News Article Photo Poem Video Cartoon Music Radio

Monday, June 23, 2008

ဆန့်ကျင်ဘက် ခံစားမှုနှစ်ခု (ရသဆောင်းပါး)

ညလင်းဖြူ
တနင်္လာနေ့၊ ဇွန်လ 23 2008 16:46 - မြန်မာစံတော်ချိန်

ဇွန်လ ဆိုတာက ဒီနိုင်ငံရဲ့ ကျောင်းဖွင့်ရာသီလေ။

ကျမကတော့ သားလေးအတွက် ရန်ကုန်က Orange Super Market ရှေ့က Back to School ဆိုတဲ့ ဧရိယာမှာ လိုအပ်တဲ့ ကျောင်းသုံးပစ္စည်း တွေ ဝယ်ဖို့ ကြည့်နေမိတယ်။ အနီးအနားက ကျမလိုပဲ မိခင်နှစ်ယောက်ကလည်း သူတို့ ကလေးတွေအတွက် လိုအပ်တာတွေ ကြည့်နေရင်း တယောက်က သူ့သမီးလေးက ဒီနှစ်မှ ကျောင်းကြီးကို စပို့ရမှာဖြစ်ပြီး၊ ဒီမြို့ရဲ့ နာမည် အကြီးဆုံးကျောင်းကို ပို့ချင်ပေမယ့် ကျောင်းဝင်ကြေးနဲ့ အလှူငွေကို မတတ်နိုင်လို့ အိမ်နားက မူလတန်းကျောင်းကိုပဲ စိတ်လျှော့ပြီး အပ်ရတော့မယ့်အကြောင်း ပြောပြနေပါတယ်။

ကျန်တဲ့ မိခင် တယောက်ရဲ့ ကလေးက သူတို့ပြောတဲ့ နာမည်ကြီးကျောင်းမှာ ထားလက်စထင်တယ်။ အဲဒီ မိခင်စကားကို ထောက်ခံပြီး အဲဒီ ကျောင်းမှာ လက်တွေ့ထားရင် နောက်ဆက်တွဲ ဘယ်လို ကုန်တဲ့အကြောင်း၊ အတန်းကောင်းရဖို့ အတန်းပိုင်ဆရာမ ကျေနပ်ဖို့ နည်းအမျိုးမျိုးနဲ့ အရမ်း ကြိုးစားရတဲ့ အကြောင်း၊ ကျောင်း တခါတခါ ပိတ်သွားရင်တော့ သူ့မှာ အသက်ရှူလေး ချောင်မလား စဉ်းစားပေမယ့် တခြားကလေး တွေလို Summer School ကို နေချင်လို့ သူ့ကလေး ပူဆာတော့ သနားလို့ ထားရပြန်ကြောင်း၊ အိမ်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေက မမျှတော့ တခြား ဘက်တွေကို ချွေတာသုံးရပြီး ကလေးပညာရေးကိုတော့ တတ်နိုင်သလောက် ပံ့ပိုးနေရကြောင်း ပြောပါတယ်။

သူတို့ ပြောသလိုပဲ စ မပို့ရသေးဘူး၊ အခု ကျောင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုက မတန်တဆ ဖြစ်နေတာ တွေ့ရတယ်။ နေ့လယ် ထမင်းဗူး ထည့်ဖို့အတွက် ပလပ်စတစ်နဲ့ လုပ်ထားတဲ့ ခပ်သေးသေး ခြင်းတောင်းလေး တခုကိုက ထောင်ဂဏန်းတွေနဲ့ ချီပေးနေရတာ။ ကျမလည်း မတန်လို့ အဲဒီ ခြင်းတောင်းကို ပြန်ချထားပြီး ဒီ့ထက် အထည့်ဆန့်ပြီး ဈေးသက်သာတာ ထပ်ရှာကြည့်တယ်။ စိတ်တိုင်းကျ မတွေ့ရဘူး။ တခြား လိုအပ်တာတွေက ရှိသေးတော့ ခြင်းတောင်သေး တခုအတွက်နဲ့ ငွေ သိပ်မဖြုန်းချင်လို့ပါ။

ခဏနေတော့ နောက်ထပ် မိခင်နှစ်ယောက် Back to School နားကို ရောက်လာကြပြန်တယ်။ ဒီနှစ်ယောက်ကတော့ တမျိုး။ ကလေးသုံး ပစ္စည်းတွေက ကပ်ထားတဲ့ ဈေးနှုန်းတွေကို ကျမတို့လို စစ်စစ်ပေါက်ပေါက် ကြည့်မနေဘူး။ သူတို့ ကြိုက်တာတွေကို တခုပြီးတခု ယူပြီး လက်တွန်းလှည်း (trolley) ပေါ်ကို တင်နေကြတယ်။ လှည်းပေါ်မှာလည်း တခြားပစ္စည်းတွေက အပြည့်။ ပြီးတော့ မိခင်တယောက်က မနှစ်က သူ့သားကို ထားတဲ့ International School က ပိုဈေးသက်သာတဲ့ International School ကိုပဲ ပြောင်းထားမယ့်အကြောင်း၊ ကလေးက ၃ ယောက်ဆိုတော့ အဲဒီလောက်အထိ မတတ်နိုင်ဘူးလို့ စကားသံခပ်ဝဲဝဲနဲ့ တခြားတယောက်ကို ရှင်းပြနေတယ်။

အဖော်ပါလာတဲ့ မိခင်ကလည်း ထောက်ခံပြီး မန္တလေးမှာ International School က ရွေးချယ်စရာ နည်းတဲ့အကြောင်း၊ ရန်ကုန်က ပိုများကြောင်း၊ စီးပွားရေးက ထင်သလောက် အဆင်မပြေလို့သာ ဒီမှာ ထားနေရကြောင်း၊ ဖြစ်နိုင်ရင် စင်္ကာပူမှာပဲ တခါထဲ ထားချင်ကြောင်း သူ့ဆန္ဒကို ပြောနေပြန်တယ်။

ဘာပဲပြောပြော အလွှာချင်းမတူညီတဲ့ ကျမတို့ မိခင်တွေအားလုံးမှာ တူညီနေတာ တခုကတော့ ကျောင်းဖွင့်ရာသီ ရောက်ရင် ကိုယ့်ကလေး ပညာရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုး ပေးချင်ကြတာရယ်၊ အိမ်ရဲ့ ဝင်ငွေထွက်ငွေကို သိထားလို့ ချိန်ဆနေရတဲ့အတွက် အားမရ စိတ်ညစ်နေကြ တာတွေရယ်ကတော့ အကုန် အတူတူပါပဲလို့ တွေးမိရတယ်။

ကျောင်းဖွင့်ရာသီအပေါ် ကလေးတွေရဲ့ ခံစားမှု

International School တွေမှာ ဖွင့်လေ့ရှိတဲ့ Summer School မှာ ခဏတွေ့ရတဲ့ သူငယ်ချင်း အသစ်တွေနဲ့ ခွဲခွာရတော့မှာ ဖြစ်ပေမယ့် တနှစ်ပတ်လုံး အတူနေ၊ အတူဆော့လာခဲ့တဲ့ ကျောင်းက သူငယ်ချင်းတွေနဲ့ ပြန်ဆုံရတော့မှာမို့ ကလေးတွေကတော့ အရမ်းကို ပျော်နေကြတယ်။ ကျမတို့ ငယ်ငယ်က ခံစားချက်လိုပဲ အတန်းသစ် တတန်းကို တက်ရတော့မယ့် ခံစားမှုကလည်း ရင်ခုန်စရာတမျိုးပေါ့။ အသက် တနှစ်ကြီးသွားပြီ၊ အတန်းတတန်း ကြီးသွားပြီဆိုတဲ့ သဘောလေ။

ဒီခေတ် ကလေးတွေကြားမှာ ပြောစရာတခု ရှိလာတာက နွေရာသီတုန်းက သူတို့ တက်ခဲ့တဲ့ Summer School က ကစားကွင်း ဘယ်လောက် ကျယ်တဲ့အကြောင်း၊ ဘယ်လို သားနားတဲ့ အကြောင်း၊ ဘယ်သူတွေနဲ့ တွေ့ပြီး ဆော့ခဲ့ကြကြောင်း၊ အဆင့်မြင့် ဟိုတယ်ကြီးတွေမှာ ကျင်းပတဲ့ ကျောင်းဆင်းပွဲမှာ ဘယ်လို ပါဝင် လှုပ်ရှားခဲ့ကြောင်း၊ တယောက် အတွေ့အကြုံတွေကို တခြားတယောက်ကို ပြောပြဖလှယ်ကြ။ တချို့ကတော့ ကျောင်းကြီးကို ဖွင့်စေချင်လှပြီ။ အဲဒီ အတွေ့အကြုံတွေကိုလည်း ပြောပြချင်ကြလို့။ နောက်ပြီး တနှစ်တာလုံး ရင်းရင်းနှီးနှီး နေခဲ့တဲ့ ပတ်ဝန်းကျင် အဟောင်းမှာ ပြန်ကစားချင်လာကြလို့။

မိခင်တွေရဲ့ ငွေကြေး အခက်အခဲ၊ လူမှုကိစ္စ အခက်အခဲတွေကို ဘာမှ နားမလည်တဲ့ မသိကြရှာတဲ့ ကလေးတွေ အတွက်ကတော့ ကျောင်းဖွင့်ချိန် ဟာ မင်္ဂလာပါ။ တချို့ မလိုက်မသိတဲ့ ကလေးတွေဆိုရင် အရင်ကျောင်း အဟောင်းကို မနေချင်တော့ကြောင်း၊ Summer School မှာပဲ ဆက်နေချင်ကြောင်း နားပူနားဆာ လုပ်ကြတာတွေလည်း ရှိရဲ့။ ကျောင်းသုံးပစ္စည်း ဝယ်တဲ့အခါမှာလည်း တန်၏၊ မတန်၏ နားမလည်ရှာဘဲ လိုချင်တာတွေကိုပဲ အတင်း ပူဆာကြသူတွေလည်း ရှိရဲ့။

ဒီခေတ်မှာ ကျောင်းတွေက အပတ်စဉ် အစမ်းစာမေးပွဲ ပဲရှိပြီး အတန်းနှစ်ကျ (Repeater) ရယ်လို့လည်း မရှိတော့ ကျမတို့တုန်းကလို အဲဒီ ဘက်မှာ စိတ်ပူစရာ မလိုတော့ဘူးလေ။ အတန်းသစ်တတန်းကို လွယ်လွယ်ကူကူနဲ့ တက်ရတော့မယ် ဆိုတာကို သိနေကြတယ်။ ဒီတော့ ကျောင်းဖွင့်ချိန်ဟာ ဘာစိတ်ပူစရာမှ မရှိတဲ့ ကလေးတွေအတွက် အပျော်ကြီး ပျော်စရာ အချိန်ပေပဲပေါ့။

ဆန့်ကျင်ဘက် ခံစားမှုနှစ်ခု

Sky Walk Shopping Mall နဲ့ Orange Super Market eJ‹ Back to School မှာ ကျောင်းသုံးပစ္စည်းတွေ ဝယ်လာပြီး စက်လှေကားက ဆင်းခဲ့တယ်။ တော်သေးတယ်၊ သားတော်မောင်ကို ခေါ်မလာခဲ့လို့။ သူ့ကိုသာ ခေါ်လာရင် ဈေး တန်တာ၊ မတန်တာ နားမလည်တော့ ဟိုဟာ လိုချင်တယ်၊ ဒီဟာ ယူချင်တယ်နဲ့ လုပ်တတ်လေ့ ရှိတယ်။ ဒါပေမဲ့ သူ့ကို ခေါ်မလာဘဲ အမေက စိတ်ကြိုက်ဝယ်လာတဲ့ ပစ္စည်းဆိုရင်တော့ ချေးမများတတ်ရှာဘူး။ တမြတ်တနိုးနဲ့ လက်ခံလေ့ ရှိတယ်လေ။ ဒါကိုသိတဲ့ ကျမက အခုလို ကျောင်းဖွင့်ရာသီအတွက် လိုအပ်တာတွေ ဝယ်ဖို့ ထွက်ရင် သားလေးကို ခေါ်လေ့ မရှိတော့ဘူး။ သူလိုချင်တာက ဈေးမတော်လို့ ဝယ်မပေးရင် စိတ်မကောင်း ဖြစ်မှာလည်း စိုးလို့ပါ။

စက်လှေကားအဆင်းမှာ သားလေးအရွယ် ကလေး ၃ ယောက်လောက် တယောက်က ရတနာပုံ ဈေးထဲက ဆိုင်တဆိုင်အတွက် အဝတ်ထုပ်ကြီးတွေ ထမ်းသယ်သွားတာကို တွေ့ရတယ်။ နောက်နှစ်ယောက်က ရေသန့်ပုံးတွေ တင်ထားတဲ့ လက်တွန်းလှည်းလေးကို အရှေ့က တယောက်၊ အနောက်ဘက်က တယောက် မျှပြီး တွန်းနေကြလေရဲ့။

ကျမ ဖြတ်အသွား အနားက အမျိုးသမီးနှစ်ယောက်က အပြန်အလှန် စကားပြောနေကြတယ်။ ဈေးဗန်းကို ဘေးချထားတဲ့ အမျိုးသမီးက ပါတိတ်ဝမ်းဆက်နဲ့ အမျိုးသမီးကို သူ့ကလေး သုံးယောက်ကို အခုလို အလုပ်ရအောင် သွင်းပေးလို့ ကျေးဇူးတင်တဲ့အကြောင်း ပြောနေတာပါ။ ဒီနှစ် ကျောင်းဖွင့်ရာသီမှာ အငယ်လေး နှစ်ယောက်ကိုပဲ ကျောင်းထားနိုင်တော့လို့ စိတ်မကောင်းပေမယ့် အကြီး သုံးယောက်ကို အခုလို အလုပ်ခွင်ကိုပဲ ပို့ရတော့တဲ့အကြောင်း ဆက်ပြောနေတယ်။

မိခင်တယောက်ဖြစ်တဲ့ ကျမ သူ့မျက်နှာကို ကြည့်လိုက်မိတော့ မျက်လုံးလေးတွေထဲမှာ အရည်ကြည်လေးတွေ လဲ့နေတာကို စိတ်မကောင်းစွာ တွေ့လိုက်ရတယ်။ ခပ်လှမ်းလှမ်းမှာတော့ အဆော့မက်တဲ့ ကလေးတချို့ ကျောင်းစိမ်းအင်္ကျီရောင်းတဲ့ ဆိုင်ရှေ့မှာ ရပ်ပြီး အင်္ကျီလေးတွေကို ငေးကြည့်နေလေရဲ့။ သူတို့ အခြေအနေတွေကတော့ ကျမတို့နဲ့ ဆန့်ကျင်ဘက်။ အခုလို ကျောင်းဖွင့်ရာသီမှာ မိခင်ရော ကလေးဖြစ်သူတွေပါ ကျောင်းဆက်တက်ဖို့ အခက်အခဲ ရှိနေတော့ နှစ်ဦးနှစ်ဖက် စိတ်မကောင်းဖြစ်နေကြတဲ့ ခံစားမှုတွေက တူညီနေတာ တွေ့ရတယ်။ မိခင်လုပ်သူကလည်း မပျော်နိုင်သလို၊ ကလေးတွေကလည်း သူများပျော်လို့ မပျော်နိုင်တဲ့ အခြေအနေလေ။

ကျောင်းဖွင့်ရာသီတွေမှာ အခုလို ဆန့်ကျင်ဘက်တွေ ဖြစ်နေခဲ့တာက အခုမှလား၊ အရင်ကတည်းကလား ကျမ အတွေးတွေ ရှုပ်လာတယ်။ ရှုပ်နေတဲ့ အတွေးတွေကို ဖျောက်လိုက်ပြီး ဈေးတက်သွားတဲ့ ကားရပ်နားခ အခွန်ငွေ ၂ဝဝ ပေးပြီး ကားကို ဂရုတစိုက်မောင်း အိမ်ပြန်ခဲ့တော့ တယ်။ ကားမောင်းနေရင်း ဝယ်လာတဲ့ ကျောင်းသုံးပစ္စည်း အသစ်လေးတွေကို ကြည့်ပြီး ကျောင်းတက်ရတော့မယ် ဆိုတဲ့ အသိနဲ့ ဝမ်းသာ ပျော်ရွှင်နေမယ့် သားလေးရဲ့ ချစ်စရာ မျက်နှာလေးကို မြင်ယောင်မိပြီး ပြုံးလိုက်မိတယ်။ ဒါပေမဲ့ ဈေးလမ်းကြားထဲမှာ အလုပ်လုပ်နေရာက ကျောင်းစိမ်းအင်္ကျီ ဆိုင်ရှေ့အရောက် အလုပ်ကိုရပ်ပြီး ငေးကြည့်နေရှာတဲ့ ကလေးရဲ့ မျက်နှာကို သွားသတိရမိလိုက်တော့ အပြုံးက ချက်ချင်း ရပ်သွားမိတော့တယ်။

ညလင်းဖြူ

ရွှေဝါရောင် နေကြာတပွင့် (သို့မဟုတ်) ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒာစာရ

ညိုထက်ညို
စနေနေ့၊ ဇွန်လ 21 2008 16:11 - မြန်မာစံတော်ချိန်

(ဒီမိုကရေစီစနစ် ဖော်ဆောင် ထွန်းကားစေလိုသူ စစ်အစိုးရ အတိုက်အခံ နိုင်ငံရေး အင်အားစုများက လှူတန်းမှုကို ကြည်ဖြူစွာ လက်ခံကာ စစ်အစိုးရ အလိုကျ မလုပ်ဆောင်သည့် ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းရှိ သာသနာ့သိပံ္ပ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒာစာရကို အမှတ်တရ ရေးဖွဲ့ထားသော ဆောင်းပါးဖြစ်ပါသည်၊ ဆရာတော်သည် သက်တော် ၇၂ နှစ် ၊ ၀ါတော် ၅၂ နှစ် တွင် ပျံလွန်တော်မူခဲ့သည်)

"နိုင်ငံရေးဆိုတာဘာလဲ၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့အရေးပဲပေါ့" "ရပ်နဲ့ ရွာနဲ့နေရင် ရပ်ရေးရွာရေးဆိုတာ ရှိတယ်။ မြို့နဲ့ နယ်နဲ့ နေရင် မြို့ရေး နယ်ရေး ဆိုတာရှိတယ်။ တိုင်းနဲ့ ပြည်နဲ့ နိုင်ငံနဲ့ နေရင် တိုင်းရေးပြည်ရေး နိုင်ငံရေး ဆိုတာရှိတယ်။ ခေါင်းရှောင်နေလို့ မရဘူး။ ခေါင်းရှောင်တာဟာ တာဝန်မဲ့တာပဲ။

အခုဟာက နိုင်ငံရေး မလုပ်ရဘူး၊ နိုင်ငံရေးနဲ့ မပတ်သက်ရဘူးဆိုတော့ ဘာလဲ ဒကာကြီးရ၊ ဒါ နိုင်ငံတော်ကို သစ္စာဖောက်တာပဲ။ နိုင်ငံရေးဆိုတာ နိုင်ငံသူ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ အရေးဥစ္စာ။ ပြီးတော့ ပါတီနိုင်ငံရေး ဆိုတဲ့ စကားရှိသေးတယ်။ ပါတီဆိုတာ အသင်းအဖွဲ့ပဲဥစ္စာ။ အသင်းအပင်း အဖွဲ့အစည်းနဲ့မှ နိုင်ငံ့ရေးရာကို လုပ်လို့ကိုင်လို့၊ ဆောင်ရွက်လို့ ရမှာပေါ့။ ဥပဒေနဲ့အညီ ဖြစ်နေရင် ပြီးတာပဲဟာ"။

ဆရာတော်က စကားကို ခဏဖြတ်၍ ရေနွေးကြမ်း တခွက်ဘုန်းပေးသည်။ သူကတော့ ဆရာတော်၏ စကားတွင်သာ အာရုံနစ်ဝင်နေမိသည်။ နေရာက ရွှေဂုံတိုင်ရှိ သူတို့၏ အိမ်။ သည်နှစ်ထဲတွင် ဆွမ်းမကျွေးရသေး၍ ဆရာတော် အပါအဝင် သံဃာတော် ၅ ပါးအား ဆွမ်းကပ်လှူနေခြင်း ဖြစ်ပါသည်။ တကယ်က ဆရာတော် သီတင်းသုံးရာ သာသနာ့သိပ္ပံ ကျောင်းတိုက်နှင့် သူတို့အိမ်က ဘာမှမဝေး။ ဟိုဘက်လမ်း ဒီဘက်လမ်းမျှသာ ဖြစ်သည်။ သို့သော် သူကတော့ ဆရာတော်နှင့်တကွ သံဃာတော် ၅ ပါးအား ၉ နာရီခွဲ သာသာလောက်ကတည်းက သွားပင့်ခဲ့သည်။ ဒါကလည်း အကြောင်းရှိသည်။

ဆရာတော်က စကားပြော၊ တရားဟောကောင်းသူ ဖြစ်သည်။ သူတို့မိသားစုကလည်း ဆရာတော်နှင့် ကြုံတုန်းဆုံခိုက် တရားနာရုံမက စကားပါပြောလိုသည်။ ဆရာရင်း ဒကာရင်းဖြစ်နေ၍ ပြောရဆိုရ သည်မှာလည်း စီးစီးပိုင်ပိုင် ရှိသည်။ နယ်ရေဖတ်ရေ ရှိသည်။ ဆရာတော့်အတွက်ကတော့ ကိစ္စမရှိလှပါ။ မည်သည့်ပရိသတ် အလယ်တွင်မဆို ဆရာတော်က သူယုံကြည်ရာကိုသာ ပြောဆိုမြဲ။ ယခု ပရိသတ်ကတော့ သိပ်မများလှပါ။ သူတို့ မိသားစု၊ ဆွေမျိုးရင်းချာများနှင့် မိတ်သင်္ဂဟအချို့သာ ဖြစ်ပါသည်။

"ဒကာကြီး အခု ပင်စင်ယူပြီ ဆိုတော့ ဘာလုပ်မယ်စိတ်ကူးလဲ" ဟု ဆရာတော်က သူ့ ဦးလေးတော်ကို မေးလိုက်ခြင်း ဖြစ်သည်။ "တပည့်တော် လောလောဆယ်တော့ ဘာမှ အထွေအထူး မစဉ်းစားရသေးပါဘူး ဘုရား" ဟု ဦးလေးက ပြန်ဖြေသည်။ "ဒါဆိုလည်း နိုင်ငံရေးလုပ်ပေါ့ ဒကာကြီးရ။ အမျိုး ဘာသာ သာသနာအရေး တတ်စွမ်းသမျှပေါ့" ဟု ဆရာတော်က ဆက်ပြောလိုက်သည်။ ထို့နောက်တွင်တော့ ဆရာတော်က နံရံပေါ်မှ တိုင်ကပ်နာရီကို တချက်လှမ်းကြည့်သည်။ "အေး တချက်တောင် ထိုးတော့မှာပဲ၊ ဘုန်းကြီး ပြန်ကြွတော့မယ်" ဆရာတော်၏ တိုးတိုးညင်သာ စကားအဆုံးတွင်တော့ သူတို့အားလုံး ဆရာတော့်ကို ဦးချကြသည်။ ဆရာတော့်နှုတ်မှ ဆုတောင်းပတ္ထနာ မြွက်ဟသံ အဆုံးတွင်တော့ လှူဖွယ်ဝတ္ထု ပစ္စည်းများကို ကားရှိရာသို့ သူ သယ်သွားသည်။ နေကစူးစူးရှရှ တောက်ပ နေပါသည်။

တကယ်က သူ ဆရာတော့်ကို စတင် သိကျွမ်းရချိန်တွင် သူ ၁၀ နှစ်သားသာသာ အရွယ်သာရှိသေးသည်။ ၁၉၈၇ ခုနှစ်တွင် ရွှေဂုံတိုင်ရှိ သူတို့ပိုင် မြေကွက်လပ်တွင် အိမ်စဆောက်သည်။ သည်မှာပင် ဆရာတော်နှင့် ဆုံစည်းသိကျွမ်းရန် အကြောင်းဖန်လာသည်။ သူ့ဖခင်၏ တပည့်ရင်း ဖြစ်သူက ဆရာတော်၏ ဒကာရင်း ဖြစ်နေသည်။ ထိုတပည့်ဖြစ်သူ၏ ဆက်သွယ်ပေးမှုနှင့်ပင် ဆရာတော်နှင့် သူတို့မိသားစု စတင် ရင်းနှီးခဲ့ရသည်။ ဆရာတော်ကပင် သူတို့ ဆောက်မည့်အိမ်အား ပန္နက်ရိုက်ပေးခဲ့သည်။ ဆရာတော်က သာသနာ့သိပ္ပံကျောင်းတိုက် ကျောင်းထိုင်ဖြစ်သည်။ ကျောင်းနှင့် သူတို့ အိမ်ကလည်း နီးသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အိမ်နှင့်ပတ်သက်သည့် ပြုသင့်ပြုအပ်ရာ မင်္ဂလာကိစ္စ အဝဝတို့တွင်လည်း ဆရာတော့်ကိုသာ သူတို့ အားကိုးအားထားပြုခဲ့သည်။

ထိုစဉ်က ဆရာတော်က သက်တော် ၅၀ ဝန်းကျင်။ ထောင်ထောင်မောင်းမောင်း ကြံ့ကြံ့ခိုင်ခိုင် ဆရာတော်၏ ပုံသဏ္ဍာန်က ဥပဓိရုပ် ကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ တရားဟောရာတွင်လည်း အသံသြဇာကောင်းကောင်း ဌာန်နှင့် မာန်နှင့် ဟောတတ်ပြောတတ်သည်။ သူတို့ ကတော့ ဆရာတော့်ကို ဗဟန်းဘုန်းဘုန်းဟုသာ ညွှန်းဆိုခေါ်ဝေါ် ကြပါသည်။ ထိုစဉ်ကတော့ ဆရာတော်နှင့်ပတ်သက်၍ သူသိသမျှက သည်လောက်သာဖြစ်သည်။ သူ အသက်ငယ်ရွယ်သေး၍ ဖြစ်ပါလိမ့်မည်။

၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းလောက်တွင်တော့ သူတို့ အိမ်ငှားထား၍ ဆရာတော်နှင့် အထိအတွေ့ အနည်းငယ် ကျဲပါးသွားသည်။ လုံးဝ အဆက်ပြတ်သည်တော့လည်း မဟုတ်ပါ။ တနှစ် အနည်းဆုံး နှစ်ခေါက် သုံးခေါက်တော့ ဆရာတော့်ကျောင်းသို့ ရောက်မြဲဖြစ်ပါသည်။ ၁၉၉၅ လောက်တွင်တော့ ဆရာတော်နှင့် သူတို့ ခပ်စိပ်စိပ် တွေ့ဖြစ်ပြန်သည်။ သူတို့အိမ်ရှိရာ လမ်းတွင်ပင် သူ့အဒေါ်က အိမ်ဆောက်သည်။ ထိုအိမ်ကိုလည်း ဆရာတော်ပင် ပန္နက်ရိုက်ပေးခဲ့သည်။ သည်မှာပင် ဆရာတော့် ကျောင်းသို့ ဝင်ခလုတ် ထွက်ခလုတ် ရောက်ဖြစ်ပြန်သည်။ ထိုစဉ်ကတော့ သူအသက် ၂၀ ရှိခဲ့ပြီမို့ ဆရာတော့်အကြောင်း တစွန်းတစ သိရှိလာသည်။ ဆရာတော်က မြန်မာ့ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ထောက်ခံ အားပေးသူဖြစ်ကြောင်း သိလာရသည်။

အတိုက်အခံ ပြည်သူ့ အင်အားစုတို့ကလည်း ဗုဒ္ဓဘာသာဝင်တို့ ပြုမြဲထုံးစံ အလှူအတန်းတို့ကို ဆရာတော့်ကျောင်းတွင်ပင် ပြုလုပ်လေ့ ပြုလုပ်ထ ရှိကြသည်။ ဒါကလည်း အကြောင်းရှိသည်။ အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် ဘုန်းကြီးကျောင်းတိုင်းတွင်လည်း နှစ်ပတ်လည်နေ့များ၊ အခမ်းအနားများက ကျင်းပ၍ ရသည်မဟုတ်။ ဆရာတော်ကတော့ ဘာကိုမျှ ဂရုမစိုက်ပါ။ လာဘ်သပ်ပကာ ပေါများခြင်း ရှားပါးခြင်းကို စိတ်ဝင်စားသူ မဟုတ်။ သပိတ်ကို ရေကျင်း သောက်လျှင်လည်း ဆွမ်းဖြစ်သည်ဟု ခံယူထားသူ ဖြစ်ပါသည်။

ကျောင်းတိုက်ဝင်းသို့ သူ ဝင်ဝင်ချင်း ဆရာတော့်လက်ထောက် ဦးပဉ္စင်းကို တွေ့သည်။ ဆရာတော် အပေါ်ထပ်တွင် ရှိကြောင်းပြော၍ သစ်သားလှေကားကျဉ်းကျဉ်း ကလေးအတိုင်း သူ တက်လာသည်။ အပေါ်ထပ်ရှိ ဦးပဉ္စင်းတပါးက သူ့ကို နေရာထိုင်ခင်းပေးပြီး ဆရာတော့်ထံ သွားပြောသည်။ သူ ဘုရားဝတ်ချပြီး ကျောင်းခန်းပတ်လည်ကို စေ့စေ့ငုငု ကြည့်မိသည်။ ဆရာတော့်ကျောင်းကလေးက တောကျောင်းဆန်ဆန် ကျောင်းကလေး။ ထည်ထည်ဝါဝါ တောက်တောက်ပပ မရှိ။ ပစ္စည်းပစ္စယလည်း များများစားစားမထား။ အရာရာက ညိုညိုမွဲမွဲအရောင်ကို ဆောင်လျက်။ ဒါကပင် ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးမြမြ ဖြစ်နေသည်ဟု သူခံစားမိပြန်သည်။

ကျောင်းတော်ဝိဟာရ၏ အရိပ်အာဝါသအောက်တွင် သူ နှစ်သိမ့်နေမိချိန်တွင်ပင် ဆရာတော်က သီတင်းသုံးရာ အခန်းတွင်းမှ ထွက်လာသည်။ သူ ဝတ်ဖြည့်ပြီး အိမ်မှယူဆောင်လာသော လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်သည်။ ထို့နောက်တွင်တော့ ဆရာတော်နှင့် သူ စကားစမြည်ပြောကြသည်။ သူက ဆရာတော်နှင့် စကားပြောရသည်ကို နှစ်သက်သည်။ ဆရာတော်၏ အတွေးအမြင် အယူအဆတို့ကလည်း သမားရိုးကျမဆန်။ သစ်သစ်လွင်လွင်၊ လန်းလန်းဆတ်ဆတ်။ ဟောသောတရားကလည်း တက်ခေတ်တရား။ ဆရာတော်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာထား၍ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးလည်း ပြောတတ်ဆိုတတ်သည်။ ကမ္ဘာ့အကြောင်းကော၊ မြန်မာ့အကြောင်းကိုပါ ခြုံမိငုံမိသည်။ တဖက်သတ် ပြောခြင်းမျိုးလည်း မည်သည့်အခါမျှ မရှိ။ တဖက်လူ၏ အမြင်ကို တလေးတစား နားဆင်သည်။ ထို့ကြောင့်လည်း ဆရာတော့်ဆီ ရောက်လျှင် သူ ခဏနှင့် ပြန်လေ့မရှိ။ ဆရာတော်ကလည်း လူငယ်လူရွယ်တို့နှင့် စကားပြောရဆိုရသည်ကို နှစ်ခြိုက်ဟန်တူသည်။

သာရေးနာရေး မိသားစုအရေး ပြောနေရာမှ "ဒီရက်ပိုင်းတော့ တို့ကျောင်းလည်း အစောင့်အရှောက်တွေများ နေတယ်ဟေ့" ဟု ဆရာတော်က သူ့ကိုပြောသည်။ သူ ရုတ်တရက် နားမလည်။ နောက်မှ ဆရာတော့်ဘေးမှ ဦးပဉ္စင်းက စကားဖြည့်၍ ပြောသည်။ အာဇာနည်နေ့ နီးလာ၍ ဆရာတော့်ကျောင်းကို ထောက်လှမ်းရေးများ စောင့်ကြည့်နေကြသည်ဟု။ သည်တော့မှ သူလည်း ဆရာတော်နှင့်အတူ ရယ်မိမောမိတော့သည်။ ဟုတ်သည်။ ဆရာတော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သော အာဇာနည်နေ့၊ နှစ်ပတ်လည်နေ့များဆိုင်ရာ ဘာသာရေး အခမ်းအနားများသို့ တက်ရောက် ချီးမြှင့်လေ့ရှိသည်။ သာမှုနာမှု အလှူအတန်း ကိစ္စအဝဝကိုလည်း လက်ခံ ကျင်းပပေးလေ့ ရှိသူဖြစ်သည်။

သူပြန်ခါနီး ဝတ်ဖြည့်တော့ ဆရာတော်က ပေးမြဲဆုကို ပေးသည်။ "အမျိုး ဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သူ ဖြစ်ပါစေ" ဟု။ ဆရာတော်ပေးသော ဆုက သာမန်နှင့်မတူ ကွဲကွဲပြားပြား ရှိလှသည်ဟု သူ ထိုဆုကို ခံယူတိုင်း ခံစားမိခဲ့ပါသည်။

၂၀၀၀ ပြည့်လွန်နှစ်များတွင်တော့ ဆရာတော်ကို မြို့ထဲရှိ သူတို့အိမ်နှင့် ရွှေဂုံတိုင်ရှိ သူ့အဒေါ်ခြံတွင် ဆွမ်းကပ်ဖြစ်သည်။ အရွယ်အတန်ငယ် ရလာသော်လည်း ဆရာတော်က နဂိုအတိုင်း။ ယုံကြည်ရာကို ယုံမြဲယုံလျက်။ သည်ဘက် နှစ်ပိုင်းတွင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အရေးကြီးပုံကို ဆရာတော်က စကားအလျဉ်းသင့်တိုင်း အလေးအနက် ပြောကြားလာသည်ကို သူ သတိထားမိသည်။ တွေ့ရဆုံရသော ဒကာ ဒယိကာမတိုင်းကိုလည်း နိုင်ငံရေးရာ လုပ်ငန်းဆောင်တာများတွင် ဝင်ရောက်လုပ်ကိုင်ကြရန် အစဉ် တိုက်တွန်းလေ့ ရှိသည်။ တိုင်းရေးပြည်ရေး နိုင်ငံရေးအတွက် ဆရာတော်သည် တရက်ကလေးမျှ ရတက်အေးဟန်မရှိဟု သူကတော့ ထင်မြင်မိသည်။

တရက်တွင်တော့ သူတို့ ဟိုဟိုသည်သည် ပြောကြဆိုကြရင်း အသစ်ဖွင့်လှစ်ထားသော ရွှေတိဂုံဘုရား အောက်ဘက်နားရှိ "သူရဲကောင်း စစ်သည်ဗိမာန်" အကြောင်း ရောက်သွားကြသည်။ သည်တွင် ဆရာတော်က "ညီအကိုချင်း သတ်တာ သူရဲကောင်းလားကွ" ဟု ရုတ်တရက် ပြောချလိုက်သည်။ ထို့နောက်မှ ဆက်၍ "ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲရန် အရေးကြီးကြောင်း၊ မည်သည့်ဘက်မှ သေကြေပျက်စီးသည်ဖြစ်စေ ညီအကိုချည်းမို့ တိုင်းပြည် အထူးနစ်နာကြောင်း" ပြောသည်။ ဆရာတော့်စကား အဆုံးတွင်တော့ သူတို့အားလုံး သက်ပြင်းဖွဖွ ချမိကြပါသည်။

ဆရာတော်နှင့် သူ နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့သည်က ၂၀၀၆ ခုနှစ် အလယ်ပိုင်းလောက်တွင် ဖြစ်သည်။ သည့်နောက်တော့ သူနိုင်ငံရပ်ခြားသို့ ထွက်ခွာလာသည်။ နောက်တကြိမ် ဆရာတော့်အား ပြန်လည်ဖူးတွေ့ခွင့် ရသည်က မဇ္ဈိမ စာမျက်နှာပေါ်တွင် ဖြစ်သည်။ ရှစ်လေးလုံး အရေးတော်ပုံ ၁၉ နှစ်ပြည့် အခမ်းအနားကို ဆရာတော်၏ သာသနာ့သိပ္ပံ ကျောင်းတိုက်တွင်ပင် ကျင်းပသည်။ ဆရာတော်က ၈၈ ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော။ သံရုံးတာဝန်ခံများနှင့် စကားပြောနေပုံ၊ တရားချီးမြှင့်နေပုံတို့ကို အတော်စုံစုံလင်လင် သူ မြင်တွေ့ရသည်။

နောက်တလအကြာ ၂၀၀၇ စက်တင်ဘာတွင် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားသည်။ ဘုန်းဘုန်းတို့နှင့် ပြည်သူတို့၏ ဆန္ဒပြပွဲသတင်းများကို သူ ရင်တခုန်ခုန်၊ ဖိုဖိုလှိုက်လှိုက် ကြည့်ရင်းရှုရင်း ဆရာတော့်ကို အထူးတလည် သတိရမိသည်။ ဆရာတော် ဘယ်လိုများနေပါလိမ့်။ သိပ်မကြာ။ စက်တင်ဘာလကုန်တွင်ပင် ဆရာတော့်သတင်းက သူ့ဆီ ရောက်ရှိလာသည်။ ဆရာတော်နှင့်တကွ သာသနာ့သိပ္ပံကျောင်းရှိ သံဃာတော်များအား ဖမ်းဆီး ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သတင်းကို သူ ဖတ်ရှုရသည်။ ဆက်တိုက် ဆိုသလိုပင် နောက်ဆက်တွဲ သတင်းများ ကြားရပြန်သည်။ ဆရာတော့်ကို အင်းစိန် ဂျီတီအိုင်ဝင်းတွင် ချုပ်နှောင်ထားကြောင်း၊ ဆရာတော် ကျန်းမာရေး အလွန် ဆိုးရွား ကျဆင်းနေကြောင်း စသည်။

သူ အိမ်နှင့် ဆက်သွယ်ရန် အမြန် ကြိုးစားသော်လည်း မရ။ ရပြန်တော့လည်း စကား လွတ်လွတ်လပ်လပ် ပြော၍ မရပြန်။ သည်လိုနှင့် ၃-၄ လကြာမှ ဆရာတော့်သတင်းကို သူ ပြန်ကြားရသည်။ သတင်းကောင်းနှင့် သတင်းဆိုး ရောယှက်လျက်။ ဆရာတော် ပြန်လည် လွတ်မြောက်လာပြီ။ သို့သော်….ဆရာတော့်တွင် ကင်ဆာရောဂါ စွဲကပ်နေခဲ့ချေပြီ။

ဆရာတော် ပြန်လည် လွတ်မြောက်လာသော်လည်း ဆရာတော့်ကျောင်းမှ သံဃာတော် ၅ ပါးနှင့် လူ ၆ ဦးကို ပုဒ်မ ၅၀၅ (ခ) ငြိမ်ဝပ် ပိပြားရေးနှင့် လုံခြုံရေးကို ထိခိုက်ပျက်ပြားရန် သွေးထိုး လှုံ့ဆော်သည့်ပုဒ်မနှင့် ဗဟန်းမြို့နယ် တရားရုံးတွင် စွဲချက်တင်ပြီ ဖြစ်ကြောင်း မတ်လအတွင်းတွင် သူ ဖတ်ရှုရပြန်သည်။ သင်္ကြန် မတိုင်မီ သူ့အိမ်နှင့် စကားပြောခွင့် ကြုံသောအခါတွင်တော့ သူ ဆရာတော့် သတင်းကို မေးမိသည်။ ဆရာတော့် အခြေအနေမှာ ထူးထူးခြားခြား သက်သာလာခြင်း မရှိတော့ကြောင်း သူ့အိမ်က ပြောသည်။ နှစ်ဆန်း တရက်နေ့တွင် ဆရာတော့်ကို ဝတ္ထုငွေ သွားရောက်ကပ်လှူမည် ဖြစ်ကြောင်းလည်း ပြောသည်။ ဆရာတော့်အတွက် သူ့အနေနှင့်ပါ ဝတ္ထုကပ်လှူပေးရန် သူ့အမေကို ပြောသည်။ သည်တကြိမ်သည် နောက်ဆုံးကပ်လှူခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ဇွန်လ ဒုတိယပတ်တွင် သူ့အိမ်နှင့် စကားပြောသေးသော်လည်း ဆရာတော့်သတင်းကို ဘာမှမပြော။ ဇွန်လ ၁၆ ရက်နေ့တွင်တော့ သူ မဇ္ဈိမ သတင်းကို ဖတ်ရှုမိချိန်တွင် "သာသနာ့သိပ္ပံကျောင်း ချိတ်ပိတ်ခံရကြောင်း" သတင်းကို ဖတ်ရသည်။ သတင်းတနေရာတွင်က "လစ်လပ်သွားသော ကျောင်းထိုင်ဆရာတော်" ဟူသော စာသား။ "လစ်လပ်သွားသော" ဆိုပါလား …. ဆရာတော် ပျံလွန်သွားပြီလား … လှုပ်ရှားနေသော စိတ်ကိုထိန်းရင်း အခြားသတင်းများကို လိုက်ရှာသည်။ မူလစာမျက်နှာသို့ ပြန်သွားသည်။ ဓာတ်ပုံဆလိုက်ရှိုး နေရာသို့ ကြည့်လိုက်မှ ဆရာတော့် ဓာတ်ပုံအား တွေ့လိုက်ရသည်။ "သာသနာ့သိပ္ပံ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒာစာရ၏ ဈာပန အခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ဇွန်လ ၇ ရက် ၂၀၀၈ ခုနှစ်က ကျင်းပစဉ်" တဲ့။ ဆရာတော့်ဓာတ်ပုံအား ဦးဉ္စင်းနှစ်ပါးက ကိုင်ဆောင်လျက်။ ဟုတ်သည်။ ဆရာတော် ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်ပါသည်။

"လူကို လေ့လာပါ၊ ပတ်ဝန်းကျင်ကို လေ့လာပါ" ဟု သူ့ကို ပြောကြားသော ဆရာတော်၏ နောက်ဆုံးသြဝါဒကို သူ ယခု ပြန်လည် ကြားယောင်သည်။ "တယောက်နဲ့ တယောက် အပြစ်မရှာစတမ်း၊ ရန်သတ္တရု မပြုစတမ်း၊ တွေ့ဆုံ ဆွေးနွေးခြင်း နည်းလမ်းနဲ့ တို့တိုင်းပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းကြရမယ်။ ဒီအချိန်မှာ ဒီ့ထက် အရေးကြီးတာ ဘာမှမရှိတော့ဘူး" ဟု ဆရာတော်၏ ယုံကြည် လေးနက်စွာ ပြောနေသော အသွင်ကို သူ ပြန်လည်မြင်ယောင်သည်။ မေတ္တာနှလုံးနှင့် ရွှင်ရွှင်ပြုံးပြုံး နေတတ်ထိုင်တတ်၊ သူ့တိုင်းသူ့ပြည်အတွက် အမြဲတစေ စိုးရိမ်ပူပန် နေတတ်သော ဆရာတော့်ကို ပြန်ပြောင်းအောက်မေ့သည်။

သည်စာကို ရေးနေချိန်တွင်ပင် သူ့အမေထံမှ စာရောက်လာသည်။ "သားလေး ဗဟန်းဘုန်းဘုန်း ပျံလွန်တော်မူသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သား စိတ်မကောင်းမှာ စိုးလို့ အမေ မပြောဘဲ ထားတာပါ။ ဗဟန်းဘုန်းဘုန်းဟာ လူသားတယောက် အနေနဲ့ မွေးဖွားလာပြီး သူ့တာဝန် သူ ကျေပွန်အောင် ဆောင်ရွက်သွားပါတယ်။ တိုင်းပြည်အတွက်၊ အများကောင်းကျိုး အတွက်လည်း တတ်နိုင်သရွေ့ ဆောင်ရွက်တော်မူခဲ့တဲ့ ပုဂ္ဂိုလ်တဦးပါပဲ။ သူ့ရဲ့ ပျံလွန်တော်မူတဲ့ နာရေးသတင်းကို သတင်းစာထဲမှာ ထည့်ခွင့်မပြုဘူး။ အခုလည်း သူ့ကျောင်းကို ချိတ်ပိတ်လိုက်တယ်လို့ ကြားပါတယ် ….." အမေ့စာကို ဖတ်၍ သူငိုင်နေမိသည်။

သူ့ အသည်းနှလုံးကို တစုံတရာက ဆုပ်ကိုင်ဖြစ်ညှစ်ထားသလို သူ ခံစားရသည်။ ဆရာတော် သာသိလျှင် ဘာများမိန့် မြွက်ဦးမလဲ….သူ ဝမ်းပန်းတနည်း စဉ်းစားနေမိသည်။ ဆရာတော်ဖြတ်သန်းခဲ့ရာ ဘဝက ရိုးသားရဲရင့်မှုတို့ဖြင့် ပြည့်လျှမ်းလျက်။ ဖြူဖြူစင်စင် လျှောက်လှမ်းခဲ့ရာ လမ်းဖြစ်သည်။ ချော့သော်လည်း မပျော့ခဲ့၊ ခြောက်သော်လည်း မကြောက်ခဲ့။ နကမ္ပတိ တည်ကြည်သော စိတ်ဖြင့်သာ နေထိုင်ရှင်သန်ခဲ့သူ ဖြစ်သည်။ သူ အလေးဂရုပြုရာ၊ သူမြတ်နိုးရာ အမျိုးဘာသာ သာသနာအတွက် မြှုပ်နှံဆောင်ရွက်ခဲ့သူဖြစ်သည်။ မည်သို့ဆိုစေ ဆရာတော်၏ မျှော်လင့်ချက်တို့က သည်မျှဖြင့်တော့ နိဂုံးမချုပ်တန်ရာ၊ နိဋ္ဌိမတံ တန်ရာဟု သူ ယုံကြည်နေမိပြန်သည်။ နောက်တကြိမ် …. ဟုတ်သည် ….. အနည်းဆုံး နောက်တကြိမ်တော့ ဆရာတော်သည် သူ့ယုံကြည်ချက်တို့ကို သူ အကောင်အထည်ဖော်ခွင့် ရနိုင်ပါလိမ့်ဦးမည် …. ဆရာတော် ထာဝစဉ် လိုလားခဲ့သော ပြည်သစ်ကိုတည်၍ ကျီသစ်ကို ဆောက်နိုင်ပါလိမ့်မည်။ ထိုသောအခါတွင် …. သူ့ပြည်သူ့ရွာသည် အထွေထွေ အထူးထူးသော ပန်းပေါင်းတရာတို့၏ ရနံ့ဖြင့် မွှေးကြိုင် သင်းပျံ့နေပါလိမ့်မည် ။ ။

Thursday, June 19, 2008

ဒေါ်စုအတွက် မွေးနေ့လက်ဆောင် ... ရွှေဝါရောင် လှိုင်းတပိုးများ

နေသန်မောင်
သောကြာနေ့၊ ဇွန်လ 20 2008 05:33 - မြန်မာစံတော်ချိန်

မနှစ်က ဆောင်းဦးရာသီမှာ မဇ္ဈိမအတွက် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ချိန်က အဲဒီ ဆောင်းပါးက ကျနော့်ဘ၀အတွက် မှတ်မှတ်ရရနဲ့ တန်ဖိုးအရှိဆုံး ဖြစ်ခဲ့မယ်လို့ မတွေးမိခဲ့ပါဘူး။ သတင်းစာလောကကနေ အနားယူလိုက်ပြီး မြောက်ကာရိုလိုင်းနား ပြည်နယ်မှာ ကျောင်းသားဘ၀နဲ့ နေထိုင်နေတဲ့ ကျနော့်ကို လွန်ခဲ့တဲ့ (၇) နှစ်ကျော်က ကမောဒီးယားမှာ စာနယ်ဇင်းသင်တန်း အတူတူ တက်ခဲ့ဖူးတဲ့ မိတ်ဆွေ မဇ္ဈိမ အယ်ဒီတာ ကိုစိန်ဝင်းက ဆောင်းပါးတပုဒ် ရေးပေးဖို့ ဖိအားပေးခဲ့ပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်ပြီး သတင်းဌာနတွေအတွက် စာမရေးဖြစ်တာ (၃)နှစ်ကျော် ကြာနေတဲ့ ကျနော့်အတွက် ကိုစိန်ဝင်းက ထူးထူးခြားခြား အခွင့်အခါကောင်း တစ်ခုကို ဖန်တီးပေးခဲ့တာလို့ ဆိုရင် မမှားနိုင်ပါဘူး။

အဲဒီအချိန်က ရန်ကုန်မြို့ပေါ်က လမ်းမတွေပေါ်မှာ ရဟန်းသံဃာတွေ ရာနဲ့ချီ ကြွချီပြီး မေတာသုတ်ကို မုန်သုန်ရဲ့ မိုးလေကြား နေရာအနှံ့ ရွတ်ဖတ်နေကြချိန်လည်း ဖြစ်ပါတယ်။ မိုးရေတွေ ရွှဲရွှဲစိုနေတဲ့ သင်္ကန်းတွေကို ရုံပြီး ပြည်သူ့ဆန္ဒ ပြည့်ဝစေဖို့၊ တစ်နိုင်ငံလုံး မေတာတရားတော်တွေ ပျံ့နှံ့စေဖို့အတွက် ပင်ပန်းဆင်းရဲ ခံနေကြတဲ့ သံဃာတော်တွေရဲ့ ဦးဆောင် လှုပ်ရှားမှုဟာ ကျနော့်ဘ၀အတွက်ရော၊ မြန်မာနိုင်ငံ သမိုင်းအတွက်ပါ အထူးခြားဆုံး၊ ကြက်သီးဖြန်းဖြန်း ထရလောက်တဲ့ လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။

နေ့စဉ် မေတာသုတ်ရွတ် သရဇယ်တဲ့ လှုပ်ရှားမှုကြီးကို ရင်ခုန် စောင့်ကြည့်နေရင်းက နေအိမ်မှာ နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သံဃာတော်တွေ သူမရဲ့ အိမ်ရှေ့ ဥပဇာမှာ မလွတ်လပ်တဲ့ ဘ၀ရဲ့ လှိုင်းတပိုးအောက် မေတာတရားနဲ့အတူ စတင် ဆုံတွေ့ခဲ့ပါတယ်။ အဲဒီနေ့ဟာ စက်တင်ဘာ (၂၃)ရက်နေ့ပါ။ ကျနော်ဟာ ကျနော့် ဆောင်းပါးကို ရေးချဖို့ လုံလောက်တဲ့ ခွန်အားတွေ ရရှိသွားပြီလို့ ယုံကြည်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့ ဒီမိုကရေစီရေး အကြမ်းမဖက် လှုပ်ရှားမှုရဲ့ (၁၉)နှစ်တာ ရုန်းကန်မှု ကာလအတွင်း အမြင့်ဆုံး ဒီဂရီကို ရောက်ခဲ့တဲ့၊ မေတာတရားလွှမ်းတဲ့ ဒီလှုပ်ရှားမှုကြီးဟာ ဒီမိုကရေစီ တော်လှန်ရေးကြီးရဲ့ ပြင်းပြတဲ့ ကနဦး လှိုင်းချက်တွေလို့ မှတ်ယူစရာ ဖြစ်ပါတယ်။ အရှေ့ဥရောပနိုင်ငံ (ယခင် ဆိုဗီယက် ယူနီယံ လက်အောက်နိုင်ငံများ) တွေရဲ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လှုပ်ရှားမှုတွေရဲ့ ပုံရိပ်တွေက ကျနော့် ခေါင်းထဲမှာ နေရာဝင်ယူလာခဲ့ပါတယ်။

သီတင်းနှစ်ပတ်ခန့် မတိုင်ခင်က ပခုက္ကူမြို့မှာ သံဃာတော်တွေကို စစ်အာဏာပိုင်တွေက အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ သံဃာတော်တွေ ဦးဆောင်ပြီး အုပ်စိုးသူ လူတန်းစားရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်စေဖို့ စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ စတင်ဖို့၊ ခေတ်သစ် မော်ကွန်းထိုးဖို့ စတဲ့ စတဲ့ ရည်ရွယ်ချက်တွေ ပြည့်နှက်နေတဲ့ စက်တင်ဘာ လှုပ်ရှားမှုဟာ အုတ်တံတိုင်းကို မေတာတရားနဲ့ ၀င်ဆောင့်ကြတဲ့ ပွဲပါပဲ။

ဂျော်ဂျီယာနိုင်ငံရဲ့ ၂၀၀၃ ခုနှစ် နှင်းဆီနီ တော်လှန်ရေး၊ ယူကရိန်းနိုင်ငံရဲ့ ၂၀၀၄ခုနှစ် လိမော်ရောင် တော်လှန်ရေး၊ ကာဇက်စတန်နိုင်ငံရဲ့ ၂၀၀၅ခုနှစ် ကျူးလစ် တော်လှန်ရေးတွေဟာ နာမည်ကျော် ချက်သမတ နိုင်ငံရဲ့ ၁၉၈၉ “ကတ္တီပါ တော်လှန်ရေး” ရဲ့ နောက်ဆက်တွဲအဖြစ် ကွန်မြူနစ် အာဏာရှင် နိုင်ငံတွေကနေ ဒီမိုကရေစီ နိုင်ငံတော်တွေအဖြစ် ငြိမ်းချမ်းစွာ ကူးပြောင်းခဲ့တဲ့ လှုပ်ရှားမှုတွေဟာ ကျနော့် ဦးနှောက်ထဲမှာ စွဲထင်နေပါတယ်။ ပန်းပွင့်တွေ၊ အရောင်တွေရဲ့ သင်္ကေတတွေနဲ့ လူထုလှုပ်ရှားမှုကို ကင်ပွန်းတပ်ဖို့ မြန်မာပြည်မှာ လိုနေပြီ ဆိုတဲ့အသိ ခေါင်းထဲ ရောက်လာတာနဲ့အတူ ကျနော်ဟာ ကျနော်ရဲ့ ဆောင်းပါးကို စတင် ရေးသားခဲ့ပါတယ်။

အဲဒီ ဆောင်းပါးမှာ ကျနော် အခုလို ရေးသားခဲ့ပါတယ်။

အရောင်နဲ့ ပန်းပွင့်သင်္ကေတ တော်လှန်ရေးတွေဟာ ကျောင်းသား လှုပ်ရှားမှုတွေ၊ ကွန်မြူနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို စနစ်တကျ အေးအေးချမ်းချမ်း နည်းလမ်းတွေ သုံးပြီး အာခံ တော်လှန်မှုတွေကနေ စတင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ချက်သမတနိုင်ငံရဲ့ အောင်မြင်သော ကတ္တီပါ တော်လှန်ရေး ဖြစ်ပွါးပြီး ကွန်မြူနစ်အစိုးရ ပြုတ်ကျသွားမှုဟာ ကွန်မြူနစ် အာဏာရှင်လ က်အောက်က မလွတ်မြောက်သေးတဲ့ ယခင် ဆိုဗီယက် နိုင်ငံထဲက ခွဲထွက်ခဲ့ကြတဲ့ နိုင်ငံတွေအတွက် အင်အားပြယုဂ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ဂျော်ဂျီယာနိုင်ငံက “နှင်းဆီနီ တော်လှန်ရေး” ကြောင့် လာဘ်စားပြီး တိုင်းပြည် စီးပွါးရေး ကသောင်းကနင်း ဖြစ်အောင် လုပ်ခဲ့တဲ့ သမတ အီဒွတ် ရှီဗာနက်ဇီဟာ ရုရှအစိုးရရဲ့ ကြားဝင်စေ့စပ်မှုကြောင့် အတိုက်အခံ ခေါင်းဆောင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရပြီး ရာထူးကနေ ဆင်းပေးခဲ့ရပါတယ်။ အတိုက်အခံ ခေါင်းဆောင်ကို ထောက်ခံအားပေးတဲ့ ပရိသတ်ကြီးဟာ လက်တွေထဲမှာ နှင်းဆီပန်းတွေကို ကိုင်ဆောင်ပြီး တည်ဆဲ သမတရဲ့ အာဏာကို အသိအမှတ် မပြုဘူးဆိုပြီး စတင်ခဲ့တဲ့ နှင်းဆီနီ တော်လှန်ရေးဟာ ငြိမ်းချမ်းစွာပဲ အောင်ပွဲခံခဲ့ပါတယ်။ နောက်တနှစ် အကြာမှာတော့ ယူကရိန်းနိုင်ငံမှာ ခြစားနေတဲ့ ရုရှလိုလားသူ သမတကို ဖြုတ်ချဖို့ ကြိုးစားတဲ့ ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေရဲ့ လိမ္မော်ရောင် ဖဲကြိုးတွေ တပ်ဆင်ပြီး လိမ္မော်ရောင် တော်လှန်ရေး စတင်ခဲ့ပါတယ်။ ရွေးကောက်ပွဲ မဲအရေအတွက်နဲ့ ပတ်သက်ပြီး အကျပ်အတည်း ဖြစ်ခဲ့ရာက အတိုက်အခံ ခေါင်းဆောင် ဗစ်တာ ယူရှင်ကို အပြတ်အသတ် အောင်ပွဲရခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာတော့ ကာဂျစ်စတန်နိုင်ငံ သမတ အက်စကာ အကာရက်ဗ်ကို ဖြုတ်ချတဲ့ ကျူးလစ်ပန်း တော်လှန်ရေး ဖြစ်ပွါးခဲ့ပါတယ်။ အခြားသော အရောင် (သို့) ပန်းပွင့် တော်လှန်ရေးတွေ နည်းတူ ကျူးလစ်ပန်း တော်လှန်ရေးကြောင့် အာဏာရှင်သမတနဲ့ သူ့မိသားစုဟာ တိုင်းပြည်ကနေ ရုရှကို ထွက်ပြေးသွားခဲ့ပြီး သမတအဖြစ်က ပြုတ်ကျသွားခဲ့ပါတယ်။ တော်လှန်ရေးရဲ့ ခရီးအစတွေမှာတော့ ကာဂျစ်စတန်ရဲ့ လှုပ်ရှားမှုကို မီဒီယာ သမားတွေက ပန်းရောင် တော်လှန်ရေး၊ လီမွန် (သံပုရိုသီး) တော်လှန်ရေး၊ ပိုးသား တော်လှန်ရေး၊ နွေဦးပန်းပွင့် တော်လှန်ရေး အစရှိသဖြင့် အမည်နာမ တပ်ခဲ့ကြပေမယ့်လည်း ရာထူးက ဖြုတ်ချခံခဲ့ရသူ သမတကိုယ်တိုင်က သူ့ကို ဖယ်ရှားမယ့် အရေးအခင်းကို ကျူးလစ်ပန်း တော်လှန်ရေးလို့ ခေါ်ဝေါ်သမုတ်ခဲ့ပြီး အရောင်တော်လှန်ရေး မဆင်နွှဲဖို့ သတိပေးခဲ့ပါတယ်။

ဒီမိုကရေစီကို အာသာပြင်းပြင်း ငတ်မွတ်နေတဲ့ ပြည်သူတွေရဲ့ ဖိနှိပ်မှု တော်လှန်ရေးကို ရွှေဝါရောင်လို့ တင်စားရတဲ့ အဓိက အကြောင်းကတော့ ရဟန်းရှင်လူ၊ ကျောင်းသား ပြည်သူတွေ အားလုံးကို ကိုယ်စားပြုတဲ့ ဘာသာ သာသနာ၊ နုပျိုရဲဝံ့တဲ့ ရွှေဝါရောင် ခွပ်ဒေါင်း၊ ဆန်ရေစပါးပေါများ ကြွယ်ဝပြီး အကျပ်အတည်းက လွတ်မြောက်စေမယ့် နိုင်ငံအနှံ့က ရွှေဝါရောင် စပါးခင်းတွေ ပိုင်ဆိုင်ကြမယ့် သတိရှိတဲ့ နိုင်ငံသားတွေအဖြစ် ရောက်ရှိစေဖို့ တင်စား ခေါ်ဝေါ်ရခြင်းပါပဲ။

ဒီဆောင်းပါးကို မဇ္ဈိမ သတင်းဌာနမှာ စက်တင်ဘာ ၂၃ ရက်စွဲနဲ့ ချက်ချင်းပဲ ဖော်ပြခဲ့ပါတယ်။ အင်္ဂလိပ် ဘာသာနဲ့တော့ (Yellow Revolution) ခေါင်းစဉ်နဲ့ ဧရာဝတီ သတင်းဌာနနဲ့ မဇ္ဈိမမှာပဲ ဆက်တိုက် ရေးသားခဲ့ပါတယ်။ နောက်နှစ်ရက် အကြာမှာ လန်ဒန်က တိုင်းမ်သတင်းစာက ရွှေဝါရောင် တော်လှန်ရေးကို အင်္ဂလိပ်လို (Saffron)လို့ စပြီး ခေါ်ဝေါ်ခဲ့ပါတယ်။ စက်တင်ဘာ (၂၅)ရက်နေ့ ဗီအိုအေ မြန်မာပိုင်းနဲ့ အမေရိကန် ပြည်ထောင်စုဆိုင်ရာ သံရုံး ယာယီတာဝန်ခံ ဖြစ်ခဲ့ဖူးသူ မစက် ကလပ်က ရွှေဝါရောင် တော်လှန်ရေးကို (Yellow Revolution) အဖြစ် သုံးနှုံးပါတယ်။

အဲဒီ သတင်းပတ်ဟာ မြန်မာပြည်က သံဃာတော်တွေရဲ့ လှုပ်ရှားမှုကို လူထုနဲ့ ကျောင်းသားတွေ တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာပြီး လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေဟာ နေ့စဉ် သောင်းဂဏန်းကနေ သိန်းဂဏန်းထိ တိုးမြင့်လာခဲ့ပါတယ်။ နိုင်ငံတကာ သတင်းမီဒီယာတွေ ဖြစ်တဲ့ ဘော်စတွန် ဂလုပ်၊ ယူနိုက်တက် ပရပ်စ် အင်တာနေရှင်နယ်၊ ၀ါရှင်တန်ပို့စ် စတဲ့ သတင်းစာတွေအပြင် မြန်မာ့အရေး ကျွမ်းကျင်သူ လယ်ရီဂျေဂင်နဲ့ အီကော်နော်မစ် မဂ္ဂဇင်းတွေက အင်္ဂလိပ် (Saffron) ရွှေဝါရောင် တော်လှန်ရေးလို့ စတင် သုံးစွဲခဲ့ကြပါတယ်။

မြန်မာရေဒီယို အသံလွှင့် ဌာနတွေကတော့ ရွှေဝါရောင်ကို မသုံးကြသေးပါဘူး။ မဇ္ဈိမမှာ “ရွှေဝါရောင် တော်လှန်ရေး စပြီ” လို့ စက်တင်ဘာ (၂၄) မှာ ပထမဦးဆုံး ဖော်ပြပြီးနောက် အောက်တိုဘာ(၁) ရက်နေ့မှာ ခေတ်ပြိုင်၊ (၂) ရက်နေ့မှာ ဆရာ မောင်စွမ်းရည်က မိုးမခမှာနဲ့ အောက်တိုဘာ (၄) ရက်နေ့မှာ ဘီဘီစီ မြန်မာပိုင်းက “ရွှေဝါရောင် တော်လှန်ရေး” လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ အဲဒီအချိန်က စလို့ စက်တင်ဘာ လှုပ်ရှားမှုဟာ ရွှေဝါရောင် အရေးတော်ပုံအဖြစ် မြန်မာပြည်သူတွေက လက်ခံခဲ့ကြပါတယ်။ အင်္ဂလိပ်လို (Yellow) နဲ့ (Saffron) အမည်ကွဲပေမယ့် အဓိပ္ပယ်အားဖြင့်တော့ အ၀ါရောင်နဲ့ အ၀ါရောင် ရင့်ရင့်တွေပဲဖြစ်လို့ မြန်မာလို ရွှေဝါရောင်က အင်မတန် သင့်တော်တဲ့ စကားလုံး ဖြစ်ခဲ့ပါတယ်။

ထိုင်းက မိတ်ဆွေတစ်ယောက်က ဒီအသုံးအနှုံးနဲ့ ပတ်သက်ပြီး ... တရုတ်အစိုးရက မြန်မာတွေ ရွှေဝါရောင် တော်လှန်ရေးလို့ ကင်ပွန်းတပ်တဲ့အပေါ် အတော့်ကို စိုးရိမ်မကင်း ရှိတယ်လို့ ဆိုပါတယ်။ မဟာ ယဉ်ကျေးမှု တော်လှန်းရေး ဒါဏ်ရဲ့ အနာတရတွေ၊ အိပ်မက်ဆိုးတွေ ကင်းကင်း မပျောက်သေးတဲ့ အချိန်မှာ သူတို့ရဲ့ နောက်ဖေးပေါက်က ဒီမိုကရေစီရေး တော်လှန်မှုအပေါ် တရုတ်တို့ စိုးရိမ်မှုက အံ့သြစရာ မရှိပါဘူး။ အရောင်နဲ့ ပန်းပွင့် သင်္ကေတတို့ရဲ့ တော်လှန်ရေးတွေဟာ သူနဲ့နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အာရှ အလယ်ပိုင်း နိုင်ငံတွေမှာ ပေါ်ပေါက်ခဲ့ပြီး ကွန်မြူနစ် အစိုးရတွေ ဖယ်ရှားခံရတဲ့ သာဓကတွေကြောင့် တရုတ်တို့ စိုးရိမ်တာက သဘာဝ ကျပါတယ်။ ဒါပေမယ့် တရုတ် အစိုးရဟာ မြန်မာပြည်ရဲ့ သဘောသဘာဝ အပေါ် ရှင်းရှင်း မမြင်နိုင်သေးတာက အတော်ဆိုးရွားတဲ့ ကိစ္စတရပ်ပါပဲ။

ဒီအချိန်ဟာ ရွှေဝါရောင် တော်လှန်ရေးရဲ့ မအောင်မြင်သေးတဲ့ ရည်မှန်းချက်တွေအတွက် ခရီးဆက်နေရသေးတဲ့ အချိန် ဖြစ်ပါတယ်။ ဒီမိုကရေစီ ပန်းတိုင်ကို မလှမ်းနိုင်ဘဲ အစမှာတင် အာဏာရှင်ရဲ့ ဖိနှိပ်မှုကြောင့် လှုပ်ရှားမှုတွေ ရပ်တန့်သွားတာမို့ “ရွှေဝါရောင် တော်လှန်ရေး” လို့ ရဲရဲ မခေါ်ချင်ကြသူတွေလည်း ရှိပါတယ်။ တော်လှန်ရေးဆိုတာ အောင်ပွဲရမှ ခေါ်ကြတဲ့အမျိုး ဆိုတော့ မသုံးချင်ကြတာလည်း ပါပါတယ်။ ဒီနေရာမှာ သေသေချာချာ နားလည် သဘောပေါက်သင့်တဲ့ အချက်က မြန်မာပြည်မှာ ဒီမိုကရေစီရေး၊ တရားမျှတရေး၊ တန်းတူ ညီမျှရေးတွေနဲ့ ခေတ်သစ်တည်ဖို့အတွက် လူတိုင်းဟာ ငြိမ်းချမ်းတဲ့၊ အကြမ်းမဖက်တဲ့၊ ကိုယ်နဲ့ သဘောထားမတူတဲ့ သူတွေအပေါ် ရန်သူလို့ မမြင်ဘဲ မေတာတရားနဲ့ အောင်နိုင်ရမယ်ဆိုတဲ့ လမ်းကြောင်းကြီးကို အောင်မြင်စွာ အုတ်မြစ်ချနိုင်ခဲ့ပြီ ဆိုတာပါပဲ။

ရှင်းရှင်းပြောရရင် မန်ဒဲလားလမ်းစဉ်၊ ဂန္ဒီကြီး လမ်းစဉ်တွေလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီဆိုင်ရာ အပြောင်းအလဲများ ငြိမ်းချမ်းသော နည်းနဲ့ ဖြစ်ထွန်းရေးဆိုတဲ့ အတွေးအခေါ်ကို နိုင်ငံရေး လှုပ်ရှားသူတွေ ကြားထဲမှာသာမက မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးရဲ့ နှလုံးသားတဲ့၊ အသိတရားထဲကို မှတ်ကျောက်တင်ခဲ့တဲ့ ဖြစ်ရပ်မို့ “ရွှေဝါရောင် တော်လှန်ရေး” လို့ ခေါ်ဝေါ်ရတာ ကျနော်တို့တွေ အားလုံးအတွက် မဟာ အောင်မြင်မှုကြီး တစ်ရပ်ပါပဲ။

ကျနော်တို့တွေဟာ ဒီမိုကရေစီရေး ရုန်းကန်မှု ခရီးရှည်ကြီးအတွက် အနှစ်(၂၀) ကြာ ဖြတ်သန်း ခဲ့ကြပြီးပါပြီ။ ကျနော်တို့ ခရီးပေါက်ခဲ့ကြပါပြီ။ အဲဒီ အနှစ်(၂၀)အတွင်းမှာ ကျနော်တို့တွေဟာ ဖြတ်သန်းမှု ပုံသဏ္ဍာန်တွေ အဖုံဖုံနဲ့ အတွေ့အကြုံတွေ များစွာကို သင်ယူရင်း ပန်းတိုင်ဆီကို လှမ်းလျှောက်နေကြဆဲပါ။ ဒီမိုကရေစီ နိုင်ငံတော်ကို ကျနော်တို့ မျက်ရည်တွေ၊ ချွေးတွေနဲ့ အရင်းခံပြီး မေတာတရားနဲ့ အသိပညာနဲ့ တည်ဆောက်မယ် ဆိုတဲ့ ယုံကြည်မှုဟာ တစ်နေ့တစ်ခြား ခိုင်မာလာခဲ့ပါတယ်။

ဒါဟာ မြန်မာပြည်သူတွေ ပြည်သားတွေအားလုံး ကျနော်တို့ လေးစားချစ်ခင်တဲ့ ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်း စုကြည်အတွက် ပြန်ပေးနိုင်တဲ့ တစ်ခုတည်းသော မွေးနေ့ လက်ဆောင်ပါပဲ။ ဒေါ်စုအတွက် ကျနော်တို့ အားလုံး ထွန်းညှိပေးနိုင်ကြတဲ့ တစ်ခုတည်းသော မွေးနေ့ ဖယောင်းတိုင်ဟာ ကျနော်တို့ အားလုံးရဲ့ သစ္စာတရားပါပဲ။ သူမဟာ ရွှေဝါရောင် တော်လှန်ရေးရဲ့ ပြယုဂ်ဆိုရင် ကျနော်တို့တွေဟာ ရွှေဝါရောင် မီးတောက်တွေ ဖြစ်ရပါမယ်။ ဒါမှာ အနာဂတ်ဟာ ထိန်ထိန်ညီးနေမှာ မဟုတ်ပါလား။

နေသန်မောင်

ပြန်လွတ်ရန် မျှော်လင့်ချက် မရှိဘဲ ဒေါ်စုကြည်၏ မွေးနေ့ကို ကျင်းပရဦးမည်

လာရီရေဂင်
ကြာသပတေးနေ့၊ ဇွန်လ 19 2008 11:51 - မြန်မာစံတော်ချိန်






တကမ္ဘာလုံးမှ သန်းပေါင်းများစွာသော လူထုသည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ မွေးနေ့ကို ဇွန်လ (၁၉) ရက်နေ့ တွင် ကျင်းပကြတော့မည် ဖြစ်သည်။ အာရှ၊ သြစတြေလျ၊ ဥရောပ နှင့် မြောက်အမေရိကတိုက် တို့ရှိ အဓိက မြို့ကြီးများတွင် အသေအချာ ညှိနှိုင်းစီစဉ် ကျင်းပကြမည့် ဤလှုပ်ရှားမှုကြီးက ကမ္ဘာပေါ်ရှိ အထင်ရှားဆုံး လွတ်လပ်ရေး တိုက်ပွဲဝင်သူတဦး ရန်ကုန်မြို့ အင်းယားကန်ဘေးရှိ သူမနေအိမ်တွင် အကျယ်ချုပ် ကျခံနေရသည့် ဆင်းရဲ ဒုက္ခကို မီးမောင်းထိုး ဖေါ်ပြရန် ကြိုးစားကြလိမ့်မည် ဖြစ်သည်။

သို့သော် သန်းပေါင်းများစွာသော မြန်မာနှင့် နိုင်ငံတကာ ဆန့်ကျင် ကန့်ကွက်သူများက သူမကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုကြသော်လည်း မြန်မာ စစ်အစိုးရကမူ တုတ်တုတ်မျှ လှုပ်လိမ့်မည် မဟုတ်ပေ။ “သူတို့ ခုန်ချင်သလောက်ခုန်၊ ဆူချင်သလောက် ဆူစမ်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကတော့ ဂရုစိုက်မှာ မဟုတ်ဘူးဗျ” ဟု အကြီးတန်း အစိုးရ အရာရှိကြီး တဦးက ဆိုပါသည်။ ကျေအေး ပျော့ပျောင်းလာစေရန် စစ်အစိုးရကို ဖိအားပေး၍မရ ဆိုသည်မှာ သူတို့၏မူပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၃ နှစ်ကြာမျှ အထိန်းသိမ်းခံ ဘဝဖြင့် နေခဲ့ရသည်။ ယခု လောလောဆယ် တတိယ အကြိမ်မြောက် အကျယ်ချုပ် ကျခံနေရသည်။ ၂ဝဝ၃ ခုနှစ် မေလ က မြန်မာနိုင်ငံ အထက်ပိုင်းတွင် သူမ လိုက်ပါလာသော ယဉ်တန်းကို ရက်စက် ကြမ်းကြုတ်စွာ တိုကိခိုက်ခံရပြီးနောက် အာဏာပိုင်များက သူမကို အကျယ်ချုပ် ချထားခဲ့ပြန်သည်။ လွန်ခဲ့သော ၅ နှစ် လုံးလုံး အားလုံးနှင့် အဆက်ဖြတ် ခံထားရကာ ဤသို့ အကျယ်ချုပ် ကျခံနေခဲ့ရခြင်း ဖြစ်သည်။ သူမ၏ ဆရာဝန်နှင့်လည်း မှန်မှန်တွေ့ဆုံခွင့် မရ။ ကုလ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီနှင့်လည်း လွန်ခဲ့သော ၂ နှစ်အတွင်း ၅ ကြိမ်သာ တွေ့ဆုံခွင့် ရခဲ့သည်။

ဖိနှိပ်ချုပ်ချယ်လှသော စစ်အစိုးရ၏ လက်အောက်တွင် နှစ်ပေါင်း ၄ဝ ကျော် ပြားပြားဝပ် နေခဲ့ရသည့် မြန်မာ ပြည်သူများအတွက်၊ သူတို့ လိုလား တောင့်တနေသော လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေးတို့ အတွက် ဒေါ်အောင်ဆန်း စုကြည်သည် မျှော်လင့်ချက် ဖြစ်သည်။ သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်မရမီ ၁ဝ လကြာမျှ သူမ အကျယ်ချုပ်ဘဝဖြင့် ထိန်းသိမ်းခံခဲ့ရသည်။ သို့သော် သူမ၏ ပါတီသည် မည်သည့်အခါကမျှ အစိုးရ ဖွဲ့ခွင့်မရခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ဖြင့် သူမ၏ မွေးနေ့ကို တကမ္ဘာလုံးက ရေးကြီးခွင်ကျယ်လုပ် ကျင်းပကြခြင်းကို သဘောကျလိမ့်မည် မဟုတ်ပါ။ သူမကို ပုဂ္ဂိုလ်ရေးအရ ဂရုစိုက် အရေးတယူ လုပ်ခြင်းကို အစဉ်တစိုက် ရှောင်ရှားခဲ့သည်ချည်း ဖြစ်သည်။ သူမ၏ ခင်ပွန်းနှင့် သားများက သူမကိုယ်စား ၁၉၉၁ ခုနှစ်က နိုဘယ်လ်ဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် သူမကိုယ်စား ဆုလက်ခံ ရယူခဲ့စဉ်ကလည်း ပြင်ပသို့ ခိုးထုတ်နိုင်ခဲ့သော သူမ၏ ဆုလက်ခံသည့် မိန့်ခွန်းတွင် ဤဆုသည် သူမတဦးတည်းကို ပေးအပ်သည့်ဆု မဟုတ်ပါကြောင်း၊ ဒီမိုကရေစီ တိုက်ပွဲဝင် မြန်မာပြည်သူ အားလုံးကို ပေးအပ်သည့် ဆုအဖြစ် မှတ်ယူပါကြောင်း သူမက ပြောကြားသွားခဲ့သည်။

သူမသည် ဤသို့ တလျှောက်လုံး ခပ်လျှိုလျှို ခပ်မှိန်မှိန် နေလာခဲ့သူသာ ဖြစ်သည်။ နာဖျားမကျန်း ဖြစ်နေသော သူမ၏ မိခင်ကြီးကို ပြုစု စောင့်ရှောက်ရန် ၁၉၈၇ ခုနှစ်တွင် ပြန်လာကတည်းက သူမ၏ ပုဂ္ဂိုလ်ရေးကိစ္စ အားလုံးကို မြန်မာပြည်သူများ အကျိုးငှါ ဘေးဖယ်ထားခဲ့သူသာ ဖြစ်သည်။

“သာမန်ပြည်သူတွေရဲ့ သတ္တိတွေ၊ စွန့်လွှတ်စွန့်စားမှုတွေက ကျမစိတ်ကို လှုံ့ဆော်ပေးခဲ့တာပါ” ဟု ၆ နှစ်ကြာ အကျယ်ချုပ်နှင့် နေခဲ့ရပြီးနောက် ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့က ပထမဆုံးအကြိမ် လွတ်မြောက်လာပြီး သူမကို တယ်လီဖုံးမှတဆင့် အင်တာဗျူး လုပ်ခွင့်ရခဲ့စဉ်များက မကြာခဏ ပြောကြားခဲ့သည်။

သို့သော် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကမူ သူမ၏ အမည်ကိုပင် ကြားလို့မရ။ “သူမ နာမည်ကို ကြားလိုက်တာနဲ့ အဘိုးကြီး ဘာစကားမှ မပြောတော့ဘဲ ဒေါသတွေ ထွက်နေတော့တာဘဲ” ဟု ထိပ်တန်းဗိုလ်ချုပ်ကြီးနှင့် နီးစပ်သော အကြီးတန်း စစ်အရာရှိ အသိုင်းအဝိုင်း က ပြောကြားပါသည်။

၂ဝဝ၂ ခုနှစ် အာဆီယံ ထိပ်သီး အစည်းအဝေးကို ဖနွမ်းပင် မြို့တွင် ကျင်းပစဉ်က ဗိုလ်ချုပ်မှူးကြီး ရှေ့တွင် သူမ၏ နာမည်ကို ထုတ်ဖေါ် ပြောကြားခြင်း မပြုပါရန် မြန်မာ နိုင်ငံခြားရေးဝန်ကြီးက အခြား အာရှနိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများကို သတိပေးခဲ့သည်။ ထောက်လှမ်းရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ကလည်း ဤထိပ်တန်း ဗိုလ်ချုပ်ကြီး၏ ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို တတ်နိုင်သမျှ သိပ်မပြောဘဲ နေပါရန် ကုလ အထူးကိုယ်စားလှယ် ရာဇာလီ အစ္စမေးလ်ကို သတိပေးခဲ့ဖူးသည်။

သူသည် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို ပြောမိလိုက်သည့်အခါ သန်းရွှေ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲ သွားခဲ့သည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာစန်ဝီရာဂျူဒါ (Dr. Hasan Wirajuda) ကလည်း ကုလအရာရှိများကို တိုးတိုးတိတ်တိတ် ပြောဖူးသည်။ “သူ့မျက်လုံးတွေက အရောင် တောက်လာပြီးတော့ မျက်နှာကြောတွေကလည်း တင်းလာလိုက်တာ၊ ကျနော်တို့ ဆွေးနွေးပွဲ နိဌိတံသွားပြီ ဆိုတာ တခါထဲ သေချာသွားတော့တာပဲ” ဟု သူက ပြန်ပြောပြခဲ့သည်ဟု ဆိုသည်။

ဤအချက်သည် မြန်မာ့နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရေး၌ အဓိက အတားအဆီး အခက်အခဲတခု ဖြစ်မြဲ ဖြစ်နေသည်။ ဤဒီမိုကရေစီ ခေါင်းဆောင်နှင့် အခိုင်အမာ ဆွေးနွေးပြောဆိုရန် မြန်မာနိုင်ငံ၏ ထိပ်တန်း ဗိုလ်ချုပ်ကြီးများက စိတ်မဝင်စားပါ။ “ကျမတို့က သူတို့ကို စေ့စပ် ဆွေးနွေးရေး စားပွဲပေါ် ရောက်လာအောင် ၁၄ နှစ်လုံးလုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က တခါမှ ဒီအကြောင်းကို ထည့်ပြီး မစဉ်းစားခဲ့ဘူး” ဟု ၂ဝဝ၃ ခုနှစ် မတ်လက သူမနှင့် နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့စဉ် ကျနော့်ကို ပြောသွားခဲ့ပါသည်။

အခြား တဘက်တွင်မူ တိုင်းပြည်၏ နိုင်ငံရေး အနာဂါတ်နှင့် စပ်လျဉ်း၍ စေ့စပ်ဆွေးနွေးရန် ဒေါ်အောင်ဆန်း စုကြည်က ဗိုလ်ချုပ်ကြီးများကို အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်။ သူတို့ဘက်ကသာ အဓိပ္ပါယ် ပြည့်ဝသော ဆွေးနွေးပွဲများကို စတင်မည်ဆိုလျှင် မည်သည့် ကိစ္စကိုမဆို ဆွေးနွေး ညှိနှိုင်းနိုင်ပါသည်ဟု ယခုအခါ အမှောင်ဖုံးသော သောကြာနေ့ ဟု ပြောဆိုနေကြသည့် သူမ လိုက်ပါလာသော ယာဉ်တန်းကို တိုက်ခိုက်မခံရမီ၊ တတိယအကြိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်း မခံရမီ ရက်သတ္တပတ် အချို့က သူမက ကျနော့်ကို ပြောကြားခဲ့ပါသည်။

“အခု တဦးနဲ့တဦး အတိုက်အခံတွေ ဖြစ်နေပေမဲ့ နိုင်ငံ ကောင်းကျိုးအတွက်ဆို ကျမတို့ အတူတကွ လက်တွဲ လုပ်သင့်တာပေါ့။ ကျမတို့မှာ သူတို့အပေါ် အာဃာတ မထားပါဘူး။ လက်စားချေဘို့လည်း မဟုတ်ပါဘူး။ တပ်မတော်သားတွေ အပါအဝင် လူတိုင်းအတွက် အကျိုးးရှိစေမဲ့ ညှိနှိုင်း ဖြေရှင်းမှုတရပ်ကို ကျမတို့ လိုချင်ပါတယ်” ဟု ၂ဝဝ၃ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် သူမ၏ ကံဆိုးမိုးမှောင်ကျသော ခရီးစဉ်မတိုင်မီ နောက်ဆုံး အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ပြောသွားပါသည်။


၂ဝဝဝ ခုနှစ်ကုန်ပိုင်းက ရန်ကုန်မြို့အပြင်သို့ ထွက်ရန် ကြိုးစားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယအကြိမ်မြောက် နှစ်ရှည်လများ ထိန်းသိမ်းထားစဉ်အတွင်း ဒီမိုကရေစီ ခေါင်းဆောင်နှင့် အစမ်းသဘော ဆက်သွယ်မှုများကို စစ်အစိုးရက စတင် ပြုလုပ်ခဲ့သည်။ ဤလျှို့ဝှက် တွေ့ဆုံဆွေးနွေးမှုများကို ထိုအချိန်က ကုလ အထူးကိုယ်စားလှယ် မစ္စတာ ရာဇာလီ အစ္စမေးလ်က အဓိက ကြားဝင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ ဤတွေ့ဆုံမှုများက ဘာမှမယ်မယ်ရရ ရလဒ်များ ထွက်ပေါ်လာခဲ့ခြင်း မရှိသော်လည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လိမ့်မည်ဆိုသော မျှော်လင့်ချက်များမူ မြန်မာနိုင်ငံ ပြည်တွင်းရော၊ ပြည်ပ၌ပါ ဖြစ်ပေါ်ခဲ့သည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များ စတင်ခဲ့သည်။ ထိုဆွေးနွေးပွဲများ၌ အပြင်ပန်းအားဖြင့်မူ စစ်အစိုးရ၏ အကြီးတန်း ကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ တိုက်ပွဲဝင် ခေါင်းဆောင်များ၊ နှစ်ပေါင်း ၅ဝ ကျော် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပုံစံအမျိုးမျိုးအတွက် တိုက်ပွဲ ဝင်လာခဲ့ကြသည့် တိုင်းရင်းသား အင်အားစုများ ပါဝင်ခဲ့ကြသည်။

ဤသို့ မျှော်လင့်ချက်များ အကြီးအကျယ် ထားနေချိန်တွင်ပင် ရန်ကုန်မြို့ရှိ သံတမန်များနှင့် ပြည်ပရောက် ထိပ်တန်း မြန်မာ့ အတိုက်အခံများကမူ သံသယဖြင့်သာ စောင့်ကြည့်နေခဲ့ကြသည်။ ဗိုလ်ချုပ်ကြီးများတွင် အမှန်တကယ် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းလိုသည့် သဘောထားမရှိဘဲ ဘယ်နည်းနဲ့ဖြစ်ဖြစ် အာဏာကို ဆုပ်ကိုင်ထားလိုသည့် ဆန္ဒသာ ရှိသည် ဟု သူတို့က ယုံကြည် ယူဆကြသည်။

ဗိုလ်ချုပ်ကြီးများသည် ပြုပြင်၍ မရနိုင်တော့ဘဲ အာဏာကို အလိုအလျောက် အသာတကြည် စွန့်လွှတ်ကြလိမ့်မည်လည်း မဟုတ်ဟု စင်္ကာပူဝန်ကြီးချုပ် ဂိုချုပ်တောင်ကလည်း ၂ဝဝ၁ ခုနှစ်က ကျနော်နှင့် ၂ ဦးတည်း တွေ့ဆုံစဉ်က ပြောကြားခဲ့ဖူးသည်။ အာရှနိုင်ငံ အများစု၏ ခေါင်းဆောင်များကလည်း ဤထင်ရှားသော စင်္ကာပူ ခေါင်းဆောင်ကြီးနှင့် ထိုအချိန်တွင်ကရော အခုအချိန်တွင်ပါ အယူအဆ ကွဲပြားလိမ့်မည် မဟုတ်ပါ။ သို့သော် သူတို့အားလုံးသည် စစ်အစိုးရကို ဖိအားပေးသည်ထက် အပြောင်းအလဲများ လုပ်လာစေရန် ချော့မော့ ဖျောင်းဖျ၍သာ ပြောဆိုလိုကြသည်။

နိုဘယ် ငြိမ်းချမ်းရေးဆုရှင် အရှေ့တီမောသမတ ရားမို့စ်ဟော်တာ (Jose Ramos Horta) ကပင် ရန်ကုန်ရှိ ဗိုလ်ချုပ်ကြီးများကို ဖိအားပေးခြင်းသည် ဆန့်ကျင်ဘက် အကျိုးရလဒ်ကိုသာ ပေါ်ပေါက်စေလိမ့်မည် ဟု သတိပေး ပြောကြားခဲ့သည်။ “ခြိမ်းခြောက် ပြောဆိုတာတွေ၊ ဘယ်နေ့ ဘယ်ရက် နောက်ဆုံးထားလုပ်ပါလို့ ပြောတာတွေဟာ စစ်အစိုးရအပေါ် ဘာမှ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူး။ သူတို့ကို ပိုပြီး အများနဲ့ ကင်းကွာသွားအောင် လုပ်လိုက်သလို ဖြစ်လိမ့်မယ်၊ သူတို့ရဲ့ လက်ရှိ အနေအထားကို ပိုပြီး ခိုင်မြဲအောင် လုပ်လိုက်သလိုသာ ဖြစ်လိမ့်မယ်” ဟု လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် သူက ကျနော့်ကို ပြောခဲ့သည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် ဘက်ကမူ သူမအနေဖြင့် အနိမ့်ဆုံးအားဖြင့် တွေ့ဆုံညှိနှိုင်းရန် အသင့် ရှိပါသည်၊ ယင်း၏ အဓိပ္ပါယ်မှာ သူမဘက်မှ အလျော့ပေး လိုက်လျောမှုများ လုပ်လိုပါသည် ဆိုသည်ကို စစ်အစိုးရအား အစဉ်တစိုက် နားချရန် ကြိုးစားနေခဲ့သည်သာ ဖြစ်သည်။ “ကျမတို့ အမြဲပြောနေတာ တွေ့ဆုံ ဆွေးနွေးတယ်ဆိုတာ ပြိုင်ပွဲတခု မဟုတ်ဘူး” ဟု လွန်ခဲ့သော ၂ နှစ်က ရန်ကုန်မြို့တွင် သူမနှင့် စကားပြောခွင့် ရခဲ့စဉ်က ကျနော့်ကို ပြောခဲ့သည်။

“ဘယ်သူက ပိုတော်တယ်၊ ဘယ်အဖွဲ့က ပိုတော်တယ် ဆိုတာတွေ ရှာဘို့ ကျမတို့က တွေ့ဆုံ ဆွေးနွေးချင်တာ မဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေး ညှိနှိုင်းတာ အောင်မြင်ရင် ဒီပွဲမှာ အနိုင်ရမဲ့ သူကတယောက်တည်းပါ။ အဲဒါက ကျမတို့ နိုင်ငံပါဘဲလို့ ကျမတို့ အမြဲတမ်း ပြောခဲ့ပါတယ်” ဟု သူမက ပြောခဲ့သည်။

စစ်အစိုးရကို ကျေအေးလိုသည့် အမူအယာ အရိပ်အကဲများကို ဒေါ်အောင်ဆန်းစုကြည်ဘက်က မကြာခဏ ပြသခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲသူရဲကောင်းနှင့် ခေတ်သစ် မြန်မာနိုင်ငံကို တည်ထောင်သူ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်သည်နှင့်အညီ သူမသည် စစ်တပ်၏ စိတ်ဓါတ်ကို နားလည်သူတဦး ဖြစ်ပြီး၊ သူတို့နှင့် အတူတကွ ပူးတွဲ လုပ်ဆောင်ရန်လည်း အသင့်ရှိသူ ဖြစ်သည်။

မြန်မာစပ်တပ်အပေါ်မှာ ကျမတို့ဘက်က စိတ်ရင်း စေတနာကောင်း ထားခဲ့ပါတယ်။ ကျမကိုယ်တိုင်လည်း သူတို့ အပေါ်မှာ လေးစားကြည်ညိုရင်းစွဲ ရှိပါတယ်။ ဘာလို့လဲဆို ကျမကိုယ်တိုင်နဲ့ ကျမအဖေတို့က သူတို့ကို တိုင်းပြည်တွင်းမှာ လူသူ လေးစားခံရတဲ့ အနေအထားကို ရှိစေချင်လို့ပါဘဲ” ဟု စစ်အစိုးရက သူတို့၏ သဘောထားအမှန်ကို ထုတ်ဖေါ်မပြသခင် ရက်သတ္တပတ် အနည်းငယ်အလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် အတူတကွ ထိုင်စကားပြောခဲ့စဉ်က သူမက ထုတ်ဖေါ် ပြောဆိုခဲ့သည်။

ဝန်ကြီးချုပ်သစ် ဗိုလ်ချုပ်ကြီးခင်ညွန့်က အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံကို ကြေညာအပြီး၊ ဖွဲ့စည်းပုံသစ် ရေးဆွဲရေးအတွက် အမျိုးသား ညီလာခံကို ပြန်လည် ကျင်းပတော့မည့် အချိန်ကလည်း နောက်ထပ် “ပျားရည်ဆမ်း ကာလ” တခု ပေါ်ပေါက်ခဲ့သေးသည်။ နောက်ဆုံးတွင် ဒေါ်အောင်ဆန်း စုကြည်နှင့်တကွ သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဤနိုင်ငံရေး ဖြစ်စဉ်တွင် ပါဝင်ခွင့် ပေးတော့မည်လောဟု မျှော်လင့်ချက် ရောင်ခြည် ခပ်ရေးရေးမျှ ပေါ်ခဲ့သေးသည်။

တရုတ်နိုင်ငံ၏ အကြံပေးချက်အရ ၂ဝဝ၄ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်က သူမတို့ အနေဖြင့် အတိတ်ကို အတိတ်မှာပင် ထားခဲ့လိုကြောင်း၊ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ခေတ်သစ် တရပ်ဆီသို့ ရှေ့ဆက် လျှောက်လှမ်းလိုပါကြောင်း သန်းရွှေထံပင် စာရေးသား ပေးပို့ခဲ့သေးသည်။ သို့သော် ဤ ကမ်းလှမ်းချက်သည်လည်း အချည်းနှီးပင် ဖြစ်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်း ထားလိုက်ခြင်းဖြင့် တိုင်းပြည်တွင်း၌ ရှိနေသော သူမ၏ သြဇာအာဏာကို လျှော့ချပစ်နိုင်သည်၊ သူမကို ဘေးဖယ် ထားလိုက်နိုင်ပြီဟု မြန်မာနိုင်ငံ၏ ထိပ်တန်း ဗိုလ်ချုပ်ကြီးက ယုံကြည်နေသည်။ ဤမျှော်လင့်ချက်သည် အလဟဿ မျှော်လင့်ချက်သာ ဖြစ်ကြောင်း ကမ္ဘာတဝှမ်းလုံးတွင် ကျင်းပကြမည့် ကန့်ကွက် ဆန္ဒပြပွဲများ၊ သူမ၏ မွေးနေ့ပွဲများက ပြသကြလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည် ဆိုသည်မှာ မြန်မာနိုင်ငံ တနိုင်ငံထဲတွင်သာ ရှိနေသည့် ဒီမိုကရေစီ၏ ပြယုဂ်မဟုတ်၊ တကမ္ဘာလုံးက လက်ခံ မျှော်လင့်နေသူ ဖြစ်သည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် မစ္စတာ ကိုဖီအာနန် ရာထူး လက်ခံအပြီး မကြာမီ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ကို ခေါင်းဆောင်နိုင်မည့် သူကို ရှာဖွေရန် အကြောင်းပေါ်လာသည်။ “ကျနော် အကြံကောင်းတခု ရထားတယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေး ကော်မရှင်ရဲ့ အကြီးအကဲအဖြစ်နဲ့ ခေါင်းဆောင်ခိုင်းရရင် ကောင်းမလားလို့” ဟု သူနှင့် အပြန်အလှန် ရင်းနှီးသူတဦးကို ကိုဖီအာနန်က ဖွင့်ဟ တိုင်ပင်ခဲ့ဖူးသည်။

သို့သော် ထိုအချိန်က ပထမအကြိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းထားခြင်းမှ လွတ်မြောက်ကာစ ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် ထိုရာထူးကို ဘယ်တော့မှ လက်ခံလိမ့်မည် မဟုတ်ပါ။ သူမမြှုပ်နှံ လုပ်ကိုင်ရန် သံန္နိဌာန် ချထားသည်မှာ မြန်မာ့ ဒီမိုကရေစီ အရေးသာ ဖြစ်သည်။

ယခုကဲ့သို့ မှတ်မိသမျှ မြန်မာနိုင်ငံ၏ အဆိုးဝါးဆုံး သဘာဝ ကပ်ဘေးကြီး ဆိုက်ရောက်နေချိန်၌လည်း ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင်၏ အတွေးများသည် လွန်ခဲ့သော ၆ ပတ်က တိုက်ခတ်သွားခဲ့သည့် မုန်တိုင်းကြီးအတွင်း ဘာမှ မကျန်အောင် ဆုံးရှုံးခဲ့ရသည့် မုန်တိုင်း ဒုက္ခသည်များထံတွင်သာ ရှိနေပါလိမ့်မည်။ စစ်အစိုးရ၏ ကပ်ဘေးကို အလွန်နှေးကွေးစွာ တုံ့ပြန်ဆောင်ရွက်မှု၊ လက်ရှိ ကယ်ဆယ်ရေး လုပ်ငန်းများကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ကြိုးပန်းနေမှုများနှင့် အနာဂါတ်အတွက် ပြန်လည် တည်ဆောက်ရေး စီမံကိန်း ဘာမျှမရှိခြင်းတို့ကြောင့် အဆိုပါ မုန်တိုင်း ဒုက္ခသည်များ၏ ဒုက္ခဆင်းရဲမှာ ပို၍သာ ဆိုးဝါးလာရသည်။

မြန်မာ တနိုင်ငံလုံးကို အုပ်စိုးနေသည့် ဗိုလ်ချုပ်ကြီးများနှင့် လူကောင်သေးသေး ဒီမိုကရေစီ သူရဲကောင်းတို့အကြား ဆန့်ကျင်ကွာခြားမှုမှာ ဤတခါလောက် အတိုင်းသား ပေါ်လွင်နေသည် ဟူ၍မရှိပါ။ သူမသာ ခေါင်းဆောင်ခွင့် ရမည်ဆိုလျှင်၊ သူမသာ လွတ်လွတ်လပ်လပ် ထုတ်ဖေါ်ပြောကြားခွင့် ရမည်ဆိုလျှင် မုန်တိုင်းဒုက္ခသည် ၃ သန်းကျော်အတွက် မိမိတို့အကြား ဆန့်ကျင်ကွဲလွဲမှု မှန်သမျှကို ဘေးဖယ်ထားကာ တိုင်းပြည်အကျိုးအတွက် စစ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိမ့်မည်သာ ဖြစ်သည်။ ထိုဒုက္ခသည် အများအပြားမှာ သောက်ရေသန့်နှင့် အစားအစာများ ရရှိရန် စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။ ထိုအဆင့်များ ပြီးမှသာ ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းအဆင့်ကို စတင်နိုင်မှာ ဖြစ်သည်။

သို့သော် ဤသို့ လုပ်ဆောင်ရမည့်အစား သန်းရွှေနှင့် သူ့အပေါင်းပါ ဗိုလ်ချုပ်ကြီးများကမူ ဤကိစ္စများကို သူတို့တဦးတည်း လုပ်နိုင်သည်ဟု စွဲစွဲမြဲမြဲ ယုံကြည်နဆဲပင် ရှိသေးသည်။ ကြောက်စရာ ကောင်းလှသည့် ရယ်ဘွယ် ဖြစ်ရပ်မှာ ဤသို့ တိုင်းပြည်ကို လျှို့ဝှက်သိပ်သည်းစွာ အုပ်စိုးလိုသည့် ချဉ်းကပ် ဆောင်ရွက်မှုများသည် မုန်တိုင်းဘေးကို ဖြစ်သင့်သည်ထက် ပို၍ ဆိုးဝါးစွာ ဖြစ်ပေါ်စေခဲ့သည်။ ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခြင်း မပြုမီ ရန်ကုန်တိုင်းနှင့် ဧရာဝတီ တိုင်းတွင်းရှိ မုန်တိုင်းဝင်ရောက်မည့် ဒေသများသို့ မုန်တိုင်း စတင်ဖြစ်ပေါ်လျက် ရှိကြောင်း ရက်ပေါင်းများစွာ ကြိုတင် သိရှိခဲ့သော်လည်း မုန်တိုင်း သတိပေးချက်များ ထုတ်ပြန် အသိပေးခြင်း မရှိခဲ့။

မုန်တိုင်း မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခြင်း မပြုမီ အကြိုနေ့က ဤမုန်တိုင်းသတင်းကို လူသိရှင်ကြား ဘာမျှ ထုတ်ပြန်ကြေညာခြင်း မပြုရန် သန်းရွှေ ကိုယ်တိုင်က ညွှန်ကြားခဲ့သည်ဟု အစိုးရ အသိုင်းအဝိုင်း၏ အဆိုအရ သိရသည်။ လူတွေ ကြောက်ကုန်လိမ့်မည်၊ ဘာသတိပေးချက်မှ မထုတ်နှင့်ဟု အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦး ကိုယ်တိုင်က တိုက်ရိုက် အမိန့်ပေးညွှန်ကြားခံခဲ့ရသူ ပြည်သူ့ဝန်ထမ်း တဦးဖြစ်သည့် မိုးလေဝသဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ကမူ သန်းခေါင်ကျော်တွင် ရန်ကုန်ရှိ သူ့မိတ်ဆွေများထံ မိုဘိုင်းဖုံး စာတိုပို့ စနစ်ဖြင့် မုန်တိုင်း သတိပေးချက်ကို ပို့နိုင်သမျှ ပို့ပေးခဲ့သည်။

လေတပ် တိုက်လေယာဉ်များ၊ သန်းရွှေမိသားစု၏ ဖက်စပ်လုပ်ငန်းဟု ယုံကြည်ရသော မြန်မာ စီးပွားရေး သမားကြီး တေဇပိုင် ပုဂံအဲလိုင်း နှင့် မန္တလေး အဲလိုင်းတို့မှ လေယာဉ်များကို မုန်တိုင်း မဝင်ရောက်မီ ညနေကတဲက ရန်ကုန်လေဆိပ်မှ မန္တလေးလေဆိပ်သို့ လုံခြုံစိတ်ချရစေရန် ရွှေ့ပြောင်းပေးထားခဲ့သည်။

“ဒါ သာမန်ပြည်သူတွေရဲ့ လုံခြုံရေးကို လုံးဝ အလေးမထားတဲ့ စစ်ခေါင်းဆောင်တွေရဲ့ လက္ခဏာဘဲ။ သူတို့က စစ်တပ် အကျိုးစီးပွါး ကာကွယ်ရေးကို အရာကိစ္စအားလုံးရဲ့ အထက်မှာ ထားတာ” ဟု အမည်မဖေါ်လိုသူ အစိုးရ အရာရှိတဦးက မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။

မြန်မာ ထိပ်တန်းဗိုလ်ချုပ်ကြီး သန်းရွှေအတွက်မူ အလျှော့ပေး လိုက်လျောရန် အကြောင်းမရှိ။ ဤသည်မှာ မြန်မာနိုင်ငံကို အုပ်စိုးနေသည့် ဗိုလ်ချုပ်ကြီးများအကြား ပေါ်ပေါက်နေသည့် ရယ်ဘွယ်လိလိ ဆင်ခြင်တုံတရားမဲ့မှု ဖြစ်သည်။ အခြား အမျိုးသားခေါင်းဆောင် တဦးတယောက်က အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် သွေးစည်းညီညွတ်ရေးကို မြှင့်တင်နိုင်ရန် ပြောဆို တင်ပြလာလျှင်လည်း မည်မျှကြီးမားသည့် ကပ်ဘေးကြီးနှင့် ကြုံနေရသည် ဖြစ်စေ၊ သူတို့အာဏာ တည်မြဲရေး၊ သူတို့ ရှင်သန်ရပ်တည်နိုင်ရေး အတွက်သာ စစ်အစိုးရ စိတ်ဝင်တစား လုပ်ဆောင်မည်သာ ဖြစ်သည်။

ကံဆိုးမိုးမှောင်ကျမည့် အထက်ဗမာပြည် ခရီးစဉ် မထွက်ခွါမီ နိုင်ငံခြားသား သတင်းစာ ဆရာတဦးနှင့် နောက်ဆုံး စကားပြောဆိုမှုအဖြစ် ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ဆုံးအကြိမ် တွေ့ဆုံခွင့် ရခဲ့သည်။ ထိုအချိန်က တိုင်းပြည်တွင် စစ်မှန်သော နိုင်ငံရေး အပြောင်းအလဲနှင့် ဒီမိုကရေစီသာ ရရှိခဲ့မည်ဆိုလျှင် မည်သို့သော ပုံစံမျိုးနှင့် မြန်မာနိုင်ငံ ပေါ်ထွန်းလာနိုင်ပါသလဲဟု သူမနှင့် စကားပြောဆို ဆွေးနွေးခဲ့သည်။ “ကျမတို့နိုင်ငံက အရှိန်အဟုန်နဲ့ ပြောင်းလဲနေမှာလေ၊ ဒီတော့ ဒါတွေသာ လိုက်စဉ်းစားနေရင် ရှင်သာ ခြေကုန်လက်ပန်း ကျသွားမှာပေါ့” ဟု သူမက ကျနော့်ကို စဉ်းစဉ်းစားစား ပြောကြားခဲ့သည်။

“ဒါပေမယ့် တချိန်တည်းမှာ ကျမကတော့ ကျမတို့နိုင်ငံကို အစဉ်အလာအတိုင်း ဖော်ဖော်ရွေရွေ အေးအေးချမ်းချမ်းရှိတဲ့ နိုင်ငံပဲ ဖြစ်နေစေချင်ပါတယ်။ ကျမတို့ နိုင်ငံက တခြားနိုင်ငံတွေလို ကသုတ်ကရက်နဲ့ ဗျာများနေတဲ့ နိုင်ငံမဟုတ်တာလဲ တကြောင်းပေါ့။ ပြီးတော့ ကျမတို့ နိုင်ငံက တခြားနိုင်ငံတွေထက် ဖွံ့ဖြိုးမှု နောက်ကျတာလဲ တခြားတဘက်က ကြည့်ရင် ခပ်ကောင်းကောင်းပါဘဲ။ သူများတွေ ကြုံခဲ့ရတဲ့ အဆိုးဝါးဆုံး အခြေအနေတွေကို ရှောင်ရှားပြီး ဖွံ့ဖြိုးမှုအတွက် ဘယ်လမ်းကို သွားရမယ် ဆိုတာက တခြား နိုင်ငံတွေရဲ့ အမှားတွေကနေ သင်ခန်းစာ ယူနိုင်တာပေါ့” ဟုလည်း သူမက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ပြဿနာများကို အတူလက်တွဲ ဖြေရှင်းရန် သူမက အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်ကို မြန်မာ စစ်အစိုးရအနေဖြင့် လက်ခံ စဉ်းစားရန် ယခုလောက် ကောင်းသည့်အချိန်မရှိဟု မြင်ပါသည်။ တိုင်းပြည်အပေါ် အဆိုးဝါးဆုံး ကြောက်လန့်ဘွယ် အန္တရာယ် ကြီးကျရောက်တော့မည့် အချိန်တွင် သန်းရွှေအနေဖြင့် လက်ခံ နားထောင်ရန် သင့်ပါပြီ။ အလျှော့ပေး စေ့စပ်လိုသည့် လက္ခဏာများကို ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရကို ကြိမ်ဖန်များစွာ ပြသခဲ့ပြီး ဖြစ်သည်။ ခေတ်သစ် မြန်မာနိုင်ငံကို တည်ထောင်သူနှင့် မြန်မာ့ လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်သူသည် စစ်တပ်၏ စိတ်ခံစားမှုကို နားလည်သူဖြစ်ပြီး သူတို့နှင့် အတူတကွ လက်တွဲဆောင်ရွက်ရန် အသင့်ဖြစ်နေသူလည်း ဖြစ်သည်။

သို့သော် သူ့အနေဖြင့် သူမကို မလိုအပ်၊ အများမြင်ကွင်းတွင် မမြင်ရတာကြာလျှင် သူ့ဖာသာသူ မှေးမှိန်ပျောက်ကွယ် သွားလိမ့်မည်ဟုသာ သန်းရွှေက ယုံကြည်နေဆဲ ဖြစ်သည်။ ဤအချက်လောက် အမှန်တရားနှင့် ကင်းကွာသည့်အရာ ဟူ၍ ရှိမည်မထင်။ ဤသို့ နှစ်ရှည်လများ ဆင်းရဲဒုက္ခ ခံစားခဲ့ရသော်လည်း သူမသည် နဲနဲမှ ယိမ်းယိုင် မသွားခဲ့ပါ။ ၂ဝဝ၂ ခုနှစ် မေလ ၆ ရက်နေ့ အကျယ်ချုပ်မှ သူမ နောက်ဆုံးအကြိမ် လွတ်မြောက်လာခဲ့စဉ်က သူမနှင့် တွေ့ဆုံစဉ် ဤသို့ နှစ်ရှည်လများ အထီးကျန် နေခဲ့ရသဖြင့် သူမတွင် စာဖတ်ချိန်၊ ပြန်လည် စဉ်းစားသုံးသပ်ချိန်၊ တရားထိုင်ချိန် ပိုရခဲ့ကြောင်းကျနော့်ကို ဖွင့်ဟ ပြောကြားခဲ့ဖူးသည်။

သူမ၏ အင်းယားကန် နံဘေး နေအိမ်တွင် လွန်ခဲ့သော ၅ နှစ်လုံးလုံး အထီးကျန် နေရစဉ်တွင်လည်း မြန်မာပြည်သူများ၏ စွန့်လွှတ်မှုနှင့် သူမဖခင်၏ ဆောင်ရွက်ခဲ့ချက်တို့ထံမှ ဈန်ဝင်စားကာ နေလိမ့်မည်ဟု ကျနော် အသေအချာ ပြောရဲပါသည်။ “ကျမ အဖေကြောင့် ကျမမှာ အမြဲဘဲ ခွန်အားသစ်တွေ ရလာတယ်၊ ဈန်ဝင်လာတယ်။ သူ့မိန့်ခွန်းဟောင်းတွေ ဖတ်ကြည့်တိုင်းလည်း အခုထက်ထိ ဒါတွေဟာ အရင်တုံးကလိုဘဲ လက်ရှိ အခြေအနေတွေနဲ့ ကိုက်ညီနေတုံးပါလား လို့ ထင်နေတုံးပါဘဲ။ သူဟာ တကယ့်ကို အမြော်အမြင် ရှိသူတဦးပါ” ဒီချုပ်ဌာနချုပ် ရုံးခန်းမှ ထွက်ခွါစဉ် သူမက ကျနော့်ကို ဖွင့်ဟ ပြောကြားသွားခဲ့ပါသည်။

“သူဟာ တကယ့်ကို လူတွေကို စေ့ဆော်ပေးနိုင်တဲ့ ခေါင်းဆောင်တဦးပါ။ နိုင်ငံရေး အလုပ်က သူ့အတွက် ဘာမှမရခဲ့တာလဲ ကျမ သူ့အတွက် ဂုဏ်ယူပါတယ်။ သူပေးစရာ ရှိတာဘဲ ပေးခဲ့တယ်။ သူ့အတွက် တိုင်းပြည်က ဘာမှမယူခဲ့ဘူး။ တိုင်းပြည်အတွက် သူပေးခဲ့တာတွေ အများကြီးပါ။ ဒါပေမဲ့ သူဘာမှ ပြန်မယူခဲ့ဘူး။ ဒါကို ကျမ သိပ်ဂုဏ်ယူတယ်။ ဒီအချက်က ကျမကို တကယ် စေ့ဆော်ပေးခဲ့တာဘဲ” ဟု သူမက ပြောခဲ့သည်။ သို့သော် သူမဖခင် ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့သည့် မြန်မာ့ တပ်မတော်၏ လက်ရှိ စစ်ခေါင်းဆောင်များသည် ဤသို့ ဂုဏ်ယူဘွယ် စေ့ဆော်မှုမျိုးကို ယခုလို တိုင်းပြည်က အရေးတကြီး လိုအပ်နေချိန်၌ မရယူနိုင်ခဲ့သည်မှာမူ ဝမ်းနည်းဘွယ် ကောင်းပါသည်။

ယခုလို ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်တွင် တဦးတည်း အထီးကျန် ထိုင်နေစဉ်တွင်လည်း အလားတူ မြန်မာပြည်သူများ၏ စွန့်လွှတ်မှုနှင့် သူမဖခင်၏ ဆောင်ရွက်ချက်များတွင် ဈန်ဝင်စားနေလိမ့်မည် ဆိုသည်ကို ကျနော် အသေအချာ ပြောရဲပါသည်။ သူမက သူမတတ်နိုင်သမျှ ကူညီနေလိုလိမ့်မည်၊ သူမ ဘာမျှ မလုပ်နိုင်သည့်အတွက်လည်း သောကနှင့် ဗျာများနေလိမ့်မည်။ ဗိုလ်ချုပ်ကြီးများ ပေကပ်ကပ်နိုင် ခေါင်းမာမှုသည် မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်သို့ ပြန်လည်ရောက်ရှိရေးကို နှောင့်နှေး ကြန့်ကြာစေသည် သာမက၊ သန်းပေါင်းများစွာသော ပြည်သူများ၏ အသက်ကိုလည်း အန္တရာယ်နှင့် ကြုံတွေ့စေလိမ့်မည်။

ယခုအချိန်တွင် အနိမ့်ဆုံးအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက် ဆက်သွယ် စကားပြောဆိုပြီး ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွင် သူမ ဘယ်လို အကူအညီ ပေးနိုင်မည် ဆိုသည်ကို မြန်မာနိုင်ငံ၏ ထိပ်တ်း ဗိုလ်ချုပ်ကြီးက ကြည့်သင့်ပါသည်။ အနာဂါတ်တွင် ဒီချုပ်နှင့် စားပွဲဝိုင်းတွင် တွေ့ဆုံ၍ စစ်မှန်သော နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုများကို လုပ်ဘို့လိုပါသည်။ အတိုက်အခံ ခေါင်းဆောင်၏ ယုံကြည်မှု သံန္နိဌာန်မှာမူ မြန်မာပြည်သူများ၏ ဘဝများတိုးတက် ကောင်းမွန်ရေးသာ ဖြစ်သည် ဆိုသည်မှာ သံသယ ဖြစ်ဘွယ်မရှိပါ။ နိုင်ငံတကာ အကူအညီများ အကူအညီပေးရန် ကြိုးပန်းမှုများ အပြည့်အဝ လုံးဝဥသုံ ရရေးအတွက် သူမဘက်က အလျှော့ပေး လိုက်လျောမှုများ လုပ်ရန် အဆင်သင့် ဖြစ်နေသည် ဆိုခြင်းမှာလည်း သံသယ ဖြစ်စရာ လုံးဝမရှိပါ။


Wednesday, June 18, 2008

မွေးနေ့နိုင်ငံရေး ယဉ်ကျေးမှု

နေသွင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 16:45 - မြန်မာစံတော်ချိန်

လူပုဂ္ဂိုလ်တယောက်ရဲ့ မွေးနေ့ပွဲဆိုတာ ပျော်ပျော်ရွှင်ရွှင် ကျင်းပရတဲ့ ပွဲလမ်းတခုပါ။ ဖယောင်းတိုင်ထွန်း၊ ကိတ်မုန့်လှီး၊ Happy Birthday! ဆိုပြီး၊ ခွက်ချင်းတိုက်ကြတဲ့ အခါသမယပါပဲ။ ဒါပေမဲ့ မြန်မာပြည်ရဲ့ မွေးနေ့ပွဲ ယဉ်ကျေးမှုကတော့ ဒီလို ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေ မဖြစ်တတ်ပါဘူး။

အထူးသဖြင့် မြန်မာပြည်က ဂုဏ်သိက္ခာရှိတဲ့ လူတွေရဲ့ မွေးနေ့ အခမ်းအနားတွေကို သာရေးကိစ္စလို့ နားလည်မိရင် တက်တက်စင် လွဲပါတယ်။ ဒီလိုပွဲလမ်းတွေဟာ သာရေးထက် နာရေးဖြစ်ဖို့ များပါတယ်။ လွတ်လပ်စွာ စည်းရုံးခွင့် မရှိတဲ့ တိုင်းပြည်မှာ အစိုးရနဲ့ သဘောကွဲလွဲတဲ့ အုပ်စုတွေအတွက် ရှားရှားပါးပါး ရရှိတဲ့ စုရုံးလှုပ်ရှားခွင့် ဖြစ်နေတတ်လို့ပါ။

မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက အတိုင်းပဲ မွေးနေ့ရှင် မတက်ရောက်နိုင်တဲ့ မွေးနေ့ပွဲကို ဒီမိုကရေစီ လိုလားသူတွေက ပြည်တွင်းပြည်ပမှာ ကျင်းပမှာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လူသန်းချီပြီး အတိဒုက္ခ ရောက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ် မွေးနေ့ အခမ်းအနားကို ကျင်းပဖို့ စည်းရုံး လှုပ်ရှားသူတွေ အနေနဲ့ ကသိကအောက် ဖြစ်စရာ ကောင်းပါတယ်။ ဒါပေမဲ့ ဇွန်လ ၁၉ ရက်နေ့ဟာ မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကင်းမဲ့မှုကို မီးမောင်းထိုးပြတဲ့ နေ့တနေ့ ဖြစ်တဲ့အတွက် နိုင်ငံရေး လှုပ်ရှားသူတွေ အနေနဲ့ ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ နေအိမ် အကျယ်ချုပ်ဘဝနဲ့ မွေးနေ့ရှင်ဟာ မြန်မာပြည်မှာ ထောင်နဲ့ချီနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ နိမိတ်ပုံဖြစ်သလို လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ ပြည်သူ သန်းပေါင်း ၅ဝ ကျော်ရဲ့ သင်္ကေတ ဖြစ်နေလို့ပါပဲ။ နှစ်စဉ်ဇွန်လ ၁၉ ရက်နေ့ဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်မှုကို ကမ္ဘာကြီးက အာရုံထားမိတဲ့ တဒါဇင်လောက်သာရှိမယ့် နေ့ရက်တွေထဲက ရက် တရက် ဖြစ်နေလို့ပါပဲ။

မြန်မာပြည်ရဲ့ ထူးခြားချက်က သာရေး၊ နာရေးကိစ္စတွေဟာ သာမန် သာရေး၊ နာရေးကိစ္စသက်သက် မဟုတ်ဘဲ အဲဒီခေတ်နဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရကို ဝေဖန်တဲ့ စကားဝိုင်းတွေ ဖြစ်နေတတ်ပါတယ်။ ဒီလို ပွဲလမ်းတွေကနေ အစိုးရ ဆန့်ကျင်သူတွေက အစိုးရကို အာခံဖို့ ကြိုးပမ်းကြတာ ထိပ်တန်း လျှို့ဝှက်ချက်တခု မဟုတ်တော့ပါဘူး။ ဒီမိုကရေစီ လိုလားသူတွေရော၊ အစိုးရတွေ ကိုယ်တိုင်ရော ကောင်းစွာ သဘောပေါက်ထားတဲ့၊ လူတိုင်းသိတဲ့ လျှို့ဝှက်ချက် တခုသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို လူစုလူဝေး ကိစ္စတွေကို အစိုးရက မျက်ခြေ အပြတ်မခံသလို ဆန့်ကျင်ဘက် အုပ်စုတွေကလည်း ဘယ်တုန်းကမှ လက်လွှတ်မခံခဲ့ပါဘူး။

ထင်ရှားတဲ့ အဖြစ်အပျက်တွေကတော့ ၁၉၇၆ မတ်လ ၂၃ မှာ ကျရောက်တဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ နှစ် ၁ဝဝ ပြည့်မွေးနေ့ကို အကြောင်းပြု ဖြစ်ပွားခဲ့တဲ့ မှိုင်းရာပြည့် အရေးတော်ပုံ၊ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ဈာပနကို အကြောင်းပြု ဖြစ်ပွားခဲ့တဲ့ ဦးသန့် အရေးအခင်းတို့ ဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှုတွေဟာ အစပိုင်းမှာ သာရေး၊ နာရေးကိစ္စလို့ ထင်ရပေမယ့် အစိုးရနဲ့ ဆန့်ကျင်ဘက် အင်အားစုတွေကြားမှာ ထိပ်တိုက်တွေ့မှုနဲ့ အဆုံးသတ်သွားပါတယ်။ အစိုးရ ဖြုတ်ချရေးအတွက် လှုပ်ရှားတဲ့ ဒီ အဖြစ်အပျက် ၂ ခုစလုံးမှာ ကျောင်းသားပေါင်း ရာချီ အဖမ်းခံခဲ့ရသလို အစိုးရ ဆန့်ကျင်တဲ့ မျိုးဆက်သစ် များစွာကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကွယ်လွန်တဲ့ နိုင်ငံကျော် စာရေးဆရာ သခင်မြသန်း၊ ၁၉၇၈ မှာ ကွယ်လွန်တဲ့ စာရေးဆရာ ဗမော်တင်အောင်တို့ရဲ့ ဈာပန အခမ်းအနားတွေဟာလည်း သာမန် နာရေးကိစ္စသာမက နိုင်ငံရေး အဓိပ္ပာယ်တွေ ပျော်ဝင်နေခဲ့ပါတယ်။ ဒီလက်ဝဲ စာရေးဆရာ ၂ ယောက် စလုံးဟာ စစ်အစိုးရကို အံတုလို့ အကျဉ်းထောင်နဲ့ ကျွန်းတွေမှာ သက်တမ်း အတော်များများ ကျင်လည်ခဲ့သူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ မန္တလေးက လူထု သတင်းစာ ဆရာမကြီးရဲ့ ဈာပနကို ဒီမိုကရေစီ ဘက်တော်သားတွေ တက်ရောက်ကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်အကျယ်ချုပ် ဘဝကနဲ့ နှင်းဆီပန်းခွေတခွေ ပို့ခဲ့ပါသေးတယ်။ ဒီဘက်ခေတ်မှာ ဒေါ်အမာ၊ ဆရာကြီး ဒဂုံတာရာတို့ရဲ့ မွေးနေ့ တွေဟာ ဒီမိုကရေစီဘက် တော်သားတွေအတွက် ဆုံချက်ဖြစ်ပါတယ်။ ဒေါ်အမာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ၉၂ ပြည့် မွေးနေ့ကို နောက်ဆုံး ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့မှာ အသက် ၉ဝ ပြည့်သွားတဲ့ ဆရာကြီး ဒဂုံတာရာကတော့ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး၊ လူမှုရေး အကျပ်အတည်းတွေ အောက်မှာ မွေးနေ့ပွဲ မကျင်းပလိုတာကြောင့် ထားလိုက်ပါတယ်။ မေလ ၂-၃ ရက်နေ့ မုန်တိုင်းနဲ့၊ မေလ ၁ဝ ရက်နေ့မှာ စစ်အစိုးရက လူထုဆန္ဒ ခံယူပွဲတို့ဟာ ဆရာကြီးရဲ့ မွေးနေ့ပွဲကို ဖျက်ဆီးခဲ့တဲ့ အဓိက လက်သည်တွေ ဖြစ်ပါတယ်။

မွေးနေ့ပွဲလို၊ ဈာပနလို့ သာမန်ကိစ္စတွေဟာ အစိုးရရေးအထိ ဖြစ်လာဖူးတဲ့ အတိတ်က သင်ခန်းစာကြောင့် စစ်အစိုးရ ထောက်လှမ်းရေးတွေရဲ့ ကင်မရာ မီးရောင်အောက်မှာ ကျင်းပရလေ့ ရှိပါတယ်။ ဒီအခြေအနေတွေ အောက်မှာပဲ ဒေါ်အမာတို့၊ ဒဂုံတာရာတို့ရဲ့ မွေးနေ့ပွဲတွေကို မြန်မာပြည် အရပ်ရပ်က ဒီမိုကရေစီ အင်အားစုတွေ အရောက် လာကြပါတယ်။ အခမ်းအနားမှာ မွေးနေ့ရှင်ကို ဂုဏ်ပြုကြရုံ သက်သက်မဟုတ်ဘဲ မြန်မာပြည် ရဲ့ နိုင်ငံရေး အခြေအနေ အရပ်ရပ်ကို သုံးသပ်ကြ၊ အကြောင်းအမျိုးမျိုးကြောင့် မွေးနေ့ပွဲ မတက်ရောက်နိုင်တဲ့ သူတွေကို အောက်မေ့ကြ၊ လမ်းခုလတ်မှာ ကျဆုံးသွားတဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို သစ္စာပြုကြ စတဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေကို တက်ရောက်လာသူတွေက မမေ့မလျော့ လုပ်ဆောင်ကြပါတယ်။ တနည်း ပြောရရင် မြန်မာပြည်က သြဇာ တက္ကမကြီးတဲ့ မွေးနေ့ပွဲ အခမ်းအနားတွေဟာ စစ်အစိုးရ လက်အောက်မှာ ရှားရှားပါးပါးရတဲ့ လူထုတွေရဲ့ ပြောရေးဆိုခွင့်၊ စစ်အစိုးရကို ဝေဖန်ခွင့်နဲ့ နားထောင်ခွင့်ရတဲ့ နိုင်ငံရေး တရားပွဲတွေ ဖြစ်ပါတယ်။

အထက်က မွေးနေ့ပွဲတွေအပြင် လုပ်ဖော်ကိုင်ဘက် လူတစုလောက်နဲ့ အကျဉ်းရုံးကျင်းပတဲ့ မွေးနေ့ပွဲတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကလည်း လွတ်လပ်ရေးတိုက်ပွဲဝင် သခင်သိန်းဖေရဲ့ ၉၂ နှစ်ပြည့်မွေးနေ့ကို ရန်ကုန်မှာ ကျင်းပပြီး သခင်တွေက မြန်မာပြည် အခြေအနေ ဟာ လွတ်လပ်ရေး မရခင်ကထက် လူ့အခွင့်အရေး ဆုံးရူံးမှုတွေ ရှိတယ်လို့ ရေးထားတဲ့ စစ်အစိုးရကို ဝေဖန်တဲ့ သဘောထားကို ထုတ်ပြန် ပါတယ်။ မတ်လ ၁၂ ရက်နေ့ကလည်း ဟံသာဝတီဦးဝင်းတင်ရဲ့ မွေးနေ့ အခမ်းအနားကို လုပ်ဖော်ကိုင်ဘက် သတင်းစာဆရာတွေက နှစ်စဉ် ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါသေးတယ်။ ၇၈ နှစ်ပြည့်မွေးနေ့မှာ ဦးဝင်းတင်က “စု၊ လွှတ်၊ တွေ့” ဆိုတဲ့ သူရဲ့မူကို မွေးနေ့ သတင်းစကားအဖြစ် အင်းစိန်ထောင်ထဲကနေ အပြင်ကမ္ဘာကို သတင်းစကား ပါးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပါ၊ လွှတ်တော်ခေါ်ပါ။ တွေ့ဆုံ ဆွေးနွေးပါဆိုတဲ့ အဓိပ္ပာယ်ပါ။

မွေးနေ့ပွဲ နိုင်ငံရေး ယဉ်ကျေးမှုကို အတိုက်အခံတွေ သာမက စစ်အစိုးရဘက်ကလည်း အသုံးပြုခဲ့တာတွေလည်း ရှိပါတယ်၊ အထင်ရှားဆုံး ကတော့ ကွယ်လွန်သွားတဲ့ ကရင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြရဲ့ မွေးနေ့ကို ဗိုလ်ချုပ်ခင်ညွန့်က ရန်ကုန်မြို့မှာ ခမ်းခမ်းနားနား ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ ကရင်အမျိုးသားဝတ်စုံ ဝတ်ထားတဲ့ ထောက်လှမ်းရေး ခေါင်းဆောင်ကြီးဟာ ကရင့် အမျိုးသား ခေါင်းဆောင်ကြီး အတွက် ဟန်ပါပါ မွေးနေ့ ဆုတောင်း ပေးခဲ့တဲ့ပုံရိပ်ဟာ ဟာသ ဆန်ခဲ့ပါတယ်။ စစ်အစိုးရ ခေါင်းဆောင်တွေထဲမှာ သံခင်တမန်ခင်း အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ ထောက်လှမ်းရေး ခေါင်းဆောင်ဟာ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ မိခင်ဖြစ်တဲ့ ဒေါ်အမာရဲ့ မွေးနေ့ကို ပန်းခြင်းပို့ခဲ့တဲ့ အခါလည်း ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီတကြိမ်ကလည်း ကြောင်တောင်တောင် လူရယ်စရာ အဖြစ်အပျက်တခုပဲ ဖြစ်ခဲ့ရပါတယ်။

အစကို ပြန်ကောက်ရရင် မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၃ နှစ်ပြည့်ပါတယ်။ ပြီးခဲ့တဲ့ တလအတွင်းကလည်း ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးထက် ဒုက္ခသည်တွေ အရေးကို ပိုအာရုံစိုက်သင့်တယ် ဆိုတဲ့ အယူအဆတခုက ရေပန်းစားခဲ့ပါသေးတယ်။ အခုလည်း ဧရာဝတီတိုင်းမှာ အခြေအနေ ဆိုးနေတုန်းပါပဲ။ ဒီလိုအခြေအနေနဲ့ တိုက်ဆိုင်စွာပဲ လူထုခေါင်းဆောင်က အသက် ၆၃ နှစ်ပြည့်သွားတာပါ။ မုန်တိုင်းကြောင့် လူသန်းချီ ဒုက္ခရောက်နေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စ၊ တနည်း မွေးနေ့ပွဲ ကျင်းပရတာ မလျှော်ကန်ဘူးဆိုတဲ့ အမြင်တွေ ပေါ်ထွက်လာတာ မဆန်းပါဘူး။ ဒါပေမဲ့ မနက်ဖြန် မွေးနေ့ပွဲမှာ “Happy Birthday!” ဟာ သာမန်ကိစ္စသာ ဖြစ်ပါတယ်။ စည်းရုံး ဆော်သြသူတွေ အနေနဲ့ လူပုဂ္ဂိုလ်တွေ၊ အဖြစ်အပျက်တွေထက် အဲဒါတွေနောက်မှာ ရှိတဲ့လေးနက်တဲ့ တန်ဖိုးတွေကို မျက်ခြေပြတ်မယ်လို့တော့ မထင်ပါဘူး။

မွေးနေ့နိုင်ငံရေး ယဉ်ကျေးမှု

နေသွင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 16:45 - မြန်မာစံတော်ချိန်

လူပုဂ္ဂိုလ်တယောက်ရဲ့ မွေးနေ့ပွဲဆိုတာ ပျော်ပျော်ရွှင်ရွှင် ကျင်းပရတဲ့ ပွဲလမ်းတခုပါ။ ဖယောင်းတိုင်ထွန်း၊ ကိတ်မုန့်လှီး၊ Happy Birthday! ဆိုပြီး၊ ခွက်ချင်းတိုက်ကြတဲ့ အခါသမယပါပဲ။ ဒါပေမဲ့ မြန်မာပြည်ရဲ့ မွေးနေ့ပွဲ ယဉ်ကျေးမှုကတော့ ဒီလို ဖြစ်ရိုးဖြစ်စဉ် ကိစ္စတွေ မဖြစ်တတ်ပါဘူး။

အထူးသဖြင့် မြန်မာပြည်က ဂုဏ်သိက္ခာရှိတဲ့ လူတွေရဲ့ မွေးနေ့ အခမ်းအနားတွေကို သာရေးကိစ္စလို့ နားလည်မိရင် တက်တက်စင် လွဲပါတယ်။ ဒီလိုပွဲလမ်းတွေဟာ သာရေးထက် နာရေးဖြစ်ဖို့ များပါတယ်။ လွတ်လပ်စွာ စည်းရုံးခွင့် မရှိတဲ့ တိုင်းပြည်မှာ အစိုးရနဲ့ သဘောကွဲလွဲတဲ့ အုပ်စုတွေအတွက် ရှားရှားပါးပါး ရရှိတဲ့ စုရုံးလှုပ်ရှားခွင့် ဖြစ်နေတတ်လို့ပါ။

မနက်ဖြန် ဇွန်လ ၁၉ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက အတိုင်းပဲ မွေးနေ့ရှင် မတက်ရောက်နိုင်တဲ့ မွေးနေ့ပွဲကို ဒီမိုကရေစီ လိုလားသူတွေက ပြည်တွင်းပြည်ပမှာ ကျင်းပမှာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လူသန်းချီပြီး အတိဒုက္ခ ရောက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၃ နှစ် မွေးနေ့ အခမ်းအနားကို ကျင်းပဖို့ စည်းရုံး လှုပ်ရှားသူတွေ အနေနဲ့ ကသိကအောက် ဖြစ်စရာ ကောင်းပါတယ်။ ဒါပေမဲ့ ဇွန်လ ၁၉ ရက်နေ့ဟာ မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကင်းမဲ့မှုကို မီးမောင်းထိုးပြတဲ့ နေ့တနေ့ ဖြစ်တဲ့အတွက် နိုင်ငံရေး လှုပ်ရှားသူတွေ အနေနဲ့ ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ပါဘူး။ နေအိမ် အကျယ်ချုပ်ဘဝနဲ့ မွေးနေ့ရှင်ဟာ မြန်မာပြည်မှာ ထောင်နဲ့ချီနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ နိမိတ်ပုံဖြစ်သလို လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ ပြည်သူ သန်းပေါင်း ၅ဝ ကျော်ရဲ့ သင်္ကေတ ဖြစ်နေလို့ပါပဲ။ နှစ်စဉ်ဇွန်လ ၁၉ ရက်နေ့ဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်မှုကို ကမ္ဘာကြီးက အာရုံထားမိတဲ့ တဒါဇင်လောက်သာရှိမယ့် နေ့ရက်တွေထဲက ရက် တရက် ဖြစ်နေလို့ပါပဲ။

မြန်မာပြည်ရဲ့ ထူးခြားချက်က သာရေး၊ နာရေးကိစ္စတွေဟာ သာမန် သာရေး၊ နာရေးကိစ္စသက်သက် မဟုတ်ဘဲ အဲဒီခေတ်နဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရကို ဝေဖန်တဲ့ စကားဝိုင်းတွေ ဖြစ်နေတတ်ပါတယ်။ ဒီလို ပွဲလမ်းတွေကနေ အစိုးရ ဆန့်ကျင်သူတွေက အစိုးရကို အာခံဖို့ ကြိုးပမ်းကြတာ ထိပ်တန်း လျှို့ဝှက်ချက်တခု မဟုတ်တော့ပါဘူး။ ဒီမိုကရေစီ လိုလားသူတွေရော၊ အစိုးရတွေ ကိုယ်တိုင်ရော ကောင်းစွာ သဘောပေါက်ထားတဲ့၊ လူတိုင်းသိတဲ့ လျှို့ဝှက်ချက် တခုသာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို လူစုလူဝေး ကိစ္စတွေကို အစိုးရက မျက်ခြေ အပြတ်မခံသလို ဆန့်ကျင်ဘက် အုပ်စုတွေကလည်း ဘယ်တုန်းကမှ လက်လွှတ်မခံခဲ့ပါဘူး။

ထင်ရှားတဲ့ အဖြစ်အပျက်တွေကတော့ ၁၉၇၆ မတ်လ ၂၃ မှာ ကျရောက်တဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ နှစ် ၁ဝဝ ပြည့်မွေးနေ့ကို အကြောင်းပြု ဖြစ်ပွားခဲ့တဲ့ မှိုင်းရာပြည့် အရေးတော်ပုံ၊ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ဈာပနကို အကြောင်းပြု ဖြစ်ပွားခဲ့တဲ့ ဦးသန့် အရေးအခင်းတို့ ဖြစ်ပါတယ်။ အဲဒီ လှုပ်ရှားမှုတွေဟာ အစပိုင်းမှာ သာရေး၊ နာရေးကိစ္စလို့ ထင်ရပေမယ့် အစိုးရနဲ့ ဆန့်ကျင်ဘက် အင်အားစုတွေကြားမှာ ထိပ်တိုက်တွေ့မှုနဲ့ အဆုံးသတ်သွားပါတယ်။ အစိုးရ ဖြုတ်ချရေးအတွက် လှုပ်ရှားတဲ့ ဒီ အဖြစ်အပျက် ၂ ခုစလုံးမှာ ကျောင်းသားပေါင်း ရာချီ အဖမ်းခံခဲ့ရသလို အစိုးရ ဆန့်ကျင်တဲ့ မျိုးဆက်သစ် များစွာကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ ကွယ်လွန်တဲ့ နိုင်ငံကျော် စာရေးဆရာ သခင်မြသန်း၊ ၁၉၇၈ မှာ ကွယ်လွန်တဲ့ စာရေးဆရာ ဗမော်တင်အောင်တို့ရဲ့ ဈာပန အခမ်းအနားတွေဟာလည်း သာမန် နာရေးကိစ္စသာမက နိုင်ငံရေး အဓိပ္ပာယ်တွေ ပျော်ဝင်နေခဲ့ပါတယ်။ ဒီလက်ဝဲ စာရေးဆရာ ၂ ယောက် စလုံးဟာ စစ်အစိုးရကို အံတုလို့ အကျဉ်းထောင်နဲ့ ကျွန်းတွေမှာ သက်တမ်း အတော်များများ ကျင်လည်ခဲ့သူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ ကွယ်လွန်သွားတဲ့ မန္တလေးက လူထု သတင်းစာ ဆရာမကြီးရဲ့ ဈာပနကို ဒီမိုကရေစီ ဘက်တော်သားတွေ တက်ရောက်ကြသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်အကျယ်ချုပ် ဘဝကနဲ့ နှင်းဆီပန်းခွေတခွေ ပို့ခဲ့ပါသေးတယ်။ ဒီဘက်ခေတ်မှာ ဒေါ်အမာ၊ ဆရာကြီး ဒဂုံတာရာတို့ရဲ့ မွေးနေ့ တွေဟာ ဒီမိုကရေစီဘက် တော်သားတွေအတွက် ဆုံချက်ဖြစ်ပါတယ်။ ဒေါ်အမာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က ၉၂ ပြည့် မွေးနေ့ကို နောက်ဆုံး ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁ဝ ရက်နေ့မှာ အသက် ၉ဝ ပြည့်သွားတဲ့ ဆရာကြီး ဒဂုံတာရာကတော့ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး၊ လူမှုရေး အကျပ်အတည်းတွေ အောက်မှာ မွေးနေ့ပွဲ မကျင်းပလိုတာကြောင့် ထားလိုက်ပါတယ်။ မေလ ၂-၃ ရက်နေ့ မုန်တိုင်းနဲ့၊ မေလ ၁ဝ ရက်နေ့မှာ စစ်အစိုးရက လူထုဆန္ဒ ခံယူပွဲတို့ဟာ ဆရာကြီးရဲ့ မွေးနေ့ပွဲကို ဖျက်ဆီးခဲ့တဲ့ အဓိက လက်သည်တွေ ဖြစ်ပါတယ်။

မွေးနေ့ပွဲလို၊ ဈာပနလို့ သာမန်ကိစ္စတွေဟာ အစိုးရရေးအထိ ဖြစ်လာဖူးတဲ့ အတိတ်က သင်ခန်းစာကြောင့် စစ်အစိုးရ ထောက်လှမ်းရေးတွေရဲ့ ကင်မရာ မီးရောင်အောက်မှာ ကျင်းပရလေ့ ရှိပါတယ်။ ဒီအခြေအနေတွေ အောက်မှာပဲ ဒေါ်အမာတို့၊ ဒဂုံတာရာတို့ရဲ့ မွေးနေ့ပွဲတွေကို မြန်မာပြည် အရပ်ရပ်က ဒီမိုကရေစီ အင်အားစုတွေ အရောက် လာကြပါတယ်။ အခမ်းအနားမှာ မွေးနေ့ရှင်ကို ဂုဏ်ပြုကြရုံ သက်သက်မဟုတ်ဘဲ မြန်မာပြည် ရဲ့ နိုင်ငံရေး အခြေအနေ အရပ်ရပ်ကို သုံးသပ်ကြ၊ အကြောင်းအမျိုးမျိုးကြောင့် မွေးနေ့ပွဲ မတက်ရောက်နိုင်တဲ့ သူတွေကို အောက်မေ့ကြ၊ လမ်းခုလတ်မှာ ကျဆုံးသွားတဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေကို သစ္စာပြုကြ စတဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေကို တက်ရောက်လာသူတွေက မမေ့မလျော့ လုပ်ဆောင်ကြပါတယ်။ တနည်း ပြောရရင် မြန်မာပြည်က သြဇာ တက္ကမကြီးတဲ့ မွေးနေ့ပွဲ အခမ်းအနားတွေဟာ စစ်အစိုးရ လက်အောက်မှာ ရှားရှားပါးပါးရတဲ့ လူထုတွေရဲ့ ပြောရေးဆိုခွင့်၊ စစ်အစိုးရကို ဝေဖန်ခွင့်နဲ့ နားထောင်ခွင့်ရတဲ့ နိုင်ငံရေး တရားပွဲတွေ ဖြစ်ပါတယ်။

အထက်က မွေးနေ့ပွဲတွေအပြင် လုပ်ဖော်ကိုင်ဘက် လူတစုလောက်နဲ့ အကျဉ်းရုံးကျင်းပတဲ့ မွေးနေ့ပွဲတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကလည်း လွတ်လပ်ရေးတိုက်ပွဲဝင် သခင်သိန်းဖေရဲ့ ၉၂ နှစ်ပြည့်မွေးနေ့ကို ရန်ကုန်မှာ ကျင်းပပြီး သခင်တွေက မြန်မာပြည် အခြေအနေ ဟာ လွတ်လပ်ရေး မရခင်ကထက် လူ့အခွင့်အရေး ဆုံးရူံးမှုတွေ ရှိတယ်လို့ ရေးထားတဲ့ စစ်အစိုးရကို ဝေဖန်တဲ့ သဘောထားကို ထုတ်ပြန် ပါတယ်။ မတ်လ ၁၂ ရက်နေ့ကလည်း ဟံသာဝတီဦးဝင်းတင်ရဲ့ မွေးနေ့ အခမ်းအနားကို လုပ်ဖော်ကိုင်ဘက် သတင်းစာဆရာတွေက နှစ်စဉ် ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါသေးတယ်။ ၇၈ နှစ်ပြည့်မွေးနေ့မှာ ဦးဝင်းတင်က “စု၊ လွှတ်၊ တွေ့” ဆိုတဲ့ သူရဲ့မူကို မွေးနေ့ သတင်းစကားအဖြစ် အင်းစိန်ထောင်ထဲကနေ အပြင်ကမ္ဘာကို သတင်းစကား ပါးလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပါ၊ လွှတ်တော်ခေါ်ပါ။ တွေ့ဆုံ ဆွေးနွေးပါဆိုတဲ့ အဓိပ္ပာယ်ပါ။

မွေးနေ့ပွဲ နိုင်ငံရေး ယဉ်ကျေးမှုကို အတိုက်အခံတွေ သာမက စစ်အစိုးရဘက်ကလည်း အသုံးပြုခဲ့တာတွေလည်း ရှိပါတယ်၊ အထင်ရှားဆုံး ကတော့ ကွယ်လွန်သွားတဲ့ ကရင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မြရဲ့ မွေးနေ့ကို ဗိုလ်ချုပ်ခင်ညွန့်က ရန်ကုန်မြို့မှာ ခမ်းခမ်းနားနား ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ ကရင်အမျိုးသားဝတ်စုံ ဝတ်ထားတဲ့ ထောက်လှမ်းရေး ခေါင်းဆောင်ကြီးဟာ ကရင့် အမျိုးသား ခေါင်းဆောင်ကြီး အတွက် ဟန်ပါပါ မွေးနေ့ ဆုတောင်း ပေးခဲ့တဲ့ပုံရိပ်ဟာ ဟာသ ဆန်ခဲ့ပါတယ်။ စစ်အစိုးရ ခေါင်းဆောင်တွေထဲမှာ သံခင်တမန်ခင်း အကောင်းဆုံးလို့ သတ်မှတ်ခံရတဲ့ ထောက်လှမ်းရေး ခေါင်းဆောင်ဟာ ဒီမိုကရေစီ ဘက်တော်သားတွေရဲ့ မိခင်ဖြစ်တဲ့ ဒေါ်အမာရဲ့ မွေးနေ့ကို ပန်းခြင်းပို့ခဲ့တဲ့ အခါလည်း ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီတကြိမ်ကလည်း ကြောင်တောင်တောင် လူရယ်စရာ အဖြစ်အပျက်တခုပဲ ဖြစ်ခဲ့ရပါတယ်။

အစကို ပြန်ကောက်ရရင် မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၃ နှစ်ပြည့်ပါတယ်။ ပြီးခဲ့တဲ့ တလအတွင်းကလည်း ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေးထက် ဒုက္ခသည်တွေ အရေးကို ပိုအာရုံစိုက်သင့်တယ် ဆိုတဲ့ အယူအဆတခုက ရေပန်းစားခဲ့ပါသေးတယ်။ အခုလည်း ဧရာဝတီတိုင်းမှာ အခြေအနေ ဆိုးနေတုန်းပါပဲ။ ဒီလိုအခြေအနေနဲ့ တိုက်ဆိုင်စွာပဲ လူထုခေါင်းဆောင်က အသက် ၆၃ နှစ်ပြည့်သွားတာပါ။ မုန်တိုင်းကြောင့် လူသန်းချီ ဒုက္ခရောက်နေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စ၊ တနည်း မွေးနေ့ပွဲ ကျင်းပရတာ မလျှော်ကန်ဘူးဆိုတဲ့ အမြင်တွေ ပေါ်ထွက်လာတာ မဆန်းပါဘူး။ ဒါပေမဲ့ မနက်ဖြန် မွေးနေ့ပွဲမှာ “Happy Birthday!” ဟာ သာမန်ကိစ္စသာ ဖြစ်ပါတယ်။ စည်းရုံး ဆော်သြသူတွေ အနေနဲ့ လူပုဂ္ဂိုလ်တွေ၊ အဖြစ်အပျက်တွေထက် အဲဒါတွေနောက်မှာ ရှိတဲ့လေးနက်တဲ့ တန်ဖိုးတွေကို မျက်ခြေပြတ်မယ်လို့တော့ မထင်ပါဘူး။

Monday, June 16, 2008

ခြင်္သေ့ကြီး မျက်လုံးနီနေပြီ

နေသန်မောင်
တနင်္လာနေ့၊ ဇွန်လ 16 2008 23:28 - မြန်မာစံတော်ချိန်

ဒီကနေ့ ကမ္ဘာမှာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး သိပံ္ပနည်းကျ ဆောင်ရန်၊ ရှောင်ရန်တွေကို ပညာရှင်တွေက နေ့စဉ်လိုလို စိုးရိမ်တကြီး သတိပေးနေပေမယ့် ဖွံ့ဖြိုးမှု နောက်ကျတဲ့ ဘာသာရေးအရ၊ သက်ဝင် ယုံကြည်မှုအရ မြန်မာ အပါအဝင် အာရှတိုက်သား အများစုရဲ့ ရာသီဥတု အပေါ် ယူဆချက်တွေက အများအားဖြင့် တူညီကြပါတယ်။

မီး အကြီးအကျယ်လောင်တာ၊ တောလဲသံကြီးတွေ မြည်ဟီးပြီး မြေငလျှင်တွေ လှုပ်တာ၊ ရေကြီးတာ၊ မုန်တိုင်းဝင်တာ၊ အဲဒါတွေရဲ့ နောက်ဆက် တွဲအဖြစ် အစာရေစာ ငတ်မွတ်ခေါင်းပါးတဲ့ ကပ်ဘေးတွေ ဆိုက်တာ၊ လူပေါင်း သိန်း၊ သန်းချီ သေကြေပျက်စီးတာတွေဟာ ကောင်းကင်ဘုံရဲ့ နိမိတ်လက္ခာတွေအဖြစ် ခိုင်ခိုင်မာမာ ယုံကြည်နေကြပါတယ်။

ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတု ဖောက်ပြန်တာတွေဟာ လူတွေရဲ့ အမှားကြောင့်ဆိုတာ အားလုံး လက်ခံထားကြသလို သဘာဝ ကပ်ဘေးတွေ ရက်ဆက်ဆိုသလို ကြုံတွေ့ရတာ။ မထင်မှတ်တဲ့ အချိန်မှာ ဆိုးဆိုးရွားရွား ကြုံရတာတွေဟာ အုပ်ချုပ်သူတွေရဲ့ ပြည်သူတွေအပေါ် ဓမ္မနဲ့အညီ မအုပ်ချုပ်တာ၊ လူတွေအချင်းချင်း သစ္စာတရား ကင်းမဲ့ပြီး ဒုစရိုက်တွေ ပေါများလာတာ၊ လူ့ကျင့်ဝတ်တွေ ဖောက်ပြားပြီး မောဟ၊ ဒေါသ၊ မာန်မာနတွေ ဖုံးလွှမ်းတာတွေကြောင့် ကောင်းကင်ဘုံကနေ လောကလူသားတွေအပေါ် ပြစ်ဒဏ်ခတ်တာလို့ ဘာသာရေးဆိုင်ရာ တရားတော်တွေအရ ကောက်ချက် ဆွဲကြပါတယ်။

အထူးသဖြင့် ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ သိန်းနဲ့ချီတဲ့ သံဃာတော်တွေ မိုးထဲလေထဲ ပြည်သူ့ အကျပ်အတည်းတွေအတွက် လမ်းမတွေ ထွက် ကြွချီပြီး မြို့ရွာတွေအနှံ့ မေတ္တာသုတ် ရွတ်ဖတ် သရဇ္ဈယ်တဲ့အပေါ် မြန်မာစစ်အစိုးက လက်နက်နဲ့ အကြမ်းဖက် ဖြိုခွဲပြီး သံဃာတော်တွေကို စာသင်တိုက်တွေကနေ မောင်းထုတ်ခဲ့တာ၊ ဖမ်းဆီး ထောင်ချခဲ့တာတွေအပေါ် ဗုဒ္ဓဘာသာဝင် လူထုဟာ သွေးပျက်ထိတ်လန့်စွာ ကြုံတွေ့ခဲ့ရ ပါတယ်။

ဓမ္မတရားကို ဖောက်ပြန်ပြီး ပြည်ရဲ့ ဦးခေါင်း၊ လက်ရုံးနဲ့ မျက်လုံးတွေ သုတ်သင်ခံရပြီဆိုတဲ့ အချိန်မှာ ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ခတ်တာကို ခံရတော့မယ်လို့ လူတွေက တထစ်ချ ယုံကြည်ခဲ့ကြပါတယ်။

ဒီလို အခြေအနေတွေ ကြုံရတဲ့အခါမှာ မြန်မာပြည်သူတွေဟာ ထီးကျိုးစည်ပေါက် ဖြစ်ခဲ့ရတဲ့ အတိတ်ကာလက အတွေ့အကြုံတွေနဲ့ ယှဉ်ထိုးပြီး ဒီကနေ့ ရှင်ဘုရင်ရူး ရူးနေတဲ့ သန်းရွှေနဲ့ စစ်ဗိုလ်ချုပ်တွေအတွက် နေဝင်ချိန်ဟာ ၂ဝဝ၈ မကျော်တော့ဘူးလို့ ခန့်မှန်းလာကြပါတယ်။ အတိတ် တဘောင်တွေ၊ ဗေဒင်ယတြာတွေနဲ့အတူ လူထုဟာ သူတို့နည်း သူတို့ဟန်နဲ့ သစ္စာတရားရဲ့ ထာဝရ မှန်ကန်ခြင်းကို ဆုတ်ကိုင်ကြပါတယ်။

အနီးစပ်ဆုံး ဆွဲယူပြတဲ့ ဥပမာတွေကတော့ မြန်မာလူမျိုးတွေရဲ့ နောက်ဆုံးဘုရင် သီပေါမင်းလက်ထက် နန်းတွင်းက မင်းညီမင်းသားတွေ အစုလိုက်အပြုံလိုက် သုတ်သင်မှုရဲ့ နောက်ဆက်တွဲ နိုင်ငံအနှံ့ လုံခြုံမှုလျော့ရဲပြီး စီးပွားပျက် ကပ်ဆိုက်မှု၊ အထက်မြန်မာနိုင်ငံအနှံ့ ကျောက်ရောဂါ ကပ် တမဟုတ်ချင်း ပျံ့နှံ့ပြီး သီပေါရဲ့ တဦးတည်းသော သားတော် သေဆုံးခဲ့မှု၊ ပါတော်မမူခင် ကောင်းကင်တခွင်လုံး သွေးတွေ ပက်ကြဲထား သလို နီရဲနေခြင်း၊ မိုးကြိုးပစ်ခြင်း၊ အချိန်အခါမဟုတ် လျပ်ပြက်ကာ လေပြင်းတိုက်ခြင်း စသည့် နိမိတ်များအကြောင်း ပါးစပ်စကားနဲ့တဆင့် သယ်ဆောင်ခဲ့ပါတယ်။

ဒုတိယမြောက် ထင်ရှားတဲ့ ဥပမာကတော့ အာဏာရှင် ဦးနေဝင်းလက်ထက် (၁၉၆၂-၁၉၈၈) နှစ်ပေါင်း ထောင်ချီ တည်တံ့ခဲ့တဲ့ ပုဂံမြေက တန်ခိုးကြီးဘုရားတွေ အများအပြား ၁၉၇၅ ခုနှစ်မှာ ကြီးမားတဲ့ ငလျှင်ဘေးကြောင့် မြေပြင်ပေါ် ပြားပြားဝပ်ခဲ့ပါတယ်။ နောက်ထပ် ၄ နှစ်အကြာ မန္တလေးမြို့မှာ မီး အကြီးအကျယ် လောင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကို ပြည်သူအများစုက နိမိတ်တွေအဖြစ် လက်ခံခဲ့ကြပါတယ်။ ရလဒ် ကတော့ ၁၉၈၈ ခုနှစ်မှာ ကြီးမားတောင့်တင်းပြီး ပြည်သူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ (မဆလ) တပါတီကြီးနဲ့အတူ ဦးနေဝင်း တယောက် တပြည်လုံးရဲ့ ဆန့်ကျင်မှုကြောင့် ရာဇပလ္လင်ပေါ်ကနေ ဆင်းခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် မတ်လမတိုင်မီ ကောင်းကင်တခွင်ဟာ ညအခါမှာ သွေးကဲ့သို့ နီရဲနေတယ်လို့ လူကြီးသူမတွေက နိမိတ်တွေအဖြစ် ယုံကြည်ခဲ့ပါသေးတယ်။

တရုတ်ပြည်ရဲ့ တုနှိုင်းမဲ့ ခေါင်းဆောင် မော်စီတုန်းဟာ ၁၉၇၆ ခုနှစ်က လူ သိန်းနဲ့ချီ သေကြေခဲ့ရတဲ့၊ ကြီးမားတဲ့ ငလျှင်ကြီး လှုပ်ခတ်အပြီး လအနည်းငယ် အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မော်တယောက် ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်ခြင်းကို ခံခဲ့ရတာလို့ သူ့လက်အောက် ဒုက္ခပေါင်းများစွာ ခါးစည်းခံခဲ့ရတဲ့ ပြည်သူတွေက တညီတညွတ်တည်း ယုံကြည်ခဲ့ကြပါတယ်။

လူတွေဟာ သိပ်ကို အားကိုးရာမဲ့လာတဲ့အခါ၊ ခိုးကိုးရာမဲ့လာတဲ့အခါ ဘာသာတရားနဲ့ ဆက်နွယ်တဲ့ နိမိတ်ပုံတွေကို ပိုမိုလက်ခံလာကြတာ ဓမ္မတာပါ။

ဒီနေရာမှာ သိပံ္ပနည်းကျ နိုင်ငံရေး ဖလော်ဆိုဖီတွေကို ခဏ ဘေးချိတ်ထားပြီး ပြည်သူတွေအားလုံး တညီတညွတ်တည်း စိတ်ဝင်စားနေကြတဲ့ ဒီ နိမိတ်တွေအကြောင်းက ပိုပြီး အရေးပါလာတာကတော့ ငြင်းလို့ မရပါဘူး။ မနှစ်က စက်တင်ဘာလမှာ သံဃာတွေ ဝါးရင်းတုတ်နဲ့ ရိုက်ခံရတာ၊ သေနတ်နဲ့ ပစ်သတ် ခံရတာတွေဖြစ်ပြီး လူထုအများစုက ဒီလို အခြေအနေတွေကို မသိစိတ်ကနေ ထင်ကြေးပေးခဲ့ပါတယ်။

ဒီနှစ်ဆန်းမှာ မန္တလေးမှာ မီး အကြီးအကျယ် လောင်ခဲ့တာ၊ မေလမှာ ဧရာဝတီနဲ့ ရန်ကုန်မှာ မုန်တိုင်းကျပြီး လူ သိန်းနဲ့ချီ သေဆုံးခဲ့တာတွေဟာ ဒီထင်ကြေးကို ပိုပြီး အားဖြည့်ပေးခဲ့ပါတယ်။ လူထုဟာ ဒီမိုကရေစီကို ငတ်မွတ် တောင့်တနေကြပေမယ့် အများစုကတော့ အုပ်ချုပ်သူတွေဟာ ဘုန်းတန်ခိုးပြည့်စုံမှ တိုင်းပြည်ကို တည်ငြိမ် အေးချမ်းအောင် ဆောင်ကျဉ်းနိုင်မယ်၊ အုပ်ချုပ်သူတွေ တရားပျက်တဲ့အခါ တိုင်းပြည်ဟာ အန္တရာယ် အသွယ်သွယ်၊ ကပ်ဆိုးတွေအဖုံဖုံ ကြုံရမယ်လို့ ယုံကြည်နေကြတုန်းပါပဲ။

အသေချာဆုံး ဖြစ်လာမယ့် ဘေးကတော့ မြန်မာပြည်ရဲ့ ဆန်အိုးကြီးဟာ နာဂစ်ဒဏ်ကြောင့် မှောက်သွားပါပြီ။ နောက်ဆက်တွဲအဖြစ် အစာရေစာ ငတ်မွတ် ခေါင်းပါးတဲ့ဘေးက လအနည်းငယ်မှာ ပေါ်ပေါက်လာဖို့က သေချာနေပါတယ်။ ပြည်ကတော့ တင်းနေပါပြီ။

တချိန်တည်းမှာပဲ မုတ်သုန်ရာသီရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ မုန်တိုင်းတွေက မြန်မာ့ ပင်လယ်ပြင်အနီးမှာ နိမိတ်တွေ ပြနေသလို မုတ်သုန်မိုးကြောင့် ရေကြီး၊ မြေပြိုဖြစ်ရပ်တွေက နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဖို့ ဖြစ်လာနေတော့တာပါပဲ။ မြန်မာ့သမိုင်းတလျှောက် ရာဇပလ္လင်ထက် ခွေးတက်လို့ သွေးပျက်စရာတွေ များစွာ ဖြစ်ခဲ့ဖူးပါတယ်။ လူထုဟာ ကောင်းကင်ဘုံရဲ့ နိမိတ်ကို ယုံကြည်တယ်ဆိုရင် ရင်ဆိုင်ရမယ့် ဘေးတွေအတွက် ကြိုပြီး ပြင်ဆင်ထားသင့်ပါတယ်။ ဒီမိုကရေစီဟာ အသင့် ချက်ထားပြီးသား ထမင်းအိုးတအိုး မဟုတ်ပါဘူး။ ပြည်သူတွေဟာ ထမင်းအိုးတအိုး ဖြစ်ဖို့အတွက် စိတ်ဓာတ်တွေ ပြင်ထားဖို့ လိုပါတယ်။ ခေတ်သစ်တည်ဖို့ အရှိန်ယူထားဖို့ လိုပါတယ်။

ခြင်္သေ့ကြီး မျက်လုံးနီနီ ... ပုဂံပြည်ကြီး ပျက်လတ္တံ့ ... ဆိုတဲ့ အတိတ်ဘောင်တွေကို ယုံကြည် ကြသေးတယ်ဆိုရင် ပြည်သစ်တည်ဖို့ အားတွေ မွေးကြဖို့ အချိန်ရောက်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ခြင်္သေ့ကြီး မျက်လုံးနီနေလို့ပါပဲ။ ။

နေသန်မောင်

အရေးတော်ပုံကား မျိုးဆက်တိုင်းအား တပ်လှန့်၍ နေချေပြီ

အောင်မော်ဦး
တနင်္လာနေ့၊ ဇွန်လ 16 2008 16:00 - မြန်မာစံတော်ချိန်

“နိုင်ငံသားတိုင်း၌ မိမိတို့လိုချင်သည့် အစိုးရမျိုးကို မိမိတို့ဘာသာ ရွေးချယ်ပိုင်ခွင့် ရှိကြပေသည်။ ဤအခွင့်အရေးကို ဆုပ်ကိုင်၍ မိမိတို့ ဆန္ဒအလျောက် မိမိတို့ဘာသာ မရွေးချယ်ခဲ့ကြပါက မိမိတို့ မလိုချင်သည့် အစိုးရမျိုးကိုသာ ရရှိကြပေလိမ့်မည်။ သို့သော် အရာရာ နှောင်းသွားပြီ ဖြစ်သဖြင့် ညံ့ဖျင်းသည့် အစိုးရကို သာလျှင် မိမိတို့နှင့် တန်သည့် အစိုးရအဖြစ် သဘောပိုက်၍ လူမဆန်သည့် အစိုးရ၏ အဓမ္မပြုကျင့်မှုကို ပြားပြားဝပ်မျှ ခံကြရပေလိမ့်မည်”

စစ်အုပ်စုက ဆန္ဒခံယူပွဲ၌ (၉၂.၄) ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့သည်ဟု ကြေညာခဲ့သည်။ စကတည်းက လိမ်လည်ညစ်ပတ် လိမ့်မည်ဆိုသည်ကို ကြိုခန့်မှန်းထားနှင့်ကြသည့် လူများအတွက်မူ ဤကြေညာချက်သည် ပြက်လုံးတခုသဖွယ် ဖြစ်ကောင်း ဖြစ်နေပေလိမ့်မည်။ သို့သော် ဤ ပြက်လုံးသည် ဘ၀နှင့်ရင်း၍ ရယ်ရမည့် ပြက်လုံးမျိုး၊ အနာဂတ်ကို ထိုးကျွေး၍ ရယ်ရမည့် ပြက်လုံးမျိုး၊ သခင်ရှေ့မှောက် ဒူးထောက်၍ ကျွန်ရယ် ရယ်ရမည့် ပြက်လုံးမျိုး ဖြစ်နေသဖြင့် ရယ်ရ ခက်ကြပေလိမ့်မည်။

လူအတော်များများက ဆန္ဒခံယူပွဲရလဒ်ကို ၆၀% - ၄၀% ခန့် ဖြစ်နိုင်ဘွယ်ရာ ရှိသည်ဟူ၍ မှန်းဆထားခဲ့ပါသည်။ ပြည်သူ လူထုကို လျှော့တွက်၍ မဟုတ်ဘဲ စစ်အုပ်စု၏ လိမ်လည် ညစ်ပတ်မှုကို ထည့်တွက်၍ ဤသို့ ခန့်မှန်းထားခြင်း ဖြစ်ပါသည်။ အကယ်၍ လူအများ မှန်းဆထားသလို စစ်အုပ်စုက နှာတဖျားသာရုံလေး ကပ်၍ ကြေညာခဲ့မည်ဆိုလျှင် လူတိုင်းလိုလို မျက်စေ့ လည်သွားနိုင်ပါသည်။ (၁) စစ်အုပ်စုကို လိမ်လည် ညစ်ပတ်သည်ဟူ၍ တိတိကျကျ ပြောရန် ခက်ခဲနိုင်ပါသည်။ (၂) ပြည်သူလူထုအတွင်း ငါက ကန့်ကွက်တယ်၊ နင်က ထောက်ခံတယ်ဟူ၍ အချင်းချင်း အထင်အမြင် လွဲမှားမှုများ ပေါ်ပေါက် လာနိုင်ပါသည်။ (၃) နိုင်ငံတကာ အစိုးရများနှင့် ကမ္ဘာ့ပြည်သူများအားလည်း ရှင်းပြရန် အတော့်ကို ခက်ခဲနိုင်ပါသည်။

သို့သော် စစ်အုပ်စုက (၉၂.၄%) ဟု ကြေညာလိုက်သဖြင့် (၁) စစ်အုပ်စု၏ လိမ်လည် ညစ်ပတ်မှုမှာ ဘွားဘွားကြီး ပေါ်ထွက် လာခဲ့ပါသည်။ (၂) ပြည်သူ အားလုံးသည်လည်း မိမိတို့ လိမ်ညာခံရ၊ မတရားပြုခံရသည်ကို မျက်မြင်ဒိဌိ သိရှိခွင့် ရရှိသွားခဲ့ကြပါသည်။ (၃) နိုင်ငံတကာ အစိုးရများနှင့် ကမ္ဘာ့ပြည်သူများအားလည်း ရှင်းပြရန် မလိုတော့လောက်အောင်ပင် စစ်အုပ်စု ၏ ငါတကောကောသည့် လုပ်ရပ်က ဘူးပေါ်သလို ပေါ်နေပါတော့သည်။

တရုတ်ပြည် လွတ်မြောက်ရေး ကြိုးပမ်းစဉ်ကာလက ဗုံးမိုးရွာနေသည့် ဂျပန် လေယာဉ်ပျံများအား ခုခံရေးနှင့် ပတ်သက်၍ ဥက္ကဌမော် ပြောခဲ့သည့် စကားတခွန်း ရှိပါသည်။ “ငါတို့က ဂျပန်စစ်တပ်ဟာ မကောင်းဘူး၊ ဒါကြောင့် ဂျပန်စစ်တပ်ကို ခံတိုက်ကြဆိုပြီး ငါတို့ပြည်သူတွေကို တကူးတက ရှင်းပြနေစရာ မလိုတော့ဘူး။ ငါတို့ ပြောချင်တဲ့စကားကို ငါတို့ကိုယ်စား ဂျပန်တွေက ဗုံးတွေကျဲပြီး ပြောလိုက်ကြပြီ။ ရန်သူက ငါတို့ပြည်သူတွေကို အမျိုးသား လွတ်မြောက်ရေးအတွက် တိုက်ပွဲဆင်ကြဖို့ လှုံ့ဆော်ပေးလိုက်ပြီ” ဟူ၍ မော်က အဆိုးထဲမှ အကောင်းကို ထုတ်ဖော် တင်ပြခဲ့သည်။ ထို့အပြင် မော်က “ဂျပန် စစ်တပ်ဟာ တရုတ်ပြည်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ အမျိုးသား ညီညွတ်ရေးကို ယူဆောင်လာခဲ့တယ်” ဟူ၍ တပ်နီတော်နှင့် ကူမင်တန်တို့အကြား အမျိုးသားညီညွတ်ရေး တည်ဆောက်ရန် လမ်းပွင့်သွားမှုကိုပါ ထုတ်ဖော် တင်ပြခဲ့သည်။

ကျနော်တို့ အနေဖြင့်လည်း စစ်အုပ်စုသည်မတရား၊ စစ်အုပ်စုသည် မမျှတ၊ ထို့ကြောင့် စစ်အုပ်စုကို တော်လှန်ကြဟူ၍ ပြောနေရန် လိုပါဦးမည်လား။ စစ်အုပ်စုသည် အများ ပြောချင်သည့်စကားကို အားလုံးကိုယ်စား ရုပ်မြင်သံကြားမှ ကြေညာပေးခဲ့သည်။ ရေဒီယိုမှ ထုတ်လွှင့်ပေးခဲ့သည်။ သတင်းစာများမှ ပုံနှိပ် ဖော်ပြပေးခဲ့သည်။ ထိုမျှမက စစ်အုပ်စု၏ လိမ်လည် ညစ်ပတ်မှုသည် “ဒုတိယ ရှစ်လေးလုံး” ဟု ဆိုနိုင်မည့် လူထုအုံကြွမှုကြီးတရပ် ပေါ်ပေါက်လာစေရန်ပင် တပ်လှန့်ပေးလိုက်ပေသည်။

သို့သော် ၁၉၄၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အနှစ် ၆၀ လုံးလုံး စစ်ကျွန်ဘ၀ ရောက်နေခဲ့ကြရသည်မှာ နိုင်ငံသား အခွင့်အရေးအတွက် တောင်းဆို တိုက်ပွဲဝင်ကြသည့် နိုင်ငံသား အရေအတွက်က စစ်သား အရေအတွက်ထက် နည်းပါးနေခြင်းကြောင့်ပင် ဖြစ်လေမည်လား မပြောတတ်ပါ။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ လှုပ်ရှားမှု အပါအ၀င် အခြားသော အရေးတော်ပုံကြီးငယ်များတွင် ပွဲတိုင်းလိုလို ဒီလူတွေချည်း လှုပ်ရှားလိုက်၊ ဒီလူတွေချည်း ထောင်ချခံရလိုက်၊ ဒီလူတွေချည်း မြေလျှိုးရလိုက်၊ ဒီလူတွေချည်း နယ်စပ်သို့ ရှောင်တိမ်းကြရလိုက်၊ ဒီလူတွေချည်း ဘ၀ပျက်ခံရလိုက်၊ ဒီလူတွေချည်း မိသားစုနှင့် ကွေကွင်းရလိုက်၊ ဒီလူတွေချည်း အသက်စွန့်လွှတ်ရလိုက်နှင့် တကယ်လှုပ်ရှားသူ အရေအတွက်မှာ လက်ချိုး ရေနိုင်ရုံလောက်မျှသာ ရှိခဲ့သည်ဟူ၍ အရေးတော်ပုံ မှတ်တမ်းများက သက်သေထူပြနေသည်ကို ကျနော်တို့ မငြင်းနိုင်ပါ။

လှုပ်ရှားမှုများ၌ ဒီလူတွေချည်းလိုလို ဖြစ်နေရသည့် ကိစ္စနှင့် ပတ်သက်၍ ကျနော့်မိတ်ဆွေ အယ်ဒီတာတဦးက ပြောဖူးပါ သည်။ အခြေခံ ပြဿနာမှာ လူထုစည်းရုံးမှု အ၀န်းအ၀ိုင်းကို မချဲ့ထွင်နိုင်ဟု ဆိုပါသည်။ အရေးတော်ပုံ တပ်သားများ (တနည်း) လူထု စည်းရုံးရေးသမားများ အနေဖြင့် ကျေးလက်ဒေသများအထိ ကွင်းဆင်း၍ လူထုစည်းရုံးရေး လုပ်ငန်းများကို ဇောက်ချ မလုပ်နိုင်ဘဲ မြို့ပြဒေသများ၌သာ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်နေကြခြင်းကို တွေ့နေရသည်ဟု ဆိုပါသည်။ ရှစ်လေးလုံး အရေးတော်ပုံတုန်းက တက္ကသိုလ် ကျောင်းသားများနှင့် အထက/အလက ကျောင်းသားများသည် (ကျောင်းများ ပိတ်ပစ်လိုက်ခြင်းကို အခွင့်ကောင်းယူ၍) ကျေးလက်ဒေသများအထိ ကွင်းဆင်း၍ တောင်သူဦးကြီးများအား လှုပ်ရှားမှုထဲ ဆွဲခေါ်နိုင်ခဲ့ကြပါသည်။ စက်ရုံအလုပ်ရုံများမှ ကော်လာပြာ လုပ်သားများနှင့် လက်လုပ်လက်စား အလုပ်သမား များအား လှုပ်ရှားမှုထဲ ဆွဲခေါ်နိုင်ခဲ့ကြပါသည်။ သို့နှင့် ပြည်လုံးကျွတ် အထွေထွေ လူထုလှုပ်ရှားမှုကြီးတရပ် ပေါ်ပေါက်ခဲ့ရပါသည်။ ယနေ့ အခြေအနေ၌ ဆိုလျှင် ရဟန်းသံဃာတော်များ၊ အနုပညာရှင်များနှင့် ဆေးဘက်ဆိုင်ရာ၊ လူမှု စောင့်ရှောက်ရေးဆိုင်ရာ ပညာရှင်များပါ ပါဝင် လှုပ်ရှားနေကြသဖြင့် လူထုစည်းရုံးရေး နယ်ပယ်ကို ချဲ့ထွင်ရန် အခွင့်အခါ သင့်လှပေသည်။

ဆိုကြပါစို့။ ယနေ့၌ အသက် ၂၀ အရွယ်ရှိသည့် လူငယ်လေးတဦးသည် အာဏာရှင်စနစ် အောက်၌ အနှစ် ၂၀ မျှ ဖြတ်သန်း ကြီးပြင်းခဲ့ရပေလိမ့်မည်။ ထိုလူငယ်၏ မိဘနှစ်ပါးသည် အသက် ၄၀ ၀န်းကျင် အရွယ်များ ဖြစ်နိုင်သဖြင့် တပါတီ အာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ် နှစ်ခုပေါင်းအောက်၌ နှစ်ပေါင်း ၄၀ မျှ ဖြတ်သန်း ကြီးပြင်းခဲ့ကြရပေလိမ့်မည်။ ထိုလူငယ်လေး၏ ဘိုးဘွားတို့သည်လည်း အသက် ၆၀ ၀န်းကျင် အရွယ်များ ဖြစ်နိုင်သဖြင့် လွတ်လပ်ရေးအရ ပြည်တွင်းစစ်အစဟု ဆိုရမည့် ခေတ်ကာလများမှသည် မျက်မှောက်ခေတ် ကာလများအထိ နှစ်ပေါင်း ၆၀ ကျော် စနစ်ဆိုး ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ကြရ ရှာပေလိမ့်မည်။

မျိုးဆက် ၃ ဆက်မျှ ခေတ်ဆိုး စနစ်ဆိုးများ အောက်၌ ဖြတ်သန်းခဲ့ကြရသည့် သမိုင်းသည် ဤတွင် တခန်းရပ်သင့်ပါပြီ။ ထို့အတူ ထိုလူငယ်လေး မှ မွေးဖွားလာမည့် မျိုးဆက်သစ် ရင်သွေးလေးများခမြာ သူတို့၏ ဘိုးဘွားမိဘများနည်းတူ ခေတ်ဆိုး စနစ်ဆိုးကြီးများ အောက်၌ ထပ်မံ ဖြတ်သန်းကြရဦးတော့မည့်အရေး မဖြစ်သင့်တော့ပါ။ အနာဂတ်၏ ရင်သွေးငယ်လေးများ (တနည်း) စတုတ္ထ မျိုးဆက်လေးများအား ဤခေတ်၊ ဤစနစ်နှင့် ဤလို ဖက်စစ်အုပ်စု၏ သေနတ်ပြောင်းအောက်၌ ကြီးပြင်းစေ၊ လူလားမြောက်စေရန် မသင့်တော်ပါ။

ဆန်နှင့် လောင်စာဆီ ပြဿနာကို ကမ္ဘာနှင့်အ၀န်း ရင်ဆိုင်နေကြရချိန်တွင် မွဲပြာကျ၍ ချွတ်ခြုံကျနေသည့် မြန်မာပြည်အဖို့ ပို၍ အလူးအလဲ ခံရမည်မှာ မြေကြီးလက်ခတ် မလွဲချေ။ ယနေ့ (သို့) မနက်ဖြန်၌ လူထုသည် သူတို့ အသက်ရှင် ရပ်တည်ရေးအတွက် အစားအစာရရှိရေး၊ အမိုးအကာရရှိရေး၊ ထွန်ယက်စိုက်ပျိုးစရာ ရရှိရေး စသဖြင့် အခြေခံ အကျဆုံးသော လိုအပ်ချက်များအတွက် တောင်းဆိုကြပေလိမ့်မည်။ ငတ်၍ သေရမည့် အတူတူ တိုက်၍သာ သေတော့မည် ဟူသည့် ပိုင်းဖြတ်မှုများကြောင့် လူထုလှုပ်ရှားမှုသည် အားနှင့်အင်နှင့် ပေါ်ပေါက်လာနိုင်ပေ သည်။ ထိုသို့ ပေါ်ပေါက်လာနိုင်သည့် လူထုအုံကြွမှုအား တနေရာတည်း၌ ကွက်ကျား မဖြစ်စေဘဲ နေရာအနှံ့အပြား၌ အကျယ်အပြန့် ဖြစ်စေရေးနှင့် မြို့ပြရော၊ ကျေးလက်ပါ ပါဝင်စေရေးတို့အတွက် လူထုစည်းရုံးရေးသမားများ အနေဖြင့် ပြင်ဆင်ကြရန် လိုပေမည်။ ထိုမျှမက သွေးချောင်းစီးမှု နည်းနိုင်သမျှ နည်းပါးစေရေးအတွက် ရနိုင်သမျှသော နည်းလမ်းများအား အသုံးပြုကြရန်လည်း လိုပေလိမ့်မည်။

“ကယ်ဆယ်ရေး အကူအညီများကို ပိတ်ပင်သည့် နည်းဖြင့် ပြည်သူ သန်းပေါင်းများစွာကို သေတွင်းပို့ရုံနှင့် အားမရ၊ ဆန္ဒခံယူပွဲ၌ မဲလိမ်သည့် နည်းဖြင့် ပြည်သူ သန်းပေါင်းများစွာကို ကျွန်ပြုရန် စီမံကိန်းချ အကောင်အထည် ဖော်နေသည့် စစ်အုပ်စုကို ဒီအတိုင်း ထင်တိုင်းကျဲခွင့် ပြုထားဦးမည်ဆိုလျှင် နိုင်ငံ့သမိုင်း၌ ရာဇ၀င် ရိုင်းရပေရော့မည်။”

Thursday, June 12, 2008

တိုင်းပြည်လည်း မွဲပြာကျ၊ တပ်မတော်ကြီးလည်း အင်အားမရှိ

အောင်သူငြိမ်း
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 11 2008 17:03 - မြန်မာစံတော်ချိန်





၁၉၈၈ ခုနှစ်၊ စစ်အစိုးရ တက်လာချိန်မှစ၍ "တပ်မတော်ကို ခေတ်မီတပ်မတော် ဖြစ်လာအောင် ချဲ့ထွင်ရေး" ဟူ၍ အစဉ် တစိုက် ကြွေးကြော် ပြင်ဆင်လာခဲ့သည်။ ထိုထက် ပိုဆိုးသည်မှာ "တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်" "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဟူသော ကြွေးကြော်သံများ မတန်တရာ တင်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် တပ်မတော် မော်ကွန်းဌာနမှ "မြန်မာနိုင်ငံနှင့် တပ်မတော်၏ အခန်းကဏ္ဍသမိုင်း" ဟူ၍ အတွဲများစွာ ထုတ်ဝေခဲ့သည်။ နောက်ဆုံး ယခု ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်ပင် "မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး ဦးဆောင်မှု၌ တပ်မတော်က ပါဝင် တာဝန်ယူရန်" ဟူ၍ အတိအလင်း ပြဌာန်း ထည့်သွင်းလာခဲ့ပါသည်။

တင်လာခဲ့သည့်အတိုင်း စစ်တပ်ကိုလည်း တိုးချဲ့လာခဲ့သည်။ ၁၉၅၀ မှ ၁၉၆၉ ခုနှစ်အထိ မြန်မာနိုင်ငံက လက်နက်ဝယ်ယူ တင်သွင်းမှုမှာ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ သန်းအောက်မှာသာ ရှိခဲ့သည်။ ၁၉၇၀ မှ ၁၉၈၈ ခုနှစ်အတွင်းတွင် ကြည့်လျှင်လည်း ပျမ်းမျှအားဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၈ သန်းမျှသာ ရှိခဲ့ပါသေးသည်။ ၁၉၈၈ ခုနှစ် အာဏာသိမ်း ချိန်မှစ၍ တပ်ဖွဲ့များကို တိုးချဲ့ ဖွဲ့စည်းလာခဲ့သလို၊ လက်နက်ဆန်းများကိုလည်း တိုးတက် ၀ယ်ယူလာခဲ့ပါသည်။ အာဏာသိမ်းပြီးစ ကာလတွင်ပင် တရုတ်နိုင်ငံမှ စစ်လက်နက် ဒေါ်လာသန်း ၁,၀၀၀ ကျော်ဖိုး တလုံးတခဲတည်း ၀ယ်ယူတင်သွင်းခဲ့ပြီး၊ နောက်ပိုင်းတွင်လည်း ယူကရိန်း၊ ရုရှားနှင့် အခြားနိုင်ငံများမှ ၀ယ်ယူ တင်သွင်းနေခဲ့ပါသည်။ လေတပ်တွင် MiG-29, Chendu F-7 M, NAMC A-5C, SOKO G-4 Super Galeb, FT-7, Shenyang FT- 6 စသည့် တိုက်လေယာဉ်နှင့် အခြားသုံး လေယာဉ်၊ ရဟတ်ယာဉ် အစီးပေါင်း ၁၈၀ ကျော်ကို ထပ်မံ ဖြည့်ဆီးခဲ့ သည်။ ရေတပ်တွင်လည်း တရုတ်နိုင်ငံမှ ဟိုင်နန် အမျိုးအစား စစ်သင်္ဘောများ အပါအ၀င် စစ်သင်္ဘောသစ် ၃၀ ကျော်ကို ထပ်မံ ဖြည့်ဆီးခဲ့ပါသည်။

ဂျိန်းစ် ကာကွယ်ရေးမဂ္ဂဇင်း (Jane's Defence Weekly) မှ ရရှိခဲ့သည့် မြန်မာစစ်တပ်၏ စာရွက်စာတမ်းများအရ ၁၉၉၂ ခုနှစ် နှစ်လည်တွင် ကြည်း-ရေ-လေ စုစုပေါင်း အင်အား ၂၇၀,၀၀၀ အထိ တိုးတက်ခဲ့ပြီး၊ အာဏာသိမ်းပြီးချိန် ၁၉၈၈ မှစ၍ ၆၀% တိုးချဲ့ခဲ့ခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ (ICG) ၏ အစီရင်ခံစာတခုအရ ၁၉၈၈ ခုနှစ်တွင် စစ်သည်အင်အား ၁၉၀,၀၀၀ ရှိရာမှ ၁၉၉၈ ခုနှစ်တွင် ၄၀၀,၀၀၀ အထိ ရှိလာခဲ့သည်။ (န၀တ) စစ်အစိုးရ ကလည်း စစ်အင်အား ၅၀၀,၀၀၀ အထိ ရောက်အောင် တိုးချဲ့မည်ဟု ပြောင်ဖွင့်ပြော ကြေညာခဲ့ပါသည်။ ၁၉၆၀ ခုနှစ်က မြန်မာ့စစ်တပ်တွင် တပ်ရင်း (၅၀) မျှသာ ရှိသေးပြီး၊ ၁၉၇၄ ခုနှစ်တွင် တပ်ရင်း (၁၂၀) မျှသာ ရှိပါသေးသည်။ အပြည်ပြည် ဆိုင်ရာ လုံခြုံရေးနှင့် မဟာဗျူဟာ လေ့လာရေးဌာန (IISS) ၏ အဆိုအရ မြန်မာစစ်တပ်တွင် ၁၉၉၅ ခုနှစ် နှစ်လယ်တွင် တပ်ရင်း ၂၄၅ ရင်း ရှိလာပြီး၊ ယခုအခါ တပ်ရင်းပေါင်း ၅၀၀ ကျော်အထိ တိုးချဲ့ ထားခဲ့ပါသည်။

မစ်တိုက်လေယာဉ်အသစ်များ၊ လက်နက်များ ထပ်မံ ၀ယ်ယူခဲ့သလို၊ ယူကရိန်း နိုင်ငံနှင့် ရုရှား နိုင်ငံများမှလည်း တီ-၅၂ အမျိုးအစား တင့်ကားများ၊ ရဟတ်ယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်များ၊ အင်တာနက် ဆိုင်ဘာစစ်ဆင်ရေး အတွက် ထိန်းချုပ်စီမံရေး ကရိယာများ ထပ်မံ ၀ယ်ယူ ခဲ့ပါသေးသည်။ ထိုမျှမက စရိတ် ကုန်ကျမှု များပြားလှသော အဏုမြူ ဓါတ်ပေါင်းဖို စီမံကိန်းများကဲ့သို့သော ကိစ္စများကိုလည်း ချဲ့ထွင် လာခဲ့ပါသေးသည်။ စစ်အသုံးစားရိတ်လည်း တစတစ တိုးတက်လာနေခဲ့သည်။

ထို့အပြင် စစ်တပ်ဖွဲ့စည်းပုံ၊ အမိန့်ပေးဌာနများကိုလည်း တိုးချဲ့လာခဲ့သည်။ ယခင်က အထူး စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့ ၁ ခုသာ ရှိရာမှ ယခုအခါ ၅ ခုသို့ တိုးချဲ့ခဲ့သည်။ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်အသစ်နှင့် ကြည်း-ရေ-လေ တပ်များ၏ ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲရေးမှူးချုပ် တာဝန်များကိုလည်း တိုး၍ ခန့်ထားခဲ့သေးသည်။ ထို့အပြင် မြန်မာ့ တပ်မတော်ထံမှ မသိနားမလည်သူများထံ ကြွားလုံးများလည်း ကြားခဲ့ရသေးသည်။ ၁၉၉၁ ခုနှစ် ကေအဲန်ယူက ဘိုကလေး ဒေသသို့ ထိုးဖောက်၍ တိုက်ပွဲများ ဖြစ်လာအပြီး ကာလတွင်၊ ဗိုလ်ချုပ်ခင်ညွန့် အပါအ၀င် တပ်မတော် ခေါင်းဆောင်များထံမှ ယခုအခါ၌ သူတို့ထံတွင် လိုအပ်လျှင် လေကြောင်းချီ တင်ပို့နိုင်သော တပ်မကြီးများ ရှိနေပြီဟု ဆိုခဲ့ကြသေးသည်။ အသစ် ၀ယ်ယူထားသော လက်နက်များဖြင့် စစ်ရေးပြ၍ ကြည်း-ရေ-လေ ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်ခန်းများလည်း ပြုလုပ်ခဲ့ကြပြီး ၁၉၉၅ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်များတွင် စစ်သည် အင်အား ၃၀,၀၀၀ ကျော် ပါဝင်သည့် ကြည်း-ရေ-လေ ပူးတွဲ စစ်ဆင်ရေးများ ကို ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေနှင့် မိတ္ထီလာတို့တွင် ပြုခဲ့ကြသည်။ နောက်ပိုင်းတွင် ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်ခန်းကို "ရွှေပြည်သာ" "ရွှေမြန်မာ" စသဖြင့် သဲမြေပုံ စစ်ဆင်ရေး လေ့ကျင့်ခန်းများ ၂ ခါ လေ့ကျင့်ခဲ့ကြသေးသည်ဟု ဆိုပါသည်။ ထိုမျှမက မိန့်ခွန်းများတွင် နိုင်ငံတကာတပ်များ ကျူးကျော် လာပါက ခုခံရန် ပြည်သူ့စစ် မဟာဗျူဟာ ဖြင့် အသင့်ပြင်ထားကြောင်း ဆိုခဲ့ကြပါသေးသည်။

အချို့သော ပညာရှင်များက မြန်မာနိုင်ငံ၏ စစ်အသုံးစရိတ်သည် ဘဏ္ဍာရေး ဘတ်ဂျက်၏ (၆၀%) မျှ ရှိမည်ဟု တွက်ချက် နေကြပါသည်။ သို့သော် ဆင်ကြီးခြေမခိုင် သကဲ့သို့ တပ်မတော်က အောက်ခြေက ပြိုနေပြီ ဖြစ်သည်။ တပ်တွင်း ဖိနှိပ်မှု၊ အခွင့်အရေး တန်းတူညီမျှ မရှိမှုများ၊ စားဝတ်နေရေး ပြဿနာများကြောင့်လည်း ရဲဘော်များ တပ်ပြေးနေကြပြီ။ ဂျိန်းစ် ကာကွယ်ရေးဆိုင်ရာ မဂ္ဂဇင်း (၂၀၀၆ ဧပြီထုတ်) အဆိုအရ ၎င်းတို့ ရရှိခဲ့သည့် မြန်မာ့တပ်မတော်၏ လျှို့ဝှက် မှတ်တမ်းတခု အရ (အတိအကျ မသိနိုင်သော ကာလအတွင်း) တပ်ပြေးပေါင်း ၈,၇၆၀ ဦး ရှိခဲ့သည် ဆိုသည်။ ၎င်းတို့ အထဲတွင် ၄,၇၀၁ ဦးမှာ ခွင့်မဲ့ ပျက်ကွက် ဖြစ်ပြီး၊ စစ်သား ၂,၀၀၀ ကျော်မှာ မည်သည့် အကြောင်းကြောင့် မသိရဘဲ ဖမ်းဆီး ထိန်းသိမ်းခဲ့သည် ဟု ဆိုသည်။ ၎င်းမှတ်တမ်းအရပင် ဖော်ပြထားရာ၌ မြန်မာ့တပ်မတော် တပ်ရင်းတခုတွင် စစ်သား ၇၅၀ ဦး ပုံမှန်ရှိသော်လည်း၊ တပ်ရင်း စုစုပေါင်း ၅၀၄ ခု ရှိသည့်အနက်မှ တပ်ရင်း ၂၂၀ မှာ စစ်သား ၂၀၀ နှင့် ၃၀၀ ကြားသာ ရှိနေပြီး၊ တပ်ရင်း ၂၈၄ ခုတွင် စစ်သား ၂၀၀ အောက် လျှော့နည်း၍သာ ရှိနေသည်ဟု ဆိုထားသည်။ သူတို့ ခိုင်းစားနေရသည့် တပ်မတော်ကလည်း ဟန်သာ ကျန်ပါတော့သည်။

ယခု နာဂစ်မုန်တိုင်း အပြီးကာလတွင် တပ်မတော်၏ ချိနဲ့နေမှု၊ ထိန်းချုပ်မှု စနစ် ပျက်ပြားနေမှု အခြေအနေက ပို၍ သိသိ သာသာ ထင်ထင်ရှားရှား တွေ့လာရပါသည်။ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် စစ်သားများ ချက်ချင်း ရောက်မလာခဲ့ ကြပါ။ စစ်အင်ဂျင်နီယာ (BEME) တပ်ဖွဲ့ဝင်များ၊ စက်ယန္တယားများ မတွေ့မမြင်ကြရသလို၊ စစ်ဆေးတပ်ဖွဲ့များကိုလည်း ကပ်ဘေးသင့် ဒေသများတွင် မမြင်ခဲ့ကြရပါ။ မရှေးမနှောင်း ဖြစ်ပျက်ခဲ့သည့် တရုတ်နိုင်ငံ၏ မေလ ၁၂ ရက် မြေငလျှင်၌မူ တရုတ်နိုင်ငံက တရုတ်ပြည်သူ့ တပ်မတော် တပ်ဖွဲ့ဝင် စုစုပေါင်း (၈၄,၀၀၀) နှင့် ဆေးဝန်ထမ်း၊ ရဲနှင့် အရံတပ်ဖွဲ့ အင်အား ၉၀,၀၀၀ ကျော် ချသုံးခဲ့ပါသည်။ ငလျှင်ဖြစ်ပွားပြီး ၂ နာရီအတွင်းမှာပင် ကယ်ဆယ်ရေး လုပ်သား ၁၅၀ ကျော်နှင့် ကယ်ဆယ်ရေး ခွေးများ လေယာဉ် ၂ စီးဖြင့် ရောက်လာခဲ့ကြသည်။ ရာသီဥတု ဆိုးရွားမှုကြောင့် ရဟတ်ယာဉ် မဆင်းသက်နိုင်သည့် ဒေသများသို့လည်း ချက်ချင်းဆိုသလိုပင် ခြေလျှင်တပ်များ စေလွှတ်ခဲ့ကြသည်။ မေလ ၁၃ ရက်နေ့ နံနက်တွင်မူ အမှတ် ၁၂၇ စက်ယန္တယားတပ် ခြေလျှင်တပ်မမှ စစ်သား ၅,၀၀၀၊ အမှတ် ၁၅ လေကြောင်းချီတပ်မှ လေထီးစစ်သား ၆,၄၂၀ ကို ၂၄ နာရီအတွင်း၊ စစ်တပ်လေယာဉ် ၂၂ စီး၊ အရပ်ဖက်သုံး လေယာဉ် ၁၂ စီးဖြင့် လေယာဉ် ၇၉ ခေါက်တိုင်တိုင် ကြိုပို့ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ သမိုင်းတွင်ပင် အကြီးမားဆုံး လေကြောင်းချီ စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဆက်သွယ်ရေးခက်ခဲ၊ ရာသီဥတု ဆိုးရွားသည့် ဒေသများသို့ လေထီးများဖြင့်ပင် ချပေးခဲ့ပါသည်။ မေလ ၁၅ ရက်နေ့ (၃) ရက်ကြာ ကာလ ရောက်သောအခါ စစ်သားနှင့် အရံတပ်ဖွဲ့ဝင် တသိန်းကျော် ကပ်ဘေးသင့် ဒေသတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ထို့အပြင် အိုလံပစ်ပွဲတွင် အရေးပေါ် ကပ်ဘေးသင့် အခြေအနေ ဖြစ်လာပါက တရုတ်နိုင်ငံက ပြင်ဆင်ထားသည့် အနေဖြင့် တပ်မတခုကိုလည်း ကယ်ဆယ်ရေး တပ်မအဖြစ် လေ့ကျင့်ထားခဲ့ပါသည်။ ဤတပ်မကိုလည်း ယခု ကယ်ဆယ်ရေးတွင် အဆင်သင့် ချသုံးနိုင်ခဲ့ပါသည်။


သို့သော်လည်း နာဂစ်လေမုန်တိုင်း ကိစ္စ၌မူ အလားတူ အခြေအနေမျိုး မတွေ့ကြရပါ။ အမည်မဖော်လိုသူတဦး၏ အကဲဖြတ် အစီရင်ခံစာအရ မေလ ၁၄ ရက်နေ့တိုင် ဧရာဝတီတိုင်း အတွင်းသို့ တပ်မ ၆၆ ကို စေလွှတ်ရန် လျာထားရာမှ (သုံးပုံတပုံ ခန့်သာ) ရောက်ရှိ သေးသည်ဟု ဆိုသည်။ တပ်မ-၄၄ ကို စေလွှတ်ရန် လျာထားသော်လည်း မတွေ့ရဟု ဆိုပါသည်။ (နောက်ပိုင်းတွင် ရန်ကုန်မှ တပ်မ-၁၁ ကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအစပ် ကွမ်းခြံကုန်းဒေသသို့ တာဝန်ဖြင့် စေလွှတ်ခဲ့ကြောင်း သိရပါသည်။) သို့သော် လည်း စေလွှတ်လိုက်သည့် တပ်များအတွက် ကယ်ဆယ်ရေး လက်နက် ကိရိယာများ ပါမလာခဲ့ပါ။ ရိက္ခာအတွက်ကိုပင် ဒုက္ခသည်များထံမှ ခွဲကျွေးနေရကြောင်း သတင်းများလည်း ကြားသိရ ပါသည်။ ဤသို့ဆိုလျှင် ဧရာဝတီတိုင်း ကပ်ဘေးသင့်ဒေသအတွင်း ပို့လွှတ်ထားသည့် တပ်မမှာ အင်အား ၂,၀၀၀ ကျော်သာ အများဆုံး ရှိနိုင်ပါသည်။ ဧရာဝတီတိုင်းအတွင်း အခြေပြုရာ အနောက်တောင်တိုင်း စစ်ဌာနချုပ်ရှိ တပ်ရင်းများ (၂၀၀၇ ခုနှစ် စာရင်းအရ ၁၃ ရင်း) နှင့်ပါ ပေါင်းသော်မှ ၄,၀၀၀ မှ ၅,၀၀၀ ကြားတွင်သာ ရှိနိုင်ပါသည်။ လက်တွေ့တွင်မူ အရေအတွက် ယခုခန့်မှန်းချက်ထက် နည်းနိုင်ပါသေးသည်။

အလားတူ ရန်ကုန်မြို့တွင်လည်း တပ်မတော်သားများကို အားကိုးဖွယ်ရာ မတွေ့မမြင်ကြရပါ။ ရုပ်မြင်သံကြား၌သာ ယူနီဖောင်းဝတ် အချို့ သစ်ပင် ခုတ်ဖြတ်နေသည်၊ ရန်ကုန်လေဆိပ်တွင် ကယ်ဆယ်ရေး ပစ္စည်းများ လေယာဉ်ပေါ်မှ သယ်ချ နေသည်ကို မြင်ကြရပါသည်။ စစ်တပ်၏ အင်ဂျင်နီယာ ယန္တယား တပ်ဖွဲ့များကိုလည်း မမြင်မတွေ့ကြရပါ။ တပ်မတော် ဆေးတပ်ဖွဲ့က ဒုက္ခသည်များကို ဆေးကုပေးနေပုံကို လည်း မမြင်ကြရပါ။ ထို့အပြင် ပျက်စီးသွားသည့် ဧရာဝတီတိုင်းရှိ လမ်း၊ တံတားများကို စစ်တပ် အင်ဂျင်နီယာတပ်၏ တံတားခင်း စက်ယန္တယားများ (Armoured Bridge layers) ဖြင့် ပြင်ဆင် နေကြသည်ကိုလည်း မမြင်ကြရပါ။ လေကြောင်း ချီတပ်မကို မျှော်လင့်ရန်ကား ပို၍ ဝေးပါတော့မည်။ ဧရာဝတီတိုင်းသို့ ခေါက်တုံ့ပြန် ပစ္စည်းသယ်ပို့နေသည့် ရဟတ်ယာဉ်သည်ပင် ၇-၈ စီးမျှ ရှိပါသည်။

ဤသို့သော ကပ်ဘေးသင့် အရေးပေါ် အခြေအနေတွင် "ပြည်သူ့စစ် မဟာဗျူဟာ" ဆိုသည့် စစ်ဗျူဟာကြီးနှိုး၍ ပြည်သူများကို ကယ်တင်ရန် မသင့်ပါသေးသလော။ လူတသိန်းနီးပါး သေဆုံးရ၊ သန်းကျော် အိုးအိမ်မဲ့ရသည့် အခြေအနေသည် အမှန်တကယ် အရေးပေါ်နေပြီ ဖြစ်သည့် အခြေအနေ မဟုတ်ပါသလော။ မေးခွန်းထုတ်ရန် ရှိနေပါသည်။ လေကြောင်းချီ တပ်မကြီးများဖြင့် တရုတ်နိုင်ငံက ဆောင်ရွက်သကဲ့သို့ ပြည်သူများ အသက်ကယ်ဆယ်ရေး လုပ်ငန်းများ မဆောင်ရွက်ကြတော့ပြီလော။ တပ်မတော်၏ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ၊ ဆေးတပ်ဖွဲ့ဝင်များ မည်သည့် အချိန်မှ တွေ့ကြရမည်လော မေးခွန်းထုတ်ရန် ရှိနေပါသည်။ သို့သော်လည်း မေးခွန်းသာ အဖတ်တင်ပါလိမ့်မည်။ ဓါတ်ပုံများတွင် တွေ့နေရသည်မှာ ရဟန်း သံဃာများကသာ ဦးဆောင်၍ သစ်ပင်ခုတ် လမ်းရှင်းသည်မှစ၍ ဒုက္ခသည် ကယ်ဆယ်ရေးအဆုံး လုပ်ဆောင်နေကြပါသည်။ တပ်မတော်ကတော့ ဆန္ဒခံယူပွဲ မဲအနိုင် ရရှိရေးအတွက်၊ ရေရှည် အာဏာတည်မြဲရေးအတွက် လုံးပမ်းနေကြပါသည်။

အမှန်ကတော့ ဖွဲ့စည်းထားပုံအရပင် ပြဿနာရှိနေပြီ ဖြစ်သည်။ တပ်မများ၊ စစ်ဌာနချုပ်များက အခြားနိုင်ငံမှ တပ်များ ကဲ့သို့ ယန္တယားတပ် တပ်မများ (Mechanised Brigades) မဟုတ်ကြပါ။ ထို့အပြင် ဤသို့အရေးပေါ် ကပ်ဘေးများ ကယ်ဆယ်နိုင်ရန်၊ အရေးပေါ် အခြေအနေများကို တုံ့ပြန်နိုင်ရန်အတွက် ပြင်ဆင် လေ့ကျင့်ထားခြင်းလည်း မရှိပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်ဆိုလျှင် ဗိုလ်ချုပ်ကြီးအဆင့် ဦးဆောင်သည့် "နွေဖတ်ထနား ခလင့်ထိ" ခေါ် နယ်လှည့် ဖွံ့ဖြိုးရေး တပ်ဖွဲ့များ ရှိနေပါသည်။ ထိုင်းတပ်မတော်၏ ၂၀ ရာခိုင်နှုန်းမျှ (အင်အား ၂၀,၀၀၀ နီးပါးခန့်) ရှိနေပါသည်။ သူတို့က နယ်စပ်ဒေသများတွင် စာသင်၊ ဆေးကုပေးကြသလို ဘုရင့် ဖွံ့ဖြိုးရေး စီမံချက်များနှင့် အခြား အရေးပေါ် အခြေအနေများတွင်လည်း အသုံးပြုနိုင်ကြပါသည်။ မြန်မာ့ တပ်မတော်တွင်မူ ဤမျှအထိ ပြည်သူအပေါ် စေတနာရှိရှိ စဉ်းစား ဖွဲ့စည်းထားသည့်ပုံ မတွေ့ရသေးပါ။

ထို့အပြင် မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံ ပြင်ပ ကျူးကျော်ရန်ကို ကာကွယ်နိုင်ရန် ကာကင်းအဖြစ် တပ်ချထားသည့် ပမ္မ၀တီ ရေတပ်စခန်း ဌာနချုပ်လည်း ရစရာ မရှိအောင် ပျက်စီးခဲ့ရကြောင်း ဧရာဝတီ မဂ္ဂဇင်းပါ သတင်းတပုဒ်အရ သိရှိရ ပါသည်။ ရန်လွန်းအောင်၊ ရန်တိုင်းအောင်၊ ရန်စစ်အောင် စသည့် A Class ကမ်းခြေကာကွယ်ရေး ရေယာဉ်များ ဆုံးရှုံးရ သကဲ့သို့၊ တရုတ်နိုင်ငံမှ ၀ယ်ယူထားသည့် ချန်ဂီ အမျိုးအစား ရေငုတ်သင်္ဘောဖျက် ယာဉ်များ (Jianghuclass frigates) လည်း ပျက်စီးခဲ့ရပါသည်။ ထိုင်းနိုင်ငံ အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့ NDD ၏ သတင်းများအရ ဆိုင်ကလုံးကြောင့် ရေတပ်သင်္ဘော ၂၅ စီး နစ်မြုပ်ရပြီး၊ အနည်းဆုံး အရာရှိ ၃၀ ဦးနှင့် ရေတပ်သား ၂၅၀ ကျော် ပျောက်ဆုံးနေသည်ဟု ဆိုပါသည်။ ဤအချက်ကပင် စနစ်ကိုယ်တိုင်က ပြိုလဲ ကျဆုံးနေကြောင်း သိသာစေပါသည်။ ရေတပ် သင်္ဘောများ ဆိုသည်မှာ ရေထဲ၊ မိုးထဲ ရှင်သန်ကြံ့ခံအောင် ပြင်ဆင် တည်ဆောက်ထားကြသည် ဖြစ်ပြီး၊ မုန်တိုင်းကဲ့သို့သော သဘာဝ ဘေးအန္တရာယ်သာမက၊ ရန်သူအနံ့ခံ ရေဒါကဲ့သို့သော ကရိယာများပါ တပ်ဆင်ထားကြပါသည်။ ဤရေ တပ်ကြီး မုန်တိုင်းဒဏ်သင့် ပြိုလဲသွားသည်ကို မြင်ရသည်မှာ မည်မျှ အားကိုးအားထားစရာ မရှိကြောင်း ဖော်ပြနေပါသည်။

ထိုမျှမကပါ၊ အခြား အားကိုးချင်စရာ သတင်းများလည်း ရှိပါသေးသည်။ အတည်မပြုနိုင်သော သတင်းများအရ အသစ်ဝယ် ယူထားသော တင့်ကားများ၊ လေယာဉ်များလည်း အိုမင်း ပြိုဆင်းနေကြပြီ ဆိုပါသည်။ တရုတ်နှင့် ယူကရိန်းမှ ၀ယ်ယူထားသည့် T-69 II နှင့် T- 63 တင့်ကားများမှာလည်း အက်ကြောင်း ထင်နေကြပြီဟု ဆိုသည်။ အမြောက်ပင် စမ်း၍ မပစ်ရဲဟု ဆိုနေကြပါသည်။ ၀ယ်ယူခဲ့သည့် မစ်တိုက်လေယာဉ် ၆ အုပ် (အစီး ၆၀ ကျော်) အနက် ၂၁ စီးမှာ ပျက်ကျခဲ့ပြီ ဖြစ်သည်။ ကျန် အစီး ၂၀ ကျော်မှာ မြေပြင်ပေါ် ဆင်းသက် ရပ်နားနေရပြီး၊ အစီး ၂၀ ခန့်သာ ပျံသန်းနိုင်ပါတော့သည်။ ဤလေယာဉ်များ အတွက်လည်း ပြုပြင် ထိန်းသိမ်းရန် ပစ္စည်းများ အလျှင်အမြန် လိုအပ်နေပြီ ဖြစ်ပါသည်။ အမှန်တွင်တော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်များက တပ်မတော်ကိုယ်လည်း အမှန်တကယ် အင်အားကြီးအောင် တည်ဆောက်ခဲ့ခြင်း မဟုတ်ဘဲ၊ ပေါချောင်ကောင်း လက်နက်များဖြင့် ခဏတာ ကြွားလုံးထုတ် ဟန်ရေးပြခဲ့ခြင်းသာ ဖြစ်ပါသည်။

သြစတြေလျမှ မြန်မာ့စီးပွားရေး လေ့လာနေသူ ပညာရှင် ရှောင်တာနဲက တခါက သုံးသပ်ခဲ့ဖူးပါသည်။ အခြား အာဏာရှင်များကတော့ မာဖီးယားနှင့် တူသည်။ အခြားပြည်သူတို့၏ အကျိုးအမြတ်များပေါ်မှ အညွန့်ဖူးကို ခူးစားရုံသာ စားသည်။ မြန်မာ စစ်အစိုးရကတော့ ဖုတ်သဘက်တစ္ဆေနှင့် တူသည်၊ အားလုံး ရသမျှကို သိမ်းကျုံး၍ စားနေသည်ဟု သုံးသပ်ထားခဲ့ပါသည်။ ဤသဘက်ကြီးက ဖုတ်သက်ငင်နေဆဲ ဖြစ်ပါသည်။

ဤဖုတ်သဘက်ကြီးကြောင့် တပ်မတော်ကြီးလည်း အင်အား ကြီးထွားမလာခဲ့ပါ။

တိုင်းပြည်လည်း မွဲပြာကျခဲ့ရပါသည်။

အောင်သူငြိမ်း


အကိုးအကား
၁။ Samuel Blythe, Army Conditions Leave Myanmar Under Strength, Jane's Defense Weekly, April 5, 2006.
၂။ Andrew Selth, Transforming the Tatmadaw: The Burmese Armed Forces Since 1988, Australian National University, 1996.
၃။ MYANMAR: THE FUTURE OF THE ARMED FORCES, International Crisis Group, 27 September 2002.
၎။ Sino-Defense Blog, PLA Mobilised for the Quake Rescue Operation, May 18, 2008. avialable online at http://sinodefence.blogspot.com/2008/05/pla-mobilised-for-quake-rescue.html
၎။ အေးချမ်းမြေ့၊ နာဂစ်ကြောင့် မြန်မာ့ အဓိက ရေတပ်စခန်း ပျက်စီးဆုံးရှုံးမှု များပြား။ ဧရာဝတီ အွန်လိုင်း မဂ္ဂဇင်း၊ မေ ၂၆၊ ၂၀၀၈။
၅။ အေးချမ်းမြေ့၊ မြန်မာ့ရေတပ် သင်္ဘောများလည်း မုန်တိုင်းဒဏ်သင့်၊ ဧရာဝတီအွန်လိုင်း မဂ္ဂဇင်း၊ မေ ၁၂၊ ၂၀၀၈။

Tuesday, June 10, 2008

နာဂစ် ရဲ့ ဘဝ တစ

မိုးထက်နေ
တနင်္လာနေ့၊ ဇွန်လ 09 2008 19:07 - မြန်မာစံတော်ချိန်

ကျုပ်နာမည်က ဖိုးတေ။ ကျုပ်တို့ နေတဲ့ ရွာနာမည်က ပြင်စလူရွာ။ အရင်ကတော့ လပွတ္တာ မြို့နယ်ထဲက ရွာငယ်လေးပေါ့။ အခု ဒီဘက်နှစ်တွေမှာ ကျုပ်တို့ရွာက စပါးကလည်း လွှတ်ဖြစ်၊ ရေလုပ်ငန်းကလည်း လွှတ်ကောင်းဆိုတော့ မြို့နယ်အဆင့် ဖြစ်တယ်ဆိုလား၊ ဘာဆိုလား။ ဒါတွေတော့ ကျုပ် သိပ်နားမလည်ပါဘူး။ ကျုပ်ကိုယ်တိုင်ကလည်း အချိန်ရှိ လယ်ထဲ ဆင်းလိုက်၊ ဆားကွင်း သွားလိုက်၊ အစုယူပြီး အငှားချထားတဲ့ ငါးဖမ်း လှေတွေဆီက ငွေသွားကောက်၊ လိုက်စာရင်း ရှင်းလိုက်၊ ပိုတဲ့ အချိန်လေးမှာ ကျုပ်မိသားစုနဲ့ နေလိုက်နဲ့ ရပ်ရေးရွာရေးလည်း သိပ်မသိပါဘူး။ အပေါ်ဖြူ အောက်စိမ်းဝတ်ပြီး တိုက်ပုံ တကားကားနဲ့ ကျောင်းဆရာ ဂိုက်ဖမ်းနေတဲ့ ကိုစိန်သန်းတို့  လူစုတွေနဲ့ မပတ်သက်ချင်တာလည်း ပါတာပေါ့ဗျာ။

တကယ်တော့ ကျုပ်ရော ကျုပ်မိန်းမ မိအေးရော ဒီရွာဇာတိတော့ မဟုတ်ပါဘူး။ ကျုပ်က အညာက၊ မကွေးတိုင်းထဲက ဆီမီးခုံဆိုတဲ့ ရွာက။ ကျုပ်မိန်းမကတော့ ဘယ်မယ်မွေးတယ်ရယ် မသိဘူး။ မေးလည်း မေးမကြည့်ဖူးပါဘူး။ ကျုပ်တို့ တွေ့တာကတော့ ဧရာဝတီတိုင်း ရေတပ်စခန်း ဋ္ဌာနချုပ်မှာ။ အဲဒီတုန်းက သူက ဆရာကြီးသမီး၊ ကျုပ်က ၁ဝ တန်း နှစ်ခါကျလို့ အိမ်က ထွက်ပြေးလာပြီး လုပ်စရာမရှိလို့ စစ်ထဲ လိုက်ခဲ့တဲ့ ရဲဘော် အသစ်စက်စက်။

ရုပ်ရှင်တွေ၊ ပြဇာတ်တွေထဲက လိုတော့လည်း မဟုတ်ပါဘူး။ ဒီလိုပဲ နှုတ်ခမ်းပဲ့ချင်း မီးမှုတ်ခဲ့တာ ဆိုပါတော့။ သူ့အထွာနဲ့သူတော့ ရင်ခုန်ဖို့ ကောင်းတဲ့၊ ကြည်နူးဖို့ ကောင်းတဲ့ ပြဿနာလေးတွေ မကင်းခဲ့ပါဘူး။ အဲဒီတုန်းက ကျုပ်မိန်းမဖြစ်မယ့် မိအေးက ဥပဒေ အဝေးသင် ပထမနှစ်။ ကျုပ်ယောက္ခမတွေ အနေနဲ့ကလည်း အချိန်တန် ဘွဲ့လေးဘာလေး ရပြီးတော့ အရာရှိ တယောက်နဲ့ ပေးစား ဆိုတဲ့ အိမ်မက်တွေ ရှိတာပေါ့။ ကျုပ်က ဆရာကြီးကို ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျုပ် ၁ဝ တန်း အောင်အောင် ဖြေမယ်၊ စစ်သက်ပြည့်တာနဲ့ ဗိုလ်သင်တန်း တက်ခွင့်ရအောင် လုပ်ပါ့မယ် ဆိုတာမျိုးတွေ ဘယ်လောက်ပြောပြော ဆောက်ဖြစ်မှ ကျောင်းဒါယကာ ဖြစ်မယ့် ကျုပ်နဲ့ ဘယ်သဘောတူမလဲ။ နောက်ဆုံးတော့လည်း ကျုပ်မိန်းမ မိအေးက ခေါင်းမာမာနဲ့ ဖိုးတေနဲ့ မပေးစားရင် ကျောင်းဆက်မတက်ဘဲ ခရစ်ယာန် သီလရှင် အပြီး လုပ်တော့မယ်ဆိုတဲ့ စကားတွေ နောက်မှာမှ လက်ထပ်ခွင့် တင်ပြီး အိမ်ထောင်သည်ဘဝ ရောက်ခဲ့ရတယ် ဆိုပါတော့။

အစတော့ တပ်ကပေးတဲ့ အိမ်ထောင်သည် လိုင်းမှာနေ၊ တပ်ကပေးတဲ့ ရိက္ခာစား၊ တပ်ကပေးတဲ့ လစာသုံးရင်း နေလာတာ သမင်မွေးရင်း ကျားစားရင်း ဆိုသလိုပါပဲ။ စုမိဆောင်းမိလည်း မရှိ။ ကျုပ်လည်း ၁ဝ တန်း ပြန်မဖြေနိုင်၊ ကျုပ်မိန်းမလည်း ကျောင်းဆက်မတတ်နိုင် ဖြစ်လာပါလေရော။ နောက်ဆုံးတော့ ဘာသာခြားတွေနဲ့ ယူပြီး ရာထူးတော်တော်နဲ့ မတက်၊ နေရာ တော်တော်နဲ့ မရတဲ့ အရာရှိတွေကို ကြည့်ပြီး သွေးလန့်လာတာက တကြောင်း၊ ကျုပ်ကိုယ်တိုင် အကြံအဖန် မလုပ်တတ်တာက တကြောင်း၊ ကိုယ်နဲ့ရွယ်တူ အရာရှိ ကတော်တွေ၊ ဆရာကြီး ကတော်တွေ သားသမီးတွေနဲ့ ယှဉ်ရင် ကျုပ်မိန်းမ မျက်နှာငယ်တာက တကြောင်း ဆိုတဲ့ အကြောင်းကြောင်းတွေကြောင့် ဆေးပင်စင် (တပ်ထဲမှာတော့ အရူးလက်မှတ် ခေါ်တာပေါ့) ရအောင် အကြံအဖန် လုပ်ပြီး ထွက်ခဲ့တယ်။

တပ်ထဲက ထွက်ပြီးခါစတော့ ပင်စင်ရတဲ့ ဆုကြေးငွေလေးနဲ့ လင်ကိုမယား နှစ်ယောက် ပုသိမ်မြို့ပေါ်မှာ အိမ်လေးတလုံး ငှားနေ။ ကျုပ်ကလည်း ရွာအနီးအနားမှာ စပါးပွဲစား လုပ်၊ ဆားပွဲစားလုပ်ရင်းနဲ့ နေလာလိုက်တာ ကျုပ်မိန်းမ ဘွဲ့ရတဲ့အထိ ဆိုပါတော့။ မိန်းမဘွဲ့ရပြီးလို့ ရှေ့နေ လုပ်စားဖို့ကလည်း ချိန်ဘာဆင်းဖို့ ဆရာမွေးစရာ ပိုက်ဆံကလည်း မရှိ။ နောက် ဒိုင်တွေ ပွဲရုံတွေကလည်း ရွာတွေအထိ ဆင်းကောက်တော့ ကျုပ်တို့လို ပွဲစားတွေမယ် နောက်ပိုင်း သိပ်အလုပ် မဖြစ်တော့ဘူး။ မိအေး နောက်ဆုံးနှစ် တက်နေတုန်းကတောင် ပိုက်ဆံပြတ်လို့ ပုသိမ် သင်္ဘောဆိပ်မှာ ညဘက် ပုတ်ပြတ်နဲ့ ကုန်တင်ကုန်ချ သွားလုပ်ရတာ အကြိမ်ကြိမ်။

အဲဒီကနေ ငါ့ဝမ်းပူဆာ မနေသာ ဆိုတဲ့အတိုင်း တခြားပွဲစား အပေါင်းအသင်းတွေက တဆင့် ချဲ လက်ခွဲရောင်းတဲ့ အလုပ်ကို လုပ်တဲ့အထိ ရောက်ရော။ အဲဒီအလုပ်က အဆင်လည်း ပြေပါတယ်။ ငွေလည်း ဝင်တယ်။ ဒါပေမဲ့ တွေ့သမျှလူ ဆရာခေါ်ရ။ ဟိုလူ ကြောက်ရ၊ ဒီလူ ကြောက်ရနဲ့ စိတ်ပျက်ဖို့တောင် အလွန်ကောင်းတာကလား။ နောက်ဆုံး မိအေး ဘွဲ့ဝတ်ရုံကြီး တကားကားနဲ့ ဘွဲ့တက်ယူတဲ့ နေ့ပြီးတော့ နောက်နေ့ ထင်တာပဲ ကျုပ်တို့ လင်မယား နှစ်ယောက် ရှိသမျှလေး ပိုက်ပြီး ရေကြည်ရာ မျက်နုရာမှာ လယ်လေး၊ ချောင်းလေး ရသလောက် ဝယ်ပြီး လုပ်ဖို့၊ နောက် အသက် သိပ်မရခင် ကလေးယူဖို့ တိုင်ပင်ပြီးတဲ့နောက် ပွဲစားလုပ်တုန်းက အဆက်အသွယ်တွေနဲ့ အခုနေတဲ့ ပြင်စလူဆိုတဲ့ ရွာလေးကို ရောက်လာတာ။ အခုဆို သမီးက ၁ဝ နှစ်၊ သားအငယ်လေးက ၈ နှစ် ဆိုတော့ ၁၂ မိုးလောက်ရှိထင်ပါ့။

ဒီရွာ ပြောင်းခါစတုန်းကများ ပြောပါတယ်။ ကျုပ်ကတော့ တောသားဆိုတော့ ကိုယ်တတ်နိုင်တဲ့ လယ်လေး ၂ ဧကလောက်ပေါ် အငှားကျွဲနဲ့ လုပ်နေရတာကို ပျော်လို့။ ကျုပ်မိန်းမ မိအေးကတော့ နည်းနည်း မျက်နှာ ပျက်ချင်တာပေါ့။ ဒီလိုနဲ့ ကျုပ်ရဲ့ မိသားစုကို ကောင်းကောင်း ထားချင်တဲ့စိတ်နဲ့ တွန်းလုပ်တာ နှစ်မိုးလောက်နေတော့ ကျွဲ အပိုင် ဖြစ်လာတယ်။ လယ်လည်း ၅ ဧက ဖြစ်လာတယ်။ နောက် အဲဒီနှစ်ပဲ သမီးလေး ကိုယ်ဝန်လည်း ရလာတယ်။ မိန်းမက သားဖွား ဆရာမနဲ့ပဲ မွေးမယ်လို့ ပြောပေမယ့် ကျုပ်က စိုးရိမ်လို့ ပုသိမ်မြို့က သားဖွားမီးယပ် ဆရာဝန်မကြီးနဲ့ သေချာ၊ ကျကျနန မွေးခဲ့တာပါ။ အဲဒီ နောက်ပိုင်း သားလေး မွေးလာပြီးတော့ စီးပွားတွေ တရိပ်ရိပ်တက်လာတယ် ဆိုပါတော့။

အခုတော့ ကျုပ်မိန်းမ ဦးစီးလုပ်နေတဲ့ ဆားကွင်းတွေရယ်၊ ကျုပ်ထောင်ထားတဲ့ ငါးဖမ်းလှေတွေရယ်၊ ကျုပ်လယ်တွေရယ်နဲ့ ဒီရွာမှာတော့ သူဋ္ဌေးစာရင်းပေါက် ဆိုပါတော့။ ရွာခံ လူတွေကလည်း ကျုပ်တို့ မိသားစုကို ချစ်ကြပါတယ်။ ကျုပ်မိန်းမ သဘောကောင်းတာ၊ အလှူအတန်းမှာ မနှေးတာရယ် ဘွဲ့ရပညာတတ် ရှားတာရယ် ပေါင်းတော့ ကျုပ်တို့ မိသားစုက ဒီရွာမှာတော့ ရွာ့မျက်နှာဖုံး မိသားစုဆိုရင် မမှားဘူးပေါ့လေ။ တခု ရယ်ရတာက ကျုပ်တို့အိမ်မှာ ကိစ္စတခုနဲ့ ဧည့်သည်တွေ လာပြီး နောက်ဆုံး ကျုပ်တို့ စီးပွားတက်တဲ့ အကြောင်းကို ရောက်သွားတဲ့ အခါတိုင်း ကျုပ်မိန်းမနဲ့ ပြောရင် ဘုရားသခင် အလိုတော်အတိုင်းပေါ့ မအေးရယ်လို့ ပြောတတ်ပြီး၊ ကျုပ်နဲ့ဆိုရင်တော့ ကံကံ၏ အကျိုးပေါ့ ကိုဖိုးတေရာလို့ ပြောတတ်တဲ့ ဓလေ့ ဒီရွာက ကျုပ်တို့ မိသားစုနဲ့ ရင်းနှီးတဲ့ လူတွေမှာ ရှိတတ်တာပါပဲ။

ဒီနှစ်တော့ ကျုပ် သားလေးကို ရှင်ပြုပြီး၊ ကျုပ်သမီးလေးကို နားသမယ့် နှစ်မို့လား မသိပါဘူး။ အလုပ်တိုင်းက အရင်နှစ်ကထက် ပိုပြီး ငွေဝင်တာမှ ကလေးတွေ ထိန်းဖို့ ခေါ်ထားတဲ့ ကျုပ် မိန်းမဘက်က တူမတော်တဲ့ ကလေးမလေးကိုတောင် နားဆွဲလေး လုပ်ပေးထားသေးတယ်။ ကျုပ်မိန်းမ မျိုးချစ်စိတ်ရှိပုံ ပြောပါတယ်။ ပြောရအုံးမယ်။ ကျုပ်နဲ့ မိအေးက ကလေးတွေ မမွေးခင်ကတည်းက သူ့ဘာသာ၊ ကိုယ့်ဘာသာ မခွဲဘဲ ဘာသာရေးနဲ့ ပတ်သက်တဲ့ ထုံးတမ်းစဉ်လာတွေ အကုန်လုပ်ပေးဖို့ သဘောတူထားခဲ့တယ်။ သူတို့ကြီးမှ သူတို့ ကြိုက်တဲ့ ဘာသာယူပါစေ ဆိုပြီးတော့ပေါ့။

ဒီတမိုး စပါးပေါ်တာနဲ့ ရှင်ပြုနားသပွဲလုပ်မယ့် အလှူရှင်တွေကလည်း များတော့ မိုးမကျခင်ဘဲ အလှူဆိုင်းဝိုင်း အတွက် စရံသတ်တာတို့၊ ရှင်လောင်းဝတ်စုံ ငှားတာတို့ ဆိုတဲ့ ကိစ္စလေးတွေ ပုသိမ်မြို့ပေါ် တက်လုပ် ပြန်ပြန်လာခဲ့တာဗျာ။ လူတိုင်းကလည်း ကျုပ်တို့ နှစ်ယောက်လုပ်မယ့် အလှူအတွက် ထင်ကြေး အမျိုးမျိုးပေးလို့။ ကြားတာတော့ မိအေး ကန်တော့ပွဲ ရွက်မရွက်တောင် ကာလသားတွေကြား အပျော်တမ်း အလောင်းအစား လုပ်ကြတယ်ဆိုပါ့ပဲ။ မိအေးကလည်း ကျုပ်မရှိတဲ့ အချိန်တွေတိုင်း ခေါင်းခုလေးတင်ပြီး ကန်တော့ပွဲ ရွက်ဖို့ ကြိတ်ကျင့်နေတာ ဘယ်သူမှ မသိကြဘူး။ ကျုပ်ကိုယ်တိုင်တောင် မသိဟန်ဆောင်နေရတာ။

အဲဒီနေ့က လေတွေ စထန်လာတော့ ကျုပ်တို့ဖြင့် မကြောက်ပေါင်။ ကျုပ်တို့ မြစ်ဝကျွန်းပေါ် ဒေသအတွက်က မုန်တိုင်းဆိုတာ အထူးအဆန်းမှ မဟုတ်ဘဲ။ ဒါပေမဲ့ နည်းနည်းကြာလာတော့ အခြေအနေ မဟန်မှန်း ကိုယ်စောင့်နတ်က နှိုးဆော်ဟန် တူပါတယ်။ သားရယ်၊ သမီးရယ်၊ မိအေးရယ်၊ မိအေးတူမလေးရယ် ခေါ်ပြီး တိုက်ခံ အဆောက်အဦလည်း ဖြစ်၊ အမြင့်ပိုင်းလည်းဖြစ်တဲ့ ဘုန်းကြီးကျောင်းဘက်ကို ထွက်လာလိုက်တာ ကံကောင်းတယ် ပြောမလား၊ ကံဆိုးတယ် ပြောမလား၊ အချိန် ကြာလာတာနဲ့အမျှ မုန်တိုင်း အားကောင်းလာပုံများ ကျုပ်ဖြင့် ကမ္ဘာပျက်တယ်ဆိုတာ ဒါပဲ နေမယ်လို့ တွေးမိတယ်။ ကလေးတွေရဲ့ ငိုသံတွေ၊ သွပ်မိုးတွေ လွင့်သွားတဲ့ အသံတွေ၊ တဲပြိုတဲ့ အသံ၊ အပင်လဲတဲ့ အသံတွေနဲ့ ကျုပ် ဘဝတလျှောက်လုံး ကြောက်စရာ အကောင်းဆုံး ဆိုတာတောင် အားလုံး ရယ်စရာတွေ ဖြစ်ကုန်တယ် ပြောလို့ ရပါတယ်။ ဒီလိုနဲ့  တလောက လုံးဝ ဝုန်းဒိုင်းကျဲနေတဲ့ ကာလကြီး အပြီးမှာတော့ ...

ပထမဆုံး သတိထားမိတာ ဆာလောင်လို့ ငိုနေတဲ့ ကလေးငယ်တွေရဲ့ အသံ။ ပြီးတော့ မိအေးရဲ့ “မုန်တိုင်းရဲ့ အပေါ်မှာ ဘုရားသခင် ရှိပါတယ်။ သခင့် လက်ထဲမှာ ကျမတို့ ဘဝကို အပ်နှံထားပါတယ် အာမင်” ဆိုတဲ့ အသံ။ အဲဒီ အသံတွေရဲ့ နောက်မှာ စိုးရိမ်စွာ ကြည့်လိုက်မိတာ သမီးနဲ့ သား၊ ပြီးတော့ မယ်အေး တူမ။ သမီးနဲ့ သားကို ငေးကြောင်နေတဲ့ မျက်လုံးတွေအောက်မှာ ခြောက်သွေ့နေတဲ့ မျက်ရည် စီးကြောင်းတွေနဲ့ အတူ တွေ့လိုက်ရလို့ စိတ်အေးရပေမယ့် မိအေး တူမလေးကိုတော့ မတွေ့ဘူး။

အခြေအနေ ငြိမ်သက်စ ပြုတာနဲ့ ကျုပ်တို့လည်း အိမ်ပြန်ကြမယ်ဆိုပြီး ကလေးတွေကို မိအေးတယောက်၊ ကျနော်တယောက် လက်ဆွဲပြီး ထွက်အလာမှာလည်း ကျနေတဲ့ သစ်ပင်ကြီး အဲဒီအောက်မှာ လူသေကောင်တွေ။ ချက်ချင်းပဲ မိအေးနဲ့ ကလေးတွေကို ဘုန်းကြီးကျောင်းမှာ ဆက်နေခဲ့ဖို့ မှာရင်း အိမ်ရှိရာကို ကျုပ်တယောက်ထဲ ပြန်လာခဲ့တယ်။ ဒါပေမဲ့ ကျုပ်အိမ် ဘယ်မှာလဲဆိုတဲ့ အမေးကို ကျုပ်ကိုယ်တိုင်ကို ပြန်မဖြေပေးနိုင်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သေသွားတဲ့ လူတွေနဲ့ ယှဉ်ရင်တော့ ကျုပ်တို့ မိသားစုက တော်သေးတယ် ဆိုရမှာပေါ့။

ကျုပ်လိုပဲ လူအများစုလည်း သူတို့ အိမ်တွေကို ရှာမတွေ့တော့ဘူး။ အိမ်တွေ နေရာမှာ ရေပြင်ကြီးဖွေးလို့။ အဲဒီရက်မှာတော့ ဘုန်းကြီးက မျှကျွေးတဲ့ အစာလေးတွေပဲ အားလုံး မျှစားရင်း ကျုပ်တို့အားလုံး နေကြရတာပေါ့။ ကျုပ်လို တောက တက်လာတဲ့လူ စစ်သား လူထွက်အတွက် အရေးမကြီးပေမဲ့ မိအေးနဲ့ ကလေးတွေ အခုလို စားနေရတာ ကြည့်ပြီး ကျုပ်တော့ လုံးလုံး စိတ်မကောင်းဘူး။ အဲဒီ အိပ်မက်ဆိုးကြီးအပြီး နှစ်ရက်သုံးရက်ရှိတော့ ရန်ကုန်က လူတွေ ရောက်လာတယ်။ ဒါပေမဲ့ ကျုပ်တို့ဆီ ရောက်လာတဲ့အခါ ရေဗူး နည်းနည်းနဲ့ ခေါက်ဆွဲခြောက်ထုပ် တထုပ်စီလား မသိဘူး ပေးနိုင်တာကလွဲလို့ ဘာမှလည်း လုပ်မပေးနိုင်ခဲ့ဘူး။

ကျုပ် သမီးနဲ့ သား မောင်နှစ်မ နှစ်ယောက်ကလည်း အလှူကျတော့၊ အလှူရောက်ရင် ဆိုတဲ့ စကားကို ရွယ်တူကလေးတွေ ကြားမှာ ပြောနေဆိုနေတုန်း။ အဲဒီအသံကြားတိုင်း ကျုပ် နှလုံးသားကို အပ်နဲ့ ဆွသလိုပါပဲ။ အဲလိုအချိန်မျိုးမှာ မိအေး အနားရှိလို့ လှမ်းကြည့်မိပြန်ရင်လည်း မလိုအပ်ဘဲ မျက်လုံး ပုတ်ခတ်ပုတ်ခတ် လုပ်တာကို သတိထားမိတယ်။ ကျုပ်တို့ အိမ်အခြေအနေ၊ လယ်အခြေအနေ၊ ကျွဲတွေရဲ့ အခြေအနေ၊ ဆားကွင်းအခြေအနေ၊ ငါးဖမ်းလှေတွေရဲ့ အခြေအနေကို ကျုပ်နဲ့ မိအေးကြား မပြောဖြစ်အောင် သတိထားနေတာလည်း သိသာတယ်။ ဒါပေမဲ့ အိပ်မက်ဆိုး မက်တဲ့ နေ့ကတည်းက ဒီနေ့အထိ ဝတ်ထားတဲ့ အဝတ်တွေက ကျုပ်တို့ မိသားစုသာမက ဒီနေရာမှာ ရှိနေတဲ့ မိသားစုတွေရဲ့ အခြေအနေကို ပြောပြနေသလိုပါပဲ။

တဖြည်းဖြည်းနဲ့ စေတနာရှင်တွေ ပိုပိုရောက်လာတယ်။ ကျနော့်အတွက် အဝတ်အစားလေးတွေ ရလာတယ်။ စားစရာတွေ နည်းနည်းပါးပါး ရလာတယ်။ မြို့ပေါ်တွေမှာလိုတော့ တားတာ ဆီးတာမျိုးတွေ မရှိပေမဲ့ နည်းနည်း လူလည်ကျတဲ့ အပိုင်းတွေတော့ ရှိတာပေါ့လေ။ အလှူရှင်တွေကလည်း စေတနာ ကောင်းကြပါတယ်။ ရေလမ်းခရီးကိုလည်း သက်စွန့်ဆံဖျား လာကြတယ်။ အာဏာပိုင်တွေရဲ့ ငြိုငြင်မှုကို ခံပြီးတော့လည်း လာကြတယ်။ ဘုန်းတော်ကြီးကတော့ ပြောတယ်၊ အမေရိကန်တို့၊ ပြင်သစ်တို့က သင်္ဘောကြီးတွေ ရောက်နေပြီ။ မကြာခင် ကျုပ်တို့ ရွာတွေဆီ လာပြီး၊ လိုတာ မှန်သမျှ ကူညီလိမ့်မယ်လို့ ပြောတယ်။ ကျုပ်ကတော့ ကျန်တာ ဘာမှ ပေးပေး၊ မပေးပေးပါ။ ဒီတမိုးအတွက် စားဖို့ရယ်။ ကျုပ်လယ်တွေကို စပါးစိုက်လို့ ရအောင် မြေပြင်ပေးပြီး မျိုးစပါးလေး ပေးရင်ကို တော်ပါပြီ။ ကျုပ် အလကား မယူပါဘူး။ ဒါတွေကို ပြန်ဆပ်ဆိုလည်း ဆပ်ပါ့မယ်။ ဒီနှစ်စပါးလေး စိုက်ငွေလေးတဲ့အခါမှ ဆားကွင်းလေးကို လူငှားနဲ့ ပြန်လုပ်ရင် ကျုပ်တို့ မိသားတစုတော့ ခါးမလှသေးတောင် ဝမ်းဝမှာတော့ မပူရဘူးပေါ့။

ကျုပ်တို့ရွာကို အလှူရှင် အဖွဲ့တွေ ရောက်လာတယ် ဆိုပေမယ့် သွားရေးခက်တော့ ဆင့်ပါးစပ် နှမ်းပက်သလို ဖြစ်နေတာပေါ့။ ဒါနဲ့ ကျုပ်၊ မိအေး၊ သမီးနဲ့ သားကို ခေါ်ပြီး လပွတ္တာဘက်ကို အလှူရှင်စက်လှေ အကြုံနဲ့ လိုက်သွားဖို့ စိတ်ကူးတယ်။ တဖက်က ကျုပ်မိသားစု ဝဝလင်လင် စားရဖို့ဆိုတဲ့ အတ္တစိတ်ကလေး ပါသလို၊ တဖက်ကလည်း ကျုပ်တို့ ၄ ယောက် လျော့သွားရင် တခြားလူတွေ ၄ ယောက်စာ ပိုရမယ်ဆိုတဲ့ အတွေးလေးလည်း တွေးမိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အမေရိကန်ကြီးတွေ၊ ပြင်သစ်ကြီးတွေ လာတဲ့အခါ မြို့ပေါ်ကို အရင်လာမယ်။ အဲဒီတော့ အရင်ဆုံး တွေ့ရမယ်။ ကျုပ် လယ်တွေ ပြင်ဖို့၊ စပါးစိုက်ဖို့ စောစော လုပ်နိုင်မယ် ထင်တာပေါ့။ မိအေးကလည်း ဘွဲ့တောင် ရထားတာဆိုတော့ အမေရိကန်ကြီးတွေနဲ့ စကားပြောနိုင်မှာပဲကို။

မိအေးကို ဖွင့်တိုင်ပင်တော့လည်း သဘောတူတယ်။ နောက် ရွာ ဥက္ကဋ္ဌ ကို ပြောတော့လည်း ဥက္ကဋ္ဌ က သွားချင်သွားလို့ ပြောတယ်။ နောက်တရက် အလှူရှင်တွေ ရောက်လာပြီး စိတ်ကူးကို ပြောပြတော့ သဘောကောင်းတဲ့ ခေါင်းဆောင် လုပ်သူက ကျုပ်တို့ကို ခေါ်သွားပေးမယ် ပြောတယ်။ ရေဆိပ် ဆင်းခါနီး ကိုစိန်သန်းတို့ လူအုပ်က မဲလက်မှတ်ဆိုလား ဘာလားကို တင်တင်စီးစီးနဲ့ အတင်းလုပ်ခိုင်းလို့ လက်မှတ် ထိုးပေးလိုက်တာက လွဲရင် ကျန်တာ အဆင်ပြေတယ် ပြောရမှာပေါ့။ မဲလက်မှတ်လို့သာ ပြောတယ်။ သူတို့ပြောတဲ့ ပုံက အမှန်ခြစ်ပြီး ကြိုတင်မဲ လက်မှတ်ထိုးသွားတဲ့။ စိတ်ထဲ ဘဝင်မကျပေမဲ့ လောလောဆယ် မိသားစုအရေးက ရှိသေးတာကိုး။ စကားနဲ ရန်စဲပေါ့။

လပွတ္တာရောက်တော့ မြို့ထဲမှာနေတာထက် မြို့ပြင်ကားလမ်းမှာ သွားနေရင် ပို အဆင်ပြေတယ်လို့ အလှူရှင်တွေ အကြံပေးတဲ့အတိုင်း မြို့ပြင်ကားလမ်းဘက် ထွက်ခဲ့တယ်။ အလှူရှင်တွေက ပေးခဲ့တဲ့ မိုးကာလေးကို သုံးပြီး သစ်ပင်ကြီးတပင် အောက်မှာပဲ အဖြစ်တဲလေး ထိုးနေလိုက်တယ်။ နောက်နေ့ မနက်ကစလို့ လာလိုက်တဲ့ ကားကြီးကားငယ်တွေ။ တချို့ကားတွေကလည်း ရပ်ပြီး ပစ္စည်းတွေကို စနစ်တကျ ဝေတယ်။ တချို့ကတော့လည်း ဘာကြောင့် မှန်းမသိ ပစ်ပေးသွားတာမျိုးတွေ ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွာမှာထက် စာရင်တော့ ကျုပ်တို့ ပိုစားရတာ အမှန်ပဲ။ နိုင်ငံခြားက လူတွေဆိုတာ ဘယ်တော့လာမလဲ တွေးလိုက်၊ အလှူရှင်တွေ လာရင် ပစ္စည်းလေးတွေ ယူလိုက်နဲ့ လက်ရှိ ကိုယ့်အဖြစ် ကိုယ်တောင် မေ့နေတယ်။

တရက်တော့ မနက်အစောကြီး ရဲတွေရယ်၊ ဖြူစိမ်းကောင်တွေရယ် ရောက်လာပြီး ကျုပ်တို့ မိသားစုကို ဒီမှာ နေခွင့် မရှိဘူး၊ သူတို့နဲ့ လိုက်ခဲ့ပါ၊ ကယ်ဆယ်ရေး စခန်းကို ပို့ပေးမယ်လို့ ပြောပြီး လာခေါ်တယ်။ ဒါနဲ့ ကျုပ်တို့ မိသားစုလည်း ဝမ်းသာအားရနဲ့ လိုက်ခဲ့တာပေါ့။ ဟိုလည်း ရောက်ရော တပ်ထဲတုန်းက ကြည့်ဖူးတဲ့ ရုပ်ရှင်ကားထဲကလို တဲလေးတွေ တန်းစီ ဆောက်ထားတာကို တွေ့ရတယ်။ အထဲမှာလည်း ဒန်အိုးဒန်ခွက်၊ ဆန်အိတ်၊ ဆီ၊ ဆားနဲ့ အခြောက်အခြမ်းတွေကို တွေ့ရတယ်။

ခဏတာတော့ လုံခြုံမှု ရပြီဆိုတဲ့ အသိ။ နောက် ကျုပ် ကလေးတွေရော၊ မိအေးနဲ့ ကျုပ်ကိုယ်တိုင်ရော ကားသံ နားထောင်လိုက်၊ ပစ္စည်းလှူမယ့်သူ မျှော်လိုက်နဲ့။ ပစ္စည်းတွေ သွားအလှူခံရတယ် ဆိုတဲ့ ဘဝကို ကြည့်ရတာလည်း မဖြစ်လို့သာရယ်။ တကယ်တမ်းတော့ တစက်ကလေးမှ စိတ်ချမ်းသာတာ မဟုတ်ဘူး။ အခုလိုဆိုတော့ စခန်းက ဝေတဲ့ရိက္ခာ သွားထုတ်ရင် နိုင်ငံခြားကလာမယ့် အကူအညီတွေကို ထိုင်စောင့်ရုံပဲပေါ့။

တအောင့်နေတော့ ရဟတ်ယာဉ်သံတွေ ဆူညံပြီး အရာရှိကြီးတွေ ကျနော်တို့ တဲတန်းတွေထဲ ဝင်လာတာကို မြင်ရတယ်။ တပ်ထဲတုန်းကလည်း ကျုပ်က ဓားမနောက်ပိတ်ခွေး ရိုးရိုးရဲဘော်ဆိုတော့ ဘယ်သူဘယ်ဝါရယ် လို့တော့လည်း မသိဘူးပေါ့။ ကျုပ်တို့တဲတွေဆီ တတဲချင်းကြည့်ပြီးတော့ အားပေးစကားပြောပေါ့။ ကျုပ်တို့လည်း ဝမ်းသာတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုလူကြီးတွေ လာတယ်ဆိုတော့။ လူကြီးတွေ ပြန်ထွက်သွားပြီး ခဏနေတော့ ကျုပ်တို့တဲတွေဆီကို တာဝန်ခံဆိုတဲ့ လူတွေ ရောက်လာပြီး ဆန်အိတ်တွေနဲ့ တခြား စားစာရာတွေကို ပြန်သယ်သွားတယ်။ ပါးစပ်ကလည်း ရေရှည်အတွက် ကျုပ်တို့က စေတနာနဲ့ လုပ်ပေးတာ၊ ဘာညာဆိုတာတွေ ပြောတယ်။ ပြီးတော့ ဆန်နှစ်ပြည်ရယ်၊ အခြောက်အခြမ်း နည်းနည်းရယ် ထည့်ထားတဲ့ အိတ်တွေကို “ဒါ တပတ်စာ” လို့ ပြောပြီး ပေးတယ်။ နောက် ဘယ်အလှူရှင်တွေဆီကမှလည်း တိုက်ရိုက် လက်မခံဖို့  မျက်နှာထားနဲ့ ပြောတယ်။

ကျုပ်ကလည်း တခုခုဆိုရင် မြုံမနေတတ်တော့ နိုင်ငံခြားက လူတွေကရော ဘယ်တော့ လာမလဲလို့ မေးလိုက်မိတယ်။ အဲဒီမှာ ခေါင်းဆောင် လုပ်သူက ဒေါနဲ့မာန်နဲ့ ဘယ်သူ့ အကူအညီမှ မလိုဘူး၊ နိုင်ငံတော်က ကူညီနိုင်တယ်၊ ဘာညာနဲ့ အော်ပါလေရော။ ကျုပ်တို့ကို မျိုးစပါး ပေးမှာလား၊ လယ်တွေ ပြင်ပေးမှာလား၊ ငွေချေးပေးမှာလား စတဲ့ မေးခွန်းတွေ ဆက်တိုက် မေးလိုက်တော့၊ အဲဒီလူလည်း မျက်နှာကြီး နီရဲလာပြီး ဒေါသတကြီး အော်ပါလေရော။

သူပြောတဲ့အထဲမှာ ဖားရှာ ငါးရှာစားတို့၊ ချောကလက် မလိုဘူးဆိုတဲ့ အသံတွေပဲ ကြားနေရတယ်။ မျက်လုံးထဲမှာတော့ တိုင်တချို့ကလွဲပြီး ဘာမှ မရှိတော့တဲ့ ကျုပ်တို့အိမ်။ လူတွေ စွန့်ကြဲတာကို သိမ်ငယ်တဲ့ မျက်လုံးတွေနဲ့ လက်ဖြန့်တောင်းနေတဲ့ ကျုပ်ချစ်တဲ့ မိအေးနဲ့ သမီးနဲ့ သားနဲ့ တခြားလူတွေ။ နောက် သမီးနဲ့ သားကို လှူတဲ့ အလှူပွဲ။ နောက်ဆုံး ကြားလိုက်ရတဲ့ စကားက ဘယ်နိုင်ငံခြားသားမှ အဝင်မခံဘူး၊ စားဖို့မရှိရင် တောင်းစားဆိုတဲ့ အသံ ...

ကျုပ်ကို ကျုပ် ဘာလုပ်လိုက်မှန်း မသိခင်မှာ အဲဒီ ခေါင်းဆောင် လုပ်သူရဲ့ ပြူးကျယ်နေတဲ့ မျက်လုံး ကျုပ်လက်နှစ်ဘက်နဲ့ သူ့လည်ပင်း အထိအတွေ့ကိုပဲ သိတော့တယ်။ နောက် ချက်ချင်းလိုပဲ ကျုပ်ခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့က နာကျင်မှု။ ဒါပေမဲ့ ကျုပ် လက်ကို ဘယ်တော့မှ မလွှတ်ဘူး။ မုန်တိုင်းက ကျုပ်တို့ဆီက ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုတွေပဲ လုယူတာ။ ကျုပ်လက်ထဲကလူနဲ့ သူလိုလူမျိုးတွေက ကျုပ်တို့ ဘဝတခုလုံးကို လုယူတာ။ ကျုပ် သားနဲ့ သမီးရဲ့ အနာဂတ်ကို ဖျက်ပစ်တာ။ ကျုပ်တို့ တရွာလုံးကို ဖျက်ပစ်တာ။

ထမင်းစားရရုံနဲ့ ကျုပ်တို့ ဘဝ ရပ်တည်လို့မှ မရတာ။ ဘယ်မလဲ လယ်၊ ဘယ်မလဲ နွား၊ ဘယ်မလဲ မျိုးစပါး။ ဘယ်သူတွေကရော ကျုပ်တို့ကို အမြဲ လှူနေနိုင်မလဲ။ တလလား၊ ၁ဝ လလား၊ တနှစ်လား။ ရဟန်းသံဃာ မဟုတ်ဘဲ သူများ လှူတာကို တသက်လုံး ထိုင်စားနေမယ် ဆိုရင်ရော ကျုပ်တို့ ဘာတွေ ဖြစ်ကုန်မလဲ။ ဘုရားကျွန်လား၊ သူဖုန်းစားလား၊ ဒုက္ခိတတွေလား။

ကျုပ်နဲ့ ဘဝတူ လူတွေရယ်။ အစာငတ်မှာ ကြောက်ပြီး ဘဝကို အငတ်ခံကြတော့ မလို့လား။ ကျုပ်တို့ လူမျိုးတွေက ခန္တီပါရမီ ကောင်းတာပဲလား၊ သရဲဘောကြောင်တာပဲလား။ ဓားမိုး အုပ်ချုပ်ခဲ့တဲ့ အချိန်တွေ သိပ်ကြာလာခဲ့လို့လား။ မေးခွန်းတွေရဲ့ အဖြေကို ရှာမတွေ့ခင်ဘဲ ကျုပ်တော့ အမှောင်အတိ ကျလို့။ နောက်ဆုံး မြင်လိုက်ရတာက ဧရာမ သင်္ဘောကြီး။ မိအေးနဲ့ ကလေးတွေလည်း ပျော်လို့။

-----------------

(နိဂုံး)

လေဘေးကယ်ဆယ်ရေး စခန်းထဲမှာ အရူးတယောက် စိတ်ဖောက်ပြီး ဥက္ကဋ္ဌကြီးကို လည်ပင်း ထညှစ်တာ ဘေးက လူတွေ ဝိုင်းကယ်လို့ ဥက္ကဋ္ဌကြီး ဘာမှ မဖြစ်တာဆိုတဲ့ သတင်းကို လူတွေ စုမိတိုင်း ပြောတတ်တယ်။ နောက် အလှူရှင်တွေနဲ့ အလှူခံတွေ စုဝေးနေတဲ့ နေရာတိုင်းမှာ မနက်ဖြန်အတွက် ဘာမှ စိတ်မပူကြပါနဲ့၊ ကျမ အမျိုးသား သင်္ဘောတွေ၊ ကယ်ဆယ်ရေး လုပ်မယ့်လူတွေ သွားခေါ်နေတယ်လို့ ငိုတခါ ရယ်တလှည့် ပြောနေတတ်တဲ့ လူရည်သန့် မိန်းမတယောက်ကို လူတွေ သတိထားမိလာကြတယ်။


လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက်

ဒေါက်တာ ခင်စောဝင်း
တနင်္လာနေ့၊ ဇွန်လ 09 2008 14:21 - မြန်မာစံတော်ချိန်

နာဂစ်မုန်တိုင်း ကျရောက်ပြီးတာ တလကျော်ခဲ့ပါပြီ။ ပြည်သူတွေမှာတော့ အခုထိ ဒုက္ခတွေနဲ့ ရင်ဆိုင်ရဆဲပါပဲ။ ဒုက္ခသည်တွေကို ကူညီရေး နိုင်ငံတကာရဲ့ ကမ်းလှမ်းချက်တွေကိုလည်း နည်းမျိုးစုံနဲ့ ပိတ်ဆို့ ငြင်းပယ်နေဆဲ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာ ကူညီကယ်ဆယ်ရေး မရသေးတဲ့သူတွေ ထောင်ပေါင်းများစွာ ရှိနေပါသေးတယ်။ ကုလသမဂ္ဂ ဂြိုဟ်တု တိုင်းထွာရေး အဖွဲ့က ဇွန်လ ၄ ရက်နေ့တုန်းက ဧရာဝတီတိုင်း အတွင်းက ကျေးရွာ ၁၈ ရွာ ပျက်စီးပုံကို ဂြိုဟ်တုမြင်ကွင်းမှာ ဓာတ်ပုံနဲ့တကွ အသေးစိတ် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ရွာလုံးကျွတ် ပျက်စီးတဲ့ မြင်ကွင်းတွေ ဓာတ်ပုံတွေမှာ တွေ့နေရပါတယ်။

နာဂစ်မုန်တိုင်းမှာ လူထုပေါင်း သိန်းနဲ့ချီပြီး အသက်ဆုံးရှုံးခဲ့ရပုံ၊ သန်းနဲ့ချီပြီး ဒုက္ခ ရောက်နေရပုံတွေကို ကြည့်ခြင်းအားဖြင့် စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုနဲ့ လူသားဂုဏ်သိက္ခာ ဆိုတာကို လေးစားဘို့ဝေးလို့ တိရစ္ဆာန်ရဲ့ အသက်လောက်တောင် တန်ဖိုးမထားတာ လက်တွေ့ထင်ရှား တွေ့နေရပါပြီ။

၁၉၆၂ ခုနှစ်ကစပြီး နှစ် ၅ဝ နီးပါး (Generation) မျိုးဆက် ၃ ဆက်လောက်ဟာ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ လူသား ဂုဏ်သိက္ခာ ကင်းမဲ့စွာနဲ့ ပြားပြားဝပ်ဝပ် ဒုက္ခခံနေကြရပါတယ်။ လူထုမှာ မျက်ရည်စက်လက်နဲ့ ဒုက္ခရောက်နေတဲ့ ကာလမှာ အတင်းအကျပ် ဆန္ဒခံယူပွဲကို လုပ်ခဲ့ပါသေးတယ်။ စစ်အစိုးရဟာ ပြည်တွင်းမှာရော၊ နိုင်ငံတကာကိုပါ လိမ်ညာဘို့ နည်းနည်းမှ ဝန်မလေးကြပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ပြောတုန်းက နိုင်ငံတကာရဲ့ အကူအညီကို ယူပါမယ်၊ နိုင်ငံခြား ပညာရှင်တွေ ကူညီရေး အဖွဲ့တွေကို ဗီဇာပေး ဝင်ခွင့်ပြုပါမယ်လို့ လိမ်ညာ ကတိပေးခဲ့ပြီး၊ တကယ့်တကယ်မှာ ပေးခဲ့တဲ့ ဂတိအတိုင်း ဆောင်ရွက်မှု မရှိခဲ့ပါဘူး။

စစ်ဗိုလ်ချုပ်တွေဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့၊ သုံးပွင့်ဆိုင် ဆွေးပွဲတို့ကို လုံးဝ စိတ်ဝင်စားသူတွေ မဟုတ်တာ သေချာနေပါပြီ။ ဒီစနစ် ရှင်သန်နေသမျှ လူထုမှာ ဒုက္ခရောက်သထက် ရောက်ပြီး တိုင်းပြည်တခုလုံး စုံးစုံးမြိုပ်ဖွယ်ရာပဲ ရှိပါတော့တယ်။

နှစ်ပေါင်းများစွာ မတရားဖိနှိပ်မှု ဒုက္ခခံနေကြရတဲ့ ပြည်သူတွေအတွက် လွတ်မြောက်ရာနည်းလမ်း၊ ငြိမ်းချမ်းရေးအတွက် လွတ်မြောက်ရာ နည်းလမ်း တလမ်းပဲ ရှိပါတယ်။ အဲဒါကတော့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးပဲ ဖြစ်ပါတယ်။ Military Dictatorship ဆိုတာ လုံးဝ မရှိတော့အောင် ဖျက်သိမ်း ပစ်ရမယ်။ Abolish လုပ်ပစ်ရမယ်။ ဒါမှသာ တကယ်စစ်မှန်တဲ့ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေး ရနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ စစ်မှန်တဲ့ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းမှု ပေါ်ပေါက်မှသာ ပြည်သူတွေဟာ အခြေခံ လူ့အခွင့်အရေးကို ပြည့်ဝစွာ ခံစားရပြီး၊ ကြောက်ရွံ့ရခြင်း ဒုက္ခ၊ ဆင်းရဲငတ်မွတ်ခြင်း ဒုက္ခက ကင်းဝေးမှာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ် ဖျက်သိမ်းနိုင်ဘို့အတွက် စစ်အာဏာရှင်တွေကို တိုက်ဖျက်ဘို့ လက်နက် လိုပါတယ်။ လက်နက်မရှိဘဲ တိုက်လို့ မရပါဘူး။ အဲဒီလက်နက်ကို ဘယ်ကရမလဲလို့ မေးရင်တော့ အဖြေက ရှင်းပါတယ်။ အဲဒီလက်နက်က ပြည်သူတွေ လက်ထဲမှာ ရှိနေပါတယ်။ ပြည်သူတွေဆိုတာ အားလုံး ပါဝင်ပါတယ်။
  • ပြည်တွင်းမှာနေတဲ့ ပြည်သူ၊ ပြည်ပမှာ ရောက်နေကြတဲ့ မြန်မာပြည်ဖွား ပြည်သူများ
  • ရဟန်းသံဃာတော်များ
  • ကြံ့ဖွတ်နဲ့ စွမ်းအားရှင်များ
  • ကြည်း၊ ရေ၊ လေ တပ်မတော်သားများ
အဲဒီလူတွေ အားလုံးမှာ လက်နက်တွေ ရှိပါတယ်။ ဘယ်လို လက်နက်တွေ ရှိတာလဲ။ “သေနတ်လား၊ ဓားလား၊ ဂျင်ဂလိလား” လို့ မေးလာရင်တော့ အဲဒါတွေ တခုမှ မဟုတ်ပါဘူး။ သူတို့တွေ အားလုံးမှာ ရှိနေတဲ့ လက်နက်ကတော့ “ညီညွတ်ရေး” ပါပဲ။ ပြည်သူတွေအားလုံး “ညီညွတ်ရေး” ဆိုတဲ့ လက်နက်ကို နည်းလမ်းမှန်မှန်၊ စနစ်တကျ ထုတ်ဖော်သုံးစွဲဘို့ အချိန်ရောက်နေပါပြီ။

အဲဒီလက်နက် ရှိပေမယ့် မှန်မှန် မသုံးစွဲနိုင်လို့၊ တန်ဖိုးမထားခဲ့လို့ အခုလို ခံနေရတာပါ။ ပြည်သူတွေနဲ့အတူ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေ အားလုံး အတူတကွ ပူးပေါင်းနိုင်ကြရင်၊ ညီညွတ်ကြရင် စစ်အာဏာရှင်စနစ် (Abolish) ဖြစ်ဘို့ရာ မခဲယဉ်းပါဘူး။ စစ်အာဏာရှင်တွေဟာ ပြည်သူ့အင်အားကို အင်မတန် ကြောက်ပါတယ်။ အဲဒီလို ကြောက်လို့ အခုလို ရက်စက် ဖိနှိပ်နေတာပါ။ မိမိရဲ့ လက်ရှိဘဝမှာ အခုလောက် ဆိုးဆိုးဝါးဝါး ခံခဲ့ရပြီ။ နောက်လာမယ့် သားစဉ်မြေးဆက် ဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းစွာ နေနိုင်ဘို့အရေး ညီညွတ်ရေး လက်နက်ကို စနစ်တကျ ထုတ်ဖော်သုံးစွဲကြဘို့ အချိန်ရောက်နေပြီ ဖြစ်ကြောင်းပါ။

ညီညွတ်ရေး လိုအပ်တယ်ဆိုတာ မူအားဖြင့် သိကြပါတယ်။ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကလည်း “အားလုံး ညီညွတ်ကြပါ” လို့ ဆိုတာကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အခုကာလအထိ ဒီမိုကရေစီ အင်အားစုတွေ အတွင်းမှာ ညီညွတ်ရေးကို မတည်ဆောက်နိုင်ကြသေးပါဘူး။ အပြောလွယ်သလောက် လက်တွေ့မှာ လုပ်ကိုင်ရတာ ခက်ခဲပါတယ်။ နအဖ ကလည်း တမင်တကာကို အချင်းချင်း ကွဲအောင် ဖန်တီးပေးနေတာပါ။

ဒါပေမဲ့ အဲဒီ အခက်အခဲကို ကျော်လွှားနိုင်အောင် အားလုံး ဝိုင်းဝန်းကြိုးစားဘို့ လိုပါပြီ။ အထူးသဖြင့် ပြည်တွင်းမှာဆိုရင် သာမန် ပြည်သူတွေနဲ့ ကြံ့ဖွတ် စွမ်းအားရှင်တို့၊ တစည်းတလုံးတည်း ညီညွတ်နိုင်ကြမယ်ဆိုရင် တကယ် အစွမ်းကောင်းတဲ့ “ပြည်သူ့အင်အား” တရပ် ပေါ်ပေါက်လာမှာပါ။ တကယ်တော့ ကြံ့ဖွတ်တို့၊ စွမ်းအားရှင်တို့ ဆိုတာလည်း ပြည်သူထဲက ပြည်သူတွေပါပဲ။ သူတို့လည်း အများပြည်သူလိုပဲ ဘဝ ရပ်တည်ရေးအတွက် ရုန်းကန် လှုပ်ရှားနေကြရသူတွေ ဖြစ်ပါတယ်။ ပြည်သူတွေလိုပဲ နအဖ ကို ကြောက်ရွံ့ နားထောင်နေရသူတွေ ဖြစ်ပါတယ်။

လက်ရှိဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေကို ကြည့်ရင် ဒီမိုကရေစီစနစ် ပြောင်းလဲဘို့အတွက် စစ်အာဏာရှင်စနစ်ကို လုံးဝ ဖျက်သိမ်းရမှာ ဖြစ်ပြီး၊ အဲဒီလို ဖျက်သိမ်းနိုင်ဘို့အတွက် ညီညွတ်ရေးဆိုတဲ့ လက်နက်ကို အသုံးချဘို့က လွဲလို့ တခြားနည်းလမ်း မရှိတော့ပါဘူး။ ညီညွတ်ရေး လက်နက်ကို ဘယ်လို အသုံးချမယ်ဆိုတဲ့ ဗျူဟာကိုတော့ ပြည်သူအားလုံးက ဆုံးဖြတ် လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။

ပြည်သူတွေ အထူးသဖြင့် ပြည်တွင်းက ပြည်သူတွေရဲ့ ညီညွတ်မှု လက်နက်အင်အားကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ရေးအတွက် ပြည်တွင်းပြည်ပမှာ ရှိတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေ၊ ပညာရှင်တွေ အားလုံး ဝိုင်းဝန်းစဉ်းစား အကြံပေးဘို့ လိုပါတယ်။ အချိန်ဟာ အရေးကြီးနေပါပြီ။


ဆိုင်ကလုံးနာဂစ် ပြန်လည် တည်ဆောက်ရေးရဲ့ မမြင်ရတဲ့ အဖိုးအခများ

လာရီဂျေဂင်
သောကြာနေ့၊ ဇွန်လ 06 2008 22:23 - မြန်မာစံတော်ချိန်

ဘန်ကောက်။ ။ ကြောက်မက်ဘွယ် ဆိုင်ကလုံးမုန်တိုင်းကြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်မွှေနှောက် တိုက်ခတ် သွားခဲ့သည်မှာ ၁ လ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ၁ သန်းကျော်မျှသော မုန်တိုင်း ဒုက္ခသည်များမှာ ယခုထိ နည်းနည်းမျှ မရသေးသူနှင့် နည်းနည်းပါးပါးသာ ရသေးသူ တို့သာ ဖြစ်နေဆဲပင် ရှိသည် ဟု မြန်မာနိုင်ငံတွေင် လုပ်ကိုင်နေသော ကယ်ဆယ်ရေး အေဂျင်စီများက ပြောကြားကြပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းက အကြီးအကျယ် ကူညီရန် အသင့်ပြင်ထားခဲ့သော်လည်း စစ်အစိုးရကမူ နိုင်ငံတကာ အကူအညီ ပေးရေး လုပ်သားများနှင့် သဘာဝ ကပ်ဘေးအန္တရာယ် ကျွမ်းကျင်သူများ နိုင်ငံတွင်း ဝင်ရောက်ခွင့်ကို တားဆီး ပိတ်ပင်နေဆဲ ရှိသေးသည်။ လက်ဆုပ်စာကိုသာ မြစ်ဝကျွန်းပေါ် အောက်ပိုင်းဒေသ မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရသော ဒေသများသို့ ဝင်ရောက်ခွင့် ပြုခဲ့သည်။

စစ်အစိုးရသည် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်ပါမည် ဟူသော သူ့ကတိကို ချိုးဖျက်၍ လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို ကန့်သတ်မှုများ ပြုလုပ်တော့မည်ဟု မြန်မာစစ်တပ်၏ ယုံကြည် စိတ်ချရသော သတင်းရပ်ကွက်၏ အဆိုအရ သိရသည်။ “အမေရိကန်နဲ့ နိုင်ငံတကာ အန်ဂျီအို (INGOs) တွေက ငါတို့ နိုင်ငံကို ကျွန်လုပ်ချင်နေတာ။ ငါတို့ ပြည်သူတွေကို ကူညီချင်တာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ်ကြီး မောင်အေးက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ တာဝန်ယူ လုပ်ဆောင်နေသည့် ဝန်ကြီးများအား ယခု ရက်သတ္တပတ် အစောပိုင်းက ပြောကြားခဲ့သည်ဟု ဆိုသည်။ ဒေသခံ ရပ်ကျိုးရွာကျိုး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကိုလည်း အလှူရှင်များ၏ ကျေးကျွန်များအဖြစ် မြင်နေကာ သူတို့ကိုလည်း ပစ်မှတ်ထား စောင့်ကြည့် နေသည်ဟု အဆိုပါ သတင်း ရပ်ကွက်ကပင် ဆက်လက် ပြောကြားသွားသည်။

မြစ်ဝကျွန်းပေါ် ဒေသရှိ အကူအညီ အပူတပြင်း အရေးတကြီး လိုအပ်နေသော ဒုက္ခသည်များကို ဝင်ရောက် အကူအညီပေးရန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ အားလုံးက အသည်းအသန် ကြိုးပန်းနေရချိန်၌ ဒေသခံ မြန်မာ စေတနာရှင်များက မိမိတို့ဖာသာပင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြရသည်။ သုံးပတ် ကျော်ကြာမျှ ရေသန့်နှင့် အစားအစာ ဘာမျှ မရခဲ့သည့် ကျေးရွာသားများထံ သူတို့၏ အကူအညီများ စတင် ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့သော် ယခုအခါ သူတို့ကိုလည်း မြန်မာ စစ်အာဏာပိုင်များက အမြင်မကြည်လင်တော့။ ထိုသို့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အဓိက ပုဂ္ဂိုလ်တဦး ဖြစ်သော ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသ သရုပ်ဆောင် ဇာဂနာကို ယခု ရက်သတ္တပတ် အစောပိုင်းက ထိန်းသိမ်းလိုက်သည်။

ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက သတိကြီးစွာ ထား၍ အကောင်းမြင်ပါသည်ဟု လူသိရှင်ကြား ပြောဆိုနေသော်လည်း ဆိုင်ကလုံး မုန်တိုင်းက ဖျက်ဆီးခဲ့သော အပျက်အစီးများမှ မြန်မာနိုင်ငံ ပြန်လည် နာလန်ထလာနိုင်ရေး အတွက် ပေါ်ပေါက် လာတော့မည့် ပြဿနာကြီးများကို ကိုင်တွယ် ဖြေရှင်းရန် လိုသည်ဟု နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ နှင့် လူ့အခွင့်အရေး အုပ်စုများက သတိပေးလိုက်ကြသည်။

မုန်တိုင်း ဒုက္ခသည်များ၏ စိတ်ဒဏ်ရာနှင့် ပရိဒေဝ သောကများသည် မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွင် အဓိက အဟန့်အတားများ ဖြစ်လာဘွယ် ရှိသည်ဟု ဥရောပ အခြေစိုက် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ကပြောဆိုလိုက်ပြီး၊ ယူကေ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ ဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) ကမူ တိုးပွါးလာနေသော လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်တန်းချက်များကြောင့် စိုးရိမ် ပူပန်မိသည်ဟု ဆိုလိုက်သည်။ သူတို့ ခိုလှုံရာ နေရာများမှ အတင်းအကြပ် မောင်းထုတ်ခြင်း၊ နေရာ ရွှေ့ပြောင်းခိုင်းခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ အတင်းအကြပ် စစ်တပ်ထဲ ဝင်စေခြင်း၊ လူကုန်ကူးခြင်း နှင့် လယ်မြေများ အဓမ္မ သိမ်းပိုက်ခြင်း စသည်တို့က မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေး ကြိုးပန်းမှုများအား အတားအဆီး အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်ကြောင်း ပြောဆိုကြသည်။

ဤကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်နေသူ အားလုံးအတွက် အဓိက ပြဿနာမှာ မြစ်ဝကျွန်းပေါ် ဒေသသို့ ဝင်ရောက်ခွင့် ရရှိရေး ဖြစ်သည်။

“ညှိနှိုင်း အစည်းအဝေးတွေမှာ လူတွေတော့ အများကြီး တွေ့နေရတာဘဲ။ ဒါပေမဲ့ အဖွဲ့အစည်းတွေတော့ အများကြီး မတွေ့ရဘူး” ဟု (MSF) ၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းများဆိုင်ရာ အကြီးအကဲ (Frank Smithuis) က မဇ္ဈိမကို ပြောကြားသွားပါသည်။ ယခုအခါ သူတို့၏ နိုင်ငံတကာဝန်ထမ်း ၂ဝ ကျော်ကို မြစ်ဝကျွန်းပေါ် ဒေသသို့ အရောက် ပို့နိုင်ခဲ့ပြီ ဖြစ်ပြီး မြန်မာဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးလုပ်သား ၂၅ဝ ခန့်နှင့်အတူ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဒေသများတွင် လုပ်ငန်းများ လုပ်ဆောင်လျက် ရှိနေပြီဟု ဆိုသည်။

“နေ့တိုင်းဘဲ ကျနော်တို့ အဖွဲ့သားတွေ မုန်တိုင်း တိုက်ပြီးကတဲက ဘာအကူအညီမှ မရသေးပါဘူးလို့ ပြောတဲ့ ရွာသားတွေနဲ့ တွေ့နေရတယ်။ လုံလုံလောက်လောက် ပြည့်ပြည့်စုံစုံတော့ ဘာမှ မလုပ်နိုင်သေးပါဘူး။ ခုထိ အရေးပေါ် အခြေအနေ အဆင့်မှာဘဲ ရှိနေပါသေးတယ်” ဟု သူက ဆက်လက် ပြောကြားသွားသည်။ အမေရိကန် အခြေစိုက် (World Vision) နှင့် သြစတြေလျ အခြေစိုက် (CARE) တို့ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ အတော် များများသည် မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဒေသများတွင် သူတို့၏ နိုင်ငံတကာ ဝန်ထမ်းများကို စေလွှတ် ချထားနိုင်ခဲ့ပြီး ဖြစ်သည်။ အခြား ဝေးလံ ခေါင်သီလှသည့် မြစ်ဝကျွန်းပေါ် ဒေသတနေရာသို့ (CARE) အဖွဲ့ သွားရောက်ခဲ့ရာ ကျေးရွာသားများက “ကျနော်တို့ ဝမ်းစာစပါးတွေလဲ အကုန် ပျက်စီးသွားပြီ။ အုန်းသီးတွေ ကောက်စားနေရတယ်၊ ရေစိုဆန်အောက်တွေ စားပြီး အသက်ရှင်နေရတယ်” ဟု သူတို့ကို ပြောကြားခဲ့ကြသည်။ ဤအကြောင်းကို သတင်းထောက်များအား (CARE) အဖွဲ့ကြီး၏ အရေးပေါ် တုံ့ပြန် ဆောင်ရွက်ပေးရေး ညွှန်ကြားရေးမှူး ဂျွန်မစ်ချဲလ် (Jon Mitchell) က ဤကျေးရွာသို့ ယခု ရက်သတ္တပတ် အစောပိုင်းက သွားရောက် လေ့လာအပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက သူတို့၏ နိုင်ငံတကာ ဝန်ထမ်း ၂ဝ ခန့်ကို မြစ်ဝကျွန်းပေါ် ဒေသသို့ စေလွှတ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ထိုဒေသတွင် ကြာရှည်နေခွင့် မရသေးဟု ဆိုသည်။ “မြစ်ဝကျွန်းပေါ် ဒေသကို အရောက်သွားရရေးဟာ စိန်ခေါ်မှုကြီး တရပ်ဖြစ်ဆဲပါဘဲ” ဟု ပေါလ်ရစ်စလေ (Paul Risley) က ယခု ရက်သတ္တပတ် အစောပိုင်းက ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

“လွန်ခဲ့တဲ့ ၂ ပတ်က မစ္စတာ ဘန်ကီမွန်းနဲ့ သန်းရွှေတို့ တွေ့ပြီးကတဲက မြစ်ဝကျွန်းပေါ် ဒေသကို သွားခွင့်ရရေးဟာ သိသိသာသာ တိုးတက်မှု ရှိလာခဲ့ပါတယ်။ ခရီးသွားခွင့် ခွင့်ပြုမိန့် ရရေးအတွက် နှေးကွေး လေးလံလှတဲ့ ဗျူရိုကရက် ဆန်သည့် လုပ်ထုံးလုပ်နည်းများကို အဆင်ပြေ ချောမွေ့အောင် လုပ်နိုင်ခဲ့ပါသည်” ဟု လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်း ဆောင်ရွက်ရေးရုံး (UNOCHA) ၏ ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ်ဟော်ဆေး (Richard Horsey) က ပြောဆိုလိုက်ပါသည်။

မြစ်ဝကျွန်းပေါ် ဒေသသို့ သူတို့၏ နိုင်ငံတကာ ဝန်ထမ်းများ စေလွှတ်နိုင်ရေးအတွက် ကုလသမဂ္ဂ အနေဖြင့် ယခုအထိ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း သူတို့ကို ကြီးမားစွာ ကန့်သတ် တားဆီးမှုများ လုပ်သည်ကို ခံနေရဆဲ ရှိသည်။ သူတို့ သွားလေရာ အစိုးရက ထည့်ပေးသည့် အစောင့်အရှောက်များ ပါနေသည်။ ကယ်ဆယ်ရေး လုပ်ငန်းတွင် သွားလိုရာ ဒေသသို့ အရောက်သွားခွင့် ရရေးသည် အဓိက ပြဿနာ ဖြစ်မြဲပင် ရှိသေးသည်။ ဤပြဿနာကို အာဆီယံ၊ ကုလသမဂ္ဂ၊ မြန်မာအစိုးရတို့၏ အကြီးတန်း ကိုယ်စားလှယ် ၉ ဦး ပါဝင်သည့် သုံးပွင့်ဆိုင် အစည်းအဝေးတွင် တင်ပြ ဆွေးနွေးခဲ့သည်။ မေလ (၃၁) ရက်နေ့ စနေနေ့တွင် တကြိမ်၊ ဇွန်လ (၂) ရက်နေ့ တနင်္လာနေ့တွင် တကြိမ် စုစုပေါင်း ၂ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ ကယ်ဆယ်ရေး လုပ်ငန်းကို ထိထိရောက်ရောက် လုပ်နိုင်ရန် ကုလဝန်ထမ်းများ မြစ်ဝကျွန်းပေါ် ဒေသတွင် ကြာရှည်စွာ နေခွင့်ရရေးမှာ တကယ့် ပြဿနာတရပ် ဖြစ်သည်။

“နိုင်ငံတကာ ကျွမ်းကျင်သူတွေ ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေကို အရောက်သွားနိုင်ဘို့ လိုတယ်။ အခုအထိတော့ တံခါးက ကျယ်ကျယ် ဖွင့်မပေးသေးဘူး” ဟု ရစ်ချတ်ဟော်ဆေး (Richard Horsey) က ပြောကြား လိုက်ပါသည်။ မြစ်ဝကျွန်းပေါ် ဒေသသို့ နိုင်ငံတကာ ဝန်ထမ်းများ သွားရောက်၍ ကြာကြာနေခွင့် ရရေးအတွက် ကုလသမဂ္ဂက ကြိုးစားလျက် ရှိသည်။ သို့သော် မြန်မာအစိုးရက မည်သို့ တုံ့ပြန်မည်ဆိုသည့် အရိပ်အယောင် တစုံတရာ မတွေ့ရသေးပါ။ ကုလသမဂ္ဂက အကောင်း မျှော်လင့်နေသော်လည်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများကမူ ယခုအခါ ကယ်ဆယ်ရေး လုပ်ငန်း၏ ပင်မ နေရာများအဖြစ် သတ်မှတ်ထားသည့် လပွတ္တာနှင့် ဘိုကလေး မြို့များသို့သာ သွားခွင့် ပေး၍ အဆိုပါ ဝန်ထမ်းတို့၏ လှုပ်ရှားမှုကို ကန့်သတ်ထားလိမ့်မည်ဟု ယုံကြည်နေကြသည်။

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ သန်းပေါင်း များစွာသော လူတို့၏ အသက်မှာ ကုလသမဂ္ဂ၊ နိုင်ငံတကာ အေဂျင်စီများ၊ ဒေသခံ မြန်မာအုပ်စုများ၏ မုန်တိုင်းဒဏ်ခံ ဒေသများ၌ ကယ်ဆယ်ရေး လုပ်ငန်းကို ကြီးကြီးမားမား ထိထိရောက်ရောက် လုပ်ပေးနိုင်မှု အပေါ်တွင် မူတည်နေသည်။ သို့သော် အစိုးရဘက်မှ ပြသခဲ့သော လက္ခဏာများမှာမူ မကောင်းပါ။ ယခု ရက်သတ္တပတ် အစောပိုင်းက တိုင်းပြည်၏ ဒုတိယ အာဏာအရှိဆုံး ဗိုလ်ချုပ်ကြီး မောင်အေးနှင့် အခြား အဓိကကျ အရေးပါသည့် ဗိုလ်ချုပ်တယောက် ဖြစ်သော အတွင်းရေးမှူး ၁ တို့ မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ဒေသမြို့တော် ပုသိမ်တွင် ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက် ပေးနေသည့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများအား “အစိုးရက အလှူရှင်တွေဆီက အလှူငွေတွေ လက်ခံ ရယူနေတဲ့ နိုင်ငံတကာ အန်ဂျီအို (INGOs) တွေနဲ့ ဒေသခံ အဖွဲ့အစည်းတွေကို စစ်ကြေညာထားပြီ” ဟု လွန်ခဲ့သော ၂ ရက်က ပြောကြားခဲ့သည်။

မောင်အေးသည် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများအပေါ် ကြာမြင့်စွာ ကတဲကပင် သင်္ကာမကင်း ဖြစ်နေခဲ့သူ ဖြစ်သည်။ ၂ဝဝ၄ ခုနှစ် အောက်တိုဘာလတွင် စစ်ထောက်လှမ်းရေး အကြီးအကဲ ခင်ညွန့်ကို ဖမ်းဆီးခဲ့စဉ်က နိုင်ငံတကာ အန်ဂျီအိုများ၏ ဝင်ထွက်သွားလာ လှုပ်ရှားနိုင်မှု အတိုင်းအတာ အထူးသဖြင့် ရှမ်းပြည်နယ်တွင် ရရှိနေသည့် လုပ်ကိုင် ဆောင်ရွက်ခွင့်များကို တွေ့ရှိသွားပြီး အတော် တုန်လှုပ် ခြောက်ခြားသွားခဲ့သည်။ ဤတိုင်းရင်းသားများ အများစု နေထိုင်သည့် ဒေသများတွင် အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် တိုင်းရင်းသား အုပ်စုများကို လက်နက် ဖြုတ်ရန် အစိုးရ၏ ကြိုးပန်းမှုများကို (INGOs) များက မတည်မငြိမ် ဖြစ်စေလိမ့်မည်ဟု သူစိုးရိမ် ထိတ်လန့်ခဲ့သည်။

“ခုလဲ ဇာဂနာ နဲ့ ကိုကျော်သူလို ဒေသခံ မြန်မာ စေတနာရှင် အဖွဲ့တွေက လုပ်နေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေရဲ့ အတိုင်းအတာကို ကြည့်ပြီး သူလန့်နေမှာဘဲ။ စစ်အစိုးရက လုပ်နေတာက သူတို့ လုပ်နေတာနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှ အရေးမပါဘူး ဖြစ်နေတယ်” ဟု လွတ်လပ်သော မြန်မာပညာရှင် ဦးဝင်းမင်းက မဇ္ဈိမကို ပြောကြားသွားပါသည်။

အကူအညီပေးရေး အေဂျင်စီ အများအပြားက ကားများ၊ ထရပ်ကားများ၊ လှေငယ်များကို ငှါးရမ်းကာ ဆိုင်ကလုံး ဒုက္ခသည်များကို ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးနေကြသည်။ ၎င်းတို့ထဲမှ အများအပြားမှာ ယခုထိ အရောက် မသွားနိုင်သေးသည့် ဒေသများတွင် ရှိနေသေးသည်။ ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးပို့ရာတွင် အကူအညီ ရစေရန် ရဟတ်ယာဉ်များ သုံးဘို့ ကုလသမဂ္ဂက ကြိုးစားခဲ့သေးသည်။ သို့သော် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနှင့် သူတို့ ကိုယ်ပိုင်ရဟတ်ယာဉ် တစင်းကိုသာ သုံးခွင့်ရသေးသည်။ လွန်ခဲ့သော ၂ ပတ်ကျော်က ကွာလာလမ်ပူမြို့မှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ယခုအထိ လပွတ္တာမြို့သို့ နေ့စဉ်ပျံသန်း ပို့ဆောင်ပေးနေသည်။

နောက်ထပ် (WFP) ၏ ရဟတ်ယဉ် ၉ စင်းမှာ ရန်ကုန်သို့ ပျံသန်းခွင့်ရရန် ထိုင်းနိုင်ငံတွင် စောင့်ဆိုင်းနေဆဲ ရှိသေးသည်။ ယင်းတို့အနက်မှ ၂ စင်းမှာ တောင်အာဖရိကနိုင်ငံမှ သြစတြေလျ ကုန်တင် လေယဉ်ဖြင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး ပြန်လည် တပ်ဆင်ပြီး စောင့်နေသည်မှာ တပတ် ကျော်သွားပြီ ဖြစ်သည်။ “ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြန့်တဲ့ လုပ်ငန်းမှာ ရဟတ်ယာဉ်တွေက မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်မှာ သေချာပါတယ်” ဟု (Smithuis) က ပြောကြားပါသည်။ သို့သော် စစ်အစိုးရကမူ နိုင်ငံတကာ လေယာဉ်များကို မြန်မာနိုင်ငံ နယ်နိမိတ်တဝိုက် ပျံသန်းခွင့် ပေးရန် ဝန်လေးနေဆဲပင် ရှိသည်။ မြန်မာစစ်တပ်သည် ကယ်ဆယ်ရေး လုပ်ငန်းတွင် အသုံးပြုရန် မြန်မာ စစ်တပ်၏ ရဟတ်ယဉ် ၄ စင်းကိုမူ အသုံးပြုခွင့် ပေးထားသည်။

နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ၏ အဓိက ဦးစားပေး လုပ်ငန်းမှာ သန်းနှင့်ချီရှိသည့် မုန်တိုင်းဘေးမှ လွတ်မြောက်ခဲ့သည့် ဒုက္ခသည်များထံ ကယ်ဆယ်ရေး ပစ္စည်းများ အရောက်ပို့ရေး ဖြစ်သည်။ အများစုမှာ လွန်ခဲ့သော ရက်သတ္တပတ် ၅ ပတ်လုံးလုံး အစားအစာသော် လည်းကောင်း၊ ရေသော် လည်းကောင်း မရဘဲ ရှိခဲ့သည်။ သူတို့ကို အမိုးအကာအောက်သို့ အရောက်ပို့ရန်လည်း လိုသည်။ အချို့မှာ ရေရှည် လိုအပ်ချက်များ ရှိနေကြောင်း ပြသနေသည်။

“သူတို့ အစာစားရဘို့ လိုတယ်။ အခုအတွက်ဘဲ မဟုတ်ဘူး၊ နောက်လ အတော်တော်များများ အတွက်ပါ လိုတာ။ သူတို့ စပါးပြန်စိုက်နိုင်မယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ မျိုးစပါး လိုတယ် လို့ ဒီလူတွေက ကျနော်တို့ကို ပြောကြတယ်။ အခု စိုက်မဲ့ စပါးတွေ အောင်မယ်ဘဲထားဦး၊ အဲဒီ စပါးတွေမပေါ်ခင် ၅ လလောက် စားဘို့က လိုသေးတယ်။ မြစ်ဝကျွန်းပေါ် အနှံ့ ကျေးရွာတွေအတွက် အစားအစာ အကူအညီတွေ ပေးဘို့ဟာ အဓိက ရေရှည် ဦးစားပေး လုပ်ငန်းပါ” ဟု (CARE) ၏ အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှုပေးရေး ညွှန်ကြားရေးမှူး ဂျွန်မစ်ချဲလ် (Jon Mitchell) က ပြောကြား သွားပါသည်။

(MSF) အဖွဲ့ကြီးအတွက်မူ နောက်ထပ် ပို၍ကြီးမားသည့် အခြေခံ ပြဿနာ အခက်အခဲကြီး တရပ် ရှိသေးသည်။ မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သူများ၏ စိတ်ကျန်းမာရေး ပြဿနာ ဖြစ်သည်။ “မြစ်ဝကျွန်းပေါ်မှာ ကျနော် တွေ့ခဲ့တဲ့ သူတိုင်း စိတ်ခြောက်ခြားမှုလွန် စိတ်ဖိစီးမှုတွေ၊ သောကတွေ၊ ပရိဒေဝမီးတွေ တောက်လောင် ခံစားနေရတာကို တွေ့ခဲ့ရတယ်” ဟု မြစ်ဝကျွန်းပေါ်တွင် ၂ ပတ်ကြာ နေထိုင်ခဲ့သည့် (MSF) ၏ စိတ်ကျန်းမာရေး အကြံပေး Kaz de Jong က ပြောကြားသွားသည်။ “သူတို့ဟာ သိသိသာသာဘဲ ကြောက်လန့်နေတယ်၊ စိုးရိမ်နေတယ်၊ ဝမ်းနည်းပူဆွေး နေကြတယ်။ ကလေးတွေက တယောက်နဲ့တယောက် ဖက်ထားကြတယ်။ မုန်တိုင်း မကျခင် နောက်ဆုံး သူတို့လက်ထဲ ရှိနေခဲ့တဲ့ အရာတွေကို တင်းတင်းကြီး ဆုပ်ထားကြတယ်” ဟု သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

“သူတို့ အိပ်မရဘူး၊ အိပ်မက်ဆိုးတွေ မက်တယ်၊ ဆိုင်ကလုံး မုန်တိုင်းမတိုက်ခင် နောက်ဆုံး အချိန်လေးကို သူတို့ စိတ်တွေက ပြန်ပြန် ရောက်သွားကြတယ်၊ မုန်တိုင်းအတွင်း အသက်ဆုံးပါးသွားကြတဲ့ သူတို့ ဆွေမျိုးတွေနဲ့ နောက်ဆုံးရှိခဲ့တဲ့ အချိန်လေးကို ပြန်ပြန်မြင်နေတယ်လို့ သူတို့က ကျနော်တို့ကို ပြောပြကြတယ်” ဟု သူက မဇ္ဈိမကို ပြောကြားသွားပါသည်။ သူတို့မှာ ခွန်အားတွေလဲ ဆုံးရှုံးသွားပြီ၊ လုပ်ချင်ကိုင်ချင်စိတ်လဲ မရှိတော့ဘူး၊ ဤအချက်များသည် သူတို့ဘဝများကို ပြန်လည် တည်ဆောက်ရာတွင် အဟန့်အတား ဖြစ်စေလိမ့်မည်။ “ဒါ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေနဲ့ ကြုံရတဲ့ အခါ ပုံမှန် တုံ့ပြန်မှု တရပ်ပါဘဲ” ဟု de Jong က ပြောပါသည်။ သို့သော် ဤလူ့အသိုင်းအဝိုင်း တခုလုံး အပြည့်အဝ ပြန်လည် နာလန်ထူလာဘို့ ဆိုလျှင် ဤရောဂါကို ကုသမှ ရမည်။

မြစ်ဝကျွန်းပေါ်အနှံ့ စိတ်ပျက် အားငယ်မှုများကို တွေ့နေရသည်။ အတွေ့ရ အများဆုံးမှာ အသက်ရှင် ကျန်ရစ်ခဲ့ရသည်ကို စိတ်မသန့် ဖြစ်နေခြင်း ဖြစ်သည်။ ကလေးများက ငူငူကြီးထိုင်ပြီး မိမိတို့ မိဘများက အသက်ရှင် ကျန်မနေခဲ့ဘဲ မိမိတို့က အသက်ရှင် ကျန်နေခဲ့သလဲဟု စဉ်းစား တွေးတောနေကြသည်။ “ဘယ်ကများ ဆန်ရပါ့မလဲလို့ တွေးပြီး ကျမတို့ စိတ်ပူနေရတယ်။ ဒါပေမဲ့ စားတော့ စားရမှာဘဲ၊ စားတော့ စားချင်တာဘဲ။ မုန်တိုင်းထဲမှာ အားလုံး ဆုံးရှုံးသွားပြီ၊ ကျမက ဘာလို့ စားနေဦးမှာလဲ” ဟု အဖွားအို တဦးက (MSF) ဆရာဝန်တဦးကို ပြောပြပါသည်။

ဤစိတ်ဒဏ်ရာကို ကုသရန် မြန်မာ နှစ်သိမ့်ဆွေးနွေးရေး ပညာရှင်များကို (MSF) က သင်တန်းပေးနေသည်။ သို့သော် ဤဝေဒနာသည် အားလုံးကို ကုသရမည့် အရေးမှာ အတော့်ကို ခက်ခဲသည့် လုပ်ငန်းကြီးတရပ် ဖြစ်နေသည်။ အချိန်များစွာ ယူရမည်။ သူတို့၏ နေအိမ်များ၊ သူတို့ လယ်ယာများ၊ သူတို့ ငါးကန်များကို ပြန်လည် တည်ဆောက် လုပ်ကိုင်နိုင်သည့်တိုင်အောင် ဤဆင်းရဲလှသော လူထုအတွက် ဆိုင်ကလုံး မုန်တိုင်းက ချန်ထားခဲ့သည့် စိတ်ဒဏ်ရာမှ ကျော်နင်းလွန်မြောက်နိုင်ရန်မှာ တဘဝစာလဲ ကြာချင်ကြာလိမ့်မည်။

လာရီဂျေဂင



မြန်မာ့ ကာမိကာဇေ၊ သို့မဟုတ် ကိုယ်တိုင်ရေး သမိုင်း

နေသန်မောင်
ကြာသပတေးနေ့၊ ဇွန်လ 05 2008 13:23 - မြန်မာစံတော်ချိန်

မြန်မာ့ရေပိုင်နက်အနီး နိုင်ငံတကာ ရေပိုင်နက်အတွင်း နာဂစ် လေမုန်တိုင်းဒဏ် ခံရသူများအတွက် အရေးပေါ် အကူအညီ ပေးနိုင်ရေး သီတင်းပတ်ပေါင်း များစွာ စောင့်ဆိုင်းနေခဲ့တဲ့ အမေရိကန် ရေတပ်သင်္ဘောတွေ ပြန်လည် ဆုတ်ခွါလိုက်တာနဲ့အတူ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာရဲ့ ၀င်ရောက် စွက်ဖက်ရေးအတွက် မျှော်လင့်ချက် အသီးသီးဟာလည်း နောက်ထပ်တကြိမ် ပြိုလဲသွားခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်ရဲ့ “နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကျနော်တို့ လေးစား လိုက်နာရပါမယ်” ဆိုတဲ့အပြောနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ပြည်သူတွေအပေါ် ရက်စက် ဖိနှိပ်နေတဲ့ မြန်မာ စစ်အစိုးရအပေါ် ထားတဲ့ အမေရိကန်လူသန်ကြီးရဲ့ နောက်ဆုံး ပေါ်လစီက လူအများအပြားကို အံ့အား သင့်သွားစေခဲ့ပါတယ်။ မေလဆန်းပိုင်းကစပြီး နာဂစ် လေမုန်တိုင်းကြောင့် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ လူပေါင်း (၁) သိန်းခွဲ နီးပါး အသက် ဆုံးရှုံးခဲ့ရမှုအပေါ် စစ်အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြင်သစ်နဲ့ ဗြိတိသျှ အစိုးရတို့ရဲ့ သဘောထားက အတော်ကလေးကို ပြင်းပြင်းထန်ထန် ရှိခဲ့ပြီး လူသားချင်း စာနာရမယ့် ၀င်ရောက် စွက်ဖက်မှုဆိုတဲ့ စကားလုံးကို ကျယ်ကျယ်လောင်လောင် သုံးနှုံးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေ ၀င်ရောက်ခွင့်ကို ပိတ်ဆို့ထားတာနဲ့ ပတ်သက်ပြီး စစ်အစိုးရဟာ လူမဆန်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ နိုင်ငံတကာမှာ ဥပေဒအရ ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်တဲ့ ဒီစွဲချက်ဟာ လုံခြုံရေး ကောင်စီရဲ့ ဗီတိုအာဏာပိုင် ဥရောပနိုင်ငံ (၂) နိုင်ငံက ဆောင်ရွက်ခဲ့တာမို့ မြန်မာပြည် အကျပ်အတည်းဟာ နေ့လားညလား ဖြစ်ခဲ့ရတာပါ။

နာဂစ်မုန်တိုင်းလွန် ကာလတွေမှာ အမေရိကန်အစိုးရဲ့ မြန်မာ့အရေး ချဉ်းကပ် လုပ်ဆောင်မှုတွေဟာ လုပ်နိုင်တဲ့ အတိုင်းအတာ တခုအတွင်း တတ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့တယ် ဆိုတာကတော့ သံသယ မရှိပါဘူး။ စစ်အစိုးရနဲ့ သံခင်းတမန်ခင်း တိတ်တိတ်ပုန်း ညှိနှိုင်းပြီး အမေရိကန် ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းတွေကို လေယာဉ်တွေနဲ့ ရန်ကုန်မြို့ကို အကြိမ်ကြိမ် ပေးပို့နိုင်ခဲ့ပါတယ်။ စစ်အစိုးရအပေါ် အာဆီယံ အပါအ၀င် အနောက်နိုင်ငံတွေက အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်နေချိန်မှာ အမေရိကန်ဟာ ခပ်မဆိတ် နေခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ဒီပွဲမှာ ၀ါရှင်တန်ဟာ လက်ရှောင်နေခဲ့ပါတယ်။ ဒီအတွက် ရလဒ်ကောင်းတခုကတော့ မြန်မာ စစ်အစိုးရအပေါ် အစဉ်တစိုက် ပိတ်ဆို့ဖိအားပေး တိုက်ခိုက်နေခဲ့တဲ့ အမေရိကန် ပေါ်လစီဟာ အလုပ်မဖြစ်ဘူးဆိုတဲ့ တရုတ်အပါအ၀င် မြန်မာ့ အိမ်နီးချင်းတွေကို ကဲ ... ကြည့်ကြပါ၊ ဘယ်သူက မှားနေတာလဲလို့ ထုတ်ပြပြီး စစ်အစိုးရရဲ့ ဗီလိန်ရုပ် အသွင်မှန်ကို ဘွင်းဘွင်းကြီး ချပြလိုက်နိုင်တာပါ။ မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေအပေါ် အမေရိကန်က လျစ်လှူပြု မထားပါဘူးဆိုတဲ့ ပေါ်လစီကိုတော့ ကောင်းကောင်းကြီး ပြသခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်ရဲ့ သရုပ်မှန်ဝါဒ ချဉ်းကပ်မှုဟာ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက် ရွှေတောင်ကြီး တအိအိ ပြိုကျခဲ့တယ် ဆိုတာကတော့ ငြင်းပယ်လို့ မရပါဘူး။ ၁၉၈၈ ဒီမိုကရေစီရေး အုံကြွဆန္ဒပြမှု နောက်ပိုင်း၊ ၂၀၀၅ ခုနှစ် သန်းရွှေ စစ်အစိုးရ နေပြည်တော်ကို ဆိုင်းမဆင့်ဘုံမပါ ပြောင်းပြေးမှု၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနဲ့ နာဂစ်မုန်တိုင်းဒဏ် ပြဿနာ အရပ်ရပ်တိုင်းမှာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ တပ်တွေ စစ်အစိုးရကို ၀င်ရောက် တိုက်ခိုက်ပါဆိုတဲ့ မျှော်လင့်ချက်တွေက (ကျူးကျော်မှု ထောက်ခံရေး၊ ဆန့်ကျင်ရေး သဘောထားတွေ ရှိနေလင့်ကစား) ပြည်သူတွေအကြား သက်သေ သကာယတွေအဖြစ် ထင်ထင်ရှားရှား ရှိခဲ့တာပါ။

၂၀၀၈ အမေရိကန်မှာ သမတ ရွေးကောက်ပွဲတွေ အတွက် ပဏာမ ပြင်ဆင်မှုတွေ အရှိန်ရနေချိန်၊ လက်ရှိ အစိုးရအဖွဲ့ရဲ့ ရာထူးသက်တမ်း လအနည်းငယ်သာ ကျန်တော့တဲ့အချိန်၊ အမေရိကန် ပြည်ထောင်စုမှာ စီးပွါးရေး ကျဆင်း၊ ရေနံဈေးတွေ ကြောက်ခမန်းလိလိ ထိုးတက်နေပြီး လူထုတွေ ညည်းငြူနေချိန်မှာ အမေရိကန်ဟာ နိုင်ငံတကာ နိုင်ငံရေး နယ်ပယ်မှာ စွန့်စားခန်းတွေ လုပ်ဖို့ အကန့်အသက်တွေ တင်းကြပ် ပြည့်နေပါတယ်။ မြန်မာပြည် မုန်းတိုင်းဘေးသင့်လို့ သိန်းချီပြီး လူတွေ အသက်ဆုံးချိန် ပြင်သစ်နဲ့ ဗြိတိန်အစိုးရတို့ လောက်တောင် လေသံဟဟ မထွက်ခဲ့တဲ့ အမေရိကန်ဟာ သန်းရွှေ စစ်အစိုးရဲ့ လုပ်ရပ်အပေါ် “လျစ်လျူပြု ခံနေရတဲ့ ရာဇ၀တ်မှု” အဖြစ်သာ ရောဘတ်ဂိတ်က ပြောပြီး အမေရိကန် ပါဝင် ပက်သက်မှုကို တခန်းရပ်စေခဲ့ပါတယ်။

မြန်မာ စစ်အစိုးရရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ခြေလှမ်းတိုင်းအပေါ် မြန်မာပြည်သူတွေ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာ နှစ် (၂၀) ကြာခဲ့ပါပြီ။ အထူးသဖြင့် ကုလသမဂ္ဂနဲ့ အာဆီယံ၊ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ မြန်မာပြည်အပေါ် သဘောထားတွေကြောင့် လူထုဟာ ခြေကုန်လက်ပန်း ကျသလောက် ဖြစ်တာပါ။ မြန်မာပြည်သူတွေဟာ နိုင်ငံတကာ အကူအညီကို နေ့နေ့ညည မျှော်လင့်ချက်တွေ အပြည့်နဲ့ စောင့်ဆိုင်းခဲ့ရတာတွေဟာ တခါမျှ အရာမထင်ခဲ့ပါဘူး။ နောက်ဆုံးတော့လည်း ရှိသမျှ ဒုက္ခ အ၀၀ကိုသာ ခါးစည်း ခံတော့မယ်ဆိုတဲ့ စိတ်တွေနဲ့ ဆက်ပြီး အသက်ရှင်နေကြဆဲပါ။ ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေ စိတ်အပျက်ရဆုံး အယုံအကြည် ထားဖို့ မသင့်တော့တဲ့ ကမ္ဘာ့ အဖွဲ့အစည်းကြီး တစ်ခုအဖြစ် ပြည်သူတွေက ထင်မြင်လာပါတယ်။ ဒီအခြေအနေတွေဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရေး လှုပ်ရှားမှုတိုင်းမှာ နိုင်ငံတကာရဲ့ ထောက်ခံကူညီမှုကို အဆက်အပြတ် တောင်းခံရင်း တဆင့်ပြီးတဆင့် ပေါ်ပေါက်လာခဲ့ရတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ဖြစ်ပြီး ဒီမျှော်ကိုးမှုတွေဟာ ဘယ်တော့မှာ အစစ်အမှန် ဖြစ်မလာခဲ့ပြန်ပါဘူး။

စစ်တပ်ရဲ့ ဆိုးရွားတဲ့ ဖိနှိပ်မှုအောက်မှာ လူထုတရပ်လုံးဟာ ထွက်ပေါက်ပိတ်ပြီး ပြင်ပကမ္ဘာရဲ့ ဒဏ္ဍာရီဆန်ဆန် ကယ်တင်မှုကို ငံ့လင့်လာပါတယ်။ ကိုယ့်အားကိုယ်ကိုးမှု အခြေခံတွေ တစတစ ဆုတ်ယုတ်လာပြီး စစ်ဖိနပ်အောက်မှု ဘ၀တွေကို စတေးနေကြရပါတယ်။

ဒီအခြေအနေမှာ စစ်အုပ်စုကို အမြစ်ဖြုတ် ခြေမှူန်းရေး လူထုတိုက်ပွဲတွေ အတွက် မျှော်လင့်ချက်ဟာ လက်တွေ့ ဖြစ်မလာခဲ့ပါဘူး။ ကြပ်တည်းမှုကြီး လာတိုင်း လူထုအုံကြွမှု ပေါ်ပေါက်ရမယ် ဆိုတဲ့ သီအိုရီတိုင်းဟာ မမှန်ပါဘူး။ လက်ရှိ မြန်မာစစ်တပ်ရဲ့ အုပ်စိုးမှုဟာ ခပ်ယိုင်ယိုင်ပဲ ရှိတယ်ဆိုတာ အားလုံး သိထားကြပေမယ့် ၀ုန်းခနဲ ပြိုလဲသွားအောင် ဖြိုလှဲနိုင်တဲ့ အားအပေါ် မေးခွန်း ထုတ်စရာပါ။ နှစ်ပေါင်း (၄၀)ကျော်ကြာ ဖိနှိပ်မှုတွေအောက် ပြားပြားဝပ်နေရတဲ့ မြန်မာပြည်သူတွေဟာ မျိုးဆက် တခုပြီးတခု စနစ်တကျ ဖျက်ဆီးခံခဲ့ရပြီး လူထုအာဏာ လှုပ်ရှားမှုအတွက် အားမှန်သမျှကလည်း တစစီ လွင့်စင်အောင် လုပ်ခံခဲ့ရပါတယ်။ အကောင်းဆုံးသော ဥပမာကတော့ ရွှေဝါရောင် တော်လှန်ရေးရဲ့ သင်ခန်းစာအရ စစ်အုပ်စုအပေါ် ကြောက်ရွံ့စိတ်တွေ၊ မုန်းတီးမှုတွေ အမြင့်ဆုံး ဒီဂရီကို ရောက်ခဲ့ပေမယ့် စစ်ဗိုလ်တွေရဲ့ အာဏာ ဆုပ်ကိုင်ထားမှုအပေါ် အပြီးသတ် တွန်းလှန်နိုင်ဖို့ အတွက်တော့ နောက်တွန့်ခဲ့ပါတယ်။ ဒါတွေဟာ ပကတိ အမှန်တရားတွေ ဖြစ်ပါတယ်။ အဲဒီကနေ နောက်တဆင့်ကို မရောက်ခဲ့ပါဘူး။

နာဂစ်မုန်တိုင်း ဖြစ်ပြီး ရက်အနည်းငယ် လောက်ကစပြီး ပြည်တွင်းပြည်ပက တက်ကြွ လှုပ်ရှားသူ အများစုက လေဘေးကပ်ဆိုးကို နိုင်ငံရေးနဲ့ မရောထွေးဖို့ကို ကြွေးကြော်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အကူအညီတွေ တောင်းခံခဲ့ကြပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ မိသားစုကလည်း မြန်မာပြည်က သဘာဝ ကပ်ဘေးကြီးကို နိုင်ငံရေး ပြဿနာတွေနဲ့ မရောထွေးဖို့ သတိကြီးကြီးထားပြီး ခြေလှမ်းတွေ စခဲ့ပါတယ်။ အားလုံးရဲ့ မျှော်လင့်ချက်တွေဟာ ပွဲဦးထွက်မှာကတည်းက တပ်လန်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သန်းရွှေ ဦးဆောင်တဲ့ ခေါင်းမာ ဂိုဏ်းသားတွေဟာ နာဂစ်အရေးကို နိုင်ငံရေးနဲ့ ပေါင်းစပ်ပြီး ပြည်တွင်းပြည်ပကို တုံ့ပြန်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ ပြည်တွင်းပြည်ပက စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးတွေ မုန်တိုင်းဒဏ် ခံရတဲ့နေရာကို သွားရောက်နိုင်ရေး၊ ကူညီရေး လုပ်ငန်းစဉ်တွေက ရက်ပေါင်း (၃၀) နီးပါး နောက်ကျခဲ့ရပြီး အသေအကြေ၊ အပျက်အစီးတွေက ပိုပြီး မြင့်မားခဲ့ပါတယ်။

နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေ တပ်တွေကို အလုံးအရင်းနဲ့ ၀င်ရောက်ခွင့်သာ ပေးလိုက်ရင် ပြည်တွင်းမှာ သူထင်သလိုကြဲမယ့် ဆန္ဒခံယူပွဲအတွက် အခက် တွေ့နိုင်မယ့်အရေး၊ ၀င်ခွင့်ပေးပြီးရင် ချက်ချင်း ပြန်မောင်းထုတ်လုပ်လို့ မရနိုင်တာမို့ လက်ရှိ စစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး မဟာဗျူဟာ လမ်းကြောင်း မှန်သမျှ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ကုလအဖွဲ့တွေ၊ တပ်တွေ သိရှိသွားနိုင်မယ့်အရေး၊ ရန်ကုန်နဲ့ ဧရာဝတီတခွင် နိုင်ငံတကာအဖွဲ့တွေ ပြဲပြဲစင် ဒိုးယိုပေါက် ၀င်ထွက်နေပြီး အခြေအနေ မှန်သမျှ ကမ္ဘာကို အသိပေးနေမှုဟာ သူ့အစိုးရရဲ့ တည်ရှိမှုကို အကြီးအကျယ် စိန်ခေါ်လာနိုင်ပြီး ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့အတူ စည်းရုံးရေး မြင့်တက်လာရင်း နိုင်ငံတကာ မျက်စိရှေ့ စစ်တပ်ရဲ့ အာဏာကို စိန်ခေါ်မယ့် လှုပ်ရှားမှုတွေ ဟန့်တားနိုင်ရေး စတဲ့ စတဲ့ ပြဿနာပေါင်း များစွာနဲ့ ယှဉ်တွဲ စဉ်းစားခဲ့ပါတယ်။

သက်သေ အထောက်အထား အနေနဲ့ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေမှာ မေလ (၂၄) ရက်နေ့ ဆန္ဒခံယူမှု ဖြစ်တဲ့နည်းဖြင့် ကျင်းပပြီးမှ ကုလသမဂ္ဂ အဖွဲ့တွေကို ၀င်ရောက်ခွင့်၊ ရန်ကုန်မှာ ကယ်ဆယ်ရေး ရန်ပုံငွေ နိုင်ငံတကာ အစည်းအဝေး ကျင်းပခွင့်တွေကို ဆက်တိုက် အချိန်ကိုက် ဆောင်ရွက်ခဲ့တာပါ။

သောက ဗျာပါဒတွေ ဝေနေတဲ့ ပြည်သူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန်၊ ဆီ၊ ဆားလောက်တောင် တပ်မက်မှု မရှိခဲ့ပါဘူး။ နောက်ဆုံးမတော့ (၉၂)% ကျော်နဲ့ တစ်ဖက်သတ် အတည်ပြုလိုက်ပြီလို့ သန်းရွှေက လက်သီးလက်မောင်းတန်း ကြွေးကြော်ခဲ့တာတောင်မှ လူထုဟာ တုပ်တုပ်မျှ မလုပ်ဘဲ ဝေဒနာတွေကို သက်သာရာရရေး နည်းလမ်းတွေ ရှာနေဆဲပါ။ သန်းရွှေအတွက်ကတော့ ဒီတောင်ကို အမောင်ကျော်နိုင်ခဲ့ပြီလို့ တထစ်ချ တွက်လိုက်ပုံ ရပါတယ်။ ပါးစပ်ပိတ်နေတဲ့ လူထုက သူနဲ့ တသဘောထဲ ရှိနေတယ်လို့ စိတ်ချလက်ချ ရှိနေပုံလည်း ရပါတယ်။

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စစ်အာဏာရှင် ဖြုတ်ချရေး အန္ဒိမအောင်ပွဲအတွက် အဖြေတခုထွက်ဖို့က ၀မ်းနည်းစရာ ကောင်းလောက်အောင် ကို အခွင့်အလမ်း နည်းပါးနေပါတယ်။ ကုလသမဂ္ဂ အပေါအ၀င် နိုင်ငံတကာရဲ့ အကူအညီကို မျှော်လင့်နေတာက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး အတွက် လမ်းကြောင်းပိုပြီး လွဲသွားစေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သန်းရွှေ စစ်အစိုးရ ဖြုတ်ချရေး ဘယ်နိုင်ငံကမှ ထိထိရောက်ရောက် ကိုယ်ကျိုးစွန့် လုပ်ပေးနိုင်မှာ မဟုတ်လို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူတွေဟာ ကိုယ့်လမ်းကြောင်းကို ကိုယ့်ဖာသာ ပီပီပြင်ပြင် မရွေးချယ်နိုင်ဘဲနဲ့ ဘယ်သူ့ ကူညီမှုကိုမှ တကယ်တမ်းရဖို့ မလွယ်ဘူးဆိုတာ ကိုယ်တွေ့ သင်ခန်းစာတွေထဲကနေ ယူဖို့ အချိန်ရောက်နေပါပြီ။

လွတ်မြောက်ရာလမ်းကို သွားဖို့ဆိုတာ သွားချင်တဲ့ ဆန္ဒတစ်ခုတည်း ရှိယုံနဲ့ ပြီးပြည့်စုံတာ မဟုတ်ဘဲ တကယ်တမ်း ကိုယ်ထိလက်ရောက် အစွန့်လွှတ် အပင်ပန်းခံ လျှောက်လှမ်းဖို့က ပိုပြီး ပဓါန ကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေးဆိုတဲ့ အသီးအပွင့်ဟာ ကောင်းကင်ဘုံက ချပေးလိုက်တဲ့ နတ်ပန်းတပွင့် မဟုတ်လို့ပါပဲ။

စိတ်ဓါတ်ဟာ ရုန်းကန်ရေးတိုင်းအတွက် အရေးအကြီးဆုံး အင်အားတခု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုဟာ အဲဒီစိတ်ဓါတ်နဲ့ ပန်းတိုင်ကို ချီတက်နေကြတာ ဖြစ်ပါတယ်။ လမ်းတလျှောက်မှာ ခြေထိုးခံရသူတွေ၊ မှောက်လျက် လဲသူတွေ၊ အနာတရ ဖြစ်သူတွေ ထုနဲ့ဒေး ရှိနေတဲ့ကြားက ယုံကြည်မှုဆိုတဲ့ စိတ်ဓါတ်လေး တခုတည်းနဲ့ကို စွန့်လွှတ် အနစ်နာခံနေကြတာ ဖြစ်ပါတယ်။ ဒီလို စိတ်ဓါတ်မျိုးကို မြန်မာပြည်သူတွေ အားလုံး မွေးဖို့ လိုပါတယ်။

အရင်တုန်းက စကားတစ်ခွန်း ရှိပါတယ်။ တော်လှန်ရေးတရပ် အောင်မြင်ဖို့အတွက် လူသောင်းနဲ့ချီ မလိုအပ်ပါဘူး၊ လူတရာလောက်ရှိရင်ပဲ အနိုင်ရပါပြီတဲ့။ ဒီကနေ့ မြန်မာပြည်ရဲ့ လွတ်မြောက်ရေး ရုန်းကန်ရေး ခရီးရှည်ကြီး အတွက်ကတော့ မြန်မာပြည်သူ တဦးတယောက်တိုင်းဆီရဲ့ ဦးဆောင်မှု၊ လွတ်မြောက်ရမယ်ဆိုတဲ့ ယုံကြည်ချက် မြင့်မားမှု၊ စွန့်လွှတ် အနစ်နာခံမယ်ဆိုတဲ့ စိတ်ဓါတ်ရှိမှုတွေက အရေးပါတဲ့ မောင်းနှင်အားတွေ ဖြစ်ပါတယ်။

၁၃ ရာစုနှောင်းပိုင်းမှာ မွန်ဂိုလီးယန်းတွေဟာ ဂျပန်ကျွန်းတွေကို သိမ်းပိုက်ဖို့ လှေတွေ၊ သင်္ဘောတွေနဲ့ ကြိုးစားပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဂျပန်တွေဟာ ပြည်ပ ကျူးကျော်မှုကို တွန်းလှန်ဖို့အား မရှိခဲ့ပေမယ့်လည်း ကံကြမ္မာက ဂျပန်တွေကို ကယ်တင်ခဲ့ပါတယ်။ အဲဒါကတော့ ဒီကနေ့ အချိန်ထိ ဂျပန်လူမျိုးတွေကြားထဲ တသသ ပြောနေရဆဲ “ကာမိကာဇေ” ဆိုတဲ့ စကားလုံးပါပဲ။ မွန်ဂိုတွေ အင်အား အလုံးအရင်းနဲ့ ဂျပန်ကျွန်းတွေဆီ စစ်အင်အားအပြည့် ရေကြောင်းကနေ အကြိမ်ကြိမ် ချီတက်နေတုန်း ပစိဖိတ် သမုဒ္ဒရာရဲ့ အင်အားကြီးလှပြီး ကြောက်မက်ဖွယ် ကောင်းတဲ့ မုန်းတိုင်းနဲ့အတူ ရေလှိုင်းလုံးတွေက မွန်ဂိုတပ်တွေကို တ၀ုန်းဝုန်းနဲ့ ရိုက်ချခဲ့လို့ မွန်ဂိုတွေဟာ ဂျပန်ကို ကျူးကျော် သိမ်းပိုက်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသလို ဂျပန်ဟာလည်း မွန်ဂိုတွေအောက်က လွတ်မြောက်ခဲ့ပါတယ်။ နတ်ဘုရားက ဖန်ဆင်းတဲ့ လေမုန်တိုင်းလို့ မြန်မာပြန်ဆိုနိုင်မယ့် ကာမိကာဇေဟာ ဂျပန်တွေအတွက်ကတော့ ကယ်တင်ခြင်း နတ်ဘုရားသဖွယ် ဖြစ်ခဲ့ပါတယ်။

နာဂစ်ဟာ ဒုက္ခ ပင်လယ်ဝေနေတဲ့ မြန်မာပြည်သူတွေကို ကယ်တင်ဖို့ မဟုတ်ဘဲ ပိုမိုဆိုးရွားတဲ့ ဘ၀တွေအထိ ရောက်အောင် တွန်းပို့ခဲ့တာမို့ မြန်မာ့ ကာမိကာဇေလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဒီမုန်တိုင်းနဲ့အတူ ပါလာတဲ့ စစ်အစိုးရဲ့ တာဝန်ကင်းမဲ့မှု၊ ရက်စက် ယုတ်မာမှုတွေကို နိုင်ငံတကာ အလယ်မှာ ဘွားခနဲ ဖွင့်ချနိုင်ခဲ့ပါတယ်။ သူတော်ကောင်း ယောင်ဆောင်ပြီး မျိုးချစ်စစ်သား အမည်ခံနေတဲ့ ဘီလူးဇာတ် ခင်းနေတဲ့ နေပြည်တော်က မင်းသားကြီးတသိုက်ရဲ့ နေ၀င်ချိန်ကို ရေးဆွဲဖို့ မြန်မာပြည်သူတိုင်းဟာ တာဝန်အသီးသီး ယူကြမယ် ဆိုရင်ဖြင့် နာဂစ်ဟာ ကောင်းကင်ဘုံရဲ့ လေမုန်တိုင်း မြန်မာပြည်ရဲ့ ကာမိကာဇေအဖြစ် အသွင်ပြောင်းနိုင်ပါတယ်။

ပြောင်းလဲမှုတွေ သယ်ဆောင်လာမယ့် ကောင်းကင်ဘုံရဲ့နိမိတ်၊ ဖိနှိပ်မှုတွေကို အဆုံးသတ်စေမယ့် နိမိတ်အဖြစ် မှတ်ယူမယ်ဆိုရင် မြန်မာပြည်သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲ ကာလအထိ စောင့်ဆိုင်းနေဖို့ မသင့်ပါဘူး။ သန်းရွှေ သေဆုံးမယ့်နေ့ကို လက်ပိုက် စောင့်ဆိုင်းနေလို့ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငကန်းသေရင် ငစွေပေါ်လာမှာမို့ ဒီစစ်ဘုရင်ရူး မျိုးဆက်ကို ဒီအချိန်မှာပဲ နိတိတံစေဖို့ နိုင်ငံရေး အသိစိတ်တွေ နိုးကြားဖို့က အင်မတန်မှကို အရေးပါနေပါပြီ။ ။

နေသန်မောင်