ငယ်ငယ်တုန်းက ကရင် ဒုံးအကကို ကောင်းကောင်းကြီး ကတတ်တာကို ခပ်ရေးရေး မှတ်မိနေပါသေးတယ်။ ဖေဖေမေမေက ဖြစ်ဖြစ်၊ အဘိုးက ဖြစ်ဖြစ် ကျနော့်ကို မြှောက်ပင့်ပြီး ကရင် ဒုံးအကခိုင်းရင် ကပြလေ့ ရှိပါတယ်။ တကယ်လို့များ ကျနော်တို့ မိသားစု ရန်ကုန်ကိုသာ မပြောင်းဖြစ်ခဲ့ကြရင် ကျနော်ဟာ ကိုယ့်ကိုယ်ကို ဗမာသွေးပါတယ်ဆိုတာ လုံးဝကြီး မေ့သွားစရာ ရှိပါတယ်။

မိဘတွေရဲ့ အလုပ်အကိုင် အခြေအနေအရ ရွှေမြို့တော် ရန်ကုန်ကို ပြောင်းလာပြီးတဲ့ နောက်ပိုင်းမှာတော့ ကျနော်တယောက် ကိုယ့်ကိုယ်ကို ကရင်သွေးပါတယ် ဆိုတာတောင် မေ့သွားလောက်အောင် ဗမာတော တိုးခဲ့ပါတော့တယ်။ တနည်းအားဖြင့် ပြောရရင် ဗမာပါး ၀တယ်ပေါ့။ ဗမာမျိုး၊ ဗမာနွယ်၊ ဗမာဝန်းကျင်ကြားမှာ ဆယ်စုနှစ် တခုကြာအောင် ကောင်းကောင်းကြီးကို မြို့ကြီးသားကြီး လုပ်ခဲ့တာပေါ့။ ကရင်စကား ဆိုတာလဲ တလုံးမှကို မသိတော့ပါ။

၁၉၉၀ ပြည့်နှစ်မှာ မေမေနဲ့ အတူ ကျနော်တို့ မြို့လေးကို ပြန်ပြောင်းခဲ့ရတော့ ဇာတိမြို့က သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေက ကျနော့်ကို ရန်ကုန်သားလို့ ကျီစယ်ပြီး ခေါ်ကြပါတယ်။ သူတို့တတွေ့ရဲ့ နားထဲမှာ ကျနော်ပြောတဲ့ လေသံက ရန်ကုန်သံ ပေါက်နေသတဲ့၊ အမှန်က ကျနော့်နားထဲမှာလဲ သူတို့လေသံက ၀ဲနေပါတယ်။ ကျနော် ကျောင်းစတက်တဲ့နေ့က ဆိုရင် အတန်းထဲမှာ ဆရာမက နာမည်စာရင်းခေါ်တော့ ကျောင်းသား တယောက်ယောက်ကို ခေါ်ရင် ရှိပါတယ်ခင်ဗျ လို့ ထူးရမှာကို စကားသံ ၀ဲတဲတဲ မပီတပီနဲ့ ဆိပါတယ်ခင်ဗျ၊ ကျောင်းသူဆိုရင် ဆိပါတယ်ဆင့် လို့ ထူးကြတာကို စိတ်ထဲကတောင် ကြိတ်ရယ်နေမိခဲ့ ပါသေးတယ်။ နောက်များတော့လဲ အဲဒီ ပတ်ဝန်းကျင်မှာပဲ ကျနော်လဲ မွေ့လျော်ရင်းနဲ့ပဲ ရှ နဲ့ ဆ ကို မပီတော့တဲ့ အဲဒီ လေသံ ၀ဲတဲတဲ ဖြစ်လာပါတော့တယ်။

ကျနော်တို့မြို့လေးက ကျနော်နေတဲ့ ရပ်ကွက်မှာ မွန်တိုင်းရင်းသားတွေ အတော်များပါတယ်။ တခါတလေ မြို့ခံတပ်ကို ပုန်ကန်သူ တပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပစ်ကြတဲ့ အခါ အိမ်နီးနားချင်းက မွန်မိသားစုတွေ သူတို့ အချင်းချင်း ကလိန်းညော့၊ ကလိန်းညော့ (လာလာ) လို့ မွန်လိုခေါ်ရင်း ဗုံးခိုကျင်းတွေထဲ ပြေးဝင် သွားကြတတ်ပါတယ်။ အဲဒီနောက်မှာတော့ ကျနော်လဲ မွန်သူငယ်ချင်းတွေ အထိုက်အလျောက် ရလာတော့ မွန်တယောက်ယောက်ကို တွေ့ရင် "ဟေ့၊ ပြတ်၊ အာ့လော့ဒေါ်" (သူငယ်ချင်း၊ ဘယ်လဲကွ) လို့ နှုတ်ဆက်တတ် လာပါတယ်။

ကရင် သူငယ်ချင်းတွေနဲ့ ဆုံတော့လဲ ဒီလိုပါပဲ။ ဝေး၊ ကျော် လို့ အစချီ နှုတ်ဆက်ရင်း မူးနော်လေးတွေရဲ့ အိမ်သွားသွားလည်၊ နအဲ့ရာ အော့လဗုံနော် လို့ မပီတပီပြောရင်း ကရင်သားလေး လုပ်ခဲ့ပြန်တာပါပဲ။ စိတ်ထား ဖြူစင်လှပြီး အမြဲတမ်း ကြည်စင်စွာ ပြုံးနေတတ်တဲ့ ကရင် လူမျိုးတွေကို ခင်မင်လှပါတယ်။ အဲဒီလိုပဲ ကျနော့်ကို မွေးဖွားခဲ့တဲ့ ကရင်ပြည်နယ်ကိုလဲ ပိုချစ်တတ်လာပါတယ်။

ဇာတိမြို့လေးမှာ အနေကြာလာတာနဲ့ အမျှ တိုင်းရင်းသား သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပိုထိတွေ့လာရတော့ သူတို့ တတွေရဲ့ စိတ်ကို နားလည်လာသလို သူတို့ တတွေရဲ့ ခံစားချက် တခုကို သတိထားမိလာပါတယ်။ အဲဒါကတော့ ဗမာလူမျိုးနဲ့ ပတ်သက်တဲ့ ခံစားချက်တခုပါ။ ဗမာဟေ့ ဆိုတာနဲ့ သူတို့က သတိကြီးစွာ ထားပြီးတော့ကို ဆက်ဆံပါတယ်။ တချို့များဆိုရင်တော့ ဗမာဆိုတာနဲ့ မုန်းနေတဲ့ အဆင့်ထိတောင် ရောက်နေတာကို ၀မ်းနည်းဖွယ် တွေ့လာရပါတယ်။

တကယ်တော့ သူတို့တတွေ အခုလိုကြီး ဖြစ်ပျက် ခံစားနေတာဟာ အသားလွတ်ကြီး သက်သက်တော့ မဟုတ်ပါဘူး။ ကိုလိုနီခေတ်က လက်ကျန် အမွေဆိုး တချို့ရယ်ကြောင့်တွေနဲ့ ယခုလက်ရှိ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်များရဲ့ တိုင်းရင်းသားတွေအပေါ် ဆက်ဆံပုံ မူမမှန်တာတွေ၊ ရက်စက် ကြမ်းကြုတ်တာ တွေကြောင့် ဗမာလူမျိုးစုတွေဟာ အခြား အခြားသော တိုင်းရင်းသားလူမျိုးတွေ အတွက် သတိထား ဆက်ဆံစရာနဲ့ မုန်းတီးစရာ လူမျိုးတွေ ဖြစ်လာရပါတော့တယ်။ ပိုဆိုးတာက ဗမာလူမျိုးက မြန်မာနိုင်ငံမှာ အင်အား အကြီးမားဆုံး လူမျိုးဖြစ်နေတဲ့ အတွက် တခုခု ပြောမိလုပ်မိတိုင်းမှာ လက်လွတ်စပယ် ပြောဆိုမိ၊ လုပ်ဆောင်မိတာနဲ့ လူနည်းစု တိုင်းရင်းသားများ အနေနဲ့ ဒါဟာ သူတို့ကို ခွဲခြားတယ်၊ ဖိနှိပ်တယ်လို့ အထင်ရောက်ခဲ့ ပါတော့တယ်။

ကြုံတုန်း တကယ့် အဖြစ်အပျက် တခုကို ပြောပြချင်ပါ သေးတယ်။ ဟိုး ကရင် တောနယ်ရွာလေး တရွာကနေ ကျနော်တို့ မြို့လေးမှာ ကရင်လုလင်လေး တယောက် ကျောင်းလာတက်ပါတယ်။ တနှစ်တာ ကျောင်းတက်၊ စာမေးပွဲတွေ ဖြေပြီးတော့ သူ့ဇာတိ ကရင်ရွာလေးကို ပြန်သွားတော့ သူ့အမေက သူ့ကို ဗမာတောမှာ ကျောင်းသွားတက်တာ ဗမာလေသံ ၀ဲလာပါတယ်ဆိုပြီး စကားကောင်းကောင်း မပြောပါဘူးတဲ့။ ပြီးတော့ ပြောပါသေးတယ်တဲ့၊ နင်ဟာ ဗမာတောမှာ သွားနေလာတော့ ဗမာ အကျင့်တွေ ကူးလာပြီလို့ ပြောသတဲ့။ တကယ်တော့ အဲဒီ ကရင် အမယ်ကြီးမှာ အလွန် မရှိပါဘူး။ သူတို့ ရွာလေးကို စစ်ဆင်ရေး ထွက်ကြတဲ့ စစ်တပ်တွေ ၀င်လာကြတိုင်း ကြက်ယူ၊ နွားယူ၊ ဆန်ယူ၊ ဆီယူ အကုန်ယူလွန်းလို့ သူ့စိတ်ထဲမှာ ဒါတွေဟာ ဗမာ စစ်တပ်တွေ၊ ဗမာတွေဟာ ဒီလိုပဲ အနိုင် သိပ်ကျင့်တဲ့ လူတွေလို့ စွဲနေအောင် ခံစားနေရလို့ပါ။

ကျနော် ဆယ်တန်းအောင်လို့ ဘားအံမှာ အဝေးသင် တက္ကသိုလ် လေးနှစ် တက်ရတုန်းကလဲ ဒီလိုပါပဲ။ တိုင်းရင်းသား လူမျိုးစု သူငယ်ချင်းတွေက ကျနော်တို့ကို သတိကြီးစွာ ထားပြီး ဆက်ဆံတာကို ၀မ်းပန်းတနည်း ခံစားရပါတယ်။ ဒီကြားထဲ ဗမာလူမျိုး ကျောင်းသား တယောက်ယောက်က တိုင်းရင်းသား သူငယ်ချင်း တယောက်ယောက်ကို အမှားလုပ်မိရင်တော့ ပိုဆိုးပါတော့တယ်။ ဗမာဆိုတဲ့ လူတွေ တော်တော် ဆိုးတာပဲ၊ တို့နိုင်ငံမှာ သူတို့က လူများစုဆိုပြီး ငါတို့ကို ဒီလို လုပ်ကြတာလို့ ထင်တဲ့အထိကို ဖြစ်ကုန်ပါတော့တယ်။ လူမျိုးစွဲလို့လဲ မစွပ်စွဲရက်တာတော့ အမှန်ပါ။ သူတို့တတွေ ခမျာမှာလဲ ထောက်ပြစရာ အဖြစ်အပျက်ဆိုးတွေက ရှိနေမှာပါ။

အခုဆိုရင်ဖြင့် ၂၁ ရာစုရဲ့ ခြောက်လှမ်းမြောက် ခြေလှမ်း ၂၀၀၇ကို လွန်လို့ ၂၀၀၈ ကို မျက်စပစ်နေပါပြီ။ ကျနော်တို့ နိုင်ငံက ဆင်းရဲတုန်း၊ နိုင်ငံတကာမှာ မျက်နှာငယ်တုန်းပါပဲ။ မင်းဘယ်က လာတာလဲ မေးလို့ ဘားမားကလို့ မေးတာနဲ့ မသိဘူးကွလို့ ဖြေတာကမှ တော်ပါသေးတယ်။ အော်၊ အဲဒါ ဆင်းရဲပြီး အာဏာရှင် အုပ်ချုပ်နေတဲ့ နိုင်ငံပဲကွလို့ ခဏ ခဏ အဖြေခံရလွန်းလို့ အသည်းနာရပေါင်းလဲ များပါပြီ။ ဒီကြားထဲကမှ ရေစက်ဆုံလို့ မိတ်ဆွေဖြစ်ခွင့်ရတဲ့ မြန်မာနိုင်ငံသား အချင်းချင်း ဗမာလူမျိုးဆိုပြီး ထပ်မံခွဲခြား၊ သတိထား ဆက်ဆံ ခံရရင်တော့ ပိုလို့ ၀မ်းနည်းစရာ ကောင်းလှပါတယ်။

လူဆိုတဲ့ သတ္တ၀ါဟာ အခြားသော သတ္တ၀ါတွေထက် အသိဉာဏ်မြင့်မားသလို ပြသနာတွေကို ဖန်တီးတဲ့ နေရာမှာလဲ လူကို ဘယ်သတ္တ၀ါမှ မမှီပါဘူး။ ဒါပေမယ့် ပြသနာတွေကို ဖန်တီးတာဟာ ဘယ်သူလဲ ဆိုတာတော့ ခွဲခြား သိစေချင်လှပါတယ်။ မောင်လှ မကောင်းရင် မောင်လှ၊ မောင်မြ မကောင်းရင် မောင်မြ ဖြစ်သင့်ပါတယ်။ မောင်လှနဲ့ မောင်မြဟာ ဒီလူမျိုးစု ဖြစ်တဲ့ အတွက် အဲဒီလူမျိုး တခုလုံးက လူတွေကို သတိထားသင့်တယ်၊ ဒီလူမျိုးတွေ မကောင်းဘူးလို့ စွဲမှတ် ထင်လိုက်တာဟာ သိပ်ဝမ်းနည်းစရာ ကောင်းလှပါတယ်။ အဲဒီလို ခွဲခြား သိမြင်ခြင်း အားနည်းလို့ပဲ ထင်ပါတယ်။ အရင်က နိုင်ငံ ၉၀ ကျော်သာ ရှိခဲ့တဲ့ ကမ္ဘာ့မြေပုံပေါ်မှာ အခုဆိုရင် နိုင်ငံ ၂၀၀ နီးပါး နေရာယူနေပါပြီ။ နောက်ထပ်လဲ ထပ်တိုးလာကောင်း တိုးလာအုံးမှာပါ။

တကယ်လို့များ ကျနော့်ကို မွေးဖွားတဲ့ ဖေဖေနဲ့ မေမေဟာ ဗမာတွေ မဟုတ်တဲ့ တခြားသော တိုင်းရင်းသား တခုခုဖြစ်ခဲ့ရင်လဲ ကျနော်ဟာ အဲဒီ တိုင်းရင်းသား ဖြစ်ခဲ့မှာ အသေအချာပါ။ ကျနော့်မိဘတွေက ဟိုးအာဖရိက တိုင်းပြည်က လူမည်းတွေ ဖြစ်ခဲ့ရင်ရော??။ ကျနော့်မှာ ရွေးချယ်ခွင့် မရှိပါ။ အာဖရိက တိုင်းရင်းသား လူမည်းလေး ဖြစ်နေအုံးမှာ အသေအချာပါပဲ။ ဒီတော့ ကျနော်တို့တတွေ လုပ်နိုင်တာ တခုပဲ ရှိပါတော့တယ်။ မတူတာကို တူအောင် ကြိုးစား ညှိကြပြီး လူ့ဘောင် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ နေထိုင်ဖို့ပါပဲ။

မြန်မာချင်း အတူတူ တိုင်းရင်းသား တယောက်ယောက်က ကျနော့်ကို နင်တို့ ဗမာတွေက မကောင်းဘူးလို့ ပြောတာ ခံရတိုင်း စိတ်ဆိုးရမယ့် အစား ကျနော်ဝမ်းနည်းပါတယ်။ ဗမာဆိုတဲ့ လူမျိုးအနေနဲ့ ၀မ်းနည်းခြင်း မဟုတ်ပါဘူး။ လူကို ခွဲခြားပြီး မမြင်ပဲ အတိတ်က အရိပ်ဆိုးကြီး ကပ်တွယ် ငြိနှောင်နေတာကို စဉ်းစားမိပြီး ၀မ်းနည်းတာပါ။ ဒါတွေ ဘယ်တော့များမှ ပျောက်ကွယ်မှာပါလိမ့်။ ကျနော်မသိပါ။ ဘယ်သူမှလဲ တိကျတဲ့ အဖြေ တခု ပေးနိုင်လိမ့်မယ် မထင်ပါ။ တချိန်ချိန်တော့ ဒါတွေ ပျောက်ကွယ်လောက်ပါရဲ့လို့ တွေးမိရင်း ဒီစာစုကို ရေးလိုက်ပါတယ်။

(ယခုဆောင်းပါးကို ခောတ်ပြိုင်တွင် ဖော်ပြပြီး ဖြစ်ပါသည်)

Monday, November 19, 2007

စင်္ကာပူအစိုးရရဲ့ မြန်မာအပေါ် လက်ရှိ ရပ်တည်ချက်

ဆန်းသစ်
Monday, 19 November 2007 17:51 - မြန်မာစံတော်ချိန်

ပြည်ပရောက် မျိုးချစ်မြန်မာ (အိုဘီပီ) (စင်္ကာပူ) တွေရဲ့ တခဲနက် လူထုထောက်ခံပွဲ၊ မြန်မာ့အရေး ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၇ ရက်၊ ညနေ ၄ နာရီမှာ က လုပ်ပါတယ်။ လူငယ်၊ လူကြီး၊ ကျောင်းသား၊ အလုပ်သမား၊ တတ်သိပညာရှင် အလွှာပေါင်းစုံက လူဦးရေ ၆ဝဝ လောက် လာကြပါတယ်။ ထူးခြားတာကတော့ စင်္ကာပူ အာဏာရ ပီအေပီ ပါတီက အမျိုးသမီး ပါလီမန်အမတ် အိုင်ရင်း လာရောက်ပြီး ထောက်ခံမိန့်ခွန်း ပြောသွားတာပါပဲ။ ၄၃ နှစ်အရွယ်ရှိတဲ့ စင်္ကာပူလူမျိုး အိုင်ရင်း Irene Ng Phek Hoong (Member of Parliament from Singapore Government PAP Party) တယောက် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမှသာ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲ ဖြစ်နိုင်မယ့်အကြောင်း ပြောဆိုခဲ့ပြီး၊ စစ်အစိုးရရဲ့ အချိန်ဆွဲ ဆွေးနွေးပွဲနဲ့ နှိပ်ကွပ် ဖမ်းဆီးမှုတွေကို ရှုတ်ချ ပြောဆိုသွားပါတယ်။ အိုဘီပီ အဖွဲ့က လိုက်လံစည်းရုံး ကောက်ခံထားတဲ့ လူ ၃ဝဝဝ ကျော် လက်မှတ်ထိုးထားတဲ့ တောင်းဆိုချက် စာအုပ်ကြီးကိုတော့ အခမ်းအနားနဲ့ ပေးအပ်ခဲ့ပါတယ်။ အာစီယံအဖွဲ့နဲ့ ကမ္ဘာ့ ကုလသမဂ္ဂအထိ ပို့ပေးဖို့လည်း မေတ္တာ ရပ်ခံခဲ့ပါတယ်။ အနီရောင် အင်္ကျီ ဝတ်ထားတဲ့ တက်ရောက်သူ အားလုံးက အိုင်ရင်းကို တလေးတစား မတ်တပ်ရပ်ပြ၊ လက်ခုပ်တီးကာ အားပေးခဲ့ကြပါတယ်။

နောက်ပိုင်း အစီအစဉ်ကိုတာ့ မြန်မာဘာသာစကားနဲ့  အားရပါးရ ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။ သံဃာတော် ၃ ပါးနဲ့ ကျောင်းသား၊ လူငယ် ကိုယ်စားလှယ် ၃ ဦးတို့က တလှည့်စီ အားမာန်အပြည့်နဲ့ ပြောဆိုကြပါတယ်။ လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့ အားပေး ထောက်ခံကြပါတယ်။ သံဃာတပါးက ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အပေါင်းအပါ လူတစုကို အေးဆေးစွာနဲ့ တိုက်ခိုက် ပြောကြားပါတယ်။ မြန်မာပြည်ပြန်မယ့် သံဃာတော်ကတော့ “ရွာပြန်ရမယ်လေ” ဆိုတဲ့ စကားကို မကြာခဏ ပြောရင်း အသောက၊ အနော်ရထာမင်းများ အကြောင်း ဟောကြားပါတယ်။ အခုလက်ရှိ မင်းလို အုပ်စိုးတဲ့ စစ်အာဏာပိုင်တွေကိုလည်း ရှေးဘုရင်တွေကို နောင်တရ၊ ပြောင်းလဲ ပေးစေနိုင်မယ့် သံဃာတော်တပါး ပေါ်ပေါက် လာစေရေး အထူး လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

ကိုနိုင်မိုးအောင်က မြန်မာနိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှု အခြေအနေတွေကို အချက်အလက်တွေနဲ့ ပြသဆွေးနွေးပါတယ်။ ကမ္ဘာကျော် ပါမောက္ခ စတီဗင်ကိုဗေးရဲ့ 7 habits (Circle of Influence) ကို ကိုးကားပြီး မြန်မာတွေ “မလုပ်နိုင်တာကို မြည်တွန်တောက်တီး နေတာထက်စာရင်” ကိုယ်လုပ်နိုင်တာလေးတွေကို ကိုယ်နဲ့ကိုက်ညီတဲ့ အဖွဲ့လေးတွေမှာ နောက်ကွယ်ကဖြစ်စေ တတ်နိုင်သရွေ့ ပါဝင်စေဖို့၊ Candle light ဖယောင်းတိုင် တတိုင်စီ ထွန်းကြဖို့ တိုက်တွန်း သွားပါတယ်။ ကိုနိုင်မိုးအောင် ဦးဆောင်တဲ့ http://dtasg.blogspot.com ဟာ စင်္ကာပူ သတင်းစာတွေရဲ့ မျက်နှာဖုံးအထိ အရေးယူ ဖော်ပြခြင်း ခံရတဲ့အတွက် မြန်မာအားလုံးနဲ့ စင်္ကာပူ မီဒီယာတွေကပါ စိတ်ဝင်စားပါတယ်။ လူအများ လုပ်နိုင်တဲ့ လှုပ်ရှားမှုလေးတွေကစပြီး လုပ်လာရင် အောင်မြင်ဖို့ ဖြစ်နိုင်တဲ့ လှုပ်ရှားမှုပါ။ လောလောဆယ်တော့ စင်္ကာပူ ဝန်ကြီးချုပ်ရုံး အဆင့်က အကြောင်းပြန်စာ ပေးပို့ခြင်း ခံရပေမယ့် မြန်မာသံအမတ်ကြီးနဲ့ နေပြည်တော်ကတော့ မျက်စိ၊ နား ပိတ်ထားခံရတာ မဆန်းပါဘူး။ တကမ္ဘာလုံး တောင်းဆိုချက်ကိုတောင် လစ်လျူရှုနေဆဲပါပဲ။

လူငယ်တဦးကတော့ စစ်တပ်၊ တိုင်းရင်းသား လူမျိုးစုနဲ့ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ ဒီမိုကရေစီ အင်အားစုများ အကြောင်း ပြောပါတယ်။ ဒီ့နောက် မြန်မာပြည်မှာ ၂ဝဝ၇ ဒီမိုကရေစီ ပထမ စစ်မျက်နှာ ဖွင့်ပြီးသွားပြီး၊ အခုအခါ နအဖ အင်အားစု အများဆုံးရှိတဲ့ စင်္ကာပူမှာ ဒုတိယ စစ်မျက်နှာ ဖွင့်နေပုံကို ပြောပါတယ်။ နအဖ အင်အားစုတွေနဲ့ သိပ်နီးကပ်လွန်းတဲ့အတွက် ဒီတကြိမ်မှာ ခွင့်ပြုချက်ရတဲ့ သတင်းဌာနတွေကလွဲပြီး တက်ရောက်လာသူတွေကို ဓာတ်ပုံ၊ ဗီဒီယို မရိုက်ဖို့ အထူး မေတ္တာရပ်ခံခဲ့ပါတယ်။ လွတ်လပ်မှုကို ချုပ်ကိုင်သလို ဖြစ်နေပေမယ့် “ဒီတခါ ငါတို့ဓာတ်ပုံ အင်တာနက်ထဲ ပါလာရင် ဒုက္ခပါပဲ” ဆိုပြီး မလုံမခြုံ ဖြစ်နေသူတွေအတွက် စိတ်ချလက်ချ လာနိုင်အောင်၊ မဆိုင်သူ နအဖ လူတွေ ဓာတ်ပုံ ရိုက်မသွားနိုင်အောင် လုပ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ နောက်နောင် ဒီလို တွေ့ဆုံ ဆွေးနွေးပွဲတွေ ဆက်လုပ်ရင်း လှုပ်ရှားမှုတွေ ပြီးမြောက်စေဖို့ စင်္ကာပူမှာရှိတဲ့ ဒီမိုကရေစီ အင်အားစု အားလုံးနဲ့  ပူးပေါင်း လုပ်ဆောင်သွားပါမယ်လို့ အိုဘီပီ လူငယ် အမှုဆောင် ကော်မတီဝင်တွေက ပြောဆိုသွားပါတယ်။ တခြား လူငယ် အမျိုးသမီး တဦးကတော့ ၂ဝဝ၆ ခုနှစ်အတွင်း ထိုင်းနယ်စပ်၊ မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ နယ်မြို့တွေမှာ စင်္ကာပူတက္ကသိုလ် NUS နဲ့အတူ လူမှုရေးလုပ်ငန်း ဆောင်ရွက်ခဲ့ပုံတွေကို တက်ရောက်လာသူတွေ အနေနဲ့ ပူးပေါင်း ဆောင်ရွက်လာရေး အတွက် ဗီဒီယို ဆလိုက်တွေနဲ့ လှုံ့ဆော်ပြောဆိုပါတယ်။ ဆင်းရဲနေတဲ့ မြန်မာ ကလေးသူငယ်တွေရဲ့ ပညာရေး အခြေအနေကိုလည်း ဗီဒီယိုနဲ့ ရှင်းပြတာကြောင့် တက်ရောက်လာသူ လူငယ်တွေအဖို့ သဒ္ဓါတရား ထက်သန်စွာ ပါဝင်လှူဒါန်းလိုစိတ်တွေ ကြွတက်လာစေပါတယ်။

အိုဘီပီက တက်ရောက်လာသူတွေကို အနီရောင်အင်္ကျီတွေ အခမဲ့ပေးပြီး၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုအတွက် စေတနာနဲ့ ထည့်ဝင် ကူညီမှုတွေကို လက်ခံပါတယ်။ အင်္ကျီနောက်ကျောမှာ WE PERSUE PEACE AND JUSTICE ဆိုပြီး အင်္ဂလိပ်လို အဝါရောင် စာလုံးနဲ့ အထင်အရှား ရေးထားပါတယ်။ အိုဘီပီ လှုပ်ရှားမှုတွေကို လက်ရှိ အာဆီယံ အစည်းအဝေး အစီအစဉ်အလိုက် ရေးထားတဲ့ စာအုပ်ငယ်လေးမှာ ကဗျာ၊ ဆောင်းပါးတွေကို အင်တာနက် နာမည်ကြီး ဘလောက်၊ ဝဘ်ဆိုဒ်တွေက ကူးယူဖော်ပြထားပါတယ်။ အသေးစိတ် ဆွေးနွေး ပြောဆိုချက်တွေနဲ့ တညီတညွတ်ထဲ ထောက်ခံပေးပို့မယ့် တမျက်နှာ ကျေညာချက်တွေကိုတော့ www.overseasburmesepatriots.org အင်တာနက်မှာ ကြည့်ရှုနိုင်ပါတယ်။ အခမ်းအနားအပြီးမှာ အကျွေးအမွေးနဲ့ ဧည့်ခံရင်း ဟော်တယ်က ပေးထားတဲ့အချိန် ကုန်တဲ့အထိ စင်္ကာပူရောက် ဒီမိုကရေစီ အင်အားစုတွေက အလွတ်သဘော ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံ ထိပ်သီးစည်းဝေး ကျင်းပချိန်မှာ စင်္ကာပူ အတိုက်အခံ ခေါင်းဆောင် မစ္စတာချီနဲ့အဖွဲ့က နိုင်ငံခေါင်းဆောင်တွေ တည်းခိုတဲ့ စင်တိုးစား ရှန်ဂရီလာ ဟော်တယ်ရှေ့ ဆန္ဒပြနိုင်ဖို့ ခဲယဉ်းပေမယ့် နိုဝင်ဘာ ၁၈ ရက်နေ့မှာ ကွာလတီ ဟိုတယ်မှာလုပ်မယ့် www.sghumanrights.org အဖွဲ့ရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲ (အင်္ဂလိပ် ဘာသာဖြင့်) ကတော့ လုပ်ဖြစ်မှာပါ။ စင်္ကာပူက ဒီမိုကရေစီ ထောက်ခံသူအဖွဲ့တွေ ဖြစ်တဲ့ အိုးဝေ၊ လမ်းပြကြယ်၊ သံလွင်အိမ်မက်၊ Concern for Burma, Burma Action, DTASG (To avoid tax to Burmese Embassy), Bloggers and University, Poly student groups စတဲ့ အဖွဲ့တွေလည်း အိုဘီပီနဲ့အတူ ကူညီ ဆောင်ရွက်နေပါတယ်။ အာဆီယံ ဆွေးနွေးပွဲတက်မယ့် အာဆီယံ ခေါင်းဆောင်တွေလည်း စင်္ကာပူရောက် မြန်မာတွေနဲ့ ဆွေးနွေးကြပါမယ်။ ကမ္ဘာတဝှမ်းက မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေထဲက ထင်ရှားသူ တချို့လည်း စင်္ကာပူကို လာကြပါမယ်။ သတင်းဌာနတွေ အစုံအလင်ပေါ့။

စင်္ကာပူ အစိုးရက ဒီမိုကရေစီကို အားပေးပေမယ့် မြန်မာတွေက ကိုယ့်ဘာသာ လုပ်ယူမှရပါမယ်။ တရုတ်နိုင်ငံ ကန့်လန့်ကန့်လန့် ပါဝင်နေမှုက ကုလသမဂ္ဂ လှုပ်ရှားမှုအတွက် အဟန့်အတားကြီး တရပ် ဖြစ်ပေမယ့် မြန်မာတွေ ဒီမိုကရေစီနဲ့ ထိုက်တန်ကြောင်း ပြည်တွင်းကတော့ ပြသပြီးပါပြီ။ ဆက်လို့လည်း ပြသနေဦးမှာပါ။ ပြည်ပရောက် စင်္ကာပူ မြန်မာတွေကလည်း ဆက်ပြနေပါတယ်။ အာဆီယံနဲ့ နိုင်ငံတကာ အင်အားစုက သူတို့ အကျိုးရှိရေးအတွက် လုပ်နေကြပေမယ့် ကျနော်တို့က သူတို့ အကူအညီကို ယူသင့်ရင် ယူရပါမယ်။ စင်္ကာပူဝန်ကြီး ဂျော့ခ်ျယိုး တိုပါးရိုး မြန်မာ ဘုန်တော်ကြီးကျောင်းကို လာပြီး ဒီမိုကရေစီ အင်အားစုတွေနဲ့ ဆရာတော်၊ အုပ်ချုပ်မှု ကော်မတီဝင်တွေကို တွေ့ဆုံပြီး တံခါးပိတ် ဆွေးနွေးပွဲ လုပ်ပါတယ်။ အခု အာဆီယံ အစည်းအဝေး လာတဲ့ ဗြိတိသျှဝန်ကြီး၊ ဗြိတိသျှ သံအမတ်ကြီးတို့  ပြင်သစ်သံရုံးနဲ့ပေါင်းပြီး တိုပါးရိုး ဘုန်းကြီးကျောင်းကို လာချင်ပါတယ်လို့ အဆိုပြုထားပါတယ်။

တိုပါးရိုး ဘုန်းကြီးကျောင်း ကော်မတီဝင် မြန်မာတွေ အနေနဲ့ ဒီမိုကရေစီ အင်အားစု တချို့ကိုလည်း ပါဝင်ဆွေးနွေးခွင့် ပေးရေး အထူးမျှော်လင့်ပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် အတူကြိုးပမ်းနေတဲ့ စင်္ကာပူ မြန်မာဘုန်းကြီးကျောင်း ကော်မတီနဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို တတ်နိုင်သလောက် ဘေးဖယ်ထားစေလိုပေမယ့် မလွယ်လှပါဘူး။ နိုင်ငံခြားရေး ဝန်ကြီး၊ သံရုံးတွေက ကြားခံအဖြစ် စင်္ကာပူ ဒီမိုကရေစီ အင်အားစုတွေ အကြားမှာ မစ္စတာ ဂမ်ဘာရီ ပုံစံ လုပ်ပေးချင်ပုံ ရပါတယ်။ ဘာပဲဖြစ်ဖြစ် ရယ်စရာပြောရရင် အမေရိကန် သမတကတော် လောရယ်ဘုရှ် စင်္ကာပူ ရောက်လာပြီး တိုပါးရိုး ဘုန်းကြီးကျောင်းကို လီကွမ်ယူနဲ့အတူ လာရောက် လည်ပတ်မယ် ဆိုရင်လည်း မအံ့သြတော့ပါဘူး။ ဒါကြောင့် မဝေးလှတဲ့ မြန်မာ့ ဒီမိုကရေစီအရေးအတွက် စင်္ကာပူရောက် မြန်မာတွေ တတ်နိုင်သလောက် အုပ်စုလိုက်ဖြစ်စေ၊ တဦးချင်းဖြစ်စေ အဆက်မပြတ် ပါဝင်လှုပ်ရှားစေဖို့ ဦးဆောင်နေတဲ့ ဒီမိုအင်အားစုတွေ အနေနဲ့ နှိမ့်ချမှုနဲ့ ဆက်လက်ပြီး ဦးဆောင်မှု ပေးသွားနိုင်လိမ့်မယ်လို့ မျှော်လင့်နေမိပါတယ်။

Friday, November 16, 2007

တော်လှန်ရေး မပြီးသေးပါ …

မဇ္ဈိမသတင်းဌာန
Friday, 16 November 2007 19:11 - မြန်မာစံတော်ချိန်

ဧည့်သည်လာရင် အနည်းနဲ့ အများတော့ ဟင်းကောင်းစားရတယ် ဆိုတာကို ကျနော်တို့ မေ့ထားလို့ မရပါဘူး။ အထူးသဖြင့် မျက်နှာကြီးဧည့်သည် လာတဲ့အခါမျိုးဆို ပိုသိသာပါတယ်။ ဖွယ်ဖွယ်ရာရာ ချက်ပြုတ် ကျွေးမွေးတာတင် မဟုတ်ပဲ ဧည့်သည်ရှိနေတဲ့ အချိန်များဆို ဆူစရာ ငေါက်စရာ ရှိရင်တောင် တိုးတိုးတိတ်တိတ် ညင်ညင်သာသာ ဆူတတ် ငေါက်တတ်ပါတယ်။ ခုရက်ပိုင်းမှာ ကျနော်တို့ တိုင်းပြည်ကို မျက်နှာကြီး ဧည့်သည်တွေ တော်တော်များများ ရောက်ပါတယ်။ အိမ်သာလို့ ဧည့်လာတာတော့ မဟုတ်ပေမဲ့ ဧည်သည်ကိုတော့ ဧည့်သည်လို ဆက်ဆံမှာပဲ ဖြစ်ပါတယ်။ ဒီ အချက်ကို ကျနော်တို့ လုံးဝ မေ့မထားသင့်ပါဘူး။ ဒီဧည့်သည်တွေ အားလုံးဟာ သံတမန်တွေ ဖြစ်တယ် ဆိုတာကိုလည်း မေ့လို့ မရပါ။ သူတို့ နောက်မှာ UN တပ်တို့၊ US တပ်တို့ ပါလာမယ် ဆိုတဲ့အတွေမျိုးလဲ မရှိသင့်ပါဘူး။

အိမ်ပြန်လက်ဆောင်

မစ္စတာဂမ်ဘာရီ အပြန်မှာ ယူသွားနိုင်တယ်လို့ သူယူဆသွားတဲ့ လက်ဆောင်တွေကတော့

၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား ကြေညာချက်ကို လူသိရှင်ကြား ထုတ်နိုင်ခြင်း၊
၂။ ပါတီ ဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံနိုင်ခြင်း
၃။ အဖမ်းအဆီးများ ထပ်မလုပ်ပဲ ဖမ်းထားသူများကို လွှတ်ပေးမည်ဟု အစိုးရက အာမခံခြင်း
၎။ ဆင်းရဲမှု ပပျောက်ရေး ကော်မရှင် ဖွဲ့စည်းရန် စဉ်းစားမည်ဟု ကတိရခြင်း

ဖြစ်တယ်လို့  ကုလသမဂ္ဂ ကိုယ်စားလှယ်တွေကို တရားဝင် အစီရင်ခံခဲ့တယ်လို့ သိရပါတယ်။ နောက် မစ္စတာ ဂမ်ဘာရီရဲ့ အကောင်းမြင်တတ်တဲ့ ရှုထောင့်နဲ့  စကားကတော့ စစ်အစိုးရ အနေနဲ့ နိုင်ငံတကာရဲ့ တိုက်တွန်းမှု အတိုင်း ဒီမိုကရေစီ နိုင်ငံကူးပြောင်းရေးကို အလေးထား ဆောင်ရွက်ဖို့ ရှိတယ်လို့ သိရပါတယ်။

ကျားသေကို အသက်သွင်းတာ

ခုလောလောဆယ်မှာ အစိုးရ အနေနဲ့ ဆွေးနွေးပွဲ ကို တာဝန်ယူဖော်ဆောင်ဖို့  ဝန်ကြီး တစ်ယောက်ကို တရားဝင် တာဝန်ပေးထားပြီး ဖြစ်တယ်လို့  စစ်တပ်ပိုင် မီဒီယာများမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဒီ ဆက်ဆံရေး အရာရှိ ဆိုတဲ့ရာထူးဟာ ဆွေးနွေးပွဲ အတွက် ထိထိရောက်ရောက် မဟုတ်ဘူးလို့ ခန့်မှန်းလို့ ရပါတယ်။ ဆွေးနွေးပွဲ အတွက် ကြိုတင်ဆွေးနွေး ပေးဖို့ ကြားပွဲစား သာသာအာဏာပဲ ရှိဟန်တူပါတယ်။ နောက် ဆွေးနွေးပွဲ ဆိုတာ နှစ်ဘက် ဘုံကြတဲ့ ရည်ရွယ်ချက် လုပ်ငန်းစဉ်တွေကို ရှာဖို့လို့ မြင်ပါတယ်။ ဘယ်လို ရလဒ်၊ ဘယ်လို ဦးတည်ချက် ကို အဓိကထား ဆွေးနွေးမယ် ဆိုတာလဲ အသင့်ရှိထားဖို့  လိုပါတယ်။ ကျနော် အမြင်အရတော့ စစ်အစိုးရဟာ ဆွေးနွေးပွဲ၊ ညှိနှိုင်းပွဲ ဆိုတာရဲ့ သဘော ကို သိဟန်မတူပါဘူး။ သူတို့ သွားနေတဲ့ လမ်းကြောင်းတွေ ဆွေနွေးပွဲ မစခင် အကြို တောင်းဆိုမှုတွေ ရှိနေတဲ့အတွက် သူတို့ရဲ့ အစကတည်းက လမ်းဆုံးထိ မရည်ရွယ်တဲ့ လမ်းပြမြေပုံ ကို အသက်ပြန်သွင်းဖို့ ကြိုးစားနေတယ် ဆိုတာ သေချာပါတယ်။ တကယ်တမ်း ဆွေးနွေးပွဲ လုပ်မယ် သင်ပုန်းချေရေး လမ်းကြောင်းကို တွေ့မယ်ဆိုရင် ပထမဆုံး ပြင်ဆင်နိုင်သလောက် သူတို့ အတိတ်က အမှားတွေကို ပြင်ဖို့ လိုအပ်ပါတယ်။ ဥပမာ။ ။ ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွတ်ပေးတာမျိုးပေါ့။

၁။ သဘောထား ကြေငြာချက် ကိစ္စ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကြေငြာချက်ကို ထုတ်ပြန် ခွင့်ပေးတယ်ဆိုတာ ကျနော်တို့ နိုင်ငံသားတွေ အတွက် ရည်ရွယ်တာ မဟုတ်ပါဘူး။ မစ္စတာဂမ်ဘာရီ ကနေတဆင့် ထုတ်ပြန်ခွင့်ပေးတာကို ကြည့်ချင်းအားဖြင့် နိုင်ငံတကာရဲ့  ဖိအားတွေကို လျော့ကျဖို့  အသုံးချတာ သက်သက် ဖြစ်ပါတယ်။ မစ္စတာ ဂမ်ဘာရီ နဲ့  ဆက်ဆံရေး ကောင်းမွန်လာဖို့နဲ့ နိုင်ငံတကာက မြင်နေတဲ့ စစ်အာဏာရှင် ရုပ်လုံးကို ဖျောက်ဖို့  မျက်နှာဖုံး သက်သက်ဆိုတာ သိသာလွန်း အားကြီးပါတယ်။ နောက်ပြီး နေအိမ် အကျယ်ချုပ်ကို ဖြုတ်မပေးသေးတာ ကလည်း တန်းတူရည်တူ ဆွေးနွေးဘက်လို့  မယူဆတာကို သိသာစေပါတယ်။ တကယ်ဖြစ်သင့်တယ် စေတနာ အမှန်နဲ့  ကြေငြာချက် ထုတ်ခွင့်ပေးတယ်ဆိုရင် စစ်အစိုးရ မီဒီယာတွေ မှာ အဲဒီ ကြေငြာချက်ကို ထုတ်ပြန်ခွင့် မပြုရင်တောင် NLD ကို သူအစီအစဉ်နဲ့ သူဖြန့်ဝေခွင့် ပေးသင့်ပါတယ်။ အင်တာနက်တွေ တယ်လီဖုန်းတွေနဲ့  သတင်းမီဒီယာတွေကြောင့်သာ ဒီကြေငြာချက်ကို မြန်မာနိုင်ငံ အတွင်းမှာ နေတဲ့ လူတွေ သိခွင့်ရတာပါ။

၂။ တွေ့ဆုံပွဲ

စစ်အစိုးရ က ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ပါတီ အမှုဆောင် အဖွဲ့တွေကို တရားဝင် တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။ လွတ်လပ်တဲ့ တွေဆုံမှုလို့ ပြောဖို့ရာတော့ စဉ်းစားဖို့ အချက်တွေ ရှိနေပါတယ်။ တွေဆုံခွင့် ပေးတဲ့နေရာက အစိုးရဧည့်ဂေဟာ ဖြစ်နေတာ၊ ဆက်ဆံရေး ဝန်ကြီး ကြိုရောက်နေတာတွေကို ကြည့်ရတာဟာ မရိုးသားမှု အနံ့အသက်တွေပါပဲ။ တကယ်တော့ ဆက်ဆံရေး ဝန်ကြီးရဲ့ တာဝန်ဟာ စစ်အစိုးရနဲ့ NLD ကြား ဆက်ဆံရေးတွေ ဆောင်ရွက်ဖို့အတွက် လို့ပဲ ထင်ပါတယ်။ NLD အဖွဲ့ခေါင်းဆောင်နဲ့ သူအမှုဆောင် အဖွဲ့တွေ ကြားမှာ ဘယ်လို ပုံစံမျိုးနဲ့မှ ရှိမနေသင့်ပါဘူး။ အစိုးရဧည့်ဂေဟာကို အသုံးပြုခွင့်ပေးတယ် ဆိုတာလဲ ပျားရည်နဲ့ ဝမ်းချတဲ့ သဘောရယ်၊ နိုင်ငံတကာမှာ အမြင်လှစေဖို့  အတွက်ရယ်လို့ ပဲ ထင်ပါတယ်။ နောက် မီဒီယာတွေ အမြင်ပြောင်းအောင် လုပ်တဲ့ ကြိုးစားချက်တစ်ခု ဖြစ်ပါတယ်။ ဒေါ်အောင်စုကြည်ရဲ့ ဓာတ်ပုံတွေကို ခေါင်းတင်ပြီး ထွက်လာသမျှ ဂျာနယ်တွေ၊ စာစောင်တွေ ဆိုတာလဲ ပြည်သူလူထုကို အိပ်ငွေ့ချ၊ တစ်ကမ္ဘာလုံးကို အိပ်ငွေ့ ချတဲ့ အဓိပ္ပါယ်ပါပဲ။

၃။ မဖမ်းတော့ဘူး

စစ်အစိုးရက မစ္စတာ ဂမ်ဘာရီကို ပေးလိုက်တဲ့ သဘောတူညီချက် တစ်ခုဖြစ်တဲ့ အဖမ်းအဆီး မလုပ်တော့ပဲ ဖမ်းထားသူတွေကို ပိုလွတ်ပေးမယ် ဆိုတဲ့ အချက်ကတော့ စစ်အစိုးရရဲ့ မျက်ကန်းတစ္ဆေမကြောက် လိမ်ဆင်ပဲ ဖြစ်ပါတယ်။ မစ္စတာ ပီညဲရိုး ရန်ကုန်မှာ ရှိနေတုန်းမှာပဲ မစုစုနွေးကို ဖမ်းလိုက်တာကို အားလုံးအသိပါ။ နောက်လွတ်ပေးတယ် ဆိုတာ လဲ နိုင်ငံရေး အကျဉ်းသမား တစ်ယောက်မှာ သာမန် ရာဇဝတ်မှုနဲ့ အကျဉ်းသား တစ်ရာနှုန်းနဲ့ လွတ်ပေးနေတာ မျိုးပါ။ တကယ်တမ်း ၈၈ က အရေးပါတဲ့ ခေါင်းဆောင်တွေ၊ NLD ရဲ့ ဦးဝင်းတင်လို ပုဂ္ဂိုလ်တွေကို လွတ်ပေးမှာ မဟုတ်ပါဘူး။ အဲဒီတော့ ဒီအချက်ကတော့ လုံးဝ ဖြစ်လာမဲ့ ကတိပေးမှုမျိုး မဟုတ်ဘူးဆို တာကို သိထားဖို့ လိုပါတယ်။

၎။ ဆင်းရဲမှု ပပျောက်ရေး

ဆင်းရဲမှု ပပျောက်ရေး ကော်မရှင်ဖွဲ့ဖို့ ကိစ္စကလည်း စဉ်းစားဖို့တောင် လိုတဲ့ကိစ္စ မဟုတ်ဘူး ဆိုတာကို အားလုံး နားလည်ပြီးသား ကိစ္စပါ။ ဒါပေမဲ့ ဆင်ရဲမှု ပပျောက်ရေး ကော်မရှင်ဖွဲ့တာနဲ့  တပြိုင်တည်း ချမ်းသာမှု လျော့ချရေး အစီအစဉ်ကိုပါ ပူးတွဲ အကောင်အထည်ဖော်ဖို့လိုတယ် ဆိုတာကို သူတို့ သိထားပြီးသား ဖြစ်တဲ့အတွက် ဒီကော်မရှင်ဖွဲ့ဖို့ ဆိုတာကလဲ နောက်ထပ် ပျားရည်တစ်ပုလင်းပဲ ဖြစ်ဖို့များပါတယ်။

မီးစတဖက် ရေမှုတ်တစ်ဖက်

စစ်တပ်အနေနဲ့  နိုင်ငံတကာရဲ့ ဖိအားများအရ တွေ့ဆုံ ဆွေးနွေးရေး စားပွဲပေါ်ကို ဒေါ်အောင်ဆန်းစုကြည် နဲ့  NLD ပါတီကို ခေါ်ထားပြီး ထွက်ပေါက်တစ်ခု အနေနဲ့  အသုံးချတယ်ဆိုတာ သိသာပါတယ်။ နိုင်ငံတကာ က မေ့မေ့ပျောက် ဖြစ်ပြီဆိုတာနဲ့ တစ်ပြိုင်ထဲ နောက်တစ်ခါ ရူးချင်ဟန် ထပ်ဆောင်ဦးမယ်ဆိုတာ သေချာပါတယ်။ တစ်ဖက်က ဆွေးနွေးပွဲ ဆိုတဲ့ စကားလုံးတွေ အကြိမ်ကြိမ် ရေလဲ သုံးနေပေမဲ့ တစ်ဖက်မှက ဒေါ်အောင်ဆန်းစုကြည်ရဲ့  သဘောထားအပေါ် ဆန့်ကျင်တဲ့ သတင်းတွေကို စစ်တပ်ပိုင် မီဒီယာတွေမှာ ဖော်ပြနေပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးလို့ ကြွေးကျော်နေပေမဲ့ တဖက်က ပြည်ပအားကိုး ပုဆိန်ရိုးဆိုတဲ့ စာတမ်းတွေ ချိတ်ဆွဲနေတုန်း ရှိပါသေတယ်။ ငြိမ်းချမ်းစွာနဲ့ စနစ်တကျ ဒီမိုကရေစီ စနစ်ကို အကောင်အထည် ဖော်မယ် ပြောနေပေမဲ့ တဖက်က လူမသိသူမသိ ဖမ်းဆီးမှုတွေ လုပ်နေတုန်း ဖြစ်ပါတယ်။ တဖက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံနဲ့သတင်းကို ပြည်တွင်းစာစောင်တွေ၊ မီဒီယာတွေမှာ ဖေါ်ပြခွင့် ပေးနေပေမဲ့ တဖက်က NLD ကို မီဒီယာတွေဆီ သတင်း မပို့အောင် တားဆီးနေတုန်းပဲ ဖြစ်ပါတယ်။

လူညံ့လိုတွေးတာ

စစ်တပ်ဟာ အာဏာလက်လွတ် ဆုံးရှုံးမှာကို ကာကွယ်ချင်လို့  ဒီဆွေးနွေးပွဲကို အသုံးချတယ်လို့ မြင်ပါတယ်။ သူတို့ ဆွေးနွေးပွဲရဲ့ အပြီးသတ် အဖြေဟာ လမ်းပြမြေပုံကို ပြန်ပြီး အသက်သွင်းဖို့ ဆွေးနွေးဖို့ သက်သက်ပါ။ သူတို့ အာဏာစောစီးစွာ စွန့်လွတ်ရမဲ့ ဘယ်လို ဆွေးနွေးချက်မျိုး ကိုမှ လက်ခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ လိုချင်တဲ့ အဖြေပေးပြီး အဲဒီ အဖြေကိုရှာဖို့ သက်သက် ဆွေးနွေးတာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အာရုံကို ခဏပြောင်းပေးဖို့၊ နိုင်ငံတကာ ဖိအားလျော့ချဖို့ သက်သက် အသုံးချတာ ဖြစ်ပါတယ်။ သူတို့ အာဏာလက်မဲ့ ဖြစ်မဲ့ တစ်စုံတစ်ရာကို တွေ့လိုက်တာနဲ့  ချက်ခြင်းပြန် အကြမ်းဖက်ဖို့  အသင့်ရှိနေတယ်လို့ ထင်ပါတယ်။ ခုချိန်မှာ ဆွေးနွေးပွဲ စားပွဲပေါ်ကို NLD အနေနဲ့  သွားတာကို ထောက်ခံရမှာ ဖြစ်ပေမဲ့ ဒါဟာ အဆုံးသတ်အဖြေ ဖြစ်တယ် ဆိုတဲ့ အတွေးမျိုး ရှိမနေသင့်ဘူးလို့ ထင်ပါတယ်။ ဗိုလ်ချုပ်ရဲ့ နေသူရိန် အစည်းအဝေးကို သတိရဖို့ လိုပါတယ်။ စားပွဲပေါ်တင် ကိစ္စပြီးရင် အကောင်းဆုံး ဖြစ်ပေမဲ့ မျှော်လင့်သလို မဖြစ်ခဲ့ရင်လဲ ရှေ့ဆက်ချီတက်ဖို့  အသင့်ဖြစ်နေဖို့ လိုပါတယ်။ တော်လှန်ရေး မပြီးသေးပါ ခင်ဗျာ။



လူမခိုးသော်လည်း …

ကလိုစေးထူး
Friday, 16 November 2007 13:29 - မြန်မာစံတော်ချိန်

တရက်မှာတော့ ကျနော့်အလုပ်ထဲက လုပ်ဖော်ကိုင်ဖက် မြန်မာတယောက်နဲ့ အတူတူ အလုပ်တွဲလုပ်ရင်းနဲ့ အလ္လာပသလ္လာပတွေ ဟိုဟိုဒီဒီ ပြောဖြစ်ကြပါတယ်။ အဲဒီလို ပြောဖြစ်ကြရင်းနဲ့ တကြိမ်မှာတော့ သူက ကျနော့်ကို မေးခွန်းတခု မေးပါတယ်။

`ဒါနဲ့ ခင်ဗျားက မြန်မာပြည်မှာတုန်းက ဘယ်အတန်းထိ ပညာသင်ခဲ့လဲဗျ´

အဲဒါနဲ့ ကျနော်က…

`ဟုတ်ကဲ့၊ ကျနော် မြန်မာစာ အဓိကနဲ့ ကျောင်းပြီးခဲ့ပါတယ်´

အဲဒီအခါမှာ အဲဒီမိတ်ဆွေက ရင်မောဟန် ပုံစံနဲ့ သက်ပြင်းချလိုက်ပါတယ်။ ပြီးတော့ ခပ်လေးလေး လေသံနဲ့ ပြောလိုက်သေးတာက …

`အင်း၊ မြန်မာပြည်က ဘွဲ့ကလည်း ဘာမှ လုပ်မရပါဘူးဗျာ´

ဟုတ်ကဲ့၊ အဲဒီမှတ်ချက်ကို ပေးတဲ့ ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက် မြန်မာက မြန်မာပြည်မှာတုန်းက ရှစ်တန်းတောင် မအောင်ခဲ့ပါဘူး။

***

ကျနော်တို့ မိသားစုက ငွေကြေးချမ်းသာတဲ့ မိသားစု မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် သိပ်အချို့တဲ့ကြီးလည်း မဟုတ်ခဲ့လေတော့ ကျနော့် မိဘတွေက ကျနော်တို့ ညီအကိုတွေကို ရည်မှန်းချက် ကြီးကြီးထားပြီးတော့ ကျနော်တို့ရဲ့ ပညာရေးအတွက် စနစ်တကျ ကြပ်မတ် ထိန်းကျောင်းခဲ့ပါတယ်။ ကျောင်းဆရာမ ဖြစ်သူ ကျနော့်မေမေက `ငါတို့က မချမ်းသာတော့ ငါ့သားတွေကို ဥစ္စာအမွေတော့ မပေးနိုင်ဘူး၊ ဒီတော့ ငါ့သားတွေအတွက် ပညာအမွေကိုတော့ ရအောင် ပေးချင်တယ်၊ ငါ့သားတို့ ကြိုးစားကြ´ လို့ အမြဲ ပြောလေ့ ရှိပါတယ်။

ကလေးဘ၀ ငယ်စဉ်ကတော့ `ပညာ´ ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပာယ်က တနှစ်တတန်း မှန်မှန်အောင်နေတာ တခုတည်းနဲ့တင် ပြည့်စုံနေခဲ့ပါတယ်။ တခါတလေမှာ အတန်းထဲမှာ အဆင့် တစ်၊နှစ်၊သုံး တခုခု ၀င်လာပြီဆိုရင်တော့ မိဘတွေက ဆုတွေပေး၊ အိမ်နီးနားချင်းတွေကိုလည်း ဂုဏ်ယူစွာနဲ့ ကြွားလုံးထုတ်နဲ့ပေါ့…။ နေ့စဉ်ထိတွေ့ နေခဲ့ရတာကလည်း ကျောင်းနဲ့အိမ်၊ အိမ်နဲ့ကျောင်း ပါပဲ။

အတန်းတွေ တဖြည်းဖြည်း တိုးလာသလို အသက်အရွယ်လဲ တဖြည်းဖြည်း ကြီးရင့်လာတဲ့ အခါမှာ ငယ်စဉ်ကလေးဘ၀ကလို ကျောင်းနဲ့အိမ်သာမက ဘေးပတ်ဝန်းကျင် လူမှု ဘ၀တွေနဲ့ပါ ထိတွေ့ ဆက်ဆံရမှုတွေက ပိုများလာပါတယ်။ ကလေးဘ၀ ငယ်ငယ်က ကျောင်းသင်ခန်းစာပြီးရင် ကစားကွင်းကိုသာ သွားတတ်ခဲ့ပေမယ့် နည်းနည်းပါးပါး အသက်အရွယ် ရလာတော့ လက်ဖက်ရည်ဆိုင်ကို ခြေဦး လှည့်တတ်လာပါပြီ။ ဟိုဟိုဒီဒီ သွားလာတတ်လာပါပြီ။

အဲဒီမှာတင် သူလိုကိုယ်လို ပညာသင်သားတွေအပြင် ဘ၀၀မ်းစာအတွက် ပုံစံမျိုးစုံနဲ့ ရုန်းကန်နေရတဲ့ လူပေါင်းစုံကို စတင် ထိတွေ့ရပါတော့တယ်။ ကျောင်းမနေနိုင်ကြတဲ့ ကိုယ်နဲ့ သက်တူရွယ်တူတွေ၊ ပညာဆုံးခန်းတိုင်အောင် မသင်ခဲ့ရတဲ့ ကာယလုပ်အား ပိုင်ရှင်တွေ၊ နောက်ပြီးတော့…၊ တမင်ကို ပညာ ဆက်မသင်ကြတော့တဲ့ လူတချို့…၊ အဲဒီလို မျိုးစုံ၊ လူစုံတဲ့ ပတ်ဝန်းကျင်နဲ့ စတင် မိတ်ဆက်ခွင့် ရခဲ့ပါတော့တယ်။

ကျနော် ဆယ်တန်းအောင်တော့ ၁၉၉၃ ခုနှစ်…။ ကျနော်တို့ မိဘတွေ ခေတ်တုန်းကနဲ့ မတူတာကတော့ တက္ကသိုလ် ဆက်တက်ဖို့ နှစ်နှစ် ထပ်မံ စောင့်ဆိုင်းရပါမယ်။ ဒီတော့ ၁၉၉၅ ခုနှစ်ကျမှ တက္ကသိုလ်ကို ဆက်တက်ရမှာပါ။

***

`မင်းအမေ လစာ ဘယ်လောက်ရလဲကွ´

ကိုးတန်းနဲ့ ကျောင်းထွက်ပြီး သူ့မိဘရဲ့ ကုန်စုံဆိုင်မှာ ကူညီရင်းနဲ့ တဖြည်းဖြည်းနဲ့ အရောင်းအ၀ယ်သမား ဖြစ်လာတဲ့ သူငယ်ချင်းက ကျနော့်ကို တရက်မှာ အဲဒီလို မေးပါတယ်။ ကျနော်က `၁၂၀၀ ကျော်တယ် ထင်တယ်´ လို့ ဖြေတော့ အဲဒီ သူငယ်ချင်းက ရယ်ဟဟ နဲ့…

`ငါ့ ဆိုင်မှာ တပတ်ရောင်းရင် အဲဒီငွေထက် နှစ်ဆပိုတဲ့ အမြတ်ရတယ်ကွ´ လို့ ပြောပါလေရော…။

တက္ကသိုလ် ဆက်တက်ဖို့ စောင့်ဆိုင်းရမယ့် ကြားကာလ နှစ်နှစ်အတွင်း အိမ်မှာ ဒီအတိုင်း အလကား မနေချင်တာနဲ့ မေမေ့ သူငယ်ချင်း တယောက်ရဲ့ သစ်စက်မှာ အလုပ်ဝင်လုပ်ပါတယ်။ သစ်စက်ဆိုတော့ ကျောင်းပညာနဲ့ သိပ်ပြီးတော့ ပတ်သက်မှု မရှိလှပါဘူး။ ကျောင်းပညာနဲ့ အတန်ငယ် ဆက်စပ်တာဆိုလို့ သစ်ကို လုံးပတ် ဘယ်လောက်၊ အရှည်ပေ ဘယ်လောက် ရှိလဲ တိုင်းတာပြီးရင် တန်ပေ ဘယ်လောက်ရှိလဲ တွက်ချက်ရတာ တခုပါပဲ။ အဲဒါကလဲ တန်ပေတွက်တဲ့ စာအုပ်က အဆင်သင့် ရှိနေပြီးသားဆိုတော့ ခပ်တိုတိုပြောရရင် အဲဒီအလုပ်က ကျနော် သင်ခဲ့တဲ့ ဆယ်တန်းအောင် ဆိုတဲ့ ပညာနဲ့ ဘာမှကို မဆက်စပ်ပါဘူး။

ဒါပေမယ့် အဲဒီ သစ်စက်မှာ ၀င်လုပ်လို့ ရခဲ့တဲ့ ၀င်ငွေကတော့ ကျနော့်မေမေရဲ့ ကျောင်းဆရာမ လစာထက် သာလွန်ခဲ့ပါတယ်။ သစ်စက်မှာ နှစ်ပတ်တကြိမ် လုပ်ခရှင်းတိုင်း ကျနော်ရတဲ့ လုပ်ခကို မေမေ့ကို အပ်တဲ့အခါ သူ့လစာထက် ပိုနေတဲ့ ကျနော့်ရဲ့ ကာယလုပ်အားကို ကြည့်ပြီး မေမေ့မျက်နှာက တခုခုကို ခံစားရတဲ့ သွင်ပြင်နဲ့ မရွှင်လန်းခဲ့ပါဘူး။

နောက်ထပ် တခုက ကျနော်တို့ မြို့ကလေးမှာ နယ်စပ်ကနေ တဆင့် ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ်ကြသူတွေ အင်မတန် များပါတယ်။ ဟိုမှာ ဘယ်ပုံဘယ်နည်း ငွေရှာရတယ်ဆိုတာကို မြို့မှာ ကျန်ရစ်ခဲ့သူတွေက မသိနိုင် မမြင်နိုင်ပေမယ့် ပြန်ရောက်လာကြတဲ့လူ အတော်များများမှာ ငွေစလေး တရွှင်ရွှင် ဖြစ်လာတာကို တွေ့ကြတဲ့ အခါ တစတစနဲ့ အဲဒီ ငွေရနည်းနောက်ကို လိုက်ကြပြန်ပါတယ်။ ဒီလိုနဲ့ပဲ ပညာကို ဆုံးခန်းတိုင်အောင် မသင်ကြားကြတော့တဲ့ လူငယ်တွေ ပိုများလာပြန်ပါတယ်။

***

အထက်ပါ တင်ပြခဲ့တဲ့ ဖြစ်စဉ်တွေကို လေ့လာကြည့်ရင် ကျနော်တို့ နိုင်ငံမှာ ပညာတတ်တွေရဲ့ တန်ဖိုးက တဖြည်းဖြည်းနဲ့ လျော့မှန်း မသိ လျော့လာသလို နောက်ဆုံးတော့ `ဆယ်တန်းအောင်တော့ရော ဘာဖြစ်မှာမို့လဲ´ `ဘွဲ့ရတော့ရော ဘာလုပ်လို့ ရလို့လဲ´ ဆိုတဲ့ အနေအထားမျိုး အထိကိုပါ ပညာတတ်တွေကို စိန်ခေါ်ခံရတဲ့ အဆင့်ကို ရောက်နေတာကို တွေ့ရပါတယ်။

ယခင်က ရှစ်တန်းလောက် အောင်ရင်ပဲ ဌာနတခုခုမှာ စာရေးစာချီ၊ ဒါမှမဟုတ် မူလတန်းကျောင်း တခုခုမှာ ကျောင်းဆရာ လုပ်ဖို့ အခွင့်အလမ်း ရှိခဲ့သေးပေမယ့် ယနေ့ခေတ်မှာတော့ ဘွဲ့ရထားတဲ့ လူငယ်တယောက်က ဆိုက်ကား ထွက်နင်းရတာမျိုးတွေ ရှိနေပါပြီ။ ဘာဆို ဘာအလုပ်မှ မရတော့တဲ့ အဆုံး ဘွဲ့လက်မှတ်ကို အသာခေါက်လို့ ရရာအလုပ် ၀င်လုပ်ရသူတွေ တိုင်းတပါးကို ထွက်ပြီး သူတို့နိုင်ငံသားတွေ မလုပ်ချင်တဲ့ အောက်ခြေသိမ်း အလုပ်တွေကို လုပ်ရသူတွေ ဒုနဲ့ဒေး ဖြစ်လာပါပြီ။

လူငယ်တွေကလည်း လက်ရှိ သင်ကြားနေရတဲ့ ပညာရေးဟာ သူတို့ ဘ၀ကို လုံလောက်တဲ့ အာမခံချက် ပေးနိုင်ပါ့မလား ဆိုတာကို သံသယ ၀င်လာကြပါတယ်။ ဒီတော့ တော်ရုံတန်ရုံ လက်လုပ်လက်စား ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ လူငယ်တွေဟာ ပညာဆုံးခန်း မတိုင်မီမှာပဲ ကျောင်းထွက်၊ အလုပ်လုပ်…။ တချို့ဆိုရင်တော့ သူတို့ မိဘတွေက ငယ်ငယ်ကတည်းက ကျောင်းကို လုံးဝကို မထားတော့ပါဘူး။ အကြောင်းပြချက်ကတော့ ထုံးစံအတိုင်း `ဆယ်တန်းအောင်တော့လဲ ဘာလုပ်လို့ ရတာမှတ်လို့´ ဆိုတာပါပဲ။

တနှစ်တတန်း ပုံမှန်အောင်တဲ့ အတန်းမြင့်လာမှု တန်ဖိုးနဲ့ ထပ်တူကျတဲ့ တတ်မြောက်မှုမျိုး မပေးနိုင်တဲ့ မြန်မာပြည် လက်ရှိ ပညာရေး စနစ်ရဲ့ နိမ့်ကျမှုဟာလည်း ပညာသင်သားတွေကို ထိပါးစိန်ခေါ်ခံရတဲ့ အချက်တချက်ပါ။ ငွေကြေးတတ်နိုင်ပြီး မြို့ကြီးပြကြီးတွေမှာ နေထိုင်သူ မိသားစုတွေကတော့ သူတို့သားသမီးတွေကို အပြင်ကျူရှင်၊ သင်တန်း စတာတွေမှာ တက်ရောက်စေပြီး အဲဒီ ကွက်လပ်ကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးနိုင်ပေမယ့် ငွေကြေး ချို့ငဲ့သူတွေရဲ့ သားသမီးတွေကတော့ သူတို့ကို သင်ပေးတဲ့ ဆရာ/ဆရာမရဲ့ စေတနာကိုသာ အကောင်းဆုံး မျှော်လင့် နိုင်ပါတော့တယ်။ မိမိရဲ့ တပည့်သားသမီးတွေကို ရင်ဝယ်သားသကဲ့သို့ သဘောပိုက်ပြီး စေတနာ အရင်းခံနဲ့ နာသုံးနာထားတဲ့ ဆရာ/ဆရာမ တွေရဲ့ မေတ္တာတရားသည်သာလျှင် ချို့ငဲ့သူတွေအတွက် အကောင်းဆုံး ပညာရည်နို့ ဖြစ်စေတော့တာပါပဲ။

***

`ပညာ´ ကို မီးရှူးတန်ဆောင် လို့လဲ တင်စားကြပါတယ်။ အသိဉာဏ်တွေ အမှောင်ကျနေရင် ထိုးထွင်းနိုင်အောင်၊ ဆင်ခြင်တုံတရားတွေ အမှောင်ကျနေရင် လင်းချင်းနိုင်အောင် စွမ်းဆောင်နိုင်တာမို့ မီးရှူးတန်ဆောင်ကြီး တခုနှယ် ပညာကို တင်စားကြပါတယ်။ ဒါပေမယ့် အဲဒီ မီးရှူးတန်ဆောင်ကြီး ကျနော်တို့ နိုင်ငံမှာ လင်းခွင့် မသာခဲ့တာတော့ အတော်ကြာလာခဲ့ပါပြီ။

သူတပါးနိုင်ငံကို ရောက်တဲ့အခါ တိုးတက်နေတဲ့ သူ့နိုင်ငံက ပညာရေးကို ကြည့်ပြီးတော့ `မြန်မာပြည် ပညာရေးကတော့ သုံးမရပါဘူး´ လို့ လက်လွတ်စပယ် မပြောလိုပေမယ့် `တို့နိုင်ငံကျတော့ ဘာလို့များ ဒီလောက်တောင် ပညာရေးက နောက်ကျနေရတာလဲ၊ ပညာတတ်တွေက တို့နိုင်ငံမှာ ဘာလို့ တန်ဖိုးမရှိရတာလဲ´ ဆိုတဲ့ မချင့်မရဲစိတ်ကတော့ ဖြစ်မိတာ အမှန်ပါပဲ။

ဆယ်တန်းအောင်တဲ့ လူတယောက်၊ ဘွဲ့ရတဲ့လူတယောက်အတွက် တိုးတက်တဲ့ နိုင်ငံကြီးတွေမှာလောက် ၀င်ငွေ မဖြောင့်ရင်တော့ ကိုယ့်နိုင်ငံထဲမှာ မတောင့်မတ မကြောင့်မကြနဲ့ သူသင်ခဲ့တဲ့ ပညာနဲ့ အသက်မွေးဝမ်းကျောင်း ပြုခွင့် ရနေမယ် ဆိုရင် ဒါဟာ ကျနော်တို့ နိုင်ငံက ပညာတတ်တွေရဲ့ တန်ဖိုး မြင့်တက်လာမှု တခုပါပဲ။

***

အထက်မှာ ရေးခဲ့တာ အတန်ငယ် များခဲ့ပါပြီ။ စာတပုဒ်မှာ ခံစားချက်တခုခု၊ ယုံကြည်ချက်တခုခု၊ ဖြစ်စေချင်ချက် တခုခုကို ချရေးလိုက်တယ် ဆိုပါစို့…။ အဲဒီ ချရေးလိုက်တဲ့ ခံစားချက်၊ ယုံကြည်ချက်၊ ဖြစ်စေချင်ချက် တွေနဲ့ သဘောခြင်း ထပ်တူကျတဲ့ လူတွေက အားပေးမယ်၊ သူတို့ ခံစားနေရတာကိုလဲ ဖွင့်ဟမယ်၊ အကြံပြုမယ်…။ ဒီလိုနဲ့ပဲ ကောင်းသော အဖြေတခုကို ၀ိုင်းဝန်း ရှာဖွေကြပါတယ်။ အလွယ်ဆုံးနဲ့ အရိုးဆုံး စဉ်းစားမိတာပါ။

ဒါပေမယ့် အဲဒီစာထဲက အချက်အလက်တွေကို လက်မခံသူ၊ တနည်းအားဖြင့် ဆန့်ကျင်သူတွေအဖို့ကတော့ စာတလုံးခြင်း တကြောင်းခြင်းစီဟာ သူ့အတွက် သံရည်ပူသကဲ့သို့ ဖြစ်နေစေမှာပါပဲ။ အဲဒီလိုနဲ့ `အဆင့်မရှိဘူး´ `အတင်း တုတ်နေတာပါ´ `လေထဲကနေ အော်မနေနဲ့´ ဆိုတဲ့ စကားလုံးမျိုးတွေကနေ ရုန့်ရင်းကြမ်းတမ်းတဲ့ ဖရုဿဝါစာတွေပါ ပါလာတဲ့အထိ ပြန်လည် တုံ့ပြန်ပါတော့တယ်။ ဒါဟာလည်း ပြန်စဉ်းစားကြည့်လိုက်ရင် လူ့သဘာဝ တမျိုးပါပဲ။ ကိုယ်မှ မကြိုက်ဘဲကိုး…။

သို့သော်…။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည် ဖြစ်စေ မိမိထင်မြင်တဲ့ ရှုထောင့်၊ သုံးသပ်ချက်တွေကနေ တဆင့် အပြုသဘောဆန်တဲ့ အကောင်းလက္ခဏာတွေကို ထုတ်နှုတ်နိုင်မယ်ဆိုရင် ကျနော် ဒီစာတပုဒ်ကို ရေးရကျိုး (နည်းနည်းလေး ဖြစ်ဖြစ်) နပ်မှာ အသေအချာပါပဲ။

***

ပညာနဲ့ပတ်သက်လို့ စကားပုံလေး တခု ရှိပါသေးတယ်။ `ပညာရွှေအိုး၊ လူမခိုး´ တဲ့…။

ဟုတ်ပါတယ်။ ပညာဆိုတဲ့ ရွှေအိုးကို ဘယ်လိုလူကမှ မခိုးနိုင်လောက်ပါဘူး။ ဒါပေမယ့် အတ္တတွေ၊ မာန်မာနတွေက ပိတ်ဖုံးလွန်းလာတဲ့ အခါကျရင်တော့ ပညာဆိုတဲ့ လူမခိုးနိုင်တဲ့ ရွှေအိုးကြီး တဖြည်းဖြည်းနဲ့ နစ်မြုပ် ပျောက်ဆုံးသွားမှာကို စိုးရိမ်မိလှပါတယ်။

ဒါကြောင့် ဒီစာစုကို ရေးမိပါတယ်။


Thursday, November 15, 2007

မြန်မာပြည် နှင့် မှတ်ပုံတင် … (ဆောင်းပါး)

ဆောင်းပါး
ကလိုစေးထူး
Thursday, 15 November 2007 01:04 - မြန်မာစံတော်ချိန်

ကျနော် ကိုးတန်း ကျောင်းသား ဘ၀တုန်းကပါ။

ကျောင်းကို မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန (လ၀က) က ၀န်ထမ်းတချို့ရောက်လာပြီး ကျောင်းသားတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကိုယူ၊ ဖောင်တွေ ဖြည့်တန်တာဖြည့်၊ ဓာတ်ပုံရိုက် အစရှိတာတွေ ဆောင်ရွက်လို့ လအနည်းငယ်ကြာတော့ အတန်းပိုင်ဆရာမက ကျောင်းသားတယောက်ခြင်းစီကို ပန်းရောင် ကဒ်ကလေးတွေ ထုတ်ပေးပါတယ်။

ကဒ်ကို ကြည့်လိုက်တော့ `အသက် တဆယ်နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကဒ်´ တဲ့…။

ဒါဟာ နိုင်ငံသား ဖြစ်မှုကို အသိအမှတ်ပြုတဲ့ `မှတ်ပုံတင်´ ခေါ် `နိုင်ငံသား စိစစ်ရေး ကဒ်ပြား´ နဲ့ ကျနော် ပထမဆုံး သိကျွမ်းခွင့် ရခဲ့တာပါပဲ။

ကျနော်တို့ ဖေဖေ၊ မေမေ တို့ ခေတ်တုန်းကတော့ ဒီကဒ်ကလေးကို `အမျိုးသား မှတ်ပုံတင်´ လို့ ခေါ်ကြတာပေါ့။ ဒီလိုနဲ့ပဲ လူတွေရဲ့ နှုတ်ဖျားမှာ `မှတ်ပုံတင်´ ဆိုတဲ့ အခေါ်အဝေါ် စွဲမြဲခဲ့ဟန် တူပါတယ်။

ရိုးစင်းတဲ့ ပုံသဏ္ဍာန် အဲဒီကဒ်ကလေးက မြန်မာပြည်မှာတော့ အလွန်အရေးပါ အရာရောက်သော၊ ရေပန်းစားလှသော သက်မဲ့ပစ္စည်းလေး တခုလို့ ပြောမယ်ဆိုရင် လွန်မယ်လို့ မထင်ပါဘူး။ ဇိမ်ခံပစ္စည်း မဟုတ်သော်ငြား၊ အဖိုးအနဂ္ဂ မထိုက်တန်ငြားလည်း မြန်မာပြည်သားတွေ အတွက်ကတော့ မှတ်ပုံတင်ဆိုတဲ့ ကဒ်ပြားလေးက အတော် အရေးပါပါတယ်။

***

ကျနော် အသက် ၁၈ နှစ်ပြည့်တော့ လ၀က ရုံးမှာ အသက် တဆယ်နှစ်ပြည့် ကဒ်ကို `နိုင်ငံသား စိစစ်ရေးကဒ်´ အဖြစ် ပြောင်းလဲရပါတယ်။ လိုအပ်သည်များကို ဆိုင်ရာပိုင်ရာ အလိုက် ပေးကမ်းစွန့်ကျဲပြီး သကာလ ပေးနိုင်တဲ့ အတိုင်းအတာပေါ် မူတည်ပြီးတော့ အချိန်ကာလ အတန်ကြာ စောင့်ဆိုင်းပြီးရင်တော့ အဲဒီကဒ်ကလေး ရပြီပေါ့…။

သာမန်အချိန်တွေမှာ ဆိုရင်တော့ ဒီကဒ်ကလေးဟာ သခင်ရဲ့ အိတ်ကပ်ထဲမှာ သူရှိနေတာကို ဂရုထားနိုင်လောက်တဲ့ အထိ အရေးမပါသေးလှပေမယ့် တခါတရံ ကျရင်တော့ သူ့ကို တပါတည်း ယူမသွားမိလို့၊ သူ့ကို ပျောက်ဆုံးမိလို့ နောက်ဆုံး သူ မရှိလို့ စသဖြင့် အကြောင်းအရာတွေနဲ့ ဒုက္ခရောက်ရသူတွေ မနည်းပါဘူး။

ကျနော်တို့ မြို့ကလေးကနေ ရန်ကုန် ရွှေမြို့တော်ကို အသွား ရေလမ်း ခရီးတခုမှာတော့ မှတ်ပုံတင်ရဲ့ အရေးပါမှုကို စတင် သဘောပေါက်ခဲ့ပါတယ်။ ပျင်းရိစရာ ကောင်းလှတဲ့ ရေလမ်း ခရီးကြောင့် လူက မှေးခနဲ အိပ်ပျော်သွားခိုက်မှာ တယောက်ယောက်က ကျနော့်ခြေထောက်ကို ခပ်ဆတ်ဆတ် တို့ထိကန်နှိုးလိုက်လို့ အိပ်မှုံစုံမွှားနဲ့ မော့ကြည့်မိတော့ ကာကီရောင် ၀တ်စုံဝတ်ထားတဲ့ လူတယောက်က ရှုတည်တည်နဲ့ ကြည့်နေပြီး `မှတ်ပုံတင် တဆိတ်လောက် ပြပါ´ လို့ ပြောပါတယ်။

တခါ…၊ ရထားနဲ့ သွားရတဲ့ ခရီးတခုမှာလည်း ရထားမထွက်သေးခင် အောက်ကို ဆင်းပြီး ဟိုဟိုဒီဒီ ငေးနေတုန်း အရပ်ဝတ်နဲ့ လူတယောက်က အနားကို ကပ်လာပြီး `မှတ်ပုံတင် တဆိတ်လောက် ပြစမ်းပါ´ လို့ ပြောပြန်ပါတယ်။

ကားနဲ့ ခရီးသွားရပြီ ဆိုရင်တော့ မြို့အ၀င် အထွက် ဂိတ်တွေမှာ ခုံတန်းတွေချ၊ တချို့လည်း အလှူခံ မဏ္ဍပ်လိုလို မဏ္ဍပ်တွေတောင် ထိုးလို့ ယူနီဖောင်း အရောင်အသွေးစုံနဲ့ ပုဂ္ဂိုလ်တွေက မှတ်ပုံတင် စစ်လေ့ ရှိပါတယ်။

***

ကျနော် လက်ရှိ ရောက်နေတဲ့ နိုင်ငံမှာလည်း Identity Card စစ်ဆေးတဲ့ အခါတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် အထက်က ကျနော်တင်ပြခဲ့တဲ့ နေရာတွေမှာတော့ မဟုတ်ပါဘူး။ ဆေးလိပ်/ အရက် သွားဝယ်တဲ့အခါ အသက်ပြည့် မပြည့် စစ်တာမျိုး၊ ဘဏ်မှာ ငွေသွားထုတ်ယူတဲ့ အခါ စစ်ဆေးကြည့်တာမျိုး၊ စာတိုက်မှာ ပါဆယ်ထုပ် သွားယူရတဲ့အခါ စစ်တာမျိုးတွေပါ။ ခြိမ်းခြောက်မှု ကင်းပါတယ်။

ကျနော်တို့ နိုင်ငံမှာကရော…၊ မှတ်ပုံတင် အစစ်ခံရတဲ့ အချိန်မှာ မပြနိုင်ရင် ဘာဖြစ်လာနိုင်ပါသလဲ…။

ပထမ အဆင့်အနေနဲ့ကတော့ မေးခွန်းတွေနဲ့ ရင်ဆိုင်ရပါမယ်။ ဘယ်မှာနေတာလဲ၊ အခု ဘယ်ကို သွားမှာလဲ၊ ဘာလို့ မှတ်ပုံတင် မပါရတာလဲ၊ ဒီအရွယ် ရောက်နေပြီ မှတ်ပုံတင် မရှိဘူးလား၊ စတဲ့ မေးခွန်းတွေကို အစပြုလို့ နောက်ဆက်တွဲ မှာတော့ လူအခြေအနေကို ကြည့်ပြီးတော့ ငွေညှစ်ခံရပါမယ်။

ကျနော် ဘားအံကနေ မော်လမြိုင်ကို သွားတော့ ဂျိုင်း(ဇာသပြင်) တံတားအ၀င် ဂိတ်ကို အရောက်မှာ တပ်ထိန်း တယောက်က ကားတစီးလုံးကို ဆင်းခိုင်းပြီး မှတ်ပုံတင် စစ်ပါတယ်။ အဲဒီ လမ်းမှာက မြ၀တီ နယ်စပ်ကတဆင့် ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး ပြန်လာကြသူတွေ ဖြတ်သွားလေ့ ရှိတာမို့ တချို့လူတွေမှာ မှတ်ပုံတင် မပါကြပါဘူး။ အဲဒီလို မှတ်ပုံတင် မပါတဲ့ လူတွေကို ကားပေါ်ကို တော်တော်နဲ့ ပြန်မတက်ခိုင်းသေးဘဲ ဟိုဟိုဒီဒီ လှည့်ပတ်မေး၊ ခြိမ်းခြောက် `သူများနိုင်ငံကို တော်တော် အထင်ကြီးနေတာလား´ ဆိုတဲ့ မှတ်ပုံတင် စစ်တာနဲ့ ဘာမှမဆိုင်တဲ့ စကားတွေ လျှောက်ပြော၊ နောက်ဆုံးတော့ ငွေတောင်းတာပါပဲ။ ငွေပေးလိုက်တော့မှပဲ အသာတကြည်နဲ့ ပြေလည်ပါတယ်။

မှတ်ပုံတင် ကို အကြောင်းပြပြီးတော့ လူမဆန်တဲ့ နောက်ထပ် လုပ်ရပ်တခုကတော့ စစ်တပ်ထဲကို အတင်း အဓမ္မ သွတ်သွင်းတာပါပဲ။ စစ်သား စုဆောင်းသူတွေဟာ မြန်မာပြည် မြို့ကြီးတွေရဲ့ လူစည်ကားရာ လမ်းဆုံလမ်းခွ၊ ရထားဂိတ်၊ ကားဂိတ် သင်္ဘောဆိပ်တွေမှာ အခြေအနေမဲ့ဟန် ရှိသူ၊ အိမ်ပြေး ဖြစ်ဟန်တူသူ၊ အရပ်တပါးကို သွားရောက် အလုပ်လုပ်မယ့်ဟန် ရှိသူ လူငယ်တွေကို သားကောင်ကို ရှာတဲ့ မျက်လုံးမျိုးနဲ့ စောင့်ကြည့်နေတတ်လေ့ ရှိပါတယ်။

သူတို့ ရှာနေတဲ့ သားကောင်မျိုးကို တွေ့ပြီဆိုတာနဲ့ အဲဒီ သားကောင်နားကို ချဉ်းကပ်ပြီး `မှတ်ပုံတင် ပါရဲ့လား´ လို့ မေးတော့တာပါပဲ။ မှတ်ပုံတင် မပါသူများကိုတော့ အမျိုးမျိုး လှည့်ပတ် ခြိမ်းခြောက်ပြီးတော့ `စစ်ထဲ ၀င်မလား၊ ထောင်ထဲ ၀င်မလား´ လို့ မေး၊ ပြီးရင်တော့ စစ်တပ်ထဲ အတင်းကာရော သွတ်သွင်းတော့တာပါပဲ။ မှတ်ပုံတင်ကို အကြောင်းပြပြီး စစ်သား စုဆောင်းတဲ့ အဲဒီနည်းကြောင့် ၀ရမ်းပြေး၊ ရဲဘက်ပြေး ရာဇ၀င် လူဆိုးတချို့ စစ်တပ်ထဲကို ရောက်သွားခဲ့တာတွေ ရှိပါတယ်။

***

ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတော့ သတင်းတခုမှာ ရွေတိဂုံဘုရားကို လာဖူးတဲ့ ရဟန်း၊ သာမဏေ၊ သီလရှင် အများပြည်သူများ မှတ်ပုံတင်ပါ တပါတည်း ယူဆောင်လာဖို့ ဂေါပက အဖွဲ့က ထုတ်ပြန်တယ် ဆိုတာကို ဖတ်လိုက်ရပါတယ်။

တာဝန်ရှိသူ တဦးက `လုံခြုံရေး အရ လုပ်ဆောင်တာပါ´ လို့ ထုံးစံအတိုင်း အကြောင်းပြပေမယ့် အဲဒီလို မှတ်ပုံတင် စစ်ဆေးဖို့ တာဝန်ကျတာကို အခွင့်ကောင်းယူမယ့် လုံခြုံရေး တာဝန်ကျများကြောင့် ဘုရားလာဖူးသူများကတော့ အနည်းနဲ့ အများဆိုသလို စိတ်အနှောင့်အယှက် ဖြစ်ရအုံးမှာပါပဲ။

ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားလာဖူးတာတောင်မှ မှတ်ပုံတင်လေး ပါမှ ဖူးခွင့်ရမယ် ဆိုတာမျိုးအထိကတော့ မဖြစ်သင့်လှတာ အမှန်ပါ။ မှတ်ပုံတင် ပြနိုင်တာ တခုတည်းအတွက်နဲ့ရော ဒါဟာ လုံခြုံမှု အပြည့်အ၀ ရှိသွားပြီလို အာမခံနိုင်မလားဆိုတာ မေးခွန်း ထုတ်စရာပါပဲ။

တကယ်တော့ လာဘ်ယူမှု၊ ခြစားမှုတွေနဲ့ ပြည့်နှက်နေတဲ့ မြန်မာပြည် အုပ်ချုပ်ရေး ယန္တရားအောက်မှာ အကျင့်ပျက် လ၀က ၀န်ထမ်းတွေကို ငွေပေးပြီးတော့ ဖြစ်စေ၊ တခြားသော နည်းလမ်းကို အသုံးပြုပြီးတော့ ဖြစ်စေ မှတ်ပုံတင်ကဒ် သုံးလေးမျိုးထက် မနည်း ကိုင်ဆောင်ထားကြသူတွေ မနည်းလှပါဘူး။

ဒီတော့ လုံခြုံမှု ရှိခြင်း မရှိခြင်းကို မှတ်ပုံတင် စစ်ဆေးပြီးတော့ အကဲဖြတ်တာ၊ ကန့်သတ်တာက ရယ်စရာ ကောင်းလှပါတယ်။

***

မှတ်ပုံတင် ဆိုတာဟာ နိုင်ငံသားတိုင်းအတွက် မရှိမဖြစ် ကိုင်ဆောင်ရမယ့် အရာတခု ဆိုတာကတော့ ငြင်းချက် ထုတ်စရာ မရှိပေမယ့် ဒါကို အစွဲပြုပြီးတော့ တဦးတယောက်ကို ကြောက်နေရတာမျိုး၊ ရိုးသားပါလျက်နဲ့ မှတ်ပုံတင် မရှိတာနဲ့ပဲ ခြိမ်းခြောက်ခံနေရတာမျိုးကတော့ မဖြစ်သင့်လှတာ အမှန်ပါ။

ဒါပေမယ့်…။

ခြိမ်းခြောက်မှု ပရပွနဲ့ နေသားကျနေတဲ့ ကျနော်တို့ နိုင်ငံမှာ `မှတ်ပုံတင် တဆိတ်လောက်´ ဆိုတဲ့ စကားဟာ နောက်ထပ် ဘယ်လောက်ကြာကြာအထိ အလွဲသုံးစား အလုပ်ခံနေရအုံးမယ် ဆိုတာကတော့…။

ကလိုစေးထူး



ဝေဖန်နိုင်ပါသည် သို့သော် ... (ဆောင်းပါး)

ဦးဖိုးသာအောင် (နော်ဝေ)
Wednesday, 14 November 2007 16:24 - မြန်မာစံတော်ချိန်

၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေညာချက်အပေါ် ဝေဖန်တဲ့အသံတွေ အမျိုးမျိုး ထွက်ပေါ်လာခဲ့ပါတယ်။ မီဒီယာတွေရဲ့ ကျေးဇူးကြောင့်လို့ ဆိုရပါမယ်။ ဝေဖန်သံတွေဟာ အဖွဲ့အစည်း အကြီး၊ အငယ်တို့ကို ကိုယ်စားပြုနေသူတွေ၊ သုတေသန ပညာရှင်တွေ၊ ပုဂ္ဂလိက ရပ်တည်သူတွေ၊ ပြည်သူတွေ စသဖြင့် စုံလင်လှပါတယ်။

ဒါ့ကြောင့် ဒီဝေဖန်ချက်တွေဟာ အနာဂတ် မြန်မာပြည်ကို ပုံဖော်ပေးမယ့် အသံတွေလို့ဆိုရင် မှားမယ်မထင်ပါ။ အခု ကျနော့် ဆောင်းပါးလည်းပဲ ဒီဝေဖန်ချက်တွေထဲမှာ အကြုံးဝင်ပါလိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေညာချက်အပေါ် ဝေဖန်မှုတွေကို အဓိကအားဖြင့် နှစ်မျိုးသာ ခွဲလိုက်မယ်ဆိုရင် ထောက်ခံတဲ့ အပိုင်းနဲ့ မထောက်ခံတဲ့ အပိုင်းသာ ဖြစ်ပါလိမ့်မယ်။ စောင့်ကြည့်၊ ကြားနေဆိုတဲ့ အပိုင်းကိုတော့ ထည့်ပြီး မဆွေးနွေးတော့ပါ။

ပထမ ထောက်ခံတဲ့ အပိုင်းမှာ ပါဝင်နေကြသူတွေရဲ့ အမြင်တွေကတော့ အကောင်းမြင်ဝါဒ သက်သက်တော့ မဟုတ်ကြပါ။ ရပ်နေတာထက် ရွှေ့လိုက်နေတာက ကောင်းတယ်လို့ ယူဆတာမျိုးလည်း မဟုတ်ကြပါ။ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး တိုင်းပြည်အတွက် အကျိုးအမြတ်တခုခု ဖြစ်ထွန်းလာစေဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြုလုပ်နိုင်တယ်လို့ ယုံကြည်ကြသူတွေ ဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အာင်ဆန်းစုကြည်ရဲ့ ကျေညာချက်ဟာ ပုဂ္ဂလိကအကျိုး၊ ပါတီရဲ့ အကျိုးထက် လူထုကြီးရဲ့ အကျိုးကို ရှေးရှုထားလို့ပါပဲ။ တချို့ဝေဖန်သူတွေက ဆိုကြသလို နအဖ က ကမ္ဘာ့ဖိအားတွေကို ရှောင်နိုင်ဖို့တို့၊ အချိန်ဆွဲ အမြတ်ထုတ်ဖို့တို့၊ ဆွေးနွေးပွဲကို ပြယုဂ်အဖြစ် အသုံးချဖို့ စတာတွေဟာ နအဖ က လုပ်နိုင်တဲ့ အချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘက်က ထည့်တွက်ပြီးသားပါ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အကန့်အသတ်တွေနဲ့ ကမ်းလှမ်းလာတဲ့ ဆွေးနွေးပွဲကို လက်ခံ ကြိုဆို လိုက်တာဟာ မြတ်ရင်မြတ်၊ မမြတ်ရင်ရှုံး ဆိုပြီး ခေါင်းပန်းလှန်တဲ့ အတွေးအခေါ်မျိုးနဲ့ လုပ်တာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒါဟာ လူထုရဲ့ အကျိုး စီးပွားနဲ့ ပတ်သတ်နေလို့ပါပဲ။ ဒါကြောင့် ဒီပွဲဟာ အမြတ်နဲ့ အရင်းသာ ဖြစ်ရမယ် ဆိုတာထက် အမြတ်ထွက်မယ့် ပွဲလို့ ယူဆနိုင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေညာချက်တွေကို ထောက်ခံမှု ပေးကြခြင်း ဖြစ်ပါတယ်။ ကျနော့် အမြင်မှာလည်း ဒီကျေညာချက်ဟာ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ၊ ပါတီစွဲ ကင်းရှင်းတယ်လို့ တွေ့မြင်ရတာကြောင့် အလွန်အားရမိပါတယ်။

ဝေဖန်ရေး ဒုတိယ အမျိုးအစားကတော့ ကျေညာချက်ကို မထောက်ခံချင်သူတွေရဲ့ အသံတွေပဲ ဖြစ်ပါတယ်။ သူတို့ အသံတွေမှာ နအဖ ရဲ့ ကောက်ကျစ်စဉ်းလဲမှု၊ ဉာဏ်နီဉာဏ်နက်များမှု၊ ယုတ်မာမှု၊ ယုံကြည်စရာ အကြောင်းတစုံတရာ မရှိမှု စတာတွေကို အရင်က လုပ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြ ပြောဆိုခြင်း၊ လက်ရှိ အခြေအနေတွေမှာလည်း ဒေါ်စု အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်မပေးသေးခြင်း၊ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုအတွက် ပဏာမအားဖြင့် လိုအပ်တဲ့ အခင်းအကျင်းတွေကို မတွေ့မြင် ရသေးခြင်းတို့ကြောင့် တွေ့ဆုံ ဆွေးနွေးရေးကို အပြည့်အဝ မထောက်ခံနိုင်သေးပါ၊ သတိနဲ့ စောင့်ကြည့်ရပါမယ် စသဖြင့် ဝေဖန်ကြပါတယ်။ သဘောမတူပါ၊ ကန့်ကွက်ပါတယ် ဆိုတဲ့ ပြောဆိုသံတော့ မကြားရသေးပါ၊။ ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်ပြောင်တင်းတင်း ကန့်ကွက်ရဲသူတော့ မတွေ့ရသေးပါ။ ဒါပေမဲ့ ဒီအထဲမှာ မိုးသီးဇွန်ရဲ့ ဝေဖန်ချက်ကတော့ အပြင်းထန်ဆုံးလို့ ထင်ပါတယ်။ သူ့ရဲ့ ဝေဖန် ကောက်ချက်ချမှု အဓိက ဆိုလိုချက်ကတော့ နအဖ ဟာ ကုလသမဂ္ဂ ဖိအားကို ရှောင်လွှဲချင်လို့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလိုက်တယ်လို့ ဆိုတာပါပဲ။

ဝေဖန်ရေးဟာ ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်ဖြစ်တာကြောင့် တားမြစ်အပ်တဲ့ အရာလည်း မဟုတ်ပါ။ လူထုအပေါ်မှာ ထားတဲ့ စေတနာ အရင်းခံနဲ့ မိမိတို့ရဲ့ ယုံကြည်ယူဆချက်နဲ့ အထင်အမြင်တွေကို ပြောကြခြင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေညာချက်အပေါ် မထောက်ခံနိုင်သူတွေရဲ့ အမြင်မှာ (၁) ဒေါ်စုအပေါ် အထင်သေးခြင်း၊ (၂) ဒေါ်စုရဲ့ တိုးတက် ဖြစ်ထွန်းလာတဲ့ အယူအဆအပေါ် အထင်လွဲခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

အမှန်တကယ်အားဖြင့် ဒေါ်စုရဲ့ ကျေညာချက်ဟာ ပြည့်စုံလုံလောက်ပြီး ဟာကွက်၊ ပျော့ကွက် မရှိတာကို တွေ့ရပါလိမ့်မယ်။ သူ့ဘက်ကိုယ့်ဘက် အခြေအနေတွေကိုလည်း ကောင်းကောင်း သုံးသပ်ထားပြီး ဖြစ်ပါတယ် ဆိုတာ ပေါ်လွင်နေပါတယ်။ အခု ဒေါ်စုရဲ့ ကျေညာချက်ကို အကောင်းမမြင်နိုင်သူတွေဟာလည်း ဒီကျေညာချက်ကို သဘောမပေါက် နားမလည်လို့ မဟုတ်ကြပါ။ သူတို့ ယုံကြည်ချက်နဲ့ မတိုက်ဆိုင်ခြင်း အခြေခံကြောင့်သာ ဖြစ်နေတယ်လို့ ကျနော် ယူဆပါတယ်။ တနည်းဆိုရသော် ဒေါ်စုရဲ့ ကျေညာချက်အတိုင်း ဒေါ်စုရဲ့ လုပ်ရပ်တွေဟာ လူထုအတွက် အကျိုးဖြစ်ထွန်းမှုတရပ် ပေါ်ပေါက်လာခဲ့ရင် အကောင်း မမြင်သူတွေရဲ့ ယုံကြည်ချက်ဟာ မှားယွင်းနေပြီဆိုတာ ထင်ရှားလာမှာကို စိုးရိမ် ထိတ်လန့်နေမှုကြောင့် ဖြစ်ပါတယ်။

တိုးပြည်နဲ့ လူထုအတွက် ပေးဆပ်၊ စွန့်လွှတ်စွန့်စားခဲ့ကြပေမယ့် ယုံကြည်ချက်လွဲမှားမှုကြောင့် တိုင်းပြည်အပေါ် ချစ်ရာမရောက်ဘဲ၊ နှစ်ရာရောက်တဲ့ သာဓကတွေ ဒုနဲ့ ဒေးပင် ရှိပါတယ်။ ဆိုဗီယက် ယူနီယံဟာ ထင်ရှားတဲ့ သာဓကပင် ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ ယုံကြည်ချက်နဲ့ စေတနာမှန်သူတွေသာ အောင်ပွဲရမှာ ဖြစ်ပါတယ်။

ဒေါ်စုရဲ့ ကျေညာချက်အပေါ် ကြိုတင် ဝေဖန်သုံးသပ်ချက်တွေ မှားခြင်း၊ မှန်ခြင်းကို မကြာခင် တွေ့မြင်ကြရတော့မှာ ဖြစ်ပါကြောင်း။

Saturday, November 10, 2007

ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်အပေါ် ကျနော့် အမြင်

မိုးသီးဇွန်
Saturday, 10 November 2007 17:31 - မြန်မာစံတော်ချိန်

နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ဒေါ်စုရဲ့ အသံကို ကြားရတာ ဝမ်းသာစရာ ကောင်းလှတယ်။ သူမရဲ့ ကျေညာချက်မှာ အရေးကြီးဆုံး အချက်က ၃ ချက် ပါတယ်။

- ဆွေးနွေးပွဲဟာ အချိန်အကန့်အသတ် ရှိရမယ်၊ အဓိပ္ပာယ် ရှိရမယ်။ စစ်အစိုးရ အနေနဲ့ ဒါကို အဖြစ်နိုင်ဆုံး ဆောင်ရွက်ပါလို့ တိုက်တွန်းထားတယ်။
- နိုင်ငံတော် အနာဂတ် တည်ငြိမ်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဒီမိုကရေစီရေး တို့အတွက် ဒေသတွင်း တည်ငြိမ်ရေးကို မထိခိုက်စေချင်တဲ့ ဆန္ဒကို သူမ ထုတ်ဖော် ထားပါတယ်။
- ဆွေးနွေးမှုအတွက် သူမကို အသိအမှတ်ပြု နားလည်မှု၊ ထောက်ခံမှုကို တောင်းဆိုထားတယ်။ တိုင်းရင်းသား အခန်းကဏ္ဍကို သူမအနေနဲ့ အလေးအနက်ထားကြောင်း ဖော်ပြထားတယ်။

မိမိအမြင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာကို ကြည့်ရင် ဆွေးနွေးပွဲဟာ မစနိုင်သေးဘူး။ အရေးကြီးတဲ့ အချက်အလက်တွေကို ဘာမှ မဆွေးနွေးနိုင်သေးဘူး။ သူမရဲ့ စာဟာ ၁၉၉၃ ခုနစ် နအဖ ခင်ညွန့် လက်ထက်က အခြေအနေထက် နိမ့်ကျ နေသေးတယ်။ ၉၃ တုန်းက သတင်းစာတွေမှာ “မောင်နှမ အရင်းအခြာများ တွေ့ဆုံးခြင်း” လို့ သုံးတယ်။ ခင်ညွန့်က “ညီမလေးလို သဘောထားပါတယ်” လို့ သုံးခဲ့ပါတယ်။ ဒါပေမဲ့
အလုပ်မဖြစ်ခဲ့ပါဘူး။

စစ်အစိုးရက ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ဘေးဖယ်ထုတ်တဲ့ ဗျူဟာကို ခင်းကျင်းလာတယ်။ (ဂမ်ဘာရီကို မတွေ့တာ၊ ဝေဖန်တာ၊ ချားလ်ပက်ထရီးယားကို ဗီဇာ တိုးမပေးတော့တာ၊ မြန်မာပြည်မှာ ဆင်းရဲမှု Poverty ရှိနေတယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ ပြောဆိုချက်ကို လက်မခံတာ။)

ဒါပေမဲ့ ပြီးခဲ့တဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ လူထု လှုပ်ရှားမှုရဲ့ အကျိုးဆက်တွေ၊ ဖိအားတွေကို စစ်အစိုးရ ရိပ်မိတယ်။ - ပုဂံလေကြောင်း အရပ်ခံရတာ၊ နိုင်ငံခြားဘဏ်တွေက ငွေထုတ်ငွေသွင်း ခက်ခဲလာတာ၊ သြစတြေးလျားက ပိတ်ဆို့မှု လုပ်လာတာ။ စီးပွားရေး ပိတ်ဆို့မှုက သူတို့ကိုပါ ထိလာပြီဆိုတာ ရိပ်မိလာ။

စစ်အစိုးရ လုပ်လာနိုင်ချေ

- ကုလသမဂ္ဂ အခန်းကဏ္ဍကို ဖယ်၊ အန်အယ်ဒီကို ပြန်ပြီး အရေးပေးသလိုမျိုး လုပ်လာနိင်တယ်။
- ဒေါ်အောင်ဆန်းစုကြည်ကို သုံးပြီး ကုလသမဂ္ဂက အရေးယူမှုတွေကို ရှောင်လွှဲဖို့ လုပ်လာနိုင်တယ်။
- လမ်းပြမြေပုံကို ပြန်လည် အသက်သွင်းနိုင်ဖို့ ကြိုးပမ်းလာနိုင်တယ်။

Thursday, November 8, 2007

အာဆီယံ ဆန်းမစ် အတွက် စင်ကာပူရောက် မြန်မာများ ဘာလုပ်နေသလဲ

ဆန်းသစ်
Thursday, 08 November 2007 14:56 - မြန်မာစံတော်ချိန်

စင်ကာပူ ဝန်ကြီး ဂျော့ခ်ျရိုး တိုပါးရိုး ဘုန်းတော်ကြီးကျောင်းကို လာရောက်လည်ပတ်ပြီး နောက်တနေ့၊ ၂၁-အောက်တိုဘာမှာ အိုဘီပီ မေတ္တာသုတ် ရွတ်ပွဲမှာ သံဃာတော်တပါးက သြဝါဒ ပြောခဲ့တယ်၊ စနေနေ့ မှာ မြန်မာများ အသက်ပေးသွားတဲ့ သံဃာ၊ ကျောင်းသား ပြည်သူများအတွက် အထိမ်းအမှတ် သွေးလှုပွဲ တိုပါးရိုး ဘုန်းကြီးကျောင်းမှာ လုပ်မယ်ဆိုတော့ အထူးဧည့်သည် လာမှာအတွက်ကြောင့် ဘုန်းကြီးကျောင်း ကော်မတီက လက်ခံ မဆောင်ရွက်နိုင်ပါဘူး။ အခြေအတင် ပြောဆိုမှုတွေ ဖြစ်ပြီး မြန်မာများ ရာနဲ့ ချီပြီး သွေးလှူပွဲဟာ သွေးလှူဘဏ်မှာပဲ အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ ဘုန်းကြီးကျောင်း ကော်မတီနဲ့  အိုပီဘီ (OverseasBurmesePatriots.com) အဖွဲ့  တို့ကတော့ တော်တော်လေး တင်းမာမှု ဖြစ်ခဲ့တာကြောင့် ဘုန်းတော်ကြီးက ပြောပါတယ်။

“စကားပြောတဲ့နေရာမှာ တဖက်နဲ့တဖက်၊ သတိထားပြောဆိုဖို့ ၊ ဘုန်းကြီးအနေနဲ့ ကတော့ နှစ်ဖက်စလုံး မှန်တယ်။ နှစ်ဖက်စလုံးလည်း မှားတယ်။ ကိုယ်ဖြစ်လိုတဲ့ အချက်ကို တွေ့ဆုံ ဆွေးနွေးတဲ့အခါ သူဖက်၊ ကိုယ့်ဖက် ညှိနှိုင်း ဆွေးနွေးဖို့ ” ပြောခဲ့ပါတယ်။ ဘုန်းဘုန်းပြောတာကတော့ လွယ်ပါတယ်။ လက်တွေ့ မှာတော့ တက်ကြွနေတဲ့ အိုပီဘီ လူငယ်များနဲ့  ဘုန်ကြီး၊ ဘုန်းကြီးကျောင်း ကော်မတီ သုံးဖက်ရဲ့ သဘောတူ ဆုံးဖြက်ချက်တခု ရဖို့ ဆိုတာ မလွယ်လှပါဘူး။

အမျိုးသားရေး ကိစ္စထက် ဘာသာရေး၊ မိသားစုရေးတွေကို ဦးစားပေးတာ သဘာဝကျပေမဲ့ အရေးကြီးလာရင်တော့ အမျိုးသားရေးဖက်ကို ဦးတည်ရမှာပါ။ ဘုန်းကြီးကျောင်း ကော်မတီမှာ မြန်မာအရေး တာဝန်ပေးအပ် ထားခံရသူ မြန်မာလူမျိုး (စင်ကာပူ နိုင်ငံသား) ကလည်း သူတို့  ကော်မတီ သဘောထားကို လေအေးအေးနဲ့  ပြောတယ်။ သဘောတူချက် အတိုင်းလုပ်ပါ၊ အပိုတွေ မလုပ်ပါစေနဲ့ ဆိုလာတယ်။ ဘုန်းကြီးကျောင်း ကော်မတီကလည်း စင်ကာပူ တရုတ်လူမျိုးက တဝက်လောက်ရှိပြီး မြန်မာ လူမျိုးတွေကလည်း အဲဒီ စင်ကာပူ လူမျိုးတွေ အမြင်နဲ့ ထပ်နေတယ်။ မြန်မာပြည် ဘယ်အစိုးရ တက်တက် ဘုန်းကြီးကျောင်း က ဘာသာရေး လုပ်ဖို့ပဲလို့  စင်ကာပူ အစိုးရက မြှောက်ပေးထားတဲ့ အကျင့်အတိုင် ကြံ့ကြံ့ခံနေတယ်။ ရှင်းရှင်းပြောရရင် ငါတို့ပဲ ကော်မတီကို စင်ကာပူ အစိုးရ မူဝါဒနဲ့ အညီ အုပ်ချုပ်မယ် ဆိုတဲ့ ပုံစံပါ။ အိုပီဘီ အဖွဲသားများနဲ့  ဦးဇင်းတပါးတော့ အဲဒီ မြန်မာ ဘုန်ကြီးကျောင်း တာဝန်ခံကို “ဒီလို မြန်မာ လူမျိုးတွေကြောင့် ငါတို့ တိုင်းပြည် ၄၆ နှစ် စစ်အာဏာရှင် လက်က မလွတ်နိုင်သေးတာပဲ” လို့  သဘောတူညီကြပါတယ်။ ထားပါတော့။

စင်ကာပူမှာရှိတဲ့ အိုပီဘီ၊ အိုးဝေ၊ လမ်းပြကြယ် စာကြည့်တိုက်၊ အခွန်၂ ခါ မပေးရေးအဖွဲ့၊ ဘားမား အက်ရှင်၊ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့  စတဲ့ ဒီမိုကရေစီ အဖွဲ့ သားများလည်း စင်ကာပူ ပင်နီစူလာ ပလာဇာမှာ “လာမဲ့ အာဆီယံ ဆမ်းမစ် (၁၇ - ၂၁ နိုဝင်ဘာအတွင်း နိုင်ငံခေါင်းဆောင်များနဲ့  သတင်းထောက် ထောင်ဂဏန်းချီပြီး စင်ကာပူမှာ ဆွေးနွေးပွဲ ရှိတယ်။ စုပေါင်းပြီး လုပ်ကြဖို့” ဆွေးနွေးကြပါတယ်။ အိုဘီပီ က လှုပ်ရှားသူ လူငယ်တဦးကတော့ ကျွန်တော်တို့  စင်ကာပူမှာ မြန်မာပြည်တွင်းက လှုပ်ရှားမှ ဒီကမြန်မာနဲ့  စင်ကာပူ အစိုးရက လိုက်လှုပ်ရှားကြတယ်။ အခု မြန်မာပြည်မှာ မတတ်သာလို့  ငြိမ်နေတော့ စင်ကာပူကလည်း မတက်ကြွချင်တော့ဘူး လို့  ပြောပါတယ်။ အားလုံးကတော့ ဒီ အာဆီယံ ဆမ်းမစ်အတွင်း အတူတကွ စုပေါင်း၊ ကူညီ လုပ်ဆောင်သွားဖို့  သဘောတူခဲ့တယ်။ အိုဘီပီကတော့ အင်ဒိုး အခမ်းအနားကြီးတခု လုပ်ဖို့ရာ ပါမစ်နဲ့  ရံပုံငွေအတွက် ကြိုးစားနေပါတယ်။ မြန်မာသံရုံးရှေ့ ငြိမ်းချမ်းစွာ ၅ရက်ဆက် လက်မှတ်ထိုးပွဲ ဦးဆောင်ခဲ့တဲ့ အတိုက်အခံ ပါတီက မစ္စတာချီး အုပ်စုကလည်း အာဆီယံ ခေါင်းဆောင်တွေ တည်းခိုမဲ့ စင်တိုးစား ရှန်ဂရီလာ ဟော်တယ် ရှေ့ မှာ လက်မှတ်ထိုး တောင်းဆိုဖို့  အောက်ဒိုး အီးဗင့် ပါမစ် တောင်းထားပါတယ်။ ဒုတိယအကြိမ် သွေးလှုပွဲ၊ စင်ကာပူ အရှေ့ဖက် ၃ မိုင်လောက် ရှည်တဲ့ ပင်လယ်ကမ်းခြေမှာ မိသားစု အပမ်းဖြေ၊ ပျော်ပွဲစား ထွက်ရင်း ထောင်နဲ့ ချီတဲ့ အပမ်းဖြေလာသူတွေကြားမှာ အင်္ကျီအနီ ဝတ်ဆင်ပြီး စက်ဘီးစီး၊ လမ်းလျောက်၊ ဂျော့ကင်း ပြေး တဲ့ အောက်ဒိုး အစီအစဉ်၊ အင်ဒိုးအီးဗင့် တွေမှာတော့ ထုံးစံအတိုင်း တိုပါးရိုး ဘုန်းကြီးကျောင်းမှာ ဓမ္မာစင်္ကြာ ရွတ်ပွဲ၊ မေတ္တာသုတ် ရွတ်ပွဲတွေ အဆက်မပြတ် လုပ်ရေး၊ ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိဒ္ဒူ တွေလည်း ဘာသာရေး စုပေါင်း ဆုတောင်းခြင်းတွေ ဆက်လက် လုပ်ဆောင်ရေး စတဲ့ အချက်များကို အပြုသဘောနဲ့  ဆွေးနွေး သွားကြပါတယ်။ အဖွဲ့တွေ အချင်းချင်း တွေ့ဆုံပွဲတွေ များနေလို့  အက်ရှင်မရှိပဲ မိတင်းချည်း ဖြစ်နေတာ မသင့်လျော်ကြောင်းကိုလည်း အပြုသဘော ဆွေးနွေးသွားကြပါတယ်။

စင်ကာပူ အစိုးရရဲ့ မြန်မာနိုင်ငံရေး ပေါ်လစီဟာလည်း အခုအချိန်အထိ သိပ်မဆိုးသေးပါဘူ။ သံဃာ ကံဆောင် သပိတ် စချိန်မှာတော့ စင်ကာပူ ရဲတွေက မြန်မာလူငယ်များရဲ့ တီရှပ်ချွတ်ခိုင်းတာ၊ ဆန္ဒပြ သတင်းပါတဲ့ အင်တာနက်တွေ ပိတ်ခိုင်းတာတွေ လုပ်ကြတယ်။ ဒီလ စင်ကာပူ ပါလီမန်မှာ ဝန်ကြီးကို အတိုက်အခံ အမတ်တွေက မေးတော့ “ရဲတွေ 'probably an overreaction' ဖြစ်ပါတယ် လို့  ဝန်ကြီးက တောင်းပန်သလို ပြောခဲ့တယ်။ နောက်ပိုင်းမှာ စင်ကာပူ ဖခင်ကြီး လီကွမ်းယူက၊ Dump Generals လို့ ပြောပြီး နောက်ပိုင်း ပင်နီစူလာ ပလာဇာဘေးက ဟော်တယ်မှာ အနီရောင် မြန်မာများ ၄ဝဝ ကျော်ကို ဘုန်းကြီး ၁၁ ပါး၊ သီလရှင်တပါး တို့နဲ့ အတူ ပါမစ်ပေးပြီး တရားဝင် ရှုံ့ချခွင့် ပေးခဲ့တယ်။ တိုပါးရိုး ဘုန်းကြးကျောင်းကိုလည်း နိုင်ငံခြားရေး ဝန်ကြီး ဂျော့ခ်ျယိုး သွားမိတ်ဖွဲ့တယ်။ ဒါတွေဟာ အမေရိကန်ရဲ့ တွန်းအား မပါပဲနဲ့  ဖြစ်မလာနိုင်ပါဘူ။ စင်ကာပူက မြန်မာ စစ်အာဏာရှင်များကို လက်နက်ရောင်း၊ ရင်းနှီးမြုပ်နှံမှု လက်ခံ၊ ဗိုလ်ချုပ်ကြီးများကို ဆေးကုသပေး၊ ရှော့ပင် (ရိုးရိုး မဟုတ်ပါ။ စိန်အကောင်းစား၊ ကားအကောင်းစား ရှော့ပင် လုပ်ခြင်း) စသည်တို့ ကို ရှင်တန်ဝေး တဝိုက်မှာ အခြေချစေခဲ့ပါတယ်။ ဒေါ်လာ ၁ဝ သန်း အထက်တန်တဲ့ အိမ်ယာတွေလည်း ဝယ်ထားကြောင်း ကောလဟာလတွေ ထွက်ပေမဲ့ မှန်တဲ့ ကောလဟာလ ဖြစ်မှာပါ။

ဘားမားတူဒေး အင်တာနက် စာမျက်နှာမှာ “စင်ကာပူ ဘုန်းတော်ကြီးကျောင်း သတင်း” ဆိုပြီး ဆောင်းပါးတိုလေး တခု ပေါ်လာပါတယ်။ “သတ္တိရှိရင် မြန်မာသံရုံးရှေ့ သွားဆန္ဒပြကြ” ပြောတာတော့ နအဖ ဘက်တော်သား မဟုတ်ရင် အကြပ်ကိုင်ခံရလို့  ထွက်လာတဲ့ စကားပဲ ဖြစ်မှာပါ။ ချောင်ပိတ်ပွဲ လူအားနဲ့  တောင်းဆိုလာရင်တော့ မြန်မာပြည် အစိုးရလည်း စခန်းသိမ်းမှာပဲ။ ဘုန်တော်ကြီးနဲ့  ဘုန်းကြီးကျောင်း ကော်မတီလည်း မခံနိုင်ပါဘူး။ ဘုန်ကြီးကျောင်း ကော်မတီက နိုင်ငံရေး ပါရင် လက်မခံ နိုင်ဘူး ပြောလာတာတော့ မြန်မာပြည်နဲ့  စင်ကာပူ အစိုးရတွေ အခြေအနေပေါ်မှာ မူတည်နေပါတယ်။ အိုဘီပီက “တိုပါးရိုးကျောင်းမှာ လုပ်လို့ မရရင် ချပ်ကျောင်းမှာ လုပ်ချင်စိတ် ပေါက်လာသူအချို့ ရှိလာတယ်၊ ထောက်ခံတဲ့ ဘုန်းကြီးတပါးကလည်း ဒေါသဖြစ်နေတဲ့ လူငယ်တွေကို ဖြေသိမ့်ရအောင်း “ဒါလောက်တောင်ရှိတာ ငါပဲ၊ ခရစ်ယာန် ဘာသာပြောင်းပြီး ချပ်ကျောင်းမှာ သွားလုပ်ရမလို ဖြစ်နေပြီ” လို့ ရယ်စရာပြောတော့ ဝါးကနဲ ဖြစ်သွားတယ်၊။ ကော်မတီကလည်း “ဗမာပြည်က ဘုန်းကြီးကျောင်းက ဘုန်ကြီးပြီးရင် ပြီးတယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမဲ့ စင်ကာပူမှာကတော့ ကော်မတီ ဘုန်းကြီးကို ခန့်ထားရပြီး၊ ပြဿနာဖြစ်ရင် ကော်မတီကပဲ တာဝန် ခံရတယ်၊ ဘုန်းကြီးကို သွားလျောက်ပြီး လုပ်ကြတာ လက်ခံပါတယ်။ ဒါပေမဲ့ ဘာ ညာ ...” နဲ့ လုပ်ပါတယ်။

ဒီလို အခြေအတင် ပြောဆိုနေတာ သဘာဝ ကျပါတယ်။ လင်နဲ့ မယား၊ သမီးရီးစားတောင်မှာ အချေအတင် ပြောဆိုရတာပဲ။ အရေးကြီးတာကတော့ ဆုံးဖြက်ချက်တခု ရအောင်း ညှိနှိုင်းပြောဆို ဆုံးဖြတ် လုပ်ဆောင်ရပါတယ်။ အက်ရှင်များ အထူး လိုအပ်ပါတယ်။ တလုံးတဝတည်း ညီညွတ်စွာ လုပ်ဆောင်ဖို့ လိုလားရင်တော့ ဒီလို တညီတညွတ်တည်း လုပ်တဲ့ ပုံစံက ကွန်မြုနစ် စနစ်၊ ဆိုရှယ်လစ် စနစ် နဲ့  အခု မြန်မာနိုင်ငံက စစ်အာဏာရှင် စနစ်တွေမှာပဲ ရှိပါတယ်။ လူတွေ ငြိမ်ပြီး ညီညာဖို့ထက်၊ အခြေအတင် အပြုသဘောနဲ့  ဆွေးနွေးရင်း အားလုံး လက်ခံနိုင်မဲ့ ဆုံးဖြက်ချက်ကို ရယူဖို့  အရေးအကြီးဆုံးပါပဲ။

လုပ်ချင်တာတွေကတော့ မြင့်မိုလ်တောင်လောက်ပါပဲ။ လုပ်သင့်တာနဲ့  လုပ်နိုင်တာပဲ အရေးကြီးပါတယ်။ မိမိလုပ်ရမဲ့ တာဝန်ကို နားလည် လုပ်ကိုင်နိုင်ဖို့နဲ့ လာမဲ့ ၁၇-၂၁ နိုဝင်ဘာ အာဆီယံ ဆမ်းမစ်မှာ မြန်မာများရဲ့ ဆန္ဒကို ကမ္ဘာသိအောင် ဘယ်လိုနည်းနဲ့  ပြမလဲဆိုတာ စင်ကာပူရောက် မြန်မာများ ဝိုင်းဝန်း ဆွေးနွေး လုပ်ဆောင်သွားမယ်လို့  မျှော်လင့်ပါတယ်။

ဆန်းသစ်

၈-နိုဝင်ဘာ-၂ဝဝ၇

Tuesday, November 6, 2007

ယုံဖို့ဆိုရင် … (ဆောင်းပါး)

ကလိုစေးထူး
Tuesday, 06 November 2007 13:28 - မြန်မာစံတော်ချိန်

ကျနော်တို့ မိသားစုမှာ ကျနော့် ဖေဖေက သတင်းတွေ နားထောင်ရတာကို အလွန် ၀ါသနာ ပါပါတယ်။ ကျနော် ငယ်ငယ်ကဆိုရင် အိမ်က နေရှင်နယ် ရေဒီယို ကက်ဆက်လေး တလုံးက ကျနော်တို့ တအိမ်သားလုံးအတွက် တခုတည်းသော အပန်းဖြေစရာပါပဲ။ နေ့လည်ပိုင်းတွေဆိုရင် ကျနော်တို့ ညီအကိုက ဖေဖေ၊ မေမေ အလုပ်သွားနေတုန်း အခိုက် ရေဒီယိုကို အပိုင်စီးနိုင်ပေမယ့် သတင်းကြေညာချိန် ရောက်ပြီ ဆိုရင်တော့ ဖေဖေက မပျက်မကွက် နားထောင်လေ့ ရှိပါတယ်။

အဲဒီတုန်းက နိုင်ငံခြား သတင်းတွေ လာချိန်ဆိုရင် `ဖောက်ကလန်ကျွန်း အရေးအခင်း´ သတင်းက အမြဲလိုလို လာလေ့ရှိတာမို့ ည ၇ နာရီထိုးလို့ သတင်းကြေညာသူရဲ့ `သတင်းခေါင်းစဉ်´ ဆိုတဲ့ အသံပြီးတာနဲ့ ကျနော်တို့ ကလေးတွေက `ဖောက်ကလန်ကျွန်း´ လို့ သံပြိုင် ထထအော်လေ့ ရှိပါတယ်။ ဖေဖေကတော့ သဘောကျပြီး တဟားဟား အော်ရယ်လို့ပေါ့။ အီရန်-အီရတ် စစ်ပွဲဖြစ်တော့လည်း ဒီလိုပါပဲ။

ကျနော် သတိထားမိသလောက် ၁၉၈၈ ခုနှစ်မတိုင်မီ ကျနော်တို့ အသက် ခပ်ငယ်ငယ်ဘ၀က မြန်မာ့အသံရဲ့ ပြည်တွင်း သတင်းအစီအစဉ်က ယနေ့ခေတ်လို့ မပြီးနိုင် မစီးနိုင် မရှည်လျားပါဘူး။ ပုံမှန်အားဖြင့် ဆယ့်ငါးမိနစ် သာသာလောက်ပဲ ကြာပါတယ်။ သတင်း အစီအစဉ်ပြီးရင် အသံလွှင့် ဇာတ်လမ်းတို့ ဇာတ်လမ်းပမာ တို့ကို နားထောင်နိုင်ပါသေးတယ်။

မေမေကတော့ သတင်းစာကို စွဲစွဲမြဲမြဲ ဖတ်လေ့ ရှိပါတယ်။ ရသမျှ လစာငွေထဲကနေ ခြိုးခြံပြီး အိမ်မှာဖတ်ဖို့ နေ့စဉ်ထုတ် သတင်းစာအပြင် ကျနော်တို့ ကလေးတွေအတွက်လဲ အပတ်စဉ်ထုတ် ရွှေသွေး စာစောင်ကို ၀ယ်ပေးပါသေးတယ်။

ဒီလိုနဲ့ ကျနော်ဟာ ဖေဖေ၊ မေမေတို့ရဲ့ ကျေးဇူးကြောင့် သတင်း နားထောင်ရ၊ ဖတ်ရှုရတာကို ငယ်စဉ်ကတည်းက ကျင့်သားရခဲ့ပါတယ်။

တကယ်တမ်း ပြောရရင် ၁၉၈၈ ခုနှစ် မတိုင်မီ ကာလတွေမှာတုန်းက ကျနော်တို့ အိမ်ရဲ့ အဓိက သတင်းလေ့လာစရာ မီဒီယာက မြန်မာ့အသံနဲ့ နေ့စဉ်ထုတ် ပြည်တွင်း သတင်းစာပါပဲ။

ဒါပေမယ့် ၁၉၈၈ခုနှစ် မှာ မြန်မာပြည်အ၀ှမ်း ဆန္ဒပြပွဲတွေ အင်နဲ့အားနဲ့ ဖြစ်လာတဲ့ အချိန်မှာတော့ ကျနော်တို့ အိမ်တင်မက တခြားသော အိမ်နီးနား ပတ်ဝန်းကျင်က ရေဒီယိုတွေမှာ မြန်မာ့အသံ အပြင် ပြည်ပဌာနက မြန်မာဘာသာ အစီအစဉ် သတင်းတွေ နားထောင်နေတာကို ကြားလာရပါတယ်။ ပြည်တွင်း အသံလွှင့်ဌာန တခုတည်းက ပေးနေတဲ့ သတင်း အချက်အလက်တွေနဲ့တင် လူတွေက မတင်းတိမ် နိုင်တော့ပါဘူး။ ဒီတော့ လက်လှမ်းမီရာ သတင်းဌာနတွေက ပေးတဲ့ သတင်းတွေကို နားထောင်ကြပါတော့တယ်။

***

လက်ရှိ မြန်မာပြည်ထုတ် နေ့စဉ် သတင်းစာတွေရဲ့ နောက်ကျောဖုံး စာမျက်နှာတွေကို လေ့လာကြည့်ရင် ပြည်ပ သတင်းဌာနတွေကို မယုံဖို့၊ ဘယ်သူက ဘယ်လို လိမ်နေတာ၊ ဘယ်သူ့ကို သတိထား စသဖြင့် စသဖြင့် စာမျက်နှာပြည့် နေ့စဉ်ရက်ဆက် ဖော်ပြနေတာကို တွေ့နေရပါတယ်။

ရည်ရွယ်ချက်ကတော့ ရှင်းရှင်းလေးပါပဲ။ သူတို့ (လက်ရှိ အုပ်ချုပ်သူတွေ) ပြောနေ၊ လုပ်နေတာတွေသည်သာ အမှန်၊ သူတို့သည်သာ သမာသမတ်ရှိသူ၊ သူတို့မှလွဲပြီး တခြားသော သတင်းဌာန မီဒီယာတွေဟာ ဘယ်သူ့ကိုမှ မယုံရ၊ မယုံထိုက်၊ မယုံသင့် …၊ အဲဒီလို ရည်ရွယ်ချက် တခုတည်းအတွက်နဲ့ သူတို့ မောင်ပိုင်စီးထားတဲ့ ပြည်တွင်း သတင်းစာကနေ အခုလို နေ့စဉ်ရက်ဆက် ဖော်ပြပါတယ်။

အဲဒီလို ဘာကြောင့် လုပ်ရသလဲ ဆိုတာကို ဆက်စပ် ပြန်တွေးပြန်တော့လည်း လယ်ပြင်မှာ ဆင်သွားသလို ထင်းထင်းကြီး ပေါ်နေတာကတော့ အုပ်ချုပ်သူတွေကို လူထုက မယုံကြည်တာနဲ့ အမျှ သူတို့ရဲ့ လက်ကိုင်တုတ် ပြည်တွင်း မီဒီယာတွေက ပေးတဲ့ အချက်အလက်တွေကိုလည်း မယုံတော့လို့ပါပဲ။

ဒါဖြင့် ပြည်သူတွေက ဘာအတွက်နဲ့ သူတို့နဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံနေရတဲ့ အာဏာပိုင်တွေရဲ့ သတင်း ထုတ်ပြန်ချက်တွေထက် ဟိုးအဝေးကြီးမှာ ရှိတဲ့ ပြည်ပ သတင်းဌာနတွေက ရတဲ့ အချက်အလက်တွေကို ပိုမို စိတ်ဝင်စားနေရသလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

***

ထင်သာမြင်သာ အရှိဆုံး ကျနော့် ကိုယ်တွေ့နဲ့ပဲ တင်ပြပါရစေ။

ကျနော်တို့ မြို့ကလေးရဲ့ အထက်တန်းကျောင်းမှာ တခါက Multi Media Group ဆိုပြီးတော့ ဖွင့်လှစ်ပါတယ်။ အဲဒီလို ဖွင့်ဖို့ လိုအပ်တဲ့ ကွန်ပျူတာတွေအတွက် ရန်ပုံငွေ ရအောင် ဆိုပြီးတော့ မြို့စပ်မှာ ဗွီဒီယို ဇာတ်ကား အယောင်ပြ ပြသပြီးတော့ လောင်းကစားဝိုင်းတွေကို ပေါ်ပေါ်ထင်ထင် ထောင်၊ အကောက် ကောက်ပါတယ်။ အဲဒီ လောင်းကစားဝိုင်းတွေ တလနီးပါးလောက် လုပ်ပြီးတော့ ပန်းသီးတံဆိပ် ကွန်ပျူတာ လေးလုံး ၀ယ်ပြီးတော့ Multi Media Group ဆိုတာကို ဖွင့်ပါတယ်။ ဒါပေမယ့် သတင်းစာထဲမှာ သတင်းထုတ်ပြန်တဲ့ အခါမှာတော့ `နိုင်ငံတော်မှ မ တည်ငွေက ဘယ်ရွေ့ ဘယ်မျှ၊ ပြည်သူက လှူဒါန်းငွေက ဘယ်လောက်´ စသဖြင့် ထုတ်ပြန်တော့ အဲဒီသတင်းကို ဖတ်ရတဲ့ မြို့သူမြို့သားတွေက ဟားတိုက် ရယ်ပါတယ်။

တဖက်မှာကျတော့ ကျနော်တို့ မြို့ကလေးရဲ့ ပေါ်တာ အဖမ်းခံရတဲ့ အကြောင်းတွေ၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခံရတဲ့ အကြောင်းတွေကို ပြည်ပ သတင်းဌာနတွေက ထုတ်လွှင့်နေတာကို ကြားနေကြရပြန်ပါတယ်။ ဒီတော့ ပြည်သူတွေက ဘယ်သတင်းဌာနကို အားကိုးမလဲ ဆိုတာ မေးခွန်း ထုတ်စရာတောင် မလိုတော့ပါဘူး။

***

ဒီဘက်နောက်ပိုင်း ကာလတွေမှာ လက်ရှိ အုပ်ချုပ်သူ အာဏာပိုင်တွေနဲ့ တကွ သူတို့ကို လိုလား ထောက်ခံသူတွေ အနေနဲ့ တစိုက်မတ်မတ်နဲ့ စွပ်စွဲနေတာ တခုကတော့ `ပြည်ပ သတင်းဌာနတွေဟာ ပြည်သူလူထုကို သွေးခွဲတယ်၊ တိုင်းရင်းသား အချင်းချင်း စည်းလုံး ညီညွှတ်ရေးကို ပျက်ပြားအောင် လုပ်နေတယ်´ ဆိုတဲ့ မရိုးနိုင်တဲ့ ဓာတ်ပြားဟောင်းကြီးပါပဲ။

ဒါပေမယ့် သူတို့ဟာ သူတို့ကို လူထုက ဘာကြောင့် မယုံရတာလဲ ဆိုတဲ့ အဓိကကျတဲ့ အဖြေကိုတော့ ဘယ်တော့မှ မရှာခဲ့ပါဘူး။ ရူးနှမ်းနှမ်း နိုင်လှစွာပဲ သူတို့ကိုယ်သူတို့ ဘယ်လောက်ကောင်းကြောင်း၊ တိုင်းပြည်ကို ဘယ်လို စေတနာတွေ ထားကြောင်း၊ ပြည်ပ သတင်းဌာနတွေဟာ သူတို့ကို မတရား စွပ်စွဲနေတာ ဖြစ်ကြောင်း အာခေါင်ခြစ်ပြီး အော်နေတာက စိတ်ပျက်စရာ ကောင်းလှပါတယ်။

တကယ်တော့ ပြည်သူတွေဟာ အာဏာပိုင်တွေက ထင်ထားသလို ပြည်ပ သတင်းဌာနက ပြောသမျှ၊ ရေးသမျှ အားလုံးကို မျက်စိမှိတ် ယုံကြည်နေကြတာ မဟုတ်ပါဘူး။ ပြောသမျှကို ယုံနေရလောက်အောင်လဲ ဆင်ခြင်ဉာဏ် မမဲ့ကြပါဘူး။ လက်တွေ့ ဖြစ်ပျက်နေတဲ့ အနေအထားနဲ့ သတင်းဌာနတွေက ပြောတဲ့ အချက်အလက်တွေကို ချင့်ချိန်ပြီးတော့မှ ခိုင်မာတဲ့ အထောက်အထားတွေကို အခြေပြုပြီး သုံးသပ်ကြတာပါ။

အာဏာပိုင်တွေ ပြောသလို ပြည်ပက သတင်းဌာနတွေ ထုတ်ပြန်တာ မှန်သမျှ အားလုံး အလိမ်အညာတွေ ချည်းပဲဆိုရင် ဘယ်သတင်းဌာနမှ ရေရှည် မရပ်တည်နိုင်ပါဘူး။ ဘယ်သူကမှလည်း အချိန်ကုန်ခံပြီး လိမ်ညာနေတာကို ဖတ်ရှု နားထောင်နေမှာ မဟုတ်ပါဘူး။ ပြည်သူအားလုံးက ၀ိုင်းကျဉ်ထားမှာပါ။ ဒါပေမယ့် လက်ရှိ အခြေအနေကတော့ ပြည်တွင်း သတင်း မီဒီယာတွေကို ပြည်သူတွေရဲ့ အယုံအကြည် ကင်းမဲ့မှုက ပိုမို ကြီးထွားနေတယ် ဆိုတာ ငြင်းမရတဲ့ အချက် ဖြစ်နေပါပြီ။

တကယ်လို့သာ အာဏာပိုင်တွေက ပြည်သူတွေအပေါ် စေတနာ အစစ်အမှန်ထားပြီး တိုင်းပြည်ကောင်းကျိုးကို အမှန်တကယ် လုပ်နေတာဆိုရင် ဘယ်သူက ဘယ်လိုပဲ မကောင်းကြောင်းပြောပြော အရာထင်မှာ မဟုတ်ပါဘူး။ အချိန်တန်ရင် တကယ် စေတနာ ထားတာတွေက ပေါ်လွင်လာမှာ အသေအချာပါပဲ။ ဒီလိုမှ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်က တိုင်းပြည်ကို လိမ်ညာနေပြီးတော့ တခြားလူကို လက်ညှိုး လိုက်ထိုးနေတာကတော့ အဖြေကောင်းတခု ထွက်လာစရာ အကြောင်း မရှိပါဘူး။

ဥပမာအားဖြင့် ပြောရရင်…။

ကရင်ပြည်နယ်ထဲမှာ ဘယ်သတင်းဌာန၊ ဘယ်မီဒီယာတွေနဲ့မှ အဆက်အစပ် မရှိတဲ့ တောစွန်အုံဖျား ရွာတွေ ရှိပါတယ်။ အဲဒီရွာငယ်တွေက ကရင်လူမျိုး အတော်များများဟာ ဗမာကို ရွံကြောက် မုန်းပါတယ်။ သူတို့ရွာတွေကို သတင်းစာလဲ မရောက်သလို၊ ပြည်ပ သတင်းဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေ နားထောင်ဖို့ ရေဒီယိုလည်း မရှိကြပါဘူး။ ဒါပေမယ့် သူတို့ ရွာတွေကို ရောက်သွားသမျှ အာဏာပိုင် စစ်တပ်တွေရဲ့ သူတို့ အပေါ် ရက်စက် ကြမ်းကြုတ်တာတွေကြောင့် `ဗမာ စစ်တပ်တွေ´ ဆိုတဲ့ အမြင်နဲ့ သူတို့ ဗမာကို မုန်းပါတယ်။ ဒါကို `ပြည်ပ မီဒီယာတွေကြောင့် တိုင်းရင်းသား သွေးကွဲတယ်´ လို့ လွယ်လွယ် လက်ညှိုးထိုးလို့ မရနိုင်ပါဘူး။ တကယ့် မြေပြင် အခြေအနေမှာ ထိတွေ့ ဆက်ဆံနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အပြုအမူတွေကြောင့်သာ အဲဒီလို သွေးကွဲရတဲ့ အကြောင်းတွေ အခြေခံ ပေါ်ပေါက်နေတာပါ။

တကယ်တော့ ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ စိတ်ထားက ရိုးစင်းပြီး အလွန် ချစ်စရာ ကောင်းလှပါတယ်။ ကျနော်တို့ နယ်ဘက်မှာဆိုရင် စစ်တပ်ကို ဘယ်လောက်ပဲ မုန်းတီးတယ်ပြောပြော တကယ့် တကယ်တမ်း ငတ်ပြတ်ပြီးတော့ ရှေ့တန်းက ပြန်လာတဲ့ စစ်သားတွေကို ရှိတာ ချကျွေးပါတယ်။ ဒါတောင် သူတို့ကို ဒီလောက် နှိပ်စက်ထားတာ သိနေရက်နဲ့ပါ။ သူတို့အပေါ် တကယ် စေတနာမှန်မှန်နဲ့သာ ပြည်သူအကျိုး ဆောင်ရွက်နေတာ ဟုတ်ရိုးမှန်ရင် ဘယ်သူကမှ နေရင်းထိုင်ရင်းနဲ့ မုန်းမနေပါဘူး။ ပြည်ပ သတင်းဌာနတွေရဲ့ `၀ါဒဖြန့်´ ဆိုတာတွေဟာလည်း ထိရောက်နေတော့မှာ မဟုတ်ပါဘူး။

အခုတော့ အုပ်ချုပ်သူတွေကို ဆန့်ကျင်မိရင်၊ ဒါမှမဟုတ် မယုံကြည်မိတဲ့ လူတွေက စဉ်းစား ဆင်ခြင်ဉာဏ် မဲ့နေသယောင်ယောင်၊ သတင်းဌာနတွေရဲ့ သားကောင် ဖြစ်နေရသယောင်ယောင် ပြောဆိုနေတာတွေဟာ ရမ်းကားလွန်းလှတဲ့ အယူအဆတွေပါပဲ။

***

သတင်းဌာနတွေဆိုတာကတော့ သူတို့ ရပ်တည်ချက်အလိုက် `ဘက်´ လိုက်ကြတာပါပဲ။ ဘက်မလိုက်တဲ့ သတင်းဌာန ဆိုတာ မရှိပါဘူး။ ကျနော်တို့ ပြည်သူတွေက သူတို့လိုက်နေတဲ့ `ဘက်´ အပေါ် သုံးသပ်ပြီး ယုံသင့်တာယုံ၊ ပယ်သင့်တာ ပယ် လုပ်ကြရတာပါပဲ။ ဒါဟာ ကျနော်တို့ တိုင်းပြည် တခုတည်းတင် မဟုတ်ပါဘူး။ ကမ္ဘာနဲ့ အ၀ှမ်း ဒီနည်းနှင်နှင်ပါပဲ။

နိဂုံးချုပ် တင်ပြရရင်တော့…။

ပြည်သူက ယုံစေချင်သလား…၊ ရှင်းရှင်းလေးပါပဲ။ `စေတနာအစစ်´ ကိုသာ ပေးပါ။ ပြည်သူရဲ့ ယုံကြည်မှုကို မုချ ရမှာ သေချာပါတယ်။
ကလိုစေးထူး

Thursday, November 1, 2007

စင်ကာပူ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုနှင့် ရှေ့ခရီး

ဆောင်းပါး
ညီသူရိန်
Wednesday, 31 October 2007 19:42 - မြန်မာစံတော်ချိန်

စင်ကာပူကျွန်း နှင့် မြန်မာနိုင်ငံတို့မှာ ဤရာစုနှစ် အစောပိုင်းကာလများ ကတည်းကပင် စီးပွားရေး၊ လူမှုရေး ကူးလူး ဆက်ဆံမှုများ ရှိခဲ့ပြီး၊ စင်ကာပူကျွန်းသို့ မြန်မာ အမျိုးသားများ လာရောက် အခြေချ နေထိုင်မှုများလည်း ရှိခဲ့သည်။ ၁၉၆၂ ခုနှစ်၌ တပ်မတော်မှ အာဏာသိမ်းခဲ့သည့် နောက်ပိုင်းတွင် စင်ကာပူ၌ မြန်မာတို့၏ အခြေချ နေထိုင်မှု တစ်စ တစ်စ တိုးတက်လာခဲ့ပြီး၊ ၁၉၉၀ ပြည့်လွန်နှစ်များတွင် တဟုန်ထိုး မြင့်မားလာခဲ့သည်။ အမိ မြန်မာနိုင်ငံတွင် တက္ကသိုလ်များ ကာလ အကန့်အသတ်မရှိ ပိတ်ထားမှု၊ လွတ်လပ်စွာ ပရိသေနဝမ်းစာ ရှာဖွေနိုင်ခွင့် မရှိမှုတို့ကြောင့် ရေကြည်ရာ မြက်နုရာ ဆိုသလို လာရောက် နေထိုင်ကြရသော်လည်း မြန်မာ အမျိုးသားတို့၏ စိတ်ထဲတွင်ကား လွတ်လပ်သော၊ တရားဥပဒေ၏ အထက်တွင် မည်သည့် အဖွဲ့အစည်းမှ မရှိသော၊ ဒီမိုကရေစီ ထွန်းကား၍ သာယာဝပြောသော မြန်မာပြည်အဖြစ် ကမ္ဘာ့အလယ်တွင် ပြန်လည် ဝင့်ထည်နိုင်စေရန် အမြဲပင် ရည်သန်လျက် ရှိလေ၏။

၂၀၀၅ခုနှစ် အစောပိုင်းကာလများတွင် မျိုးချစ်စိတ်ဓာတ် ထက်သန်သော မြန်မာတို့မှ မိမိတို့ နီးစပ်ရာ အစုအဖွဲ့ ကလေးများဖြင့် လှုပ်ရှားမှုများ ပြုလုပ်လာကြ၏။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ၊ အာဇာနည်နေ့ အခမ်းအနား၊ အခွန်နှစ်ခါ မပေးရေး ကြိုးပမ်းမှု အစရှိသော လှုပ်ရှားမှုများဖြင့် မြန်မာအမျိုးသားတို့အား နိုင်ငံ့အရေး အတွက် လှူံ့ဆော်ခဲ့ကြ၏။

သို့သော် စင်ကာပူနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေး အနေအထား၊ အာစီယံအဖွဲ့၏ မြန်မာ စစ်အစိုးရနှင့် အပြုသဘော ဆက်ဆံရေး မူဝါဒ ကိုင်စွဲထားမှုတို့ကြောင့် အဖွဲ့အစည်း ခိုင်ခိုင်ခံ့ခံ့ဖြင့် မလှုပ်ရှားနိုင်ခဲ့ကြချေ။ ထို့ပြင် တစတစနှင့် ကြီးထွားလာနေသော စင်ကာပူရှိ မြန်မာတို့၏ ဒီမိုကရေစီရေး စုစည်း လှုပ်ရှားမှုများကို၊ မြန်မာ စစ်အာဏာရှင်တို့အား အပြုသဘော ဆောင်သော ဖြောင်းဖျ ချဉ်းကပ်မှုဖြင့်သာ ပြောင်းလဲစေနိုင်မည်ဟု တစိုက်မတ်မတ် ပြောဆိုနေသော စင်ကာပူ အစိုးရမှ အရေးတယူ စောင့်ကြည့်နေခဲ့ကြသည်။

၂၀၀၇ခုနှစ် သြဂုတ်လတွင် စစ်အစိုးရ၏ တာဝန်မဲ့စွာဖြင့် ဓာတ်ဆီဈေးကို နှစ်ဆ မြင့်တင်လိုက်သော အခါတွင် မြန်မာပြည်၌ ကုန်ဈေးနှုန်း ကျဆင်းရေး လမ်းလျှောက်ပွဲများ နေရာအနှံ့ ဖြစ်ပွားခဲ့သည်။ ထိုသို့ ရဲရင့်စွာ ဆန္ဒပြမှုများကို ထောက်ခံသည့် အနေနှင့် စင်ကာပူတွင် မြန်မာအချို့ လမ်းလျှောက်ခဲ့ကြသည်။ ဤတွင် ပြည်တွင်း၌ နိုင်ငံရေး လှုပ်ရှားမှုများကို ကန့်သတ်ထားသော စင်ကာပူ အာဏာပိုင်များက လှုံ့ဆော်သူများ၊ ပါဝင် ဆင်နွှဲခဲ့ကြသူများကို ခေါ်ယူတွေ့ဆုံကာ သတိပေးခြင်း၊ ကတိဝန်ခံချက် ရေးထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့၏။ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြရန် ကြိုးစားမှုများကိုလည်း ကြိုတင် တားဆီးပိတ်ပင်ခဲ့၏။

စက်တင်ဘာလ ၂၆၊၂၇၊၂၈ ရက်နေ့များတွင် ဆန္ဒပြနေသော အပြစ်မဲ့ သံဃာတော်များ၊ ကျောင်းသား ပြည်သူများကို အင်အားသုံးကာ ရက်ရက်စက်စက် ပစ်သတ်ခဲ့သော မြန်မာ စစ်အစိုးရကို ကမ္ဘာ့နိုင်ငံ အများအပြားက ဝိုင်းဝန်း ရူံ့ချခဲ့ ကြ၏။ ထိုအခါမှ စင်ကာပူ အစိုးရကလည်း မြန်မာ အာဏာပိုင်တို့ကို ထင်ထင်ပေါ်ပေါ် ဝေဖန်ပြစ်တင်ခဲ့၏။ ကြေကွဲ ဒေါသ ထွက်နေကြသော ပြည်ပရောက် မြန်မာတို့မှ ကျဆုံးသွားကြသော ရဟန်းတော်များနှင့် ပြည်သူများအတွက် တိုပါးရိုးရှိမြန်မာဘုန်းကြီးကျောင်းတွင် မေတ္တာပို့ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ရာ ပရိသတ် ထောင်ချီ၍ တက်ရောက်ခဲ့ ကြသည်။ ထိုအခြေအနေတွင် စင်ကာပူ အတိုက်အခံ ပါတီ (SDP) မှ နိုင်ငံရေး လက်ဦးမှု ရယူကာ မြန်မာသံရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာ မြန်မာ အများအပြား ပူးပေါင်း ပါဝင်ခဲ့ကြ၏။ ထိုအခါတွင်မှ နိုင်ငံရေးအရ ထိုးနှက် ခံလိုက်ရသော စင်ကာပူ အစိုးရသည် မြန်မာသံရုံးရှေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို မျက်စိတစ်ဖက် မှိတ်ကာ ခွင့်ပြုလိုက်ရလေ၏။

မရှေးမနှောင်း ဆိုသလိုပင် စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး ကိုယ်တိုင် တိုပါးရိုးရှိ မြန်မာဘုန်းကြီးကျောင်းသို့ လာရောက်ကာ ဒီမိုကရေစီရေး လှုပ်ရှားနေသော မြန်မာများနှင့် တွေ့ဆုံခဲ့၏။ ထို့နောက် Oversea Burmese Patriots (OBP) ဟူသော အဖွဲ့မှ ဦးဆောင်ကာ ဟိုတယ် ခန်းမတစ်ခု ၌ စက်တင်ဘာ အရေးအခင်းတွင် ကျဆုံးသွားသူများ အတွက် ဆုတောင်းပွဲ အစရှိသော လှုပ်ရှားမှုများ ထင်ထင်ပေါ်ပေါ် လုပ်နိုင်လာခဲ့၏။

ဤတွင် အပြောင်းအလဲ မြန်လှသော စင်ကာပူ အစိုးရ၏ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် ထားရှိသော သဘောထား အမှန်နှင့် ရည်ရွယ်ချက်ကို ယထာဘူတကျကျ ဝေဖန်ဆန်းစစ်ရန် လိုလာပေ၏။ ထိုကဲ့သို့ အခြေအနေ အရပ်ရပ်ကို လက်တွေ့ကျကျ သုံးသပ်နိုင်မှသာ မှန်ကန်သော ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ပေမည်။ သို့မဟုတ်ဘဲ စင်ကာပူ အစိုးရ၏ ထောက်ခံမှုရ နေပြီ၊ ငါတို့ ဘာလုပ် လုပ်ရမည်ဟု မျှော်လင့်နေပါက ခက်ချိမ့်မည်။

ပထမဆုံးအနေဖြင့် စင်ကာပူအစိုးရသည် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုများ ကို ကန့်သတ်ချက်များဖြင့် ထိန်းချုပ် ထားလိုပေ၏။ ဤအချက်မှာ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြရန် ဦးဆောင်လှူံ့ဆော်သူများ၊ လမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သူ များကို သတိပေးခြင်း၊ ကတိခံဝန်ချက် ရေးထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ကို ကြည့်ခြင်းဖြင့် သိနိုင်ပေ၏။ စင်ကာပူ အစိုးရကိုယ်၌က အတိုက်အခံ နိုင်ငံရေး ပါတီများ၏ လှုပ်ရှားမှုများကို ထိန်းချုပ်ထားသဖြင့် အံ့သြဖွယ် မဟုတ်ချေ။ ထို့ပြင် စင်ကာပူရောက် မြန်မာတို့၏ နိုင်ငံရေးနိုးကြားမှု စင်ကာပူ နိုင်ငံသားတို့ အကြား ပြန့်ပွားလာမည့် အရေးကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်၏။

ဒုတိယအချက်မှာ စင်ကာပူ အစိုးရသည် စီးပွားရေး ပိတ်ဆို့မှု လမ်းကြောင်းထက် မြန်မာ စစ်အစိုးရအား အပြုသဘောဆောင်သော ချဉ်းကပ် ဖျောင်းဖျခြင်းဖြင့် ဒီမိုကရေစီစနစ် တဖြေးဖြေးခြင်း ပေါ်ထွန်းစေမည်ဟူသည့် အယူအဆကို အစဉ်ကိုင်စွဲထားခြင်း ဖြစ်သည်။ ၎င်းအပြင် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက် နိုင်ငံများတွင် စင်ကာပူလည်း အပါအဝင်ဖြစ်၏။ ထို့အတွက်ကြောင့်ပင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်အဟုန်ကြီးစွာ ပေါ်ပေါက်နေချိန်၌ စင်ကာပူရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြရန် ကြိုးပမ်းမှုများကို တားဆီးခဲ့၏။

စက်တင်ဘာလ ၂၆၊၂၇နှင့်၂၈ရက်နေ့များတွင် ဆန္ဒပြပြည်သူများကို စစ်တပ်မှ ရက်ရက်စက်စက် ချေမှုန်းခဲ့ခြင်း အတွက် မြန်မာ စစ်အစိုးရအား ကမ္ဘာ့ပြည်သူများက အော့နှလုံးနာချိန်တွင် အတိုက်အခံ ပါတီ (SDP) က စင်ကာပူ အစိုးရနှင့် မြန်မာစစ်အစိုးရ တို့၏လက်ရှိ ဆက်ဆံရေး၊ အစောပိုင်း ကာလများက စင်ကာပူမှ မြန်မာ စစ်အစိုးရသို့ လက်နက်များ ရောင်းချထားမှုတို့ကို ဖော်ထုတ် လာသောအခါ နိုင်ငံရေးအရ အတော်ပင် အထိနာခဲ့ရ၏။ ထို့အပြင် စစ်အစိုးရရှုံ့ချပွဲ လူထုစည်းဝေးပွဲများ လုပ်ရန် အတိုက်အခံ ပါတီက ခြေလှမ်းသွက်သွက် လှမ်းလာသောအခါတွင် စင်ကာပူ အစိုးရအဖို့ အခက်ကြုံခဲ့ရ၏။

ဤအခြေအနေတွင် မြန်မာအမျိုးသားတို့ စုဝေးလေ့ရှိရာ တိုပါးရိုးရှိ ဘုန်းကြီးကျောင်းသို့ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီး လာရောက်ခဲ့ခြင်းမှာ ထူးခြားသော ဖြစ်ရပ်ဟု ဆိုနိုင်၏။ မြန်မာ စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော ပုံရိပ်၊ အမေရိကန် နိုင်ငံ၏ ကျယ်ပြန့်လာသော စီးပွားရေးပိတ်ဆို့မှု၊ စင်ကာပူနိုင်ငံအတွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၌ ကျဆင်းခဲ့ရသော နိုင်ငံရေးသိက္ခာကို အဖတ်ဆည်ရန် အစရှိသော အချက်များကြောင့်သာ ယခုကဲ့သို့ ကျားကွက် ရွှေ့လိုက်ခြင်း ဖြစ်သည်ဟု သုံးသပ်ရပေ၏။

ထို့ကြောင့် စင်ကာပူရှိ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများသည် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို အမှန်အတိုင်း သုံးသပ်ကာ၊ ပေါ်ပေါက်လာသော အခွင့်အလမ်းများကို မလွတ်တမ်း ရယူသင့်ပေ၏။ တစ်ချိန်တည်းမှာပင် အတိုက်အခံ ပါတီနှင့် လက်ရှိ စင်ကာပူ အာဏာပိုင်တို့အကြား နိုင်ငံရေး ကစားကွက်၏ သားကောင်အဖြစ် စတေးခံရမည့် အန္တရာယ်ကိုလည်း အစဉ်သတိ ရှိသင့်ပေ၏။

မည်သို့ ဆိုစေကာမူ စင်ကာပူ အစိုးရ၏ သဘောထား ပျော့ပျောင်းလာမှုမှာ သံသယရှိဖွယ် ဖြစ်သော်လည်း၊ မိမိတို့ဖက်မှ လက်ဦးမှုယူကာ စင်ကာပူနိုင်ငံတွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများအားလုံးကို ကိုယ်စားပြုသော တရားဝင် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းသင့်ပေ၏။ အစောပိုင်း ကာလများကတည်းက စည်းရုံး လှုပ်ရှားနေကြသော အဖွဲ့များကလည်း ပေါ်ပေါက်လာသော ထိုအဖွဲ့တွင် ဝင်ရောက် ပူးပေါင်းကာ တပ်ပေါင်းစု ညီညွတ်ရေး အဆင့်၊ ထိုမှတဆင့် တပါတီ ညီညွတ်ရေး ရရှိအောင် ကြိုးပမ်း လုပ်ဆောင်သင့်ပေ၏။ ထို့အပြင် ပြည်ပရောက် မြန်မာတို့အကြား ထဲထဲဝင်ဝင် စည်းရုံးလှူံ့ဆော်ခြင်း၊ ၎င်းတို့၏လုံခြုံရေးအတွက် အစီအမံများ ထားရှိခြင်းတို့ဖြင့် နောက်ပါလူထု၏ ယုံကြည်မှုကို ရယူကာ စုရုံးစည်းဝေးပွဲများတွင် လူအများအပြား အင်တိုက် အားတိုက် ပါဝင်လာစေရန် ကြိုးစား လုပ်ဆောင်သင့်ပေသည်။ ဦးဆောင်ဦးရွက် ပြုသူများကလည်း မည်သည့် အစိုးရ အဖွဲ့အစည်း၏ သြဇာအာဏာအောက်သို့ မကျရောက်စေရန် လိမ်မာ ပါးနပ်စွာ ပဲ့ကိုင်နိုင်ဖို့ လိုပေ၏။

အချုပ်အားဖြင့် ဆိုသော် သွေးစည်း ညီညွတ်သော ဒီမိုကရက်တစ် အင်အားစု အမြန်ဆုံး ပေါ်ပေါက်လာစေရန်မှာ ပြည်ပရောက် မြန်မာတို့၏ အရေးကြီးဆုံးသော တာဝန်ပင် ဖြစ်ပေသည်။ ထိုမှတဆင့် ပေါ်ပေါက်လာမည့် အဖွဲ့အစည်းနှင့် နိုင်ငံတကာရှိ ညီနောင် မြန်မာ့ ဒီမိုကရက်တစ် အင်အားစုများ ဆက်စပ်ကာ အမိ မြန်မာပြည်၌ လွတ်လပ်၍ တရားမျှတသော လောကလူ့ဘောင် တည်ဆောက်ရေးတည်း ဟူသော ပန်းတိုင်သို့ အရောက် သွားနိုင်ရန် အားထုတ်သင့်ပေ၏။