News Article Photo Poem Video Cartoon Music Radio

Thursday, January 17, 2008

သစ်ပင်တပင်အောက်က ခြုံပုတ်ကလေးရဲ့ သီချင်းဆိုသံ (ကဗျာခံစားမှုဆောင်းပါး)

ငြိမ်းဝေ
Friday, 18 January 2008 01:21 - မြန်မာစံတော်ချိန်

(က)

မနှစ်တုန်းက မဲပလိရွာကိုသွားတော့ အခုသွားနေတဲ့လမ်းက သွားခဲ့တာ မဟုတ်ပါဘူး။ သံလွင်မြစ်ဘေး မယ်ညောခီး တောင်ခြေကတဆင့်၊ မယ်ညောခီးတောင်ကြီးကို ခါးလည်က ကျော်ပြီးမှ မဲပလိရွာဆီ သွားခဲ့တာပါ။ ဒီိတခါမှာတော့ သံလွင်မြစ် အတိုင်း စုန်ဆင်းချလာပြီး၊ ဘောသရော ဆိပ်ကမ်းမှတဆင့်၊ ဟီးထိုးထ တောင်ကြားထဲကို ကျနော်တို့ဝင်လာခဲ့ကြတာပါ။ ဟီးထိုးထ တောင်ကြားထဲမှာ တနာရီကျော်ကျော်လောက်၊ ရေခါးလည်မရှိတရှိ၊ ဒူးဆစ်မရှိတရှိ၊ ကျေက်တုံးတွေ၊ ဆူးပင်တွေ၊ ဗွက်တွေထဲမှာ အလဲလဲ အပြိုပြို လာခဲ့ကြပြီးမှ၊ တောင်ကြားတဖက်ထိပ်ကို ရောက်လာခဲ့ကြတာပါ။

“ဟီးထိုးထတောင်ကြားထဲက ထွက်တော့မယ် ” လို့ “ ဗိုလ်သိန်းစိုး ” ကပြောတော့ ကျနော့်မှာ အမောပြေသွားသလို ခံစားလိုက်ရပါတယ်။ တနာရီကျော်ကျော်လောက်၊ ရွှံ့တွေ ဗွက်တွေ ရေတွေထဲမှာ ခဲရာခဲဆစ် လာခဲ့ရတဲ့ လမ်းကြောင်းကို ပြန်မတွေး ချင်လောက်အောင် ပင်ပမ်းနေခဲ့မိပါတယ်။ ဒီကြားထဲ လူသွားလမ်းမှ ဟုတ်ရဲ့လားလို့တောင်မှ ထင်မိပါသေးတယ်။ “ ဗိုလ်သိန်းစိုး ” အပြောကတော့ ဒီလမ်းဟာ နွေမှာဆိုရင် ဒီလိုရေတွေ ဗွက်တွေမရှိဘူးလို့ ပြောတာပါပဲ။ မိုးမကုန်သေးလို့ အခုလို လမ်းဆိုးနေတာပါလို့ ဆိုပါတယ်။ တခါတလေများ မှောင်ခိုနွားအုပ်နဲ့ တွေ့လို့ လမ်းဘေးကိုကပ်ပြီး လမ်းဖယ်ပေးရတဲ့အခါ လမ်းဘေးက ဆူးပင်တွေ သစ်ပင်တွေကြားမှာ ဖြစ်သလိုပေပြီး ရပ်နေခဲ့ရပါသေးတယ်။ ဒီတော့မှ အခု ကျနော်တို့သွားနေတဲ့ လမ်းဟာ “ နွားမှောင်ခိုလမ်းကြောင်း ” တခုဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။

နေရောင်ခြည်တွေ ရုတ်တရက် လင်းလင်းချင်းချင်းဖြစ်လာလို့ ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်လိုက်တော့ ကျနော်တို့ လူအုပ်ဟာ တကယ့်ကို ဟီးထိုးထ တောင်ကြားထိပ်ကို ရောက်လာခဲ့ကြပြီပဲ။ နောက်ထပ် ငါးမိနစ်လောက်ဆိုရင် တောင်ကြားထဲက လုံးဝလွတ်ပြီလို့သိရပါတယ်။ တောင်ကြားထဲကထွက်ပြီး နောက်ထပ် နှစ်နာရီလောက်လျှောက်ရင် “ မဲပလိရွာ ” ကို ကျနော်တို့ ရောက်တော့မယ်။ ဒီခရီးမှာတော့ မြေပြန့်သက်သက် သွားကြရမှာပါ။

တောင်ကြားထဲက ထွက်လာတော့ မနက် (၁၁)နာရီထိုးကာနီးပြီ။ တောင်ကြားထဲက အထွက်၊ မြေကွက်လပ်တချို့ အကျော်မှာ ကျနော်တို့ လူအုပ် ခဏတဖြုတ်နားဖို့ ရပ်လိုက်ကြပါတယ်။ မြက်ခင်း ကွက်လပ်တခုထိပ်၊ လူသွားလမ်းကလေးဘေးက သစ်ပင်တပင်အောက်မှာ ကျနော်တို့ လူအုပ် အထုပ်အပိုး ကိုယ်စီချပြီး နားကြပါတယ်။ ကျနော်က သစ်ပင်အောက်က ခြုံပုတ် ကလေးတခုဘေးမှာ၊ ကြောပိုးအိပ်ကို ပစ်ချပြီး ခြေပစ်လက်ပစ် နားပစ်လိုက်ပါတယ်။ ကြောပိုးအိပ်ကို ခေါင်းအုံးပြီး မြက်ခင်းပေါ် အိပ်ချလိုက်ပါတယ်။ ကွင်းထဲက ဖြတ်လာတဲ့လေဟာ ခရီးပမ်းလာတဲ့ ကျနော်တို့ကို တကယ့်ကို အမောပြေစေတာ အမှန်ပါပဲ။

ခေတ္တခဏ တုံးလုံးလှဲနေရင်း နားထဲမှာ လေချွန်သံတချက် ကြားရလို့ လေထဲမှာ အာရုံစိုက်ပြီး နားစွင့်တဲ့အခါ လေချွန်သံ ပျောက်သွားပါတယ်။ ခပ်ဝေးဝေးတနေရာက ခရာမှုတ်သံလိုလို၊ လေချွန်သံလိုလို၊ သီချင်းဆိုသံလိုလို ကြားလာရပြန်ပါတယ်။ သေသေချာချာ ခေါင်းထောင်ပြီး နားစိုက်ကြည့်တဲ့အခါ ကျနော့်ခေါင်းရင်းက ခြုံပုတ်ကလေးကိုကြည့်ပြီး ကျနော်မှာ အလိုလို ပြုံးမိသွားပါတော့တယ်။ လက်စသပ်တော့ သီချင်းဆိုသံသဲ့သဲ့ကို အဲဒီ ခြုံပုတ်ကလေးဆီက ကျနော်ကြားခဲ့ရတာပဲ။

(ခ)

မဲပလိရွာမှာ ကျနော်ရောက်နေတာ နှစ်ရက်ရှိပြီ။ မဲပလိကျေးနယ်ဥက္ကဌကြီး “ စေါချောအို့အိုး” နဲ့လည်း တွေ့ပြီးပြီ။ မဲပလိရွာမှာပဲ ခဏတဖြုတ်နေရင်း “ မာနယ်ပလော ” က ပြန်ဆင်းလာကြမယ့် တပ်မဟာ (၁)၊ တပ်မဟာမှူးတို့ အဖွဲ့ကို ကျနော် စောင့်ရပါဦးမယ်။ မဲပလိရွာကြတော့ “ ဗိုလ်သိန်းစိုး ” နဲ့အဖွဲ့ဟာ၊ ကျနော့်ကို မဲပလိရွာမှာပဲ ထားခဲ့ပြီး “ ကျုံစိန်ရွာ ” ဆီ ခရီးဆက် ကြပါတယ်။ “ ဗိုလ်သိန်းစိုး ” က ၊ ဖြစ်နိုင်ရင် ကျုံစိန်ရွာအထိ လိုက်ဖို့ပြောပေမယ့်၊ ကျနော်ကတော့ မူလအစီစဉ်အတိုင်း တပ်မဟာမှူး “ ဗိုလ်မှူးချုပ် ကျော်လင်း ” နဲ့တွေ့ဖို့အတွက်၊ မဲပလိရွာမှာပဲ ချန်နေရစ်ခဲ့ပါတယ်။ ကျနော်ရဲ့ တပ်မဟာ (၁) ခရီးစဉ်ဟာ တပ်မဟာမှူးနဲ့တွေ့ပြီးတဲ့ အခါကြမှပဲ ခရီးစဉ် ရေးဆွဲရမှာ ဖြစ်တာမို့၊ တော်လှန်ရေးဌါနချုပ် “ မာနယ်ပလော ” က ပြန်ဆင်းလာမယ့် တပ်မဟာမှူးတို့အဖွဲ့ကို မဲပလိရွာကနေပြီးတော့ စေါင့်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မဲပလိရွာဟာ တပ်မဟာ (၁)ကိုသွားတဲ့ လမ်းဟူသမျှရဲ့ “ လမ်းဆုံရွာ ” လည်း ဖြစ်ပါတယ်။

မဲပလိရွာမှာ နှစ်ရက်သုံးရက်ကြာတဲ့အထိ မယ်မယ်ရရ ဘာအလုပ်မှမရှိဘဲ ကျနော့်မှာ အချိန်ဖြုန်းခဲ့ရပါတယ်။ ခေတ္တခဏ တည်းခိုနေတဲ့ ရွာငှါးကျောင်းဆရာလေး ကိုမင်းနိုင်တို့အိမ်၊ မဲပလိရွာ ဘုန်းတော်ကြီးကျောင်း၊ ခေါက်တုံ့ခေါက်ပြန် သွားရင်း တပ်မဟာမှူးတို့ အဖွဲ့ကို စေါင့်နေခဲ့ပါတယ်။

song_of_bush

ဘာအလုပ်ကိစ္စမှမရှိဘဲ မဲပလိရွာမှာ အချိန်ဖြုန်းနေခဲ့ရတယ်ဆိုပေမယ့် လူကသာ အနားယူလို့ရပြီး၊ စိတ်ကတော့ အနားယူလို့ မရခဲ့ပါဘူး။ ထမင်းစားလည်း ဒီစိတ်၊ အိပ်ယါဝင်တော့လည်း ဒီစိတ်။ တခါတလေ မဲပလိဘုန်းတော်ကြီး ကျောင်းဝန်းကြီးထဲက တန်းလျားတခုမှာ အကြာကြီးထိုင်ပြီး စိတ်အလုပ်ကို လုပ်ခဲ့ရပါတယ်။ ကျနော် တွေးချင်တဲ့အရာကို အစကနေ စနစ်တကျ ပြန်စဉ်းစားတာမျိုး၊ ခါးလည်က ဖြတ်ပြီး စဉ်းစားတာမျိုး၊ တခါ အဆုံးကနေ အစကို ပြန်သွားတဲ့နည်းနဲ့ စဉ်းစားတာမျိုး၊ အမျိုးမျိုး စဉ်းစားခဲ့ရပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတခုတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီတိုက်ဆိုင်မှုဟာ ကျနော့်ကို ဘာပြုလို့များ အခုလောက်အထိ၊ စိတ် အလုပ်လုပ်ရအောင် တွန်းပို့နိုင်ခဲ့ပါလိမ့်။

ဟီးထိုးထတောင်ကြားထဲက အထွက်၊ သစ်ပင်တပင်အောက်မှာ ကျနော်တို့ခရီးသည်အုပ်စု အနားယူခဲ့ကြတာကို ကျနော် ပြန်တွေးမိပါတယ်။ အဲဒီမှာ တပင်တည်းသော သစ်ပင်တပင်ရဲ့အောက်မှာ၊ ခြုံပုတ်ကလေးတခုကို ကျနော်တွေ့ခဲ့ရတယ်။ ခြုံပုတ် ကလေးဆီက လေချွန်သံလိုလို၊ သီချင်းဆိုသံလိုလို ကျနော်ကြားခဲ့ရတယ်။ တကယ့်ကို အဲဒီသီချင်းဆိုသံ လေချွန်သံကို ခြုံပုတ် ကလေးဆီက ကျနော်နားနဲ့ဆတ်ဆတ် ကြားခဲ့ရတာပါ။ ဒါနဲ့ပဲ မဲပလိရွာ ရောက်လာခဲ့တယ်။ မဲပလိရွာမှာ နှစ်ရက်သုံးရက် ကျနော် နေခဲ့တယ်။ အဲဒီအခါ၊ ခြုံပုတ်ကလေးဆီက ကြားခဲ့ရတဲ့ လေချွန်သံလိုလို၊ သီချင်းဆိုသံလိုလို အသံတွေကို ကျနော်အချိန်တိုင်း လိုလို ပြန်ပြီးကြားနေခဲ့ရတယ် ဆိုပါတော့။ ဒါနဲ့ပဲ “ သစ်ပင်တပင်အောက်က ခြုံပုတ်ကလေး ” ကို ကျနော် စိတ်ဝင်စားသွားရတယ်။ ဘာ့ကြောင့် ခြုံပုတ်ကလေးက သီချင်းဆို၊ လေချွန်နေရတာလဲ။ ကွင်းစပ်က သစ်ပင်တပင်။ အဲဒီ သစ်ပင်တပင်အောက်က ခြုံပုတ် ကလေးတခု။ ပြီးတော့ သီချင်းသံသဲ့သဲ့။ ကျနော့်မှာ အတွေးတွေ ရှည်ချင်တိုင်း ရှည်ရတော့တာပေါ့။

(ဂ)

မနှစ်တုန်းက၊ အခုလို စက်တင်ဘာလထဲမှာ မဲပလိရွာကို ကျနော် ရောက်လာခဲ့ဖူးပါတယ်။ မဲပလိ ကျေးနယ်အတွင်းက ကရင်လူမျိုးစုတွေရဲ့  ကျေးရွာအားလုံးကို ခရီးလှည့်လည်ရင်း သတင်းအချက်အလက်တွေ စုဆေါင်းခဲ့ပါတယ်။ ဒီတုန်းက ကျေးနယ်ဥက္ကဌကြီး “ စေါချောအို့အိုး ” ဟာ၊ ကျနော်နဲ့အတူ တရွာပြီးတရွာလှည့်ပြီး လိုက်ပါကူညီခဲ့ပါတယ်။ ကျနော်ရခဲ့တဲ့ သတင်းတွေကလည်း အစုံပါပဲ။ အထူးသဖြင့်တော့ န၀တစစ်တပ်တွေရဲ့  လူ့အခွင့်အရေး ချိုးဖေါက်မှု၊ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ စီးပွားရေး အမြတ်ထုတ်မှု သတင်းတွေက ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။ အဲဒီကျေးနယ်မှာ (၃)လအတွင်း ရွာသား (၂၀)ဟာ၊ န၀တ စစ်တပ်ရဲ့ တဖက်သတ်စွပ်စွဲ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ကြရပါတယ်။ ကျန်ရစ်သူ မုဆိုးမတွေ၊ သားသမီးတွေ၊ မိဘတွေဟာ ကျနော့်ဆီကို ရောက်လာခဲ့ကြပြီး သူတို့ရဲ့ ဘ၀ဆိုးတွေကို ရင်ဖွင့် ပြောပြခဲ့ကြပါတယ်။ ရွာထဲကို လက်နက်ကြီးနဲ့ အပစ်ခံရ၊ ပေါ်တာကြေး၊ ကင်းကြေး၊ ဆက်ကြေး အမျိုးမျိုးပေးကြရ။ နှစ်စဉ်နှစ်တိုင်း ရွာတွေရွှေ့ကြရ။ စပါးကျီတွေ မီးရှုံ့၊ ရွာမီးရှုံ့ခံကြရ။ လက်နဲ့ ရေးမှတ်လို့ မကုန်နိုင်လောက်အောင်ဘဲ၊ သတင်းမျိုးစုံ ကျနော်ရခဲ့ပါတယ်။

တနေ့မှာတော့ ကျနော်ရှိနေတဲ့ မဲပလိရွာထဲ သတင်းတခု ရောက်လာခဲ့ပြီး၊ ရွာသားတွေ ရုတ်ရုတ်သဲသဲနဲ့ ပြေးကြ လွှားကြ ဖြစ်ကုန်ကြပါတယ်။ ကျနော်လည်းပဲ အိမ်ရှင် မိသားစုနဲ့အတူ ဘုန်းတော်ကြီး ကျောင်းဝန်းကိုဖြတ်ပြီး တောစပ်ကို ပြေးခဲ့ရပါတယ်။ ရွာနဲ့ မလှမ်းမကမ်းမှာ န၀တစစ်သားတွေ ရောက်လာနေပြီဆိုတဲ့ သတင်းကြောင့် အခုလို ရွာသားတွေ ထွက်ပြေး တိမ်းရှောင်ကြတာပါ။ တောစပ်မှာ အခြေအနေ စောင့်ကြည့်နေတုန်း ရွာတဖက်ထိပ်က သေနတ်သံတွေကြားရ၊ မီးခိုးတွေ အူထွက်လာတာ တွေ့ရပါတယ်။ နေစေါင်းလာတော့ ကျနော်တို့လည်း ရွာထဲကို ပြန်ဝင်လာခဲ့ကြပါတယ်။ ရွာထဲရောက်တော့ ရွာထိပ်က တဲတလုံးကို န၀တ စစ်တပ်က မီးဝင်ရှုံ့ပြီး၊ တဲပေါ်မှာ ဖျားလို့ အိပ်နေတဲ့ အိမ်ရှင်အမျိုးသားကို သေနတ်နဲ့ ပစ်သတ်သွားတဲ့သတင်း ကြားရပါတယ်။ ဒါနဲ့ ပဲ န၀တစစ်တပ်တွေ မရှိတော့လို့၊ ပြဿနာဖြစ်တဲ့ ရွာထိပ်ကို ကျနော် ရောက်လာခဲ့ပါတယ်။ ရွာထိပ်မှာ မီးလောင် ပြာကျနေတဲ့ အိမ်ကွက်လပ် တခုကို တွေ့ရပါတယ်။ အိမ်ကွက်လပ်ရဲ့ အစပ်မှာ သစ်ပင်တပင်ရှိပြီး၊ အဲဒီ သစ်ပင်ရဲ့ ဘေးမှာ စောင်ကို ခေါင်းမြီးခြုံပြီး မြေကြီးပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ အမျိုးသမီးကြီးတဦးကို ကျနော် တွေ့ရပါတယ်။ သူ့အနားမှာ ဘယ်ရွာသားမှလည်း မတွေ့ရပါဘူး။ အနားကို ကျနော်ကပ်သွားတော့ အဲဒီ သစ်ပင်အောက်မှာ ထိုင်နေတဲ့ အမျိုးသမီးကြီးဆီက စိတ်ဂယောင်ခြောက်ချားဖြစ်ပြီး၊ လွမ်းလွမ်းဆွေးဆွေး ဆိုငြီးနေတဲ့ သီချင်းသံသဲ့သဲ့ကို မမျှော်လင့်ပဲ ကျနော် ကြားလိုက်ရပါတယ်။

(ဃ)

ဟီးထိုးထတောင်ကြားကအထွက်၊ သစ်ပင်တပင်အောက်၊ ခြုံပုတ်ကလေးဆီက သီချင်းဆိုသံလိုလို၊ လေချွန်သံလိုလိုကို ကျနော် ပြန်တွေးမိတယ်။ ဒီအဖြစ်အပျက်နဲ့ တထပ်တည်းကျတဲ့ ကဗျာတိုလေးတပုဒ် ရှိပါတယ်။ ဒီကဗျာကို ဘယ်သူရေးခဲ့တာလဲ ဆိုတာတော့ မသိနိုင်ပါဘူး။ အမေရိကန်ဌါနေ တိုင်းရင်းသား အင်ဒီယန်းလူမျိုးစု ကဗျာလေး ဖြစ်ပါတယ်။ သူတို့ လူမျိုးစုတွေ တယောက်ကနေတယောက် နှုတ်နဲ့ လက်ဆင့်ကမ်း ယူလာကြတဲ့ ကဗျာတိုလေး ဖြစ်ပါတယ်။

သစ်ပင်တပင်အောက်မှာ
ခြုံပုတ်ကလေးတခု
ထိုင်ရင်းနဲ့သီချင်းဆိုနေ---

မဲပလိရွာမှာ၊ မာနယ်ပလောက ပြန်လာကြမယ့် တပ်မဟာမှူးနဲ့ အဖွဲ့ကိုစေါင့်ရင်း အချိန်ဖြုန်းတဲ့အခါ၊ ဟီးထိုးထ တောင်ကြားကအထွက်၊ သစ်ပင်တပင်အောက်က၊ ခြုံပုတ်ကလေးကို အပြန်ပြန် အလှန်လှန် တွေးနေခဲ့မိပါတယ်။

ကွင်းစပ်တနေရာ ဖြစ်တဲ့အတွက်၊ ကွင်းထဲက လေဟာ ပါတ်ဝန်းကျင်ဆီ တိုးဝှေ့ တိုက်ခတ်နေမယ်။ သစ်ပင်ကလည်း တပင်တည်း။ အဲဒီ သစ်ပင်အောက်မှာကလည်း ခြုံပုတ်ကလေး တခုထဲ။ ကွင်းတခု၊ သစ်ပင်တပင်၊ ခြုံပုတ်တပုတ်။ ဧကလက္ခဏါတွေ ချည်းပါပဲ။ အဖေါ်မဲ့မှု၊ သီးခြားဖြစ်မှု၊ တိတ်ဆိတ်မှု၊ အထီးကျန်မှု၊ ပြီးတော့ ကွင်းထဲက ဖြတ်လာတဲ့လေက၊ ခြုံပုတ်ကလေးကို အသါအယါ တိုးဝှေ့တဲ့အခါ၊ ခြုံပုတ်ကလေးဆီက လေကတော့ထိုးပြီး ထူးခြားတဲ့ အသံတချို့ ထွက်ပေါ်လာကြမယ်။ ဒီအသံလေးတွေဟာ လူတယောက် လေချွန်တဲ့ အသံလိုလို၊ လွမ်းလွမ်းဆွေးဆွေး သီချင်းဆိုနေတဲ့ အသံလိုလို ဖြစ်နေမယ်။

ဒီလို ဖြည့်တွေး၊ ဖြန့်တွေး၊ ဆက်စပ်ပြီး တွေးတဲ့အခါ၊ ကွင်းတခုအစပ်က သစ်ပင်တပင်အောက်မှာ ရှိတဲ့ ခြုံပုတ်ကလေးဟာ လူပုဂ္ဂိုလ် တဦးတယေါက်အဖြစ် ကျနော့်စိတ်ထဲ ထူးဆန်းစွာ ပုံဖော်လာမိပါတယ်။ ဟုတ်တယ်။ ဒါဟာ လူတယောက်ပဲ။ ခြုံပုတ် ကလေးဆီက ကြားရတဲ့အသံတွေဟာ လူတယောက်ရဲ့ နာကျည်းဆွေးမြေ့စွာ သီကြွေးလိုက်တဲ့သီချင်းသံပဲ။

ဒီတုန်းက မဲပလိ ဘုန်းကြီးကျောင်းဝန်းအတွင်းက၊ ခရေပင်ကြီးအောက်မှာ ကျနော်တယောက်ထဲ ရပ်နေခဲ့ပါတယ်။ ကျနော့်နားထဲမှာ သစ်ပင်တပင်အောက်က ခြုံပုတ်ကလေး သီချင်းဆိုနေတဲ့ အသံကို ကြားနေမိပါတယ်။ ပြီးတော့ အမေရိကန် ဌါနေတိုင်းရင်းသား အင်ဒီယန်းလူမျိုးစု ကဗျာလေးကို စဉ်းစားနေမိပါတယ်။ ပြီးတော့ မီးလောင်ပြာကျနေတဲ့ မြေကွက်လပ်ဘေး၊ သစ်ပင်တပင် အောက်မှာ စေါင်ကို ခေါင်းမြီးခြုံပြီး ၊ စိတ်ဖေါက်ပြန် ရူးသွပ်သွားတဲ့ ကရင် အမျိုးသမီးကြီး တဦးကိုလည်း တွေးမိပါတယ်။ အဲဒီအချိန် အဲဒီအခိုက်မှာပဲ ဒီမြင်ကွင်း၊ ဒီအဖြစ်အပျက်၊ ဒီသီချင်းသံတွေဟာ တကယ့်ကို အဆက်အစပ်ရှိရှိ ဖြစ်တည်ခဲ့တာပဲ ဆိုတာလည်း ထူးဆန်းစွာ ကျနော် သဘောပေါက်လိုက်မိပါတယ်။ ။

ငြိမ်းဝေ