News Article Photo Poem Video Cartoon Music Radio

Sunday, September 2, 2007

မြန်မာလူထုကို ပြောချင်တဲ့ ရင်ထဲက စကား

စုစုနွေး

သြဂုတ်လ ၃၁ ရက်၊ ၂ဝဝ၇ ခုနှစ်။


မြန်မာနိုင်ငံမှာ ကျမတို့ရဲ့ လူထုခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ ပြည်သူပြည်သားတွေ လူ့အခွင့်အရေး ရရှိရေးနဲ့ မြန်မာပြည် တိုးတက်ရာ တိုးတက်ကြောင်းအတွက် သူ့ဘဝနဲ့ ရင်းပြီး၊ နေအိမ် အကျယ်ချုပ် နှစ်ရှည်လများ ကျခံပြီး မားမားမတ်မတ် ရပ်တည်နေသူပါ။
ကျမတို့ရဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်တဲ့ အကိုတွေ၊ အမတွေဟာလည်း ဒီ့အတွက်ပဲ သူတို့ရဲ့ လူငယ်ဘဝတွေကို ထောင်ထဲမှာ စတေးခဲ့ပြီးသွားပြီ။ ထောင်က ထွက်ပြီးချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ အတော်ကို ဆိုးရွားနေပါတယ်။ အထွေထွေ အကျပ်အတည်းတွေကို ရင်ဆိုင်နေရတဲ့ ပြည်သူလူထုတွေ အတွက် သူ့တို့ ဘဝတွေကို ဘယ်လိုပဲ စတေးခဲ့ရ၊ စတေးခဲ့ရ ဒါတွေကို နောက်ပြန် မကြည့်ဘဲနဲ့ လူထုရဲ့ အခက်အခဲတွေကို ‘ငါတို့ ... ဖြေရှင်းမှ ဖြစ်တော့မယ်’ ဆိုပြီးတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ မကြာသေးခင်က ထပ်မံပြီး တောင်းဆိုခဲ့ကြ ပါသေးတယ်။
မြန်မာပြည် တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်အောင် အခုလို လုပ်နေပေမယ့် စစ်အာဏာရှင်တွေဘက်က ပြစ်မှုတွေ အမျိုးမျိုးတပ်၊ စွပ်စွဲချက်တွေ အမျိုးမျိုးတင်ပြီး ၈၈ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချ ခဲ့ပြန်ပါပြီ။ ဒီကြားထဲမှာပဲ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ မြန်မာပြည်ရဲ့ အထွေထွေ အကျပ်အတည်းကို နေ့တဓူဝ ရင်ဆိုင်နေရတဲ့ ပြည်သူလူထုတွေကို စစ်အာဏာရှင်တွေ ဘက်ကနေ ရပ်တည်ပြီးတော့ ပြည်သူ အယောင်ဆောင် စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေက အကြမ်းဖက်၊ ဖမ်းဆီး အရေးယူတာဟာ မြန်မာပြည်ရဲ့ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။
မြန်မာပြည် အနာဂတ် ကောင်းစားရေးကို အရှည်မျှော်ကြည့်ပြီး လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေးသမား အားလုံးကို စစ်ခေါင်းဆောင်ပိုင်းက ဆွေးနွေးပြီးတော့ လက်ရှိ အခြေအနေကို ပြုပြင် ဆောင်ရွက် ပေးနိုင်မယ် ဆိုရင် ကျမတို့ နိုင်ငံဟာ ကမ္ဘာပေါ်မှာ တကယ့်ကို တင့်တယ်တဲ့ နိုင်ငံတခု ဖြစ်သွားနိုင်ပါတယ်။
အခုလို လောင်စာဆီ ဈေးနှုန်းတွေ၊ ကုန်ဈေး နှုန်းတွေ အစစအရာရာ ကြီးမြင့်လာမှုတွေကြောင့် နေ့စဉ် ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အခု အချိန်မှာ အကြောင်းနဲ့ အကျိုး၊ အကောင်းနဲ့ အဆိုး၊ အမှန်နဲ့ အမှား၊ တရားမှုနဲ့ မတရားမှု၊ ဖိနှိပ် ချုပ်ချယ်မှုနဲ့ လွတ်လပ်ခွင့်တွေကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့ အချိန် ကျရောက်နေပါပြီလို့ ပြောချင်တယ်။
မြန်မာ့ စစ်ခေါင်းဆောင်ကြီးတွေဟာ ဒီမိုကရေစီ စနစ်ကို အမှန်တကယ် လိုလားတယ် ဆိုရင်တော့ အခုကတည်းက ကျမတို့ နိုင်ငံရဲ့ အုပ်ချုပ်ရေး လမ်းတွေမှာ လူသားဆန်ဖို့ လိုအပ်နေပါပြီ။ လူသား ဆန်စေချင်ပါတယ်။ နောက် ကျမတို့ရဲ့ အကိုတွေဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ကျမတို့ ငြိမ်းချမ်းစွာ ဆန္ဒ တောင်းဆိုနေတဲ့ အဖွဲ့ချုပ်၊ အဖွဲ့ဝင်တွေ ပြည်သူလူထုတွေကို အကြမ်းဖက် နှိမ်နိင်းနေတယ်။ အဲဒီ နှိမ်နှိင်းနေတဲ့ လူတစုက ပြည်သူ့ ယောင်ဆောင်ထားတဲ့ စွမ်းအားရှင်တွေ၊ ကြံ့ဖွံ့တွေကို အသုံးချ လုပ်နေတာသာ ဖြစ်ပါတယ်။ အဲဒီလို ကျမတို့ကို ပြည်ပ သောင်းကျန်းသူတွေနဲ့ ပူးပေါင်းပြီးတော့ တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေတယ်လို့ ကျမတို့ကို အမျိုးမျိုး စွပ်စွဲချက်တွေနဲ့ စွပ်စွဲ ရေးသားခြင်းကို မကြာခဏ ကြားလည်း ကြားနေရပါတယ်။ ဖတ်လဲ ဖတ်ရပါတယ်။ အဲတော့ ကျမတို့က နေပြီးတော့ တိုင်းပြည် ပျက်စီးရာ ပျက်စီးကြောင်းကို ကျမတို့ လုပ်နေကြတာ မဟုတ်ပါဘူး။
ကျမတို့ တိုင်းပြည်အတွက် လူတိုင်း၊ လူတိုင်း၊ လူ့အခွင့်အရေး ရဖို့နဲ့ ဒီမိုကရေစီ ရရှိရေး အတွက်ကိုသာ ကျမတို့က ဦးတည်ပြီးတော့ ကျမတို့ရဲ့ ဘဝတွေရော ကျမတို့ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပျော်ရွင်မှုတွေ အားလုံးတွေ၊ ကျမတို့က ပြည်သူတွေနဲ့ ကျမတို့ လိုလားတဲ့ ကျမတို့ တိုင်းပြည်မှာ ရှိသင့်ရှိထိုက်တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက်တွေကို ကျမတို့က ငြိမ်းချမ်းသော နည်းဖြင့် တောင်းဆိုတာပါ။
တိုင်းပြည်နဲ့ ပြည်သူလူထုကို မကြည့်ဘဲနဲ့ စွပ်စွဲချက်တွေ အမျိုးမျိုး တင်ပြီးတော့ ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေတာဟာ အာဏာရှင်တွေသာ ဖြစ်ပါတယ်။ အာဏာရှင် စနစ်သာ ဖြစ်ပါတယ်။ လူတစု ကနေပြီးတော့ အကြမ်းဖက် နှိမ်နင်းနေခြင်းဟာ ကျမတို့ မြန်မာနိုင်ငံရဲ့ သမိုင်းမှာ နိုင်ငံရေး သမိုင်းမှာ တော်တော်လေး အရုပ်ဆိုး အထီးကျန်လှပါတယ်။ အဲတော့ ကျမတို့ မြန်မာနိုင်ငံ အထီးကျန်ရမဲ့ အလုပ်မျိုးတွေကို ဘယ်လို ထိန်းချုပ်မှုတွေနဲ့ ရင်ဆိုင်ရ၊ ရင်ဆိုင်ရ ကျမတို့ နောက်မဆုတ်ဘဲနဲ့ ကျမတို့ ဒီမိုကရေစီ သမိုင်းမှာ မှတ်တမ်းတင် ကျန်ရစ်ခဲ့ဖို့အတွက် ကျမတို့ မောင်နှမတွေအားလုံး တညီတညာတည်း စည်စည်းလုံးလုံးနဲ့ ဘယ်လိုပဲ တားဆီးခံရခံရ ဖမ်းဆီးခံရပါစေ။ ကျမတို့က ဆက်လုပ်သွားမယ် ဆိုပြီး ကျမပြောချင်ပါတယ်။
နိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ ဘဝနဲ့ ဆန္ဒ တဘက်ထဲကျတဲ့ အခြေအနေ တခုကို ရောက်ဖို့အတွက် ဘာလုပ် သင့်တယ်၊ ဘာမလုပ်သင့်ဘူး ဆိုတာကို ရွေးချယ်ပြီးတော့ အဆင့်သင့် ဖြစ်နေရမယ်လို့ ကျမ ပြောချင်ပါတယ်ရှင်။
(မစုစုနွေးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦး ဖြစ်ပြီး အဓမ္မ လုပ်အားပေး ခိုင်းစေမှုများနှင့် ပတ်သက်၍ အာဏာပိုင်များကို တရားစွဲဆိုခဲ့သော ပထမဦးဆုံး မြန်မာနိုင်ငံသားတဦး ဖြစ်သည်။ အာဏာပိုင်များကလည်း လက်တုံ့ပြန်သောအားဖြင့် သူမကို ဖမ်းဆီး ထောင်ချခဲ့သည်။)

ရှိစုမဲ့စု ရေသန့်ကလေးကို မနှောက်လိုက်ပါနဲ့

အောင်ထီ

အောင်ထီ
ဖတ်မိ သလောက်၊ မှတ်မိ သလောက် ပြန်စဉ်းစား ကြည့်မယ် ဆိုရင် ကျုပ်တို့ နိုင်ငံ သမိုင်းဟာ ကျုပ်အထင် လွမ်းဆွတ် တသစရာ ထက်၊ ကြေကွဲ နာကျည်းစရာ ကတောင် များနေသလားလို့ ထင်မိပါတယ်။

လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း လုပ်ကြံ ခံရပြီးနောက်၊ ဖြစ်ပျက်ပုံ တွေကို ဗိုလ်မှူးကြီး ဟောင်း တင်မောင် (မြတ်ထန်) ရဲ့ စကားအတိုင်း ကိုးကားရရင် ‘တိုင်းပြည်က နုနု၊ မုန်တိုင်းက ထန်ထန်’ ဖြစ်ခဲ့ ရပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရား စီရင်ရေး၊ တိုင်းပြည် လုံခြုံရေးတွေ တစထက်တစ ယိုယွင်း ဆုတ်ယုတ် လာမှုမှာ ၀န်ကြီးချုပ် ဦးနု အပါအ၀င် နိုင်ငံရေး ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ စစ် ခေါင်းဆောင်တွေ အားလုံးမှာ တာဝန် ကိုယ်စီ ရှိကြပါတယ်။ သို့သော် ယနေ့ထက်တိုင် တတိုင်းပြည်လုံး အဖတ်ဆယ် မရအောင် ဆိုးဝါး လာရတဲ့ အကျိုးဆက်တွေ အတွက် ဘယ်သူတွေမှာ ဘယ် အတိုင်းအတာ အထိ၊ ဆိုးဆိုးဝါးဝါး တာဝန် ရှိခဲ့တယ် ဆိုတာကိုတော့ သမိုင်းကို သမိုင်း အမြင်နဲ့ ယထာဘူတ ကျကျ ကြည့်မြင် သုံးသပ်တတ်တဲ့ သမိုင်း ပညာရှင် စစ်စစ်တွေက တနေ့ကျရင် ကျုပ်တို့ အားလုံး သင်္ခန်းစာ ယူနိုင်အောင် လွတ်လပ်စွာ ရေးသား ပြုစု ကြပါလိမ့်မယ်။

ကျုပ်တို့ ဒီနေ့ ရင်ဆိုင် နေကြရတဲ့ စစ် အာဏာရှင်တွေရဲ့ သဘော သဘာဝကို အကြမ်းဖျင်း သုံးသပ်ကြည့်မယ် ဆိုရင် သူတို့ကို မျက်ကန်း မျိုးချစ်တွေ၊ လူမျိုးကြီး ၀ါဒီတွေသာ ဖြစ်တယ်လို့ သတ်မှတ် ပုံဖော်လို့က တိကျမယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တခြား တိုင်းရင်းသားတွေကို သာမက သူတို့နဲ့ လူမျိုးတူ ဗမာတွေ ကိုလည်း နှိပ်စက် ညှဉ်းပန်း နေကြလို့ပါပဲ။ သို့သော် ပထ၀ီ အနေအထား အရလို့ပဲ ဆိုဆို၊ စစ်ရေး အရပဲ ဆိုဆို၊ တိုင်းရင်းသားတွေက ဗမာ တွေထက် အဆ များစွာ ပိုခံစား နေရတာကတော့ အထင်အရှား ဖြစ်ပါတယ်။

နောက်တဖန် ခရစ်ယာန် ဘာသာ၊ အစ္စလာမ် ဘာသာတွေကို နည်း မျိုးစုံနဲ့ ဖိနှိပ် နေပြန်လို့ ဘာသာရေး အစွန်းရောက် တွေလို့လည်း အတိအကျ သတ်မှတ်လို့ မရပါဘူး။ ဘာဖြစ်လို့လည်း ဆိုပြန်တော့ မိမိနဲ့ ဘာသာတူ၊ သီလ သမာဓိဂုဏ် တွေနဲ့ ပြည့်စုံတဲ့ ကျမ်းတတ် ရဟန်း သံဃာတော်တွေကို တောင်မှ ရက်ရက်စက်စက် ရိုက်နှက် ကန်ကျောက်ပြီး ထောင်သွင်း အကျဉ်းချ တတ်သူတွေ မို့ပါ။ တကယ်တော့ အာဏာရှင်တွေဟာ ဘယ်အာဏာရှင် မဆို ဘာသာရေးတို့၊ လူမျိုးရေးတို့ ဆိုတာတွေကို သူတို့ အာဏာ အဓွန့်ရှည်ရေး၊ ခိုင်မြဲရေး အတွက်သာ လိုအပ်သလို အသုံးချ နေတတ်သူတွေပါ။ သူတို့ နှစ်နှစ်ကာကာ ယုံကြည် ကိုးကွယ်တာက အာဏာ တခုထဲသာ ဖြစ်ပါတယ်။ သို့သော် ဒီနေရာမှာလည်း တခြား ဘာသာဝင်တွေက ဗုဒ္ဓ ဘာသာဝင်တွေထက် ပိုမို ဖိနှိပ်ခံရတယ် ဆိုတာက လူသိ၊ နတ်သိ၊ ရပ်သိ ရွာသိပါ၊၊

ဒါ့ကြောင့် ဗမာ အပါအ၀င် တိုင်းရင်းသား လူမျိုးတိုင်းရဲ့ ဘုံရန်သူနဲ့ ဗုဒ္ဓ ဘာသာဝင် အပါအ၀င် တခြား ဘာသာဝင်တိုင်း၊ ဘာသာမဲ့ တိုင်းရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင် စနစ်သာ ဖြစ်တယ် ဆိုတာကို ကျုပ်တို့ မျက်ခြေမပြတ် ကြဖို့ အင်မတန် အရေးကြီး ပါတယ်။ ‘စားရလွန်းလို့ အံတိုရုံမက အစွယ်ပြူးပြီး အမြီးပါ ထွက်နေပြီ’ ဖြစ်တဲ့၊ ‘ဟိုကွေ့ ဟိုတက်နဲ့ လှော်ပြီး ဒီကွေ့ ဒီတက်နဲ့ လှော်’ တတ်တဲ့ စစ် အာဏာရှင်တွေဟာ တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်ပြီး သူ့ကို အံတု လာမှာကို အင်မတန် ကြောက်တာမို့ တိုင်းရင်းသားတွေကို နည်း မျိုးစုံနဲ့ ကျွမ်းကျင်စွာ သွေးခွဲ နေတတ်တာ အခုမှ မဟုတ်ပါဘူး။ သို့သော် သူ အကြောက်တကာ့ အကြောက်ဆုံးက အင်အား အကြီးဆုံး ဖြစ်တဲ့ ဗမာတွေနဲ့ တခြား တိုင်းရင်းသား လူမျိုးတွေ စည်းလုံး ညီညွတ်သွားမှာ ဖြစ်ပါတယ်လို့ ဆိုချင်ပါတယ်။ စဉ်းစား ကြည့်စေ လိုပါတယ်။

ကျုပ် ကေအန်ယူ နယ်မြေထဲ ရောက်တော့ မိဘတွေ အသတ်ခံရ၊ ရွာလုံးကျွတ် မီးရှို့ခံရတဲ့ မိဘမဲ့ ကရင် ကလေးငယ်က သူ ကြီးလာရင် စစ်သား လုပ်ပြီး၊ ဗမာတွေကို သတ်မယ်လို့ ပြောတာ ကြားခဲ့ပါတယ်။ မိမိ လူမျိုးတွေ အနှိပ်စက် ခံရပါများနေတာကို နေ့ တဓူဝ မြင်တွေ့ နေရတဲ့ ကရင် ခေါင်းဆောင်ငယ် တဦးက ‘ကျုပ်တို့ ဗမာတွေကို မယုံဘူး။ ဗမာတွေနဲ့ လက်မတွဲ နိုင်ဘူး။ ကရင် နိုင်ငံတော်ကို သီးခြား တည်ဆောက်ရမယ်’ လို့ ဆိုပါတယ်။ စစ် အာဏာရှင်တွေကို အသက်စွန့်ပြီး တိုက်မယ့် ဗမာ ကျောင်းသား လူငယ်က ‘ကျုပ်တို့ တိုက်တာ ဗမာအတွက်၊ ကရင်အတွက် မဟုတ်ဘူး’ တဲ့။ လူမျိုး တမျိုးအတွက် ဆိုတာ အမြင် ကျဉ်းလွန်းတယ်၊၊ ဒီမိုကရေစီ အတွက် တိုက်မှာ ဖြစ်တယ်၊၊ ဒီမိုကရေစီရရင် ပြဿနာ အားလုံး ပြေလည် သွားမယ်လို့ ဆိုပြန်တယ်။ တခြား ကျောင်းသားတဦးက ‘ရန်ကုန်မှာ ရောင်းနေတဲ့ ဒူးယား စီးကရက်တလိပ် တကျပ်ဟာ ပြည်နယ်တွေမှာလည်း တလိပ်ကို တကျပ်ဖြစ်ပြီ ဆိုရင် ကျုပ်တို့ ဒီမိုကရေစီ ရပြီလို့ မှတ်’ လို့ ဆိုပြန်ပါတယ်။ မိမိ ခံစား နားလည်သလို အဓိပ္ပာယ် ဖွင့်ကြပါတယ်။

ရှစ်လေးလုံး နောက်ပိုင်း တိုင်းရင်းသား လူမျိုးတွေရဲ့ နယ်မြေတွေကို၊ အထူးသဖြင့် ပြည်မက ကျောင်းသားတွေ၊ အလုပ်သမား တွေ၊ လယ်သမားတွေ၊ နိုင်ငံရေး သမားတွေ ရောက်လာ ခဲ့ကြပါတယ်။ နွေးထွေးစွာ ကြိုဆိုမှုနဲ့အတူ အထင်နဲ့ အမြင် မတူတာတွေ၊ နားလည်မှု လွဲကြတာတွေ၊ မှားယွင်းမှုတွေ၊ သံသယတွေ၊ အစွန်း ရောက်မှုတွေ စတဲ့ ကြားကပဲ ဗမာက တိုင်းရင်းသား လူမျိုးတွေကို ပိုနားလည် လာသလို၊ တိုင်းရင်းသား လူမျိုးတွေက ဗမာကို ပိုသိ လာပါတယ်။ ကဏ္ဍ အသီးသီးမှာ နှစ်ပေါင်း များစွာ အတူ လက်တွဲ တိုက်ပွဲ ၀င်ကြရင်း တဦးရဲ့ ခံစားချက်၊ လိုအပ်ချက်၊ ရပိုင်ခွင့်တွေကို တဦးက အသိအမှတ် ပြုလာကြပြီး အပြန်အလှန် လေးစားမှု၊ ယုံကြည် ကိုးစားမှု၊ ချစ်ကြည်မှုတွေကို အချိန်ယူ တည်ဆောက် ကြပါတယ်။ ဒီလိုနဲ့ လူမျိုးပေါင်းစုံ အေးအတူ ပူအမျှ တန်းတူ ရည်တူ နေနိုင်မယ့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ တခုကိုတောင် အားလုံးက သဘောတူ ရေးသား ပြုစု နိုင်ခဲ့ပါတယ်။

ပြဿနာတွေ မရှိတော့ဘူး။ အမှား မရှိဘူး။ ပြီးပြည့်စုံ သွားပြီလို့ ပြောနေတာ မဟုတ်ပါဘူး။ အခက် အခဲတွေ၊ အဖု အထစ်တွေ၊ ဆက်လက် ဆွေးနွေး ညှိနှိုင်း သွားရမှာတွေက သဘာဝ ကျစွာပဲ ရှိနေဆဲပါ။ သို့သော် ဗမာတွေဟာ တခြား တိုင်းရင်းသား လူမျိုးတွေလို လူမျိုးတမျိုး အဖြစ် ပြည်ထောင်စု ထဲမှာ တန်းတူ ရှိရမှာကို ဗမာ အတိုက်အခံတွေ သဘောပေါက် လာသလို၊ ဒီမိုကရေစီက လွဲရင် ဘာမှ မစဉ်းစား ချင်ခဲ့သေးတဲ့ ကျောင်းသား ဇာနည် တချို့တွေကလည်း ဒီနေ့ ရင့်ကျက်တဲ့ လူလတ်ပိုင်းတွေ ဖြစ်လာပြီး ဒီမိုကရေစီ ရေးနဲ့ တိုင်းရင်းသား အခွင့်အရေး တွေကို ခွဲခြား ဖြေရှင်းလို့ မရဘူး။ တဆက် တစပ်ထဲ ကိုင်တွယ် ဖြေရှင်းမှ ရမယ်ဆိုတာကို နားလည်လက်ခံ လာကြပါတယ်။ အစွန်း ရောက်သူတွေဟာ အုပ်စုတိုင်းမှာ အနည်းနဲ့ အများ ရှိနေဆဲ ဖြစ်သော်လည်း ကျုပ်တို့ အတိုက်အခံတွေ လမ်းကြောင်း မှန်ပေါ် ရောက်နေပြီ လို့ကတော့ ရဲရဲကြီး ပြောနိုင်ပါတယ်။ အခုလို ခဲရာခဲဆစ် တည်ဆောက် ထားရတဲ့၊ တန်ဖိုး ရှိလှတဲ့ အဆင့်ကလေး၊ အညွန့် အညှောက်ကလေး တိုးတက် အားကောင်းလာအောင်၊ ရှင်သန် ကြီးထွားလာအောင် ပြုစု ပျိုးထောင်ကြဖို့ ကျုပ်တို့ အားလုံးမှာ တာဝန် ရှိကြပါတယ်။

ပြည်ထောင်စု ဆိုတာကို အိမ်ကြီး တစ်ဆောင်လို့ မြင်ပြီး ပြည်နယ်တွေကို ဗမာ အပါအ၀င် တိုင်းရင်းသားတွေနေတဲ့ အခန်းတွေနဲ့ နှိုင်းမယ်ဆိုရင်၊ လူဦးရေပေါ် မူတည်ပြီး အခန်း အကျဉ်းအကျယ် ကွာကြသော်လည်း တအိမ်လုံးကို အားလုံးက စုပေါင်း ပိုင်ကြတာ၊ စုပေါင်း တာဝန်ခံကြတာကို နားလည် သဘော မပေါက်သရွေ့ စစ်မှန်တဲ့ ပြည်ထောင်စု ဆိုတာ မဖြစ်လာ နိုင်ပါဘူး။

အားအကြီးဆုံးဖြစ်တဲ့ အကိုကြီးကို အားနည်းတဲ့ ညီငယ်တွေက သိပ် စိတ်မချသေးလို့ မိမိနေတဲ့ နေရာကို လုံခြုံ ခိုင်ခံ့တဲ့ အခန်း ဖြစ်အောင်လုပ်၊ သော့ခတ်တာမျိုး အစပိုင်းမှာ ရှိလာနိုင်ပါတယ်။ ကိုယ့်ဖါသာကိုယ် ခွဲချက်၊ ခွဲစား တာမျိုးလည်း ရှိနိုင်ပါတယ်။ သို့သော် အကိုကြီးကို စိတ်မချလို့ ဆိုပြီး ကိုယ်နေတဲ့ အပိုင်းကို လွှနဲ့တိုက်ပြီး ဖြတ်ထုတ်ဖို့ ကြိုးစားရင် တခြားသူတွေ သာမက မိမိပါ အကျိုး နဲမှာပါ။ ဖြစ်ကို ဖြစ်ရမှာက အိမ်ကြီးမှာ နေတဲ့သူတိုင်းဟာ အားလုံးရဲ့ အကျိုးစီးပွား အတွက် အားလုံးက သဘောတူ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာ ကျင့်သုံး ရပါမယ်။ ‘မင်း စည်းကမ်း ဖောက်လို့ ငါ စည်းဖောက်တယ်။ မင်း ကတိ မတည်လို့ ငါ မတည်ဘူး’ ဆိုတာထက် ဖောက်သူ၊ ခြောက်သူကိုသာ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်၊၊ သေသေချာချာ စဉ်းစားမယ် ဆိုရင် လူမျိုး တမျိုးလုံး ဆိုးတယ်ဆိုတာ လောကမှာ မရှိပါဘူး။ ဆိုးချင်တဲ့သူတွေ ကတော့ သူတို့ လူမျိုး တမျိုးလုံးကို သူကပဲ ကိုယ်စား ပြုသလို ကြိုးစား လှည့်ဖြားမှာ ဖြစ်ပါတယ်၊၊ လူတယောက်၊ ခေါင်းဆောင်ဆိုသူ တယောက်ရဲ့ အဆင် အခြင်မဲ့၊ အမျှော် အမြင်မဲ့ ပြောတာကို သူ့လူမျိုး တမျိုးလုံးရဲ့ အမြင် အယူအဆလို့ မယူဆ သင့်ပါဘူး။ ဆိုးချင်တဲ့ မောင်ဖြူ၊ မောင်မဲ ကို သူ့ သက်ဆိုင်ရာ လူမျိုးတွေနဲ့ လက်တွဲပြီး အရေးယူ ကိုင်တွယ် ဖြေရှင်းခြင်းသာ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေခြင်းသည် အားလုံးရဲ့ ရေရှည် အကျိုးစီးပွား ဆိုတာကို သဘောပေါက် လာတာနဲ့ အမျှ၊ တဦးပေါ်တဦး နားလည် ယုံကြည်ကိုးစား လာတာနဲ့အမျှ၊ တန်းတူခြင်း၊ တရား မျှတခြင်း၊ တဦးချင်း၏ လွတ်လပ်မှုသည် အားလုံး၏ လွတ်လပ်မှု ဖြစ်ခြင်းကို လက်တွေ့ သိမြင် ခံစားလာတာနဲ့ အမျှ၊ အကုန်အကျ များတဲ့အပြင် သံသယရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ အခန်းလုံအောင် လုပ်တာတွေ၊ သော့ခတ်တာတွေ၊ ခွဲချက် ခွဲစားတာတွေဟာ အလိုအလျောက် လျော့နည်း ပပျောက် လာမှာပါ။ ဘယ်သူကမှ တွန်းအားပေး၊ ဖိအားပေး စရာမလိုပါဘူး။ ပေးလို့လည်း မရပါဘူး။

ချုပ်ပြီးပြောရရင် အဆင့်ဆင့်သော အချိန် ကာလတွေကို အမျှော်အမြင် ကြီးကြီး၊ ခြေလှမ်းမှန်မှန်နဲ့ စိတ်ရှည် သည်းခံစွာ ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ လူမျိုးရေးတို့၊ ဘာသာရေးတို့ဆိုတာ အထိအရှ မခံနိုင် လောက်အောင် အင်မတန် သိမ်မွေ့သလို၊ အတိုင်းအဆ မဲ့လောက်အောင်လည်း ပြင်းထန် ရက်စက် တတ်ပါတယ်။ နှစ်ဖက် သွားဓါးလို အကိုင်အတွယ် မတတ်ရင် မိမိကိုယ်ကို ပြန်ခုတ်မိ နိုင်ပါတယ်။

ဦးတည်ချက်ရယ်၊ ဦးတည်ချက်ကို ရယူ ဖော်ဆောင်မယ့် နည်းလမ်းရယ်လို့ နှစ်မျိုး ရှိတတ်ပါတယ်။ နှစ်ခုစလုံးဟာ တန်းတူရည်တူ အရေးကြီး ပါတယ်။ ဒီမိုကရေစီရေး၊ လူ့ အခွင့်အရေး၊ တိုင်းရင်းသား ရပိုင်ခွင့်တွေဟာ ကျုပ်တို့ အားလုံးရဲ့ ဦးတည်ချက်တွေပါ။ ဒါတွေကို မရရင် ရတဲ့နည်းနဲ့ တိုက်ယူမယ် ဆိုတာ ပြောလို့ကောင်း၊ ကြားလို့ကောင်း တဲ့ စကားတခုလို ဖြစ်နေပါတယ်။ ရတဲ့နည်းနဲ့ ယူမယ်ဆိုတာ တကယ်တော့ မမှန်ပါဘူး။ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ မရ ရအောင် ယူမယ် ဆိုမှသာ မှန်ကန်ပါတယ်။

ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်ဖြစ်၊ ဖက်ဆစ် ခေါင်းဆောင်ဖြစ်ဖြစ်၊ ဘယ် ခေါင်းဆောင်ကမှ တိုင်းပြည်ပြိုကွဲတာ မလိုချင်ကြဘူးလို့ ယေဘုယျ ပြောနိုင်ပါတယ်။ ဗိုလ်ချုပ်ကြီး နေ၀င်းက တိုင်းပြည် ပြိုကွဲမှာ စိုးလို့ဆိုပြီး အာဏာ သိမ်းခဲ့ပါတယ်။ ‘သူပြောတဲ့စကား၊ ဘယ် နှစ်ပြားသားဖိုး မှန်တယ်’ ဆိုတာကို သမိုင်းဆရာတွေ ရေးပါလိမ့်မယ်။

လူမျိုးတိုင်းမှာ ရှိနေတဲ့ မိမိ ကြမ္မာ မိမိ ဖန်တီးနိုင်ခွင့်၊ လွတ်လပ်ခွင့် ဆိုတာ ဘယ်သူကမှ ပေးစရာမလို၊ ဘယ်သူကမှ ရုပ်သိမ်း ပယ်ဖျက်လို့မရတဲ့ ကိုယ်ပိုင် အခွင့်အရေး ဖြစ်ပါတယ်။ သို့သော် လူမျိုးပေါင်းစုံ စုစည်း နေထိုင်တဲ့ လူ့ဘောင် အဖွဲ့အစည်းတခုမှာ ဒီ လူမျိုး အသီးသီးရဲ့ ကိုယ်ပိုင် အခွင့်အရေးတွေကို အကောင်းဆုံး ဖြစ်အောင် ဘယ်လို ဖော်ဆောင်ကျင့်သုံးမလဲ ဆိုတာကျတော့ အားလုံးနဲ့ ဆိုင်သွားတာမို့ ‘ငါ့လှေ ငါထိုး ဘဂိုး (ပဲခူး) ရောက်ရောက်’ လုပ်လို့ မဖြစ်ပါဘူး။

တကယ်တော့ လွတ်လပ်ခွင့်၊ ကိုယ်ပိုင် ပြဌာန်းခွင့်ဆိုတာ ဗမာကပဲ အပိုင်စီးထားလို့ မရသလို ပြည်နယ် ၇ နယ်က တိုင်းရင်းသား လူမျိုးကြီး ၇ မျိုးကပဲ ချုပ်ကိုင် ထားလို့ မရပါဘူး။ သည်လိုပါပဲ လူမျိုး တမျိုးထဲမှာကိုပဲ မတူညီတဲ့ လူမျိုးနွယ်စုတွေက ရှိနေပြန်တာမို့ တာဝန်သိသိ၊ အမျှော်အမြင် ရှိရှိ ပြောဆို သင့်ကြကြောင်းပါဗျာ။

ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၀၇ ခုနှစ်

အညတရ စစ်သား၏ ခရီးသွားမှတ်တမ်း

မြကြေးမုံ
လှေပေါ်က ခြေချချိန်မှာ ကြက်သီးမွေးညင်း ထလာမှန်း ကိုယ့်ကိုယ်ကို ပြန်သတိထား မိလိုက်သည်။ သဲနုန်းတွေပေါ် ခြေလှမ်း ကျွံမိသဖြင့် ဖိနပ်က မြစ်ရေ စိုရွှဲနေသော နုန်းထဲ နစ်ပြီး ကျွတ်ထွက် သွား၏။ သို့သော် ချက်ချင်း ပြန်မစွပ်နိုင်။ ဒီဘက်ကမ်း မြေကို ထိတွေ့ နင်းထားရသည့် ခြေဖ၀ါးများက ကြည်နူးခြင်းဖြင့် နွေးတက်လာတာကို ခဏ အရသာ ခံမိပြီးမှ သဲစိုစိုထဲက ခြေပြန်နှုတ်ကာ ဖိနပ်ကို စွပ်ယူလိုက်သည်၊

“ဟဲ့ ကလေးမ။ အဒေါ့်တောင်း တချက် ဆွဲပေးပါဦး”

ဈေးသည် အမယ်ကြီး လှေပေါ်က လှမ်းပြောသံ ကြားမှ ကမ်းပေးနေသည့် တောင်းကို ဆွဲယူ လိုက်ရသည်။ နေ့တိုင်း မြစ်ကို ဖြတ်၍ နိုင်ငံကူးကာ ဈေးရောင်းနေကျ အမယ်ကြီးကတော့ မြန်မာပြည် ဘက်ကမ်း ခြေပြန်ချရတာကို သူ့လို စိတ်ကူးယဉ် ကြည်နူးအားပုံ မပေါ်။ ၀၀ပြည့်ပြည့် ခန္ဓာကိုယ်နှင့် မလိုက်အောင် ဇတ်ခနဲ ခုန်ဆင်းချလာပြီး တောင်းကို သူ့ဆီက ပြန်ယူသည်။

“တကတဲ။ ဒီနေ့မှ အရောင်းအေးချက်အေ။ တဗူးတဗူး လီဝယ်တဲ့သူတောင် ၁၀ ယောက် မပြည့်ချင်ဘူး”

အမယ်ကြီးက ညီးညူရင်း ခေါင်းခုကို နေရာကျအောင် ပြင်သည်။ လက်ကိုင်ပုဝါနှင့် ကျစ်ကျစ် ထုပ်လာသည့် ဘတ်ငွေများထဲက ခြင်္သေ့ပုံ မြန်မာငွေစက�ူ တချပ် ဆွဲထုတ်ရင်း သူ့ဘက် လှည့်ကြည့်လေသည်။

“ဟဲ့ ကလေးမ။ မြန်မာငွေ မပါဘူး မဟုတ်လား။ ညည်း ဘတ်ပေးရင် ပိုနာလိမ့်မယ်။ အဒေါ့်ဆီက ကျပ် ယူမလား”

“လဲမယ်လေ အဒေါ်”

ကူညီလိုပုံ ရသော အမယ်ကြီး စိတ်ချမ်းသာအောင် သူ ငွေချင်း လဲလိုက်သည်။ လှေပေါ်မှာ လှေခကောက်တုန်းက ဈေးသည်တွေက ခြင်္သေ့ရုပ်တွေ ထုတ်ပေးသော်လည်း မြန်မာငွေ လဲမလာမိသည့် သူက ဘတ်ငွေသာ ပေးလိုက်တာကို အမယ်ကြီး သတိပြုမိပုံ ရသည်။

ဘတ် ၁၀၀ တန် ပေးလိုက်တာကို အဒေါ်ကြီးက “ဒီနေ့ပေါက်တာ ၃၅ ကျပ်ဈေးကွယ့်” ဆိုပြီး မြန်မာငွေ ၃၅၀၀ ပြည့်အောင် သူ့လက်ကိုင်ပုဝါထုပ်ထဲ သဲသဲမဲမဲ ရှာနေသည်။

“ရပါတယ်အဒေါ်။ မပြည့်လည်း ကိစ္စ မရှိပါဘူး။ ဂိတ်ကြေးက ဘယ်လောက် ပေးရမှာလဲ”

“ကျပ်နဲ့ဆို ၂၀၀။ ဘတ်နဲ့ဆို ၁၅ အေ့။ ဘတ်ပေးတော့ ကိုယ်နာတာပေါ့။ ပင်ပင်ပန်းပန်း ရှာဖွေထားရတာ မဟုတ်လား”

အမယ်ကြီး ပြောပုံကြောင့် သူ ရုပ်ဖျက်ထားပုံက အလုပ်သမား အသွင် ပီပြင်သည်ဟု တွေးကာ ကိုယ့်ဟာကိုယ် သဘောကျ သွားရ၏။ အလုပ်သမား မိန်းကလေးများထံက ငှားရမ်း ၀တ်ဆင်လာသည့် အင်္ကျီ လုံချည်အပြင် သူတို့ဆီက ယူလိမ်းလာသည့် သနပ်ခါး အဖွေးသားနှင့် ဆွဲထားသည့် မျက်ခုံးမွှေး ထူထူ နှစ်ကြောင်းက စက်ရုံ အလုပ်သမား မိန်းကလေးရုပ် ပေါက်သည်ဟု ကိုယ့်ဟာကိုယ် အမှတ်ပေးသော်လည်း ငှားရမ်းလိုက်သည့် ပစ္စည်းရှင်တွေက နည်းနည်းမှ အထင်မကြီးချေ။

“ဆွဲထားတဲ့ မျက်ခုံးမွှေးကလည်း တဖက်နဲ့တဖက် မညီလိုက်တာ အစ်မရယ်။ တခါမှ မလုပ်ဖူးမှန်း သိသာလိုက်တာ။ သနပ်ခါးကလည်း လယ်ထဲ ကောက်စိုက်ဆင်းမှာမှ မဟုတ်တာ။ ဒီလောက် ပျစ်ထူကြီး လိမ်းစရာ မလိုပါဘူး။ အဲဒါမှ ပြူးတူးပြဲတဲ ဖြစ်ပြီး လူပို သတိထားမိဦးမယ်”

မနေနိုင် မထိုင်နိုင် ၀ိုင်းပြုပြင် ပေးလိုက်ကြတာကို ငြိမ်ခံပြီးမှ သူ လှေဆိပ် ဆင်းလာခဲ့ခြင်း ဖြစ်သည်။ ပတ်ထားသည့် နာရီကိုလည်း “ဒါကြီးနဲ့ဆို စက်ရုံ အလုပ်လုပ်တာနဲ့ မတူဘူး” ဆိုကာ ချွတ်ထားလိုက်ကြသည်။

“ဟာ ဒါ ဘယ်လောက်မှ မပေးရပါဘူး။ ၀ယ်တုန်းက ဘတ် ၂၀၀ တောင် မပြည့်ဘူး”

“ဈေးကြီးတာ ပေါတာနဲ့ မဆိုင်ဘူး။ တိုင်ကပ်နာရီေ လာက်ကြီးတဲ့ ဒီလိုနာရီမျိုး ဘယ် အလုပ်သမား မိန်းကလေးမှ မပတ်ဘူး။ ယုတ္တိ ရှိအောင်လည်း လုပ်မှပေါ့”

ပေးသမျှ အကြံတွေကို သည်းခံ နားထောင်ပြီး လှေဆိပ်ဆင်း၊ ဈေးရောင်း ပြန်လာကြသည့် ဈေးသည်အုပ်နှင့် ရောပြီး လှေပေါ် လိုက်လာခဲ့သည်မှ ခု မြန်မာပြည်ဘက်ခြမ်း နင်းမိသည် အထိတော့ အဖုအထစ် မရှိသေးချေ။

“ရော့ ကလေးမ။ အော် အရေးထဲ ငေးနေရသေးတယ်။ မြန်မြန် ပေးလိုက်။ အိမ်မပြန်ချင်တာ ကျရော”

“အခု အိမ်ပြန် ရောက်လာတာလေ အဒေါ်” ဟူသည့် စကားကို စိတ်ထဲကသာ တုံ့ပြန်ရင်း အမယ်ကြီး ပေးနေသည့် ခြင်္သေ့ရုပ် စက�ူတွေကို လှမ်းယူကာ ဂိတ်စောင့် လက်ထဲ နှစ်ရာတန် တရွက် ရွေးထည့်ပေးလိုက်၏။ မှတ်ပုံတင်တွေ ဘာတွေ တောင်းပြီး ရုပ်နဲ့ တူ၊ မတူ တိုက်စစ်ဦးမလားဟု ပူပန်မိသော်လည်း တန်းစီ တိုးဝင်လာသမျှ လူတွေဆီက ပိုက်ဆံယူချည်၊ ပြန်အမ်းချည်နှင့် ဗျာများနေသော ဂိတ်စောင့် နှစ်ယောက်လုံးက ဘာကိုမှ ဂရုစိုက် အားပုံမရ။

သွပ်ဆူးကြိုးဂိတ်ကို ဖြတ်ပြီး ဆက်လျှောက်လာခဲ့သည်။ မြစ်ကမ်းပါးကို လွန်ခဲ့ပြီမို့ မြန်မာ့မြေ၏ အတွင်းပိုင်း ပြန်ရောက်ပြီ။

အငှား ဆိုင်ကယ်သမားများက ကမ်းပါးက တက်လာသည့် လူအုပ်ကို “လိုက်မလား မြို့ထဲ” ဟု မေးသူမေး၊ မျက်လုံးဖြင့် ခရီးသည် မျှော်သူမျှော် ဗျာများနေသည်။ လမ်းမကျွမ်းသဖြင့် ဆိုင်ကယ် ငှားသင့်ကြောင်း သတိဝင်လာ၏။

“မြို့ထဲကိုလား”

သူ့ဆိုင်ကယ်ရှေ့ ရပ်မိသဖြင့် ဆိုင်ကယ်သမား တယောက်က လှမ်းမေးသည်။ ခေါင်းညိတ်ပြတော့ ဆိုင်ကယ်ဦးထုပ် လှမ်းပေးပြီး နောက်က တက်လိုက်ဖို့  လက်ညှိုးညွှန်လေသည်။

“ဈေးကိုအရင် ပို့ပေးပါ။ ဒီည ဒီဘက်မှာ ပွဲရှိသေးလား”

“ဖိုးချစ်ပွဲ သုံးညဆက်ကတာ မနေ့ကမှ ပြီးသွားပြီဗျ။ လာမကြည့်ဘူးလား။ တော်လိုက်တဲ့မင်းသား။ ကျနော်တော့ အညာသားမို့လား မသိဘူး၊ ဇာတ်ဆို စတိတ်ရှိုးထက် ပိုကြိုက်တယ်”

“ကျမ မကြည့်လိုက်ရဘူး။ မဲဆောက် ဈေးထဲမှာတော့ အရင်ရက်တွေက တချို့ ဈေးသည်တွေတောင် စောစော သိမ်းတယ်။ ဖိုးချစ် သွားကြည့်ချင်လို့တဲ့”

“ဟာ မဲဆောက်က ပြိုဆင်းလာတာ လူတွေ မနည်းဘူး။ နောက်ဆို လာဖြစ်အောင် လာကြည့်စမ်းပါဗျ။ ဟိုဘက်ကမ်းမှာ ကွတ်တီယို ဘယ်လောက် ကောင်းကောင်း၊ ဒီဘက်က ဘူးသီးကြော်လည်း မမေ့မှပေါ့”

မြန်မာလူမျိုး နှစ်ယောက်၏ ရယ်သံက လမ်းကြမ်းကြမ်းပေါ် ပြေးနေသည့် ဆိုင်ကယ်စက်သံ တဝေါဝေါထဲမှာ လုံးထွေးသွား၏။ ကတ္တရာလမ်းပေါ်က ရှောင်မလွတ်နိုင်သည့် ကျင်းတွေ၊ ချိုင့်ငယ်တွေပေါ် ဖြတ်မောင်းမိတိုင်း ဆိုင်ကယ်က ဒုတ်ခနဲ၊ ဒုတ်ခနဲ ခုန်တက်ချည်၊ နိမ့်ဆင်းချည်။ ရိုးနေပုံရသည့် ဆိုင်ကယ်သမား ကတော့ နည်းနည်းမှ ဖြုံပုံ မပြချေ။

“အလုပ်နားလို့ ဒီဘက် လာလည်တာလား”

စက်ရှိန် ခဏ လျှော့ခိုက် ဆိုင်ကယ်ဆရာက မေးခွန်းထုတ်သည်။ ဆိုက်ကား စီးစီး၊ ကားစင်းလုံး ငှားငှား ခရီးသည်နှင့် ယာဉ်မောင်းသူ အပြန်အလှန် စကားလက်ဆုံ ကျတတ်သည့် မြန်မာပြည်၏ ထုံးစံ ဓလေ့ကို ပြန်ထိတွေ့ ရပြီ။

“ခဏတဖြုတ် အလည် ဆိုပါတော့။ ကျမ နာရီနဲ့ ငှားမယ်နော်။ မြို့ထဲ ပတ်ကြည့်ချင်လို့”

“ပြန်လာလည်တာဆို ဘယ်မှမသွားခင် ဘုရားအရင်ဖူးဖို့ ကောင်းတယ်ဗျ။ ကျုပ်တော့ ဘယ်အရပ် ရောက်ရောက် ဆွေမျိုး နှုတ်မဆက်ခင်တောင် ဘုရားတော့ အရင် ဦးတိုက်လိုက်ရမှ”

ဆိုင်ကယ်ဆရာ ပြောပုံက အညာလေ အပြည့်။ နဂါးရုံ ဘုရားဟု ကမ္ဗည်း ထိုးထားသော ဘုရားတဆူ ရှေ့ရောက်တော့ “၀င်ဖူးဦးမလား။ ဘုရားဖူးရင်း ပိုက်ဆံလည်း စောင်းတန်းမှာ လဲလို့ရတယ်” ဟု အကြံပေးသည်။

“ဒါဆို ခဏရပ်ပေးပါ။ ကျမ မြန်မာငွေ လဲလိုက်ချင်လို့”

“ရတယ်။ ငွေလဲတာလည်း လဲပေါ့။ ဘုရားလည်း တက်ကန်တော့ ခဲ့ပါဦး။ ဘယ်အရပ် ရောက်ရောက် မြန်မာ စရိုက်တော့ မပျောက်စေနဲ့ဗျ။ ဘုရားမေ့ တရားမေ့ဆို လူက ပျက်စီးလွယ်တယ်”

ရွယ်တူလောက် ဖြစ်ပုံရသော ဆိုင်ကယ်သမား ကိုအညာသားက အပျော်အပါး ပေါသည့် တဖက်နိုင်ငံမှာ အလုပ် သွားလုပ်သူတွေ အမျိုးဘာသာ မေ့မှာ ပူတတ်ပုံ ရသည်။ သဘောကျစွာ ကျိတ်ပြုံးရင်း “ငွေလဲသည်” ဟု စာတန်း ထောင်ထားသော စောင်းတန်းက ပန်းဆိုင်ကို အရင်ဝင်၊ ကိစ္စပြီးမှ ဆွဲလဲသံများ ခေါ်ရာ ရင်ပြင်တော်ဆီ တက်လာခဲ့သည်။

ဧရာမ မနုဿီဟ ရုပ်ကြီးတွေ၊ ခေါင်းလောင်းကြီးတွေ၊ ရွှေရောင် ထုံးရောင် တ၀င်းဝင်း စေတီပုထိုးတွေနှင့် မြန်မာပြည်ကို ပြန်တွေ့ရပြီ။

အနီးဆုံး ဗုဒ္ဓ ရုပ်ပွားတော်ရှေ့ ဒူးထောက်ချခိုက်မှာ ခပ်လှမ်းလှမ်းက ရေအိုးစင်နား ထိုင်နေသူ နှစ်ယောက် ပုံရိပ်က မျက်လုံးထဲ ၀င်လာသည်။ ၀တ်ထားသည့် တီရှပ်ကိုယ်စီ၏ ရင်ဘတ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံက အထင်းသား။

ဒါ လှေပေါ်မှာ တွေ့ခဲ့သည့် မာချဉ်ချဉ် မျက်နှာနှင့် နှစ်ယောက်မှန်း ချက်ချင်း မှတ်မိလိုက်သည်။ လှေပေါ်မှာ ကတည်းက သတိထားမိသား။ ဒီဘက်ကမ်းကို ဒီအ၀တ်အစားနှင့် ဘယ်သူမှ ကူးမလာရဲ။ ဒါတွေဝတ်ပြီး အတင့်ရဲစွာ ပြန်လာသူသည် ထောက်လှမ်းရေးမှ တပါး အခြားမဖြစ်နိုင်။

မျက်လွှာချပြီး သိမ်မွေ့စွာ ပြုံးတော်မူနေသည့် ရုပ်ပွားတော်ကို ခပ်သွက်သွက် ဦးချကာ ထရပ်လိုက်ရသည်။ အဆင်းတန်ဆောင်းဘက် ဦးလှည့်ရင်း လှမ်းအကဲခတ်သည်။ နှစ်ယောက်လုံးကတော့ သူ့ကို ဂရုတောင် စိုက်မိပုံ မပေါ်။ နေစောင်းချိန်မှာ ထိုးကျနေသည့် စေတီရိပ်အောက် အေးအေးလူလူ နားရင်း စကားလက်ဆုံ ကျလျက်။

တန်ဆောင်းက ဆင်းလာတာ မြင်တော့ ဆိုင်ကယ်ကို ကိုယ်တပိုင်းမှီလျက် စောင့်နေသည့် ဆိုင်ကယ်ဆရာက ခပ်သွက်သွက် စက်နှိုးသည်။

“ဈေးမပို့ခင် မြို့ထဲ ဟိုနားဒီနား အရင် ပတ်မောင်းပေးပါလား။ ကျမ ဒီဘက် ပြန်မရောက်ဖြစ်တာ နည်းနည်းကြာတော့ လျှောက်ကြည့်ချင်လို့”

အဖြူအစိမ်းဝတ် ကျောင်းသားကလေးငယ် တသိုက်က ဆိုင်ကယ်ရှေ့ အတင့်ရဲစွာ ဖြတ်ပြေးလာသည်။ ဆိုင်ကယ်ဆရာက ကျွမ်းကျင်စွာ ရှောင်တိမ်းသည်။

“ရဲလိုက်တဲ့ ကလေးတွေ။ ကျမသာဆို လမ်းလျှောက် လာရင်တောင် ၀င်တိုက်မိမှာ”

“မောင်းတဲ့ လူကြီးက ရှောင်ရမှာပဲ။ ကလေးကတော့ အပြစ်တင်လို့ မရဘူးဗျ။ သူတို့ လျှောက်ဖို့ ပလက်ဖောင်း ကျကျနန ရှိရင်တော့ လမ်းပေါ်တက်လျှောက်တဲ့ သူတို့ အပြစ်ပေါ့။ ဒီမှာက ဒီလမ်းကိုပဲ ကားရော၊ ဆိုင်ကယ်ရော၊ ဆိုက်ကားရော၊ မီးသွေးလှည်းရော၊ လူရော အကုန်သုံးနေရတာ၊ မျှမျှတတ ပေါ့ဗျာ”

လမ်းပေါ်မှာ ယာဉ်ဗျောက်သောက်၊ လူဗျောက်သောက် သွားလာနေပုံကို အပေါ်ယံ ကြည့်လျှင် စည်းကမ်း မဲ့သည်ဟု မြင်ရမည့် လူမျိုး တမျိုးဆီမှ လှပသော စည်းကမ်းများကို ဆိုင်ကယ်ဆရာ့ စကားထဲမှာ သူ တွေ့လိုက်ရသည်။

“ဘက်ထရီအိုး ဖြည့်သည်၊ ရေဒီယို ကက်ဆက် ပြင်သည်” ဟု စာတန်းထိုးထားသော ဆိုင်တွေ၊ “ထုတ်ကုန် နှစ်ဆ စိုက်ပျိုးကြ” ဟု ဧရာမ စာလုံးကြီးများဖြင့် ရေးထားသည့် မြေစိုက် ပိုစတာတွေရှေ့မှ ဆိုင်ကယ် ဖြတ်ပြေး နေသည်။ ဟိုဘက်ကမ်းနှင့် ခြားနားလှသော ကျင်းချိုင့် ထူပြောသည့် လမ်းများပေါ်မှာ ဆိုက်ကားတွေလည်း ပေါများစွာ တွေ့ရ၏။ “နှစ် ၅၀ လောက် နောက်ပြန်လှည့် လိုက်ရသလိုပဲ” ဟု မြန်မာပြည်က ပြန်လာသည့် ဥရောပသား မိတ်ဆွေ တယောက်က မှတ်ချက်ချတော့ “ကိုယ်မမွေးခင် နှစ်တွေကို ပြန်ရောက်ဖူးတယ် ဆိုတာ နည်းတဲ့ ကုသိုလ်လား” ဟု ခွန်းတုံ့မခံ ကလိခဲ့ဖူးသည်။

“ထမင်းစားဖို့ ဆိုရင်တော့ မြ၀တီမှာ ဒီဆိုင် အကောင်းဆုံးပဲ။ တခါတလေ တွင်းအောင်းသားတောင် ရတယ်”

နောက်မှာ ကျန်ခဲ့သည့် တဲရှည်တခုကို ညွှန်ပြရင်း ချီးမွမ်းစကားဆိုသည်။ စက်ရုံ အလုပ်သမားပုံမို့ ဈေး သိပ်မကြီးသည့် ဆိုင်ကို နတ်လမ်းညွှန်လိုပုံ ရသည်။

“လမ်းဘေးဆိုင်မှာ စားချင်တယ်။ ခုံပုလေးတွေနဲ့။ မှာရင် ပန်းကန်ထဲ တခါထဲ ရောပုံပေးတဲ့ ဆိုင်လေးတွေ မရှိဘူးလား”

“အဲဒါက ကုန်ကားဂိတ် နားမှာဗျ။ ဒီအချိန်ဆို ရှိသေးတယ်။ အခု သွားချင်လို့လား”

“သွားမယ်” ဟု ချက်ချင်း တုံ့ပြန်တော့ မြို့ထဲ ဟိုဟိုဒီဒီ ပတ်မောင်းပေးနေသည့် ဆိုင်ကယ်ဆရာက လမ်းကြောင်းပြောင်းသည်။

တွေ့ရပြီ။ သူမြင်ချင်သည့် အမိုးအကာမဲ့ လမ်းဘေးဆိုင်လေးတွေ။ ပျံကျ အလုပ်သမားတွေ အားပေးနေကျ ဆိုင်မျိုး။

“လက်ရာတွေက သိပ်မကွာပါဘူး။ ဈေးလည်း အတူတူပဲ။ ဟိုအစွန်ဆုံးဆိုင် ၀င်ပါလား။ အဲဒီ ကလေးမအေက ရှေ့လ မီးဖွားတော့မှာ။ သူ့အားပေးတာ မီးနေခ ကူသလိုပေါ့”

ဆိုင်ကယ်ဆရာ အညာသား ကရုဏာ သက်သည့် ကလေးအမေဆိုင်မှာ ၀င်ထိုင်လိုက်သည်။ စက်သတ်ပြီးစ ဆိုင်ကယ်ကို မှီ၍ စောင့်ကျန်ခဲ့သဖြင့် “လာပြီး တခါတည်း ၀င်စားပါ” ဟု ဖိတ်မန္တက ပြုရသည်။

“စားပါ။ ကျနော်က အိမ်ရောက်မှ စားနေကျ။ မိန်းမက အပြင်မှာ စားလာလို့ သူချက်တာ စားမ၀င်ရင် စိတ်ကောင်းတာ မဟုတ်ဘူး”

လက်လုပ်လက်စားတွေ အားပေးတတ်သည့် ဆိုင်လေးတွေမို့ စားဖို့ ဇွတ်ခေါ်လို့ ကောင်းပါ့မလား စဉ်းစားရသည်။ သို့သော် ဆိုင်ကယ်ဆရာ၏ မတောက်ပြောင်လှသော ၀တ်စားပုံ သွင်ပြင်နှင့် ဆိုင်လေးတွေနှင့် တရင်းတနှီး ရှိနေပုံကို အကဲခတ်ကြည့်လျှင် ဒီထမင်း ဟင်းမျိုးနှင့် ကင်းကွာပုံ မပေါ်။

“မလုပ်ပါနဲ့။ နည်းနည်းဖြစ်ဖြစ် ၀င်တော့ စားလိုက်ပါ။ တပန်းကန် ပိုရောင်းရ နည်းလား”

အားနာမျက်နှာနှင့် ဇွတ်ငြင်း နေသဖြင့် ဆိုင်ရှင်ကို ထမင်းနှစ် ပန်းကန် တခါတည်း ထည့်ခိုင်းပြီး အတင်း ခေါ်ယူရသည်။ ကိုယ်ဝန် အရင့်အမာနှင့် ဆိုင်ရှင် မိန်းကလေး ဘေးမှာ ဘုစုခရု နှစ်ကောင်က ငုတ်တုတ်။

“ဘာနဲ့ ပုံမလဲ အစ်မ။ ကြက်၊ ၀က်၊ ဘဲဥ၊ ပဲကုလားဟင်း ရမယ်”

သံပန်းကန်ပြား နှစ်ချပ်ပေါ် ပုံထည့်ထားသည့် ထမင်းက ဆန်ကြမ်းမှန်း နည်းနည်းတော့ သိသာသည်။ စားပွဲပေါ်မှာ တန်းစီနေသည့် ဒန်အိုးတွေထဲမှ ဆီရောင် နီရဲနေသည့် ဟင်းမျိုးစုံကို တချက် ကြည့်သည်။ အဆီများများနှင့် ၀က်သား သုံးထပ်သားက တအိုး၊ တောင်ပံနှင့် လည်ချောင်းရိုး အဓိက ဖြစ်ပုံရသော ကြက်သားက တအိုး၊ ဘဲဥခြမ်းကလေးတွေ ဆီပေါ် ပေါလောမျောနေသည့် ဘဲဥဟင်းက တအိုး။ ပဲဟင်းအိုးပေါ်မှာက ချဉ်ပေါင်ကြော်ကို လင်ပန်းနှင့် ဖြန့်ခင်းထားသည်။

ထမင်းပေါ် ဟင်းပုံထည့်ပေးဖို့ အသင့်စောင့်နေသည့် ကိုယ်ဝန်ဆောင် မိခင်ကို ဆိုင်ကယ် ဆရာက “၀က်သား” ဟု အဖြေပေးသည်။ သုံးထပ်သား ကြီးကြီးတတုံးကို ထမင်းပေါ်တင်ပြီး အရည်ကျဲ နှစ်ဇွန်းခန့် ဆမ်းပေးလေသည်။

“ကျမကို ဘဲဥနဲ့ ပေးပါ။ ပဲကုလားဟင်းရယ်၊ ချဉ်ပေါင်ကြော်ရယ်က နှစ်ပွဲစီ၊ ဒီက ဆရာကြီးဖို့ရော”

“ရမယ် အစ်မ”

ဘဲဥ တခြမ်းနှင့် ထုံးစံအတိုင်း ဖြစ်ပုံရသော ဟင်းရည် နှစ်ဇွန်း။ ကလေးအမေ ဟင်းအိုးတွေပေါ်မှ ကျော်၍ ကမ်းပေးနေတာ မမှီသဖြင့် ငါးနှစ်ရွယ် သားအကြီးလေးက “ပေး အမေ” ဆိုကာ သူ့အမေဆီက ယူပြီး စားပွဲကို ပတ်၍ လာပို့သည်။

“မဗိုက်ရယ်၊ နင့်ဟင်းကလည်း ကြာလေ အရည်ကျဲလာလေပဲ။ တော်နေ ရေနွေးကြမ်းနဲ့တောင် မှားမယ်”

အင်္ကျီကျွတ်နှင့် လုံချည်တိုတို ၀တ်ကာ တရှူးရှူး စားနေသည့် တယောက်က မှတ်ချက်ချသည်။

“ဒီတယောက် မမွေးမချင်းတော့ သည်းခံကြပါတော်။ ဆိုင်ရင်းဖို့ ထားတာတွေက ဆေးခန်းပြတဲ့ အထဲ ရောက်ကုန်လို့ပါ”

သူ့ ဟင်းလက်ရာ ညံ့လာမှန်း ဆိုင်ရှင်ကလည်း မဖုံးမဖိ ၀န်ခံသည်။

“ဆေးခန်းလည်း ပြ။ လူလည်း အားရှိအောင် စားဦးဟ။ နင်က ထမင်းသာ ရောင်းနေတာ။ နင့်ကြည့်တော့ ဗိုက်တနေရာက လွဲရင် တကိုယ်လုံး အရိုးချည်းပဲ”

“အားရှိအောင် စားဖို့က ဆရာဝန် ပြောတာလည်း ကြည့်ဦးတော့။ သံဓာတ်နည်းတယ်။ နို့နဲ့ ကြက်ဥ များများ သောက်ပေး တဲ့။ ကြက်ဥက တလုံး ၉၀ ရယ်။ ထမင်းနဲ့တောင် တလုံးပြည့်အောင် မစားရက်တာ။ နို့ကျတော့လည်း ကိုယ့်ကလေးတွေ ရှေ့ထားပြီး ကိုယ်က မျိုဆို့နေလို့ ဖြစ်မလား”

“ဟဲ့ နင်မျိုဆို့ရတာလည်း နင့်အတွက်မှ မဟုတ်တာ။ ဗိုက်ထဲက အကောင်အတွက်ပဲ”

အလုပ်ကြမ်းသမား ဖြစ်ပုံရသော ဖောက်သည်က ဟင်းအကြောင်း တခွန်းမှ မဝေဖန်တော့ဘဲ အားဖြစ်အောင် စားဖို့ အကြောင်းသာ ကလေးမိခင်ကို သြ၀ါဒ ချွေနေသည်။ ပြီး သူ့ ပန်းကန်ထဲက ထမင်းကို လက်စသတ်ကာ ခါးပုံစထဲက ပိုက်ဆံအနွမ်း တချို့ ထုတ်ပေးသည်။

“ကိုဝတုတ်က အိမ်မိုးရဦးမယ်ဆို။ ခု မလွယ်ရင် မပေးနဲ့ဦးလေ။ အိမ်မိုးပြီးမှ စုပေးပေါ့”

“ယူမှာ ယူစမ်းပါ မဗိုက်ရယ်။ ငါလည်း အကြွေး ပြန်စားချင်လို့ နင့်ဗိုက် မြန်မြန်မွေးဖို့ပဲ စောင့်နေတာ။ ခုတော့ ယူထားဦး”

ပရိယာယ်မပါ ဘွင်းဘွင်းကြီး ပြောနေသည့် အပြန်အလှန် စကားထဲမှာ စီးကျနေသည့် စာနာမှုတွေ၊ ဖေးမလိုစိတ်တွေက အထင်းသား။ ဆန်ကြမ်းကြမ်းကို ဘဲဥ ဟင်းရည်ကျဲနှင့် ရောနယ်ကာ စားရသည့် ထမင်းက ပိုပြီး မြိန်ယှက်လာသည်။ ရှေ့မှာ ချပေးထားသည့် ငါးပိရည်ခွက်ထဲက ငရုတ်သီးမှုန့်ပေါလော ငါးပိရည်ကို အပေါ်က ထပ်ဆမ်း၊ ထမင်းထဲ သခွားသီးစိမ်းနှင့် ကန်စွန်းရွက်ပြုတ် မြှုပ်ကာ စားလိုက်ရတော့ နရသီဟပတေ့မင်း၏ ဟင်းခွက် ငါးရာကိုပင် ဒီလောက် ခံတွင်း လိုက်နိုင်ပါ့မလား စိန်ခေါ် ချင်သည်။

စားသောက်ပြီး၍ ဆိုင်ကလေးက ထလာကြတော့ “ဈေးပိတ်တော့မယ်။ ဈေးဆက်သွားမယ် မဟုတ်လား” ဟု ဆိုင်ကယ် ဆရာက မေးခွန်း ထုတ်သည်။

“ဟာ ဟေ့လူ ကိုထိန်၊ ခင်ဗျား လိုက်ရှာနေတာ”

ဘေးမှာ ဝေါခနဲ ထိုးရပ်လာသည့် ဆိုင်ကယ် တစီးပေါ်က အသံ။ ဆိုင်ကယ်ပေါ်က ခပ်သွက်သွက် ဆင်းလာသည့် လူက “ဆေးခန်း လိုက်သွားတော့။ ထုံးစံအတိုင်းပဲ ခင်ဗျားအမေ သွေးတိုးနေလို့” ဟု သတင်းပေးသည်။

“ထုံးစံအတိုင်း” ဆိုသော်လည်း စိုးရိမ် သောကနှင့် ပျာယာခတ် သွားပုံရသည့် ဆိုင်ကယ် ဆရာကို စာနာစွာဖြင့် “လိုက်သွားပါ။ ကျမ တခြားဆိုင်ကယ်နဲ့ ဆက်သွားလို့ ရတယ်” ဟု ပြောကာ ကျမည့်ငွေ ထုတ်ရှင်းပေးလိုက်သည်။ ဆိုင်ကယ်ဆရာကတော့ “ဆေးခန်းရောက်တော့ သတိပြန်ရ လာပြီဗျ။ သိပ်တော့ မစိုးရိမ် ရပါဘူး” ဟု ရှင်းပြနေသည့် သတင်း လာပြောသူကို “ကျနော့် ပါစင်ဂျာ ခင်ဗျား ဆက်ပို့ပေးလိုက်ပါဗျာ” ဟု လက်လွှဲကာ ဆိုင်ကယ်စက်ကုန် ဖွင့်၍ သုတ်ခြေတင် လေပြီ။

“မိုးချုပ်တော့မယ်။ ကျမ ဆက်မသွားတော့ဘူး။ တည်းခိုခန်း တခုခု ပို့ပေးပါလား”

“အသိအိမ် မရှိဘူးလား။ တချို့တည်းခိုခန်းတွေက မိန်းကလေး တယောက်ထဲ တည်းလို့ မကောင်းဘူးဗျ”

“အဲ ကောင်းတဲ့ တည်းခိုခန်း တခုခုပေါ့။ သန့်တဲ့နေရာတော့ ရှိမှာပါ”

“ဒီဘက် လာတာ မြ၀တီအထိပဲလား။ အောက် ဆက်ဆင်းဦးမှာလား”

ဆိုင်ကယ်သမား ကိုစပ်စုက မေးခွန်း ထုတ်နေသည်။ “အောက်ဆက် ဆင်းဦးမှာလား” ဆိုသည့် မေးခွန်းက ဘားအံ၊ ဒါမှမဟုတ် ရန်ကုန်၊ ပဲခူး စသည့် အတွင်းပိုင်းအထိ ပြန်မှာလားဟု အဓိပ္ပာယ် ရလေသည်။ မပြောဘဲ ထားရင် ကောင်းမလား။ ဒါပေမဲ့ မနက်လင်းလို့ ခရီးဆက် ထွက်လျှင်လည်း ကားဂိတ်ကို ဒီဆိုင်ကယ် သမားတွေပဲ ပို့ခိုင်းရမှာမို့ ဖုံးထားလျှင် နောက်ပိုင်း ပို မသင်္ကာစရာ ဖြစ်မည် ထင်သည်။

“ဘားအံ တက်မလို့။ ခဏပါပဲ”

“အလည်လာတာ ဆိုရင်တော့ နောက်ရက်တွေမှ လာတာ ကောင်းတယ်။ ဒီရက်ပိုင်း တည်းခိုခန်းတွေလည်း အစစ်အဆေးက အရမ်းကြမ်းနေတာ။ အတက်အဆင်းဂိတ်တွေမှာလည်း ဆပ်ပလိုင်း ချက် (ဆာပရိုက်စ် ချက်) တွေ ခဏခဏ လုပ်တယ်။ ဘယ်နေ့က ဒီဘက်ရောက်လဲ”

ဆိုင်ကယ်သမားက ဘာမှ စ’မပြောရသေးခင်မှာကို တက်သည့် လူလား၊ ဆင်းမည့် လူလား ခွဲသိနေမှန်း သတိပြုမိသည်။ အင်းလေ၊ ခရီးသည်ပုံစံ ကြည့်လိုက်တာနဲ့ သူတို့ သိတဲ့နည်းတော့ ရှိရင် ရှိမှာပေါ့။ ထိုင်းဘက်က ရဲတွေဆိုလည်း လူကြည့်လိုက်လျှင် မြန်မာလား၊ ထိုင်းလား ခွဲနိုင်သည်ဟု ခဏခဏ ပြောသံကြားသည်။

“ဒီနေ့ပဲ ရောက်တာ။ ကျမကို တည်းခိုခန်း အရင် ပို့ပေးပါဦး။ မိန်းမ တယောက်တည်းလည်း တည်းလို့ ကောင်းတဲ့ နေရာမျိုးပေါ့”

ဆိုင်ကယ်သမား ခဏ တိတ်ဆိတ် နေသည်။ ပြီးမှ အသံ ထွက်လာသည်။

“ခင်ဗျား ပြန်ရင် ကောင်းမယ်။ ခင်ဗျားကို ကျနော်တောင် မှတ်မိတယ်”

ရင်ထဲ ဒိုင်းခနဲ ဖြစ်သွားသည်။ ဆိုင်ကယ်ပေါ်က ခုန်ချဆင်းရ ကောင်းမလားတောင် တွေးမိ၏။ သို့သော် ဒီအချိန်မှာ တည်ငြိမ်စွာ ဆက်ရင်ဆိုင်တာက အကောင်းဆုံး ဖြစ်လိမ့်မည်။

“ဘာကို ပြောချင်တာလဲ”

“နှစ်နှစ်လောက် ရှိပြီ။ ဒါပေမဲ့ ခင်ဗျားရုပ်က သိပ်မပြောင်းလို့ ကျနော် မှတ်မိတာ။ မိုင်းနင်းမိတဲ့ သူရကို မယ်တော်ဆေးခန်းမှာ ခင်ဗျား လာလာတွေ့တုန်းကလေ။ အဲဒီတုန်းက ခင်ဗျားတို့ အဖွဲ့ထဲက ခင်ဗျား သူငယ်ချင်းတွေလည်း ပါလာတယ်”

အေဘီအက်စ်ဒီအက်ဖ်က မိုင်းထိ ရဲဘော်ကို ဆိုလိုမှန်း ပြန်မှတ်မိ လိုက်သည်။ ခြေတဖက် ဆုံးရှုံးရသည့် အသက် ၂၀ ပြည့်စ ရဲဘော်ကလေးကို သွားအားပေးရင်း မယ်တော် ဆေးခန်းကို အ၀င်အထွက် စိပ်ဖြစ်သည့် လွန်ခဲ့သော နှစ်နှစ်ကျော် ကာလတွေ။ မယ်တော်ဆေးခန်းက ဘားအံ မြ၀တီ ဘက်ကရော၊ ထိုင်းဘက်မှာ အလုပ် လုပ်နေသူတွေရော ရပ်ဆွေရပ်မျိုး ဆေးခန်းလို အားကိုး နေကျမို့ အ၀င်အထွက် လူပေါင်းစုံ လေသည်။

“နောက်ပိုင်းတော့ ကျနော် မတွေ့ဖြစ်တော့ပါဘူး”

ဆိုင်ကယ်သမား စကားဆက်သည်။ သူ ကမ္ဘာ့ တဘက်ခြမ်း ထွက်သွားတာကို ထုတ်မပြောဘဲ ငြိမ်၍ ဆက်နားထောင် နေမိသည်။

“ဒါပေမဲ့ ခင်ဗျား ဟိုဘက်မှာ အဖွဲ့တွေနဲ့ နေတာဆို တခြား လူတွေလည်း မြင်ဖူးမှာပဲ။ ဟိုဘက်မှာ အလုပ်သွား လုပ်လိုက်၊ ဒီဘက် ပြန်လာနေလိုက် လုပ်နေတဲ့ လူတွေ မြ၀တီမှာ အများကြီး။ ခင်ဗျား ဘားအံတက်ရင် ပိုတောင် အန္တရာယ် ကြီးလိမ့်မယ်။ ကားပေါ်မှာ အသိနဲ့ မတိုးဘူး မပြောနိုင်ဘူး”

ဆိုင်ကယ်သမားက တခွန်းချင်း ပြောရင်း ဆိုင်ကယ်ကို ကမ်းနားဘက် ဦးလှည့်မောင်းနေမှန်း သတိပြုမိ၏။

“ကျနော် လှေဆိပ် လိုက်ပို့ ပေးမယ်နော်။ ဒီအချိန် နောက်ဆုံးထွက်မယ့်လှေ မီနိုင်သေးတယ်”

သူ ဘာမှ ဆက်မပြောနိုင်တော့။ ဆိုင်ကယ်သမားသည် အတင့်ရဲစွာ မြစ်ကိုကူးလာသည့် မိုက်တိမိုက်ကန်း တယောက်ကို သူ့သဘောနှင့်သူ ပြန်ပို့ ကူညီဖို့ ကြိုးစားနေပြီ။

သံဆူးကြိုးပေါက်မှာ ၀ါးတံခါး တပ်ထားသည့် စစ်ဆေးရေး ဂိတ်အနီး ဆိုင်ကယ်ကို ရပ်သည်။ ဂိတ်ဝကနေ လှမ်းမြင်နေရသော ထွက်ခါနီး လှေကို “ဟိုးထား၊ တယောက်လိုက်ဦးမယ်” ဟု ၀မ်းခေါင်းသံနှင့် လှမ်းအော် တားမြစ်သည်။

လှမ်းမြင်နေရသော ကင်းတဲမှ သေနတ်ကိုင် စစ်သားအစောင့်တွေကို နောက်ဆုံးတချက် ဝေ့ကြည့်လိုက်ရင်း ဒီနားအထိ ဘေးမသီ ရန်မခ ပြန်ရောက်လာတာကို အံ့သြဖို့ သတိရသည်။ ဂိတ်ပေါက်ကို ဖြတ်ကာ ကမ်းစပ် ဆင်းလာတော့ သူ့အစား စိတ်လှုပ်ရှား ပူပန်နေပုံရသော ဆိုင်ကယ်သမားက နောက်က စောင့်ကြပ် လိုက်ပါလာသည်။

ဆိုင်ကယ်ခ ထုတ်ပေးတာကို လုံးဝ မယူသဖြင့် အင်္ကျီအိတ်ထဲ ထိုးထည့်လိုက်ရသည်။
“လှေပေါ် မြန်မြန်တက်ပါ။ နောက်လည်း ဒီလို မလာချင်ပါနဲ့ဗျာ။ ဘာမှအကျိုးမရှိဘဲ ဘာလို့ လုပ်ချင်တာလဲ။ သွားတော့။ နောက် ဒီလို မလာပါနဲ့တော့”

အပ်ကြောင်းထပ်အောင် မှာကြားပြီးမှ သူ့ကို ကျောခိုင်းကာ ကမ်းပေါ်ပြန်တက်ပြီး ဂိတ်တဖက်ခြမ်း ၀င်ရောက် ပျောက်ကွယ်သွားသည်။

မထွက်သေးဘဲ စောင့်နေသည့် လှေပေါ် လှမ်းအတက်မှာ မြန်မာနိုင်ငံမြေက ခွါရပြန်ပြီ ဟူသော အသိကို စိတ်ထဲ နာနာကြည်းကြည်း ခံစား လိုက်ရ၏။ စစ်ရှုံး စစ်သား တယောက်၏ နာကြည်းမှု၊ နာကျင်မှုများ။ ဒီဝေဒနာကို မြန်မာနိုင်ငံကို စွန့်ခွါ ဆုံးရှုံးခဲ့ဖူးသည့် မြန်မာလူမျိုးများသာ နားလည် နိုင်ပါလိမ့်မည်။

X X X

မြန်မာပြည်ဘက်အခြမ်းကို မခွဲခင် နောက်ဆုံး ဓာတ်ပုံ ရိုက်ယူဖို့ သတိဝင်လာ၏။ လှေသမားက လှေထွက်ခါနီးမှ မော်တာစက် နှိုးမရသဖြင့် ဟိုနှိုက် ဒီလှည့် လုပ်နေရဆဲ။

ဖုန်းကင်မရာကို ဆွဲထုတ်ကာ ကမ်းပါးထိပ်မှာ ဈေးရောင်းနေသည့် အုန်းနို့ သာကူသည်နှင့် ဆော့ကစားနေသည့် အင်္ကျီကျွတ် ကလေးတွေ အပါအ၀င် သူ့နိုင်ငံ မြင်ကွင်းကို ရသလောက် ရိုက်ယူသည်။

“အဒေါ့်ဖုန်းက ဓာတ်ပုံရိုက်လို့ရလား”

ကမ်းပေါ်က ကလေးနှစ်ယောက် ပြေးဆင်းလာပြီး စိတ်ဝင်စားစွာ မေး၏။ ဒီခေတ်မှာ ဈေးမကြီးတော့သော ကင်မရာ ဖုန်းကအစ အထူးအဆန်း ဖြစ်နေသည့် ကလေးငယ်တွေ။

“ရတာပေါ့။ သားတို့ ရိုက်ကြည့်ချင်လား”

ဒီနိုင်ငံကို နောက်တကြိမ် ကျောခိုင်းရပြန်ပြီ ဟူသော ခံရခက်သည့် အသိကြောင့် စကားများများ ပြောချင်စိတ် မရှိသဖြင့် ကလေးတွေ လက်ထဲ ဖုန်းထည့်ပေးလိုက်၏။

“ဟင့်အင်း အဒေါ်၊ သားတို့ မကိုင်တတ်ဘူး။ သားတို့ ပုံတွေ ရိုက်ပေးပါလား”

မရဲတရဲ ပြောလာသည့် အပြစ်မဲ့ မျက်နှာလေးတွေကို မငြင်းရက်သဖြင့် တင်းကျပ်နေသည့် စိတ်ကို ခဏ ဘေးဖယ်ကာ ကလေးတွေ မျက်နှာကို တည့်တည့်ချိန်၍ ရိုက်ပေးလိုက်သည်။ သွားကလေးတွေ အဖြဲသားနှင့် ဓာတ်ပုံ အရိုက်ခံ ရှာသည့် သူတို့လေးတွေ ကျေနပ်အောင် သုံးလေးကွက် ရိုက်ပေးပြီးမှ ရိုက်ယူပြီးစ ပုံတွေကို ဖုန်းမှန်သားပြင်မှာ တပုံချင်း ပြန်နှိပ်ပြလိုက်သည်။ ကလေးတွေက သူတို့ပုံတွေ သူတို့ ပြန်ကြည့်ကာ တဟေးဟေး တဟားဟား သဘောကျနေသည်။

“အဒေါ်၊ ကျနော်တို့ပုံ တပုံလောက် ကူးပေးပါလား”

သွားကျိုးလေးနှင့် ကလေးငယ်က မော့ကြည့်ပြီး မ၀ံ့မရဲ အရေးဆိုလာသည်။

“တပုံလောက်ဆို ရပါပြီ အဒေါ်၊ နောက်ရက် ဒီဘက်လာရင် ယူလာပေးပါလား”

ဘဲမြီးဆံပင်နှင့် နောက်တယောက်ကပါ ရလိုရငြား စစ်ကူ ၀င်သည်။

မြန်မာပြည်က ခွါခါနီးမှာ သူ နောက်ဆုံး စကားပြောရသည့် မြန်မာလူမျိုး နှစ်ဦး၏ ဆန္ဒကို ဖြည့်ပေးချင်ပါသည်။ သို့သော် ဒီဘက်ကမ်းကို နောက်တခေါက် ပြန်လာနင်းဖို့ ဆိုတာ သိပ်မလွယ်ပြီ။

“သားတို့ဆီ အဒေါ် တနေ့ ရောက်အောင် ပြန်လာမယ်။ ဘယ်နေ့လည်း ဆိုတာတော့ အဒေါ်တောင် မသိသေးပါဘူးလေ”

ဒီစကားကို ရင်ထဲကသာ ပြောရင်း လှေပေါ်မှာ ပင်ပန်းစွာ ထိုင်ချလိုက်ရသည်။ တိုင်းပြည်ကို နောက်ဆုံး နှုတ်ဆက်ခြင်း အနေနှင့် ကမ်းထိပ်ကို မော့ကြည့်မိတော့ ဂိတ်ဝမှာ ထိုးရပ်ထားဆဲ ဆိုင်ကယ်ဘေးကနေ လှမ်းကြည့်နေသည့် ဆိုင်ကယ်သမားကို သံဆူးကြိုးတွေ နောက်မှာ မသဲမကွဲ မြင်ရသည်။

မြန်မာပြည်ပိုင်နက် ကမ်းစပ်ကနေ လှေဦး ခွါခဲ့ပြီ။

X X X

မြန်မာနိုင်ငံကို စောင့်ကြပ် ပေးနေရသည့် အညတရ စစ်သား တယောက်အဖြစ် စိတ်ထဲမှာ ခံစား ခဲ့ဖူးသည်။ သို့သော် ထိုစစ်သားသည် သူ့နိုင်ငံမြေကို ရူးမိုက်စွာ နင်းလာတိုင်း သူ စောင့်ရှောက် ပေးနေသည်ဟု ခံယူခဲ့သော တိုင်းပြည်က သူ့ကို အမြဲ ပြန်၍ ကာကွယ် စောင့်ရှောက် ပေးခဲ့လေသည်။

လမ်းပြကြယ် စာကြည့်တိုက် (စင်္ကာပူ)

မောင်သာမန်
ဇွန်လ ၈ ရက် ၂၀၀၇

၃ လ ကြာသော အပတ်စဉ်ဆွေးနွေးမှု၊ ရံပုံငွေ ရှာဖွေမှုနှင့် မလျော့သော လုံ့လဖြင့် စာအုပ်စာပေ၊ စုဆောင်း စီစဉ်မှုများကြောင့် ဧပြီလ ၂၈ ရက်၊ ၂၀၀၇ မှာ စင်္ကာပူရှိ မြန်မာများ၏ စုရပ်ဖြစ်သော ပင်နီစူလာ #05-12A ၅ ထပ်တွင် လမ်းပြကြယ် စာကြည့်တိုက်လေး တခုကို စတင်ပြုစုပျိုးထောင်ခဲ့ပါပြီ။ အထူးသဖြင့် နိုးကြား၊ အားအင် ပြည့်ဝသော လူငယ်များ၏ ဆောင်ရွက်မှု၊ စည်းရုံးမှုများနှင့် လူကြီးအချို့၏ လူအား၊ ငွေအား၊ အကြံဉာဏ်၊ တာဝန်ယူပေးမှု များကြောင့် ဖြစ်ပေါ် လာရခြင်း ပင်တည်း။ ပင်နီစူလာ အနီးရှိ� “၉၉ ကဖေး” စုရပ်၌ အပတ်စဉ် ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ခြင်း၊ စာအုပ်များ စုဆောင်း အလှူခံခြင်း၊ လုပ်အားပေးများ စည်းရုံးခြင်း၊ မြန်မာပြည်နှင့် ဆက်သွယ်ပြီး စာအုပ်များ ၀ယ်ယူခြင်း၊ စာအုပ် စုပေါင်းချုပ် လုပ်ခြင်း၊ စာအုပ် စာရင်းများ ပြုလုပ်ခြင်း စသည့် လုပ်ငန်း ကလေးများဖြင့် လမ်းပြကြယ် စာကြည့်တိုက်ကို အခြေတည် ခဲ့ရသည်။

လမ်းပြကြယ်အဖွဲ့သား အားလုံးမှာ စင်္ကာပူတွင် အလုပ် လုပ်ကိုင်နေသူများ ဖြစ်သောကြောင့် မိမိ အသက်မွေးအလုပ် လုပ်ကိုင်ရင်း ကိုယ်ပိုင် အချိန်များတွင် စင်္ကာပူရောက် မြန်မာများကို ပြည်တွင်း၊ ပြည်ပ ထုတ်ဝေသော မြန်မာ စာအုပ်များ ငှားရမ်း စေရေး၊ ဖတ်ရှု စေရေးနှင့် ပိုမိုသော ရည်ရွယ်ချက် များမှာ ကြီးမားလှပါသည်။ လူတိုင်း မိမိ ကြိုက်နှစ်သက်သော စာအုပ်ကောင်းများကို� ကိုယ်ပိုင် အဖြစ် ၀ယ်ယူ သိမ်းဆည်း ထားလေ့ ရှိပါသည်။ ထို့ထက်ပို၍ အခြား မိတ်ဆွေများကို ပြောပြ၊ ညွှန်ပြပြီး ငှားရမ်း ပေးခြင်းမှာ မွန်မြတ်လှသည့် ကုသိုလ်ဒါန တခုလည်း ဖြစ်ပါသည်။ စင်္ကာပူတွင် ရောက်ရှိနေသော မြန်မာများတွင် စာကြည့်တိုက် လုပ်ငန်း လုပ်ခဲ့ဖူးသူ အများအပြား ရှိပါသည်။ ထိုသူများ ကျေးဇူးကြောင့် တိုပါးရိုး မြန်မာ ဘုန်းကြီးကျောင်း မြေအောက်ထပ်ရှိ စာကြည့်တိုက် တခု ဖြစ်လာခဲ့ပါသည်။ သို့သော်လည်း ထို စာကြည့်တိုက်တွင် စာအုပ် ငှားရမ်းခြင်းကို မလုပ်ပေးနိုင်ဟု သိရသည်။

လွန်ခဲ့သော ၁၀ နှစ်ကျော် ကတည်းက ၀ါသနာရှင် မြန်မာများ စင်္ကာပူတွင် အလုပ် လာလုပ်ရင်း၊ မိမိ စာအုပ်များကို ကျောပိုးအိတ်ဖြင့် ထည့်ကာ မိတ်ဆွေ၊ စာပေ ၀ါသနာရှင် များကို ငှားရမ်း ပေးသူပင် ရှိခဲ့သည်။ ယခု ထိုသူသည် မြန်မာပြည်သို့ အပြီး ပြန်သွားပြီ ဖြစ်သည်။ အလားတူ ၁၉၉၇ နောက်ပိုင်းတွင် မြန်မာ လူငယ်များ စင်္ကာပူသို့ ပိုလီတက်ကနစ် ၃ နှစ် ဒီပလိုမာ လာရောက် ပညာ သင်ကြားသော အခါ ၀ါသနာရှင် ကျောင်းသား များသည် မိမိတို့ သက်ဆိုင်ရာ ပိုလီ ကျောင်းများ ဖြစ်သော နီးအန်း၊ အက်စ်ပီ၊ နန်ယန်း၊ တီမားဆက် စသည်တို့တွင် သေတ္တာ စာကြည့်တိုက် ကလေးများဖြင့် တဦးနှင့် တဦး ဆက်သွယ်ကာ စာအုပ် ငှားခဲ့ဖူး ကြသည်။ ၁၉၉၇ နောက်ပိုင်းတွင် စင်္ကာပူ ပင်နီစူလာ ပလာဇာတွင် မြန်မာ လုပ်ငန်းရှင်ဆိုင်များ ဖွင့်လာသောအခါ လူအများ မိမိဆိုင်တွင် လာရောက်ရေး အတွက် ဆိုင်တိုင်း လိုလိုပင် စာအုပ်၊ မဂ္ဂဇင်း၊ စာစောင်များကို တင်ပြ ရောင်းချ ရပါသည်။ အချို့ ဆိုင်များမှာ စာအုပ် ငှားရမ်းခြင်း လုပ်ငန်းကို စာကြည့်တိုက် ပုံစံ လုပ်ဆောင် လာပါသည်။ ယခု ၂၀၀၆ ခုနှစ်တွင် စာအုပ် ငှားရမ်း ပေးသော စာအုပ်ဆိုင်များ အနက် ဒဏ္ဍာရီ ဆိုင်မှာ နာမည်ကြီး ပါသည်။ အခြားဆိုင်များမှာ မော်လမြိုင်၊ မြသရဖူ၊ ရှမ်းတောင်တန်း၊ မန်းစတား စသည်တို့ ဖြစ်ကြသည်။� စာအုပ်စာပေ ၀ါသနာကြီးပြီး၊ မြန်မာများ နိုးကြား၊ ဗဟုသုတရ စေလိုသူများသာ စာအုပ် ငှားရမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင် ကြပါသည်။ စီးပွားရေးအရ တွက်သား ကိုက်အောင် စာအုပ်ငှား လုပ်ငန်း လုပ်ခြင်းမှာ မလွယ်ပါ။ ထို့ကြောင့် စာကြည့်တိုက် ဆိုသည်မှာ နိုင်ငံ အစိုးရ၊ တက္ကသိုလ်၊ ကျောင်းများ၊ ကုမ္မဏီများ၊ အဖွဲ့အစည်းများနှင့် အများအကျိုး လုပ်သော သဘော သက်ရောက်ပါသည်။

လမ်းပြကြယ် စာကြည့်တိုက် ဖွင့်ပွဲကို မေလ ၁ ရက်၊ ၂၀၀၇ (မေဒေး - ကမ္ဘာ့ အလုပ်သမားနေ့)� လာရောက် အားပေးကြသူများတွင် အိုးဝေ နိုင်ငံရေး လှုပ်ရှားမှု အဖွဲ့ဝင်များ (www.owaysingapore.com)၊ ဘားမား အက်ရှင် (စင်္ကာပူ) အဖွဲ့ဝင်များ၊� အင်တာနက် လူငယ် အီးမဂ္ဂဇင်း ဖြစ်သော သံလွင် အိပ်မက် အဖွဲ့ဝင်များ (www.thanlwin.com)၊ မင်္ဂလာ အင်တာနက်၊ လူမှုရေး လှုပ်ရှားသည့် မြန်မာ ကလပ် အဖွဲ့ဝင်များ၊ စင်္ကာပူထုတ် ရွှေမြန်မာ မဂ္ဂဇင်း ကလောင်ရှင်များ၊ မကြာမီက ပြီးစီး သွားသော ရန်ကုန် စက်မှု တက္ကသိုလ် ဆရာ ကန်တော့ပွဲ ကော်မတီဝင် အင်ဂျင်နီယာများ၊ ဆရာဝန်များ၊ ဘူမိဗေဒ ပညာရှင်များ၊ သူနာပြုများ၊ အလုပ်သမားများ၊ ပင်နီစူလာရှိ စီးပွားရေး လုပ်ငန်းရှင်များ စသဖြင့် မိတ်ဆွေ ၂၀၀ ခန့် လာရောက် ကြည့်ရှု အားပေး ကြပါသည်။ စာကြည့်တိုက် ကလည်း ကြာဇံဟင်း၊ လက်ဖက်ရည်၊ ဆနွမ်းမကင်း၊ ရွှေရင်အေး၊ မုံ့ဖက်ထုပ်၊ ရေနွေးကြမ်း စသည်တို့ဖြင့် ကျွေးမွေး ဧည့်ခံ ခဲ့ပါသည်။ ပထမ အပတ်တွင်ပင် အသင်းဝင် ၂၀၀ ကျော် စာအုပ်များ ငှားရမ်း သွားကြပါသည်။ အသင်းဝင်ကြေးမှာ ၆ လ အခမဲ့ ငှားရမ်းခွင့် အတွက် စင်္ကာပူ ၁၀ ဒေါ်လာ ဖြစ်သည်။ စာအုပ်ကို ၂ ပတ်အထိ ငှားရမ်းခွင့် ရှိပြီး လာရောက် မအပ်နိုင်ပါက တယ်လီဖုန်း ၆၃၃၇၁၅၆၉ သို့ ဆက်သွယ် ပြောကြား နိုင်ကြောင်း၊� အပတ်စဉ်တိုင်း စနေနေ့ ၂ နာရီမှ ည ၉ နာရီ အထိနှင့် တနင်္ဂနွေနေ့ ဆိုလျှင် နေ့ခင်း ၁၂ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ကြောင်း၊ စာအုပ် ၅၀၀ ခန့်နှင့် မဂ္ဂဇင်း ၁၀၀ ကျော်ဖြင့် စတင် ဖွင့်လှစ် ခဲ့ပြီး၊ တပတ် အကြာတွင် စာကြည့်တိုက်ပိုင် ၀ယ်ယူသော စာအုပ်နှင့် စေတနာရှင်များ လှူဒါန်းသော စာအုပ် စုစုပေါင်း တထောင်ကျော် အထိ တိုးပွား လာသည်။ မဂ္ဂဇင်းများမှာလည်း ၃၀၀ ကျော် ဖြစ်လာပါသည်။ စာအုပ်ကောင်းများ ဆက်လက် တိုးပွားရေးကို ဦးတည်မည် ဖြစ်သည်ဟု သိရပါသည်။

စာကြည့်တိုက်သည် ၀ါသနာရှင်များ၏ လုပ်အား ပေးမှုနှင့် စာအုပ် လှူဒါန်းမှု များဖြင့် အဓိက ရပ်တည်ပါသည်။ ကုန်ကျစရိတ် များကို အသင်းဝင်များ၏ အသင်းဝင်ကြေး အားဖြင့် လည်းကောင်း၊ စေတနာရှင်များ၏ လှူဒါန်း ပါဝင်မှုများဖြင့် လည်းကောင်း ရပ်တည်ကြောင်း၊ မည်သည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်း အတွက် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ မြန်မာများ လွတ်လပ်စွာ စာအုပ်စာပေ ဖတ်ရှုရေး အတွက် အတွေးအခေါ်၊ သုတ-ရသ၊ နည်းပညာ၊ ခေတ်ပြိုင်၊ သမိုင်း စသည့် စာအုပ်ကောင်းများကို အဓိက ရည်ရွယ်ကြောင်း သိရပါသည်။ စာကြည့်တိုက် အသင်းဝင်များ အတွက် သတင်းကောင်းများကို www.thanlwin.com/polaris� အင်တာနက်တွင် ကြည့်ရှု နိုင်ပါသည်။ အင်္ဂလိပ်စာဖြင့် Polaris Burmese Library ၊� မြန်မာဘာသာဖြင့် ရောင်ခြည်ဖြာ ထွက်သော “လမ်းပြကြယ် မြန်မာ စာကြည့်တိုက်” ဖြစ်သည်။

လုပ်အား ပေးလိုသူများ အနေဖြင့် စာကြည့်တိုက် ကော်မတီသို့ ဆက်သွယ်၍ လည်းကောင်း၊ စာကြည့်တိုက် ဖွင့်သော စနေ၊ တနင်္ဂနွေတွင် ကိုယ်တိုင် လာရောက်ပြီး လုပ်အားပေးခြင်း၊ အကြံဉာဏ်၊ စာအုပ် လှူဒါန်းမှု၊ စာအုပ်စာရင်း သွင်းခြင်းများ လုပ်ဆောင် နိုင်ပါသည်။

၂၀၀၃ ခုနှစ် မေလ က ဒေါ်အောင်ဆန်း စုကြည် မုံရွာမြို့တွင် မိန့်ခွန်း ပြောခဲ့ပါသည်။� “ဒီမိုကရေစီ ရရှိခြင်းနှင့် ဆက်လက် ထိန်းသိမ်းခြင်းကို့ ဥပမာ အားဖြင့် နိုင်ငံခြားတွင် အိမ်ဝယ်လျှင် အိမ်တန်ဖိုးထက်၊ အိမ်ကို ရေရှည် ထိမ်းသိမ်းရန် လစဉ် ကုန်ကျမည့် စရိတ်ကို ဦးစားပေး ကြည့်ကြကြောင်း၊ ဒီမိုကရေစီကို ရေရှည် ထိန်းသိမ်းရေးမှာ ပိုအရေးကြီးကြောင်း၊ လူတိုင်း ဒီမိုကရေစီကို နားလည်ပြီး၊ ကျင့်ကြံနိုင်မှ လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီ စနစ် မြန်မာနိုင်ငံတွင် တည်ဆောက် နိုင်ပြီး၊ ရေရှည် တည်တံ့နိုင်မည် ဖြစ်ကြောင်း” ပြောခဲ့ပါသည်။� ထိုနည်းတူ မြန်မာ စီးပွားရေး ဆိုင်ပေါင်း ၆၀ ကျော် ရှိသော စင်္ကာပူ ပင်နီစူလာ ပလာဇာတွင် လွတ်လပ်သော မြန်မာ စာကြည့်တိုက် တခု စတင် တည်ထောင်ခဲ့ပြီ ဖြစ်သည်။ ရေရှည် တည်တံ့ရေးကို စာကြည့်တိုက် ကော်မတီနှင့် လုပ်အားပေး၊ ၀ါသနာရှင်များ အပေါ်တွင် တည်နေပါသည်။ လမ်းပြကြယ် မြန်မာစာကြည့်တိုက် လုပ်ငန်း ရည်ရွယ်ချက် အောင်မြင်ပါစေ။

လောကကို အလှဆင်မည့်သူ

အလိမ္မာ စာမှာရှိ
“လမ်း” ကို မမြင်၊ ဟိုဒီဝင်ထွက်
ဆင်ခြင်မဲ့ မျက်မှောက်၊ အနာဂတ် မပျောက်အောင်
စွမ်းဆောင်ချင်ကြ၊ သောမနဿ ဆန္ဒများ --- ၊

“ပြ”သည့် လမ်းမှန်၊ ဘာသာပြန် ရသ
သုတခောတ်ပြိုင်၊ တွေးခေါ်နိုင်စေ
မျှဝေသမိုင်း၊ အတိုင်းမရှိ ဆန္ဒများ --- ၊

“ကြယ်” ရောင်အလင်း၊ အဆင်းသဏ္ဌာန်
အမြင်မှန်မှု၊ ဆန္ဒပြု၍
ပေါင်းစုကြွေးကြော်၊ နှိုးဆော်အပ်ပါသည် --- ။

“လမ်းပြကြယ်” သည်
နေမင်းပမာ၊ သော်တာအလား
မ၀င့်ငြားလည်း၊ သူ့နည်းသူ့ဟန်
သူ့သဏ္ဌာန်ဖြင့်၊ သူသန်ရာမှ
ဤလောကကို အလှဆင်လိုပါတကား --- ။ ။

(111), North Bridge Road, Peninsula Plaza, # 05-12(A),
Singapore 179098 (Tel : 63371569)

စာကြည့်တိုက် ကော်မတီဝင်များနှင့် စာကြည့်တိုက် ဆိုင်းဘုတ်တင်ပွဲ (၁-၅-၂၀၀၇)

မြန်မာပြည်သည် တရုတ်၏ အရင်းနှီးဆုံးမိတ်ဆွေ ဖြစ်မြဲဖြစ်နေခြင်း

လာရီရေဂင် - မဇ္ဈိမသတင်းဌာန၇ ဇွန်လ ၂၀၀၇ ခုနှစ်

ရန်ကုန်ကို ၎င်း၏ အရှေ့တောင်အာရှ ဆိုင်ရာ မဟာဗျူဟာ၏ အုတ်မြစ် အဖြစ် တရုတ်က ရှုမြင်ခြင်းကြောင့် မကြာသေးမီ လအနည်းငယ် အတွင်း ပီကင်း၏ မြန်မာ စစ်အစိုးရ အပေါ် ထောက်ခံမှုမှာ ပိုမို ခိုင်မာ လာခဲ့သည်။ မြန်မာ ယာယီ ၀န်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ကူမင်း၊ ပီကင်းနှင့် ရှန်ဟိုင်း မြို့များသို့ အလည်အပတ် သွားရောက်ခဲ့ခြင်းက အဆိုပါ ဆက်ဆံရေး သစ်ကို ညွှန်ပြ နေသည်။ နှစ်နိုင်ငံ စလုံးက အကျိုးတူ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တို့ကို ခိုင်မာအောင် လုပ်လို နေကြပြီး လူမှုရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ် များကိုလည်း တိုးတက်ဖွံ့ဖြိုး စေလိုကြသည်။
သို့သော် နိုင်ငံရေး မျက်နှာစာတွင်မူ အဖုအထစ် ကလေးများ ရှိနေဆဲ ဖြစ်သည်။ မယ်မယ်ရရ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တခု မြန်နိုင်သမျှ မြန်မြန် လုပ်ပြရန် ပီကင်းက ရန်ကုန်ကို တိတ်တဆိတ် တိုက်တွန်း ဖိအားပေး နေခဲ့သည်။
‘စစ်အစိုးရ ၀န်ကြီးချုပ် တရုတ်ပြည် အနောက်တောင်သို့ ရောက်ရှိနေတုန်း အမျိုးသား ညီလာခံကို ဇူလိုင်လလယ်မှာ ပြန်စမယ်လို့ စစ်ဗိုလ်ချုပ်ကြီးတွေက ကြေညာခဲ့တာဟာ သာမန် တိုက်ဆိုင်မှု မဟုတ်ပါဘူး’ ဟု ထိုင်းအခြေစိုက် မြန်မာ့အရေး ခွဲခြမ်း စိတ်ဖြာ သုံးသပ်သူ ဦးဝင်းမင်းက မဇ္ဈိမကို ပြောပြခဲ့သည်။
ဒီနှစ်ကုန်လောက်မှာ အမျိုးသား ညီလာခံကနေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တရပ်ကို ရေးဆွဲပြီးသား ဖြစ်နေမှာပါ ဟုလည်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေက ရန်ကုန်သို့ ယခု နှစ်ဆန်းပိုင်းက လာရောက် လည်ပတ်ခဲ့သော အဆင့်မြင့် တရုတ် သံတမန် တဦးကို ပြောကြားခဲ့သည်။ လမ်းပြမြေပုံ အတိုင်း ရှေ့တလှမ်း ဆက်တက်ရန် ရုတ်တရက် ဆုံးဖြတ် လိုက်ခြင်းသည် တရုတ်ကို အချက်ပြလိုက်ခြင်း ဖြစ်ပုံရသည်။ မြန်မာအစိုးရ၏ အဆင့်မြင့် အရာရှိကြီးများ သတင်းရပ်ကွက် အဆိုအရ အမျိုးသား ညီလာခံကို ကြီးကြပ် ကွပ်ကဲနေသော အဓိကပုဂ္ဂိုလ် တဦးလည်း ဖြစ်သည့် ဗိုလ် သိန်းစိန်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ တရုတ် အစိုးရ အဆင့်မြင့် ခေါင်းဆောင်များကို အသိပေး ရှင်းလင်း ပြောကြား လိမ့်မည်ဟု မျှော်လင့် ရကြောင်းလည်း ကြားသိရသည်။
ထို့ပြင် ဗိုလ်သန်းရွှေ စီစဉ် ပြင်ဆင်ထားသည့် စစ်တိုင်းမှူးများကို အကြီးအကျယ် အပြောင်းအလဲ ပြုလုပ်မည့် အစီအစဉ်နှင့် ၀န်ကြီး အဖွဲ့အတွင်း အလားတူ အကြီးအကျယ် ပြောင်းလဲမည့် အစီအစဉ် များကိုလည်း ပြောပြကောင်း ပြောပြနိုင်သည် ဟု အဆိုပါ သတင်းရပ်ကွက် ကပင် မဇ္ဈိမကို ပြောကြားခဲ့သည်။
‘အရေးပါတဲ့ အပြောင်းအလဲတွေ ပြုလုပ်တဲ့ အခါတိုင်း တရုတ်ကို ကြိုတင် အသိပေး ခဲ့တာချည်း ပါပဲ။ ၀န်ကြီးချုပ် ဟောင်းနဲ့ ထောက်လှမ်းရေး အကြီးအကဲဟောင်း ခင်ညွန့်ကို ဖမ်းဆီးတုန်းကသာ ခြွင်းချက် အနေနဲ့ အခုလို ကြိုတင် အသိမပေး ခဲ့တာပါ’ ဟု ဦးဝင်းမင်းက ပြောပြသည်။
ဗိုလ်ခင်ညွှန့် တယောက် နအဖ စစ်အစိုးရ အဖွဲ့အတွင်း ပီကင်း၏ အဓိက ပုဂ္ဂိုလ် ဖြစ်နေစဉ်က သူ့ကို မြန်မာပြည်၏ တိန်ရှောက်ပင် ဟု မကြာခဏ ရည်ညွှန်း ပြောကြားကြသည်။ ဤအချက်ကို ဗိုလ်သန်းရွှေ ကလည်း စိတ်ဆိုးသည်။ ယခုတော့ တရုတ်သည် စစ်အစိုးရ အဖွဲ့အတွင်း သူ့ အဆက်အသွယ်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်အောင် ပြုလုပ်ထားပြီ ဖြစ်သည်။ ထိပ်တန်း ဗိုလ်ချုပ်ကြီး ၃ ဦး ဖြစ်သော ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ သူရရွှေမန်းနှင့် တရင်းတနှီး နီးကပ်စွာ အဆက်အသွယ်များကို ထူထောင်ပြီးသား ဖြစ်သည်။
ဗိုလ်မောင်အေးက ဗိုလ်ချုပ်မှူးကြီး အရိုက်အရာကို ဆက်ခံမည့် အရေး တရုတ်က နှစ်ပေါင်းများစွာ ကြောက်ရွံ့ ထိတ်လန့် နေခဲ့သည်။ တရုတ်တို့က သူ့ကို အိန္ဒိယ လိုလားသူ၊ နှိုင်းယှဉ်ချက် အရ တရုတ် ဆန့်ကျင်ရေး ရှိသူ ဟု ထင်မြင် ယူဆ နေခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ယမန်နှစ် နှစ်လယ်တွင် ဗိုလ်မောင်အေး တယောက် ကူမင်းနှင့် ပီကင်း ကို တိတ်တဆိတ် သွားရောက် လည်ပတ်ခဲ့ ပြီးနောက် ထို သဘောထားမှာ ပြောင်းလဲ သွားခဲ့သည်။ ထိုအချိန်က ဗိုလ်မောင်အေးကို တရုတ် တပ်မှူးများက ဧည့်ခံခဲ့ပြီး နားလည်မှု ရသွားခဲ့သည် ဟု ပီကင်းရှိ တရုတ်အစိုးရ အကြီးတန်း အရာရှိ သတင်းရပ်ကွက် အဆိုအရ သိရသည်။
‘စစ်သားဆိုတာ တယောက်နဲ့ တယောက် နားလည်ပြီးသားပဲ။ ဘာသာစကား တူတယ်လေ’ ဟု အဆိုပါ တရုတ်သတင်း ရပ်ကွက်က မဇ္ဈိမကို ပြောကြားခဲ့သည်။
‘သူတို့ အတူတူ ထိုင်ပြီး ဟာသတွေပြော၊ အရက်ပြင်းတွေသောက်၊ အတူတူ မူးကြတာပဲလေ’။
ပီကင်းမှ တရုတ်ပါတီ အကြီးတန်း ကိုယ်စားလှယ်များက တိုင်းရင်းသား ခေါင်းဆောင်များကို မကြာသေးမီက ကူမင်းမြို့၌ တွေ့ဆုံရာတွင် သူတို့ အနေနှင့် ဗိုလ်မောင်အေးနှင့် ပတ်သက်၍ ပြဿနာ တစုံတရာ မရှိကြောင်း ပြောကြား ခဲ့သည်။
ပီကင်းက ရန်ကုန် အစိုးရကို မျက်စိမှိတ် ထောက်ခံ နေခြင်းကို မြန်မာ တက်ကြွ လှုပ်ရှားသူ အများအပြားက ကြာမြင့်စွာကပင် စိုးရိမ်ပူပန် နေခဲ့ကြသည်။ အထူးသဖြင့် အတိတ် ကာလတွင် ဤကိစ္စမှာ ပြဿနာကြီး တရပ် မဟုတ်ခဲ့ပေ။ တရုတ် ခေါင်းဆောင်များ အစဉ်တစိုက် စိုးရိမ်ပူပန် နေခဲ့သည်မှာ မြန်မာ စစ်အစိုးရ၏ တရားဝင်မှု ကင်းမဲ့ခြင်း ဖြစ်သည်။ နေ့ချင်းညချင်း ပြိုလဲပျက်စီး သွားနိုင်သည်။ ဤသို့ဆိုလျှင် ပီကင်းမှာ အာဏာမဲ့ ဖြစ်သွားမည်၊ သူ့ စစ်ရေးနှင့် စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု များမှာလည်း သဲထဲရေသွန် ဖြစ်သွားလိမ့်မည်ဟု နိုင်ငံခြားရေးရာ ပြဿနာများကို ကိုင်တွယ် နေရသည့် တရုတ် အကြီးတန်းပါတီ ကေဒါ တဦးက ပြောခဲ့သည်။
တရုတ်က အကြောက်ဆုံးမှာ မြန်မာပြည်၏ အလွန်အမင်း မတည်မငြိမ် ဖြစ်မှုပင် ဖြစ်သည်။ အထူးသဖြင့် တောင်ပိုင်း နယ်စပ် တလျှောက် လုံခြုံရေး အန္တရာယ် ပေါ်ပေါက်လာမှာကို ဖြစ်သည်။ လွန်ခဲ့သော ၁၀ နှစ်အတွင်း တရုတ် လယ်သမား၊ အလုပ်သမားနှင့် စီးပွားရေး သမား တသန်းကျော် မြန်မာပြည်ထဲသို့ ၀င်ရောက် သွားခဲ့ပြီး ယခုအထိ နေထိုင်၍ အလုပ် လုပ်ကိုင်နေဆဲ ဖြစ်သည်။ မြန်မာပြည်တွင် အုံကြွ ပေါက်ကွဲမှု ဖြစ်ပေါ်လာလျှင် တရုတ်များ အလုံးအရင်းနှင့် နယ်စပ်ကို ဖြတ်ကျော်၍ ပြန်ဝင်လာမှာကို တရုတ် အာဏာပိုင်များက ထိတ်လန့် နေသည်။ ဤသို့ဖြစ်လျှင် အကဲဆတ်သော နယ်စပ်ဒေသများတွင် လူမှုရေးနှင့် စက်မှုဆိုင်ရာ မငြိမ်မသက်မှုများ တိုးပွား ဖြစ်ပေါ်လာမှာကို စိုးရိမ်သည်။
တရုတ်က နောက်ထပ် စိုးရိမ်သည့် ကိစ္စမှာ မြန်မာပြည်၏ စီးပွားရေး ဖြစ်သည်။ အထူးသဖြင့် ယူနန် နယ်စပ်ရှိ တရုတ် စီးပွားရေး သမားများ အတွက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပွင့်လင်းလာရမည့် အစား တဖြေးဖြေး သေးကျုံ့ သွားနေခြင်း ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုခန့်က ဆိုလျှင် သူတို့၏ နှိုင်းယှဉ်ချက် အရ ခေတ်နောက်ကျသော အနောက်တောင် ပြည်နယ်များသည် တရုတ်နိုင်ငံ တောင်ပိုင်း အိမ်နီးချင်း နိုင်ငံများ အထူးသဖြင့် မြန်မာပြည်နှင့် နှစ်နိုင်ငံ အကျိုးတူ ကုန်သွယ်ရေးကို တိုးချဲ့ရန် အားကိုးအားထား ပြုနိုင်လိမ့်မည်ဟု တရုတ် ခေါင်းဆောင်များနှင့် စီးပွားရေး ပညာရှင်များက ရှုမြင် ခဲ့ကြသည်။ ယခုထိတော့ မြန်မာပြည်သည် အစောပိုင်းက ပေးခဲ့သည့် ကတိများကို ဖြည့်ဆည်းနိုင်ခြင်း မရှိသေးပေ။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တရုတ် စီးပွားရေး သမားများနှင့် အစိုးရ စီးပွားရေး လုပ်ငန်းများသည် မြန်မာပြည်တွင်းရှိ သူတို့၏ ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်ခဲ့သည်။ ယခုအခါ လားရှိုး၊ မန္တလေးနှင့် မူဆယ်တို့သည် တရုတ်မြို့ကြီးများ ဖြစ်နေကြပြီ။ ရန်ကုန်မြို့တွင်ပင် လွန်ခဲ့သော ၂ နှစ်အတွင်း တရုတ် စီးပွားရေး လုပ်ငန်းများ အကြီးအကျယ် တိုးချဲ့နိုင်ခဲ့သည်။ ရန်ကုန် ဆိပ်ကမ်းအနီး အကောက်ခွန်မဲ့ ပို့ကုန်ဇုံ တခု တည်ဆောက်ရာတွင်လည်း ပါဝင် ဆောင်ရွက် ခဲ့ကြသည်။
‘ရန်ကုန်မှာ တရုတ် စားသောက်ဆိုင်တွေ တိုးလာတယ်။ အဲဒီဆိုင်တွေက အစားအစာတွေ ကလည်း ဘန်ကောက်မှာထက် အများကြီး သာတယ်’ ဟု ထိုင်း-တရုတ် စီးပွားရေး သမားတဦးက မဇ္ဈိမကို ပြောပြခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က စီးပွားရေး မကောင်းချိန်တွင် တရုတ် အလုပ်သမားများနှင့် စီးပွားရေး သမားများ ရန်ကုန်မှ ပြန်လည် ထွက်ခွါ သွားခဲ့ကြသည်ဟု ရန်ကုန်တွင် လူသိအများဆုံး တရုတ် စားသောက်ဆိုင် ပိုင်ရှင်တဦးက ဆိုသည်။ ‘လာစားတဲ့လူ အများစုက ပြည်မကြီးက တရုတ်တွေဗျ၊ သူတို့တွေ တဖြေးဖြေးချင်း

ဦးကျော်ငြိမ်း နှင့် ဗိုလ်ချုပ်နေ၀င်း


ဘိုဘိုကျော်ငြိမ်း
ဇွန်လ ၆ ရက်၊ ၂၀၀၇ ခုနှစ်။


လူတွေအသိများတာက ဗမာ့ တပ်မတော်ဆိုရင် ရဲဘော် သုံးကျိပ်ကိုပဲ အစပြု ခဲ့ကြပါတယ်။ ရဲဘော်သုံးကျိပ်ကို စေလွှတ်တဲ့ မြောက်အောက် (UG) အဖွဲ့ကို ကောင်းကောင်း မသိကြဘူး။ မြေအောက် (UG) အဖွဲ့ကို ယူနစ် (Unit) (ယခုခေတ် အခေါ် ဆဲလ် cell) ပုံစံနဲ့ ဖွဲ့စည်း ခဲ့ကြပါတယ်။ အထက် ဗမာပြည်နဲ့ အောက် ဗမာပြည် အနှံ့ ယူနစ် အဖွဲ့တွေနဲ့ တိကျတဲ့ ခေါင်းဆောင်ပိုင်းကို ထူထောင် နိုင်ခဲ့ပါတယ်။ ဒီအဖွဲ့ကို တက� သိုလ်က လူငယ်သမဂ္ဂ ခေါင်းဆောင်တွေ၊ နိုင်ငံရေး တက်ကြွသူတွေ၊ ဒို့ဗမာ အစည်းအရုံး ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်း ထားခြင်း ဖြစ်ပါတယ်။ အကြောင်း အမျိုးမျိုးကြောင့် ရန်ကုန် ဌာနချုပ်မှာ သမဂ္ဂ ခေါင်းဆောင် ကိုကျော်ငြိမ်းနဲ့ ဆရာချစ် (သခင်ချစ်) တို့က ဦးဆောင် နေပါတယ်။ ရဲဘော်သုံးကျိပ် ဗမာပြည်ထဲ ပြန်မ၀င်ခင် ပြည်တွင်း လှုပ်ရှားမှုတွေ ကြိုတင် ပြင်ဆင်နိုင်ဖို့ ဗိုလ်နေ၀င်းနဲ့ ၅ ဦးအဖွဲ့ဟာ ဗမာပြည်ထဲကို တိတ်တဆိတ် ၀င်ရောက် ခဲ့ကြပါတယ်။

တခြားသူများကို ပျဉ်းမနား၊ ပဲခူးနဲ့ ပြည်ကို စေလွှတ်ပြီး ဗိုလ်နေ၀င်းဟာ ယူဂျီ ခေါင်းဆောင်တွေ ရှိရာ ရန်ကုန်ကို လျှို့ဝှက်စွာ ရောက်ရှိ လာပါတယ်။ ယူဂျီအဖွဲ့ကို ပြည်သူ့ အရေးတော်ပုံ ပါတီ People Revolution Party – PRP (PRP) လို့ နားလည် ကြပါတယ်။ ဗိုလ်နေ၀င်းက ယူဂျီ (UG) ခေါင်းဆောင် ကိုကျော်ငြိမ်းဆီ ရောက်လာတာကြောင့် ကိုကျော်ငြိမ်းက ဗိုလ်နေ၀င်းကို စက်ဘီးပေါ် တင်ပြီး မနိုင့်တနိုင်နဲ့ နင်းရင်း ယူဂျီ ဌာနချုပ်ဆီ ခေါ်ကာ ယူဂျီ ခေါင်းဆောင်တွေနဲ့ မိတ်ဆက် ပေးခဲ့ပါတယ်။ ဆေးကျောင်းသား ကိုမောင်မောင်ကတော့ ခိုးယူလာတဲ့ စစ်သင်တန်း စာသင်စာစောင် Training Manual ကို ဖတ်ပြီး လက်နက်ငယ်နဲ့ ပြောက်ကျား စစ်နည်းနာတွေကို သင်ကြား ပေးနေပါတယ်။ ကိုအောင်ကြီးက အင်္ဂလိပ် စစ်တပ်ရဲ့ စစ်ဌာနချူပ်မှာ စာရေး အဖြစ် ဆောင်ရွက် နေရာကနေ ယူဂျီ ခေါင်းဆောင်တွေ အတွက် စစ်သတင်းတွေကို လျှို့ဝှက် ထောက်လှမ်းနေသူ ဖြစ်ပါတယ်။ ဂျပန်ပြန် ဗိုလ်နေ၀င်းဟာ BIA တပ်တွေ စစ်ချီလာတဲ့ အထိ ယူဂျီ အဖွဲ့ဝင်တွေကို လက်နက်ငယ် သင်တန်းပေးရင်း လျှို့ဝှက် လှုပ်ရှား ခဲ့ပါတယ်။

BIA တပ်မှာ ဗိုလ်ချုပ် အောင်ဆန်းဟာ စစ်သေနာပတိချုပ် အဖြစ် ဆောင်ရွက်ပြီး တပ်မ (Division) နှစ်ခု ဖွဲ့စည်းခဲ့ရာ ဗိုလ်ဇေယျက ကာဂါကော (Kaga Corps) ကို ဦးစီးပြီး၊ ဗိုလ်နေ၀င်းက တာဂါစုဂီ ကော (Takasugi Corps) ကို ဦးစီး ခဲ့ပါတယ်။ BDA ဟာ ၇ လသာ ခံပြီး လူ ၂၃၀၀၀ အင်အားကနေ BDA ကို ဖွဲ့စည်းတဲ့အခါ လူ ၃၀၀၀ အထိပဲ ကျန်အောင် လျှော့ချ ခဲ့ရပါတယ်။ ပျဉ်းမနားမှာ အခြေပြုတဲ့ BDA ကို ပြန်လည် ဖွဲ့စည်းတဲ့ အခါ ရဲဘော်သုံးကျိပ် ၀င်တွေမှာ သေသူ သေနဲ့ သုံးကျိပ် မဟုတ်တော့ပါ။ BDA ကို ဖွဲ့စည်းစဉ်က တပ်ရင်း ၃ ရင်းနဲ့ စဖွဲ့ခဲ့ပါတယ်။ ပျဉ်းမနားမှာ သင်တန်း ပေးပြီးတဲ့အခါ ရွှေတောင် တိုက်ပွဲမှာ နာမည်ကြီးခဲ့တဲ့ ဗိုလ်ရန်နိုင်က တပ်ရင်း (၂) ကို ဦးစီးပြီး ရန်ကုန်မှာ တပ်စွဲ ပါတယ်။ ဗိုလ်နေ၀င်းက တပ်ရင်း (၁) ကို ဦးစီးပြီး ရခိုင်မှာ တပ်စွဲ ခဲ့ပါတယ်။ တပ်ရင်း (၃) ကို ပျဉ်းမနားမှာ တပ်စွဲ ခဲ့ပါတယ်။ အပတ်စဉ် ဗိုလ်သင်တန်းကျောင်း (Shikan Gakko) ကို မင်္ဂလာဒုံမှာ ဖွင့်ခဲ့ပါတယ်။ မင်္ဂလာဒုံ ကျောင်းကနေ အရွေးခံရသူ ဗိုလ်(၃၀) ကို ဂျပန် အင်ပါယာ စစ်သင်တန်းကျောင်း (တိုကျို) ဆီ ပို့ခဲ့ပါတယ်။

ဗမာနိုင်ငံအတွက် ဂျပန်က လွတ်လပ်ရေး ကြေညာတဲ့အခါ ဒေါက်တာဘမော်က အဓိပတိ (၀န်ကြီးချုပ်) ဖြစ်ပြီး၊ သခင်မြက ဒုဝန်ကြီးချုပ်၊ ဗိုလ်ချုပ် အောင်ဆန်းက စစ်ဝန်ကြီး၊ သခင် သန်းထွန်းက စိုက်ပျိုးရေး ၀န်ကြီး၊ ဦးကျော်ငြိမ်းက ကက်ဘိနက် အတွင်းဝန် (နိုင်ငံရေး) (Cabinet Secretary - Political) ဖြစ်လာပါတယ်။ စစ်တပ်မှာ ဗိုလ်မှူးကြီး စင်္ကြာက ဒုစစ်ဝန်ကြီး၊ ဗိုလ်မှူးကြီး လက်ျာက စစ်ဖက်ဆိုင်ရာ ဗျူရို အကြီးအကဲ (Chief of Military Bureau)၊ ဗိုလ်မှူးရန်နိုင်က အဓိပတိရဲ့ တောင်းဆိုချက် အရ အဓိပတိရဲ့ စစ်ရေး လက်ထောက်၊ ဒုဗိုလ်မှူးကြီး ဇေယျက ဗိုလ်သင်တန်း ကျောင်းအုပ်၊ ဗိုလ်မှူးကြီး နေ၀င်းက စစ်ဦးစီးချုပ် ဖြစ်လာပါတယ်။

ဒီအခြေအနေမှာ အင်္ဂလိပ်ခေတ် ယူဂျီအဖွဲ့က ယူဂျီ ခေါင်းဆောင်တွေဟာ BIA/BDA ကို ၀င်ရောက်လာပြီး စစ်တပ် အတွင်း ယူဂျီ ဖွဲ့စည်းမှုကို ရည်ညွှန်းပြီး Unit အဖွဲ့လို့ သိကြပါတယ်။ သူတို့အဖွဲ့မှာ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ခင်မောင်ကလေး၊ ဗိုလ်ကြည်ဝင်း၊ ဗိုလ်သိမ်းမောင်တို့ဟာ ရှေ့တန်းက ပါဝင်သူတွေ ဖြစ်ပါတယ်။ ယူဂျီဘ၀က ရင်းနှီးခဲ့ကြတဲ့ ဗိုလ်နေ၀င်းကို အားထား ခဲ့ကြပါတယ်။ ရဲဘော် သုံးကျိပ်ကို လွှတ်တဲ့အခါ သင်္ဘောရောက်တဲ့ အချိန်မှာ လူရှာတင်ရတာနဲ့ ဌာနချုပ်ကို သူ့နေရာမှာ ဖွင့်ခဲ့ရတာကို အကြောင်းပြုပြီး ယူဂျီ ခေါင်းဆောင် ဆရာချစ် (သခင်ချစ်) ဟာ သူနဲ့ နီးစပ်သူတွေကို ဆွဲထည့်ခဲ့ရာ ရဲဘော် သုံးကျိပ်ဝင်တွေထဲမှာ ပညာတတ် လူငယ်တွေ ပါသင့် သလောက် မပါခဲ့ပါ။

ဂျပန်ကနေ လွတ်လပ်ရေး ကြေငြာပြီး မကြာခင်မှာ ဂျပန်ပြန် ရဲဘော် သုံးကျိပ်ဝင် တွေနဲ့ ဗိုလ်ချုပ် အောင်ဆန်းတို့ တွေ့ဆုံ ကြပါတယ်။ တချို့က ဗိုလ်ကြီးဘ၀နဲ့ ရာထူး မတိုးသေးတာကြောင့် တိုင်တန်း ကြပါတယ်။ ဒီအထဲမှာ ဗိုလ်နေ၀င်းက ဂျပန်ပြန်တွေကို ပြန်လည် သင်တန်း ပေးသင့်တယ် (အထူးသဖြင့် ပညာရေး) ဆိုတဲ့ အဆိုကို တင်သွင်းခဲ့ရာမှာ အောင်မြင် ခဲ့ပါတယ်။ (မှတ်ချက် ဗိုလ်ချုပ် မောင်မောင်ရဲ့ Burma Nationalists Movements စာမျက်နှာ ၈၅)။ ဒီ့အတွက် ဂျပန်ပြန်တွေက စစ်တပ် ကွပ်ကဲမှုကို စွန့်လွှတ်ပြီး တပ်မှူးတွေဟာ ယူဂျီကလာတဲ့ BIA ခေတ်၊ BDA ပျဉ်းမနားမှာ သင်တန်း အောင်မြင်ခဲ့တဲ့ တပ်မှူးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ဗိုလ်ရဲထွဋ်ကလွဲပြီး တပ်တွင်းမှာ ကျန်နေတဲ့ ဂျပန်ပြန် စစ်ဗိုလ်တွေဟာ ဗိုလ်မှူး ကျော်ဇော အုပ်ချုပ်တဲ့ စံပြ တပ်ရင်းမှာ စုရုံး ရောက်ရှိ နေပါတယ်။ အခြေခံ စစ်သင်တန်း မပြီးရသေးတဲ့ ယူဂျီ က စစ်ဗိုလ် တချို့လည်း ပြန်လည် သင်တန်းပေးဖို့ ရောက်နေပါတယ်။ စစ်ဦးစီးချုပ် ဗိုလ်နေ၀င်းက နှစ်ခုစလုံးကို ကွပ်ကဲနိုင်ဖို့ ပဲခူး စံပြ ကျောင်းဘေးကို ပြောင်းရွှေ့ ခဲ့တာကြောင့် အခွင့်အလမ်း သာခဲ့ပါတယ်။

တပ်ရင်း အုပ်ချုပ်မှုကို လက်လွှတ်ခဲ့ရတဲ့ ဂျပန်ပြန်တွေက ဗိုလ်လက်ျာက တဆင့် ဗိုလ်ချုပ် အောင်ဆန်းကို စစ်တပ် တခုလုံးကို ဗိုလ်နေ၀င်းနဲ့ သူ့အရွေးချယ်ခံ စစ်ဗိုလ်တွေ လက်ထဲမှာ ထားရှိခြင်းဟာ အန္တရာယ် ရှိတာကို သတိပေးခဲ့ရာ ဗိုလ်ချုပ် အောင်ဆန်းက စစ်ဆင်ရေး (Operation) အတွက် စစ်သေနာပတိချုပ် (Commander in Chief) မထားတော့ဘဲ စစ်ဦးစီးချုပ် (Chief of Staff) ကိုပဲ စစ်ဝန်ကြီးအောက်မှာ တိုက်ရိုက် ခန့်ထားခဲ့ပါတယ်။ ဗိုလ်မှူးကြီး နေ၀င်းဟာ ဌာနချုပ် စစ်ဦးစီးချုပ် အဖြစ် ရန်ကုန်ကို ရွှေ့ခဲ့ရပါတယ်။

နိုင်ငံရေး နယ်ပယ်မှာ ကွန်မြူနစ်တွေက အားကောင်း နေပါတယ်။ အဲဒီအချိန်က ကွန်မြူနစ်တို့ရဲ့ အရှင်သခင်၊ ဆရာကြီး တဆူဖြစ်တဲ့ သခင်စိုးက ပြောက်ကျား စနစ်ကို အားသန်လျက် ရှိရာ ယူဂျီမှ ယူနစ်တွေကို စည်းရုံး လိုတာကြောင့် လက်ဝဲ ညီညွတ်ရေး စကား ပြောလာပါတယ်။ “တဦးချင်း စိစစ်ပြီး ၀င်ခွင့်ပြုမယ်။ ကိုကျော်ငြိမ်း ခင်ဗျားကတော့ နိုင်ငံရေးက အနားယူတော့” လို့ ကွန်မြူနစ်တွေက ဆိုလာပါတယ်။ အဲဒီ အခါကျမှ ဦးကျော်ငြိမ်းဟာ ဦးဘဆွေနဲ့ အတူတွဲပြီး UG ခေါင်းဆောင်တွေနဲ့ ဆိုရှယ်လစ် ပါတီကို ထောင်ခဲ့ရပါတယ်။ ဒါကြောင့် PRP/BRP ပြည်သူ့ အရေးတော်ပုံ ပါတီဟာ နောင်မှာ ဆိုရှယ်လစ် ပါတီ ဖြစ်လာတယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။ ဆိုရှယ်လစ်ပါတီ ထောင်ရာမှာ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ ပါဝင်ကြတာ အပြင် သခင်မြက ဥက� ဌ၊ ဦးဘဆွေက အထွေထွေ အတွင်းရေးမှူး ဖြစ်လာပါတယ်။ ဆိုရှယ်လစ် ပါတီဟာ ၁၉၄၆ ခုနှစ်ကျမှ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဖဆပလ ရဲ့ ရှေ့ဦး ဖတပလ (Anti Fascist Organization - AFO) ဖွဲ့ကြတော့ စစ်တပ်၊ ကွန်မြူနစ်နဲ့ ပြည်သူ့ အရေးတော်ပုံ ခေါင်းဆောင်တွေနဲ့ ဖွဲ့ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဂျပန် တော်လှန်ရေး (တိုင်း) တွေ ခွဲတော့လည်း ဒီ ခေါင်းဆောင်တွေပဲ ဦးစီးခဲ့ကြခြင်း ဖြစ်ပါတယ်။ တိုင်း (၆) မှာ ဦးကျော်ငြိမ်း (ဆိုရှယ်လစ်) က နိုင်ငံရေး တာဝန်ခံ၊ ဗိုလ်ရဲထွဋ် (ကွန်မြူနစ်) က စစ်ရေး တာဝန်ခံ အဖြစ် တာဝန်ပေးခြင်း ခံရပါတယ်။

နိုင်ငံရေးနယ်ပယ်မှာ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေ အားပြိုင်မှုဟာ စစ်တပ် အတွင်းကိုလည်း သက်ရောက်လာတဲ့ အတွက် ဗိုလ်ချုပ် အောင်ဆန်းက ဦးကျော်ငြိမ်းနဲ့ ဗိုလ်နေ၀င်းကို ခေါ်ပြီး၊ သခင်စိုးနဲ့ စေ့စပ်ဖြေရှင်းဖို့ စေလွှတ်ခဲ့ပါတယ်။ “ခင်ဗျားတို့ ဖြေရှင်းနိုင်ရင် ကျန်သူတွေ ကျုပ် တာဝန်ယူမယ်” လို့ ဆိုခဲ့ပါတယ်။ သခင်စိုးက စစ်တပ် ကိုင်ထားတဲ့ ဗိုလ်နေ၀င်းကို အရေးပေး စည်းရုံးခဲ့ပါတယ်။ (ဦးကျော်ငြိမ်း၏ ကိုယ်ပိုင်မှတ်တမ်း)

ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်ခေတ် ပြန်အ၀င် ဖဆပလကြီး ကြီးထွားချိန်၊ ဖဆပလ မှာ ကွန်မြူနစ်တွေက အားသာ နေပါတယ်။ သခင် သန်းထွန်းက အထွေထွေ အတွင်းရေးမှူး အဖြစ် ဆောင်ရွက် နေပါတယ်။ သခင် သိန်းဖေမြင့်၊ သခင် ဗဟိန်း၊ သခင် ချစ်တို့က အားဖြည့် ကျားကန် ပေးထားပါတယ်။ နိုင်ငံရေး အကွက် ချောင်းနေတဲ့ ကွန်မြူနစ်တွေက ဗိုလ်ချုပ် အောင်ဆန်းကို တပ်ထဲမှာ နေစေချင် ပါတယ်။ (Mary P Callahan &JŒ Making Enemies) ဂန္ဒီ အစည်းအဝေး အပြီးမှာ မောင့်ဘက်တန်က ဗိုလ်ချုပ် အောင်ဆန်းကို နိုင်ငံရေး ခေါင်းဆောင် လုပ်မှာလား။ စစ် နိုင်ငံရေး ခေါင်းဆောင် လုပ်မှာလား။ စဉ်းစားပါလို့ မေးလာပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းက နိုင်ငံရေး ခေါင်းဆောင် အဖြစ် လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ပြီး စစ်တပ်ကို ဗိုလ်လက်ျာနဲ့ လွှဲခဲ့ပါတယ်။ ဗိုလ်နေ၀င်း ကတော့ ပြောင်းပြန်။ စစ်တပ်ကို အားယူဖို့ ဖဆပလ ကရော၊ ဆိုရှယ်လစ် ပါတီကပါ နှုတ်ထွက် ခဲ့ပါတယ်။ ဗိုလ်စင်္ကြာဟာ ဂျပန်ခေတ်က အင်္ဂလိပ်တပ် Force136 မှ ဗိုလ်ကြီး စီဂရမ်နဲ့ ဆက်သွယ်မှုကြောင့် ဂျပန် ကင်ပေတိုင်က ဖမ်းမလို့ လုပ်ရာ စစ်အတွင်းက ဂျပန် နိုင်ငံကို စစ်သံမှူး အဖြစ် ပို့ခဲ့ရပြီး စစ်တပ်ထဲမှာ ဗိုလ်ဇေယျ (ကွန်မြူနစ်) နဲ့ ဗိုလ်နေ၀င်း (ဆိုရှယ်လစ်) တို့ အပြိုင် ဖြစ်လာပါတယ်။

ရဲဘော်သုံးကျိပ် ဂျပန် ပြန်ဝင်လာပြီး စတင် ထူထောင်ခဲ့တဲ့ ဗမာ့ တပ်မတော်ဟာ ဘီအိုင်အေ (BIA)၊ ဘီဒီအေ (BDA) နဲ့ နောက်ဆုံး ဂျပန် တော်လှန်ရေးမှာ ဘီအန်အေ (BNA) အဖြစ် ရပ်တည် နေပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းနဲ့ စစ် ခေါင်းဆောင်တွေ အတွက် စစ်တပ် မပြိုမကွဲ တည်ရှိရေးဟာ အရေးကြီး နေပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်တဲ့ ဗမာ အဖွဲ့နဲ့ အင်္ဂလိပ် ရေတပ် ဗိုလ်ချုပ် မောင့်ဘက်တန် (Admiral Mountbatten) ဦးဆောင်တဲ့ အဖွဲ့၊ သီရိလင်္ကာ နိုင်ငံ (ဂန္ဒီ) မြို့မှာ တွေ့ဆုံ ဆွေးနွေး သဘောတူ လက်မှတ်ထိုး ခဲ့ရာမှာ (ဂန္ဒီစာချုပ်) Kandy Agreement လို့ အမည်တွင် ခဲ့ပါတယ်။ ဂန္ဒီ စာချုပ်အရ ဗမာ တပ်မတော်ကို နှစ်ပိုင်းခွဲ ဖွဲ့စည်းဖို့ သဘောတူ ခဲ့ကြပါတယ်။ ဗမာ ဦးစီးတဲ့ စစ်တပ်နဲ့ ဗမာ မဟုတ်သူတွေ ဦးစီးတဲ့ စစ်တပ် Two-wing Solution လို့ တချို့က နားလည် ကြပါတယ်။ BNA ဟာ PBF (Patriotic Burmese Forces) ဖြစ်လာပြီး AFO ဟာ ဖဆပလ (AFPFL) ဖြစ်လာပါတယ်။

ဂန္ဒီစာချုပ် အရ အင်္ဂလိပ် ဖွဲ့စည်းပေးတဲ့ စစ်တပ်မှာ လူအင်အား ၁၂၀၀၀ အနက် ၅၂၀၀ ဟာ PBF က ဖြစ်ရမယ်။ ဒီတပ်ဖွဲ့ အတွင်း ဗမာတပ်ရင်း ၃ ရင်း (PBF မှ ရွေးချယ်ရမည်)၊ ဗမာတပ်ရင်း ၁ ရင်း (PBF မဟုတ်သူများမှ ရွေးချယ် ရမည်)၊ ကရင် တပ်ရင်း ၂ ရင်း၊ ကချင် တပ်ရင်း ၂ ရင်း၊ ချင်း တပ်ရင်း ၂ ရင်း၊ အမြောက်နဲ့ သံချပ်ကာ တပ်ရင်း၊ ထောက်ပံ့ရေး တပ်ရင်းတွေ ဖြစ်ပါတယ်။

ဗမာ့တပ်ရင်းတွေကို Burma Rifles (Burifs) လို့ ခေါ်ပြီး တပ်ရင်း (၃) (၄) (၅) တွေကို ဗိုလ်ကျော်ဇော၊ ဗိုလ်နေ၀င်း၊ ဗိုလ်ဇေယျတို့ အတွက် လျာထားပါတယ်။

ဒါ့အပြင် BSM (British Service Mission) အဖွဲ့က ဗမာ တပ်မတော် အတွက် စစ်လက်နက် ပစ္စည်းတွေကို ရွေးချယ်ခွင့်နဲ့ သင်ကြားခွင့် (Training) ရပြီး ဗမာ့ စစ်ဗိုလ်တွေကို အင်္ဂလိပ် စစ်ဗိုလ်တွေနဲ့ တွဲထားပါတယ်။ PBF က စစ်ဗိုလ် ၆၀၀ လျှောက်ထားရာမှာ ၁၅၇ ယောက်ကိုသာ အရွေးခံ ရပါတယ်။

ဒီအခြေအနေမှာ စစ်တပ်ထဲမှာ တော်လှန်ရေး အုပ်စုနဲ့ အင်္ဂလိပ် လိုလားသူ အုပ်စု (Pro British) or (Rightist)၊ လက်ျာအုပ်စု ဆိုပြီး ကွဲပြား အားပြိုင်လျက် ရှိပါတယ်။ အရင်က အင်္ဂလိပ် စစ်တပ်က လာသူတွေ၊ ကရင်နဲ့ တိုင်းရင်းသား စစ်ဗိုလ်တွေကို (လက်ျာ) သမား များလို့ သံသယ ရှိကြပါတယ်။ သခင် လှဖေ (ဗိုလ်လက်ျာ) ဟာ ကျောင်းသား သမဂ္ဂကနေ လာပါတယ်။ ရဲဘော် သုံးကျိပ်ဝင် ဖြစ်ပြီး ကွန်မြူနစ်ဆဲလ် စထောင်ရာမှာ ပါဝင်ခဲ့သူ ဖြစ်သော်လည်း စစ်တပ် ထဲတွင်မူ လက်ျာသမား (Rightist) လို့ သတ်မှတ် ကြပါတယ်။ (မှတ်ချက် ။ Mary P Callahan making Enemies စာမျက်နှာ ၁၀၄)။ လွတ်လပ်ရေး ပေးရမှာကို သိတဲ့ အင်္ဂလိပ် စစ်ဗိုလ်ချုပ်တွေ ကလည်း ကရင် စစ်ဗိုလ်တွေကို ရာထူး တိုးပေးခဲ့ရာမှာ လွတ်လပ်ရေး မရမီ ဗမာ စစ်တပ်မှာ ကရင် စစ်ဗိုလ်တွေက ၈၀ ရာခိုင်နှုန်း အုပ်စီး မိထားပါတယ်။

လွတ်လပ်ရေးမရမီနဲ့ လွတ်လပ်ရေး ကြေညာပြီးစ အချိန်မှာ ဗမာ့ တပ်မတော်မှာ စစ်ဦးစီးချုပ် (Chief of Staff) ဗိုလ်ချုပ်စမစ်ဒွန်း (Smith Dun)၊ လေတပ် စစ်ဦးစီးချုပ် (Chief of Air Force) စောရှိရှို (Saw Shi Sho)၊ စစ်ဆင်ရေးမှူး (Chief of Operation) ဗိုလ်မှူးချုပ် စောကြာဒိုး (Saw Kyaw Doe)၊ စစ်ထောက်ချုပ် (Quarter Master General) ဗိုလ်မှူးချုပ် စောချစ်ခင် (Saw Chit Khin) တို့ ဖြစ်ကြပါတယ်။

ကျန်အထောက်အပံ့ တပ်တွေဖြစ်တဲ့ ဆက်သွယ်ရေး (Signal)၊ ပို့ဆောင်ရေး (Transport) စတဲ့ တပ်တွေမှာလည်း အင်္ဂလိပ်နဲ့ နီးတဲ့ တိုင်းရင်းသား စစ်ဗိုလ်တွေက ဦးစီး နေပါတယ်။ အင်္ဂလိပ်တို့က (ခွဲပြီး အုပ်ချုပ်ခြင်း) Divide & Rule ပေါ်လစီကို ဗြောင် ကျင့်သုံးနေခြင်း ဖြစ်ပါတယ်။ (စာမျက်နှာ 119/ Mary P Callahan making Enemies)

လွတ်လပ်ရေးပြီးစ ဇန်န၀ါရီလ ၃၁ ရက်၊ ၁၉၄၉ ခုနှစ်က ကျင်းပတဲ့ တပ်မှူး ညီလာခံကို တက်ရောက်လာတဲ့ တပ်မှူး (၃၃) ယောက်အနက် PBF က (၄) ယောက်သာ ပါပါတယ်။

တဖက်မှာလည်း ဆိုရှယ်လစ်နဲ့ ကွန်မြူနစ် တွေဟာ ဖဆပလ အဖွဲ့ကြီး အတွင်းမှာ အားပြိုင် နေကြပေမယ့်၊ စစ်တပ် အတွင်းမှာတော့ လက်ဝဲ-လက်ျာ အားပြိုင်ရာမှာ လက်ဝဲ ညီညွတ်ရေး အတွက် စည်းလုံး ခဲ့ကြပါတယ်။ စစ်တပ် အတွင်း လက်ျာ အုပ်စုတွေ အုပ်စီး ထားတာဟာ လက်ဝဲ အုပ်စုအတွက် အဓိက ပြဿနာ ဖြစ်ပါတယ်။ ဒီရန်ကို ကာကွယ်ဖို့ ၁၉၄၇ ခုနှစ် သြဂုတ်လထဲမှာ ဦးကျော်ငြိမ်း၊ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ခင်မောင်ကလေး (ဖဆပလ ပြည်ထဲရေး ၀န်ကြီးဟောင်း) တို့ ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်း အိမ်မှာ တွေ့ပြီး ပြည်စောင့်ရဲ (Union Military Police) ကို ပြည်ထဲရေး ဌာန အောက်မှာ ဖွဲ့စည်းဖို့ ဆုံးဖြတ် ကြပါတယ်။ (စာမျက်နှာ ၁၂၂၊ Mary P Callahan making Enemies)

ဒီလိုပါပဲ စစ်တပ် အထဲမှာလည်း လက်ဝဲ ညီညွတ်ရေး (Leftist Unity Group) ဆိုပြီး ဇွန်လ၊ ၁၉၄၈ ခုနှစ်မှာ ဖွဲ့စည်းပြီး လက်ျာ စစ်ဗိုလ်တွေ အသာရနေမှုကို ရင်ဆိုင် ခဲ့ကြပါတယ်။ သူတို့တွေကတော့ ဗိုလ်မှူးချုပ် နေ၀င်း (မြောက်ပိုင်း တိုင်းမှူး) ၊ ဗိုလ်မှူးကြီး ဇေယျ (စစ်ဦးစီးမှူး - GSO -1)၊ ဒုဗိုလ်မှူးကြီး ရဲထွဋ် (တပ်ရင်း ၃ တပ်မှူး)၊ ဒုဗိုလ်မှူးကြီး တင်မောင် (တပ်ရင်း ၆၊ စာရေးဆရာ မြတ်ထန်)၊ ဗိုလ်မှူး ချစ်မြိုင် (တပ်ရင်း ၃၊ ဒုတပ်မှူး)၊ ဗိုလ်မှူး ထွန်းစိန် (တပ်ရင်း ၅)၊ ဗိုလ်မှူး တင်ဦး (တပ်ရင်း ၆) တို့ ဖြစ်ပါတယ်။ (စာမျက်နှာ ၁၂၄ ။ Mary P Callahan making Enemies)

ဗမာပြည် လွတ်လပ်ရေး ရပြီးခါစ ကွန်မြူနစ်တွေ တောခို ပြီးချိန်တွင် ဖဆပလ အဖွဲ့ကြီးထဲမှာ ဆိုရှယ်လစ်တွေနဲ့ ပြည်သူ့ ရဲဘော်တွေက အားကောင်း နေပါတယ်။ ကွန်မြူနစ်တွေက မတ်လမှာ တောခို ပါတယ်။ ဒီအချိန်မှာ ကာကွယ်ရေး ၀န်ကြီး ဗိုလ်လက်ျာ၊ တပ်မတော် စစ်ဦးစီးချုပ် စမစ်ဒွန်း၊ ရဲဗိုလ်ချုပ် ဦးထွန်းလှအောင်၊ ပြည်ထဲရေး အတွင်းဝန် ဦးကာစီ တို့ ပါဝင်တဲ့ နိုင်ငံတော် လုံခြုံရေး ကောင်စီ ၀င်တွေက ဆိုရှယ်လစ်နဲ့ ပြည်သူ့ ရဲဘော်တွေ မပါဝင်တဲ့ အိမ်စောင့် အစိုးရ ဖွဲ့ပေးဖို့ ၀န်ကြီးချုပ် ဦးနုကို တောင်းဆို လာကြပါတယ်။ မိတ္ထီလာမှာ တပ်မှူးကြီးတွေ ညီလာခံနဲ့ ပုလိပ် အရာရှိကြီးတွေ ညီလာခံ ကျင်းပပြီး သူတို့ရဲ့ သဘောထားကို တင်ပြ ဆွေးနွေး ကြပါတယ်။

နယ်ချဲ့အင်္ဂလိပ်က လက်ျာယိမ်းတဲ့ အရာရှိကြီးတွေကို မြှောက်ပေးနေတော့ အန္တရာယ် ရှိတယ် ဆိုပြီး (လက်ဝဲ ညီညွတ်ရေး ကောင်စီ) ကို ဖွဲ့ကြပြန် ပါတယ်။ ဒီကောင်စီမှာ ဗိုလ်နေ၀င်းက ဥက� ဌ၊ သခင် သိန်းဖေက အတွင်းရေးမှူး အဖြစ် ဆောင်ရွက် ပါတယ်။ (သိန်းဖေမြင့် ၏ ကျော်ငြိမ်း၊ စာမျက်နှာ ၁၁၇)

၁၉၄၈ ခုနှစ်၊ ဇူလိုင်-သြဂုတ် လထဲမှာ ဗိုလ်နေ၀င်းနဲ့ ဗိုလ်ဇေယျက ဦးနုကို ဗိုလ်လက်ျာကို ကာကွယ်ရေး ၀န်ကြီးကနေ ဖယ်ရှားပေးဖို့ တောင်းဆို ကြပါတယ်။ သခင် သိန်းဖေမြင့်ရဲ့ အဆိုအရ (သိန်းဖေမြင့် ၏ ကျော်ငြိမ်း - စာမျက်နှာ ၁၁၇) လက်ဝဲ ညီညွတ်ရေး အဖွဲ့က ဗိုလ်နေ၀င်းကို ကာကွယ်ရေး ၀န်ကြီး ခန့်ဖို့ သဘောတူ ကြပါတယ်။ လက်ဝဲ ညီညွတ်ရေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အရ ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်းက ထောင်ထဲမှာ ရှိတဲ့ ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်း စတဲ့ ကွန်မြူနစ်တွေကို လွှတ်ပြီး သခင် သန်းထွန်းဆီ ဆွေးနွေးဖို့ လွှတ်ခဲ့ပါတယ်။ ဗိုလ်ချုပ် စမစ်ဒွန်းနဲ့ ဒုဝန်ကြီးချုပ် ဗိုလ်လက်ျာက ဗိုလ်နေ၀င်းကို ကာကွယ်ရေး ၀န်ကြီးအဖြစ် လက်မခံနိုင်လို့ ဆိုလာပါတယ်။ ဒီကြားထဲမှာ ဗိုလ်ဇေယျဟာ လက်ဝဲ ညီညွတ်ရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ပြီး စစ်တပ်က ဗိုလ်နေ၀င်းကို ကာကွယ်ရေး ၀န်ကြီး အဖြစ် အလိုမရှိ၊ သူ့ကိုသာ အလိုရှိတယ်လို့ ၀န်ကြီးချုပ် သခင်နုကို (ဗိုလ်လက်ျာ ကတဆင့်) တိတ်တဆိတ် ချဉ်းကပ် ခဲ့ပြန်ပါတယ်။ (သိန်းဖေမြင့် ၏ ကျော်ငြိမ်း - စာမျက်နှာ ၁၁၉ နှင့် တာတေစနေသား- စာမျက်နှာ၁၃၈)

ဒီကိစ္စ မဖြစ်ခင်မှာ တပ်တွင်းကစပြီး လက်ဝဲ အင်အားစု တချို့က လက်နက်နဲ့ အာဏာ သိမ်းပြီး၊ လက်ယာ အန္တရာယ်ကို ဖျက်ဆီးကာ လက်ဝဲ အုပ်စုက အာဏာယူဖို့ ဖြစ်ပါတယ်။ ဗိုလ်နေ၀င်းက ဦးစီးမယ် ဆိုပြီး သူလည်း ပါခဲ့ရ ပါတယ်လို့ သခင် သိန်းဖေမြင့်က ငြင်းချက် ထုတ်ခဲ့ပါတယ်။ စိတ်ကူးယဉ် ခဲ့ကြတာကြောင့် လက်တွေ့မှာ ဗိုလ်နေ၀င်း မပါတော့တာ လို့လည်း ဆိုပြန်ပါတယ်။ (သိန်းဖေမြင့် ၏ ကျော်ငြိမ်း - စာမျက်နှာ ၁၂၀-၁၂၁)

ဗိုလ်ဇေယျက ဦးနုဆီကို တိတ်တဆိတ် သွားတွေ့ခဲ့တာကို ဗိုလ်ဇေယျနဲ့ ဗိုလ်နေ၀င်း မျက်နှာချင်းဆိုင် ရှင်းပြီး မကြာမီမှာ ဗိုလ်ဇေယျရဲ့လူ ဗိုလ်ရဲထွဋ်က တပ်ရင်း (၁) နဲ့ (၃) က တပ်တွေကို ရွှေ့ဖို့ ကြိုးစား ခဲ့ကြပါတယ်။ ရန်ကုန်မှာ ရှိတဲ့ တပ်ရင်း (၃) က တပ်တွေကို ချုပ်ကိုင် ထားတဲ့ ဒု တပ်ရင်းမှူး ဗိုလ်ချစ်မြိုင်က ဖြစ်ရပ် အသေးစိတ်ကို Burma Debate မှာ ဖော်ပြထားပါတယ်။ ရန်ကုန်ရဲ့ မြို့စောင့်တပ်က တပ်ရင်း (၃) ပါ။ ဦးသိန်းဖေမြင့်က တညလုံး တရားဟောရာ မနက် မိုးလင်းတဲ့ အခါ လူတ၀က်သာ ရတဲ့အတွက် ဦးသိန်းဖေမြင့်က တောမခို တော့ပါ။ ဗိုလ်ရဲထွဋ် မျက်ရည် စက်လက်နဲ့ တောခို သွားခဲ့ရပါတယ်။ ဗိုလ်ဇေယျလည်း လုံးချင်းသာ လိုက်ပါ သွားရ ပါတယ်တဲ့။ (သိန်းဖေမြင့် ၏ ကျော်ငြိမ်း - စာမျက်နှာ ၁၂၀ နှင့် Mary P Callahan making Enemies စာမျက်နှာ ၁၂၃)

တပ်ရင်း (၃) တောခိုပြီး နောက်တနေ့မှာ ကာကွယ်ရေး ၀န်ကြီး ဗိုလ်လက်ျာ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောကြာဒိုး၊ တောင်ပိုင်းတိုင်း စစ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်သင်း (ABRO) တို့က ကျန်တပ်ရင်း (၃) က စစ်သားတွေကို လက်နက်သိမ်းဖို့ ကြံရွယ် ကြပါတယ်။ ဗိုလ်နေ၀င်းက တောခို ကုန်လိမ့်မယ် ဆိုပြီး တားဆီး ခဲ့ရပါတယ်။

တပတ်အကြာမှာ ဗိုလ်လက်ျာက ၀န်ကြီးချုပ် ဦးနု ကို တိုက်တွန်း၍- ဦးထွန်းလှအောင်နဲ့ ရဲစစ်ဆေးချုပ် ဦးတင်ထွဋ် တို့ကို (ပြည်ထောင်စု အရန်တပ်ဖွဲ့) (Union Auxiliary Forces) (လက်ျာဘက် ဖွဲ့စည်းထားသော တပ်ဖွဲ့တွေ) ရဲ့ ဗိုလ်မှူးချုပ် တွေအဖြစ် ခန့်အပ် စေခဲ့ပါတယ်။

၁၉၄၈ ခုနှစ် မတ်လမှာ ကွန်မြူနစ်တွေ တောခို ပြီးပြီးချင်း ၁၉၄၅ ခုနှစ် ဗမာနိုင်ငံ ပုလိပ်ဥပဒေ (Burma Police Act of 1945) အရ ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်း အောက်မှာ (အထူးပုလိပ် အရန်တပ်ရင်း) Special police reserve ကို ဖွဲ့စည်း ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် သြဂုတ်လမှာ တပ်ရင်း (၁) နဲ့ (၃) တို့ တောခို ပြီးနောက်မှာ စစ်တပ်ထဲ ကရင် စစ်ဗိုလ်တွေ ပိုပြီး ကိုင်တွယ်လာနိုင်လို့ KNDO တွေ နယ်တွေမှာ (အထူးသဖြင့် ဧရာဝတီ တိုင်းမှာ) ကရင်တွေ ကြီးစိုးလာတော့ တပ်အတွင်းနဲ့ တပ်အပြင်က ဆိုရှယ်လစ်တွေက ဖွဲ့စည်းပြီး ပုလိပ် အရန်တပ်တွေကို တိုးချဲ့ဖို့ ဦးနုကို အကြံ ပေးကြတယ်။ ဦးနုရဲ့ ယုံကြည်မှုကို ရသူဖြစ်ပြီး ဆိုရှယ်လစ် တယောက် ဖြစ်တဲ့ ဗိုလ်အောင်ကြီးကို ဦးစီးခိုင်းပြီး (စစ်ဝန်ထမ်း) လို့ နာမည်ပြောင်း ခေါ်စေပြီး 1st, Oct 1948 မှာ စစ်ဝန်ထမ်းတွေကို စစ်ရုံးကို ပြောင်းခိုင်းပြီး ဗိုလ်အောင်ကြီးကို အိုင်ဂျီ (Inspector General) အဖြစ် ခန့်အပ် ခဲ့ပါတယ်။ ၁၉၄၉ ခုနှစ်မှာ စစ်ဝန်ထမ်း တပ်ရင်း ၂၆ ရင်းနဲ့ လူအင်အား ၁၃၀၀၀ အထိ ရှိခဲ့ပါတယ်။ (Mary P Callahan making Enemies စာမျက်နှာ ၁၂၇)

ကရင်နဲ့ ဗမာတွေ အကြားထဲ တင်းမာမှုတွေ များနေတဲ့ အချိန် KNU ခေါင်းဆောင် စောဘဦးကြီးက တပ်မတော်ထဲက သူ့ရဲ့ မဟာမိတ် ဗိုလ်မှူးကြီး မင်းမောင်ကို အကူအညီ တောင်းတော့ တောင်ငူမှာ တပ်စွဲထားတဲ့ ကရင် တပ်ရင်း (၁) က ဇန်န၀ါရီလ ၂၇ ရက်နေ့မှာ မြို့သိမ်းပြီး အင်းစိန်ဟာ ဖေဖော်ဝါရီလ ၂ ရက်၊ ၁၉၄၉ ခုနှစ်မှာ ကရင်လက်ထဲ ကျခဲ့ပါတယ်။ ဇန်န၀ါရီလ ၃၀ ရက်နေ့မှာတော့ အစိုးရက (KNU) ကို မတရားအသင်း ကြေညာ ပြီးတော့ (၂) ရက် အကြာမှာ ကရင် စစ်ခေါင်းဆောင်တွေကို နားခွင့် (on leave) ပေးပြီး ဗိုလ်ချုပ် စမစ်ထွန်းကို ဗိုလ်နေ၀င်းနဲ့လဲပြီး စစ်ဦးစီးချုပ် အသစ် ခန့်အပ် ခဲ့ပါတယ်။ (Mary P Callahan making Enemies စာမျက်နှာ ၁၃၄)

ကွန်မြူနစ်တွေ တောခိုလို့ အာဏာသိမ်းပွဲ မအောင်မြင်ဘဲ ဗိုလ်ဇေယျနဲ့ ဗိုလ်ရဲထွဋ်တို့ တောခိုကြ၍ ကရင် သူပုန် တွေကြောင့် ကရင် ဗိုလ်ချုပ်တွေ အစားထိုး ခံရတဲ့နောက် ဗမာ့ စစ်တပ်မှာ ဆိုရှယ်လစ် တပ်မှူးကြီးတွေသာ ကျန်ခဲ့ပြီးတော့ ဗိုလ်ချုပ် နေ၀င်းရဲ့ တပ်ရင်း (၄) က အယုံကြည်ရဆုံး ဖြစ်လာပါတယ်။ ကျန်ခဲ့တဲ့ တပ်ရင်း (၃) ကို သင်္ဘောနဲ့ စေလွှတ်ခဲ့တာ သင်္ဘောစက် ချို့ယွင်းလို့ ပြန်လှည့် လာခဲ့ရာ “တပ်ရင်း ၃ က စိတ်ပြောင်းပြီး ရန်ကုန်ကို လှည့်ပြန် လာကြပါလား၊ ဗိုလ်နေ၀င်းကို ခေါ်ကြပါအုံး” ဆိုပြီး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ်။ ဒါက ရန်ကုန်မြို့ရဲ့ ပကတိ အခြေအနေ ဖြစ်ပြီးတော့ နိုင်ငံရေး ခေါင်းဆောင်ပိုင်းမှာ ဗိုလ်နေ၀င်းကို အားကိုး လာကြပါတယ်။

ဗိုလ်ချုပ် နေ၀င်း ဖေဖော်ဝါရီ ၁၉၄၉ မှာ စစ်ဦးစီးချုပ် ဖြစ်လာတဲ့အခါ ဗမာ့ တပ်မတော်ရဲ့ အင်အားက (၂) ထောင်ကနေ (၃) ထောင်လောက်ပဲ ရှိပါတော့တယ်။ ဗမာ့ တပ်မတော်ကို UMP တပ် နှင့် စစ်ဝန်ထမ်းတွေက အားဖြည့် ကူတိုက် ပေးခဲ့ရပါတယ်။ ရန်ကုန်အစိုးရ ဘ၀မှာ ဗမာ့ တပ်မတော်ရဲ့ စစ်သား တယောက်မှာ ကျည် (၂၁) တောင့်ပဲ ကျန်ပါတော့တယ်။

ရန်သူတွေ ၀ိုင်းဝိုင်းလည် အကျဉ်းအကျပ်ထဲ ရောက်နေချိန်တုန်းက ဗိုလ်ချုပ် နေ၀င်းက “ကိုကျော်ငြိမ်း ကျုပ် ကွန်မြူနစ်တွေနဲ့ ပေါင်းတော့မယ်” လို့ ပြောဖူးပါတယ်။ ကွန်မြူနစ်တွေ အာဏာ ရလာရင် အရင်ဆုံး သတ်ခံရမှာက ဦးကျော်ငြိမ်းပဲ ဆိုတာ ဦးကျော်ငြိမ်း သိပါတယ်။ ဒါ့ကြောင့် ရသမျှ အင်အား စုပြီးတော့ နိုင်အောင် တိုက်မယ်လို့ စိတ်ဆုံးဖြတ်ပြီးသား ဖြစ်ခဲ့တယ်။

နိုင်ငံတိုင်း စစ်ဖြစ်ချိန်မှာ ကိုယ့်စစ်တပ် ကိုယ်အားကိုးရလို့ စစ်တပ်ရဲ့ အရှိန်အ၀ါနဲ့ အာဏာဟာ တိုးစမြဲပဲ။ နိုင်ငံခြားသား တရုတ်ဖြူတွေရဲ့ ရန်ကို ရင်ဆိုင်ရတဲ့ အခါ စစ်တပ်ရဲ့ အရှိန်အ၀ါက ပိုကြီးလာတယ်။ စစ်တိုက်တော်တဲ့ ဗိုလ်ချုပ် ကျော်ဇောလို ဗိုလ်ချုပ်တွေက သူရဲကောင်းတွေ ဖြစ်လာတယ်။ ဗိုလ်ချုပ် နေ၀င်းရဲ့ အားသာချက် တခုက ဦးဆောင်မှု ပေးနိုင်ခြင်းနဲ့ လူမွေးတော်ခြင်းတွေ ဖြစ်တယ်။ ဦးကျော်ငြိမ်းဟာ ဖဆပလ ဆိုရှယ်လစ် ခေါင်းဆောင်နဲ့ ဒုဝန်ကြီးချုပ်ဘ၀မှာ ဆိုရှယ်လစ် ၀န်ကြီးတွေ၊ စစ်ဗိုလ်တွေနဲ့ ဆုံလေ့ ရှိကြတယ်။ ကျန်တဲ့ ၀န်ကြီးတွေက သက်တော်စောင့်တွေနဲ့ ရောက်လာပြီးတော့ အပေါ်ထပ်ကို တန်းတက်ကြတယ်။ ဗိုလ်ချုပ်နေ၀င်းက မီးဖိုချောင်ထဲ အရင် ၀င်လာပြီးတော့ အိမ်တာဝန်ကို ကြီးကြပ်ရတဲ့ ကျနော့် အမေရဲ့ အမ၀မ်းကွဲကို “မမဖွား ကျနော့် ရဲဘော်လေးတွေ အတွက် ဘာရှိသလဲ” လို့ မေးမေးပြီးတော့ ကျွေးမွေးစရာ ရှိတာ စီမံ ပြီးတော့မှပဲ အစည်းအဝေးကို သွားတက် တတ်တယ်။ ရဲဘော်တွေကို ဂရုစိုက် တတ်သလို စစ်ဗိုလ်ကြီးတွေကိုလည်း ဂရုစိုက် တတ်လို့ သူ့တပ်ရင်း (၄) က စစ်ဗိုလ်တွေကို အပိုင် မွေးနိုင်ခဲ့တယ်။

ရှုပ်ထွေးပွေလီလွန်းတဲ့ လွတ်လပ်ရေး ရခါစ ဗမာ့ နိုင်ငံရေး အခြေအနေကို မသိဘဲ၊ မလေ့လာ မဖတ်ရှုဘဲ ဦးကျော်ငြိမ်းကြောင့် ဗိုလ်ချုပ်နေ၀င်း စစ်ဦးစီးချုပ် ဖြစ်ရလေခြင်းလို့ တိမ်တိမ် တွေးပြီး လွယ်လွယ် ကောက်ချက် ချပြီး ဦးကျော်ငြိမ်းကို အပြစ်တင်ဖို့ နိုင်ငံရေး ခွက်စောင်းခုတ်ဖို့ ကြိုးစား လာကြတယ်။ ဖဆပလ အတွင်း ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်တွေ အားပြိုင် ကြကာ ကွန်မြူနစ်တွေ တောခိုပြီး ဘယ်ဆိုရှယ်လစ် ခေါင်းဆောင်က ကွန်မြူနစ် စစ်ဗိုလ်တွေကို ထောက်ခံနိုင်ပါ့မလဲ။

တာတေ စနေသားမှာ ဗိုလ်ချုပ် နေ၀င်းအတွက် ဦးကျော်ငြိမ်းက ထောက်ခံ ပြောတာကို အမှူးပြုပြီး ဦးကျော်ငြိမ်းကြောင့် ဗိုလ်ချုပ် နေ၀င်း - စစ်ဦးစီးချုပ် ဖြစ်လာသယောင် ဦးကျော်ငြိမ်းကို တိုက်ခိုက် လာကြပြန်ပါတယ်။ ဖြစ်ရပ်မှန်က ဗိုလ်လက်ျာကို ကာကွယ်ရေး ၀န်ကြီးမှ ရွှေ့ခဲ့ရင် လက်ဝဲ ညီညွတ်ရေး အဖွဲ့ရဲ့ ဆုံးဖြတ်ချက် အတိုင်း ဗိုလ်နေ၀င်းကို ကာကွယ်ရေး ၀န်ကြီးခန့်ဖို့ ထောက်ခံ ပြောဆိုခဲ့တာ ဖြစ်တယ်။ ရှေ့မှာ ဖော်ပြခဲ့တဲ့ အတိုင်း ဗိုလ်ဇေယျနဲ့ ပြဿနာ တက်ကြပြီး ၀န်ကြီးချုပ် ဦးနုက ရှေ့ဆက် မဆောင်ရွက်တော့ ဗိုလ်ဇေယျတို့ တောခိုအပြီး ကရင်တပ်တွေ တောခိုမှ ဗိုလ်ချုပ် နေ၀င်းကို ကရင် ဗိုလ်ချုပ် စမစ်ဒွန်း နေရာမှာ အစားထိုးမှ ဗိုလ်ချုပ်နေ၀င်းဟာ စစ်ဦးစီးချုပ် ဖြစ်လာတာပါ။

၁၉၆၂ ခုနှစ် အာဏာသိမ်း အပြီး ဦးနေ၀င်းက ဦးကျော်ငြိမ်းကို ဆိုရှယ်လစ် အချင်းချင်း နိုင်ငံတော်ရဲ့ စီးပွားရေးကို ဦးဆောင်ပေးဖို့ ကမ်းလှမ်း လာပါတယ်။ ဦးကျော်ငြိမ်းက သူသည် ဆိုရှယ်လစ် စနစ်ကိုသာ ယုံတာ မဟုတ်ဘူး၊ ဒီမိုကရေစီကိုလည်း ယုံသူ ဖြစ်လို့ (၂) နှစ် မဟုတ်ရင် (၅) နှစ် စစ်တပ်က အုပ်ချုပ်ပြီး တိကျတဲ့ အချိန်ပိုင်းမှာ ဒီမိုကရေစီကို ပြန်ပေးမယ်လို့ ကတိ ရမှ စဉ်းစား နိုင်မယ်လို့ ဖြေလိုက်တော့ ကတိ မရတာနဲ့ ထပြန်ခဲ့ရပါတယ်။ တံခါးဝ ရောက်တော့ ဗိုလ်နေ၀င်းက ‘ကိုကျော်ငြိမ်း ခင်ဗျား ဘာလုပ်စားမလဲ ဆိုပြီး’ မေးတော့ “ကျုပ်လမ်းပေါ်မှာ မုန့်ဟင်းခါး ထမ်းရောင်းစားမယ်ဗျာ” ဆိုပြီး ဖြေခဲ့တယ်။ ဦးကျော်ငြိမ်း မုန့်ဟင်းခါး ကြိုက်တာ အတွင်းလူတွေ သိကြပါတယ်။

တော်လှန်ရေး ကောင်စီ စစ်အစိုးရက နိုင်ငံရေး ခေါင်းဆောင်တွေကို ဖမ်းပြီးတော့ နိုင်ငံရေး မဏ္ဍိုင်တွေကို စနစ်တကျ ရိုက်ချိုး ပါတော့တယ်။ ၁၉၆၃-၆၄ ခုနှစ် ပတ်ဝန်းကျင် လောက်မှာ ဦးကျော်ငြိမ်းကို လေးစားတဲ့ UMP စစ်ဗိုလ် တချို့က ရေကြည်အိုင်ကို ၀င်ဆီးပြီးတော့ ကယ်တင်ဖို့ ကြံစည် ခဲ့ကြပါတယ်။ အဲဒီ အချိန်တုန်းက ဦးနု အစရှိတဲ့ ထိပ်တန်း ခေါင်းဆောင်တွေကို ရေကြည်အိုင်မှာ သစ်သား အိမ်လေးတွေနဲ့ ထားပါတယ်။ ဦးကျော်ငြိမ်းကို လှောင်အိမ် (Cage) လို့ခေါ်တဲ့ ဒိုးယိုပေါက် လှောင်အိမ်မှာ ထားပြီးတော့ ထိပ်တန်း ခေါင်းဆောင်တွေ ထဲမှာ သူတယောက်ပဲ ကိုယ်ထိ လက်ရောက် ညှဉ်းပမ်းတာ (Physical Torture) ခံခဲ့ရပါတယ်။ အာဏာသား ကတော့ ဗိုလ်မှူးကြီး သန်းညွှန့် (အရမ်း သန်းညွှန့်- သပြေ မဂ္ဂဇင်း) ပါပဲ။ သွေးစွန်းနေတဲ့ ရှပ်အင်္ကျီ အဖြူကို ရအောင် အိမ်ပြန် ယူခဲ့ပါတယ်။

ဗိုလ်ကြီး အုန်းကျော်မြင့်ကို စံပြ နမူနာအဖြစ် သတ်ပစ် သလိုပဲ ဦးကျော်ငြိမ်း ကိုလည်း ခုံရုံးတင်ပြီး သေဒဏ် စီရင်ဖို့ စီစဉ် ခဲ့ကြတယ်။ ဦးကျော်ငြိမ်းက ဘာမှ မပြောနိုင်တော့တဲ့ အဆုံး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သေဖို့ ကြိုးစားခဲ့တယ်။ ဗိုလ်ချုပ်နေ၀င်း ချက်ချင်း ရောက်လာပြီး ကြမ်းပြင်ပေါ်မှာ တုံးလုံး လဲပြီး မေ့မျော နေတဲ့ ဦးကျော်ငြိမ်းကို မြင်တော့ စိတ်ထိခိုက်ပြီး အစီအစဉ်တွေ အားလုံးကို ဖျက်သိမ်း လိုက်တော့တယ်။ ဦးကျော်ငြိမ်းကို ၀န်ကြီးတွေ ထားတဲ့ အိမ်တန်းကို ပို့ပြီး ဗိုလ်မှူးကြီး တင်မောင် (စာရေးဆရာ မြတ်ထန်)၊ ဆေးမှူး ဒုဗိုလ်ကြီး ကျော်မြင့်တို့နဲ့ အတူ နေခဲ့ရပါတယ်။

ဦးကျော်ငြိမ်းက သူနဲ့အတူ တိုက်ပွဲ ၀င်ခဲ့တဲ့ ရဲဘော် တယောက်ကို စာခိုးပစ်ပေးတာ၊ ထိုသူက မကောက်ရဲဘူး ဖြစ်နေတယ်။ အလယ်ကနေ ပစ်ပေးရသူက ၀န်ကြီး ဦးဝင်း (ဦးတင်မောင်ဝင်းရဲ့ အဖေ) ဖြစ်တယ်။ တချိန်တုန်း ကတော့ ဦးဝင်းနဲ့ ဦးကျော်ငြိမ်းတို့က မတည့်ခဲ့ကြဘူး။ ထောင်ထဲ ရောက်မှ ယုံကြည်ချက်၊ သတ္တိကို သိခွင့်ရကြ ပြီးတော့ ခင်မင် လေးစား လာခဲ့ကြတယ်။ ဦးဝင်းတို့ တောမခိုခင် ကတောင် ဦးကျော်ငြိမ်းဆီ ၀င်ပြီး အသိပေးခဲ့ ပါသေးတယ်။ နိုင်ငံရေး ပြိုင်ဘက်တွေ ဘ၀ကနေ ယုံကြည် လေးစားသူချင်း ဘ၀ကို ကူးပြောင်း လာခဲ့ရတယ်။ ထောင်တွင်း သင်ခန်းစာတွေပါ။

ဦးတင်မောင်ဝင်း ရေးခဲ့တဲ့ စာအုပ်မှာ ၁၉၆၂ ခုနှစ် အာဏာ သိမ်းတုန်းက ၀န်ကြီးချုပ် ဦးနုက ‘ ဗိုလ်နေ၀င်း သိရဲ့လား၊ ဗိုလ်နေ၀င်း သိရင် ကိစ္စ ပြီးသွားလိမ့်မယ်’ ဆိုပြီး စိတ်ချလက်ချ အိပ်ပြော သွားပါတယ်။ ဦးနုက ဗိုလ်နေ၀င်း အာဏာသိမ်းမယ်လို့ မထင်ခဲ့ဘူး။

တခါ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံခံရပြီး ဗိုလ်နေ၀င်း သခင် သန်းထွန်းကို လာတွေ့တယ်လို့ သခင် သန်းထွန်းက သြဂုတ်လ ၁၉ ရက်၊ ၁၉၆၃ ခုနှစ် နေ့စွဲနဲ့ ဗိုလ်ချုပ် နေ၀င်းဆီ ရေးတဲ့စာမှာ ဖော်ပြ ထားပါတယ်။ ကျနော်တို့ အဲဒီ အခြေအနေမှာ လိုအပ်တဲ့ ခေါင်းဆောင်မှုမျိုး ပေးဖို့ ပြောခဲ့တာကို ကျနော် အစဉ် သတိရ နေပါသတဲ့၊ အရေးကြုံတဲ့ အခါမှာ ခင်ဗျား အနေနဲ့ ကျနော့် အပေါ် ဘယ်လောက် ယုံကြည် လေးစားမှု ရှိတယ် ဆိုတာကို အဲဒါက ပြပါတယ်တဲ့။ အဲဒါကို မျက်စိထဲ မြင်မြင် နေတာပဲတဲ့။ ခင်ဗျား ပြောလိုက်တယ် နယ်ချဲ့သမားက ခွဲဖို့လုပ်ရင် ကျုပ်တော့ မခံဘူး။ အဲဒါကို ကျနော်တို့ သဘောကျတယ်။ ဒီကိစ္စတွေမှာ ခင်ဗျားနဲ့ ကျနော် တို့ဟာ အတူတူပဲ။ ကိုဗဆွေ၊ ကိုကျော်ငြိမ်းတို့ကို ဖမ်းလိုက်တာ ရှိတယ်။ ကျနော်တို့ ကြားရတာ၊ သိရတာတွေ ရှိတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးဟာ နီးလာလို့ ဒီလူတွေ ဖျက်ဆီးဖို့ ကြိုးစား နေတယ်လို့ မြင်တယ်။ နောက်ပြီးတော့ ဒီလူတွေဟာ နယ်ချဲ့ သမားတွေနဲ့ ဆက်သွယ် နေတယ်လို့ သိရတယ်။ ဒါ့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖျက်ဆီးဖို့ လုပ်ကြံနေတဲ့ ပြည်တွင်း ဖောက်ပြန်ရေး သမားတွေကို ခင်ဗျားတို့ ချတာကို ကျနော်တို့ အထူးပဲ သဘောကျပါတယ်။ (မှတ်ချက် - လွတ်လပ်ရေး ရွှေရတု - စာမျက်နှာ ၂၃၄၊ ၂၃၇)

တောတွင်း သင်တန်းဆင်းပွဲမှာ သခင် သန်းထွန်းက ရန်သူရဲ့ မျက်နှာခုံး ပေါ်မှာ စင်္ကြန် လျှောက်နိုင်ရမယ်လို့ ဟောကြား ခဲ့ပါတယ်။ တကယ် လျှောက်သွားတာက ဗိုလ်နေ၀င်း ဖြစ်ပါတယ်။ တဘက်က သခင် သန်းထွန်းကို အယုံ သွင်းပြီး မျက်စ ပစ်ခဲ့သလို တဘက်က ကြုံတိတ် (ခ) လုံတိတ်(ခ) မောင်မြကို သခင် သန်းထွန်းကို သုတ်သင်ဖို့ ကွန်မြူနစ်တွေဆီ ရေရှည် စီမံကိန်းနဲ့ အယုံသွင်း လွှတ်ထား ခဲ့ပါတယ်။

ကွန်မြူနစ်တွေ အော်နေကြတဲ့ ရန်ငါစည်း ပြတ်ရမယ် ဆိုတာကို သခင် သန်းထွန်း မေ့သွားပုံ ရတယ်။ ‘နိုင်ငံရေး လျှင်တယ်’ ‘ချက်ကနဲဆို နားခွက်က မီးတောက် ပါတယ်’ ဆိုသူတွေကို အယုံသွင်း သွားနိုင်သူဟာ ဗိုလ်နေ၀င်း ပါပဲ။

အမေရိကန်နဲ့ ရုရှား စစ်အေး စစ်ပွဲကို အခွင့်အရေး ယူပြီး အမေရိကန်တွေ ဆီက အကူတွေကို ယူခဲ့ပြန်ပါတယ်။ ဦးနေ၀င်းရဲ့ လုံခြုံရေး တပ်ကို သင်တန်း ပေးခဲ့တာ ကတော့ အမေရိကန် ငပေါ (secretservice) တွေ ပါပဲ။ ၁၉၆၇ ခုနှစ် တရုတ်-ဗမာ ရိုက်ပွဲ အပြီး တရုတ်ကြီးက ဗကပ ကွန်မြူနစ်တွေကို လက်နက် သာမက လူပါ ကူခဲ့ပြန်ပါတယ်။ ဦးနေ၀င်း တရုတ်ပြည်ကို သွားပြီး ဗမာ- ပေါက်ဖေါ် ချစ်ကြည်ရေး လုပ်ခဲ့တာ အခု (နအဖ) ခေတ် အထိ ဗမာလူကြမ်း အဖွဲ့ကို မြှောက်ပင့် ကျားကန် ပေးနေတာကတော့ တရုတ်ကြီး ပါပဲ။ ဦးနေ၀င်းက အလိမ္မာနဲ့ တရုတ်ကြီးကို ကျောသတ် နေချိန်မှာ ဗမာ ကွန်မြူနစ် တွေက ဖက်လိုက်ပြီး တိန့်လျှောင်ဖိန် တို့ကို ဝေဖန်ရာက အကူ အဖြတ်ခံရ ပါတော့တယ်။ (မှတ်ချက် - Bertil Litner ရေးတဲ့ Burma in Revolt & The Rise and the Fall of the Communist Party of Burma တွင်ကြည့်ပါ။)

ဗိုလ်ချုပ် နေ၀င်းဟာ စစ်ဗိုလ်နိုင်ငံရေး သမား လူလယ်စစ်စစ် ဖြစ်တယ်။ အားလုံးကို ကတုံးပေါ် ထိပ်ကွက် သွားတာ ဗိုလ်ချုပ် နေ၀င်း ပါပဲ။

ဦးနေ၀င်းဆီမှာ လေ့လာ သင့်တဲ့ အရည်အချင်း ၂ ချက် ရှိပါတယ်။ ပထမ အချက်က သူ့ကို မယုံသင်္ကာ မဖြစ်အောင် နေတတ်တာ ဖြစ်ပြီးတော့ ဒုတိယကတော့ ရည်မှန်းချက် အောင်မြင်အောင် ကြိုတင် ပြင်ဆင်ပြီး ပလဲင် (Plan) လုပ်ပြီး အချိန်ယူ အကောင်အထည် ဖော်နေခြင်း ဖြစ်တယ်။

ဦးနေ၀င်းကို ဘာကြောင့် လေ့လာ ရမှာလဲ။ ဒီကနေ့ စစ်တပ်ဟာ ဦးနေ၀င်းရဲ့ စစ်တပ် ဆိုရင် မမှားပါဘူး။ တပ်ထဲမှာ ဦးနေ၀င်းကို အဖေကြီး ဆိုပြီး ခေါ်ကြတယ်။ ဒီကနေ့ (နအဖ) ရဲ့ လုပ်ဆောင်ချက်တွေက ဦးနေ၀င်း ရေးခဲ့တဲ့ စာအုပ်ကြီး အတိုင်း ဖြစ်ပါတယ်။ ဗိုလ်ချုပ် သန်းရွှေဟာ ဦးနေ၀င်း အာဏာ ပြင်းစဉ်က မခုတ်တတ်တဲ့ ကြောင်လို ပြားပြားဝပ်ပြီး အန္တရာယ်မရှိ ဟန်ဆောင်ခဲ့တယ်။ အချိန်ယူပြီး စိတ်ရှည်ရှည်နဲ့ အာဏာ တည်ဆောက် ခဲ့ပါတယ်။ ဗိုလ်ချုပ် ခင်ညွှန့်တို့ ဖင်လိန်ကပြ နေတုန်းက စင်ပေါ်က ပြုံးပြုံးလေး ကြည့်နေ ပါတယ်။ အခွင့်သာမှ နှာနုကို ထုခဲ့ပါတယ်။ ဦးနေ၀င်း ရေးခဲ့တဲ့ ကျမ်းကို အရည်ကျို သောက်ခဲ့ပုံ ရပါတယ်။

အစိုးရ ယန္တရားနဲ့ အစိုးရ အာဏာဟာ အရမ်းကြောက်ဖို့ ကောင်းပါတယ်။ ဒါ့ကြောင့် လစ်ဘရယ် ဒီမိုကရေစီ စနစ်မှာ Check & Balance လို့ ခေါ်ကြတဲ့ အထိန်းအကွပ်တွေ ရှိရပါတယ်။ ဗိုလ်ချုပ် နေ၀င်းက (အာဏာ) ကို လက်နက် အဖြစ်နဲ့ အသုံးချရာမှာ ကျွမ်းကျင် ခဲ့တယ်လို့ ဆိုရပါမယ်။ ဒါ့ကြောင့် ဦးနေ၀င်းဆီက လက်ထပ် သင်ခဲ့ကြတဲ့ ဒီကနေ့ နအဖ ဗိုလ်ချုပ်တွေရဲ့ တွေးခေါ်ပုံနဲ့ လုပ်နည်း လုပ်ဟန်တွေကို နားလည်ချင်ရင် ဦးနေ၀င်းကို လေ့လာ ရပါမယ်။ ဦးနေ၀င်းကို လေ့လာချင်ရင် ဦးနေ၀င်းရဲ့ ရာဇ၀င်ကို သိရပါမယ်။

ဒီကနေ့ နိုင်ငံရေး ဇာတ်စင်မှာ (အဝေးရောက်) ကပြနေသူတွေ၊ ခေါင်းဆောင်ကြီးတွေလို့ ယူဆရသူတွေထဲမှာ စာဖတ်အား ကောင်းတာ၊ လေ့လာအား ကောင်းတာ ဘယ်နှစ်ယောက် ရှိပါသလဲ။ ဗမာ့ စစ်တပ်ကို လေ့လာထားသူ ဘယ်နှစ်ယောက် ရှိပါသလဲ။ ကိုယ်ရင်ဆိုင် နေရတဲ့ ပြိုင်ဘက် (ရန်သူ့) အင်အား၊ ဖွဲ့စည်းပုံ၊ လှုပ်ရှားပုံ တို့ကို မသိဘဲနဲ့ ကိုယ်က ဘယ်လို ရင်ဆိုင်မယ်၊ အနိုင်ယူမယ် ဆိုတာကို ပြင်ဆင် ဖော်ထုတ် နိုင်မှာလဲ။။

နိုင်ငံရေးမှာ အာဏာ မရှိဘဲ ဘာမှ လုပ်လို့ မရပါဘူး။ အာဏာရဖို့ အတွက် အင်အား လိုပါတယ်။ အင်အားရှိဖို့ စည်းရုံးရေးနဲ့ အဖွဲ့အစည်း တည်ဆောက် ရပါမယ်။ အဖွဲ့အစည်း တည်ဆောက်ဖို့ စည်းရုံးနိုင်ဖို့က ရည်မှန်းချက်နဲ့ တိုက်ကွက်၊ ဗျူဟာ လိုပါတယ်။ အင်အားမရှိဘဲ စေ့စပ်ရေးကို တကျော်ကျော် အော်နေရင် လေကုန်ရုံပဲ ရှိပါလိမ့်မယ်။ ရန်သူ့ အကြောင်းမသိဘဲ (လေ) သေနတ် ပစ်ရုံနဲ့ စစ်တပ်က အာဏာ ပြန်မပေးနိုင်ပါဘူး။

ဦးကျော်ငြိမ်းနဲ့ ဗိုလ်နေ၀င်း UG ဘ၀မှ တွေ့စကတည်းက ဆိုရှယ်လစ် အုပ်စုအဖြစ် ကျောချင်း ကပ်ခဲ့ရပါတယ်။ ကွန်မြူနစ် ခေါင်းဆောင် သခင် သန်းထွန်းဟာ ဗိုလ်ဇေယျနဲ့ နီးစပ်သလို ဆိုရှယ်လစ် ခေါင်းဆောင် ဦးကျော်ငြိမ်းဟာ ဗိုလ်နေ၀င်းနဲ့ နီးစပ်ခဲ့ရတာ အမှန်ပဲ။ ဒါဟာ အုပ်စုချင်း ပြိုင်ကြတဲ့ အာဏာ နိုင်ငံရေး (Power Politics) ရဲ့ ရလဒ်ပဲ။ ဗိုလ်နေ၀င်း အာဏာ သိမ်းအပြီး ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်တွေ ထဲမှာ ဦးကျော်ငြိမ်းဟာ ရက်ရက်စက်စက် အနှိပ်စက် ခံခဲ့ရပြန်တယ်။ သို့သော် ၁၉၆၈ ခုနှစ် နောက်ပိုင်း တရုတ်ပြည်ရဲ့ အကူအညီနဲ့ ဗမာပြည် ကွန်မြူနစ် ပါတီဟာ အနောက်မြောက်မှာ ပြင်းပြင်းထန်ထန် တိုက်လိုက်လာတော့ ‘သူတပါးကျွန်တော့ အဖြစ်မခံဘူးဟေ့’ ဆိုတဲ့ စိတ်ဓာတ်နဲ့ ဦးနုရဲ့နောက် မလိုက်ခဲ့တာပါ။ နိုင်ငံရေးမှာ ယုံကြည်ချက်နဲ့ ခံယူချက်ဟာ အရေးကြီးဆုံး ပါပဲ။ ဦးကျော်ငြိမ်းဟာ ဆိုရှယ်လစ် စနစ်ကိုသာ ယုံသည် မဟုတ်၊ ဒီမိုကရေစီကိုလည်း စွဲစွဲမြဲမြဲ ယုံတဲ့ အတွက် တပါတီ အာဏာရှင် စနစ်ဖြစ်တဲ့ မဆလ စနစ်ကြီးကို ရဲရဲကြီးကို ဆန့်ကျင်ခဲ့တာပါ။

ဘိုဘိုကျော်ငြိမ်း
bnyein@gmail.com

(ဦးဘိုဘိုကျော်ငြိမ်း သည် ဖဆပလခေတ် ဆိုရှယ်လစ် ခေါင်းဆောင်၊ ဒုတိယ ၀န်ကြီးချုပ် ဦးကျော်ငြိမ်း၏ သားဖြစ်၍
အမေရိကန် နိုင်ငံ ၀ါရှင်တန် ဒီစီတွင် နေထိုင် ပါသည်။)

အပိုင်း (၃) - ဦးကျော်ငြိမ်းနှင့် ၀န်ကြီးချုပ်ဦးနု - နှင့် ဇာတ်သိမ်း ကောက်ချက် (Conclusion)။

ကိုးကားသောစာအုပ်နှင့် စာတမ်းများ -

သိန်းဖေမြင့်၏ ကျော်ငြိမ်း
ဗိုလ်မှူးချုပ် မောင်မောင်၏ Burma Nationalists Movements 1940-1948
Mary P Callahan ရဲ့ Making Enemies- War and State Building in Burma