News Article Photo Poem Video Cartoon Music Radio

Thursday, July 24, 2008

ရေလယ်ခေါင် သောင်ထွန်း နတ်သမီး နေတဲ့ကျွန်း

ညိုထက်ညို
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 23 2008 16:40 - မြန်မာစံတော်ချိန်

သူ လက်ဖက်ရည်ဆိုင်နားရောက်တော့ သူထိုင်နေကျ ဆိုင်အဝင်ဝ စားပွဲပုပုလေးမှာ ဘယ်သူမှ ရှိမနေတာကို တွေ့ရသည်။ မရှေးမနှောင်းပင် သူ့ကိုမြင်သော စားပွဲထိုးလေးထံမှ ရှယ်ကျဆိမ့်ဝမ်း ဟူသော အသံက သူ့ထံ လွင့်ပျံလာလေသည်။ လန်ဒန်တပွဲကိုတော့ သူကိုယ်တိုင်ပဲ ကောင်တာသို့ သွားယူလိုက်ပါသည်။ သည်နေ့တော့ သူဆိုင်ရောက်တာ နည်းနည်းစောသည်။ စောသည်ဆိုတာက သူ့အတွက် သူ ပြောခြင်း၊ တကယ်က ၁၀ နာရီထိုးခဲ့ပြီ ဖြစ်သည်။ လန်ဒန်တလိပ်ကို မီးညှိရင်း လက်ဖက်ရည်ဆိုင် နံဘေးရှိ စာအုပ်ဆိုင်သို့ သူ လှမ်းကြည့်သည်။ ဂျာနယ်တွေက တိုးလို့တွဲလောင်း။ တစောင်လောက် ဝယ်ဦးမှဟူသော အတွေးနှင့် သူ ထမည်လုပ်ပြီးမှ ဒီသတင်းတွေ ပါပဲလေ အလကား ပိုက်ဆံကုန်ပါတယ် ဟူသော အတွေးနှင့် ပြန်ထိုင်သည်။

လက်ဖက်ရည်ပင် အငွေ့ သေသွားခဲ့ပြီ။ သူ မသောက်ဖြစ်သေး။ လမ်းတဖက် မျက်နှာချင်းဆိုင်တွင် ရှိသော မန်းသီရိ တေးသံသွင်းသို့ သူ တွေတွေငေးငေး ကြည့်နေမိပြန်သည်။ ဇော်ဝင်းထွဋ်၏ မျှော်လင့်ချက်ကမ်းခြေ ဆိုင်းဘုတ်ကြီးက ထီးထီးမားမား။ ဆိုင်ရှေ့ရှိ ဗာဒံပင်ထံ သူ့အကြည့် ရောက်သွားမိပြန်သည်။ အုတ်ခုံပေါ်တွင် လူနှစ်ယောက် ကျားထိုးလျက်၊ ပလက်ဖောင်းပေါ်တွင်တော့ နီရော်ရော် ဝါကြန့်ကြန့် ရွက်ခြောက်များက ပျံ့ကျဲနေသည်။ အုတ်ခုံဘေးတွင်တော့ ….. လက်ထဲတွင် ထမင်းချိုင့်ကလေးနှင့် …. သူမြင်နေကျ ကောင်မလေးကို တွေ့လိုက်ရပါသည်။


ခဏနေတော့ ကောင်မလေးက လမ်းကိုကူး၍ သူထိုင်နေရာ လက်ဖက်ရည်ဆိုင်ဘက်ဆီ လျှောက်လာသည်။ သူ့ စားပွဲနားရောက်တော့ သူနှင့် မျက်မှန်း တမ်းမိနေပြီဖြစ်သော ကောင်မလေးက သူ့ကို လှစ်ခနဲ ပြုံးပြသည်။ သူ ပြန်ပြုံးပြ လိုက်ချိန်မှာတော့ ကောင်မလေးက သူ့ စားပွဲဘေး တိုက်လှေကားရင်းသို့ ရောက်နေပြီ။ မရေမရာ မျက်နှာထားလေးနှင့် နောက်သို့ သမင်လည်ပြန် ကြည့်သည်။ နောက်မှ စိတ်ဒုံးဒုံး ချလိုက်ဟန်ဖြင့် အပေါ်ထပ်သို့ တက်သွားသည်။ သူကတော့ ဆက်ပြီး စောင့်ကြည့်နေမိသည်။ ၅ မိနစ်မျှအကြာ လူလတ်ပိုင်းအရွယ် လူတယောက် လမ်းတဖက်မှ ကူးလာပြီး ကောင်မလေးနောက်သို့ လိုက်တက်သွားသည်။ လက်ဖက်ရည်ဆိုင်၏ အပေါ်ထပ် ညာဘက်အခန်း။ နှစ် ၂၀ ကျော် သက်တမ်းရှိပြီဖြစ်သော တည်းခိုခန်း ကလေးသို့ ဖြစ်ပါလိမ့်မည်။ နောက် သူ ထပ်တွေ့ရမည့် မြင်ကွင်းတွေကိုတော့ ရုပ်ရှင်ကားဟောင်းတခုကို ကြည့်နေရသလို သူ့စိတ်ထဲ မြင်နေမိသည်။

နာရီဝက် သို့မဟုတ် ၄၅ မိနစ်လောက်အကြာတွင် ကောင်မလေး ပြန်ဆင်းလာလိမ့်မည်။ ထို့နောက် ၅ မိနစ်မျှ ကြာလျှင် ခုနက တက်သွားသောသူ ပြန်ဆင်းလာမည်။ လက်ထဲတွင် တစ်ရှုး တာဝါတခုကို ကိုင်ထားလိမ့်မည်။ စီးကရက်တလိပ်လည်း သောက်ချင် သောက်နေလိမ့်မည်။ ဒါပဲ ဖြစ်ပါလိမ့်မည်။ သူ ဆက်ထိုင်လိုစိတ် မရှိတော့သောကြောင့် လက်ဖက်ရည်တခွက်နှင့် လန်ဒန်နှစ်လိပ်စာ ပိုက်ဆံကို ပန်းကန်ပြားနှင့် ဖိ၍ ထိုင်ရာက ထလိုက်သည်။ “ဘယ်လိုမှ အသက်ရှူ မဝဘူး” တဲ့ …. သူ ထွက်လာချိန်တွင် လက်ဖက်ရည်ဆိုင် ဆောင်းဘောက်စ် ဆီက ခင်ဘုဏ်း၏ သီချင်းသံက နောက်တွင် လွင့်ပျံကျန်နေခဲ့လေသည်။

စစ်စစ်ပေါက်ပေါက် တွက်ကြည့်လျှင် သည်လက်ဖက်ရည်ဆိုင်လေးတွင် သူ ထိုင်ခဲ့သည့် သက်တမ်းက ၁၀ နှစ် ရှိခဲ့ပြီ ဖြစ်သည်။ ၁၉၉၆ လောက်ကတည်းက၊ ဆိုင်ဖွင့်စကတည်းက ဆိုပါတော့။ သူ့အိမ်နှင့် နီးသည်တကြောင်း၊ ကက်ဆက်ကောင်းကောင်း ဖွင့်သည်တကြောင်းတို့ကြောင့် သူ ပုံမှန် ထိုင်ဖြစ်ခဲ့လေသည်။ သူ ထိုင်စက တခွက် ၁၀ လက်ဖက်ရည်သည်ပင် ယခု တခွက် ၂၀၀ ။ ယခင်ကတော့ နေ့တိုင်းမရောက်။ ၂၀၀၃ ခုနှစ်လောက်က စပြီး သူ တနေ့ သုံးခါ ရောက်ဖြစ်ခဲ့လေသည်။ နံနက်၊ နေ့လယ်၊ ည၊ သည်မှာပင် သူ တသက်လုံး နေထိုင်ခဲ့ရာ ရန်ကုန် မြို့လယ်ခေါင်၏ မြင်ကွင်းအသစ် တခုကို သူ စတွေ့ရခြင်း ဖြစ်သည်။ ထိုနေ့က မန်းသီရိတွင် သူ ခွေ ဝင်ဝယ်မိသည်။ သူ ခွေဝယ်ပြီး လက်ဖက်ရည်ဆိုင်သွားရန် လမ်းကူးမည် အလုပ်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတယောက်က သူ့ကို တစုံတရာ လှမ်းပြောသည်။ “သွားမလား” ဟု သူ ကြားမိလိုက်သည် ထင်သည်။ သူ တအံ့တသြ ပြန်ကြည့်တော့ ထို အမျိုးသမီး မျက်နှာလွှဲသွားသည်။ သူ ဘာမှ ပြန်မပြော မိတော့ဘဲ လမ်းကူး၍ လက်ဖက်ရည်ဆိုင်ထဲ ဝင်သွားသည်။

လက်ဖက်ရည် သောက်ရင်း ဆိုင်ရှင် ဆရာကျောင်း (သူပေးထားသော အမည်ဖြစ်ပါသည်) နှင့် စောစောကအကြောင်း ပြောမိတော့ ဆရာကျောင်းက ဟက်ဟက်ပက်ပက် ရယ်လေသည်။ မင်းကလည်း ခုမှသိလား၊ ပစ္စည်းတွေ ကားဂိတ် ရောက်နေတာဖြင့် နှစ်ပတ်လောက် ရှိတော့မယ်ဟုလည်း ပြောသည်။ ဟိုမှာ ကြည့်ပါလား ၇ ယောက်၊ ၈ ယောက်လောက် ရှိတယ်ဟုလည်း လမ်းတဖက်ဆီ မေးငေါ့ပြသည်။ သည်တော့မှ သူ သတိထားမိလေသည်။ ဘတ်စ်ကား စောင့်နေသူများကြားတွင် ရောနှော ရပ်နေသော အမျိုးသမီးများ။ အများစုက ငယ်ငယ်ရွယ်ရွယ်။ တယောက်၊ နှစ်ယောက်ကတော့ အတော် အသက်ကြီးပြီ။ လက်ထဲတွင် ထီးနှင့် ထမင်းချိုင့် ကလေးများကို ကိုင်သူကိုင်ထားကြသည်။ ဝတ်ထား စားထားသည်ကတော့ နွမ်းနွမ်းပါးပါး။ သြော် … သည်လိုပါလား …။ နောက်တော့လည်း နေ့စဉ် မြင်တွေ့နေရသော ထို မြင်ကွင်းက သူ့အတွက် ရိုးသွားခဲ့သည်။
--------------------------------------

ဟိုယခင် သူ ဆယ်ကျော်သက် အရွယ်တုန်းကတော့ နတ်သမီးကလေးများ၏ အဓိက ကျင်လည် ကျက်စားရာက ကန်တော်ကြီး ဖြစ်သည်။ ၁၉၉၀ ပြည့်လွန်နှစ်များမှသည် ၂၀၀၁ လောက်အထိ။ သည့်ရှေ့ပိုင်းတွင် မည်သို့ ရှိသည်ကိုတော့ သူ ငယ်ရွယ်သေးသောကြောင့် မသိ။ သို့သော် သူသိထားသည့် အတိုင်းအတာတွင်က ရန်ကုန်မြို့လယ်သည် နတ်သမီးလေးများ မွေ့လျော်ရာမဟုတ်။ ထိုစဉ်က မွေ့လျော်ခွင့်ပဲ မပြုသည်တော့လားတော့ မသိ။ ရှိတော့ ရှိသည်၊ ရှားသည်ဟု ဆိုလိုခြင်းသာ ဖြစ်ပါသည်။

ထိုစဉ်က နတ်သမီး ကလေးများကို တွေ့ရတတ်သည်က ဆူးလေပန်းခြံလေး နားတွင် ဖြစ်သည်။ ကျောက်တံတား ရဲစခန်းနှင့် မျက်စောင်းထိုးလောက်တွင်၊ နောက် ၂၈ လမ်း ၂၉ လမ်းအောက်ဘက် ကုန်သည်လမ်းပေါ်တွင်။ သည်မျှလောက်သာ ဖြစ်သည်။ ဒါကလည်း ညပိုင်းလောက်သာ။ ယခုလို ကားဂိတ်တွေတွင် ကျက်စားခြင်း မရှိသည်ကိုတော့ မြို့လယ်တွင် တသက်လုံး နေလာခဲ့သော သူ အသိဆုံးဖြစ်သည်။ သို့သော် သည်အခြေအနေက မှောက်သောခွက်ကို လှန်လိုက်သလို ၂၀၀၃ ခုနှစ်လောက်တွင် စတင် ပြောင်းလဲသွားခဲ့သည်။ သူ စတွေ့သည်ကတော့ အထက်က ဆိုခဲ့သလို အနော်ရထာလမ်းပေါ် လမ်း ၄၀ ထိပ် ကားဂိတ်တွင် ဖြစ်သည်။ လအတော်ကြာလာတော့ ဘယ်သူဘယ်ဝါ ဆိုသည်ကိုပင် သူ ခွဲခြားသိလာသည်။ ဒါကလည်း မဆန်း၊ နေ့စဉ်နေ့တိုင်း သည်လူတွေချည်း ဖြစ်နေသောကြောင့် ဖြစ်သည်။
ခွဲ၍ ပြောမည်ဆိုလျှင်တော့ နံနက်ဂိုဏ်းနှင့် ညဂိုဏ်းဟု ခွဲပြောနိုင်သည်။ ဂိုဏ်းနှစ်ဂိုဏ်း စလုံးတွင် လူက ၁၀ ယောက်ဝန်းကျင်။ များသောအားဖြင့် နံနက်ဂိုဏ်းက အပြောင်းအလဲမရှိ။ ညဂိုဏ်းကတော့ အနည်းငယ် အပြောင်းအလဲ ရှိသည်။ လာနေကျသူများအပြင် အခြား ပျံကျများလည်း ရောက်လာတတ်သည်။ နံနက်ဂိုဏ်း၏ အချိန်က မနက် ၈ နာရီသာသာမှ ညနေ ၃ နာရီ ဝန်းကျင်လောက်အထိ။ ညဂိုဏ်းကတော့ ညနေ ၃ နာရီမှ ည ၁၀ နာရီ ဝန်းကျင်တိုင်။ ဘယ်သူကမှ ခွဲခြား သတ်မှတ်ထားတာတော့ မဟုတ်ပါ။ သူတို့ အလုပ်ချိန်နှင့် သူတို့ သွားချိန်ပြန်ချိန် သူတို့ဘာသာ ချိန်ကိုက်ထားခြင်း ဖြစ်ပါလိမ့်မည်။

သူ နေထိုင်ရာ ကျောက်တံတားမြို့နယ်တွင်တော့ နတ်သမီးကလေးများကို အများဆုံး တွေ့နိုင်သည်က အနော်ရထာ လမ်းပေါ်ရှိ လမ်း ၄၀ ကားဂိတ်တွင်။ တိတိကျကျ ပြောရလျှင်တော့ ၃၈ လမ်းထိပ် ပျံကျဈေးကလေးမှသည် ဆိပ်ကမ်းသာလမ်းနှင့် ၃၉ လမ်းကြား အပင်ရိပ် အုတ်ခုံများရှိရာတွင် ဖြစ်သည်။ လမ်း ၄၀ ထိပ်မှ နတ်သမီးလေးများ၏ ကွန်းခိုရာက သူထိုင်နေကျ လက်ဖက်ရည်ဆိုင် အပေါ်ထပ် တည်းခိုခန်းကလေး၌၊ ၃၈ လမ်းနှင့် ဆိပ်ကမ်းသာ လမ်းထိပ်ရှိ နတ်သမီးလေးများကတော့ ဆိပ်ကမ်းသာလမ်းထဲ ချိုးဝင်လျှင်ဝင်ချင်း တွေ့ရမည့် တည်းခိုခန်းလေးတွင်။ အဆင်ပြေရာ ပြေကြောင်းကို သူတို့ဘာသာ ခွဲခြား သတ်မှတ်ထားကြခြင်း ဖြစ်ပေလိမ့်မည်။

စီခနဲ ကြားလိုက်ရသော လူသံသူသံတို့ကြောင့် သူ သူ့သူငယ်ချင်းနှင့် စကားကောင်းနေရာက အသံလာရာဘက်သို့ ကြည့်လိုက်မိသည်။ ဟိုဘက်လမ်းကူး ကားဂိတ်ဆီမှ အမျိုးသမီးတသိုက် ပြေးလာကြတာကို သူမြင်ရသည်။ ဦးတည်ရာက ဗိုလ်အောင်ကျော် လမ်းဆီသို့။ လမ်းသွားလမ်းလာတွေကလည်း ရပ်တန့် ငေးမောနေကြသည်။ သူ သေချာကြည့်လိုက်တော့ ပြေးနေသူတွေက နတ်သမီးကလေးများ။ သူ ကြည့်နေစဉ်တွင်ပင် ဗိုလ်အောင်ကျော်လမ်းကို ဖြတ်၍ ဗိုလ်တထောင် ၆ ဘက်ဆီ ဆက်ပြေးသွားကြသည်။

သည်တော့မှ သူသဘောပေါက်သည်။ ကျောက်တံတားအပိုင်မှ ဗိုလ်တထောင်အပိုင်သို့ ပြေးခြင်း။ သည်ည စီမံချက်ရှိ၍ လိုက်ဖမ်းခြင်း ဖြစ်လိမ့်မည်။ သို့သော် ရဲက နယ်ကျော်၍ မလိုက်။ ထိုစဉ်မှာပင် ကားဂိတ်ဆီမှ ဆူဆူညံညံ အသံများကို ထပ်ကြားရပြန်သည်။ သူ မနေနိုင်တော့။ ဆိုင်မှထ၍ လမ်းကူးသွားမိသည်။ လူအုပ်ကြီးအလယ်တွင် အမျိုးသမီးငယ် နှစ်ဦး။ ဖမ်းဆီးသူ နယ်ထိန်းနှင့် သူ့ ရပ်ကွက်ထဲရှိ မီးသတ်ကို ဒူးတုပ်၍ တောင်းပန် တိုးလျှိုးနေသည်ကို တွေ့ရသည်။ ခဏအကြာတွင်တော့ လက်ထိပ်ခတ်ပြီး အငှားကားတစီးကို တား၍ တင်သည်။ လူစုကွဲသော အချိန်တွင် ၁၀ နာရီ ကျော်နေခဲ့ပေပြီ။
-------------------------------------

တရက်တွင်တော့ နတ်သမီးကလေးများကို စစ်တမ်း ကောက်ကြည့်ရန် သူ စဉ်းစားမိသည်။ ဘာရယ်မဟုတ်၊ သူက လူ့ဘဝ ရုပ်ပုံလွှာတွေကို စိတ်ဝင်စားသည်။ အရောင်တွေ အရိပ်တွေကို စေ့ချင်ငုချင်သည်။ အတိမ်အနက် အကျဉ်းအကျယ်တို့ကို စူးချင်စမ်းချင်သည်။ အလင်းအမှောင် အမှိန်အဖျော့တွေကို ရှာချင်ဖွေချင်သည်။ သည်လိုနှင့် တမနက်တွင် သူ မြို့ထဲတခွင်သို့ နတ်သမီးကလေးများ လေ့လာရေး ထွက်မိသည်။ ၁၀ နာရီ သာသာခန့်။ သူ လက်ဖက်ရည်ဆိုင်မှ ထလာချိန်။ သူ့ ခရီးစဉ်ကို လမ်း ၄၀ ထိပ်မှ စသည်။ လမ်း ၄၀ ထိပ်မှ သည် ၃၈ လမ်းဈေးအထိ။ သည်တဝိုက်က နတ်သမီးကလေးများကိုတော့ သူ အားလုံးလိုလို သိပြီး ဖြစ်ပါသည်။ ၁၅ ယောက်ဝန်းကျင်။ ထို့နောက်တော့ ပန်းဆိုးတန်းကိုဖြတ်၍ ၃၆ လမ်းထိပ် ကားဂိတ်ဆီသို့ သူရောက်လာသည်။ သည်မှာလည်း ၇ ယောက်၊ ၈ ယောက်။ ဆူးလေဘုရားလမ်းရောက်တော့ သူ ညာကွေ့ပြီး ဗိုလ်ချုပ်လမ်းဆီ သွားသည်။ ရုပ်ရှင်ရုံများ အောက်တွင်လည်း နတ်သမီးကလေးများ။ ၁၄-၅ ယောက်တော့ ရှိလိမ့်မည်။ မနက်ပိုင်းကိုတော့ သည်မျှဖြင့် သူ အဆုံးသတ်လိုက်ပါသည်။

ညနေပိုင်းတွင်တော့ သူ မဟာဗန္ဓုလလမ်းဘက်သို့ ထွက်လာခဲ့သည်။ ၃၉ လမ်းထိပ် ကားဂိတ်ဆီသို့။ သည်မှာလည်း နတ်သမီးကလေးများကို အတော်များများကြီးကို သူ တွေ့ရပြန်လေသည်။ ၃၇ လမ်းထိပ် ထီရုံးမှသည် ၃၉ လမ်းထိပ်အထိ။ မုန့်ဟင်းခါးဆိုင်၊ အသုပ်ဆိုင်တို့တွင် ကျောက်ချသူတို့က ကျောက်ချလျက်။ ကားဂိတ်တွင် ရောနှော ရပ်နေသူတို့လည်း မရှား။ ၂၀ ဝန်းကျင်တော့ ရှိလိမ့်မည်။ ကားဂိတ်ကြီးသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ ဒါက သူ တွေ့မိသလောက်၊ မတွေ့မိသည်များလည်း ကျန်ဦးမည်။ မနက်ပိုင်းနှင့် ညပိုင်းကလည်း ကွဲဦးမည်။ သူ့လေ့လာရေး ခရီးစဉ်ကို သူ စာရင်းချုပ် ကြည့်လိုက်တော့ အယောက် ၁၀၀ ဝန်းကျင် စာရင်း ထွက်လာသည်။ သူ့တိုင်းသူ့ပြည်၏ စီးပွားရေးနှင့် လူမှုဘဝသည် ချွတ်ခြုံကျနေခဲ့ရပြီ ဖြစ်သည်။
---------------------------------

သူ တယ်လီဖုန်း လျှောက်လွှာတင်ပြီး စာတိုက်ကြီးမှ ထွက်လာတော့ နေ့လယ် ၂ ချက်ခွဲကျော်ခဲ့ပြီ ဖြစ်သည်။ မွန်းဘေကရီ ဆိုင်ရှေ့ရောက်တော့ သူ ကော်ဖီ သောက်ချင်စိတ် ပေါက်လာသည်။ ဂျာနယ်များလည်း ဖတ်ချင်၍ ဖြစ်သည်။ ဆိုင်ထဲတွင်တော့ လူတို့ ပြည့်သိပ်လျက်။ သည်မှာလည်း သူတို့ကို သူ တွေ့မိပြန်သည်။ သူတို့ကတော့ ကားဂိတ်ရှိ နတ်သမီးကလေးများထက် အနည်းငယ် ပို၍ တောက်ပသည်။ ရုပ်ရည် ရူပကာလည်း သာသည်။ အထက်လွှာဟု ဆိုရမည် ထင်သည်။ အထက်လွှာ နတ်သမီးများ။ သူတို့ ထိုင်လေ့ရှိသည်က ဗိုလ်အောင်ကျော်လမ်းကို မျက်နှာမူထားသည့် စားပွဲတွင် ဖြစ်သည်။ သည်နေရာ တခုတည်းက ဆိုင်အပြင်မှရော အတွင်းမှပါ အပြန်အလှန် မြင်နိုင်သည့် နေရာဖြစ်သည်။ သူ ငေးနေမိချိန်မှာပင် ဗိုလ်အောင်ကျော်လမ်း တဖက်ရှိ ဆက်သွယ်ရေး တယ်လီဖုန်းမှ ဝန်ထမ်း အမျိုးသမီးက ဆိုင်အပြင်မှ လက်ဟန်ခြေဟန် ပြ၍ လာခေါ်သည်။ သူတို့ထဲမှ တယောက်ထသွားပြီး ဖုန်းသွားပြောနေသည်ကို သူ မြင်နေရလေသည်။ ဒါက သူတို့၏ ဆက်သွယ်ရေး လမ်းကြောင်း။ ရေစီးကြောင်းတော့ ရေစီးကြောင်းပဲ ဖြစ်သည်။ ခေတ်ရေစီးကြောင်းဟု ခေါ်ချင်လည်း ခေါ်ဆိုနိုင်ပါသည်။

ဆိပ်ကမ်းသာ လမ်းထိပ်တွင် ကောင်မလေးကို တွေ့လိုက်ရတော့ သူ အနည်းငယ် အံ့သြသွားမိသည်။ ည ၁၀ နာရီ ပင်ထိုးတော့မည်။ သူ တွေ့နေကျ မနက်ဂိုဏ်းမှ ကောင်မလေး။ ညဂိုဏ်းသို့ပဲ ပြောင်းသွားလို့လား၊ လူသွားလူလာကတော့ အနည်းငယ် ရှင်းနေခဲ့ပြီ ဖြစ်သည်။ သူ ဘေးဘီကို ကြည့်ရင်း စိတ်ကူးတခု ရလာသည်။ ကောင်မလေးကို သူ အနည်းငယ် မေးချင်မြန်းချင်သည်။ သူနှင့် မျက်မှန်း တမ်းမိနေသောကြောင့်လည်း သူ မေးဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ တကယ်က သည်နေရာက သူ့အိမ်နှင့် ဘာမှမဝေး၊ သို့သော် သူ မတတ်နိုင်။ ရှိန်းတိန်းဖိန်းတိန်း ဖြစ်နေသော စိတ်ကိုထိန်းရင်း သူ ကောင်မလေးဆီ ချဉ်းကပ်သွားမိသည်။ သူ့ကို ကောင်မလေး အထင်လွဲတော့မည်က သေချာသလောက် ဖြစ်သည်။ ဒါ့ကြောင့် သူကပဲ အရင်ဦးအောင် ရှင်းပြဖို့ သူ ဆုံးဖြတ်လိုက်သည်။

“ညီမ ညပိုင်း ပြောင်းသွားတာလား” ဟု သူ စကားစလိုက်တော့ ကောင်မလေးက “ဟုတ်တယ် အကို” ဟု တုံ့ပြန်သည်။ သူ့ကို မှတ်မိလားလို့ မေးတော့ ကောင်မလေးက ''မနက်တိုင်း လက်ဖက်ရည်ဆိုင် အဝမှာ ထိုင်ထိုင်နေတဲ့ အကို မဟုတ်လား'' ဟု ပြန်မေးသည်။ ဟုတ်ကြောင်း ပြန်ဖြေပြီး သူ့ကို တမျိုးမထင်ရန် သူ အမြန်ရှင်းပြရသည်။ သူ မေးစရာ နည်းနည်းရှိ၍ ဖြစ်ကြောင်း ပြောတော့ ကောင်မလေး အနည်းငယ် တွန့်ဆုတ်သွားသည်။ ''ရဲတို့၊ ထောက်လှမ်းရေးတို့တော့ မဟုတ်ပါဘူးနော်'' ဟု သူ့ကို မဝံ့မရဲ ပြန်မေးသည်။ မဟုတ်ကြောင်း သူ ပြောပြီး သူ သိလိုသည်တို့ကို မေးသည်။ တကယ်က ကောင်မလေးတို့က တကိုယ်တော် လှုပ်ရှားသူများ။ ချုပ်ကိုင်ထားသည့်သူ မရှိ။ တခုပဲရှိသည်။ သည်အပိုင်က နယ်ထိန်းကိုတော့ တရက် ၅၀၀ ပေးရသည်။ စီမံချက်ရှိ၍ ဖမ်းလျှင်တော့ ကိုယ်ဖြစ်ကိုယ်ခံ။ သည့်နောက်ပိုင်းတွင် မီးသတ်ကိုပါ ပေးပေးနေရသည်ဟု ပြောသည်။ ဒါကိုတော့ သူကောင်းကောင်း သိပါသည်။ သူ့ ဝန်းကျင်ရှိ ဂျပိုးတေလေများ မီးသတ်အဖွဲ့ဝင် ဖြစ်နေသည်မှာ ကြာမြင့်ခဲ့ပါပြီ။

''ကိုယ်နဲ့ရင်းလို့ ရတဲ့ ပိုက်ဆံ အကိုရာ။ သူတို့မို့ မျိုရက် ဆို့ရက်တယ်'' ဟု ညည်းပြော ပြောရင်း ကောင်မလေးက စကားကို နိဂုံးချုပ်သည်။ ကောင်မလေး နေတာက ဒဂုံမှာ။ သည်အချိန် ကားရှိသေးလို့လား ဟု သူမေးတော့ သည်ညတော့ မဂိုလမ်းရှိ တည်းခိုခန်းမှာ အိပ်မည်တဲ့။ ထိုသို့ ပြောရင်း ကောင်မလေး၏ အကြည့်က သူ့ဆီ ဖျတ်ခနဲ ရောက်ရှိလာသည်။ သူ ကပျာကရာ မျက်နှာလွှဲရင်း ပိုက်ဆံအိတ်ကို ဖွင့်သည်။ ''ညီမအတွက် မုန့်ဖိုးပါ'' ဟု ဆိုကာ ငွေ ၁၅၀၀ ကို ကောင်မလေး လက်ထဲထည့်ရင်း သူ နှုတ်ဆက်လမ်းခွဲ လိုက်တော့သည်။ 'သဇင်' ဟု ခေါ်သော ကောင်မလေးကတော့ သူ့ ကို နားမလည်သလို ကြည့်နေပေလိမ့်မည်။
------------------------------------

ခပ်လှမ်းလှမ်းမှ တက္ကစီတားနေသော စုံတွဲကို မြင်၍ သူ့ကားကို အရှိန်လျှော့လိုက်သည်။ ဝေဇယန္တာ လမ်းမကြီးပေါ်။ ဆီဈေးတို့ ကြီးမြင့်လာသဖြင့် ခရီးသွားဟန်လွှဲ လမ်းကြုံလျှင် သူ ပရိုက်ဗိတ် တက္ကစီ မောင်းလေ့ရှိသည်။ ''ဘယ်သွားမလဲ အကို'' ဟု သူ မေးတော့ အမျိုးသားထံမှ အသံမထွက်။ အမျိုးသမီးငယ်ဆီမှသာ အသံထွက်လာသည်။ ဝေဇယန္တာလမ်းမကြီး ပေါ်တွင်ပင်ရှိသော နယ်စပ်မြို့လေး တမြို့ အမည်ကို ယူထားသည့် တည်းခိုခန်းသို့။ သူ ဈေးပြောတော့ မဆစ်တော့ဘဲ ကားပေါ်သို့ တက်သည်။ ခရီးက ဘာမျှမဝေး၊ ၅ မိနစ်သာသာ မောင်းရုံနှင့် သူ တည်းခိုခန်းရှေ့သို့ ရောက်သည်။ ''ခဏလေး စောင့်ပေးပါလား ညီလေးရာ၊ အကို အရင်မေးကြည့်မလို့'' ဟု ကားခရှင်းရင်း အမျိုးသားက ပြောတော့ သူ ခေါင်းညိတ်သည်။

သူ့တွင် ဘာမှ အထွေအထူး လုပ်စရာမရှိ။ အမျိုးသမီးငယ်ကပင် ဦးဆောင်၍ တည်းခိုခန်းအတွင်း ဝင်သွားသည်။ သူ အပြင်မှ တည်းခိုခန်းကြီးကို အကဲခတ်ကြည့်တော့ အခန်းတွေက မနည်းမနော။ ရာကျော်လိမ့်မည်ဟု သူထင်သည်။ ၅ မိနစ်မျှအကြာ စောစောက စုံတွဲ ပြန်ထွက်လာသည်။ အခန်းပဲ အဆင်မပြေသည်လား ဘာဖြစ်သည်လဲ … သူ တွေးတောနေမိစဉ်တွင်ပင် အမျိုးသားထံမှ ''အခန်းမကြိုက်လို့ ညီလေးရာ။ ဘယ်သွားရင် ကောင်းမလဲ မသိဘူး'' ဟု စကားသံ ထွက်လာသည်။ အမျိုးသမီးငယ်ကတော့ သည်ကိစ္စတွင် ကျွမ်းကျင်ဟန် ရှိသည်။ သူ့ကို ဘုရင့်နောင်ဘက်ရှိ တည်းခိုခန်းကြီးတခု၏ အမည်ကိုပြောရင်း ဈေးမေးသည်။ သူ ဈေးပြောတော့ အမျိုးသားက မဆစ်တော့ပါ။ သူကလည်း ပုံမှန်ဈေးပဲ ပြောပါသည်။ ကားမောင်းလာရင်း မိုးက ရွာလာသည်။ ဘုရင့်နောင် မီးပွိုင့် မရောက်မီတွင် သူ ဘယ်ဘက်သို့ ချိုးလိုက်သည်။ သည်လမ်းက သူ ကျောင်းသွားတိုင်း မီးပွိုင့်ရှောင်ရန် သုံးနေကျလမ်း။ တည်းခိုခန်း၏ နောက်ဘက်ရှိ ကားပါကင်တွင် သူ ကားရပ်သည်။ မိုးက ပို၍ သည်းလာသည်။ သူ့ကားပေါ်မှ စုံတွဲ ဆင်းသွားသော်လည်း သူ ကားပြန် မထွက်ဖြစ်သေး။ မိုးစဲအောင် ခဏစောင့်ရန် သူ ဆုံးဖြတ်သည်။ ထိုစဉ်မှာပင် ကားပါကင်မှ ဝိတ်တာကလေးက သူ့ထံ ချဉ်းကပ်လာသည်။ သူ့ကို ခရီးသည် လိုက်ပို့သူဟု ထင်ပုံမရ။ ''အကိုကော မတက်တော့ဘူးလား'' ဟုမေးသည်။ သူ ပြုံးရင်း ''ပြန်တော့မှာ'' ဟုပြောတော့ ဝိတ်တာလေးက သူ့အတွက် အဖော် ခေါ်ပေးမည်ဟု ဆိုပြန်သည်။ သူ နည်းနည်း စိတ်ဝင်စားလာသဖြင့် ဝိတ်တာလေးကို အကျိုးအကြောင်းမေးရင်း အခန်းတခန်းယူရန် ဆုံးဖြတ်လိုက်သည်။

၃ နာရီ တဆက်ရှင်။ သူတို့ကတော့ ရှိုးလို့ ခေါ်ကြလေသည်။ ပထမထပ်တွင် သူ အခန်းတခန်း ရသည်။ သူ အခန်းထဲရောက်ပြီး ခဏနေတော့ စောစောက ဝိတ်တာကလေး ပြန်ရောက်လာသည်။ သူ့ဘေးတွင် နတ်သမီးကလေး တဦး။ နတ်သမီးကလေးက အခြား အခန်းတခန်းမှ ကူးလာပုံရသည်။ ပိန်ပိန်သွယ်သွယ်၊ ၁၉-၂၀ အရွယ် ။ ပုံစံ အသွင်အပြင်က ညှိုးရော် နွမ်းလျနေသည်။ သူ့ကို ဟန်လုပ်ပြုံးပြနေသော နတ်သမီးလေးကို ကြည့်ရင်း သူ စောစောက စိတ်တို့ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရသည်။ သူ ဝိတ်တာလေးကို စကားလှအောင် ပြောရင်း နတ်သမီးလေးကို ပြန်လွှတ်လိုက်သည်။ အခန်းကလည်း ယူပြီးပြီ။ ခဏတော့ နေလိုက်ဦးမည်ဟူသော အတွေးနှင့် သူ အခန်းကို စေ့ငုမိသည်။ နှစ်ယောက်အိပ် ကုတင်တလုံး၊ ရေချိုးခန်း အိမ်သာတွဲလျက်၊ တီဗီတလုံးနှင့် တယ်လီဖုန်းလည်း ပါသည်။ အပြင်အဆင် အခင်းအကျင်းက သန့်သန့်ပြန့်ပြန့် တော့ရှိသည်။ သူ တစ်ယောက်တည်း ဘာလုပ်ရမှန်း မသိသည်နှင့် တီဗီဖွင့်လိုက်သည်။

ချယ်နယ်တို့ကို ဟိုရွှေ့သည်ရွှေ့ လုပ်ရင်း စောစောက ဝိတ်တာလေး ပြောသွားသော ချယ်နယ်ကို သူ တွေ့ရသည်။ ၂၄ နာရီ အပြာကားများ ပြသည့်ချယ်နယ်။ အောက်ထပ်ရှိ စက်ခန်းမှ ခွေထိုးပြနေခြင်း။ သူ ပျင်းပျင်းရိရိနှင့် အိပ်ရာပေါ် လဲလျောင်းရင်း တီဗီကြည့်သည်။ အပြင်ဘက်တွင် မိုးက သည်းသည်းမည်းမည်း ရွာလျက်။ ဗုဒ္ဓဝင်မှ အလွန် ကုံလုံပြည့်စုံသော သူကြွယ်ကြီးတဦး၏ အမည်နာမကို ခံယူထားသည့် တည်းခိုခန်းကြီး တခုလုံး တိတ်ဆိတ်နေသည်။ သူ မှေးခနဲ အိပ်ပျော်သွားသည်။
--------------------------

ည ၈ နာရီ ကျော်ပြီမို့ သိမ်ကြီးဈေး၏ ညက သက်ဝင်လှုပ်ရှားလာသည်။ zero zone မှ လွင့်ပျံလာသော တေးသံများကို သူ အတိုင်းသား ကြားနေရသည်။ သူက မင်္ဂလာရုံ အပေါ်ဆုံးထပ်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။ သူ့ဖခင်ကို ဆေးခန်းလိုက်ပို့ရာ တိုကင်နံပါတ် နောက်ကျသောကြောင့် နောက်တနာရီလောက်တော့ အနည်းဆုံး စောင့်ရပေဦးမည်။ လမ်းတလျှောက်ရှိ ကလပ်များကို သူ အပေါ်စီးမှ ငေးကြည့်နေရင်း ငြီးငွေ့လာသဖြင့် အောက်ဆင်း၍ လက်ဖက်ရည်သောက်ရန် ဆုံးဖြတ်လိုက်သည်။ အောက်ရောက်တော့လည်း ဘယ်မှာထိုင်ရမည်ကို သူ ဝေခွဲမရ။ သိမ်ကြီးဈေးအတိုင်း လျှောက်လာရင်း အနော်ရထာလမ်းနှင့် ဆုံရာ လူကူးတံတား အောက်ရောက်တော့ လက်ဖက်ရည်ဆိုင်ကို တွေ့သည်။ နတ်သမီးကလေးတွေ ထိုင်နေပါလား …။ မင်္ဂလာရုံနှင့် နီးနီးနားနားမှာပဲ ထိုင်တော့မည် ဟူသော အတွေးနှင့် သူ ပြန်လှည့်လာသည်။

သည်လိုနှင့် မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရား လမ်းထောင့် လူကူးတံတားအောက်မှ လက်ဖက်ရည် ဆိုင်ကလေးတွင် သူ ဝင်ထိုင်လိုက်သည်။ ထိုင်ပြီးမှ သူ သတိပြုမိလေသည်။ သည်မှာလည်း နတ်သမီးလေးများ။ သူ့ဘေးကပ်လျက် ဝိုင်းတွင် ထိုင်နေကြသည်။ ခဏကြာတော့ တယောက်က သူ့ထံမှ မီးခြစ် လှမ်းတောင်းလေသည်။ ပေးလိုက်တော့ ''ဆေးလိပ်လေးပါ ပေးပါလား'' ဟု နောက်တယောက်က ပြောင်စပ်စပ် ပြောပြန်သည်။ သူ့ဆေးလိပ်ဗူး လှမ်းပေးလိုက်ချိန်မှာပင် အခြားဝိုင်းမှ လူငယ်နှစ်ယောက် ထလာကာ နတ်သမီးကလေးတို့၏ ဝိုင်းတွင် ဝင်ထိုင်လေသည်။ နိုက်လား၊ ရှိုးလား ဟူသော အသံများ၊ တပုလင်းခွဲ နှစ်ပုလင်းဟု တုံ့ပြန်သံများ၊ ခိုးခိုးခစ်ခစ် ရယ်မောသံများ၊ သူ ထဖို့ ဆုံးဖြတ်သည်အထိ သူတို့ ညှိနှိုင်းပွဲ မပြီးဆုံးသေး။ မင်္ဂလာရုံအပေါ်ထပ် ရောက်မှ သူ့ စီးကရက်ဗူး သူ ပြန်သတိရလေသည်။ နတ်သမီးလေးများထံတွင် ကျန်နေခဲ့ပြီ။
---------------------------------------

“ဗိုက်ဆာတယ်ကွာ။ ထမင်းကြော် သွားစားရအောင်“ ဟု သူ့ သူငယ်ချင်းက ပြော၍ နာရီကို သူ လှမ်းကြည့်လိုက်သည်။ ည တချက် ထိုးတော့မည်။ သည်အချိန် ဘယ်သွားမလဲ။ ၁၇ လမ်းသွားဖို့ပဲ ရှိတော့သည်။ သူတို့ ရောက်တော့ ဆိုင်ကလေးက လူရှင်းနေသည်။ သည်ည ဘာဘောလုံးပွဲ မှမရှိ။ သည်အချိန် ထမင်းစားချင်စိတ် မရှိတော့၍ သူကတော့ လက်ဖက်ရည်ပဲ မှာလိုက်သည်။ ဆိုင်တွင် ဝိုင်းက ၃ ဝိုင်းတည်း။ ယောက်ျားလေး ဝိုင်းဆို၍ သူတို့ တဝိုင်းသာ။ ကျန်နှစ်ဝိုင်းတွင်က ကလပ်မှ ပြန်လာသော နတ်သမီးလေးများ။ သည်ဆိုင်ကလေးက ညလုံးပေါက် ဖွင့်သော ဆိုင်ကလေးမို့ သူတို့ ထိုင်နေကြခြင်း ဖြစ်သည်။ တခါတရံ စီမံချက် ရှိလျှင်တော့ နတ်သမီးလေးများက ဗိုလ်ချုပ်လမ်းပေါ်ရှိ အစိုးရ ဝင်းတဝင်းအတွင်း ဖွင့်သော လက်ဖက်ရည်ဆိုင်သို့ ပြောင်းထိုင်တတ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ၁၇ လမ်းက စစ်ကြိုခေတ်က နတ်မိမယ်များ တရားဝင် ပျော်စံရာ ဖြစ်ခဲ့ကြောင်းကိုတော့ ဆရာသော်တာဆွေ ရေးတာ သူ ဖတ်ရဖူးသည်။

နတ်သမီးလေးများကို ကြည့်ရင်း သူ တခု တွေးမိလာ၍ ပြုံးမိသည်။ သူ့ နေ့စဉ်ဘဝတွင် နတ်သမီးလေးများကို မတွေ့ရသည့်နေ့ မရှိ။ နံနက် မိုးလင်းချိန်မှ စတွေ့ လိုက်သည်မှာ ယခု ည တနာရီအထိ တွေ့တုန်း ဖြစ်သည်။ သူ့ ချစ်သူကိုပင်လျှင် သူ နေ့စဉ်မတွေ့၊ တပတ်လုံးလုံး မတွေ့ဖြစ်သည်လည်း ရှိသည်။ နတ်သမီးလေးများကိုတော့ ….. ''ဘာပြုံးတာလဲ'' ဟု မေးသည့် သူ့ သူငယ်ချင်းကို ''ဘာမှ မဟုတ်ပါဘူး'' ဟုသာ သူပြန်ဖြေလိုက်သည်။ ညက တိတ်တိတ်ဆိတ်ဆိတ်၊ ခြောက်ခြောက်သွေ့သွေ့။ လက်ဖက်ရည် သောက်လိုက်ရသဖြင့် သူ့ မျက်လုံးများ ပြန်ကျယ်လာသည်။ နတ်သမီးလေး တယောက်က သူတို့ နှစ်ယောက်ကို ကြည့်ရင်း အဖော်များအား တစုံတရာ တီးတိုးပြောသည်။ ရယ်သံများ သူကြားရချိန်တွင် လှုပ်ရှား သွားသော စိတ်ကို ဖုံးကွယ်ရန် ရေနွေးတစ်ခွက် ငှဲ့လိုက်ရလေသည်။ ဆေးရုံကြီးဘက်ဆီက ခွေးဟောင်သံ သဲ့သဲ့ကို သူကြားရသည်။ ဆောင်းဝင်လာပြီမို့ ညက တဖြည်းဖြည်း အေးစက်လာလေသည်။

နိုင်ငံခြားမှ ခေတ္တပြန်ရောက် လာသော သူငယ်ချင်းများနှင့် တွေ့ဆုံသည့် ပွဲမို့ သူတို့ဝိုင်းက အတော်ညဥ့် နက်သွားခဲ့သည်။ ဘီယာပုလင်းတို့က အလဲလဲ အပြိုပြို။ ဘယ်ဆက်သွားမလဲဟု အမေရိကားမှ သူငယ်ချင်းကမေး၍ သူ နာရီကို ကြည့်လိုက်တော့ ည တချက်ကျော်ခဲ့ပြီ။ သူတို့ ဘယ်ဆက်သွားမလဲ…။ သူတို့ တဝိုင်းလုံး မူးယစ်ရီဝေလျက်။ ခဏတဖြုတ် အိပ်လို့ရမည့် နေရာတနေရာ…။ လပေါ်သို့ တက်ရန် သူ ဆုံးဖြတ်လိုက်သည်။ လပြည့်ညမို့ လ က ထိန်ထိန်သာ နေလေသည်။

၃၉ လမ်း အထက်လမ်းရှိ တိုက်တတိုက်၏ ငါးလွှာသို့ သူတို့ရောက်တော့ ည တချက်ခွဲ ခဲ့ပြီ။ စန္ဒာငွေလမင်း၏ အမည်ကို အင်္ဂလိပ်လို ရေးသားထားသော ဆိုင်းဘုတ်ဝါဝါ ကလေးကို ကြည့်ရင်း သူ တံခါးခေါက်လိုက်တော့ ဆိုင်ရှင် မနိုင် ကိုယ်တိုင် တံခါးလာဖွင့်လေသည်။ မနိုင် က ယခင်ကတည်းက သူနှင့် သိကျွမ်းသူ။ အရင်ကတော့ အိမ်ပွဲစား၊ အခုတော့လည်း သည်ရေစီးကြောင်းထဲမှာ။ “သားကြီးပါလား။ ဘော်ဒါတွေလည်း ပါတာပဲ။ လာ လာ“ ဟူသော မနိုင် စကားအဆုံးမှာတော့ သူတို့အားလုံး အခန်းထဲ ဝင်လိုက်ကြလေသည်။ အခန်းထဲတွင် ကောင်မလေးတွေက ထိုင်သူထိုင် လှဲသူလှဲလျက်။ ဗီစီဒီခွေ မှ ဟစ်ဟော့သီချင်းကို လိုက်ညည်းသူက ညည်းနေကြသည်။ သည်ည ဧည့်သည် ပါးပုံရသည်။ “ကိုသားကြီး လက်ဖက်သုတ်စားပါဦး“ ဟူသော ကောင်မလေး တယောက်၏ ဖိတ်မန္တကပြုမှုကို သူ ပြုံး၍ ခေါင်းခါရင်း သူ့ သူငယ်ချင်းတွေအတွက် နေရာထိုင်ခင်း စီစဉ်ရသည်။ အခန်း၏ နောက်ဘက်တွင် ရှိနေတာက လူ ၅ ယောက်စာ နှစ်ခန်း။ တခန်းက လုံးလုံးအားနေသည်။ သူတို့အဖွဲ့က လူ ၆ ယောက်မို့ သူ့ သူငယ်ချင်း ၅ ယောက်ကို အခန်းတခန်း ပေးလိုက်သည်။ သူကတော့ နောက်တခန်းထဲ ဝင်ခဲ့လေသည်။

သူ ဝင်လာသည့် အခန်းထဲတွင် အခြား ဧည့်သည် ၄ ယောက်။ သူက အခန်း၏ အလယ်တွင် နေရာရသည်။ တခန်းလုံးက မှောင်မိုက်လျက်။ အိပ်ရာတို့ကို ကြမ်းပြင်ပေါ် ခင်းထားသည်။ အိပ်ရာတခုနှင့် တခုကြားတွင်တော့ ခန်းဆီးပါးကလေးများ ခြားထားသည်။ အိပ်ချင်စိတ်က စိုးမိုးနေသည်မို့ သူ့ကို နှိပ်နေသော ကောင်မလေးကိုပင် သူ ဘာမှမပြောမိ။ သို့သော် သူ ခေါင်းချလိုက်မိစဉ်မှာပင် သူ့ ဘယ်ဘက်ဘေး အိပ်ရာမှ ကောင်မလေး၏ အသံကို သူကြားလိုက်ရသည်။ “ဘာလို့ အများကြီး ယူလာတာလဲ။ တခုဆို တော်ရောပေါ့“ တဲ့။ စကားသံ သဲ့သဲ့ကို သူကြားရပြန်သည်။ ခဏနေတော့ တီးတိုးညည်းညူသံများ။ သည်အသံများနှင့်အတူ ခြေထောက်တဖက်က ခန်းဆီးစကိုကျော်၍ သူ့ အိပ်ရာဘက်ဆီ ရောက်ရှိလာသည်။ သူ ဆက်အိပ်၍ မရတော့။ မှောင်မိုက် လောင်အိုက်နေသော အခန်းထဲတွင် သူ ဇောချွေးပြန်စ ပြုလာသည်။ ခဏအကြာ ညည်းညူသံများ ထပ်ကြားရပြန်သည်။ သည်တခါ သူ့ ညာဘက်က။ သည်းမခံနိုင်တော့သည့်အဆုံး အခန်းထဲမှ ထွက်ရန် သူ ဆုံးဖြတ်လိုက်သည်။ ဆေးလိပ်ဗူးကို နှိုက်သည်။ ဆေးလိပ် မကျန်တော့။ သူ့ သူငယ်ချင်းများ ရှိရာ အခန်းဆီ သူ ကူးခဲ့လေသည်။

သူ့ သူငယ်ချင်းများ အခန်းတွင်တော့ မီးလင်းနေသည်။ သူငယ်ချင်းရှိရာရောက်တော့ ကောင်မလေးနှင့် စကား ပြောနေသည်ကို တွေ့သည်။ သူငယ်ချင်းထံမှ ဆေးလိပ်တလိပ် တောင်းယူရင်း အိမ်ရှေ့ခန်းဘက် သူ ထွက်ခဲ့လေသည်။ ဝရန်တာတွင် ဆေးလိပ်သောက်လိုက်မှ သူ နည်းနည်း နေသာထိုင်သာ ရှိလာသည်။ သည်မှာပင် အနှိပ်ခန်းများအကြောင်း သူ စဉ်းစားမိသည်။ ဟိုယခင်ကတော့ အနှိပ်ခန်းလုပ်ငန်းကို အကြီးအကျယ် လုပ်သည်က ဗိုလ်အောင်ကျော်လမ်း အောက်ဘက်ရှိ ဟိုတယ်ကြီး တခုတွင်။ ထိုစဉ်က ယခုလို နေရာတိုင်းတွင် မရှိသေး။ ပြီးတော့ ယခုလို လိင်ဖျော်ဖြေရေး မပါ။ အနှိပ်ခံရုံ သက်သက်မျှသာ။ အဆင်ပြေလျှင် အပြင်တွင် ချိန်းတွေ့။ သည်မျှလောက်သာ ဖြစ်သည်။

မြို့ထဲတခွင်တွင် အနှိပ်ခန်းများ မှိုလို ပေါက်လာသည်ကတော့ သူ မှတ်မိသလောက် ၂၀၀၅ ခုနှစ်မှ စ၍။ ၂၀၀၅ နှစ်ကုန်ပိုင်းလောက်တွင်တော့ မြို့ထဲရှိလမ်းတိုင်းတွင် အနှိပ်ခန်းများ ပျံ့နှံ့နေခဲ့ပြီ။ မြို့ထဲရှိ လမ်းတလမ်းတွင် အထက်လမ်း၊ အလယ်လမ်းနှင့် အောက်ဆုံးနှစ်လမ်း ဟူ၍ ဘလောက် ၄ ခု ရှိရာ ၄ ခုစလုံးကို သူ ဆိုလိုပါသည်။ ဆိုင်းဘုတ်ဝါဝါ၊ ပြာပြာလေးများ ကိုယ်စီကိုယ်ငှ။ သည်လုပ်ငန်းက များသောအားဖြင့် အထပ်မြင့် ငါးလွှာ ခြောက်လွှာ အခန်းများတွင် လုပ်လေ့လုပ်ထ ရှိသည်။ ထူးထူးခြားခြား ၃၈ လမ်းဈေးမှ ဆိုင်တဆိုင်ကတော့ မြေညီထပ်တွင် ဖွင့်ထားသည်။ ယခင်ကကဲ့သို့ ခိုးကြောင်ခိုးဝှက် ဖွင့်ထားသည့်ပုံပင် မရှိတော့။ ပေါ်ပေါ်တင်တင်ပဲ ဖြစ်ပါသည်။ ပြီးတော့ သည်တခါ ထူးခြားသည်က အနှိပ်ခန်းအများမှာ သာမန်မဟုတ်။ လိင်ဖျော်ဖြေရာ ဌာနများ။ လာရောက်သူ အမျိုးသားများအတွက်ကလည်း ဒါက ပိုအဆင်ပြေသည်။ ယခင်ကကဲ့သို့ တကူးတက အမျိုးသမီးအဖော် လိုက်ရှာရန် မလိုတော့။ တည်းခိုခန်းလည်း သွားစရာမလို။ အနှိပ်ခန်း တဆက်ရှင်ခနှင့် နှိပ်ပေးသူ ကောင်မလေးကို မုန့်ဖိုး အနည်းအကျဉ်း ပေးလိုက်ရုံသာ ဖြစ်သည်။

သည်မှာပင် အနှိပ်ခန်းများ နာမည်ကြီးသထက် ကြီးလာသည်။ အနှိပ်ခန်း တခန်းတွင် နတ်သမီးလေးများက အနည်းဆုံး ၁၀ ယောက်ဝန်းကျင်တော့ ရှိတတ်သည်။ သြော် … မြေပေါ်သို့ မသက်သည့် ဘုံခုနစ်ဆင့် တိမ်ယံငွေနန်းမှ နတ်သမီးကလေးများ …..။ သူ အိမ်ပြန်ချင်ပြီမို့ အတွေးကို ဖြတ်ရင်း အခန်းထဲ ပြန်ဝင်ခဲ့သည်။ “သူတို့က နတ်တွေလေ အငွေ့ပဲစားတာ“ သူ့ကို ခုနက နှိပ်သည့် နတ်သမီးလေးက မကြားတကြား လှမ်းစလေသည်။ ''သည်မှာတော့ နတ်ဖြစ်တာပဲ ကောင်းပါတယ် ကောင်မလေးရယ်'' … သူ့စိတ်ထဲမှ ပြန်ပြောရင်း သူငယ်ချင်းများထံ ပြန်သွားသည်။ သူနှင့် လိုက်ပြန်မည့်သူ သိပ်မရှိ။ ကျန်သူငယ်ချင်းများက ညအိပ်ကြလိမ့်မည်။ မနိုင် ကို နှုတ်ဆက်ပြီး လပေါ်မှ မြေပေါ် ပြန်ရောက်တော့ မနက် ၃ နာရီ။ လ က သာမြဲ သာနေပါသည်။
--------------------------------

သူ စစ်တမ်းကောက်ပြီး ၃-၄ လ အကြာတွင် ကားဝပ်ရှော့တခု၌ အင်ဂျီအို အဖွဲ့တခုမှ ဝန်ထမ်းတယောက်နှင့် သွားဆုံသည်။ ကွန်ဒွန်များ ဝေငှနေခြင်း။ သူ့ကို ကမ်းပေးလိုက်သော လက်ကမ်းစာရွက်လေးကို ကြည့်ရင်း အေအိုင်ဒီအက်စ် ဖြစ်ပွားသူဦးရေ သူ့ နိုင်ငံတွင် မည်၍မည်မျှ ရှိသည်ကို သူ စုံစမ်းမိသည်။ အစိုးရ ထုတ်ပြန်ထားသော စာရင်းက ၃၈၅၀၀၀။ သို့သော် သူသိလိုသည်က တကယ့် အစစ်အမှန်။

ညနေဘက်တွင် နောက်သတင်း တခု ကြားရပြန်သည်။ သူ့ကားဆီ ထုတ်ရောင်းနေချိန် တွင်ဖြစ်သည်။ ဗိုလ်တထောင် ကားပွဲစားတန်း အဟောင်းနေရာတွင်၊ ထိုနေ့က သူ့ကားကို ဆီထုတ်နေကျ ချာတိတ်ဖြစ်သူကို မတွေ့။ အကိုဖြစ်သူ ဆုံးသွားသောကြောင့် ဆေးရုံသို့ လိုက်သွားသည်ဟု အခြားချာတိတ် တယောက်က ပြောသည်။ လွန်ခဲ့သော ခြောက်လလောက်ကတော့ အသည်းရောဂါ ဖြစ်နေသည်ဟု သူ သတင်းသဲ့သဲ့ ကြားခဲ့မိပါသည်။ ယခု ဆုံးသွားပြီတဲ့ ။ အသည်းက မြန်လှ ချည်လားကွ ဟု သူ မေးပြော ပြောမိတော့ သူ့ ကားကို ပိုက်ထိုးနေသော ချာတိတ်က “အေအိုင်ဒီအက်စ်ဝေဒနာဖြင့် ဆုံးပါးသွားသည်“ဟု ကြားကြောင်း သူ့ကိုပြန်ပြောသည်။ အေအိုင်ဒီအက်စ်တဲ့... သူ သက်ပြင်းချရင်း ရုတ်တရက်ကိုယ်တွေပူလာသလို ခံစားလိုက်ရသည်။
-------------------------------

“ရေလယ်ခေါင် သောင်ထွန်း နတ်သမီး နေတဲ့ကျွန်း” သူ ငယ်ငယ်က ဝှက်ခဲ့သော စကားထာ ကလေးကို သူ ပြန်သတိရသည်။ “ရေလယ်ခေါင် သောင်ထွန်း” တဲ့ ။ သည်စကားထာလေးကို သူ နေ့စဉ် မြင်တွေ့နေရသော နတ်သမီးလေးများနှင့် သူ ထင်ကြည့်ဟပ်ကြည့်သည်။ သူ နေထိုင်ရာ မြို့လယ်ခေါင်သည် သောင်တခု ဖြစ်ခဲ့ပြီလား …. အခြားနေရာများထက်တော့ သောင်သောင်သာသာ ရှိ၍ နတ်သမီးလေးများ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ နတ်သမီးလေးများအတွက် ဘဝလှိုင်းတံပိုးများ အကြားတွင် မနစ်မြုပ်ရန် ယာယီဖြစ်စေ ခေတ္တရပ်တည် နေရသည့်သောင်။ သည်သောင်ကကော ဘယ်လောက်ကြာကြာ ခံမည်လဲ ….။ တကယ်က သူတို့အားလုံးက သည်ခေတ်၊ သည်စနစ်၏ သားကောင်များ …

သူကကော …. သည်ခေတ်ကို ပြောင်းနိုင်ရန် သူ့တာ သူ့ဝန်ကို ဘယ်၍ဘယ်မျှ ထမ်းရွက်ခဲ့ပြီလဲ …..။ သူ စဉ်းစားရင်း ခေါင်းတို့ နောက်ကျိ ရီဝေလာသည်။ နတ်သမီးလေးများက သည်ခေတ် သည်စနစ်၏ ပြယုဂ်တခု၊ သူ့ပြည်သူ့ရွာ၏ ရုပ်ပုံလွှာတချပ် ဖြစ်နေသည်။ သည်ပန်းချီကားက စုတ်ချက် ကြမ်းလှပါလား။ သည်လိုပဲ သူ ခံစားမိသည်။ နတ်သမီးလေးများအတွက် အနာဂတ်ဟူသည် မရှိ။ မနက်ဖြန် ဆိုသည်မရှိ။ “အကိုကသာ ကွန်ဒွန် သုံးရဲ့လား မေးနေတာ။ တချို့ဖောက်သည်တွေက သုံးချင်တာ မဟုတ်ဘူး။ ညီမတို့လည်း ဘာတတ်နိုင်မှာလဲ။ မျက်စိ မှိတ်လိုက်ရတာပဲ” ကောင်မလေး၏ စကားသံက သူ့ထံ ပဲ့တင်ပြန်လာသည်။ သည်ခေတ် သည်စနစ်ကြီးအတွက် ပေးလိုက်ရသည့် တန်ဖိုးက မနည်းပါလား စိတ်ကူးယဉ်သည်ဟုပဲဆိုဆို …… သူ တင်စားခေါ်ဝေါ် မိခဲ့သော နတ်သမီးလေးများကို နောင်ဘဝတွင်တော့ တကယ့် နတ်သမီးကလေးများ သူ ဖြစ်စေလိုလှသည်။ နတ်တို့တွင် အစာနှင့် နေစရာ ရှာရန် မလိုအပ်ဟု သူ ဖတ်ဖူးမှတ်ဖူးခဲ့သောကြောင့် ဖြစ်ပါသည်။ ။

ညိုထက်ညို

Thursday, July 17, 2008

မီဒီယာဈေးကွက်အတွင်း မညီမျှသည့် ယှဉ်ပြိုင်မှု နှင့် လက်သင့်ရာ စားတော်ခေါ်စနစ်

ထက်ဝင်း နှင့် ဆက်လင်း
ကြာသပတေးနေ့၊ ဂျူလိုင်လ 17 2008 17:46 - မြန်မာစံတော်ချိန်

ယခုအခါ ပြည်တွင်း မီဒီယာလုပ်ငန်းမှာ လုပ်ရကိုင်ရ ပိုမို ခက်ခဲလာနေသည်။ ဤသို့ ဖြစ်ရသည်မှာ စာပေစိစစ်ရေး၏ ထင်သလို လုပ်နေမှုများကြောင့်သာ မဟုတ်ဘဲ စစ်အစိုးရနှင့် အကြောင်းအပေါင်း သင့်သူများက ကိုယ့်စရိတ်ကိုယ်စားကာ မသမာသော နည်းများဖြင့် ချဉ်းကပ်လာနေသောကြောင့် ဖြစ်သည်။ သူတို့ကြောင့် ပုဂ္ဂလိက မီဒီယာလုပ်ငန်း ကြီးထွားလာရေးမှာ အတားအဆီး အခက်အခဲများနှင့် ကြုံနေရသည်။

မကြာသေးခင်နှစ်များက ပုဂ္ဂလိက မီဒီယာ လုပ်ငန်းများအပေါ် စစ်အစိုးရ၏ သဘောထား ကောင်းမွန်ခဲ့သော်လည်း ထိုအချိန်ကပင် လုပ်ငန်းများ လုပ်ကိုင်ရာ၌ မညီမျှမှုများရှိကာ ပုဂ္ဂလိက ကဏ္ဍသည် အသဲအသန် ယှဉ်ပြိုင်နေခဲ့ရသည်။ ယခုအခါတွင်မူ အစိုးရ အာဏာပိုင်များ၏ မျက်နှာသာပေးမှု ခံရသော မီဒီယာ လုပ်ငန်းပိုင်ရှင် အချို့သည် မီဒီယာ လုပ်ငန်းကြီး တခုလုံးကို လက်ဝါးကြီးအုပ်ရန် လုပ်လာကြသည်။

မြန်မာနိုင်ငံမှ စာနယ်ဇင်းလုပ်ငန်း လုပ်ကိုင်နေကြသော တဒါဇင်ထက် မပိုသည့် လုပ်ငန်းရှင်များကို အမျိုးအစားခွဲ ကြည့်လျှင် အဓိကအားဖြင့် ၂ ခုသာရှိသည်ကို တွေ့ရမည် ဖြစ်သည်။ ပထမအမျိုးအစားမှာ အခြေခံ ပြည်သူများ၏ အကျိုးစီးပွါးကို မကြည့်ဘဲ အာဏာပိုင်များနှင့် အတင်း ပလူးပလဲ လုပ်ကာ ဈေးကွက်ဝေစု အကြီးကြီးကို ရယူသိမ်းပိုက်၍ ရှင်သန်အောင် ကြိုးစားနေကြသော အုပ်စုဖြစ်ပြီး၊ နောက်တခုမှာ တဖြေးဖြေး ကြီးထွားလာနေသော မီဒီယာဈေးကွက် အတွင်း ကိုယ့်အရည်းအချင်းနှင့်ကိုယ် ယှဉ်ပြိုင်လိုသူများ ဖြစ်သည်။

ပထမ အမျိုးအစားတွင် ပါဝင်သော မီဒီယာလုပ်ငန်းများမှာ အနည်းစုသာ ဖြစ်သော်လည်း ငွေကြေး တောင့်တင်းကြပြီး စာပေစိစစ်ရေးကို ငွေနှင့်ပေါက်၍ အိတ်ထဲ ထည့်ထားနိုင်သူများ ဖြစ်ကြသည်။

“ဒီလူတွေက အရေအတွက်တော့ နည်းတယ်၊ ဒါပေမဲ့ ငွေကြေးတောင့်တယ်ဗျ။ ဒီအားနဲ့ သူတို့က တခြားသူတွေကြီး ထွားမလာနိုင်အောင် ဖိထားပြီး မျှတတဲ့ ယှဉ်ပြိုင်မှုကို ပျက်အောင် လုပ်နေတာ” ဟု မကြာသေးခင်က ထုတ်ဝေခဲ့သော အပတ်စဉ် စာစောင်တခု၏ အယ်ဒီတာတဦးက ပြောသွားပါသည်။ ထိုသူများသည် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းကဲ့သို့သော အဆင့်မြင့် အစိုးရ အရာရှိကြီးများနှင့် အလွန်ရင်းနှီးကြသည်။ ပြန်ကြားရေး ဝန်ကြီးဌာနသည် ဆင်ဆာ လုပ်ထုံးလုပ်နည်းများနှင့် ထုတ်ဝေခွင့်လိုင်စင် ချပေးခြင်းများကို ကိုင်တွယ်နေသူ ဖြစ်သည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန ဟု တရားဝင်ခေါ်ဝေါ်သော ဆင်ဆာအဖွဲ့ကို စာပေကင်ပေတိုင် ဟုလည်း မြန်မာ စာရေးဆရာများနှင့် သတင်းစာဆရာများ လောကတွင် သိကြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲဝင် သူရဲကောင်းများကို ညှဉ်းပန်း နှိပ်စက်ခဲ့သည့် ဂျပန် ကင်ပေတိုင်အဖွဲ့နှင့် တင်စား ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။

ဆောင်းပါးများ စာမူများအားလုံးကို ထုတ်ဝေခြင်းမပြုမီ စာပေဆင်ဆာ အဖွဲ့သို့ တင်ပြရသည်။ ဤစည်းကမ်းကို ဖေါက်ဖျက်လျှင် ဖေါက်ဖျက်သူသည် ထောင်ဒဏ်ထိ ကျခံရနိုင်သည်။

ဤအစိုးရနှင့် အကြောင်းအပေါင်းသင့်သည့် မီဒီယာ လုပ်ငန်းကြီးများသည် လွန်ခဲ့သော ၅ နှစ်လောက်ကတဲက မိမိတို့ နှင့်ပြိုင်ဘက် မီဒီယာလုပ်ငန်းများကို အစိုးရအာဏာအား အလွဲသုံးစားလုပ်ကာ နှိမ်နင်းခဲ့ကြသည်။ တိုင်းပြည်တွင်း ကြီးထွားလာနေသော ပုံနှိပ်မီဒီယာ အထူးသဖြင့် ပြည်တွင်းတွင် ဂျာနယ်ဟု လူသိများကြသော အပတ်စဉ် စာနယ်ဇင်း ထုတ်ဝေရေး လုပ်ငန်းကြီးတွင် လွတ်လပ်မျှတစွာ ယှဉ်ပြိုင်မှုကို ကြောက်ရွံ့ပြီး ယခုကဲ့သို့ ပြုလုပ်ကြခြင်း ဖြစ်သည်။

“သူတို့ အနေအထားက ပိုပိုပြီး သိသာလာနေတယ်။ အထဲမှာ နိုင်ငံရေးအရ ချောင်ပိတ်မိနေတာနဲ့အတူ စာပေစိစစ်ရေးက ဘက်လိုက်တာတွေကလဲ ပိုပြီး သိသာလာနေတယ်၊ မသမာတာတွေလဲ အများကြီး တွေ့နေရတယ်။ အစိုးရစီမံ ခန့်ခွဲပုံညံ့ဖျင်းလို့ တခြား စီးပွါးရေး လုပ်ငန်းတွေမှာ မနည်း ကြိုးစားပြီး ရှင်သန်အောင် လုပ်နေရသလိုဘဲ၊ ဒီမီဒီယာ လုပ်ငန်းမှာလဲဘဲ ဒီလုပ်ငန်းထဲမှာ ရှင်သန်နေဘို့ ဆိုတာ တော်တော်ကို အကန့်အသတ်တွေ ဖြစ်လာနေပြီ” ဟု အဆိုပါ အယ်ဒီတာ က ပြောသွားပါသည်။

သူတို့သည် ခေါင်းကြီးများ ရေးသည့်အခါ အစိုးရ၏ ပေါ်လစီကို ဆန့်ကျင်သလိုလိုနှင့် တကယ်တမ်းတွင် အစိုးရကို ချီးကျူး ထောပနာ ပြုထားသည်များကိုသာ ရေးသား ဖေါ်ပြနေကြသည်။ ဥပမာအားဖြင့် အစိုးရ၏ မူဝါဒလမ်းစဉ် ၇ ရပ် ဆိုသည်ကိုသာ ရေးသားဖေါ်ပြနေကြပြီး သာမန် ပြည်သူလူထု၏ အမြင်များကို ပြောင်းလဲလာအောင် လုပ်နေကြသည်။

နာမည်ကြီး အပတ်စဉ်ဂျာနယ် တစောင် ပျောက်သွားရခြင်းမှာ စာပေ စိစစ်ရေးအဖွဲ့အပေါ် မလျော်သြဇာ သုံးခဲ့ခြင်းနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။ စာပေစိစစ်ရေးက ပိတ်ပင်ထားသော်လည်း သတင်းတပုဒ်ကို ဖေါ်ပြခဲ့ခြင်းကြောင့် ထုတ်ဝေခွင့်လိုင်စင်ကို ရုပ်သိမ်းခံခဲ့ရသည်။

ဤမီဒီယာ လုပ်ငန်းကြီးများ ဘာလို့ ဒီလိုလုပ်နိုင်သလဲ ဆိုသည်မှာ အကြောင်းပေါင်းများစွာ ရှိသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နအဖဥက္ကဌ ရုံးအကြီးအကဲ ဗိုလ်မှူးကြီး စိုးနိုင်ဦး သည် မီဒီယာ လုပ်ငန်းကြီးတခု၏ အဓိက ရှယ်ယာပိုင်ရှင်တဦး ဖြစ်သည်။ သူနှင့် လုပ်ငန်းလုပ်ဖက် စီးပွါးရေးသမားက ဤအဆက်အစပ်ကို အသုံးချကာ ဗိုလ်မှူးတင့်ဆွေကို ၂ဝဝ၄ ခုနှစ်နှောင်းပိုင်းတွင် စာပေစိစစ်ရေးအဖွဲ့၏ အကြီးအကဲ ဖြစ်လာအောင် လုပ်ပေးနိုင်ခဲ့သည်။

“သူတို့လုပ်ငန်း ကြီးထွား တိုးတက်လာအောင် လုပ်တာဘဲဆိုရင် စာနယ်ဇင်း လုပ်ငန်းကြီး တခုလုံးအနေနဲ့ ကြည့်ရင် ဒါကျနော်တို့အတွက် ဘာမှ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ သူတို့က အခုမှ အစဘဲရှိသေးတဲ့ မြန်မာစာနယ်ဇင်း လုပ်ငန်းကြီး တခုလုံးမှာ သူများတွေ တက်မလာနိုင်အောင် အတင်းဖိနှိပ်နေတာ၊ အာဏာပိုင်တွေနဲ့ ရင်းနှီးတာကို အသုံးချပြီး လုပ်နေတာတော့ မကောင်းဘူး” ဟု အဆိုပါ အယ်ဒီတာက ပြောသွားပါသည်။

တချိန်တည်းမှာပင် ရန်ကုန်အခြေစိုက် ထင်ရှားသော ထုတ်ဝေရေး လုပ်ငန်းကြီးတခု၏ အကြီးတန်း အယ်ဒီတာတဦးက မူ မြန်မာ ပုံနှိပ်မီဒီယာ လုပ်ငန်းသည် ကြီးထွားတိုးတက်နေပြီး ကုန်ကြမ်းပစ္စည်းများ ဈေးတက်မှု၊ နည်းပညာနှင့် ပုံနှိပ်စက်များ ချို့တဲ့မှု၊ အရည်အသွေး နိမ့်ကျမှုစသည့် စိန်ခေါ်မှုများနှင့် ကြုံနေရကြောင်း၊ ဤအချက်များသည် ရေရှည်အောင် မြင်မှုအတွက် အခရာကျသည့် အချက်များ ဖြစ်လာမည် ဖြစ်ပြီး၊ ရေရှည်တွင် မီဒီယာလုပ်ငန်းများ အစုစပ် လုပ်ကိုင်သည့် စနစ် ပေါ်ထွက်လာဘွယ်ရှိကြောင်း ပြောဆိုသွားခဲ့ပါသည်။

“ကျနော်တို့ရဲ့ မီဒီယာလုပ်ငန်းကို သေသေချာချာကြည့်ရင် တိုးတက်မှုမှာ အရေအတွက်ကို အရည်အချင်းက လိုက်မမီသေးတာ တွေ့ရမယ်။ ဒါကျနော်တို့ သေချာ စဉ်းစားရမဲ့ ပြဿနာဘဲ” ဟု သူက ပြောသွားပါသည်။

မီဒီယာလုပ်ငန်းသစ်တခု တည်ထောင်ရန် အခြားအရာများထက် ပို၍ အရေးကြီးသော အချက်မှာ ငွေကြေး တောင့်တင်းဖို့ ဖြစ်သည်။

ဒေသခံ မီဒီယာကုမ္ပဏီအချို့ လုပ်ငန်းထဲက ထွက်သွားရခြင်းမှာ အရင်းအနှီး ချို့တဲ့သောကြောင့် မဟုတ်။ သူတို့တွင် နည်းပညာ ချို့တဲ့ခြင်းကြောင့် ဖြစ်သည်။

ခေတ်နှင့်အမီ ရင်ဘောင်တန်းနိုင်သော မီဒီယာကဏ္ဍတရပ် ပေါ်ထွန်းလာရန်မှာ သာမန်ပြည်သူလူထု၊ အစိုးရဌာနများ နှင့် မီဒီယာ လုပ်ငန်းတို့အကြား ပိုမို တောင့်တင်းခိုင်မာသည့် ပူးပေါင်း ဆောင်ရွက်မှုမျိုး ရှိဘို့လိုသည်။

မည်သို့ပင်ဖြစ်စေ ဆင်ဆာအဖွဲ့၏ စိန်ခေါ်မှုများသည် ဒေသခံ စာနယ်ဇင်းသမားများကြား စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများကို ထိခိုက်စေခြင်း မရှိပါ။ ဤသို့ စိန်ခေါ်မှုများ ရှိနေသော်လည်း ဒေသခံ သတင်းစာ ဆရာများသည် သူတို့၏အသက် မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖန်တီးမှုရှိရှိ လုပ်ကိုင် ဆောင်ရွက်လာနိုင်နေကြသည်။ သင်တန်းများ နှင့် ပင်လယ်ရပ်ခြား စာနယ်ဇင်း ပညာတော်သင်ဆုများ ကဲ့သို့သော အခွင့်အရေးများကို ဘယ်ခေတ်နဲ့မှ မတူအောင် ရရှိနေကြသည်။

အခြား ရန်ကုန်အခြေစိုက် သတင်းစာဆရာတဦးကမူ မီဒီယာလုပ်ငန်း ရှေ့သို့မြန်မြန် လှမ်းတက်နိုင်ရေးနှင့် အကျိုးကျေးဇူးများ ခံစားနိုင်ရေးအတွက် မီဒီယာ အစုစပ်လုပ်ငန်းတွင် ပုဂ္ဂလိက ကဏ္ဍ၏ အခန်းကဏ္ဍကို ထည့်သွင်း ပြောကြားသွားခဲ့သည်။

“အစိုးရနဲ့ပုဂ္ဂလိက ကဏ္ဍ တို့ မီဒီယာလုပ်ငန်းမှာ တွဲဖက် လုပ်ဆောင်နိုင်ရင် သိပ်အလုပ် ဖြစ်မယ်။ ဘာလို့လဲဆိုတော့ မီဒီယာလုပ်ငန်းထဲ လုပ်နေတဲ့သူတွေက မီဒီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရမူဝါဒ ရေးဆွဲသူတွေရဲ့ သဘောထားတွေကိုသာ သိရုံမကဘဲ သာမန် ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေကိုပါ သိမှာမို့လို့ဘဲ” ဟု သူက ပြောသွားပါသည်။

သင့်တော် ကောင်းမွန်သော မီဒီယာလုပ်ငန်း ဝန်းကျင်ဆိုသည်မှာ ပြည်သူပိုင်ကဏ္ဍက မီဒီယာ လုပ်ငန်းများကို ကြီးကြပ်သည့် တာဝန်သာ လုပ်ဆောင်ပြီး ပုဂ္ဂလိက ကဏ္ဍမှာ လွတ်လပ်မှု အတိုင်းအတာ တစုံတရာ ရှိသည်၊

“အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အသံလွှင့်လုပ်ငန်း ကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်ဘို့ ပိုလိုတယ်။ ဒါမှ လူထုအနေနဲ့ သတင်းတွေကို အချိန်မီ သိရမှာ၊ စီးပွါးရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေလဲ တိုးလာမှာ” ဟု သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။


စစ်တပ်နဲ့ စစ်ဗိုလ် ... (ဆောင်းပါး)

ကလိုစေးထူး
ကြာသပတေးနေ့၊ ဂျူလိုင်လ 17 2008 14:23 - မြန်မာစံတော်ချိန်

လက်ရှိ မြန်မာပြည် နိုင်ငံရေး အနေအထားအရ စစ်တပ်ကို ပြည်သူလူထုဘက်ကို ပါလာအောင်၊ တနည်း စစ်တပ်နဲ့ပြည်သူ တသားတည်း ရှိလာအောင် စစ်တပ်ထဲက စစ်သားတွေရဲ့ အခြေအနေတွေနဲ့ ရပ်တည်ရမှု အနေအထားကို တစေ့တစောင်း လေ့လာနိုင်ဖို့အတွက် `စစ်တပ်ထဲမှာ´ ဆိုတဲ့ ဆောင်းပါးကို ကျနော် ရေးခဲ့ဖူးပါတယ်။

လတ်တလော နှောင်းပိုင်းကာလတွေထဲမှာ အထူးသဖြင့် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းကာလတွေနဲ့ နာဂစ်မုန်တိုင်း အဖြစ်ဆိုး နောက်ပိုင်း ကာလတွေမှာ အမှတ်ရရ သတိထားစရာ အဖြစ်ကတော့ အင်တာနက် စာမျက်နှာတွေပေါ် (အထူးသဖြင့် မြန်မာဘလော့ဂ် စာမျက်နှာတွေပေါ်မှာ) အယူအဆရေးရာ အရပဲဖြစ်ဖြစ်၊ ရပ်တည်ချက်အရပဲ ဖြစ်ဖြစ်၊ ရေးသားလာတဲ့ မြန်မာစစ်တပ် အရာရှိငယ် တချို့ (တချို့) ထပ်မံ ပေါ်လာတာပါပဲ။ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ ပြောပုံဆိုပုံ၊ သူတို့ ရေးတဲ့စာတွေကြောင့် အခုစာကို ဆက်ရေးမိတာပါ။

ဒီတော့ စစ်တပ်ထဲက အရာရှိချင်းအတူတူ အဲဒီလူ တချို့ (တချို့) က ဘာ့လို့များ အဲဒီလောက်တောင် မောက်မာပြီး တခြား အရာရှိတွေက ဘာကြောင့် ယဉ်ကျေးရတာလဲ ဆိုတာကို တွေးမိပြီး၊ မိမိနဲ့ ထိတွေ့ဆက်ဆံရတဲ့ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် အလွန်အင်မတန် လိုက်လျောညီထွေ ဖြစ်လှစွာ နေထိုင်တတ်တဲ့ အရာရှိတွေလို စစ်တပ် အရာရှိတိုင်း ဘာကြောင့် မနေထိုင်နိုင်တာလဲ ဆိုတာလေးကို လေ့လာကြည့်ချင်တာပါ။

***

အပွင့်နဲ့ အရစ် …

အပွင့်နဲ့ အရစ်ဆိုတာက တခြားတော့ မဟုတ်ပါ။ စစ်ဗိုလ်နဲ့ တခြားအဆင့် စစ်သားတွေကို ရည်ညွှန်းချင်တာပါပဲ။ စစ်ဗိုလ်နဲ့ တခြားအဆင့်ရဲ့ ကွာခြားချက်ပေါင်း မြောက်မြားစွာ ရှိတဲ့အနက် အဓိက အကျဆုံး ကွာခြားချက်တခုကို ပြပါဆိုရင် `မျှော်လင့်ချက်´ ပါပဲ။ စစ်တပ်ထဲကို တိုင်းပြည်ကို ချစ်လွန်လွန်းလို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းနဲ့ပဲဖြစ်ဖြစ် ရောက်လာရောက်လာ ဘယ်အဆင့်နဲ့ တပ်ထဲကို ၀င်လာတာလဲ ဆိုတာဟာ စစ်သားတွေရဲ့ မတူညီတဲ့ `မျှော်လင့်ချက်´ တွေရဲ့ အစပါပဲ။ အဲဒီ မတူညီတဲ့ မျှော်လင့်ချက်တွေကို အခြေခံရင်းနဲ့ပဲ အရာရှိဆိုးတွေရဲ့ ရိုင်းစိုင်းတဲ့ အတွေးအခေါ်၊ အကျင့်ဆိုးတွေ အစပျိုးပါတယ်။

စစ်ဗိုလ်ချင်း အတူတူမှာတောင် တခြားအဆင့်ကနေတဆင့် စစ်ဗိုလ်ဖြစ်လာတဲ့ လူတွေနဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်းဆင်း စစ်ဗိုလ်တွေရဲ့ စစ်တပ်တွင်း နေရာရမှုဟာ မသိမသာဖြစ်စေ၊ သိသိသာသာကြီး ဖြစ်စေ ခြားနားချက်တွေ ရှိပါတယ်။ ဒါက တချက်ပါ။ ဒါကို `စစ်တပ်ထဲမှာ´ ဆောင်းပါးမှာ ကျနော် တင်ပြခဲ့ပြီးပါပြီ။

စစ်တပ်ထဲမှာ တခြားအဆင့် ဆိုတာက စစ်ဗိုလ်ဖြစ်ဖို့ လမ်းရှိတယ်ဆိုတာ မှန်ပေမယ့် သေသေချာချာ တွက်ဆ လေ့လာကြည့်ရင် အဲဒီ စစ်ဗိုလ်ဖြစ်ဖို့ လမ်းဟာလည်း အရာရှိစစ်ဗိုလ်နဲ့ ပလဲနံသင့်ခြင်းဟာ အဓိကအချက် ဖြစ်နေပြန်တာပါပဲ။ စစ်ဗိုလ် မဖြစ်နိုင်တဲ့ တခြားအဆင့် တယောက်ကတော့ နှေးကွေးလွန်းလှတဲ့ ရာထူး တိုးမြှင့်ခံရမှုတွေနဲ့သာ ဘ၀ရဲ့ အချိန်အတော်များများကို စစ်တပ်ထဲမှာ ကုန်ဆုံးရလေ့ရှိတာ များပါတယ်။ ဒီတော့ စစ်စည်းကမ်းအရ ဘာပြစ်မှုမှ မရှိတာနဲ့တင်ကို အချိန်ကာလ အပိုင်းအခြားအလိုက် ရာထူးတိုးမြှင့်ခံရတဲ့ စစ်ဗိုလ်တွေရဲ့ မျှော်လင့်ချက်ဟာ စစ်တပ်ထဲမှာ အတောက်ပကြီး တောက်ပလို့ နေပါတော့တယ်။

စစ်တပ်ထဲမှာ ရာထူးအဆင့်အလိုက် စနစ်တကျ စီမံကွပ်ကဲရတာမို့ တခြားအဆင့် စစ်သည်တွေဟာ အရာရှိတွေရဲ့ အုပ်ချုပ်ခံ လူတန်းစား ဖြစ်ရတာဟာ ပြောစရာကိစ္စ မဟုတ်ပေမယ့် အဲဒီ လုပ်ပိုင်ခွင့် အာဏာအပေါ်မှာ တလွဲဆံပင်ကောင်း ယစ်မူးမှုက စိုးရိမ်စရာဖြစ်ပါတယ်။ အဲဒီလို စစ်ဗိုလ်မျိုးဟာ သူတို့ရဲ့ တပ်တွင်းမှာလည်း လက်အောက်ငယ်သားတွေရဲ့ ရိုသေလေးစားမှု အစစ်အမှန်ကို ရလေ့မရှိပါဘူး။ ပြန်မပြောသာလို့၊ ပြဿနာတက်မှာ စိုးလို့သာ ငြိမ်ခံနေရတယ် စိတ်ထဲမှာတော့ မြွေတကောင်ကို ရွံကြောက် ဖြစ်သလို သဘောထားလေ့ ရှိပါတယ်။

စစ်တပ်ထဲမှာ စစ်သည်တော်တို့ လိုက်နာပြုကျင့်အပ်တဲ့ ကျင့်ဝတ် ၆၀ ဆိုတာ ရှိပါတယ်။ စစ်တပ်ထဲက ဘယ်လို အဆင့်အတန်း ရာထူးမျိုးကိုမဆို စစ်စည်းကမ်းအရ အရေးယူဖို့ ကိစ္စပေါ်လာရင် အဲဒီ စစ်သည်တော်ကျင့်ဝတ် ၆၀ စာအုပ်ထဲမှာပါတဲ့ စစ်စည်းကမ်း၊ ဥပဒေပုဒ်မတွေနဲ့ အရေးယူလေ့ရှိပါတယ်။ ဒါပေမဲ့ စစ်စည်းကမ်း ဖောက်ဖျက်တာချင်း အတူတူ အရာရှိစစ်ဗိုလ်များဟာ တော်ရုံတန်ရုံနဲ့ အရေးယူခံရလေ့ မရှိတတ်ပါဘူး။ အင်မတန် မဖုံးနိုင်မဖိနိုင် ပေါ်လာတဲ့ ပြစ်မှု ကိစ္စမျိုးတွေကျမှပဲ အရာရှိတွေကို စစ်စည်းကမ်းအရ အရေးယူလေ့ရှိသလို အရေးယူတဲ့အခါမှာလည်း အတတ်နိုင်ဆုံး လျှော့ပေါ့တဲ့ ပြစ်ဒဏ်ကိုသာ ပေးလေ့ရှိပါတယ်။ ယုတ်စွအဆုံး အရပ်ဘက် ထောင်တန်းကျသွားရင်တောင် အဲဒီ ထောင်ကျသွားတဲ့ စစ်ဗိုလ်ဟာ စစ်တပ်ထဲက ရာထူးအရှိန် လက်ကျန်လေးကို လာဘ်ငွေ အတန်အသင့် ဖြည့်တင်းပြီးတော့ ထောင်မင်းသား လုပ်လို့ ရပါသေးတယ်။ အဲဒီလိုမျိုး အခြေအနေတွေကြောင့် အခြေခံ စိတ်ဓာတ်မကောင်းတဲ့ အရာရှိဆိုးတွေကို အဆိပ်ပင်ရေလောင်းသလို ဖြစ်စေတော့တာပါပဲ။

အဲဒီစိတ်ထားတွေကို လက်ကိုင်ထားပြီး ပြည်သူတွေနဲ့ ထိတွေ့ရတဲ့ `ငါလို တပ်မတော်အရာရှိကို …၊ မင်းလိုကောင်က…´ `ငါ့ကို ဘာကောင်မှတ်နေလဲ၊ ဗိုလ်ကြီးကွ၊ ဗိုလ်မှူးကွ´ ဆိုတဲ့ အပြောမျိုးတွေ၊ ရိုင်းပျမှုမျိုးတွေကို ကြားခဲ့ရဖူးတာတွေဟာ သူတို့ စစ်တပ်ထဲမှာ အပစား ပေးခံရတာကြောင့်လည်း ပတ်သက်နေတာပါ။

လက်ရှိ အနေအထားအရ တခြားအဆင့် စစ်သားတွေမှာထက်စာရင် ပညာအရည်အချင်း၊ ကြံ့ခိုင်မှုစွမ်းရည်၊ ဉာဏ်ရည်တွေအပြင် အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်ကအစ စိစစ်ရွေးချယ်ထားတဲ့ အရာရှိ စစ်ဗိုလ်တွေအတွက် စစ်တပ်ဟာ `မျှော်လင့်ချက်တွေ တလှေကြီးနဲ့ နေရာ´ လို့တောင် ပြောလို့ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဗိုလ်ကြီးဘ၀ကနေ အဆင့်ထပ်မတက်နိုင်တော့တဲ့ စစ်ဗိုလ်ကလည်း ထောက်ပို့တပ်ရင်းလို၊ လေ့ကျင့်ရေးတပ်ရင်းလိုမျိုး ၀င်ငွေဖြောင့်တဲ့ တပ်ရင်းတွေမှာ သက်တောင့်သက်သာ တာဝန်ထမ်းခွင့်က ရှိနေပါသေးတယ်။

အာဏာ

`ငွေ´ထက် ကြောက်စရာကောင်းတဲ့ အရာကတော့ `အာဏာ´ ပါပဲ။

ပင်ကို အခြေခံစိတ်ဓာတ် မရင့်ကျက်သူအတွက် `ငွေ´ ဟာ သူ့ဘ၀ကို ပျက်စီးစေနိုင်တာ မှန်ပေမယ့် အဲဒီလူလက်ထဲကို `အာဏာ´ သာ ရောက်သွားရင်တော့ သူ့တယောက်ထဲတင်ကိုသာမက သူနဲ့ ပတ်သက်လှုပ်ရှားရတဲ့ ပတ်ဝန်းကျင်ကိုပါ ရိုက်ခတ်မှုတွေ ရှိလာတော့တာပါပဲ။

အရပ်ထဲမှာနေတုန်းက အလွန်အင်မတန် ရိုးရိုးကုပ်ကုပ် နေတတ်ပေမယ့် ဗိုလ်သင်တန်းအောင်လို့ သင်တန်းဆင်းလို့ အရာရှိပေါက်စ ဖြစ်လာပြီဆိုရင်ပဲ `အာဏာ´ ဆိုတဲ့ တံလျပ်က တော်ရုံတန်ရုံ စိတ်ဓာတ်မခိုင်မာသူတွေရဲ့ စိတ်ကို စတင် မြူဆွယ်လိုက်ပါတယ်။ စစ်တပ်ရဲ့ စည်းကမ်းကျနတဲ့ စစ်စည်းကမ်းအရ လမ်းသွားရင်းနဲ့ ဆုံမိရင်တောင် တခြားအဆင့် ဖြစ်သူက အရာရှိကို အလေးပြု အရိုအသေပေးရတာမို့ ပင်ကိုစိတ်ဓာတ် မခိုင်မာသူရဲ့ မြောက်ကြွကြွ စိတ်ကို အဲဒါလေးကအစ လှုပ်နှဲ့ယူပါတယ်။

စစ်တပ်ထဲမှာ တခါတရံမှာ အခြေအနေအရ အောက်လက်ငယ်သား တယောက်ယောက်ကို ပါးရိုက်၊ နားရိုက် ကန်ကျောက်ရတာမျိုးတွေ ရှိတတ်ပါတယ်။ (စစ်စည်းကမ်းဥပဒေတွေ ဘာတွေနဲ့ အရေးမယူချင်လို့ တပည့်လက်သားကို ဆုံးမတဲ့ သဘောမျိုး) ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမရတာကို စစ်တပ် သဘောသဘာဝမို့ ပြောစရာ မရှိပေမယ့် ဘေးထွက်ဆိုးကျိုး အနေနဲ့ကတော့ စစ်ဗိုလ်ဆိုးတချို့ဟာ အဲဒါကို အရသာ တွေ့သွားတတ်တာပါပဲ။ တကယ်တော့ လက်ရှိ မြန်မာစစ်တပ်ထဲမှာ `စစ်ပြေးမှု´ တွေ အရမ်းများနေရတာဟာ အဲဒီလို အရာရှိတွေရဲ့ လက်ချက်လည်း ပါပါတယ်။

ဒီလို ပြောလို့၊ ရေးလို့ `ဒါဖြင့် စစ်တပ်ထဲမှာ စစ်ဗိုလ်တိုင်းက အဲဒီလိုပဲ ဖြစ်နေတယ်လို့ ပြောချင်သလား´ လို့ မေးစရာ ရှိပါတယ်။ မဟုတ်ပါဘူး။ အာဏာတွေ ဘယ်လိုပဲ ရလာရလာ၊ ရာထူးတွေ ဘယ်လိုပဲ ကြီးလာကြီးလာ ပင်ကိုယ်စိတ်ဓာတ် အခြေခံကောင်းသူဟာ သူတို့ စစ်တပ်ထဲမှာလည်း အလွန်အင်မတန် အရိုသေခံရတဲ့ ခေါင်းဆောင်ကောင်းဖြစ်သလို အရပ်ဘက် ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံရတဲ့ အခါမှာလည်း နမူနာယူစဖွယ် ဖြစ်အောင် နေထိုင်လေ့ရှိပါတယ်။

စစ်တပ်ထဲမှာကတော့ `ခေါ်ရင်လာ၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့´ ဆိုတဲ့ မူအတိုင်း အဆင်ပြေသလိုလို ရှိနေပေမယ့် ပြင်ပက ပြည်သူတွေကို အဲဒီ စိတ်ဓာတ်တွေနဲ့ ဆက်ဆံတဲ့အခါမှာတော့ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ တွေ့သမျှလူကို ကိုယ့်လက်အောက်ငယ်သားလို သဘောထားပြီး `ဒီကောင်က ဘာကောင်မို့လဲ၊ ငါတို့မှာ ဒီအဆင့်ရဖို့အတွက် မနည်းကြိုးစားလာရတာ၊ ငါ့ကို ဘာကောင်ထင်နေလဲ´ ဆိုတဲ့ အပေါက်မျိုး ချိုးဖို့ကို ၀န်မလေးတော့ဘူး။ အခု ကျနော်တို့ နိုင်ငံ ဒီအခြေအနေဆိုက်နေရတာဟာ အဲဒီလို လူစားတွေက နိုင်ငံရဲ့ အမြင့်ဆုံးအာဏာကို ရယူထားလို့ပါပဲ။

ဒါဟာ ဘာလဲဆိုတော့ ငွေထက်ကြောက်စရာကောင်းတဲ့ `အာဏာ´ ကို မမြင်ဖူး၊ မူး မြစ် ထင်ကြတာပါပဲ။

လူပါး စစ်ဗိုလ် …

`လူပါး´ လို့ သုံးနှုန်းတာဟာ တကယ်တော့ လှောင်ပြောင်တဲ့ သဘောမဟုတ်ပါဘူး။ ပါးရည်နပ်ရည် ရှိတာ၊ အထက်ကိုဆိုလည်း အထက်ကို၊ အောက်ကိုဆိုလည်း အောက်ကိုအလျောက် လိုက်လျောညီထွေ ဖြစ်အောင် အလိုက်သင့် နေထိုင်တတ်တဲ့ စစ်ဗိုလ်မျိုးကို ရည်ညွှန်းလိုတာကြောင့် လူပါး လို့ သုံးတာပါပဲ။

ဘာမှ မစဉ်းစား မဆင်ခြင်တဲ့ စစ်ဗိုလ်တွေ စစ်တပ်ထဲမှာ မြောက်မြားစွာ ရှိနေသလို အခြေအနေအမှန်ကို ကောင်းစွာ သဘောပေါက်တဲ့ အနည်းငယ်သော လူပါးစစ်ဗိုလ်တွေလည်း မြန်မာစစ်တပ်ထဲမှာ ရှိနေတာ အမှန်ပါ။ ခက်တာက အဲဒီလို စစ်ဗိုလ်တွေ မြန်မာ့တပ်မတော်မှာ ဘယ်လောက်များများ နေရာရလာမှာလဲ၊ အဲဒီစစ်ဗိုလ်တွေကရော `အာဏာ´ ရဲ့ လှုပ်နှဲ့မှုကို ဘယ်လောက်ကြာကြာအထိ စစ်တပ်ထဲမှာ တောင့်ခံနိုင်မလဲ ဆိုတာက မေးခွန်းထုတ်စရာပါ။

ကျနော်ရဲ့ ဇာတိမြေ ကရင်ပြည်နယ်က အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိလေတော့ ရတခ တိုင်းမှူးပေါင်းစုံ တာဝန်ယူဖူးတဲ့အနက် ထူးခြားတဲ့ လူပါးစစ်ဗိုလ် တိုင်းမှူးနှစ်ယောက်ကို ကြုံဖူးပါတယ်။

တယောက်ကတော့ ဗိုလ်ချုပ် ကက်စိန်ပါ။ သူ တိုင်းမှူးဖြစ်တဲ့ အချိန်မှာပဲ ကြံ့ဖွတ်အသင်းတွေကို စတင်ဖွဲ့စည်းကြတာမို့ ကျနော်တို့မြို့ရဲ့ ကြံ့ဖွတ်အသင်းရုံး ဆိုင်းပုဒ်တင်ပွဲကို သူကိုယ်တိုင် လာပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်သလို မြို့နယ်ခန်းမမှာလည်း အသင်းဝင်တွေကို သူ့ရဲ့ သြ၀ါဒကို ခံဖို့အတွက် နယ်မြေခံတပ်ရင်းမှူးက ကျောင်းသူကျောင်းသားတွေကို စုစည်းထားပါတယ်။ တိုင်းမှူးရောက်လာတော့ နေ့လည် ၁၁ နာရီကျော်ပါပြီ။ သူက `သားတို့ သမီးတို့ ထမင်းစားပြီးကြပြီလား´ လို့ မေးပါတယ်။ အားလုံး တညီတညွှတ်တည်းပဲ `မစားရသေးပါဘူး´ လို့ဖြေတော့ သူက တပ်ရင်းမှူးကို `မင်း ကလေးတွေကို ဘယ်အချိန်ကတည်းက ခန်းမထဲကို ခေါ်ထားတာလဲ၊ အလကား ဒုက္ခပေးထားတယ်´ လို့ ဆူပါတယ်။ ပြီးတော့ အစည်းအဝေးကို မစသေးဘဲ ကျောင်းသူကျောင်းသားတွေကို ထမင်းပြန်အစားခိုင်းပြီးတော့ နေ့လည် ၁၂ နာရီခွဲမှ ပြန်စပါတယ်။ အပေါ်ယံကြည့်လိုက်ရင်တော့ ဘာမှမဟုတ်ဘူးလို့ ထင်နိုင်ပေမယ့် တိုင်းမှူး ဗိုလ်ချုပ်ကက်စိန်ရဲ့ အဲဒီ အပြုအမူလေးကိုပဲ ကျနော်တို့ မြို့သားတွေမှာ ချီးမွမ်းလို့ မဆုံးပါဘူး။

နောက်တယောက်ကတော့ ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင်ပါ။ ခေတ်အဆက်ဆက်က တိုင်းမှူးတွေ လက်ထက်တုန်းက ဘယ်တော့မှ မပြီးခဲ့တဲ့ မော်လမြိုင်သွား ကားလမ်းကို အဲဒီတိုင်းမှူး တက်ပြီး သိပ်မကြာခင်မှာပဲ ကတ္တရာ ကျောက်ခင်းလမ်းအဖြစ် သပ်သပ်ရပ်ရပ် ဖွင့်လှစ်လိုက်တော့ မြို့ခံပြည်သူတွေက သူ့ကို အလွန် သဘောကျကြပါတယ်။ ဒါ့အပြင် သူ့ရဲ့ စစ်တပ်ထဲမှာလည်း လက်အောက်ငယ်သားတွေကို ကျောသားရင်းသာ မခွဲခြားဘဲ အင်မတန်မှ စောင့်ရှောက်တတ်လို့ စစ်သားတွေရဲ့ ချစ်ခင်လေးစားမှုကိုလည်း တခြားတိုင်းမှူးတွေထက် ပိုရပါတယ်။ မော်လမြိုင်မြို့ပေါ်မှာဆိုရင်လည်း မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို (ပြည်သူတွေကို မထိခိုက်စေရဘဲ) တကယ် အလုပ်လုပ်ခဲ့တာတွေ ရှိတာကြောင့် ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးနဲ့အတူတူ ရဟတ်ယာဉ် ပျက်ကျတဲ့အထဲမှာ ဗိုလ်ချုပ်စစ်မောင် ပါသွားတော့ မော်လမြိုင် ဈေးကြီးက လူတွေ တော်တော် စိတ်မကောင်းဖြစ်ကြတယ်လို့ ကြားသိရဖူးပါတယ်။

တကယ်တော့ လူပါးစစ်ဗိုလ်တွေကို သူတို့ရဲ့ လက်အောက်ငယ်သားတွေ လေးစားနေတာ၊ ပြည်သူတွေကလည်း မုန်းမနေတာဟာ သိပ်ခက်ခဲ နက်နဲနေတဲ့ သော့ချက်တော့ မဟုတ်ပါဘူး။ လက်ထဲမှာ ရှိနေတဲ့ `အာဏာ´ ဆိုတဲ့ အရာကို တချို့အချိန်တွေမှာ ခေတ္တခဏ မေ့ထားပြီးသော်လည်းကောင်း၊ အဲဒီ အာဏာကို အလွဲသုံးစား မလုပ်တာဟာလည်းကောင်း အစရှိတဲ့ ပါးနပ်မှုတွေကြောင့်ပါပဲ။

အပွင့်ဆိုသည်မှာ …

ပုခုံးပေါ်မှာ အပွင့်သေးသေး တပွင့် စပြီး ရလိုက်တယ် ဆိုတာဟာ တကယ်တမ်း သေသေချာချာ စဉ်းစားလိုက်မယ်ဆိုရင် အဲဒါဟာ `ပြည်သူ့ဝန်´ ဆိုတဲ့ ထမ်းတံပိုးကို သူတို့ ပုခုံးပေါ် တင်ပေးလိုက်တာနဲ့ အတူတူပါပဲ။ တပွင့်ကနေ နှစ်ပွင့်၊ နှစ်ပွင့်ကနေ သုံးပွင့်၊ သုံးပွင့်ကနေ တခွေ …၊ အဲဒီလိုနဲ့ အပွင့်အရောင် ပိုပြောင်လာလေလေ၊ အပွင့်တွေ ပိုများလာလေလေ ပုခုံးပေါ်က ထမ်းတံပိုးကြီးက ကြီးလာလေလေ ဆိုတာမျိုးပဲ ဖြစ်ရမှာပါ။ အခုကတော့ ပုခုံးပေါ်က အပွင့်ကို ထမ်းတံပိုးလို့ သဘောထားတဲ့ စစ်ဗိုလ်တွေအစား `တန်ခိုး အရှိန်အ၀ါ´ လို့ သဘောထားကြတဲ့ စစ်ဗိုလ်တွေ ပိုများနေရတာကြောင့် စစ်တပ်မှာ နာမည်ပျက်ရပါတယ်။ အဲဒီ နာမည်ပျက်မှုတွေကို ပြန်ပြီး အဖတ်ဆယ်ဖို့ ဆိုတာကလည်း ပုခုံးပေါ်မှာ အပွင့်တွေ ပိုင်ဆိုင်ထားတဲ့ အဲဒီ စစ်ဗိုလ်တွေမှာပဲ တာဝန်ရှိပါတယ်။

စစ်တပ်နဲ့ စစ်ဗိုလ် …

`စစ်တပ်ဆိုတာဟာ တိုင်းပြည်အတွက် မရှိမဖြစ် အဖွဲ့အစည်း´ ဆိုတာကို စစ်ဗိုလ်တိုင်းက ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုသာ ပြောလိုက်တယ် စစ်တပ်သိက္ခာတက်အောင် ဘာလုပ်သင့်သလဲ ဆိုတာကိုတော့ စစ်တပ်ရဲ့ အကြီးအကဲဆိုသူ ခေါင်းဆောင် စစ်ဗိုလ်ကအစ ကောင်းစွာ သဘောပေါက်ခြင်း မရှိပါဘူး။ အဲဒီလို ခေါင်းဆောင်ရဲ့ သစ္စာတော်ကို ခံနေရတဲ့ စစ်ဗိုလ် အယုတ်အလတ် အမြတ်မရွေးတွေကရော နောင်တချိန်ချိန်မှာ သူတို့တတွေရဲ့ လက်ထဲကို စစ်တပ်ရောက်လာခဲ့ရင် ဘာဆက်လုပ်ကြမလဲ ….။

အထက်မှာ ကျနော် တင်ပြခဲ့သလို `ငါတို့မှာ ဒီအဆင့်ရဖို့ မနည်းကြိုးစားလာရတာ… အခု ငါတို့ အလှည့်ရောက်ပြီ၊ ကျန်တဲ့ကောင်တွေ နာဖို့သာပြင်ထား´ ဆိုတဲ့ အတွေးမျိုးနဲ့ စစ်ဗိုလ်တွေ စစ်တပ်ထဲမှာ များသထက် များလာတာကိုတော့ မလိုလားတာ အမှန်ပါ။

စစ်တပ်ထဲက စစ်သားဟောင်းကြီး တဦးရဲ့ စကားတခွန်းကို ဖတ်မှတ်ဖူးခဲ့တာ မှတ်သားစရာ ကောင်းလှတာမို့ ပြန်လည် ဖောက်သည်ချပါရစေ …။

`ငါ့သားများ စစ်ထဲဝင်ရင်လေ …၊ သူ့ကို ပြောလိုက်စမ်းပါကွာ၊ စစ်တပ်ဆိုတာဟာ ယောက်ျားကောင်း ယောက်ျားမြတ်တွေကို မွေးထုတ်ပေးတဲ့ ကျောင်းကြီးပေါ့´

ကလိုစေးထူး

Tuesday, July 8, 2008

တော်လှန်ရေးမှန်သမျှ ကဗျာထဲမှာ ပထမဆုံး ပေါက်ဖွားတာချည်းပဲ

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဂျူလိုင်လ 07 2008 17:39 - မြန်မာစံတော်ချိန်

(က)

စတာလင်

(ဆေတန် - ဆေတန်)

သူကပြောတယ်
"ငါ့ကိုယုံကြည်စမ်းပါ၊ ငါဟာ အချိန်ကာလပဲ" တဲ့။

ပြီးတော့
သူတို့က သူ့ကိုယုံကြည်လိုက်ကြတဲ့ အခါမတော့
ခလေးတွေအားလုံးကို သူက ဖျက်ဆီး ၀ါးမြိုပစ်လိုက်ပါလေရော ... ။

ဒီကဗျာကို ရေးတဲ့ ကဗျာဆရာကတော့ "ဗလာဒီမာ လိဖ်ချက်" ပါ။ ဘူလ်ဂေးရီးယား ကဗျာဆရာပါ။ သူက ၁၉၅၇-ခုနှစ်မှာ မွေးတယ်ဆိုတော့ ဆီုဗီယက်ယူနီယံရဲ့ ခေါင်းဆောင်ကြီး "စတာလင်" သေဆုံးပြီးမှ ရေးတဲ့ ကဗျာလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ဆိုဗီယက်ကမ္ဘာမှာ "စတာလင်" ကို တို့ထိလို့ မရသေးတဲ့အချိန်။ "စတာလင်" ကို အာဏာရှင်ကြီး ဖြစ်တယ်ဆိုတာ ဆိုဗီယက်ကမ္ဘာမှာ ဘယ်သူမှ မပြောရဲသေးတဲ့ အချိန်။ "လိဖ်ချက်" က ဘူလ်ဂေးရီးယား ကဗျာဆရာ ဖြစ်ပေမယ့် "စတာလင်" ကို အခုလို "ဆေတန်" နဲ့ နှိုင်းပြီး ဘာ့ကြောင့် ရေးရတာလဲ ဆိုတော့ "စတာလင်" ခေါင်းဆောင်တဲ့ ဆိုဗီယက် ကွန်မြူနစ်တွေဟာ အရှေ့ဥရောပ နိုင်ငံတွေကို စစ်ရေး အရ၊ နိုင်ငံရေးအရ လွှမ်းမိုးထားပြီး အဲဒီ တိုင်းပြည်တွေမှာ ဆိုဗီယက်ယူနီယံကို မှီခိုထောက်ခံတဲ့ ကွန်မြူနစ်အစိုးရတွေ၊ တပါတီ အာဏာရှင် အစိုးရတွေကို ကျောထောက်နောက်ခံ ပြုနေတဲ့အတွက် ဒီလိုဖြစ်ရတာဟာ အာဏာ ရှင်ကြီး "စတာလင်" မှာ တာဝန်အရှိဆုံး အနေနဲ့ အခုလို ဗြောင်ဖွင့်ချပြီး ကဗျာရေးခဲ့တာပါ။

ငါတို့ရဲ့ဘ၀တွေဟာ
ဒါတွေရဲ့အောက်မှာ
ကြာရှည်လေးမြင့် မနေနိုင်ကြတော့ဘူး။
သူ့ရဲ့ တုတ်ခိုင်ပူနွေးတဲ့လက်ချောင်းကြီးဆယ်ချောင်း
သူ့စကားလုံးတွေဟာ အလေးချိန်တိုင်း ကိရိယာတွေလိုပါပဲ။

ဒီကဗျာကတော့ ရဟူဒီ ကဗျာဆရာ "အိုစစ် မင်ဒယ်လ်စတန်း" ရဲ့ ကဗျာထဲက စာသားတချို့ပါ။ သူက ရုရှားနိုင်ငံသား။ ကဗျာဆရာခေါင်းစဉ်က "ရှေ့ဆောင်လမ်းပြ ခေါင်းဆောင်ကြီး စတာလင်" ဆိုပြီး "စတာလင်" ကို ငေါ့ပြီး လှောင်ပြီး ပေးတဲ့ ခေါင်းစဉ်။ ဒီကဗျာကို ၁၉၃၃-ခုနှစ်မှာ ရေးတာဆိုတော့ အာဏာရှင်ကြီး စတာလင် မသေဆုံးခင်အချိန်။ ဆိုဗီယက် ကမ္ဘာတခုလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်နေရတဲ့ ပုဂ္ဂိုလ်ကို နာမည်တပ်ပြီးမှကို ကဗျာ ရေးပြီး လှောင်ပြောင်ရှုံ့ချလိုက်တာ ... ။ ဒီလိုနဲ့ "မင်ဒယ်လ်စတန်း" လည်း အဖမ်းခံရ၊ ဆိုက်ဗေးရီးယား မဲဇာ အပို့ခံရတော့တာပဲ။

ဒါတွေကတော့ အရှေ့ဥရောပတခွင်နဲ့ ဆိုဗီယက်ကမ္ဘာမှာ ထိပ်ဆုံးက တာဝန်အရှိဆုံး အာဏာရှင်ကြီး "စတာလင်" ကို ဗြောင်နာမည်တပ်ပြီး ဆန့်ကျင်ရှုံ့ချတဲ့ကဗျာတွေပါပဲ။

အန္တိမသက်ငြိမ်


ပြီး ပြည့်စုံတဲ့ အမှောင်ထုထဲမှာ
လ မရှိ၊ အလင်းရောင် မရှိ၊ မီးတောက်မီးပွား မရှိ
ဟိုနေရာ မရှိ၊ ဒီနေရာ မရှိ
အမှောင်ထုအပေါ်က အမှောင်ထုရဲ့
ပြီး ပြည့်စုံတဲ့ဖြစ်တည်ခြင်းတခု ... ။ ။

ဒီကဗျာကတော့ ရူမေးနီးယား ကဗျာဆရာမ "နီနာကော်ရှန်" ရဲ့ ကဗျာပါ။ ကျနော်တို့ဆီမှာလိုပဲ ဖောက်ပြန်မှားယွင်းတဲ့ စနစ်အောက်မှာ နေကြထိုင်ကြရတဲ့ အခြေအနေကို တင်စားတဲ့ကဗျာပါ။ သူက တပါတီ အာဏာရှင်စနစ်အောက်က သူ့ရဲ့ လူ့အဖွဲ့အစည်း အခြေအနေကို "အမှောင်ထုအောက်မှာ" လို့ ဆိုလိုက်ပါတယ်။ ရူမေးနီးယားနိုင်ငံမှာ လ မရှိ၊ အလင်းရောင် မရှိ၊ မီးတောက်မီးပွား မရှိ ... ဘူးတဲ့။

ညတညရဲ့ ပြတင်းပေါက်တခု
တွေ့ဆုံခြင်း သို့မဟုတ် ခွဲခွါခြင်းရဲ့ အော်သံဟစ်သံများ
အမှန်စင်စစ်
ဒါတွေဟာ အလင်းရောင်တွေ အများကြီး
အမှန်စင်စစ်
ဖယောင်းတိုင် သုံးတိုင်မျှသာပါပဲ။

ဒါပေမယ့်
ငါ့စိတ်ရဲ့ နေရာတိုင်းမှာ မငြိမ်းချမ်းနိုင်ဘူး
ငါ့အိမ်ထဲမှာလည်း ဒီလိုပဲ
ဒါတွေအားလုံး အစပြုခဲ့ပြီ ... ။

လူတွေ မငြိမ်းချမ်းနိုင်တဲ့ သောကဖိစီးနေရတဲ့ အခြေအနေကို ဖော်ပြတဲ့ကဗျာပါ။ ရုရှားကဗျာဆရာမ "မာရီနာ စဗက်ထရေဗာ" ရဲ့ "အင်ဆွန်မီနီယာ" ကဗျာထဲက တပိုဒ်ပါ။ ဒီလို အခြေအနေမျိုးအောက်မှာ "မာရီနာ" ဟာ ခံနိုင်ရည် မရှိခဲ့ရှာပါဘူး။ သူဟာ အကြိမ်ကြိမ် အဖမ်းခံရပြီးတဲ့နောက် ဒုက္ခသည် စခန်းတခုမှာပဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့ပါတယ်။

သူ့ရဲ့ ဘယ်ဖက်လက်မောင်းကို
သူတို့ ဖြတ်ပစ်လိုက်ကြတယ်။

ပြီးတော့ ... ညာဖက်လက်မောင်း။

ခြေထောက်တဖက်
ပြီးတော့ နောက်ထပ်ခြေထောက်တဖက်။

သူ့ခေါင်းကိုလည်း အသေအချာပဲ
သူ့လည်တိုင်ကိုတော့ မြေဆီမြေသြဇာအဖြစ် စိုက်ထူလိုက်ကြတယ်
အပင်ပေါက်လာဖို့အတွက်။

ခလေးတွေနဲ့
ဆိတ်တွေ သိုးတွေ
သူ့လည်တိုင်ကို တွဲခိုစီးကာနေကြပေါ့။ ။

မျိုးဆက်တဆက်အတွက် မျိုးဆက်တခုက အရင်းအနှီး ပြုရတဲ့သဘော ရေးတဲ့ကဗျာပါ။ ဒါပေမယ့် ဘယ်သူတွေကများ သူ့ရဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ ခေါင်းကို ဖြတ်ခဲ့ကြတာလဲ။ ဒီကဗျာကိုတော့ ယူဂိုဆလပ် ကဗျာဆရာ "ဂိုကို ရိုဂို" ရဲ့ "အမျိုးသား သူရဲကောင်း" ဆိုတဲ့ ကဗျာပါ။ သူကတော့ ဒုတိယ ကမ္ဘာစစ်ကြီးပြီးတဲ့ နောက် ယူဂိုဆလားဗီးယားမှာ ပထမဦးဆုံး ဖမ်းဆီးထောင်ချခံရတဲ့ ကဗျာဆရာပါ။ သူဦးစီးထုတ်ဝေတဲ့ သတင်းစာလည်း အပိတ်ခံခဲ့ရပါတယ်။

ဘာတွေလိုအပ်ခဲ့သလဲ
ငါတို့
ဆောင်ရွက်ခဲ့ပြီးပြီ။

ကွင်းပြင်တွေ လဲလျောင်းလျက်
ငါတို့ စိုက်ပျိုးခဲ့ကြတယ်
မျိုးစေ့တွေ ကြဲချခဲ့ကြတယ်
ပြီးတော့ ငါတို့စောင့်ခဲ့ကြတယ်။

ငါတို့အမျိုးသမီးတွေက လဲလျောင်းလျက်
ပြီးတော့ ဘာတွေလိုအပ်ခဲ့သလဲ
ငါတို့ ဆောင်ရွက်ခဲ့ပြီးပြီ။

ပြီးတော့ ငါတို့စောင့်ခဲ့ကြတယ်။

နိုင်ငံခြား ကျူးကျော်သူတွေရောက်လာကြတဲ့အခါ
ဘာတွေလိုအပ်ခဲ့သလဲ
ခြံတွေ၊ အိမ်တွေကို ခြံစည်းရိုးခတ်ကြပြီးပြီ
ပုဆိန်တွေ၊ ဓါးတွေ သွေးကြပြီးပြီ။

ဒီကဗျာကတော့ ချက်ကဗျာဆရာမ "ဆီလ်ဗာ ဖစ်ရှာရိုဗာ" ရဲ့ "လိုအပ်ချက်" ဆိုတဲ့ ကဗျာပါ။ သူက ၁၉၆၃-ခုနှစ်မှာ မွေးပါတယ်။ ဒီထဲက "နိုင်ငံခြားကျူးကျော်တွေ" ဆိုတာ ဆိုဗီယက် စစ်တပ်တွေကို ပြောတာပါ။ ဆိုဗီယက် စစ်တပ်တွေက ကွန်မြူနစ်စနစ်ကို ကာကွယ်ဖို့ဆိုပြီး ချက်ကိုစလိုဗက် နိုင်ငံထဲကို ကျူးကျော်ဝင်ရောက် ခဲ့ကြပါတယ်။ ချက်ကိုစလိုဗက် ပြည်သူတွေရဲ့ ဒီမိုကရေစီအုံကြွမှုကို ဖောက်ပြန်တဲ့ ချက်ကိုစလိုဗက် အစိုးရနဲ့ ပေါင်းပြီး နှိမ်နင်းကြပါတယ်။ ဒီအဖြစ်အပျက်ကို "ဖစ်ရှာရိုဗာ" က ကဗျာရေးဖွဲ့ခဲ့တာပါ။

(ခ)


အခုအချိန်မှာတော့ ကျနော်တို့နိုင်ငံက စာပေပညာရှင်တွေရဲ့ခေါင်းပေါ်မှာ စစ်အာဏာရှင်တွေ လက်သီး ၀ဲပြနေကြပါတယ်။ တချိန်က နိုင်ငံရေး အပြောင်းအလဲတွေ အောင်မြင်အောင် မလုပ်နိုင်ခင်အချိန်တုန်းက အရှေ့ ဥရောပ ပြည်သူတွေရဲ့ ခေါင်းပေါ် တပါတီ အာဏာရှင်အစိုးရတွေက လက်သီးဝဲပြသလိုမျိုး၊ အခုလည်း စစ်အစိုးရက ကျနော်တို့ ပြည်သူတွေအပေါ် တုတ်တ၀ဲဝဲ၊ ဓါးတ၀ဲဝဲ လုပ်ပြနေတဲ့ အချိန်ပါ။ အခုတော့ အရှေ့ဥရောပ ပြည်သူတွေက သူတို့ခေါင်းပေါ်မှာ ၀ဲနေတဲ့ လက်သီးကို ပုတ်ချလိုက်ကြပြီးပါပြီ။ အရှေ့ဥရောပ ပြည်သူတွေ လွတ်မြောက်သွားကြပါပြီ။ လွတ်မြောက်ရာလမ်းစ သူတို့ ဘယ်မှာ ရှာခဲ့ကြပါသလဲ။ ကဗျာတွေထဲမှာ ရှာခဲ့ကြတာပါ။ တော်လှန်ရေး လမ်းစကို ကဗျာတွေထဲမှာ သူတို့တွေ့ခဲ့ကြတာပါ။

အခုလည်း ကျနော်တို့နိုင်ငံက ကဗျာဆရာ "စောဝေ" ရဲ့ "ဖေဖော်ဝါရီဆယ့်လေး" ကဗျာနဲ့ ကဗျာဆရာ "ကြည်မောင်သန်း" ရဲ့ "ဒီပရင်္ဂ" ကဗျာတွေထဲမှာ ကျနော်တို့ ပြည်သူတွေဟာ "လွတ်မြောက်ရာ လမ်းစ" ကို ရှာနေကြပါပြီ။ တော်လှန်ရေးရဲ့ အချက်ပြသံကို ကဗျာတွေထဲမှာ ရှာလို့တွေ့နေကြပါပြီ။ မကြာခင် ကျနော်တို့ခေါင်းပေါ် ၀ဲနေတဲ့ အာဏာရှင်ရဲ့ "လက်သီး" ကို ကျနော်တို့ ကိုယ်တိုင် ပုတ်ချနိုင်တော့မှာပါ။

ဒီနေရာမှာ မှတ်သားဖွယ်ကောင်းတဲ့ စကားတခွန်းနဲ့ ဒီဆောင်းပါးကို နိဂုံးချုပ်ချင်ပါတယ်။ ဒီလို အခြေအနေ အားလုံးကို ခြုံငုံ အကျုံးဝင်တဲ့ စကားတခွန်း ဖြစ်ပါတယ်။ အဲဒါကတော့ ရုရှား ကဗျာဆရာကျော် "ယက်တူရှန်ကို" ပြောခဲ့ဖူးတဲ့ စကားပါ။ သူက ဘယ်လိုပြောခဲ့သလဲ ဆိုတော့ ...၊ "တော်လှန်ရေး မှန်သမျှ ကဗျာထဲမှာ ပထမဆုံး ပေါက်ဖွားတာချည်းပဲ" တဲ့ ... ။ ။

ငြိမ်းဝေ


ကိုးကား
SELECTED POEMS OF MARINA TSVETAYEVA
AN ANTHOLOGY OF CONTEMPORARY ROMANIAN POETRY
SELECTED POEMS OF OSIP MANDELSTAM
CHILD OF EUROPE

Wednesday, July 2, 2008

ရေကြည်ရာမြက်နုရာ ရှာသောသူများသ

မွန်ဦးမြေ
အင်္ဂါနေ့၊ ဂျူလိုင်လ 01 2008 19:17 - မြန်မာစံတော်ချိန်

၂၄ ရက် ဇွန်လ ၂ဝဝ၈ မှာ မဇ္ဈိမက ထုတ်ဝေခဲ့တဲ့ စာရေးဆရာ ဆန်းသစ် ရေးတဲ့ “စင်္ကာပူရောက် မြန်မာများ ဘဝရှေ့ရေး” ဆောင်းပါးကို ဖတ်မိပြီး၊ အလွန်အားကျတာကြောင့် ဒီစာကို ရေးပို့လိုက်ရပါတယ်။ စာပါ အကြောင်းအရာတွေ အလွန်ကောင်းပါတယ်။

နိုင်ငံခြားထွက်ပြီး တကယ် စွန့်စားလိုသူတွေ မဖြစ်မနေ ဖတ်သင့်တဲ့ စာတမ်းတခု ဖြစ်ပါတယ်။ အတွေ့အကြုံတွေကို သီးသန့်ခွဲပြီး တင်ပြပုံတွေလည်း မှတ်သားလောက်ပါတယ်။ ဆက်ပြီး တင်ပြဘို့လည်း ဖိတ်ခေါ်ပါတယ်။ အခုလို ပြည့်စုံတဲ့ စာတမ်းတစောင် ရှိနေရက်နဲ့ ကျနော်က ဘာ့ကြောင့် ရေးရပါသလဲလို့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ကျနော် အားဖြည့်ကူညီ မြေတောင်မြှောက်ပေးခြင်းသာ ဖြစ်ပါတယ်။ ဆရာလုပ်ခြင်း မဟုတ်ပါ ဆိုတာကို ရိုးရိုးပဲ ဝန်ခံပါရစေ။

စာရှုသူတွေ အထူးသဖြင့် နိုင်ငံခြားမှာထွက်ပြီး အလုပ်ရှာ စွန့်စားလိုသူတွေ သတိထားဘို့ အချက်ကလေးတွေကို ထပ်ဖြည့်လိုပါတယ်။ အောက်မှာ ကျနော် တင်ပြထားတဲ့ ယေဘုယျ အချက်ကလေးတွေဟာ ကျနော့် အယူအဆတွေ မဟုတ်ပါ။ ကမ္ဘာကျော် ဒဿနိက ဆရာကြီးတွေရဲ့ အယူအဆတွေသာ ဖြစ်ပါတယ်။ မူကွဲတွေ ရှိကောင်း ရှိပါမယ်။ ဘယ်မူက မှန်တယ် ဆိုတာကို ကျနော် ဉာဏ်မမီလို့ မသိပါ။ ဒဿနိက ဘွဲ့ရတယောက်လည်း မဟုတ်ပါ။ စွန့်စားရတော့မယ်၊ ဆုံးဖြတ်ရတော့မယ်ဆိုရင် အောက်ပါ အချက်လေးတွေကို သတိပြုပါ။

၁။ General Knowledge လို့ခေါ်တဲ့ အထွေထွေ ဗဟုသုတ ရှိရပါမယ်။ ရှိတဲ့သူနဲ့လည်း ဆွေးနွေး တိုင်ပင်ရပါမယ်။ အထူးသဖြင့် နိုင်ငံခြား အတွေ့အကြုံရှိတွေရဲ့ အတွေ့အကြုံတွေကို လေ့လာ မှတ်သားရပါမယ်။ ဒီအချက်ဟာ ရှင်းနေလို့ အထူးတင်ပြဘို့ မလိုတော့ပါ။

၂။ Common Sense သာမန်အသိဉာဏ် ရှိရပါမယ်။ ကိုယ့်အကြောင်းကို သူမသိသေးခင် ကိုယ်လိုချင်တာကို တောင်းဆိုခဲ့ရင်၊ သာမန် အသိဉာဏ်ရှိတဲ့သူ တယောက်လို့ ခေါ်နိုင်ပါသလား။

၃။ Skepticism လို့ခေါ်တဲ့ သံသယ အယူဝါဒလည်း ရှိသင့်သလောက် ရှိရပါမယ်။ ဒီလိုမဟုတ်ပါက လွယ်လွယ်နဲ့ အလိမ်ခံရပါမယ်။ အားလုံးကို သံသယ အယူဝါဒ မျက်စေ့နဲ့ စောင့်ကြည့်နေဘို့ မဟုတ်ပါ။ ဒါပေမဲ့ နိုင်ငံခြားမှာ အလိမ်ခံရရင် ဘဝပျက်ဖို့ ပြင်ထားရလိမ့်မယ်။ အထူးသဖြင့် မိန်းကလေးတွေ သတိထားရမယ်။

၎။ တရားသူကြီးတွေရဲ့ ငြင်အတိုင်း အလယ်လမ်းကြောင်း ရွေးပြီး ဆုံးဖြတ်နိုင်ရမယ်။

၅။ Decisive Settlement အထက်ပါ ပေတံတွေနဲ့ တိုင်းထွာပြီး ယတိပြတ် ဆုံးဖြတ်ချက် ချရမယ်။

စွန့်စားသူတွေရဲ့ လက်စွဲစာအုပ်မှာ အထက်ပါအတိုင်း ရေးထားတာကို အကျဉ်းချုံးပြီး ဖော်ပြပါတယ်။ ခေတ်စကားနဲ့ ပြောရရင်၊ ဉာဏ်ကို ပါးပါးလှီးပြီး အသုံးချနိုင်ရမယ်။ စာရေးဆရာ ဆန်းသစ် ရေးသားတဲ့ “စင်္ကာပူရောက်မြန်မာများ ဘဝရှေ့ရေး” ဆောင်းပါးဟာ ထမင်း ခွံ့ကြွေးနေတဲ့ ဆောင်းပါးမျိုး မဟုတ်ပါ (Spoon feeding) ၊ ကွယ်လွန်သူ ဆရာတင်မိုးရဲ့ “ဖန်မီးအိမ်” ကဗျာထဲက အပိုင်းလေးလို ...

ဖန်မီးအိမ်သည်
မငြိမ်မသက်၊ စိတ်ယောက်ယက်နှင့်
လမ်းပျက်တူရှု၊ လျှောက်လာသူကို
အားကူမျှသာထွန်းမည်တည်း။

အဘယ့်ကြောင့် အခုလို တင်ပြရသည်မှာ၊ မြန်မာပြည်ရဲ့ ပညာရေးစံနစ်ကြောင့် ဖြစ်ပါတယ်။ ထမင်းခွံ့ကြွေးတဲ့ စနစ်အောက်မှာ ကျောင်းသားတွေ ပြားပြားဝတ်အောင် ခံစားနေရပါတယ်။ လှေနံ ဓားထစ်မှတ်တဲ့ စနစ်မျိုးနဲ့ မူလတန်းကျောင်းက စပြီး ပညာရေးဝန်ကြီးအထိ “ပြန်မပြောနဲ့ ... ငါ ခွန့်ကြွေးတာ စား” ဆိုတဲ့ သံမှို ခေါင်းထဲမှာ ရိုက်သွင်းထားတာကြောင့် မြန်မာတွေ ပြည်ပမှာ အလုပ်လုပ်တော့ အခက်အခဲများစွာနဲ့ ကြုံတွေ့တော့တာပါပဲ။ တချိန်က အာရှထိပ်တန်း တက္ကသိုလ်တွေထဲမှာ အမြဲပါနေတဲ့ ရန်ကုန် တက္ကသိုလ်ကြီး အခု ဘယ်အဆင့်မှာ ရှိနေပါသလဲ။ ကမ္ဘာ့ အဆင့်အမီဆုံး တက္ကသိုလ် ၂ဝဝ မှာမပြောနဲ့၊ အာရှအဆင့် တက္ကသိုလ် ၂ဝဝ မှာတောင် မြန်မာ့တက္ကသိုလ် တခုမှ မပါဘူးဆိုတာ ယုံတမ်းစကား မဟုတ်ဘူးဆိုတာ ပညာရေးဝန်ကြီး ဒေါက်တာ ချမ်းငြိမ်း သိရဲ့လား။ မြန်မာကျောင်းသားတွေ စာမတော်လို့ မဟုတ်ပါ၊ စနစ်နဲ့ အုပ်ချုပ်သူတွေ မကောင်းလို့ပါလို့ပြောရင် အပေါ်နဲ့အောက် အဆင့်ဆင့် လက်ညိုးထိုးနေတော့မှာပဲ။

နာဂစ် လေမုန်တိုင်းကြောင့် ပြိုသွားတဲ့ မူလတန်းကျောင်းက အိမ်မဲ့ယာမဲ့ မိဘမဲ့ ကလေးတွေ ကျောင်းသွားအပ်တော့ ကျောင်းဝင်ကြေး တောင်းလွှတ်လိုက်တာကြောင့်၊ ကမ္ဘာ့ အစွန်အဖျားမှာ ရှိနေတဲ့ နယူးဇီလန်နိုင်ငံက မူလတန်း ကျောင်းသားတွေက အလှူငွေ ဝိုင်းထည့်ပြီး အဲဒီ ကျောင်းသားလေးတွေအတွက် ကျောင်းဝင်ကြေး ပို့ပေးတယ်ဆိုတာ သိရတော့ “ဗိုလ်ကြီးရယ် ... ကျမနွားကလေး ပြန်ပေးပါ” လို့ မပြောတော့ဘဲ၊ “နွားကြီးရယ် ကျမသားကလေး ကျောင်းအပ်ခွင့် ပေးပါ” လို့ ပြောရရင် လွန်မယ်မထင်ပါ။

ဒါပေမဲ့ ဒီဖြစ်ရပ်ဟာ ကမ္ဘာကျော်နေတာကြောင့် အောက်က ဆရာဆရာမတွေ လုပ်နေတာ ပညာရေးဝန်ကြီး မသိဘူး၊ မကြားဘူး ဆိုပြီး ဘူးခံနေလို့ မရပါ။ ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ မူလတန်းကျောင်းသားလေးတွေ ကျောင်းဝင်ကြေးပေးဘို့ မလိုဘူး ဆိုတာလောက်တော့ ပညာရေးဝန်ကြီး ဆုံးဖြတ်နိုင်ခွင့် ရှိတယ်လို့ ထင်တယ်။ အဲဒါကို ကြပ်ပြေး နေပြည်တော်က ကက်ဘိနက်အထိ တင်ပြီး ဆုံးဖြတ်ချက် ရယူနေရရင်၊ ဒီနိုင်ငံရဲ့ ပညာရေးအဆင့် မီပါတယ်လို့ ပြောရင် ယုံတဲ့လူ အမှားပဲ”

ဒါပေမဲ့ မြန်မာတွေ စိတ်ပျက်ဖို့ မလိုပါ။ ပင်ကိုယ်က ခံနိုင်ရည်ရှိပြီးသား၊ လေ့ကျင့်ပြီးသား ဖြစ်နေတာကြောင့် လုပ်ငန်းခွင်မှာ မြန်မာလုပ်သား အများစုဟာ နာမည်ရပြီးသား ဖြစ်နေပါတယ်။ ကြိုးစားမှု၊ အနစ်နာခံမှုတွေကြောင့် တခြား နိုင်ငံသား အလုပ်သမားတွေနဲ့ စာရင် အလုပ်ရှင် အကြိုက်များပါတယ်။ တခုပဲ မြန်မာ အလုပ်သမားတွေရဲ့ အားနည်းချက်က နိုင်ငံနဲ့ လူမျိုးကို ထိလာရင် မြွေပွေးကြီးလို ထပေါက် ပစ်လိုက်တာပဲ။ အဲဒီတော့ နှစ်ဖက်စလုံး နစ်နာတာပဲ၊ အဲဒီလို ထပေါက်လိုက်မယ့်အစား ယဉ်ယဉ်ကျေးကျေးနဲ့ ဒို့ယဉ်ကျေးမှုအရ လူတယောက်ရဲ့ နိုင်ငံကို မစော်ကားပါဘူးလို့ ပြောလိုက်ရင် တီကောင်ကို ဆားနဲ့ တို့လိုက်သလို ဖြစ်သွားတဲ့ အလုပ်ရှင်တွေလို ချက်ချင်း ပြန်တောင်းပန်တာ မကြာခဏ တွေ့ရပါတယ်။ မယုံရင် စမ်းကြည့်ပါ။

အထက်ပါ လူမှုရေး ပြင်ဆင်မှုများနှင့်အတူ နိုင်ငံခြားမှာ အလုပ် ထွက်လုပ်လိုသူများအား ပိုမို အလုပ်ရလွယ်ပြီး အဆင်ပြေစေရန် တင်ပြလိုက်ပါတယ်။ ထို့အပြင် နယူးဇီလန်နိုင်ငံမှ ကျွမ်းကျင် အလုပ်သမားတွေ ခေါ်ယူနေကြောင်း အစိုးရရဲ့ ကြေညာစာကိုလည်း ဖော်ပြလိုက်ပါတယ်။ သင့်တော်သလို လျှောက်ထားနိုင်ပါတယ်။ ရေကြည်ရာ မြက်နုရာ ဆိုသလို၊ နယူးဇီလန် နိုင်ငံလောက် ရေကြည်တဲ့၊ မြက်နုတဲ့နိုင်ငံ ရှိမယ်မထင်ပါ။ လာကြည့်ပါက ပိုသိပါမယ်၊ အထူးပြောစရာ လိုမယ်မထင်ပါ။

မေတ္တာဖြင့်

မွန်ဦးမြေ



ကြေးမုံတချပ် လက်ဆောင်

မောင်ဖူးတင့်
တနင်္လာနေ့၊ ဇွန်လ 30 2008 12:42 - မြန်မာစံတော်ချိန်

၁။

ခေတ်ပေါ်ကဗျာတွေကို နားမလည်ဘူးလို့ ပြောတဲ့စကား ကြားခဲ့ရတာတော့ ကြာပါပြီ။ ကြာပြီဆိုရင် နှစ်ပေါင်း (၃၀) ၀န်းကျင်လောက်တောင်မှ ရှိပြီထင်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကျနော့်အပေါ် ချစ်ခင်လေးနက်တဲ့ မိတ်ဆွေတဦးက ကျနော့်ကို သူစပ်ထားတယ်ဆိုတဲ့ စာသားတချို့ကို ကဗျာတပုဒ်အဖြစ် မကြာခဏ ရွတ်ပြလေ့ ရှိပါတယ်။ ၁၉၉၃-ခုနှစ်တုန်းကပါ။ သူက ဒီကဗျာကို ကျနော်နဲ့ တဦးချင်း ရှိတဲ့အခါ ရွတ်မပြပဲ၊ လူနည်းနည်းစုံပြီ များပြီထင်မှ ရွတ်ပြလေ့ ရှိတာပါ။ ဒီတုန်းက တော်လှန်ရေးဌာနချုပ် "မာနယ်ပလော" မှာ ရှိတဲ့ "ဒေါ်အောင်ဆန်းစုကြည်လမ်း" ထိပ်၊ "ထူးရာစိုး လ္ဘက်ရည်ဆိုင်" ဆိုတာ ကျနော်တို့ ကဗျာချစ်သူတွေ မကြာခဏ လူစုမိတဲ့ နေရာပေါ့။ ကျနော့်မိတ်ဆွေက အဲဒီ လ္ဘက်ရည်ဆိုင်ထဲမှာပဲ သူရေးစပ်ထားတယ် ဆိုတဲ့ ကဗျာဆိုတာကို ရွတ်ပြတာပါ။ သူ ကဗျာရွတ်ပြပြီးတိုင်း ထိုင်ပြီး နားထောင်နေတဲ့ သူတွေက ၀ိုင်းပြီး ရယ်ကြပါတယ်။ ကျနော့်ကိုဝိုင်းပြီး နောက်ကြ ပြောင်ကြပါတယ်။ ကျနော့်မှာတော့ အနေရ အထိုင်ရ ခက်တာကလွဲပြီး ဘယ်လိုမှ မခံစားရပါဘူး။ ကျနော့်ကို စကြနောက်ကြတဲ့ သူတွေဟာ လူတဖက်သားကို တမင်သက်သက် ချိုးနှိမ်တဲ့ အနေနဲ့ စကြနောက်ကြတာမှ မဟုတ်ပဲ။ ကဗျာရေးတဲ့ ကဗျာချစ်တဲ့ ကျနော့်ကို အရင်းနှီးဆုံး ရဲဘော်တယောက် အနေနဲ့ ၀ိုင်းဝန်း နောက်ပြောင်ခဲ့ကြတာပဲ။ ဒါပေမယ့် ခက်တာက "ခေတ်ပေါ် ကဗျာ" ဆိုတာ ကျနော့်မိတ်ဆွေ လ္ဘက်ရည်ဆိုင်ထဲမှာ ရွတ်ပြခဲ့တဲ့ ကဗျာမျိုး မဟုတ်ဘူး ဆိုတာလောက်ပဲ ကျနော် ရှင်းပြနိုင်ခဲ့တယ်။ တကယ်တော့ ခေတ်ပေါ်ကဗျာကို နားလည်ဘို့ဆိုရင် စာဖတ်သူ ဖက်ကလည်း ခေတ်ပေါ် ကဗျာကို ခံစားနိုင်ဖို့ အားစိုက်ဖို့ လိုသလို၊ စာဖတ်သူ ကိုယ်တိုင်က စာဖတ်နာတဲ့သူ ဧကန်မလွဲ ဖြစ်ဖို့လိုတဲ့ကိစ္စ ကျနော် ရှင်းမပြနိုင်ခဲ့ပါဘူး။ ရှင်းပြဖို့ အခြေအနေကလည်း မပေးခဲ့ပါဘူး။ အခုအချိန်မှာတော့ "စာသားတွေ ကမောက်ကမ၊ ဝေါဟာရတွေ ထင်သလို ချိုးဖျက်ပြီး တမင် အဆီအငေါ့ မတည့်အောင် ဖန်တီးထားတဲ့" ကျနော့် မိတ်ဆွေ ရွတ်ပြခဲ့တဲ့ ကဗျာစာသား ဆိုတာတွေကို ပြန်တွေးကြည့်မိတိုင်း အလိုလို ပြုံးမိတဲ့ အကြိမ်ပေါင်းလည်း များခဲ့ပါပြီ။

၂။

၁၉၉၃-ခုနှစ် ဒီဇင်ဘာလထဲမှာ တော်လှန်ရေးဌာနချုပ် "မာနယ်ပလော" ကို ဂျာမာန်သူနှစ်ဦး အလည် လာခဲ့ကြဖူးပါတယ်။ တဦးက စာပေ၀ါသနာရှင် တက္ကသိုလ်ကျောင်းသူ ဖြစ်ပြီး၊ နောက်တဦးကတော့ အဖော်အဖြစ် လိုက်ပါလာဟန်တူတဲ့ မိခင် ဖြစ်ပါတယ်။ သူတို့နှစ်ဦးက မာနယ်ပလောမှာရှိတဲ့ ကဗျာရေးသူ၊ ကဗျာချစ်သူတွေနဲ့ တွေ့ဆုံ စကားပြောချင်တယ် ဆိုလို့ ကဗျာဝါသနာရှင် (၃၀) လောက်က သူတို့နှစ်ဦးနဲ့ စကားဝိုင်းဖွဲ့ ထိုင်ခဲ့ကြပါတယ်။ စကားဝိုင်း ပြုလုပ်တဲ့ နေရာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟိုဌာနချုပ် စည်းဝေးခန်းမမှာ ပြုလုပ်တာပါ။ ဒီတုန်းက စကားဝိုင်းဖြစ်အောင် ကမကထပြုတဲ့ အယ်ဒီတာဟောင်း ဦး (၀င်းခက်) ကပဲ စကားပြန်အဖြစ် ဆောင်ရွက်ပါတယ်။

ကျနော်တို့တတွေ၊ ဂျာမာန်သူနှစ်ဦးနဲ့ မြန်မာစာပေအကြောင်း အနည်းအကျဉ်း ပြောခဲ့ဆိုခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာစာပေမှာ နိုင်ငံခြားစာပေ လွှမ်းမိုးမှု ရှိမရှိကိစ္စနဲ့ စစ်အာဏာရှင် လက်အောက်က မြန်မာစာပေ လမ်းကြောင်းဆိုပြီး ကျနော့်တို့တတွေ တက်နိုင်သလောက် ရှင်းလင်း ပြောဆိုလိုက်ကြပါတယ်။

စကားဝိုင်းပြီးကာနီးတော့ ကျနော်က "ဂျာမနီ နှစ်နိုင်ငံ ကွဲနေစဉ်တုန်းက ဘယ်ဖက်ခြမ်းက ကဗျာတွေကို ခင်ဗျားတို့ ပိုပြီး နှစ်သက်မိသလဲ" လို့ မေးခွန်းမေးမိပါတယ်။ ဒီတော့ ဂျာမာန်သူ သားအမိနှစ်ယောက်စလုံးက "အရှေ့ ဂျာမနီဆိုတာ၊ အဲဒီအချိန်တုန်းက တပါတီ အာဏာရှင်စနစ် လက်အောက်မှာ ရှိနေတာမို့၊ ကဗျာဆရာတွေဟာ အာဏာရှင်တွေ မသိအောင် ကဗျာတွေကို ဝေါဟာရ အသစ်တွေ၊ အတတ်ပညာ အသစ်တွေ ဖန်တီးပြီး ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ဖန်တီးရတာမို့ အရှေ့ဂျာမနီက ကဗျာတွေဟာပိုပြီး လှပတယ်လို့ ထင်လို့၊ အရှေ့ ဂျာမနီဖက်က ကဗျာတွေကို ပိုပြီးနှစ်သက်ခဲ့တယ်" လို့ တညီတညွတ်တည်း ဖြေကြပါတယ်။ ကျနော်ကလည်း သူတို့အပေါ် မူတည်ပြီး "ဒါဆိုရင် ကဗျာတွေ လှဖို့သစ်ဖို့အတွက် အာဏာရှင်စနစ် အဓွန့်ရှည်ပါစေ" လို့တောင် ဆုတောင်းရမလို ဖြစ်နေပြီ" လို့ မှတ်ချက်စကားပြောတော့ ဂျာမာန်သူ သားအမိနှစ်ယောက်စလုံး "ဒီလိုလည်း မဟုတ်ရပါဘူး" ဆိုပြီး လက်တကာကာ ခေါင်းတခါခါနဲ့ ငြင်းလိုက်ကြပါတယ်။

၃။

အမှန်တကယ်အားဖြင့်ဆိုရင် ခေတ်ပေါ် ကဗျာမှရယ်လို့ မဟုတ်ပါဘူး၊ ဘယ်ခေတ်မှာပေါ်တဲ့ ကဗျာပဲ ဖြစ်ဖြစ် လူတိုင်း နားလည်ဘို့ မလွယ်တဲ့ ကဗျာတွေချည်းပဲဆိုတာ နည်းနည်းလောက် စဉ်းစားကြည့်ရင်ပဲ သိနိုင်ပါတယ်။ ခေတ်တိုင်း ခေတ်တိုင်းမှာ ပေါ်ခဲ့တဲ့ ကဗျာတွေဟာ တကယ်တော့ အဲဒီခေတ်ရဲ့ "ခေတ်ပေါ်ကဗျာ" တွေ ချည်းပါပဲ။ အဲဒီ ခေတ်တိုင်းခေတ်တိုင်းမှာ ပေါ်ခဲ့တဲ့ သူ့ခေတ်ဆိုင်ရာ "ခေတ်ပေါ်ကဗျာ" တွေကို အဲဒီခေတ်တိုင်း ခေတ်တိုင်းမှာရှိတဲ့ စာဖတ်သူတွေဟာ အလွယ်တကူ နားလည်နိုင်ခဲ့ကြရဲ့လား။

တကယ်တော့ ကဗျာဆိုတာ အရိပ်ပြလို့ အကောင်ထင်အောင် ကြည့်ရတဲ့ ကိစ္စပါ။ မှော်နဲ့ရေးတာကို မှော်နဲ့ပဲ ခံစားယူရတဲ့ ကိစ္စပါ။ ကဗျာဖတ်တဲ့ အလုပ်ဟာ အင်မတန် သိမ်မွေ့နက်နဲတဲ့ ကိစ္စဆိုတော့ "လူမှာအတွေ့ နတ်မှာအငွေ့" ဆိုသလို ကဗျာဖတ်ခြင်း အလုပ်ကို အဲသလောက်အထိမြှင့်ပြီး တင်စား ပြောဆိုလို့ရမယ် ထင်ပါတယ်။ အင်မတန် အဆင့်မြင့်တဲ့ ယဉ်ကျေးမှုရေး ကိစ္စပါ။ ကဗျာဆိုတာ ဘယ်ခေတ်မှာမဆို နိမိတ်ပုံတွေ၊ သင်္ကေတတွေ၊ အင်္လကာတွေနဲ့သာ ရေးရဖွဲ့ရတဲ့ကိစ္စပါ။ ကဗျာဖတ်သူဟာ ခေတ်ပေါ်ကဗျာကို ခံစားယူလို့ ရနိုင်ဖို့ ဆိုရင် အနည်းဆုံး သူ့အရင်ပေါ်ခဲ့တဲ့ အနီးဆုံးခေတ်က ကဗျာတွေလောက်ကစပြီး စိုက်လိုက်မတ်တတ် ဖတ်ရှုခဲ့ဖို့ လိုအပ်ပါတယ်။ ကဗျာဖတ်နာဖို့ လိုပါတယ်။ ဒါကြောင့်မို့ "ခေတ်ပေါ်ကဗျာ" လို့ ဆိုလိုက်ရင် ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် နိမိတ်ပုံ၊ သင်္ကေတ အစရှိတဲ့ ကဗျာ့ပရိယါယ်တွေကို သစ်သထက်သစ်အောင် လုပ်ကြရတာ ချည်းပါပဲ။ ကျစ်သထက်ကျစ်အောင် ကြိုးစားရတာချည်းပါပဲ။ ဒီလို "သစ်အောင်ကျစ်အောင်" လုပ်တဲ့အလုပ်ဟာ ဘယ်ခေတ်မှာရယ်လို့ မဟုတ်ပါဘူး။ ကဗျာ အလုပ်ကိုယ်၌က ကဗျာဆိုတာ "အရိပ်အယောင်" ကိုပဲ ပြတဲ့ ပြောတဲ့ အလုပ် ဖြစ်ပါတယ်။ ရှင်းမပြပဲ ခင်းပြတဲ့အလုပ်ကို လုပ်ရပါတယ်။ ဒါကြောင့်မို့ ကဗျာကို စာဖတ်သူတွေ စကားပြေလောက် နည်းလည်လို့ မလွယ်တာပဲ ဖြစ်ပါတယ်။

အောက်မှာ၊ ဂျာမနီ နှစ်နိုင်ငံ ကွဲစဉ်တုန်းက အရှေ့ဂျာမနီက ကဗျာဆရာ "ကဒ် ဒရာဝပ်" ရဲ့ "ပုံစံကျ ကြေးမုံ" ဆိုတဲ့ ကဗျာတပုဒ်ကို လက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။ သူတို့ကလည်း "ကဗျာ" ကို ကဗျာဖြစ်အောင် ရေးကြတာ တွေ့ကြရပါလိမ့်မယ်။ ကဗျာဆရာက ဘာကိုပြောချင် ပေးချင်တာလဲ ဆိုတာတော့ စာဖတ်သူများ တူးဖော် ခံစားကြည့်ကြရပါလိမ့်မယ်။

ပုံစံကျကြေးမုံ


မျက်လုံးတွေကို ပြူးကျယ်သွားအောင် ချဲ့ပစ်လိုက်
နှာခေါင်းကို ရှုံ့ပစ်လိုက်
လည်တိုင်ကို တိုပစ်လိုက်။

ဦးခေါင်း၊ လည်တိုင်နဲ့ နားရွက်တွေကို
နေရာပြောင်းပစ်လိုက်
ရှည်မျောမျောဖြစ်အောင် လုပ်ပစ်လိုက်
မေးစေ့ကို နဖူးထိပ်အထိ မ တင်ဆွဲချဲ့လိုက်
လှိုင်းခုံးတွေ ... ။

ပါးစပ်ကို အ၀ိုင်းလုပ်ပစ်လိုက်
အားလုံးနဲ့လိုက်လျောညီထွေဖြစ်အောင် အရေပြားကို ဆွဲချဲ့လိုက်။

ကဗျာတပုဒ်လို
ဒါမှမဟုတ်
ဘ၀ရဲ့ အခြေခံမူများလို
အရာအားလုံး ပြောင်းလဲပစ်လိုက် ။ ။

ကဲ ... စာဖတ်သူများ အခုဆိုရင် ဒီကဗျာလေးကို ဖတ်ပြီးကြရောပေါ့။ ဒီနေရာမှာ ဒီကဗျာက ဘာကို ဆိုလိုတာပါလိမ့်ဆိုတဲ့ အတွေးနဲ့ ဒီကဗျာကို မဖြစ်မနေ နောက်တကြိမ် ထပ်ပြီးဖတ်ဖို့ စဉ်းစားနေမိကြမလားပဲ။ ဒါဆိုရင် နောက်တကြိမ်လောက်တော့ ထပ်ဖတ်ကြည့်ပါအုန်း။ "ကဒ် ဒရာဝပ်" က ဘာကိုပြောချင် ပေးချင်တာပါလိမ့်။ ကျနော်ကတော့ မကြာခဏဆိုသလို ဒါမှမဟုတ် တွေးမိတဲ့အချိန်တိုင်း ဒီကဗျာလေးကို အထပ်ထပ်အခါခါ ဖတ်နေမိတာပါပဲ။ အဲ ... ထူးဆန်းတဲ့အချက်က နောက်တကြိမ် ထပ်ပြီးဖတ်ရင် နောက်ထပ်အတွေး၊ နောက်ထပ် ခံစားမှုတခုခုကို ထပ်ထပ်ပြီး ရနေတုန်းပဲဆိုတဲ့ ထူးဆန်းတဲ့ အချက်ပါပဲ။

စာဖတ်သူများ ဒီကဗျာလေးကို ဖတ်ကြည့်ကြစမ်းပါ။ တွေးကြည့်ပါ။ အနိမ့်ဆုံးတော့ ကဗျာဖတ်ရတဲ့ အလုပ်ဟာ ပျော်စရာကောင်းတာ တွေ့ကြရပါလိမ့်မယ်။ ။

မောင်ဖူးတင့်


ကိုးကား။ ။ CHILD OF EUROPE: A NEW ANTHOLOGY OF EAST EUROPEAN POETRY


"ဆန့်ထွက်လာမည့် လက်သည်းများ"

စိုးနေလင်း
တနင်္လာနေ့၊ ဇွန်လ 30 2008 03:13 - မြန်မာစံတော်ချိန်

မြန်မာနိုင်ငံအကြောင်း၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးဘ၀၊ လူမှုရေးဘ၀၊ နိုင်ငံရေး ဘ၀တွေအကြောင်း ရေးသားထားတဲ့ သတင်းတွေ၊ ဆောင်းပါး တွေ၊ စာအုပ်စာတမ်းတွေဖတ်ရ၊ လျှပ်တပြတ် ရိုက်ထားတဲ့ ဓါတ်ပုံတွေ၊ သတင်းဓါတ်ပုံတွေ၊ သတင်းဓါတ်ပုံတွေ၊ ဗီဒီယို ကလစ်တွေ၊ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရတဲ့အခါတိုင်း ကြည်နူးပီတိဖြစ်ရ၊ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရတယ်လို့ မရှိသလောက်ပါပဲ။ ၀မ်းနည်း ကြေကွဲရ၊ စိတ်မကောင်းဖြစ်ရ၊ ကြိတ်မနိုင်ခဲမရ ဖြစ်ရ၊ ဒေါသဖြစ်ရ စတဲ့ မကောင်းတဲ့ စိတ်ခံစားမှုတွေကိုပဲ ကြုံတွေ့ ခံစားခဲ့ရတာချည်းပါပဲ။ အဲဒါတွေရဲ့ အခြေခံ အကြောင်းတရားဟာ မှားယွင်းတဲ့ အပေါ်ထပ် နိုင်ငံရေး အဆောက်အဦ၊ မှားယွင်းတဲ့ အခြေခံ စီးပွားရေး အဆောက်အဦ ကြောင့်ပဲ ဆိုတာလည်း ရှင်းနေတာပါပဲ။ အပေါ်ဆုံးထပ်နဲ့ အောက်ဆုံးထပ်ကြားမှာ ရှိတဲ့ ကျန်နေတဲ့အရာ အားလုံးဟာလည်း အလိုအလျှောက် မှားယွင်းသွားခဲ့ရ မှားယွင်းနေဆဲပဲ ဖြစ်ရတော့တာပါပဲ။ ဒါလည်း ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။

ဒါပေမယ့် အဲ့ဒီ အဓိက မှားယွင်းမှုကြီး နှစ်ခုရဲ့ ကြားမှာ ဖြစ်ပေါ်လာတဲ့ အမှားတွေကို တကယ်တန်း ခါးခါးသည်းသည်း ခံစားနေရတာကတော့ အောက်ဆုံးလွှာက မရှိဆင်းရဲသား ပြည်သူတွေပဲ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီ သန်းပေါင်းများစွာ ရှိတဲ့ ပြည်သူလူထုဟာ တိုင်းပြည်ရဲ့ အကြီးမားဆုံး စွမ်းအား အကြီးမားဆုံး အင်အားစုကြီးပါ။ ဒါပေမယ့် အဲဒီ စွမ်းအားအကြီးမားဆုံး အင်အားစုကြီးဟာ အကြီးမားဆုံး ဆင်းရဲဒုက္ခကို ခံစားနေကြရတဲ့သူတွေ ဖြစ်နေပါတယ်။ ကျနော်ကိုယ်တိုင်လည်း အဲဒီ အင်အားစုကြီးထဲမှာ ပါဝင်ခဲ့ရတဲ့ သူတစ်ယောက်ပါ။ အဲဒီ စွမ်းအား အကြီးမားဆုံး အင်အားစုကြီးဟာ ဒီကနေ့ အချိန်မှာ စွမ်းအား မဲ့သွားကြပါပြီလား။ သူတို့ တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေထဲက လွတ်မြောက်အောင် မရုန်းကန်နိုင် မလှုပ်ရှားနိုင် ကြတော့ဘူးလား။ အဲ့ဒီလို မဟုတ်ဘူးလို့ ကျနော် အခိုင်အမာ ယုံကြည်ပါတယ်။ နှစ်ငါးဆယ် နီးပါး စစ်အာဏာရှင်တွေရဲ့ သံဖနောင့်အောက်မှာ ရက်ရက်စက်စက် ဖိနှိပ် ညှင်းပမ်းခံရ၊ မျက်စိပိတ် နားပိတ် အလုပ်ခံရလို့ သူတို့မှာ ရှိနေတဲ့ ကြီးမားတဲ့ စွမ်းအားတွေကို အသုံးပြုဖို့ မကြိုးစားရဲအောင် ဖြစ်နေကြရရှာတာပါ။ ကိုယ်စီကိုယ်စီမှာ ရှိနေတဲ့ အစွမ်းသတ္တိတွေကို ကိုယ်ကိုယ်တိုင် မသိနိုင်အောင် ဖြစ်နေကြရရှာတာပါ။ မြန်မာနိုင်ငံရဲ့ နွံနစ်နေတဲ့ သမိုင်းဘီးကို တွန်းတင်လွတ်မြောက်အောင် လုပ်ဆောင်နိုင်စွမ်း အမှန်တကယ် ရှိနေတာဟာ သူတို့ပါပဲ။ မှတပါးတခြားမရှိ၊ ကျနော်တို့ရဲ့ သန်းပေါင်းများစွာသော သာမန်ပြည်သူတွေပါပဲ။ ဒီနေရာမှာ အငြင်းပွားစရာ မရှိဘူးလို့ ထင်ပါတယ်။

ဒုတိယ ဖက်ဆစ်တော်လှန်ရေးလို့ ပြောလို့ ရသလို နယ်ချဲ့အောက်က လွတ်မြောက်အောင်မဟုတ်ပဲ အမျိုးသား စစ်အာဏာရှင်စနစ် လက်အောက်က လွတ်မြောက်အောင် တိုက်နေတဲ့ အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေးပါ။ နယ်ချဲ့ကို တော်လှန် တိုက်ခိုက်ရတာထက် ပိုပြီးခက်ခဲ ကြမ်းတမ်းပါတယ်။ အချိန်ကာလကို ပြောမယ် ဆိုရင်တော့ ကျနော် တို့ရဲ့ ပြည်သူလူထုဟာ အတိုင်းအတာတခုအထိ ဒီတော်လှန်ရေး ဖြစ်စဉ်ကို ဖြတ်သန်းကြုံတွေ့ ပြီးခဲ့ပါပြီ။ အတော်အတန် အတိုင်းအတာတခုထိ ရင့်ကျက်ခဲ့ပါပြီ။ နောက်ပြီး တော်လှန်ရေးတွေ ပေါက်ဖွားခဲ့တဲ့ ခေတ်ကာလအရ ဖြစ်စဉ်တွေဟာ ကွဲပြား ခြားနားနေပါတယ်။ ဒီကနေ့ အိုင်တီ ခေတ် ကမ္ဘာပြန့် ဖြစ်စဉ်ကာလ (Globalization) မှာ အချိန်တွေကို ကြုံ့ကွေးသွားအောင် နည်းပညာတွေက စွမ်းဆောင် နိုင်နေပါပြီ။ ကျနော်တို့ သမိုင်းထဲက တော်လှန်ရေး ဖြစ်စဉ်ဟောင်းတွေလောက် အချိန် ယူစရာ မလိုပါဘူး။ အချိန်တွေကို ချုံ့ပြီး အရှိန်အဟုန်ကို မြှင့်တင်လို့ရတဲ့ ခေတ်ကာလ ဖြစ်နေပါပြီ။

ကျနော်တို့ စိတ်ပျက် အားငယ်စရာ မရှိပါဘူး။ အလုပ်ကို ချက်ခြင်းစဖို့ပဲ လိုအပ်ပါတယ်။ စပြီးပြီ ဆိုရင်လည်း အရည်အတွက်ရော အရည်အချင်း အရပါ အရှိန်အဟုန်ကို မြှင့်တင် ပေးကြရပါလိမ့်မယ်။ တော်လှန်ရေးကြီး အောင်အောင်မြင်မြင် ပြီးဆုံးသွားဖို့ ပေါင်းစည်းလို့ ရနိုင်သမျှ အင်အား တွေကို ကျနော်တို့ ပေါင်းစည်းကြရပါမယ်။ တော်လှန်ရေးရဲ့ အဓိက ရည်မှန်းချက် အောင်မြင်ရေးအတွက် အသုံးပြုလို့ ရနိုင်သမျှ တော်လှန်ရေး နည်းနာတွေကို သုံးစွဲကြရပါလိမ့်မယ်။ တဦးချင်း တယောက်ချင်းပဲ ဖြစ်ဖြစ်၊ တအုပ်စုချင်းဖြစ်ဖြစ် စစ်အာဏာရှင်စနစ်ကို ဒေါက်ထောက် ကျားကန်ထားသမျှ အရာအားလုံးကို တိုက်ဖျက် ခြေမှုန်းကြရမှာ ဖြစ်ပါတယ်။ ဒီ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဒီမိုကရေစီ တော်လှန်ရေး ကြီး ရှုံးနိမ့်သွားမယ်ဆိုရင်၊ ဒီအတိုင်း စစ်အာဏာရှင်တွေကို ဆက်ပြီး အုပ်ချုပ်ခွင့် ပေးထားမယ် ဆိုရင် ကျနော်တို့ နိုင်ငံဟာ လုံးဝ ပျက်သုန်း သွားတော့မယ် အလျှော့ပေး စွန့်လွှတ်လို့ မဖြစ်ဘူး ဆိုတာကို ပြည်သူလူထု တရပ်လုံး သိမြင် သဘောပေါက်ကြဖို့ လိုအပ်ပါလိမ့်မယ်။

နိုင်ငံရေး သဘောတရားတွေ၊ စနစ်တွေ၊ အသစ်အသစ် ပေါ်ပေါက်လာနေတဲ့ အတွေးအခေါ်တွေ လမ်းကြောင်းတွေ အကြောင်းကို ငြင်းခုန် ဆွေးနွေး သဘောထားကွဲပြား နေကြရမယ့်အချိန် မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ဖျက် ခြေမှုန်းဖို့သာ ဖြစ်တယ် ဆိုတာကို ကျနော်တို့ တညီတညွတ်ထဲ ယုံကြည်ထားကြဖို့သာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျနော့အနေနဲ့ ကိုယ့်စိတ်ကို ပြန်ပြီး အားဖြည့် သန့်စင်ဖို့ အတွက် ဖတ်ကြည့်လိုက်မိတဲ့ မဟာမြိုင် တောရဆရာတော်ကြီး ဦးဇောတိကရဲ့"တွေးမိတိုင်း ပျော်တယ်" ဆိုတဲ့ စာအုပ်ထဲက ဆရာတော်ကြီးရဲ့ မိန့်ဆိုချက်တခုကို ပြန်ပြီးသတိရမိပါတယ်။ ဆရာတော်ကြီး ကတော့ ဘယ်လူ့အဖွဲ့အစည်း ဘယ်တိုင်းပြည်လို့ ထည့်သွင်း မပြောခဲ့ပါဘူး။ ကျနော်ကတော့ ကျနော်တို့ လူ့အဖွဲ့အစည်း ကျနော်တို့ တိုင်းပြည် လို့ ခံစားလိုက်ရပါတယ်။

ဆရာတော်ကြီးက

"…မတရားတာ၊ မမျှတတာတွေကို လုပ်တဲ့သူတွေ များနေရင် တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်နေမယ်။ တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်မှုရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်တယ်လို့ ဘယ်ပြောနိုင်မလဲ။

မတရားတာ လုပ်တဲ့သူရှိရင် ခံရတဲ့သူ ရှိတယ်။ ခံရတဲ့သူဟာ လုပ်တဲ့သူကို လေးစားမှာ မဟုတ်ဘူး။ တဦးကိုတဦး မလေးစားနိုင်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်တော့ဘူး။ တရားမျှတမှုမရှိ ၊ ဂုဏ်သိက္ခာလည်း မရှိတဲ့ အသိုင်းအ၀ိုင်းမှာ နေရတဲ့ သူဟာ စိတ်အေးချမ်းသာယာမှု ဘယ်လိုလုပ် ရနိုင်တော့မလဲ။

လူတချို့ မတရားတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်တဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ မလွတ်လပ်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာ ဒီသုံးပါးဟာ ဆက်စပ်နေပါတယ်။ တန်ဖိုးထားစရာ ကောင်းတဲ့ ဒီ (Human values) သုံးပါးမရှိရင် အဆင့်မြင့်တဲ့ လူ့အသိုင်းအ၀ိုင်း မဖြစ်သေးဘူး…" လို့ မိန်းကြားဟောပြောခဲ့ ပါတယ်။

ကျနော်တို့တွေ တရားမျှတမှု မခံစားခဲ့ရသေးဘူး၊ လွတ်လပ်မှုကို မခံစားခဲ့ရသေးဘူး၊ ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်းတခု မဖြစ်သေးဘူး ဆိုတာကတော့ အသေအချာပါပဲ။

ကျနော်တို့ ပြည်သူလူထုကြီး အနေနဲ့ ကိုယ့်အားကိုယ်ကိုး ကြရပါလိမ့်မယ်။ စစ်အာဏာရှင်တွေနဲ့ သူ့ရဲ့ အပေါင်းအပါတွေကို ကိုယ်စီကိုယ်ငှ ဆန့်ကျင်တွန်းလှန်ဖို့ ကြိုးစားကြရပါလိမ့်မယ်။ အားလုံးဟာ လက်နက်စွဲကိုင် ဆန့်ကျင် တော်လှန်နိုင်ကြမှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နိုင် သလောက် အန္တာရာယ် မများတဲ့ ငြိမ်းချမ်းတဲ့ ခုခံဆန့်ကျင်မှုတွေကို သုံးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့သာ အရေးကြီးပါတယ်။ အဲ့ဒီ အဆင့်ကနေပြီး တဆင့် တိုးတက်လာတဲ့ အချိန်မှာတော့ ပိုပြီး ထိရောက် အစွမ်းထက်တဲ့ နည်းတွေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန် နိုင်လာကြပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဓမ္မ၀ါဒီ စစ်အာဏာရှင်တွေ မကြာတော့မယ့် အချိန်မှာ ကျဆုံး၊ အာဏာရှင်စနစ် နိဂုံး ချုပ်ရပါလိမ့်မယ်။ ဓမ္မဟာ အမှန်တရား ဖြစ်တယ်၊ သစ္စာတရား ဖြစ်တယ်။ ။

စိုးနေလင်း



စင်္ကာပူရောက် မြန်မာများ ဘ၀ရှေ့ရေး

ဆန်းသစ်
အင်္ဂါနေ့၊ ဇွန်လ 24 2008 23:48 - မြန်မာစံတော်ချိန်

စင်္ကာပူမှာ နှစ်ပေါင်းများစွာ နေခဲ့တဲ့ အတွေ့အကြုံနဲ့ မြန်မာပြည်၊ စင်္ကာပူ၊ ကမ္ဘာ့နိုင်ငံရေး အခြေအနေများကို လေ့လာသုံးသပ်ပြီး ဒီစာကို ရေးပါတယ်။ ကိုယ့်အမြင်နဲ့ရေးတော့ တဦးချင်းရဲ့ ဘ၀ အဖြစ်အပျက်တွေကို မသိတော့ ကိုယ်နဲ့ သင့်တင့်သလို ဆုံးဖြတ်နိုင်မှုမှာ အထောက်အကူ အနည်းအကျဉ်း ရတယ်သိရရင် ရေးရကျိုးနပ်ပါတယ်။

မြန်မာတွေ စင်္ကာပူ ရောက်လာတာကတော့ ကိုယ့်နိုင်ငံမှာ အဆင်မပြေလို့ပါပဲ။ ပိုချမ်းသာ၊ ကြီးပွား၊ ပညာတတ်လာအောင် စင်ကာပူ ထွက်လာသူကတော့ အနည်းအကျဉ်းပဲ ရှိမှာပါ၊ ကိုယ်နိုင်ငံတွင်းမှာ လစာငွေ ကောင်းရင် ၀င်ငွေနဲ့ထွက်ငွေ ဖူလုံလောက်ငရင် ပြည်တွင်းမှာပဲ နေမှာပါ။ ထားပါတော့။

အရင် အပိုင်း (၁) မှာတော့ လက်ရှိ ပေါ်ပင်ဖြစ်ရပ်များကို အခြေခံပြီး ရေးထားပါတယ်။ အခုအပိုင်းကတော့ ဘ၀ကိုမှန်ကန်စွာ ကြိုးစား တိုးတက်ချင်တဲ့ သူများအတွက် အထူးပြုပါမယ်။

အသက်အပိုင်းအခြားအလိုက် သတ်မှတ်ရရင်

၁။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်ကျောင်းသား
၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်
၃။ အသက် ၄၀ အထက် ပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေး အတွေ့အကြုံ ရင့်ကျက်စပြုတဲ့ လူကြီး စသဖြင့် ၃ ဆင့် ခွဲခြားချင်ပါတယ်။

၁။ အသက် ၂၀ နဲ့ ၃၀ ကြား လူငယ်ကျောင်းသား

တချို့ လူငယ်တွေကတော့ သူ့ရဲ့ မိဘ၊ မောင်နှမများ အားကိုးနဲ့ အမေရိကားကို အထူးသဖြင့် ပညာသင်ဖို့ ရောက်လာတာပါ။ မိဘ၊ ဦးလေးများက အမေရိကားကို စောစီးစွာ ရောက်နေတဲ့အတွက် ဂရင်းကဒ် (သို့မဟုတ်) အမေရိကန် နိုင်ငံသား ဖြစ်နေပြီဆိုတော့ သူတို့ရဲ့ နှလုံးသားကို ရပြီးသူ လူငယ်ခမြာ ဘာမှ ကြိုးစားစရာ မလိုဘဲ ဖြုတ်ကနဲ ရောက်လာပါတယ်။ မြန်မာတွေ အမေရိကား ရောက်ချိန်မှာ ကိုယ့်ဆွေမျိုးစာရင်းကို အင်မီဂရေးရှင်းမှာ ရေးတင်ရတော့ သူတို့ ချစ်ခင်တဲ့ တူ၊တူမ၊ မောင်နှမ နာမည်တွေကို ကောက်ရေး ထည့်ထားလိုက်တယ်။ အဲ - တနေ့ သူအဆင်ပြေတဲ့ အချိန်တော့ အမေရိကားကို အဲဒီလူတွေ ခေါ်ခွင့်ရတယ်။ ဒီတော့ သူတို့ကို ခေါ်ဖို့ တင်ပေးလိုက်တာကြောင့် ဘ၀ပေးကုသိုလ် (ရှေ့ဘ၀ ကံ၊ တနည်းအားဖြင့် ဘုရားသခင် ကောင်းချီးရရှိသူ) လူငယ်များ မြန်မာတိုင်း တမက်တမော သွားချင်တဲ့ အမေရိကားကို ရောက်လာရတယ်။

သူတို့ကိုတော့ အမေရိကား အရင်ရောက်နှင့်တဲ့ အဒေါ်၊ ဦးလေး၊ အမေ၊ အမေများက ကျောင်းပဲ တက်ခိုင်းတယ်။ ဒီလူငယ်တွေကလည်း အလုပ်ပဲလုပ်ပြီး ပိုက်ဆံရချင်တယ်။ အိမ်မှာထိုင်ပြီး စားသောက်၊ ပညာသင်၊ အဒေါ်ဦးလေး ပူညံ ပြောဆိုတာတွေ၊ အိမ်အလုပ်တွေ ဘယ်လုပ်ချင်မလဲ၊ ဒီတော့ ပါးစပ် အပြောမတတ်တဲ့ အဒေါ်ဦးလေးအိမ်က ထွက်ပြီး ကိုယ်ဖာသာ အပြင်မှာနေ၊ ကျောင်းမတက်တော့ဘဲ တလကို ဒေါ်လာ၂၀၀၀ လောက် ရတဲ့အလုပ်တွေမှာ ၀င်လုပ်တယ်။ ကားကောင်း ၀ယ်စီးတယ်။ အိမ်မှာ စတီရီယို ဟိုင်ဖိုင်၊ တီဗီတွေ ၀ယ်ယူ ဇိမ်ခံပြီး လောကကျေးကွန်ဘ၀ ရောက်သွားတယ်။ Rich Dad - Poor Dad စာအုပ်ကို ဖတ်ရင် ဒီလူငယ်များ သိပ်ကြိုက်ပေါ့။ လူတိုင်း သူဌေး ဖြစ်နိုင်တယ်။ မင်းလည်း သူဌေးဖြစ်မယ်ဆိုတဲ့ အယူအဆပါ။ ဟုတ်ပါတယ်။ သူဌေးအကျင့်အတိုင်း ကျင့်နိုင်ရင်တော့ သေချာပေါက် သူဌေးဖြစ်ပါတယ်။ ဒါပေမဲ့ မိဘ၊ ဆွေမျိုးက အစိုးရ၀န်ထမ်း၊ သာမန်လုပ်ငန်းရှင်၊ သာမန်ဘွဲ့ရ မိဘရဲ့ သားသမီးက ဘယ်လိုလုပ်ပြီး သူဌေးအကျင့် ရပါမလဲ။ သူဌေး (သို့မဟုတ်) သူဌေးသားနဲ့ သွားပေါင်းရင် သူတို့ကျွန်ဘ၀ပဲ ရောက်ရုံပဲဆိုတော့ သူဌေးကျွန် မဖြစ်ချင်တဲ့ ဒီလူငယ်လဲ သူဌေးမဖြစ်ဖို့ လမ်းများပါတယ်။

ကြုံလို့ပြောရရင် အခု အမေရိကားမှာ သမ္မတလောင်း အိုဘားမား တော်တော် နာမည်ကြီးနေပါတယ်။ လူမဲအမျိုးသား ပထမဆုံးသော သမ္မတလောင်းပဲ။ ဒီမိုကရက်တစ် ပါတီကြီးက အရင် သမ္မတကတော် ဟီလာရီ ကလင်တန်ကို အနိုင်ယူပြီး ရေပန်း အရမ်းစားနေပါတယ်။ နောက် နာမည်ကြီး လူမဲ အမျိုးသမီးကတော့ သမ္မတ ဂျော့ဘွတ်ခ်ျရဲ့ လက်စွဲ၊ အကြံပေး အရာရှိနဲ့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီစာ ရိုက်စ် ပါ။ အဲဒီလူမဲ နာမည်ကြီးတွေဟာ ငယ်စဉ်ဘ၀က အမေရိကားမှာ အနှိမ်ခံခဲ့ရပါတယ်။ သူတို့လည်း ဘ၀နာခဲ့တော့ လူဖြူတွေ လေးစားပြီး၊ တန်းတူအခွင့်အရေး ဖြစ်သွားအောင် ဘာလုပ်ရမလဲ စဉ်းစားတော့ သူတို့ရဲ့ အဖေပြောတယ် - ဆင်းရဲ၊ နှိမ့်ကျခြင်းက ထာဝရ လွတ်မြောက်အောင် "ပညာကို အစွမ်းကုန်ကြိုးစား၊ လေ့လာလိုက်စားခြင်း" တခုတည်းရှိတယ်လို့ ဆုံးမပြောဆိုခဲ့တယ်။

သူတို့ နှစ်ယောက်ကလည်း လက်ခံပြီး ငယ်ရွယ်စဉ်မှာပဲ ပညာကို ထွန်းပေါက်အောင် အရမ်းကြိုးစားတယ်။ နှိမ့်ချစွာ ဆရာကောင်းများနဲ့ ကြိုးစားတော့ အောင်မြင်မှုကို ရရှိတယ်။ အခုဆိုရင် လူဖြူတွေ ကြီးစိုးတဲ့ အမေရိကားမှာ အစိုးရ ထိပ်တန်းရာထူးတွေကို လူမည်းတွေ ရယူနိုင်ခြင်းဟာ စံပြသက်သေ ဖြစ်ပါတယ်။ ရှေးကမ္ဘာဦးကတည်းက ကြိုးစားတဲ့ သူကိုပဲ မြှောက်စားတဲ့ ပုံသက်သေ ဥပမာတွေ အများကြီးပါ။

မိဘ ဆွေမျိုးမရှိပေမဲ့လည်း ကြိုးစားချင်တဲ့ စိတ်နဲ့ အမေရိကား ထွက်လာသူ၊ ရှိပါရက် မိမိဖာသာ ကြံဖန် ကြိုးစားထွက်လာတဲ့ လူငယ်တွေ အများကြီးပါ။ ဒီနေရာမှာ အကြံတခု ပေးချင်တာကတော့ မသွားခင်မှာ အသေအချာ လေ့လာစုံစမ်းပါ။ မေးမြန်းပါ။ စနစ်ကျတဲ့ ပြင်ဆင်မှု ပြုလုပ်ပါ။

ဒါကြောင့် အမှတ်စဉ် (၁) လူငယ်များကိုတော့ ပညာကြိုးစားဘို့ တိုက်တွန်းပါတယ်။ အမေရိကားကို ဗီဇာရဖို့ မိဘဆွေမျိုး ခေါ်မဲ့လူမရှိရင် အလွယ်ကူဆုံးကတော့ Student Visa နဲ့လာပါ။ လာပြီးရင် ကျောင်း ပြီးအောင် တက်ပါ။ ငွေရတဲ့ အလုပ်တွေနောက် မလိုက်ဘဲ ကျောင်းတနှစ်ကနေ ၄ နှစ်အထိ ပြီးအောင်တက်မယ် ရဲရဲဆုံးဖြတ်ပါ။ အမေရိကားမှာ ကျောင်းတက်ရင် Part Time အလုပ်လုပ်ခွင့် ရှိပါတယ်။ မိတ်ဆွေတဦးရဲ့ ဆန်ဖရန်စစ္စကို State University မှာ အာဖရိက ဂါနာ၊ အီသီယိုးပီးယားတွေက လာရောက် ကျောင်းတက်နေတဲ့ တက္ကသိုလ်ကျောင်းသား ၂ ယောက်ကို စကားပြောခွင့် ရပါတယ်။ သူတို့ကို တက္ကသိုယ်က တပတ်မှာ နာရီ ၂၀ အလုပ်လုပ်ခွင့် ပေးတယ်။ တက္ကသိုလ်က ဆရာတွေနဲ့လည်း အဆင်ပြေအောင်နေတော့၊ မိတ်ဆွေ တက္ကသိုယ်ဝန်ထမ်းရဲ့ ဌာနမှာပဲ အချိန်ပိုင်းဝင်လုပ်တော့ သက်သက်သာသာ ကွန်ပြူတာရှေ့ ထိုင်ပြီး တလ ဒေါ်လာ ၁၀၀၀ လောက် ရနေတယ်။ ထောက်ပံကြေး Grant ကလည်း အမေရိကားမှာ သိပ်မခက်လှဘူး။ မြန်မာဆိုရင် ပိုတောင် လွယ်သေးတယ်။ (မြန်မာတွေ စစ်အစိုးရ လက်အောက်မှာ တော်တော်ခံနေရတာ အမေရိကန်များ ဂရုဏာသက်တာ ရှိပါတယ်)။ ဒီတော့ အဲဒီကျောင်းသားတွေ အပြင် စားသောက်ဆိုင်၊ အလုပ်ရုံတွေမှာ သွားလုပ်စရာ မလိုတော့ဘူး။ သွားလုပ်ချင်ရင်လည်း အလုပ်ရှာရတာ လွယ်ပါတယ်။

Student ဗီဇာရရှိပြီး အမေရိကားကိုသာ အရင်ဝင်ခဲ့ပါ။ ကျန်တဲ့ အရာများကတော့ အမေရိကားက မြန်မာတွေကို သေချာပြောပြ အကူအညီ တောင်းရင် စာတကယ် ကြိုးစားမယ့် မြန်မာကျောင်းသားတွေကို ကူညီမယ့် အဖွဲ့အစည်း အများကြီး ရှိပါတယ်။

အပိုင်း (၁) မှာ ရေးခဲ့တာကို ဖြည့်စွက်ပြောရမယ်ဆိုရင်…

အမေရိကားမှာ H1 visa, Student visa, Business visa, Medication visa, Social Charity visa စတာတွေအနက် မြန်မာ Passport ကိုင်ဆောင်ထားသူတွေ အများဆုံး အသုံးချတဲ့ ဗီဇာကတော့ Student Visa ပါပဲ။ လူသိနည်းတဲ့ အမေရိကန် ပြည်နယ်လေးတခုက တက္ကသိုလ် တခုကို ကိုယ့်ကို ခင်မင်သူ တယောက်ရဲ့ Bank Statement တခုနဲ့ အဲဒီ တက္ကသိုလ်ရဲ့ Website ကတဆင့် ဆက်သွယ်ပြီး ကျောင်းဝင်ခွင့် တင်လိုက်ပါ။ အလွယ်တကူ ရပါတယ်။ ဘယ်တက္ကသိုလ်လဲတော့ ကိုယ်နဲ့ နီးစပ်သူတွေကို မေးပါ။ နယူးယောက်၊ ၀ါရှင်တန်၊ ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိ၊ ချီကာဂို စတဲ့မြို့ကြီးတွေ၊ ပြည်နယ်ကြီးတွေတော့ ယောင်ပြီး သွားမလျှောက်လိုက်လေနဲ့၊ ၀င်ခွင့် ရကောင်းရမယ် - အဲ ငွေကတော့ သောက်သောက်လဲ ကုန်သွားလိမ့်မယ်။

ဝင်ခွင့်ရကြောင်း တက္ကသိုလ်က တရားဝင်စာ တလ၊ နှစ်လ နဲ့ ရလိမ့်မယ်။ ရပြီးရင်တော့ စင်္ကာပူ အမေရိကန် သံရုံးကို သွားပြီး ဗီဇာလျှောက်ပေ တော့။ ဘယ်လိုလျှောက်ရမလဲဆိုတာ http://singapore.usembassy.gov/general_information.html အင်တာနက် ၀ဘ်ဆိုဒ်မှာ အသေးစိတ် ရေးထားတယ်။ အမေရိကန်ကတော့ Talent တွေအတွက် လမ်းအများကြီး ရှိတယ်။ Google, Yahoo, Microsft, .. စတဲ့ ကမ္ဘာကျော်တွေ၊ ကမ္ဘာ့ အချမ်းသားဆုံး လူတွေရဲ့ တ၀က်လောက်ကလည်း အမေရိကားမှာ နေကြတော့ သဘောပေါက်နိုင်ပါတယ်။ အဲ - ပျက်စီး၊ ကျဆုံးတဲ့လူတွေလည်း အမေရိကန်မှာ ပိုဆိုးတယ်။ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီး လူကြီး၊ သူငယ်ချင်းကောင်း စကားနားမထောင်ဘဲ ထင်ရာ ဇွတ်လုပ်သူများအတွက်တော့ ငရဲနိုင်ငံကြီးပေါ့။

၂။ အသက် ၃၀ နဲ့ ၄၀ ကြား ပညာအသင့်တင့်ရှိသူ လူငယ်

ဒီလူငယ်ကတော့ အိမ်ထောင်ကျပြီးသူ ဖြစ်ဖို့များပါတယ်။ အိမ်တောင်ကျပြီးသူ အများစုဟာ မြန်မာပြည်ကနေ စင်္ကာပူကို ပြောင်းရွှေ့လုပ်ကိုင်ပြီး အခြေကျနေသူ များပါတယ်။ စင်္ကာပူကနေ အမေရိကားကို ရွေ့တော့ ရွေ့ချင်ပေမယ့် နေ့စဉ် လုပ်ငန်းတွေ၊ အပျော်အပါးတွေနဲ့ အလုပ်များနေတာကြောင့် ထပ်မံ ရွေ့ပြောင်းဖို့ မလုပ်နိုင်ပါဘူး။

စင်္ကာပူရောက် မြန်မာများ နိုင်ငံခုန်ရန် ကြိုးစားနေတဲ့ အထဲမှာ နံပါတ် (၁) နိုင်ငံကတော့ သြစတြေးလျား ဖြစ်ပါတယ်ဆိုရင် လက်တွေ့နဲ့ ပိုကိုက်ညီပါတယ်။ အမေရိကားရောက် မြန်မာများက သိန်းဂဏန်းလောက် ရောက်နေပေမယ့် စင်္ကာပူကတဆင့် ရောက်သူတွေ အတော်နည်းပါတယ်။ သြစတြေးလျားက စင်္ကာပူရဲ့ ဘွဲ့နဲ့ လုပ်ငန်းအတွေ့အကြုံ (Singapore Certificates and Experience) ကို အသိအမှတ် ပြုပါတယ်။ သြစတြေးလျားရဲ့ Permanent Resident လျှောက်တဲ့ ပေါ်လစီအရ စင်္ကာပူမှာ ဘွဲ့တခုရပြီး ၃ နှစ်အထက် လုပ်သက်ရှိရင် အသက် ၄၅ နှစ်အောက်ကို အလွယ်တကူပဲ PR ပေးလိုက်ပါတယ်။ အေးဂျင့်ကတဆင့် လျှောက်ရရင် ပိုက်ဆံ ထောင်နဲ့ချီပြီး တော်တော်ကုန်တော့ ငွေအရင်းအနှီး မရှိသူတွေ Australia PR မလျှောက်ဖြစ်ဘူး။ လျှောက်ရင်လည်း တနှစ်အထက် ကြာတတ်ပါတယ်။ တချို့လည်း သြစတြေးလျားမှာ အလုပ်ရအောင်ရှာပြီး Work Permit ရမှ သွားတယ်။ ဟိုမှာနေပြီးမှ PR ဆက်လျှောက်တယ်။

သြစတြေးလျား ဗီဇာကလည်း စင်္ကာပူက ထုတ်ပေးထားတဲ့ PR ဆိုရင် ၁ နာရီအတွင်းမှာပဲ ထုတ်ပေးလိုက်တော့ PR ရရှိထားသူတွေ အလည်အပတ် ခရီးထွက်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာများ Touch and Go အနေနဲ့ သြစတြေလျားကို Tourist Visa eg. 3 days, 4 night စတဲ့ Tour Package နဲ့ ခရီးသွားပြီး ပြန်လာသူ များပါတယ်။ နောက်ပြီး သြစတြေလျား နိုင်ငံမှာလည်း မြန်မာတွေကို Work Permit လက်ခံနေပါတယ်။ အင်တာနက်မှာလည်း ပညာရေးအကြောင်း အများကြီး ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဥပမာ - http://www.mingalaronline.net/education/ သြစတြေလျားကို ပြောင်းရွှေ့ဖို့ အခြေခံ အကြောင်းတွေကိုလည်း အစိုးရ အင်တာနက် ၀ဘ်ဆိုဒ်မှာ ရေးထားပါတယ်။ စင်္ကာပူမှာလည်း သြစတြေလျား အလုပ်ပွဲစား အများကြီး ရှိပါတယ်။

ထုံးစံအတိုင်း အကြံပေးချင်တာကတော့ ကိုယ်နဲ့ ရင်းနှီးတဲ့ သြစတြေးလျား ရောက်နှင့်သူ မိတ်ဆွေတွေကို ဖုန်းဆက် မေးမြန်းပါ၊ တတ်နိုင်ရင် Tourist Visa ယူပြီး သွားရောက်လည်ပတ် မေးမြန်းပါ။

ကနေဒါ၊ အင်္ဂလန်၊ နယူးဇီလန်၊ နော်ဝေး စတဲ့ နိုင်ငံတွေကို စင်္ကာပူကတဆင့် ပြောင်းရွှေ့သွားသူတွေ တော်တော်ရှိပေမယ့် သူတို့ အကြောင်းထက် အမေရိကန်၊ သြစကြေးလျား အကြောင်းက ပိုစိတ်ဝင်စားစရာ၊ လက်တွေ့ ပိုကျတယ်လို့ ထင်ပါတယ်။

အမေရိကန်ကို လာအလုပ်လုပ်ဖို့ကတော့ တော်တော် ကြိုးစားရပါမယ်။ ဒါကြောင့် ကျောင်းအရင်တက်တာကို တိုက်တွန်းပါတယ်။ အနည်းအကျဉ်း မြန်မာတွေ H1 Visa ရရှိပါတယ်။ ကံ၊ ဥာဏ်၊၀ီရိယ ကောင်းသူများ H1 Visa ရရှိသွားပါတယ်။ ကံကို နံပါတ် (၁) မှာ ရေးထားပါတယ်။ ကံတရား (သို့မဟုတ်) ဘုရားကောင်းချီးပေးခြင်း ဆိုတာ အင်မတန် ထူးဆန်းပေမယ့် ၀ိရိယ မရှိသူတွေဟာ ကံမကောင်းသူတွေ ဖြစ်သွားလေ့ ရှိပါတယ်။ အဆင်ပြေနေသူတွေ ဘ၀ကို သေချာကြည့်ရင် ထင်သလို မိဘချမ်းသာလို့ ဘာမှမလုပ်ပဲ သုံးဖြုန်းနေသူ မဟုတ်ပါဘူး။ ဘုရင့်သားဆိုတိုင်း ဘုရင်မဖြစ်နိုင်ပါဘူး။ မှားသွားရင် ဘုရင့်သား အချင်းချင်း သုတ်သင်တဲ့ဘ၀ထဲ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ၀ိရိယ ရှိရင် ဥာဏ်နဲ့ ကံ တွေလည်း ကောင်းလာလေ့ ရှိပါတယ်။

အပိုင်း (၁) တုန်းက ရေးပြီးသားကို ပြန်ထည့်ပေးလိုက်ပါတယ်။

အလုပ်ရှာချင်တဲ့ လူငယ်တွေအတွက် H1 Visa အကြောင်း နည်းနည်းပဲ ရေးပါမယ်။ အလုပ်ဗီဇာ H1 ကို မြန်မာပတ်စ်ပို့ ကိုင်သူတွေအတွက် ရနိုင်လမ်း တော်တော်နည်းပါတယ်။ စင်္ကာပူ Passport ကိုင်တဲ့ မြန်မာတွေအတွက်တော့ အိုကေပေမယ့် ၂၀၀၈ ပတ်ဝန်းကျင်မှာ အမေရိကန် စီးပွားရေးကပ် ဆိုက်နေတော့ စင်္ကာပူ လူငယ်တွေက လစာ ပိုကောင်းနေသလိုပါပဲ။ အမေရိကန် ဒေါ်လာဈေးကလည်း သမ္မတ ဂျော့ဘွတ်ခ်ျ မတက်ခင် US$1 = S$1.8 ကနေ ကျဆင်းသွားလိုက်တာ အခုဆို US$1 = S$1.3 လောက် ဖြစ်သွားတော့ စင်္ကာပူမှာ တလ ဒေါ်လာ ၃၀၀၀ လောက်ရသူ အမေရိကားမှာ သွားလုပ်ရင် ဒီလောက်လစာ များများရဖို့ နဲနဲခက်တယ်။ ရရင်လည်း လစာ ၅၀၀၀ အထက် ရမယ်။ မရရင်လည်း ဆူရှိလိပ်ပြီး တလ ၂၀၀၀ လောက်နဲ့ ကျေနပ်နေရမယ် ဆိုတော့ စင်္ကာပူက မြန်မာများ အမေရိကား အလုပ်လာရှာဖို့ သိပ်မသင့်တော်တဲ့ အချိန်ကာလပါ။ အမြဲတမ်း အခြေချဘို့ ဆိုရင်တော့ တမျိုးပေါ့။

ဘာပဲဖြစ်ဖြစ် H1 Visa ရချင်ရင် အနည်းဆုံး ၆ လ ကနေ တနှစ်လောက်ကြာမယ်။ စင်္ကာပူလို အခု အီးပီ၊ အက်စ်ပတ်စ်၊ Work Permit တင်ပြီး တပတ်၊ နှစ်ပါတ်နဲ့ အဖြေသိရတဲ့ နိုင်ငံမဟုတ်ဘူး။ Paper Work လုပ်တဲ့နေရာမှာ Lawyer, Insurance တွေနဲ့ ရှုပ်ယှက်ခတ်နေတာ တိုးတက်တဲ့ နိုင်ငံကြီးတွေရဲ့ သဘောသဘာဝပါပဲ။ ပြီးတော့ အမေရိကားမှာ H1 Visa ဆိုရင် အစိုးရ သတ်မှတ်ထားတဲ့ လစာက တနှစ်ကို US$65K အထက် ပေးရမယ်ဆိုတော့ ပွဲစားကုမ္မဏီတွေ အကြိုက်ပေါ့။ ကုမ္မဏီတွေနဲ့ ပေါင်းပြီး တနှစ်ကို Us$30K လောက်ပဲပေးပြီး ပွဲစားနဲ့ အလုပ်လုပ်သူ နားလည်မှု ယူလိုက်တယ်။ စင်္ကာပူမှာလည်း ဒီလို ကလိန်ကကျစ် လုပ်နည်းတွေ ရှိတယ်။ လစာကိုတော့ အမှန်အတိုင်း ဘဏ်ထဲ ထည့်ပေးပြီး ပွဲစားကို လစဉ် Cash ပြန်ပေးရတဲ့ သဘောပါပဲ။ အမေရိကား အရင် ရောက်နှင့်နေတဲ့ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပင်း၊ ဗီယက်နမ်၊ ကိုးရီးယားနဲ့ မက္ကဆီကို၊ အမေရိက အလယ်ပိုင်းနိုင်ငံများ နိုင်ငံတွေက လူတွေ လုပ်စားလာတာ ကြာပြီပဲ။ မြန်မာလူလည်တွေ ကော်ပီ လိုက်လုပ်ရုံပါပဲ။ ဘာပဲဖြစ်ဖြစ် အမေရိကားလာပြီး အမှန်အကန် H1 Visa လာရှာမယ်ဆိုရင် ခန့်မယ့် ကုမ္မဏီအသင့်ရှိတောင် ၆ လ ကြာဦးမယ်။ ၂၀၀၈ အတွက် H1 Visa ကိုတာ ကုန်သွားပြီလို့ သိရတယ်။ အဲ - H1 Visa ရတိုင်း ဂရင်းကဒ် မရနိုင်ဘူး ဆိုတာလည်း သိထားရမယ်။

၃။ အသက် ၄၀ အထက် ပညာ၊ လုပ်ငန်းအတွေ့အကြုံ၊ လူမှုရေး အတွေ့အကြုံ ရင့်ကျက်စပြုတဲ့ လူကြီး

မနှစ်က စင်္ကာပူက မိတ်ဆွေတယောက် ရောက်လာပါတယ်။ သူက မြန်မာပြည်မှာ စီးပွားရေး လုပ်ငန်းကြီးကို ပိုင်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွန့် အုပ်စု အနားယူသွားပြီးတဲ့ နောက်ပိုင်းမှာ ဘာမှ လုပ်စားလို့မရတော့ဘူး။ စင်္ကာပူမှာ ငွေသိပ်မကုန်ဘဲ နေထိုင်လုပ်စားဖို့ အရင် ကြိုးစားကြည့်ပါတယ်။ Investment 1 millions ပေးရင်တော့ စင်္ကာပူ ပီအာကို ချက်ချင်း ရပါတယ်။ အရင် ၁၀ နှစ်လောက်ကတော့ Investment 0.1 million ဆိုရင် အီးပီ ချက်ချင်းကျပြီး ပီအာ ဆက်တိုက် ရနိုင်ပေမယ့် အခုတော့ စင်္ကာပူက တော်တော် တိုးတက်သွားတော့ အရင်လောက် မလွယ်တော့ပါဘူး။ ဒီတော့ စင်္ကာပူမှာ ငွေ ဒေါ်လာ သိန်းချီ ရင်းနှီးမှုမရှိဘဲ စီးပွားရေးလုပ်ဖို့ကို ကြံတယ်။ ငွေဆိုတာ လူကလုပ်တာပဲ ခံယူထားတော့ နည်းလမ်းများစွာ စုံစမ်းမေးမြန်းတယ်။ ရောက်နှင့်ပြီးသား အဆင်ပြေနေတဲ့ မြန်မာ စီးပွားရေးသမားတွေကလည်း လုပ်နည်းကို မပြောပါဘူး။

ဒီတော့ မြန်မာပြည်ကို ပြန်ပြီး စင်္ကာပူမှာ အဆင်ပြေနေတဲ့ စီးပွားရေးသမားတွေအကြောင်း စုံစမ်းတယ်။ ရိပ်ရိပ်တော့ သဘောပေါက်လာတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေဟာ Talent ဖြစ်တဲ့ Entrepreneur တွေကို အရမ်းလက်ခံပါတယ်။ အမေရိကား၊ သြစတြေးလျားတွေမှာ မြန်မာ အက ကောင်းကောင်း ကတတ်ရင်၊ (ပန်တျာကျောင်းဆင်း လက်မှတ်နဲ့ သြစတြေးလျားရောက် မြန်မာအဖွဲ့အစည်းတခုက ထောက်ခံစာ) နဲ့ Migrant Visa ရတတ်ပါတယ်။ မြန်မာတွေအရင် တရုတ်၊ အိန္ဒိယ လူမျိုးတွေ လမ်းကြောင်းပြ၊ လုပ်ပြီးသွားပါပြီ။ မြန်မာတွေက Just copy and paste လုပ်လိုက်ရုံပါပဲ။ ဒီတော့ နည်းလမ်းသိသွားပြီး ကြိုးစားလိုက်တာ ၆ လအတွင်း ငွေသိပ်မကုန်ဘဲ စင်္ကာပူမှာ အခြေကျနေထိုင်ခွင့် ရသွားပါတယ်။ Entrepreneur Pass လို့ ခေါ်ပါတယ်။

စင်္ကာပူ Immigration နဲ့ Ministry of Labor / Company Registration စတဲ့ နေရာတွေကို ခေါက်တုံ့ခေါက်ပြန် သွားလိုက်ရတယ်။ အိန္ဒိယက နွားနို့ကို စင်္ကာပူမှာ တင်ပို့ရောင်းချဖို့ ဆိုင်လေးဖွင့်ချင်တဲ့ အသက် ၂၈ နှစ်အရွယ် လူငယ်လေးလည်း Entrepreneur Pass ၂ နှစ် လုပ်ခွင့် ပေးတယ်။ တရုတ်ပြည်က အသက် ၄၀ လောက် သွင်းကုန်၊` ထုတ်ကုန် လုပ်ငန်း လုပ်ချင်သူကိုလည်း ပေးတာ မဟုတ်လား။ ဆိုတော့ ကျနော့် မိတ်ဆွေကြီးက မြန်မာပြည်မှာ လယ်ယာလုပ်ငန်းကို အခြေခံတဲ့ စက်မှုလုပ်ငန်း စင်္ကာပူမှာလုပ်ဖို့ တင်ပြတော့ အိုကေတယ်။

ဒီလိုကနေ ရိုးသား ကြိုးစားလုပ်ကိုင်သူတွေ အောင်မြင်လာတာ ရှိတယ်။ အဲ - မိတ်ဆွေတယောက်တော့ တွေ့ဖူးတယ်။ မြန်မာပြည်မှာ နှလုံးထီ၊ မိုးကြိုးသွား၊ ကျည်နိုင်ဆေး၊ ရွှေရှာဖွေရေး၊ ရေနံရှာဖွေရေး၊ ရေနက်ကွင်း၊ ခရီးသွားလုပ်ငန်း၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်း စသဖြင့် မြန်မာပြည်တွင်းက ပေါ်ပင် မြန်မာ စီးပွားရေးသမားများ လုပ်စဉ်အတိုင်း အကုန် လျှောက်လုပ်တယ်။ ငွေအရင်း ထုတ်ပေးချင်သူတွေကို အာဘောင်ရင်းသန်သန် ပြောရင်း အတူလုပ်၊ မိတ်ဆွေပျက်၊ စစ်တပ်၊ အာဏာပိုင်တွေနဲ့လည်း နည်းမျိုးစုံ ပေါင်းသင်း လုပ်ကိုင်ပေမယ့်လည်း သွေးသား မတော်စပ်တော့ သူတို့အထဲက အဖြစ်မရနိုင်ဘူး။ သွေးသားတော်စပ်အောင်လည်း ကိုယ်သမီးကို ပေးရလောက်အောင် သမီးလည်း မရှိ၊ ရှိအောင် ဗိုလ်ချုပ်ကြီးသားက ကြိုက်ဦးမှကိုး။

နောက်ဆုံးတော့ စင်္ကာပူရောက်လာတယ် - မြန်မာပြည်က အကျင့်ဆိုးတွေ အားလုံး ဘုရားမှာ ကပ်လှူပစ်လိုက်တော့ ၂ နှစ်အတွင်းမှာ ကြီးပွားလာတယ်။ စင်္ကာပူ ပီအာဖြစ်လာပြိး အိမ်ပိုင်၊ ကားပိုင် ဖြစ်လာတယ်။ အဲ - ဒီလို အဆင်ပြေလာတော့ အရင်က ဘုရားမှာ ကပ်ထားတဲ့ အကျင့်ဆိုးတွေ ပြန်ပေါ်လာတယ်။ အခုတော့ အဆင်မပြေ ဖြစ်နေပြီ ကြားရတယ်။

အမေရိကားက ပညာတတ်သူ၊ ကျွမ်းကျင်သူ၊ အတတ်ပညာရှင်၊ စီးပွားရေးပညာရှင်၊ ဆရာဝန်၊ လုပ်ငန်း အသေးလေးကအစ အကြီးအထိ လုပ်နိုင်သူများကို ကြိုဆိုနေပါတယ်။ ဒီမှာတော့ Credit Card System နဲ့ အလုပ်လုပ်ပေမယ့် ဆရာဖေမြင့် ဘာသာပြန်တဲ့ ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲက တကယ့်အဖြစ်အပျက် ဇာတ်လမ်းတွေလိုပဲ ချမ်းသာချင်ရင် အကျင့်ကောင်းလေးတွေ ရှိရပါမယ်။ ငွေကို ငွေလို မြင်တတ်ရမယ်ဆိုတဲ့ ရှေးနှစ်ပေါင်း ၅၀၀၀ ကျော် ဘေဘီလုံခေတ်အတိုင်း အကျင့်ကောင်းလေးတွေနဲ့ ကြိုးစားရတာတော့ အဓိက အခြေခံအကြောင်းအရင်းပါ။

စိတ်နဲ့ ကိုယ် ၂ မျိုးစလုံး ချမ်းသာဖို့ ကြိုးစားသင့်ပါတယ်။ စင်္ကာပူက ၀န်ကြီးချုပ်ဟောင်း ဂိုချောက်ထောင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက် သူ အာဏာရှိစဉ်က စင်္ကာပူ ကြွယ်ဝစေတဲ့ လူတန်းစား ၂ ရပ်အကြောင်းကို Straits Times သတင်းစာ မျက်နှာဖုံးမှာ အပြည့်၊ အတွင်းထဲမှာရော အများကြီး သူ့မိန့်ခွန်းကို ဖေါ်ပြခဲ့တယ်။ တမျိုးက CEO Corporate နဲ့ တက္ကသိုလ် ပညာတတ်အုပ်စု၊ နောက်တမျိုးကတော့ ပွဲစား၊ မြေပိုင်ရှင်၊ ငွေတိုးချေးစား၊ ကုန်စုံဆိုင်ပိုင်ရှင် အုပ်စု။ နိုင်ငံရဲ့ ကြွယ်ဝမှုဟာ အဲဒီ စိတ်ရောကိုယ်ပါ ချမ်းသာတဲ့ အုပ်စု ၂ စု လက်ထဲမှာ ရှိပါတယ်။ အစိုးရကတော့ အဲဒီအုပ်စုတွေနဲ့ ပေါင်းလုပ်နေရတဲ့ အကြောင်းပြောခဲ့တယ်။

ချမ်းသာသူတွေကတော့ ချမ်းသာနည်းစာအုပ် ရေးမှာ မဟုတ်ပေမယ့် ပညာတတ်သူတွေကတော့ သူတို့လိုပဲ ပညာတတ်စေချင်တယ်။ ချမ်းသာသူတွေကတော့ သူတို့ဆွေမျိုးတွေကိုပဲ သို့မဟုတ် ကိုယ်စေတနာ ရှိသူကိုလည်း ကိုယ်လို ချမ်းသာလာအောင် ကူညီတတ်ပါတယ်။ အဲ - ပညာတတ်ကတော့ ကိုယ့်ဆွေမျိုးသာမက ကိုယ်နဲ့နည်းစပ်သူတွေကိုလည်း ပြောပြ၊ လမ်းပြ၊ လမ်းညွန်တတ်ပါတယ်။

နောက်ဆုံးတော့ အမေရိကားမှာ Opportunity တွေ အများကြီး ရှိပါတယ်။ အမေရိကား ရောက်ပြီး အနည်းဆုံး ၅ နှစ်လောက် အချိန်ယူ ကြိုးစားရတယ်လို့ ရင်းနှီးတဲ့ မိတ်ဆွေတဦးက ပြောပြါပါတယ်။ ကြီးပွားတိုးတက်ဖို့ လုပ်နည်းကိုင်နည်း၊ အကြံပေးများ လိုအပ်သလို တိုက်ပွဲဝင်ဖို့အတွက် လက်နက်ကရိယာ တန်ဆာပညာတွေလည်း ၀ယ်ယူ၊ တပ်ဆင်ရပါမယ်။ Certificates တွေကတော့ အရေးကြီးဆုံးပါပဲ။ Language and American Culture ကို ကောင်းကောင်း သိနားလည်အောင် နှစ်နဲ့ချီ ကြိုးစားရပါမယ်။ ဥပမာ အမေရိကန်တွေဟာ အလုပ်အများကြီး လျှောက်မလုပ်သလို၊ စင်္ကာပူ ကုမ္ပဏီတွေလို အလုပ်အားလုံး သိမ်းကျုံး မခိုင်းပါဘူး။ ဒါပေမဲ့ တခုခိုင်းရင် ခိုင်းတာကို အသေးစိတ် သေချာစွာ အောင်မြင်အောင်လုပ်တာ ကြိုက်တယ်။ မအောင်မြင်ရင်လည်း စင်္ကာပူ ကုမ္ပဏီတွေလို အလုပ်ဖြုတ်၊ ဌာနပြောင်း မလုပ်ပါဘူး၊ မအောင်မြင်ရတဲ့ အကြောင်းကို သေချာ ရှင်းပြပေးရင် အိုကေပါတယ်။ Don't make the same mistake twice ကိုတော့ သတိထားပြီး အရင် မအောင်မြင်တာကို သင်္ခန်းစာယူတတ်ဖို့ပဲ လိုပါတယ်။

အမေရိကန်မှာ မြန်မာတယောက် ၀င်လာလို့ရှိရင် ဗီဇာ ၆ လပေးပါတယ်။ နောက်ထပ် ၆ လလည်း Extension အသာတကြည် ပေးပါတယ်။ စင်္ကာပူလို စတေးကုန်လို့ အင်မီဂရေးရှင်း ပြေးပြီး Extension လုပ်ရ၊ တခါတိုးရင် ၂ ပတ်ပဲ ရတယ်။ ၃ ခါတိုးပေးပြီးရင် အင်မီဂရေးရှင်း အရာရှိက ဒါနောက်ဆုံးပဲ၊ မပေးတော့ဘူး ခပ်မာမာ ပြောခံရတာတွေ အမေရိကန်မှာ မရှိသလောက်ပါ။ အမေရိကန်မှာ နောက်ထပ် ၆ လ ဆက်နေချင်ပါသေးတယ် ပြောပြီး Visa Extension တောင်းရင် အကြောင်းပြချက်ကတော့ လည်ပတ်စရာတွေ အများကြီး ကျန်သေးလို့ပါ ပြောလိုက်ရုံပါပဲ။

အမေရိကားမှာ ကုမ္မဏီ ထောင်ချင်ရင် နိုင်ငံခြားသား Passport ပြပြီး ထောင်လို့ရတယ်။ ကိုယ့်မှာ Credit Card တခုရှိပြီးသားဆိုရင် အမေရိကားမှာ ဘယ်ဘဏ်မှာမဆို အကောင့်ဖွင့်လို့ ရတယ်။ အမေရိကား Credit Card ရပြီးရင် အမေရိကားမှာ လုပ်စားလို့ နဲနဲလေး ရလာပြီပေါ့။ စင်္ကာပူ ကားမောင်းလိုင်စင် ရှိရင် အမေရိကား တခွင်လုံးကို ပြဲပြဲစင် မောင်းချင်ရင် မောင်းလို့ရပြီ။ စင်္ကာပူလို ကားဈေးမကြီးဘူး။

စင်္ကာပူ ကားမောင်းလိုင်စင်ပြပြီး အမေရိကန်အစိုးရရဲ့ DMV Department of Motor Vehicles ကိုသွားပြီး ပြည်နယ် အိုင်ဒီ ID နဲ့ Driving License Conversion လုပ်ချင်ပါတယ် ပြောရင် လုပ်ပေးပါတယ်။ အမေရိကန်ကို တရားဝင် လာတဲ့အကြောင်း ပတ်စပို့နဲ့ I-94 White Card ကိုတော့ ပြရမယ်။ မြန်မာပြည်က တိုက်ရိုက်လာတဲ့ လူတွေကတော့ Driving License (In English) ရှိရင် ပြောတတ်ရင် လုပ်ပေးပါတယ်။ မပြောတတ်ရင်တော့ စာရေးမက မင်းမှာ Social Security Number SSN ရှိသလား မေးခံရရင် မရဘူးဆိုတဲ့ သဘောပါပဲ။ ဒီမှာတော့ ပြည်နယ် အိုင်ဒီ ID နဲ့ ဒရိုင်ဘာ လိုင်စင် ၂ခုရှိရင် အမေရိကားမှာ သွားလာ၊ လုပ်ကိုင်ဖို့  အတော်အဆင်ပြေသွားပါတယ်။ SSN နံပါတ်ကတော့ အလုပ်လုပ်သူများ မရှိမဖြစ် လိုအပ်ပါတယ်။ အမေရိကားကို ကျောင်းလာတက်သူ၊ Business Visa long term pass သမားတွေကိုလည်း ကုမ္မဏီထောက်ခံစာနဲ့ SSN ထုတ်ပေးပါတယ်။

အမေရိကားမှာ ကုမ္မဏီ အလွယ်တကူ ထောင်ပြီးရင်တော့ ကိုယ့်အပေါ်မှာပဲ မူတည်တော့တယ်။ စင်္ကာပူမှာ Bio Semiconductor လုပ်တဲ့ ကုမ္မဏီတခုမှာ အလုပ်လုပ်တဲ့ မြန်မာတဦး ပြောပြချက်ကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ အမေရိကားမှာ ပညာလာသင်တဲ့ လူတဦး ထူးချွန်ကြိုးစားလို့ Stanford University က ဒေါက်တာဘွဲ့ရပြီး၊ သူတို့ ကျောင်းက အားပေးချက်နဲ့ နောက်ဆုံး ကုမ္မဏီတခုကို ထောင်တယ်။ တက္ကသိုလ်က နာမည်ကြီးပဲ၊ သူတို့ချင်း ထောက်ခံစာတွေ ရေးပေးရင်း အမေရိကန် သူဌေးကုမ္မဏီ R&D လုပ်ဖို့ စမ်းသပ်တဲ့စက် Order ရတယ်။ စက်အမှာစာရတော့ ဘယ်မှာလုပ်ရမလဲ စဉ်းစားရင်း စင်္ကာပူ အစိုးရ EDB က Bio Technology လုပ်ငန်းတွေ အားပေးနေတော့ စင်္ကာပူ အစိုးရဆီကို Grant လှမ်းလျှောက်တယ်။

အမေရိကန် အစိုးရဆိုင်ရာနဲ့ Stanford University မိတ်ဆွေတွေရဲ့ ထောက်ခံစာတွေရော၊ အမေရိကန်မှာ အော်ဒါ ရထားပြီးကြောင်း။ အမေရိကန်မှာ ၀ယ်မယ့် ကုမ္မဏီတွေ Potential Customers စာရင်းတွေနဲ့ ဘယ်လိုဘယ်လို စင်္ကာပူမှာ ကုမ္မဏီထောင်ပြီး အရင်းအနှီး ဒေါ်လာ သန်း၂၀ လိုကြောင်း။ စင်္ကာပူ EDB ဆီက သန်း ၂၀ Grant တောင်းတော့ ၁၀ သန်း ချေးငှား ပေးလိုက်တယ်။ ဒါပေမဲ့ ငါတို့ စင်္ကာပူ အတတ်ပညာရှင်တွေ စာရင်းစစ်မှု Audit အောက်မှာ လုပ်ရမယ်ဆိုပြီး အိုကေသွားပါတယ်။ အခုဆို အဲဒီ ကုမ္မဏီက အမေရိကန် ဆန်ဖရန်စစ္စကိုမှာ တော်တော် ကြီးမားနေပြီး မြန်မာ အင်ဂျင်နီယာတွေကိုလည်း ခန့်ထားပါတယ်။ စင်္ကာပူ ကုမ္ပဏီခွဲမှာလည်း အလုပ်သမား ၁၀၀ လောက် တနှစ်အတွင်း ဖြစ်လာပြီး စက်အော်ဒါပေါင်း များစွာ ၃ နှစ်အတွင်း အမေရိကန် Research R&D ဌာနတွေကို ရောင်းချခဲ့ပြီးပြီလို့ သိရတယ်။

နောက်တယောက်လည်း ၅၀ နှစ် မပြည့်သေးပါဘူး။ သိပ်ချမ်းသာချင်တဲ့ ဇနီးသည် အကြံနဲ့ ရိုးသားကြိုးစားတဲ့ သူငယ်ချင်းကို စီးပွားဖြစ် မလုပ်တော့ဘဲ သူတို့ဖာသာ လုပ်ကိုင်လို့ ချမ်းသာနေပါတယ်။ ဒါပေမဲ့ လူမှုရေး မတည်ငြိမ်တော့ အိမ်ထောင်ရေး ဆုံးရှုံးသွားပါတယ်။ အမေရိကားမှာ နှစ် ၃၀ ကျော်နေပြီး စီးပွားအောင်မြင်လို့ လင်မယားလည်း ပျော်ရွင်စွာရှိနေတဲ့ မြန်မာဆိုင်ရာ အလှုဒါနပြု လုပ်ငန်းတွေမှာ ပျော်မွေ့နေတဲ့ မိတ်ဆွေ သူဌေး ဇနီးမောင်နှံကိုလည်း မြင်ရတာ စိတ်ချမ်းသာပါတယ်။ မြန်မာလူငယ်များစွာကို တက္ကသိုလ် စကောလားရှစ်၊ Grant ရအောင်လုပ်ပေးပြီး အမေရိကားမှာ အခြေချနိုင်အောင် အကူအညီပေးနေတဲ့ မြန်မာလူမျိုး တက္ကသိုလ် ပါမောက္ခတဦးနဲ့ မချမ်းသာပေမယ့် လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးတွေမှာ မြန်မာတွေကို ကူညီလုပ်ကိုင်ပေးနေတဲ့ မြန်မာ ကူညီတတ်သူတွေကို တွေ့ရင် အများကြီး ကျေနပ်မိပါတယ်။ သူတို့ကိုလည်း ငွေကြေးအားဖြင့် ပိုမိုဖူလုံစေလိုပေမယ့် သူတို့ဘ၀ဟာ Spiritual Rich ဖြစ်နေတော့ လောကစည်းစိမ် သိပ်လိုဟန်မတူပါဘူး။

နောက်ဆုံး နိဂုံးကတော့ အရင် Revision 1 အတိုင်းပါပဲ။

စဉ်းစားကြပါ မိတ်ဆွေတို့။ သြစတြေးလျားကို ချောင်းနေသူတွေလည်း ကောင်းပါတယ်။ ဆက်လုပ်ကြပါ။ လူဆိုတာ ရောက်နေတဲ့ အရပ်ကနေ တခါ စွန့်စားပြောင်းလဲဖို့ရာ အင်မတန် ၀န်လေးပါတယ်။ ကြောက်တတ် ရန်ကင်း၊ သေမဲ့ကျား တောပြောင်း စကားပုံတွေကို ယူထားတဲ့သူတွေက စင်္ကာပူ ပီအာတယောက် တခြားနိုင်ငံကို မိုင်ဂရိတ်လုပ်ဖို့ဆိုတာ ကန်ထုတ်လောက်တဲ့အထိ အခြေအနေ ဖြစ်နေမှ စင်္ကာပူက ထွက်မှာပါ။

ဘယ်သူမှ ကိုယ့်နေရင်းနေရာကနေ တခြားပြည်ကို Migrate မလုပ်ချင်ပါဘူး။ လုပ်သူတွေကိုတော့ နှစ်မျိုး ခွဲခြားချင်ပါတယ်။

၁။ ကိုယ်ဘ၀ တိုးတက်ရေးအတွက် စွန့်စားချင်သူ
၂။ လက်ရှိ နိုင်ငံမှာ နေလို့မရနိုင်တဲ့အထိ ဖြစ်လာလို့ စွန့်စားရသူ

ဒီစာကိုဖတ်သူ မိတ်ဆွေကတော့ အဲဒီ ၂ မျိုးထဲ ပါမယ် မထင်ပါဘူး။ ဒါပေမဲ့ အဲဒီအဆင့် ရောက်နေတဲ့ မိတ်ဆွေတွေကို ကူညီပြောပြပေးနိုင်ရင် ဒီစာ ရေးရကျိုးနပ်ပါတယ်။

ဆန်းသစ်