News Article Photo Poem Video Cartoon Music Radio

Sunday, May 18, 2008

သိပ်နည်း သိပ်နောက်ကျဟု ကုလက သတိပေး

လာရီဂျေဂင်
စနေနေ့၊ မေလ 17 2008 23:14 - မြန်မာစံတော်ချိန်




ဆန်စပါး စိုက်ပျိုးမှု အန္တရာယ်ရှိနေ


ဘန်ကောက်။ ။ ဆိုင်ကလုံး မုန်တိုင်း ဝင်ရောက် မွှေနှောက် တိုက်ခတ်အပြီး ၂ ပတ်အကြာတွင် အကူအညီများ တဖြည်းဖြည်း ဝင်ရောက်လာနေပြီ။ ကယ်ဆယ်ရေး လုပ်သားအချို့ကိုလည်း တိုင်းပြည်တွင်းသို့ ဝင်ရောက်ခွင့် ပြုနေပြီ။ သို့သော် ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသူများအတွက် အရေးပါသော လိုအပ်ချက်များကို ယနေ့တိုင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးဟု ကုလသမဂ္ဂက သတိပေးလိုက်သည်။

ဆိုင်ကလုံး မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံလိုက်ရသည့် ရန်ကုန်မြို့ အနောက်ဘက် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် ရေမှဖြစ်သော ရောဂါများ စတင် ဖြစ်ပွါးစပြုနေသည့် အရိပ်အယောင်များ မြင်လာနေရသည်။ ကလေးသူငယ်ပေါင်း ၁ သန်းခန့် မိဘများနှင့် ကွဲကွာနေဘွယ် ရှိသည်။ သူတို့သည် စိတ်တုန်လှုပ် ခြောက်ခြားနေသည့် ဝေဒနာကို ခံစားနေကြရပြီး ပြန်ပေးဆွဲခံရမည့် အန္တရာယ်၊ လူကုန်ကူးခံရမည့် အန္တရာယ်လဲ ရှိနေသည်ဟု ကမ္ဘာ့ကလေးများ ရံပုံငွေအဖွဲ့ (UNICEF) က ဆိုလိုက်ပါသည်။

ရေရှည်တွင် တိုင်းပြည်ကို နာလန်ပြန်ထလာအောင် လုပ်နိုင်သည့် စွမ်းရည်မှာလည်း သံသယ ဖြစ်စရာပင်။ စပါးစိုက်ပျိုးသော ဒေသ အများအပြား ရေမြုပ်လျက် ရှိဆဲပင်ဖြစ်ပြီး၊ စပါးစိုက်ရာသီလည်း စတော့မည် ဖြစ်သည်။ ဆိုင်ကလုံးမုန်တိုင်း၏ ဖျက်ဆီးမှုကြောင့် မြန်မာပြည်၏ စပါးစိုက်ပျိုးမှု လုပ်ငန်းသည်လည်း အကြီးအကျယ် လျော့နည်း ထိခိုက်သွားနိုင်သည်။

မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးသိန်းစိန်ကမူ ကူညီရေးနှင့် ကယ်ဆယ်ရေးအဆင့် ပြီးဆုံးသွားပြီ ဖြစ်၍ ယခုအခါ ပြန်လည် တည်ဆောက်ရေး အဆင့်ကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း နိုင်ငံပိုင် တီဗွီနှင့် ရေဒီယိုမှ ကြေညာသွားသည်။

သို့သော် အကူအညီပေးရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ အပြောကမူ တဘာသာ ဖြစ်သည်။ “ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေပြီးဘို့ ဆိုတာ အများကြီး လိုပါသေးတယ်” ဟု ကုလသမဂ္ဂ ကယ်ဆယ်ရေးဌာန ဒေသဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ အမန်ဒါပစ် (Amanda Pitt) က ဘန်ကောက်မြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားပါသည်။

“ဒုတိယ ဘေးဒုက္ခအန္တရာယ်ကြီးကို ရှောင်ရှားချင်ရင် နောက်ထပ် ကယ်ဆယ်ရေး ပစ္စည်းတွေ၊ အကူအညီပေးရေး လုပ်သားတွေ အရေးတကြီး လိုအပ်နေပါသေးတယ်” ဟုလည်း ဆိုလိုက်ပါသည်။

“မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ဒေသက နေရာ ရွှေ့ပြောင်းနေကြတဲ့ ဘုံပျောက်သွားတဲ့ လူတွေဆီ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု၊ ရေသန့်၊ အမိုးအကာနဲ့ စားစရာရိက္ခာတွေ မပေးနိုင်ဘူး ဆိုရင် ရောဂါတွေကြောင့် ဒုတိယအကြိမ် ထပ်ပြီး သေဆုံးရဦးမဲ့ တကယ့် အန္တရာယ်ကြီး ရှိနေပါသေးတယ်” ဟု သူမက ဖြည့်စွက် ပြောကြားသွားပါသည်။

ယခုပင်လျှင် မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၌ ကာလဝမ်းရောဂါများ စတင်ဖြစ်ပွါးနေပြီ ဟူသော အတည်ပြုနိုင်သည့် သတင်းများကို ရရှိနေပြီ ဖြစ်သည်ဟု ဘန်ကောက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ယာယီ အကြီးအကဲ မော်ရင်းဘာမင်ဂမ် (Maureen Birmingham) က ပြောဆိုလိုက်ပါသည်။ “ဒီအဆင့်မှာ ရောဂါ ဖြစ်ပွါးနေတဲ့သူ အရေအတွက်က သိပ်အရေးမပါပါဘူး။ ဒီဒေသမှာ ရောဂါ ဆက်လက်ဖြစ်ပွါးလေ့ ရှိတယ်ဆိုတဲ့ အချက်ကဘဲ အရေးကြီးပါတယ်” ဟု သူမက ဆိုလိုက်ပါသည်။

သို့သော် စိုးရိမ်စရာ အချက်များက ရှိနေသည်။ အထူးသဖြင့် သန့်ရှင်း စိတ်ချရတဲ့ ရေမလုံလောက်တဲ့ ပြဿနာ ဟု သူမက ဆက်လက် ပြောကြားသွားပါသည်။ ဝမ်းလျှော ဝမ်းပျက်သည့် ရောဂါများ အလျင်အမြန် တိုးလာနေပြီး ကာလဝမ်း ရောဂါကူးစက် ပြန့်ပွါးသည့် အခြေအနေသို့ ဦးတည်သွားနိုင်သည်ဟု ဆိုသည်။ “ပေါက်ကွဲသွားတဲ့ အဆင့်အထိတော့ မရောက်သေးပါဘူး။ ဒါပေမဲ့ အန္တရာယ်က အရမ်းများတယ်” ဟု သူမက စာနယ်ဇင်းသမားကို ပြောကြားသွားခဲ့သည်။

အကူအညီပေးရေး၌ တွေ့ကြုံရသည့် ပြဿနာများထဲမှ အကြီးမားဆုံး ပြဿနာတခုမှာ လူများ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ခြင်း ဖြစ်သည်။ မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဒေသများ တလျှောက်လုံးတွင် သန်းနှင့်ချီသော လူများက အစားအစာနှင့် အမိုးအကာကို အသည်းအသန် လိုက်လံ ရှာဖွေလျက် ရှိကြသည်။ “အကူအညီ လိုနေတဲ့ထဲက တဝက်လောက်က ဘာအကူအညီမှ မရသေးဘူးဗျ” ဟု နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့နှင့် လခြမ်းနီ အဖွဲ့တို့၏ ပြောရေး ဆိုခွင့်ရှိသူ ဂျွန်စပဲရိုး ( John Sparrow) က မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။


စိတ်ခြောက်ခြားနေသူ ဒုက္ခသည်များ ရေနှင့် လေကို ကြောက်နေကြ

မင်းခက်မောင်
စနေနေ့၊ မေလ 17 2008 18:24 - မြန်မာစံတော်ချိန်

ကွမ်းခြံကုန်း - “အပြင်မှာ လေတွေ တိုက်နေသမျှ၊ ကောင်းကင်ကြီး တခုလုံး မှောင်မဲနေသမျှ၊ အမေ့ကို အပြင်ကို မထွက်ခိုင်းပါနဲ့ သားတို့ရယ်” ဟု မျက်ရည်များ စိုရွှဲနေသော ဒေါ်ဖွားစိန်က အကူအညီပေးရေး လုပ်သားများကို အသံတိမ်တိမ် အက်ကွဲနေသော အသံဖြင့် ပြောသည်။

သူမသည် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများအတွက် ထားသည့် ဘုန်းကြီးကျောင်း တဖြစ်လဲ ကယ်ဆယ်ရေး ဂေဟာ၌ နေထိုင်နေသူ ဖြစ်သည်။

အိမ်နီးချင်းတဦး၏ ကောင်းမှုကြောင့် ၇ ပေ မြင့်သည့် ဒီရေလှိုင်းဒဏ်မှ သီသီကလေး လွတ်မြောက်လာခဲ့သည့် ဒေါ်ဖွားစိန်သည် ယခု သူမနေသည့် ကွမ်းခြံကုန်း ဘုန်းကြီးကျောင်း အနားရှိ ရေကန်သို့ သွားရန်ပင် ကြောက်နေရှာသည်။ ကွမ်းခြံကုန်းသည် ရန်ကုန်မြို့မှ ၃၅ မိုင်ခန့် အကွာတွင် တည်ရှိသည်။
သူတို့ ကောင်းကောင်း အိပ်မရကြောင်း အသက်မသေ လွတ်မြောက်ခဲ့သူ အများအပြားက မဇ္ဈိမကို ပြောပြပါသည်။ ကလေးများဆိုလျှင် ညဘက်များ၌ ယောင်ယမ်း အော်လေ့ ရှိသည်ဟု ဆိုသည်။

“အဲဒီလို ဖြစ်နေတော့ နောက်နေ့မနက်ဆို ဒီကလေးတွေ ပန်းပြီး ယဲ့ယဲ့ပဲ ကျန်တော့တာပေါ့။ အဲဒီလို ပင်ပန်းပြီး အားနည်းလေ၊ သူတို့ အားနည်းလေ ဖြစ်တာပေါ့” ဟု မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဒေသတခုဖြစ်သည့် ဘိုကလေးမြို့မှ ဆရာဝန်တဦးက ဆိုပါသည်။ “အဲဒီတော့ ဒီကလေးတွေမှာ ကာလ ဝမ်းရောဂါလို၊ ဝမ်းလျှောဝမ်းပျက် ရောဂါလို ကပ်ရောဂါတွေ ဖြစ်ဘို့ ပိုများတာပေါ့”။

ကွမ်းခြံကုန်းမြို့သို့ ဆန်နှင့် အဝတ်အစားများ လှူဒါန်းရန် သွားရောက်ခဲ့သည့် ရန်ကုန်သားတဦးက သူထိုမြို့တွင် လမ်းပေါ်၌ ထူးခြားစွာ သွားလာ လှုပ်ရှားနေကြသည့် မုန်တိုင်းဘေးမှ လွတ်မြောက်ခဲ့သူများကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

ခန္ဓာကိုယ်ပေါ်တွင် နနွင်းများ လိမ်းကြံထား၍ မီးတွင်းမှ ထွက်ခါစ အမျိုးသမီးတဦးသည် သူ့သား ၂ ဦး၏ အမည်များကို အော်ဟစ် ခေါ်နေသည်ကို တွေ့ခဲ့ရသည်။

အလားတူပင် “ရေတွေ လာနေပြီ” ဟု အော်ရင်း လမ်းပေါ်တွင် ပြေးလွှားသွားနေသူ အမျိုးသားတဦးကိုလည်း တွေ့ခဲ့ရသည်။ သို့သော် မည်သည့်ရေမျှ တက်လာနေခြင်း မရှိ။ နောက်အမျိုးသားတဦးက တိုင်တလုံးကို ဖက်တက်ရင်း “တိုင်ပေါ်တက်နိုင်ရင် ရေဘေးက လွတ်တာပဲကွ” ဟု ပြောနေသည်။

မုန်တိုင်းတွင် မိသားစုများ အိုးအိမ်များ ဆုံးရှုံး၍ ဘဝ ပျက်ခဲ့ရသူများ၏ စိတ်ကျန်းမာရေး ပြဿနာများကို ကုစားနိုင်ရန် လပေါင်း အတော်ကြာ အချိန်ယူရဦးမည်ဟု ရန်ကုန်မြို့တွင် ကိုယ်ပိုင် ဆေးကုခန်း ဖွင့်လှစ်ထားသည့် စိတ်ပညာရှင်တဦးက ပြောကြားသွားပါသည်။ ကပ်ဘေး စီမံခန့်ခွဲမှုတွင် မြန်မာ အစိုးရသည် အသိပညာနှင့် အတွေ့အကြုံ ချို့တဲ့ပြီး၊ အချို့သော ပြဿနာများမှာမူ နိုင်ငံတကာ အကူအညီပေးရေး ကျွမ်းကျင်သူများကို ဝင်ခွင့်ပြုလိုက်ရုံနှင့် ကိုင်တွယ်ဖြေရှင်း သွားနိုင်သည်ဟုလည်း သူက ဆိုလိုက်ပါသည်။

ဟိုင်းကြီးကျွန်းမှ အသက်မသေ ကျန်ရစ်ခဲ့သူ တဦးကလည်း သူ့အကိုသည် ထမင်းလည်းမစား၊ စကားလဲ မပြောဘဲ ငူငူကြီးသာ ထိုင်နေသည်ဟု ဆိုသည်။ အဆိုပါ သူ့အကိုသည် လေဘေးတွင် ကျပ်ငွေ တသန်းခန့် တန်သော ငါးဖမ်းလှေ နှင့် အိမ်ကို ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။

“ကျနော့်အကိုက ပုံမှန် မဟုတ်တော့ဘူးဗျ။ သူ့မျက်လုံးတွေက တွေတွေကြီး ဖြစ်နေတာ။ ဘာမှလည်း မပြောဘူး၊ ဘာမှလည်း မေးလို့ မရတော့ဘူး” ဟု သူက ဆိုပါသည်။

၂ဝဝ၄ ခုနှစ် ဆူနာမီ ရေလှိုင်းကြီး ရိုက်ခတ်အပြီး ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖွင့်လှစ်ခဲ့သလို ယခုကဲ့သို့ မုန်တိုင်းကြောင့် တုန်လှုပ်ခြောက်ခြား ကျန်ရစ်ခဲ့သူများအတွက် စိတ်သောက လျော့ပါးရေးစခန်းများ ဖွင့်လှစ်ပေးသင့်သည် ဟု အန်ဂျီအို တခုမှ ကျွမ်းကျင်သူတဦးက ပြောကြားသွားပါသည်။ အဆိုပါ စခန်းများတွင် အသက်မသေ ကျန်ခဲ့သူများကို ဆေးကုသမှု ခံယူစေရင်း အသက်မွေးဝမ်းကျောင်းနှင့် ကျွမ်းကျင်မှု ပညာရပ် အသစ်များကို သင်ကြားပေးသည်။ ဤသို့ဖြင့် ဝင်ငွေလည်း ရရှိလာပြီး မိသားစုကိုလည်း ထောက်ပံ့လာနိုင်သည်။

“သူတို့ကို လျစ်လျူရှု ပစ်ထားလိုက်လို့ အခြေအနေတွေ ပိုဆိုးသွားရင် နောင်မှာ ကျနော်တို့ နောင်တ ရနေရမယ်” ဟု အမည်မဖေါ်လိုသူ အဆိုပါ ကျွမ်းကျင်သူက ပြောဆိုသွားပါသည်။

အသက် ၃ဝ အရွယ် ကွမ်းခြံကုန်း မြို့သားတဦးက မုန်တိုင်းအတွင်း သူ့မိန်းမကို သေဆုံးစေခဲ့သည့် လဲကျနေသော သစ်ပင်ကြီးကို ကြည့်ရင်း ငိုနေသော သူ့ကလေးကို ချော့နေသည်။

“မငိုပါနဲ့ ကလေးရယ်၊ မေမေက သားကို နို့တိုက်ဖို့ ပြန်လာမှာပါ၊ အဖေလဲ မင်းအမေ ပြန်လာတာကို စောင့်နေတာပါပဲ” ဟု ရေရွတ်နေသည်။

မင်းခက်မောင်

(မောင်ဒီးနှင့် နန်းဒေဝီ ဖြည့်စွက် ရေးသား၍ ထက်မြတ် တည်းဖြတ်သည်)

နာဂစ်နှင့် ငါ၏ ဒိုင်ယာရီ

မင်းသစ်တည်
သောကြာနေ့၊ မေလ 16 2008 14:02 - မြန်မာစံတော်ချိန်





ထိုနေ့က မိုးရွာသည်။ မိုးနှင့်အတူ ပါလာသော လေကတော့ ဘီလူးသဘက် တကောင်အလား ကြောက်ဖို့ ကောင်းလှသည်။ သူ၏ နောက်ဆက်တွဲ မြင်ကွင်းများကလည်း ငိုအားထက် ရယ်အားသန်သန်နှင့် တောက်တခေါက်ခေါက် အသံများကလည်း မြိုင်ဆိုင်လှသည်။

မျက်မှောက်ခေတ် မြန်မာလူမျိုးကို အဓိပ္ပါယ် ဖွင့်ဆိုလျှင် စာရေးသူကတော့ "ဒုက္ခကို လည်စင်းခံကြသူများ" လို့သာ ကင်ပွန်း တပ်ချင်သည်။ ခိုလှုံစရာ ရင်ခွင်မဲ့လှသည်။ အမိမဲ့သား ရေနည်းငါးကဲ့သို့ပါပဲ။

အထင်သေးမိတဲ့နေ့ (၂.၅.၀၈)


ထိုနေ့ ညနေပိုင်းနှင့် ညဦးပိုင်းလောက်က ရန်ကုန်မြို့ကို ဦးတည်ပြီး မုန်တိုင်းလာတော့မယ်။ ည ၁၂ နာရီကနေ မနက် ၆ နာရီအတွင်း ဖြစ်ဖို့ များတယ်ဆိုပြီး သတိပေး သတင်းစကားများ ကြားခဲ့ရသည်။ အကုန်လုံးက တိတိပပ ထူးထူး ခြားခြား မတုန်လှုပ်မိကြ။

တကယ်တမ်း သတင်းစ၀င်လာတော့ ကားတွေတောင် လေထဲ ပါသွားတယ်။ ရှိသမျှ ပြားပြားဝပ်သွားတယ် ဆိုတဲ့ သတင်းစကားတွေလည်း ကြားရသောအခါ နည်းနည်း တုန်လှုပ်စပြုလာပြီး ဘုရားတရားကို သတိရစပြုလာသည်။

လူတွေ ၀ိုင်းဆဲရတဲ့အဖြစ်


ဤသို့ တုန်လှုပ်စိတ်ကလေးတွေ ၀င်စပြုချိန် ည ၉ နာရီကျော် ၀န်းကျင်လောက်တွင် ကားတစီးနှင့်လှည့်၍ လော်စပီကာနှင့် သတိပေးသံ ကြားရသည်။ သြော်… မုန်တိုင်းနဲ့ ပတ်သက်ပြီး လူတွေ ဘယ်လို နေထိုင်ရမယ်။ ဘာတွေ ကြိုတင် စီမံရမယ်၊ ဆိုတာတွေ သတိပေးနေတာပဲဆိုပြီး အားတက်ကာ နားစွင့်မိကြသည်။ တကယ်တန်းတွင် ထိုသို့ မဟုတ်ခဲ့ "ဆန္ဒခံယူပွဲတွင် မဲပေးနိုင်သူများ စာရင်းအား ရ.ယ.က ရုံးတွင် ကပ်ထားကြောင်း၊ စာရင်းတွင် မပါဝင်သေးသူများ ရှိပါက လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း" ကြေငြာသွားခဲ့ခြင်း ဖြစ်သည်။ မုန်တိုင်းအား ကြောက်လန့်စိတ်နှင့် အိမ်အတွင်းပိုင်းတွင် အကုန် စုရုံးနေကြသော မိသားစုဝင်များ အားလုံး တိုင်ပင်မထားဘဲ တခဲနက် ၀ိုင်းဝန်း ဒေါသထွက်မိသည်။

တကယ်က မုန်တိုင်း တိုက်ပြီးသွားပါက ထိုကြော်ငြာသင်ပုန်းအား ဘယ်အရပ်တွင် သွားရောက်ကောက်ယူ ကြည့်ရှု့မည် ကိုပါ ကြေငြာသွားသင့်သည်။ ဤသို့ ဤပုံ အမြှော်အမြင် ကြီးကြသူများပါ။

နာဂစ်လာပြီ


တနေ့လုံးနီးပါး ရွာနေသောမိုးက ည ၁၀ နာရီခွဲလောက်တွင် ပိုစိပ်လာသည်။ လေသံ ခပ်ပြင်းပြင်းပါ ပါလာသည်။ သိပ်တော့ မဆိုးဝါးလောက်ပါဟု ထင်နေကြတုန်းပါ။ ည ၁၂း၃၀ နာရီလောက်ရောက်တော့ သူ့ "ဇ"က မသေးကြောင်း သဘောပေါက်စ ပြုလာကြသည်။ အိမ်အနီးဝန်းကျင်မှ သွပ်မိုးသံများကလည်း ဟာမိုနီ လိုက်ဆိုနေကြပြီ။ အိမ်တွေထဲ မိုးပက်ထားတာကလည်း အတော် စိုရွှဲနေကြပြီ။

နံနက် ၃း၃၀ နာရီ လောက်ကျတော့ နာဂစ် ဘာကောင်လည်းဆိုတာ သဘောပေါက်ကြပြီ။ သွပ်ခေါင်မိုးသံ တွေလည်း ဟာမိုနီဘ၀မှ အဆိုတော်တွေ ဖြစ်လာကြပြီး ရင်ခေါင်းကွဲ၊ နှလုံးပြုတ်မတတ် အော်နေကြပြီ။

နံနက်အာရုဏ်တက် နဲ့ ၈း၀၀ နာရီလောက် ကြားမှာတော့ နာဂစ်ဟာ သူ့ဦးခေါင်းပိုင်း ရုန်းထွက်ပြီး လွတ်မြောက်လာတာကို ၀မ်းသာအားရနဲ့ ကျန်ရှိနေသေးတဲ့ အမြီးပိုင်းနဲ့ အားကုန်ရုန်းကာ ရိုက်လှဲပစ်နေပြီ။ လေသံ တွေဟာ ဆူလွန်းလို့ အနီးအနားက အပင်ကြီးတွေ၊ အပင်လေးတွေ လဲပြိုကျသံတောင် မကြားလိုက်ရ။

စာရေးသူကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မုန်တိုင်းစတိုက်ကတည်းက မျက်စိသာ တွင်တွင်မှိတ်ပြီး တတ်သမျှ မှတ်သမျှ ဘုရားစာတွေသာ non-stop ရွတ်ဆိုတော့သည်။ ကိုယ့်အမြင်အာရုံမှာ သွေးလန့်ဖွယ် မြင်ကွင်းတွေကို မမြင်ရတော့ အနည်းနဲ့ အများ စိတ်တည်ငြိမ်မှု ရရှိအောင် လုပ်ထားနိုင်ခဲ့သည် ဟုတော့ ထင်သည်။ အပြင်ထွက်ပြီး ဘာမှ မလုပ်ကိုင်နိုင်တဲ့ အခြေအနေမှာတော့ ဖြစ်သမျှကို လျစ်လျှူရှုကာ မျက်လုံးမှိတ်ပြီး ကိုယ့်အသက်လေး ဘယ်တော့ ပါသွားမလဲဆိုပြီး သတိထားနေရုံကလွဲ၍ ဘာမျှမတတ်နိုင်ပါ။ ဒါဟာ သဘာဝဘေးဒဏ်၊ ကိုယ်နဲ့ လူများ ကျောမွဲများ ခါးကော့အောင် ခံကြရတော့မည့်ဒဏ်။

နာဂစ် ချန်ခဲ့သည့် မောဘွယ်ရာများ


နာဂစ်သည် သူ့အသံပြဲကြီးနဲ့ ချိန်းခြောက်နေသော်လည်း သူ့ကို လုံးလုံး ဂရုမစိုက်သည့် ခေတ်ပျက် တောကြောင်များကလည်း "ဝေလီဝေလင်း" အချိန်မှာတောင် သွပ်ပြားကောက် ထွက်နေကြတာကိုလည်း မြင်ရသည်။ သူတို့အဖို့တော့ ကိုယ့်အသက်ထက် ငွေတွင်းတွေ ကျလာပြီဟုများ ထင်နေကြရော့သလားမသိ။

နည်းနည်း လင်းလင်းချင်းချင်း ရှိလာတဲ့ အချိန်ကြတော့ လူသံတွေ ကြားလာရသည်။ အိမ်ထဲမှာ ဆက်လက် ဘုရား တနေလို့မရတော့။ လမ်းမပေါ်ထွက်ပြီး အနီးအနားဝန်းကျင် သတင်းမေးစမ်း အခြေအနေ ကြည့်ထွက်ရသည်။ မြင်ကွင်းကတော့ အသေးစိတ် ရေးပြချင်စရာ မရှိ၊ သက်တမ်းရင့် အပင်ကြီး၊ အပင်ငယ်အားလုံး မြေပြင်ပေါ်တွင် ထက်ပိုင်း ကျိုး၊ အမြစ်က ပြုတ်ထွက်ကာ တုံးလုံးလဲကုန်ကြပြီ။ ယိုင်ပြီးသား အိမ်တွေအဆင့် ရောက်ကုန်သည်။ အိမ်တော်တော် များများတွင် ခေါင်မိုးများ မရှိတော့။ ဒီမြင်ကွင်းတွေ ကြားမှပင် တွေးမိတာတခုကတော့ "သြော်… ငါတို့ နိုင်ငံတော် လူကြီးများ ဖြစ်စေချင်နေသော ဆန္ဒတစ်ခုတော့ ပြည့်သွားပြီ" လို့။ ဘာဖြစ်လို့လည်းဆိုတော့ တပ်ထားသော ၈ ပေ စလောင်းတွေဟာ မြေကြီးပေါ် ရောက်တဲ့ဟာကရောက်၊ ခေါင်မိုးပေါ်တွေမှုာပဲ ခေါက်ရိုးကျိုး တွဲလဲကျကာ၊ တိုက်ခေါင်မိုး တွေပေါ်မှာ စက္ကူစွန် ငြိသလို ကျေနေကြရှာလေပြီ။

လူလေး စုစုရုံးရုံး ရှိလာတဲ့အခါကျတော့ ရှိတဲ့ဓါးမ ကိုယ်စီဆွဲ၊ ရဲဒင်း၊ ပုဆိန်တွေဆွဲလို့ ကိုယ့်အိမ်ထက် လမ်းမှာ ပိတ်နေသမျှ အပင်တွေ ဓါတ်တိုင်တွေကို ရှင်းလင်း ဖယ်ရှားပစ်ကြသည်။ အလုပ်လုပ်ရင်း ပြောမိကြတဲ့ အကြောင်းအရာ ကတော့ နာဂစ်ရယ် လုပ်ရက်ပါပေ့ပေါ့။ ဘယ်သူမျှ ဒီလောက် ဖြစ်မယ် ထင်မထားကြပါ။ ဘယ်သူမှလည်း မကြုံဘူးကြတော့ ဘာမှ ကြိုတင် မစီမံနိုင်ခဲ့သလို ဒီလောက်အထိ ဖြစ်မယ်မှန်းသိရင် စလောင်းကလေး ဖြုတ်ထားပါရဲ့၊ အမိုးလေးကို သံတွေနဲ့ ပြန်ရိုက်ထားပါရဲ့နဲ့ ပြောကြဆိုကြရင်းနဲ့ ညဘက်ကကြားခဲ့ရတဲ့ လော်စပီကာသံ ကိုလည်း သတိတရနဲ့ ပြန်လည် ဆဲရေးမိကြတယ်။

ဒီအချိန်မှာတော့ အစိမ်းရောင်ဝတ်တွေကော၊ စွမ်းအားရှင်ကြီးတွေကော ဘယ်ဆီဘယ်ဝယ် ပျောက်နေတယ် မသိတော့ပါဘူး။

မြန်မာလူမျိုးများပါပဲ….။ ဒုက္ခတွေကြားထဲက ဘယ်သူ့ကိုမှလည်း မတမ်းတ၊ (တမ်းတလည်း လာမှာမှ မဟုတ်တာ) ရယ်ကာမောကာနဲ့ ဒုက္ခကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှင်းကြရတာပေါ့။

၃.၅.၀၈ စနေနေ့ နေ့ခင်းပိုင်းလောက် ရောက်တော့ နာဂစ် လုံးဝမရှိတော့သလောက် ဖြစ်သွားပါပြီ။ လူတွေမှာ ဆန်အိတ် ၀ယ်သူဝယ်၊ မီးသွေးအိတ် ၀ယ်သူဝယ်၊ ခေါက်ဆွဲခြောက်ထုပ် ၀ယ်သူဝယ်နဲ့ ဗရုတ်ဗရက်တွေ ဖြစ်ကုန်ကြတယ်။ ဈေးသည်တွေလည်း ဆက်သွယ်ရေး ကိရိယာတွေသာ ပြတ်တောက်သွားပေမယ့် ဈေးတက်ရာမှာတော့ လက်ညီကာ မြိုင်လှသည်။ ခေါက်ဆွဲခြောက်တထုပ် ၃၀၀၊ ဘဲဥတလုံး ၃၀၀ ဖြစ်ကုန်သည်။ ထိုစနေလည်း သစ်ပင်ခုတ်၊ အမိုးဖာဖြင့် ကုန်ဆုံးကြရသည်။


စစ်အစိုးရ၊ မြန်မာပြည်၊ နာဂစ် လေပြင်းမုန်တိုင်းနှင့် ကုလသမဂ္ဂ

စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 10:37 - မြန်မာစံတော်ချိန်

နာဂစ် လေပြင်းမုန်တိုင်းကြီးကတော့ ရာစုနှစ်ဝက်လောက် စိတ်၏ ဆင်းရဲခြင်း ကိုယ်၏ ဆင်းရဲခြင်း အပြင်းအထန် ခံခဲ့ကြရ ရှာသူတွေကိုမှ ရွေးပြီးနှိပ်စက် ဖျက်ဆီးသွားခဲ့ ပါပြီ။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့က အထူးသဖြင့် မရှိဆင်းရဲသား ပြည်သူတွေ သေကြေ ပျက်ဆီးကြ၊ ဒါဏ်ရာရကြ၊ ငတ်ပြတ်ကြ၊ နေစရာ၊ စားစရာ၊ ၀တ်စရာမဲ့ကြ မြင်လိုက် ကြားလိုက်ရတာတွေဟာ ကြေကွဲ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ သဘာဝ ဘေးအန္တရာယ်ဖြစ်လို့ ဘယ်သူ့ကိုမှတော့ အပြစ်တင်လို့ မဖြစ်ပါဘူး။ ဒါပေမယ့် ရက်ပိုင်းနဲ့ ချီပြီး ကြိုတင် သတိပေးထားနိုင်ပါရဲ့နဲ့ မှားယွင်းတဲ့ ခန့်မှန်း သတိပေးချက်ကလေး ကိုပဲ ထုတ်လွှတ်ပေးခဲ့တဲ့ အစိုးရရဲ့ တာဝန်မဲ့မှု လူထုကို ဥပေက္ခာပြုမှုကတော့ ဘယ်တော့မှ ခွင့်လွှတ်ချင်စရာ မရှိပါဘူး။ ဒါဟာ စစ်အစိုးရကို အမြဲတန်း အဆိုးမြင်စိတ်နဲ့ ကြည့်ပြီး အပြစ်တင်တာ မဟုတ်ပါဘူး။ အစိုးရ သိပ်လုပ်ချင်နေတဲ့ သူတွေက အစိုးရတာဝန်ယူဖို့ အရည်အချင်းမရှိတာ စီမံခန့်ခွဲမှု အုပ်ချုပ်မှု မတတ်တာကိုတော့ ပြောစရာရှိရင် ပြောရမှာပါပဲ။ ပြည်သူအပေါ် စေတနာကင်းမဲ့တာ ရန်သူလို သဘောထား တာတွေကတော့ အများမြင်သာ ထင်ရှားဖြစ်လို့ ပြောနေစရာတောင် မလိုတော့ပါဘူး။

နောက်တခု ပြောရမှာကတော့ ဒီလောက်ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါးကြီး သေကြေ ပျက်စီးဆုံးရှုံးသွားတာကို လူသားချင်း သနားထောက်ထားစိတ်နဲ့ နိုင်ငံတကာက အကူအညီ အထောက်အပံ့ အနေနဲ့ စားစရာ၊ သောက်စရာ၊ ဆေးဝါး၊ ၀တ်စရာ၊ နေထိုင်စရာ အစစ၀ိုင်းပြီး ပံ့ပိုးကူညီ ပေးပို့ခဲ့ကြတာ တွေဟာ အလွန်ဝမ်းမြောက် ပီတိဖြစ်စရာပါ။ လေယာဉ်ကြီးတွေ စီးလုံးပြည့် သဘောင်္တွေ၊ ကားတွေ စီးလုံးပြည့်နဲ့ ချက်ခြင်းစေလွှတ် အကူအညီပေးကြ ပေးနေဆဲ ဖြစ်ပါတယ်။ စားသောက်စရာနဲ့ ၀တ်စရာ နေစရာတွေတင် မဟုတ်ပါဘူး။ ဒီလိုမျိုး သဘာဝ ဘေးအန္တရာယ်မျိုးတွေမှာ ဘယ် လို ကယ်တင်စောင့်ရှောက် ကူညီရမယ်ဆိုတာကို စနစ်တကျ သင်ကြား လေ့ကျင့်ပေးထားတဲ့ ကယ်ဆယ်ရေးလုပ်သားတွေကိုပါ အဖွဲ့လိုက် အုပ်စုလိုက် စေလွှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအကူအညီ အထောက်အပံ့ ပစ္စည်းတွေနဲ့ ကျွမ်းကျင် ကယ်ဆယ်ရေးလုပ်သားတွေကို စစ်အစိုးရက ပြည်ဝင်ဗီဇာ မပေးဘဲဆိုင်းငံ့ထားတဲ့ လုပ်ရပ်ဟာ ကမ်းကုန်အောင် လူမဆန်တဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်လို့ မပြောရင် တခြားစကားလုံး ရွေးစရာ မရှိတော့ပါဘူး။ သူတို့ကိုယ်တိုင် အဲဒီမုန်တိုင်းဒဏ်သင့် ခံခဲ့ရတဲ့ တိုင်း ၃ တိုင်းနဲ့ ပြည်နယ် ၂ ခုကို အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး ဖြစ်ပေမယ့် အရေးပေါ် အခြေအနေဆိုတာကို အသေအချာမှ နားလည်ရဲ့လား နားလည်ရက်နဲ့ နားမလည်ချင် ယောင်ဆောင်တာပဲလား။ ဟန့်တား ပိတ်ပင်ဖို့ထားလို့ သူတို့ ကိုယ်တိုင် မုန်တိုင်းဒဏ်သင့် ခံခဲ့ရတဲ့နေရာတွေကို ယာဉ်ရထား စီစဉ်ပြီး အမြန်ဆုံးရောက်အောင် ပို့ဆောင်ပေး သင့်တာပါ။ စက္ကန့်မိနစ်နဲ့အမျှ အရေးကြီးနေတဲ့နေရာ မီးနီရဲနေတဲ့ နေရာတွေ တစ်စက္ကန့် တစ်မိနစ် နောက်ကျခဲ့ရင် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေ ကလေးငယ်ပေါင်းများစွာ သေကြေ ပျက်စီးနိုင်တဲ့ အခြေအနေဆိုတာ ကိုခေါင်းထဲမှာ အာဏာလောဘ၊ ဒေါသ၊ အာဃာတတွေပဲ ရှိတဲ့ ကျနော်တို့တိုင်းပြည်က ဗိုလ်ချုပ်တွေ မသိကြဘူး ထင်ပါတယ်။ ဒါမှမဟုတ် သိရဲ့နဲ့ ယုတ်မာမိုက်ရိုင်းတာပဲ ဖြစ်ပါလိမ့်မယ်။

စစ်ရာဇ၀တ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီးလို့ လူမှုရေးပစ်မှုကြီးကို ထပ်ပြီး ကျူးလွန်ပြခဲ့ပြန်ပါပြီ။ ကမ္ဘာ့သံတမန်ကြီးတွေ ကိုယ်တိုင်က ဒီလိုအခြေအနေမျိုးမှာ အခုလို တုန့်ပြန်ဆောင်ရွက်တာဟာ အလွန်အံသြစရာ ကောင်းတယ်လို့ ပြောကြားခဲ့ရပါတယ်။ စစ်အစိုးရရဲ့ ကမ်းအကုန်ဆုံး လူမဆန်ဆုံး လုပ်ရပ်လို့ပဲ ပြောရမှာပါပဲ။ UK အခြေစိုက် Oxfam ရဲ့ အရှေ့အာရှ ဒါရိုက်တာဖြစ်သူ Sarah Ireland ကတော့ "တကယ့်အန္တရာယ် အစစ်အမှန် ကြီးမားတဲ့ လူထုကပ်ဘေးကြီးတခု မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတော့မှာ ကို ကျမတို့ စိုးရိမ်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ အခုလို နိုင်ငံတကာက ပေးပို့ကူညီ ထောက်ပံ့နေတဲ့ အကူအညီတွေ၊ ကျွမ်းကျင်သူ ကယ်ဆယ်ရေးလုပ်သားတွေကို အနှောက်အယှက် အဟန့်အတားလုပ်နေတဲ့လုပ်ရပ်တွေကို ချက်ခြင်းရက်ဆိုင်းပြီး ချက်ခြင်းရောက်ရှိ ဖြန့်ဝေကယ်ဆယ်ရေး လုပ်ငန်းတွေ မစတင်နိုင်ဘူး ဆိုရင်တော့ မြန်မာပြည်က မုန်တိုင်းဒဏ်ခံ ဒုက္ခသည်တွေရဲ့ ကံကြမ္မာဟာ မတွေးဝံ့စရာပါပဲ။ "မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရတဲ့ နေရာဒေသတွေကို ကြီးမားတဲ့ အကူအညီ အထောက်အပံ့တွေ ကျွမ်းကျင်သူတွေနဲ့ ထောက်ပံ့ပစ္စည်းတွေ အမြန်ဆုံး ၀င်ရောက်နိုင်အောင် မလုပ်နိုင်ဘူး ဆိုရင်တော့ စဉ်းစားတွေးတောလို့တောင် မရနိုင်တဲ့ အဆင့်အထိ ၀မ်းနည်းကြေကွဲစရာ အဖြစ်တခု ဖြစ်လာပါတော့မယ်" လို့ အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က Greg Beck က ပြောကြားခဲ့ပါတယ်။

ကိုယ့်တိုင်းသူပြည်သားတွေ ဒီအဆင့်အထိ ဆိုးဆိုးဝါးဝါး သေကြေ ပျက်စီးဆုံးရှုံးပြီး အတိဒုက္ခရောက်နေကြတာကို သူတို့ အာဏာတည်မြဲရေးအတွက် လုပ်တဲ့ဆန္ဒခံယူပွဲ အနှောက်အယှက်ဖြစ်မှာစိုးလို့ တိုင်းပြည်ထဲကို နိုင်ငံခြားသားတွေ ၀င်ရောက်ပြီး ဆူပူအောင် သွေးထိုးလှုံ့ဆော်ပေးမှာစိုးလို့ ဆိုပြီး အာဏာမထိပါးရေး အဓိကထား ပြည်သူတွေကို မျက်နှာလွှဲရက်တဲ့ အစိုးရမျိုး ဒီကနေ့ခေတ် ဒီကမ္ဘာမှာ ရှိနေသေးတယ်ဆိုတာ အံ့သြစရာပါပဲ။ ကျနော်တို့ ပြည်သူလူထု အနေနဲ့ကလည်း ဒီလိုအစိုးရမျိုးကို ဆက်ပြီး လက်သင့်မခံဘဲ အမြစ်ပြတ်အောင် ဆန့်ကျင်အုံကြွကြဖို့ ကြိုးစားသင့်နေပါပြီ။ အတိုင်းအတာတခု အထိလည်း ဆန့်ကျင်အံတုခဲ့ကြ ပြီးပါပြီ။ ဒါပေမယ့် ပြည်သူလူထုတရပ်လုံး အတိုက်အခံ အင်အားစုအားလုံး တသားတည်း မညီ ညွတ် မပူးပေါင်းနိုင်သေးတဲ့အတွက် အုံကြွဆန့်ကျင်မှုတွေဟာ လက်နက်အင်အားကောင်းတဲ့ စစ်အစိုးရရဲ့ နှိမ်နင်းဖြိုခွင်းမှုကို ခံခဲ့ကြရတာပါ။ ကျနော်တို့တွေ ညီညွတ်ကြဖို့ လိုပါတယ်။ ကိုယ်ရင်ဆိုင်နေရတဲ့ စစ်အစိုးရဆိုတဲ့ ရန်သူဟာ ဘယ်လိုအမျိုးအစားလဲဆိုတာ မှန်မှန်ကန်ကန် အကဲဖြတ်တတ်ဖို့၊ ရန်ငါ စည်းပြတ်ကြဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

နောက်တခု ပြောချင်တာကတော့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍပါပဲ။ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့ကြီး တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်တွေနဲ့ ပဋိဥာဉ်စာတမ်း တွေမှာ ဘယ်လို သတ်မှတ်ပြဌာန်း လက်မှတ်ရေးထိုးခဲ့ကြတယ် ဆိုတာကို ဒီကနေ့ခေတ် ကမ္ဘာ့ပြည်သူတွေက သိနှင့်ခဲ့ကြပါပြီ။ ဒါပေမယ့် တိုင်းပြည်တခု နေရာဒေသတခုမှာ လူ့အသက် ပေါင်းများစွာ သေကြေပျက်စီး လူသားသိန်းပေါင်းများစွာ ဒုက္ခရောက်နေရတဲ့ အရေးပေါ် အခြေအနေတရပ်မှာ အနိုင်နိုင်ငံက ကူညီထောက်ပံ့မှုတွေ၊ အစားအစာနဲ့ ဆေးဝါး ပစ္စည်းတွေ အရေးကြီးတဲ့ ကျွမ်းကျင်သူ ကယ်ဆယ်ရေးတွေ လုပ်သားတွေကို အမျိုးမျိုး အခက်အခဲ ကြုံအောင် ဟန့်တားနှောက်ယှက်နေတဲ့၊ လက်ခံလိုက်ပြန်တော့လည်း တကယ်ကယ်ဆယ်ရေးလုပ်မယ့် ကျွမ်းကျင်သူ ကယ်ဆယ်ရေး လုပ်သားတွေကို လက်မခံဘဲ ကယ်ဆယ်ရေးပစ္စည်းတွေကိုပဲ လက်ခံ၊ နိုင်ငံတကာက အဆင့်မြင့် ကယ်ဆယ်ရေးပစ္စည်းတွေ ၊ စားစရာတွေကို တကယ် လေမုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို ဝေမပေးဘဲ၊ ပြည်တွင်းက အညံ့စားပစ္စည်းတွေ၊ အောက်ဆန်တွေ စားစရာတွေကိုပဲ ဝေပေး၊ များပြားလှတဲ့ ထောက်ပံ့ပစ္စည်းတွေကို သူတို့ဂိုဒေါင်တွေမှာ သိမ်းဆည်းလိုက်ပြီး မဖြစ်စလောက်ပစ္စည်းတွေ လောက်ပဲပေး ကမ်းထောက်ပံ့၊ မီးစက်တွေ၊ ဆက်သွယ်ရေး စကားပြောစက်တွေ၊ အဆင့်မြင့် ဘက်ထရီအိုးတွေလို ပစ္စည်းတွေကို လုံးဝထုတ်မပေးဘဲ အစိုးရအလိုတော်ရိ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကြံ့ဖွံ့လို၊ စွမ်းအားရှင်လို အဖွဲ့အစည်းက လူတွေကိုပဲ မက်လုံးပေး ပေးဝေပြီး အယုတ်မာအပက်စက်ဆုံး လူမဆန်ဆုံး လုပ်ရပ်တွေကို လုပ်နေတဲ့ အစိုးရတရပ် (စစ်အစိုးရဟာ တရားဝင် အစိုးရ မဟုတ်ပါဘူး) ကို ကုလသမဂ္ဂအဖွဲ့ကြီးက ဘာမှဝင်ရောက် မစွက်ဖက်နိုင်အောင် ဖြစ်နေပြီလား။ တခြား အပြည်ပြည်ဆိုင်ရာ အကူအညီ ပေးတာတွေထားလို့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး လေယာဉ်တွေကိုတောင် ဟန့်တားနှောင့်ယှက်နေတဲ့ အစိုးရတရပ်ကိုတောင် သြဇာအာဏာ မသုံးနိုင်အောင် အင်အားအာဏာ မရှိတော့ဘူးလားလို့ မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်လာပြီလို့ ပြောရတော့မှာပဲ။ အဲဒီလို ကိုယ့်အာဏာ တည်မြဲရေးကလွဲလို့ ပြည်သူလူထု အကျိုးစီးပွားကို တစက်ကလေးမှ စေတနာမရှိတဲ့ လူမဆန်အောင် ရက်စက်ယုတ်မာတဲ့ အစိုးရတရပ်ကို ကုလသမဂ္ဂက ဆက်ပြီး အသိအမှတ်ပြု နေရာပေးထားတာ၊ မပြောရဲမဆိုရဲ မဟန့်တားရဲ ဖြစ်နေတာဟာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးအတွက် ဂုဏ်သိက္ခာ ကျစရာတခုလို့များ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ကြီး နဲ့ လုံခြုံရေးကောင်စီကြီးက မယူဆကြဘူးလားလို့ မေးရမလို ဖြစ်နေပါပြီ။ ရပ်ကွက်ထဲက လူဆိုး လူမိုက်တယောက်ကို ရဲနဲ့ဘယ်ရပ်ကွက် လူကြီးကမှ မပြောရဲ မဟန့်တားရဲဘဲ အဲဒီလူမိုက်က အရပ်ကို နှိပ်စက်ညှင်းပမ်း အနိုင်ကျင့် ဗိုလ်ကျနေတာကို လက်ပိုက်ကြည့်နေသလို ဖြစ်မနေပေဘူးလားလို့ မြန်မာပြည်က ပြည်သူလူထုတွေက မေးခွန်းထုတ် နေကြပါပြီ။ ဒီအတိုင်းဆိုရင် ကမ္ဘာ့ကုလသမဂ္ဂဆိုတဲ့ အဖွဲ့ကြီးကို ကျနော်တို့က ဒီလောက်ဆိုးဝါးနေတဲ့ အခြေအနေ ဖြစ်ရပ်မျိုးမှာတောင် အားကိုးခွင့်မရ ဖြစ်နေပါပြီ ။ ကုလသမဂ္ဂ အဖွဲ့ကြီးကိုယ်တိုင်က ကျနော်တို့ အကူအညီပေးပါရစေ ၀င်ခွင့်ပြုပါခင်ဗျာလို့ အသနားခံရမယ့် အခြေအနေ ဖြစ်နေပြီ ဆိုရင်တော့လည်း ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ကံကြမ္မာပဲလို့ သဘောထားရတော့မှာပါပဲ။ လက်လျှော့ဖို့တော့ မဟုတ်ပါဘူး။ ကျနော်တို့ ပြည်သူလူထုအနေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြရမှာပါပဲ။ ကိုယ့်ပြဿနာ ကိုယ်ရှင်းဖို့ ညီညီညွတ်ညွတ် ကြိုးစားကြရမှာပါပဲ။ "တယောက်အားဖြင့် ယူသော်မရ၊ တသောင်းအားဖြင့် ယူသော်ရ၏" ဆိုတဲ့ ဆိုရိုးစကားအတိုင်းဆိုရင် ကျနော်တို့မှာ သန်းငါးဆယ်ကျော် အင်အားရှိပါတယ်။ ကျနော်တို့ အောင်ပွဲရရမှာပါ။

ဒါပေမယ့် နောင်အနာဂတ် ကမ္ဘာကြီးမှာ နေထိုင်နေကြတဲ့ လူသားတွေ ဆင်းရဲဒုက္ခ ကင်းဝေးပြီး ငြိမ်းငြိမ်းချမ်းချမ်း လူ့အခွင့်အရေး ဒီမိုကရေစီ အခွင့်အရေးတွေ ပြည့်ပြည့်၀၀ ခံစားနိုင်ကြရအောင် "ပြည်သူလူထုက တရားဝင် ရွေးချယ်တင်မြှောက်ထားသော အစိုးရတရပ်အား အာဏာသိမ်းယူ ဖွဲ့စည်းထားသည့် အစိုးရတရပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ် မပြုရ၊ ပြည်သူလူထု ရွေးချယ်တင်မြှောက်သော အစိုးရတရပ် အမြန်ဆုံးပြန်လည် ဖွဲ့စည်းနိုင်ရန် ကုလသမဂ္ဂအဖွဲ့ကြီးမှ ကြီးကြပ် ဆောင်ရွက်ပေးရမည်။ ထိုသို့ ကုလသမဂ္ဂအဖွဲ့ကြီး၏ ကြီးကြပ်ဆောင်ရွက်မှုကို လက်မခံ မလိုက်နာပါက အခြေအနေလိုအပ်မှုနှင့်အညီ ကုလသမဂ္ဂအဖွဲ့ကြီးမှ အရေးယူ ဆောင်ရွက်ခွင့် ရှိသည်" ဆိုတဲ့ အချက်မျိုးကို ပဋိဥာဉ်စာတမ်းမှာ ထပ်မံသဘောတူ ဖြည့်စွက်လိုက်ရင် ကောင်းမှာပဲလို့စဉ်းစားမိပါတယ်။