News Article Photo Poem Video Cartoon Music Radio

Saturday, September 29, 2007

မြန်မာပြည်၏ ဟိုမှာဘက်တွင် သတင်းမှန် သိစေဖို့ ကြိုးပမ်းကြတဲ့ ဘလော့ဂါတို့ရဲ့ ခံစားချက်

ဆောင်းပါး
မြန်မာ့ဘလော့ဂါတစု
၂၇ စက်တင်ဘာ ၂၀၀၇

ဒီကနေ့ကတော့ ပြည်တွင်းပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာတို့ အဖို့ တကယ့်ကို ၀မ်းနည်းစရာနေ့တစ်နေ့ပါ။ မေတ္တာနဲ့ ဆန္ဒဖော်ထုတ်နေသူတွေကို လက်နက်နဲ့ အဖြေပေးလိုက်တဲ့ ပွဲတစ်ခုဟာ တောင်းပန်နေကြတဲ့ကြားထဲကပဲ မြန်မာပြည်မှာ အမှန်တကယ် ဖြစ်သွားခဲ့ပါပြီ။ စဉ်းတောင် မစဉ်းစားဝံ့စရာ လူမဆန်တဲ့ ရက်စက်မှုတွေကို မြန်မာ အာဏာပိုင်တွေက လုပ်ချလိုက်ပါပြီ။

အဖြစ်အပျက်တွေဟာ အရင်လက အစိုးရက လောင်စာဆီ ဈေးနှုန်းတွေကို နေ့ချင်းညချင်း တက်လိုက်တာက အစပြုခဲ့တာပါ။ နောက်တော့ မြန်မာပြည်ရဲ့ နယ်မြို့ကလေး တစ်မြို့ဖြစ်တဲ့ ပခုက�ူမြို့မှာ ပြည်သူတွေ ဆင်းရဲဒုက္ခ သက်သာစေဖို့အတွက် သံဃာတော်တွေက မေတ္တာပို့ လမ်းလျှောက်ခဲ့ပါတယ်။ အဲဒါကို အာဏာပိုင်တွေက ကြမ်းတမ်းစွာ ကိုင်တွယ် ဖြေရှင်းခဲ့ပါတယ်။ ပထမပိုင်းမှာ သံဃာတော်တွေက အဲဒီ လုပ်ရပ်အပေါ် တောင်းပန်ဖို့ တောင်းဆိုခဲ့တယ်။ ဒါကို အချိန်တစ်ခု ပေးထားတဲ့အထိ အာဏာပိုင်တွေက မလိုက်လျောခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ သံဃာတွေ ပူးပေါင်းပြီး ခံစားနေရတဲ့ ပြဿနာတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ အချက်တွေကို အတိအလင်း ကြွေးကြော် တောင်းဆိုခဲ့ပါတယ်။ တကယ်တော့ တောင်းဆိုထားတဲ့ အချက်တွေဟာ နိုင်ငံရေး အသွင်ကို အများကြီး နှိမ့်ချထားခဲ့ပါတယ်။ စားဝတ်နေရေး ပြေလည်ချင်တယ်။ ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးစေချင်တယ်။ စေ့စပ် ညှိနှိုင်း စေချင်တယ်။ ဒီနေရာမှာ ညှိနှိုင်းမယ် ဆိုတာဟာ စစ်အစိုးရအတွက် အများကြီး လမ်းဖွင့်ပေးခဲ့တာပါ။

ဒီလိုနဲ့ ပြည်သူတွေ ပူးပေါင်း ပါဝင်ကြတဲ့ ဆန္ဒ ဖော်ထုတ်ပွဲဟာ ကြီးသထက်ကြီး လာပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ဒါဟာ အကြီးကျယ်ဆုံး ဆန္ဒ ဖော်ထုတ်မှုပါပဲ။ သံဃာတွေက ဦးဆောင်လာတာကတော့ ၈၈ နဲ့မတူတဲ့ ထူးခြားမှု ဖြစ်ပါတယ်။ သံဃာတွေ ဘာလို့ ဦးဆောင်ရတာလဲ ဆိုတာ အခု ကမ္ဘာမှာ မေးနေကြတဲ့ မေးခွန်း တစ်ခုပါ။ သံဃာတွေဟာ မြန်မာ့နိုင်ငံရေး သမိုင်းမှာ အရေးပါတဲ့ ကဏ္ဍက အမြဲ ပါဝင်ခဲ့ကြပါတယ်။ ဘာသာရေးအရ ရဟန်းသံဃာ ဆိုတာ နိုင်ငံရေးမှာ ပါဝင်သင့် မပါဝင်သင့် ဆိုတာတွေ အငြင်းပွားခဲ့ကြပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းရဲ့ပြောစကားကို ဒီလို ကိုးကားချင်ပါတယ်။

"........ ဆရာတော်၊ သံဃာတော်၊ ဘုန်းတော်ကြီးများသည် အရေး ကိစ္စတိုင်းတွင် ကျွန်ုပ်တို့ လူမှု အသိုင်းအဝန်းကို ရှေ့သို့ ချီတက် နိုင်စေရန် ကူညီခဲ့ကြပေသည်...........ဘုန်းတော်ကြီးများ အနေဖြင့် လူတစ်ချို့ က လူမှုဝန်းကျင်ကို အန္တရာယ် ပြုလာပြီဆိုရင် သူတို့ ကို ကာကွယ်ဖို့ ၊ သူတို့ ကိုယ်တိုင် တရား ဥပဒေတွေ ဖြစ်သွားတာကို ကာကွယ်ဖို့ ၊ မကောင်းတဲ့ အနာဂါတ် နိမိတ်ဆိုး အကြောင်းနှိုးဆော် ဟောကြားသင့် ပါတယ်........

.... ဆရာတော်၊ သံဃာတော်များ ဘုရား.. မေတ္တာ ထား၍ ပြည်သူ အားလုံး တို့ ၏ စိတ်များကို ကြောက်ရခြင်းမှ ကင်းလွတ်စေရန် (free from fear) ၄င်း၊ အမြင်ကျဉ်း၍ အမြင်လွဲမှုများ၊ လျစ်လျူရှုမှုများ နှင့် အယူသည်းမှုများမှ ကင်းဝေးစေရန် ၄င်း၊ ရည်သန် ၍ သြဝါဒ ပေးကြားတော်မူပါ။ သူတို့အား ပိုမို မြင့်မြတ်လာစေရန် နှင့် ပိုမို ပျော်ရွှင်ဖွယ်ရာ ဘဝများ ရရှိစေရန် အတွက် သင်ကြား ဆုံးမ ပေးတော်မူပါ။ ထို အရာများသည် အရှင်မြတ်များ၏ အပ်ရာသော ဝန်တာများ ဖြစ်သည့် အတွက် လျှောက်ထား အပ်ပါသည် ဘုရား ................."

ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၆ ခုနှစ်
ဖဆပလ ညီလာခံ မိန့်ခွန်း မှ ကောက်နူတ်ချက်၊
(မြန်မာဘလော့ဂါ ကိုမောင်ရင်၏ ဖော်ပြမှုမှ ကိုးကားပါသည်။
http://maungyin.blogspot.com/2007/07/blog-post_17.html)

အတိတ်က သင်ခန်းစာအရ စစ်တပ်က ပစ်ခတ် နှိမ်နင်းလေ့ ရှိတာကို သိပေမယ့်လည်း လွတ်လပ်မှုကို ငတ်မွတ်နေကြတဲ့ ပြည်သူလူထုဟာ ဒါဟာ နောက်ဆုံး အခွင့်အရေး ဖြစ်ကောင်းပါရဲ့လို့ လိုချင်တဲ့အချက်တွေကို ငြိမ်းချမ်းစွာ ဆက်လက် ဖော်ထုတ် ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ ဘယ်သူတွေ ပါဝင် လှုပ်ရှားကြသလဲ ဆိုတာကို ကြည့်ရင် သံဃာတွေ သီလရှင်တွေနဲ့အတူ ပြည်သူ့ အနုပညာရှင်တွေ ကျောင်းသားတွေ နဲ့ အရပ်သူ အရပ်သား ပြည်သူတွေ အားလုံး သိန်းနဲ့ချီပြီး ပါဝင်ခဲ့ကြတာကို အထင်အရှား တွေ့ရမှာပါ။

ဒါဟာ ရောင့်ရဲလွယ်တဲ့ ရိုးသား အေးဆေးစွာ နေလေ့ရှိတဲ့ မြန်မာ ပြည်သူတွေရဲ့ မခံမရပ်နိုင်တဲ့အဆုံး ရင်ထဲက ထွက်ကျလာတဲ့ အသံတွေပါပဲ။ အဲဒီလို ကိုယ်တိုင် စိတ်ရင်းနဲ့ တက်တက်ကြွကြွ ပါဝင်လာမှုဟာ မိနစ်နဲ့အမျှ သတင်းတွေ တက်လာတဲ့ မြန်မာ ဘလော့ဂ်တွေမှာ အထင်အရှား တွေ့ရပါတယ်။ သတင်း မှောင်ချပြီး ဗြောင်လိမ်လေ့ရှိတဲ့ အစိုးရအောက်မှာ ဖြစ်ရပ်မှန်တွေ ထုတ်ဖော်နိုင်ဖို့ သတင်းတွေ ရဖို့အတွက် ဖြန့်ချိဖို့အတွက် ပြည်သူတွေဟာ စွန့်စား ဓာတ်ပုံ ရိုက်ခဲ့ရတယ်။ အင်တာဗျူး တွေ ခိုးကြောင်ခိုးဝှက် ဖြေခဲ့ရတယ်။ ဒါဟာ ဘယ်သူဘယ်ဝါရဲ့ အလုပ်ခိုင်းစေမှုကြောင့် မဟုတ်ဘဲ တစ်ပြားတစ်ချပ်မှ မရဘဲ လုပ်ခဲ့တာပါ။ သူတို့အတွက် အရိုက်အနှက်ခံရဖို့ ကင်မရာ အသိမ်းခံရဖို့ ပိုကံဆိုးရင် သေနတ်မှန်ဖို့ ထောင်ကျဖို့ဆိုတဲ့ စွန့်စားမှုတွေပဲ ရှိပါတယ်။ သတင်းတွေကို မီဒီယာတွေထက် စောပြီး ချက်ချင်း တင်နိုင်ခဲ့ပါတယ်။ မီဒီယာကြီးတွေကတောင်မှ သတင်း အဓိက ပြည်သူလူထုဆီက ရတာပါလို့ ပြောခဲ့ကြရပါတယ်။ အဖြစ်မှန်တွေ ကမ္ဘာက သိပါစေတော့၊ မတရားမှုတွေ ဖြေရှင်း နိုင်ပါစေတော့လို့ ပြည်သူတွေကတော့ အတတ်နိုင်ဆုံး ပါဝင် ဆင်နွှဲခဲ့ကြပါပြီ။ ဒီလို ရဲဝံ့သူတွေအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုကတော့ ဘယ်လိုလဲ။

သွေးထွက်သံယိုတွေကတော့ ဖြစ်သွားခဲ့ရပါပြီ။ နိုင်ငံတကာက ဒါကို မဖြစ်အောင် ထိထိရောက်ရောက် တားမြစ်နိုင်တဲ့ အကူအညီတွေ အချိန်မီ မပေးနိုင်ခဲ့ဘူး ဆိုတာ ထင်ရှားပါတယ်။ စိတ်ပူမိကြောင်း အေးချမ်းစွာ ဖြေရှင်းမယ်လို့ မျှော်လင့်ကြောင်း သဘောထားတွေတော့ ပြောခဲ့ကြပါမယ်။ ကုလသမဂ္ဂ အစည်းအဝေးမှာတော့ မြန်မာနိုင်ငံကို သြဇာလွှမ်းမိုးမှု အကြီးအကျယ် ရှိတယ်ဆိုတဲ့ တရုတ်နိုင်ငံက ဒီလို ထ ကန့်ကွက်ခဲ့ပါတယ်။ ဟုတ်တယ် မြန်မာနိုင်ငံမှာ ပြဿနာ တချို့တော့ တက်နေတာပေါ့ တဲ့။ ဒါပေမယ့် အဲဒါဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်လောက် အောင်တော့ မဟုတ်ပါဘူးတဲ့။ ဒါဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အရေးယူမှုအထိ မလိုအပ်ဘူးလို့ဆိုလိုတာပါ။

အခုတော့ တရားမျှတမှု တစ်ခုကို လိုချင်လို့ အေးချမ်းစွာ သဘောထား ထုတ်ဖော်နေသူတွေကို ဒီလိုနည်းနဲ့ တုံ့ပြန်ခွင့်ရတယ်လို့ မြန်မာအာဏာပိုင်တွေက ကမ္ဘာ့အလယ်မှာ ပြောင်ပြောင်တင်းတင်း ချပြလိုက်ပါပြီ။ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှု သက်သက်နဲ့ ပျော့ပျောင်းစွာ တောင်းပန်မှုတွေဟာ စစ်အစိုးရ တစ်ခုအတွက် ဂရုစိုက်စရာ မဟုတ်ဘူး ဆိုတာ ဥပမာ ပေးလိုက်တာပါပဲ။ ယခုလို အခြေအနေမျိုးမှာတောင် ဒါဟာ မြန်မာပြည်ရဲ့ အိမ်တွင်းရေး သက်သက်ပါ လို့ နိုင်ငံတချို့က ဆိုနေဆဲပါ။ တကယ်ပဲလား။ စဉ်းစားစရာပါ။ လက်နက်မဲ့သူတွေကို လက်နက်ရှိသူက အနိုင်ကျင့်တာ တရားနည်းလမ်း ကျပါသလား။ စက်တင်ဘာ ၂၇ ရက်နေ့မှာ ဖြစ်ခဲ့တဲ့ အပြစ်မဲ့ မြန်မာပြည်သူတွေရဲ့ သွေးမြေကျ ဖြစ်ရပ်ကို နိုင်ငံတကာက ဘယ်လို တုံ့ပြန်မလဲ ဆိုတာ စောင့်ကြည့် ရပါတော့မယ်။

ပြည်ပရောက် မြန်မာဘလော့ဂါတစု

(ယခု ဆက်လက်၍ ရက်စက်စွာ နှိမ်နင်းမှုများ ဖြစ်ပွားနေပါသည်။ မြန်မာဘလော့ဂါ တစုက မိမိတို့၏ ခံစားချက် အတွေးအမြင်များကို ဆက်လက် ရေးသားသွားပါမည်။)

အရေးကြီးပြီ ခေါင်းအေးဖို့ လိုပါတယ်

ဘိုဘိုကျော်ငြိမ်း
စက်တင်ဘာ ၂၈၊ ၂ဝဝ၇ ခုနှစ်

ဒီကနေ့ အခြေအနေခါ တိုက်ပွဲကို အရှုံးအနိုင် ဆုံးဖြတ်မယ့် အခြေအနေ ရောက်လာပြီ။ စစ်သားကို စစ်သားလိုတွေပြီး ရင်ဆိုင်ရမှာမို့ ဒါဟာ အဆုံးအဖြတ် တိုက်ပွဲလို့ သုံးသပ်ရမယ်။ ဒီတိုက်ပွဲဟာ အရေးကြီးသလို ဗျူဟာမှန်ပြီး သတ္တိမှန်ဖို့ လိုတယ်။

ဒီကနေ့ အခြေအနေကို ဒီလောက် မြန်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြဘူး။ ဝုန်းဒိုင်းကြီး ရောက်လာတော့ ကိုင်တွယ်ရတာ ခက်တယ်။ ခေါင်းဆောင်ပိုင်းမှာ စိတ်ငြိမ်သွေးအေးဖို့ အဓိက လိုအပ်ပါတယ်။

ဒီကနေ့ အဓိကကျတဲ့အချက်ဟာ အရှိန်မပျက်သွားဖို့လိုတယ်။ လူထု 'ကြောက်' မသွားဖို့ လိုပါတယ်။ စစ်တပ်က ကြောက်သွားအောင် ပစ်တာ။ ဒါပေမယ့် ဒင်းတို့မှာလည်း ပြဿနာရှိတယ်။ ပြဿနာက ဘာသာရေးပဲ။ သံဃာကိုပစ်တာ လူကိုပစ်တာနဲ့ မတူဘူး။ ဒါကြောင့် ၈၈ ကလို အရမ်း မပစ်နိုင်ဘူး။ အရမ်းကြီး ပွဲကြမ်းလို့ မရဘူး။ သူတို့လည်း အမှောင်ထဲ လမ်းလျှောက်သလို လျှေက်နေရတယ်။ ကိုယ့်ဖက်ကလဲ တချီထဲ အရမ်းကျသွားရင် လူထု ကြောက်သွားနိုင်တဲ့ အန္တရာယ် ရှိတယ်။ တပွဲထဲ အရမ်းကျသွားရင် လူထုက ကြောက်ရင်ကြောက်၊ မကြောက်ဘဲ ပေါက်ကွဲသွားရင် ပွဲပြီးပြီပဲ။ ဒါကို ဘယ်သူမှ မသိဘူး။ မစွန့်ရဲဘူး။ မယူရဲဘူး။ တိုက်ပွဲဆိုတာ ရလာဒ်ကို မျှော်ကိုးနိုင်မှ၊ Calculated Risk လို့ ခေါ်တဲ့ မှန်းလို့ရတဲ့ စွန့်စားမှုပဲ လုပ်ရဲတယ်။ မှန်းမရတာကို မစွန့်စားရဲကြဘူး။

စစ်ပွဲတိုင်းမှာ စစ်ဗိုလ်ဆိုတာ ကိုယ့်တပ် ကိုယ်ခြေမှုန်းမခံရဖို့ သတိရှိရမယ်။ ယနေ့ အခြေအနေမှာ စစ်တပ်က စုရပ်ကို သိနေတယ်။ ရွှေတိဂုံနဲ့ ဆူးလေမှာ ကြိုပြီး တပ်တွေချ၊ လူထုကြောက်အောင် သတ်ပြ လုပ်နေတယ်။ ဒါကြောင့် မြေအနေအထားနဲ့ တိုက်ပွဲအတွက် ကြိုတင်မှုမှာ ဒင်းတို့က အသာရနေတယ်။ ပစ်မဲ့ စစ်သားနဲနဲ သုံးပြီး ဖြိုခွင်းနိုင်တယ်။ ဒါကြောင့် စုရပ်ကို ခွဲပစ်ဖို့ အချိန်တန်ပြီ။ ပြောက်ကျား စစ်ပုံသဏ္ဌာန် နေရာခွဲပြီး လူစုဆန္ဒပြ ရောက်လာရင် ဖျောက်လိုက်နဲ့ လျှပ်တပြက် ဝင်တိုက် ပြည်သူနဲ့ ရောတဲ့ တိုက်စစ် ပြောင်းရမယ်။ အဓိက အရှိန်မပျက်ဖို့နဲ့ ခေါင်းဆောင်မှု မပြိုကွဲဖို့ပဲ၊ ရန်သူကို မီးဝိုင်းသလို ဖြန့်တိုက်ရမယ်။ ခွေးရူးလို ဟိုဖက်ပြေးလိုက်၊ ဒီဖက်ပြေးလိုက် လုပ်ရမယ်။ ဒါမှကိုယ်က ဦးမယ်။ Element of Surprise ရလာမယ်။ ရန်သူ သွေးခြောက်ခြားလာမယ်။

ကိုယ့်တပ်ကိုယ် သုံးတဲ့ နေရာမှာလည်း သံဃာတော်တွေ ကိုမဲရင် ကျောင်းသားက ဦးဆောင်လိုက် အလုပ်သမားက ဦးဆောင်လိုက် အရပ်သားက ဦးဆောင်လိုက်နဲ့ လူထုပါဝင်မှု ပုံသ္ဌာန်ကို ရောပစ်ရမယ်။ အဓိကက ဖိနှိပ်ဖို့ တည်ကြက် Target ကို ဖြန့်ပေးရမယ်။ အားလုံးကို တချိန်တည်း လိုက်မရှင်းနိုင်ဖူး။ ဒါအဓိကပဲ။

တချိန်တည်းမှာ ဘာသာရေး လိုက်စား ကြည်ညိုတဲ့ စစ်ဗိုလ် စစ်သားတွေကို တိုင်တည် စည်းရုံးပါ။ သန်းရွှေ သံဃာတွေကို စော်ကားတာ ရှားဘုရင်ကို ခိုမေနီ (Khomeini) ဘာသာရေးနဲ့ တိုက်သလို တိုက်ရမယ်။ ရှားဘုရင်ဟာ ပထမ ရက်ရက်စက်စက် ပစ်ခဲ့ပေမယ့် ဘာသာရေးကို ပစ်မှားရတာမို့ နောက်ဆုံး သေနတ်ပြောင်းတွေ စိုက်ပြီး အမိန့် မနာခံတော့ ထွက်ပြေးရတာပဲ။ ကျနော်တို့လည်း ဒီသင်္ခန်းစာကို ယူပြီး သန်းရွှေကြီး ဘာသာ သာသနာနဲ့ ဘုရားသားတော်တွေကို စော်ကားတာကို ဖော်ထုတ်ပြီး ဘာသာရေး ကိုင်းရှိုင်းတဲ့ စစ်ဗိုလ်စစ်သားတွေကို တောင်းဆို စည်းရုံးရမယ်။ ပြည်ပမှာ ရောက်နေတဲ့ စာရေးကောင်းတဲ့ သူတွေက လှုံ့ဆော်စာတွေ ဝိုင်းရေးပေးကြပါ။ သံဃာကို စော်ကားတာ၊ မကျေနပ်တဲ့ စစ်ဗိုလ် စစ်သားတွေ ရှိတယ်။ သူတို့လည်း မနိုင်သေးလို့ အံကြိတ်နေကြတာပဲ။ (နိုင်) နိုင်တယ်ဆိုတဲ့ အရိပ်မြင်တာနဲ့ ခြုံထဲက ထွက်လာကြပါလိမ့်မယ်။ သူတို့ သတ္တိဝင်လာအောင် လုပ်ဖို့က အားလုံးရဲ့ တာဝန်ပဲ။

ဒီတပွဲမှာ ၈၈ နဲ့ကွာတာက ခေါင်းဆောင်တွေ နံမည်ထွက်မလာပါ။ ကိုယ့်တာဝန်နဲ့ ကိုယ့်အသိ စိတ်ဓာတ်နဲ့ ပါဝင်လာကြတာမို့ ဗကသလို ဗဟို ဦးစီးစနစ် မရှိဖူး။ ဒါဟာ ကောင်းတဲ့တချက် ဖြစ်ပြန်တယ်။ ဘာကြောင့်လည်းဆိုတော့ ဘယ်သူ့ကို ဖမ်းရမှန်း မသိလေ၊ ကိုယ်က အမှောင်ထဲကနေ မြင်လေပဲ။ ကိုယ်ပျောက်ရုံမက နယ်မြေခွဲထားကြပါ။ အလုံ က လူက စမ်းချောင်းမှာ လှုပ်ရှားမှု ပြီးရင် ရန်ကင်းလှည့်၊ ပြီးနေရာရွှေ့ကစားပါ။ သူတို့မှာ လူမရှိပါဖူး။ ၁ဝ ယောက်က ၁ဝဝ ကို ဖမ်းနိုင်တယ်။ ပြန့်နေတဲ့ လူ ၁ဝဝဝ ကို လိုက်ဖမ်းဖို့ ဒင်းတို့မှာ အင်အား မရှိဘူး။

ဒီပြောက်ကျားသ္ဌာန် လှုပ်ရှားမှု အရှိန် ရလာအောင် လုပ်ရမယ်။ တမြို့ထဲ မဟုတ်ဘဲ မြို့တိုင်း ပြန်ဖို့လိုတယ်။

နယ်မြို့တွေမှာ ကိုယ်က အားသာတယ်။ လူထုက မြို့ခံကြံ့ဖွတ်နဲ့ ငဖါးတွေကို သိတယ်။ ဒါကြောင့် နယ်မြို့တွေမှာ အင်အား ကြီးလာအောင် ကြိုးစားရမယ်။ ဗျူဟာက စစ်တပ်က လူအင်အား အတိအကျပဲ ရှိတယ်။ Limited Number စစ်ပုလိပ်၊ လုံထိန်း၊ MI အတိအကျပဲ ရှိတယ်။ လိုမှ ဆွဲထုတ်လို့ မရဘူး။ ဒါကြောင့် အရပ် ၈ မျက်နှာကို ဝိုင်းပြီး စနစ် Overdrive ဖြစ်အောင်လုပ်ရမယ်။

ပြီးရင်မြို့သိမ်း တိုက်ပွဲတွေ လာမယ်။ အမျိုးသားစိတ်၊ Nationalism ကို ဖော်ထုတ်ရမယ်။ ဒါက နောက်တဆင့်။ ခေါင်းဆောင်ပိုင်းက ပြန့်နေတော့ အဖွဲ့တိုင်းနဲ့ ပြောခွင့်မရလို့ ဒီက ရေးလိုက်တာပါ။

ဒီတချီပဲ ညီနောင်တို့ရေ

တင်းခံထားပါ။

ခါးတောင်းကြိုက်၊ မာန်တင်းပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် တိုက်ကြရအောင်။

သံဃာ ကျောင်းသား လူထု အားလုံးကို အလေးပြုပါသည်။ တသက်မှာ ဒီတချီပဲ ရမယ်။ နိုင်အောင် တိုက်ကြရအောင်။

အားလုံးကို လေးစားဂုဏ်ပြုပါတယ်။

အသက်ပေးသွားသူအားလုံးကို အလေးပြုလျှက်

ဆက်လက်တင်ပြ ဆွေးနွေးသွားပါမည် ...

ဘိုဘိုကျော်ငြိမ်း

Friday, September 28, 2007

စစ်အစိုးရ ပြိုကွဲနေပြီ

အောင်သူငြိမ်း

စစ်တပ်များက လမ်းများပေါ်တွင် ဆန္ဒပြနေကြသော သံဃာများနှင့် ကျောင်းသား၊ ပြည်သူများကို လက်နက် အားကိုး၍ ရက်ရက်စက်စက် ဖြိုခွဲလာခဲ့သည်။ ဘုန်းတော်ကြီး ကျောင်းများကိုလည်း ရန်သူ့စခန်း သဖွယ် ဝင်ရောက် စီးနင်းခဲ့သည်။ သံဃာတော်များ ရိုက်နှက်ခံရ၊ ရာနှင့်ချီ၍ ဖမ်းဆီးထားသည်။ သို့သော်လည်း ပြည်သူများက နောက်ဆုတ်မည့်ဟန် မရှိ။ ဆက်လက် စုဝေး ဆန္ဒပြနေဆဲ ဖြစ်သည်။ နောက်ဆုံး အကြမ်းဖက်သည့် နည်းကို ထုတ်သုံးရသည့် အချိန်မှစ၍ စစ်အစိုးရ ကျဆုံးတော့မည့် အရိပ်အယောင်ကို ပြလိုက်ခြင်းပင် ဖြစ်သည်။ သူ၏ သေခေါင်းလောင်းကို သူထိုးလိုက်ခြင်းသာ ဖြစ်သည်။

ပထမဦးဆုံး သံဃာတပါး ရိုက်ခံရ၍ ကျဆုံးရသည်နှင့် တပြိုင်နက် အခြားအရာများလည်း သေဆုံးသွားပြီ ဖြစ်သည်။ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) ဟုခေါ်နေသော စစ်အစိုးရ သေဆုံးသွားပြီ ဖြစ်သည်။ ၎င်းတို့ ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံမူများလည်း သေဆုံးခဲ့ပြီ။ လမ်းပြမြေပုံ (၇) ချက်လည်း သေဆုံးခဲ့ပြီ။ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်လည်း သေဆုံးခဲ့ပြီ။ စစ်အစိုးရ၏ နောက်ဆုံးအချိန် ရောက်သွားခဲ့ပေပြီ။

စစ်အစိုးရက လူထု ဆန္ဒပြပွဲများကို ချေမှုန်းရန် လက်နက်ကိုင် တပ်များကို ဆက်လက် အမိန့်ပေး ခိုင်းစေ နေနိုင်သေးသော အချိန်တွင် ကျဆုံးသွားပြီဟု မိမိပြောလိုက်ခြင်းကို စောဒက တက်ကောင်း တက်နိုင်ပါသည်။ မိမိတွင် ထောက်ပြရန်အချက် များစွာ ရှိနေပါသည်။

(၁)
လူ့ယဉ်ကျေးမှုကြီး ထိပ်တိုက်တွေ့ခြင်း

ဆန္ဒပြပွဲများ စတင်လာခဲ့စဉ်ကပင် သံဃာများက "ဓမ္မဝါဒီများနှင့် အဓမ္မဝါဒီ" များ၏ တိုက်ပွဲဟု အဓိပ္ပါယ်ဖွင့်ခဲ့ကြသည်။ တရားသူများနှင့် မတရားသူများ၏ တိုက်ပွဲ၊ Good Vs Evil တိုက်ပွဲဟုပင် ဆိုရပါလိမ့်မည်။ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများ၊ အိန္ဒိယ၊ သီရိလင်္ကာ စသဖြင့်၊ တရုတ်နှင့် တိဘက်၊ ကိုရီးယား နိုင်ငံများက အနည်းနှင့်အများဆို သလို ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ထွန်းကား လွှမ်းမိုးခဲ့သော နိုင်ငံများ ဖြစ်သည်။ သာသနာ ထွန်းကားခဲ့ရာ နှစ်ပေါင်း (၂၅၀၀) ကျော် ကာလအတွင်း ပြန်ကြည့်ပါ။ ဤကဲ့သို့ ကြီးမား ပြင်းထန်လှသော၊ အတိုင်းအဆ ကြီးမားလှသော သံဃာများ၏ သပိတ်မှောက် ကံဆောင်ပွဲ၊ ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲမျိုး မရှိခဲ့။ ရှိခဲ့လျှင်သော်မှ အတိုင်းအဆအားဖြင့် ယခုလှုပ်ရှားမှုက အရေအတွက်အရရော၊ အတိုင်းအဆ အရပါ များစွာ ကြီးကျယ်လှပါသည်။ ဤအခြေအနေတွင် အကြမ်းဖက် ဆောင်ရွက်မှု သည် သာသနာသမိုင်းတွင် အကြီးဆုံး အမဲစက် ဖြစ်စေပါလိမ့်မည်။ ထို့အပြင် အိမ်နီးချင်းရှိ ဗုဒ္ဓဘာသာ နိုင်ငံများ၊ အဖွဲ့ အစည်းများနှင့် ဆက်ဆံရေးကိုလည်း ရှေ့ရှောက် ထိခိုက်စေတော့မည် ဖြစ်သည်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေး ကဲ့သို့သော အကြောင်းကိစ္စများက လူအများ၏ စိတ်ကို တစုံတရာ နှိုးဆွနိုင်ပါသည်။ သို့သော်လည်း လူမျိုးရေး ကိစ္စက ၎င်းကိစ္စများထက် ပို၍ လှုံ့ဆော် စည်းရုံးနိုင်စွမ်း ရှိပါသည်။ လူမျိုးရေးထိလျှင် ဟုန်းကနဲ မီးထတောက်သည့် အဖြစ်မျိုး ရှိဖူးသည်။ သို့သော်လည်း ဘာသာရေး ကိစ္စက ထိုထက်ပို၍ ကျယ်ဝန်းပါသည်။ ဥရောပတလွှား ဘာသာရေးကြောင့် စစ်ခင်းရသည့် ကိစ္စများအထိ ရှိခဲ့ဖူးသလို၊ အီရန် နိုင်ငံတွင်လည်း ရှားဘုရင်ကို ပြုတ်ကျစေ၍ ခိုမေနီ အာဏာရစေခဲ့သော အဖြစ်များ ရှိခဲ့ဖူးပါသည်။ ဘာသာရေး ကိစ္စသည် အထူး ထိလွယ်ခိုက်လွယ် ကိစ္စဖြစ်ပြီး၊ လူမျိုးရေးထက်ပင် ပို၍ ပြင်းထန်တတ်ပါသည်။ ထို့အပြင် ဘာသာရေး ကိစ္စသည် နယ်နိမိတ်များကို ကရုမထားပဲ ပျံ့နှံ့စေနိုင်သည်။ လူမျိုးရေး မီးလျှံထက်ပို၍ ပြင်းပါသည်။ ယခုတော့ စစ်အစိုးရက ပျားအုံ တုတ်နှင့်ထိုးသည်ထက် ဆိုးခဲ့ပြီ၊ ဘာသာရေး ထိခိုက် စော်ကားသည့် မီးတောက်ကို မွှေးခဲ့ပြီ ဖြစ်သည်။

ဤသည်ထက်မက အရေးကြီးသော အကြောင်းများ ရှိသေးသည်။ မြန်မာနိုင်ငံတွင် လူမှု အဖွဲ့အစည်းများ၊ အသင်းအပင်းများ ကို စနစ်တကျ ဖြိုခွဲခဲ့သည်မှာ ကြာခဲ့ပြီ။ ဦးနေဝင်း အာဏာသိမ်းချိန် (၁၉၆၂) ခုနှစ်စ၍ တတိတိ ဖြိုခွဲလာခဲ့ရာ အတော်ချိနဲ့သော အနေအထားဖြင့်သာ ရှိနေကျန်နေတော့သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ခိုင်မာစွာ အဖွဲ့အစည်းဖြင့်၊ အင်နှင့် အားနှင့် ကျန်နေသော အဖွဲ့အစည်း (၂) ခုသာ ရှိတော့သည်။ တခုမှာ စစ်တပ် ဖြစ်ပြီး၊ အခြားတခုမှာ ဗုဒ္ဓဘာသာ သံဃာတော်များ ဖြစ်သည်။ ယခုတော့ ဤကဲ့သို့သော "ရိုးရာ အစဉ်အလာအရ၊ ဖွဲ့စည်းပုံအရ စနစ်တကျရှိသော အဖွဲ့အစည်း ကြီး ၂-ခု ထိပ်တိုက် တွေ့နေကြပြီ"ဟု သမိုင်းပညာရှင် ဒေါက်တာအေးချမ်း၏ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင် သုံးသပ်ချက်ကို မိမိ သဘောတူပါသည်။ မြန်မာနိုင်ငံ လူ့ယဉ်ကျေးမှု အခြေချလာစဉ်မှ စ၍ အမြစ်တွယ်ခဲ့သော ရိုးရာသံဃာ့၊ ဗုဒ္ဓ ဘာသာ အဖွဲ့အစည်းကြီးကိုပါ စစ်အစိုးရက စိမ်ခေါ်ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အရေအတွက်က စုစုပေါင်း လူဦးရေ၏ (၈၉.၂%) ရှိသည်။ လက်ရှိ ပစ်ခတ်နေကြသော စစ်သား၊ ရဲတပ်ဖွဲ့ဝင် အများပင်လျှင် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံရှိ သံဃာ ဦးရေမှာလည်း များလှသည်။ သာသနာရေး ဝန်ကြီးဌာနရှိ စာရင်းအရပင် (၂၂၆, ၅၀၈) ပါး ရှိသည်။ အချို့သော လေ့လာချက်များက ဤထက်ပို၍ ရှိသည်။ တသန်းခွဲ (လူဦးရေ၏ ၃% မျှပင်) ရှိမည်ဟု ဖော်ပြကြသည်။ တနိုင်ငံလုံးတွင် ဘုန်းတော်ကြီး ကျောင်းပေါင်းက (၅၈,၃၉၉) ရှိပြီး၊ တနိုင်ငံလုံး အနှံ့အပြား တောရော မြို့ပါမကျန် တည်ရှိနေခြင်း ဖြစ်သည်။

ထို့အပြင် သံဃာ့များ၏ ဖွဲ့စည်းပုံကလည်း စနစ်တကျ ရှိသည်။ မဟာသံဃာ့နာယက အဖွဲ့အစည်းကဲ့သို့ ဦးသျှောင် အဖွဲ့အစည်းများ ရှိသလို၊ ဒေသအလိုက် အဖွဲ့များ ရှိသည်။ ဝိနည်းအရ အဖွဲ့များ ရှိသည်။ သံဃာ့ ဂိုဏ်းများဖြင့်လည်း စနစ်တကျ ဖွဲ့စည်းထားကြသည်။ နိုင်ငံတခုတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရှိသကဲ့သို့ သံဃာများတွင်လည်း စောင့်ထိန်းရမည့် ဆယ်ပါး သီလနှင့် (၂၂၇) သွယ်သော သိက္ခာပုဒ် ရှိနေသည်။ မြန်မာနိုင်ငံရှိ သံဃာဂိုဏ်းပေါင်း (၁၀) ခုမျှ ရှိပြီး၊ အင်အား အကြီးမားဆုံးက သုဓမ္မာဂိုဏ်း ဖြစ်သည်။ (၈၅%) ခန့်သော သံဃာများကို ချုပ်ကိုင်ထားနိုင်ပြီး၊ သံဃာ အင်အား (၃) သိန်းခန့် အထိ ရှိမည်ဟု ဖော်ပြကြသည်။ ရွှေကျင်ဂိုဏ်း (၅%) (သံဃာအင်အား ၂ သောင်းမှ ၃ သောင်းခန့်)၊ ဒွါရဂိုဏ်း (၃%)၊ ငှက်တွင်း ဂိုဏ်း (၂%) စသဖြင့် တည်ရှိနေကြသည်။ သံဃာများ၏ လက်နက်အင်အားမှာ အကြမ်းမဖက်သည့်နည်း၊ မေတ္တာနည်းသာ ဖြစ်သော်လည်း စစ်အစိုးရက ၎င်းတို့ကို စစ်ဆင်လာခဲ့သည်။ မအောင်မြင်နိုင်သော မပြီးဆုံးနိုင်သော၊ အန္တရာယ ကြီးလှသော စစ်ပွဲကို စစ်အစိုးရက တိုက်နေခြင်းသာ ဖြစ်သည်။ ကျရှုံးရခြိမ့်မည် ဖြစ်သော စစ်ပွဲကို တိုက်နေခြင်းလည်း ဖြစ်သည်။

ထို့အပြင် စစ်အစိုးရ၏ ညံ့ဖျင်းလှသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှု၊ ဝန်ဆောင်မှုများကြောင့် လွန်ခဲ့သော နှစ်များ အတွင်းတွင် သံဃာများက လူမှုရေး ကူညီပံ့ပိုးမှု လုပ်ငန်းများကိုလည်း ကူညီ လာခဲ့ကြရသည်။ ယမန်နေ့က ဝင်စီးခံရသော မဂ္ဂင်ကျောင်းတွင် HIV စွဲကပ်ခံရသော ဝေဒနာသည်များကို ကူညီ ထားရသည်။ ထို့အပြင် ဘုန်းတော်ကြီးကျောင်း ပညာရေးဟူ၍ ကလေးရင်သွေးများ၏ ပညာရေးကို သံဃာများကလည်း ကူညီပံ့ပိုး ပေးနေရသေးသည်။ မြန်မာ နိုင်ငံတခုလုံးတွင် ဘုန်းတော်ကြီးကျောင်း ပညာရေးအနေဖြင့် အထက်တန်းကျောင်း ၂ ခု၊ အလယ်တန်းကျောင်း ၂၅၆ ခု၊ မူလတန်းပညာရေးကျောင်း ၁၀၅၅ ခုကို ပံ့ပိုး ဆောင်ရွက် ပေးနေကြရသေးသည်။ ထိုကျောင်းများတွင် ကလေးငယ်ပေါင်း (၂၀၄,၄၈၇) ကို ပညာ သင်ကြားပေး နေကြသေးရာ သံဃာများ၏ ပံ့ပိုးနိုင်မှု အတိုင်းအဆကို တွက်ဆနိုင်သည်။ အချို့ ကျောင်းများတွင် ကလေးများ ၈၀၀၀ ခန့်အထိ လက်ခံသင်ကြား နေကြရသေးသည်။ ဤကဲ့သို့သော လူမှုရေး သြဇာအရ၊ စည်းရုံးရေး အရှိန်အဝါအရ သြဇာကြီးလှသော သံဃာထုကို စစ်ခင်းနေခြင်းကြောင့် စစ်အစိုးရ အနေဖြင့် မနိုင်သော စစ်ပွဲကို တိုက်နေခြင်းဟု မိမိပြောခြင်း ဖြစ်ပါသည်။

(၂)
စစ်တပ်ဖွဲ့စည်းပုံနှင့် အာဏာစီးဆင်းပုံ လမ်းကြောင်း

အချက်ပေါင်းများစွာ ရှိသည့်အနက်၊ နောက်တချက်မှာ စစ်အစိုးရအတွင်း ဗဟို ဦးစီးချုပ်ကိုင်မှု များလာသည်နှင့်အမျှ အမှား လည်း များလာသည်။ ခြစားမှု၊ မထိရောက်မှုက ပိုများလာသည်။ မကြာသေးမီက လောင်စာဆီ ဈေးနှုန်းများ မြှင့်လိုက်ခြင်းသည်ကပင် ဤသို့ ဆုံးဖြတ် အကဲဖြတ်ချက် အမှားများကို ပြနေခြင်း ဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဖြစ်နေချိန်၊ နိုင်ငံတကာက စောင့်ကြည့်နေချိန်၊ ထိန်းသိမ်း လုပ်ကိုင်ပါရန် စိုးရိမ်စိတ်များနှင့် ဖော်ပြနေစဉ်မှာပင် ထပ်မံ အကြမ်းဖက်ခဲ့ပြန်သည်။ ပိုဆိုးသည်မှာ နိုင်ငံခြားသား သတင်းထောက် တဦးကိုပင် သတ်ဖြတ်ခဲ့ပြန်သည်။ ပို၍ အမှားများ လာခြင်းကို ပြနေသည်။

စစ်အစိုးရတွင် ပြဿနာများစွာ ရှိနေသည်။ သန်းရွှေလွန်လျှင် ဆက်ခံမည့်သူကို ချမှတ်ထားနိုင်ခြင်း မရှိ။ ဤသို့ ဆက်ခံရေး ပြဿနာကို ဖြေရှင်းနိုင်သည့် စနစ်လည်း မရှိ။ ထို့အပြင် စစ်အစိုးရအတွင်း အာဏာလွန်ပွဲ ပြင်းထန်နေသည်။ မကြေလည်မှုများ ကြီးထွားနေသည်ဟုလည်း သတင်းများ ဖြစ်နေသည်။ ဖြစ်တန်ရာသည်။ ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ် ပျက်ကျခဲ့သည်။ လက်သည် မပေါ်။ ဝန်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ် ခင်ညွန့်ကိုလည်း နှိပ်ကွပ်ခဲ့သည်။ သူ၏ ထောက်လှမ်းရေး တဖွဲ့လုံး ကိုလည်း ဖြိုထားခဲ့သည်။ စစ်အစိုးရ အစည်းအဝေးများက ဖြုတ်-ထုတ်-ရှင်း လုပ်ခဲ့သည်မှာလည်း အများအပြား။ ယခင် သူတို့၏ ဖခင်ကြီး ဦးနေဝင်းနှင့် မိသားစု၊ အုပ်စုများကိုပါ အလွတ်မပေးခဲ့။ နှိပ်ကွပ် ဖြေရှင်းခဲ့သည်။ ယခုအချိန်တွင်တော့ ပြဿနာ အားလုံး ဆုံ၍ တက်လာတော့မည့် အချိန်ဟု ဆိုရပါလိမ့်မည်။

ထို့အပြင် စစ်တပ်အင်အား အဆမတန် ချဲ့ထွင်ခဲ့မှုကြောင့် မလုံလောက်မှုများ ပေါ်ပေါက်နေသည်။ တပ်တွင်း ဖိနှိပ်မှုများကြောင့်လည်း စစ်သားများ ထွက်ပြေး နေကြပါသည်။ အစီရင်ခံစာ တခုအရ လွန်ခဲ့သော (၆) လ ကာလအတွင်းတွင် ထွက်ပြေးသူ စစ်သားပေါင်း (၉၀၀၀) ကျော် ရှိသည်ဟု ဆိုပါသည်။ ဤသည်မှာ နအဖ စစ်တပ်၏ တပ်မတခုစာနှင့်ပင် ညီမျှ နေပါသည်။ ဤပုံစံမျိုးဖြင့် ဆက်လက် ထိန်းချုပ်ရန် မလွယ်တော့ပါ။

ထို့အပြင် နိုင်ငံတကာ ဖိအားများက ဆက်လက် တိုးတက်လာနေသည်။ စစ်အစိုးရ လမ်းရွေးရန် အချိန် ဖြစ်နေပါပြီ။ စစ် အစိုးရ၏ တရားဝင်မှုကလည်း မရှိသလောက် ကုန်ဆုံးခဲ့ပေပြီ။ နိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်နေပါသည် ဟု လိမ်လည်နေသော မုသားများလည်း မထိရောက်တော့ပါ။ အခွင့်ကောင်းများစွာ ရှိခဲ့သော်လည်း စစ်အစိုးရ ခေါင်းဆောင် များက လျစ်လျူရှု ပစ်ပယ် ထားခဲ့ပါသည်။ သိပ်နောက်ကျသွားပါပြီ။ နောက်ဆုံး အချိန် ဖြစ်နေပြီ ဖြစ်ကြောင်း အချက် အားလုံးက ခေါင်းလောင်းထိုးနေခဲ့ပြီ ဖြစ်ပါတော့သည်။

အောင်သူငြိမ်း

Tuesday, September 25, 2007

နိုင်ငံခြားရောက် မြန်မာများ ဘာလုပ်နိုင်မည်နည်း။

ဆောင်းပါး
ဆန်းသစ်
၂၄-စက်တင်ဘာ-၂ဝဝ၇

သံဃာများ ကံဆောင် သပိတ်မှောက်ခြင်းမှ ၂၄-စက်တင်ဘာတွင် ပြည်တွင်းမှ ပြောသည့်အတိုင်း လုပ်ပြလိုက်ပါပြီ။ ရွှေဝါရောင် တော်လှန်ရေး (Golden Revolution) ဖြစ်လာအောင် သံဃာတော်များ လှုံ့ဆော်ခဲ့ခြင်းမှာ အလွန်လှပ၊ အံ့သြဖွယ် ဖြစ်ရပ်တခုအဖြစ် နအဖ အငိုက်မိသွားပါသည်။ ပြည်တွင်း၊ ပြည်ပ မြန်မာများ အားလုံးမှာ မြန်ဆန်လှတဲ့ အဖြစ်အပျက် နောက်ကို လိုက်လာနေပါပြီ။

ရှစ်လေးလုံးတုံးကလိုပဲ ၃လ၊ ၄လ လောက်တော့ စစ်တပ်များနဲ့ သံဃာ၊ ကျောင်းသား၊ ပြည်သူများ အားပြိုင်ရဦးမှာပဲ။ စစ်တပ်ကို မကွဲအောင် စစ်ခေါင်းဆောင်ကြီးတွေ လူနဲ့ဝေးတဲ့ နေပြည်တော် တောတောင်မှာ ထားပြီး၊ ဖိုင်ဘာ အော့ပ်တစ် ဆက်သွယ်ရေး ကွန်ယက်ကိုလည်း အောင်မြင်စွာ ချထားပေမဲ့ ဒီမိုကရေစီ အပြောင်းအလဲကို မဟန့်တားနိုင်တော့ပါဘူး။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ လွတ်မြောက်ရေးလည်း မဝေးတော့ပါဘူး၊ သူ့အိမ်ကို လာရောက်တဲ့ သံဃာတော်များကို အိမ်ကထွက်ပြ နိုင်ခဲ့ပါပြီ။ တရုတ်၊ အိန္ဒိယ၊ အမေရိကန် ရေတပ်များလည်း ဘင်္ဂလား ပင်လယ်အော်မှ စောင့်ကြည့်နေမှာ သေချာပါတယ်။

နအဖရဲ့ နောက်ဆုံး အောင်မြင်မှု လက်နက်

ဒီပဲယင်း ဝါးရင်းတုတ်ပါပဲ။ ဒီနည်းနဲ့ အရပ်သား ကြံ့ဖွတ်၊ စွမ်းအားရှင်တွေ သုံးခဲ့တာ အောင်မြင်ခဲ့တော့ ဆက်လက် သုံးဦးမှာလား။ ညမထွက်ရ အမိန့်ဆိုတာလည်း မြန်မာပြည်မှာ သေနတ်ဖေါက်ပြီး ထုတ်ပြန်လေ့ ရှိတယ်။ ဒီနည်းကို ဆက်သုံးမှာလား။ သံဃာအတုတွေ အစိုးရ အဆောက်အဦ၊ တံတား၊ ကား၊ ရထား တွေကို မီးရှို့ ဖျက်ဆီးခိုင်းမှာလား။ နောက်ဆုံး ဘယ်တော့များ စစ်တပ်က ပစ်ခတ်မှာလား၊ လားပေါင်းများစွာနဲ့ ပါပဲ။ အုပ်ချုပ်သူဆိုတော့ အသာစီး ရနေစမြဲပါ။ နအဖ က ရှစ်လေးလုံး သင်ခန်းစာကို အသေယူထားကြပါတယ်။ မဟုတ်တဲ့ အစိုးရ ဘယ်လောက်ကြာကြာ ခံနိုင်ပါမလဲ။

စင်ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတွေမှာတော့ ဘယ်လိုထောက်ခံ၊ ကူညီရမလဲ လုပ်ကြည့်ခဲ့ကြတယ်။ မလေးရှား၊ ဂျပန်တွေမှာ အော်ဟစ် ကြွေးကြော်ချင်ရင် ၁၅ မိနစ် အော်ကြဆိုပြီး ရဲက ခွင့်ပေးတယ် ဆိုပေမဲ့ စင်ကာပူမှာတော့ လမ်းလျောက်ပွဲ လုပ်တာတောင် ရဲက မှတ်ပုံတင် တောင်းပြီး နောက်ကို မလုပ်ရန်ပြောတော့ ခက်နေတယ်။ မြန်မာပြည်က လုပ်ဆောင်နေသူများကို ကူညီနိုင်တဲ့ နည်းလမ်းတွေကတော့

(၁) ဘုန်ကြီးကျောင်းတွေမှာပဲ သံဃာတော်များရဲ့ တရားနားထောင်၊ မေတ္တာသုတ် ရွတ်ဖတ်ခြင်း လုပ်ရင်း လာရောက်သူများ စုပေါင်း တိုင်ပင်ခြင်း။
(၂) ငွေကြေးကောက်ခံ၍ မြန်မာပြည်ရှိ သံဃာတော်များရဲ့ ကျောင်းတိုက်များကို ငွေအနည်းအများ၊ မဆို စိတ်ဓါတ် မြှင့်တင်ရေး ငွေကြေးများ ကူပံ့ပေးခြင်း။
(၃) မြန်မာပြည်သို့ အလည် (သို့မဟုတ်) အကြောင်း အမျိုးမျိုးကြောင့် ပြန်ချင်သူများကို စင်ကာပူမှ တဆင့် လေယာဉ် စင်းလုံးဖြင့် ပြန်နိုင်ရန် လုပ်ဆောင်ခြင်း စသည့်အချက်များ ဖြစ်ပါတယ်။

ပြည်တော်ပြန်မည့် ပြည်ပရောက် စွန့်စားဝံ့သူများ

အချို့လည်း မလေးရှား၊ ထိုင်း နိုင်ငံများတွင် ပတ်စပို့ မပါပဲ လာရောက်နေသူများ ရှိပါတယ်။ ထိုသူများလည်း ကုန်းကြောင်း ခရီးဖြင့် မြန်မာပြည်သို့ နယ်စပ်မှ ပြန်ဝင်သွားပြီး သူတို့သန်ရာ၊ လုပ်ငန်းများခြင့် သံဃာတော်များ၊ ပြည်သူများအတွက် အထောက်အပံ့ ဖြစ်စေနိုင်ပါတယ်။ နိုင်ငံခြား ထွက်လာသူများမှာ စွန့်စားရဲ၍ ထွက်လာသူများ ဖြစ်ပါသည်။ ထို စွန့်စားရဲသူများကို အမိမြန်မာပြည်က ယခုလို အရေးကြီးချိန်တွင် အလွန် လိုအပ်နေပါသည်။ ကြိုဆိုနေပါသည်။

နိုင်ငံခြားရောက် မိတ်ဆွေများ၊ မိမိကိုယ်တိုင် မြန်မာပြည်သို့ ပြန်၍ သံဃာတော်များနှင့် ပြည်သူများအတွက် မလုပ်နိုင်သော်လည်း အနည်းငယ်မျှသော ငွေကြေးအားဖြင့်လည်း မြန်မာပြည်ပြန်မည့် ပြည်ပရောက် အာဇာနည်များကို ကူညီနိုင်ပါသည်။ စင်ကာပူ ပင်နီစူလာ ပလာဇာနှင့် မြန်မာ ဘုန်းကြီးကျောင်းများတွင် အလှူငွေ ကောက်ခံနေပါသည်။ ယုံကြည် စေလိုပါသည်။ အလားတူ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံများတွင်လည်း ပြည်တော်ပြန်မည့် စွန့်စားရဲသူ လူငယ်များ စင်ကာပူထက် သာ၍၊ ပို၍ပင် များပြားလာပါတယ်။ ထိုသူများကို ကူညီနိုင်ရေး အတွက် ဘာလုပ်နိုင်မလဲ။ ဦးခေါင်းတခု အင်အားထက် ဦးခေါင်းများစွာ စုပေါင်း ဆွေးနွေးရင် ထူးခြားသော အင်အားများ ရရှိနိုင်မည် ဖြစ်ပါသည်။

နအဖ နဲ့ သူတို့အပေါင်းဖေါ်များ

နိုင်ငံတကာမှာ နအဖ ကျွေးတဲ့ အစာစားပြီး၊ ကျေးဇူးရှိနေသူများ အများအပြား ရှိပါတယ်။ စင်ကာပူ ပင်နီစူလာ ပလာဇာ လက်ဖက်ရည်ဆိုင် အထိတောင် သူတို့အုပ်စုတွေ တခါတခါ တွေ့ရပါတယ်။ သူတို့ကတော့ နအဖကို တော်လှန်မဲ့သူများ မဟုတ်ပါ။ ထိုသူများနဲ့တွေ့ရင် သူတို့ရဲ့ လက်သုံးစကား တခု ရှိပါတယ်။ “နိုင်ငံခြားမှာ လာပြီး လေမကျယ်နဲ့၊ အစိုးရကို မကြိုက်ရင် မြန်မာပြည် ပြန်ပြီး၊ ပြော” ဆိုတဲ့ စကားပါ။ အဲဒီလို လူမျိုးတွေကို လွတ်လပ်တဲ့ နိုင်ငံခြားမှာ ကောင်းကောင်း ပြောနိုင်ပါတယ်။ သူတို့ဆီက အခွင့်အရေး၊ ပါမစ်များ ရမယ်ထင်ပြီး ဖားနေရန် မလိုပါ။ ခပ်နာနာ ပြန်ပြောလိုက်ပါ။ “တိုင်းပြည်တခုလုံး ရစရာ မရှိအောင် စုတ်ပြတ်သတ်နေတာ ဘာကြောင့်လဲ” မေးရဲရမယ်။ စစ်ခေါင်းဆောင် ဆွေမျိုး၊ သားသမီးများလည်း စင်ကာပူလို နိုင်ငံမှာ ဆေးလာကုနေရတယ်။ ဆေးလာကုသူများကိုလည်း ကြုံလို့ တွေ့ရင် ကူညီပါ။ (အများစုကတော့ မကူညီနိုင်ပါ။ ဒေါသ ထွက်ကြတယ်)။ သူတို့ဆီက အခွင့်အရေး၊ ပါမစ်များ မရဘူး သေချာပါတယ်။ သူတို့လူနဲ့တောင် ပါမစ်တွေ မလောက်လို့ ဖြုတ်ထုတ် လုပ်နေရတော့ “နိုင်ငံ စုတ်ပြတ်သတ်နေတာ ဘာကြောင့်လဲ” မေးခွန်းတခုပဲ ကျွန်တော်တို့ တာဝန်ကျေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကြားဖူးတဲ့ ဗန်မော်တင်အောင် အဆိုအရ “မကောင်းတဲ့ ခေတ်စနစ်တခု ဆိုတာ အနှစ်၂ဝ လောက်ဆိုရင် ပျက်စီးသွားလေ့ ရှိတယ်” ဆိုတဲ့အတိုင်း နအဖ ချုပ်ငြိမ်းရေး အစပြုပါပြီ။ မကြာခင်မှာပဲ မဇ္ဈိမ၊ ဧရာဝတီ၊ မိုးမခ၊ ဟစ်တိုင် စတဲ့ သတင်းစာတွေ ရန်ကုန်မြို့မှာ ထုတ်ဝေနိုင်တော့မဲ့ အချိန်ဟာ မဝေးတော့ပါဘူး။


ထူးခြားသော ဆုတောင်းမှု ၂ ခု

ဆောင်းပါး
မင်းလွင် (ရှမ်းပြည်)
စက်တင်ဘာလ ၂၅ ရက် ၂၀၀၇ ခုနှစ်

တက္ကသိုလ် ရိပ်သာလမ်းဆီသို့ တောင်ပေါ် ချင်းတိုင်းရင်းသူကြီး ၈ ယောက် ခြေလှမ်း သွက်သွက်ဖြင့် သွားနေသည်။ အသက်အရွယ်များမှာ ၅ဝ၊ ၆ဝ အရွယ်ရှိပြီး လွယ်အိတ် ကိုယ်စီနှင့် ဖြစ်သည်။ သူတို့ မျက်နှာများမှာ ဒုက္ခ ရောက်နေသူကို သွားရောက် ကယ်တင်မည့် အသွင် ဆောင်နေသည်။

“ငါတို့ချင်းတောင်ကို လာလည်ဖူးတဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးအိမ်ကို သွားမလို့။ လွယ်အိတ်ထဲမှာ ဧဝံဂေလိစာပဲ ပါတယ်။ နင်တို့ကိုလည်း ဝေငှပေးမှာပါ”

“ဘယ်သူ့ အမိန့်နဲ့ လာတာလဲ။ ဒီအိမ်ကို ဘယ်သူမှ လာလို့မရဘူး”

“ဒီကိုလာတာ အထက်အမိန့်နဲ့ လာတာ။ ဆုတောင်းပေးဖို့လည်း အထက်က အမိန့်ပေးလိုက်တယ်”

အချိန်ကား စက်တင်ဘာလဆန်း တနင်္ဂနွေနေ့ ဖြစ်သည်။ အင်းစိန် ခရစ်ယာန်ကျောင်းမှ ဆုတောင်းပြီး ပြန်လာသော အဆိုပါ ချင်းအမျိုးသမီး ၈ ဦးမှာ ချင်းတောင်ဒေသ ဖလမ်း၊ တီးတိန်ဘက်မှ ဖြစ်သည်။ ရန်ကုန်ရောက်ခိုက် သူတို့ အလွန် လေးစားရသောသူကို နေအိမ် အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားသည်ကို သွားရောက်ပြီး ဆုတောင်းပေးချင်သော ဆန္ဒကြောင့် ကမာရွတ်ရှိ လှည်းတန်း မှတ်တိုင်တွင် ဆင်းပြီး အရှေ့ဘက် တက္ကသိုလ် ရိပ်သာလမ်းဆီသို့ ဆက်လက် ထွက်ခွာသွားသည်။

ယခုတလော လုံခြုံရေးများ ထူထပ်စွာ အစောင့်ချထားသော တက္ကသိုလ် ရိပ်သာလမ်းသည် လူသွားလူလာ ရှင်းနေပြီး တော်ရုံ ကားများပင်လျှင် ဖြတ်မသွားရဲလောက်အောင် ဖြစ်နေသည်။ ဤသို့သော အခြေအနေတွင် အဆိုပါ ချင်းတိုင်းရင်းသူကြီး ၈ ဦးမှာ ရဲရင့် တည်ကြည်သော မျက်နှာဖြင့် မိမိသွားလိုသော နေရာဆီသို့ ဆက်လက် သွားနေဆဲ ဖြစ်သည်။ အိမ်အမှတ် ၅၄ အနီး ရောက်သောအခါ လုံခြုံရေးများက သတိကြီးစွာဖြင့် စစ်ဆေးတော့သည်။ တောင်ပေါ် တိုင်းရင်းသူ အဖွားကြီးများ ဖြစ်သောကြောင့် လုံခြုံရေး အစောင့်များမှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သို့ပေမယ့် ဝတ္တရားအရ မေးမြန်းမှုကို စတင်လိုက်သည်။
“ဘယ်သွားမလို့လဲ။ လွယ်အိတ်ထဲမှာ ဘာတွေပါလဲ”

မဆိုင်းမတွပင် ချင်းအမျိုးသမီး ဖြေဆိုလိုက်ပုံက … “ငါတို့ချင်းတောင်ကို လာလည်ဖူးတဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးအိမ်ကို သွားမလို့။ လွယ်အိတ်ထဲမှာ ဧဝံဂေလိစာပဲ ပါတယ်။ နင်တို့ကိုလည်း ဝေငှပေးမှာပါ” ဟူ၍ ပါးစပ်ကလည်း ပြော၊ လက်မှလည်း လွယ်အိတ်ထဲမှ ခရစ်ယာန် ဓမ္မစာများကို အစောင့်များထံ ဝေငှလိုက်သည်။ လုံခြုံရေး အစောင့်ထဲမှ ဗိုလ်ကြီးဆိုသူ ရောက်လာပြီး ဆက်လက် မေးမြန်းပြန်သည်။

“ဘယ်သူ့ အမိန့်နဲ့ လာတာလဲ။ ဒီအိမ်ကို ဘယ်သူမှ လာလို့မရဘူး”

အသက်အကြီးဆုံး ချင်းတိုင်းရင်းသူကြီးက မိုးကောင်းကင်ဆီသို့ လက်ညှိုးထိုးရင်း “ဒီကိုလာတာ အထက်အမိန့်နဲ့ လာတာ။ ဆုတောင်းပေးဖို့လည်း အထက်က အမိန့်ပေးလိုက်တယ်” ဟု ကြည်လင် ပြတ်သားသော အဖြေစကားကြောင့် ဗိုလ်ကြီးဆိုသူ ဘာမှ ဆက်မမေးရဲတော့ဘဲ ဆုတောင်းခြင်းကို ခွင့်ပြု လိုက်ရတော့သည်။

ဆုတောင်းသံများသည် တက္ကသိုလ် ရိပ်သာလမ်းထဲ ပျံ့လွင့်သွားသည်။ တောင်ပေါ်ချင်းတို့၏ ခရစ်ယာန်လို ဆုတောင်းခြင်းသည် တိုးတိုးတိတ်တိတ် ဆုတောင်းခြင်းမျိုး မဟုတ်ပါ။ ကြေကွဲသော စိတ်နှလုံးသားဖြင့် အထက် ကောင်းကင်ဘုံထိ ကြားအောင် အော်ဟစ် ဆုတောင်းခြင်းမျိုး ဖြစ်သည်။ ရန်ကုန်မိုးက မခြိမ်းဘဲ ရွာချလိုက်သောကြောင့် ရွှဲရွှဲ စိုနေသည့်တိုင် ထီးမဆောင်းဘဲ ဆက်လက် ဆုတောင်းရာ မိနစ် ၂ဝ ခန့် ကြာသွားသည်။ နေအိမ်ခြံထဲသို့ ဝင်ခွင့်မရသော်လည်း ခြံအပြင်မှ ဆုတောင်းသံကို သူတို့ ယုံကြည် လေးစားသော ဗိုလ်ချုပ်အောင်ဆန်း သမီးသည် ကြားသိလောက်ပေသည်။ စိတ်ကျေနပ်သွားလောက်အောင် ဆုတောင်း ပေးပြီးနောက် ခရစ်ယာန် ထုံးစံအရ အချင်းချင်း လက်ဆွဲ နှုတ်ဆက်သည့်အပြင် အစောင့်များထံလည်း သွားရောက်ကာ လက်ဆွဲ နှုတ်ဆက်ကြသည်။

ထိုထဲမှ ဗိုလ်ကြီးဆိုသူသည် “ခုနက အထက်အမိန့်နဲ့ လာတာလို့ ပြောတယ်။ သူ့ရဲ့ အမိန့်စာပါရင် ပေးခဲ့ပါ” ဟူ၍ မဝံ့မရဲဖြင့် အဖွားကြီးကို ဆက်လက် မေးမြန်း လိုက်သေးသည်။ ချင်းအမျိုးသမီးကြီး အားလုံး အထင်သေး မျက်နှာဖြင့် ဗိုလ်ကြီးဆိုသူ၏ မျက်နှာဆီသို့ စုပြုံရောက်ရှိသွားသည်။ အဖွားကြီးက ဆက်လက် ပြောလိုက်သည်မှာ “အထက်အမိန့်စာ ဆိုတာ ပြဖို့ မလိုဘူး။ အထက် ကောင်းကင်တမန်တွေဟာ ငါတို့ကို အမြဲ စောင့်ရှောက်နေတယ်။ ငါတို့ လာရောက် ဆုတောင်းတာဟာ အထက် ကောင်းကင်တမန်က လွှတ်လိုက်လို့ပဲ။ ခုလည်း ဆုတောင်းခြင်း အမှုကိစ္စ ပြီးမြောက်တာဟာ ကောင်းကင်တမန်တွေ တပ်ချ ကာကွယ်ထားလို့ပဲ။ ဒီညမှာလည်း ငါတို့ ချင်းတောင်ပြန်ဖို့ အထက် ကောင်းကင်တမန်တွေက ပို့ဆောင်ပေးအုံးမှာ။ နင်တို့လည်း ဘုရားသခင်ကို မမေ့နဲ့နော်။ ဘုရားသခင် ကောင်းချီးပေးပါစေ” ဟူ၍ ပြောဆိုပြီး အရှေ့ဘက် ကမ္ဘာအေး ဘုရားလမ်းဆီသို့ ထွက်ခွာ သွားကြလေသည်။

အစောပိုင်းက အထက်အမိန့်ကြောင့်ဟုသာ ခွင့်ပြုလိုက်ရသော ဗိုလ်ကြီးဆိုသူသည် အထက် ကောင်းကင်တမန် အမိန့်အကြောင်းကို ကောင်းကောင်းကြီး သိရှိသွားသည့် အပြင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အထက်ဗိုလ်ချုပ်တို့၏ အရေးယူမှုတို့ကို တွေးမိရင်း မှင်သက် ကျန်ရစ် ခဲ့လေတော့သည်။

စက်တင်ဘာ ၂၂ ရက်နေ့

ရန်ကုန်မိုးသည် စံချိန်တင်အောင် ရွာသွန်းနေသည်။ လှည်းတန်း လမ်းဆုံမှ သံဃာထုကြီးသည် စနစ်တကျဖြင့် တက္ကသိုလ်ရိပ်သာ လမ်းထဲသို့ ဝင်သွားလေသည်။ သံဃာတော်ချည်း သက်သက် မဟုတ်ပါ။ အင်္ကျီအဖြူ၊ ပုဆိုးအပြာများ ဝတ်ဆင်ထားသော ကျောင်းသားများ အပါအဝင် ပြည်သူလူထု အင်အားကလည်း နောက်မှ ခြံရံ၍ လိုက်ပါနေသည်။ ဘတ်စ်ကား မှတ်တိုင်မှ ခရီးသည် အချို့လည်း လိုက်ပါသွားရာ လူထုအင်အားမှ အံ့မခန်း များပြားသွားလေသည်။

အဓမ္မဘက်တော်သား အရေးနိမ့်သွားလေပြီ။ မေတ္တာ တန်ခိုးကြောင့် နောက်ဆုတ်သွားသောအခါ သံဃာတော်များ တန်းစီ နေရာယူပြီး မေတ္တာသုတ် ပရိတ်တော်ကို စတင် ရွတ်ဖတ်လေသည်။

အိမ်ရှေ့ဂိတ်မှ အစောင့် စစ်သားအချို့၏ မျက်နှာမှာ မကောင်းလှပေ။ ကျလုလု မျက်ရည်ကို မနည်း ထိန်းထားပုံရသည်။

ယနေ့ မြင်ကွင်းတွင် ထူးဆန်းစွာ တွေ့ခဲ့ရသည့် အိမ်အမှတ် ၅၄ မှ ဒေါင်းအလံများနှင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း စာတမ်းများကို မျက်စိမှ မထွက်နိုင်ဘဲ မြင်ယောင်မိနေသည်။

တက္ကသိုလ် ရိပ်သာလမ်း၊ အိမ်အမှတ် ၅၄ အနီးသို့ ရောက်သောအခါ လည်စီး အနီရောင် ပတ်ထားသော လုံထိန်း အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဟန့်တားလိုက်သည်။ လက်ထဲတွင် စကားပြောစက်၊ ခါးတွင် နံပါတ်တုတ်အနက်နှင့် လေးခွက အသင့် ချိတ်ဆွဲထားသည်။ နေအိမ် ရှေ့ဂိတ် တံခါးကိုလည်း ပိတ်ဆို့ထားသည်။ သံဆူးခွေများကိုလည်း တပ်ဖွဲ့ဝင်များက ပိတ်ဆို့နေဆဲ ဖြစ်သည်။ ဤသည်မှာ ဓမ္မသမားများကို ဟန့်တား ပိတ်ဆို့နေသည့် အဓမ္မ သမားများ၏ ပြင်ဆင်မှု ဖြစ်သည်။

တဖက်တွင် မေတ္တာလက်နက် ကိုင်ဆောင်ထားသည့် သံဃာတော်များတွင် သာသနာ့ အလံ၊ ဓမ္မတေးသံသာ ပိုင်ဆိုင်လေသည်။ ခုတော့ အိမ်အမှတ် ၅၄ ရှေ့တွင် အာဏာရှင်သား အဓမ္မ ဘက်တော်သားနှင့် ဗုဒ္ဓ၏သား ဓမ္မ ဘက်တော်သားတို့ ဆုံလေပြီ။ ခါးတွင် လူသတ် လက်နက်အပြင် အကြမ်းဖက် နှိပ်ကွပ်မည့် ကိရိယာများ တပ်ဆင်ထားသော လုံခြုံရေး အရာရှိနှင့် သံဃာတော်ထဲမှာ ဝါတော်ကြီးသော ရဟန်းတော်တို့ စတင် စကားပြောကြရာ အဓမ္မ ဘက်တော်သားက စတင်၍ “ဒီနေရာဟာ လူစုလူဝေးနဲ့ လာလို့ ရတဲ့နေရာ မဟုတ်ဘူး။ တားမြစ်ဖို့ တာဝန်ရှိပါတယ်” နှုတ်က ပြောသာနေပေမယ့် မျက်နှာမှာ စိုးထိတ် ကြောက်လန့်နေသည်ကို အထင်းသား ပြသနေသည်။

မျက်နှာတော် တည်ငြိမ်ပြီး မေတ္တာဓာတ် လွှမ်းခြုံထားသည့် ဓမ္မသားတော်က “ဒီလူစုလူဝေးဟာ ဒကာတို့ကို ရန်မမူပါဘူးဆိုတာ ဘုန်းကြီး အာမခံပါတယ်။ ဒကာ ဗုဒ္ဓဘာသာ မဟုတ်လား … ဆုတောင်းမေတ္တာ ပို့သတာကို ခံယူမလား။ မခံယူဘဲ အကြမ်းဖက်မလား။ ဘုန်းကြီးတို့ကတော့ မေတ္တာ ပရိတ်တော် ရွတ်မယ်။ ဒကာတို့ တားမြစ်လည်း ရွတ်ဖတ်မှာပဲ”

အဓမ္မဘက်တော်သား အရေးနိမ့်သွားလေပြီ။ မေတ္တာ တန်ခိုးကြောင့် နောက်ဆုတ်သွားသောအခါ သံဃာတော်များ တန်းစီ နေရာယူပြီး မေတ္တာသုတ် ပရိတ်တော်ကို စတင် ရွတ်ဖတ်လေသည်။ လူထု ပရိတ်သတ်ကြီးလည်း ယဉ်ကျေးစွာ ငြိမ်သက်ပြီး လက်ခုပ်များ ချီကာ ပရိတ်တော် ရွတ်ဖတ်ခြင်းကို နာကြားနေသည်။ နေအိမ်အမှတ် ၅၄ သည် ဝန်းထရံများ နှစ်ထပ် ကာရံထားခြင်းကြောင့် အိမ်ကို ကောင်းစွာ မမြင်ရသော်လည်း ပရိတ် ရွတ်ဖတ်သံကို ကောင်းစွာ ကြားနိုင်လောက်သည်။ မိုးရေ ထိထားသော နေအိမ် ခြံစည်းရိုးမှ ဒေါင်းအလံများသည် တလူထူ လွင့်နေသည်။ ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းများကို ရေးသားထားသော စာတမ်း ပိုစတာကြီးသည် ချီးမွမ်း ဂုဏ်ပြုသည့်အလား တဖတ်ဖတ် အသံပြုနေသည်။

ခဏအကြာမှာပင် နေအိမ် ခြံဝင်းတံခါးသည် ပွင့်လာသည်။ ရှေးဦးစွာ ထွက်လာသူက အရပ်မြင့်မြင့် လုံထိန်း ၃ ယောက် ဖြစ်သည်။ အဲ့ဒီနောက် ထွက်လာသူက ပင်နီအင်္ကျီ ဝတ်ဆင်ထားသော ဒေါ်အောင်ဆန်း စုကြည်ပင် ဖြစ်သည်။ ကပ်လျက် အမျိုးသမီး ၂ ဦးကလည်း ဘေးတဖက်စီ ခြံရံပေးထားသည်။ အားလုံးလိုလို သံဃာတော်များကို လက်အုပ်ချီ ဖူးမျှော်နေကြသည်။ ဒုတိယအကြိမ် ကန်တော့သောအခါ မျက်ရည်များ ယိုစီးကျလာသည်ကို အထင်းသား တွေ့လိုက်ရသည်။ တတိယမြောက် ကန်တော့ပြီးသောအခါ မေတ္တာပရိတ် ရွတ်ဖတ်နေကြသော သံဃာတော် အချို့ မိုးရေကြောင့်လား၊ မျက်ရည်ကြောင့်လားမသိ ခွဲခြားရခက်သော မိုးရေ (ဝါ) မျက်ရည်တို့သည် ပါးပြင်ထပ်၌ ခိုနေသည်။ အိမ်ရှေ့ဂိတ်မှ အစောင့် စစ်သားအချို့၏ မျက်နှာမှာ မကောင်းလှပေ။ ကျလုလု မျက်ရည်ကို မနည်း ထိန်းထားပုံရသည်။ လူပရိတ်သတ်ထဲမှ ရှိုက်သံများ ထွက်ပေါ်လာတာကြောင့် ကျနော်လည်း ကျလုလု မျက်ရည်ကို ထိန်းထားနေရသည်။ ဒီနောက်မှာတော့ ဝမ်းမြောက်စွာ နှုတ်ဆက်နေကြသော အသံများ ထွက်ပေါ်လာသည်။ မေတ္တာသုတ် ဖတ်ကြားမှုလည်း အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေသည်။

အဓမ္မ ဘက်တော်သားများ ပုံစံက အစွယ်ကျိုးသည့် မြွေပွေးလို ပျော့ခွေ သွားလေတော့သည်။ (ကျနော့်အထင် ကိုင်ထားသော သေနတ်များကို လွှင့်ပစ်ပြီး မျက်နှာကို ကားလမ်းနှင့် ပွတ်တိုက်ချင်နေပုံရသည်)

စီးနေကျ အမှတ် ၅၁ ဘတ်စ်ကားသည် လူအပေါင်း ကြပ်သိပ်နေသည့် အတွက် ညမိုးချုပ်မှ ကျနော် အိမ်ပြန်ရောက်သည်။ မိုးမိထားသော အရှိန်ကြောင့် စောစော အိပ်ယာဝင်ခဲ့ပေမယ့် အိပ်မပျော်နိုင်ဘဲ ယနေ့ မြင်ကွင်းတွင် ထူးဆန်းစွာ တွေ့ခဲ့ရသည့် အိမ်အမှတ် ၅၄ မှ ဒေါင်းအလံများနှင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း စာတမ်းများကို မျက်စိမှ မထွက်နိုင်ဘဲ မြင်ယောင်မိနေသည်။ လေမတိုက်ဘဲ ဘာကြောင့် အလံနှင့် စာတမ်းများ လွင့်နေရသနည်း …။

တိုက်ဆိုင်မှုတခု ဖြစ်ပါသည်။ ဂျပန်ခေတ်ကာလ ဖက်ဆစ် ဂျပန်တော်လှန်ရေး စတင်သောနေ့ (အောင်မြေနင်းပွဲနေ့) တွင် တော်လှန်ရေး ပန်းခြံတွင် လွှင့်ထူထားသော ဂျပန် အလံတော်နှင့် ဗမာ့ တပ်မတော် ဒေါင်းအလံတော် နှစ်ခုတွင် ဂျပန် အလံတော်သည် ငြိမ်သက်နေပြီး ဒေါင်းအလံတော်သည် တလူလူ လွင့်နေခဲ့ပါသည်။ မကြာလှပါ ဖက်ဆစ် ဂျပန်များ အရှုံးကြီး ရှုံးကာ တော်တော်လေး ပေးဆပ်လိုက်ရသည်။ ဗမာ့ တပ်မတော်သည် တပ်ပေါင်းစုကြီး အသွင်ဖြင့် အောင်မြင်မှု သရဖူ ဆောင်းနိုင်ခဲ့ပါသည်။

ယခုလည်း နိမိတ် ကောက်ရသော် သမိုင်းဝင် ဒေါင်းအလံတော်သည် မကြာမီ အောင်မြင်မှု သရဖူ ဆောင်းနိုင်ပြီး၊ အဓမ္မ ဘက်တော်သားတို့၏ ဘဝမှာ ဘယ်သို့ … ဘယ်ကို … ဘယ်လို … ဘယ်စခန်း သွားမည်နည်းကို တွေးမိရင်း များစွာ စိတ်မကောင်း ဖြစ်မိပါတော့သတည်း။

(စာရေးသူကို ဆက်သွယ်လိုပါလျှင် shanarmy@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။)


Friday, September 21, 2007

မြန်မာပြည်က သံဃာတော်များ၊ နိုင်ငံနှင့် စစ်အစိုးရအတွက် မေတ္တာပို့ခြင်း

ခင်မောင် (စင်ကာပူ)
၂၁-စက်တင်ဘာ-၂ဝဝ၇

မြန်မာနိုင်ငံမှာ ဗုဒ္ဒဘာသာ သံဃာတော်များ ၄ ရက် ဆက်တိုက် သပိတ်မှောက် ကံဆောင်ခြင်း ပြုလုပ်ရာမှာ စင်ကာပူက မြန်မာများကလည်း လာမဲ့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ ဘုန်းကြီးကျောင်းများမှာ စုပေါင်း မင်္ဂလာသုတ် ရွတ်ဖတ်ပြီး အာဏာပိုင်များအတွက် မေတ္တာပို့ ဆုတောင်းခြင်းများ ပြုလုပ်ကြမယ် သိရပါတယ်။ အက်စ်အမ်အက် နဲ့ လူစုခြင်းကို စင်ကာပူ အစိုးရက တားမြစ်ထားခြင်းကြောင့် တတ်နိုင်ရင် လူစုခြင်းများကို တယ်လီဖုန်းကနေ မြန်မာစကားနဲ့ ပြောဆို စုရုံးကြရေး အရေးကြီးပါတယ်၊ ခရစ်ယာန်များကလည်း မှောင်မိုက်တန်ခိုး ဝိညာဉ်ဆိုးများ ကြီးစိုးနေတဲ့ ချစ်သော မြန်မာနိုင်ငံကြီးအတွက်၊ အာဏာပိုင် နိုင်ငံခေါင်းဆောင်၊ လူထု ခေါင်းဆောင်များ အတွက် ကြားခံ ဆုတောင်းပေးပြီး၊ ဘုရားရှင်က ခွင့်လွတ်ဖို့၊ သူတို့ အမြင်မှန်ရပြီး ပြည်တွင်းက လူအများဟာ ကမ္ဘာမှာ အရာရာ အနှိမ့်ကျဆုံး ဆင်းရဲ၊ ဒုက္ခခံနေရပြီး ၊အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ စင်ကာပူ များတွင်သာမက ဟိုး အမေရိကား၊ ဂျပန်နိုင်ငံများအထိ သူများ မလုပ်ချင်တဲ့ အနှိမ့်ကျဆုံး အလုပ်များ အနှိမ်ခံ လုပ်ကိုင်နေရပါတဲ့ နိုင်ငံသားအားလုံး အားလုံးအတွက် စုပေါင်း အချိန်ကိုက် ဆုတောင်းခြင်းများနဲ့ ထောက်ခံ အားပေးသင့်ပါတယ်။

တဦးတည်း ဆုတောင်းခြင်း၊ ဘုရားကျောင်းတွင်း ယုံကြည်သူများ စုပေါင်း ဆုတောင်းခြင်းများဟာ အလွန် ကောင်းပါတယ်။ ဒီထက် ပိုမိုတက် အက်ရှင်ကလေးများလည်း မြန်မာပြည်က သံဃာများကို ထောက်ခံ အားပေးတဲ့ အနေနဲ့ စဉ်းစားသင့်ပါတယ်။ အခုအချိန်က တော်တော် အရေးကြီးပါတယ်။ ဘုရားသခင်က လွဲပြီး ဘာကိုမှာ ကြောက်စရာမလိုပါ။ ဆုတောင်း၊ စုပေါင်းလုပ်ဆောင်ခြင်းဟာ

မြန်မာပြည်မှာ ဆင်းရဲစွာ ကျန်ရစ်နေတဲ့ ကျွန်တော်တို့ ယုံကြည်သူ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းများ အတွက် ဖြစ်ပါတယ်။ နောက်တက်မဲ့ ဒီမိုကရေစီ အစိုးရ လက်ထက်မှာ ယုံကြည်သူများ၊ ဆက်လက် ခေတ်မီသူများ ဖြစ်အောင်၊ သံဃာတော်များနဲ့ အတူ၊ ယခု တတ်နိုင်သမျှ လက်တွဲ အားပေးသင့်ပါတယ်။

ဘာလုပ်နိုင်ပါသလဲ -- ဆုတောင်းခြင်းအားဖြင့် ဘုရားသခင် အလင်းပြပါလိမ့်မယ်။ အခုလို မမျှော်လင့်ဘဲ သံဃာများ အစိုးရကို လမ်းလျောက် မေတ္တာပို့ခြင်းဟာ ယုံကြည်သူမှာ အဆက်မပျက် ငိုကြွေး ဆုတောင်းပေးခြင်းများ ဘုရားသခင်က အကောင်းဆုံး ပေးတဲ့ အဖြေဖြစ်ပါတယ် လို့ သက်သေ ခံချင်ပါတယ်။

ရေကြီးနေတဲ့ မြို့ပျက်ကြီးနှင့် ဧတဒက်ရ အစိုးရ

ဆောင်းပါး
အောင်သူငြိမ်း စက်တင်ဘာ ၂၁ ရက်၊ ၂ဝဝ၇ ခုနှစ်
(၁)
ယခုတလော လောင်စာဆီ ဈေးတွေ တက်ပြီးနောက်ပိုင်း ဆန္ဒပြပွဲများ ဖြစ်လာခဲ့သည်။ ထိုမျှမက နောက်ဆုံး စစ်အစိုးရ၏ သံဃာများအပေါ် ရက်စက် ကြမ်းကြုတ်စွာ ဆက်ဆံ ပြုမူခဲ့သော လုပ်ရပ်များကြောင့် သံဃာများက "ပတ္တနိက္ကုဇ္ဇနကံ" ဆောင်ပွဲ၊ လမ်းလျှောက် ဆန္ဒပြပွဲများလည်း ဆက်တိုက် ဖြစ်လာနေခဲ့သည်။ မိမိလည်း အလုပ်ကောင်းကောင်း မလုပ်နိုင်။ အင်တာနက်တွင် သတင်းများ ကြည့်လိုက်၊ ဘလော့များ လျှောက်ကြည့်လိုက်၊ အခြားသူများက ချတ်တင်သတင်း ပေးလာ သည်များကို ဖြေ လိုက်နှင့် အလုပ်ရှုပ် နေခဲ့ရသည်။ မိမိက ဆန္ဒပြနေသူများ သံဃာများ နောက်ကွယ်က ပုံတွေကို ကြည့်ရင်း ရင်နာလာသည်။ အခြားသူများက ဤမျှ သတိထား၍ မြင်ချင်မှ မြင်ပါလိမ့်မည်။ သို့မဟုတ် ရိုးနေပြီလည်း ဖြစ်နိုင်ပါသည်။ အကြောင်းကတော့ ရန်ကုန်မြို့ကြီး စုတ်ပြတ် ပျက်စီးနေပုံကိုပါ ရင်နာဖွယ် မြင်နေရခြင်း ဖြစ်ပါသည်။ ရန်ကုန်မြို့တော် ခမ်းမကြီး ဆေးချောက်ကွာ မွဲညစ်နေသည်ကို မိမိ မြင်လိုက်ရသည်။ ရန်ကုန်မြို့ကြီး၏ နေရာများတွင် ရေလျှံနေသည်ကို မိမိမြင်ရသည်။ ဘတ်စကားများ ရေ လွှမ်းနေသော လမ်းမများပေါ်တွင် ပြေးနေကြသည်ကို မြင်ရသည်။ အချို့နေရာများ တွင် ၂ ပေ၊ ၃ ပေခန့်တိုင် ရေနစ်မြုပ် နေသည်ကို မြင်နေရသည်။ ထိုဓါတ်ပုံများထဲမှ လူထုအများ ခံစားနေကြရသော ဒုက္ခတွေကို မြင်လိုက်ရသည်။ ဆရာတော် သံဃာတော်များ ဘာကြောင့် သပိတ်မှောက် နေကြကြောင်းလည်း ပို၍ ထင်ထင်ရှားရှား ရှင်းလင်း လာသည်ဟု ထင်သည်။ အချို့သော မိတ်ဆွေများက ရန်ကုန်မြို့၏ (၈၀%) ရေလွှမ်းခံရသည်ဟု ပြောနေပါသည်။ ယနေ့တွင်ပင် ဝေဇယန္တာ၊ ကန်တော်လေး၊ သမိုင်းလမ်းဆုံ၊ ရွှေတိဂုံဘုရား လမ်း၌ ရေလွှမ်းနေသည်ဟု ဆိုကြပါသည်။ သမိုင်းလမ်းဆုံတွင် ရေလွှမ်းမှု အတော် ဆိုးနေသည်ဟု ဆိုပါသည်။ ဤသည်မှာ အတော်ကြီးကျယ်သော သဘာဝ ကပ်ဘေးဒုက္ခ အဖြစ် သတ်မှတ်ရတော့မည် ဖြစ်ပါသည်။
(၂)
ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ဖောက်ပြန်မှု အကြောင်းပြောလျှင် တကမ္ဘာလုံး ဖြစ်နေတာပဲဟု ဆိုကြမည်။ သည်လိုမျိုး ရောချနေသည့် ဆင်ခြေမျိုးက မိမိတို့ လူငယ်ဘ၀၊ မဆလ အစိုးရ ခေတ်ထဲက ကြုံခဲ့ဖူးသည်။ ကမ္ဘာမှာ လောင်စာဈေးတက် လို့ မြန်မာနိုင်ငံမှာ ဈေးတက်ရသည် ဆိုမည်။ ကမ္ဘာမှာ ကုန်ပစ္စည်းတွေ ဈေးတက်လို့ မြန်မာနိုင်ငံတွင်လည်း ဈေးတက်ရသည် ဟု လွယ်လွယ် ဆင်ခြေပေးပါလိမ့်မည်။ မဟုတ်ပါ။ စစ်အစိုးရက မြန်မာ ပြည်သူလူထုကို ဆင်းရဲ ဒုက္ခတွင်းထဲ ပစ်ထားခြင်း၊ နှစ်ထားခြင်းသာ ဖြစ်ပါသည်။ အချို့မိတ်ဆွေများက ပြောကြသည်။ "ရန်ကုန်မြို့ကြီးဟာ စွန့်ပစ်ခံရတဲ့ မြို့ပျက် တစပြင်ကြီးလို ဖြစ်သွားပါပြီ" ဟု ဆိုကြပါသည်။ နေပြည်တော် ကြပ်ပြေးတွင် ဒုစရိုက်မှု ကင်းသော၊ သဘာ၀၀န်းကျင် ညစ်ညမ်းမှု ကင်းသော၊ သန့်ရှင်းလှပသော မြို့ကြီး တည်နေစဉ်တွင် ရန်ကုန် မြို့တော်ကို မြို့တော် အဖြစ်မှ အဆင့်ချ၍ ခွာသွားကြပါသည်။ မှုခင်း မဂ္ဂဇင်းများကို ကြည့်လိုက်ပါ။ စိတ်မချမ်းသာဖွယ် မှုခင်းများ ရန်ကုန်တွင် ဖြစ်ပွားနေပါသည်။ ရေကြီးသည်။ မီးပျက်သည်။ မီးလောင်သည်။ အမှိုက်များ တောင်လို ပုံနေသည်။ နောက်ဆုံး ဘတ်စ်ကားရှားပါးမှုက အစ၊ ကုန်ဈေးနှုန်း အဆုံး ဒုက္ခ အလုံးစုံကို ခံစား နေကြရပါသည်။
မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အစိုးရက လျစ်လျူရှုထားပုံက သိသာလှပါသည်။ ကျန်းမာရေးနှင့် ပညာရေးအတွက် အစိုးရက ဘဏ္ဍာငွေမှ အနည်းငယ်မျှကိုသာ ကျခံ သုံးစွဲနေသည့် အချိန်တွင် စစ်တပ်နှင့် ကာကွယ်ရေး ကိစ္စများအတွက် အမြောက်အများ အကုန်ကျ ခံနေပါသည်။ ကိန်းဂဏန်းများ အတိအကျယူရန် ခက်ခဲသော်လည်း အချို့သော ပညာရှင်များ က မြန်မာနိုင်ငံ၏ စစ်အသုံးစရိတ်သည် ဘဏ္ဍာရေး ဘတ်ဂျက်၏ (၆၀%) မျှ ရှိမည်ဟု တွက်ချက်နေကြပါသည်။ အဏုမြူ ဓါတ်ပေါင်းဖို ဆောက်ရန်၊ မစ် တိုက်လေယာဉ်များ ၀ယ်ရန် စိတ်ကူးယဉ် နေပါသည်။ နေပြည်တော် နန်းတော် တည်ဆောက်ပြီး သာယာနေပါသည်။ မြန်မာနိုင်ငံတွင် ထုတ်ဝေသည့် စီးပွားရေး မဂ္ဂဇင်းတခု၏ ဖော်ပြချက်တွင် ယခု ပျဉ်းမနား နေပြည်တော် တည်ဆောက်ရေး အတွက် လုပ်သား တနေ့လျှင် ပျမ်းမျှ (၈၀, ၀၀၀) ခန့် သုံးနေပြီး၊ လုပ်အားခ ကုန်ကျစရိတ် တစ်လလျှင် ကျပ်သန်း (၄,၀၀၀) ခန့် ကုန်ကျမည်ဟု ခန့်မှန်း တွက်ချက် ထားပါသည်။ ထို့အပြင် စုစုပေါင်း နေပြည်တော် တည်ဆောက်ရေး စရိတ်သည် တိုင်းပြည်၏ စုစုပေါင်း ထုတ်ကုန်တန်ဖိုး ဂျီဒီပီ၏ (၁-၂%) ခန့် ရှိမည်ဟု ပညာရှင်များ တွက်ချက်ကြပါသည်။
ဤသို့ လူထုများ၏ အခွန်၊ ဘဏ္ဍာငွေများ တရကြမ်း သုံးစွဲနေချိန်တွင် ရန်ကုန်မြို့တော်ရှိ ပြင်ဆင်ရေး လုပ်ငန်းများကို လျစ်လျူရှု ပစ်ထားခဲ့ပါသည်။ သတင်းများအရ ယခု ရန်ကုန်မြို့တော်ဝန် ဖြစ်နေသူ အောင်သိန်းလင်းကလည်း ဘဏ္ဍာ ငွေ ထိထိရောက်ရောက် မရှာရဲ၊ မသုံးရဲ ဖြစ်နေသည်ဟု ကြားရပါသည်။ ထို့အပြင် ဤသို့ မြန်မာနိုင်ငံရှိ သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာမှုများ အတွက် တရားခံမှာ သဘာဝ ပတ်ဝန်းကျင်ကို စိတ်ထင်တိုင်း ဖျက်ဆီး၊ စီးပွားရေး အကျိုးအမြတ်အ တွက် လက်လွတ်စပယ် ပြုခဲ့သော စစ်ဗိုလ်ချုပ်များနှင့် လက်တဆုပ်စာ စီးပွားရေး လုပ်ငန်းရှင်များတွင်လည်း တာဝန် ရှိနေပါသည်။
(၃)
ဧတဒက်ရ
"ဒီအစိုးရကတော့ဗျာ။ လွယ်တာကို ခက်အောင်လုပ်တဲ့နေရာမှာ ဧတဒက်ရ ဘွဲ့ပေးသင့်တယ်။ ကြံဖန်တော်ပြီး လွယ်တာကို ခက်အောင် လုပ်နိုင်လွန်းတယ်" ဟု မိတ်ဆွေတဦးက မိမိကို ပြောပြ ပါသည်။
ရန်ကုန်ရှိ ဘတ်စ်ကားများနှင့် မော်တော်ယာဉ်များကို CNG ဓါတ်ငွေ့သုံး ယာဉ်များအဖြစ် ပြောင်းရန် ညွှန်ကြားခဲ့သည်။ ဓါတ်ငွေ့ သုံးနိုင်သည့် ယာဉ်ဖြစ်စေရန် အတွက် ယာဉ်ပိုင်ရှင်များက ကျပ် ၃ သန်းခန့် အထိ အကုန်အကျ ခံကြရသည်။ ထို့ အပြင် ဓါတ်ငွေ့ဖြည့်ရန် ယာဉ်တစ်စီးကို မိနစ် ၂၀ မှ ၃၀ ကြာစောင့်ရသည်။ မီးမလာလျှင် ဖြည့်မရ။ မဂ္ဂဇင်း တခုတွင် ဖော်ပြထားချက် အရ ၂၀၀၆ နိုဝင်ဘာလအထိ ပြောင်းပြီးသား ယာဉ် ၈,၅၀၀ ကျော် ရှိနေသည်။ ဓါတ်ငွေ့ဆိုင်က ၁၉ ဆိုင်ပဲ ရှိသည်။ ဤသို့ဖြင့် ယာဉ်များတန်းစီ အိပ်စောင့်ကြရသည်။ ယာဉ်များ၊ ဘတ်စကားများက ဓါတ်ငွေ့ဆိုင်တွင် တန်းစီနေချိန်တွင် ဘတ်စ်ကားစီးမည့် ပြည်သူများက ကားဂိတ်များတွင် စောင့်နေကြရသည်။ တလွဲ။
ထိုမျှမက မီးမလာ။ လာလျှင် ညပိုင်းလာသည်။ တခါတလေ မီးအား ဆောင့်တက်သည်။ မိမိ လျှပ်စစ် ပစ္စည်းများ မပျက်စေလိုလျှင် မိမိဘာသာ မီးအားထိန်းစက် ဝယ်ဖို့လိုသည်။ မိတ်ဆွေက ပြောပြသည်မှာ သူတို့ လင်မယားက ညဆိုလျှင် မအိပ်ရ။ မီးလာချိန်တွင် မိန်းမက မီးပူတိုက်၊ ထမင်းဟင်းချက် ရသည်။ သူက ရေတင်ဖို့ စောင့်ရသည်။ ၀န်ထမ်းများ ဘယ်လိုလုပ်မလဲ မေးတော့ ရုံးတွင် နေ့လယ်ပိုင်း သွားအိပ်ကြသည်ဟု ဆိုသည်။
ရန်ကုန်တွင် အမှိုက်များ ပုံနေသည်။ ပုဂ္ဂလိကက တပိုင်တနိုင် ရှင်းသူများကို ပေးမလုပ်။ ပုဂ္ဂလိကက လုပ်မည့် အမှိုက်သိမ်း စနစ်ကို မလွှဲ။ သူတို့လည်း မသိမ်း။ ဤသို့ဖြင့် ရန်ကုန်မြို့နောက်ဖေး လမ်းကြားများနှင့် လမ်းမများတွင် အမှိုက်များ ပုံနေတော့သည်။ "ရွံစရာကြီးပါဗျာ။ ရန်ကုန်မှာ မိုးနည်းနည်း မရွာလိုက်နဲ့။ ရေတွေက ခြေမျက်စေ့၊ ဒူးလောက် တက်လာတယ်။ တက်လာတဲ့ ရေတွေက အညစ်အကြေး အဖတ်အဖတ်တွေနဲ့။ အတော့်ကို ကျန်းမာရေးနဲ့ မညီညွတ်ဖူး" မိတ်ဆွေက ပြောပြသည်။ ဤသည်ကိုလည်း စစ်အစိုးရ အာဏာပိုင်များ ရှင်းပုံက သင်းသည်။ ဇူလိုင်လ Living Color မဂ္ဂဇင်းတွင် ဤသို့ ဖော်ပြထားသည်။ ရန်ကုန် စည်ပင်ရှိ ရပ်ကွက် အချို့တွင် ကိုယ်ထူကိုယ်ထ မြောင်းဖော်ရန် ညွှန်ကြားထားသည်။ ရယကများမှ တဆင့် ညွှန်ကြားထားပြီး၊ မိမိအိမ်ရှေ့တွင် ကိုယ်ထူကိုယ်ထ မြောင်းမရှင်းပါက ဒဏ်ငွေ (၁၀,၀၀၀) ရိုက်မည် ဟု ဆိုသည်။ ရန်ကုန် အခြေအနေက ကိုယ်ထူကိုယ်ထဖြင့် ပြီးနိုင်မည့်၊ ဖြေရှင်းနိုင်မည့် အခြေအနေ မဟုတ်တော့။ စက် ယန္တယားကြီးများဖြင့် ဖြေရှင်း လုပ်ဆောင်ရတော့မည့် အခြေ ဖြစ်သည်။
စိတ်ကလည်း ပုတ်သေးသည်။ အခြားသူများ သြဇာတက်မည်ကိုလည်း မလိုလား။ အရှင်ဆေကိန္ဒက ကလေးများကို တရားဟောသည်။ ကလေးများနှင့် အတူ အမှိုက်ကောက်သည်။ ကလေးများက ဆရာတော်နောက်မှ ထောင်နှင့်ချီကာ လိုက်၍ အမှိုက် ကောက်နေပုံကို မြင်ရသူများက သဒ္ဒါကြည်နူး၊ နှစ်ထောင်းအားရ ဖြစ်ကြသည်။ ဤသို့ အမှိုက်ကောက်သည့် သာဓုခေါ်ရမည့် လုပ်ငန်းကိုလည်း စစ်အာဏာပိုင်များက ပိတ်ပင်ခဲ့ပြန်သည်။
(၄)
၂၀၀၇ မေလက ရန်ကုန်မြို့တွင် နေရာ အတော်များများ ရေလွှမ်းခဲ့သည်။ ပြောရမည် ဆိုလျှင် သဘာဝ ကပ်ဘေးဒုက္ခ အဖြစ် သတ်မှတ်ကာ ကူညီရတော့မည့် ကာလ ဖြစ်သည်။ ထို့အပြင် လေဆင်နှာမောင်း တိုက်ခံရ၍ အိမ်များ ပျက်ခဲ့သည်။ မကြုံစဖူး ရန်ကုန် နေရာ အတော်များများလည်း ရေမြုပ်ခဲ့သည်။ အပျက်အစီးများအတွက် လျှော်ကြေး၊ ထောက်ပံ့ကြေး မဆိုထားနှင့်၊ ဤသတင်းများကိုပင် ဖုံးဖိ ပိတ်ပင်ခဲ့သည်။ သတင်းတခုအရ မေလ ရန်ကုန် ရေကြီးစဉ်က အရှင်ဆေကိန္ဒ ဆရာတော်က ထမင်း၊ ဟင်းများချက်ကာ ရေဘေး ဒုက္ခသည်များကို ကူညီရန် ကြိုးစားခဲ့သည်။ အာဏာပိုင်များက ခွင့်မပြုခဲ့။ အကြောင်းပြချက်မှာ ဤကိစ္စကို သဘာဝ ကပ်ဘေးဒုက္ခဟု မသတ်မှတ်ဟု ဆိုသည်။ အခြား နိုင်ငံများတွင် ရေလွှမ်း၊ မုန်တိုင်းကျ ကပ်ဘေးဒုက္ခများ ကျနေစဉ် ကူညီမည့် သူတို့နိုင်ငံက လုံခြုံရေး တပ်ဖွဲ့၊ တပ်မတော်သားများကို တွေ့ရသည်။ အစိုးရက ရဟတ်ယာဉ်များဖြင့် လူအများ အသက်ကယ်ရန် ကြိုးပမ်းကြသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင်တော့ ပြောင်းပြန် ဖြစ်သည်။ ဒေသခံ တိုင်းမှူးများက အလုပ်ရှုပ်ခံ၍ အထက် လူကြီးများထံ အစီရင်ခံစာများ တင်နေရမည့် အရေးကို မလိုလား။ ဖုံးဖိထားလိုက်ခြင်းက သက်သာသည်။ သူတို့အတွက်လည်း တာဝန်ကင်းသည်။ ဤသို့ဖြင့် လူအများ ပို၍ ဆင်းရဲဒုက္ခ ရောက်ကြရပြန်သည်။ နိုင်ငံတကာ အဖွဲ့အစည်းများလည်း ကူခွင့်မရ။ သူတို့ သိက္ခာကျမည်ကိုလည်း စိုးပြန်သေးသည်။
(၅)
တကယ်တော့ ပြဿနာကို ပြဿနာအဖြစ် အသိအမှတ် မပြုဘဲ ဖုံးဖိထားလိုခြင်းသာ ဖြစ်သည်။ ဆင်းရဲခြင်းသည် ပြဿနာ မဟုတ်။ ချမ်းသာ ဖွံ့ဖြိုးနေသည် ဆိုသော အမေရိကန်လို နိုင်ငံကြီးမျိုး၊ ဥရောပ နိုင်ငံများတွင်ပင် အိမ်မဲ့များ၊ ဆင်းရဲသူများ ရှိနေသည်။ ပြဿနာအဖြစ် အသိအမှတ်ပြုပြီး ဖြေရှင်းရန်သာ လိုပါသည်။
ယခုလည်း မိမိတွက်ထားလျှင် လွဲမည်။ ဤရေကြီးမှုသည် နအဖ စစ်အစိုးရ သတင်းစာတွင် သတင်း မဟုတ်ပါ။ သံဃာများ ဆန္ဒပြနေသည်မှာလည်း သံဃာတုတစု၊ လူနည်းစုဟုသာ ဖော်ပြနေပါဦးမည်။ တိုင်းပြည်ကြီး တိုးတက် ဖွံ့ဖြိုး၍ ဂျီဒီပီ (၁၀) ရာခိုင်နှုန်းကျော် တိုးတက်နေသည်ဟု လိမ်နေပါဦးမည်။ ရန်ကုန်မြို့တွင်လည်း ရေဘေး ဒုက္ခသည်များ မရှိပါ။ ဤသို့ ပြဿနာကို ပြဿနာအဖြစ် အသိအမှတ် မပြုလျှင်ဖြင့် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါ။ ပို၍ ဆိုးရွားလာဖွယ်သာ ရှိပါတော့သည်။
ပြီး။

Wednesday, September 19, 2007

စီးပွားရေး စကား၊ နိုင်ငံရေး စကား - မိုးသီးဇွန်

မိုးသီးဇွန်
စက်တင်ဘာ ၁၉ ရက်၊ ၂ဝဝ၇ ခုနှစ်

“အခုဖြစ်နေတဲ့ ဓာတ်ဆီဈေးနှုန်း တက်လာမှုအပေါ် ဖြစ်ပေါ်လာမယ့် ဆိုးကျိုး သက်ရောက်မှုတွေကို ကြိုတင် တားဆီးနိုင်ဖို့ အတွက် နိုင်ငံရေးအရ အဖြေရှာမှု လိုတယ်။ ဒါကို ၈၈ ကျောင်းသား ခေါင်းဆောင်တွေနဲ့ တခြား ဒီမိုကရေစီကို လိုလားတဲ့ သူတွေက အရေးဆိုနေကြခြင်း ဖြစ်ပါတယ်။ ဒီနောက်ကွယ်မှာ စစ်အစိုးရက မပါဘူး။ လှုပ်ရှားမှု မှန်သမျှကို သေးသေး၊ ကြီးကြီး ကျနော်တို့ ဆက်လုပ်ရမှာပါပဲ။”

ဓာတ်ဆီဈေးနှုန်းတွေ တက်လိုက်တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ တပြည်လုံး အတိုင်းအတာနဲ့ ဆက်တိုက် ဆိုသလို ဖြစ်လာခဲ့တာ နှစ်ပတ်ကျော်သွားပြီ။ ဓာတ်ဆီဈေး တက်လာတော့ ကုန်ဈေးနှုန်းတွေကလည်း ဆက်တိုက် တက်လာတော့မယ်။ ဒါဆို လူထုက ပိုပြီး စီးပွားရေးအရ ပိုမို ကျပ်တည်းလာမယ်။ အထွေထွေ စီးပွားရေး အကြပ်ဆိုက်မှုကြီးက စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လှုပ်ရှားမှုကြီးကို တစတစ ဦးတည်လာနေပြီ။

လက်ရှိ မြန်မာပြည် အခြေအနေဟာ ပိုလန်မှာ ၁၉၈ဝ ဝန်းကျင်က ဖြစ်တဲ့ အခြေအနေနဲ့ တူနေပါတယ်။

စစ်အေးကာလ တလျှောက်လုံးမှာ ကွန်မြူနစ် ဆိုရှယ်လစ် အစိုးရတွေဟာ စီးပွားရေးကို နိုင်ငံတော်ကနေ ချုပ်ကိုင်ထားတယ်။ (စီးပွားရေး ပညာအရ ပြောရင် ဈေးကွက်ကို အစိုးရက လက်ဝါးကြီး အုပ်ထားတာ)။ ဒီတော့ ဈေးနှုန်းတွေကို အစိုးရက သတ်မှတ်တယ်။

စီးပွားရေး ပညာအရ ဈေးနှုန်းကို ဈေးကွက်ရဲ့ ဝယ်လိုအား Demand နဲ့ ထုတ်လုပ်မှု Supply မျှခြေဟာ ဈေးနှုန်းကို သတ်မှတ် ပေးနေတာ ဖြစ်တယ်။ ဒါပေမဲ့ စစ်အေးကာလက ဆိုရှယ်လစ် ကွန်မြူနစ် အစိုးရတွေဟာ ကုန်ဈေးနှုန်းကို မထိန်းတတ်ကြဘူး။ ဈေးနှုန်းကို တည်ငြိမ်အောင် အများဆုံး အသုံးပြုခဲ့တဲ့ နည်းကတော့ Subsidy လုပ်ပြီး ထိန်းလာခဲ့ကြရတယ်။

Subsidy ဆိုတာ အရှုံးခံ ရောင်းရတာ ဖြစ်တယ်။ အစိုးရက ငွေကိုစိုက်ပြီး အရှုံးခံ လာလိုက်ကြတာ နောက်ဆုံးမှာ မစိုက်နိုင်တော့တဲ့ အခြေအနေကို ပိုလန် ကွန်မြူနစ် အစိုးရက ရင်ဆိုင်လာရတယ်။

ဒီတော့ ဈေးနှုန်းတွေကို မတက်ချင်ဘဲ တက်လိုက်ရတော့တယ်။ ဒီတုန်းက ပေါင်မုန့်ကနေ အိမ်သာသုံး စက�ူအထိ ဈေးတက်တယ်။ လူတွေ မသုံးစွဲနိုင်တော့ဘူး။ ဒီတော့ လီနက် သဘောင်္ကျင်းက အလုပ်သမားတွေက စလိုက်တဲ့ သပိတ်ဟာ ပိုလန် အစိုးရကို ပြုတ်ကျ သွားစေခဲ့တယ်။

ဒီနေ့လည်း စစ်အစိုးရက အလားတူ ပြဿနာကို ရင်ဆိုင်လာရတော့တယ်။ အစဉ်အလာအားဖြင့် မဆလ၊ နအဖ အစိုးရတွေက ဓာတ်ဆီကို Subsidy လုပ်နေခဲ့ကြတယ်။ ကမ္ဘာ့ပေါက်ဈေးက ဝယ်ပြီး ပြည်တွင်းမှာ အရှုံးခံ ရောင်းပေးလာခဲ့တာ နှစ်ပေါင်း ၄ဝ ကျော်ပြီ။

ဒီတော့ အစိုးရ ဝန်ထမ်းတွေထဲက ကားရှိတဲ့ အရာရှိတွေက တနေ့ကို ဓာတ်ဆီ ၄ ဂါလံရရင် တဂါလံကို သုံး၊ ၃ ဂါလံကို ရောင်းစားနဲ့ အသက်ဆက်လာတာ နှစ်ပေါင်း ၄ဝ ကျော်ပြီ။ တနည်းအားဖြင့် မဆလ၊ နအဖ ထိပ်ပိုင်း လူတွေကလည်း ခိုးစားတယ်။ အရာရှိတွေကိုလည်း တရားဝင် ဓာတ်ဆီကနေ ခိုးရာပါ ဝေစုကို ပေးစားလာခဲ့ကြတာ နှစ်ပေါင်း ၄ဝ ကျော်လာပြီ။

ဒီနေ့မှာတော့ ပြဿနာကို ရင်ဆိုင် လာကြရပြီ။ အစိုးရ ဝန်ထမ်း (စစ်တပ်က အရာရှိ၊ အစိုးရ ထိပ်ပိုင်း အရာရှိ၊ ရဲချုပ်များ) ဝေစုကို ကျေနပ်အောင် ခွဲပေးဖို့ လိုနေသေးတယ်။

ဒီတော့ ဓာတ်ဆီဈေး တက်လိုက်ရတယ်။ ဓာတ်ဆီဈေးကို အရင်ကလို အိပ်စိုက် မပေးနိုင်တော့ဘူး။

ဒေါက်တာ မောင်မြင့်က မြန်မာ လူထုတွေဟာ အရှေ့တောင်အာရှမှာ ဝင်ငွေ အနိမ့်ဆုံး ဝင်သူတွေ ဖြစ်တဲ့အတွက် ဈေးနှုန်း မြင့်တက်မှုကို ခံနိုင်ရည် မရှိဘူးလို့ ထောက်ပြထားတယ်။ ဓာတ်ဆီဈေး တက်လာရင် တခြား ကုန်ပစ္စည်းတွေလည်း လိုက်တက်လာတာ သဘာဝ ဖြစ်ပါတယ်။

ကုန်ပစ္စည်းတွေ ထုတ်လုပ်မှုနဲ့ ဖြန့်ချိမှုဟာ လောင်စာပေါ်မှာ မှီခိုနေရလို့ ဖြစ်တယ်။ ဓာတ်ဆီဈေးနှုန်းက ကမ္ဘာပေါက်ဈေး ဖြစ်နေရင်၊ ကုန်ပစ္စည်းတွေ ပေါက်ဈေးကလည်း ကမ္ဘာပေါက်ဈေး အတိုင်းပဲ ဖြစ်လာမယ်။ အခြေခံ စားကုန် ဈေးနှုန်းတွေ ဆက်တိုက် တက်လာမယ်။

အမေရိကန်လူမျိုး တယောက်ရဲ့ ဝင်ငွေက တနှစ်ကို အနည်းဆုံး ဒေါ်လာ ၃ သောင်းခွဲ၊ မြန်မာတဦး ဝင်ငွေက တနှစ်ကို ဒေါ်လာ ၂ဝဝ အောက် ဖြစ်နေတယ်။

ဒီတော့ မြန်မာတွေ ဘာကိုစားပြီး၊ ဘယ်လို အသက်ရှင်ကြမလဲ ဆိုတာ မစဉ်းစားရဲဘူး။ ဓာတ်ဆီဈေး တက်တာဟာ ဆန်းတဲ့ကိစ္စ မဟုတ်ဘူး။ ၁၉၉ဝ ဝန်းကျင်က အာရှ စီးပွားရေး အကြပ်ဆိုက်မှု ဖြစ်ခဲ့တယ်။ ထိုင်းက ကမ္ဘာ့ဘဏ်၊ အိုင်အမ်အက် (အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေ အဖွဲ့) တို့က ငွေချေးခဲ့ရတယ်။

ဒီတော့ အကြွေးရှင်၊ မြီရှင် အဖွဲ့စည်းတွေက သူတို့ ထိုင်းကို ချေးထားတဲ့ငွေတွေ သေချာပေါက် ပြန်ရအောင် စီမံချက်တွေ၊ စီးပွားရေးဆိုင်ရာ စည်းကမ်းချက် အသစ်တွေကို ရေးဆွဲ လာတော့တယ်။

ဒီထဲမှာ ဓာတ်ဆီဈေး တက်ခိုင်းတာလည်း ပါတယ်။ မူလ ပေါက်ဈေးထက် တက်ရောင်းခိုင်းတယ်။ ဈေးတက်တော့ အစိုးရက ငွေပိုရလာတယ်။ ဒီငွေ ပိုရလာမှ မြီရှင် နိုင်ငံတွေကို သေချာပေါက် ပြန်ဆပ် လာနိုင်တာပေါ့။

ထိုင်းနိုင်ငံက ဈေးတက်ခဲ့တယ်။ ဓာတ်ဆီဈေး တက်လို့ ပြဿနာ မဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လဲ။ ထိုင်းနိုင်ငံရဲ့ ဈေးကွက်ဟာ အလွန်ကို ခိုင်မာနေတယ်။ ဓာတ်ဆီဈေး တက်လာတဲ့ ဒဏ်ကို ခံနိုင်ရည် ရှိနေတယ်။

မြန်မာပြည်မှာကတော့ ခံနိုင်ရည် မရှိသလောက် ဖြစ်နေတယ်။ ဈေးကွက် တခုလုံးက ပျက်စီးနေတယ်။ တံခါးဖွင့် ဈေးကွက် စီးပွားရေး စနစ်ကို စစ်အစိုးရက သွားမယ်လို့ လေသံကောင်း ဟစ်နေပေမယ့် ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားတယ်။ ဒီဒဏ်ကို အခုတော့ စစ်အစိုးရရော၊ လူထုပါ ခံနေရတယ်။

ဓာတ်ဆီဈေးတက်လာရင် တခြား ကုန်ပစ္စည်းတွေကလည်း လိုက်တက်လာတော့မှာ ဖြစ်တယ်။

မြန်မာပြည် လောင်စာထုတ်လှုပ်မှုနဲ့ စားသုံးမှု အခြေအနေ

စီအိုင်အေ ဝပ်ဆိုဒ် မှာ မြန်မာနိုင်ငံ လောင်စာ ထုတ်လုပ်မှုနဲ့ စားသုံးမှုကို ခန့်မှန်း တွက်ချက်ထားချက် အရ -

စဉ်

Total

Year

1

Oil Production

9500 bbl/day

2006

2

Oil Consumption

20,460 bbl/day

2006

3

Oil Export

5,000 bbl/day

(2006 est.)

4

Oil Import

19,180 bbl/day

(2004 est.)

5

Oil Reserve

less than 50 million bbl

(1 January 2005)

အထက်ဖော်ပြပါ ဇယားအရ တွေ့ရတယ်။ ဒီဇယားအရ မြန်မာပြည်က ရေနံထွက်တယ်။ ထွက်တာက ရေနံစိမ်း၊ ရေနံကို မသန့်စင်နိုင်ဘူး။ ဒီတော့ ရေနံစိမ်းအတိုင်း ရောင်းတယ်။ ပြန်ဝယ်သုံးရတာက တနေ့ကို ၁၉၁၈ဝ စည် ရှိတယ်လို့ သိရတယ်။ တစည်မှာ ၄၈ ဂါလံ ပါတယ်။ ဒီတော့ ဂါလံပေါင်း ၉၂ဝ၆၄ဝ ဂါလံ သုံးစွဲမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ၂ဝဝ၄ ခုနှစ်အထိ စစ်အစိုးရ အနေနဲ့ တနေ့ကို ဒေါ်လာ ၉၂ဝ၆၄ဝ ခန့် Subsidy လုပ်နေရမယ့် သဘော ရှိတယ်။ တနေ့ကို လောင်စာအတွက် ဒေါ်လာ တသန်းနီးပါး ရှုံးနေရမယ်။ တလဆိုရင် သန်း ၃ဝ ရှုံးမယ်။ တနှစ်ကို သန်း ၃၆ဝ ခန့် သုံးစွဲရမယ်။

စစ်အစိုးရ အနေနဲ့ နိုင်ငံခြား ဝင်ငွေရနေတဲ့ လမ်းကြောင်းတခု ရှိနေတယ်။ ဒါကတော့ သဘာဝ ဓာတ်ငွေ့ကို နိုင်ငံခြား ရောင်းရတဲ့ နေရာကနေ ရတဲ့ ဝင်ငွေ။ ၂ဝဝ၆ ခုနစ်က ထိုင်းတနိုင်ငံထဲကို ဓာတ်ငွေ့ ရောင်းချမှုက ဒေါ်လာ ၂ ဘီလီယံ ရထားပါတယ်။ ဒါဆိုရင် အစိုးရက Subsidy လုပ်နိုင်ပါတယ်။ ဘာကြောင့် စစ်အစိုးရက လူထုအတွက် မသုံးစွဲတော့တာလဲ ဆိုတာ မေးစရာ ဖြစ်နေပါတယ်။ ကျွမ်းကျင်တဲ့ စီးပွားရေး ပညာရှင်တွေက စစ်အစိုးရက ပျဉ်မနား မြို့တော် တည်ဆောက်ရေး အတွက် ဒလဟော သုံးစွဲခဲ့တယ်။ နောက်ပြီးတော့ ရတနာပုံ ဆိုတဲ့ မြို့ကို ထပ်မံတည်ဆောက်နေပြန်တယ်လို့ သိရတယ်။ ဒီအတွက် ငွေတွေသုံးစွဲဖို့ လိုအပ် နေပြန်ပါတယ်။ ဒီတော့ လူထုအတွက် သယ်ယူ ပို့ဆောင်ရေး လျှပ်စစ်မီး မှန်မှန်လာအောင် သုံးရမယ့် လောင်စာအတွက်တော့ သုံးစရာငွေ မရှိဘူး ဖြစ်နေတယ်။

ဆောက်လေ ရှုံးလေ

အဆောက်အဦများ ဆောက်ခြင်းကြောင့် စီးပွား တက်နိုင်သလို စီးပွားလည်း ပျက်နိုင်ပါတယ်။ စီးပွား ပျက်နိုင်တာကတော့ အဆောက်အဦတွေက ဝင်ငွေကို ပြန်ရှာမပေးနိုင်တဲ့ အခါမှာ စီးပွား ပျက်စေပါတယ်။ ကျနော့် မျက်စိရှေ့မှာ စီးပွားပျက် ကပ်ကို ကြုံလိုက်ရတဲ့ နိုင်ငံက ထိုင်းနိုင်ငံ ဖြစ်ပါတယ်။ ၁၉၉ဝ ဝန်းကျင်လောက်မှာ ကျနော်တို့ ထိုင်းနိုင်ငံထဲမှာ လှုပ်ရှား သွားလာနေစဉ်က ထိုင်းနိုင်ငံထဲမှာ မြို့သစ်တွေ၊ အိမ်တွေ သန်းနဲ့ ချီ ပေါ်ပေါက်လာတာကို မြင်နေရပါတယ်။

တောထဲကို တခါဆင်းပြီး နောက်လ အနည်းငယ်မှာ ထိုင်းနိုင်ငံဘက်ကို ပြန်တက်လာတဲ့ အခါမှာ မြို့သစ်တခု ပေါ်နေပါတယ်။ ဧရာမ အဆောက်အဦကြီး တခု တည်ဆောက်ပြီး ဖြစ်နေတာကို တွေ့ရပါတယ်။

ဒီတော့ လူတွေက ထိုင်းတွေ စီးပွား တက်လာချည်လားလို့ ထင်လာတယ်။ တကယ်က ထိုင်းနိုင်ငံ နိုင်ငံရေး သမားတွေနဲ့ စီးပွားရေး သမားတွေ ပေါင်းပြီး လုပ်စားနေကြတာ ဖြစ်ပါတယ်။ ဘဏ်တွေက ငွေချေးပေးတယ်။ ဒီတော့ စီးပွားရေး သမားတွေက အိမ်တွေ၊ အဆောက်အဦတွေကို ဆောက်ကြတယ်။ အများစု ငှားစားဖို့ အကြံနဲ့ပါ။

၁၉၈ဝ လောက်က ထိုင်းစီးပွားရေး တဟုန်တိုး တက်ထားတယ်။ အိမ်ငှားစားတဲ့ စီးပွားရေးက အလွန်ကိုက်တယ်။ ကျေးလက်က လူတွေ မြို့ကို လှိုင်းလုံးတွေလို လှိမ့်တက်နေတယ်။

နိုင်ငံခြား ရင်းနှီး မြုပ်နှံသူတွေ၊ နိုင်ငံခြား လူမှုရေး အသင်းအပင်းတွေက နိုင်ငံခြားသားတွေ ထိုင်းနိုင်ငံကို ခြေစုံပစ် ဝင်နေတယ်။ ဒီတော့ အိမ်တွေ၊ နေထိုင်စရာ Apartment တွေ လိုနေတယ်။

ဒါကြောင့် အိမ်ငှားတဲ့ စီးပွားရေးက အရင်းကို ဖွံ့ဖြိုး တိုးတက်လာတာ ဖြစ်တယ်။ ဒီတော့ နောက်က စီးပွားရေး သမားတွေက မဆင်မခြင် လိုက်ပြီး အဆောက်အဦတွေ ထပ်ဆောက်တယ်။ အပြိုင်အဆိုင် ဆောက်ကြတယ်။ ဒီတော့ ဝယ်လိုအားထက်၊ ထုတ်လုပ်မှုက များသွားတော့တယ်။ အိမ်ငှားမယ့်သူတွေ (Customers) တွေထက်၊ ငှားစားမယ့် အဆောက်အဦတွေက (Suppliers) များသွားတယ်။ အဆောက်အဦတွေ ဆောက်ပြီးတဲ့အခါ လူမရဘူး။ ဟောင်းလောင်းတွေ ဖြစ်လာတယ်။ ဆောက်လက်စတန်းလန်း ရပ်ကုန်တယ်။ အဆောက်အဦတွေ ငွေပေါရင် ပြန်ဆပ်ဖို့ ရည်မှန်းထားပေမယ့် ငွေမပေါတဲ့ အခါမှာတော့ စီးပွားရေး ပျက်သလို ဖြစ်လာကြတယ်။ အဆောက်အဦတွေဟာ ဆောက်ခြင်းကြောင့် ပြဿနာရှိတယ်။ ဒါကတော့ အဆောက်အဦ ဆောက်တဲ့အခါ ငွေကို သုံးစွဲလာကြတဲ့အတွက် GDP တွက်တဲ့အခါမှာ တက်လာတယ်လို့ သတ်မှတ်လို့ ရတယ်။ တနည်းအားဖြင့် စီးပွားရေး တိုးတက်တယ်ပေါ့။ အဆောက်အဦ ဆောက်နေတဲ့ ကာလတွေမှာ လူတွေ အလုပ်ရတယ်။ အလုပ်ရှိတော့ ဝင်ငွေရှိတယ်။ သုံးနိုင် စွဲနိုင်ကြတယ်။

ဒါပေမဲ့ အဆောက်အဦတွေက ဘာပြန်ပြီး ငွေရှာပေးမှာလဲ ဆိုတာက မေးခွန်း ဖြစ်လာတယ်။ ရေရှည် စီးပွားရေး တွက်ကိန်းကျတော့ ဘာပဲဆောက်ဆောက် ငွေပြန်ဝင်ဖို့ လိုလာတယ်။ ငွေပြန်မဝင်ရင် ရှုံးမယ်။ ရှုံးရင် တိုင်းပြည် စီးပွားရေးကို ထိခိုက်လာတာပဲ။ ဒါကြောင့် အဆောက်အဦ ဆောက်တိုင်း ဒီအဆောက်အဦတွေက ငွေဘယ်လို ပြန်ဝင်မှာလဲ ဆိုတာကို စဉ်းစားရမယ်။

ပေါမောက္ခ ဒီဆိုတိုးရဲ့ Mystery of Capital ဆိုတဲ့စာအုပ်မှာ ဘုရားတည်တာ၊ ဗလီဆောက်တာ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ဆောက်တာတွေ အားလုံးဟာ ငွေအရင်းကို ထိခိုက်စေတယ်။ ဘုရားတွေ၊ ဗလီတွေ၊ ဘုရား ရှိခိုးကျောင်းတွေ များလေ၊ တိုင်းပြည် စီးပွားရေး နစ်နာလေပဲလို့ ထောက်ပြထားတယ်။ ဆင်းရဲတဲ့ နိုင်ငံတွေ ဆင်းရဲရတဲ့ အကြောင်းကတော့ ဘာသာရေး ဆိုင်ရာ အဆောက်အဦတွေ များလွန်းလို့ ထောက်ပြထားတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီအဆောက်အဦတွေက စီးပွားရေး တိုးတက်အောင် ဘာတခုမှ အထာက်အကူ ပြန်မပြုနိုင်လို့ပဲ။ အသုံးပဲရှိပြီး၊ အဝင်မရှိတဲ့ သဘော။ နှစ်ပေါင်းများစွာ ဘာသာရေး အယူအဆပေါ်မှာ လိုက်ပါလာကြတယ်။ ဒီလို နှစ်ပေါင်းများစွာ အသုံးပဲရှိခဲ့ပြီး စုဆောင်းတာ၊ ရင်းနှီးတာ မရှိခဲ့တာတွေက ဒီနေ့ ပြန်ထိခိုက်လာကြတဲ့ သဘော ဖြစ်လာတယ်။ ပြဿနာက ဒီအချက်ကို လူတွေကို ပြောလို့ မကြိုက်ကြပြန်ဘူး။ ကွန်မြူနစ်၊ မိစ္ဆာဒိဋ္ဌိဆိုပြီး ပြောတတ်ရုံကလွဲလို့ အသိဉာဏ် မရှိဘူး။ ရေရှည်ကို မစဉ်းစားတတ်ကြဘူး။

သိပ်ချမ်းသာလာပြီ ဆိုရင် ဆောက်ကြစမ်းပါ။ မိုးပျံဘုရားတွေ၊ ဗလီတွေ၊ ဘုရားကျောင်းတွေ တည်ကြစမ်းပါ ကိစ္စမရှိဘူး။ တိုင်းပြည် ကုန်းကောက်စရာ မရှိအောင် ဆင်းရဲ နေချိန်မှာတော့ ဒါဟာ အကြီးအကျယ် ပြဿနာရှိတယ်။ ဘာဖြစ်လို့လဲ။ လူတွေ ဆင်းရဲလာတယ်။ လူတွေ ဆင်းရဲလာတော့ တိုင်းပြည်က ထွက်ပြေးကြတယ်။ အိမ်နီးနားချင်း နိုင်ငံတွေကို တရားမဝင် ပြေးကြရတယ်။ ဒီတော့ ကိုယ့်နိုင်ငံထဲမှာ လူဦးရေ ကျဆင်းတယ်။ လူမျိုး ပျောက်သွားနိုင်တယ်။ မြေတွေကို စောင့်ရှောက်မယ့်သူ မရှိတော့ဘူး။ စီးပွားရေးလုပ်ငန်း မရှိတော့ဘူး။ ဒီတော့ နိုင်ငံခြားသားတွေက လစ်ဟာသွားတဲ့ နေရာတွေမှာ အစားထိုးဝင်ရောက်လာလို့ ဖြစ်တယ်။ ဆင်းရဲမှုဆိုတာ ထွက်ပြေးလို့ မလွတ်ဘူး။ မျက်နှာချင်း ရင်ဆိုင်မှရတယ်။ အခုဆိုရင် မြန်မာပြည်မှာ ယောက်ျားလေးတွေ နိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်နေကြတယ်။ ကျန်ရစ်ခဲ့တဲ့ မိန်းကလေးတွေကို ယူမယ့်သူ နည်းလာတယ်။ မိန်းကလေးတွေ အပျိုကြီးတွေ များလာတယ်။ နိုင်ငံခြားသားနဲ့ ယူတာ များလာတယ်။ လူမျိုး ပျောက်လာနိုင်တယ်။ လူမျိုးပျောက်ရင် ဘာသာလည်း ပျောက်မှာပဲ။

ဒီနေ့ နအဖ အစိုးရကလည်း အဆောက်အဦတွေကို ဆောက်ခဲ့ပါတယ်။ ဒါကတော့ ...

(၁) ဗိုလ်ချုပ်ခင်ညွန့် မပြုတ်မီလက လူတွေက အိမ်တွေကို အကြီးအကျယ် ဆောက်ကြတယ်။ ကန်ထရိုက် တိုက်တွေ ပေါ်လာတယ်။ အိမ်ခန်းဈေးတွေက အရမ်းကို ဈေးကြီးနေတယ်။ တချို့လူတွေ အိမ်ခန်းတွေကို အရစ်ကျငွေ သွင်းပြီး ဆက်မပေးနိုင်တာတွေ ဖြစ်လာတယ်။
(၂) နိုင်ငံခြားရောက်တဲ့ မြန်မာတွေက အိမ်တွေ ခြံတွေကို မြန်မာပြည်မှာ ပြန်ဝယ်ကြတယ်။ ဒီတော့ အိမ်ဈေး၊ မြေဈေးတွေက မတန်တဆ ဈေးတက်လာတယ်။ ဒါပေမဲ့ ပြန်ပြီး ငွေဝင်တာ မရှိဘူး။ လူတွေက ငွေကို မယုံကြည်ကြတဲ့အတွက် မြေဈေးတွေကို နင်းကန် တင်ထားကြတယ်။ ဈေးတွေက နင်းကန် တက်နေတယ်။ တကယ်တမ်း အလုပ်လည်းမဖြစ်ဘူး။

ငွေတွေ မြုပ်ကုန်သလို ဖြစ်လာတယ်။ ငွေတန်ဖိုး ဖောင်းပွလာတယ်။ ကုန်ဈေးနှုန်းတွေ တက်လာပြန်တယ်။ ပိုက်ဆံ ရှိတဲ့သူတွေ မဆင်မခြင်မှုကြောင့် ဆင်းရဲတဲ့ သူတွေအတွက် ထိခိုက်မှု ဖြစ်လာတယ်။ ဒီတော့ ဈေးကွက် ပျက်စီးအောင် လုပ်သလို ဖြစ်လာတယ်။ စီးပွားရေးကို ထိခိုက်လာတယ်။

(၃) နအဖ ပျဉ်းမနားမှာ မြို့သစ်ဆောက်တယ်။ ဥမင်လိုဏ်ခေါင်းတွေ တူးနေတယ်။ ရတနာပုံလို့ ခေါ်တဲ့ မြို့သစ် တခုကိုလည်း ထပ်ဆောက်နေတယ်။ ဒါတွေက ဧရာမ ပရောဂျက် (စီမံကိန်း)တွေ။ ငွေတွေ အသုံးပဲရှိပြီး ဘာမှ ရေရေရာရာ ပြန်မဝင်နိုင်တော့မယ့် ဟာတွေ။ ဒီတော့ အသုံးပဲရှိပြီး ပြန်မဝင်တော့ မြန်မာ့ စီးပွာရေးကို အကြီးအကျယ် ထိခိုက်စရာ ဖြစ်လာပြန်တယ်။

စစ်အစိုးရက တဖက်လှည့်နဲ့ ဆန္ဒပြမှုတွေ လုပ်နေတာလား

နောက်တခု ဆွေးနွေးစရာ ရှိတာကတော့ မြန်မာပြည်ဟာ စီးပွားရေးပြဿနာတွေနဲ့ ရင်ဆိုင်လာရပြီ၊ လူထုက မကျေနပ်မှုတွေ များလာပြီ။ ဒါကြောင့် စစ်အစိုးရက ဆူပူမှုတွေကို တဖက်လှည့်နဲ့ ဖန်တီးနေတာ ဖြစ်နိုင်တယ်လို့ တချို့ မိတ်ဆွေများ၊ အင်တာနက်မှာ တချို့ လူငယ်တွေရဲ့ ဆွေးနွေးသံကို ကျနော် ကြားနေရပါတယ်။

ဒါကတော့ အတွေးခေါင်မှု တခုလို့ မြင်တယ်။ အစိုးရတိုင်းဟာ နိုင်ငံရေး လှုပ်ရှားမှုတွေ ဖြစ်လာမှာကို စိုးရိမ် တတ်ကြပါတယ်။ ဖွံ့ဖြိုးမှုနဲ့ တည်ငြိမ်ရေးဟာ အစိုးရတိုင်း မျက်လုံးအိမ်သဖွယ် ထိန်းသိမ်းနေရတဲ့ အချက် ဖြစ်နေလို့ပါပဲ။

တခါတရံမှာတော့ အစိုးရတွေက နိုင်ငံရေး ထွက်ပေါက်အနေနဲ့ ဘာသာရေး အဓိကရုဏ်းတွေ၊ လူမျိုးရေး အဓိကရုဏ်းတွေ ဖန်တီးလေ့ ရှိပါတယ်။ ၁၉၆၈ ခုနှစ်က ဆန်ရှားတယ်၊ ဆန်ပြတ်ပြီ၊ လူတွေဆူမယ့် အနေအထား ဖြစ်လာတယ်။ ဒီတော့ ဦးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီ အစိုးရက တရုပ်-ဗမာ အဓိကရုဏ်းကို ဖန်တီးခဲ့တယ်။

အဓိကရုဏ်းကို ဖန်တီးတဲ့ပုံကတော့ စစ်ထောက်လှမ်းရေးက မွေးထားတဲ့ ဘိုးတော် တင်ဦးဆိုတဲ့ သူက စတင် မီးမွှေးပေးပါတယ်။ တရုတ် သံရုံးကို သူက စတင် တိုက်ခိုက်ပြတယ်။ နောက်တော့ လူတွေ ပါလာတယ်။ စစ်တပ်က ဝင်ထိန်းတယ်ပေါ့။

၁၉၈၈ ခုနှစ်မှာ အထွေထွေ လူထု အုံကြွမှုကြီး ဖြစ်ခါနီးမှာ မဆလ က မူစလင်နဲ့ ဗုဒ္ဓဘာသာ အဓိကရုဏ်းကို ဖန်တီးခဲ့သေးတယ်။ ဒီလောက်တော့ ပြန့်နှံ့မသွားဘူး။ ဗကသ နဲ့ မူစလင် လူကြီးတွေက ကျေညာချက်တွေ ထုတ်ပြန်ပြီး နီးစပ်ရာကို တားဆီးခဲ့ကြပါတယ်။ သိပ်တော့ အကျယ်အပြန့်ကြီး မဟုတ်ပေမယ့် မူအရ လက်မခံဘူး ဆိုတာကို ချပြနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြမှု လမ်းကြောင်းကိုပဲ ကျနော်တို့ ဟောပြောခဲ့၊ စည်းရုံးခဲ့ကြတယ်။

ဒီလို ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေကို စစ်အစိုးရတွေက ဖန်တီးလေ့ ရှိပေမယ့် တပြည်လုံး အတိုင်းအတာ ဆောင်နိုင်တဲ့ လှုပ်ရှားမှုတွေကိုတော့ မဖန်တီးရဲကြပါဘူး။

အခုဖြစ်နေတဲ့ ဓာတ်ဆီဈေးနှုန်း တက်လာမှုအပေါ် ဖြစ်ပေါ်လာမယ့် ဆိုးကျိုး သက်ရောက်မှုတွေကို ကြိုတင် တားဆီးနိုင်ဖို့ အတွက် နိုင်ငံရေးအရ အဖြေရှာမှု လိုတယ်။ ဒါကို ၈၈ ကျောင်းသား ခေါင်းဆောင်တွေနဲ့ တခြား ဒီမိုကရေစီကို လိုလားတဲ့ သူတွေက အရေးဆိုနေကြခြင်း ဖြစ်ပါတယ်။ ဒီနောက်ကွယ်မှာ စစ်အစိုးရက မပါဘူး။

လှုပ်ရှားမှု မှန်သမျှကို သေးသေး၊ ကြီးကြီး ကျနော်တို့ ဆက်လုပ်ရမှာပါပဲ။


မိုးသီးဇွန်


စက်တင်ဘာလ ၁၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

Tuesday, September 4, 2007

မီဒီယာကို မီဒီယာနဲ့ တိုက်မယ် ဆိုရင် …

ကျော်ထင်
စက်တင်ဘာလ ၄ ရက်၊ ၂ဝဝ၇ ခုနှစ်

ဒီလ ၁ ရက်နေ့ထုတ် မြန်မာ စစ်အစိုးရ သတင်းစာမှာ ပြည်ပ အခြေစိုက် အသံလွှင့်ဌာန တခုက သတင်းမှား ထုတ်တယ် ဆိုတာ ပါလာတော့ ပြန်ကြားရေး ဝန်ကြီးဆိုသူ ပြောပြောနေတဲ့ မီဒီယာကို မီဒီယာနဲ့ တိုက်မယ် ဆိုတဲ့ အချက်ကို သွားသတိရပါတယ်။

မန္တလေးမှာ ဆန္ဒပြတယ် ဆိုတာ တကယ် မဟုတ်ဘူးလို့ သတင်းစာက ပြောပါတယ်။ သတင်းမှာ ပါတဲ့အတိုင်း မန္တလေးမှာ ဆန္ဒမပြကြဘူး ဆိုတဲ့ သတင်းကိုသာ မဟုတ်မှန်ဘူး ဆိုရင် နိုင်ငံအနှံ့ တခြား နေရာတွေမှာ ဒီနေ့အထိ ဆန္ဒပြတာတွေ၊ ဓာတ်ပုံ၊ ဗွီဒီယို မှတ်တမ်းတွေက ပြည်ပ အခြေစိုက်ရော၊ ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းဌာနတွေ ထုတ်လွှင့် နေကြတာကိုရော ဟုတ်ပါတယ်လို့ ဝန်ခံနေသလို ဖြစ်နေပါတယ်။

သတင်း မီဒီယာ တခုဟာ ဖြစ်ပျက်နေတဲ့ အခြေအနေပေါ်မှာ ပြည်သူလူထုကို သတင်းမှန်တွေ ထုတ်လွှင့် ရေးသားနိုင်ဖို့ အတွက်ကတော့ ကြိုးစားကြမှာချည်းပါပဲ။ တကယ်လို့ နအဖ စွပ်စွဲလိုက်တဲ့ အဲဒီ ပြည်ပ မီဒီယာထုတ်တဲ့ သတင်းဆိုတာ မှား၊ မမှား ဆိုတာ နားထောင်သူ၊ စာဖတ်သူ၊ ကြည့်ရှုသူကပဲ အကဲဖြတ်သွားမှာပါ။ လိမ်ညာလို့ မရတာကတော့ စစ်အစိုးရထုတ် သတင်းစာတွေထဲက ပြည်သူလို့ အမည်ခံထားတဲ့ ကြေးစား လူမိုက်တွေရဲ့ အကြမ်းပတမ်းလုပ်တဲ့ လုပ်ရပ် အထောက်အထားတွေ ကတော့ ပြည်တွင်းရော၊ ကမ္ဘာအနှံ့ပါ ပြန့်နေပါပြီ။ တကယ်တမ်း မီဒီယာကို မီဒီယာနဲ့ တိုက်ချင်တယ်ဆိုရင် ပြည်တွင်းမှာ မြန်မာ့အလင်း၊ ကြေးမုံဆိုတာ ဘယ်အဆင့်ရှိတယ် ဆိုတာလည်း စာဖတ်သူ ဆန္ဒ၊ သဘောထား အမှန်ကို ကောက်ခံဖို့ လိုပါလိမ့်မယ်။ ပြည်သူတွေ အဲဒီ သတင်းစာကို ဖတ်တယ် ဆိုတာကလည်း စစ်ဗိုလ်တစု ဘယ်လောက်အထိ ဆက်မိုက်နေသလဲ ဆိုတာ သိဖို့လောက်ပါပဲ။ နောက်တခုက သတင်း လွတ်လပ်ခွင့် သဘောကိုလည်း စစ်ဗိုလ်တစု တီးမိခေါက်မိ ရှိဖို့တော့ လိုလိမ့်မယ်။

ခင်မင်ရင်နှီးတဲ့ ပြည်တွင်း မဂ္ဂဇင်း အယ်ဒီတာဟောင်း တယောက် ပြောဖူးပါတယ်။ သူက “ပြန်ကြားရေး ဝန်ကြီး ဗိုလ်ကျော်ဆန်း အနားမှာ မြတ်ခိုင်၊ ဟိန်းလတ်၊ ဒေါက်တာ တင်ထွန်းဦး၊ ကိုကို (စက်မှု တက� သိုလ်) တို့လို လူတွေ အခါတော် ပေးနေသမျှ ဒီဝန်ကြီးကတော့ ဖွတ်တက်တာပဲ” တဲ့။ သတင်းမီဒီယာ ဆိုတာ ဖြစ်ရပ်ကို ဖြစ်ရပ်အတိုင်း တင်ပြတယ် ဆိုတာကိုရော ဝန်ကြီးကို အဲဒီ အယ်ဒီတာရှုပ်တွေက ပြောဖူးပါသလား။ မြန်မာနိုင်ငံဟာ တကမ္ဘာလုံးမှာ မီဒီယာ လွတ်လပ်ခွင့် အနည်းဆုံး နိုင်ငံ စာရင်းထဲမှာ ပါနေဆိုတာကိုရော ဘာဖြစ်လို့ မြန်မာ့အလင်းနဲ့ ကြေးမုံတို့က ငြင်းချက် မထုတ်ရတာပါသလဲ။ စာပေစိစစ်ရေး လို့ခေါ်တဲ့ စာပေ ကင်ပေတိုင်အဖွဲ့ ဆိုတာကရော ကျနော်တို့ နိုင်ငံမှာ ဘာဖြစ်လို့ ရှိနေရတာလဲ။ ထို့အတူပဲ ဒါမျိုး ပိတ်ဆို့၊ တားမြစ် ပိတ်ပင်တဲ့ လက်ချိုး ရေတွက်ရမယ့် ထိပ်သီး နိုင်ငံတွေ စာရင်းတွေမှာ ဘာဖြစ်လို့ ဗမာပြည်က ထိပ်တန်း ကျနေရတာလဲ ဆိုတာကိုလည်း ရွှေဉာဏ်တော် စူးရှတဲ့ ဗိုလ်ချုပ် ဆိုသူတွေ စဉ်းစားကြရတော့မှာပါ။

အမှားဆိုတာ ပြောဖန်များလေလေ အမှန်ဖြစ်လာတယ် ဆိုတဲ့ အတွေးအခေါ်ကတော့ သူ့အတိုင်းအတာနဲ့ သူတော့ မှန်မှာပါ၊ ဒါပေမဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက လက်ခံတဲ့ အမှန်တရား ကတော့ ဘယ်ခေတ် ဘယ်အခါမှ အပြောင်းအလဲ မရှိပါဘူး။ ကိုယ့်ကိုယ်ကို အစိုးရဆိုပြီး ခံယူထားတယ် ဆိုရင်တော့ အခုလို ပွင့်လင်းတဲ့ လူ့ဘောင်ခေတ်ကြီးမှာ မှန်မှန်ကန်ကန် ဝန်ခံဖို့တော့ လိုနေပါပြီ။ ဘယ်ဗျာ … အခုဟာက ‘တသက်လုံး ဖုံးထားသမျှ ကုန်းခါမှ ပေါ်’ ဆိုသလို မန္တလေး ဆန္ဒပြသတင်း တခုသာ မမှန်ဘူးဆိုရင် အဲဒီ သတင်းမှအပ ကျန်တာတွေ အကုန်မှန်တဲ့ သဘော ဖြစ်နေပါပြီ။ ‘ကြည့်လည်း လိမ်ညာကြပါအုံး ဆရာတို့’။ အခုကျမှ သတင်းမီဒီယာ ခေတ်နဲ့အညီ မီဒီယာကို မီဒီယာနဲ့ ပြန်နှက်မှရမယ် ဆိုတာကတော့ ရီစရာကြီးပါ၊ မီဒီယာဆိုတာ ဘာမှန်းလည်းမသိ၊ ခေါင်းညိတ် မီဒီယာသမားတွေက ပေးတဲ့ မဖြစ်စလောက် အကြံဉာဏ်တွေနဲ့သာ ဆက်ပြီး မိုက်နေမယ် ဆိုရင်တော့ စစ်အစိုးရရဲ့ မီဒီယာ အကုန်လုံးနဲ့ လုပ်ရပ်တွေဟာ သမိုင်း မြောင်းပုတ်ထဲက တက်လာတော့မှာ မဟုတ်ပါ။

အခုလို ပွင့်လင်းတဲ့ ကမ္ဘာ့ရွာခေတ်ကို ရောက်နေတဲ့ အချိန်မှာ မီဒီယာကို မီဒီယာနဲ့ တိုက်မယ်လို့ စဉ်းစား ထားရင်တော့ လွတ်လပ်စွာ ပြောဆိုခွင့်ကို သတ္တိရှိရှိရှိနဲ့ ဖွင့်ပေးဖို့ လိုပါလိမ့်မယ်။ တိုက်တယ် ဆိုရင်လည်း အောက်လမ်း မီဒီယာ ပုံစံမျိုးနဲ့သာ ဆက်တိုက်ပါ။ ဒါမှ ခင်ဗျားတို့တွေ ဘယ်အဆင့် ဖြစ်နေပြီ ဆိုတာကို ပြည်သူလူထုရော၊ နိုင်ငံတကာကပါ သိသထက် သိလာမယ်။ နောက်တခုက လွတ်လပ် ပွင့်လင်းတဲ့ မီဒီယာဟာ စစ်အာဏာရှင် စနစ်နဲ့ ဘယ်လိုမှ ဆက်စပ်လို့ မရဘူး ဆိုတာကိုလည်း စစ်ဗိုလ် လူမိုက်တသိုက် သိဖို့ လိုအပ်ပါတယ်။

ခရီးကြမ်းပေါ်က ပုခက်လွှဲတဲ့ လက်များ

သတင်းဆောင်းပါး
နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၄ ရက်၊ ၂ဝဝ၇ ခုနှစ်။

မုဆိုးမဖြစ်သူ ဒေါ်ခင်အေးဟာ အသက် ၇ဝ ကျော်ပြီ ဖြစ်ပေမယ့် အာဏာရှင် စစ်အစိုးရရဲ့ လုပ်ရပ်တွေ မခံရပ်နိုင်လွန်းတော့ အမျိုးသမီးငယ်တွေနဲ့ တန်းတူ ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမ အပါအဝင် လူ ၂ဝ လောက်ဟာ တောင်ဒဂုံ လမ်းထိပ်ကနေ သံလမ်းမှတ်တိုင် အထိ အေးဆေး တည်ငြိမ်စွာ လမ်းလျှောက် ချီတက် လာပါတယ်။ ဒါကို တောင်ဒဂုံ မယက ဥက� ဌ ဦးကိုကိုလှိုင်၊ ကြံ့ဖွံ့ အုပ်စုနဲ့ စွမ်းအားရှင်တွေ ပေါင်းပြီး လက်သီးနဲ့ ထိုးကြိတ် ဖမ်းဆီးမှုတွေ လုပ်ပါတယ်။

စစ်အာဏာပိုင်တွေ ထုတ်ပြန်တဲ့ စာရင်းအရ လူ ၆ဝ အဖမ်းခံရတယ် ဆိုပေမယ့် ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (အေအေပီပီ)က ကောက်ယူထားချက်အရ အနည်းဆုံး လူ ၁ဝဝ ကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲမှာ အမျိုးသမီးက ၂၉ ယောက် ပါနေပါတယ်။

‘ဘယ်မှာလဲ … မြန်မာ့ယဉ်ကျေးမှု’ ဆိုတာ။ ကြီးသူကို ရိုသေ၊ ငယ်သူကို လေးစားရမယ် ဆိုတဲ့ ဆိုရိုးစကားကို အမှိုက်ပုံးထဲကို လွှင့်ပစ်လိုက်တဲ့ အမူအကျင့် တခုပါ။ ဥပဒေကို ဖီလာ ဆန့်ကျင်တဲ့ အပြုအမူတွေကို ကျူးလွန်ချင်တိုင်း ကျူးလွန် နေကြတာပါ။ နိုင်ငံတော် အစိုးရပါ ဆိုတာကြီးက အမျိုးသမီးတွေကို အကာအကွယ် ပေးရမယ့်အစား၊ သူတို့ ကိုယ်တိုင် ကျူးလွန်နေတာတော့ အတော့်ကို အရုပ်ဆိုးလွန်းပါတယ်။” ဟု ရဲဘော်ရဲဘက် တဦးဖြစ်သူ မဖြူဖြူသင်းက ပြောရင်း ဒေါသသံ စွက်လာဟန် အသံမြင့်လာပါတယ်။

“အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် စော်ကား ရိုင်းပြတာတွေ၊ ဆဲဆိုတာတွေဟာ စစ်အာဏာရှင်တွေသာ ကျူးလွန်ကြတာ ဖြစ်ပါတယ်။ မြန်မာ အမျိုးသမီးတွေကို ကာကွယ်မှု ပေးရမယ့် အစား ကိုယ်တိုင် ကျူးလွန်နေတာ”

ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြ နေသူတွေကို ကြေးစား ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေက တားဆီး၊ ဖမ်းဆီးရာမှာ အမျိုးသမီးတွေရဲ့ ရင်အုံကို ဆောင့်တွန်း၊ ထမီစ လှန်လှော၊ အင်္ကျီကို ဆွဲဆုတ်၊ မျက်နှာပြင်ကို လက်သီးနဲ့ ထိုး၊ ပါးရိုက်တဲ့ အပြုအမူတွေ ရှိခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသူ မနီနီမွန် (၃၈ နှစ်) က “အဲဒီနေ့က ၂၂ ရက်နေ့၊ သမိုင်း လမ်းဆုံမှာ ဖြစ်တာ။ ယောက်ျားလေးတွေကို ရင်ဘတ်တွန်းတာ အကြောင်းလား၊ မိန်းကလေးဖြစ်တဲ့ ကျမကို ရင်ဘတ်ကို စီးစီးတွန်းတာ။ ရင်ဘတ်ကို တွန်းတဲ့သူတွေ တွန်းနဲ့ဆိုတော့ နောက်က ကျမတို့ အဖွဲ့တွေက သူတို့ဆီ မရောက်အောင် ဆွဲထား၊ ခေါင်းက သူတို့ဆီ ရောက်လိုက်၊ လက်ကို ဆွဲလိုက်နဲ့ တော်တော်ပဲ ရုန်းရင်းဆန်ခတ် ဖြစ်သွားတယ်။ သူတို့တွေက ကျမရဲ့ ဇက်ပိုးကနေ ဆွဲတော့ ၄ ရက်လောက်ကို ပြင်းပြင်းထန်ထန် ခံစားရတယ်” လို့ ပြောပြပါတယ်။

အန်အယ်ဒီ အဖွဲ့ဝင် မဥမ္မာ (၃၉ နှစ်) ကလည်း “၂၃ ရက်နေ့ မနက် ၁ဝ နာရီ လောက်မှာဆို၊ ရွှေဂုံတိုင် မီးပွိုင့်မှာ ဆိုရင် ကျမတို့ကို သူတို့ ကားပေါ် တင်ဖမ်းသွားဖို့ လုပ်တော့ ကျမတို့ အုပ်စုထဲက အမျိုးသားတွေကိုဆို လက်သီးနဲ့ထိုး၊ ကျမတို့ အမျိုးသမီးတွေ ဆိုရင် ဝတ်ထားတဲ့ ထမီ အောက်နားက နေပြီးတော့ လှန်လိုက်တယ်။ အဲဒီတော့ ကျမတို့ ဟန်ပျက် သွားပြီးတော့ သူတို့ဆွဲရာ ပါသွားတယ်။ ဒါနဲ့ ကျမတို့ အဖွဲ့တွေက ပြန်ဆွဲထားတယ်။ အမျိုးသားတွေဆိုရင် ပုဆိုးတွေ ကျွတ်ထွက်ကုန်တယ်။ ကားဆီ တရွတ်တိုက်ကို ဆွဲခေါ်သွားတာ။ အရမ်းကို ကြည့်ရဆိုးပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လကုန်ရက်မှာ ၈၈ မျိုးဆက် ကျောင်းသူ မနီလာသိန်း၊ မမီးမီး၊ လူ့အခွင့်ရေး ကာကွယ် မြှင့်တင်သူ ထန်းမနိုင် ကျေးရွာသူ မစုစုနွေးနဲ့ မဖြူဖြူသင်းတို့ကို စစ်အာဏာပိုင်တွေက ဓာတ်ပုံတွေနဲ့အတူ လူသွားလူလာ များတဲ့ အဝေးပြေး ကားဂိတ်တွေ၊ ဟိုတယ်တွေမှာ ဖမ်းဟယ်ဆီးဟယ် လုပ်ဖို့ ဝရမ်း ထုတ်သလို လိုက်ကြေညာ နေပါတယ်။ တွေ့ခဲ့ရင် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားဖို့ ဖုန်းနံပါတ်တွေလည်း ရေးထားပါတယ်။

“အခုဆို မနီလာသိန်းဆိုရင် ၄ လသားအရွယ် ကလေးနဲ့ ခွဲနေရတယ်။ ပုန်းရှောင် နေရတယ်။ မနေ့ကတောင် ည ၁၂ နာရီအထိ ဘယ်မှာ နေရမှန်းတောင် မသိဘူး ဖြစ်နေတာ။ ကလေးကို နို့မတိုက်ရတော့ ဖျားတောင် ဖျားတယ်လို့ ပြောတယ်။ ဓာတ်ပုံ စကပ်တဲ့ နေ့မှာဆိုရင် သူ့အိမ်ရှေ့မှာ အချိန်ပြည့် လူ ၃ဝ နဲ့ ၄ဝ ဝန်းကျင်လောက်ရှိတဲ့ အာဏာပိုင်တွေက စောင့်ကြည့်နေတယ်။ ကလေးကို ယောက္ခမ အိမ်မှာ ထားတယ်။ ဘယ်တော့များ ကလေးကို လာခေါ်မှာလဲ ဆိုပြီးတော့ပေါ့လေ။ သူရှိတဲ့ နေရာတွေကို ပိုက်စိတ်တိုက် ရှာနေတာ။ သွားတတ်တဲ့ နေရာတွေကို အကုန်ရှာတယ်၊ စောင့်ကြည့်တယ်” လို့ မဖြူဖြူသင်းက ပြောပါတယ်။

ကြံ့ဖွံ့၊ စွမ်းအားရှင် လူမိုက်တွေ အပြင် အရပ်ဝတ် အထူးရဲ တပ်ဖွဲ့ဝင်တွေ၊ စစ်ထောက်လှမ်းရေးတွေ ပါဝင်ကာ အကွက်ချပြီး အစီအစဉ်တကျ ဖမ်းဆီးဖို့ စီစဉ် ထားကြပြန်ပါတယ်။

“အရပ်ဝတ် စစ်ဘက် ထောက်လှမ်းရေးတွေ၊ အထူးရဲ တပ်ဖွဲ့က လူတွေဆိုတာ သူတို့ကို ကြည့်တာနဲ့ ခန့်မှန်းနိုင်တယ်။ သူတို့ ရုပ်ရည်နဲ့ ဝတ်စား ဆင်ယင်မှုတွေကို ကြည့်ရင်တော့ သာမန်လူတွေ မဟုတ်ဘူးဆိုတာ သိရတယ်။ တချို့ဆိုရင် ခါးမှာ ဝေါ်ကီတော်ကီတွေ ချိတ်ထားတာကို တွေ့ရတယ်” လို့ မနီနီမွန်က ပြောပါတယ်။

“ပြောတဲ့ စကားတွေက ညစ်တီးညစ်ပတ်တွေနဲ့ ဆဲရေး တိုင်းထွာတာတွေ လုပ်တယ်။ ပြီးတော့ ကျမကို ‘ဟေ့ကောင်မ … မင်းက ဘာမို့လို့လဲ။ အလကား လုပ်မနေနဲ့ မင်းတို့အကြောင်း မသိရင်ခက်မယ်။ မင်းတို့ ရုတ်ရုတ် လုပ်ပြီးတော့ ပြည်ပ မီဒီယာတွေနဲ့ အင်တာဗျူး လုပ်ပြီးတော့ လျှောက်ပြောအုံးမယ်’ ဆိုပြီး ကျမတို့ကို ပြောသေးတယ်။ အဲဒီလူများ ကျမတို့ကို ရန်တွေ့နေတာ ယောက်ျား တန်မဲ့နဲ့။ တချိန်လုံး ကျမတို့အဖွဲ့ကို ဆွဲလားရမ်းလား လုပ်ပြီးတော့ ကျမတို့ အဖွဲ့က ကောင်လေးတွေကို ‘ဟေ့ကောင်တွေ မင်းတို့ မိန်းမ ထမီဝတ်ကြ’ ဆိုပြီး ဆွပေးတယ်” သူမက ဆက်ပြောတယ်။

“သူတို့ အထဲကနေ တယောက်က ‘အဲဒီ ထမီဝတ်တဲ့ သူတွေကိုချ’ ဆိုပြီး အသံ ထွက်ထွက်လာတယ်။”

ဖမ်းဆီး ထိန်းသိမ်း ထားသူတွေကို ကျိုက� ဆံ အားကစားကွင်းရှိ စစ်ကြောရေး အဆောင်နဲ့ အင်းစိန်ထောင်မှာ ချုပ်နှောင် ထားတာပါ။ ဖမ်းဆီး ထိန်းသိမ်း ခံထားရစဉ် ဓမ္မတာ လာချိန်နဲ့ တိုက်ဆိုင်တဲ့ အမျိုးသမီးတွေကို လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းတွေ သုံးစွဲခွင့် မပေးဘဲ ထားတတ်ပြန်ပါတယ်။

“အဲလို ဖြစ်မှာတော့ ၉၉ ရာခိုင်နှုန်း သေချာတယ်။ ၂ဝဝဝ ခုနှစ်က အင်းစိန်ထောင်မှာ ကျမကို ထိန်းသိမ်း ခဲ့တုန်းက ဆိုရင် ၄ ရက်အထိ ထောင်အဝတ်အစား မပေးဘူး။ ရေချိုးရင် ဝတ်လစ်စလစ် ချိုးရတယ်။ အဝတ်လဲစရာ မရှိဘူး။ ထမီ (ဓမ္မတာ) လာရင်လည်း ဘာမှမရှိဘူး။ နောက်တော့မှ၊ ထောင်အဝတ်အစား ရပြီးတော့မှပဲ ကိုယ့်ထမီကို ဆုတ်ဖြဲပြီးတော့ သုံးရတယ်။ တခါတခါ အချိန်မတော် ဘာမှ အရင် အသိပေးခြင်း မရှိဘဲနဲ့ အမျိုးသမီး အဆောင်ကို လာသေးတယ်။ အစစ အရာရာ သတိထား နေရတယ်။ ၁၁ လခွဲကျော် နေခဲ့ရပါတယ်။ အင်မတန် ခက်ပါတယ်” လို့ မဥမ္မာက ပြောပါတယ်။

အမျိုးသမီးတွေကို အခုလို အင်အားသုံးပြီး လိုက်ဖမ်း နေပေမယ့် အမျိုးသမီး ခေါင်းဆောင်တွေဟာ စိတ်ဓာတ် ကျဆင်းမှု မရှိပါဘူးလို့ သူတို့တွေက တညီတညာတည်း ပြောပါတယ်။

“အခုလို လိုက်လံ နှိပ်ကွပ်နေတာကြောင့် ကျမတို့ အမျိုးသမီးတွေ စိတ်ဓာတ်ကျခြင်း မရှိပါဘူး။ စစ်အာဏာရှင်တွေရဲ့ မြန်မာ အမျိုးသမီးတွေကို ခေါင်းဆောင် နေရာမှာ မရှိစေချင်တာက တဦးတည်းသော လက်နက်မဲ့ အမျိုးသမီး ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို အခုလို လက်နက် အင်အားနဲ့ အာဏာ သုံးပြီးတော့ နှိပ်ကွပ်ထားတာကို ကြည့်ရင် သိသာပါတယ်” လို့ မနီနီမွန်က ပြောပါတယ်။

အန်အယ်ဒီ အဖွဲ့ဝင် မဥမ္မာက “ဒီဆန္ဒပြပွဲဟာ ဘယ်အချိန်မှ ရပ်မယ်ဆိုတာ ကျမတို့ မသိနိုင်ပါဘူး၊ ကျမတို့ လုပ်တယ် ဆိုတာက မတရားဘူးလို့ တဦးချင်းရဲ့ စိတ်ဓာတ်နဲ့ သွားတာပါ၊ လောလောဆယ် ကျမတို့ လုပ်နိုင်တာကတော့ အင်္ကျီကို ၂ ထပ်ဝတ်ပြီးတော့ အနောက်မှာ ချိတ်တွေ သေချာ တပ်တာမျိုး၊ ဥပမာ ဘောင်းဘီဆိုရင် ကွာတားပင် ဝတ်တာမျိုးလောက်တော့ ကျမတို့ ပြင်ဆင် နိုင်ပါတယ်။ နောက်ထပ် လိုအပ်ရင်လည်း တခြား အစီအစဉ်တွေ လုပ်ဖို့ စဉ်းစားထားပါတယ်”

Monday, September 3, 2007

အမိမဲ့ကလေးကို ဘယ်သူကြည့်မှာလဲ?


အယ်လီယော့ဘီနမ်စက်တင်ဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။


အခုတော့ သူ့အဖွားက ဒီကလေးမလေးအတွက် နို့ဗူးကို လောက်အောင် ဖျော်နေရပြီ။ လေးလ သမီးလေး ဖြူနေကြည် မင်းယု ဟာ သူ့မိခင်ရဲ့ နွေးထွေးတဲ့ ရင်ခွင်မှာ ပြန်ပြီး ခိုလှုံခွင့် ရချင်မှ ရတော့မယ်။ သူ့မိခင် တက်ကြွ လှုပ်ရှားသူ နီလာသိန်း ဟာ မြန်မာ စစ်အစိုးရရဲ့ လိုက်လံ ရှာဖွေနေမှုက လွတ်အောင် ပြေးလွှား ပုန်းအောင်း နေရပြီ။
လူသူ လေးစားခြင်းခံရတဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ အဖွဲ့ဝင်တဦး ဖြစ်တဲ့ မနီလာသိန်းဟာ လွန်ခဲ့တဲ့တပတ် အတွင်း ပြုလုပ်ခဲ့တဲ့ လောင်စာဆီ ဈေးတွေ အဆများစွာ မြှင့်တင် လိုက်တာကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာ တက်ကြွစွာ ပါဝင်ခဲ့တယ်။ သူမ၏ ခင်ပွန်း လူသိများတဲ့ တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ ကျော်မင်းယု (ခ) ဂျင်မီ အပါအဝင် ကျောင်းသား ခေါင်းဆောင် ၁၃ ဦးကို ဖမ်းဆီးသွားတဲ့အခါ သူမ အပါအဝင် ရဲရင့်လှတဲ့ အမျိုးသမီးများဟာ အာဏာပိုင်များကို အံတုပြီး ဆက်လက် လမ်းလျှောက် ဆန္ဒပြ ခဲ့ကြပါတယ်။ စစ်အစိုးရရဲ့ ကြေးစား လူမိုက်များ၏ ခြိမ်းခြောက်မှုများကို မကြောက်မရွံ့ဘဲ စစ်အစိုးရက ရက်ရက်စက်စက် အကြမ်းဖက် နှိမ်နင်းခဲ့တဲ့ ၁၉၈၈ ခုနှစ်လူထု အုံကြွမှု နောက်ပိုင်း အကြီးမားဆုံးနဲ့ အရှည်ကြာဆုံး ဆန္ဒပြပွဲတွေမှာ ဆက်လက် ပါဝင်ခဲ့ကြတယ်။
ဒီလို ပိုင်းဖြတ်မှုမျိုးဟာ တန်ဘိုးကြီးကြီး ပေးရတတ်တယ်။ ၁၉၈၈ ခုနှစ်ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီး ကတည်းက ဒီလိုမျိုး အကြိမ်ကြိမ် အခါခါ မနီလာသိန်း တန်ဘိုးကြီးကြီး ပေးခဲ့ရပြီးပြီ။ မြန်မာပြည် အနှံ့အပြား ဖြစ်ပွါးခဲ့တဲ့ ၁၉၈၈ ခုနှစ်ကဒီမိုကရေစီရေး ဆန္ဒပြပွဲမှာ အဲဒီတုံးက ဆယ်ကျော်သက်ပဲ ရှိသေးတဲ့ မနီလာသိန်း တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ နောက် ၈ နှစ်အကြာ ၁၉၉၆ ဒီဇင်ဘာမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနဲ့ ပညာရေး အဆင့်အတန်း မြှင့်တင်ရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ပြန်လို့ သူမ ထိန်းသိမ်းခံခဲ့ရသည်။ ဒီလို ပါဝင်ခဲ့တဲ့ အတွက် ထောင်ဒဏ် ၁ဝ နှစ် အပြစ်ပေး ခံခဲ့ရသည်။
ထောင်ထဲမှာ နေစဉ်လည်း နိုင်ငံရေး အကျဉ်းသား အားလုံး ကြံ့ကြံ့ခံ ရင်ဆိုင်ရမြဲ ဖြစ်တဲ့ ညှဉ်းပန်း နှိပ်စက်မှုနှင့် ဆင်းရဲဒုက္ခများကို မနီလာသိန်း ရင်ဆိုင်ခဲ့ရသည်။ မြန်မာပြည်တွင် နိုင်ငံရေး အကျဉ်းသားများသည် ရုပ်ပိုင်း ဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာ ညှဉ်းပန်း နှိပ်စက်မှု အမျိုးမျိုးကို ရင်ဆိုင် ခံစားနေကြရသည်။ အခန်းကျဉ်းလေးတွင် အခင်းမပါဘဲ အေးစက်နေသော ကွန်ကရစ် ကြမ်းပြင်ပေါ်တွင် စုပြုံ အိပ်စက်ကြရသည်။ အခန်းထဲရှိ မိလ္လာအိုးမှ အညစ်အကြေးများ မကြာခဏ လျှံကျကာ ရောဂါများ ကူးစက် ဖြစ်ပွါးကြရသည်။ နိုင်ငံရေး အကျဉ်းသားများသည် မကြာခဏပင် ရေချိုးခွင့် ပိတ်ပင်ခံရကာ တစုံတည်းသော ထောင်ဝတ်စုံကို ရက်ပေါင်းများစွာ ဆက်၍ မလျှော်မဖွပ်ဘဲ ဝတ်ဆင် ကြရသည်။ ရသော ရိက္ခာမှာလည်း မဝရေစာ။ အကျဉ်းသားများသည် အများအားဖြင့် သူတို့ မိသားစုများမှ ပေးပို့သော ထောင်ဝင်စာ ထုပ်များဖြင့်သာ အသက်ရှင် ရပ်တည် နေကြရခြင်း ဖြစ်သည်။
၂ဝဝ၆ ခုနှစ်တွင် ထောင်မှ လွတ်ပြီးနောက် မနီလာသိန်းသည် သူမလိုပင် တက်ကြွ လှုပ်ရှားသူတဦး ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကျော်မင်းယု နှင့်လက်ထပ်ကာ ၈၈ မျိုးဆက် ကျောင်းသားများ အစုအနေဖြင့် မြန်မာပြည် ဒီမိုကရေစီရေး တိုက်ပွဲတွင် ဆက်လက် ပါဝင် ဆင်နွှဲခဲ့ကြသည်။ နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်သော မနီလာသိန်း မှာ စစ်အစိုးရ၏ အစဉ်အမြဲ စောင့်ကြည့်ခြင်းကို ခံနေရပြီး ပညာ ဆက်လက် သင်ကြားခွင့်နှင့် အလုပ်အကိုင် ရှာဖွေလုပ်ကိုင်ခွင့် အခွင့်အလမ်းများပါ ပိတ်ပင် ငြင်းပယ် ခံခဲ့ရသည်။ အစဉ်အမြဲ ဟန့်တား နှောင့်ယှက် ခံနေရသော်လည်း ထောင်တန်းကျမည့် အန္တရယ် ရှိနေသော်လည်း သူမသည် နိုင်ငံရေး လှုပ်ရှားမှုတွင် ဆက်လက် ပါဝင်ခဲ့သည်။ လက်မှုပစ္စည်းများ လုပ်ရောင်းပြီး သူမနှင့်သူမ၏ ခင်ပွန်းအတွက် စားဝတ်နေရေးကို ဖြေရှင်းခဲ့သည်။
၂ဝဝ၆ ခုနှစ် နှောင်းပိုင်း သူမထံ ရောက်စဉ် အကျဉ်းထောင်ထဲတွင် ဆယ်စုနှစ်တခု ကြာနေခဲ့ရသော်လည်း အရှုံးမပေးသည့် စိတ်ဓါတ်၊ ဂုဏ်သိက္ခာရှိပြီး နွေးထွေးသည့် စိတ်ဓါတ်တို့ ပိုင်ရှင် သူ့ကို အံ့အားသင့်ဘွယ် တွေ့ရသည်။ သူမတို့ တိုက်ပွဲ၏ မှန်ကန် မွန်မြတ်မှုအပေါ် ခိုင်မာစွာ ယုံကြည်နေပြီး သူမတို့၏ လုပ်ငန်းများ အကြောင်း တကယ့်ကို ပြောပြနေခဲ့သည်။ ထောင်ထဲမှာ ဘယ်လောက် ကြာကြာ နေခဲ့ရသလဲ၊ ထောင်ထဲမှာ မထိုက်တန်စွာ ကုန်ဆုံးသွားရတဲ့ အချိန်တွေ အတွက် ဝမ်းနည်းကြေကွဲခြင်း ဖြစ်မိသလားဟု မေးမြန်းခဲ့သည်။ ထိုအခါ သူမက သူမနှင့် သူမခင်ပွန်းမှာ ပြည်တွင်းတွင် တိုက်ပွဲကို ဆက်လက် ဆင်နွှဲခွင့် ရနေတာကြောင့် အတိတ်ကို ပြန်လည် တွေးတောခြင်းဖြင့် အချိန် ဖြုန်းမနေကြကြောင်း ပြန်လည် ဖြေကြားခဲ့သည်။ သူမသည် အနာဂါတ်ကို ယုံကြည်သူ ဖြစ်သည်။
ထိုအချိန်တွင် သူမမှာ သူမ၏ ပထမကလေး ကိုယ်ဝန် ၄ လနှင့် ဖြစ်သည်။ သူမနှင့် သူမခင်ပွန်း အဖို့ အချိန်မရွေး ထောင်ထဲ ပြန်ရောက် သွားနိုင်ကြောင်း သိလျက်နှင့် ကလေးယူရန် ဆုံးဖြတ်ခြင်းသည် တနည်းတဖုံအားဖြင့် စစ်အစိုးရ၏ ဖိနှိပ်မှုကို ဆန့်ကျင် ပြလိုက်သလိုပင် ဖြစ်သည်။ ဤနည်းဖြင့် သူမသည် လွတ်လပ်သူ တဦး ဖြစ်နေခြင်း ဖြစ်သည်။ သူ့ကလေးအကြောင်း၊ သမီးအကြောင်း၊ မြန်မာပြည်၏ ပြည်ချစ်စိတ် ရှိသော မျိုးဆက်သစ် တရပ်ကို မွေးမြူရန် လိုအပ်သည့် အကြောင်း ပြောပြနေခဲ့သည်။ သူမ၏သမီးကို လွတ်လပ်မှုကိုချစ်ခင် မြတ်နိုး တန်ဘိုးထားရန် သင်ကြားပေးမည် ဆိုသည်မှာ သေချာလှသည်။
ကလေးမွေးဖွားပြီး ၄ လအကြာတွင် မနီလာသိန်းသည် နောက်ထပ် ကြီးမားသော စွန့်လွှတ်မှု တခုကို ပြုလုပ်ခဲ့ရပြန်သည်။ ဤသို့လုပ်မှ သူ့သမီးသည် လွတ်လပ်မှု ဘာဆိုသည်ကို နားလည် လာနိုင်လိမ့်မည်။ သြဂုတ်လ အကုန်တွင် ဖြစ်ပွါးခဲ့သော လမ်းလျှောက် ဆန္ဒပြပွဲများတွင် ပူးပေါင်း ပါဝင်ကာ သမီးငယ်ကို ယောက္ခမ အိမ်တွင်ပင် ထားခဲ့သည်။ သူမ၏ ရှေ့မှ ဒေါ်အောင်ဆန်း စုကြည်လိုပင် သူမမှာ ရွေးချယ်စရာ ၂ လမ်းသာ ရှိသည်။ ကိုယ့်ကလေးကိုယ် ဂရုတစိုက် မွေးမြူ စောင့်ရှောက်မလား၊ သို့တည်းမဟုတ် သူမသမီး၏ မျိုးဆက် ကြောက်ရွံ့ခြင်းမှ ကင်းဝေးစွာ နေနိုင်ရေး အတွက် တခုခု လုပ်မလား ဆိုသည်ပင် ဖြစ်သည်။
ယခုအခါ မနီလာသိန်းမှာ ပုန်းအောင်း နေရပြီ။ သူမ ကလေးကို နို့ချို တိုက်ကျွေးရန် ပြန်မလာနိုင်တော့။ သူမသည် မကြာသေးခင်က သတင်း ထုတ်ပြန်ချက် တရပ်ကို ထုတ်ပြန်ခဲ့ပြီး သူမ၏ရင်သွေး မိခင်၏ ရင်ခွင်သို့ ဘယ်အချိန်အခါတွင် ပြန်လည် ရောက်ရှိလာနိုင်ဘွယ် ရှိသလဲဟု မေးခွန်း ထုတ်ခဲ့သည်။ ဤမေးခွန်းသည် အရေးကြီးသော မေးခွန်း ဖြစ်သည်။ မနီလာသိန်း၊ သူမ၏ အမျိုးသမီး လုပ်ဖေါ်ကိုင်ဘက်များ၊ တိုင်းသူပြည်သားများ၏ သတ္တိကို ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးက အလားတူ သတ္တိရှိရှိ တုံ့ပြန်မှု မလုပ်ဆောင်ရသေးပါ။ ထိုသို့ မတုံ့ပြန်မီ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာပြည်သူ တို့၏ ရဲစွမ်းသတ္တိ ရှိမှုကို နောက်ထပ် ဘယ်လောက် ထပ်မံ တောင်းခံ နေဦးမည်နည်း။ ဒါ့ထက် ပိုအရေးကြီးသည်မှာ အမိမဲ့ ကလေးကို ဘယ်သူက ကြည့်ရှု စောင့်ရှောက်မှာလဲ ဆိုသည့် မေးခွန်းပင် ဖြစ်သည်။

ဆယ်စုနှစ်၏ အကြီးမားဆုံး ဆန္ဒပြပွဲကြီးနှင့် စစ်အုပ်စုပဋိပက္ခ၊ နိုင်ငံအလားအလာ

ကျော်လင်းဦး

၁၉၉၇ ခုနှစ်က စတင်ရေတွက်လျင် ဆယ်စုနှစ်အတွင်း အကြီးမားဆုံး ဆန္ဒပြပွဲကြီး တရပ် ယမန်နေ့က ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ကို ပြန်လွှတ်ပြီးတဲ့နောက် ပထမဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီပွဲကို ကိုမင်းကိုနိုင်တို့ကပဲ ဦးဆောင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူလူထုရဲ့ တခဲနက် ထောက်ခံမှုကို ရပြီး ပူးပေါင်း ပါဝင်လာကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ အခြေအနေအရ အစိုးရရဲ့ စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်မှုဟာ ပြည်သူလူထု လူတန်းစား ပေါင်းစုံကို ထိခိုက်တဲ့အတွက် အားလုံးက ပူးပေါင်း ပါဝင်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် ရက်ပိုင်းတွေမှာလည်း အလားတူ ဆန္ဒပြပွဲတွေကို ကျင်းပဖို့ ကျောင်းသားတွေနှင့် လူထု လှုပ်ရှားသူတွေက ပြင်ဆင်နေပါတယ်။ ဒါဟာ ပြည်သူလူထုက တက်တက်ကြွကြွ ပါဝင်ရမယ့် ဒီမိုကရေစီ စနစ်အတွက် ကောင်းတဲ့ အလားအလာပါ။ စစ်အစိုးရ ဗိုလ်ချုပ်ကြီးများကိုလည်း ပြည်သူလူထုက လက်မခံရင် ဘယ်လို အမိန့်ဥပဒေမှ ချောချောမွေ့မွေ့ အကောင်အထည် ဖေါ်လို့မရဘူး ဆိုတာ သင်ခန်းစာ ပေးလိုက်သလို ရှိပါတယ်။

ဒါပေမယ့် ပြည်သူလူထုကို တရားဝင် မကြေညာဘဲ စက်သုံးဆီ ဈေးနှုန်းတွေ တိုးမြှင့် လိုက်တာဟာ စစ်အစိုးရ အဖွဲ့ထဲ အခက်အခဲ ကြီးကြီးမားမား ရှိနေပြီလား။ အားပြိုင် လွန်ဆွဲပွဲ ဖြစ်နေပြီလား။ လူထုကို ဂရုမစိုက် လုပ်ချင်ရာလုပ်တဲ့ အကျင့်ကြောင့်လား။ ရည်ရွယ်ချက်ရှိရှိ လုပ်တာပဲလား ဆိုတာတော့ ကျနော့်အထင် တပတ်လောက် စောင့်ကြည့်ရမယ် ထင်ပါတယ်။

စစ်တပ်ထဲမှာ ကိုယ်တိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန့်ကျင်ချင်တဲ့ သူတွေ ရှိနေပြီလားလို့ ထင်စရာပါ။ ပြည်သူလူထုကို တမင် ဆူပူအောင် လုပ်ပြီး နောက်တခါ အာဏာသိမ်းမယ်ပေါ့။ ဒီလိုဆိုခဲ့ရင် ဖြစ်နိုင်ခြေ များတာကတော့ နိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်ဈေးနှုန်း ကိစ္စတွေကို တိုက်ရိုက် စီမံ ခန့်ခွဲနေတဲ့ နအဖ ဒုဥက� ဌ ဒု- ဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ အပေါင်းအပါတွေ ဘက်ကပဲ ဖြစ်ဖို့ များပါတယ်။ တိုင်းပြည်အတွက် မဟုတ်ပါ၊ အချင်းချင်းအကြား အာဏာလုရေး ဖြစ်ပါတယ်။ ပြည်တွင်းက ကြားတဲ့ သတင်းတွေအရ ဗိုလ်မောင်အေးနဲ့ အုပ်စုဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး ပြီးတဲ့နောက် ဖြစ်လာမယ့် နိုင်ငံရေး အခင်းအကျင်းသစ်မှာ နေရာရစရာ လမ်းမမြင်တဲ့ အတွက် လက်ရှိ လမ်းပြမြေပုံ ခုနှစ်ချက်နဲ့တကွ အခြေခံ ဥပဒေ ရေးဆွဲရေး လုပ်ငန်းစဉ်ကြီးကို ကန့်ကွက်ခဲ့တာ ကြာပါပြီ။ ဒါပေမယ့် နအဖအတွင်းမှာ ဟိုယခင်က ထောက်လှမ်းရေးချုပ် ဗိုလ်ခင်ညွှန့် အပါအ၀င် တော်တော်များများက ထောက်ခံခဲ့တဲ့ အတွက် ဒီကိစ္စ ဟာ အတည် ဖြစ်ခဲ့ရတာပါ။ ဗိုလ်သန်းရွှေကလည်း ဒီအခင်းအကျင်းသစ် အတွက် လွန်ခဲ့တဲ့နှစ် တော်တော်ကြာကြာ ကတည်းက ပြင်ဆင်ထားခဲ့တာ ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီး ရုပ်လုံး ပေါ်လာရေးကို လိုလားပါတယ်။ သူ့နောက်မှာ လိုလားတဲ့ အုပ်စုကတော့ ဗိုလ်ရွှေမန်း အပါအ၀င် တပ်တွင်းက လူငယ်ခြေတက် အုပ်စုဖြစ်ပြီး အဖိုးကြီးတွေ တပ်စည်းဝိုင်းထဲက ထွက်သွားမယ့် ကာလကို စောင့်မျှော်နေကြသူတွေ ဖြစ်ပါတယ်။ သူတို့နဲ့ မတိမ်းမယိမ်းထဲက အဖိုးကြီးတွေနဲ့အတူ နိုင်ငံရေး စည်းဝိုင်းထဲကို လိုက်သွားမယ့် သူကတော့ ဒီနေ့ အတွင်းရေးမှုး ၁ နဲ့ ယာယီ ၀န်ကြီးချုပ်အပြင် ဖွဲစည်းပုံ အခြေခံ ဥပဒေကို တာဝန်ခံ ရေးဆွဲနေရတဲ့ ဗိုလ်ချုပ် သိန်းစိန်ပါ။

ဒီလို အခြေအနေမှာ ဗိုလ်မောင်အေးနဲ့ သူလူတွေအတွက်ကတော့ နေရာ သိပ်မရှိပါဘူး။ အထူးသဖြင့် ဗိုလ်မောင်အေးနဲ့ ပတ်သက်နေတဲ့ စီးပွားရေး သမားတွေက၊ လက်ရှိ အခြေအနေမှာရော၊ အနာဂတ်မှာပါ၊ ဗိုလ်သန်းရွှေလူ ကိုတေဇကို ယှဉ်နိုင်ဖို့ အခြေအနေ မရှိပါဘူး။ ဗိုလ်မောင်အေး အနေနဲ့လည်း နိုင်ငံရေး စည်းဝိုင်းထဲ လိုက်သွားရေး နံပါတ် ၁ နေရာ မရဘဲ၊ ၂ အဆင့်နဲဘဲ ကျေနပ်ရမှာ ဖြစ်ပြီး၊ တပ်တွင်းမှာ ကျန်ခဲ့ဖို့ကလည်း လက်ရှိ သူ့အသက်အရွယ်အရ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဗိုလ်မောင်အေးဟာ ဒီအခြေအနေကို ပြောင်းပြန် လှန်ပစ်လိုပါတယ်။ ဒီလို လှန်ပစ်နိုင်အောင် သေသေချာချာ အကွက်ကျကျ စီစဉ်မှ ဖြစ်မယ် ဆိုတာကိုလည်း အနှစ် နှစ်ဆယ် နအဖ သမိုင်းက သက်သေ ခံနေပါတယ်။ ဒါကြောင့် ဒီ့အရင် အဖြစ်အပျက် နှစ်ရပ်နဲ့ သွေးတိုး စမ်းခဲ့ပြီးပါပြီ။ တရပ်ကတော့ သွားလေသူ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မိသားစုကို ရှင်းလင်းတုန်းက ဖြစ်ပြီး နောက်တရပ်ကတော့ ဦးနေ၀င်းထက် ပိုမို အဆိပ်ပြင်းတဲ့ ထောက်လှမ်းရေးချုပ် ဗိုလ်ခင်ညွှန့် နဲ့ ထောက်လှမ်းရေး တတပ်လုံးကို ရှင်းတုန်းက ဖြစ်ပါတယ်။ ဒီအဖြစ်အပျက် နှစ်ရပ်မှာ ဗိုလ် မောင်အေးကပဲ အသာစီး ရခဲ့တာကြောင့် ဗိုလ်မောင်အေးက လက်ရှိ အခြေအနေမှာ မြဲနေပြီး တပ်ချုပ်ကြီးရဲ့  အားကိုးအားထားပြု ခြင်းကို ခံနေရပါတယ်။ ဒါပေမယ့့် 

ဗိုလ်ချုပ်ညွှန့်တင် လာဘ်စားမှုကို စစ်ဆေးရင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေကတော် ဒေါ်ကြိုင်ကြိုင်ရဲ့ ဒေါ်လာ သန်းပေါင်းများစွာ လာဘ်စားမှု ဖိုင်တွဲကိုလည်း ဗိုလ်ချုပ်မောင်အေးက ကိုင်ထားပြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေကိုပင် ဗိုလ်နေမြဲ၊ ကျားနေမြဲ နေဖို့ ပြောထားတဲ့ သတင်းကလည်း ရှိနေတော့ ဗိုလ်မောင်အေးက ဗိုလ်သန်းရွှေက ဘာဖြစ်လို့ အခွင့်ရတုံး မဖြုတ်ချလဲဆိုတာ စဉ်းစားစရာပါ။

ဖြစ်နိုင်တာက ဗိုလ်မောင်အေးမှာ ရင်ဆိုင်စရာ ပွဲကြီးပွဲကောင်း တရပ်က ရှိနေပါသေးတယ်။ မျိုးဆက်သစ်တွေကိုလည်း ရှင်းလင်းရမယ့် ပွဲပါ။ စီးပွားရေးသမား အများစုက ဗိုလ်ရွှေမန်း နေရာ ရလာစေချင်နေတာကို တွေ့ရတယ်။ ဒီအတွက် ဗိုလ်မောင်အေးမှာ အကြံပိုင်ဖို့ လိုပါတယ်။ ပိရိဖို့ လိုပါတယ်။ သေချာဖို့ လိုပါတယ်။ ပြီးတော့ လက်ဦးဖို့ လိုပါတယ်။ ဒီလို ဖြစ်ဖို့အတွက် အခြေအနေတွေ ရှုပ်ထွေးနေဖို့ လိုမှာ ဖြစ်တဲ့အတွက် ရှုပ်ထွေးနေတဲ့ အခြေအနေ တရပ်ကို စတင် ဖန်တီးလိုက်ခြင်းသာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထု လမ်းပေါ်ထွက်လာရင် ဒီနေ့ အခြေအနေက ၈၈ အခြေအနေလို ခေါင်းဆောင်မဲ့ မဟုတ်တာရယ်၊ ပိုမို ရင့်ကျက်လာတဲ့ နိုင်ငံရေး သမားတွေ၊ ပိုမို ရင့်ကျက်လာခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေရယ်ကြောင့် မြန်မာပြည် အပြောင်းအလဲကို ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်ဖွယ်ရာ ကြီးကြီးမားမားကိုလည်း ဖြစ်နိုင်ပါတယ်။

နောက်ထပ် ဆန္ဒပြပွဲတွေ ထပ်ဖြစ်ဖို့ တာဆူနေတဲ့ သတင်းတွေလည်း ပျံ့ နှံ့နေပါတယ်။ ဒါကြောင့် အခြေအနေတွေကို သီးတင်းပတ် တပတ် ကြာတဲ့အထိ စောင့်ကြည့်ရဦးမှာ ဖြစ်သလို နောက်လာမယ့် သတင်းပတ်တွေ အတွင်းမှာ နအဖအတွင်း နောက်ထပ် အာဏာသိမ်းပွဲတွေ ထပ်ဖြစ်လာမယ့် အရိပ်အယောင်တွေ ပေါ်ပေါက် လာလေမလားလို့လည်း စောင့်မျှော်နေမိပါတယ်။

လူထုတိုက်ပွဲ မြေအောက်လက်စွဲ

မိုးသီးဇွန်
သြဂုတ်လ ၂၉ ရက်၊ ၂၀၀၇ ခုနှစ်။

နိဒါန်း

ဒီနေ့ဖြစ်နေတဲ့ လှုပ်ရှားမှုတွေတွေကို စစ်အစိုးရက အပြင်ထန်းဆုံး ဖိနှိပ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၈၈ က စတင်လာတဲ့ ဒီမိုကရေစီ တိုက်ပွဲဟာ အရေးအကြီးဆုံးပိုင်းကို တစတစ ရောက်ရှိလာနေလို့ ဖြစ်တယ်။ တိုက်ပွဲက ပိုပြီး ပြင်းထန် လာသလို၊ အကွေ့အကောက်တွေ များလာနိုင်တယ်။ လှုပ်ရှားမှုတိုင်းဟာ ဒီသဘောတွေ ဆောင်နေခဲ့တယ်။ လှုပ်ရှားမှု အသေးလေးတွေက လှုပ်ရှားမှုကြီး တခုလုံးကို အဆုံးအဖြတ် ပေးနိုင်တယ်။ ဒါကြောင့် ခေါင်းဆောင်မှု ဟာ အရေးကြီးလာပါတယ်။ ခေါင်းဆောင်တိုင်း သတိထားသင့်တဲ့ လူထုတိုက်ပွဲ နည်းနာတွေကို ကျနော်တို့ ၈၈ တိုက်ပွဲ ကာလက ရရှိခဲ့တဲ့ သင်ခန်းစာတွေ အပေါ် အခြေခံပြီး ဝေငှလိုက်ပါတယ်။

၁ - လုံခြုံရေး
၂ - ဆန္ဒပြခြင်း၊ ချီတက်ခြင်း
၃ - စည်းကို ကျော်ပေးရခြင်း
၎ - ယန္တရားများကို ဖြိုချခြင်း
၅ - အုပ်ချုပ်ရေးများ အစားထိုးခြင်း

၁။ လုံခြုံရေး

ကိုယ်ရဲ့ လုံခြုံရေးဟာ လှုပ်ရှားမှုရဲ့ လုံခြုံရေး ဖြစ်တယ်။
လုံခြုံရေးကို ဂရုစိုက်တတ်နိုင်ရင် အဖမ်းမခံရအောင် ကြိုးစား။
ကိုယ်လွတ်နေသမျှ တိုက်ပွဲတွေ ဆင်နွှဲနိုင်တယ်။

အခုဖြစ်နေတဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ အားနည်းချက် တချို့ကို ကျနော် လေ့လာ တွေ့ရှိရတယ်။ ဒါကတော့ တူညီဝတ်စုံ - ယူနီဖောင်း၊ အဖြူနဲ့ ကချင်ပုဆိုးတွေ ဝတ်ထားတာ၊ ပင်နီ တိုက်ပုံတွေ) ဝတ်ထားပြီး ဆန္ဒပြတာ အားနည်းချက် ရှိတယ်။ ဒီလို ဝတ်ထားခြင်းအားဖြင့် ပစ်မှတ်ကို အလွယ်တကူ ပေးထားသလို ဖြစ်နေတယ်။ လူထုထဲက ကြည့်နေတဲ့ သူတွေနဲ့ မိမိနဲ့ အဆင့်အတန်းတခု - Class တခုကို ခွဲခြားပေးထားသလို ဖြစ်နေတယ်။ လမ်းဘေးက ရပ်ကြည့်နေတဲ့သူ တဦးအနေနဲ့ ငါပါလို့ သူတို့က ကြိုက်ပါ့မလား။ (သူမှာက ယူနီဖောင်း မဝတ်ထားတဲ့ အတွက်) ငါ့ကို အစိုးရ လူတွေက စောင့်ကြည့်နေမလား ဆိုတဲ့ စိုးရိမ် သံသယတွေ ဖြစ်ပေါ် နေတတ်ပါတယ်။ ဒါကြောင့် ယူနီဖောင်း မဝတ်ဘဲ သူလို ကိုယ်လိုပဲ ဝတ်ထားရင် အရေးအကြောင်းမှာ လူထုထဲကို ဝင်ရောက်ပြီး ပုံဖျက်နိုင်တယ်။ လူထုတွေကိုလည်း ကိုယ့်လှုပ်ရှားမှုမှာ ဝင်ရောက်နိုင်ဖို့ တံခါးဖွင့်ပေးထားနိုင်တယ်။

အခုဖြစ်နေတဲ့ လှုပ်ရှားမှုဟာ ၁၉၇၄ ခုနှစ် အလုပ်သမား အရေးအခင်းနဲ့ သွားတူနေတယ်။ ၁၉၇၄ ခုနှစ် အလုပ်သမား အရေးအခင်းက ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကို မခံနိုင်လို့ အလုပ်သမားတွေ စတင် သပိတ်မှောက်မှုက စတင်လာခဲ့တယ်။ ဒါပေမယ့် အလုပ်သမား အရေးအခင်းဟာ အနှိမ်နင်းခံရတယ်။

ဘာကြောင့်လဲ။ မဆလ အုပ်ချုပ်ရေး ယန္တရားဟာ ခိုင်မာနေသေးတယ်။ အလုပ်သမား လှုပ်ရှားမှုက လူထုနဲ့ မပူးပေါင်းနိုင်ခဲ့ဘူး။ ဒီနေရာမှာ လူထုနဲ့ မပူးပေါင်းနိုင်တာက ၁၉၇၄ ခုနှစ်က အလုပ်သမား သပိတ်တွေဟာ စက်ရုံတွေ၊ အလုပ်ရုံတွေထဲမှာပဲ ဖြစ်ခဲ့တယ်။ သပိတ်ကို ဦးဆောင်တဲ့ သူတွေက အလုပ်သမားတွေနဲ့ လူထုနဲ့ ပူးပေါင်းစေနိုင်တဲ့ နည်းနာကို မကျင့်သုံးနိုင်ခဲ့လို့ပဲ ဖြစ်တယ်။

၁၉၇၄ ခုနှစ် ကျောင်းသား လှုပ်ရှားမှုဟာလည်း အလားတူပဲ ဖြစ်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ကျောင်းသား လှုပ်ရှားမှုရဲ့ ထူးခြားမှုကတော့ လူထုနဲ့ ပူးပေါင်း နိုင်ခဲ့တယ်။ ဒီလို ပူးပေါင်းနိုင်ခဲ့တာ အမှတ်မထင် တိုက်ဆိုင်မှု တခုတော့ မဟုတ်ခဲ့ပါဘူး။ ဒီလို ပူးပေါင်းနိုင်ဖို့ အတွက် စနစ်ကျတဲ့ နည်းစနစ် တချို့ကို တီထွင်နိုင်ခဲ့လို့ ဖြစ်တယ်။
နောက် တိုက်ဆိုင်မှုတခုက အခု အခြေအနေက ၈၈ အစပိုင်းက အခြေအနေနဲ့ တူနေပါတယ်။ ဒီကာလတုန်းက ကျနော်တို့ဟာ လူထု မလိုက်ပါနိုင် ပါနိုင်ဆိုတာကို ပိုင်ပိုင်နိုင်နိုင် မဆုံးဖြတ်နိုင်လောက်အောင်ကို ဖြစ်ခဲ့ရတယ်။

ဒီတော့ ကျနော်တို့ဟာ အချက် ၂ ချက်ကို အတိအကျ လုပ်ဆောင်နိုင်ခဲ့တယ်။

၁ - ကိုယ့်ရဲ့ အခြေအနေကို လုံခြုံအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ (တဖက်မှာလည်း မဆလက ထောက်လှမ်းရေး တင်ဦးနဲ့ ဖြုတ်ထုတ် ခံနေရမှုက ကျနော်တို့ကို အခွင့်သာစေခဲ့တယ်။ အခုလည်း ခင်ညွန့်နဲ့ အဖွဲ့ ဖြုတ်ထုတ် ခံနေရတာကို အခွင့်ကောင်းယူနိုင်ဖို့ ကျနော် တိုက်တွန်းလိုတယ်။)

၂ - လှုပ်ရှားမှုကို တပြည်လုံး ပြန့်နှံ့အောင် ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့တယ်။ ကျနော်တို့ လူထု တိုက်ပွဲဝင်ခဲ့တဲ့ နည်းနာကတော့ ပြောက်ကျားသပိတ် နည်းနာကို ကျင့်သုံးခဲ့တယ်။ အခြေအနေ ပေးတဲ့ နေရာတွေမှာ အချိန် တော်တော်ကြာတဲ့ ချီတက် ဆန္ဒပြမှုကို ကျနော်တို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်။

အဲဒီကာလ စကားတခွန်း ဖြစ်ခဲ့တယ်။ ဒါကတော့ ပြောက်ကျားသပိတ် ဆိုတဲ့စကားပါပဲ။ ဒါက ဘာလဲဆိုတော့ ကျနော်တို့ဟာ လူစည်ကားတဲ့ နေရာတွေကို ရုတ်တရက် ရောက်လာတယ်။ တရားဟောတယ်။ စာဝေတယ်။ ပိုစတာတွေ ကပ်တယ်။ လုံထိန်းတွေ၊ ထောက်လှမ်းရေးတွေ ရောက်လာရင် လူထုထဲမှာ ကိုယ်ရောက်ဖျောက်ပြီး ထွက်ပြေးကြတယ်။ နောက်တနေ့ နောက်တနေရာမှာ ပြန်ပေါ်လာပြီး ဆက်လိုက် တိုက်ပွဲဝင်ရင်း လူထုကို အဆက်မပြတ် လှုံ့ဆော်ခဲ့တဲ့ နည်းစနစ်တွေကို သုံးခဲ့ခြင်း ဖြစ်ပါတယ်။

နအဖကလည်း ဒီခြေအနေဟာ ၈၈ ကာလတုန်းကလိုပဲ ပြင်ဆင်နေတာ၊ တုံ့ပြန်နေတာကို ကြည့်ခြင်းအားဖြင့် အလေးအနက် ပေးနေတာကို သိနိုင်တယ်။ ခုကာလဟာ ၈၈ တုန်းက ဒေါက်တာ မောင်မောင် ကာလ ၁၉၉ဝ ရွေးကောက်ပွဲ ကာလတုန်းကလို မရောက်သေးဘူး ဆိုတာကို သတိပြုသင့်ပါတယ်။ ဒီကာလတွေတုန်းက ကျနော်တို့ တူညီ ယူနီဖောင်းတွေ ဝတ်ခဲ့တယ်။ ဒီလို တူညီ ယူနီဖောင်းဝတ် ဆန္ဒပြတာကို ကျနော်တို့ ဒီကာလ တွေမှာပဲ လုပ်ခဲ့တယ်။ ဒီလိုဝတ်ထားခြင်းအားဖြင့် အောင်မြင်ခဲ့တာတွေ ရှိသင့်သလောက်တော့ ရှိခဲ့ပါတယ်။

ဆန္ဒပြပွဲ အစပိုင်းမှာ လုံခြုံရေးဟာ အထူး အရေးကြီးလှပါတယ်။ ကိုယ့်ရဲဘော်တယောက် အဖမ်းခံရခြင်းဟာ လှုပ်ရှားမှုအတွက် အောင်ပွဲအတွက် တဆင့် အားနည်းသွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လုံခြုံရေးကို အထူး ဂရုစိုက်ဖို့ လိုပါတယ်။ အဖမ်းမခံရအောင် ရှောင်တိမ်းနိုင်ဖို့ ပြင်ဆင်မှု ရှိစေချင်တယ်။ ၁၉၈၈ ခုနစ် မတ်လ ကနေ ၈၈ လှုပ်ရှားမှုကြီးအထိ ကျနော် အဖမ်းမခံရအာင် အစွမ်းကုန် လုပ်ဆောင်ခဲ့တယ်။ ကိုယ်လွတ်မြောက်နေသမျှ အာဏာရှင် စနစ်ကို နှောင့်ယှက် ဖျက်ဆီးနိုင်ပါတယ်။ ဒီနေရာမှာ အဖမ်းခံရတဲ့ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့နဲ့ တချို့ ခေါင်းဆောင်တွေကတော့ တက်ကြွ လှုပ်ရှားသူများလို ရှောင်တိမ်း လှုပ်ရှားနေလို့ မရပါဘူး။ သူတို့ဟာ မြေပေါ်မှာ ပြောင်တိုက်ပွဲဝင်ရမယ့် အနေအထားမျိုးကို ရင်ဆိုင် တိုက်ပွဲဝင်နေရသူတွေ ဖြစ်ပါတယ်။ လုံခြုံရေးကို အထူး ဂရုပြု လှုပ်ရှားနေရတဲ့ တက်ကြွ လှုပ်ရှားသူများ အတွက်သာ ဒီအကြံပြုချက်က အကျုံးဝင်ပါတယ်။

လုံခြုံရေးနဲ့ လှုပ်ရှားမှု ဟန်ချက်ညီစေခြင်း
၈၈ တလျောက်လုံး ပေးခဲ့တဲ့ သင်္ခန်းစာအရတော့ လုံခြုံရေး ကင်းမဲ့မှု ဖြစ်တယ်။ ကျနော်တို့ ရဲဘော်တွေဟာ လှုပ်ရှားမှု တခုလုပ်ဖို့ အကြိမ်ကြိမ် ဆွေးနွေးတာ၊ လက်ဖက်ရည်ဆိုင် ထိုင်တာ၊ ကိုယ်က ဘာလဲဆိုတာကို ရန်သူက သိနေမှုဟာ အလွန် စိုးရိမ်စရာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။ တချို့ နေရာတွေ ရန်သူက တော်လို့ မဟုတ်ဘဲ ကိုယ်ဘက်က ပေါ့ဆမှုတွေကြောင့် ပေါက်ကြားမှုတွေ ဖြစ်တာ၊ အဖမ်းခံရတာတွေ ဖြစ်ကုန်ကြရတာပါပဲ။

လှုံခုံရေးအတွက် ကျနော်အကြံပြုစေချင်တာတွေကတော့

၁ - လက်ကိုင်ဖုန်းနဲ့ သတိထား စကားပြောဖို့ လိုတယ်။ လက်ကိုင်ဖုန်း တခါပြောတိုင်း ရန်သူ နားထောင်နေတယ် ဆိုတာကို သတိပြုပါ။ လက်ကိုင်ဖုန်းက ဈေးကြီးသလောက်၊ ရန်သူကို ဈေးအပေါဆုံး သတင်း ပို့ပေးနေသလို ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲ လက်ကိုင်ဖုန်းက FM ရေဒီယိုစနစ် ပုံစံမျိုးနဲ့ အသံလှိုင်းကို သယ်ယူသွားတာ ဖြစ်တဲ့အတွက် ရန်သူက နေရာအနှံ့ကနေ ကြားဖြတ် နားထောင် နေနိုင်လို့ပဲ ဖြစ်တယ်။ ကြားဖြတ် နားထောင်တဲ့ စခန်းကို အရင်က တိုးကြောင်လေး အနီးနားမှာ ရုံးဖွင့်ပြီး နားထောင်နေကြပါတယ်။
၂ - တနေရာတည်းမှာ အကြာကြီး မဆွေးနွေးကြဖို့ စကားမပြောကြဖို့ လိုတယ်။
၃ - တနေရာတည်းမှာ အမြဲတမ်း မအိပ်ဖို့ လိုတယ်။
၎ - ညအိပ်တဲ့အခါမှာ သတိဝီရိယ အမြဲ ရှိနေဖို့ လိုတယ်။
၅ - ထွက်ပေါက်ကို အမြဲတမ်း ကြိုတင် ကြည့်ထားဖို့ လိုတယ်။
၆ - ကားစီးတဲ့အခါ နောက်ဆုံး ထိုင်ခုံမှာ စီးပါ။ ကိုယ့်နောက်မှာ ဘယ်သူကိုမှ မထားပါနဲ့။
ကိုယ်က အားလုံးကို ကြည့်နိုင်တဲ့ပုံစံ အမြဲ ရှိနေရပါမယ်။
၇ - ခရီးသွားတဲ့အခါ တနေရာရာကို ထွက်တဲ့အခါမှာ လူအုပ်ထဲမှာ အမြဲတမ်းနေပါ။
၈ - မသင်္ကာစရာ လှုပ်ရှားမှု တွေ့တာနဲ့ ခြေရာဖျောက်ပါ။
၉ - စာရွက်စာတန်း၊ စာစောင်၊ သတင်းစာ အဟောင်း နိုင်ငံရေးနဲ့ ပတ်သက်တာ အားလုံး
ကိုယ်နဲ့အတူ မထားပါနဲ့။ အိမ်ထဲမှာ မထားပါနဲ့။ ဝှက်စရာ နေရာတွေ အများကြီးရှိတယ်။ ရအောင် ဝှက်ပါ။
၁ဝ - ဆေးမင်၊ နာရီ၊ လက်စွပ်၊ ဆွဲကြိုးတွေ မဆွဲပါနဲ့။ ဆေးမင်ရှိရင် ဖုံးကွယ်ထားပါ။

အုပ်စု ၂ စု ခွဲပြီးလှုပ်ရှားခြင်း
ဆန္ဒပြတော့မယ် ဆိုတာနဲ့ ကိုယ်အင်အားကို ၂ စုခွဲပါ။ တစုက ပြောင်ဆန္ဒပြမယ့် အဖွဲ့၊ တဖွဲ့က လူထုထဲမှာ ရောနှောပြီး ကိုယ်ရောင် ဖျောက်ထားရမယ့် အဖွဲ့ ဖြစ်ပါတယ်။ ဒီစနစ်ကို ကျနော်တို့ ၈၈ ကတည်းက လုပ်ဆောင်ခဲ့တယ်။ ကျနော်တို့ လုပ်ဆောင်တုန်းက ကိုယ့်မှာ လူအင်အား ၁ဝ ယောက်ရှိရင် သုံးပုံတပုံက ပြောင်ဆန္ဒပြတဲ့ တာဝန်ကို ယူခဲ့တယ်။ ကျန်တဲ့ နှစ်ပုံ ၇ ယောက်ခန့်က လူထုထဲမှာ ရောပြီး ကိုယ်ရောင် ဖျောက်ထားတယ်။

ဒီအဖွဲ့ ၂ ဖွဲ့မှာ သီးခြား တာဝန်တွေကို လုပ်-ကတယ်။ ဆန္ဒပြတဲ့ အဖွဲ့က တရားဟောတယ်။ လှုံ့ဆော်တယ်။ ချီတက်တယ်။ သီချင်းဆိုတယ်။ အလံတွေကိုင်ပြီး ဝှေ့ယမ်းတယ်။ ကိုယ်ရောင်ဖျောက်ထားတဲ့ သူတွေရဲ့ တာဝန်က လူထုထဲမှာ ထောက်လှမ်းရေးတွေက ဘယ်သူတွေလဲ။ လူပ်ရှားမှုကို ထောက်လှမ်းရေးကို သတင်းပို့နေသူ၊ နှောင့်ယှက်မယ့်သူက ဘယ်သူတွေလဲ ဆိုတာကို သတိထား စောင့်ကြည့်တယ်။ အခွင့်အရေးရရင် အနီးကပ်ပြီး တိုက်ခိုက် ပစ်လိုက်တယ်။ ၈၈ မတ်လနဲ့ ဇွန်လ ကျောင်းသား လှုပ်ရှားမှုတုန်းက ကျောင်းသားတွေထဲမှာ မြှုပ်နှံထားတဲ့ ထောက်လှမ်းရေးတွေကို ဒီနည်းနဲ့ ဖော်ထုတ် နိုင်ခဲ့တယ်။ သူတို့ကို အလစ်မှာ ဖမ်းဆီးပြီး အမျိုးသား အိမ်သာထဲမှာ ဖမ်းချုပ်ထားရင်းနဲ့ လှုပ်ရှားမှုကို အသက်ဆက်ပေးနေခဲ့တယ်။

တကယ်လို့ ထောက်လှမ်းရေးတွေ လုံထိန်းတွေက လာရောက် ရိုက်နှက်တဲ့အခါမှာ သူတို့က ပြန်လည် မခုခံရပါဘူး။ သူတို့က လူထုကို ကယ်ပါ ယူပါ အော်ဟစ် အကူအညီ တောင်းကြရမယ်။ ဒီအခါမှာ လူထုထဲမှာ မြှုပ်နှံထားတဲ့ ကိုယ့်လူတွေက စတင်ပြီး လူဆိုးလူမိုက်တွေ၊ ထောက်လှမ်းရေးတွေကို စတင် တိုက်ခိုက်လိုက်တဲ့ အခါမှာ လူထုက မခံမရပ်နိုင် ဖြစ်လာတဲ့ ပုံစံကို ရောက်လာတယ်။ နောက်တော့ တကယ်ပဲ လူထုက ဝင်ရောက် ကူညီလာတော့တယ်။

ဒီနေ့ဖြစ်နေတဲ့ လှုပ်ရှားမှုကိုကြည့်ရင် နအဖက လူဆိုးလူမိုက်တွေကို လူထုထဲမှာ ရောနှော ထည့်ထားတယ်။ ဒီလူတွေက ဘယ်သူတွေလဲ ဆိုတာ ကိုယ့်လူတွေက မသိနိုင်ဘူးလို့ လှုပ်ရှားမှုထဲမှာ ပါဝင်နေတဲ့ သူတဦးက ဆိုတယ်။ ဒီလို ဖြစ်ရတာကတော့ ကိုယ်ဘက်က – ကြိုတင်ပြီး လူထုတဲမှာ ရောနှော မမြှုပ်နှံထားနိုင်လို့ ဖြစ်တယ်။ သေသေချာချာမြှုပ်နှံပြီး လူအုပ်ထဲမှာ အကဲခတ်ကြည့်ရင် သာမဏေန သမဏေဏော၊ ဂေါဏေန ဂေါဏော ဆိုသလို သာမဏေက ဘယ်သူလဲ နွားက ဘယ်သူလဲ ဆိုတာကို ခွဲခြား သိနိုင်လိမ့်မယ်။ လူထုထဲမှာ ကိုယ်ရောင်ဖျောက် လှုပ်ရှားရတဲ့ သူတွေကို ကျနော်တို့ တာဝန်ပေးတဲ့ အခါမှာတော့ အားကောင်းမောင်းသန်တွေ၊ လက်စလက်န ရှိသူတွေ၊ ဆန္ဒပြတာ မလုပ်တတ်ပေမယ့် မတရားမှုတွေကို လက်ပိုက် မကြည့်လိုတဲ့ ရပ်ကွက်ထဲက လူငယ်လူရွယ်တွေဟာ ဒီလို လုပ်ငန်းမှာ အထူး သင့်တော်ကြတယ်။ သူတို့ကို ဦးစားပေးပြီး ကျနော်တို့ ရွေးချယ်ပေးခဲ့တယ်။ တခါတရံမှာ ကိုယ်ရောင်ဖျောက်ပြီး ဝင်ကူမယ့် သူတွေဟာ လေး ငါးဆယ်ခန့်အထိ ကျနော်တို့ သုံးခဲ့တယ်။ သူတို့ကို အုပ်စုလိုက်တွေ ဖွဲ့ပြီး တာဝန်တွေ ပေးခဲ့တယ်။ ဒါကြောင့် ဆန္ဒပြပွဲ လုပ်တော့မယ် ဆိုတာနဲ့ လူအုပ်စု ၂ စုခွဲပြီး လှုပ်ရှားတာဟာ အကောင်းဆုံး နည်းစနစ်တခု ဖြစ်တယ်လို့ အကြံပြုလိုတယ်။

၂။ ဆန္ဒပြချီတက်ခြင်း

က - ချီတက် ဆန္ဒပြရမယ်။

၁ - အရေးအကြီးဆုံးက လူအစည်းကားဆုံး နေရာဖြစ်ရမယ်။ အခြေခံ လူထုတွေ အများဆုံး ရှိတဲ့နေရာတွေ ဖြစ်ရပါမယ်။

၂ - ကြံ့ဖွံ့ သို့မဟုတ် အာဏာပိုင်များက လာရောက် တားမြစ်လျှင် ထိပ်တိုက် မရင်ဆိုင်ပါနဲ့ ထိုင်ပြီး ဆန္ဒပြပွဲ ဆက်လက် မဆင်နွှဲပါနဲ့ ချက်ချင်း လူစု ပြန်ခွဲလိုက်ပါ။ နောက်တကြိမ် ဆန္ဒပြနိုင်အောင် ပြင်ဆင်ပါ။ လူပြန်စု ပြန်ချီတက် ပြန်တိုက်ပွဲဝင်။

၃ - လမ်းဘေးမှ ရပ်ကြည့်နေတဲ့ လူထုတွေကို ပါအောင် စည်းရုံးပါ။ ဒီလို စည်းရုံးနိုင်ဖို့ကတော့ ကိုယ်ဘက်က ခုလို ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။

က - လမ်းဘေးမှ ရပ်ကြည့်နေတဲ့ လူတွေထဲကို ကိုယ့်ရဲဘော် တချို့က ဝင်ရောက် ရောနှော နေရာယူ ထားဖို့ လိုပါတယ်။
ခ - လူထုတွေကို အလုပ်ပေးပါ။ (တာဝန်ပေးပါ။)
ဂ - အသင့်ပါလာတဲ့ စာရွက်တွေကို လူထုတွေကို ဝေခိုင်းပါ။
ဃ - လူထုတွေထဲကို ခွပ်ဒေါင်း တံဆိပ်ပါတဲ့ နဖူးစည်းများ ရပ်ကြည့်နေတဲ့ လူတွေကို ဖြန့်ဝေပေးဖို့ လိုတယ်။
င - မြေဖြူခဲ၊ မီးသွေးခဲ၊ ဆေးစုတ်တံ၊ ပိုစတာများကို လူထု လက်ထဲ ထည့်ပေးပါ။ ကြွေးကြော်သံတွေကို ရေးခိုင်းပါ။
စ - တိုက်နံရံများ၊ အုတ်နံရံများ၊ ကားလမ်းမများပေါ်မှာ ကြွေးကြော်သံများကို ရေးခိုင်းပါ။ ပိုစတာများ ကပ်ခိုင်းပါ။
ဆ - လူထုထဲမှာ ရှိနေတဲ့ ကိုယ့်လူတွေက လူထုကို ပူးပေါင်း ပါဝင်လာအောင် အနီးကပ် လှုံ့ဆော်ပေးနေရမယ်။
ဇ - တကယ်လို့ ဆန္ဒပြနေတဲ့ ကိုယ့်လူတွေကို ကြံ့ဖွံ့များ၊ လူဆိုးလူမိုက်များက တိုက်ခိုက်လာပါက၊ ဝင်ရောက် ကာကွယ် ပေးနိုင်ရမယ်။ ဟေ့ … ဒါမတရားဘူးကွ၊ ဒို့ လက်ပိုက် ကြည့်မနေဘူး။ သတ္တိရှိရင် ထိကြည့်ကွ စသဖြင့် ကိုယ်လူတွေက စတင် ပြောဆိုရမယ်။ လိုအပ်လာရင် ခွန်အားကို သုံးပြီး ဖြေရှင်းရပါမယ်။
ဈ - တုတ်များ၊ ပုလင်းများ၊ အုတ်နီခဲများနဲ့ တိုက်ခိုက် ချေမှုန်းပစ်ရမယ်။ ဒီအခါမှာ လူထုက မခံမရပ်နိုင် ဖြစ်လို့ မိမိတို့နဲ့အတူ တိုက်ပွဲဝင်လာတဲ့ ပုံစံကို ထွက်လာပါတယ်။
ည - အာဏာပိုင်များက တိုက်ခိုက်လာတဲ့ ကိုယ့်လူတွေကို တုံ့ပြန်ရင်းနဲ့ လူထုကိုပါ တိုက်ခိုက်တဲ့ ပုံစံကို ရောက်လာလေ့ ရှိတယ်။ ဒီအခါမှာ အာဏာပိုင်တွေနဲ့ လူထုတိုက်ပွဲ စတင်လာသလို ဖြစ်လာတော့တယ်။ တိုက်ခိုက် ကာကွယ်ပေးတဲ့ ပုံစံ ဖြစ်လာတယ်။ လူထုတွေကလည်း ငါ့ဘေးက လူတွေတောင် ပါကုန်ပြီ၊ ငါလည်း ပါတော့မယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖြစ်ပေါ်စေတယ်။ လူထုတွေမှာ Group Dynamic Behavior ရှိတယ်။ တယောက်က လုပ်ရင် ကျန်တဲ့လူကလည်း လိုက်လုပ်တဲ့ သဘောပဲ။ လုံခြုံမှု ရှိတယ်။ အောင်ပွဲခံမယ် ဆိုရင် လူတိုင်းက အားတက်သရော ပါချင်ကြတယ်။ ဒီတော့ ခေါင်ဆောင် လုပ်တဲ့သူက ဒီအခြေအနေကို မှန်မှန်ကန်ကန် အသုံးချတတ်ရမယ်။
ဋ - တကယ်လို့ ကိုယ့်မှာ အင်အား များလာတယ်ဆိုရင် ချီတက် ဆန္ဒပြနိုင်တယ်။ ဒါပေမဲ့ လူစည်ကားတဲ့ နေရာမှာပဲ ဖြစ်ရမယ်။

ခ - ကြွေးကြော်သံများ
ကြွေးကြော်သံတွေကို ချမှတ်ပေးတဲ့ နေရာမှာ နိုင်ငံရေး အခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုအလိုက် တဆင့်ပြီးတဆင့် မြှင့်တင်ပေးသွားဖို့ လိုတယ်။ လောလောဆယ်မှာ ဓာတ်ဆီ ဈေးနှုန်းတွေ ကျဆင်းရေး စွမ်းအင်နဲ့ ဘဏ္ဍာရေး ဝန်ကြီး နုတ်ထွက်ရေး စတဲ့ ကြွေးကြော်သံကို တင်သင့်တယ်။ အဆင့်မြင့်လာရင် ဗိုလ်ချုပ် သန်းရွှေ နုတ်ထွက် ပေးရေးနဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို ဆက်လက် တင်ရမယ်။ အမြင့်ဆုံးပိုင်းကို ရောက်လာရင် စစ်အာဏာရှင် စနစ် ဖျက်သိမ်းရေးနဲ့ ဒီမိုကရေစီ လူထုအစိုးရ တရပ် ဖွဲ့စည်းနိုင်ရေး အထိ ဆက်လက် တင်ပေးသွားဖို့ လိုတယ်။ လူထုတိုက်ပွဲရဲ့ အမြင့်ဆုံး ကြွေးကြော်သံကတော့ လူထုအစိုးရ ဖွဲ့စည်းရေး (ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးအထိ ဖြစ်ရမယ်။)

ဂ - စည်းကို ကျော်ပေးခြင်း
အာဏာပိုင်တွေက ဟိုဟာ မလုပ်ရဘူး။ ဒီဟာ မလုပ်ရဘူး။ ဟိုနေရာကို မသွားရဘူး။ ဒီနေရာကိုမသွားရဘူး။ လူမစုရဘူး စသဖြင့် မတရားတဲ့ ဥပဒေတွေကို ထုတ်ပြန်တတ်လေ့ ရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ‘မတရားတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ’ လို့ အမိန့် ရှိခဲ့ဖူးတယ်။ လူထုတိုက်ပွဲမှာ မတရားတဲ့ ဥပဒေတွေကို ထုတ်ပြန်လာတဲ့ အခါမှာ ကျနော်တို့က ဒါကို နည်းမျိုးစုံနဲ့ ချိုးဖောက်ပစ်ဖို့ လိုတယ်။ သူတို့ ဥပဒေတွေကို ဟာသ လုပ်ပစ်ရပါမယ်။ ဒါကို ကျနော်က စည်းကို ကျော်ပေးရတယ်လို့ သုံးချင်ပါတယ်။ အခွင့်အရေးရတာနဲ့ စည်းကို ကျော်ပေးဖို့ ကြိုးစားရပါမယ်။

ဃ - အရေးအကြီးဆုံး အချက်များ
၁ - အလံ
၂ - စကားပြောစက်
၃ - ရန်သူ့လူများ ထိုးဖောက်လာခြင်း

၁ - အလံက ကိုယ်လက်ထဲ သို့မဟုတ်၊ ကိုယ့်ရဲဘော် လက်ထဲမှာပဲ ဖြစ်ရမယ်။
လူတွေရဲ့ ပင်ကိုဗီဇစိတ်က ဘဲတွေနဲ့တူတယ်။ ဆန္ဒပြပွဲတွေမှာ ရှေ့က တယောက်က ဦးဆောင်နေရင် ဦးဆောင်နေသူ နောက်ကိုပဲ တစွတ်ထိုး လိုက်တတ်တဲ့ အကျင့် ရှိတယ်။ ဒီအခါမှာ မသမာတဲ့ သူတွေက အလံကိုရအောင်ယူပြီး ချီတက်တဲ့ လမ်းကြောင်း ပြောင်းအောင် လုပ်လာနိုင်တယ်။ ဒါကြောင့် အလံကို ကိုယ့်လူ လက်ထဲမှာပဲ ရှိစေရမယ်။

၂ - အလံလိုပဲ အရေးကြီးတဲ့ အချက်တခုက အသံချဲ့စက် ဖြစ်တယ်။
အသံချဲ့စက်ကို ကိုယ့်လူကပဲ ကိုင်ထားရမယ်။ တက်ကြွဖွယ် ကောင်းတဲ့ စကားတွေပြောပြီး လူထုကို လိုက်ပါအောင် လှုံ့ဆော်နေချိန်မှာ မသမာသူတွေက အသံချဲ့စက်ကို ရအောင်ယူပြီး ဆန္ဒပြပွဲကို ပျက်စီးစေတဲ့ စိတ်ဓာတ် ကျဆင်းဖွယ်ရာ စကားတွေ၊ အတွေးအခေါ် ရှုပ်ထွေးစေတဲ့ စကားတွေ၊ စည်းပျက်ကမ်းပျက် ဖြစ်အောင်၊ ဆန္ဒပြပွဲကို ထိန်းမနိုင် သိမ်းမရ ဖြစ်အောင် ပြောဆိုတာတွေကို လုပ်ဆောင်လေ့ ရှိတတ်ကြတယ်။

၃ - ရန်သူ့ လူများက ပုံစံအမျိုးမျိုးနဲ့ ထိုးဖောက် ဝင်ရောက်ပြီး အဖျက်လုပ်ငန်းတွေ လုပ်ဆောင်တတ်လေ့ ရှိတယ်။ ကျနော်တို့တုန်းက ရန်သူလူတွေက သပိတ်ကို ဦးဆောင်နေတဲ့ သူတွေကို စာရေးပြီး ခြိမ်းခြောက်တာ၊ လှုပ်ရှားမှုကို ရပ်တန့်ခိုင်းတာ၊ ခေါင်းဆောင်တွေနား ချဉ်းကပ်ပြီး လက်နက်တွေ ရလာပြီ ယူမလားဆိုပြီး လာခေါ်လေ့ ရှိတယ်။ လိုက်မသွားပါနဲ့။ အရေးကြီးတာ တိုင်ပင်ချင်လို့ဆိုပြီး လူပြတ်တဲ့ နေရာတွေကို ခေါ်ဆောင်လေ့ ရှိတယ်။ လိုက်မသွားပါနဲ့။ စစ်သားတွေကို ရန်သူ့လူတွေက ကိုယ့်လူပုံစံ ဖမ်းထားတဲ့သူတွေက စစ်သားတွေကို စတင် တိုက်ခိုက်ပြတာမျိုးတွေလည်း လုပ်လေ့ရှိတယ်။ ချီတက်ရာ လမ်းကြောင်းကို ပြောင်းအောင် လုပ်ဆောင်လေ့ ရှိတယ်။ သတ်ကွင်းကို ချီတက်နေတဲ့ လူထုကို ခေါ်ဆောင်သွားတာ လုပ်တတ်တယ်။ ဒါကြောင့် ချီတက်ရာကို ခေါင်းဆောင်နေတဲ့ သူတွေဟာ ကိုယ်လူတွေပဲ ဖြစ်ရပါမယ်။ အရေးအကြီးဆုံးက လူပြတ်တဲ့ သတ်ကွင်း ဖြစ်စေတဲ့ နေရာတွေမှာ ဆန္ဒပြပွဲ မလုပ်မိဖို့ အရေးကြီးတယ်။ မသွားသင့်ဆုံးနေရာက ရွှေတိဂုံဘုရား ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူပြတ်တဲ့နေရာ ဖြစ်နေလို့ ဖြစ်တယ်။

င - အလုပ်သမားတွေ သပိတ်ထဲ ပါလာအောင် ဘယ်လို လုပ်ခဲ့သလဲ
၈၈ တုန်းက အလုပ်သမားတွေနဲ့ ရန်ကင်းစက်မှု ဝန်ကြီးဌာနက ဝန်ထမ်းတွေကို သပိတ်ထဲ ပါလာအောင် ကျနော်တို့ ကြိုးစားခဲ့တယ်။ ကန်ဘဲ့ အပ်ချည်လုံး စက်ရုံက အလုပ်သမားတွေကို ကျနော်တို့ သပိတ်ထဲမှာပါဖို့ သွားရောက် တရားဟောတယ်။ မပါဘူး။ ကျောင်းသားနဲ့ လူထုတွေ ၁ဝဝ လောက်က အလုပ်သမားတွေကို သပိတ်ထဲပါဖို့ နားချပေမယ့် အလုပ်သမားခေါင်း ၁ ယောက်က အပြင် မထွက်ရဘူး ဆိုပြီး တံခါးတွေ ပိတ်လိုက်တဲ့အခါမှာ အလုပ်သမားတွေဟာ နာခံသွားကြတယ်။

ဘာဖြစ်လို့လဲ
၁ - ကျောင်းသားတွေ ဦးဆောင် လှုပ်ရှားနေတဲ့ သပိတ်က နိုင်မှာမို့လို့လား
၂ - ငါအလုပ် ပြုတ်သွားရင် ငါ့ မိသားစုကို ဘယ်သူက စောင့်ရှောက်မှာလဲ
၃ - လူသားမှာ ဗီဇ အရိုးစွဲနေတဲ့ အထက်အရာရှိကို နာခံလိုမှု သဘောတရား
တွေကြောင့်ဖြစ်နိုင်တယ်။

ကျနော်တို့က ဘာလိုချင်တာလဲ။ ကျနော်တို့ လိုချင်တာက အလုပ်သမားတွေ အလုပ်သပိတ်ထဲ ပါဝင်ဖို့ အလုပ်မဆင်းဘဲ ကန့်ကွက် ဆန္ဒပြဖို့ ဖြစ်တယ်။ ဒီတော့ ကျနော်တို့က ဘာလုပ်ပေးခဲ့သလဲ။ ဘောက်ထော် ဘူတာနားက မီးရထား သံလမ်းတွေကို ဆွဲဖြုတ် ပစ်လိုက်ကြတယ်။ မော်တော်ကားလမ်းတွေကို ပိတ်ဆို့ပေး လိုက်တယ်။ ဒီတော့ အလုပ်သမားတွေ အလုပ်မဆင်းနိုင်တော့ဘူး။ သပိတ်ထဲ ပါဝင်သလို ဖြစ်လာတယ်။ လမ်းတွေ ပိတ်ကုန်တော့ အလုပ်သမားတွေ လမ်းလျှောက်လာရတယ်။ ဒီတော့ လမ်းပေါ်မှာရှိတဲ့ လူထုတွေ သံဃာတွေ၊ ကျောင်းသားတွေနဲ့ ပေါင်းမိလာတယ်။ (မီးရထား သံလမ်းတွေကို ဖြုတ်ပြီးတဲ့ အခါမှာတော့ ရန်ကုန် ဘူတာကြီးကို ဖုန်းဆက်ပြီး သံလမ်း ပျက်နေတယ်လို့တော့ ကျနော်တို့ အကြောင်းပေးခဲ့ပါတယ်။ မီးရထားနဲ့ ခရီးသွားသူတွေကို အန္တရာယ် မဖြစ်အောင်လို့ပါ။)

၎။ ယန္တရားများကို ဖြိုချပေးခြင်း
အစိုးရ ယန္တရားတွေထဲမှာ ဆက်သွယ်ရေး၊ အုပ်ချုပ်ရေး၊ ရဲစခန်း၊ ရပ်ကွက်ထဲမှာရှိတဲ့ သူတို့ရဲ့ ရုံးခန်းတွေကို ရပ်တန့်သွားအောင် နည်းမျိုးစုံနဲ့ နှောင့်ယှက်ပေးရတာ ဖြစ်တယ်။ ၈၈ တုန်းက စိန်လွင် တက်လာတဲ့ နောက်ပိုင်းမှာ ချီတက် ဆန္ဒပြတာတွေကို လုပ်ဆောင်ဖို့ အတော် ခက်ခဲလာခဲ့တယ်။ ဒါကြောင့် ကျနော်တို့က ကိုယ်နဲ့ အနီးစပ်ဆုံး ရှိနေတဲ့ မဆလ ရုံးခန်းတွေ၊ ရဲစခန်းတွေကို တိုက်ခိုက် ပေးခဲ့တယ်။ ဒီလို ဖြိုချတဲ့ နေရာမှာ အသုံးပြုရတဲ့ နည်းစနစ်ကတော့ ကြံ့ဖွံ့တွေကို နုတ်ထွက်ဖို့ ဖိအားပေးတာ၊ ခြိမ်းခြောက်စာ ရေးတာ။
၈၈ တုန်းက ကျနော်တို့က မဆလ ပါတီဝင်တွေကို နုတ်ထွက်ပေးဖို့ ညဘက်မှာ လော်စပီကာငှားပြီး လိုက်လံ အော်ပြောခဲ့ပါတယ်။ ညဘက်က တိတ်ဆိတ်နေချိန်မှာ အမှောင်ထုကို ဖောက်ပြီး ထွက်လာတဲ့ ကိုယ့်ရဲ့ ကြေညာချက် အသံက မဆလ ဒေါက်တိုင်တွေကို ခြောက်ခြား စေခဲ့ပါတယ်။
ဒီတုန်းက ကျနော်တို့ သုံးခဲ့တဲ့ ကြေညာချက်ကတော့ တိုတိုနဲ့ လိုရင်း ရေးခဲ့ပါတယ်။

ဥပမာပြောရရင် -
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ရာဇသံ
မဆလ ပါတီဝင် အပေါင်းတို့ … သင်တို့ မဆလ ပါတီဝင် အဖြစ်မှ နုတ်ထွက်ရန် ငါတို့ ပြည်သူ တရပ်လုံးက တောင်းဆိုသည်။
သင့်တို့ မတရားမှု လုပ်ဆောင်ချက်များကို ငါတို့ သည်းခံတော့မည်မဟုတ်။
မနက် နောက်ဆုံးထားပြီး သင့်တို့ မဆလပါတီဝင် ကတ်ပြားများကို ရဟန်းသံဃာများ ကျောင်းသား ပြည်သူများထံ လာရောက် အပ်နှံရမယ်။
မအပ်နှံပါက သင်တို့ အသက်အိုးအိမ် စည်းစိမ်ကို တာဝန်ယူမည် မဟုတ်။
ပုံ
ဗကသများအဖွဲ့ချုပ်

ဆိုပြီး ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ ညဘက်မှာ လော်စပီကာကို ကားပေါ်၊ ဆိုက်ကားပေါ် တင်ပြီး ရပ်ကွက်တွေထဲမှာ လိုက်လံ အော်ခဲ့ကြတယ်။ ဒီအခြေအနေကို လူထုလှုပ်ရှားမှု အမြင့်ဆုံး အပိုင်းမှာ ကျနော်တို့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

နောက်တခုကတော့ မဆလအစိုးရ သုံးတဲ့ တယ်လီဖုန်း လိုင်းတွေကို ဖြတ်တောက် ပြစ်လိုက်ခြင်း၊ လမ်းတွေကို ပိတ်ဆို့ပစ်ခြင်းတွေ ပြုလုပ်ခဲ့တယ်။ အဓိက လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရန်သူရဲ့ အမိန့်ပေးစနစ် Commend and Control ကို ရပ်တန့် သွားအောင်လို့ ဖြစ်တယ်။ ၈၈ တုန်း ဒီလို ယန္တရားကို ထိထိရောက်ရောက် ဖြိုချနိုင်ခဲ့တဲ့ အတွက် မဆလ ပါတီဝင်တွေ သန်းနဲ့ချီပြီး မြို့နယ်တိုင်းမှာ နုတ်ထွက်လွှာတွေ လာရောက် တင်ခဲ့ကြတယ်။ မဆလပါတီ ထိပ်သီး ခေါင်းဆောင်တွေ အိမ်ထဲက အိမ်ပြင် မထွက်ရဲခဲ့ကြဘူး။ အမိန့်ပေး စနစ် တခုလုံး ဖြိုချတာ ခံခဲ့ရလို့ ဖြစ်တယ်။

၅။ လူထု အုပ်ချုပ်ရေး အသစ်ကို အစားထိုးခြင်း
တော်လှန်ရေးတခု အောင်ပွဲခံတယ် မခံဘူးဆိုတာဟာ အုပ်ချုပ်ရေး အသစ်တခုကို တည်ဆောက်နိုင်သလား မတည်ဆောက်နိုင်သလားနဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ဗြိတိသျှ ထောက်လှမ်းရေး အကြီးအကဲဟောင်း တခုက တချို့သူပုန်တွေ အောင်ပွဲခံပြီး တချို့သူပုန်တွေ ဘာကြောင့် အောင်ပွဲ မခံရသလဲ ဆိုတာနဲ့ ပတ်သက်လို့ သုတေသန ပြုခဲ့တယ်။ သူရဲ့ တွေ့ရှိချက်အရ တချို့ သူပုန် အဖွဲ့တွေဟာ အစိုးရ အဖွဲ့တခုကို ဖြုတ်ချပစ်ဖို့ ကြိုးစားနေချိန်မှာ သူတို့ဟာ အစိုးရသစ် တခုကို ဖွဲ့စည်းနိုင်ဖို့ ပြင်ဆင်နိုင်ခဲ့ကြတယ်။ ဖွဲ့စည်း နိုင်ခဲ့ကြတယ်။

၈၈ ရဲ့ မဟာသွေး သင်ခန်းစာအရ ကျနော်တို့ဟာ လူထုတိုက်ပွဲရဲ့ အမြင့်ဆုံးအပိုင်းမှာ အစိုးရ တရပ်ကို ကျနော်တို့ မဖွဲ့စည်းနိုင်ခဲ့ပါဘူး။ ဦးနုက အစိုးရတရပ် ဖွဲ့စည်းဖို့ ကြိုးပမ်းခဲ့ပေမယ့် မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့၊ တတ်သိ ပညာရှင်များက မထောက်ခံခဲ့ကြပါဘူး။ ဒါကြောင့် ဦးနုရဲ့ စင်ပြိုင် အစိုးရ ဖွဲ့စည်းရေး စီမံကိန်းက ပျက်စီးသွားခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ ဆုံးရှုံးမှု တခုပါ။ ဒီကာလက ကျနော်တို့ အစိုးရ ဖွဲ့စည်းနိုင်ခဲ့ရင် အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ ထိုင်းနိုင်ငံနဲ့ အိန္ဒိယ နိုင်ငံတို့က ထောက်ခံဖို့ ကတိပြုခဲ့သော်လည်း၊ အမေရိကန် ရေတပ်သင်္ဘောက မြန်မာ့ ရေပိုင်နက်အထိ ရောက်ရှိနေခဲ့ပါသော်လည်း ကျနော်တို့ အောင်ပွဲ လက်တကမ်း အလိုကျမှ အရှုံးကို ရင်ဆိုင်ခဲ့ရတယ်။ ကျနော်တို့ အစိုးရကို မဖွဲ့စည်းနိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။

ဒီနေ့ လူထုတိုက်ပွဲ အမြင့်ဆုံးပိုင်းကို ရောက်လာတဲ့နဲ့ တပြိုင်နက် ကျနော်တို့ဟာ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ဦးဆောင်ပြီး ကြားဖြတ် အစိုးရ တရပ်ကို ဖွဲ့စည်းဖို့ လိုပါတယ်။ ဒါကို အားလုံးက ဝိုင်းထောက်ခံဖို့ လိုပါတယ်။

ဒါကြောင့် ကျနော်တို့ဟာ ကိုယ့်ရပ်ကွက် ကိုယ့်မြို့ ကိုယ်ရွာတွေမှာ နအဖ အုပ်ချုပ်ရေးတွေကို နည်းမျိုးစုံ သုံးပြီး ဖြိုချဖို့ လိုလာတယ်။ နအဖ အုပ်ချုပ်ရေး နေရာတွေမှာ ဒီမိုကရေစီ လူထု အုပ်ချုပ်ရေးတွေနဲ့ အစားထိုးရမယ်။

ကျေးရွာ ရပ်ကွက်အလိုက် ရဟန်းသံဃာများ၊ ကျောင်းသားများ၊ ရပ်မိရပ်ဖများ ဦးဆောင်တဲ့ ကော်မတီတွေကို ဖွဲ့စည်းရမယ်။ ရပ်ရွာ လုံခြုံရေး၊ ငြိမ်းချမ်းရေးတွေကို ချက်ချင်း ဆောင်ရွက်ပေးရမယ်။ လမ်းပန်း ဆက်သွယ်ရေးကို တာဝန် ယူပေးရမယ်။ တရား ဥပဒေ စိုးမိုးမှုကို အာမခံပေးရမယ်။ လူထုထဲအတွက် စားရေ ရိက္ခာများ ဖြန့်ဖြုး ပေးရမယ်။ ဒါကို ကျေးရွာ ရပ်ကွက် မြို့နယ် ကိုယ်နည်းကိုယ်ဟန်နဲ့ ဆောင်ရွက်ပေးရမယ်။ ရဲစခန်းတွေကို ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေး အောက်မှာ တည်ရှိစေရမယ်။

လူထုတိုက်ပွဲနဲ့ အောင်ပွဲကို အရယူကြ
မိုးသီးဇွန်

ဒီမိုကရေစီ မဟာမိတ်များ အဖွဲ့ချူပ် (ဒမဖ)
moetheezun@hotmail.com
646-413-8631
Skype ID - moetheezun