News Article Photo Poem Video Cartoon Music Radio

Wednesday, May 14, 2008

တရုတ်နှင့်မြန်မာ အပုံကြီးကွာ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 19:16 - မြန်မာစံတော်ချိန်

တရုတ်က သဘာဝကပ်ဘေးကို ဂရုဏာဖြင့် တုံ့ပြန်၊ မြန်မာက ပေါ့ပေါ့ဆဆ တုံ့ပြန်ခြင်းဖြင့် ရာဇဝတ်မှုကျူးလွန်

ကြောက်မက်ဘွယ် ကောင်းသော သဘာဝကပ်ဘေးကြီး ၂ ခု ရှစ်ရက်သာခြား၍ အိမ်နီးချင်းနိုင်ငံ ၂ ခုတွင် ဖြစ်ပွါးခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွါးခဲ့သော ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်းအထိ သေဆုံး သို့မဟုတ် ဒဏ်ရာရ ရှိခဲ့ကာ စစ်အစိုးရက အရေးတကြီး အပူတပြင်း လိုအပ်နေသော နိုင်ငံခြား အကူအညီများကို ငြင်းပယ်သည့် ရာဇဝတ်မှု ကိုကျူးလွန်နေသဖြင့် နောက်ထပ် ထောင်ပေါင်းများစွာ ထပ်မံ သေဆုံးဦးမည့် အန္တရာယ် ရှိနေသည်။ နှစ်ပေါင်း ၃ဝ အတွင်း အဆိုးဝါးဆုံး ငလျင်ကြီး လှုပ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူပေါင်း ၁၂ဝဝဝ တရုတ်ပြည်တွင် သေဆုံးခဲ့ရသည်။ ယခုအခါ ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေသည့် ငလျင်ဗဟိုချက် ကျရောက်ရာ ဝမ်ချွင် (္တနညခ့ကညေ) တမြို့တည်းပင်လျှင် သေဆုံးသူ အရေအတွက်မှာ အဆိုပါ အရေအတွက်၏ ၄ ဆအထိ ရှိနိုင်သည်။ သို့သော် တရုတ် ခေါင်းဆောင်များက ဤသဘာဝ ကပ်ဘေး အန္တရာယ်ကြီးကို စံနမူနာ ပြုလောက်သည့် စိုးရိမ်ပူပန်မှု၊ လျင်မြန် သွက်လက်မှုတို့ဖြင့် တုံ့ပြန် ဆောင်ရွက်ခဲ့ကြသည်။ ရောဂါများ ဖြစ်ပွါး ပေါ်ပေါက်ခြင်း မရှိစေရန်၊ အသက်ရှင် ကျန်ရစ်သူများကို ကယ်တင်ရန် အကြီးအကျယ် လှုံ့ဆော်၍ အမျိုးသားရေး လုပ်ငန်းကြီးတရပ် အနေဖြင့် တုံ့ပြန် ဆောင်ရွက်ခဲ့သည်။ ၂ နိုင်ငံကြား ကွာခြားချက် မှာ ဒီထက် ပို၍ ဆွတ်ပျံ့ကြေကွဲဘွယ် မရှိ။

လျှို့ဝှက်လွန်းသည့် အကျင့်ဟောင်းများ ရှိနေလင့်ကစား တရုတ်ပြည်၏ ယခု ပွင့်လင်းမှုနှင့် စိုးရိမ် ပူပန်မှုမှာ အားတက်သရော ရှိလှသည်။ ဝန်ကြီးချုပ် ဝမ်ကြားပေါင်သည် ကပ်ဘေး အန္တရယ် ကျရောက်သော ဒေသသို့ ချက်ချင်း သွားရောက်၍ တမျိုးသားလုံး၏ ပူဆွေးဝမ်းနည်းမှုနှင့် စာနာမှုကို ထုတ်ဖေါ် ပြသခဲ့သည်။ အသက်မသေ လွတ်မြောက်ခဲ့သူများကို သွားရောက် တွေ့ဆုံခဲ့သည်။ အဆောက်အဦ အပြိုအပျက်များ အောက်တွင် ပိတ်မိနေကြသည့် သူများကို အမြန်ဆုံး သွားရောက် ကယ်တင်ရန် ကြိမ်ဖန်များစွာ တိုက်တွန်း ပြောကြားခဲ့သည်။ အရေးပေါ် ကယ်ဆယ်ရေး တပ်ဖွဲ့များကို ကူညီရန်နှင့် အစားအစာများ ဝေငှ ဖြန့်ဖြူးနိုင်ရန် တရုတ်တပ်ဖွဲ့ဝင် ၅ဝဝဝဝ ကို အသင့်ပြင် စေလွှတ်ခဲ့သည်။ ဆေးဝါးများ နှင့် ကယ်ဆယ်ရေး ပစ္စည်းများ ချပေးနိုင်ရန် ရဟတ်ယဉ်များ အသင့်ပြင် ထားခဲ့သည်။ အနီးအနားရှိ လေယဉ်ကွင်း အားလုံးတွင် အရပ်ဘက် သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ ဆင်းသက်ခွင့်ကို ပိတ်ပင်၍ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အတွက်သာ ဖွင့်ပေးထားသည်။ ပိတ်ဆို့နေသော လမ်းများ ရှင်းလင်းရေးနှင့် ပြတ်တောက်သွားသော လျှပ်စစ်မီး ပြန်လည် ရရှိရေးကို ဦးစားပေး လုပ်ဆောင်နေသည်။ သွေးလှူဒါန်းရန် မေတ္တာ ရပ်ခံချက်များ ထုတ်ပြန်၍ ရုတ်မြင်သံကြားမှလည်း ငလျင်ဘေးနှင့် ပတ်သက်သည့် သတင်းများကို မကြာခဏ ထုတ်လွှင့် ပေးနေသည်။

ဤသို့ ပွင့်လင်းမှု၊ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်မှုတို့ကို ရရှိရန် တရုတ်ပြည်သည် ၁၉၇၆ ခုနှစ်မှ စတင်၍ ခရီးရှည်ကြီးကို ချီတက် လျှောက်လှမ်းလာခဲ့ရသည်။ အဆိုပါ ၁၉၇၆ ခုနှစ်တွင် ပီကင်းမြို့ အရှေ့မြောက်ဘက် ထန်စန်းတွင် ငလျင်ကြီးလှုပ်၍ တမြို့လုံး ပျက်စီးခဲ့သည်။ အစိုးရ၏ တရားဝင် စာရင်းအရပင် လူပေါင်း ၂၄ဝဝဝဝ အသက် ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်က အရေးပေါ် ကယ်ဆယ်ရေး တပ်ဖွဲ့များ ဆိုသည်မှာ လုံးဝ အဆင်သင့်မဖြစ်။ အင်အား ၈.၃ အင်အားဖြင့် လှုပ်သွားခဲ့သော အဆိုပါ ငလျင်ကြီးအကြောင်း အသေးစိတ် အချက်အလက်များကို တတ်နိုင်သမျှ ဖုံးကွယ်ထားခဲ့သည်။ မည်သည့် နိုင်ငံရပ်ခြား ကယ်ဆယ်ရေး အဖွဲ့ကိုမျှလည်း ဝင်ရောက်ခွင့် မပြုခဲ့။ တရုတ်နိုင်ငံ တဝှမ်းတွင် ကောလဟလများ၊ နိမိတ်ဆိုးများ အကြောင်းကိုသာ ပြောဆို နေခဲ့ကြသည်။ လေးဦးဂိုဏ်း ကျဆုံးသွားခဲ့ခြင်းကြောင့် အဆိုပါ ငလျင်ကြီး ဖြစ်ပေါ်လာရသည်ဟု ပြောဆို နေခဲ့ကြသည်။

ယခုတကြိမ် တရုတ်အစိုးရ၏ သဘာဝ ကပ်ဘေးကို တုံ့ပြန်ပုံမှာမူ ပိုမို ရင့်ကျက်လာပြီး ပိုမို ထက်မြက်စူးရှ လာခဲ့သည်။ ကမ္ဘာတဝှမ်းလုံး၏ စာနာမှုကို ကျေးဇူးတင်ရှိကြောင်း ပီကင်း အစိုးရက ထုတ်ဖေါ် ပြောကြားခဲ့သည်။ အကူအညီပေးရေး ကမ်းလှမ်းချက်များကို လက်ခံခဲ့သည်။ မကြာသေးခင်က အေးစက်စက် ဆက်ဆံရေး ရှိခဲ့သည့် အိမ်နီးချင်း ဂျပန် နိုင်ငံသို့ပင် အကူအညီ ပေးပါရန် ပန်ကြား မေတ္တာရပ်ခံခဲ့သည်။ သမတဘုရှ်၏ တယ်လီဖုံး ဆက်သွယ် ပြောကြားချက်ကို တရုတ်သမတ ဟူ က လက်ခံ ပြောကြားပြီး ငလျင်အရေး သာမက တိဗက်အရေးကိုပါ ဆွေးနွေးခဲ့သည်။ “ဓမ္မဓိဌာန်ကျ၍ မျှတသော သဘောထား” တရပ်ကို မျှော်လင့်ကြောင်း မယုတ်မလွန် ထုတ်ဖေါ် ပြောကြားသွားခဲ့သည်။ နိုင်ငံခြားသား ကယ်ဆယ်ရေး လုပ်သားများ မလိုအပ်ပါဟု ပြောခြင်းသည်လည်း ကာကွယ်ရေးအရ လျှို့ဝှက်လို၍ မဟုတ်ဘဲ တရုတ်တွင် ထိုလုပ်ငန်းတွင် အမှန်တကယ် လူအင်အားနှင့် ကျွမ်းကျင်မှုများ ရှိနေ၍ ပြောကြားခြင်းသာ ဖြစ်သည်။

ယင်းနှင့် ဆန့်ကျင်စွာပင် မြန်မာနိုင်ငံ အနေဖြင့် မုန်တိုင်းဒဏ် ခံခဲ့ရပြီး အန္တရာယ် ကျရောက်နေသည့် အကူအညီ အရေးတကြီး လိုအပ်နေသည့် လူပေါင်း တသန်းခွဲကို ကူညီ ကယ်ဆယ်ရန် အတွေ့အကြုံလည်း မရှိ၊ လုပ်ကိုင်နိုင်သည့် အရည်အချင်းလည်း မရှိ။ မုန်တိုင်း ဝင်ရောက် ဖျက်ဆီးအပြီး ၁ဝ ရက်ကြာသည်အထိ နိုင်ငံတကာ အကူနှင့် ကျွမ်းကျင်မှုကို လက်ခံရန် စစ်အစိုးရက ငြင်းပယ်နေခြင်းကို နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီများနှင့် ကမ္ဘာ့ ကုလသမဂ္ဂ တို့ကပါ ကြာလေ စိတ်မရှည်လေ မချင့်မရဲဖြစ်လေ ဖြစ်လာနေသည်။ ဤသို့ဖြင့် လက်တွေ့ ဖြစ်နိုင်ခြေနည်းသော်လည်း အသေအချာ ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ထားသည့် လက်နက်ကိုင် တပ်များဖြင့် ဝင်ရောက် စွက်ဖက်၍ အကူအညီများ ဝင်ပေးရေး အဆို ပြုချက်များ ထွက်ပေါ်လာစေသည်။ လူအများ၏ အသက်ရှင် ရပ်တည်ရေးထက် အစိုးရ တရပ်၏ လုံခြုံရေးကို အထက်တွင် ထား၍ စဉ်းစားသည့်၊ အဖြစ်မှန်နှင့် နီးစပ်လှသည့် စိတ်ဓါတ်ကို နားလည်ရန်မှာ ခက်ခဲလှသည်။ စစ်အစိုးရကမူ ဆိုင်ကလုံး မုန်တိုင်းကို နိမိတ်ဆိုး တရပ်အဖြစ် ယခုတိုင် ရှုမြင်နေဆဲ ဖြစ်ပြီး နိုင်ငံ၏ မြို့တော်ကို ကုန်းတွင်းပိုင်းဒေသသို့ ရွှေ့ပြောင်းလိုက်စဉ်ကလည်း ပြင်ပကမ္ဘာက မည်သို့ပင် သရော်လှောင်ပြောင်စေ မည်သို့မျှ ဂရုထားခဲ့သည် မဟုတ်။ အမှန်စင်စစ် တရုတ်နိုင်ငံကသာလျှင် ကြမ်းတမ်း ခက်ခဲလှသည့် အမှန်တရားကို မြန်မာနိုင်ငံအား ပြောပြနိုင်သူ ဖြစ်သည်။ ဤသို့ လုပ်ဖို့လည်း လိုနေပြီ။ သူ့နိုင်ငံသား ကပ်ဘေး ဒုက္ခသည်များကို ကယ်တင်ရန် ပီကင်းအစိုးရက သူ၏ ခေါင်းဆောင်မှုနှင့် သိမြင် နားလည်မှုကို ပြသခဲ့ပြီး ဖြစ်သည်။ အသိပညာ နုံနဲ့သော ထိုမြန်မာနိုင်ငံမှ ဒုက္ခ ခံစားနေရသူများကို ကယ်တင်ရန် ဗမာအစိုးရအား ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲ ပြောဆိုပေးခြင်းက အမှန်ပင် အထောက်အကူ ဖြစ်စေပါလိမ့်မည်။

(တိုင်းမ် မဂ္ဂဇင်းပါ China and Burma: a seismic shift ကို ဘာသာပြန်ဆိုပါသည်။)


အရိုင်းအစိုင်း နိုင်ငံတော်နှင့် လူသားဆန်မှု ပြဿနာ

အောင်သူငြိမ်း
အင်္ဂါနေ့၊ မေလ 13 2008 18:13 - မြန်မာစံတော်ချိန်

စစ်အစိုးရက မြန်မာတို့၏ အမျိုးသား ယဉ်ကျေးမှု မြင့်လှပါသည်ဟု ၀ါကြွားနေသော်လည်း နိုင်ငံတကာ အလယ်တွင် ကြုံရသမျှ မျက်နှာမပြရဲစရာ အခြေအနေချည်း ဖြစ်နေရသည်။ လွန်ခဲ့သောနှစ် စက်တင်ဘာလက သံဃာများ ဦးဆောင်သည့် မေတ္တာပို့ လှုပ်ရှားမှု ဖြစ်လာခဲ့သည်။ စစ်အစိုးရက အကြမ်းဖက် တုံ့ပြန်မှုများ ရက်ရက် စက်စက် ကျူးလွန်ခဲ့ပြီး သံဃာများကို သတ်ဖြတ်နေသည်မှာ နိုင်ငံတကာ သတင်းမီဒီယာ များတွင် ဟိုးလေးတကျော် မြင်မကောင်း ရှုမကောင်း ဖြစ်လာခဲ့ရသည်။ နိုင်ငံခြားသား မိတ်ဆွေ အများအပြားက မေးခွန်းထုတ်ကြသည်။

"ဘာဖြစ်လို့ သံဃာတွေကို သတ်ဖြတ်ကြရသနည်း" အဖြေ မရှိပါ။ ဗုဒ္ဓဘာသာကို လူများစု ကိုးကွယ်သည့် နိုင်ငံတခုတွင် ဤသို့ သံဃာများကို သတ်ဖြတ်နေသည်ကို နိုင်ငံခြားသားတို့ နားမလည်ကြသလို၊ မြန်မာ့ ယဉ်ကျေးမှုကိုပါ မေးခွန်းထုတ်လာခဲ့သည်။ ယခုတကြိမ်တွင်လည်း နာဂစ်မုန်တိုင်း ဘေးဒဏ်သင့် ပြည်သူများ ဒုက္ခရောက် နေကြပုံကို နိုင်ငံတကာ သတင်းမီဒီယာများတွင် အကျယ်အပြန့် ဖော်ပြလာကြပြန်သည်။ ၎င်းသတင်းများနှင့် အတူ စစ်အစိုးရ၏ တုံ့ပြန်ပုံ ညံ့ဖျင်းမှု၊ နိုင်ငံတကာ အကူအညီ ပေးမည့် အဖွဲ့များကို ပြန်၍ မောင်းနှင်ထုတ်လိုက်သည့် ကိစ္စ၊ နိုင်ငံတကာ အကူအညီများကို ဟန့်တားထားသည့် ကိစ္စ၊ နိုင်ငံရပ်ခြား အကူအညီပေးရေး အဖွဲ့များကို ကြန့်ကြာနေစေရန် ဗီဇာမပေးသည့် ကိစ္စ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင်က သြချ ညည်းညူနေရသည့် ကိစ္စများကို မြင်တွေ့နေရသည်။ သူတို့ နားမလည်ကြတော့ပါ။ ထို့မျှမက အလောင်းများကို ကောင်းစွာ သဂြိုင်္ဟ်ခြင်း မရှိဘဲ မြစ်အတွင်း မျှောချနေသည်ကိုလည်း စီအဲန်အဲန် ရုပ်မြင်သံကြားတွင် တွေ့ခဲ့ကြရသည်။ မြန်မာနိုင်ငံ၏ အခြေအနေက ယဉ်ကျေးသော လူ့အသိုင်းအ၀ိုင်း အလယ်တွင် ပို၍ မျက်နှာမပြရဲစရာ ဖြစ်လာရသည်။ အရိုင်းအစိုင်းတို့၏ နိုင်ငံတခုလို ဖြစ်လာရသည်။

မြန်မာနိုင်ငံနှင့် ဝေးကွာသည့် အမေရိကန် ပြည်ထောင်စု၏ သမ္မတ ဂျော့ဘုရှ်က မုန်တိုင်းသင့် ပြည်သူများအတွက် ၀မ်းနည်း စကားဆိုခဲ့သည်။ အကူအညီပေးရန် အဆင်သင့် ဖြစ်ကြောင်း ချက်ချင်း ကမ်းလှမ်းခဲ့သည်။ မြန်မာနိုင်ငံနှင့် ရှိနေသည့် သံတမန်ရေး ပြဿနာများ ခဏထား၊ လူမှုကယ်ဆယ်ရေးအတွက် ပြောလာခဲ့သည်။ မြန်မာနိုင်ငံ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဆိုသူ သန်းရွှေက ယခုတိုင် ၀မ်းနည်းပူပန်ကြောင်း တခွန်းမဟ။ ဒုက္ခရောက်နေသည့် နေရာများသို့လည်း ခြေဦးပင် မလှည့်ခဲ့ပေ။ ထို့အပြင် ယခု အကူအညီများကို ငြင်းပယ်နေခြင်း၊ ဗီဇာ တင်းကျပ်ထားခြင်းမှာလည်း အထက်က ချုပ်ကိုင် အမိန့်ပေး ဆုံးဖြတ်နေသည်မှာ သူပင် ဖြစ်သည်ဟု ယူဆရသည်။ ကုလသမဂ္ဂ၏ ကပ်ဘေးသင့် လူမှု ကယ်ဆယ်ရေး လုပ်ငန်းများ သမိုင်းတလျှောက်လုံးတွင်ပင် ပထမဦးဆုံးအကြိမ် အဆိုးရွားဆုံး အခြေအနေဟု ပြောလာကြပြီ။

ကပ်ဘေး ဒုက္ခသင့်ကြရသည့် အခြေအနေ၊ သဘာဝ ဘေးအန္တရာယ် ဆိုက်ရောက်ကြရသည့် အခြေအနေတွင် အရေးအကြီးဆုံး ဦးတည်ထားကြရမည့် ကိစ္စမှာ "လူသားများ"ပင် ဖြစ်သည်။ ဤလူသားများသည်လည်း မိမိတို့ သူငါမခြား အခြား လူသားများကဲ့သို့ပင် ဘ၀၊ မိသားစု၊ အလုပ်အကိုင်၊ မျှော်မှန်းချက်များ၊ အိပ်မက်များ၊ ပိုင်ဆိုင်မှုများ ရှိကြသူများ ဖြစ်သည်။ ထိုမျှမက ထိုသူများသည် ထိတ်လန့်ကြောက်ရွံ့ဖွယ် ဘေးဆိုးကို ဖြတ်သန်း၍ ကံကောင်းထောက်မစွာ ရှင်ကျန်ရစ် ကြသူများ ဖြစ်သည်။ ထိုသူများတွင် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဒဏ်ရာများ သာမက၊ အကုန် ဆုံးရှုံးလိုက်ကြရသည့် အတွက် စိတ်ဒဏ်ရာ အနာတရများပါ ရှိနေကြသည်။ နောက်ဆုံး သဘာဝ ကပ်ဘေးကြောင့် သေဆုံးသွားသည် ထားဦး။ ထိုသူများ သည် "လူသားများ"ပင် ဖြစ်သည်။ ကောင်းမွန်စွာ သဂြိင်္ုဟ်ခွင့် ရသင့်ကြသည်။ ထိုသူများကို မြစ်ထဲမျှောပစ်နေခြင်း၊ အစုအပြုံလိုက် မြေမြှုပ်ပစ်နေခြင်းမှာ မလုပ်သင့်သော ကိစ္စဖြစ်သည်။ ထိုမျှမက သဘာဝဘေးဆိုးကြောင့် ပျက်စီးရသည့် အခြေအနေများ ကို ဖုံးကွယ်၍ အမှောင်ချနေသည်။ သတင်းထောက်များကို ထိုနေရာများသို့ တားမြစ်ထားသည်။ နိုင်ငံခြားသား သတင်းထောက်များကို ရှာဖွေ ပိတ်ဆို့နေသည်။ နိုင်ငံရေးနှင့် ကပ်ဘေး ဒုက္ခပြဿနာကို အရောရော အထွေးထွေး စီမံနေပြန်သည်။ မခက်ပါလော။

ကျနော်က အခြေခံ အလွယ်ဆုံးကိစ္စ အချို့ကို စဉ်းစားကြည့်သည်။ မုန်တိုင်း တိုက်ခတ်ပြီး၍ ၈ ရက် ကြာသည့်တိုင်၊ ယာယီ ဒုက္ခသည်စခန်း မည်မျှ၊ ခိုလှုံနေသူ မည်မျှ ထုတ်ပြန် ကြေညာနိုင်ခြင်း မရှိသေး။ ထိုသူများ၏ အရေးပေါ် လိုအပ်ချက်များကို စာရင်းပြုစု အသိပေးနိုင်ခြင်း မရှိသေး။ အပျက်အစီး ပမာဏတန်ဖိုးကို ထုတ်ပြန် ကြေညာနိုင်ခြင်း မရှိသေး။ မည်မျှ အကူအညီလိုမည်ကို တင်ပြ ပြောဆိုပေးခြင်း မရှိသေး။ လိုအပ်သည့် ဆက်သွယ်ရေး ကိစ္စများ စီစဉ်ပေးနိုင်ခြင်း မရှိသေးပါ။ ဥပမာ- ကျနော်၏ မိဘများက ရန်ကုန်မြို့ ဆင်ဖြေဖုံး ဒဂုံမြို့သစ်တွင် နေကြသည်။ ယခုတိုင် ဖုန်းပြော၍ မရနိုင်သေး။ ဖုန်းလိုင်းများကလည်း မကောင်းပါ။ မိမိကဲ့သို့ အလားတူ ပူပန်နေသူ လူပေါင်းသိန်းနှင့် ချီ၍ ရှိနိုင်သည်။ ထိုသူများကို ဆက်သွယ်ခွင့် ရနိုင်ရေး၊ ပျောက်ဆုံးနေသူများ စာရင်းပြုစုရေး၊ အမျိုးအဆွေများ ဆက်သွယ်နိုင်သည့် ပြန်ကြားရေးဌာနများ ရှိမနေပါ။ ဥပမာ- မုန်တိုင်းဒဏ် အဆိုးဆုံးခံလိုက်ရသည့် လပွတ္တာသို့ အမျိုးတယောက်က သူ၏ ဆွေမျိုးများ အခြေအနေကို မေးမြန်း သိလိုသည်။ ကူညီလိုသည်။ ဆက်သွယ်ရမည့် နေရာမရှိ။ လပွတ္တာရှိ ကံကောင်းထောက်မ၍ အသက်ရှင် ကျန်ရစ်ရသူကလည်း အခြားဒေသရှိ ဆွေမျိုးများထံ၊ နိုင်ငံခြား ရောက်နေသူ ဆွေမျိုးများထံ ဆက်သွယ် အကူအညီ တောင်းခံလိုသည်။ ဆက်သွယ်ရန် လမ်းကြောင်းဌာန မရှိ။

ထိုင်းနိုင်ငံတွင် ဆူနာမီ လှိုင်းဒဏ်သင့်ရသည့် ကာလက သေဆုံးသူ အများအပြား ရှိခဲ့သည်။ ထိုသူများထဲတွင် တရားမ၀င် မြန်မာလုပ်သားများလည်း အပါအ၀င်။ သို့သော်လည်း ထိုသေဆုံးရသူများကို လူသားဆန်စွာ၊ လူသား ဂုဏ်သိက္ခာနှင့် လျှော်ညီစွာ ဆက်ဆံခဲ့ကြသည်။ အလောင်းများကို ကောင်းစွာ သိမ်းဆည်းပေးသည်။ မျိုးရိုးဗီဇ (genetic) တိုက်ဆိုက် စစ်ဆေး၍ မည်သူမည်ဝါ ဖြစ်သည်ကို ဖော်ထုတ်ပေးသည်။ တရားမ၀င် မြန်မာလုပ်သားများ၏ အလောင်းကို သဂြိင်္ုဟ်ရန်ပင် မိသားစုများ မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်၍ လာတွေ့ခွင့်ပေးသည်။ ထိုသူ၏ နောက်ဆုံးခရီးအတွက် စီစဉ်ပေးမှုများ၊ လျှော်ကြေးများ ဆောင်ရွက်ပေးခဲ့သည်။ မြန်မာစစ်အစိုးရသည် ကပ်ဘေးကယ်ဆယ်ရေးအတွက် လုပ်နိုင်စွမ်းအား မိမိဘာသာ အပြည့်အ၀ ရှိနေသည်ဟု ဆိုနေသော်လည်း မြင်နေကြရသည်မှာ စိတ်မချမ်းမြေ့စရာ။ လူသားများကို လူသားတန်ဖိုး၊ ဂုဏ်သိက္ခာ ရှိသည့်အတိုင်း မဆက်ဆံသည်ကို မြင်နေကြရသည်။ မြန်မာနိုင်ငံတွင် သေဆုံးရသူများ၏ အလောင်းများကို ထိန်းသိမ်းထားနိုင်သည့် အခြေအနေ မရှိပါ။ မျိုးရိုးဗီဇ စစ်ဆေးနိုင်ရန် ပို၍ ဝေးတော့သည်။ ပညာရှင်နှင့် အဆင့်မြင့် နည်းပညာများလည်း ရှိမနေကြပါ။ ထို့အပြင် ပို၍ဆိုးသည်မှာ စာရင်းဇယားမရှိဘဲ ယခုလို အလောင်းများ ဖျက်ဆီးပစ်နေခြင်းနှင့် ကူညီကယ်ဆယ်မည့် သူများကို ပိတ်ဆို့နေခြင်းပင် ဖြစ်သည်။ ဤသည်မှာ လူသားချင်း စာနာမှုဆိုင်ရာ ရာဇ၀တ်မှု ကို ကျူးလွန်နေခြင်း ဖြစ်သည်။ ယဉ်ကျေးသည့် လူ့ကမ္ဘာ၏ တန်ဖိုးထားမှုများကို ချိုးဖောက် စော်ကားနေခြင်း ဖြစ်သည်။

ထိုထက် ပိုဆိုးသည်မှာ ကပ်ဘေးဒုက္ခကို အခြေခံ၍ နိုင်ငံရေး အမြတ်ထုတ်နေခြင်း ဖြစ်သည်။ ကြံ့ဖွံ့အလံစုတ်ကို ထိုးတင်နေသည်။ အကူအညီများကို လက်ဝါးကြီးအုပ် ချုပ်ကိုင်နိုင်ရေး လုပ်နေသည်။ ကယ်ဆယ်ရေးကိစ္စများကို အလေးမထား။ ဆန္ဒခံယူပွဲဖြင့် အာဏာတည်ရေး ကိစ္စကို ရှိသမျှ အရင်းအမြစ်များ ပုံအော လုပ်ဆောင်နေသည်။ အခြား အရပ်သား အင်အားစုများက တတ်စွမ်းသမျှ စေတနာ့ဝန်ထမ်း ကူညီနေသည်ကို အားမပေး။ မရှုစိမ့်။ ဖျက်လို ဖျက်ဆီး ပိတ်ဆို့နေသည်။ "ကူချင်လျှင် တို့ရပ်ကွက်/ မြို့နယ်ရုံး ထားခဲ့။ တို့ဝေပေးမည်" လုပ်နေသည်။ ဒုက္ခသည်များကို ပြန်ပေးဆွဲ၍ အေးဓါးပြ တိုက်နေသည်။ ဒုက္ခသည်များကို ရှေ့ထား၍ သီးသန့် ခန့်ညားသော ကုလားထိုင် များဖြင့် မိန့်မိန့်ကြီး သြ၀ါဒ ချွေနေကြသေးသည်။ ဒုက္ခသည်များသည်လည်း သူလို ငါလို လူသားများဟု သဘောမထား၊ လူသား ဂုဏ်သိက္ခာနှင့် အညီ မဆက်ဆံ။ ယာယီ ခိုလှုံရာစခန်းများမှ ဒုက္ခသည်များကို အရေအတွက် လျှော့ချနိုင်ရေးအတွက် နှင်ထုတ်နေကြသည်ဟုပင် ကြားနေရသည်။ ဤထက်ဆိုးသည့် အခြေအနေ မရှိတော့ပါ။

" မရှိတာထက် မသိတာခက်" ဟု ဆိုရတော့မည့် အခြေအနေပင်။ ပို၍ ဆိုးသည်မှာ စစ်အစိုးရက လူသားချင်း စာနာကူညီမှုတွင် လိုက်နာစောင့်ထိန်း ရမည့် ကျင့်ဝတ်များကို မသိဘဲ ငါတကောကော လက်ဝါးကြီး အုပ်နေခြင်းနှင့် လူသားဆန်မှု တန်ဖိုး ကို မသိခြင်းက ပို၍ ဆိုးနေပါတော့သည်။ သို့မဟုတ်လျှင်လည်း ပြည်သူတို့အပေါ် လုံးဝ စေတနာမထားသော အစိုးရမျိုးက အုပ်ချုပ်နေသည့် အရိုင်းအစိုင်းတို့ နိုင်ငံတော်အဖြစ် ကျရောက်မှန်း မသိ၊ ကျရောက်နေရပြီ ဖြစ်ပါတော့သည်။

ကြက်ခြေနီအဖွဲ့မှ အဆိုပြုသော အဲန်ဂျီအိုများ ထားရှိသင့်သည့် လူမှုကယ်ဆယ်ရေး ကျင့်ထုံး (၁၀) ချက်

၁။ လူသားချင်း စာနာသော အခြေခံအရေးပေါ် လိုအပ်ချက်သည် ပထမ ဖြစ်သင့်သည်။

၂။ အကူအညီပေးရာ၌ လူမျိုး၊ နိုင်ငံသား၊ အယူဝါဒ ကွဲပြားမှုအပေါ် အခြေမခံပဲ လိုအပ်ချက်အပေါ်သာ အခြေခံ ကူညီရမည်။

၃။ အကူအညီကို အကြောင်းပြု၍ အခြားသော နိုင်ငံရေး၊ ဘာသာရေး ရပ်တည်ချက်များအတွက် အသုံးချခြင်း မပြုရ။

၎။ မိမိတို့သည် အစိုးရများ၏ နိုင်ငံခြားရေး မူဝါဒများအတိုင်း ဆောင်ရွက်ရန် လက်ကိုင်တုတ်အဖြစ် ဆောင်ရွက်ခြင်းမပြုရ။

၅။ မိမိတို့သည် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို လေးစားပါမည်။

၆။ မိမိတို့သည် ကပ်ဘေးဒုက္ခများကို ရင်ဆိုင်ရန် ဒေသခံပြည်သူများ၏ စွမ်းအင်ကို အခြေခံထား၍ ကြိုးပမ်းပါမည်။

၇။ အထောက်အပံ့ အကူအညီများ ပေးဝေရေး စီမံခန့်ခွဲစဉ်ကာလအတွင်း ပိုမိုထိရောက်သော ပိုမိုအကျိုးရှိစေသော နည်းလမ်းများ ရှာဖွေပါမည်။

၈။ ထောက်ပံ့သော အကူအညီများသည် အနာဂတ်ကာလတွင် အလားတူ ထိခိုက်ရမှုများ မဖြစ်ပေါ်နိုင်ရေးကို အထူး ရှေးရှုပါမည်။ အလားတူ အခြေခံလိုအပ်ချက်များ ပြည့်မီရေး ဆောင်ရွက်ပေးပါမည်။

၉။ မိမိတို့သည် မိမိတို့ဘဏ္ဍာငွေ လက်ခံရရှိရာ ဌာနများသို့ရော၊ အကူအညီ လက်ခံယူသူ ပြည်သူများသို့ပါ ပွင့်လင်း အစီရင်ခံ တင်ပြပါမည်။

၁၀။ မိမိတို့သည် ကပ်ဘေးဒုက္ခသင့်ရသော ဒုက္ခသည်များကို ဂုဏ်သရေရှိ လူသားများအဖြစ် ဆက်ဆံပါမည်။ မျှော်လင့်ချက် ကင်းမဲ့နေသော အပြုခံများအဖြစ် မဆက်ဆံပါ။


သဘာဝ ကပ်ဘေးဒုက္ခများနှင့် ပဋိပက္ခ အတက်အကျ

အောင်သူငြိမ်း
အင်္ဂါနေ့၊ မေလ 13 2008 11:35 - မြန်မာစံတော်ချိန်

သဘာဝကပ်ဘေးများကို ယခင်က အလွယ်သဘောသာ စဉ်းစားခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် လေ့လာသူများက သဘာဝကပ်ဘေးနှင့် ပဋိပက္ခများ ဆက်စပ်နေပုံ၊ ပဋိပက္ခ ဖြစ်ပေါ်နေသည့် ဒေသများ၌ သဘာဝဘေးဒဏ် ကျရောက်ပါက ဖြစ်လာနိုင်သည့် အခြေအနေများကိုပါ ထည့်သွင်း တွက်ချက် စဉ်းစားလာကြသည်။ ဤသို့သော အခြေအနေများကို သဘာဝကပ်ဘေး (Natural disaster) ထက်၊ ပြဿနာစုံ အရေးပေါ် အခြေအနေ (Complex emergencies) ဟု ခေါ်ဆို သုံးစွဲလာကြသည်။ ယခု မြန်မာနိုင်ငံ၏ နာဂစ်မုန်တိုင်းပြီး အခြေအနေကလည်း ဤသို့ "ပြဿနာစုံ အရေးပေါ် အခြေအနေ" သို့ ဆိုက်ရောက် ဖြစ်ပေါ်လာခဲ့ပြီ။

အကြောင်းက ဤသို့ ဖြစ်သည်။ သဘာဝ ကပ်ဘေးဒုက္ခများ ကျရောက်အပြီးတွင် လူသားနှင့် သဘာဝ ပတ်ဝန်းကျင် ဆက်ဆံရေး၊ သဟဇာတ ဖြစ်နေမှုများ ပျက်စီးသွားသည်။ ပြန်လည် ထူထောင်ရေးဟု ပြောသည့် လုပ်ငန်းများတွင်ပင် ယခင်ကလို ရိုးရိုးစဉ်းစား၍ မရတော့ပါ။ လူများတွင် အရင်းအမြစ်များ ဆုံးရှုံးကုန်ကြသည်။ လူသားအင်အား၊ လယ်ယာမြေ၊ ကျွဲ/နွား၊ ရေ၊ ပိုင်ဆိုင်မှု၊ သက်မွေးဝမ်းကျောင်းလုပ်ငန်း စသဖြင့် ပျက်စီးလာသည်။ ဤအခြေအနေတွင် "ရေကနည်းလာပြီး ဆင်လည်း သောက်မည်၊ ခြင်္သေ့လည်း သောက်မည်" ဖြစ်လာသောအခါ အရင်းအမြစ် ခွဲခြမ်းရေးဆိုင်ရာ ပဋိပက္ခများ ဖြစ်လာသည်။ အရင်းအမြစ်များ နည်းလာသည်နှင့်အမျှ ထိန်းချုပ်လိုသူက ထိန်းချုပ်လိုလာသည်။ ထိုမျှမကပါ။ အခြားနောက်ခံ အကြောင်းများကလည်း ပတ်သက်နေသေးသည်။ ဥပမာ- မြန်မာနိုင်ငံဆိုလျှင် မက္ကရို စီးပွားရေး အခြေခံကိုက ချိနဲ့အား နည်းနေသည်။ ကပ်ဘေးဒုက္ခများ သင့်ခံရသည့်အခါ ဆင်းရဲသူများက ပို၍ ဆတိုးဒဏ် ခံကြရသည်။ အသက်အရွယ် ကြီးရင့်သူ၊ ကလေးများ၊ အမျိုးသမီးများက ကပ်ဘေးဒဏ်ကို ပို၍ မမျှမတ ခံစားနစ်နာကြရသည်။ မြန်မာနိုင်ငံတွင်က နိုင်ငံရေး နောက်ခံ ပြဿနာပါ ရှိနေသေးသည်။ အရပ်ဖက် လူမှု အဖွဲ့အစည်းများကို မူလကတည်းက နှိပ်ကွပ်ထားသည်။ အစိုးရ ဖိနှိပ်မှုများက ကျေးလက်တွင် ပို၍ ပြင်းထန် ဆိုးရွားသည်။ ထို့အပြင် ယခင်က နိုင်ငံတကာ ဖိအားပေး ပိတ်ဆို့မှုဒဏ် ခံနေရပြီး၊ ယခုအခါ နိုင်ငံတကာ အကူအညီကို စစ်အစိုးရက တဖန် ပြန်၍ ပိတ်ဆို့နေသည်။ ဤသို့ လူမှုရေး အကူအညီများကို စစ်အစိုးရက ကြန့်ကြာစေရန် ပိတ်ဆို့နေမှုအပေါ် နိုင်ငံတကာ ဖိအားများက တိုး၍ သက်ရောက်လာပြန်သည်။ မြန်မာနိုင်ငံတွင်း ၀န်ဆောင်မှု ပေးနေသော၊ ယန္တယား၊ ဗျူရိုကရေစီ၊ အဖွဲ့အစည်း၊ အင်စတီကျူးရှင်းများက အားနည်းချက် အပြည့်။ ဤသို့ ခြစားနေသည့် အဖွဲ့အစည်းများကို "ငွေသာပေးလိုက်၊ ကယ်ဆယ်ရေး အကူအညီများကို သူတို့သာ ခန့်ခွဲမည်" ဟူ၍ ကတော့ မည်သူကမှ လက်ခံလိမ့်မည် မဟုတ်ပါ။ ဤသည်က တစုံလုံ ခြုံငုံ ကြည့်သည့်အခါ ဖြစ်လာသည့် ပြဿနာစုံ အရေးပေါ် အခြေအနေ (comples emergencies) ဖြစ်နေသည်။

နောက်ပိုင်းတွင် ပညာရှင်များ၏ လေ့လာချက်အရ သဘာဝကပ်ဘေးများ သင့်ပြီး နောက်ပိုင်းတွင် နိုင်ငံရေး အခြေအနေ၊ ပဋိပက္ခများက ပြေလည် တိုးတက်လာသည် ရှိသကဲ့သို့၊ တိုး၍ ဆိုးရွားသွားရသည့် အခြေအနေများလည်း ရှိခဲ့သည်။ အကြောင်းကတော့ သက်ဆိုင်ရာ နိုင်ငံနှင့် လူမှုအဖွဲ့အစည်း၏ တုံ့ပြန်ပုံနှင့် သက်ဆိုင်နေသည်။ အထူးသဖြင့် ဤသို့ လေ့လာမှုများကို ဆူနာမီလှိုင်းဒဏ် သင့်ခံရပြီး နောက်ပိုင်းတွင် ပို၍ အာရုံထား ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် ဆူနာမီလှိုင်းက အင်ဒိုနီးရှားနိုင်ငံမှ အာချေကျွန်းကို ဖျက်ဆီးလိုက်သည်။ သို့သော် အဆိုးထဲမှ အကောင်း အဖြစ် ဒေသအတွင်း ငြိမ်းချမ်းရေး ရလာခဲ့သည်။ ဆူနာမီလှိုင်း၏ ကြီးမားသော ဖျက်ဆီးမှုကြောင့် လူများ ထိတ်လန့်ခဲ့ကြရ သည်။ ဤလှိုင်းကပင် နိုင်ငံရေး မြေအနေအထားကိုလည်း ရွှေ့စေခဲ့ပြီး၊ အင်ဒိုနီးရှား အစိုးရနှင့် အာချေသူပုန်များအကြား ငြိမ်းချမ်းရေး သဘောတူညီချက်နှင့် ကယ်ဆယ်ရေး/ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပူးတွဲ လုပ်ကိုင်ရေး ဖြစ်လာစေခဲ့ ရသည်။ လူထုများကလည်း ဤအခြေအနေတွင် ငြိမ်းချမ်းရေးကို တောင်းဆိုလာကြသည်။ သို့ဖြင့် နှစ် ၃၀ ကျော် လက်နက်ကိုင် ပဋိပက္ခကို တခန်း ရပ်နိုင်ခဲ့သည်။ အစိုးရဖက်ကရော၊ သူပုန်ဖက်ကပါ ရှေ့တိုးခြေလှမ်းများ အပြုသဘော ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံတကာ အာရုံစိုက်မှုနှင့် ကြားဝင် ဆောင်ရွက်ပေးမှုများကြောင့်လည်း ဆွေးနွေးပွဲများ အဆင်ပြေစေရေးကို ပို၍ တွန်းပို့ပေးခဲ့သည်။ အင်ဒိုနီးရှား အစိုးရကလည်း အာချေးကျွန်း သာမက၊ အင်ဒိုနီးရှား တနိုင်ငံလုံးတွင်ပါ ဒီမို ကရေစီ ပြုပြင်ပြောင်းလဲမှုများ တိုး၍ လုပ်ဆောင်ပါမည်ဟု ကတိထားလာခဲ့ရသည်။

သို့သော်လည်း ၂၀၀၄ ဆူနာမီက သီရိလင်္ကာနိုင်ငံ ကံကြမ္မာကိုမူ တမျိုးဖန်ခဲ့သည်။ သီရိလင်္ကာသည်လည်း ဆူနာမီသင့်၍ ဖျက်ဆီးခံခဲ့ရသည်။ လူအများစု၏ သဘောထား စစ်တမ်း ကောက်ချက်များက ငြိမ်းချမ်းရေးကို လိုလားနေကြသည်ဟု ထိုအချိန်က ပြဆိုခဲ့ကြသော်လည်း သူပုန်များကရော၊ အစိုးရ ခေါင်းဆောင်များက နားမထောင်ခဲ့ကြ။ အကူအညီများ ထိန်းချုပ်နိုင်ရေး အတွက်သာ မဲနေခဲ့ကြသည်။ သီရီလင်္ကာတွင်တော့ အကူအညီများက ပို၍ သဘောထား တင်းမာစရာ ဖြစ်စေခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှု မဖြစ်စေခဲ့။ ဆူနာမီ မတိုင်မီ တွေ့ဆုံ ဆွေးနွေးမှုများ ရှိနေ၍ ပြည်တွင်းစစ်ကြောင့် လူအသေအပျောက်နှုန်း ကျဆင်းခဲ့သော်လည်း၊ ဆူနာမီ ပြီးခါမှ တိုက်ပွဲများက ပိုပြင်းထန်လာခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် စစ်ပွဲကြောင့် လူအသေအပျောက်မှာ မဆိုစလောက်သာ ရှိခဲ့သည်။ သို့သော်လည်း ဆူနာမီပြီးခါမှ ၂၀၀၄ ခုနှစ်တွင် လူသေနှုန်း ၃၀၀ မှ ၂၀၀၆ ခုနှစ်တွင် လူအသေအပျောက် ၄,၀၀၀ အထိ တိုးတက်လာခဲ့သည်။

အချင်းချင်း အပြန်အလှန် မယုံကြည်မှုများကလည်း ဒုက္ခပေးပါသည်။ ၂၀၀၅ အောက်တိုဘာလတွင် ပါကစ္စတန်နိုင်ငံ၊ ကက်ရှ်မီးယားဒေသ၌ ငလျှင်ကြီး လှုပ်ခဲ့သည်။ မူလက နိုင်ငံရေးအရ တင်းမာခဲ့ကြသည့် အိန္ဒိယ-ပါကစ္စတန်ကြား ဆက်ဆံရေးက တိုးတက်ပြောင်းလဲဖို့ ဖန်လာခဲ့သည်။ အိန္ဒိယနိုင်ငံက အစားအသောက်၊ ဆေးဝါး၊ ယာယီတဲများ ကူညီခဲ့သည်။ ပျောက်ဆုံးနေသော လူများကို ရှာဖွေရန် အိန္ဒိယက ရဟတ်ယာဉ်များ ကူ၍ ပူးတွဲ ဆောင်ရွက်ကြရန် အဆိုပြုသော်လည်း၊ အခြေအနေက ဤအထိ မဖြစ်ခဲ့ပါ။ ပါကစ္စတန်က အိန္ဒိယ လေယာဉ်များ သူ့နိုင်ငံထဲ မပျံဝဲစေလိုသလို၊ အိန္ဒိယကလည်း သူ့ရဟတ်ယာဉ်များချည်း လွှတ်၍ ပါကစ္စတန် လေယာဉ်မှူးများဖြင့် မောင်းနှင်စေရမည့် အရေးအထိ သဘောထား မပျော့ပြောင်းနိုင်ခဲ့ပါ။ မည်သို့ဖြစ်စေ နှစ်နိုင်ငံ ဆက်ဆံရေးက တိုးတက်လာပြီး နှစ်နိုင်ငံကြား ကူးသန်းရောင်းဝယ်ရေး ပမာဏ ၆-ဆအထိ တိုးတက်လာခဲ့သည်။

ဆိုင်ကလုန်း နာဂစ်ကရော မြန်မာနိုင်ငံကို မည်သို့ ပြောင်းလဲစေနိုင်မည်နည်း။

ပညာရှင်များက သဘာဝကပ်ဘေးများ နောက်ပိုင်းတွင် မျှော်လင့်ချက် သက်တန့်ရောင်ခြည်ကို မြင်နိုင်သည်ဟု ဆိုခဲ့ကြပါသည်။ ဤအခြေအနေကို စစ်အစိုးရက ကောင်းမွန်စွာ အသုံးချနိုင်လျှင် သူတို့အတွက်ရော၊ ပြည်သူအတွက်ပါ၊ နိုင်ငံတခုလုံး အတွက်ပါ အကျိုးရှိမည် ဖြစ်သည်။ ယခင်က အနောက် ဒီမိုကရေစီ နိုင်ငံများက မြန်မာ စစ်အစိုးရကို အဖက်မလုပ် ဖိအားပေး ပိတ်ဆို့ဒဏ်ခတ် ထားကြသည်။ ယခုတော့ ဤနိုင်ငံများက လူမှုရေး ကပ်ဘေးကြောင့် ကူညီဖို့အရေး၊ ပူးပေါင်း ဆောင်ရွက်ဖို့ အရေး ကမ်းလှမ်းနေကြသည်။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ ဆက်ဆံရေး မျက်နှာစာသစ် ဖွင့်နိုင်လိမ့်မည် ဖြစ်သည်။ ထို့အပြင် တည်ရှိနေသည့် ပဋိပက္ခများ ပြေလည်စေရေးအတွက် အတိုက်အခံ အင်အားစုများနှင့်လည်း ပူးတွဲ ဆောင်ရွက်နိုင်လျှင် ရေရှည် သင့်မြတ်ပြေလည်ရေးအထိ ဖြစ်နိုင်ပါသည်။ အရပ်ဖက် လူမှုအဖွဲ့အစည်းများကို အားကောင်း မောင်းသန် ဖြစ်လာစေရန်လည်း လှုံ့ဆော် ဆောင်ရွက်နိုင်ပါသေးသည်။ အင်ဒိုနီးရှား နိုင်ငံကဲ့သို့ ပို၍ ကျယ်ပြန့်သော ဒီမိုကရေစီ အပြောင်းအလဲများအထိပါ တက်လှမ်းနိုင်ပါသေးသည်။ အဆိုးထဲမှ အကောင်း ဖြစ်လာနိုင်ပါသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ အခြေအနေက ဆန့်ကျင်ဖက် အနေအထားသို့ သွားနေသည့် သဘော ဖြစ်နေသည်။ နိုင်ငံတကာမှ ပညာရှင်များ၏ တွေ့ရှိချက်အရ သဘာဝ ကပ်ဘေး ဆိုက်ရောက်ချိန်များတွင် မူလက တိမ်မြုပ်နေသည့် လက်အောက်ခံ ပဋိပက္ခများက ထကြွ နေရာယူလာကြသည့် အခြေအနေမျိုးလည်း ဖြစ်နိုင်ပါသည်။ ရှားပါးလာသည့် အရင်းအမြစ်များကို လုကြမည်။ ရရှိလာသည့် အကူအညီကို ထိန်းချုပ်ရေး ကြိုးပမ်းကြမည်။ စသဖြင့် လူ့အဖွဲ့အစည်းက လက်မခံ နိုင်လောက်အောင် ကသောင်းကနင်း ဖြစ်လာနိုင်သည်။ တည်ဆဲစနစ် ပျက်သွားနိုင်သည်။ ပဋိပက္ခများက ပိုခေါင်းထောင် ထကြွလာမည်... စသဖြင့် အရေးပေါ်အခြေအနေက တာရှည်မျော၍ ပျက်ကိန်းဆိုက်နိုင်သည့် အခြေအနေလည်း ရှိနေပါသေးသည်။ အထူးသဖြင့် စစ်အစိုးရက နိုင်ငံရေး ရည်ရွယ်ချက်ကိုသာ ရှေ့ဆက်တွန်းနေသည်။ ကပ်ဘေးဒုက္ခ၏ အတိမ်အနက်ကို လျှော့ပေါ့ တွက်ထားသည်။ နိုင်ငံတကာနှင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများက ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းထားပါရန် ၀ိုင်းဝန်း တိုက်တွန်းကြသည့်တိုင် ခေါင်းမာမာနှင့် ဆက်လုပ်ခဲ့သည်။ မဲလိမ်ညာမှုများ ရှိသည်။ ဆန္ဒခံယူပွဲတွင် အကျပ်ကိုင်မှုများ ရှိနေသည်ဟူသော သတင်းများကလည်း တက်လာနေသည်။ ဤအခြေအနေက မကောင်းလှပါ။ အစိုးရအပေါ် ပို၍ ယုံကြည်မှု ကျဆင်းစေနိုင်ပြီး၊ ကပ်ဘေးဒုက္ခ ပြေလည်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုများအပေါ် ဆိုးကျိုး ရှိလာစေနိုင်သည်။ အတိုက်အခံများကလည်း ဤသို့ မဲခိုး ညစ်ပတ်နေသည်ကို ရေငုံနှုတ်ပိတ် နေ၍ ရမည် မဟုတ်သောကြောင့် ပဋိပက္ခ၊ တင်းမာမှုများက ပို၍ တိုးလာနိုင်သည်။ ပိုဆိုးသည်က စစ်တပ်က အကူအညီ ပေးမှုများကို နာမည်ကောင်း မင်္ဂလာ ၀င်ယူနေကြရာ အပျက်သဘောအထိ ဆောင်လာစေခဲ့သည်။

ဤအခြေအနေတွင် ပေးလာသည့် အခွင့်ကောင်းကို အမိအရယူ၍ မြန်မာနိုင်ငံကို လမ်းကြောင်းမှန်ပေါ် ပြန်လှမ်းရန်မှာ တပ်မတော် အတွင်းရှိ သဘောထားမှန်သည့် စစ်ခေါင်းဆောင်များပေါ်တွင် များစွာ တာဝန်ရှိနေသည်။ အတိုက်အခံ အင်အားစုများ ဖက်မှလည်း ဤကပ်ဘေး ကယ်ဆယ်ရေးနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ပါမည်ဟု ကမ်းလှမ်းထားကြပြီး ဖြစ်သည်။ သို့သော်လည်း အသိဉာဏ် တထွာတမိုက်သာ ရှိသည့် စစ်ခေါင်းဆောင်တစု၊ လူနည်းစုက ဖီလာဆန့်ကျင် ပြုနေကြသေးသည်။ လက်ရှိ အခြေအနေကို မိမိတို့ ဒီမိုကရေစီ အင်အားစုများ၊ မြန်မာ့ လူ့အဖွဲ့အစည်း၊ စစ်အစိုးရတို့က မည်သို့ မည်ပုံ တုံ့ပြန်ကြပါမည်နည်း။ မြန်မာနိုင်ငံ၏ အနာဂတ် အလားအလာသည် ဤတုံပြန်မှုများအပေါ် မူတည်၍ နေပါတော့သည်။

အောင်သူငြိမ်း

အကိုးအကား

1. Report from Seminar "Beyond Disasters: Creating Opportunities for Peace", Wilson Center Event, Environmental Change and Security Program, June 28, 2007.


ငါတို့ကို ဧရာဝတီ ပြန်ပေးပါ

အောင်မော်ဦး
အင်္ဂါနေ့၊ မေလ 13 2008 11:31 - မြန်မာစံတော်ချိန်

နာဂစ်ရေ

မင့် ခံတွင်းထဲ ငုံခဲထားတဲ့

ငတို့ သွေးချင်းသားရင်းတွေ ပြန်ပေးပ

ငတို့ စပါးကျီကြီး ပြန်ပေးပ

ငတို့ မြစ်ဝကျွန်းပေါ်ကြီး ပြန်ပေးပ

ငတို့ ဧရာဝတီကြီး ပြန်ပေးပ။

ကျနော့်ဇနီးသည်က ဘိုကလေး ဇာတိ။ ဘိုကလေး၌ သူ၏ မောင်နှမများနှင့် ဆွေမျိုးသားချင်းများ ရှိသည်။ ဘိုကလေး၌ သူတို့ မိသားစုပိုင် အိမ်ကလေး တလုံး၊ ခြံကလေး တ၀ိုင်း၊ လယ်ကလေး တကွက်၊ နွားကလေး တရှဉ်း၊ ကျီကလေး တလုံး စသဖြင့် ဇာတိရနံ့ဟု ပြော၍ ရနိုင်သည့် အရာများ ရှိသည်။ အိမ်၌ အတူနေကြ သူများသည်လည်း ဖျာပုံ၊ ဘိုကလေး ဇာတိသားများချည်း ဖြစ်၍ သူတို့၏ မိသားစု အားလုံးသည်လည်း နာဂစ်၏ ခံတွင်း၊ နာဂစ်၏ စက်ကွင်းနှင့် လမ်းသင့်လေရာ၌...။

မည်သူ့မျှ မေး၍မရ၊ မည်သည့်ဖုန်းမျှ ဆက်၍ မရသဖြင့် သောက ရောက်နေကြသည့် ဇနီးသည်နှင့် အိမ်ရှိ လူများ၏ အဖြစ်သည် တခုခုကို သိချင်စိတ် ပြင်းပြစွာဖြင့် အပူတပြင်း ကြိုးပမ်းနေသော်ငြား တကယ်တမ်း သိရမည့်အဖြေကိုမူ ကြားရဲကြပုံ မရ။ သို့သော် အမျိုးမျိုးသော ဖော်ပြချက်များအရ အနီးစပ်ဆုံး အဖြေတခုကိုမူ အဆိုးဆုံးအထိ မျှော်လင့် ထားကြပုံတော့ ရသည်။

သည်လို အစိုးရမျိုးနှင့် သံသရာ တခရီးတည်း သွားနေရသည့် တိုင်းပြည်သည် ကံဆိုးလှ၍ တိုင်းသူ ပြည်သူများသည်လည်း ကံဆိုးလွန်း လှပေသည်ဟု ပြောရမည် ထင်သည်။ သိန်းနှင့်ချီ သေ၍ သန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်စေမည့် နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ အစိုးရသည် လက်တ၀ါးစာမျှရှိသည့် သတင်းစာ ဖြတ်ပိုင်းလေးတခုဖြင့် တိုင်းပြည်နှင့် လူထုကို မည်ကာမတ္တ သဘော အသိပေးခဲ့သည်။ ထို့အတူ မည်သည့် အရေးယူ ဆောင်ရွက်မှုကိုမျှလည်း အလေးထား မလုပ်ဆောင်ခဲ့။

နေပြည်တော် နာဂစ်သတင်းမင်နီသားထားသည့် ဤ ဖြတ်ပိုင်းလေးကို http://www.ireport.com/docs/DOC-20548 ၌ ဖတ်လိုက်ရသည်။ အိန္ဒိယနိုင်ငံမှလည်း မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မုန်တိုင်း မကျရောက်မီ အနည်းဆုံး တပါတ်ခန့် စော၍ (၃) နာရီခြား တကြိမ် စစ်အစိုးရထံ အသိပေးခဲ့သည်ဟု ထုတ်ဖော် ပြောဆိုသည်ကိုလည်း ဖတ်ရှုလိုက်ရသည်။

အကယ်၍ "မုန်တိုင်းအန္တရာယ် အထူးသတိပေး ကြေညာချက်" ဟူ၍ သတင်းစာမျက်နှာဖုံး၌ စာလုံးမည်းကြီးများနှင့် ဖော်ပြ၍ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ နာရီမလပ် ထုတ်လွှင့်ကြေညာပြီး ရပ်ကွက်တိုင်း၌ ဥသြဆွဲ သတိပေးခဲ့မည် ဆိုလျှင်၏။ အကယ်၍ မုန်တိုင်း ဗဟိုချက်ကျရာ အရပ်ဒေသများမှ ပြည်သူများကို ရွေ့ပြောင်း နေရာ ချထားမှုများ ပြုလုပ်ပေးခဲ့မည် ဆိုလျှင်.... ။ အကယ်၍ ကျီများနှင့် ဂိုထောင်များထဲရှိ ဆန်၊ စပါးများနှင့် မျိုးစပါးများအား ရွှေ့ပြောင်း သိုလှောင်မှုများ ပြုလုပ်ပေးခဲ့မည် ဆိုလျှင်.... ။ အကယ်၍ မဲရုံများအစား ကယ်ဆယ်ရေးနှင့် နေရာ ချထားရေး စခန်းများ လုံလုံလောက်လောက် ဖွင့်လှစ် ထားရှိပေးခဲ့မည် ဆိုလျှင်.... ။ အကယ်၍ နိုင်ငံတကာ အစိုးရများ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူ ပညာရှင်များ၏ အကူအညီကို ရယူ၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်မှုများ ပြုလုပ် ထားပေးခဲ့မည် ဆိုလျှင်.... ။

သို့သော် စစ်အစိုးရသည် ပြည်သူလူထုကို လိမ်လည် လှည့်ဖျားခဲ့သည်။ တနာရီ မိုင် ၁၂၀ နှင့် ၁၆၀ အကြားဟု ပြောရမည့် အစား တနာရီ မိုင် ၄၀ နှင့် ၄၅ မိုင်ဟု ပြောခဲ့သည်။ နီးရာဓား ကြောက်ကြရသည့် ပညာရှင်များထဲ၌ မိုးလေ၀သ ပညာရှင်များလည်း ပါဝင် ကြလိမ့်မည်ကို နားလည်နိုင်ပါသည်။ သို့သော် ယခုကိစ္စသည် လူသန်းပေါင်းများစွာ အတိဒုက္ခ ရောက်ကြရမည့် "မဟာကပ်ဆိုက်မှုကြီး" ဖြစ်ပါသည်။ မိမိတို့ ကျွမ်းကျင်ရာ၊ အသက်မွေးဝမ်းကျောင်း ပြုရာပညာရပ်ဖြင့် ရှာဖွေ တွေ့ရှိထားသည့် (သို့) နိုင်ငံတကာပညာရှင်များ ပေးပို့ ဖလှယ်ထားသည့် သတင်း အချက်အလက် အမှန်များကို တရားဝင် ထုတ်ဖော် တင်ပြခွင့်မရလျှင် အခြားနည်းလမ်းတခုခုကို သုံး၍ လူအများသိအောင် မုချ ကြိုးပမ်းသင့်ပါသည်။ ယနေ့လို သတင်းနှင့် နည်းပညာ ထွန်းကားသည့် ခေတ်၌ ပို၍ပင် လွယ်ကူပါသည်။ ကိုယ်ကျိုးစွန့်ရန်လည်း မလိုသလို၊ အသက်စွန့်ရန်လည်း မလိုပါ။ မီဒီယာများ၊ ဘလော့ဂါများမှ တဆင့် လူထုဆက်သွယ်ရေး နည်းလမ်းတခုခုကို အသုံးပြု၍ (အမည်မဖော်ဘဲ) အလွယ်တကူ မျှဝေနိုင်ပါသည်။ သို့သော် ထိုပညာရှင်များသည် အဖြစ်မှန်ကို ထိန်ချန်ဖုံးကွယ်ခြင်းနှင့် သတင်းအချက်အလက် အမှားများ ကို လူအများအား ဖြန့်ဝေခြင်းဟူသည့် လုပ်ကြံမှုကြီးတခုကို ဗိုလ်ချုပ်ကြီးများ နည်းတူ ကျူးလွန်ခဲ့ကြပါသည်။

မြန်မာပြည်၏ စပါးကျီဟု ပြောစမှတ် ပြုရသည့် မြစ်ဝကျွန်းပေါ် ဒေသကြီးတခုလုံး ပျက်သုဉ်းသွားခဲ့ပြီ။ ထိုဒေသကြီးရှိ လယ် မြေဧကပေါင်း များစွာ ပျက်သုဉ်းသွားကြပြီ။ ထိုဒေသကြီး၌ ဓားမဦးချ နေထိုင်၍ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်ပေးနေသည့် လယ်သမား မိသားစုကြီးများ ပျက်သုဉ်းသွားကြပြီ။ ထိုလယ်သမားများ၏ အသက်သခင်ဟု ပြောစမှတ် ပြုကြရသည့် ကျွဲ၊ နွား သတ္တ၀ါများ ပျက်သုဉ်းသွားကြပြီ။ ထို လယ်သမားများ စုဆောင်း သိုလှောင်ထားသည့် မျိုးစပါးများ ပျက်သုဉ်းသွားကြပြီ။

ဤအရပ် ဤဒေသ၌ စပါးကျီကြီးတခု ပြန်ဖြစ်လာစေရန် အနည်းဆုံး (၅) နှစ်မက စနစ်တကျ ကြိုးပမ်းမည် ဆိုလျှင်တောင်မျှ ရနိုင်ပါမည်လော မပြောတတ်။ ကပ်မဆိုက်မီကတည်းက ငတ်နေနှင့်သည့် တိုင်းပြည်တပြည်အဖို့ ကပ်ဆိုက်ပြီးနောက် ပို၍ ငတ်ကြပြတ်ကြမည်မှာ မြေကြီးလက်ခတ်မလွဲ။ ဆန်ရေစပါး ရှားပါးမှုနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို လာမည့် သုံးလေးငါးနှစ်မက အလူးအလဲ ခံကြရပေလိမ့်မည်။ ကောသွားသည့် လယ်များ၊ ကွင်းဆက်ပြတ်သွားသည့် လယ်သမား မျိုးဆက်များ၊ မျိုးတုန်းသွားသည့် မျိုးစပါးများ၊ ပျောက်ဆုံးသွားသည့် ကျွဲနွားများနှင့် လယ်လုပ် ကိရိယာများ စသဖြင့် ဖော်ပြခြင်းငှာ မစွမ်းနိုင်သည့် ဆုံးရှုံးမှုများအား နိုင်ငံတကာ အကူအညီနှင့် နည်းပညာ အကူအညီတို့ကို သာမက အလွန် အရေးပါသည့် နိုင်ငံသူနိုင်ငံသားများ၏ အကူအညီကို မရရှိပါဘဲနှင့် မည်သို့မျှ တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပေ။

ကမ္ဘာ့နိုင်ငံ အသီးသီး၌ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများကလည်း မိမိတို့နှင့် သွေးသားတော်စပ်မှ မဟုတ် လူသားချင်း စာနာသနားစိတ်၊ ကိုယ်ချင်းစာစိတ်တို့ဖြင့် လှူကြ တန်းကြသည်။ မိမိတို့ ရောက်ရှိရာနိုင်ငံရှိ ဘာသာရေးအဖွဲ့ များမှတဆင့် လှူကြသည်။ နိုင်ငံရေးအဖွဲ့များမှတဆင့် လှူကြသည်။ လူမှုရေးအဖွဲ့များမှ တဆင့် လှူကြသည်။ ကုလသမဂ္ဂမှ တဆင့် လှူကြသည်။ အစိုးရမဟုတ်သည့်အဖွဲ့များမှတဆင့် လှူကြသည်။ ထူးခြားသည်မှာ မည်သူမျှ မြန်မာသံရုံးများသို့ သွား၍ သံအမတ်ကြီးများထံ အလှူငွေများထည့်ဝင်ကြသည်ဟူ၍ မကြားမိခြင်းပင်။

နိုင်ငံတကာမှ လေယာဉ်ကြီးငယ်များ၊ သင်္ဘောကြီးငယ်များဖြင့် အခေါက်ခေါက် အခါခါ ပို့ဆောင်ပေးနေသည့် လူသားချင်း စာနာသည့် အကူအညီများသည် လတ်တလော ဒုက္ခရောက်နေကြရရှာသည့် မသေမပျောက် ရှင်ကျန်ရစ်ခဲ့သူများအတွက် ရုပ်ပိုင်းဆိုင်ရာအရ သာမက စိတ်ဓာတ်ရေးရာအရပါ အထူးတလည်ကို အထောက်အကူ ပြုပေလိမ့်မည်။ သို့သော် စစ်အစိုးရသည် ဤအကူအညီများ (ပစ္စည်းများသက်သက်)ကိုသာ လက်ခံ၍ ကပ်ဘေးဒုက္ခ ကြီးငယ်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များအား လက်သင့်လည်း မခံသလို ၎င်းတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်မည်ကို အထူး စိုးရိမ်မိရပေသည်။

စစ်တပ်သာလျှင် တိုင်းပြည်ချစ်သည် ဟူသည့် စိတ်ကူး တထွာတမိုက်ဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို စစ်သားများချည်း လုပ်၍မရ။ ကယ်ဆယ်ရေး ဌာနများချည်း လုပ်၍ မရပါ။ စေတနာ့ဝန်ထမ်း အရပ်သူ အရပ်သားများ ၀ိုင်းဝန်းလုပ်ဆောင်ကြမှ ရနိုင်ပေမည်။ ရဟန်းသံဃာများ၊ ကျောင်းသူ ကျောင်းသားများ၊ ၀န်ထမ်းများ၊ တတ်သိ ပညာရှင်များ၊ အနုပညာရှင်များ၊ အားကစားသမားများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုန်သည်ပွဲစားများ၊ လက်လုပ်လက်စားများ စသဖြင့် နယ်စုံပယ်စုံမှ လူစုံတက်စုံ အင်တိုက်အားတိုက် လုပ်မှ ရပေမည်။ များများနှင့် မြန်မြန်လုပ်မှသာ ကူးစက်ရောဂါ အပါအ၀င် နောက်ဆက်တွဲ ပြဿနာများကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ် ဖြေရှင်း ပေးနိုင်ပေလိမ့်မည်။ ထို့ကြောင့် NLD အပါအ၀င် နိုင်ငံရေး အင်အား စုများအားလည်း လွတ်လွတ်လပ်လပ် ကူညီ ဆောင်ရွက်ခွင့် ပေးရပေမည်။ လူမှုအသင်းအဖွဲ့များ ထူထောင်ခွင့်နှင့် လူမှုရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်ကို စစ်အစိုးရအနေဖြင့် မုချ ခွင့်ပြုပေးရပေမည်။

ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အရေအတွက်ကို တိတိကျကျ စာရင်းပြုစုနိုင်ခြင်း မရှိသေးသော်လည်း ခန့်မှန်းခြေ စာရင်းများအရ (၃)သန်းမှ (၅) သန်းအထိ ရှိနိုင်သည်ဟု ဆိုကြသည်။ အကယ်၍ (၅) သန်းမျှ ရှိ၍ တဦးလျှင် တဒေါ်လာစီ ထည့်ဝင် စုဆောင်းကြသည် ဆိုပါစို့။ တလလျှင် ဒေါ်လာ(၅) သန်းမျှ ရှိမည့် ရန်ပုံငွေသည် ပြန်လည်ထူထောင်ရေး လုပ်ငန်း များအတွက် အထောက်အကူ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျနော်တို့ အနေဖြင့် "ပြန်လည်ထူထောင်ရေး ရန်ပုံငွေ" ဟူသည့် ရန်ပုံငွေစနစ်တရပ်ကို ထူထောင်နိုင်ကြမည် ဆိုပါက မုချပင် အကျိုးရှိပေမည်။ သို့သော် ထိုရန်ပုံငွေကို ယခုလို ကပ်ဆိုက်မှုကြီးများ ပေါ်ပေါက်လာပါက အသုံးပြုရန်နှင့် (စစ်အစိုးရလွန်) အနာဂတ် မြန်မာပြည် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ၌သာ အသုံးပြုရန် ဟူသည့် ဦးတည်ချက်မျိုးဖြင့် ထူထောင်ထားရှိမည် ဆိုလျှင် မဖြစ်နိုင်ပါ၏လော။

အခွန်ပေးဆောင်ရသည့် နိုင်ငံများရှိ မြန်မာနိုင်ငံသားများအတွက် "အခွန်ကင်းလွတ်စေသည့်" ရန်ပုံငွေမျိုး ဖြစ်စေရန်နှင့် အခွန်ပေးဆောင်ရန် မလိုသည့် နိုင်ငံများရှိ မြန်မာနိုင်ငံသားများအတွက် "သာရေး နာရေးစရိတ် ဖြစ်စေသည့်" ရန်ပုံငွေမျိုး ဖြစ်စေရန် ထူထောင်သင့်သည်။ ထိုသို့သော ရန်ပုံငွေအဖွဲ့မျိုးကို ထူထောင်ရာ၌ မိမိတို့ဘာသာ ထူထောင်ကြခြင်းထက်၊ မိမိတို့ အသင်းအဖွဲ့တခုခု၏ လက်အောက်၌ ထားရှိကြခြင်းထက် ကုလသမဂ္ဂကဲ့သို့သော ကြားခံအဖွဲ့အစည်းကြီးတခုခု၏ ကြီးကြပ် ကွပ်ကဲမှုအောက်၌ မှတ်ပုံတင်၍ တရားဝင် ထူထောင်ခြင်းမျိုး ဖြစ်သင့်ပါသည်။ (ဥပမာ ယူနီဆက်၊ ယူနက်စကို ကဲ့သို့သော အဖွဲ့အစည်းများအောက်၌ မှတ်ပုံ တင်ထားရှိခြင်းမျိုး)

အခွန်ပေးဆောင်ရသည့် နိုင်ငံများအနေဖြင့် ဥပမာ အမေရိကန်၌ မြန်မာအလုပ်သမား တယောက်သည် တလလျှင် ပျမ်းမျှ ဒေါ်လာ (၃၀၀) မှ (၅၀၀) အတွင်း အခွန်ပေးဆောင်ရပါသည်။ ထိုအခွန်ငွေများ မြန်မာပြည် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားစေရေးအတွက် "အခွန် ကင်းလွတ်စေသည့်" ရန်ပုံငွေမျိုး ဖြစ်စေရန် မြန်မာနှင့် နိုင်ငံတကာ ပညာရှင်များ စုစည်း၍ ညှိနှိုင်း လုပ်ဆောင်မည်ဆိုက ဖြစ်နိုင်ပါသည်။ အလားတူ အခွန်ပေးဆောင်ရန် မလိုသည့် နိုင်ငံများ၊ ဥပမာ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားတယောက် အနေဖြင့် မိမိတို့ တိုင်းပြည် ပြန်လည် ထူထောင်ရေးအတွက် တနေ့လျှင် ထိုင်းဘတ်ငွေ (၁) ဘတ်နှုန်း ထည့်ဝင် လှူဒါန်းနိုင်ပါသည်။ သို့သော် ကျန်းမာရေး အာမခံနှင့် လုပ်သား အာမခံစနစ် မရှိသည့် ထူးခြားချက်အရ ၎င်းလုပ်သားတဦး ထည့်ဝင်လှူဒါန်းငွေထဲမှ ရာခိုင်နှုန်းအချို့ကို သာရေးနာရေး စရိတ်အဖြစ် ပြန်လည် အသုံးပြုပေးရန် လိုပါသည်။ ဤနည်းဖြင့် အခွန်မပေးဆောင်ရသည့် နိုင်ငံများရှိ မြန်မာအလုပ်သမားများအတွက် "သာရေး နာရေးစရိတ် ဖြစ်စေသည့်" ရန်ပုံငွေ စနစ်တရပ်ကို ထူထောင်ထားရှိ နိုင်ပါသည်။

သေချာသည်မှာ မြန်မာပြည်၏ အကြီးဆုံး စပါးကျီကြီးတခုဟု ပြောစမှတ် ပြုရသည့် မြစ်ဝကျွန်းပေါ်ဒေသကြီးသည် ကပ်ဘေးကြီး ဆိုက်၍ စုံးစုံးမြုပ်နေရာမှ ရုန်းထ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သကဲ့သို့၊ စစ်အာဏာရှင် စနစ်အောက်၌ ချွတ်ခြုံကျ မွဲတေနေရသည့် ကျနော်တို့ တိုင်းပြည်ကြီးသည်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် မလွဲမသွေ လိုအပ်လိမ့်ဦးမည် ဟူသည့် အချက်ပင် ဖြစ်ပါသည်။

ပင်ကိုယ်အားဖြင့် ရိုးသားအေးဆေးစွာ နေထိုင်လို၍ အလှူအတန်းဟေ့ ဆိုလျှင် ရှေ့ဆုံးမှ ပါလေ့ရှိတတ်သည့် ကျနော်တို့ နိုင်ငံသူ နိုင်ငံသားများ၏ ထူးခြားမှုမှာ ငွေကြေးရှိသူက ငွေကြေးလှူ၍ ပစ္စည်းရှိသူက ပစ္စည်းလှူပြီး ဘာမျှ မရှိသူက ကိုယ်ထဲရှိ သွေးကိုပင် ဖောက်၍ လှူတတ်ကြခြင်း ဖြစ်သည်။ သူတို့တွင် ရှိသည့် ကိုယ်ချင်းစာနာစိတ်နှင့် နိုင်ငံချစ်စိတ်ကို စစ်အစိုးရက အဓမ္မ ပိတ်ပင်ထားခဲ့သဖြင့် သူတို့ခမြာ ဖော်ပြခွင့် မရရှာကြ။ ထို့ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ လူသားချင်း စာနာစိတ်နှင့် တိုင်းပြည်ချစ်စိတ်ကို ပြည့်ပြည့်၀၀ ဖော်ပြနိုင်စေရေးအတွက် ပြည်ပရောက် ပညာရှင်များ အနေဖြင့် နိုင်ငံတကာ ပညာရှင်များနှင့် ပူးပေါင်း၍ အလေးထား ဆောင်ရွက်သင့်ပေသည်။

သေချာသည်မှာ ကျနော်တို့၏ ချွေးနှဲစာ တကျပ်တပြားသည် ကပ်ဘေးကြီး ကယ်ဆယ်ရေးအတွက် အုတ်တချပ် သဲတပွင့်၊ ကျနော်တို့ တိုင်းပြည်ကြီး ပြန်လည် ထူထောင်ရေးအတွက် အုတ်တချပ် သဲတပွင့် ဖြစ်လေမည်လား မပြောတတ်။ သို့သော် နိုင်ငံသူ နိုင်ငံသားတယောက်အနေဖြင့် မိမိနိုင်ငံအတွက် မိမိတတ်နိုင်သည့် ဘက်မှ တခုခု လုပ်လိုက်ရသဖြင့် (သို့) လုပ်ခွင့်ရလိုက်ကြသဖြင့် ကျေနပ်မှု ရရှိသည်ကား အမှန်၊ ပီတိဖြစ်ရသည်ကား အမှန်ပင်။ မျက်ရည်ကြားမှ ပြုံးဖြစ်လိုက်သည့် အပြုံး။

အို ...

နာဂစ်ငဲ့

ဧရာဝတီဟာ

ငတို့ရဲ့ ၀ိညာဉ်

ငတို့ရဲ့ မိခင်

ငတို့ဖို့ ဧရာဝတီ ပြန်ပေးပ။

အောင်မော်ဦး


လူသားချင်း စာနာမှု အကူအညီ ဆိုတာဟာ ...

ကျော်လင်းဦး
အင်္ဂါနေ့၊ မေလ 13 2008 11:29 - မြန်မာစံတော်ချိန်

နာဂစ်မုန်တိုင်းဒဏ်ခံ မြန်မာနိုင်ငံကို နိုင်ငံတကာ မိသားစုမှ လူသားချင်း စာနာမှု အကူအညီအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေ ပံ့ပိုးပေးဖို့ ပြင်ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာစစ်အစိုးရက ကယ်ဆယ်ရေး ပစ္စည်းတော့ လက်ခံမယ်၊ ဒါပေမယ့် ကယ်ဆယ်ရေး လုပ်သားတွေတော့ အ၀င်မခံနိုင်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ မိသားစုနဲ့ ကမ္ဘာ့ ကုလသမဂ္ဂကတောင်မှ မြန်မာစစ်အစိုးရအပေါ် အံ့သြတကြီး ဖြစ်ကြရပါတယ်။ ပြည်သူ တသန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး လူပေါင်း သိန်းနဲ့ချီ သေဆုံးတယ်လို့ ကုလသမဂ္ဂ ၀န်ထမ်းတွေက ပြောပါတယ်။ ဒါပေမယ့် စစ်အစိုးရတော့ ခေါင်းမာမာနဲ့ ကယ်ဆယ်ရေး လုပ်သားတွေဝင်ဖို့ ငြင်းဆန်နေပြီး လာတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကိုလဲ သူတို့ လက်ထဲ အပ်ရမယ်လို့ တောင်းဆိုနေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ကမ္ဘာ့ စာနပ်ရိက္ခာ အဖွဲ့က လေယဉ်နှစ်စီးပေါ်မှာ ပါလာတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို သိမ်းယူလိုက်ပြီး နောက်ထပ် တစ်စင်းကိုတော့ ပစ္စည်းတွေ ချခွင့်မပေးပဲ ပြန်လွှတ်လိုက်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ စာနပ်ရိက္ခာ အဖွဲ့ကြီးက အကူအညီတွေကို ယာယီ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့ နောက်မှာ နအဖ အာဏာပိုင်တွေနဲ့ ဆက်လက် ဆွေးနွေးနေပြီး ကယ်ဆယ်ရေး ပစ္စည်းတွေကို ပြန်လည် တင်ပို့ပေးဦးမယ်လို့ ယာယီ ဆုံးဖြတ်ထားပါတယ်။

ဒီအဖြစ်အပျက်တွေကြောင့် နအဖ စစ်အစိုးရရဲ့ ရုပ်လုံးဟာ ကမ္ဘာပေါ်မှာ သုံးမရအောင် စုတ်ပြတ် သွားခဲ့ပါပြီ။ နိုင်ငံတကာ အစိုးရတွေတင်မက ပြည်သူတွေကပါ နအဖ စစ်အစိုးရအပေါ် ပြစ်တင် ဝေဖန်မှုတွေ ပြုလုပ်နေကြပြီး စစ်အစိုးရ လက်အောက်က ပြည်သူတွေကို စာနာမှုအပြည့်နဲ့ ကူညီနေကြပါတယ်။ နအဖ စစ်အစိုးရ ကတော့ ပြောင်ပြောင်တင်းတင်းပဲ နိုင်ငံတကာက ၀င်လာတဲ့ အကူအညီတွေပေါ်မှ စစ်ဗိုလ်ချုပ်တွေရဲ့ နာမည်တပ်ပြီး စစ်သားတွေက လိုက်ဝေနေတဲ့ ပုံရိပ်တွေကို အစိုးရပိုင် ရုပ်မြင်သံကြားလိုင်းတွေမှာ ထုတ်လွှင့်နေပါတယ်။ ဒါကြောင့် အကူအညီ ပေးရေးအဖွဲ့တွေက တကယ် မုန်တိုင်းဒဏ်ခံ ဒုက္ခသည်တွေဆီ လုံလုံလောက်လောက် ရောက်ပါ့မလား ဆိုတာရယ်၊ ပစ္စည်းဖြန့်ဝေတဲ့ စစ်သားတွေက ထိထိရောက်ရောက် ဖြန့်ဝေနိုင်ပါ့မလား ဆိုတာရယ်ကို စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ သူတို့မှာ လူအင်အား လုံလုံလောက်လောက်နဲ့ စစ်တပ်ပိုင် ယာဉ်တွေ သုံးပြီး ဖြန့်ဝေနေတယ်လို့ တုံ့ပြန်ပါတယ်။ စစ်အစိုးရဘက်ကတော့ လေမုန်တိုင်းဒဏ် ခံရတဲ့ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေကို အစားအစာနဲ့ စောင်၊ ခြင်ထောင်တွေ ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင် လိုက်ဝေနေတာဟာ လူသားချင်း စာနာမှု အကူအညီတွေ ပေးနေတာလို့ တွက်ဆထားပုံ ရပါတယ်။

လူတွေ သိန်းနဲ့ချီပြီး သေဆုံးခဲ့ရတဲ့ သဘာဝ ဘေးအန္တရာယ် ကပ်ဆိုးကြီး ဖြစ်ပွာပြီးတိုင်းမှာ ကယ်ဆယ်ရေး လုပ်သားတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေရဲ့ အလုပ်ဟာ အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေ လိုက်ဝေရုံ သက်သက် မဟုတ်ပါဘူး။ အရင်ဦးဆုံး ကပ်ဘေးကြောင့် သေကြေ ပျက်စီးသူတွေရဲ့ အလောင်းတွေကို လိုက်ကောက်ဖို့ လွန်စွာ အရေးကြီပါတယ်။ ဒီအလောင်းတွေဟာ ရက်သတ္တပတ် ကြာသွားတာနဲ့အမျှ ရောဂါပိုးတွေ ပေါက်ဖွားလာပြီး ကျန်တဲ့ မသေတဲ့ လူတွေကို ကူးဆက်ကာ နောက်ဆက်တွဲ သေဆုံးမှုတွေအထိပေါ် ပေါက်နိုင်ပါတယ်။ အဲဒီနောက်မှာ ကျန်တဲ့ အိုးမဲအိမ်မဲ့ ဖြစ်နေတဲ့ ကျန်သူတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အစားအစာနဲ့ ဆေးဝါး လုံလောက်မှုတွေနဲ့ သန့်ရှင်းတဲ့ သောက်ရေသုံးရေ ရရှိဖို့တွေဟာ ချက်ချင်း လက်ငင်း အကောင်းအထည် ဖေါ်ရမည့် ကိစ္စတွေ ဖြစ်ပါတယ်။ ဒီနောက်မှာမှ သူတို့ရဲ့ အိုးအိမ် ပြန်လည်ထူထောင်ရေးနဲ့ ဘ၀သစ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို နှစ်နဲ့ချီပြီး လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။ အဲဒီကြား ကာလမှာတော့ မုန်တိုင်းတွင်းက သူတို့ရဲ့ အိုးအိမ် ပျက်စီးဆုံးရှုံးလို့ပဲ ဖြစ်ဖြစ်၊ သူတို့ မိသားစုဝင်တွေ သေဆုံးသွားလို့ပဲ ဖြစ်ဖြစ် ပေါ်ပေါက်လာတဲ့ စိတ်ဖိစီးမှုဒဏ်တွေကို ကုစားဖို့ စိတ်ပညာရှင်တွေနဲ့ နားလည် တတ်ကျွမ်းတဲ့ လူမှုရေး လုပ်သားတွေက အဲဒီ ဒေသတွေကို ကိုယ်တိုင် သွားရောက်ပြီး ဒုက္ခသည်တွေကို ရင်းရင်းနှီးနှီး ပြောဆို ဆွေးနွေးမှုတွေကို လုပ်ရပါဦးမယ်။ ဒါဟာ `ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပါတယ်´ ဆိုတဲ့ အဆင့်လောက်နဲ့ မရပါဘူး။

ဒီလိုလုပ်ငန်းတွေကို အဆင်ပြေ ချောမွေ့စွာ လုပ်နိုင်ဖို့ နအဖမှာ အတွေ့အကြုံ မရှိသလို၊ တက်ကျွမ်းမှုလဲ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဟိုယခင်ကတည်းက လေဘေးဖြစ်ဖြစ်၊ မီးဘေးဖြစ်ဖြစ် ပေါ်ပေါက်လာတိုင်း တာဝန်ရှိသူတွေက ဆန်တွေ၊ ဆီတွေ သွားဝေတာပဲ လုပ်လာခဲ့တာပါ။ ဒါကိုပဲ တကယ့် ကယ်ဆယ်ရေး လုပ်ငန်းလို့ ယူဆထားခဲ့ပုံလဲ ရပါတယ်။ အခုလို သိန်းနဲ့သန်းနဲ့ချီပြီး သေကြေ ဒုက္ခရောက်ကြရတဲ့ အခုလို အဖြစ်မျိုးမှာတော့ နအဖအနေနဲ့ ဘယ်လိုမှ မစွမ်းဆောင်နိုင်ပါဘူး။ ဒါကို ကိုယ့်ကိုယ်ကို `ထင်´ တလုံနဲ့ နိုင်ငံတကာက အတွေ့အကြုံရှိ၊ ကျွမ်းကျင်မှုရှိတဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ၀င်လာမယ့် အရေးကို တာဆီးနေရင်တော့ လူတွေ ပိုမို သေကြေကုန်မယ့်အပြင်၊ နောက်ဆက်တွဲ ကပ်ရောဂါတွေလဲ ပိုမို ပျံနှံ့လာပါလိမ့်မယ်။ ဒီ အခြေအနေ ရောက်ယင်တော့ `အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပေါက်ဆိန်နဲ့ ပေါက်ရမယ့်´ အဖြစ်မျိုး ရောက်သွားမှာ မလွဲပါဘူး။

မြန်မာနိုင်ငံက စစ်သားတွေနဲ့ ကြံ့ဖွံ့လို လူတွေအတွက် ဒီပစ္စည်းသွားဝေ၊ ဟိုပစ္စည်းသွားပေး ဆိုတဲ့အလုပ် လောက်သာ လုပ်နိုင်မှာပါ။ မြန်မာနိုင်ငံထဲမှာ မုန်းတိုင်း မဖြစ်မှီကတည်းက အခြေစိုက်နေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေတောင်မှ မုန်းတိုင်းလွန် ဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ကျွမ်းကျင်သူတွေ မရှိပါဘူး။ ဒါကြောင့် နိုင်ငံတကာက ကျွမ်းကျင်သူတွေ တိုင်းပြည်ထဲကို ၀င်ကို ၀င်မှဖြစ်မှာပါ။ မုန်တိုင်း ဒဏ်ခံ ပြည်သူလူထုရဲ့ အကျိုှးစီပွားအတွက် စစ်အစိုးရက တားဆီးပိတ်ဆို့မှုတွေ မလုပ်ပဲ လူသားချင်း စာနာတတ်တဲ့ စိတ်ဓါတ်နဲ့ နိုင်ငံတကာက ပေးလာမယ့် အကူအညီတွေကို လှိုက်လှိုက်လှဲလှဲ လက်ခံဖို့ လိုအပ်နေပါပြီ။

ကျော်လင်းဦး

(ကျော်လင်းဦး သည် Burma Democratic Concern ၏ ဒါရိုက်တာ တဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်က ဆူနာမီ ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကယ်ဆယ်ရေး လုပ်ငန်းများ အတွေ့အကြုံ ရှိခဲ့သူ တဦးလည်း ဖြစ်သည်။)


ကြိမ်မီးအုံး ပြည်သူများနှင့် အသိဉာဏ် သေးနုတ်လွန်းသည့် စစ်ခေါင်းဆောင်များကြောင့် ထပ်မံ နစ်နာကြရဦးမည့် အခြေအနေ