News Article Photo Poem Video Cartoon Music Radio

Monday, February 25, 2008

နှစ်ပေါင်း (၆၀) ကျော် "အကြမ်းဖက်" ခံနေရသည် (ဆောင်းပါး)

ဆောင်းပါး
အောင်မော်ဦး
Tuesday, 26 February 2008 08:38 - မြန်မာစံတော်ချိန်

ပါရီ ကျဆုံးခန်း ၀ထ္တုထဲ၌ အီလျာ အာရင်ဘတ်က ပြင်သစ်အစိုးရ၏ လုပ်ပုံကိုင်ပုံကိုကြည့်၍ "ပါရီမြို့ကြီး ကိုယ်တခြမ်း သေနေပြီ" ဟု ပြောခဲ့သည်။ တိုင်းပြည်က "ဂျာမန်ကို ခံတိုက်မည်လော၊ ဒူးထောက် အညံ့ခံမည်လော"ဟု မေးခွန်းထုတ်နေချိန် တွင် နလဗိန်းတုံး အစိုးရသည် မည်သည့် ပြင်ဆင်မှုမျှ မလုပ်၊ မည်သူ့ ထင်မြင်ချက်မျှ အရေးမထား။ သူရဲဘောကြောင်သည့် အစိုးရက "ပါရီသည် ယနေ့တိုင် ပါရီပင် ဖြစ်သည်" ဟူသည့် သီချင်းကို ရေဒီယိုမှ နေ့ညမပြတ် လွှင့်၍ ကောင်းနေဆဲ၌ ဂျာမန် တင့်ကားများ ပြင်သစ်မြေပေါ် ကျူးကျော် ၀င်ရောက် လာခဲ့ကြတော့သည်။

ထိုစဉ်က ဗိုလ်ချုပ်ဒီဂေါနှင့် သူ၏ တပ်မှူးတပ်သားများသာ သူတို့ ဘာလုပ်ရမည်ကို မှန်မှန်ကန်ကန်သိ၍၊ သူတို့ လုပ်နိုင်သည် ကို သူတို့ဘာသာ ရွေးချယ်ပြီး စနစ်တကျ မလုပ်ဆောင်နိုင်ခဲ့ကြလျှင် ဒုတိယ ကမ္ဘာစစ်သည် ဤပုံစံဖြင့် ပြီးချင်မှ ပြီးပေလိမ့်မည်။ ဗိုလ်ချုပ်ဒီဂေါ၏ "မြေအောက် တော်လှန်ရေး ဆင်နွှဲမှု"က ပါရီမြို့ကြီးကို အသက်ရှူ ပြန်မှန်စေခဲ့သည်။

လက်ရှိ ကျနော်တို့ တိုင်းပြည်၏ အခြေအနေကို ကြည့်ရသည်မှာ ကြိုးမိန့် စောင့်နေသည့် အကျဉ်းသားတဦးနှင့် တူ၍၊ နိုင်ငံသူ နိုင်ငံသားများ၏ အဖြစ်ကို တွေ့ရသည်မှာ (သူတို့တိုင်းပြည်နှယ်) သေနေစေ့မည့် ရက်ကို လက်ချိုး ရေတွက် နေကြရသူများနှင့်ပင် တူနေကြတော့သည်။ သူတို့အတွက် အချိန်သည် သိပ်များများစားစား မကျန်တော့။ လာမည့် (၂) နှစ် အတွက် တခုခု မလုပ်ခဲ့ကြလျှင် နောင် အနှစ် (၆၀) စာမက (မျိုးဆက်နှင့် ချီပြီး) ခါးစည်း၍ ခံကြရပေဦးတော့မည်။ ထိုထက်ပို၍ အနီးကပ်ဆုံး ပြောရလျှင် လာမည့် ၂-၃ လတာအတွင်း သူတို့ တိုင်းပြည်ကို ကြိုးမိန့်ပေးတော့မည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဆန္ဒခံယူပွဲနှင့် ကြုံကြရပါတော့မည်။
ပုံမှန်အားဖြင့် လူထုသည် မိမိတို့၏ မကျေနပ်ချက်၊ လိုအပ်ချက် တို့ကို ဆန္ဒပြသည့် နည်းလမ်း တခုတည်းဖြင့် ဖော်ပြလေ့ရှိသည်။ စစ်အစိုးရသည် (အခြား အစိုးရများ နည်းတူ) ညှိနှိုင်းဖြေရှင်းမှုကို မည်သည့်အခါမျှ ပြုလုပ်လေ့ မရှိဘဲ အနည်းဆုံး ရိုက်နှက် ဖမ်းဆီးခြင်းဖြင့် ဖြစ်စေ၊ အဆိုးရွားဆုံး ပစ်ခတ် သတ်ဖြတ်ခြင်းဖြင့် ဖြစ်စေ ရက်ရက်စက်စက် နှိပ်ကွပ်ပစ်လေ့ ရှိတတ်သည်။ ထိုအခါ လူထု လှုပ်ရှားမှုသည် အပြိုပြို အကွဲကွဲဖြင့် နှစ်အတန်ကြာသည်အထိ နောက်ဆုတ်သွားရတော့သည်။

ပြည်သူလူထု၏ ဆန္ဒ အစစ်အမှန်သည် သူတို့ကို မတရား လုပ်နေသူများအား မတရား ပြန်လုပ်လိုခြင်း မဟုတ်။ သူတို့ကို အနိုင်ကျင့် စော်ကားနေသူများအား ပြန်လည်အနိုင်ကျင့် စော်ကားလိုခြင်း မဟုတ်။ သူတို့ကို ဖိနှိပ်ရက်စက် နေသူများအား ပြန်လည် ဖိနှိပ် ရက်စက်လိုခြင်း မဟုတ်။

ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်သည် သူတို့ကို မတရား လုပ်နေသူများအား "ရပ်တန်းက ရပ်စေလိုခြင်း" ဖြစ်သည်။ သူတို့ကို အနိုင်ကျင့် စော်ကားနေသူများအား "ရပ်တန်းက ရပ်စေလိုခြင်း" ဖြစ်သည်။ သူတို့ကို အကြမ်းဖက် ဖိနှိပ်ရက်စက် နေသူများအား "ရပ်တန်းက ရပ်စေလိုခြင်း" ဖြစ်သည်။ ဤသဘော၊ ဤဆန္ဒသည် လူထု၏ဆန္ဒ၊ လူထု၏တရား၊ လူထု၏ဓမ္မ။

ပြည်သူလူထု၏ ဆန္ဒ အစစ်အမှန်သည် သူတို့ဘာသာ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်၍၊ သူတို့ဘာသာ လှူကြတန်းကြ၍၊ သူတို့ ဘာသာ ရောင့်ရဲခြိုးခြံစွာ နေထိုင်ကြ၍၊ အေးအေးချမ်းချမ်းနှင့် ဘုရားသွား ကျောင်းတက်၍ နေထိုင်လိုကြခြင်း ဖြစ်သည်။ မင်းကလည်း မင်းကျင့်တရားနှင့် ညီစေ၊ ပြည်သူကလည်း ပြည်သူ့ဝတ္တရား ကျေပွန်စေ။ ဤသဘော၊ ဤဆန္ဒသည် လူထု၏ဆန္ဒ၊ လူထု၏တရား၊ လူထု၏ဓမ္မ။

သို့သော် ဤမျှ ရိုးစင်း၍၊ ဤမျှ ရောင့်ရဲလွန်းလှသည့် သန်း (၅၀) မျှသော ပြည်သူလူထု၏ ဆန္ဒသည် ကံဆိုးစွာပင် ယနေ့ အထိ မပြည့်ဝနိုင် ရှာရုံမျှမက ကျိုးရကြေရသည့် ဘ၀များသည်လည်း မနည်းလှတော့။ ရင်းရနှီးရသည့် အသက်သွေးချွေး များသည်လည်း မနည်းလှတော့။ စွန့်ရစတေးရသည့် မျိုးဆက်များသည်လည်း မနည်းလှတော့။ အနာဂတ်သည်ကား…။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟူသည် အစိုးရကိုလည်း မင်းကျင့်တရားနှင့် ညီစေ၊ ပြည်သူကိုလည်း တာဝန်သိစေ ဟူသည့် ပဋိဉာဉ်တရပ်ဟု ဆိုက မမှားတန်ရာ။ ယခုမူ စစ်အစိုးရသည် ဤပဋိဉာဉ်ကို ၎င်းတို့ အလိုကျ ရေးဆွဲ၍ ပြည်သူကို အကျပ်ကိုင်ကာ ပြဌာန်းခိုင်းနေသည်။ စစ်အစိုးရ ချပြသည့် ဖွဲ့စည်းပုံက အစိုးရနှင့် ပြည်သူအကြား နှစ်ဦးသဘောတူ လက်မှတ် ရေးထိုးကြသည့် ပဋိဉာဉ်မျိုးမဟုတ်။ သခင်နှင့် ကျွန်အကြားချုပ်ဆိုသည့် စာချုပ်မျိုးဖြစ်နေသည်။ လူထုက မိမိတို့ ကျွန်ဇာတ်အသွင်းခံရခြင်းကို သဘောတူကြောင်း လက်မှတ် ရေးထိုးပေးရမည့် စာချုပ် ဖြစ်နေသည်။ အထူးသဖြင့် စစ်တပ်က ဗိုလ်ကျလွှမ်းမိုးမှုကို ကျိုးနွံ ၀ပ်ပြားပေးရမည့် စာချုပ် ဖြစ်သည်။ ပြည်သူလူထု၏ ဆန္ဒအစစ်အမှန် ဖြစ်သည့် သူတို့ကို မတရား လုပ်နေသူများအား "ရပ်တန်းကရပ်စေ" မည့် ပဋိဉာဉ်မျိုး မဟုတ်။ ပြည်သူများ သူတို့ဘာသာ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်၍ နေထိုင်နိုင်ကြမည့် ပဋိဉာဉ်မျိုးမဟုတ်။ ဓားမိုးအုပ်ချုပ်၍ ပိပြားနေကြရမည့် ဥပဒေမျိုး ဖြစ်နေသည်။

ကျနော့် အနေဖြင့် တိုက်တွန်းလိုသည်မှာ ပြည်သူလူထု အနေဖြင့် ဤ အတည်ပြုလာတော့မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကန့်ကွက်ကြောင်း မိမိတို့ဆန္ဒကို ထုတ်ဖော်ပြသ (ဆန္ဒပြ) ရတော့မည့် အချိန်ဖြစ်သည်။ လမ်းပေါ်ထွက် ဆန္ဒပြသည့် နည်းလမ်းအပြင် အသည်းကြားမှ မဲတပြားဖြင့် ကန့်ကွက်ခြင်းသည်လည်း ဆန္ဒပြခြင်း တမျိုးပင် ဖြစ်သည်။ မြန်မာ ပြည်သူများသည် ဤသို့ ဆန့်ကျင် ကန့်ကွက်မှုမျိုးကို ကျွမ်းကျင်ကြပါသည်။ စစ်အာဏာရှင်ကို နည်းမျိုးစုံဖြင့် (passive resistance) ရသရွေ့ ဆန့်ကျင်ခဲ့ကြသည်မှာ မရေမတွက်နိုင်တော့။ သို့သော်လည်း ဤတပွဲတွင်တော့ ပို၍ စည်းလုံးမှု ရှိစွာ၊ ပို၍ အချိတ်အဆက်မိစွာ ဆန့်ကျင်ရတော့မည့် အချိန်ဖြစ်ပေသည်။

အနုပညာရှင်များလည်း ပါရမည်။ ရုပ်ရှင်မင်းသား၊ မင်းသမီး၊ သံချပ်ထိုးသူများ၊ ဟစ်ဟော့ပ် အဆိုတော်၊ လူရွှင်တော် အလွှာမျိုးစုံ ပါဝင်၍ ဆန့်ကျင်ရမည့် ပွဲဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့က အစွမ်းပြရုံမျှ မဟုတ်ပါ။ လူထုအားလုံး တက်ညီလက်ညီ အစွမ်းပြရမည့် ပွဲဖြစ်သည်။ အပစ်ရပ် အဖွဲ့များသည်လည်း တနည်းတဖုံ ပါဝင်ကြရပါတော့မည်။ အပစ်ရပ် အဖွဲ့များသည်လည်း မိမိတို့၏ ရပ်တည်ချက်၊ အခန်းကဏ္ဍကို ဖော်ပြရပေတော့မည်။ လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလက ဗိုလ်ချုပ်အောင်ဆန်းသည် မည်သူမျှ ကိုယ်နှင့် မဆိုင်သလို မနေရ၊ မည်သူမျှ ကိုယ့်အရေး မဟုတ်သလို သဘောမထားရ။ မည်သူမျှ ရေသာခို လှေကြုံ လိုက်ခွင့်မရ ဟူသည့်မူဖြင့် လူထုကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်စေခဲ့ပါသည်။ လူထုအားကို ဖော်ထုတ်ခဲ့သည်။ လူထုအားကို ကိုးစားခဲ့သည်။

ဤ တိုက်ပွဲသည် လက်စားချေရန်မဟုတ်၊ အများသူငါ သွေးထွက်သံယို ဖြစ်စေရန်မဟုတ်၊ အပြစ်မဲ့ပြည်သူများ အတိ ဒုက္ခ ရောက်ကြစေရန်မဟုတ်။ ဤတိုက်ပွဲဖြင့် အများပြည်သူအပေါ် အတိုင်းထက်အလွန် ယုတ်မာ ရိုင်းစိုင်းနေသူများ၊ အာဏာပြ ဗိုလ်ကျမင်းမူ၍ အနိုင်ကျင့် စော်ကားနေသူများ၊ တရားလက်လွတ် ရက်စက် ရမ်းကားနေသူများ၊ ကမ်းကုန်အောင် အကြမ်းဖက် ဖိနှိပ်နေကြသူများအား "ရပ်တန်းက ရပ်စေရန်"အတွက် ထိထိရောက်ရောက် ဖိအားပေးသည့် နည်းလမ်းတခု အဖြစ် အသုံးပြုရန် ဖြစ်ပါသည်။ တနည်းအားဖြင့် "အဓမ္မ" ဂိုဏ်းသားများ "ဓမ္မ" ဘက်သို့ ကူးပြောင်း လာကြစေရေးအတွက် တိုက်ရိုက် ဖိအားပေးသည့် နည်းလမ်းတခုအဖြစ် အသုံးပြုရန်သာလျှင် ဖြစ်ပါသည်။

သေချာသည်မှာ "ကျနော်တို့ တိုင်းပြည်ကြီး နှစ်ပေါင်း (၆၀) ကျော် အကြမ်းဖက် ခံနေရသည်" ဟူသည့်အချက် ဖြစ်သည်။ ဤ ဒဏ်ရာဒဏ်ချက်များကြောင့် မြန်မာနိုင်ငံကြီးလည်း ကိုယ်တခြမ်း သေနေခဲ့ပြီ။ "ပြည်သူ့အားနှင့် ခံတိုက်မည်လော၊ ဒူးထောက် အညံ့ခံမည်လော" ဟု မေးခွန်းထုတ်ရတော့မည့် အချိန် ဖြစ်ပါသည်။ ကြုံလာတော့မည့် စစ်ကျွန် ဖွဲ့စည်းပုံ ဆန့်ကျင်ရေး တိုက်ပွဲအတွက် အသင့်ပြင်ကြပါစို့။ မြန်မာပြည်သူများ မှန်မှန်ကန်ကန် သိမြင်၍ စုပေါင်း တိုက်ပွဲဆင်ခြင်းဖြင့်သာ ထွန်းသစ်သည့် မြန်မာနိုင်ငံ ဖြစ်လာစေရမည်ဟု ယုံကြည်လျှက် ….။



လူထုတိုက်ပွဲသာ အခရာ (ဆောင်းပါး)

ဇော်မင်း (လူ့ဘောင်သစ်)
Tuesday, 26 February 2008 08:53 - မြန်မာစံတော်ချိန်

zaw-min-lu-baung-htit

စစ်တပ်က ညစ်လာတာ တသက်လုံးကပါ။ ဘယ်တုံးကမှ သူတို့ပေးထားတဲ့ ကတိကို စောင့်ထိမ်းခြင်းမရှိတာ လူတိုင်း သိတဲ့ကိစ္စမို့ ထပ်ပြီးတော့လည်း အကျယ်ချဲ့ မပြောလိုပါ။

အခုမေလမှာ ကျင်းပမဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲကြီးဟာလည်း ညစ်ပွဲကြီးဖြစ်မှာ အသေအချာပါပဲ။ တရားမျှတတဲ့ ဆန္ဒခံယူပွဲကြီး ဖြစ်ရပါစေ့မယ်လို့ စစ်တပ်ကနေ အခုအထိ တရားဝင် ပြောဆိုခြင်းလည်း မရှိသေးပါ။ သေချာတာကတော့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုပဲ ချိမ်းခြောက်မှုတွေ မပါပဲ လုပ်ပေးမယ်ဆိုရင်လည်း ပြည်သူတွေက ကန့်ကွက်မဲ ပေးမှာ သေချာနေပြီးသား ဖြစ်ပါတယ်။ ဒါဆိုရင် စစ်တပ်လုပ်လိုတဲ့ သူတို့ရဲ့ ညစ်နည်းတထောင် အခြေခံ ဥပဒေကြီး ရေစုံ မျှောသွားမှာ ဖြစ်ပါတယ်။ သို့သော် ဒါကိုလည်း စစ်တပ်က သိနေတော့ အဲသလို မဖြစ်အောင် သူတို့ရဲ့ ဥပဒေအ ညစ်ထုပ်ကြီးကို ကာကွယ် ရတော့မှာပါပဲ။ ဒါ့ကြောင့် ညစ်ပတ်လိမ့်မယ်လို့ အတတ်ပြောရဲတာ ဖြစ်ပါတယ်။

မြန်မာပြည်သား အားလုံးရဲ့ တာဝန်ကတော့ မကြာခင် ပြုလုပ်တော့မဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုမဲ့ ဆန္ဒခံယူပွဲကြီးကို တနည်းနည်းနဲ့တော့ ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ အင်နဲ့အားနဲ့ ကိုယ့်ဖက်က မတိုက်ဖျက်နိုင်လို့ကတော့ အဲသည့် အခြေခံ ဥပဒေကြီးဟာ နောင်နှစ်ပေါင်းများစွာ အထိ မိမိတို့ရဲ့ နောင်လာ နောက်သားများကို ဂုတ်ဂွစီးထားမှာ ဖြစ်ပါတယ်။

တချို့ကလည်း ဟာ … သည်ဥစ္စာကြီးကို အခု မတိုက်ဖျက်နိုင်လည်း နောင်အခွင့်သာရင် ပြန်ပြင်ဖို့အတွက် တိုက်ယူ ကြတာပေါ့လို့ ပြောကောင်း ပြောနိုင်ပါတယ်။ အင်ဒိုနီးရှားမှာတုံးကလည်း အလားတူ ဖြစ်ခဲ့တာပဲ။ နောက်ပိုင်း ပြည်သူတွေက ပြန်တိုက်ခဲ့ကြလို့ နောက်ဆုံး ပြည်သူတွေ လိုလားတဲ့အတိုင်း အခြေခံဥပဒေကြီး ပြန်လည် ဖြစ်တည်လာခဲ့တာပဲလို့ ဆိုမဲ့သူတွေလည်း ရှိနိုင်ပါတယ်။ မှန်ပါတယ်။ သို့သော် ပြန်တိုက်ဖို့ ပေးဆပ်ခဲ့ရတဲ့ နှစ်တွေကလည်း မနည်းလှဖူး ဆိုတာတော့ သတိချပ်ဖို့ လိုပါတယ်။

အခု ရေးဆွဲထားတဲ့ အခြေခံ ဥပဒေကြီးထဲမှာ ပါတဲ့ ရေရှည် စစ်တပ်လွှမ်းမိုးရေး အချက်များစွာထဲက တချက်ကို ပထမဆုံး ကောက်နုတ် တင်ပြချင်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ဟာ တိုင်းပြည်ကြီး ပြိုကွဲဖို့ အန္တရာယ်နဲ့ ရင်ဆိုင်ရရင် နိုင်ငံတော် အရေးပေါ် အခြေအနေကို ကြေငြာနိုင်တယ်လို့ သူ့ကို အခွင့်အာဏာ ပေးထားပါတယ်။ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေငြာတယ် ဆိုတာကတော့ စစ်အာဏာ သိမ်းတာကို ယဉ်ယဉ်ကျေးကျေး စကားလုံးသုံးပြီး ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ ဆိုတော့ကာ အဲသလို အာဏာ သိမ်းထားတဲ့အချိန်၊ နိုင်ငံတော် အရေးပေါ် အခြေအနေကို ကြေငြာထားတဲ့ ကာလအတွင်းမှာ ကာကွယ်ရေး ဦးစီးချုပ်ဟာ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေး အာဏာနဲ့ အုပ်ချုပ်ရေး အာဏာများကို တစိတ်တပိုင်း (သို့မဟုတ်) တစုံလုံး စီမံ ကွပ်ကဲနိုင်သေးတယ်လို့လည်း အခွင့်အရေး ထပ်ပေးထားသေးတယ်။ တိုင်းပြည်တပြည်မှာ အသက်သွေးကြော ဖြစ်တဲ့ အဲသည့် မဏ္ဍိုင်ကြီး သုံးခုစလုံး ကို စစ်တပ်က ကြိုက်သလို စီမံနိုင်တယ် ဆိုမှတော့ ဒါဟာ စစ်တပ်လူတန်းစား ကောင်းစားဖို့က လွဲလို့ တခြား ရှိပါဦးမလား ဆိုတာ လူတိုင်း သဘောပေါက်ပါတယ်။

အဲသည်မှာပဲ တချို့က ဆိုလာပါတယ်။ ပါလီမန် အတွင်းကနေ တဖြည်းဖြည်း တိုက်ယူသွားမယ်လို့ ပြောကြပါတယ်။ အခြေခံ ဥပဒေထဲက အရေးကြီးတဲ့ အချက်များကို ပြင်ဆင်မယ်ဆိုရင် တည်ရှိနေတဲ့ လွှတ်တော် နှစ်ရပ်စလုံးကနေ အဆိုတင်သွင်းဖို့ လိုပါတယ်။ အဲသလို အဆိုတင်ဖို့အတွက် လွှတ်တော်နှစ်ရပ်မှာ ရှိတဲ့ အမတ်ဦးရေရဲ့ (၂ဝ%) ကျော် ကနေ တင်သွင်းဖို့ လိုပါတယ်။ (၂ဝ%) ကွက်တိပဲ ရှိတယ်ဆိုရင် အထ မမြောက်နိုင်ပါ။ (၂ဝ%) ကျော်ကို ကျော်နေမှ တင်သွင်းဖို့ သူတို့ ဥပဒေအရ ကိုက်ညီမှာ ဖြစ်ပါတယ်။ အဲသည်မှာ ပထမဆုံး တစ်နေနိုင်ပါတယ်။ ဘာဖြစ်လို့တုံး ဆိုတော့ ဖြစ်လာမဲ့ အမတ်တိုင်းဟာ ကိုယ့်ဖက်ပါမယ်လို့ အတိအကျ ပြောဖို့ ခက်ပါတယ်။ ဒီကြားထဲမှာ လွှတ်တော် နှစ်ရပ်စလုံးအတွင်း ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားမဲ့ စစ်ဗိုလ်တွေက (၂၅%) ရှိနေပါသေးတယ်။

ကောင်းပါပြီ အခြေခံ ဥပဒေကြီးကို ပြင်ဖို့ အဆိုတင်တာ (၂ဝ%) ကျော်သွားလို့ တင်နိုင်သွားပြီလို့ ဆိုနိုင်ပေမဲ့ ဒါဟာ ပြင်ဖို့ တင်ထားရုံသဘောပဲ ဖြစ်ပါတယ်။ တကယ် ပြင်ဆင်ဖို့အတွက် လွှတ်တော်နှစ်ရပ်စလုံးရဲ့ (၇၅%) ကျော် အရေအတွက်ရှိသော အမတ်များက ထောက်ခံမှ အဲသည့် အခြေခံ ဥပဒေတွေထဲက ကိုယ်မကြိုက်တာကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

စစ်ဗိုလ်တွေချည်းက ၂၅% ရှိနေတော့ ဘယ်လိုလုပ်ပြီး ကိုယ့်ဖက်က (၇၅%) ကျော် ရနိုင်ပါ့မလဲ။ သည်ကြားထဲ ကြံ့ဖွတ်ကနေ အမတ်ဖြစ်လာတဲ့ လူတွေ၊ စားဖားလို လူစားမျိုးတွေ၊ ကိုယ့်အကျိုးအတွက်ပဲ ကြည့်တဲ့ အမတ်တွေ၊ နှစ်ဖက် လွှလုပ်နေတဲ့ အမတ်တွေ၊ စိတ်ကောင်း ရှိသော်လည်း ခြောက်လိုက်ရင် ကြောက်သွားတဲ့ အမတ်တွေ၊ ငွေပေး အဝယ် ခံရတဲ့ အမတ်တွေ၊ အဲသလိုမျိုးတွေကလည်း သဘာဝတရားအရ ပါနေဦးမယ်။ ကိုယ့်ဖက်မှာ (၇၅%) ကွက်တိရဖို့တောင် မလွယ်နိုင်ပါဖူး။ ထားဦးတော့။

ဥပမာအားဖြင့် ခေတ်တွေ အတော်အတန် ပြောင်းလာလို့ စစ်ဗိုလ်အမတ် (၂၅%) ကလည်း ကိုယ့်ဖက်ပါလာပြီး အရပ်သား အမတ်တွေနဲ့ အတူ ပေါင်းလိုက်ကြလို့ (၁ဝဝ%) ကိုယ့်ဖက်ကရပြီ ဆိုပါစို့။ အခြေခံ ဥပဒေကြီးကို ပြင်ဆင်လို့ရပြီလို့ ထင်ရင်မှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဲသည့်တထစ် အောင်မြင်ရုံနဲ့ ပြင်လို့မရပါ။ ပြည်သူ့ဆန္ဒ ခံယူပွဲကြီး ထပ်မံ ကျင်းပပြီး ပြည်သူ (၅ဝ%) ကျော်က ထောက်ခံမှသာ ပြင်လိုတဲ့ အချက်များကို ပြင်နိုင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်သူတွေက တချို့ အရေးအကြီးဆုံး အချက်တွေကို ပြင်ဆင်ချင်တယ် ဆိုတာတောင်မှ ကပ်တီးကပ်ဖဲ့ လုပ်ထားလို့ ရပါသေးတယ်။

ဘာဖြစ်လို့တုံးဆိုတော့ အခြေခံ ဥပဒေထဲမှာ ပါနေတဲ့ အချက်တခုက ဒီလို ဆိုထားပါတယ်။ တပ်မတော်၏ အဓိက တာဝန်သည် ပြည်သူလူထုက တခဲနက်ထောက်ခံ အတည်ပြုထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို ကာကွယ်ရန် ဖြစ်သည်တဲ့ဗျာ။ ပြည်သူက ထောက်ခံလို့ အတည်ဖြစ်ထားတဲ့ အခြေခံ ဥပဒေကြီးကို လွှတ်တော်နှစ်ရပ်က အမတ်တွေ သဘောတူယုံနဲ့တော့ ကမြင်းကြောထပြီး ပြင်ချင်လို့တော့ ဘယ်ရမလဲ။ ဆိုတော့ကာ သည်အခြေခံ ဥပဒေကြီးကို ကာကွယ်ဖို့ရယ်၊ အမတ်တွေ ရုန်းရင်းဆန်ခတ် လုပ်နေလို့ မျက်စေ့နောက်နေရာက တိုင်းပြည် မတည်ငြိမ်တော့ဖူး ဆိုတာကို အကြောင်းပြပြီး ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် အရေးပေါ် အခြေအနေကို ကြေငြာနိုင်ခွင့် ရှိတယ် ဆိုတာကို အထက်မှာလည်း တင်ပြခဲ့ပြီးပါပြီ။ တရားမျှတဲ့ ပြည်သူ့ဆန္ဒခံယူပွဲ တခုလုပ်ပေးဖို့အထိ စစ်တပ်က သဘောမနော ကောင်းလိမ့်မယ်လို့တော့ မထင်ပါ။

နောက်မှ ဖြေးဖြေးပြင်ယူမယ် ဆိုတဲ့သူများကို အကြံပေးလိုတာကတော့ နောက်ထပ် အနည်းဆုံး အနှစ်လေးဆယ်လောက်တော့ အရှိန်ယူမှ ပြင်ဆင်ဖို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဆိုချင်ပါတယ်။

ဒီလိုညစ်စုပ်ပဲ့တဲ့ အခြေခံ ဥပဒေကြီးကို လာမဲ့ မေလမှာ ကျင်းပမဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲ မှာ အတည်ဖြစ် မသွားအောင် နိုင်ငံသားတိုင်း ဝိုင်းဝန်း ဆောင်ရွက်ရပါလိမ့်မယ်။ ကိုယ့်ဖက်က အားကောင်းကောင်း နဲ့ မဆန့်ကျင်နိုင်ပါက စစ်တပ်က သည်တချီမှာလည်း အသာစီးရ သွားပါလိမ့်မယ်။

ဖြစ်နိုင်တာ မဖြစ်နိုင်တာကို ကျနော့်အနေနဲ့ အတတ်မပြောလိုပါ။ သို့သော် ညစ်မှာကို သိရဲ့သားနဲ့ မဲရုံသွား ကန့်ကွက်မဲ ထည့်မဲ့အစား၊ ဆန္ဒခံယူပွဲ မတိုင်ခင် နှစ်ရက်လောက်အလိုမှာ တပြည်လုံး ချိန်ကိုက်၍ အုံကြွနိုင်ပါက ထို ညစ်ပွဲကြီး သားလျှောသွားမည်မှာ အသေအချာပင် ဖြစ်သည်ဟု ဆိုချင်ပါတယ်။ စောစောဆန္ဒပြပါက စောစော နှိမ်နင်းလာမည်ကို သဘောပေါက်သည့်အတွက် နှစ်ရက်လောက်အလိုမှာ အုံကြွခြင်းက အုပ်စိုးသူ စစ်အာဏာရှင်များ၏ အစီအစဉ်များ အားလုံးပြိုကြ သွားနိုင်သည်ဟု တွက်ဆပါတယ်။

လူထုအုံကြွ ဆန္ဒပြတဲ့ နည်းနာများ အတွက် ဆွေးနွေးလိုသူများ ဝင်ရောက် ဆွေးနွေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ အားလုံးဝိုင်း စဉ်းစားရင် ဖြစ်နိုင်တဲ့ အချက်အလက်များ ပိုမို တွေ့ရှိလာမယ်လို့ ယူဆကြောင်းပါ။ လူထုတိုက်ပွဲ လူထုအုံကြွ ဆန္ဒပြတဲ့ နည်းနာက သည်တိုက်ပွဲအတွက် ပိုအကျိုးရှိတယ်လို့ ကျနော်အနေနဲ့ ထင်မြင်ယူဆပါတယ်။

ဗြိတိသျှတွေ လက်အောက်က တနှစ်အတွင်း လွတ်လပ်ရေး ရရမယ် ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုက်ပွဲခေါ်သံ နောက်ကွယ်မှာ လာသမျှရန် အကုန်ခံချဖို့ လူ၊ စိတ်ဓာတ်၊ လက်နက် ပြည်တွင်းမှာ အသင့် ဖြစ်နေတဲ့အတွက် နောက်ဆုံး ကိုယ်ထိလက်ရောက် တိုက်စရာမလိုပဲ အင်္ဂလိပ်များနဲ့ စကားပြောပြီး လွတ်လပ်ရေး ရခဲ့တာ ဖြစ်ပါတယ်။ အဲသည်တုံးက နိုင်ငံတကာ အခြေအနေကလည်း ကိုယ့်ဖက်ကို ပိုအားသာစေခဲ့တာလည်း တဖက်မှာ ရှိခဲ့ပါတယ်။

ကျနော်တို့ကနေ့ အခြေအနေဟာ အဲသလို မဟုတ်တဲ့ အတွက် လူထုတိုက်ပွဲကိုသာ ဆက်တိုက်ခေါ်ဖို့ ဖော်ဆောင်ဖို့သာ အဓိက လိုအပ်ပါတယ်။ မဲရုံသွား ကန့်ကွက်မဲထည့် ဆိုတဲ့အပိုင်းကို ကျနော် မြင်တာကတော့ သွယ်ဝိုက်ပြီးတော့ သိုးများကို လည်စင်းပေးအောင် လုပ်တာမျိုးနဲ့ တူနေတယ်လို့ မြင်လို့ ဖြစ်ပါတယ်။ ဘယ်နည်းနာက ပိုကောင်းတယ်လို့ ကျနော့်အနေနဲ့ အငြင်းအခုန် လုပ်တာ မဟုတ်ပါ။ ကျနော့်ရဲ့ အမြင်ကို တင်ပြတာပဲ ဖြစ်ပါတယ်။

လွတ်မြောက်ရေးတိုင်းဟာ တန်ဖိုးကြီးကြီး တခုမဟုတ်တခု ပေးခဲ့ရတာချည်းပါပဲ။