မြကြေးမုံ
လှေပေါ်က ခြေချချိန်မှာ ကြက်သီးမွေးညင်း ထလာမှန်း ကိုယ့်ကိုယ်ကို ပြန်သတိထား မိလိုက်သည်။ သဲနုန်းတွေပေါ် ခြေလှမ်း ကျွံမိသဖြင့် ဖိနပ်က မြစ်ရေ စိုရွှဲနေသော နုန်းထဲ နစ်ပြီး ကျွတ်ထွက် သွား၏။ သို့သော် ချက်ချင်း ပြန်မစွပ်နိုင်။ ဒီဘက်ကမ်း မြေကို ထိတွေ့ နင်းထားရသည့် ခြေဖ၀ါးများက ကြည်နူးခြင်းဖြင့် နွေးတက်လာတာကို ခဏ အရသာ ခံမိပြီးမှ သဲစိုစိုထဲက ခြေပြန်နှုတ်ကာ ဖိနပ်ကို စွပ်ယူလိုက်သည်၊
“ဟဲ့ ကလေးမ။ အဒေါ့်တောင်း တချက် ဆွဲပေးပါဦး”
ဈေးသည် အမယ်ကြီး လှေပေါ်က လှမ်းပြောသံ ကြားမှ ကမ်းပေးနေသည့် တောင်းကို ဆွဲယူ လိုက်ရသည်။ နေ့တိုင်း မြစ်ကို ဖြတ်၍ နိုင်ငံကူးကာ ဈေးရောင်းနေကျ အမယ်ကြီးကတော့ မြန်မာပြည် ဘက်ကမ်း ခြေပြန်ချရတာကို သူ့လို စိတ်ကူးယဉ် ကြည်နူးအားပုံ မပေါ်။ ၀၀ပြည့်ပြည့် ခန္ဓာကိုယ်နှင့် မလိုက်အောင် ဇတ်ခနဲ ခုန်ဆင်းချလာပြီး တောင်းကို သူ့ဆီက ပြန်ယူသည်။
“တကတဲ။ ဒီနေ့မှ အရောင်းအေးချက်အေ။ တဗူးတဗူး လီဝယ်တဲ့သူတောင် ၁၀ ယောက် မပြည့်ချင်ဘူး”
အမယ်ကြီးက ညီးညူရင်း ခေါင်းခုကို နေရာကျအောင် ပြင်သည်။ လက်ကိုင်ပုဝါနှင့် ကျစ်ကျစ် ထုပ်လာသည့် ဘတ်ငွေများထဲက ခြင်္သေ့ပုံ မြန်မာငွေစက�ူ တချပ် ဆွဲထုတ်ရင်း သူ့ဘက် လှည့်ကြည့်လေသည်။
“ဟဲ့ ကလေးမ။ မြန်မာငွေ မပါဘူး မဟုတ်လား။ ညည်း ဘတ်ပေးရင် ပိုနာလိမ့်မယ်။ အဒေါ့်ဆီက ကျပ် ယူမလား”
“လဲမယ်လေ အဒေါ်”
ကူညီလိုပုံ ရသော အမယ်ကြီး စိတ်ချမ်းသာအောင် သူ ငွေချင်း လဲလိုက်သည်။ လှေပေါ်မှာ လှေခကောက်တုန်းက ဈေးသည်တွေက ခြင်္သေ့ရုပ်တွေ ထုတ်ပေးသော်လည်း မြန်မာငွေ လဲမလာမိသည့် သူက ဘတ်ငွေသာ ပေးလိုက်တာကို အမယ်ကြီး သတိပြုမိပုံ ရသည်။
ဘတ် ၁၀၀ တန် ပေးလိုက်တာကို အဒေါ်ကြီးက “ဒီနေ့ပေါက်တာ ၃၅ ကျပ်ဈေးကွယ့်” ဆိုပြီး မြန်မာငွေ ၃၅၀၀ ပြည့်အောင် သူ့လက်ကိုင်ပုဝါထုပ်ထဲ သဲသဲမဲမဲ ရှာနေသည်။
“ရပါတယ်အဒေါ်။ မပြည့်လည်း ကိစ္စ မရှိပါဘူး။ ဂိတ်ကြေးက ဘယ်လောက် ပေးရမှာလဲ”
“ကျပ်နဲ့ဆို ၂၀၀။ ဘတ်နဲ့ဆို ၁၅ အေ့။ ဘတ်ပေးတော့ ကိုယ်နာတာပေါ့။ ပင်ပင်ပန်းပန်း ရှာဖွေထားရတာ မဟုတ်လား”
အမယ်ကြီး ပြောပုံကြောင့် သူ ရုပ်ဖျက်ထားပုံက အလုပ်သမား အသွင် ပီပြင်သည်ဟု တွေးကာ ကိုယ့်ဟာကိုယ် သဘောကျ သွားရ၏။ အလုပ်သမား မိန်းကလေးများထံက ငှားရမ်း ၀တ်ဆင်လာသည့် အင်္ကျီ လုံချည်အပြင် သူတို့ဆီက ယူလိမ်းလာသည့် သနပ်ခါး အဖွေးသားနှင့် ဆွဲထားသည့် မျက်ခုံးမွှေး ထူထူ နှစ်ကြောင်းက စက်ရုံ အလုပ်သမား မိန်းကလေးရုပ် ပေါက်သည်ဟု ကိုယ့်ဟာကိုယ် အမှတ်ပေးသော်လည်း ငှားရမ်းလိုက်သည့် ပစ္စည်းရှင်တွေက နည်းနည်းမှ အထင်မကြီးချေ။
“ဆွဲထားတဲ့ မျက်ခုံးမွှေးကလည်း တဖက်နဲ့တဖက် မညီလိုက်တာ အစ်မရယ်။ တခါမှ မလုပ်ဖူးမှန်း သိသာလိုက်တာ။ သနပ်ခါးကလည်း လယ်ထဲ ကောက်စိုက်ဆင်းမှာမှ မဟုတ်တာ။ ဒီလောက် ပျစ်ထူကြီး လိမ်းစရာ မလိုပါဘူး။ အဲဒါမှ ပြူးတူးပြဲတဲ ဖြစ်ပြီး လူပို သတိထားမိဦးမယ်”
မနေနိုင် မထိုင်နိုင် ၀ိုင်းပြုပြင် ပေးလိုက်ကြတာကို ငြိမ်ခံပြီးမှ သူ လှေဆိပ် ဆင်းလာခဲ့ခြင်း ဖြစ်သည်။ ပတ်ထားသည့် နာရီကိုလည်း “ဒါကြီးနဲ့ဆို စက်ရုံ အလုပ်လုပ်တာနဲ့ မတူဘူး” ဆိုကာ ချွတ်ထားလိုက်ကြသည်။
“ဟာ ဒါ ဘယ်လောက်မှ မပေးရပါဘူး။ ၀ယ်တုန်းက ဘတ် ၂၀၀ တောင် မပြည့်ဘူး”
“ဈေးကြီးတာ ပေါတာနဲ့ မဆိုင်ဘူး။ တိုင်ကပ်နာရီေ လာက်ကြီးတဲ့ ဒီလိုနာရီမျိုး ဘယ် အလုပ်သမား မိန်းကလေးမှ မပတ်ဘူး။ ယုတ္တိ ရှိအောင်လည်း လုပ်မှပေါ့”
ပေးသမျှ အကြံတွေကို သည်းခံ နားထောင်ပြီး လှေဆိပ်ဆင်း၊ ဈေးရောင်း ပြန်လာကြသည့် ဈေးသည်အုပ်နှင့် ရောပြီး လှေပေါ် လိုက်လာခဲ့သည်မှ ခု မြန်မာပြည်ဘက်ခြမ်း နင်းမိသည် အထိတော့ အဖုအထစ် မရှိသေးချေ။
“ရော့ ကလေးမ။ အော် အရေးထဲ ငေးနေရသေးတယ်။ မြန်မြန် ပေးလိုက်။ အိမ်မပြန်ချင်တာ ကျရော”
“အခု အိမ်ပြန် ရောက်လာတာလေ အဒေါ်” ဟူသည့် စကားကို စိတ်ထဲကသာ တုံ့ပြန်ရင်း အမယ်ကြီး ပေးနေသည့် ခြင်္သေ့ရုပ် စက�ူတွေကို လှမ်းယူကာ ဂိတ်စောင့် လက်ထဲ နှစ်ရာတန် တရွက် ရွေးထည့်ပေးလိုက်၏။ မှတ်ပုံတင်တွေ ဘာတွေ တောင်းပြီး ရုပ်နဲ့ တူ၊ မတူ တိုက်စစ်ဦးမလားဟု ပူပန်မိသော်လည်း တန်းစီ တိုးဝင်လာသမျှ လူတွေဆီက ပိုက်ဆံယူချည်၊ ပြန်အမ်းချည်နှင့် ဗျာများနေသော ဂိတ်စောင့် နှစ်ယောက်လုံးက ဘာကိုမှ ဂရုစိုက် အားပုံမရ။
သွပ်ဆူးကြိုးဂိတ်ကို ဖြတ်ပြီး ဆက်လျှောက်လာခဲ့သည်။ မြစ်ကမ်းပါးကို လွန်ခဲ့ပြီမို့ မြန်မာ့မြေ၏ အတွင်းပိုင်း ပြန်ရောက်ပြီ။
အငှား ဆိုင်ကယ်သမားများက ကမ်းပါးက တက်လာသည့် လူအုပ်ကို “လိုက်မလား မြို့ထဲ” ဟု မေးသူမေး၊ မျက်လုံးဖြင့် ခရီးသည် မျှော်သူမျှော် ဗျာများနေသည်။ လမ်းမကျွမ်းသဖြင့် ဆိုင်ကယ် ငှားသင့်ကြောင်း သတိဝင်လာ၏။
“မြို့ထဲကိုလား”
သူ့ဆိုင်ကယ်ရှေ့ ရပ်မိသဖြင့် ဆိုင်ကယ်သမား တယောက်က လှမ်းမေးသည်။ ခေါင်းညိတ်ပြတော့ ဆိုင်ကယ်ဦးထုပ် လှမ်းပေးပြီး နောက်က တက်လိုက်ဖို့  လက်ညှိုးညွှန်လေသည်။
“ဈေးကိုအရင် ပို့ပေးပါ။ ဒီည ဒီဘက်မှာ ပွဲရှိသေးလား”
“ဖိုးချစ်ပွဲ သုံးညဆက်ကတာ မနေ့ကမှ ပြီးသွားပြီဗျ။ လာမကြည့်ဘူးလား။ တော်လိုက်တဲ့မင်းသား။ ကျနော်တော့ အညာသားမို့လား မသိဘူး၊ ဇာတ်ဆို စတိတ်ရှိုးထက် ပိုကြိုက်တယ်”
“ကျမ မကြည့်လိုက်ရဘူး။ မဲဆောက် ဈေးထဲမှာတော့ အရင်ရက်တွေက တချို့ ဈေးသည်တွေတောင် စောစော သိမ်းတယ်။ ဖိုးချစ် သွားကြည့်ချင်လို့တဲ့”
“ဟာ မဲဆောက်က ပြိုဆင်းလာတာ လူတွေ မနည်းဘူး။ နောက်ဆို လာဖြစ်အောင် လာကြည့်စမ်းပါဗျ။ ဟိုဘက်ကမ်းမှာ ကွတ်တီယို ဘယ်လောက် ကောင်းကောင်း၊ ဒီဘက်က ဘူးသီးကြော်လည်း မမေ့မှပေါ့”
မြန်မာလူမျိုး နှစ်ယောက်၏ ရယ်သံက လမ်းကြမ်းကြမ်းပေါ် ပြေးနေသည့် ဆိုင်ကယ်စက်သံ တဝေါဝေါထဲမှာ လုံးထွေးသွား၏။ ကတ္တရာလမ်းပေါ်က ရှောင်မလွတ်နိုင်သည့် ကျင်းတွေ၊ ချိုင့်ငယ်တွေပေါ် ဖြတ်မောင်းမိတိုင်း ဆိုင်ကယ်က ဒုတ်ခနဲ၊ ဒုတ်ခနဲ ခုန်တက်ချည်၊ နိမ့်ဆင်းချည်။ ရိုးနေပုံရသည့် ဆိုင်ကယ်သမား ကတော့ နည်းနည်းမှ ဖြုံပုံ မပြချေ။
“အလုပ်နားလို့ ဒီဘက် လာလည်တာလား”
စက်ရှိန် ခဏ လျှော့ခိုက် ဆိုင်ကယ်ဆရာက မေးခွန်းထုတ်သည်။ ဆိုက်ကား စီးစီး၊ ကားစင်းလုံး ငှားငှား ခရီးသည်နှင့် ယာဉ်မောင်းသူ အပြန်အလှန် စကားလက်ဆုံ ကျတတ်သည့် မြန်မာပြည်၏ ထုံးစံ ဓလေ့ကို ပြန်ထိတွေ့ ရပြီ။
“ခဏတဖြုတ် အလည် ဆိုပါတော့။ ကျမ နာရီနဲ့ ငှားမယ်နော်။ မြို့ထဲ ပတ်ကြည့်ချင်လို့”
“ပြန်လာလည်တာဆို ဘယ်မှမသွားခင် ဘုရားအရင်ဖူးဖို့ ကောင်းတယ်ဗျ။ ကျုပ်တော့ ဘယ်အရပ် ရောက်ရောက် ဆွေမျိုး နှုတ်မဆက်ခင်တောင် ဘုရားတော့ အရင် ဦးတိုက်လိုက်ရမှ”
ဆိုင်ကယ်ဆရာ ပြောပုံက အညာလေ အပြည့်။ နဂါးရုံ ဘုရားဟု ကမ္ဗည်း ထိုးထားသော ဘုရားတဆူ ရှေ့ရောက်တော့ “၀င်ဖူးဦးမလား။ ဘုရားဖူးရင်း ပိုက်ဆံလည်း စောင်းတန်းမှာ လဲလို့ရတယ်” ဟု အကြံပေးသည်။
“ဒါဆို ခဏရပ်ပေးပါ။ ကျမ မြန်မာငွေ လဲလိုက်ချင်လို့”
“ရတယ်။ ငွေလဲတာလည်း လဲပေါ့။ ဘုရားလည်း တက်ကန်တော့ ခဲ့ပါဦး။ ဘယ်အရပ် ရောက်ရောက် မြန်မာ စရိုက်တော့ မပျောက်စေနဲ့ဗျ။ ဘုရားမေ့ တရားမေ့ဆို လူက ပျက်စီးလွယ်တယ်”
ရွယ်တူလောက် ဖြစ်ပုံရသော ဆိုင်ကယ်သမား ကိုအညာသားက အပျော်အပါး ပေါသည့် တဖက်နိုင်ငံမှာ အလုပ် သွားလုပ်သူတွေ အမျိုးဘာသာ မေ့မှာ ပူတတ်ပုံ ရသည်။ သဘောကျစွာ ကျိတ်ပြုံးရင်း “ငွေလဲသည်” ဟု စာတန်း ထောင်ထားသော စောင်းတန်းက ပန်းဆိုင်ကို အရင်ဝင်၊ ကိစ္စပြီးမှ ဆွဲလဲသံများ ခေါ်ရာ ရင်ပြင်တော်ဆီ တက်လာခဲ့သည်။
ဧရာမ မနုဿီဟ ရုပ်ကြီးတွေ၊ ခေါင်းလောင်းကြီးတွေ၊ ရွှေရောင် ထုံးရောင် တ၀င်းဝင်း စေတီပုထိုးတွေနှင့် မြန်မာပြည်ကို ပြန်တွေ့ရပြီ။
အနီးဆုံး ဗုဒ္ဓ ရုပ်ပွားတော်ရှေ့ ဒူးထောက်ချခိုက်မှာ ခပ်လှမ်းလှမ်းက ရေအိုးစင်နား ထိုင်နေသူ နှစ်ယောက် ပုံရိပ်က မျက်လုံးထဲ ၀င်လာသည်။ ၀တ်ထားသည့် တီရှပ်ကိုယ်စီ၏ ရင်ဘတ်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံက အထင်းသား။
ဒါ လှေပေါ်မှာ တွေ့ခဲ့သည့် မာချဉ်ချဉ် မျက်နှာနှင့် နှစ်ယောက်မှန်း ချက်ချင်း မှတ်မိလိုက်သည်။ လှေပေါ်မှာ ကတည်းက သတိထားမိသား။ ဒီဘက်ကမ်းကို ဒီအ၀တ်အစားနှင့် ဘယ်သူမှ ကူးမလာရဲ။ ဒါတွေဝတ်ပြီး အတင့်ရဲစွာ ပြန်လာသူသည် ထောက်လှမ်းရေးမှ တပါး အခြားမဖြစ်နိုင်။
မျက်လွှာချပြီး သိမ်မွေ့စွာ ပြုံးတော်မူနေသည့် ရုပ်ပွားတော်ကို ခပ်သွက်သွက် ဦးချကာ ထရပ်လိုက်ရသည်။ အဆင်းတန်ဆောင်းဘက် ဦးလှည့်ရင်း လှမ်းအကဲခတ်သည်။ နှစ်ယောက်လုံးကတော့ သူ့ကို ဂရုတောင် စိုက်မိပုံ မပေါ်။ နေစောင်းချိန်မှာ ထိုးကျနေသည့် စေတီရိပ်အောက် အေးအေးလူလူ နားရင်း စကားလက်ဆုံ ကျလျက်။
တန်ဆောင်းက ဆင်းလာတာ မြင်တော့ ဆိုင်ကယ်ကို ကိုယ်တပိုင်းမှီလျက် စောင့်နေသည့် ဆိုင်ကယ်ဆရာက ခပ်သွက်သွက် စက်နှိုးသည်။
“ဈေးမပို့ခင် မြို့ထဲ ဟိုနားဒီနား အရင် ပတ်မောင်းပေးပါလား။ ကျမ ဒီဘက် ပြန်မရောက်ဖြစ်တာ နည်းနည်းကြာတော့ လျှောက်ကြည့်ချင်လို့”
အဖြူအစိမ်းဝတ် ကျောင်းသားကလေးငယ် တသိုက်က ဆိုင်ကယ်ရှေ့ အတင့်ရဲစွာ ဖြတ်ပြေးလာသည်။ ဆိုင်ကယ်ဆရာက ကျွမ်းကျင်စွာ ရှောင်တိမ်းသည်။
“ရဲလိုက်တဲ့ ကလေးတွေ။ ကျမသာဆို လမ်းလျှောက် လာရင်တောင် ၀င်တိုက်မိမှာ”
“မောင်းတဲ့ လူကြီးက ရှောင်ရမှာပဲ။ ကလေးကတော့ အပြစ်တင်လို့ မရဘူးဗျ။ သူတို့ လျှောက်ဖို့ ပလက်ဖောင်း ကျကျနန ရှိရင်တော့ လမ်းပေါ်တက်လျှောက်တဲ့ သူတို့ အပြစ်ပေါ့။ ဒီမှာက ဒီလမ်းကိုပဲ ကားရော၊ ဆိုင်ကယ်ရော၊ ဆိုက်ကားရော၊ မီးသွေးလှည်းရော၊ လူရော အကုန်သုံးနေရတာ၊ မျှမျှတတ ပေါ့ဗျာ”
လမ်းပေါ်မှာ ယာဉ်ဗျောက်သောက်၊ လူဗျောက်သောက် သွားလာနေပုံကို အပေါ်ယံ ကြည့်လျှင် စည်းကမ်း မဲ့သည်ဟု မြင်ရမည့် လူမျိုး တမျိုးဆီမှ လှပသော စည်းကမ်းများကို ဆိုင်ကယ်ဆရာ့ စကားထဲမှာ သူ တွေ့လိုက်ရသည်။
“ဘက်ထရီအိုး ဖြည့်သည်၊ ရေဒီယို ကက်ဆက် ပြင်သည်” ဟု စာတန်းထိုးထားသော ဆိုင်တွေ၊ “ထုတ်ကုန် နှစ်ဆ စိုက်ပျိုးကြ” ဟု ဧရာမ စာလုံးကြီးများဖြင့် ရေးထားသည့် မြေစိုက် ပိုစတာတွေရှေ့မှ ဆိုင်ကယ် ဖြတ်ပြေး နေသည်။ ဟိုဘက်ကမ်းနှင့် ခြားနားလှသော ကျင်းချိုင့် ထူပြောသည့် လမ်းများပေါ်မှာ ဆိုက်ကားတွေလည်း ပေါများစွာ တွေ့ရ၏။ “နှစ် ၅၀ လောက် နောက်ပြန်လှည့် လိုက်ရသလိုပဲ” ဟု မြန်မာပြည်က ပြန်လာသည့် ဥရောပသား မိတ်ဆွေ တယောက်က မှတ်ချက်ချတော့ “ကိုယ်မမွေးခင် နှစ်တွေကို ပြန်ရောက်ဖူးတယ် ဆိုတာ နည်းတဲ့ ကုသိုလ်လား” ဟု ခွန်းတုံ့မခံ ကလိခဲ့ဖူးသည်။
“ထမင်းစားဖို့ ဆိုရင်တော့ မြ၀တီမှာ ဒီဆိုင် အကောင်းဆုံးပဲ။ တခါတလေ တွင်းအောင်းသားတောင် ရတယ်”
နောက်မှာ ကျန်ခဲ့သည့် တဲရှည်တခုကို ညွှန်ပြရင်း ချီးမွမ်းစကားဆိုသည်။ စက်ရုံ အလုပ်သမားပုံမို့ ဈေး သိပ်မကြီးသည့် ဆိုင်ကို နတ်လမ်းညွှန်လိုပုံ ရသည်။
“လမ်းဘေးဆိုင်မှာ စားချင်တယ်။ ခုံပုလေးတွေနဲ့။ မှာရင် ပန်းကန်ထဲ တခါထဲ ရောပုံပေးတဲ့ ဆိုင်လေးတွေ မရှိဘူးလား”
“အဲဒါက ကုန်ကားဂိတ် နားမှာဗျ။ ဒီအချိန်ဆို ရှိသေးတယ်။ အခု သွားချင်လို့လား”
“သွားမယ်” ဟု ချက်ချင်း တုံ့ပြန်တော့ မြို့ထဲ ဟိုဟိုဒီဒီ ပတ်မောင်းပေးနေသည့် ဆိုင်ကယ်ဆရာက လမ်းကြောင်းပြောင်းသည်။
တွေ့ရပြီ။ သူမြင်ချင်သည့် အမိုးအကာမဲ့ လမ်းဘေးဆိုင်လေးတွေ။ ပျံကျ အလုပ်သမားတွေ အားပေးနေကျ ဆိုင်မျိုး။
“လက်ရာတွေက သိပ်မကွာပါဘူး။ ဈေးလည်း အတူတူပဲ။ ဟိုအစွန်ဆုံးဆိုင် ၀င်ပါလား။ အဲဒီ ကလေးမအေက ရှေ့လ မီးဖွားတော့မှာ။ သူ့အားပေးတာ မီးနေခ ကူသလိုပေါ့”
ဆိုင်ကယ်ဆရာ အညာသား ကရုဏာ သက်သည့် ကလေးအမေဆိုင်မှာ ၀င်ထိုင်လိုက်သည်။ စက်သတ်ပြီးစ ဆိုင်ကယ်ကို မှီ၍ စောင့်ကျန်ခဲ့သဖြင့် “လာပြီး တခါတည်း ၀င်စားပါ” ဟု ဖိတ်မန္တက ပြုရသည်။
“စားပါ။ ကျနော်က အိမ်ရောက်မှ စားနေကျ။ မိန်းမက အပြင်မှာ စားလာလို့ သူချက်တာ စားမ၀င်ရင် စိတ်ကောင်းတာ မဟုတ်ဘူး”
လက်လုပ်လက်စားတွေ အားပေးတတ်သည့် ဆိုင်လေးတွေမို့ စားဖို့ ဇွတ်ခေါ်လို့ ကောင်းပါ့မလား စဉ်းစားရသည်။ သို့သော် ဆိုင်ကယ်ဆရာ၏ မတောက်ပြောင်လှသော ၀တ်စားပုံ သွင်ပြင်နှင့် ဆိုင်လေးတွေနှင့် တရင်းတနှီး ရှိနေပုံကို အကဲခတ်ကြည့်လျှင် ဒီထမင်း ဟင်းမျိုးနှင့် ကင်းကွာပုံ မပေါ်။
“မလုပ်ပါနဲ့။ နည်းနည်းဖြစ်ဖြစ် ၀င်တော့ စားလိုက်ပါ။ တပန်းကန် ပိုရောင်းရ နည်းလား”
အားနာမျက်နှာနှင့် ဇွတ်ငြင်း နေသဖြင့် ဆိုင်ရှင်ကို ထမင်းနှစ် ပန်းကန် တခါတည်း ထည့်ခိုင်းပြီး အတင်း ခေါ်ယူရသည်။ ကိုယ်ဝန် အရင့်အမာနှင့် ဆိုင်ရှင် မိန်းကလေး ဘေးမှာ ဘုစုခရု နှစ်ကောင်က ငုတ်တုတ်။
“ဘာနဲ့ ပုံမလဲ အစ်မ။ ကြက်၊ ၀က်၊ ဘဲဥ၊ ပဲကုလားဟင်း ရမယ်”
သံပန်းကန်ပြား နှစ်ချပ်ပေါ် ပုံထည့်ထားသည့် ထမင်းက ဆန်ကြမ်းမှန်း နည်းနည်းတော့ သိသာသည်။ စားပွဲပေါ်မှာ တန်းစီနေသည့် ဒန်အိုးတွေထဲမှ ဆီရောင် နီရဲနေသည့် ဟင်းမျိုးစုံကို တချက် ကြည့်သည်။ အဆီများများနှင့် ၀က်သား သုံးထပ်သားက တအိုး၊ တောင်ပံနှင့် လည်ချောင်းရိုး အဓိက ဖြစ်ပုံရသော ကြက်သားက တအိုး၊ ဘဲဥခြမ်းကလေးတွေ ဆီပေါ် ပေါလောမျောနေသည့် ဘဲဥဟင်းက တအိုး။ ပဲဟင်းအိုးပေါ်မှာက ချဉ်ပေါင်ကြော်ကို လင်ပန်းနှင့် ဖြန့်ခင်းထားသည်။
ထမင်းပေါ် ဟင်းပုံထည့်ပေးဖို့ အသင့်စောင့်နေသည့် ကိုယ်ဝန်ဆောင် မိခင်ကို ဆိုင်ကယ် ဆရာက “၀က်သား” ဟု အဖြေပေးသည်။ သုံးထပ်သား ကြီးကြီးတတုံးကို ထမင်းပေါ်တင်ပြီး အရည်ကျဲ နှစ်ဇွန်းခန့် ဆမ်းပေးလေသည်။
“ကျမကို ဘဲဥနဲ့ ပေးပါ။ ပဲကုလားဟင်းရယ်၊ ချဉ်ပေါင်ကြော်ရယ်က နှစ်ပွဲစီ၊ ဒီက ဆရာကြီးဖို့ရော”
“ရမယ် အစ်မ”
ဘဲဥ တခြမ်းနှင့် ထုံးစံအတိုင်း ဖြစ်ပုံရသော ဟင်းရည် နှစ်ဇွန်း။ ကလေးအမေ ဟင်းအိုးတွေပေါ်မှ ကျော်၍ ကမ်းပေးနေတာ မမှီသဖြင့် ငါးနှစ်ရွယ် သားအကြီးလေးက “ပေး အမေ” ဆိုကာ သူ့အမေဆီက ယူပြီး စားပွဲကို ပတ်၍ လာပို့သည်။
“မဗိုက်ရယ်၊ နင့်ဟင်းကလည်း ကြာလေ အရည်ကျဲလာလေပဲ။ တော်နေ ရေနွေးကြမ်းနဲ့တောင် မှားမယ်”
အင်္ကျီကျွတ်နှင့် လုံချည်တိုတို ၀တ်ကာ တရှူးရှူး စားနေသည့် တယောက်က မှတ်ချက်ချသည်။
“ဒီတယောက် မမွေးမချင်းတော့ သည်းခံကြပါတော်။ ဆိုင်ရင်းဖို့ ထားတာတွေက ဆေးခန်းပြတဲ့ အထဲ ရောက်ကုန်လို့ပါ”
သူ့ ဟင်းလက်ရာ ညံ့လာမှန်း ဆိုင်ရှင်ကလည်း မဖုံးမဖိ ၀န်ခံသည်။
“ဆေးခန်းလည်း ပြ။ လူလည်း အားရှိအောင် စားဦးဟ။ နင်က ထမင်းသာ ရောင်းနေတာ။ နင့်ကြည့်တော့ ဗိုက်တနေရာက လွဲရင် တကိုယ်လုံး အရိုးချည်းပဲ”
“အားရှိအောင် စားဖို့က ဆရာဝန် ပြောတာလည်း ကြည့်ဦးတော့။ သံဓာတ်နည်းတယ်။ နို့နဲ့ ကြက်ဥ များများ သောက်ပေး တဲ့။ ကြက်ဥက တလုံး ၉၀ ရယ်။ ထမင်းနဲ့တောင် တလုံးပြည့်အောင် မစားရက်တာ။ နို့ကျတော့လည်း ကိုယ့်ကလေးတွေ ရှေ့ထားပြီး ကိုယ်က မျိုဆို့နေလို့ ဖြစ်မလား”
“ဟဲ့ နင်မျိုဆို့ရတာလည်း နင့်အတွက်မှ မဟုတ်တာ။ ဗိုက်ထဲက အကောင်အတွက်ပဲ”
အလုပ်ကြမ်းသမား ဖြစ်ပုံရသော ဖောက်သည်က ဟင်းအကြောင်း တခွန်းမှ မဝေဖန်တော့ဘဲ အားဖြစ်အောင် စားဖို့ အကြောင်းသာ ကလေးမိခင်ကို သြ၀ါဒ ချွေနေသည်။ ပြီး သူ့ ပန်းကန်ထဲက ထမင်းကို လက်စသတ်ကာ ခါးပုံစထဲက ပိုက်ဆံအနွမ်း တချို့ ထုတ်ပေးသည်။
“ကိုဝတုတ်က အိမ်မိုးရဦးမယ်ဆို။ ခု မလွယ်ရင် မပေးနဲ့ဦးလေ။ အိမ်မိုးပြီးမှ စုပေးပေါ့”
“ယူမှာ ယူစမ်းပါ မဗိုက်ရယ်။ ငါလည်း အကြွေး ပြန်စားချင်လို့ နင့်ဗိုက် မြန်မြန်မွေးဖို့ပဲ စောင့်နေတာ။ ခုတော့ ယူထားဦး”
ပရိယာယ်မပါ ဘွင်းဘွင်းကြီး ပြောနေသည့် အပြန်အလှန် စကားထဲမှာ စီးကျနေသည့် စာနာမှုတွေ၊ ဖေးမလိုစိတ်တွေက အထင်းသား။ ဆန်ကြမ်းကြမ်းကို ဘဲဥ ဟင်းရည်ကျဲနှင့် ရောနယ်ကာ စားရသည့် ထမင်းက ပိုပြီး မြိန်ယှက်လာသည်။ ရှေ့မှာ ချပေးထားသည့် ငါးပိရည်ခွက်ထဲက ငရုတ်သီးမှုန့်ပေါလော ငါးပိရည်ကို အပေါ်က ထပ်ဆမ်း၊ ထမင်းထဲ သခွားသီးစိမ်းနှင့် ကန်စွန်းရွက်ပြုတ် မြှုပ်ကာ စားလိုက်ရတော့ နရသီဟပတေ့မင်း၏ ဟင်းခွက် ငါးရာကိုပင် ဒီလောက် ခံတွင်း လိုက်နိုင်ပါ့မလား စိန်ခေါ် ချင်သည်။
စားသောက်ပြီး၍ ဆိုင်ကလေးက ထလာကြတော့ “ဈေးပိတ်တော့မယ်။ ဈေးဆက်သွားမယ် မဟုတ်လား” ဟု ဆိုင်ကယ် ဆရာက မေးခွန်း ထုတ်သည်။
“ဟာ ဟေ့လူ ကိုထိန်၊ ခင်ဗျား လိုက်ရှာနေတာ”
ဘေးမှာ ဝေါခနဲ ထိုးရပ်လာသည့် ဆိုင်ကယ် တစီးပေါ်က အသံ။ ဆိုင်ကယ်ပေါ်က ခပ်သွက်သွက် ဆင်းလာသည့် လူက “ဆေးခန်း လိုက်သွားတော့။ ထုံးစံအတိုင်းပဲ ခင်ဗျားအမေ သွေးတိုးနေလို့” ဟု သတင်းပေးသည်။
“ထုံးစံအတိုင်း” ဆိုသော်လည်း စိုးရိမ် သောကနှင့် ပျာယာခတ် သွားပုံရသည့် ဆိုင်ကယ် ဆရာကို စာနာစွာဖြင့် “လိုက်သွားပါ။ ကျမ တခြားဆိုင်ကယ်နဲ့ ဆက်သွားလို့ ရတယ်” ဟု ပြောကာ ကျမည့်ငွေ ထုတ်ရှင်းပေးလိုက်သည်။ ဆိုင်ကယ်ဆရာကတော့ “ဆေးခန်းရောက်တော့ သတိပြန်ရ လာပြီဗျ။ သိပ်တော့ မစိုးရိမ် ရပါဘူး” ဟု ရှင်းပြနေသည့် သတင်း လာပြောသူကို “ကျနော့် ပါစင်ဂျာ ခင်ဗျား ဆက်ပို့ပေးလိုက်ပါဗျာ” ဟု လက်လွှဲကာ ဆိုင်ကယ်စက်ကုန် ဖွင့်၍ သုတ်ခြေတင် လေပြီ။
“မိုးချုပ်တော့မယ်။ ကျမ ဆက်မသွားတော့ဘူး။ တည်းခိုခန်း တခုခု ပို့ပေးပါလား”
“အသိအိမ် မရှိဘူးလား။ တချို့တည်းခိုခန်းတွေက မိန်းကလေး တယောက်ထဲ တည်းလို့ မကောင်းဘူးဗျ”
“အဲ ကောင်းတဲ့ တည်းခိုခန်း တခုခုပေါ့။ သန့်တဲ့နေရာတော့ ရှိမှာပါ”
“ဒီဘက် လာတာ မြ၀တီအထိပဲလား။ အောက် ဆက်ဆင်းဦးမှာလား”
ဆိုင်ကယ်သမား ကိုစပ်စုက မေးခွန်း ထုတ်နေသည်။ “အောက်ဆက် ဆင်းဦးမှာလား” ဆိုသည့် မေးခွန်းက ဘားအံ၊ ဒါမှမဟုတ် ရန်ကုန်၊ ပဲခူး စသည့် အတွင်းပိုင်းအထိ ပြန်မှာလားဟု အဓိပ္ပာယ် ရလေသည်။ မပြောဘဲ ထားရင် ကောင်းမလား။ ဒါပေမဲ့ မနက်လင်းလို့ ခရီးဆက် ထွက်လျှင်လည်း ကားဂိတ်ကို ဒီဆိုင်ကယ် သမားတွေပဲ ပို့ခိုင်းရမှာမို့ ဖုံးထားလျှင် နောက်ပိုင်း ပို မသင်္ကာစရာ ဖြစ်မည် ထင်သည်။
“ဘားအံ တက်မလို့။ ခဏပါပဲ”
“အလည်လာတာ ဆိုရင်တော့ နောက်ရက်တွေမှ လာတာ ကောင်းတယ်။ ဒီရက်ပိုင်း တည်းခိုခန်းတွေလည်း အစစ်အဆေးက အရမ်းကြမ်းနေတာ။ အတက်အဆင်းဂိတ်တွေမှာလည်း ဆပ်ပလိုင်း ချက် (ဆာပရိုက်စ် ချက်) တွေ ခဏခဏ လုပ်တယ်။ ဘယ်နေ့က ဒီဘက်ရောက်လဲ”
ဆိုင်ကယ်သမားက ဘာမှ စ’မပြောရသေးခင်မှာကို တက်သည့် လူလား၊ ဆင်းမည့် လူလား ခွဲသိနေမှန်း သတိပြုမိသည်။ အင်းလေ၊ ခရီးသည်ပုံစံ ကြည့်လိုက်တာနဲ့ သူတို့ သိတဲ့နည်းတော့ ရှိရင် ရှိမှာပေါ့။ ထိုင်းဘက်က ရဲတွေဆိုလည်း လူကြည့်လိုက်လျှင် မြန်မာလား၊ ထိုင်းလား ခွဲနိုင်သည်ဟု ခဏခဏ ပြောသံကြားသည်။
“ဒီနေ့ပဲ ရောက်တာ။ ကျမကို တည်းခိုခန်း အရင် ပို့ပေးပါဦး။ မိန်းမ တယောက်တည်းလည်း တည်းလို့ ကောင်းတဲ့ နေရာမျိုးပေါ့”
ဆိုင်ကယ်သမား ခဏ တိတ်ဆိတ် နေသည်။ ပြီးမှ အသံ ထွက်လာသည်။
“ခင်ဗျား ပြန်ရင် ကောင်းမယ်။ ခင်ဗျားကို ကျနော်တောင် မှတ်မိတယ်”
ရင်ထဲ ဒိုင်းခနဲ ဖြစ်သွားသည်။ ဆိုင်ကယ်ပေါ်က ခုန်ချဆင်းရ ကောင်းမလားတောင် တွေးမိ၏။ သို့သော် ဒီအချိန်မှာ တည်ငြိမ်စွာ ဆက်ရင်ဆိုင်တာက အကောင်းဆုံး ဖြစ်လိမ့်မည်။
“ဘာကို ပြောချင်တာလဲ”
“နှစ်နှစ်လောက် ရှိပြီ။ ဒါပေမဲ့ ခင်ဗျားရုပ်က သိပ်မပြောင်းလို့ ကျနော် မှတ်မိတာ။ မိုင်းနင်းမိတဲ့ သူရကို မယ်တော်ဆေးခန်းမှာ ခင်ဗျား လာလာတွေ့တုန်းကလေ။ အဲဒီတုန်းက ခင်ဗျားတို့ အဖွဲ့ထဲက ခင်ဗျား သူငယ်ချင်းတွေလည်း ပါလာတယ်”
အေဘီအက်စ်ဒီအက်ဖ်က မိုင်းထိ ရဲဘော်ကို ဆိုလိုမှန်း ပြန်မှတ်မိ လိုက်သည်။ ခြေတဖက် ဆုံးရှုံးရသည့် အသက် ၂၀ ပြည့်စ ရဲဘော်ကလေးကို သွားအားပေးရင်း မယ်တော် ဆေးခန်းကို အ၀င်အထွက် စိပ်ဖြစ်သည့် လွန်ခဲ့သော နှစ်နှစ်ကျော် ကာလတွေ။ မယ်တော်ဆေးခန်းက ဘားအံ မြ၀တီ ဘက်ကရော၊ ထိုင်းဘက်မှာ အလုပ် လုပ်နေသူတွေရော ရပ်ဆွေရပ်မျိုး ဆေးခန်းလို အားကိုး နေကျမို့ အ၀င်အထွက် လူပေါင်းစုံ လေသည်။
“နောက်ပိုင်းတော့ ကျနော် မတွေ့ဖြစ်တော့ပါဘူး”
ဆိုင်ကယ်သမား စကားဆက်သည်။ သူ ကမ္ဘာ့ တဘက်ခြမ်း ထွက်သွားတာကို ထုတ်မပြောဘဲ ငြိမ်၍ ဆက်နားထောင် နေမိသည်။
“ဒါပေမဲ့ ခင်ဗျား ဟိုဘက်မှာ အဖွဲ့တွေနဲ့ နေတာဆို တခြား လူတွေလည်း မြင်ဖူးမှာပဲ။ ဟိုဘက်မှာ အလုပ်သွား လုပ်လိုက်၊ ဒီဘက် ပြန်လာနေလိုက် လုပ်နေတဲ့ လူတွေ မြ၀တီမှာ အများကြီး။ ခင်ဗျား ဘားအံတက်ရင် ပိုတောင် အန္တရာယ် ကြီးလိမ့်မယ်။ ကားပေါ်မှာ အသိနဲ့ မတိုးဘူး မပြောနိုင်ဘူး”
ဆိုင်ကယ်သမားက တခွန်းချင်း ပြောရင်း ဆိုင်ကယ်ကို ကမ်းနားဘက် ဦးလှည့်မောင်းနေမှန်း သတိပြုမိ၏။
“ကျနော် လှေဆိပ် လိုက်ပို့ ပေးမယ်နော်။ ဒီအချိန် နောက်ဆုံးထွက်မယ့်လှေ မီနိုင်သေးတယ်”
သူ ဘာမှ ဆက်မပြောနိုင်တော့။ ဆိုင်ကယ်သမားသည် အတင့်ရဲစွာ မြစ်ကိုကူးလာသည့် မိုက်တိမိုက်ကန်း တယောက်ကို သူ့သဘောနှင့်သူ ပြန်ပို့ ကူညီဖို့ ကြိုးစားနေပြီ။
သံဆူးကြိုးပေါက်မှာ ၀ါးတံခါး တပ်ထားသည့် စစ်ဆေးရေး ဂိတ်အနီး ဆိုင်ကယ်ကို ရပ်သည်။ ဂိတ်ဝကနေ လှမ်းမြင်နေရသော ထွက်ခါနီး လှေကို “ဟိုးထား၊ တယောက်လိုက်ဦးမယ်” ဟု ၀မ်းခေါင်းသံနှင့် လှမ်းအော် တားမြစ်သည်။
လှမ်းမြင်နေရသော ကင်းတဲမှ သေနတ်ကိုင် စစ်သားအစောင့်တွေကို နောက်ဆုံးတချက် ဝေ့ကြည့်လိုက်ရင်း ဒီနားအထိ ဘေးမသီ ရန်မခ ပြန်ရောက်လာတာကို အံ့သြဖို့ သတိရသည်။ ဂိတ်ပေါက်ကို ဖြတ်ကာ ကမ်းစပ် ဆင်းလာတော့ သူ့အစား စိတ်လှုပ်ရှား ပူပန်နေပုံရသော ဆိုင်ကယ်သမားက နောက်က စောင့်ကြပ် လိုက်ပါလာသည်။
ဆိုင်ကယ်ခ ထုတ်ပေးတာကို လုံးဝ မယူသဖြင့် အင်္ကျီအိတ်ထဲ ထိုးထည့်လိုက်ရသည်။
“လှေပေါ် မြန်မြန်တက်ပါ။ နောက်လည်း ဒီလို မလာချင်ပါနဲ့ဗျာ။ ဘာမှအကျိုးမရှိဘဲ ဘာလို့ လုပ်ချင်တာလဲ။ သွားတော့။ နောက် ဒီလို မလာပါနဲ့တော့”
အပ်ကြောင်းထပ်အောင် မှာကြားပြီးမှ သူ့ကို ကျောခိုင်းကာ ကမ်းပေါ်ပြန်တက်ပြီး ဂိတ်တဖက်ခြမ်း ၀င်ရောက် ပျောက်ကွယ်သွားသည်။
မထွက်သေးဘဲ စောင့်နေသည့် လှေပေါ် လှမ်းအတက်မှာ မြန်မာနိုင်ငံမြေက ခွါရပြန်ပြီ ဟူသော အသိကို စိတ်ထဲ နာနာကြည်းကြည်း ခံစား လိုက်ရ၏။ စစ်ရှုံး စစ်သား တယောက်၏ နာကြည်းမှု၊ နာကျင်မှုများ။ ဒီဝေဒနာကို မြန်မာနိုင်ငံကို စွန့်ခွါ ဆုံးရှုံးခဲ့ဖူးသည့် မြန်မာလူမျိုးများသာ နားလည် နိုင်ပါလိမ့်မည်။
X X X
မြန်မာပြည်ဘက်အခြမ်းကို မခွဲခင် နောက်ဆုံး ဓာတ်ပုံ ရိုက်ယူဖို့ သတိဝင်လာ၏။ လှေသမားက လှေထွက်ခါနီးမှ မော်တာစက် နှိုးမရသဖြင့် ဟိုနှိုက် ဒီလှည့် လုပ်နေရဆဲ။
ဖုန်းကင်မရာကို ဆွဲထုတ်ကာ ကမ်းပါးထိပ်မှာ ဈေးရောင်းနေသည့် အုန်းနို့ သာကူသည်နှင့် ဆော့ကစားနေသည့် အင်္ကျီကျွတ် ကလေးတွေ အပါအ၀င် သူ့နိုင်ငံ မြင်ကွင်းကို ရသလောက် ရိုက်ယူသည်။
“အဒေါ့်ဖုန်းက ဓာတ်ပုံရိုက်လို့ရလား”
ကမ်းပေါ်က ကလေးနှစ်ယောက် ပြေးဆင်းလာပြီး စိတ်ဝင်စားစွာ မေး၏။ ဒီခေတ်မှာ ဈေးမကြီးတော့သော ကင်မရာ ဖုန်းကအစ အထူးအဆန်း ဖြစ်နေသည့် ကလေးငယ်တွေ။
“ရတာပေါ့။ သားတို့ ရိုက်ကြည့်ချင်လား”
ဒီနိုင်ငံကို နောက်တကြိမ် ကျောခိုင်းရပြန်ပြီ ဟူသော ခံရခက်သည့် အသိကြောင့် စကားများများ ပြောချင်စိတ် မရှိသဖြင့် ကလေးတွေ လက်ထဲ ဖုန်းထည့်ပေးလိုက်၏။
“ဟင့်အင်း အဒေါ်၊ သားတို့ မကိုင်တတ်ဘူး။ သားတို့ ပုံတွေ ရိုက်ပေးပါလား”
မရဲတရဲ ပြောလာသည့် အပြစ်မဲ့ မျက်နှာလေးတွေကို မငြင်းရက်သဖြင့် တင်းကျပ်နေသည့် စိတ်ကို ခဏ ဘေးဖယ်ကာ ကလေးတွေ မျက်နှာကို တည့်တည့်ချိန်၍ ရိုက်ပေးလိုက်သည်။ သွားကလေးတွေ အဖြဲသားနှင့် ဓာတ်ပုံ အရိုက်ခံ ရှာသည့် သူတို့လေးတွေ ကျေနပ်အောင် သုံးလေးကွက် ရိုက်ပေးပြီးမှ ရိုက်ယူပြီးစ ပုံတွေကို ဖုန်းမှန်သားပြင်မှာ တပုံချင်း ပြန်နှိပ်ပြလိုက်သည်။ ကလေးတွေက သူတို့ပုံတွေ သူတို့ ပြန်ကြည့်ကာ တဟေးဟေး တဟားဟား သဘောကျနေသည်။
“အဒေါ်၊ ကျနော်တို့ပုံ တပုံလောက် ကူးပေးပါလား”
သွားကျိုးလေးနှင့် ကလေးငယ်က မော့ကြည့်ပြီး မ၀ံ့မရဲ အရေးဆိုလာသည်။
“တပုံလောက်ဆို ရပါပြီ အဒေါ်၊ နောက်ရက် ဒီဘက်လာရင် ယူလာပေးပါလား”
ဘဲမြီးဆံပင်နှင့် နောက်တယောက်ကပါ ရလိုရငြား စစ်ကူ ၀င်သည်။
မြန်မာပြည်က ခွါခါနီးမှာ သူ နောက်ဆုံး စကားပြောရသည့် မြန်မာလူမျိုး နှစ်ဦး၏ ဆန္ဒကို ဖြည့်ပေးချင်ပါသည်။ သို့သော် ဒီဘက်ကမ်းကို နောက်တခေါက် ပြန်လာနင်းဖို့ ဆိုတာ သိပ်မလွယ်ပြီ။
“သားတို့ဆီ အဒေါ် တနေ့ ရောက်အောင် ပြန်လာမယ်။ ဘယ်နေ့လည်း ဆိုတာတော့ အဒေါ်တောင် မသိသေးပါဘူးလေ”
ဒီစကားကို ရင်ထဲကသာ ပြောရင်း လှေပေါ်မှာ ပင်ပန်းစွာ ထိုင်ချလိုက်ရသည်။ တိုင်းပြည်ကို နောက်ဆုံး နှုတ်ဆက်ခြင်း အနေနှင့် ကမ်းထိပ်ကို မော့ကြည့်မိတော့ ဂိတ်ဝမှာ ထိုးရပ်ထားဆဲ ဆိုင်ကယ်ဘေးကနေ လှမ်းကြည့်နေသည့် ဆိုင်ကယ်သမားကို သံဆူးကြိုးတွေ နောက်မှာ မသဲမကွဲ မြင်ရသည်။
မြန်မာပြည်ပိုင်နက် ကမ်းစပ်ကနေ လှေဦး ခွါခဲ့ပြီ။
X X X
မြန်မာနိုင်ငံကို စောင့်ကြပ် ပေးနေရသည့် အညတရ စစ်သား တယောက်အဖြစ် စိတ်ထဲမှာ ခံစား ခဲ့ဖူးသည်။ သို့သော် ထိုစစ်သားသည် သူ့နိုင်ငံမြေကို ရူးမိုက်စွာ နင်းလာတိုင်း သူ စောင့်ရှောက် ပေးနေသည်ဟု ခံယူခဲ့သော တိုင်းပြည်က သူ့ကို အမြဲ ပြန်၍ ကာကွယ် စောင့်ရှောက် ပေးခဲ့လေသည်။
Sunday, September 2, 2007
အညတရ စစ်သား၏ ခရီးသွားမှတ်တမ်း
Posted by Mizzima News at 12:20 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment