News Article Photo Poem Video Cartoon Music Radio

Monday, May 5, 2008

မုန်တိုင်းစဲလေသောအခါ (ဆောင်းပါး)

နေသွင်
Sunday, 04 May 2008 16:04 - မြန်မာစံတော်ချိန်

စနေနေ့ညက မုန်တိုင်းသည် မျက်မှောက်သမိုင်းတွင် စံချိန် တင်လောက်အောင် ပြင်းထန်သည်။ ရန်ကုန်မြို့တွင် အပျက်အစီးများ မြင်မကောင်းအောင် ရှိသည်ဟု မြို့ခံများက ဆိုသည်။ အခြား ဒေသများတွင်လည်း အသေအပျောက် အပျက်အစီး များသည်ဟု အတည်မပြုနိုင်သော သတင်းများက ဆိုသည်။ အစိုးရက ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် အရေးပေါ် အခြေအနေ ကြေညာထားသည်။ အပျက်အစီး၊ အသေအပျောက် တရားဝင် ကိန်းဂဏန်းများ ထွက်မလာသေးပါ။ ရန်ကုန်မြို့တွင် အနည်းဆုံး (၄) ဦး သေဆုံးသည်ဟု အစိုးရ မီဒီယာများက ဆိုသည်။ ဆက်သွယ်ရေး လမ်းကြောင်း အားလုံးနီးပါး ပျက်တောက်နေသဖြင့် သတင်းစီးဆင်းမှု ရပ်တန့်နေသည်။ မြန်မာပြည်လို နိုင်ငံတွင် အသေအပျောက်၊ အဆုံးအရှုံး စာရင်းကို အစိုးရပိုင်းက မှန်မှန်ကန်ကန် ထုတ်ပြန်လေ့ မရှိပါ။ အရေးပေါ် အခြေအနေတွင် နေ့ချင်း၊ ညချင်း စာရင်း မကောက်နိုင်ခြင်းလည်း ဖြစ်နိုင်ပါသည်။

မုန်တိုင်းစဲသွားပါပြီ။ အရေးအကြီးဆုံးမှာ အပျက်အစီးများထဲမှာ ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်မီ ပြုလုပ်ရေး ဖြစ်သည်။ သဘာဝအန္တရာယ် ကျရောက်လျှင် ဖြစ်လေ့ဖြစ်ထအတိုင်း အသေအပျောက် ရှိမည်။ အပျက်အစီး ရှိမည်။ ရှက်စရာ၊ သိက္ခာကျစရာ ကိစ္စမဟုတ်ပါ။ နိုင်ငံရေး ပရောဂဖြင့် သတင်းအမှောင်ချခြင်း၊ မလိုလားအပ်သော လျှို့ဝှက်မှု၊ ထိန်းချုပ်မှုများသည် အကူအညီ လိုအပ်နေသူများ (Victims) များအတွက် စိုးရိမ်စရာ ဖြစ်သည်။

အမျိုးသားရေး အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် အင်အားစု အားလုံး တညီတညွတ်တည်း ပူးပေါင်းရမည့် အချိန် ဖြစ်သည်။ ၂ဝဝ၄ ဆူနာမီအတွင်းက သီရီလင်္ကာတွင် အစိုးရနှင့် သူပုန်များ ပူးပေါင်း လုပ်ဆောင်ခဲ့သည့် သာဓက ရှိသည်။ တရက်၊ တလနှင့် ပြီးသွားမည့် ကိစ္စ၊ တစုတဖွဲ့က လုပ်ဆောင်၍ရသည့် ကိစ္စ မဟုတ်တော့ပါ။

ပထမဆုံး ဒဏ်ရာရသူများ၊ အိုးမဲအိမ်မဲများကို အချိန်မီ ကယ်တင်ရေး ဖြစ်သည်။ နေရာထိုင်ခင်းနှင့် ဆေးဝါးကိစ္စ အရေးတကြီး လိုအပ်သည်။ နေရာထိုင်ခင်း၊ ဆေးဝါးနှင့် ရိက္ခာကိစ္စ အရေးတကြီး လိုအပ်လာသည်။ မုန်တိုင်း၏ နောက်ဆက်တွဲ ရေကြီးမှုမှ ကူးစက်ရောဂါ ကာကွယ်ရေးကိစ္စ၊ ရေကောင်းရေသန့် ရရှိရေး ကိစ္စ စသည့် လက်ငင်း လုပ်ဆောင်စရာများ ရှိလာသည်။ မိုးဦးကျဖြစ်သဖြင့် အချိန်မီ မလုပ်ဆောင်နိုင်လျှင် အခြေအနေ ပိုဆိုးသွားဖွယ် ရှိသည်။

အစိုးရ၏ တင်းကြပ်သော ထိန်းချုပ်မှုများ (Regulation) များကို လျှော့ချပေးရမည်။ ကုလသမဂ္ဂ အဖွဲ့များ၊ နိုင်ငံတကာ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလတို့၏ ပူးပေါင်းမှုသည် အရေးကြီးလာသည်။ ဒေသတွင်းမှ မီဒီယာများကို ပွင့်လင်းခွင့်ပေးခြင်းဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် လိုအပ်သော သတင်း အချက်အလက်များ၊ အကူအညီများ ရရှိနိုင်သည်။ ကယ်ဆယ်ရေး လုပ်ငန်းများအတွင် ချစားမှုများကို ထိန်းချုပ်နိုင်ပြီး အမှန်တကယ် ဒုက္ခရောက်သူများထံ အကူအညီများ အချိန်မီ ဖြောင့်ဖြောင့်မတ်မတ် ရောက်ရှိနိုင်သည်။

၂ဝဝ၄ ဆူနာမီ ဖြစ်စဉ်က အသေအပျောက် မရှိပါဟု အစောပိုင်းက ပြောထားပြီးမှ နိုင်ငံတကာ အကူအညီများကို လက်ခံခါနီးမှ ရှိပါတယ်ဟု ဝန်ခံခြင်းမျိုးသည် အစိုးရတရပ်အတွက် အရှက်ရဖွယ် ဖြစ်သည်။ ဗုဒ္ဓဘာသာ ထွန်းကားသဖြင့် သဘာဝ အန္တရာယ် မကျရောက်နိုင်ပါ။ တောင်များ ကာရံထားသဖြင့် ကြက်တုပ်ကွေး မကူးစပ်နိုင်ပါ ဟူသော ဝါဒဖြန့်မှုမျိုးသည် လူရယ်စရာ ဖြစ်သည်။ အစိုးရ သတင်းစာများတွင် မီးလောင်မှုကို သတိပေးသလို “မီးလောင်လျှင် ကြိတ်မသတ်ပါနှင့်” ဟူသော စကားအတိုင်းပင်။ ယခုကိစ္စတွင် သတင်းအမှောင်ချ တခါးပိတ်ထားလျှင် ဒုက္ခသည်များကို ချောင်ပိတ်သတ်ခြင်းသာ ဖြစ်သည်။

ပြန်လည် ထူထောင်ရေး လုပ်ငန်းများသည် အပျက်အစီး အနည်းအများပေါ် မူတည်သည်။ အနည်းဆုံး ကျောင်းဖွင့်ရာသီ ဖြစ်သဖြင့် ပျက်စီးသွားသော ကျောင်းများကို လပိုင်းအတွင်း အပြီး ပြင်ဆင်ရတော့မည်။ ကျောင်းနေအရွယ် ကလေးငယ်များ ပုံမှန် ကျောင်းသွားနိုင်ရေး၊ စိတ်ပိုင်းဆိုင်ရာ ကုစားရေး၊ ဘေးသင့်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပုံမှန်ပြန်ဖြစ်ရေး စသည်ဖြင့် လုပ်ဆောင်စရာများ ရှိလာသည်။ အနာဂတ်တွင် သဘာဝ ဘေးအန္တရာယ် လျှော့ချရေး အစီအမံများ၊ သဘာဝနည်း၊ သိပံ္ပနည်းကျ တို့ဖြင့် ကာကွယ်ရေးများအထိ ကျယ်ပြန့်သွားနိုင်သည်။ ဥပမာ ဒေသတွင်း၌ သဘာဝအန္တရာယ် ကြိုသတိပေးစနစ် ထားရှိခြင်း၊ ဒီရေ ထိန်းချုပ်နိုင်သော လမုတောများ ထိန်းသိမ်းရေး၊ သဘာဝ အန္တရာယ် ကျရောက်လာလျှင် လုပ်ဆောင်ရမည်များကို ကြိုတင် ပညာပေးခြင်းများအထိ ကျယ်ပြန့်နိုင်သည်၊

နိုင်ငံရေးနှင့် ဆက်စပ်သော ကိစ္စတချို့ ရှိနိုင်ပါသည်။ ဥပမာ လာမည့် စနေနေ့တွင် ကျင်းပရန် စီစဉ်ထားသော ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကို ရက်ရွှေ့ခြင်းမျိုး ဖြစ်ကောင်းဖြစ်လာနိုင်ပါသည်။ အရေးကြီးသော အချက်မှာ ကယ်ဆယ်ရေး လုပ်ငန်းများကို နိုင်ငံရေးအရ အသုံးမချကြဖို့ ဖြစ်သည်။ အတိုက်အခံများဘက်မှ အကူအညီများကို ပိတ်ပင်ခြင်း၊ သိမ်းယူခြင်း စသည်တို့သည် အကူအညီ အမှန်တကယ် လိုအပ်သူများကို အကျိုးမဲ့စေသည်။ နိုင်ငံရေး အခဲမကျေမှုများကို ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ရောထွေးပစ်ခြင်းဖြင့် ဒုက္ခရောက်သူများကို အကျိုးမဲ့စေသည်။ နိုင်ငံတကာ အကူအညီများကို ပြည်တွင်းရေး ဝင်စွက်မှုများအဖြစ် သင်္ကာမကင်း မဖြစ်ရန်လည်း လိုအပ်သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၏ ဆူနာမီ အလွန် ကယ်ဆယ်ရေး အတွေ့အကြုံ များမှ ကောင်းကွက်များကို အတုယူရမည် ဖြစ်သည်။ မြန်မာ အသိုင်းအဝိုင်းတွင်လည်း ဆူနာမီက ပေးသော အတွေ့အကြုံများ၊ ကွန်ယက်များ ကိုယ်စီရှိနေသည်။ အစိုးရပိုင်းက မှန်မှန်ကန်ကန် သဘောထားကြီးကြီး ထားရန် လိုအပ်သည်။

မုတ်သုန်ရာသီတွင် ရန်ကုန် အပါအဝင် မြန်မာ့ ကမ်းရိုးတန်းဒေသများတွင် သဘာဝအန္တရာယ် ကျရောက်လေ့ ရှိသည်မှာ ရှောင်မရသော ကိစ္စဖြစ်သည်။ ၂ဝဝ၆၊ ၂ဝဝ၇ မေလ များတွင် မာလာမုန်တိုင်းနှင့် လေဆင်နှာမောင်းများ ဝင်ရောက် တိုက်ခတ်ခဲ့သဖြင့် အပျက်အစီး အသေအပျောက် အနည်းငယ် ရှိခဲ့သည်။ သို့သော် ယခုတကြိမ် အဖြစ်အပျက်သည် တခြား ဖြစ်သည်။ အန္တရာယ် ကျရောက်ရာ ရပ်ဝန်းသည် ပိုမို ကျယ်ပြန့်ပြီး ပျက်စီး ဆုံးရှုံးမှု ပိုများသည်။

အမျိုးသား အဆင့် ကယ်ဆယ်ရေး လုပ်ငန်းများသည် စံချိန်မှီရန် လိုအပ်ပါသည်။ မုန်တိုင်းကြောင့် ဒုက္ခ ရောက်ကြရသူများ၏ တမျက်နှာတည်းကို ငဲ့ကွက်ကြဖို့ ဖြစ်သည်။