News Article Photo Poem Video Cartoon Music Radio

Wednesday, January 30, 2008

လူ့လောက နိဗ္ဗာန်ဘုံ (ဆောင်းပါး)

ဆောင်းပါး
စိုးဇေယျထွန်း
Monday, 28 January 2008 16:45 - မြန်မာစံတော်ချိန်

ကျနော်၏ သူငယ်ချင်း တယောက်က သူ့တူလေး အကြောင်း ပြောပြသည်။ သူ့တူလေးသည် ငါးနှစ်အရွယ်ခန့် ရှိနေပြီ ဖြစ်ပြီး လန်ဒန်တွင် မွေးသည်ဟု ဆိုသည်။ မိဘများသည် မြန်မာနိုင်ငံသားများ ဖြစ်သော်လည်း လန်ဒန်တွင် နေရသောကြောင့် မြန်မာစကား တတ်ခြင်းမရှိဟု ဆိုသည်။

"ငါတို့ အကို အလည်ပြန်လာတော့ ငါတို့တူလေးလည်း ပါလာတယ်။ သူ့ကို မြန်မာစကား ပြောတတ်အောင် ဆိုပြီး ငါတို့ ၀ိုင်းသင်ကြတာ။ သူနေသွားတဲ့ နှစ်ပတ်လောက် အတွင်းမှာ တခြား စကားတွေ တတ် မတတ်တော့ မသိဘူး။ စကား နှစ်ခွန်းကိုတော့ ကောင်းကောင်း ပြောတတ်သွားတယ်"

သူ့တူလေး ပြော တတ်သွားသည့် စကားနှစ်ခွန်းက ဘာလဲဟု မေးကြည့်လိုက်တော့။

"ဟေး …. မီးလာပြီ"

"ဟာ…. မီးပျက်သွားပြီ"

* * * *

ကျနော် အလုပ်အတွင်း၌ ရှိနေစဉ်က ဖြစ်သည် . . . . .

ကျနော်တို့ ရုံးမှာ အိပ်ကြသော သူများသည် ညပိုင်းတွင် တော်ရုံ တန်ရုံနှင့် မအိပ်ဖြစ်ကြ။ အနည်းဆုံးတော့ ညတနာရီကျော် နှစ်နာရီလောက်မှသာ အိပ်ဖြစ်ကြသည်။ ထို့ကြောင့် နံနက် စောစောစီးစီး ဖုန်းလာပါက ထကိုင်ရမှာ ပျင်းကြသည်။

ထိုနေ့က ကျနော် မိုးလင်းခါနီးမှာ အိပ်သည်။ အိပ်ပြီး သိပ်မကြာသေး တယ်လီဖုန်းက မြည်လာသည်။ ကျနော် ခေါင်းတချက် ထောင်ကြည့်လိုက်သည်။ ကျန်အိပ်နေသူများ တုတ်တုတ်မျှ မလုပ်ကြ။ ထို့ကြောင့် မြည်နေသော တယ်လီဖုန်းကို ကိုင်ရန် အတွက် ကျနော် လေးဖင့်စွာ ထလာခဲ့သည်။ ဖုန်းကို ကောက်ကိုင် လိုက်တော့ ဖုန်းက ကျသွားပြီ။ ထို့ကြောင့် ကျနော် ပြန်အိပ်ဖို့ အိပ်ရာဆီသို့ ပြန်လာခဲ့သည်။

အိပ်ရာပေါ်တွင် လှဲလိုက်ခါ ရှိသေးသည် ဖုန်းက မြည်လာပြန်သည်။ ထို့ကြောင့် ကျနော် ဖုန်းကို ထပြီး ကိုင်ရပြန်သည်။ ကိုင်လိုက်တော့ စောစောက ကဲ့သို့ပင် ဖုန်းကျသွားပြန်သည်။ ကျနော် စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကို ပြန်ချလိုက်တော့ ဖုန်းက ပြန်မြည်လာပြန်သည်။

နံနက်စောစော စီးစီး အိပ်ကလည်း အိပ်ချင် ဖုန်းကလဲ ကိုင်ရင်ကျ သွားလိုက် ပြန်ခေါ်လိုက် လုပ်နေသောကြောင့် ကျနော် စိတ်တိုသွားသည်။ ထို့ကြောင့် ဖုန်းကို ချက်ခြင်း ကောက်ကိုင်ပြီး ဘာကိစ္စလဲဟု မေးလိုက်သည်။ ကျနော်သည် ထိုအချိန်တွင် စိတ်အနည်းငယ် တိုနေသောကြောင့် ကျနော့် အသံမှာလည်း နဲနဲ မာဆတ်ဆတ် ဖြစ်သွားဟန် တူသည်။ ထိုကြောင့် တဖက်က ဖုန်းပြောသူ အသံက မ၀ံ့မရဲ ဖြစ်သွားသည်။

"ဂျာနယ်တိုက်က ပါလားကွယ် . . . . "

တဖက်မှ အသံသည် အသက်ခြောက် ဆယ်ကျော် အရွယ်ခန့်ရှိသော အမျိုးတမီး တဦး ဖြစ်ဟန် တူသည်။ ကျနော်က ဂျာနယ်တိုက် ဟုတ်ပါကြောင်းနှင့် ဖုန်းဆက်ရင်း ကိစ္စကို မေးကြည့်တော့။ သူက တောင်ဒဂုံကပါတဲ့ သူတို့ တောင်ဒဂုံမှာ မီးပျက်နေလို့ဟု ဆိုသည်။ ကျနော် စိတ်ထဲမှာ ရယ်ချင်သလို ဖြစ်သွားသည်။ မီးပျက်တာ လျှပ်စစ် ဌာနကို မဆက်ပဲ ဂျာနယ်တိုက်ကို ဆက်နေတော့ ကျနော်တို့က ဘာလုပ်ပေးနိုင်မည်နည်း။

"အဖွားကလဲ၊ ကျနော်တို့ ရုံးလည်း ပျက်တာပဲလေ" ဟု ကျနော်က ပြောလိုက်တော့

"အေးကွယ် မနက်စောစော စီးစီး ဒီအဖွားကြီး အလုပ် လိုက်ရှုတ်ပြီး ဟိုဖုန်းဆက် ဒီဖုန်းဆက် လျှောက်ဆက်နေတယ်လို့ ထင်မှာပဲလေ . .. " ဆိုပြီး သူ့စကားကို ခဏဖြတ်သွားသည်။ ကြည့်ရတာ သူ့စိတ်ထဲမှာ ထပ်ပြောချင်ပုံ ရသည်။

ထို့ကြောင့် ကျနော်က

"သြော် . .. ရပါတယ် ကိစ္စမရှိပါဘူး" ဟုပြောလိုက်တော့ သူစကားတွေ ဆက်ပြောသည်။

"အဖွားတို့ မီးမလာလို့ ရေမချိုးရတာ နှစ်ရက်ရှိပြီ။ အိမ်မှာက ရေစက်နဲ့ အ၀ီစိ တွင်းကနေ ရေတင်ရတာလေ။ မီးမလာတော့ ရေမတင်ရဘူး။ မီးကလည်း လာရင် ညဘက် ညဉ့်နက် သန်းခေါင်မှ လာတယ်။ မိုးလင်းရင် ပျက်သွားတယ်။"

"အဖွားကလည်း အဲလို မီးလာတဲ့အချိန်မှာ တင်လေ"

"အေးကွယ် အဖွားတို့က အိမ်မှာ ယောင်္ကျားလေးလဲ မရှိဘူး။ အသက်ကြီးကြီး မိန်းမတွေ ချဉ်းပဲဆိုတော့ ညဘက်ကို မထနိုင်ဘူးလေ။ အခုလဲ မီးမလာဘူး။ ရေမရှိတော့ ဘယ်လို လုပ်ရမှန်း မသိလို့ ဂျာနယ်တိုက်ကို ဖုန်းဆက်ကြည့်လိုက်တာ။"

ကျနော်က ဒါများ ဖွားရယ် လျှပ်စစ်ရုံးကို ဖုန်းဆက် မေးကြည့်ပါလားလို့ ပြောတော့၊ လျှပ်စစ်ရုံး ဖုန်းနံပါတ်ကို မသိကြောင်း။ မီးပျက်နေတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိလို့ ဖတ်နေကျ ဂျာနယ်ထဲက ဖုန်းနံပါတ်ကို ဆက်ခြင်း ဖြစ်ကြောင်း ပြန်ပြောသည်။

"မီးကလဲပျက်။ ရေကလဲ ချိုးစရာမရှိ ဆိုတော့။ အဖွားတို့မှာ ဘယ်ကို ဘာပြောလို့ ဘာလုပ်ရမှန်း မသိဘူးလေ။ အဲဒါကြောင့် ဂျာထဲက နံပါတ်အတိုင်း ဆက်ကြည့်လိုက်တာပါ။ ဂျာနယ်တိုက်က ဘာမှ လုပ်ပေးလို့ မရမှန်းတော့ သိပါတယ်။ ဒါပေမယ့် အခုလို ပြောစရာ ရှိတဲ့ စကားကို ပြောလိုက်ရတော့လည်း စိတ်ထဲမှာ ပေါ့သွားတာပေါ့ကွယ်" ဟု ပြောပြီး ထိုအမျိုးသမီးကြီး ဖုန်းချသွားသည်။

* * * * *

အဒေါ်က ရိပ်သာ ၀င်မည် ဖြစ်သောကြောင့် အိမ်တွင် အမတဦးတည်း ကျန်ခဲ့မည်ဟု ဆိုသည်။ ထို့ကြောင့် ကျနော့်ကို အိမ်ကို လာအိပ်ပေးဖို့ အမတ၀မ်းကွဲ ဖြစ်သူက ခေါ်သည်။

ထို့ကြောင့် ကျနော် အဒေါ်အိမ်တွင် အိပ်ရှိရာ ဒဂုံ အရှေ့သို့ ထွက်လာခဲ့သည်။ ထွက်သာ လာခဲ့ရသည် အဒေါ်အိမ်ရှိရာ ရပ်ကွက် မီးမှ လာပါ့မလား မသိ။

ကျနော် ဒဂုံ အရှေ့ကို ရောက်တော့ မိုးချုပ်နေပြီ။ အဒေါ်အိမ်ရှိရာ ရပ်ကွက်ထဲကို ၀င်လိုက်တော့ မီးလေးတွေ လင်းနေသည်။ ကျနော် စိတ်ထဲမှာ အဲဒီ အချိန် ရောက်မှာ သက်ပြင်း ချနိုင်တော့သည်။

အိမ်ရောက်တော့ ရေချိုး ထမင်းစားပြီး ကွန်ပျူတာသုံးမယ် လည်းလုပ်ရော။ အမက ဖွင့်လို့ မရသေးဘူးတဲ့။ ဘာဖြစ်လို့လဲ လို့မေးတော့ မီးအားကျနေတယ်ဟု ဆိုသည်။ ကျနော် မီးအား အတက်ကျ ပြသည့် မီတာလေးကို ကြည့်လိုက်တော့ မီးအားက ၁၄၀ နှင့် ၁၅၀ ကြားမှာပဲ ရှိသည်။ ထိုကဲ့သို့ မီးအားကျနေခြင်းမှာ ကျနော့် အထင်တော့ မီးလာသည့် အချိန်လေးတွင် မီးအားမြှင့်စက် ရှိသူများက မီးအားမြှင့်စက်များ ဖြင့် ၀ိုင်းဆွဲကြသောကြောင့် မီးအား မြှင့်စက် မရှိသော အိမ်များတွင် မီးအား ကျသွားကြဟန် တူသည်။

ထို့ကြောင့် မီးလာပြန်သော်လည်း မီးအားတက်လာရန် စောင့်ရပြန်သေးသည်။ ညဆယ်နာရီ လောက်ရောက်တော့ မီးအား ပြန်တက်လာသည်။ ဒီတကြိမ်တွင်တော့ မီးအားက ၂၀၀ နှင့် ၂၁၀ ကြားမှာ ရှိသည်။ ထို့ကြောင့် ကျနော် ကွန်ပျူတာကို ဖွင့်ပြီး ဓာတ်ပုံ ပြင်စရာရှိသည် များကို ပြင်နေသည်။ ညဆယ့်တနာရီလည်း ထိုးရော မီးက ပျက်သွားပြန်သည်။ ထိုအချိန် ကတည်းက ပျက်သွားသော မီးသည် မနက် ကျနော် အိမ်က ထွက်ခဲ့တဲ့အထိ ပြန်လာခြင်း မရှိတော့ပေ။ မီးပျက်သွားသည့် အတွက် အလုပ်က မပြီးလိုက်။

* * * *

ကျနော် အဒေါ်အိမ်က ပြန်လာတော့ ဘတ်စကားက ထုတ်ပေးစဉ် ပိုက်ဆံကြားမှ စာရွက်တရွက် ညှပ်ပါလာသည်။ ကျနော် ကြည့်လိုက်တော့ မီတာ စာရွက်။ အဲတော့မှ သတိရသည် ကျနော် မီတာ ဆောင်ရခြင်း မရှိသေး။

ကျနော် သင်တန်း ဆင်းသည်နှင့် မီတာရုံးသို့ တန်းလာခဲ့ရသည်။ မီတာဆောင်ရက်မှာ ရက်လွန်နေပြီ ဖြစ်သောကြောင့် ခါတိုင်းလို အောက်ထပ်တွင် မပြီးပေ။ မီတာရုံး အပေါ်ထပ်သို့ တက်ကာ ဒါဏ်ကြေး တထောင် သွင်းရသည်။

စာရေးမက ဒါဏ်ကြေးကို ဘောင်ချာ စာရွက်မှာ ရေးနေတုန်း ရုံးနံရံတွင် ကပ်ထားသော ဘုတ်များကို စပ်စပ်စုစု လိုက်ဖတ်ကြည့်သည်။ ထိုဘုတ်များထဲမှာ တခုမှာ လျှပ်စစ် ပေးဝေရေး အဖွဲ့၏ ရည်မှန်းချက်များကို ရေးထားခြင်း ဖြစ်သည်။ ထိုရည်မှန်းချက်များထဲမှ အောက်ဆုံး အကြောင်းမှာ

လျှပ်စစ်မီးဖြင့် လူ့လောက နိဗ္ဗာန်ဘုံကြီးကို ဖော်ဆောင်အံ့

ဟုရေးထားသည်။ စာသား အနည်းငယ် လွဲကောင်း လွဲပါမည် ဆိုလိုရင်းကတော့ လျှပ်စစ်မီးဖြင့် လူ့လောက နိဗ္ဗာန်ဘုံကြီးသဖွယ် ဖြစ်လာအောင် စွမ်းဆောင်ဖို့ ရည်မှန်းထားသည်ဟူ၍ ဖြစ်သည်။

* * * *

ကျနော် နေထိုင်ရာ လမ်းထဲကို ၀င်လိုက်သည် နှင့် မီးစက်သံကြီးများက ကျနော့်ကို ဖုန်းဒိုင်း ဖုန်းဒိုင်းနှင့် ဆီးကြိုနေကြသည်။ သေချာပြီ ကျနော်တို့ လမ်းထဲမှာ မီးပျက်နေပြီ။ ကျနော် စိတ်ပျက်လက်ပျက်နှင့်ပင် အိမ်ပေါ်သို့ တက်လာခဲ့သည်။ မီးပျက်တော့ ဘာအလုပ်မှ လုပ်စရာ မရှိသည့် အတူတူ အိပ်တာပဲ ကောင်းသည်ဟု ကျနော် တွေးလိုက်မိသည်။

မနေ့ညက မပြီးဆုံးသေးသော အိမ်စာများကို လုပ်မည်ဆိုသည့် စိတ်ကူးများကို ဖုန်းဒိုင်း ဖုန်းဒိုင်း နှင့် မြည်နေသော မီးစက်သံကြီးများက လွမ်းမိုးသွားသည်။ လျှပ်စစ်မီးဖြင့် လူ့လောက နိဗ္ဗာန်ဘုံကြီး ပေါ်ပေါက်လာမည့် အချိန်ကို စိတ်ကူးကြည့်ရင်း ထိုနေ့ နေ့လည်ခင်းက မီးပျက်နေသော အခန်းကျဉ်းလေး တခုတွင် ကျနော် အိပ်ပျော်သွားခဲ့သည်။

Thursday, January 17, 2008

သစ်ပင်တပင်အောက်က ခြုံပုတ်ကလေးရဲ့ သီချင်းဆိုသံ (ကဗျာခံစားမှုဆောင်းပါး)

ငြိမ်းဝေ
Friday, 18 January 2008 01:21 - မြန်မာစံတော်ချိန်

(က)

မနှစ်တုန်းက မဲပလိရွာကိုသွားတော့ အခုသွားနေတဲ့လမ်းက သွားခဲ့တာ မဟုတ်ပါဘူး။ သံလွင်မြစ်ဘေး မယ်ညောခီး တောင်ခြေကတဆင့်၊ မယ်ညောခီးတောင်ကြီးကို ခါးလည်က ကျော်ပြီးမှ မဲပလိရွာဆီ သွားခဲ့တာပါ။ ဒီိတခါမှာတော့ သံလွင်မြစ် အတိုင်း စုန်ဆင်းချလာပြီး၊ ဘောသရော ဆိပ်ကမ်းမှတဆင့်၊ ဟီးထိုးထ တောင်ကြားထဲကို ကျနော်တို့ဝင်လာခဲ့ကြတာပါ။ ဟီးထိုးထ တောင်ကြားထဲမှာ တနာရီကျော်ကျော်လောက်၊ ရေခါးလည်မရှိတရှိ၊ ဒူးဆစ်မရှိတရှိ၊ ကျေက်တုံးတွေ၊ ဆူးပင်တွေ၊ ဗွက်တွေထဲမှာ အလဲလဲ အပြိုပြို လာခဲ့ကြပြီးမှ၊ တောင်ကြားတဖက်ထိပ်ကို ရောက်လာခဲ့ကြတာပါ။

“ဟီးထိုးထတောင်ကြားထဲက ထွက်တော့မယ် ” လို့ “ ဗိုလ်သိန်းစိုး ” ကပြောတော့ ကျနော့်မှာ အမောပြေသွားသလို ခံစားလိုက်ရပါတယ်။ တနာရီကျော်ကျော်လောက်၊ ရွှံ့တွေ ဗွက်တွေ ရေတွေထဲမှာ ခဲရာခဲဆစ် လာခဲ့ရတဲ့ လမ်းကြောင်းကို ပြန်မတွေး ချင်လောက်အောင် ပင်ပမ်းနေခဲ့မိပါတယ်။ ဒီကြားထဲ လူသွားလမ်းမှ ဟုတ်ရဲ့လားလို့တောင်မှ ထင်မိပါသေးတယ်။ “ ဗိုလ်သိန်းစိုး ” အပြောကတော့ ဒီလမ်းဟာ နွေမှာဆိုရင် ဒီလိုရေတွေ ဗွက်တွေမရှိဘူးလို့ ပြောတာပါပဲ။ မိုးမကုန်သေးလို့ အခုလို လမ်းဆိုးနေတာပါလို့ ဆိုပါတယ်။ တခါတလေများ မှောင်ခိုနွားအုပ်နဲ့ တွေ့လို့ လမ်းဘေးကိုကပ်ပြီး လမ်းဖယ်ပေးရတဲ့အခါ လမ်းဘေးက ဆူးပင်တွေ သစ်ပင်တွေကြားမှာ ဖြစ်သလိုပေပြီး ရပ်နေခဲ့ရပါသေးတယ်။ ဒီတော့မှ အခု ကျနော်တို့သွားနေတဲ့ လမ်းဟာ “ နွားမှောင်ခိုလမ်းကြောင်း ” တခုဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။

နေရောင်ခြည်တွေ ရုတ်တရက် လင်းလင်းချင်းချင်းဖြစ်လာလို့ ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်လိုက်တော့ ကျနော်တို့ လူအုပ်ဟာ တကယ့်ကို ဟီးထိုးထ တောင်ကြားထိပ်ကို ရောက်လာခဲ့ကြပြီပဲ။ နောက်ထပ် ငါးမိနစ်လောက်ဆိုရင် တောင်ကြားထဲက လုံးဝလွတ်ပြီလို့သိရပါတယ်။ တောင်ကြားထဲကထွက်ပြီး နောက်ထပ် နှစ်နာရီလောက်လျှောက်ရင် “ မဲပလိရွာ ” ကို ကျနော်တို့ ရောက်တော့မယ်။ ဒီခရီးမှာတော့ မြေပြန့်သက်သက် သွားကြရမှာပါ။

တောင်ကြားထဲက ထွက်လာတော့ မနက် (၁၁)နာရီထိုးကာနီးပြီ။ တောင်ကြားထဲက အထွက်၊ မြေကွက်လပ်တချို့ အကျော်မှာ ကျနော်တို့ လူအုပ် ခဏတဖြုတ်နားဖို့ ရပ်လိုက်ကြပါတယ်။ မြက်ခင်း ကွက်လပ်တခုထိပ်၊ လူသွားလမ်းကလေးဘေးက သစ်ပင်တပင်အောက်မှာ ကျနော်တို့ လူအုပ် အထုပ်အပိုး ကိုယ်စီချပြီး နားကြပါတယ်။ ကျနော်က သစ်ပင်အောက်က ခြုံပုတ် ကလေးတခုဘေးမှာ၊ ကြောပိုးအိပ်ကို ပစ်ချပြီး ခြေပစ်လက်ပစ် နားပစ်လိုက်ပါတယ်။ ကြောပိုးအိပ်ကို ခေါင်းအုံးပြီး မြက်ခင်းပေါ် အိပ်ချလိုက်ပါတယ်။ ကွင်းထဲက ဖြတ်လာတဲ့လေဟာ ခရီးပမ်းလာတဲ့ ကျနော်တို့ကို တကယ့်ကို အမောပြေစေတာ အမှန်ပါပဲ။

ခေတ္တခဏ တုံးလုံးလှဲနေရင်း နားထဲမှာ လေချွန်သံတချက် ကြားရလို့ လေထဲမှာ အာရုံစိုက်ပြီး နားစွင့်တဲ့အခါ လေချွန်သံ ပျောက်သွားပါတယ်။ ခပ်ဝေးဝေးတနေရာက ခရာမှုတ်သံလိုလို၊ လေချွန်သံလိုလို၊ သီချင်းဆိုသံလိုလို ကြားလာရပြန်ပါတယ်။ သေသေချာချာ ခေါင်းထောင်ပြီး နားစိုက်ကြည့်တဲ့အခါ ကျနော့်ခေါင်းရင်းက ခြုံပုတ်ကလေးကိုကြည့်ပြီး ကျနော်မှာ အလိုလို ပြုံးမိသွားပါတော့တယ်။ လက်စသပ်တော့ သီချင်းဆိုသံသဲ့သဲ့ကို အဲဒီ ခြုံပုတ်ကလေးဆီက ကျနော်ကြားခဲ့ရတာပဲ။

(ခ)

မဲပလိရွာမှာ ကျနော်ရောက်နေတာ နှစ်ရက်ရှိပြီ။ မဲပလိကျေးနယ်ဥက္ကဌကြီး “ စေါချောအို့အိုး” နဲ့လည်း တွေ့ပြီးပြီ။ မဲပလိရွာမှာပဲ ခဏတဖြုတ်နေရင်း “ မာနယ်ပလော ” က ပြန်ဆင်းလာကြမယ့် တပ်မဟာ (၁)၊ တပ်မဟာမှူးတို့ အဖွဲ့ကို ကျနော် စောင့်ရပါဦးမယ်။ မဲပလိရွာကြတော့ “ ဗိုလ်သိန်းစိုး ” နဲ့အဖွဲ့ဟာ၊ ကျနော့်ကို မဲပလိရွာမှာပဲ ထားခဲ့ပြီး “ ကျုံစိန်ရွာ ” ဆီ ခရီးဆက် ကြပါတယ်။ “ ဗိုလ်သိန်းစိုး ” က ၊ ဖြစ်နိုင်ရင် ကျုံစိန်ရွာအထိ လိုက်ဖို့ပြောပေမယ့်၊ ကျနော်ကတော့ မူလအစီစဉ်အတိုင်း တပ်မဟာမှူး “ ဗိုလ်မှူးချုပ် ကျော်လင်း ” နဲ့တွေ့ဖို့အတွက်၊ မဲပလိရွာမှာပဲ ချန်နေရစ်ခဲ့ပါတယ်။ ကျနော်ရဲ့ တပ်မဟာ (၁) ခရီးစဉ်ဟာ တပ်မဟာမှူးနဲ့တွေ့ပြီးတဲ့ အခါကြမှပဲ ခရီးစဉ် ရေးဆွဲရမှာ ဖြစ်တာမို့၊ တော်လှန်ရေးဌါနချုပ် “ မာနယ်ပလော ” က ပြန်ဆင်းလာမယ့် တပ်မဟာမှူးတို့အဖွဲ့ကို မဲပလိရွာကနေပြီးတော့ စေါင့်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မဲပလိရွာဟာ တပ်မဟာ (၁)ကိုသွားတဲ့ လမ်းဟူသမျှရဲ့ “ လမ်းဆုံရွာ ” လည်း ဖြစ်ပါတယ်။

မဲပလိရွာမှာ နှစ်ရက်သုံးရက်ကြာတဲ့အထိ မယ်မယ်ရရ ဘာအလုပ်မှမရှိဘဲ ကျနော့်မှာ အချိန်ဖြုန်းခဲ့ရပါတယ်။ ခေတ္တခဏ တည်းခိုနေတဲ့ ရွာငှါးကျောင်းဆရာလေး ကိုမင်းနိုင်တို့အိမ်၊ မဲပလိရွာ ဘုန်းတော်ကြီးကျောင်း၊ ခေါက်တုံ့ခေါက်ပြန် သွားရင်း တပ်မဟာမှူးတို့ အဖွဲ့ကို စေါင့်နေခဲ့ပါတယ်။

song_of_bush

ဘာအလုပ်ကိစ္စမှမရှိဘဲ မဲပလိရွာမှာ အချိန်ဖြုန်းနေခဲ့ရတယ်ဆိုပေမယ့် လူကသာ အနားယူလို့ရပြီး၊ စိတ်ကတော့ အနားယူလို့ မရခဲ့ပါဘူး။ ထမင်းစားလည်း ဒီစိတ်၊ အိပ်ယါဝင်တော့လည်း ဒီစိတ်။ တခါတလေ မဲပလိဘုန်းတော်ကြီး ကျောင်းဝန်းကြီးထဲက တန်းလျားတခုမှာ အကြာကြီးထိုင်ပြီး စိတ်အလုပ်ကို လုပ်ခဲ့ရပါတယ်။ ကျနော် တွေးချင်တဲ့အရာကို အစကနေ စနစ်တကျ ပြန်စဉ်းစားတာမျိုး၊ ခါးလည်က ဖြတ်ပြီး စဉ်းစားတာမျိုး၊ တခါ အဆုံးကနေ အစကို ပြန်သွားတဲ့နည်းနဲ့ စဉ်းစားတာမျိုး၊ အမျိုးမျိုး စဉ်းစားခဲ့ရပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတခုတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီတိုက်ဆိုင်မှုဟာ ကျနော့်ကို ဘာပြုလို့များ အခုလောက်အထိ၊ စိတ် အလုပ်လုပ်ရအောင် တွန်းပို့နိုင်ခဲ့ပါလိမ့်။

ဟီးထိုးထတောင်ကြားထဲက အထွက်၊ သစ်ပင်တပင်အောက်မှာ ကျနော်တို့ခရီးသည်အုပ်စု အနားယူခဲ့ကြတာကို ကျနော် ပြန်တွေးမိပါတယ်။ အဲဒီမှာ တပင်တည်းသော သစ်ပင်တပင်ရဲ့အောက်မှာ၊ ခြုံပုတ်ကလေးတခုကို ကျနော်တွေ့ခဲ့ရတယ်။ ခြုံပုတ် ကလေးဆီက လေချွန်သံလိုလို၊ သီချင်းဆိုသံလိုလို ကျနော်ကြားခဲ့ရတယ်။ တကယ့်ကို အဲဒီသီချင်းဆိုသံ လေချွန်သံကို ခြုံပုတ် ကလေးဆီက ကျနော်နားနဲ့ဆတ်ဆတ် ကြားခဲ့ရတာပါ။ ဒါနဲ့ပဲ မဲပလိရွာ ရောက်လာခဲ့တယ်။ မဲပလိရွာမှာ နှစ်ရက်သုံးရက် ကျနော် နေခဲ့တယ်။ အဲဒီအခါ၊ ခြုံပုတ်ကလေးဆီက ကြားခဲ့ရတဲ့ လေချွန်သံလိုလို၊ သီချင်းဆိုသံလိုလို အသံတွေကို ကျနော်အချိန်တိုင်း လိုလို ပြန်ပြီးကြားနေခဲ့ရတယ် ဆိုပါတော့။ ဒါနဲ့ပဲ “ သစ်ပင်တပင်အောက်က ခြုံပုတ်ကလေး ” ကို ကျနော် စိတ်ဝင်စားသွားရတယ်။ ဘာ့ကြောင့် ခြုံပုတ်ကလေးက သီချင်းဆို၊ လေချွန်နေရတာလဲ။ ကွင်းစပ်က သစ်ပင်တပင်။ အဲဒီ သစ်ပင်တပင်အောက်က ခြုံပုတ် ကလေးတခု။ ပြီးတော့ သီချင်းသံသဲ့သဲ့။ ကျနော့်မှာ အတွေးတွေ ရှည်ချင်တိုင်း ရှည်ရတော့တာပေါ့။

(ဂ)

မနှစ်တုန်းက၊ အခုလို စက်တင်ဘာလထဲမှာ မဲပလိရွာကို ကျနော် ရောက်လာခဲ့ဖူးပါတယ်။ မဲပလိ ကျေးနယ်အတွင်းက ကရင်လူမျိုးစုတွေရဲ့  ကျေးရွာအားလုံးကို ခရီးလှည့်လည်ရင်း သတင်းအချက်အလက်တွေ စုဆေါင်းခဲ့ပါတယ်။ ဒီတုန်းက ကျေးနယ်ဥက္ကဌကြီး “ စေါချောအို့အိုး ” ဟာ၊ ကျနော်နဲ့အတူ တရွာပြီးတရွာလှည့်ပြီး လိုက်ပါကူညီခဲ့ပါတယ်။ ကျနော်ရခဲ့တဲ့ သတင်းတွေကလည်း အစုံပါပဲ။ အထူးသဖြင့်တော့ န၀တစစ်တပ်တွေရဲ့  လူ့အခွင့်အရေး ချိုးဖေါက်မှု၊ လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ စီးပွားရေး အမြတ်ထုတ်မှု သတင်းတွေက ထိပ်ဆုံးမှာ ရှိနေခဲ့ပါတယ်။ အဲဒီကျေးနယ်မှာ (၃)လအတွင်း ရွာသား (၂၀)ဟာ၊ န၀တ စစ်တပ်ရဲ့ တဖက်သတ်စွပ်စွဲ ဖမ်းဆီး သတ်ဖြတ်ခံခဲ့ကြရပါတယ်။ ကျန်ရစ်သူ မုဆိုးမတွေ၊ သားသမီးတွေ၊ မိဘတွေဟာ ကျနော့်ဆီကို ရောက်လာခဲ့ကြပြီး သူတို့ရဲ့ ဘ၀ဆိုးတွေကို ရင်ဖွင့် ပြောပြခဲ့ကြပါတယ်။ ရွာထဲကို လက်နက်ကြီးနဲ့ အပစ်ခံရ၊ ပေါ်တာကြေး၊ ကင်းကြေး၊ ဆက်ကြေး အမျိုးမျိုးပေးကြရ။ နှစ်စဉ်နှစ်တိုင်း ရွာတွေရွှေ့ကြရ။ စပါးကျီတွေ မီးရှုံ့၊ ရွာမီးရှုံ့ခံကြရ။ လက်နဲ့ ရေးမှတ်လို့ မကုန်နိုင်လောက်အောင်ဘဲ၊ သတင်းမျိုးစုံ ကျနော်ရခဲ့ပါတယ်။

တနေ့မှာတော့ ကျနော်ရှိနေတဲ့ မဲပလိရွာထဲ သတင်းတခု ရောက်လာခဲ့ပြီး၊ ရွာသားတွေ ရုတ်ရုတ်သဲသဲနဲ့ ပြေးကြ လွှားကြ ဖြစ်ကုန်ကြပါတယ်။ ကျနော်လည်းပဲ အိမ်ရှင် မိသားစုနဲ့အတူ ဘုန်းတော်ကြီး ကျောင်းဝန်းကိုဖြတ်ပြီး တောစပ်ကို ပြေးခဲ့ရပါတယ်။ ရွာနဲ့ မလှမ်းမကမ်းမှာ န၀တစစ်သားတွေ ရောက်လာနေပြီဆိုတဲ့ သတင်းကြောင့် အခုလို ရွာသားတွေ ထွက်ပြေး တိမ်းရှောင်ကြတာပါ။ တောစပ်မှာ အခြေအနေ စောင့်ကြည့်နေတုန်း ရွာတဖက်ထိပ်က သေနတ်သံတွေကြားရ၊ မီးခိုးတွေ အူထွက်လာတာ တွေ့ရပါတယ်။ နေစေါင်းလာတော့ ကျနော်တို့လည်း ရွာထဲကို ပြန်ဝင်လာခဲ့ကြပါတယ်။ ရွာထဲရောက်တော့ ရွာထိပ်က တဲတလုံးကို န၀တ စစ်တပ်က မီးဝင်ရှုံ့ပြီး၊ တဲပေါ်မှာ ဖျားလို့ အိပ်နေတဲ့ အိမ်ရှင်အမျိုးသားကို သေနတ်နဲ့ ပစ်သတ်သွားတဲ့သတင်း ကြားရပါတယ်။ ဒါနဲ့ ပဲ န၀တစစ်တပ်တွေ မရှိတော့လို့၊ ပြဿနာဖြစ်တဲ့ ရွာထိပ်ကို ကျနော် ရောက်လာခဲ့ပါတယ်။ ရွာထိပ်မှာ မီးလောင် ပြာကျနေတဲ့ အိမ်ကွက်လပ် တခုကို တွေ့ရပါတယ်။ အိမ်ကွက်လပ်ရဲ့ အစပ်မှာ သစ်ပင်တပင်ရှိပြီး၊ အဲဒီ သစ်ပင်ရဲ့ ဘေးမှာ စောင်ကို ခေါင်းမြီးခြုံပြီး မြေကြီးပေါ်မှာ ငုတ်တုတ်ထိုင်နေတဲ့ အမျိုးသမီးကြီးတဦးကို ကျနော် တွေ့ရပါတယ်။ သူ့အနားမှာ ဘယ်ရွာသားမှလည်း မတွေ့ရပါဘူး။ အနားကို ကျနော်ကပ်သွားတော့ အဲဒီ သစ်ပင်အောက်မှာ ထိုင်နေတဲ့ အမျိုးသမီးကြီးဆီက စိတ်ဂယောင်ခြောက်ချားဖြစ်ပြီး၊ လွမ်းလွမ်းဆွေးဆွေး ဆိုငြီးနေတဲ့ သီချင်းသံသဲ့သဲ့ကို မမျှော်လင့်ပဲ ကျနော် ကြားလိုက်ရပါတယ်။

(ဃ)

ဟီးထိုးထတောင်ကြားကအထွက်၊ သစ်ပင်တပင်အောက်၊ ခြုံပုတ်ကလေးဆီက သီချင်းဆိုသံလိုလို၊ လေချွန်သံလိုလိုကို ကျနော် ပြန်တွေးမိတယ်။ ဒီအဖြစ်အပျက်နဲ့ တထပ်တည်းကျတဲ့ ကဗျာတိုလေးတပုဒ် ရှိပါတယ်။ ဒီကဗျာကို ဘယ်သူရေးခဲ့တာလဲ ဆိုတာတော့ မသိနိုင်ပါဘူး။ အမေရိကန်ဌါနေ တိုင်းရင်းသား အင်ဒီယန်းလူမျိုးစု ကဗျာလေး ဖြစ်ပါတယ်။ သူတို့ လူမျိုးစုတွေ တယောက်ကနေတယောက် နှုတ်နဲ့ လက်ဆင့်ကမ်း ယူလာကြတဲ့ ကဗျာတိုလေး ဖြစ်ပါတယ်။

သစ်ပင်တပင်အောက်မှာ
ခြုံပုတ်ကလေးတခု
ထိုင်ရင်းနဲ့သီချင်းဆိုနေ---

မဲပလိရွာမှာ၊ မာနယ်ပလောက ပြန်လာကြမယ့် တပ်မဟာမှူးနဲ့ အဖွဲ့ကိုစေါင့်ရင်း အချိန်ဖြုန်းတဲ့အခါ၊ ဟီးထိုးထ တောင်ကြားကအထွက်၊ သစ်ပင်တပင်အောက်က၊ ခြုံပုတ်ကလေးကို အပြန်ပြန် အလှန်လှန် တွေးနေခဲ့မိပါတယ်။

ကွင်းစပ်တနေရာ ဖြစ်တဲ့အတွက်၊ ကွင်းထဲက လေဟာ ပါတ်ဝန်းကျင်ဆီ တိုးဝှေ့ တိုက်ခတ်နေမယ်။ သစ်ပင်ကလည်း တပင်တည်း။ အဲဒီ သစ်ပင်အောက်မှာကလည်း ခြုံပုတ်ကလေး တခုထဲ။ ကွင်းတခု၊ သစ်ပင်တပင်၊ ခြုံပုတ်တပုတ်။ ဧကလက္ခဏါတွေ ချည်းပါပဲ။ အဖေါ်မဲ့မှု၊ သီးခြားဖြစ်မှု၊ တိတ်ဆိတ်မှု၊ အထီးကျန်မှု၊ ပြီးတော့ ကွင်းထဲက ဖြတ်လာတဲ့လေက၊ ခြုံပုတ်ကလေးကို အသါအယါ တိုးဝှေ့တဲ့အခါ၊ ခြုံပုတ်ကလေးဆီက လေကတော့ထိုးပြီး ထူးခြားတဲ့ အသံတချို့ ထွက်ပေါ်လာကြမယ်။ ဒီအသံလေးတွေဟာ လူတယောက် လေချွန်တဲ့ အသံလိုလို၊ လွမ်းလွမ်းဆွေးဆွေး သီချင်းဆိုနေတဲ့ အသံလိုလို ဖြစ်နေမယ်။

ဒီလို ဖြည့်တွေး၊ ဖြန့်တွေး၊ ဆက်စပ်ပြီး တွေးတဲ့အခါ၊ ကွင်းတခုအစပ်က သစ်ပင်တပင်အောက်မှာ ရှိတဲ့ ခြုံပုတ်ကလေးဟာ လူပုဂ္ဂိုလ် တဦးတယေါက်အဖြစ် ကျနော့်စိတ်ထဲ ထူးဆန်းစွာ ပုံဖော်လာမိပါတယ်။ ဟုတ်တယ်။ ဒါဟာ လူတယောက်ပဲ။ ခြုံပုတ် ကလေးဆီက ကြားရတဲ့အသံတွေဟာ လူတယောက်ရဲ့ နာကျည်းဆွေးမြေ့စွာ သီကြွေးလိုက်တဲ့သီချင်းသံပဲ။

ဒီတုန်းက မဲပလိ ဘုန်းကြီးကျောင်းဝန်းအတွင်းက၊ ခရေပင်ကြီးအောက်မှာ ကျနော်တယောက်ထဲ ရပ်နေခဲ့ပါတယ်။ ကျနော့်နားထဲမှာ သစ်ပင်တပင်အောက်က ခြုံပုတ်ကလေး သီချင်းဆိုနေတဲ့ အသံကို ကြားနေမိပါတယ်။ ပြီးတော့ အမေရိကန် ဌါနေတိုင်းရင်းသား အင်ဒီယန်းလူမျိုးစု ကဗျာလေးကို စဉ်းစားနေမိပါတယ်။ ပြီးတော့ မီးလောင်ပြာကျနေတဲ့ မြေကွက်လပ်ဘေး၊ သစ်ပင်တပင် အောက်မှာ စေါင်ကို ခေါင်းမြီးခြုံပြီး ၊ စိတ်ဖေါက်ပြန် ရူးသွပ်သွားတဲ့ ကရင် အမျိုးသမီးကြီး တဦးကိုလည်း တွေးမိပါတယ်။ အဲဒီအချိန် အဲဒီအခိုက်မှာပဲ ဒီမြင်ကွင်း၊ ဒီအဖြစ်အပျက်၊ ဒီသီချင်းသံတွေဟာ တကယ့်ကို အဆက်အစပ်ရှိရှိ ဖြစ်တည်ခဲ့တာပဲ ဆိုတာလည်း ထူးဆန်းစွာ ကျနော် သဘောပေါက်လိုက်မိပါတယ်။ ။

ငြိမ်းဝေ

Wednesday, January 9, 2008

ယုံကြည်ချင်ပါသည်။ သို့သော် ... (ဆောင်းပါး)

အောင်သူငြိမ်း
Wednesday, 09 January 2008 11:15 - မြန်မာစံတော်ချိန်

ယုံကြည်မှု (Trust) က အရေးကြီးလှသည်။ စီးပွားရေး ဈေးကွက်တခုတွင် နိုင်ငံရပ်ခြား ကုမ္ပဏီများရော၊ ပြည်တွင်း လုပ်ငန်းရှင် များပါ ရင်းနှီးမြှုပ်နှံမှု တခု ပြုတော့မည် ဆိုလျှင် ဈေးကွက်အပေါ် သေချာယုံကြည်မှ ခြေစုံချလေ့ရှိသည်။ ဈေးကွက်အပေါ် မယုံကြည်လျှင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ များများစားစား မလာတတ်။ ထို့အပြင် မူဝါဒများ၊ စီမံကိန်းများနှင့် ဥပဒေများက ခဏခဏ ဟိုပြောင်း၊ သည်ပြောင်းဆိုလျှင် ရင်းနှီးမြှုပ်နှံကြမည့် သူများအတွက် ရှုပ်ထွေးေ၀၀ါးစရာ ဖြစ်စေသည်။ (Business confidence) အကြောင်းကို ပညာရှင် အတော်များများက ထောက်ပြဖူးသည်။

စစ်အစိုးရက သတင်းစာများ၊ သတင်းစာ ရှင်းလင်းပွဲများမှတဆင့် ပြည်သူလူထု ယုံကြည်အောင် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ရှင်းပြနေကြသည်။ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်များ ဟူ၍ စာအုပ်အထူကြီး ထုတ်သည်။ နိုင်ငံတော် အကြီးအကဲများ နေ့မအား၊ ညမအား အလုပ်ရှုပ်နေပုံကို သတင်းစာများတွင် ဖတ်ရသည်။ တခါတရံ ကျနော် စဉ်းစားကြည့်သည်။ ကျနော်တို့က စစ်အစိုးရကို ဆန့်ကျင် ပြောဆိုနေကြသော်လည်း စစ်အစိုးရ ဗိုလ်ချုပ်များထဲတွင် တိုင်းပြည် ကောင်းကျိုး အမှန် သယ်ပိုးလိုကြသူများ ရှိနေနိုင်သည်။ သူတို့က အားကျိုးမာန်တက် လုပ်ဆောင်နေသည့်၊ အောင်မြင်နေသည့် ဖွံ့ဖြိုးရေး စီမံကိန်းများလည်း ရှိနေနိုင်သည်။ သတင်းစာများထဲတွင် ရေအားလျှပ်စစ် စီမံကိန်းများ အကြောင်း၊ လမ်း၊ တံတားများ အကြောင်း ဖတ်နေရသည်။ နိုင်ငံရေးကိစ္စများက အငြင်းပွားဖွယ် ရှိသည်ကို ထားဦးတော့၊ အမျိုးသား ညီလာခံကိစ္စများ၊ အခြေခံဥပဒေ ကိစ္စများ ယခုတိုင် မပြီးပြတ်နိုင် ရှိနေသေးသည်က ထားဦးတော့။ သူတို့လည်း သူတို့ ဆင်ခြေ၊ သူတို့ အခက်အခဲ ရှိနေနိုင်သည်။

ကျနော်က ဖတ်ရသမျှ သတင်းများထဲမှ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ကြိုးပမ်းချက်များ သက်သက်ကိုသာ ရွေးကြည့်မိသည်။ အင်း ... သည်တော့လည်း မပြီးပြတ်သေးသည့် ကိစ္စများ အများအပြား ရှိနေဆဲ ဖြစ်သည်။ ဘ၀င်မကျ စရာတွေလည်း တွေ့ရသည်။

(၁)

ပထမအချက်က ကျနော်မျှော်လင့်ထားသည့် အထူး စီးပွားရေးဇုန်များ (Special Economic Zones) (SEZ) ဖြစ်မလာသေးခြင်းပင်။ စစ်အစိုးရက မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန် (၆) ခု တည်ဆောက်ရန် လျာထားသည်ဟု သတင်းများအရ သိခဲ့ရသည်။ အထူး စီးပွားရေးဇုံဆိုင်ရာ ဥပဒေမူကြမ်းကလည်း ရေးဆွဲပြီးစီးလု နီးပါး ဖြစ်နေသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် အထူး စီးပွားရေးဇုန်များ တည်ဆောက်ရန် တရုတ်နိုင်ငံနှင့် (၂၀၀၅) ခုနှစ်ကတည်းက သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး ယခင်က အောင်မြင်ခဲ့ကြသည့် ရှန်ဟိုင်း စက်မှုဇုံကို နမူနာယူပြီး အကောင်အထည် ဖော်မည်ဟု ဆိုသည်။

ဤနေရာတွင် ဖြတ်၍ ရှင်းပြလိုသည်မှာ တရုတ်နိုင်ငံတွင် တိန့်ရှောင်ဖိန် လက်ထက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြရာ ရှင်ဇန်း လှုပ်ရှားမှု (Shenzhen Move) မှာ အထူး နာမည်ကြီးလှသည်။ တရုတ်က ရုရှားကဲ့သို့ ရုတ်ချည်း စီးပွားရေး ပြုပြင်ပြောင်းလဲသည့် ဓါတ်ရိုက်ကုထုံး (shock therapy) မျိုး မလိုလား။ နိုင်ငံကကြီး၊ လူဦးရေက များသောကြောင့် သူတို့က စမ်းသပ်ကွက်သဖွယ် သတိဖြင့် ခြေတလှမ်းချင်း သွားလိုကြသည်။ ဤသို့ဖြင့် အထူး စီးပွားရေးဇုန်များ (SEZs) ကို အရှေ့ဖက် ကမ်းခြေတွင် မြေစမ်းခရမ်းပျိုး စတင် ဖွင့်လှစ်ခဲ့ကြသည်။ ရှန်ဇန်းက ထိုအချိန်က ရွာငယ်ဇနပုဒ် ကလေး၊ ယခုတော့ ရှန်ဇန်းက ဟောင်ကောင်ကို ကျော်တက်ခဲ့ပြီ။ မကြာမီ တိုကျိုကို ကျော်တက်၍ အာရှ၏ ငွေကြေး ဈေးကွက် ဗဟိုချက်မ နေရာကို ၀င်လုတော့မည်။ တရုတ် ပညာရှင်များနှင့် မိမိ တွေ့ဆုံ ဆွေးနွေးမှုအရ တရုတ်တို့က နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်စခန်းကို မြန်မာနိုင်ငံ၏ “အနာဂတ် ရှန်ဇန်း” ဖြစ်လာမည်ဟု တွက်ဆထားကြသည်။ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့က မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုအတွက် ရှေ့တန်းစခန်းများ ဖြစ်လာကြလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြသည်။

မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒု-၀န်ကြီး ဗမခအောင်ထွန်း၏ အဆိုအရ အထူးစီးပွားဇုန် ဥပဒေသာ ရေးဆွဲပြီးစီးပါက သန်လျှင်ရှိ သီလ၀ါစက်မှုဇုန်နှင့် မေမြို့ (ပြင်ဦးလွင်) ရှိ ရတနာပုံ ဆိုင်ဘာစီတီကို SEZs အဖြစ် သတ်မှတ် မည်ဟု ဆိုသည်။ ကုန်သွယ်ရေးဦးစီးဌာန ညွှန်/ချုပ် ဦးမျိုးဦးကလည်း ဤနေရာများတွင် အီလက်ထရွန်နစ် ပစ္စည်းများ၊ တယ်လီ ကွန်မြူနီကေးရှင်း၊ ဆော့ဝဲယား၊ ဟဒ်ဝဲယား၊ အိုင်တီ ပစ္စည်းများ၊ ဆီမီ ကွန်ဒတ်တာများ ထုတ်မည်ဟု ဆိုခဲ့သည်။ ဤဥပဒေကိုလည်း ၂၀၀၇ နှစ်ကုန်ပိုင်းတွင် ပြဌာန်းနိုင်လိမ့်မည်ဟုလည်း ကြားခဲ့ရသည်။ တိုင်းရင်းသား လုပ်ငန်းရှင်များထံမှ အကြံရယူရန် ဆို၍လည်း ဆွေးနွေးပွဲများ လုပ်ခဲ့ကြသေးသည်။

နောက်ထပ်လျာထားသည့် စီးပွားရေးဇုန်များက မြ၀တီဇုန် (၉၅၀ ဧက)၊ ဘားအံဇုန် (၇၀၀ ဧက)၊ မော်လမြိုင်ဇုန် (၇၀၀ ဧက) နှင့် ကျောက်ဖြူဇုန် (ဧက မသိရ) တို့ဖြစ်သည်။ ကျောက်ဖြူဇုန်အတွက် မာဒေးကျွန်းတွင် ရေနက်ဆိပ်ကမ်း ဆောက် ရန်လျာထားပြီး တရုတ်နိုင်ငံကလည်း ကျောက်ဖြူ-ကူမင်းလမ်း (၁၉၄၃ မိုင်) ကို ဖောက်ချလာလိမ့်မည်။ ကျန်သည့် မြ၀တီ၊ ဘားအံ၊ မော်လမြိုင်ဇုန်များကလည်း ၂၀၀၄ တွင် ကျင်းပခဲ့သည့် မြန်မာ၊ ကမ်ဘောဒီးယား၊ လာအို၊ ထိုင်း ၀န်ကြီးချုပ် အဆင့် (ဧရာဝတီ-ချောင်ဖယား-မဲခေါင် ဖွံ့ဖြိုးရေး စီမံချက်အရ) သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုစဉ်က ခြိမ့်ခြိမ့်သဲသဲ ပုဂံတွင် ပုဂံကြေညာချက် (Bagan Decleration) ကိုလည်း ပြုခဲ့ကြသေးသည်။

ဤစက်မှုဇုန်များကို ကျနော် စိတ်ဝင်စား၍ ဒေသခံများကို ကျနော် မေးကြည့်မိသည်။ မည်သို့ ပြင်ဆင်ထားသည်နည်း။ “မသိဘူး။ စက်မှုဇုန်ဆိုပြီး ခြံခတ်မြေသိမ်းထားတာပဲ” ဟု ပြန်ပြောပြကြသည်။

သို့သော်လည်း ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့်၊ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်န၀ပ်တို့ မရှိတော့သည့် နောက်ပိုင်း “ပုဂံကြေငြာချက်” က အသက်ရှိပါသေး၏လော မပြောတတ်။ ၂၀၀၇ ခုနှစ်သာ ကုန်ဆုံးသွားခဲ့သည်။ အထူး စီးပွားရေးဇုန် ဥပဒေကို ကျနော် မျှော်ရင်းသာ နေရသည်။ မတွေ့ခဲ့ရ။ အသက်ရှိပါသေး၏လောဟု မေးရမည့်ကိန်း ဖြစ်နေ သည်။ အသစ် အသစ် ထပ်မံချမှတ်လာသည့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုအောက်တွင် မြန်မာနိုင်ငံမှ ထွက်ကုန်များကို မ၀ယ်ကြရန် သပိတ်မှောက်နေကြသော အခြေအနေတွင် ဤဇုန်များက အလုပ် ဖြစ်နိုင်ပါဦးမည်လောဟု မေးခွန်းထုတ်စရာလည်း ရှိနေပြန်သည်။ ထားဦးတော့။

(၂)

ဒုတိယ အချက်က ကြက်ဆူပင် ကိစ္စဖြစ်သည်။ ခြံစည်းရိုး ကြက်ဆူပင်မှသည် ဇီဝဒီဇယ် (ဘိုင်အို ဒီဇယ်) ထုတ်၍ ရသည်ဟု ပြောသည်။ မည်သည့် သုတေသနလုပ်ငန်းက တွေ့ရှိလာခဲ့သည် မသိ။ ဖြစ်တော့ ဖြစ်နိုင်ပါသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတော် အထူးစီမံချက်ကြီး ဖြစ်လာခဲ့သည်။ “နိုင်ငံတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စက်သုံးဆီ အစားထိုး အသုံးပြုနိုင်ရန် မြန်မာနိုင်ငံတ၀ှမ်း ပြည်နယ်နှင့် တိုင်းအားလုံးတွင် ခြံစည်းရိုး ကြက်ဆူပင်များကို စိုက်ပျိုးကြရန် အမြော်အမြင်ကြီးစွာ လမ်းညွှန် မှာကြားခဲ့သည်” ဟု မြန်မာ့အလင်း သတင်းစာ ဆောင်းပါးရှင် သောင်းဝင်းဗိုလ်က ဆောင်းပါး ရေးခဲ့သည်။ ဗိုလ်ချုပ်သန်းရွှေ အထက်မြန်မာပြည် ခရီးစဉ်အတွင်း (၂၀၀၅) ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြင်ဦးလွင်သို့ ရောက်စဉ် ခြံစည်းရိုး ကြက်ဆူပင် စိုက်ရန် စ၍ လမ်းညွှန်ခဲ့သည်ဟု သိရသေးသည်။ တိုင်းနှင့် ပြည်နယ်တခုတွင် ခြံစည်းရိုး ကြက်ဆူပင် ဧက ၅-သိန်းကျစီနှင့် ၃-နှစ်အတွင်း အပြီးစိုက်ရန် ညွှန်ကြားခဲ့သည်ဟု ဖတ်ရသည်။ စုစုပေါင်း နိုင်ငံ တခုလုံး ဆိုလျှင် ဧက ၇-သန်း ရှိလိမ့်မည်။ ဆီတွေ သုံးမကုန်၊ ဖောဖောသီသီ ဖြစ်ရတော့မည်။

ထိုစဉ်က ရှမ်းပြည် (မြောက်ပိုင်း) တိုင်းဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ် မြင့်လှိုင်ကလည်း “အထူးစီမံချက်” အဖြစ် စိုက်ပျိုးမည်ဟု ကြွေးကြော်ခဲ့ကြောင်း သတင်းစာများတွင် ဖတ်ခဲ့ရသည်။ အမျိုးသားညီလာခံ ကြိုဆို၍လည်း ကြက်ဆူပင် စိုက်သည်။ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းကလည်း ကြက်ဆူပင် စိုက်သည်။ ကျောင်းသားလေးများကလည်း ကြက်ဆူပင် စိုက်သလို၊ တအိမ်တယောက် ဆင့်ခေါ်၍လည်း ကြက်ဆူပင် စိုက်စေခဲ့သည်။ မြေလွတ်မြေရိုင်း မကျန်စေရ၊ ကြက်ဆူပင် စိုက်ခဲ့ကြသည်။ မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့ကလည်း အနားမနေရ။ ကြက်ဆူပင် မျိုးပွား ခြံနှင့် မျိုးသန့်ဇုံများ တည်ထောင်ခဲ့ကြသည်။ အသီးများကို ကြိတ်ခွဲ၍ စက်မောင်းပြ၊ ယာဉ်မောင်းပြသည့် ပွဲများကိုလည်း သတင်းစာများတွင် အကြိမ်ကြိမ် ဖတ်ခဲ့ရပါသည်။ လယ်သမားများအဖို့ ကြက်ဆူကြိတ်ဖတ်များမှလည်း သဘာဝမြေသြဇာ အဖြစ် အသုံးချနိုင်ဦးမည်ဟုလည်း ဆိုသည်။ ဤသို့ဆိုလျှင် ဓါတ်မြေသြဇာ အတွက်ပါ သက်သာစေလိမ့်မည်။ မကောင်းပါ သလော။

ကြက်ဆူပင်က အစေ့စိုက်လျှင် ၈ လကြာလျှင် အသီးရသည်။ ကိုင်းဖြတ်စိုက်လျှင် ၆-လ သာ ကြာသည်၊ အသီးခူးနိုင်ပြီဟု လည်း ဗဟုသုတ ရခဲ့သေးသည်။ “ကြက်ဆူစိုက်လျှင် ၀င်ငွေရွှင်” “မိသားစု ၀င်ငွေတိုးဖို့ ခြံစည်းရိုး ကြက်ဆူပင် စိုက်ကြစို့” “မြေကြီးက ရွှေသီးဖို့ ခြံစည်းရိုး ကြက်ဆူပင် စိုက်ကြစို့” “အညာမြေကို ကြက်ဆူပင်ဖြင့် အလှဆင်” ဟူသော ဆောင်ပုဒ်များ လည်း ဖတ်ခဲ့ရသည်။ ကျေးလက် အိမ်ခြံစည်းရိုးများ၊ လမ်းဘေးဝဲယာ၊ ဆည်၊ ကန်၊ ချောင်း၊ မြောင်းဘေး၊ စိုက်ပျိုးကြရန် သတင်းစာ ဆောင်းပါးရှင် နတ်မောက်ထွန်းရှိန်က တိုက်တွန်းခဲ့သည်ကိုလည်း ဖတ်ခဲ့ရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ အာဏာပိုင် အတွင်းရေးမှူးက “ခြံစည်းရိုး ကြက်ဆူပင်က ရတဲ့ ဇီဝဒီဇယ်များနဲ့ ၂၀၀၇ ခုနှစ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ ကျေးရွာများ မီးလင်း စေရန် ဆောင်ရွက်နေသည်” ကိုလည်း မှတ်သားခဲ့ရသေး သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စတင်ညွှန်ကြားခဲ့သည့် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်နေ့မှ စတင်ရေတွက်လျှင် ၂-နှစ် ကျော်ခဲ့ပြီ။ (၂၀၀၈) ထဲသို့ပင် ရောက်နေခဲ့ပေပြီ။ ကျနော် တွက်ဆချက်အရတော့ ရှမ်းပြည် မြောက်ပိုင်းဒေသ ကျေးရွာ များတွင် ကြက်ဆူဆီဖြင့် မီးလင်းနေကြလိမ့်မည်။ ဧက (၇) သန်း မပြည့်သေးသော်လည်း စိုက်ပျိုးထားသမျှ အထူး စီမံချက် အခင်းများမှ ကြက်ဆူဘိုင်အို ဒီဇယ်များလည်း လှိုင်လှိုင်ထွက်နေတော့မည်။ ပြည်ပသို့ တင်ပို့လျှင်ပင် ရဦးမည့် အခြေအနေ။ ကျေးရွာလူထုများသည်လည်း ကြက်ဆူပင်မှ ၀င်ငွေကြောင့် သားရှင်ပြု၊ အလှူအတန်း ဝေေ၀ဆာဆာ ရှိခြိမ့်မည်။ သို့သော် ကျနော် အနေဝေးသောကြောင့် ဖြစ်မည်၊ ဤသို့ ကျနော် မျှော်မှန်းထားခဲ့သည့် သတင်းမျိုး မကြားရသေးပါ။ သတင်းစာများတွင် ကြက်ဆူပင် ထွက်ကုန်ကြောင့် ၀င်ငွေ စသဖြင့် ရလဒ်များကို စာရင်းကိန်းဂဏန်းများ မတွေ့ရသေးပါ။ ပြည်သူအများ၊ ကျေးရွာလူထုအများကလည်း ကြက်ဆူဆီ သူဌေးအဖြစ် ပေါ်ထွက်လာသည်ကို မမြင်ကြရသေးပါ။ တခုခု တော့ လွဲနေသည် ထင်သည်။

ကျနော် မယုံကြည်ရဲ ဖြစ်နေပါသည်။ စာရင်းဇယား၊ ကိန်းဂဏန်းများ သိရလျှင်ဖြင့် ကောင်းလိမ့်မည်။ သို့သော်လည်း သိပ် မျှော်လင့် မထားရဲပါ။ ၎င်းစီမံကိန်းထက် ပိုစောသော ရေနက်ကွင်း စပါးစီမံချက် ရလဒ်များကိုလည်း ကျနော်တို့ မသိကြရ သေးသောကြောင့် ဖြစ်ပါတော့သည်။

အောင်သူငြိမ်း


အကိုးအကား
1. Weekly Eleven Journal, August 15, 2007
2. The Voice Journal, July 9, 2007
3. မြန်မာ့ဓန၊ July 2007
4. Living Color Magazine, November 2006
5. Living Color Magazine, January 2007
6. Living Color Magazine, July 2007
7. နတ်မောက်ထွန်းရှိန်၊ တောင်သူလယ်သမားများဘ၀ သာယာလှပဖို့ ခြံစည်းရိုး ကြက်ဆူပင်ကို တိုးချဲ့စိုက်ပျိုးကြပါစို့။ (ဆောင်းပါး) ဇန် ၁၇၊ ၂၀၀၇ မြန်မာ့အလင်း သတင်းစာ
8. သောင်းဝင်းဗိုလ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ခြံစည်းရိုး ကြက်ဆူပင် တိုးချဲ့စိုက်ပျိုးပေး (ဆောင်းပါး) ဖေ ၂၊ ၂၀၀၇၊ မြန်မာ့အလင်းသတင်းစာ

Monday, January 7, 2008

အိမ်ကျယ် (သို့မဟုတ်) မိမိကိုယ်ကို ယုံကြည်မှု လုံးဝမရှိတော့သော စစ်အစိုးရ (ဆောင်းပါး)

ဆောင်းပါး
အောင်သူငြိမ်း
Monday, 07 January 2008 12:57 - မြန်မာစံတော်ချိန်

လွန်ခဲ့သော ၁၉၉၉ ခုနှစ် ပတ်ဝန်းကျင်က ဆောင်းပါးတပုဒ် ဖတ်ခဲ့ရဖူးသည်။ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် ရန်ကုန်သို့ သွားရောက်ဆန္ဒပြသည့် အသက် ၂၇ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ ရေချယ်လ် ဂိုးဝင်းအကြောင်း ဖော်ပြ ထားသည့် ဆောင်းပါးလေးဖြစ်သည်။ သူမက လမ်းမီးတိုင်တွင် မိမိဘာသာ လက်ထိပ်ခပ်၍ ဒီမိုကရေစီ သီချင်းတပုဒ်ကို မြန်မာဘာသာဖြင့် သီဆိုခဲ့သည်။ ဤပြစ်မှုကြောင့် ထောင်ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရသည်။ (သို့သော် ၂-လအကြာတွင် လွတ်မြောက်လာခဲ့သည်။) သတင်းစာကြီးတစောင်၏ ဆောင်းပါးက ဤသို့ရေးခဲ့သည်။ “တချိန်တွင် မြန်မာနိုင်ငံတွင် မည်သည့် ဧည့်ခရီးသွားများ သွားနိုင်ကြပါတော့မည်နည်း။ ငါတို့ တနေ့နိုင်ရမည် (We shall over come one day) ဆိုသည့် အဲန်ဂျီအိုနှင့် တက်ကြွလှုပ်ရှားသူ အများအပြား သီဆိုလေ့ရှိကြသည့် သီချင်းလေးကို လေချွန်မိ၍ပင် မြန်မာပြည်တွင် ဖမ်းခံရဖွယ် ရှိသည်။” ဟု ရေးသားခဲ့သည်။ သို့သော်လည်း ၉ နှစ်အကြာတွင် အခြေအနေက ဤအတိုင်း ဖြစ်လာခဲ့သည်။

ယခုတော့ စစ်အစိုးရက မေတ္တာပို့သံကြားလျှင်ပင် ကြောက်နေပြီ။
“ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ…
ဒေါသခပ်သိမ်း ကင်းငြိမ်းကြပါစေ…
ဆင်းရဲခပ်သိမ်း ကင်းငြိမ်းကြပါစေ…”

ရဟန်းများက ဗုဒ္ဓ၏ မေတ္တာဒေသနာ မေတ္တာသုတ်ကို ရွတ်ဆိုခဲ့ကြခြင်းကိုပင် ကြောက်နေပေပြီ။ ယောဂီဝတ်စုံဖြင့် ထွက်လာလျှင် ငါ့ကို ဆန္ဒပြနေကြပြီလားဟု ထင်နေသည်။ လက်၌ ပုရိတ်ကြိုးချည်ထားလျှင်လည်း အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုဟု ထင်နေသည်။ ဆရာတော် သံဃာတော်ကြီးများက ဒေ၀ဒတ်အကြောင်း တရားဟောသည်ကိုပင် သူ့ကို စောင်းမြောင်း ပြောဆိုနေသည်ဟု ထင်နေသည်။ တရားပွဲများ ပိတ်သည်။ တရားခွေများ လိုက်သိမ်းဆည်းနေသည်။

အလားတူ အတိုက်အခံ အဖွဲ့ဝင်များနှင့် တွေ့ဆုံ စကားပြောဆိုရမည်ကိုလည်း ကြောက်နေပြန်သည်။ ကြေငြာချက် အမှတ် (၁/၂၀၀၇) ဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုရေး ကိစ္စကိုပင် ကြိုတင် သတ်မှတ်ချက်များချကာ ခံစစ်လုပ်နေ ပြန်သည်။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများက ပြောထားပြီးဖြစ်သည်။ အနာဂတ်တွင် တပ်မတော်အတွက် ထိုက် တန်သည့် ဂုဏ်ယူစွာ တပ်မတော်သားဟု ခံယူနိုင်သည့် နေရာမျိုး ရှိလိမ့်မည်။ ယခု ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ဆောင် နေကြသော ကိစ္စသည်လည်း စစ်တပ်ကို ချေမှုန်း ဖြုတ်ချရေးအတွက် မဟုတ်။ တိုင်းပြည်နှင့် နိုင်ငံသားများ မျက်နှာကို ထောက်ထား၍ အုပ်ချုပ်ပုံစနစ် ပြုပြင်ပြောင်းလဲမှုများ လုပ်ရန်သာ တောင်းဆိုနေကြခြင်း ဖြစ်သည်။ ဤသို့ တွေ့ဆုံရမည့် အရေးကိုလည်း ကြောက်နေပြန်သည်။

ယခု အင်တာနက်များကို ဖြတ်တောက် ပိတ်ဆို့နိုင်ရန် လုပ်နေပြန်သည်။ စည်းကမ်းများ တင်းတင်းကျပ်ကျပ် ထုတ်သည်။ ဂြိုဟ်တုစလောင်းများကို အဆမတန် အခွန်တိုးကောက်၍ လူအများမကြည့်နိုင်စေရန် လုပ်သည်။ မျက်စိပိတ် နားပိတ်ထားခြင်း အားဖြင့် လူအများက သူတို့ပြောသမျှ ယုံကြည်ကြမည်ဟု ထင်နေသည်လားမသိ။ သေချာသည်မှာ ပြည်သူအများက မြန်မာ့အလင်း သတင်းစာကိုလည်း ယုံကြည်မှု မရှိကြခြင်းပင်။ စစ်အစိုးရက မည်သို့ဝါဒဖြန့်ဖြန့် လူအများက လက်ခံကြတော့မည် မဟုတ်ပါ။
နိုင်ငံတကာ သံတမန်ရေး ဆက်ဆံရေးတွင်လည်း အညှိုးငယ်ရဆုံး အခြေအနေ ဖြစ်နေသည်။ အာဆီယံ အစည်းအဝေးတွင်လည်း သူ့အကြောင်း၊ နိုင်ငံတကာ အစည်းအဝေးများတွင်လည်း သူ့အကြောင်း၊ ယခုတော့ လုံခြုံရေးကောင်စီတွင်ပါ သူ့အကြောင်း ဖြစ်လာပြီ။

စင်္ကာပူနိုင်ငံ၏ ခေါင်းဆောင်ဟောင်း လီကွမ်ယူက စစ်အစိုးရ ခေါင်းဆောင်များကို “ငတုံးတွေ” (rather dumb) ဟု ပြောခဲ့သည်။ သံတမန်ရေးအရ ပြန်လှန် ကန့်ကွက်နိုင်ခြင်း မရှိခဲ့။ အကယ်၍ မိမိကိုယ်ကိုသာ ယုံကြည်မှုရှိပါက ဖြစ်သင့်သည်မှာ မြန်မာနိုင်ငံရှိ စင်္ကာပူ သံတမန်ကို ခေါ်၍ ကန့်ကွက်စာ ပေးရမည်။ နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်နစ်နာ သွားနိုင်ကြောင်း နည်းနည်းတော့ ကြိမ်းမောင်းရမည်။ ယခုတော့ ဟုတ်၍ ငုံ့ခံသလို ဖြစ်နေသည်။ တလောက စင်္ကာပူနှင့် ထိုင်းတို့ အနည်းငယ် တင်းမာမှု ဖြစ်ကြသည်။ ၂၀၀၆ စက်တင်ဘာတွင် ထိုင်းနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းတော့ စင်္ကာပူက ဆရာကြီးလုပ်၍ ဒီမိုကရေစီ လက်ချာပေးသည်။ ထို့နောက် ၂၀၀၇ ဇန်န၀ါရီလတွင် ဖြုတ်ချခံရသူ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ကို စင်္ကာပူက ပုဂ္ဂလိက အလည်အပတ်ခရီး လက်ခံခဲ့သည့်အခါ ထိုင်းနိုင်ငံက ပြဿနာ ရှာတော့သည်။ စင်္ကာပူနိုင်ငံကို သံတမန်ရေးအရ ကြိမ်းမောင်းသည်။ ထိုင်းနိုင်ငံတွင် အာဆီယံ အစီအစဉ်ဖြင့် စစ်ရေးလေ့ကျင့်ရေး ဆင်းနေသည့် စင်္ကာပူ စစ်သားများ၏ အစီအစဉ်များကို ရပ်ဆိုင်းပစ်မည်ဟု ခြိမ်းခြောက်သည်။ တော်တော် တင်းတင်းမာမာ ဖြစ်ခဲ့ကြသည်။ လ အတော်ကြာမှ ပြန်ပြေလည်ခဲ့သည်။ သို့သော် ယုံကြည်မှု နည်းနေသော မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက ဤသို့မလုပ်ရဲခဲ့ပါ။ ဆေးကုစရာ နေရာလေးလည်း ပျောက်သွားနိုင်သေးသည် မဟုတ်ပါလား။

တဖန် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်ဇ်က မြန်မာနိုင်ငံကို အာဏာရှင်များ၏ နောက်ဆုံး ကျွင်းကျန်သည့် ခံကတုတ်ကျင်းဟု အမည်တပ်ခေါ်ခဲ့သည်။ အမေရိကန် သမတကတော် လော်ရာဘုရှ်က ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး မလုပ်နိုင်လျှင် ဆင်းပေးဟု လူသိရှင်ကြား ပြောခဲ့သည်။ မြန်မာစစ်ဗိုလ်ချုပ်များက မည်သို့မျှ မတုံ့ပြန်ရဲပါ။ ငုံ့ခံနေကြသည်။ အနည်းဆုံး သံတမန်ရေးအရ ကန့်ကွက်မှုမျှပင် မလုပ်ရဲကြပါ။ ကိုယ်မှန်လျှင် ငုံ့ခံမည် မဟုတ်သော်လည်း၊ ကိုယ်က မှားတော့ ငြိမ်နေရသည်။ စစ်အစိုးရ၏ ယုံကြည်မှု အကြီးအကျယ် ကျဆင်းနေသည်ကတော့ သိသာလှသည်။

မြန်မာစစ်ဗိုလ်ချုပ်တွေက အိမ်တွင်သာ အလိုလိုက်ထား၍ ဆိုးနေသည့် အိမ်ကျယ်မျိုးနှင့် တူနေသည်။ မိမိ ကိုယ်တွင်း၌ ယုံကြည်မှုအားနည်း၍ အခြားကလေးများကို လိုက်ဗိုလ်ကျ အနိုင်ကျင့်တတ်သည့် ကလေးဆိုး (Bully) မျိုးနှင့် တူနေသည်။ သူ့ထက်ကြီးသူဆိုလျှင် ကြောက်သည်။ အိမ်အပြင်ကွင်းတွင်ဆိုလျှင် ကြောက်သည်။ သို့သော်လည်း မြန်မာ စစ်ဗိုလ်ချုပ်များက ကလေးဆိုးထက် ပို၍ အန္တရာယ်ကြီးသည်။ အင်အား ၄ သိန်းကျော်ရှိ စစ်တပ်ကြီးကိုင်ထားပြီး ဗိုလ်ကျနေသောကြောင့် ဖြစ်သည်။ နိုင်ငံကို ထင်ရာကျဲ ရောင်းစားပြီး၊ အရုပ်ကလေးများကို ဖျက်ဆီးချိုးဖဲ့လေ့ရှိသည့် ကလေးဆိုလို ဖျက်ဆီးနေသောကြောင့် ဖြစ်သည်။

စက်တင်ဘာ သံဃာ့လှုပ်ရှားမှု အပြီးတွင်တော့ စစ်အစိုးရ၏ ယုံကြည်မှုရေချိန်က အနိမ့်ဆုံး ဖြစ်နေခဲ့ပြီ။ မိမိဘာသာ အားတင်းပြောနေသော်လည်း မစွမ်းနိုင်တော့ကြောင်း သိနေသည်။ အချို့လှုပ်ရှားသူများကို မဖမ်းမဆီးရဲတော့။ အထူးသဖြင့် သီးလေးသီး အငြိမ့်ကခဲ့သူ ၀န်ထမ်းများကို အလုပ်ဖြုတ်ပြီးမှ ပြန်ခန့်သည်။ ပြည်သူများကလည်း ပို၍ ရဲရင့်လာကြသည်။ ဤပုံဖြင့် မိုးကြီးချုပ်၍ မရနိုင်တော့ကြောင်း သိလာကြသည်။ အထူးသဖြင့် ရေဒီယို အင်တာဗျူးများကို နားထောင်လျှင် ပိုသိသာသည်။ ပြည်သူများက ပို၍ ရဲရင့်ပြောင်မြောက်စွာ ပြောလာကြသည်။

စစ်အစိုးရက ဤအသံများကို မကြားလိုပါ။ ကုလားအုပ်က သဲထဲသို့ ခေါင်းဝှက်ထားလျှင် လုံလှပြီဟု ထင်နေသည့် အပေါက်မျိုး ချိုးနေသည်။ ဤနည်းဖြင့် ရေရှည် ရပ်တည်နိုင်လိမ့်မည် မဟုတ်သလို၊ အဖြေလည်း ရှာတွေ့လိမ့်မည် မဟုတ်ပါ။

အောင်သူငြိမ်း

Comments
Add NewSearch
အမည်မဲ့(x) - တပ်မတော်အတွက် ထွက်ပေါက် 75.7.233.xxx | 2008-01-07 13:04:26
သိုးမဲအိမ်ကျယ်တွေအကြောင်း ရေးထားတာ ကောင်းမွန်လှပါတယ်ခင်ဗျား၊
ကိုအောင်သူငြိမ်းခင်ဗျား၊ ။ အိမ်ကျယ်တွေ အတွက် ဒီမိုကရေစီအရေးလှုပ်ရှားနေသူများအနေနဲ့ ထွက်ပေါက်တခုဘာလို့ ပေးမထားသလဲဆိုတာလေး ဖြည့်ပြောပြချင်လို့ ပါ၊
တိုင်းပြည်တိုင်းမှာ တပ်မတော်ရှိရပါတယ်၊ ဖြုတ်သိမ်းလိုက်လို့ မဖြစ်နိုင်ပါ၊အဲဒီတပ်မတော်ကြီးအတွက် သီးသန့် ရပ်တည်နိုင်မဲ့ ထွက်ပေါက် တခုကိုပေးသင့်တယ်ထင်ပါတယ်၊ ချောင်ပိတ်ရိုက်ရင် ခွေးတောင်ပြန်လှည့်ကိုက်တတ်ပါတယ်၊ စစ်ဗိုလ်ချူပ်တချို့ ကြောင့် တပ်မတော်တခုလုံးကို လူထုကအမုန်းပွား၊အငြိုးထားခဲ့ပြီဖြစ်ပါတယ်၊ အဲဒီအတွက် ဒီမိုကရေစီနိုင်ငံတော်ကြီါ်ဖြစ်လာချိန်မှာလည်း တပ်မတော်သားတွေအကုန်၊ ကြံ့ ဖွံ့ တွေအကုန် ပင်လယ်ထဲမောင်းချလို့ လည်းမဖြစ်နိုင်တဲ့အတွက် ထွက်ပေါက်လေးအတွက်များစဉ်းစားပေးထားကြမယ်ဆိုရင် အဖြေမြန်မြန်ရှာတွေ့ လိမ့်မယ်မျှော်လင့်ပါကြောင်းနဲ့ တပ်မတော်သားများရဲ့လွတ်ငြိမ်းချမ်းသာခွင့်ကို လည်း ထုတ်ပြန်ကြေငြာထားသင့်တယ်လို့ ဆွေးနွေးတင်ပြလိုပါတယ်၊