သေခြင်းနှင့်ပျက်သုန်းခြင်း
မဇ္ဈိမသတင်းဌာန | |
အင်္ဂါနေ့၊ မေလ 27 2008 18:22 - မြန်မာစံတော်ချိန် | |
(နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံဒုက္ခသည်များသို့ကူညီလိုသူ နိုင်ငံခြားသားတဦး၏အတွေ့အကြုံ) ရန်ကုန်။ ။ ညသန်းခေါင်ယံအချိန်ရောက်လာလျှင် ရန်ကုန်မြို့လယ်ရှိ ဘုန်းကြီးကျောင်းများသည် အသက်ဝင်လှုပ်ရှားလာကြပြီး အလုပ်များလာကြပြန်သည်။ ထရပ်ကားများ၊ ပစ်ကပ်ကားများ၊ ဘတ်စ်ကားငယ်များရောက်လာပြီး ဘုန်းတော်ကြီးများ၊ သူတို့၏ဒါယိကာများက ဆန်များ၊ ပဲများ၊ ခေါက်ဆွဲခြောက်များ၊မိုးရေကာဖျင်များ၊ အဝတ်အထည်များနှင့် ဆေးဝါးများကိုကားပေါ်သို့တင်ကြကာ ဧရာဝတီတိုင်းဝေးလံ ခေါင်ဖျားသောဒေသရှိ နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များကို ကူညီကယ်ဆယ်ရေးခရီးစဉ်အတွက် အသင့်ပြင်ကြသည်။ ဤတကြိမ်တွင်လည်း ဗုဒ္ဓဘာသာရဟန်းတော်များက ဆိုင်ကလုံးနာဂစ်မုန်တိုင်းခံခဲ့ရသော ဒုက္ခသည်များ၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများအတွက် ကယ်ဆယ်ရေးကိစ္စကို ခေါင်းဆောင်ကြပြန်သည်။ ဤကိစ္စကို အစိုးရထိန်းချုပ်ထားသော သတင်းစာများကဖေါ်ပြခွင့်မပြုသော်လည်း မြစ်ဝကျွန်း ပေါ်ဒေသ၏ အစွန်အဖျားအကျဆုံး အခေါင်ဆုံးဒေသများသို့သွားရောက်ကူညီရန် အလှူရှင်များကို ရဟန်းတော်များကပင် နိုင်ငံအနှံ့ စည်းရုံးလှုံ့ဆော်လုပ်ဆောင်နေသည်။ နံနက် ၃ နာရီတွင်ကျနော်တို့သွားရန် အသင့်ဖြစ်ပါပြီ။ သံဃာတော် ၂ ပါး၊ ပုဂ္ဂလိကအလှူရှင် ၂၅ ဦးနှင့် နိုင်ငံခြားသားတဦးတို့ ဖြစ်ကြသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့အကြား မည်သို့သဘောတူညီချက် ရခဲ့သည်ပင်ဆိုဆို၊ နိုင်ငံခြားသား ကူညီကယ်ဆယ်ရေးလုပ်သားများမှာ စာဖြင့်ရေးသားပေးထားသော အစိုးရ၏ခွင့်ပြုချက်မပါဘဲ၊ ရန်ကုန်မြို့၏ ပြင်ပသို့ ထွက်ခွင့်မရသေးပါ။ ကျနော်လည်းကားပေါ်တက်၍ ဆန်အိတ်များ၊ ကုလားပဲအိတ်များ၊ ခေါက်ဆွဲခြောက်များ၊ မိုးရေကာဖျင်စများ အလယ်တွင် ထိုင်ကာ မြန်မာလူငယ်မိန်းကလေး၊ယေက်ျားလေးများခြံရံ၍လိုက်ပါရသည်။ ၃ ပတ်တိုင်တိုင် မည်သည့် ပြင်ပအထောက်အပံ့ကိုမျှ မရသေးသည့် ဝေးလံခေါင်ဖျား သောဒေသမှ ရွာသားများ၏အသက်ကိုဆက်ပေးနိုင်မည့် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ပေးအပ် လှူဒါန်းပေးနိုင်မည့်အရေးတွေးကာ အားလုံး စိတ်လှုပ်ရှားနေကြသည်။ ရန်ကုန်မြို့လယ်မှ ၁၅ မိုင်ခန့်ဝေးသောနေရာသို့ရောက်သောအခါ စစ်သားများနှင့်ရဲများစောင့်ကြပ်နေသည့် ပထမဆုံးစစ်ဆေးရေးဂိတ်သို့ ရောက်သည်။ ကျနော်လည်းစောင်တထည်ကိုခေါင်းမြီးခြုံကာ ကျနော့်လူငယ်အဖေါ်များ၏ အကာအကွယ်ကိုယူ၍ စစ်အစိုးရအာဏာပိုင်များ မတွေ့အောင် ပုန်းကွယ်နေရသည်။ သူ့အကူအညီကို လက်ခံပါမည့်အရေး နိုင်ငံခြားသားတယောက်က တောင်းပန်တိုးလျှိုးရသည့် တခုတည်း သော နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်သည်။ ကျနော်လည်း ထိုသို့စစ်အစိုးရ၏ ငြင်းပယ်မှုမခံရရေးအတွက် စောင်ခြုံ၍ ပုန်းနေရသည်။ ကျနော်တို့သည် တဝုန်းဝုန်းခုန်ပေါက်နေသည့် ဆိုးလှသောလမ်းအတိုင်း ဒေးဒရဲမြို့သို့ ဦးတည်သွားနေသည်။ ဤမြို့ကလေးသည် ဧရာဝတီမြစ် ပင်လယ်ထဲသို့စီးဝင်ရာ အဓိကမြစ်လက်တက်တခုပေါ်တွင် ရှိသည်။ကျနော်ပုန်းအောင်းနေရာမှ ချောင်းကြည့်လိုက်လျှင် လုံးဝဥဿုံပျက်စီးနေ သည်များကိုသာ မြင်နေရသည်။ ကြယ်ရောင်သာရှိသည့်အမှောင်ထုထဲ တွင် ခေါင်းပြုတ်နေသောအုန်းပင်များ၊ ထီးပြတ်ကျ၍ပြိုလဲနေသော ဘုရားငုတ်တိုများ၊ ဂျွမ်းထိုးမှောက်ခုံဖြစ်နေသော ဓါတ်တိုင်များ၊ ပျက်စီးပြိုလဲကျနေသော အိမ်အများအပြားကို အချို့မီးကျွမ်းလျက် တွေ့နေရ သည်။ ဤအိမ်အချို့ကို ရတတ်သမျှဓနိများ၊ မိုးရေကာဖျင်စများဖြင့် ဖြတ်ကတတ်ဆန်း ယာယီပြန်လည်တည်ဆောက်ထားသည်ကို တွေ့ကြရသည်။ အချို့နေရာများတွင်လမ်းဆိုးလျှင်ခေတ္တကားကိုရပ်ရသည်။ တင်ထားသောပစ္စည်းများဖရိုဖရဲဖြစ်ပြီး ပဲအိတ်များ၊ ခေါက်ဆွဲခြောက်ဖာများ ကုန်တင်ခန်းထဲတွင်လိုက်ပါလာသည့်လူအများပေါ်သို့ ပြိုကျလာသည်။ နောက်ထပ်စစ်ဆေးရေးဂိတ် ၂ ခုကိုဖြတ်၍ အစိုးရက ရှိုးပြရန်သက်သက်ဆောက်လုပ်ထားသည့် အစိုးရ၏ကယ်ဆယ်ရေးစခန်းအချို့ကို လွန်မြောက်ကာ သုံးနာရီကျော်ကားမောင်းမိလျှင် ကျနော်တို့ ဒေးဒရဲသို့ရောက်ပါပြီ။ မြစ်ဝကျွန်းပေါ်ရှိကျေးရွာများ၊ လယ်ကွင်းများထဲသို့ လမ်းမပေါက်သဖြင့် လှေဖြင့် ခရီးဆက်ကြရပြန်သည်။ အခုတော့ကျနော်ပုန်းခိုနေ ရာမှထွက်လာနိုင်ပါပြီ။ ဒေသခံများကမူ နိုင်ငံခြားသား တယောက်ဆိုသည်ကို အရေးမစိုက်ပါ။ ကျနော့်ကိုခင်မင်စွာ အားတက်ဖွယ် ပြုံးပြနေသည်ကိုသာ မြင်နေရသည်။ စစ်အစိုးရက သူတို့ကို ဘာအကူအညီမှမပေးသည့်အတွက် အားလုံးက စိတ်ဆိုးဒေါသထွက်ကာ ဝေခွဲမရဖြစ်နေကြသည်။ စစ်တပ်ကရှိသမျှသူတို့စစ်သားတွေကို စစ်ဆေးရေးဂိတ်များ ကိုစောင့်ကြပ်ရန်နှင့် အစိုးရကယ်ဆယ်ရေးစခန်းများရှိ ရွက်ထည်တဲများကိုစောင့်ကြပ်ရန်သာအသုံးချနေသည်။ သူတို့ကို ကြည့်ရသည်မှာ အပြာရောင်တောက်နေသည့် ဤယာယီတဲများအခိုးခံရမည်ကို စိုးရိမ်ကြောင့်ကြနေသည့်ပုံပင်။ ဤအခြေအနေနှင့်ဆန့်ကျင် စွာပင် လူထုကသံဃာတော်များကို အလွန်ကြည်ညိုလေးစားကြသည်။ ဤသံဃာတော်များ နှင့်ပုဂ္ဂလိကအလှူရှင်များကသာမကယ်လျှင် ဘာအကူ အညီမျှ သူတို့ဆီရောက်မည် မဟုတ်ပါ။ ဆိပ်ခံကလေးသည်မနက်တိုင်လျှင် သံဃာတော်များနှင့်ပုဂ္ဂလိကအလှူရှင်များပါသော အုပ်စုအသီးသီးကပါလာသော ပစ္စည်းများချပြီး လှေပေါ်သို့ ပြန်တင်ခြင်းဖြင့် ပျားပန်းခပ်စည်ကားနေသည်။ နောက်ဆုံးတွင်ကျနော်တို့လည်း တောင်ဘက်သို့ ဦးတည်သွားနေပါပြီ။ လမ်းတွင်ဆိုင်ကလုံး မုန်တိုင်းကဖျက်ဆီးခဲ့သောရွာများကိုဖြတ်သန်းသွားရသည်။ ကြည့်ရသည်မှာ စစ်မြေပြင်သို့ ရောက်နေသလိုပင်။ ဝါးဖြင့်ဆောက်လုပ်ထားသော တဲအများစုမှာ ပျက်စီးနေသည်။ ကျန်ရစ်ခဲ့သောတိုင်များသာ မိုးမျှော်ကာ ထိုးထိုးထောင်ထောင်ကျန်ရစ်သည်။ သူ့ထက်ပိုခိုင်ခံ့စွာ ဆောက်လုပ် ထားသော အဆောက်အဦများလည်း ဤနည်းနှင်နှင်ပင်။ အမိုးများမရှိတော့၊ သစ်ပင်များလဲကျကာ နံရံများòပကျပျက်စီးနေသည်။ ရေလယ် ခေါင်တွင် စပါးခင်းများတမျှော်တခေါ်ရှိနေသည့် ကျွန်းကြီးများကိုဖြတ်သန်းလာရသည်။ လူသူအရိပ်အယောင်ဟူ၍ မတွေ့ရသလောက်ပင် ဖြစ်သည်။ ၁၂ ပေခန့်မြင့်သော ပင်လယ်လှိုင်းလုံးကြီးများက အိမ်များ၊ လူများ၊ ကျွဲနွား တရိစ္ဆာန်များအားလုံးကို မျောပါသွားစေခဲ့သည်။ ဝါးအချို့နှင့် ဓနိမိုးအနည်းငယ်ကိုသာ အတော်မြင့်မြင့်သစ်ကိုင်းများတွင် ချိတ်၍ကျန်နေစေခဲ့သည်။ မြစ်ကမ်းတွင်မျောပါနေသော ကျွဲသေကောင် များကို ကျနော်တို့မကြာခဏ ဖြတ်သွားရသည့်အခါ အပုပ်နံ့က မခံမရပ်နိုင်အောင်ပင် နံသည်။ ၂ နာရီခန့်သွားပြီးသောအခါ လူဦးရေ ၁၅ဝ ခန့်ရှိသည့် တံငါနှင့်လယ်အလုပ်လုပ်ကိုင်ကြသည့် ချောင်းဘေးပထမဆုံးရွာကလေးသို့ ရောက်သွားသည်။ဤရွာကလေးမှာအခြားရွာများနှင့်စာလျှင်ကံကောင်းပါသည်။ ရွာတည်ရှိရာမှာ အနည်းငယ်ကုန်းကျသည့်အပြင် တက်လာသော ဒီလှိုင်းကလည်း ၅ ပေ ခန့်သာမြင့်သည်။ထိုရွာရှိ အိမ် ၂၅ လုံးအနက် ၇ လုံးသာ ဆုံးရှုံးခဲ့သည်။ သို့သော် အိမ်များအားလုံး ဆိုင်ကလုံးကြောင့် ပျက်စီးခဲ့သည်။ ပြိုသည့်အိမ်ကပြို၊ အမိုးပါသွားသည့် အိမ်ကပါသွားနှင့်သာ ဖြစ်သည်။ အသက်မသေကျန်ခဲ့သော ထိုသူတို့မှာဝမ်းနည်း အားငယ် နေကြရသည်။ ရက်ပေါင်းများစွာ စားစရာဆန်မရှိ ဖြစ်ခဲ့ရသည်။ ကိုယ်တွင်ဝတ်ထားသောအဝတ်မှအပ လဲစရာအဝတ်မရှိ။ သူတို့အိမ်များကိုအရေးပေါ်ကာရံ ပြုပြင်ဖာထေးရန် ဘာမျှမရှိ။ သူတို့ကိုကျနော်တို့ ဆန်၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်၊ အဝတ် အထည်၊ ညှပ်ဖိနပ်၊ ဖရောင်းတိုင်နှင့် မိုးရေကာဖျင်စများ ဝေငှပေးခဲ့သည်။ ဘီစကွတ်မုံ့နှင့်အခြားသားရေစာများ အနည်းငယ်ပေးလိုက်သည့်အခါ ကလေးများက သွားများပေါ်အောင် ပြုံးပြကြသည်။ နောက်ထပ်ကျွန်းတကျွန်းပေါ်ရှိ လူဦးရေ ၁၂ဝဝ ခန့်ရှိသော ရွာကြီးတရွာသို့ကျနော်တို့ ခရီးဆက်ကြရဦးမည်။ ထိုသို့ ခရီးဆက်ရန် ကျနော်တို့ လှေကြီးပေါ်မှ ပစ္စည်းများကို လှေကလေးပေါ်သို့ပြောင်းတင်ရပြန်သည်။ ဤလှေကလေးများ ဖြင့်သာ ၁၂ ပေမှ ၁၆ ပေအကျယ်ရှိသည့် ချောင်းကျဉ်းကလေးထဲသွားနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျနော်တို့ခြေလျင်လျှောက်သလောက်သာ ခရီးတွင်ပါသည်။ ချောင်းကျဉ်း ကလေးအတိုင်း ၂ နာရီခန့်သွားမှ ထိုရွာသို့ရောက်သည်။ လမ်းတွင် မဆုံးနိုင်သောစပါးခင်းများ၊ အိမ်ပြိုအိမ်ပျက်များ၊ လဲကျနေသော သစ်ပင်များ ကို ဖြတ်သန်းခဲ့ရသည်။ ထီးထီးချည်း ကျန်နေသည့်သူတို့အိမ်များကို ကြိုးစားပမ်းစားပြန်လည်တည်ဆောက်နေကြသည့် ဒုက္ခသည်များကိုလည်း ရှားရှားပါးပါး တွေ့ခဲ့ရ သည်။ သူတို့ကို အစားအစာများ၊ ခြေညှပ်ဖိနပ်များနှင့်ဖရောင်းတိုင်များပေးခဲ့ပါသည်။နောက်ဆုံးတွင် ထိုရွာကြီးသို့ ကျနော်တို့ရောက်ကြသည်။ ၈ဝ% ပျက်စီးနေပြီ ဖြစ်သည်။ ရွာလယ်လမ်းတလျှောက် ပုလဲလေးတွေ သီထားသလိုရှိခဲ့သောအိမ်များမှာမရှိတော့၊ ရွာလယ်လမ်းသာ ကျန်ရစ် သည်။ တချိန်က ဤနေရာတွင် မိသားစုအများအပြားနေခဲ့သည့် အိမ်အများအပြားရှိခဲ့ကြောင်းသာ ရွာလယ်လမ်းမကြီးက ပြန်လည်သတိပေးနေ သယောင်ရှိသည်။ စုစုပေါင်းအိမ် ၁၈၅ လုံးရှိသည့်အနက် အိမ် ၁၅ဝ မှာလုံးလုံးပျက်စီးသွားသည်။ ကွဲကြေနေသောရေအိုးများ၊ ခြံစည်းရိုးအကြွင်း အကျန်များကိုကြည့်၍သာ အပျက်အစီးပမာဏကို ခန့်မှန်းကြည့်ရသည်။ ဆိုင်ကလုံး မုန်တိုင်းအတွင်း လူ ၅ဝ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ သူတို့ ရေနစ်သေသွားကြတာလဲ ဖြစ်နိုင်ပါသည်။ သူတို့အများစုမှာ ဘဝပျက်သွားခဲ့ကြပြီ ဖြစ်သည်။ ကျွဲများ၊ နွားများ၊ ဝက်များအားလုံး သေဆုံးကုန် ကြပြီ။ ဝမ်းစာစပါးလည်းရေတွင် မျောပါကုန်ကာ ကျန်ခဲ့သမျှမှာလည်း ရေစိုပျက်စီးကုန်ပြီ ဖြစ်သည်။ လယ်ကွင်းများမှာလည်း ပင်လယ်ရေများ ဖုံးလွှမ်းလျက်ပင် ရှိသေးသည်။ အသက်မသေကျန်ခဲ့သူ မှန်သမျှမှာ ပြင်ပမှအကူအညီကိုသာ မှီခိုအသက်ရှင်နေရသည်။ ကျန်ခဲ့သမျှ အဆောက်အဦးများနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများတွင် တိုးခွေ့အိပ်ကြရသည်။ ဘုန်းကြီးကျောင်းမှာ ကျောက်တုံးဖြင့်ဆောက်လုပ် ထား၍ မုန်တိုင်းအတွင်း ကျန်ရစ်ခဲ့သော တခုတည်းသောအဆောက်အဦးဖြစ်သည်။ ဤနေရာတွင်ဒေသခံဘုန်းတော်ကြီးများကသာ ရွာသားများ ၏ အခက်အခဲဆင်းရဲ ဒုက္ခကိုကူညီကယ်ဆယ် ဖြေရှင်းပေးနေကြရသည်။ ပုဂ္ဂလိကအလှူရှင်များကလှူဒါန်းသောပစ္စည်းများကို ဝေငှဖြန့်ဖြူး ပေး နေရသည်။ မုန်တိုင်းတိုက်ခတ်သွားခဲ့သည်မှာ ၃ ပတ် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အစိုးရအရာရှိတဦးတလေမှ မပေါ်လာသေး၊ နိုင်ငံတကာအကူအညီ ဆိုသည်ကို မမြင်ရသေး။ ကျနော်တို့ပစ္စည်းများကို လှေပေါ်မှချ၍ လှူဒါန်းရန်ပစ္စည်းများကို သယ်လာသောအခါ ကျေးဇူးတင်စိတ်အပြည့်ဖြင့် အရောင်တောက်နေသော မျက်လုံးများဖြင့် ကျေးရွာသားများက ကျနော်တို့ကိုကြည့်နေကြသည်။ ဤစားနပ်ရိက္ခာများက နောက်ထပ်ရက် အနည်းငယ်မျှကြာအောင် သူတို့ကို အသက်ဆက်ပေးပါလိမ့်မည်။ နောက်ထပ် ဘယ်နှစ်လကြာအောင် သူတို့အသက်ရှငိနိုင်ပါ့မလဲ? မြစ်ဝကျွန်းပေါ်ဒေသသို့ဝင်ရောက်ခွင့်ရထားသော နိုင်ငံတကာအစိုးရ မဟုတ်သောအဖွဲ့အစည်းများအတွက် ဤခေါင်လှသောရွာကလေးများသို့ အရောက်လာရန် အလှမ်းဝေးလွန်းပါသည်။ပင်လယ်ရေငံများကြောင့် နောက်ထပ်လပေါင်းအတော်ကြာသူတို့လယ်ကွင်းများတွင် လယ်ပြန်စိုက်နိုင်လိမ့်ဦးမည်မဟုတ်။ လယ်လုပ်ရန် သူတို့ကျွဲနွားများလည်း သေဆုံးကုန်ကြပြီး မျိုးစပါးများလည်း ပျက်စီးကုန်ပြီ ဖြစ်သည်။ ရန်ကုန်သို့အပြန်လမ်းတွင် ထောင်နှင့်ချီသော အိုးခြေအိမ်ခြေမဲ့ ခိုးကိုးရာမဲ့ မုန်တိုင်းဘေးမှအသက်မသေ လွတ်မြောက်လာသူများ မြစ်ဝကျွန်းပေါ်မှ ရန်ကုန်ကားလမ်းတလျှောက်တွင် တန်းစီစောင့်ဆိုင်းနေကြသည်ကို တွေ့ခဲ့ရသည်။ ညအမှောင်ထုထဲတွင်ပင် ကလေး၊ လူကြီး၊ ယောက်ျားမိန်းမအားလုံး ကားလမ်းဘေးတွင်စောင့်ကာ ဖြတ်သွားသောကားများပေါ်မှ ခရီးသည်များကို အစားအစာ၊ သောက်ရေ အဝတ်အထည်စသည်များပေးခဲ့ပါရန် တောင်းခံနေကြရသည်။ နိုင်ငံတော်အစိုးရက သူတို့၏ အနိဌာရုံ များမှ လာရောက်ကယ်ဆယ်ပေးလိမ့်မည် ဟူသော သူတို့၏မျှော်လင့်ချက်ကို ယခုအခါ စွန့်လွှတ်လိုက်ကြပြီ ဖြစ်သည်။ သူ့တိုင်းသူပြည်သားများအတွက် လူမှုရေးတာဝန်သိမှုကို ဖေါ်ထုတ်ပြသခဲ့သည့် မည်သည့်အစိုးရ၊ အုပ်စိုးသူကိုမျှ သူတို့မကြုံဖူးသေးပါ။ နာရီပေါင်း ၂ဝ အကြာတွင် ကျနော်တို့ရန်ကုန်သို့ ပြန်ရောက်ပါပြီ။ ကျနော်တို့ ခေါင်းဆောင်သံဃာတော်များလည်း အလျင်အမြန်ပင် ထွက်ခွါသွားကြပြီ။ လာမည့်နေ့တွင် နောက်ထပ်သွားရောက်ရမည့် ကယ်ဆယ်ရေးခရီးစဉ်များအတွက် စီစဉ်ပြင်ဆင်ရန် ယခုကတဲကပင် ဖုံးဖြင့် ပြောဆိုစီစဉ်နေပြီဖြစ်သည်။ အသက်ပေါင်းများစွာအန္တရာယ်ဖြင့် ရင်ဆိုင်နေရချိန်တွင် အချိန်က အရေးကြီးပါသည်။ |