နာဂစ်နှင့် ငါ၏ ဒိုင်ယာရီ
စစ်အစိုးရ၊ မြန်မာပြည်၊ နာဂစ် လေပြင်းမုန်တိုင်းနှင့် ကုလသမဂ္ဂ
စိုးနေလင်း | |
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 10:37 - မြန်မာစံတော်ချိန် | |
နာဂစ် လေပြင်းမုန်တိုင်းကြီးကတော့ ရာစုနှစ်ဝက်လောက် စိတ်၏ ဆင်းရဲခြင်း ကိုယ်၏ ဆင်းရဲခြင်း အပြင်းအထန် ခံခဲ့ကြရ ရှာသူတွေကိုမှ ရွေးပြီးနှိပ်စက် ဖျက်ဆီးသွားခဲ့ ပါပြီ။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့က အထူးသဖြင့် မရှိဆင်းရဲသား ပြည်သူတွေ သေကြေ ပျက်ဆီးကြ၊ ဒါဏ်ရာရကြ၊ ငတ်ပြတ်ကြ၊ နေစရာ၊ စားစရာ၊ ၀တ်စရာမဲ့ကြ မြင်လိုက် ကြားလိုက်ရတာတွေဟာ ကြေကွဲ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ သဘာဝ ဘေးအန္တရာယ်ဖြစ်လို့ ဘယ်သူ့ကိုမှတော့ အပြစ်တင်လို့ မဖြစ်ပါဘူး။ ဒါပေမယ့် ရက်ပိုင်းနဲ့ ချီပြီး ကြိုတင် သတိပေးထားနိုင်ပါရဲ့နဲ့ မှားယွင်းတဲ့ ခန့်မှန်း သတိပေးချက်ကလေး ကိုပဲ ထုတ်လွှတ်ပေးခဲ့တဲ့ အစိုးရရဲ့ တာဝန်မဲ့မှု လူထုကို ဥပေက္ခာပြုမှုကတော့ ဘယ်တော့မှ ခွင့်လွှတ်ချင်စရာ မရှိပါဘူး။ ဒါဟာ စစ်အစိုးရကို အမြဲတန်း အဆိုးမြင်စိတ်နဲ့ ကြည့်ပြီး အပြစ်တင်တာ မဟုတ်ပါဘူး။ အစိုးရ သိပ်လုပ်ချင်နေတဲ့ သူတွေက အစိုးရတာဝန်ယူဖို့ အရည်အချင်းမရှိတာ စီမံခန့်ခွဲမှု အုပ်ချုပ်မှု မတတ်တာကိုတော့ ပြောစရာရှိရင် ပြောရမှာပါပဲ။ ပြည်သူအပေါ် စေတနာကင်းမဲ့တာ ရန်သူလို သဘောထား တာတွေကတော့ အများမြင်သာ ထင်ရှားဖြစ်လို့ ပြောနေစရာတောင် မလိုတော့ပါဘူး။ နောက်တခု ပြောရမှာကတော့ ဒီလောက်ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါးကြီး သေကြေ ပျက်စီးဆုံးရှုံးသွားတာကို လူသားချင်း သနားထောက်ထားစိတ်နဲ့ နိုင်ငံတကာက အကူအညီ အထောက်အပံ့ အနေနဲ့ စားစရာ၊ သောက်စရာ၊ ဆေးဝါး၊ ၀တ်စရာ၊ နေထိုင်စရာ အစစ၀ိုင်းပြီး ပံ့ပိုးကူညီ ပေးပို့ခဲ့ကြတာ တွေဟာ အလွန်ဝမ်းမြောက် ပီတိဖြစ်စရာပါ။ လေယာဉ်ကြီးတွေ စီးလုံးပြည့် သဘောင်္တွေ၊ ကားတွေ စီးလုံးပြည့်နဲ့ ချက်ခြင်းစေလွှတ် အကူအညီပေးကြ ပေးနေဆဲ ဖြစ်ပါတယ်။ စားသောက်စရာနဲ့ ၀တ်စရာ နေစရာတွေတင် မဟုတ်ပါဘူး။ ဒီလိုမျိုး သဘာဝ ဘေးအန္တရာယ်မျိုးတွေမှာ ဘယ် လို ကယ်တင်စောင့်ရှောက် ကူညီရမယ်ဆိုတာကို စနစ်တကျ သင်ကြား လေ့ကျင့်ပေးထားတဲ့ ကယ်ဆယ်ရေးလုပ်သားတွေကိုပါ အဖွဲ့လိုက် အုပ်စုလိုက် စေလွှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအကူအညီ အထောက်အပံ့ ပစ္စည်းတွေနဲ့ ကျွမ်းကျင် ကယ်ဆယ်ရေးလုပ်သားတွေကို စစ်အစိုးရက ပြည်ဝင်ဗီဇာ မပေးဘဲဆိုင်းငံ့ထားတဲ့ လုပ်ရပ်ဟာ ကမ်းကုန်အောင် လူမဆန်တဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်လို့ မပြောရင် တခြားစကားလုံး ရွေးစရာ မရှိတော့ပါဘူး။ သူတို့ကိုယ်တိုင် အဲဒီမုန်တိုင်းဒဏ်သင့် ခံခဲ့ရတဲ့ တိုင်း ၃ တိုင်းနဲ့ ပြည်နယ် ၂ ခုကို အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး ဖြစ်ပေမယ့် အရေးပေါ် အခြေအနေဆိုတာကို အသေအချာမှ နားလည်ရဲ့လား နားလည်ရက်နဲ့ နားမလည်ချင် ယောင်ဆောင်တာပဲလား။ ဟန့်တား ပိတ်ပင်ဖို့ထားလို့ သူတို့ ကိုယ်တိုင် မုန်တိုင်းဒဏ်သင့် ခံခဲ့ရတဲ့နေရာတွေကို ယာဉ်ရထား စီစဉ်ပြီး အမြန်ဆုံးရောက်အောင် ပို့ဆောင်ပေး သင့်တာပါ။ စက္ကန့်မိနစ်နဲ့အမျှ အရေးကြီးနေတဲ့နေရာ မီးနီရဲနေတဲ့ နေရာတွေ တစ်စက္ကန့် တစ်မိနစ် နောက်ကျခဲ့ရင် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေ ကလေးငယ်ပေါင်းများစွာ သေကြေ ပျက်စီးနိုင်တဲ့ အခြေအနေဆိုတာ ကိုခေါင်းထဲမှာ အာဏာလောဘ၊ ဒေါသ၊ အာဃာတတွေပဲ ရှိတဲ့ ကျနော်တို့တိုင်းပြည်က ဗိုလ်ချုပ်တွေ မသိကြဘူး ထင်ပါတယ်။ ဒါမှမဟုတ် သိရဲ့နဲ့ ယုတ်မာမိုက်ရိုင်းတာပဲ ဖြစ်ပါလိမ့်မယ်။ စစ်ရာဇ၀တ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီးလို့ လူမှုရေးပစ်မှုကြီးကို ထပ်ပြီး ကျူးလွန်ပြခဲ့ပြန်ပါပြီ။ ကမ္ဘာ့သံတမန်ကြီးတွေ ကိုယ်တိုင်က ဒီလိုအခြေအနေမျိုးမှာ အခုလို တုန့်ပြန်ဆောင်ရွက်တာဟာ အလွန်အံသြစရာ ကောင်းတယ်လို့ ပြောကြားခဲ့ရပါတယ်။ စစ်အစိုးရရဲ့ ကမ်းအကုန်ဆုံး လူမဆန်ဆုံး လုပ်ရပ်လို့ပဲ ပြောရမှာပါပဲ။ UK အခြေစိုက် Oxfam ရဲ့ အရှေ့အာရှ ဒါရိုက်တာဖြစ်သူ Sarah Ireland ကတော့ "တကယ့်အန္တရာယ် အစစ်အမှန် ကြီးမားတဲ့ လူထုကပ်ဘေးကြီးတခု မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတော့မှာ ကို ကျမတို့ စိုးရိမ်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ အခုလို နိုင်ငံတကာက ပေးပို့ကူညီ ထောက်ပံ့နေတဲ့ အကူအညီတွေ၊ ကျွမ်းကျင်သူ ကယ်ဆယ်ရေးလုပ်သားတွေကို အနှောက်အယှက် အဟန့်အတားလုပ်နေတဲ့လုပ်ရပ်တွေကို ချက်ခြင်းရက်ဆိုင်းပြီး ချက်ခြင်းရောက်ရှိ ဖြန့်ဝေကယ်ဆယ်ရေး လုပ်ငန်းတွေ မစတင်နိုင်ဘူး ဆိုရင်တော့ မြန်မာပြည်က မုန်တိုင်းဒဏ်ခံ ဒုက္ခသည်တွေရဲ့ ကံကြမ္မာဟာ မတွေးဝံ့စရာပါပဲ။ "မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရတဲ့ နေရာဒေသတွေကို ကြီးမားတဲ့ အကူအညီ အထောက်အပံ့တွေ ကျွမ်းကျင်သူတွေနဲ့ ထောက်ပံ့ပစ္စည်းတွေ အမြန်ဆုံး ၀င်ရောက်နိုင်အောင် မလုပ်နိုင်ဘူး ဆိုရင်တော့ စဉ်းစားတွေးတောလို့တောင် မရနိုင်တဲ့ အဆင့်အထိ ၀မ်းနည်းကြေကွဲစရာ အဖြစ်တခု ဖြစ်လာပါတော့မယ်" လို့ အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က Greg Beck က ပြောကြားခဲ့ပါတယ်။ ကိုယ့်တိုင်းသူပြည်သားတွေ ဒီအဆင့်အထိ ဆိုးဆိုးဝါးဝါး သေကြေ ပျက်စီးဆုံးရှုံးပြီး အတိဒုက္ခရောက်နေကြတာကို သူတို့ အာဏာတည်မြဲရေးအတွက် လုပ်တဲ့ဆန္ဒခံယူပွဲ အနှောက်အယှက်ဖြစ်မှာစိုးလို့ တိုင်းပြည်ထဲကို နိုင်ငံခြားသားတွေ ၀င်ရောက်ပြီး ဆူပူအောင် သွေးထိုးလှုံ့ဆော်ပေးမှာစိုးလို့ ဆိုပြီး အာဏာမထိပါးရေး အဓိကထား ပြည်သူတွေကို မျက်နှာလွှဲရက်တဲ့ အစိုးရမျိုး ဒီကနေ့ခေတ် ဒီကမ္ဘာမှာ ရှိနေသေးတယ်ဆိုတာ အံ့သြစရာပါပဲ။ ကျနော်တို့ ပြည်သူလူထု အနေနဲ့ကလည်း ဒီလိုအစိုးရမျိုးကို ဆက်ပြီး လက်သင့်မခံဘဲ အမြစ်ပြတ်အောင် ဆန့်ကျင်အုံကြွကြဖို့ ကြိုးစားသင့်နေပါပြီ။ အတိုင်းအတာတခု အထိလည်း ဆန့်ကျင်အံတုခဲ့ကြ ပြီးပါပြီ။ ဒါပေမယ့် ပြည်သူလူထုတရပ်လုံး အတိုက်အခံ အင်အားစုအားလုံး တသားတည်း မညီ ညွတ် မပူးပေါင်းနိုင်သေးတဲ့အတွက် အုံကြွဆန့်ကျင်မှုတွေဟာ လက်နက်အင်အားကောင်းတဲ့ စစ်အစိုးရရဲ့ နှိမ်နင်းဖြိုခွင်းမှုကို ခံခဲ့ကြရတာပါ။ ကျနော်တို့တွေ ညီညွတ်ကြဖို့ လိုပါတယ်။ ကိုယ်ရင်ဆိုင်နေရတဲ့ စစ်အစိုးရဆိုတဲ့ ရန်သူဟာ ဘယ်လိုအမျိုးအစားလဲဆိုတာ မှန်မှန်ကန်ကန် အကဲဖြတ်တတ်ဖို့၊ ရန်ငါ စည်းပြတ်ကြဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ နောက်တခု ပြောချင်တာကတော့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍပါပဲ။ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့ကြီး တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်တွေနဲ့ ပဋိဥာဉ်စာတမ်း တွေမှာ ဘယ်လို သတ်မှတ်ပြဌာန်း လက်မှတ်ရေးထိုးခဲ့ကြတယ် ဆိုတာကို ဒီကနေ့ခေတ် ကမ္ဘာ့ပြည်သူတွေက သိနှင့်ခဲ့ကြပါပြီ။ ဒါပေမယ့် တိုင်းပြည်တခု နေရာဒေသတခုမှာ လူ့အသက် ပေါင်းများစွာ သေကြေပျက်စီး လူသားသိန်းပေါင်းများစွာ ဒုက္ခရောက်နေရတဲ့ အရေးပေါ် အခြေအနေတရပ်မှာ အနိုင်နိုင်ငံက ကူညီထောက်ပံ့မှုတွေ၊ အစားအစာနဲ့ ဆေးဝါး ပစ္စည်းတွေ အရေးကြီးတဲ့ ကျွမ်းကျင်သူ ကယ်ဆယ်ရေးတွေ လုပ်သားတွေကို အမျိုးမျိုး အခက်အခဲ ကြုံအောင် ဟန့်တားနှောက်ယှက်နေတဲ့၊ လက်ခံလိုက်ပြန်တော့လည်း တကယ်ကယ်ဆယ်ရေးလုပ်မယ့် ကျွမ်းကျင်သူ ကယ်ဆယ်ရေး လုပ်သားတွေကို လက်မခံဘဲ ကယ်ဆယ်ရေးပစ္စည်းတွေကိုပဲ လက်ခံ၊ နိုင်ငံတကာက အဆင့်မြင့် ကယ်ဆယ်ရေးပစ္စည်းတွေ ၊ စားစရာတွေကို တကယ် လေမုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို ဝေမပေးဘဲ၊ ပြည်တွင်းက အညံ့စားပစ္စည်းတွေ၊ အောက်ဆန်တွေ စားစရာတွေကိုပဲ ဝေပေး၊ များပြားလှတဲ့ ထောက်ပံ့ပစ္စည်းတွေကို သူတို့ဂိုဒေါင်တွေမှာ သိမ်းဆည်းလိုက်ပြီး မဖြစ်စလောက်ပစ္စည်းတွေ လောက်ပဲပေး ကမ်းထောက်ပံ့၊ မီးစက်တွေ၊ ဆက်သွယ်ရေး စကားပြောစက်တွေ၊ အဆင့်မြင့် ဘက်ထရီအိုးတွေလို ပစ္စည်းတွေကို လုံးဝထုတ်မပေးဘဲ အစိုးရအလိုတော်ရိ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကြံ့ဖွံ့လို၊ စွမ်းအားရှင်လို အဖွဲ့အစည်းက လူတွေကိုပဲ မက်လုံးပေး ပေးဝေပြီး အယုတ်မာအပက်စက်ဆုံး လူမဆန်ဆုံး လုပ်ရပ်တွေကို လုပ်နေတဲ့ အစိုးရတရပ် (စစ်အစိုးရဟာ တရားဝင် အစိုးရ မဟုတ်ပါဘူး) ကို ကုလသမဂ္ဂအဖွဲ့ကြီးက ဘာမှဝင်ရောက် မစွက်ဖက်နိုင်အောင် ဖြစ်နေပြီလား။ တခြား အပြည်ပြည်ဆိုင်ရာ အကူအညီ ပေးတာတွေထားလို့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး လေယာဉ်တွေကိုတောင် ဟန့်တားနှောင့်ယှက်နေတဲ့ အစိုးရတရပ်ကိုတောင် သြဇာအာဏာ မသုံးနိုင်အောင် အင်အားအာဏာ မရှိတော့ဘူးလားလို့ မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်လာပြီလို့ ပြောရတော့မှာပဲ။ အဲဒီလို ကိုယ့်အာဏာ တည်မြဲရေးကလွဲလို့ ပြည်သူလူထု အကျိုးစီးပွားကို တစက်ကလေးမှ စေတနာမရှိတဲ့ လူမဆန်အောင် ရက်စက်ယုတ်မာတဲ့ အစိုးရတရပ်ကို ကုလသမဂ္ဂက ဆက်ပြီး အသိအမှတ်ပြု နေရာပေးထားတာ၊ မပြောရဲမဆိုရဲ မဟန့်တားရဲ ဖြစ်နေတာဟာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးအတွက် ဂုဏ်သိက္ခာ ကျစရာတခုလို့များ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ကြီး နဲ့ လုံခြုံရေးကောင်စီကြီးက မယူဆကြဘူးလားလို့ မေးရမလို ဖြစ်နေပါပြီ။ ရပ်ကွက်ထဲက လူဆိုး လူမိုက်တယောက်ကို ရဲနဲ့ဘယ်ရပ်ကွက် လူကြီးကမှ မပြောရဲ မဟန့်တားရဲဘဲ အဲဒီလူမိုက်က အရပ်ကို နှိပ်စက်ညှင်းပမ်း အနိုင်ကျင့် ဗိုလ်ကျနေတာကို လက်ပိုက်ကြည့်နေသလို ဖြစ်မနေပေဘူးလားလို့ မြန်မာပြည်က ပြည်သူလူထုတွေက မေးခွန်းထုတ် နေကြပါပြီ။ ဒီအတိုင်းဆိုရင် ကမ္ဘာ့ကုလသမဂ္ဂဆိုတဲ့ အဖွဲ့ကြီးကို ကျနော်တို့က ဒီလောက်ဆိုးဝါးနေတဲ့ အခြေအနေ ဖြစ်ရပ်မျိုးမှာတောင် အားကိုးခွင့်မရ ဖြစ်နေပါပြီ ။ ကုလသမဂ္ဂ အဖွဲ့ကြီးကိုယ်တိုင်က ကျနော်တို့ အကူအညီပေးပါရစေ ၀င်ခွင့်ပြုပါခင်ဗျာလို့ အသနားခံရမယ့် အခြေအနေ ဖြစ်နေပြီ ဆိုရင်တော့လည်း ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ကံကြမ္မာပဲလို့ သဘောထားရတော့မှာပါပဲ။ လက်လျှော့ဖို့တော့ မဟုတ်ပါဘူး။ ကျနော်တို့ ပြည်သူလူထုအနေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြရမှာပါပဲ။ ကိုယ့်ပြဿနာ ကိုယ်ရှင်းဖို့ ညီညီညွတ်ညွတ် ကြိုးစားကြရမှာပါပဲ။ "တယောက်အားဖြင့် ယူသော်မရ၊ တသောင်းအားဖြင့် ယူသော်ရ၏" ဆိုတဲ့ ဆိုရိုးစကားအတိုင်းဆိုရင် ကျနော်တို့မှာ သန်းငါးဆယ်ကျော် အင်အားရှိပါတယ်။ ကျနော်တို့ အောင်ပွဲရရမှာပါ။ ဒါပေမယ့် နောင်အနာဂတ် ကမ္ဘာကြီးမှာ နေထိုင်နေကြတဲ့ လူသားတွေ ဆင်းရဲဒုက္ခ ကင်းဝေးပြီး ငြိမ်းငြိမ်းချမ်းချမ်း လူ့အခွင့်အရေး ဒီမိုကရေစီ အခွင့်အရေးတွေ ပြည့်ပြည့်၀၀ ခံစားနိုင်ကြရအောင် "ပြည်သူလူထုက တရားဝင် ရွေးချယ်တင်မြှောက်ထားသော အစိုးရတရပ်အား အာဏာသိမ်းယူ ဖွဲ့စည်းထားသည့် အစိုးရတရပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ် မပြုရ၊ ပြည်သူလူထု ရွေးချယ်တင်မြှောက်သော အစိုးရတရပ် အမြန်ဆုံးပြန်လည် ဖွဲ့စည်းနိုင်ရန် ကုလသမဂ္ဂအဖွဲ့ကြီးမှ ကြီးကြပ် ဆောင်ရွက်ပေးရမည်။ ထိုသို့ ကုလသမဂ္ဂအဖွဲ့ကြီး၏ ကြီးကြပ်ဆောင်ရွက်မှုကို လက်မခံ မလိုက်နာပါက အခြေအနေလိုအပ်မှုနှင့်အညီ ကုလသမဂ္ဂအဖွဲ့ကြီးမှ အရေးယူ ဆောင်ရွက်ခွင့် ရှိသည်" ဆိုတဲ့ အချက်မျိုးကို ပဋိဥာဉ်စာတမ်းမှာ ထပ်မံသဘောတူ ဖြည့်စွက်လိုက်ရင် ကောင်းမှာပဲလို့စဉ်းစားမိပါတယ်။ |