News Article Photo Poem Video Cartoon Music Radio

Tuesday, September 25, 2007

နိုင်ငံခြားရောက် မြန်မာများ ဘာလုပ်နိုင်မည်နည်း။

ဆောင်းပါး
ဆန်းသစ်
၂၄-စက်တင်ဘာ-၂ဝဝ၇

သံဃာများ ကံဆောင် သပိတ်မှောက်ခြင်းမှ ၂၄-စက်တင်ဘာတွင် ပြည်တွင်းမှ ပြောသည့်အတိုင်း လုပ်ပြလိုက်ပါပြီ။ ရွှေဝါရောင် တော်လှန်ရေး (Golden Revolution) ဖြစ်လာအောင် သံဃာတော်များ လှုံ့ဆော်ခဲ့ခြင်းမှာ အလွန်လှပ၊ အံ့သြဖွယ် ဖြစ်ရပ်တခုအဖြစ် နအဖ အငိုက်မိသွားပါသည်။ ပြည်တွင်း၊ ပြည်ပ မြန်မာများ အားလုံးမှာ မြန်ဆန်လှတဲ့ အဖြစ်အပျက် နောက်ကို လိုက်လာနေပါပြီ။

ရှစ်လေးလုံးတုံးကလိုပဲ ၃လ၊ ၄လ လောက်တော့ စစ်တပ်များနဲ့ သံဃာ၊ ကျောင်းသား၊ ပြည်သူများ အားပြိုင်ရဦးမှာပဲ။ စစ်တပ်ကို မကွဲအောင် စစ်ခေါင်းဆောင်ကြီးတွေ လူနဲ့ဝေးတဲ့ နေပြည်တော် တောတောင်မှာ ထားပြီး၊ ဖိုင်ဘာ အော့ပ်တစ် ဆက်သွယ်ရေး ကွန်ယက်ကိုလည်း အောင်မြင်စွာ ချထားပေမဲ့ ဒီမိုကရေစီ အပြောင်းအလဲကို မဟန့်တားနိုင်တော့ပါဘူး။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ လွတ်မြောက်ရေးလည်း မဝေးတော့ပါဘူး၊ သူ့အိမ်ကို လာရောက်တဲ့ သံဃာတော်များကို အိမ်ကထွက်ပြ နိုင်ခဲ့ပါပြီ။ တရုတ်၊ အိန္ဒိယ၊ အမေရိကန် ရေတပ်များလည်း ဘင်္ဂလား ပင်လယ်အော်မှ စောင့်ကြည့်နေမှာ သေချာပါတယ်။

နအဖရဲ့ နောက်ဆုံး အောင်မြင်မှု လက်နက်

ဒီပဲယင်း ဝါးရင်းတုတ်ပါပဲ။ ဒီနည်းနဲ့ အရပ်သား ကြံ့ဖွတ်၊ စွမ်းအားရှင်တွေ သုံးခဲ့တာ အောင်မြင်ခဲ့တော့ ဆက်လက် သုံးဦးမှာလား။ ညမထွက်ရ အမိန့်ဆိုတာလည်း မြန်မာပြည်မှာ သေနတ်ဖေါက်ပြီး ထုတ်ပြန်လေ့ ရှိတယ်။ ဒီနည်းကို ဆက်သုံးမှာလား။ သံဃာအတုတွေ အစိုးရ အဆောက်အဦ၊ တံတား၊ ကား၊ ရထား တွေကို မီးရှို့ ဖျက်ဆီးခိုင်းမှာလား။ နောက်ဆုံး ဘယ်တော့များ စစ်တပ်က ပစ်ခတ်မှာလား၊ လားပေါင်းများစွာနဲ့ ပါပဲ။ အုပ်ချုပ်သူဆိုတော့ အသာစီး ရနေစမြဲပါ။ နအဖ က ရှစ်လေးလုံး သင်ခန်းစာကို အသေယူထားကြပါတယ်။ မဟုတ်တဲ့ အစိုးရ ဘယ်လောက်ကြာကြာ ခံနိုင်ပါမလဲ။

စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတွေမှာတော့ ဘယ်လိုထောက်ခံ၊ ကူညီရမလဲ လုပ်ကြည့်ခဲ့ကြတယ်။ မလေးရှား၊ ဂျပန်တွေမှာ အော်ဟစ် ကြွေးကြော်ချင်ရင် ၁၅ မိနစ် အော်ကြဆိုပြီး ရဲက ခွင့်ပေးတယ် ဆိုပေမဲ့ စင်ကာပူမှာတော့ လမ်းလျောက်ပွဲ လုပ်တာတောင် ရဲက မှတ်ပုံတင် တောင်းပြီး နောက်ကို မလုပ်ရန်ပြောတော့ ခက်နေတယ်။ မြန်မာပြည်က လုပ်ဆောင်နေသူများကို ကူညီနိုင်တဲ့ နည်းလမ်းတွေကတော့

(၁) ဘုန်ကြီးကျောင်းတွေမှာပဲ သံဃာတော်များရဲ့ တရားနားထောင်၊ မေတ္တာသုတ် ရွတ်ဖတ်ခြင်း လုပ်ရင်း လာရောက်သူများ စုပေါင်း တိုင်ပင်ခြင်း။
(၂) ငွေကြေးကောက်ခံ၍ မြန်မာပြည်ရှိ သံဃာတော်များရဲ့ ကျောင်းတိုက်များကို ငွေအနည်းအများ၊ မဆို စိတ်ဓါတ် မြှင့်တင်ရေး ငွေကြေးများ ကူပံ့ပေးခြင်း။
(၃) မြန်မာပြည်သို့ အလည် (သို့မဟုတ်) အကြောင်း အမျိုးမျိုးကြောင့် ပြန်ချင်သူများကို စင်ကာပူမှ တဆင့် လေယာဉ် စင်းလုံးဖြင့် ပြန်နိုင်ရန် လုပ်ဆောင်ခြင်း စသည့်အချက်များ ဖြစ်ပါတယ်။

ပြည်တော်ပြန်မည့် ပြည်ပရောက် စွန့်စားဝံ့သူများ

အချို့လည်း မလေးရှား၊ ထိုင်း နိုင်ငံများတွင် ပတ်စပို့ မပါပဲ လာရောက်နေသူများ ရှိပါတယ်။ ထိုသူများလည်း ကုန်းကြောင်း ခရီးဖြင့် မြန်မာပြည်သို့ နယ်စပ်မှ ပြန်ဝင်သွားပြီး သူတို့သန်ရာ၊ လုပ်ငန်းများခြင့် သံဃာတော်များ၊ ပြည်သူများအတွက် အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။ နိုင်ငံခြား ထွက်လာသူများမှာ စွန့်စားရဲ၍ ထွက်လာသူများ ဖြစ်ပါသည်။ ထို စွန့်စားရဲသူများကို အမိမြန်မာပြည်က ယခုလို အရေးကြီးချိန်တွင် အလွန် လိုအပ်နေပါသည်။ ကြိုဆိုနေပါသည်။

နိုင်ငံခြားရောက် မိတ်ဆွေများ၊ မိမိကိုယ်တိုင် မြန်မာပြည်သို့ ပြန်၍ သံဃာတော်များနှင့် ပြည်သူများအတွက် မလုပ်နိုင်သော်လည်း အနည်းငယ်မျှသော ငွေကြေးအားဖြင့်လည်း မြန်မာပြည်ပြန်မည့် ပြည်ပရောက် အာဇာနည်များကို ကူညီနိုင်ပါသည်။ စင်ကာပူ ပင်နီစူလာ ပလာဇာနှင့် မြန်မာ ဘုန်းကြီးကျောင်းများတွင် အလှူငွေ ကောက်ခံနေပါသည်။ ယုံကြည် စေလိုပါသည်။ အလားတူ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံများတွင်လည်း ပြည်တော်ပြန်မည့် စွန့်စားရဲသူ လူငယ်များ စင်ကာပူထက် သာ၍၊ ပို၍ပင် များပြားလာပါတယ်။ ထိုသူများကို ကူညီနိုင်ရေး အတွက် ဘာလုပ်နိုင်မလဲ။ ဦးခေါင်းတခု အင်အားထက် ဦးခေါင်းများစွာ စုပေါင်း ဆွေးနွေးရင် ထူးခြားသော အင်အားများ ရရှိနိုင်မည် ဖြစ်ပါသည်။

နအဖ နဲ့ သူတို့အပေါင်းဖေါ်များ

နိုင်ငံတကာမှာ နအဖ ကျွေးတဲ့ အစာစားပြီး၊ ကျေးဇူးရှိနေသူများ အများအပြား ရှိပါတယ်။ စင်ကာပူ ပင်နီစူလာ ပလာဇာ လက်ဖက်ရည်ဆိုင် အထိတောင် သူတို့အုပ်စုတွေ တခါတခါ တွေ့ရပါတယ်။ သူတို့ကတော့ နအဖကို တော်လှန်မဲ့သူများ မဟုတ်ပါ။ ထိုသူများနဲ့တွေ့ရင် သူတို့ရဲ့ လက်သုံးစကား တခု ရှိပါတယ်။ “နိုင်ငံခြားမှာ လာပြီး လေမကျယ်နဲ့၊ အစိုးရကို မကြိုက်ရင် မြန်မာပြည် ပြန်ပြီး၊ ပြော” ဆိုတဲ့ စကားပါ။ အဲဒီလို လူမျိုးတွေကို လွတ်လပ်တဲ့ နိုင်ငံခြားမှာ ကောင်းကောင်း ပြောနိုင်ပါတယ်။ သူတို့ဆီက အခွင့်အရေး၊ ပါမစ်များ ရမယ်ထင်ပြီး ဖားနေရန် မလိုပါ။ ခပ်နာနာ ပြန်ပြောလိုက်ပါ။ “တိုင်းပြည်တခုလုံး ရစရာ မရှိအောင် စုတ်ပြတ်သတ်နေတာ ဘာကြောင့်လဲ” မေးရဲရမယ်။ စစ်ခေါင်းဆောင် ဆွေမျိုး၊ သားသမီးများလည်း စင်ကာပူလို နိုင်ငံမှာ ဆေးလာကုနေရတယ်။ ဆေးလာကုသူများကိုလည်း ကြုံလို့ တွေ့ရင် ကူညီပါ။ (အများစုကတော့ မကူညီနိုင်ပါ။ ဒေါသ ထွက်ကြတယ်)။ သူတို့ဆီက အခွင့်အရေး၊ ပါမစ်များ မရဘူး သေချာပါတယ်။ သူတို့လူနဲ့တောင် ပါမစ်တွေ မလောက်လို့ ဖြုတ်ထုတ် လုပ်နေရတော့ “နိုင်ငံ စုတ်ပြတ်သတ်နေတာ ဘာကြောင့်လဲ” မေးခွန်းတခုပဲ ကျွန်တော်တို့ တာဝန်ကျေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကြားဖူးတဲ့ ဗန်မော်တင်အောင် အဆိုအရ “မကောင်းတဲ့ ခေတ်စနစ်တခု ဆိုတာ အနှစ်၂ဝ လောက်ဆိုရင် ပျက်စီးသွားလေ့ ရှိတယ်” ဆိုတဲ့အတိုင်း နအဖ ချုပ်ငြိမ်းရေး အစပြုပါပြီ။ မကြာခင်မှာပဲ မဇ္ဈိမ၊ ဧရာဝတီ၊ မိုးမခ၊ ဟစ်တိုင် စတဲ့ သတင်းစာတွေ ရန်ကုန်မြို့မှာ ထုတ်ဝေနိုင်တော့မဲ့ အချိန်ဟာ မဝေးတော့ပါဘူး။


ထူးခြားသော ဆုတောင်းမှု ၂ ခု

ဆောင်းပါး
မင်းလွင် (ရှမ်းပြည်)
စက်တင်ဘာလ ၂၅ ရက် ၂၀၀၇ ခုနှစ်

တက္ကသိုလ် ရိပ်သာလမ်းဆီသို့ တောင်ပေါ် ချင်းတိုင်းရင်းသူကြီး ၈ ယောက် ခြေလှမ်း သွက်သွက်ဖြင့် သွားနေသည်။ အသက်အရွယ်များမှာ ၅ဝ၊ ၆ဝ အရွယ်ရှိပြီး လွယ်အိတ် ကိုယ်စီနှင့် ဖြစ်သည်။ သူတို့ မျက်နှာများမှာ ဒုက္ခ ရောက်နေသူကို သွားရောက် ကယ်တင်မည့် အသွင် ဆောင်နေသည်။

“ငါတို့ချင်းတောင်ကို လာလည်ဖူးတဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးအိမ်ကို သွားမလို့။ လွယ်အိတ်ထဲမှာ ဧဝံဂေလိစာပဲ ပါတယ်။ နင်တို့ကိုလည်း ဝေငှပေးမှာပါ”

“ဘယ်သူ့ အမိန့်နဲ့ လာတာလဲ။ ဒီအိမ်ကို ဘယ်သူမှ လာလို့မရဘူး”

“ဒီကိုလာတာ အထက်အမိန့်နဲ့ လာတာ။ ဆုတောင်းပေးဖို့လည်း အထက်က အမိန့်ပေးလိုက်တယ်”

အချိန်ကား စက်တင်ဘာလဆန်း တနင်္ဂနွေနေ့ ဖြစ်သည်။ အင်းစိန် ခရစ်ယာန်ကျောင်းမှ ဆုတောင်းပြီး ပြန်လာသော အဆိုပါ ချင်းအမျိုးသမီး ၈ ဦးမှာ ချင်းတောင်ဒေသ ဖလမ်း၊ တီးတိန်ဘက်မှ ဖြစ်သည်။ ရန်ကုန်ရောက်ခိုက် သူတို့ အလွန် လေးစားရသောသူကို နေအိမ် အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားသည်ကို သွားရောက်ပြီး ဆုတောင်းပေးချင်သော ဆန္ဒကြောင့် ကမာရွတ်ရှိ လှည်းတန်း မှတ်တိုင်တွင် ဆင်းပြီး အရှေ့ဘက် တက္ကသိုလ် ရိပ်သာလမ်းဆီသို့ ဆက်လက် ထွက်ခွာသွားသည်။

ယခုတလော လုံခြုံရေးများ ထူထပ်စွာ အစောင့်ချထားသော တက္ကသိုလ် ရိပ်သာလမ်းသည် လူသွားလူလာ ရှင်းနေပြီး တော်ရုံ ကားများပင်လျှင် ဖြတ်မသွားရဲလောက်အောင် ဖြစ်နေသည်။ ဤသို့သော အခြေအနေတွင် အဆိုပါ ချင်းတိုင်းရင်းသူကြီး ၈ ဦးမှာ ရဲရင့် တည်ကြည်သော မျက်နှာဖြင့် မိမိသွားလိုသော နေရာဆီသို့ ဆက်လက် သွားနေဆဲ ဖြစ်သည်။ အိမ်အမှတ် ၅၄ အနီး ရောက်သောအခါ လုံခြုံရေးများက သတိကြီးစွာဖြင့် စစ်ဆေးတော့သည်။ တောင်ပေါ် တိုင်းရင်းသူ အဖွားကြီးများ ဖြစ်သောကြောင့် လုံခြုံရေး အစောင့်များမှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သို့ပေမယ့် ဝတ္တရားအရ မေးမြန်းမှုကို စတင်လိုက်သည်။
“ဘယ်သွားမလို့လဲ။ လွယ်အိတ်ထဲမှာ ဘာတွေပါလဲ”

မဆိုင်းမတွပင် ချင်းအမျိုးသမီး ဖြေဆိုလိုက်ပုံက … “ငါတို့ချင်းတောင်ကို လာလည်ဖူးတဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးအိမ်ကို သွားမလို့။ လွယ်အိတ်ထဲမှာ ဧဝံဂေလိစာပဲ ပါတယ်။ နင်တို့ကိုလည်း ဝေငှပေးမှာပါ” ဟူ၍ ပါးစပ်ကလည်း ပြော၊ လက်မှလည်း လွယ်အိတ်ထဲမှ ခရစ်ယာန် ဓမ္မစာများကို အစောင့်များထံ ဝေငှလိုက်သည်။ လုံခြုံရေး အစောင့်ထဲမှ ဗိုလ်ကြီးဆိုသူ ရောက်လာပြီး ဆက်လက် မေးမြန်းပြန်သည်။

“ဘယ်သူ့ အမိန့်နဲ့ လာတာလဲ။ ဒီအိမ်ကို ဘယ်သူမှ လာလို့မရဘူး”

အသက်အကြီးဆုံး ချင်းတိုင်းရင်းသူကြီးက မိုးကောင်းကင်ဆီသို့ လက်ညှိုးထိုးရင်း “ဒီကိုလာတာ အထက်အမိန့်နဲ့ လာတာ။ ဆုတောင်းပေးဖို့လည်း အထက်က အမိန့်ပေးလိုက်တယ်” ဟု ကြည်လင် ပြတ်သားသော အဖြေစကားကြောင့် ဗိုလ်ကြီးဆိုသူ ဘာမှ ဆက်မမေးရဲတော့ဘဲ ဆုတောင်းခြင်းကို ခွင့်ပြု လိုက်ရတော့သည်။

ဆုတောင်းသံများသည် တက္ကသိုလ် ရိပ်သာလမ်းထဲ ပျံ့လွင့်သွားသည်။ တောင်ပေါ်ချင်းတို့၏ ခရစ်ယာန်လို ဆုတောင်းခြင်းသည် တိုးတိုးတိတ်တိတ် ဆုတောင်းခြင်းမျိုး မဟုတ်ပါ။ ကြေကွဲသော စိတ်နှလုံးသားဖြင့် အထက် ကောင်းကင်ဘုံထိ ကြားအောင် အော်ဟစ် ဆုတောင်းခြင်းမျိုး ဖြစ်သည်။ ရန်ကုန်မိုးက မခြိမ်းဘဲ ရွာချလိုက်သောကြောင့် ရွှဲရွှဲ စိုနေသည့်တိုင် ထီးမဆောင်းဘဲ ဆက်လက် ဆုတောင်းရာ မိနစ် ၂ဝ ခန့် ကြာသွားသည်။ နေအိမ်ခြံထဲသို့ ဝင်ခွင့်မရသော်လည်း ခြံအပြင်မှ ဆုတောင်းသံကို သူတို့ ယုံကြည် လေးစားသော ဗိုလ်ချုပ်အောင်ဆန်း သမီးသည် ကြားသိလောက်ပေသည်။ စိတ်ကျေနပ်သွားလောက်အောင် ဆုတောင်း ပေးပြီးနောက် ခရစ်ယာန် ထုံးစံအရ အချင်းချင်း လက်ဆွဲ နှုတ်ဆက်သည့်အပြင် အစောင့်များထံလည်း သွားရောက်ကာ လက်ဆွဲ နှုတ်ဆက်ကြသည်။

ထိုထဲမှ ဗိုလ်ကြီးဆိုသူသည် “ခုနက အထက်အမိန့်နဲ့ လာတာလို့ ပြောတယ်။ သူ့ရဲ့ အမိန့်စာပါရင် ပေးခဲ့ပါ” ဟူ၍ မဝံ့မရဲဖြင့် အဖွားကြီးကို ဆက်လက် မေးမြန်း လိုက်သေးသည်။ ချင်းအမျိုးသမီးကြီး အားလုံး အထင်သေး မျက်နှာဖြင့် ဗိုလ်ကြီးဆိုသူ၏ မျက်နှာဆီသို့ စုပြုံရောက်ရှိသွားသည်။ အဖွားကြီးက ဆက်လက် ပြောလိုက်သည်မှာ “အထက်အမိန့်စာ ဆိုတာ ပြဖို့ မလိုဘူး။ အထက် ကောင်းကင်တမန်တွေဟာ ငါတို့ကို အမြဲ စောင့်ရှောက်နေတယ်။ ငါတို့ လာရောက် ဆုတောင်းတာဟာ အထက် ကောင်းကင်တမန်က လွှတ်လိုက်လို့ပဲ။ ခုလည်း ဆုတောင်းခြင်း အမှုကိစ္စ ပြီးမြောက်တာဟာ ကောင်းကင်တမန်တွေ တပ်ချ ကာကွယ်ထားလို့ပဲ။ ဒီညမှာလည်း ငါတို့ ချင်းတောင်ပြန်ဖို့ အထက် ကောင်းကင်တမန်တွေက ပို့ဆောင်ပေးအုံးမှာ။ နင်တို့လည်း ဘုရားသခင်ကို မမေ့နဲ့နော်။ ဘုရားသခင် ကောင်းချီးပေးပါစေ” ဟူ၍ ပြောဆိုပြီး အရှေ့ဘက် ကမ္ဘာအေး ဘုရားလမ်းဆီသို့ ထွက်ခွာ သွားကြလေသည်။

အစောပိုင်းက အထက်အမိန့်ကြောင့်ဟုသာ ခွင့်ပြုလိုက်ရသော ဗိုလ်ကြီးဆိုသူသည် အထက် ကောင်းကင်တမန် အမိန့်အကြောင်းကို ကောင်းကောင်းကြီး သိရှိသွားသည့် အပြင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အထက်ဗိုလ်ချုပ်တို့၏ အရေးယူမှုတို့ကို တွေးမိရင်း မှင်သက် ကျန်ရစ် ခဲ့လေတော့သည်။

စက်တင်ဘာ ၂၂ ရက်နေ့

ရန်ကုန်မိုးသည် စံချိန်တင်အောင် ရွာသွန်းနေသည်။ လှည်းတန်း လမ်းဆုံမှ သံဃာထုကြီးသည် စနစ်တကျဖြင့် တက္ကသိုလ်ရိပ်သာ လမ်းထဲသို့ ဝင်သွားလေသည်။ သံဃာတော်ချည်း သက်သက် မဟုတ်ပါ။ အင်္ကျီအဖြူ၊ ပုဆိုးအပြာများ ဝတ်ဆင်ထားသော ကျောင်းသားများ အပါအဝင် ပြည်သူလူထု အင်အားကလည်း နောက်မှ ခြံရံ၍ လိုက်ပါနေသည်။ ဘတ်စ်ကား မှတ်တိုင်မှ ခရီးသည် အချို့လည်း လိုက်ပါသွားရာ လူထုအင်အားမှ အံ့မခန်း များပြားသွားလေသည်။

အဓမ္မဘက်တော်သား အရေးနိမ့်သွားလေပြီ။ မေတ္တာ တန်ခိုးကြောင့် နောက်ဆုတ်သွားသောအခါ သံဃာတော်များ တန်းစီ နေရာယူပြီး မေတ္တာသုတ် ပရိတ်တော်ကို စတင် ရွတ်ဖတ်လေသည်။

အိမ်ရှေ့ဂိတ်မှ အစောင့် စစ်သားအချို့၏ မျက်နှာမှာ မကောင်းလှပေ။ ကျလုလု မျက်ရည်ကို မနည်း ထိန်းထားပုံရသည်။

ယနေ့ မြင်ကွင်းတွင် ထူးဆန်းစွာ တွေ့ခဲ့ရသည့် အိမ်အမှတ် ၅၄ မှ ဒေါင်းအလံများနှင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း စာတမ်းများကို မျက်စိမှ မထွက်နိုင်ဘဲ မြင်ယောင်မိနေသည်။

တက္ကသိုလ် ရိပ်သာလမ်း၊ အိမ်အမှတ် ၅၄ အနီးသို့ ရောက်သောအခါ လည်စီး အနီရောင် ပတ်ထားသော လုံထိန်း အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဟန့်တားလိုက်သည်။ လက်ထဲတွင် စကားပြောစက်၊ ခါးတွင် နံပါတ်တုတ်အနက်နှင့် လေးခွက အသင့် ချိတ်ဆွဲထားသည်။ နေအိမ် ရှေ့ဂိတ် တံခါးကိုလည်း ပိတ်ဆို့ထားသည်။ သံဆူးခွေများကိုလည်း တပ်ဖွဲ့ဝင်များက ပိတ်ဆို့နေဆဲ ဖြစ်သည်။ ဤသည်မှာ ဓမ္မသမားများကို ဟန့်တား ပိတ်ဆို့နေသည့် အဓမ္မ သမားများ၏ ပြင်ဆင်မှု ဖြစ်သည်။

တဖက်တွင် မေတ္တာလက်နက် ကိုင်ဆောင်ထားသည့် သံဃာတော်များတွင် သာသနာ့ အလံ၊ ဓမ္မတေးသံသာ ပိုင်ဆိုင်လေသည်။ ခုတော့ အိမ်အမှတ် ၅၄ ရှေ့တွင် အာဏာရှင်သား အဓမ္မ ဘက်တော်သားနှင့် ဗုဒ္ဓ၏သား ဓမ္မ ဘက်တော်သားတို့ ဆုံလေပြီ။ ခါးတွင် လူသတ် လက်နက်အပြင် အကြမ်းဖက် နှိပ်ကွပ်မည့် ကိရိယာများ တပ်ဆင်ထားသော လုံခြုံရေး အရာရှိနှင့် သံဃာတော်ထဲမှာ ဝါတော်ကြီးသော ရဟန်းတော်တို့ စတင် စကားပြောကြရာ အဓမ္မ ဘက်တော်သားက စတင်၍ “ဒီနေရာဟာ လူစုလူဝေးနဲ့ လာလို့ ရတဲ့နေရာ မဟုတ်ဘူး။ တားမြစ်ဖို့ တာဝန်ရှိပါတယ်” နှုတ်က ပြောသာနေပေမယ့် မျက်နှာမှာ စိုးထိတ် ကြောက်လန့်နေသည်ကို အထင်းသား ပြသနေသည်။

မျက်နှာတော် တည်ငြိမ်ပြီး မေတ္တာဓာတ် လွှမ်းခြုံထားသည့် ဓမ္မသားတော်က “ဒီလူစုလူဝေးဟာ ဒကာတို့ကို ရန်မမူပါဘူးဆိုတာ ဘုန်းကြီး အာမခံပါတယ်။ ဒကာ ဗုဒ္ဓဘာသာ မဟုတ်လား … ဆုတောင်းမေတ္တာ ပို့သတာကို ခံယူမလား။ မခံယူဘဲ အကြမ်းဖက်မလား။ ဘုန်းကြီးတို့ကတော့ မေတ္တာ ပရိတ်တော် ရွတ်မယ်။ ဒကာတို့ တားမြစ်လည်း ရွတ်ဖတ်မှာပဲ”

အဓမ္မဘက်တော်သား အရေးနိမ့်သွားလေပြီ။ မေတ္တာ တန်ခိုးကြောင့် နောက်ဆုတ်သွားသောအခါ သံဃာတော်များ တန်းစီ နေရာယူပြီး မေတ္တာသုတ် ပရိတ်တော်ကို စတင် ရွတ်ဖတ်လေသည်။ လူထု ပရိတ်သတ်ကြီးလည်း ယဉ်ကျေးစွာ ငြိမ်သက်ပြီး လက်ခုပ်များ ချီကာ ပရိတ်တော် ရွတ်ဖတ်ခြင်းကို နာကြားနေသည်။ နေအိမ်အမှတ် ၅၄ သည် ဝန်းထရံများ နှစ်ထပ် ကာရံထားခြင်းကြောင့် အိမ်ကို ကောင်းစွာ မမြင်ရသော်လည်း ပရိတ် ရွတ်ဖတ်သံကို ကောင်းစွာ ကြားနိုင်လောက်သည်။ မိုးရေ ထိထားသော နေအိမ် ခြံစည်းရိုးမှ ဒေါင်းအလံများသည် တလူထူ လွင့်နေသည်။ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းများကို ရေးသားထားသော စာတမ်း ပိုစတာကြီးသည် ချီးမွမ်း ဂုဏ်ပြုသည့်အလား တဖတ်ဖတ် အသံပြုနေသည်။

ခဏအကြာမှာပင် နေအိမ် ခြံဝင်းတံခါးသည် ပွင့်လာသည်။ ရှေးဦးစွာ ထွက်လာသူက အရပ်မြင့်မြင့် လုံထိန်း ၃ ယောက် ဖြစ်သည်။ အဲ့ဒီနောက် ထွက်လာသူက ပင်နီအင်္ကျီ ဝတ်ဆင်ထားသော ဒေါ်အောင်ဆန်း စုကြည်ပင် ဖြစ်သည်။ ကပ်လျက် အမျိုးသမီး ၂ ဦးကလည်း ဘေးတဖက်စီ ခြံရံပေးထားသည်။ အားလုံးလိုလို သံဃာတော်များကို လက်အုပ်ချီ ဖူးမျှော်နေကြသည်။ ဒုတိယအကြိမ် ကန်တော့သောအခါ မျက်ရည်များ ယိုစီးကျလာသည်ကို အထင်းသား တွေ့လိုက်ရသည်။ တတိယမြောက် ကန်တော့ပြီးသောအခါ မေတ္တာပရိတ် ရွတ်ဖတ်နေကြသော သံဃာတော် အချို့ မိုးရေကြောင့်လား၊ မျက်ရည်ကြောင့်လားမသိ ခွဲခြားရခက်သော မိုးရေ (ဝါ) မျက်ရည်တို့သည် ပါးပြင်ထပ်၌ ခိုနေသည်။ အိမ်ရှေ့ဂိတ်မှ အစောင့် စစ်သားအချို့၏ မျက်နှာမှာ မကောင်းလှပေ။ ကျလုလု မျက်ရည်ကို မနည်း ထိန်းထားပုံရသည်။ လူပရိတ်သတ်ထဲမှ ရှိုက်သံများ ထွက်ပေါ်လာတာကြောင့် ကျနော်လည်း ကျလုလု မျက်ရည်ကို ထိန်းထားနေရသည်။ ဒီနောက်မှာတော့ ဝမ်းမြောက်စွာ နှုတ်ဆက်နေကြသော အသံများ ထွက်ပေါ်လာသည်။ မေတ္တာသုတ် ဖတ်ကြားမှုလည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေသည်။

အဓမ္မ ဘက်တော်သားများ ပုံစံက အစွယ်ကျိုးသည့် မြွေပွေးလို ပျော့ခွေ သွားလေတော့သည်။ (ကျနော့်အထင် ကိုင်ထားသော သေနတ်များကို လွှင့်ပစ်ပြီး မျက်နှာကို ကားလမ်းနှင့် ပွတ်တိုက်ချင်နေပုံရသည်)

စီးနေကျ အမှတ် ၅၁ ဘတ်စ်ကားသည် လူအပေါင်း ကြပ်သိပ်နေသည့် အတွက် ညမိုးချုပ်မှ ကျနော် အိမ်ပြန်ရောက်သည်။ မိုးမိထားသော အရှိန်ကြောင့် စောစော အိပ်ယာဝင်ခဲ့ပေမယ့် အိပ်မပျော်နိုင်ဘဲ ယနေ့ မြင်ကွင်းတွင် ထူးဆန်းစွာ တွေ့ခဲ့ရသည့် အိမ်အမှတ် ၅၄ မှ ဒေါင်းအလံများနှင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း စာတမ်းများကို မျက်စိမှ မထွက်နိုင်ဘဲ မြင်ယောင်မိနေသည်။ လေမတိုက်ဘဲ ဘာကြောင့် အလံနှင့် စာတမ်းများ လွင့်နေရသနည်း …။

တိုက်ဆိုင်မှုတခု ဖြစ်ပါသည်။ ဂျပန်ခေတ်ကာလ ဖက်ဆစ် ဂျပန်တော်လှန်ရေး စတင်သောနေ့ (အောင်မြေနင်းပွဲနေ့) တွင် တော်လှန်ရေး ပန်းခြံတွင် လွှင့်ထူထားသော ဂျပန် အလံတော်နှင့် ဗမာ့ တပ်မတော် ဒေါင်းအလံတော် နှစ်ခုတွင် ဂျပန် အလံတော်သည် ငြိမ်သက်နေပြီး ဒေါင်းအလံတော်သည် တလူလူ လွင့်နေခဲ့ပါသည်။ မကြာလှပါ ဖက်ဆစ် ဂျပန်များ အရှုံးကြီး ရှုံးကာ တော်တော်လေး ပေးဆပ်လိုက်ရသည်။ ဗမာ့ တပ်မတော်သည် တပ်ပေါင်းစုကြီး အသွင်ဖြင့် အောင်မြင်မှု သရဖူ ဆောင်းနိုင်ခဲ့ပါသည်။

ယခုလည်း နိမိတ် ကောက်ရသော် သမိုင်းဝင် ဒေါင်းအလံတော်သည် မကြာမီ အောင်မြင်မှု သရဖူ ဆောင်းနိုင်ပြီး၊ အဓမ္မ ဘက်တော်သားတို့၏ ဘဝမှာ ဘယ်သို့ … ဘယ်ကို … ဘယ်လို … ဘယ်စခန်း သွားမည်နည်းကို တွေးမိရင်း များစွာ စိတ်မကောင်း ဖြစ်မိပါတော့သတည်း။

(စာရေးသူကို ဆက်သွယ်လိုပါလျှင် shanarmy@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။)