News Article Photo Poem Video Cartoon Music Radio

Thursday, February 28, 2008

ဖြူနီကြား ဂယက် (သတင်းဆောင်းပါး)

မဇ္ဈိမသတင်းဌာန
Wednesday, 27 February 2008 18:22 - မြန်မာစံတော်ချိန်
dontstop1

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် အတွင်းရှိ လမ်းမကြီးများကို ဖြူနီကြား တားကာ ယာဉ်မရပ်ရ နေရာများအဖြစ် သတ်မှတ်ခြင်းအပေါ် ကန့်ကွက်သူက များနေသည်။

လသာ၊ လမ်းမတော်၊ ကျောက်တံတား၊ ပန်းပဲတန်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်များကို ဖြတ်သန်း ဖောက်လုပ်ထားသော လမ်းမကြီးများ၏ နေရာအများစုတွင် ယာဉ်မရပ်ရ နေရာများအဖြစ် ဖေဖော်ဝါရီ လလယ်က စ၍ သတ်မှတ်ပြီး ကျူးလွန်သော ယာဉ်များကို ဒဏ်တပ် အရေးယူမှု တင်းတင်းကျပ်ကျပ် လုပ်ကိုင်ခဲ့သည်။

ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်နေ၍ ဟူသော အကြောင်းပြချက်ဖြင့် ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေး ကြီးကြပ်မှု ကော်မတီ၏ ညွှန်ကြားမှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆောင်ရွက်ခြင်း ဖြစ်သည်။

ဖြူနီကြား ရပ်မိသည့် ဒဏ်ကြေးမှာ ကျပ် ၁၇၀၀၀ ဖြစ်ရာ ဆောင်ရလေရာ အငှား ယာဉ်မောင်းသမားများ တနေ့တာ ပျှမ်းမျှဝင်ငွေထက်ပင် ပိုနေသေးသည်။

dontstop2

သိမ်ကြီးဈေး ဘီရုံကဲ့သို့ ကုန်အတင်အချ များသည့် နေရာတွင်ပင် ကားမရပ်ရတော့ရာ အထည်ထုပ်နှင့် အခြားကုန်စည်များ လာရောက် အတင်အချ ပြုသည့်ကားများ အခက်ကြုံနေရသည်ဟု ဆိုင်ရှင်တဦးက ပြောသည်။

အငှား ယာဉ်မောင်းသူ တဦးကလည်း "တော်တော်ဆိုးပါတယ်ဗျာ၊ ခရီးသည်တားလို့ ခဏလေး ရပ်တင်တာတောင် မရဘူး၊ အတင်း ဒဏ်ရိုက်တာပဲ၊ ဘယ်လိုမှ တောင်းပန်လို့ မရဘူး။" ဟု ပြောသည်။

ကျူးလွန်သော ယာဉ်များကို ဒဏ်တပ်မှုများ ရဲက ချက်ခြင်း လုပ်ခဲ့ရာတွင် ယာဉ်မောင်းသူများနှင့် ရဲတို့ အခြေအတင် စကားများ ရန်ဖြစ်မှု များပြားလာ၍ ချက်ခြင်း ဒဏ်မတပ်တော့ဘဲ ကားနံပါတ် မှတ်ထားပြီး အစိုးရက ရောင်းချပေးသော ဓာတ်ဆီဆိုင်၊ ဂက်စ်ဆိုင်များကို စာရင်း ပို့ထားလိုက်သည်။ ယာဉ်ထိန်းရဲရုံးတွင် ဒဏ်ကြေး ပေးဆောင်ပြီးထားသော ပြေစာပြနိုင်မှသာ ဆီရောင်းချပေးသည့် စနစ်ကို ပြောင်းလဲ ကျင့်သုံးလာခဲ့သည်။

ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားသော ကားအရေအတွက် ၁၇၀၀၀၀ ကျော်ရှိပြီး တနိုင်ငံလုံးတွင် ကားအစီးရေ ၁ သန်းကျော် ရှိသည်။ ရန်ကုန်မြို့တွင်း လမ်းများကို တိုးချဲ့ ဖောက်လုပ်နိုင်ခြင်း မရှိသည်မှာ နှစ်အနည်းငယ် ကြာမြင့်ပြီ ဖြစ်သည်။ မိုးပျံလမ်းများအဖြစ် နောက်ထပ် ချဲ့ထွင် ဖောက်လုပ်နိုင်ခြင်းလည်း မရှိပေ။

dontstop3

နေပြည်တော်အတွက်သာ တည်ဆောက်မှု လုပ်ငန်းများ လုပ်နေ၍ မြို့တော်ဟောင်းအတွက် လမ်းအပျက်အစီးပင် ပြုပြင်မှု သိပ်မတွေ့ရတော့ပါ။

ကားဟောင်းလေ ဈေးပိုရလာလေ ဖြစ်သည့် ကမာပေါ်တွင် ရှားရှားပါးပါး အဆမတန် ကားဈေး ကြီးနေခြင်းကပင် လမ်းပိတ်ဆို့မှုနှင့် ယာဉ်ထိန်းရဲများ ဒဏ်ရိုက်ရမှု ထပ်မများအောင် စွမ်းဆောင်ပေးသကဲ့သို့  ဖြစ်နေသည်။

"ဂိတ်လည်း ထိုးစရာ နေရာမရှိ ခရီးသည်ရဖို့ ဆိုတာကလည်း မလွယ်တော့ တားစီးသူ ရှိလို့ကတော့ အခြေအနေကြည့်ပြီး တင်ရတာပဲ၊ နောက်ဖြစ်မှနောက်ရှင်း လောလောဆယ် ကိုယ်ပိုက်ဆံရဖို့ အရေးကြီးတယ် ရိုးရိုးသားသား လုပ်စားသူတွေ ကြာလေ ပိုရှာရခက်လေ ဖြစ်နေတာပါဘဲဗျာ"ဟု ပန်းဆိုးတန်း လမ်းအနီး မဟာဗန္ဓုလ လမ်းပေါ်တွင် ယခင်က ဂိတ်ထိုးလေ့ ရှိသော ကိုချစ်ကောင်းက ပြောသည်။

မလိုလားအပ်သော ယာဉ်ရပ်နားမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်အောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းမြို့တော်စည်ပင် လမ်းတံတားဌာနမှ တာဝန်ရှိသူတဦး ပြောသည်။ သို့သော်လည်း ပုဂ္ဂလိကသို့ ကန်ထရိုက်စနစ်ဖြင့် လုပ်ကိုင်ခွင့် ပြုထားသော လေဟာပြင် ယာဉ်ရပ်နားစခန်းနှင့် နောင်ပေါ်ထွန်းလာမည့် အခပေး ယာဉ်ရပ်နားရာ နေရာများ၏ အကျိုးအတွက် အကွက်ချ လုပ်ကိုင်ခြင်း ဖြစ်သည်ဟု မြို့ခံများက စွပ်စွဲ ပြောဆိုနေကြသည်။

"မြို့တွင်းမှာ ယာဉ်ကြောတွေကြပ် ပိတ်ဆို့မှုတွေ ဖြစ်တယ်ဆိုပြီး လုပ်တာတဲ့ဗျာ၊ အဓိပ္ပာယ် မရှိတဲ့ အလုပ်ပါ၊ တကယ်တမ်းက သူတို့ ယာဉ်ထိန်းရဲတွေ ကျွမ်းကျင်မှု မရှိတာရယ် အလုပ်မလုပ်တာတွေရယ် ကြောင့်ပါ၊" ဟု ယာဉ်ပိုင်ရှင်တဦး ဖြစ်သူ ဦးမင်းမင်းက ပြောသည်။

"ကားမှတ်တိုင်တွေမှာဘတ်စ်ကားတွေ ရပ်ချင်သလိုရပ် အကြာကြီး ထိုင်နေတာတွေကြ၊ ပိုက်ဆံတောင်းပြီး မသိသလို နေတယ်။ တကယ်ယာဉ်ကြော ပိတ်စေတာက အဲဒီ စည်းကမ်းမဲ့ ဘတ်စ်ကားတွေကြောင့်ပဲ ၊မဟာဗန္ဓုလ လမ်းပန်းဆိုးတန်း မှတ်တိုင်ဆို အဆိုးဆုံးပဲ။ ညာဘက်ကြော ဆိပ်ကမ်းသာ လမ်းထဲဝင်ရဖို့ အဲဒီထိပ်မှာ ဘတ်စ်ကားတွေ အမြဲပိတ်နေလို့ တော်တော် စောင့်ရတယ်။ ယာဉ်ထိန်းရဲတွေ ရှိနေလည်း ဒီတိုင်း ကြည့်နေတာပဲ"ဟု သူက ပြောသည်။

ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်းနှင့် ကြည့်မြင်တိုင် ကမ်းနားလမ်းမများ တလျှောက်တွင် ယမန်နှစ်ကတည်းက ဖြူနီကြား သတ်မှတ်ခဲ့သော်လည်း တက္ကစီများ ခေတ္တရပ်ကာ ခရီးသည် အတင်အချခွင့် ပြုထားပြန်သည်။

Monday, February 25, 2008

နှစ်ပေါင်း (၆၀) ကျော် "အကြမ်းဖက်" ခံနေရသည် (ဆောင်းပါး)

ဆောင်းပါး
အောင်မော်ဦး
Tuesday, 26 February 2008 08:38 - မြန်မာစံတော်ချိန်

ပါရီ ကျဆုံးခန်း ၀ထ္တုထဲ၌ အီလျာ အာရင်ဘတ်က ပြင်သစ်အစိုးရ၏ လုပ်ပုံကိုင်ပုံကိုကြည့်၍ "ပါရီမြို့ကြီး ကိုယ်တခြမ်း သေနေပြီ" ဟု ပြောခဲ့သည်။ တိုင်းပြည်က "ဂျာမန်ကို ခံတိုက်မည်လော၊ ဒူးထောက် အညံ့ခံမည်လော"ဟု မေးခွန်းထုတ်နေချိန် တွင် နလဗိန်းတုံး အစိုးရသည် မည်သည့် ပြင်ဆင်မှုမျှ မလုပ်၊ မည်သူ့ ထင်မြင်ချက်မျှ အရေးမထား။ သူရဲဘောကြောင်သည့် အစိုးရက "ပါရီသည် ယနေ့တိုင် ပါရီပင် ဖြစ်သည်" ဟူသည့် သီချင်းကို ရေဒီယိုမှ နေ့ညမပြတ် လွှင့်၍ ကောင်းနေဆဲ၌ ဂျာမန် တင့်ကားများ ပြင်သစ်မြေပေါ် ကျူးကျော် ၀င်ရောက် လာခဲ့ကြတော့သည်။

ထိုစဉ်က ဗိုလ်ချုပ်ဒီဂေါနှင့် သူ၏ တပ်မှူးတပ်သားများသာ သူတို့ ဘာလုပ်ရမည်ကို မှန်မှန်ကန်ကန်သိ၍၊ သူတို့ လုပ်နိုင်သည် ကို သူတို့ဘာသာ ရွေးချယ်ပြီး စနစ်တကျ မလုပ်ဆောင်နိုင်ခဲ့ကြလျှင် ဒုတိယ ကမ္ဘာစစ်သည် ဤပုံစံဖြင့် ပြီးချင်မှ ပြီးပေလိမ့်မည်။ ဗိုလ်ချုပ်ဒီဂေါ၏ "မြေအောက် တော်လှန်ရေး ဆင်နွှဲမှု"က ပါရီမြို့ကြီးကို အသက်ရှူ ပြန်မှန်စေခဲ့သည်။

လက်ရှိ ကျနော်တို့ တိုင်းပြည်၏ အခြေအနေကို ကြည့်ရသည်မှာ ကြိုးမိန့် စောင့်နေသည့် အကျဉ်းသားတဦးနှင့် တူ၍၊ နိုင်ငံသူ နိုင်ငံသားများ၏ အဖြစ်ကို တွေ့ရသည်မှာ (သူတို့တိုင်းပြည်နှယ်) သေနေစေ့မည့် ရက်ကို လက်ချိုး ရေတွက် နေကြရသူများနှင့်ပင် တူနေကြတော့သည်။ သူတို့အတွက် အချိန်သည် သိပ်များများစားစား မကျန်တော့။ လာမည့် (၂) နှစ် အတွက် တခုခု မလုပ်ခဲ့ကြလျှင် နောင် အနှစ် (၆၀) စာမက (မျိုးဆက်နှင့် ချီပြီး) ခါးစည်း၍ ခံကြရပေဦးတော့မည်။ ထိုထက်ပို၍ အနီးကပ်ဆုံး ပြောရလျှင် လာမည့် ၂-၃ လတာအတွင်း သူတို့ တိုင်းပြည်ကို ကြိုးမိန့်ပေးတော့မည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ဆန္ဒခံယူပွဲနှင့် ကြုံကြရပါတော့မည်။
ပုံမှန်အားဖြင့် လူထုသည် မိမိတို့၏ မကျေနပ်ချက်၊ လိုအပ်ချက် တို့ကို ဆန္ဒပြသည့် နည်းလမ်း တခုတည်းဖြင့် ဖော်ပြလေ့ရှိသည်။ စစ်အစိုးရသည် (အခြား အစိုးရများ နည်းတူ) ညှိနှိုင်းဖြေရှင်းမှုကို မည်သည့်အခါမျှ ပြုလုပ်လေ့ မရှိဘဲ အနည်းဆုံး ရိုက်နှက် ဖမ်းဆီးခြင်းဖြင့် ဖြစ်စေ၊ အဆိုးရွားဆုံး ပစ်ခတ် သတ်ဖြတ်ခြင်းဖြင့် ဖြစ်စေ ရက်ရက်စက်စက် နှိပ်ကွပ်ပစ်လေ့ ရှိတတ်သည်။ ထိုအခါ လူထု လှုပ်ရှားမှုသည် အပြိုပြို အကွဲကွဲဖြင့် နှစ်အတန်ကြာသည်အထိ နောက်ဆုတ်သွားရတော့သည်။

ပြည်သူလူထု၏ ဆန္ဒ အစစ်အမှန်သည် သူတို့ကို မတရား လုပ်နေသူများအား မတရား ပြန်လုပ်လိုခြင်း မဟုတ်။ သူတို့ကို အနိုင်ကျင့် စော်ကားနေသူများအား ပြန်လည်အနိုင်ကျင့် စော်ကားလိုခြင်း မဟုတ်။ သူတို့ကို ဖိနှိပ်ရက်စက် နေသူများအား ပြန်လည် ဖိနှိပ် ရက်စက်လိုခြင်း မဟုတ်။

ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်သည် သူတို့ကို မတရား လုပ်နေသူများအား "ရပ်တန်းက ရပ်စေလိုခြင်း" ဖြစ်သည်။ သူတို့ကို အနိုင်ကျင့် စော်ကားနေသူများအား "ရပ်တန်းက ရပ်စေလိုခြင်း" ဖြစ်သည်။ သူတို့ကို အကြမ်းဖက် ဖိနှိပ်ရက်စက် နေသူများအား "ရပ်တန်းက ရပ်စေလိုခြင်း" ဖြစ်သည်။ ဤသဘော၊ ဤဆန္ဒသည် လူထု၏ဆန္ဒ၊ လူထု၏တရား၊ လူထု၏ဓမ္မ။

ပြည်သူလူထု၏ ဆန္ဒ အစစ်အမှန်သည် သူတို့ဘာသာ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်၍၊ သူတို့ဘာသာ လှူကြတန်းကြ၍၊ သူတို့ ဘာသာ ရောင့်ရဲခြိုးခြံစွာ နေထိုင်ကြ၍၊ အေးအေးချမ်းချမ်းနှင့် ဘုရားသွား ကျောင်းတက်၍ နေထိုင်လိုကြခြင်း ဖြစ်သည်။ မင်းကလည်း မင်းကျင့်တရားနှင့် ညီစေ၊ ပြည်သူကလည်း ပြည်သူ့ဝတ္တရား ကျေပွန်စေ။ ဤသဘော၊ ဤဆန္ဒသည် လူထု၏ဆန္ဒ၊ လူထု၏တရား၊ လူထု၏ဓမ္မ။

သို့သော် ဤမျှ ရိုးစင်း၍၊ ဤမျှ ရောင့်ရဲလွန်းလှသည့် သန်း (၅၀) မျှသော ပြည်သူလူထု၏ ဆန္ဒသည် ကံဆိုးစွာပင် ယနေ့ အထိ မပြည့်ဝနိုင် ရှာရုံမျှမက ကျိုးရကြေရသည့် ဘ၀များသည်လည်း မနည်းလှတော့။ ရင်းရနှီးရသည့် အသက်သွေးချွေး များသည်လည်း မနည်းလှတော့။ စွန့်ရစတေးရသည့် မျိုးဆက်များသည်လည်း မနည်းလှတော့။ အနာဂတ်သည်ကား…။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟူသည် အစိုးရကိုလည်း မင်းကျင့်တရားနှင့် ညီစေ၊ ပြည်သူကိုလည်း တာဝန်သိစေ ဟူသည့် ပဋိဉာဉ်တရပ်ဟု ဆိုက မမှားတန်ရာ။ ယခုမူ စစ်အစိုးရသည် ဤပဋိဉာဉ်ကို ၎င်းတို့ အလိုကျ ရေးဆွဲ၍ ပြည်သူကို အကျပ်ကိုင်ကာ ပြဌာန်းခိုင်းနေသည်။ စစ်အစိုးရ ချပြသည့် ဖွဲ့စည်းပုံက အစိုးရနှင့် ပြည်သူအကြား နှစ်ဦးသဘောတူ လက်မှတ် ရေးထိုးကြသည့် ပဋိဉာဉ်မျိုးမဟုတ်။ သခင်နှင့် ကျွန်အကြားချုပ်ဆိုသည့် စာချုပ်မျိုးဖြစ်နေသည်။ လူထုက မိမိတို့ ကျွန်ဇာတ်အသွင်းခံရခြင်းကို သဘောတူကြောင်း လက်မှတ် ရေးထိုးပေးရမည့် စာချုပ် ဖြစ်နေသည်။ အထူးသဖြင့် စစ်တပ်က ဗိုလ်ကျလွှမ်းမိုးမှုကို ကျိုးနွံ ၀ပ်ပြားပေးရမည့် စာချုပ် ဖြစ်သည်။ ပြည်သူလူထု၏ ဆန္ဒအစစ်အမှန် ဖြစ်သည့် သူတို့ကို မတရား လုပ်နေသူများအား "ရပ်တန်းကရပ်စေ" မည့် ပဋိဉာဉ်မျိုး မဟုတ်။ ပြည်သူများ သူတို့ဘာသာ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်၍ နေထိုင်နိုင်ကြမည့် ပဋိဉာဉ်မျိုးမဟုတ်။ ဓားမိုးအုပ်ချုပ်၍ ပိပြားနေကြရမည့် ဥပဒေမျိုး ဖြစ်နေသည်။

ကျနော့် အနေဖြင့် တိုက်တွန်းလိုသည်မှာ ပြည်သူလူထု အနေဖြင့် ဤ အတည်ပြုလာတော့မည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ကန့်ကွက်ကြောင်း မိမိတို့ဆန္ဒကို ထုတ်ဖော်ပြသ (ဆန္ဒပြ) ရတော့မည့် အချိန်ဖြစ်သည်။ လမ်းပေါ်ထွက် ဆန္ဒပြသည့် နည်းလမ်းအပြင် အသည်းကြားမှ မဲတပြားဖြင့် ကန့်ကွက်ခြင်းသည်လည်း ဆန္ဒပြခြင်း တမျိုးပင် ဖြစ်သည်။ မြန်မာ ပြည်သူများသည် ဤသို့ ဆန့်ကျင် ကန့်ကွက်မှုမျိုးကို ကျွမ်းကျင်ကြပါသည်။ စစ်အာဏာရှင်ကို နည်းမျိုးစုံဖြင့် (passive resistance) ရသရွေ့ ဆန့်ကျင်ခဲ့ကြသည်မှာ မရေမတွက်နိုင်တော့။ သို့သော်လည်း ဤတပွဲတွင်တော့ ပို၍ စည်းလုံးမှု ရှိစွာ၊ ပို၍ အချိတ်အဆက်မိစွာ ဆန့်ကျင်ရတော့မည့် အချိန်ဖြစ်ပေသည်။

အနုပညာရှင်များလည်း ပါရမည်။ ရုပ်ရှင်မင်းသား၊ မင်းသမီး၊ သံချပ်ထိုးသူများ၊ ဟစ်ဟော့ပ် အဆိုတော်၊ လူရွှင်တော် အလွှာမျိုးစုံ ပါဝင်၍ ဆန့်ကျင်ရမည့် ပွဲဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့က အစွမ်းပြရုံမျှ မဟုတ်ပါ။ လူထုအားလုံး တက်ညီလက်ညီ အစွမ်းပြရမည့် ပွဲဖြစ်သည်။ အပစ်ရပ် အဖွဲ့များသည်လည်း တနည်းတဖုံ ပါဝင်ကြရပါတော့မည်။ အပစ်ရပ် အဖွဲ့များသည်လည်း မိမိတို့၏ ရပ်တည်ချက်၊ အခန်းကဏ္ဍကို ဖော်ပြရပေတော့မည်။ လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလက ဗိုလ်ချုပ်အောင်ဆန်းသည် မည်သူမျှ ကိုယ်နှင့် မဆိုင်သလို မနေရ၊ မည်သူမျှ ကိုယ့်အရေး မဟုတ်သလို သဘောမထားရ။ မည်သူမျှ ရေသာခို လှေကြုံ လိုက်ခွင့်မရ ဟူသည့်မူဖြင့် လူထုကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်စေခဲ့ပါသည်။ လူထုအားကို ဖော်ထုတ်ခဲ့သည်။ လူထုအားကို ကိုးစားခဲ့သည်။

ဤ တိုက်ပွဲသည် လက်စားချေရန်မဟုတ်၊ အများသူငါ သွေးထွက်သံယို ဖြစ်စေရန်မဟုတ်၊ အပြစ်မဲ့ပြည်သူများ အတိ ဒုက္ခ ရောက်ကြစေရန်မဟုတ်။ ဤတိုက်ပွဲဖြင့် အများပြည်သူအပေါ် အတိုင်းထက်အလွန် ယုတ်မာ ရိုင်းစိုင်းနေသူများ၊ အာဏာပြ ဗိုလ်ကျမင်းမူ၍ အနိုင်ကျင့် စော်ကားနေသူများ၊ တရားလက်လွတ် ရက်စက် ရမ်းကားနေသူများ၊ ကမ်းကုန်အောင် အကြမ်းဖက် ဖိနှိပ်နေကြသူများအား "ရပ်တန်းက ရပ်စေရန်"အတွက် ထိထိရောက်ရောက် ဖိအားပေးသည့် နည်းလမ်းတခု အဖြစ် အသုံးပြုရန် ဖြစ်ပါသည်။ တနည်းအားဖြင့် "အဓမ္မ" ဂိုဏ်းသားများ "ဓမ္မ" ဘက်သို့ ကူးပြောင်း လာကြစေရေးအတွက် တိုက်ရိုက် ဖိအားပေးသည့် နည်းလမ်းတခုအဖြစ် အသုံးပြုရန်သာလျှင် ဖြစ်ပါသည်။

သေချာသည်မှာ "ကျနော်တို့ တိုင်းပြည်ကြီး နှစ်ပေါင်း (၆၀) ကျော် အကြမ်းဖက် ခံနေရသည်" ဟူသည့်အချက် ဖြစ်သည်။ ဤ ဒဏ်ရာဒဏ်ချက်များကြောင့် မြန်မာနိုင်ငံကြီးလည်း ကိုယ်တခြမ်း သေနေခဲ့ပြီ။ "ပြည်သူ့အားနှင့် ခံတိုက်မည်လော၊ ဒူးထောက် အညံ့ခံမည်လော" ဟု မေးခွန်းထုတ်ရတော့မည့် အချိန် ဖြစ်ပါသည်။ ကြုံလာတော့မည့် စစ်ကျွန် ဖွဲ့စည်းပုံ ဆန့်ကျင်ရေး တိုက်ပွဲအတွက် အသင့်ပြင်ကြပါစို့။ မြန်မာပြည်သူများ မှန်မှန်ကန်ကန် သိမြင်၍ စုပေါင်း တိုက်ပွဲဆင်ခြင်းဖြင့်သာ ထွန်းသစ်သည့် မြန်မာနိုင်ငံ ဖြစ်လာစေရမည်ဟု ယုံကြည်လျှက် ….။



လူထုတိုက်ပွဲသာ အခရာ (ဆောင်းပါး)

ဇော်မင်း (လူ့ဘောင်သစ်)
Tuesday, 26 February 2008 08:53 - မြန်မာစံတော်ချိန်

zaw-min-lu-baung-htit

စစ်တပ်က ညစ်လာတာ တသက်လုံးကပါ။ ဘယ်တုံးကမှ သူတို့ပေးထားတဲ့ ကတိကို စောင့်ထိမ်းခြင်းမရှိတာ လူတိုင်း သိတဲ့ကိစ္စမို့ ထပ်ပြီးတော့လည်း အကျယ်ချဲ့ မပြောလိုပါ။

အခုမေလမှာ ကျင်းပမဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲကြီးဟာလည်း ညစ်ပွဲကြီးဖြစ်မှာ အသေအချာပါပဲ။ တရားမျှတတဲ့ ဆန္ဒခံယူပွဲကြီး ဖြစ်ရပါစေ့မယ်လို့ စစ်တပ်ကနေ အခုအထိ တရားဝင် ပြောဆိုခြင်းလည်း မရှိသေးပါ။ သေချာတာကတော့ ဘယ်သူ့ကိုမှ ကြောက်စရာမလိုပဲ ချိမ်းခြောက်မှုတွေ မပါပဲ လုပ်ပေးမယ်ဆိုရင်လည်း ပြည်သူတွေက ကန့်ကွက်မဲ ပေးမှာ သေချာနေပြီးသား ဖြစ်ပါတယ်။ ဒါဆိုရင် စစ်တပ်လုပ်လိုတဲ့ သူတို့ရဲ့ ညစ်နည်းတထောင် အခြေခံ ဥပဒေကြီး ရေစုံ မျှောသွားမှာ ဖြစ်ပါတယ်။ သို့သော် ဒါကိုလည်း စစ်တပ်က သိနေတော့ အဲသလို မဖြစ်အောင် သူတို့ရဲ့ ဥပဒေအ ညစ်ထုပ်ကြီးကို ကာကွယ် ရတော့မှာပါပဲ။ ဒါ့ကြောင့် ညစ်ပတ်လိမ့်မယ်လို့ အတတ်ပြောရဲတာ ဖြစ်ပါတယ်။

မြန်မာပြည်သား အားလုံးရဲ့ တာဝန်ကတော့ မကြာခင် ပြုလုပ်တော့မဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုမဲ့ ဆန္ဒခံယူပွဲကြီးကို တနည်းနည်းနဲ့တော့ ဆန့်ကျင်ကြရမှာ ဖြစ်ပါတယ်။ အင်နဲ့အားနဲ့ ကိုယ့်ဖက်က မတိုက်ဖျက်နိုင်လို့ကတော့ အဲသည့် အခြေခံ ဥပဒေကြီးဟာ နောင်နှစ်ပေါင်းများစွာ အထိ မိမိတို့ရဲ့ နောင်လာ နောက်သားများကို ဂုတ်ဂွစီးထားမှာ ဖြစ်ပါတယ်။

တချို့ကလည်း ဟာ … သည်ဥစ္စာကြီးကို အခု မတိုက်ဖျက်နိုင်လည်း နောင်အခွင့်သာရင် ပြန်ပြင်ဖို့အတွက် တိုက်ယူ ကြတာပေါ့လို့ ပြောကောင်း ပြောနိုင်ပါတယ်။ အင်ဒိုနီးရှားမှာတုံးကလည်း အလားတူ ဖြစ်ခဲ့တာပဲ။ နောက်ပိုင်း ပြည်သူတွေက ပြန်တိုက်ခဲ့ကြလို့ နောက်ဆုံး ပြည်သူတွေ လိုလားတဲ့အတိုင်း အခြေခံဥပဒေကြီး ပြန်လည် ဖြစ်တည်လာခဲ့တာပဲလို့ ဆိုမဲ့သူတွေလည်း ရှိနိုင်ပါတယ်။ မှန်ပါတယ်။ သို့သော် ပြန်တိုက်ဖို့ ပေးဆပ်ခဲ့ရတဲ့ နှစ်တွေကလည်း မနည်းလှဖူး ဆိုတာတော့ သတိချပ်ဖို့ လိုပါတယ်။

အခု ရေးဆွဲထားတဲ့ အခြေခံ ဥပဒေကြီးထဲမှာ ပါတဲ့ ရေရှည် စစ်တပ်လွှမ်းမိုးရေး အချက်များစွာထဲက တချက်ကို ပထမဆုံး ကောက်နုတ် တင်ပြချင်ပါတယ်။

ကာကွယ်ရေး ဦးစီးချုပ်ဟာ တိုင်းပြည်ကြီး ပြိုကွဲဖို့ အန္တရာယ်နဲ့ ရင်ဆိုင်ရရင် နိုင်ငံတော် အရေးပေါ် အခြေအနေကို ကြေငြာနိုင်တယ်လို့ သူ့ကို အခွင့်အာဏာ ပေးထားပါတယ်။ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေငြာတယ် ဆိုတာကတော့ စစ်အာဏာ သိမ်းတာကို ယဉ်ယဉ်ကျေးကျေး စကားလုံးသုံးပြီး ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။ ဆိုတော့ကာ အဲသလို အာဏာ သိမ်းထားတဲ့အချိန်၊ နိုင်ငံတော် အရေးပေါ် အခြေအနေကို ကြေငြာထားတဲ့ ကာလအတွင်းမှာ ကာကွယ်ရေး ဦးစီးချုပ်ဟာ တရားစီရင်ရေးအာဏာ၊ ဥပဒေပြုရေး အာဏာနဲ့ အုပ်ချုပ်ရေး အာဏာများကို တစိတ်တပိုင်း (သို့မဟုတ်) တစုံလုံး စီမံ ကွပ်ကဲနိုင်သေးတယ်လို့လည်း အခွင့်အရေး ထပ်ပေးထားသေးတယ်။ တိုင်းပြည်တပြည်မှာ အသက်သွေးကြော ဖြစ်တဲ့ အဲသည့် မဏ္ဍိုင်ကြီး သုံးခုစလုံး ကို စစ်တပ်က ကြိုက်သလို စီမံနိုင်တယ် ဆိုမှတော့ ဒါဟာ စစ်တပ်လူတန်းစား ကောင်းစားဖို့က လွဲလို့ တခြား ရှိပါဦးမလား ဆိုတာ လူတိုင်း သဘောပေါက်ပါတယ်။

အဲသည်မှာပဲ တချို့က ဆိုလာပါတယ်။ ပါလီမန် အတွင်းကနေ တဖြည်းဖြည်း တိုက်ယူသွားမယ်လို့ ပြောကြပါတယ်။ အခြေခံ ဥပဒေထဲက အရေးကြီးတဲ့ အချက်များကို ပြင်ဆင်မယ်ဆိုရင် တည်ရှိနေတဲ့ လွှတ်တော် နှစ်ရပ်စလုံးကနေ အဆိုတင်သွင်းဖို့ လိုပါတယ်။ အဲသလို အဆိုတင်ဖို့အတွက် လွှတ်တော်နှစ်ရပ်မှာ ရှိတဲ့ အမတ်ဦးရေရဲ့ (၂ဝ%) ကျော် ကနေ တင်သွင်းဖို့ လိုပါတယ်။ (၂ဝ%) ကွက်တိပဲ ရှိတယ်ဆိုရင် အထ မမြောက်နိုင်ပါ။ (၂ဝ%) ကျော်ကို ကျော်နေမှ တင်သွင်းဖို့ သူတို့ ဥပဒေအရ ကိုက်ညီမှာ ဖြစ်ပါတယ်။ အဲသည်မှာ ပထမဆုံး တစ်နေနိုင်ပါတယ်။ ဘာဖြစ်လို့တုံး ဆိုတော့ ဖြစ်လာမဲ့ အမတ်တိုင်းဟာ ကိုယ့်ဖက်ပါမယ်လို့ အတိအကျ ပြောဖို့ ခက်ပါတယ်။ ဒီကြားထဲမှာ လွှတ်တော် နှစ်ရပ်စလုံးအတွင်း ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားမဲ့ စစ်ဗိုလ်တွေက (၂၅%) ရှိနေပါသေးတယ်။

ကောင်းပါပြီ အခြေခံ ဥပဒေကြီးကို ပြင်ဖို့ အဆိုတင်တာ (၂ဝ%) ကျော်သွားလို့ တင်နိုင်သွားပြီလို့ ဆိုနိုင်ပေမဲ့ ဒါဟာ ပြင်ဖို့ တင်ထားရုံသဘောပဲ ဖြစ်ပါတယ်။ တကယ် ပြင်ဆင်ဖို့အတွက် လွှတ်တော်နှစ်ရပ်စလုံးရဲ့ (၇၅%) ကျော် အရေအတွက်ရှိသော အမတ်များက ထောက်ခံမှ အဲသည့် အခြေခံ ဥပဒေတွေထဲက ကိုယ်မကြိုက်တာကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

စစ်ဗိုလ်တွေချည်းက ၂၅% ရှိနေတော့ ဘယ်လိုလုပ်ပြီး ကိုယ့်ဖက်က (၇၅%) ကျော် ရနိုင်ပါ့မလဲ။ သည်ကြားထဲ ကြံ့ဖွတ်ကနေ အမတ်ဖြစ်လာတဲ့ လူတွေ၊ စားဖားလို လူစားမျိုးတွေ၊ ကိုယ့်အကျိုးအတွက်ပဲ ကြည့်တဲ့ အမတ်တွေ၊ နှစ်ဖက် လွှလုပ်နေတဲ့ အမတ်တွေ၊ စိတ်ကောင်း ရှိသော်လည်း ခြောက်လိုက်ရင် ကြောက်သွားတဲ့ အမတ်တွေ၊ ငွေပေး အဝယ် ခံရတဲ့ အမတ်တွေ၊ အဲသလိုမျိုးတွေကလည်း သဘာဝတရားအရ ပါနေဦးမယ်။ ကိုယ့်ဖက်မှာ (၇၅%) ကွက်တိရဖို့တောင် မလွယ်နိုင်ပါဖူး။ ထားဦးတော့။

ဥပမာအားဖြင့် ခေတ်တွေ အတော်အတန် ပြောင်းလာလို့ စစ်ဗိုလ်အမတ် (၂၅%) ကလည်း ကိုယ့်ဖက်ပါလာပြီး အရပ်သား အမတ်တွေနဲ့ အတူ ပေါင်းလိုက်ကြလို့ (၁ဝဝ%) ကိုယ့်ဖက်ကရပြီ ဆိုပါစို့။ အခြေခံ ဥပဒေကြီးကို ပြင်ဆင်လို့ရပြီလို့ ထင်ရင်မှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အဲသည့်တထစ် အောင်မြင်ရုံနဲ့ ပြင်လို့မရပါ။ ပြည်သူ့ဆန္ဒ ခံယူပွဲကြီး ထပ်မံ ကျင်းပပြီး ပြည်သူ (၅ဝ%) ကျော်က ထောက်ခံမှသာ ပြင်လိုတဲ့ အချက်များကို ပြင်နိုင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်သူတွေက တချို့ အရေးအကြီးဆုံး အချက်တွေကို ပြင်ဆင်ချင်တယ် ဆိုတာတောင်မှ ကပ်တီးကပ်ဖဲ့ လုပ်ထားလို့ ရပါသေးတယ်။

ဘာဖြစ်လို့တုံးဆိုတော့ အခြေခံ ဥပဒေထဲမှာ ပါနေတဲ့ အချက်တခုက ဒီလို ဆိုထားပါတယ်။ တပ်မတော်၏ အဓိက တာဝန်သည် ပြည်သူလူထုက တခဲနက်ထောက်ခံ အတည်ပြုထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကို ကာကွယ်ရန် ဖြစ်သည်တဲ့ဗျာ။ ပြည်သူက ထောက်ခံလို့ အတည်ဖြစ်ထားတဲ့ အခြေခံ ဥပဒေကြီးကို လွှတ်တော်နှစ်ရပ်က အမတ်တွေ သဘောတူယုံနဲ့တော့ ကမြင်းကြောထပြီး ပြင်ချင်လို့တော့ ဘယ်ရမလဲ။ ဆိုတော့ကာ သည်အခြေခံ ဥပဒေကြီးကို ကာကွယ်ဖို့ရယ်၊ အမတ်တွေ ရုန်းရင်းဆန်ခတ် လုပ်နေလို့ မျက်စေ့နောက်နေရာက တိုင်းပြည် မတည်ငြိမ်တော့ဖူး ဆိုတာကို အကြောင်းပြပြီး ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် အရေးပေါ် အခြေအနေကို ကြေငြာနိုင်ခွင့် ရှိတယ် ဆိုတာကို အထက်မှာလည်း တင်ပြခဲ့ပြီးပါပြီ။ တရားမျှတဲ့ ပြည်သူ့ဆန္ဒခံယူပွဲ တခုလုပ်ပေးဖို့အထိ စစ်တပ်က သဘောမနော ကောင်းလိမ့်မယ်လို့တော့ မထင်ပါ။

နောက်မှ ဖြေးဖြေးပြင်ယူမယ် ဆိုတဲ့သူများကို အကြံပေးလိုတာကတော့ နောက်ထပ် အနည်းဆုံး အနှစ်လေးဆယ်လောက်တော့ အရှိန်ယူမှ ပြင်ဆင်ဖို့ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ဆိုချင်ပါတယ်။

ဒီလိုညစ်စုပ်ပဲ့တဲ့ အခြေခံ ဥပဒေကြီးကို လာမဲ့ မေလမှာ ကျင်းပမဲ့ ပြည်သူ့ဆန္ဒ ခံယူပွဲ မှာ အတည်ဖြစ် မသွားအောင် နိုင်ငံသားတိုင်း ဝိုင်းဝန်း ဆောင်ရွက်ရပါလိမ့်မယ်။ ကိုယ့်ဖက်က အားကောင်းကောင်း နဲ့ မဆန့်ကျင်နိုင်ပါက စစ်တပ်က သည်တချီမှာလည်း အသာစီးရ သွားပါလိမ့်မယ်။

ဖြစ်နိုင်တာ မဖြစ်နိုင်တာကို ကျနော့်အနေနဲ့ အတတ်မပြောလိုပါ။ သို့သော် ညစ်မှာကို သိရဲ့သားနဲ့ မဲရုံသွား ကန့်ကွက်မဲ ထည့်မဲ့အစား၊ ဆန္ဒခံယူပွဲ မတိုင်ခင် နှစ်ရက်လောက်အလိုမှာ တပြည်လုံး ချိန်ကိုက်၍ အုံကြွနိုင်ပါက ထို ညစ်ပွဲကြီး သားလျှောသွားမည်မှာ အသေအချာပင် ဖြစ်သည်ဟု ဆိုချင်ပါတယ်။ စောစောဆန္ဒပြပါက စောစော နှိမ်နင်းလာမည်ကို သဘောပေါက်သည့်အတွက် နှစ်ရက်လောက်အလိုမှာ အုံကြွခြင်းက အုပ်စိုးသူ စစ်အာဏာရှင်များ၏ အစီအစဉ်များ အားလုံးပြိုကြ သွားနိုင်သည်ဟု တွက်ဆပါတယ်။

လူထုအုံကြွ ဆန္ဒပြတဲ့ နည်းနာများ အတွက် ဆွေးနွေးလိုသူများ ဝင်ရောက် ဆွေးနွေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ အားလုံးဝိုင်း စဉ်းစားရင် ဖြစ်နိုင်တဲ့ အချက်အလက်များ ပိုမို တွေ့ရှိလာမယ်လို့ ယူဆကြောင်းပါ။ လူထုတိုက်ပွဲ လူထုအုံကြွ ဆန္ဒပြတဲ့ နည်းနာက သည်တိုက်ပွဲအတွက် ပိုအကျိုးရှိတယ်လို့ ကျနော်အနေနဲ့ ထင်မြင်ယူဆပါတယ်။

ဗြိတိသျှတွေ လက်အောက်က တနှစ်အတွင်း လွတ်လပ်ရေး ရရမယ် ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တိုက်ပွဲခေါ်သံ နောက်ကွယ်မှာ လာသမျှရန် အကုန်ခံချဖို့ လူ၊ စိတ်ဓာတ်၊ လက်နက် ပြည်တွင်းမှာ အသင့် ဖြစ်နေတဲ့အတွက် နောက်ဆုံး ကိုယ်ထိလက်ရောက် တိုက်စရာမလိုပဲ အင်္ဂလိပ်များနဲ့ စကားပြောပြီး လွတ်လပ်ရေး ရခဲ့တာ ဖြစ်ပါတယ်။ အဲသည်တုံးက နိုင်ငံတကာ အခြေအနေကလည်း ကိုယ့်ဖက်ကို ပိုအားသာစေခဲ့တာလည်း တဖက်မှာ ရှိခဲ့ပါတယ်။

ကျနော်တို့ကနေ့ အခြေအနေဟာ အဲသလို မဟုတ်တဲ့ အတွက် လူထုတိုက်ပွဲကိုသာ ဆက်တိုက်ခေါ်ဖို့ ဖော်ဆောင်ဖို့သာ အဓိက လိုအပ်ပါတယ်။ မဲရုံသွား ကန့်ကွက်မဲထည့် ဆိုတဲ့အပိုင်းကို ကျနော် မြင်တာကတော့ သွယ်ဝိုက်ပြီးတော့ သိုးများကို လည်စင်းပေးအောင် လုပ်တာမျိုးနဲ့ တူနေတယ်လို့ မြင်လို့ ဖြစ်ပါတယ်။ ဘယ်နည်းနာက ပိုကောင်းတယ်လို့ ကျနော့်အနေနဲ့ အငြင်းအခုန် လုပ်တာ မဟုတ်ပါ။ ကျနော့်ရဲ့ အမြင်ကို တင်ပြတာပဲ ဖြစ်ပါတယ်။

လွတ်မြောက်ရေးတိုင်းဟာ တန်ဖိုးကြီးကြီး တခုမဟုတ်တခု ပေးခဲ့ရတာချည်းပါပဲ။

Thursday, February 7, 2008

မျိုးချစ်တပ်မတော်၏ အစဉ်အလာ … (ဆောင်းပါး)

ရွှေအိမ်စည်
Thursday, 07 February 2008 12:26 - မြန်မာစံတော်ချိန်

army_rule

(က)

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက တပ်မတော်သားတွေအတွက် "စစ်သည်တော် ကျင့်ဝတ်" ဆိုတဲ့ လက်စွဲ စာအုပ်ငယ်လေးကို ၁၉၉၂ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့က ထုတ်ဝေခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ) ရဲ့ ညွှန်ကြားချက်အရ ထုတ်ဝေတာလို့လဲ လက်စွဲ စာအုပ်ရဲ့ မျက်နှာဖုံးမှာ ရေးသားထားပါတယ်။ ဖြန့်ဝေတာကတော့ ….. စစ်သည်တော် အားလုံး (တပ်မတော်သား အားလုံး) ကို ဖြန့်ဝေပါတယ်။ အဲ့ဒီမှာ ….. စစ်သည်တော် (တပ်မတော်သား) ဆိုရာမှာလည်း ဗိုလ်ချုပ်မှူးကြီးကစလို့ တပ်သားအဆင့်ထိ အကျုံးဝင်တာလို့ ဖွင့်ဆိုထားပါတယ်။

စာအုပ်ရဲ့ စာမျက်နှာ (၃)မှာ ……" တပ်မတော်၏ အစဉ်အလာ" ဆိုပြီး…..ခေါင်းစဉ်ငယ် တစ်ခုနဲ့ တပ်မတော်ရဲ့ အစဉ်အလာ (၁၂) ရပ်ကို ဖော်ပြထားပါတယ်။ ပြီးတော့ ….. ဒီအစဉ်အလာ (၁၂) ရပ်ကို စောင့်ထိန်းဖို့လည်း ဆိုထားပါတယ်။ အစဉ်အလာ (၁၂) ရပ်ထဲက ပထမဆုံး အချက်က " မျိုးချစ် တပ်မတော် ဖြစ်သည်" ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒီတော့ ….. မျိုးချစ် တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းပါလို့ နားလည်ရပါတယ်…….။ မျိုးချစ် တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းမှလဲ ဒီနေ့ တပ်မတော်ဟာ မျိုးချစ် တပ်မတော် ဖြစ်သည် …..ဆိုတဲ့ အင်္ဂါရပ် နဲ့ ပြည့်စုံမှာပါ။

ဒီတော့ …… မျိုးချစ်တပ်မတော်ရဲ့ သမိုင်းမှန်ကူကွက် အချို့ကို ပြန်ကြည့်ကြရအောင်ပါ။

(ခ)

၁၉၄၅ ခုနှစ် စက်တင်ဘာလ ပထမအပတ်မှာ သီရီလကာင်္နိုင်ငံ ကန္ဒီမြို့မှာ မြန်မာ့ တပ်မတော်သစ်နဲ့ ပါတ်သတ်လို့ စာချုပ် ချုပ်ဆိုခဲ့ကြတယ်။ ကန္ဒီစာချုပ်ပါ ……။ မြန်မာဖက်က ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ထိုးပြီး ဗြိတိသျှတို့ ဘက်ကတော့ ဗိုလ်ချုပ်ကြီး လော့ဒ်လူဝီ မောင့်ဘတ်တန် လက်မှတ်ထိုးခဲ့တယ်။ စာချုပ်အရ ….. မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းပြီး ၊ စစ်အင်အား ၅၂၀၀နဲ့ ဗြိတိသျှဘားမား ရိုင်ဖယ်တပ်တွင် ပူးပေါင်း၍ တပ်မတော် အသစ်အား ဖွဲ့စည်းသွားရန် ဖြစ်ပါတယ်။

တပ်မတော်သစ်တွင် ပါဝင်ကြမယ့် မျိုးချစ် ဗမာ့တပ်မတော်က အရာရှိ တပ်မှူးတွေကို အင်္ဂလိပ်တပ်က စစ်ပညာသင်တန်း ပြန်ပို့ချပါတယ်။ တပ်ရင်း (၄)က တပ်မှူးတွေကို ပြည်မြို့မှာ သင်တန်းပေးတယ်။ ဗိုလ်ချုပ်ကြီး နေ၀င်း၊ ဗိုလ်မှူးချုပ် အောင်ကြီးတို့ တက်ကြရပါတယ်။ တပ်ရင်း(၅)က တပ်မှူးတွေကိုတော့ ပျဉ်းမနားမှာ သင်တန်းပေးပါတယ်။ ဗိုလ်မှူးကြီး ဇေယျတို့ ဗိုလ်မှူးကြီး ကြည်မောင်တို့ တက်ကြရပါတယ်။ မိတ္တီလာမှာ ဖွင့်တဲ့ သင်တန်းကိုတော့ အမြောက်တပ်နဲ့ အခြားတပ်က တပ်မှူးတွေ တက်ကြရပါတယ်။ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်ချုပ်ကြီး တင်ဦးတို့ တက်ကြရပါတယ်။ ဘားမားရိုင်ဖယ် တပ်ရင်း(၃) တပ်မှူးတွေရဲ့ သင်တန်းကိုတော့ သန်လျင်မှာ ဖွင့်ပါတယ်။ အဲဒီမှာ ဗိုလ်မှူးချုပ် ကျော်ဇော ၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်မှူးကြီး စိန်မြ၊ ဗိုလ်မှူးကြီး တင်မောင် (စာရေးဆရာ မြတ်ထန်) တို့ တက်ကြရပါတယ်။ တပ်ရင်း(၃) သင်တန်းသား အားလုံး စုစုပေါင်း ၂၈-ယောက် ရှိပါတယ်။ အခြေခံ စစ်ရေးပြ "လက်(ဖ)ရိုက်"..... "လက်(ဖ)ရိုက်" က စသင်ကြရပါတယ်။ ပြီးတော့ …." တပ်အုပ်ချုပ်မှုနဲ့ စစ်တပ်ဥပဒေ" ဘာသာရပ်တို့ကိုလည်း သင်ကြရပါတယ်။

တနေ့…..။
စစ်တပ်ဥပဒေဘာသာရပ်ကို သင်နေပါတယ်။
လူစုလူဝေးဆန္ဒပြမှုအား ဖြိုခွဲခြင်းအကြောင်းပါ။
လူစုလူဝေးဖြိုခွဲရာမှာ "ပြည်သူ့ရဲ" တို့နဲ့ မဖြေရှင်းနိုင်ပါက နယ်ဖက်အုပ်ချုပ်ပိုင်းမှ စစ်တပ်ကို အကူအညီ တောင်းခံရပါတယ်။ အဲဒီအခါမှာ စစ်တပ်ဟာ လိုအပ်ရုံ အင်အားနဲ့ လူစုလူဝေးကို ရင်ဆိုင်ရပါတယ်။ ပြီးတော့ ….. တပ်ကို အုပ်ချုပ်တဲ့ စစ်ဗိုလ်အရာရှိဟာ သက်ဆိုင်ရာ ခရိုင်တရားသူကြီး တစ်ဦးကိုလည်း သူ့အနားမှာ ခေါ်ထားရပါတယ်။ လူစုလူဝေးအား ပစ်ခတ်ဖို့ လိုအပ်ပါက ပစ်ခတ်နိုင်ရန် ပစ်ခတ်ခွင့် အမိန့်စာကို တရားသူကြီးထံမှ ရယူရပါတယ်။ ပြီးတော့ တပ်မှူးက လူစုလူဝေးရဲ့ အရှေ့မှာ မျဉ်းသားပြီး မျဉ်းကို ကျော်မလာဖို့ အကြိမ်ကြိမ် သတိပေးရပါတယ်။ အဲဒီလို သတိပေးရင်းနဲ့မှ လူစုလူဝေးဟာ မျဉ်းကို ကျော်လွန်လာလျှင် တပ်မှူးက တရားသူကြီးရဲ့ ပစ်ခတ်ခွင့် အမိန့်စာအရ ဆန္ဒပြသူတို့ရဲ့ ခေါင်းဆောင်လို့ ယူဆရသူ ……ဒါမှမဟုတ် တပ်ဦးက အလံကိုင်လာတဲ့ လူကို တိတိကျကျ ညွှန်ပြပြီး တပ်သားကို ရိုင်ဖယ်သေနတ်နဲ့ ကျည်ဘယ်တောင့်ပစ်ပါ ဆိုပြီး ပစ်မိန့်ပေးရပါတယ်……။

ဒါက…..လူစုလူဝေး ဖြိုခွင်းခြင်းဆိုင်ရာ စစ်တပ်ရဲ့ ဥပဒေ ဘာသာရပ်ရဲ့ သင်ကြားချက်ပါ။

သင်တန်းဆရာက ဘာသာရပ်ဆိုင်ရာ သဘောတရားကို ပို့ချပြီးတဲ့နောက် သင်တန်းသားတွေကို ကြည့်ပြီး လက်ချာဆက်ပေးပါတယ်။

"……ဟောဟိုလမ်းမကြီးပေါ်မှာ လူထုကြီးအလံတွေ ကိုင်လို့ ပါးစပ်ကလည်း အစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်လို့ ချီတတ်လာနေကြတယ် …… ခင်ဗျားတို့ ဘာလုပ်မလဲ……"

သင်တန်းဆရာက သင်တန်းသား ဗမာ့မျိုးချစ် တပ်မတော်သား တပ်မှူးတွေကို မေးပါတယ်။

"………. ရှေ့ကို တတ်မလာပါနဲ့ လို့ သတိပေးမယ်"

သင်တန်းသားတပ်မှူးများက ဖြေကြတယ်။

"…… ဟုတ်ပြီ …… ကဲဗျာ တားလို့ မရဘူး။ ရှေ့ဆက် တက်လာကြပြီ ဆိုပါတော့ ခင်ဗျားတို့ ဘာဆက်လုပ်မလဲ"

သင်တန်းသားအားလုံး ဗမာ့မျိုးချစ် တပ်မတော်သား တပ်မှူးများအားလုံး ချက်ချင်း အဖြေမပေးနိုင်။ သူတို့ အားလုံး၏ အမြင်အာရုံတွင် ….. ဖဆပလအဖွဲ့ဝင် သခင်များနှင့် ပြည်သူလူထုကြီး …..။

"…..လွတ်လပ်ရေး ချက်ချင်းပေး "

"…..သူပုန်၊ သူပုန် ထ ထ….."

ကြွေးကြော်သံများအား ဟစ်ကြွေးနေတဲ့ လူထုကြီးနဲ့ အနီခံ ကြယ်ဖြူတစ်ပွင့် အလံနီကြီးများ …… ခွပ်ဒေါင်းအလံများ ၀င့်၍၀င့်၍ ချီတတ်လာနေကြတဲ့ မြင်ကွင်းတွေကို သင်တန်းသား အားလုံး မြင်ယောင်နေကြတယ်။ သင်တန်းသား အားလုံးဟာ ငြိမ်သက်နေတယ်။ အဖြေ မပေးနိုင်ကြသေး။ သင်တန်းဆရာက ထပ်မေးတယ်။

"…. ကဲဗျာ …… ရှေ့ဆုံးက ချီတတ်လာတာက ဦးအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) ဗျာ….။ သတိပေးလို့လဲ မရဘူး……။ ဆက်ပြီး ချီတတ်လာပြီ ခင်ဗျားတို့ ဘာလုပ်မလဲ ……။ ပစ်မလား။ မပစ်ဘူးလား ……"

"မပစ်ဘူး….."

သင်တန်းသား ဗမာ့မျိုးချစ် တပ်မတော်ရဲ့ တပ်မှူးတွေအားလုံးက အဖြေပေးလိုက်ကြတယ်။

ဤတွင် ကျနော် နားလည်လိုက်မိတယ်။

"ငါတို့သည် ……နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည် " ဆိုတဲ့ တပ်မတော်သားတို့ရဲ့ နေ့စဉ် ရွှတ်ဆိုရသည့် သစ္စာအဓိဌာန်အား …….။

သို့သော် …… ယခု တပ်မတော်က …….။

ထားတော့ …..။

အဲ့ဒီတုန်းက သင်တန်းမှာ တတ်နေခဲ့ကြတဲ့ တပ်မှူးတွေဟာ ရဲဘော်သုံးကျိပ်ဝင်တွေ ပါတယ်။ ပြီးတော့ ဗမာ့ လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော် စတဲ့ တပ်မတော်တွေမှာ တာဝန်ထမ်းခဲ့ပြီး လွတ်လပ်ရေးအတွက် အသက်စွန့် တိုက်ပွဲ ၀င်ခဲ့ကြတဲ့သူတွေ ဖြစ်တယ်။ ဆိုရရင်တော့ ဒီနေ့ တပ်မတော်ကြီးရဲ့ သန္ဓေသားတွေ….။ ဒီနေ့ တပ်မတော်ကြီးရဲ့ ပထမ မျိုးဆက် တပ်မှူးကြီးတွေ …….။ တင်ပြခဲ့တဲ့ အဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် သူတို့တွေရဲ့ စဉ်းစားချက် ၊ ရပ်တည်ချက်၊ တွေးခေါ်ချက်နဲ့ လုပ်ဟန်တွေဟာ မျိုးချစ် တပ်မတော်ရဲ့ရပ်တည်ချက်နဲ့ လုပ်ဟန်တွေ ဖြစ်ခဲ့တယ်။ ဒါတွေဟာ မျိုးချစ် တပ်မတော်ရဲ့အစဉ်အလာ ကောင်းတွေပါ။ ဒီလို အစဉ်အလာကောင်းတွေကို ဒီနေ့ တပ်မတော်ကြီးဟာာ စောင့်ထိန်း ထားနိုင်ကြသေးရဲ့လား။ မေးစရာတွေ ဖြစ်နေပါပြီ။ ဒါဟာ …..ဒီနေ့ တပ်မတော်သားတိုင်း ဆန်းစစ်ကြည့်ကြဖို့ လိုသလို တစ်ဦးချင်း အဖြေပေးကြရမှာလည်း ဖြစ်တယ်။

ရွှေအိမ်စည်

အညွှန်း - ဗိုလ်မှူးကြီး တင်မောင်၏ "တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်" စာမျက်နှာ (၁၃-၃၂)မှ





ဘူတာကြီး ဂုံးကျော်ပေါ်က စက်တင်ဘာ သတ်ပွဲမြင်ကွင်း (ဆောင်းပါး)

အောင်ဖြိုး
Thursday, 07 February 2008 12:09 - မြန်မာစံတော်ချိန်
September_Killing_on_Bridge

နာရီကို ကြည့်လိုက်တော့ နေ့လည် (၂) နာရီ တိတိ။ လက်ထဲက ကိုင်ထားတဲ့ ကင်မရာကို ပျာယာခတ် ပြေးလွှားနေတဲ့ လူတွေနဲ့ မတိုက်မိအောင် သတိထားရှောင်ရင်း ရန်ကုန်ဘူတာကြီး ဂုံးကျော်တံတားဆီကို ခပ်သွက်သွက်လေး ပြေးလာလိုက်ပါတယ်။ ကျနော့်ရှေ့က သားအမိ နှစ်ယောက်ကလည်း ဘားလမ်းထဲရောက်အောင် ပြေးနေပါတယ်။ လမ်းဘေး ပလက်ဖေါင်းပေါ်က ဈေးသည်တွေကလည်း ဈေးဗန်းသိမ်းတဲ့သူကသိမ်း၊ ဘားလမ်းထဲ သွားကြည့်ဖို့ အဖော်ညှိသူကညှိနဲ့ အားလုံးရှုပ်ယှက် ခတ်နေကြတယ်။ ဘားလမ်းထဲ ရောက်တော့ တလမ်းလုံး လူတွေက ပြည့်နေပြီ။ ရန်ကုန်မြို့ထဲမှာ လူတွေမှ ကျန်သေးရဲ့လားလို့ ထင်ရလောက်အောင် ဂုံးတံတားပေါ်မှာရော၊ အောက်မှာပါ ကျပ်ညှပ်နေတယ်။ အားလုံးရဲ့ မျက်နှာပေါ်မှာ ခံပြင်းမှုတွေ၊ ကြောက်ရွံ့ ထိပ်လန့်မှုတွေ ကိုယ်စီနဲ့။ ဆာကူရာ တာဝါရှေ့ကို ကြည့်နေကြတယ်။ ကျနော်လည်း တံတားပေါ်ရောက်တော့ လူအုပ်ကြားထဲ အတင်းတိုးဝင်ပြီး ဆာကူရာ တာဝါရှေ့ကို လှမ်းကြည့်လိုက်တယ်။ အပေါ်စီးက မြင်ရတဲ့ မြင်ကွင်းက သွေးပျက်စရာပါပဲ။ လက်နက် အပြည့်အစုံနဲ့ စစ်သားတွေဟာ ကျနော်တို့ဘက် မျက်နှာမူပြီး ရပ်စောင့်နေတာကို တွေ့လိုက်ရတယ်။ တက်လာသမျှ လူတိုင်းကို ပစ်ဖို့အသင့် အနေအထားပါပဲ။

တပ်စုမှူးက စစ်သားတွေရဲ့နောက်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ်။ ဂုံးတံတားအောက်က တချို့လူတွေက လမ်းဘေးက စည်ပင်သာယာ အမှိုက်ပုံးကြီးတွေကို လမ်းမအလယ် သယ်လာပြီး အကာအကွယ် လုပ်ထားကြတယ်။ အဲဒီ အချိန်မှာပဲ တပ်စုမှူးရဲ့ လော်စပီကာအသံက ကျယ်လောင်စွာ ထွက်ပေါ်လာပါတော့တယ်။ "မိဘပြည်သူများ ခင်ဗျား ဆူဆူပူပူ မလုပ်ပဲ ကိုယ့်အိမ်ကိုယ် ငြိမ်းချမ်းစွာ ပြန်ကြပါရန် သတိပေးအပ်ပါတယ်။ မလိုက်နာပါက နောက်ငါးမိနစ်နေရင် ငြိမ်းချမ်းရေးကို ပျက်ပြားအောင် လုပ်ဆောင်မှုနဲ့ အရေးယူရပါလိမ့်မယ်"။ တပ်စုမှူးရဲ့ကြေညာသံ အဆုံးမှာတော့ ပြည်သူတွေဘက်က အသံပေါင်းစုံ ထွက်လာပါ တယ်။ ကလေးကို လက်တဖက်က ချီထားတဲ့ စွပ်ကျယ်ဂျိုင်းပြတ်နဲ့ ဦးလေးကြီးက "ဟေ့ကောင် မင်းတို့ လက်နက်ကိုင်နေတာ ပြည်သူတွေကို ပြန်ပစ်ဖို့လား၊ ဆန္ဒပြတဲ့အထဲမှာ မင်းတို့အမေတွေတောင် ပါနိုင်တယ်ဆိုတာ သိရဲ့လားကွ" လို့ ပြန်အော်လိုက်ပါတယ်။ လူအုပ်ကြီးကလည်း သဘောကျလို့ ထောက်ခံ အားပေးကြတယ်။ တဖက်က တပ်စုမှူး က လော်စပီကာနဲ့အော် သတိပေးလိုက် ပြည်သူတွေကလည်း ပြန်အော်လိုက်နဲ့ အချိန်တော်တော် ကြာသွားပါတယ်။

အဲဒီအချိန်မှာပဲ ဆူးလေဘက်က ချီတက်လာတဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ လူအုပ်ကြီးဟာ ဘားလမ်းထိပ်ကို ရောက် လာပါတယ်။ သံဃာတော်တွေကို မြင်တယ်ဆိုရင်ပဲ ဂုံးတံတားပေါ်က လူအုပ်ကြီးဟာ လက်ခုပ်သံ တဖြောင်းဖြောင်းတီးပြီး ကြိုဆိုကြပါတယ်။ ထောင်ပေါင်းများစွာသော လူအုပ်ကြီးဆီက ထွက်လာတဲ့ လက်ခုပ်သံတွေဟာ ကြားရသူတိုင်းကို ကြက်သီးမွှေးညှင်း ထသွားစေပါတယ်။ နောက် တဖြည်းဖြည်း သံဃာတော်တွေနဲ့ ဂုံးတံတားပေါ်က လူအုပ်ကြီး ပေါင်းမိသွားပါတယ်။ လူအုပ်ကြီးဟာ တာမွေအထိသွားဖို့ ဂုံးတံတားအတိုင်း ဆက်လက် ချီတက်နေကြပါတယ်။ တံတားအဆင်းမှာ နအဖ တပ်စုတစုကလည်း ပစ်ဖို့ အသင့်စောင့်နေတယ်။ ကိုယ့်ကိုပစ်ဖို့စောင့်နေတဲ့ စစ်သားတွေကို မြင်ပေမယ့် လူအုပ်ကြီးဟာ မကြောက်မရွံ့ မိမိတို့လိုလားချက်တွေကို အော်ဟစ်ပြီး ဆက်လက် ချီတက်မြဲ ချီတက်လျက် ရှိနေပါတယ်။ လူအုပ်ကြီးက ကြီးလွန်းလို့ စစ်သားတွေ သွေးပျက်စ ပြုလာပါပြီ။ အဲဒီအချိန်မှာပဲ အံ့သြစရာကောင်းတဲ့ ကိစ္စတခု ဖြစ်ပေါ်လာပါတယ်။ အသက် (၁၈)နှစ်သာသာ ရှိသေးတဲ့ ကျောင်းသားလေး တယောက်က လူအုပ်ကြီးရှေ့ပြေးထွက်လာပြီး " ကျနော် ဒီတိုက်ပွဲဝင်တာ ကျနော့်အတွက် မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံ ဒီမိုကရေစီရဖို့အတွက်ပါ။ ကျနော် သေမှာမကြောက်လို့ ဒီတိုက်ပွဲဝင်တာပါ" လို့ အော်ပြီး ရှေ့ဆုံးက ရဲဝံ့စွာ ချီတက် သွားပါတယ်။ အဲဒီနောက် တပ်စုမှူးရဲ့ "ပစ်" ဆိုတဲ့ အမိန့်ပေးသံနဲ့အတူ သေနတ်သံတွေ တဒိုင်းဒိုင်း ထွက်ပေါ်လာပါတော့တယ်။ ပထမဦးဆုံး သေနတ်သံ အဆုံးမှာပဲ ရှေ့ဆုံးကကောင်လေး ဦးနှောက်ပွင့်ပြီး လမ်းမပေါ် နောက်ပြန် လဲကျသွားပါတယ်။ သွေးတွေက လမ်းမပေါ် မြင်မကောင်းအောင် အိုင်ထွက်သွားတယ်။ "ပစ်ပြီဟ" "ပြေး" ဆိုတဲ့ အသံနဲ့အတူ လူအုပ်ကြီးကလည်း ကြောက်လန့်တကြား နောက်ပြန် လှည့်ပြေးကြတယ်။ ဂုံးတံတားပေါ်က ခုန်ချတဲ့လူက ခုန်ချ၊ စနစ်တကျပြေးဖို့ သတိပေးတဲ့လူက ပေးနဲ့ ရှုပ်ယှက်ခတ်သွားကြတယ်။ ကျနော်လည်း လူအုပ်ကြီးနဲ့ ရောပြီး ပြးလိုက်တာ ဘေးကင်းတဲ့နေရာ ရောက်မှ သက်ပြင်းချနိုင်တော့တယ်။ အချိန် အနည်းငယ် ကြာတော့ ဂုံးတံတားပေါ်က လူတွေ ရှင်းသွားပြီ။ သေနတ်မှန်ပြီး လဲကျကျန်ရစ်တဲ့ ကောင်းလေးရဲ့အခြေအနေ သိရအောင် တံတားပေါ်ကို မယောင်မလယ်နဲ့ တက်ကြည့်လိုက်တယ်။ စစ်သား(၄)ယောက်က အလောင်းကိုကောက်ပြီး ကားပေါ်တင်နေတာ တွေ့လိုက်ရတယ်။ သွေးတွေကတော့ အများကြီးပဲ။ ကြည့်ရင်းကြည့်ရင်းနဲ့ အန်ချင်စိတ် ဖြစ်လာတယ်။ နောက် စစ်ကားလည်း အလောင်းတင်ပြီး ထွက်သွားတယ်။

ဘယ်သူမှ မရှိတော့တာနဲ့ ကျနော်လည်း ဆူးလေဘက်ကို ထွက်လာခဲ့တယ်။ ဆန္ဒပြတဲ့လူတွေကလည်း နောက် တနေ့အတွက် အားပြန်မွေးဖို့ လူစုခွဲပြီး အိမ်ပြန်သွားကြတယ်။ ဆူးလေထိပ် ရောက်တော့ မောတာနဲ့ လ္ဘက်ရည်ဆိုင် ထိုင်ပြီး လ္ဘက်ရည်တခွက် မှာလိုက်တယ်။ မှာထားတဲ့ လ္ဘက်ရည် လာချသွားတဲ့အခါ ရုတ်တရက် ကောက်ပြီး မသောက်သေးပဲ ငိုင်နေမိသေးတယ်။ ဘာပြုလို့လဲ။ ဘာလို့ ဒီလောက်အထိ လုပ်ရက်ကြတာလဲ။ လူအုပ်ထဲ သေနတ်နဲ့ပစ်ဖို့ အမိန့်ပေးတဲ့လူက ဘယ်သူလဲ။ ပစ်တဲ့လူ၊ ပစ်နိုင်တဲ့ စိတ်ထား ရှိသူတွေကကော ဘယ်သူတွေလဲ။ သတိရလို့ စားပွဲပေါ်က လ္ဘက်ရည်ခွက်ကို ငုံ့ကြည့် လိုက်ပါတယ်။ လ္ဘက်ရည်ခွက်ထဲမှာတော့ လ္ဘက်ရည်တွေ မဟုတ်ပဲ သွေးတွေ။

မျိုးချစ်တပ်မတော်၏ အစဉ်အလာ … (ဆောင်းပါး)

ရွှေအိမ်စည်
Thursday, 07 February 2008 12:26 - မြန်မာစံတော်ချိန်

army_rule

(က)

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက တပ်မတော်သားတွေအတွက် "စစ်သည်တော် ကျင့်ဝတ်" ဆိုတဲ့ လက်စွဲ စာအုပ်ငယ်လေးကို ၁၉၉၂ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့က ထုတ်ဝေခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ) ရဲ့ ညွှန်ကြားချက်အရ ထုတ်ဝေတာလို့လဲ လက်စွဲ စာအုပ်ရဲ့ မျက်နှာဖုံးမှာ ရေးသားထားပါတယ်။ ဖြန့်ဝေတာကတော့ ….. စစ်သည်တော် အားလုံး (တပ်မတော်သား အားလုံး) ကို ဖြန့်ဝေပါတယ်။ အဲ့ဒီမှာ ….. စစ်သည်တော် (တပ်မတော်သား) ဆိုရာမှာလည်း ဗိုလ်ချုပ်မှူးကြီးကစလို့ တပ်သားအဆင့်ထိ အကျုံးဝင်တာလို့ ဖွင့်ဆိုထားပါတယ်။

စာအုပ်ရဲ့ စာမျက်နှာ (၃)မှာ ……" တပ်မတော်၏ အစဉ်အလာ" ဆိုပြီး…..ခေါင်းစဉ်ငယ် တစ်ခုနဲ့ တပ်မတော်ရဲ့ အစဉ်အလာ (၁၂) ရပ်ကို ဖော်ပြထားပါတယ်။ ပြီးတော့ ….. ဒီအစဉ်အလာ (၁၂) ရပ်ကို စောင့်ထိန်းဖို့လည်း ဆိုထားပါတယ်။ အစဉ်အလာ (၁၂) ရပ်ထဲက ပထမဆုံး အချက်က " မျိုးချစ် တပ်မတော် ဖြစ်သည်" ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒီတော့ ….. မျိုးချစ် တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းပါလို့ နားလည်ရပါတယ်…….။ မျိုးချစ် တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းမှလဲ ဒီနေ့ တပ်မတော်ဟာ မျိုးချစ် တပ်မတော် ဖြစ်သည် …..ဆိုတဲ့ အင်္ဂါရပ် နဲ့ ပြည့်စုံမှာပါ။

ဒီတော့ …… မျိုးချစ်တပ်မတော်ရဲ့ သမိုင်းမှန်ကူကွက် အချို့ကို ပြန်ကြည့်ကြရအောင်ပါ။

(ခ)

၁၉၄၅ ခုနှစ် စက်တင်ဘာလ ပထမအပတ်မှာ သီရီလကာင်္နိုင်ငံ ကန္ဒီမြို့မှာ မြန်မာ့ တပ်မတော်သစ်နဲ့ ပါတ်သတ်လို့ စာချုပ် ချုပ်ဆိုခဲ့ကြတယ်။ ကန္ဒီစာချုပ်ပါ ……။ မြန်မာဖက်က ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ထိုးပြီး ဗြိတိသျှတို့ ဘက်ကတော့ ဗိုလ်ချုပ်ကြီး လော့ဒ်လူဝီ မောင့်ဘတ်တန် လက်မှတ်ထိုးခဲ့တယ်။ စာချုပ်အရ ….. မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းပြီး ၊ စစ်အင်အား ၅၂၀၀နဲ့ ဗြိတိသျှဘားမား ရိုင်ဖယ်တပ်တွင် ပူးပေါင်း၍ တပ်မတော် အသစ်အား ဖွဲ့စည်းသွားရန် ဖြစ်ပါတယ်။

တပ်မတော်သစ်တွင် ပါဝင်ကြမယ့် မျိုးချစ် ဗမာ့တပ်မတော်က အရာရှိ တပ်မှူးတွေကို အင်္ဂလိပ်တပ်က စစ်ပညာသင်တန်း ပြန်ပို့ချပါတယ်။ တပ်ရင်း (၄)က တပ်မှူးတွေကို ပြည်မြို့မှာ သင်တန်းပေးတယ်။ ဗိုလ်ချုပ်ကြီး နေ၀င်း၊ ဗိုလ်မှူးချုပ် အောင်ကြီးတို့ တက်ကြရပါတယ်။ တပ်ရင်း(၅)က တပ်မှူးတွေကိုတော့ ပျဉ်းမနားမှာ သင်တန်းပေးပါတယ်။ ဗိုလ်မှူးကြီး ဇေယျတို့ ဗိုလ်မှူးကြီး ကြည်မောင်တို့ တက်ကြရပါတယ်။ မိတ္တီလာမှာ ဖွင့်တဲ့ သင်တန်းကိုတော့ အမြောက်တပ်နဲ့ အခြားတပ်က တပ်မှူးတွေ တက်ကြရပါတယ်။ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်ချုပ်ကြီး တင်ဦးတို့ တက်ကြရပါတယ်။ ဘားမားရိုင်ဖယ် တပ်ရင်း(၃) တပ်မှူးတွေရဲ့ သင်တန်းကိုတော့ သန်လျင်မှာ ဖွင့်ပါတယ်။ အဲဒီမှာ ဗိုလ်မှူးချုပ် ကျော်ဇော ၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်မှူးကြီး စိန်မြ၊ ဗိုလ်မှူးကြီး တင်မောင် (စာရေးဆရာ မြတ်ထန်) တို့ တက်ကြရပါတယ်။ တပ်ရင်း(၃) သင်တန်းသား အားလုံး စုစုပေါင်း ၂၈-ယောက် ရှိပါတယ်။ အခြေခံ စစ်ရေးပြ "လက်(ဖ)ရိုက်"..... "လက်(ဖ)ရိုက်" က စသင်ကြရပါတယ်။ ပြီးတော့ …." တပ်အုပ်ချုပ်မှုနဲ့ စစ်တပ်ဥပဒေ" ဘာသာရပ်တို့ကိုလည်း သင်ကြရပါတယ်။

တနေ့…..။
စစ်တပ်ဥပဒေဘာသာရပ်ကို သင်နေပါတယ်။
လူစုလူဝေးဆန္ဒပြမှုအား ဖြိုခွဲခြင်းအကြောင်းပါ။
လူစုလူဝေးဖြိုခွဲရာမှာ "ပြည်သူ့ရဲ" တို့နဲ့ မဖြေရှင်းနိုင်ပါက နယ်ဖက်အုပ်ချုပ်ပိုင်းမှ စစ်တပ်ကို အကူအညီ တောင်းခံရပါတယ်။ အဲဒီအခါမှာ စစ်တပ်ဟာ လိုအပ်ရုံ အင်အားနဲ့ လူစုလူဝေးကို ရင်ဆိုင်ရပါတယ်။ ပြီးတော့ ….. တပ်ကို အုပ်ချုပ်တဲ့ စစ်ဗိုလ်အရာရှိဟာ သက်ဆိုင်ရာ ခရိုင်တရားသူကြီး တစ်ဦးကိုလည်း သူ့အနားမှာ ခေါ်ထားရပါတယ်။ လူစုလူဝေးအား ပစ်ခတ်ဖို့ လိုအပ်ပါက ပစ်ခတ်နိုင်ရန် ပစ်ခတ်ခွင့် အမိန့်စာကို တရားသူကြီးထံမှ ရယူရပါတယ်။ ပြီးတော့ တပ်မှူးက လူစုလူဝေးရဲ့ အရှေ့မှာ မျဉ်းသားပြီး မျဉ်းကို ကျော်မလာဖို့ အကြိမ်ကြိမ် သတိပေးရပါတယ်။ အဲဒီလို သတိပေးရင်းနဲ့မှ လူစုလူဝေးဟာ မျဉ်းကို ကျော်လွန်လာလျှင် တပ်မှူးက တရားသူကြီးရဲ့ ပစ်ခတ်ခွင့် အမိန့်စာအရ ဆန္ဒပြသူတို့ရဲ့ ခေါင်းဆောင်လို့ ယူဆရသူ ……ဒါမှမဟုတ် တပ်ဦးက အလံကိုင်လာတဲ့ လူကို တိတိကျကျ ညွှန်ပြပြီး တပ်သားကို ရိုင်ဖယ်သေနတ်နဲ့ ကျည်ဘယ်တောင့်ပစ်ပါ ဆိုပြီး ပစ်မိန့်ပေးရပါတယ်……။

ဒါက…..လူစုလူဝေး ဖြိုခွင်းခြင်းဆိုင်ရာ စစ်တပ်ရဲ့ ဥပဒေ ဘာသာရပ်ရဲ့ သင်ကြားချက်ပါ။

သင်တန်းဆရာက ဘာသာရပ်ဆိုင်ရာ သဘောတရားကို ပို့ချပြီးတဲ့နောက် သင်တန်းသားတွေကို ကြည့်ပြီး လက်ချာဆက်ပေးပါတယ်။

"……ဟောဟိုလမ်းမကြီးပေါ်မှာ လူထုကြီးအလံတွေ ကိုင်လို့ ပါးစပ်ကလည်း အစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်လို့ ချီတတ်လာနေကြတယ် …… ခင်ဗျားတို့ ဘာလုပ်မလဲ……"

သင်တန်းဆရာက သင်တန်းသား ဗမာ့မျိုးချစ် တပ်မတော်သား တပ်မှူးတွေကို မေးပါတယ်။

"………. ရှေ့ကို တတ်မလာပါနဲ့ လို့ သတိပေးမယ်"

သင်တန်းသားတပ်မှူးများက ဖြေကြတယ်။

"…… ဟုတ်ပြီ …… ကဲဗျာ တားလို့ မရဘူး။ ရှေ့ဆက် တက်လာကြပြီ ဆိုပါတော့ ခင်ဗျားတို့ ဘာဆက်လုပ်မလဲ"

သင်တန်းသားအားလုံး ဗမာ့မျိုးချစ် တပ်မတော်သား တပ်မှူးများအားလုံး ချက်ချင်း အဖြေမပေးနိုင်။ သူတို့ အားလုံး၏ အမြင်အာရုံတွင် ….. ဖဆပလအဖွဲ့ဝင် သခင်များနှင့် ပြည်သူလူထုကြီး …..။

"…..လွတ်လပ်ရေး ချက်ချင်းပေး "

"…..သူပုန်၊ သူပုန် ထ ထ….."

ကြွေးကြော်သံများအား ဟစ်ကြွေးနေတဲ့ လူထုကြီးနဲ့ အနီခံ ကြယ်ဖြူတစ်ပွင့် အလံနီကြီးများ …… ခွပ်ဒေါင်းအလံများ ၀င့်၍၀င့်၍ ချီတတ်လာနေကြတဲ့ မြင်ကွင်းတွေကို သင်တန်းသား အားလုံး မြင်ယောင်နေကြတယ်။ သင်တန်းသား အားလုံးဟာ ငြိမ်သက်နေတယ်။ အဖြေ မပေးနိုင်ကြသေး။ သင်တန်းဆရာက ထပ်မေးတယ်။

"…. ကဲဗျာ …… ရှေ့ဆုံးက ချီတတ်လာတာက ဦးအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) ဗျာ….။ သတိပေးလို့လဲ မရဘူး……။ ဆက်ပြီး ချီတတ်လာပြီ ခင်ဗျားတို့ ဘာလုပ်မလဲ ……။ ပစ်မလား။ မပစ်ဘူးလား ……"

"မပစ်ဘူး….."

သင်တန်းသား ဗမာ့မျိုးချစ် တပ်မတော်ရဲ့ တပ်မှူးတွေအားလုံးက အဖြေပေးလိုက်ကြတယ်။

ဤတွင် ကျနော် နားလည်လိုက်မိတယ်။

"ငါတို့သည် ……နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည် " ဆိုတဲ့ တပ်မတော်သားတို့ရဲ့ နေ့စဉ် ရွှတ်ဆိုရသည့် သစ္စာအဓိဌာန်အား …….။

သို့သော် …… ယခု တပ်မတော်က …….။

ထားတော့ …..။

အဲ့ဒီတုန်းက သင်တန်းမှာ တတ်နေခဲ့ကြတဲ့ တပ်မှူးတွေဟာ ရဲဘော်သုံးကျိပ်ဝင်တွေ ပါတယ်။ ပြီးတော့ ဗမာ့ လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော် စတဲ့ တပ်မတော်တွေမှာ တာဝန်ထမ်းခဲ့ပြီး လွတ်လပ်ရေးအတွက် အသက်စွန့် တိုက်ပွဲ ၀င်ခဲ့ကြတဲ့သူတွေ ဖြစ်တယ်။ ဆိုရရင်တော့ ဒီနေ့ တပ်မတော်ကြီးရဲ့ သန္ဓေသားတွေ….။ ဒီနေ့ တပ်မတော်ကြီးရဲ့ ပထမ မျိုးဆက် တပ်မှူးကြီးတွေ …….။ တင်ပြခဲ့တဲ့ အဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် သူတို့တွေရဲ့ စဉ်းစားချက် ၊ ရပ်တည်ချက်၊ တွေးခေါ်ချက်နဲ့ လုပ်ဟန်တွေဟာ မျိုးချစ် တပ်မတော်ရဲ့ရပ်တည်ချက်နဲ့ လုပ်ဟန်တွေ ဖြစ်ခဲ့တယ်။ ဒါတွေဟာ မျိုးချစ် တပ်မတော်ရဲ့အစဉ်အလာ ကောင်းတွေပါ။ ဒီလို အစဉ်အလာကောင်းတွေကို ဒီနေ့ တပ်မတော်ကြီးဟာာ စောင့်ထိန်း ထားနိုင်ကြသေးရဲ့လား။ မေးစရာတွေ ဖြစ်နေပါပြီ။ ဒါဟာ …..ဒီနေ့ တပ်မတော်သားတိုင်း ဆန်းစစ်ကြည့်ကြဖို့ လိုသလို တစ်ဦးချင်း အဖြေပေးကြရမှာလည်း ဖြစ်တယ်။

ရွှေအိမ်စည်

အညွှန်း - ဗိုလ်မှူးကြီး တင်မောင်၏ "တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်" စာမျက်နှာ (၁၃-၃၂)မှ

Tuesday, February 5, 2008

အသွားမတော်သော လမ်းများ (ဆောင်းပါး)

မျိုးကြီး
Tuesday, 05 February 2008 15:45 - မြန်မာစံတော်ချိန်

နအဖ စစ်ဘက်ရေးရာ လုံခြုံရေးဌာန အရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်ဟာ ဒီရက်ပိုင်းအတွင်း ရှမ်းပြည် (မြောက်ပိုင်း) အတွင်းက တိုင်းရင်းသား လက်နက်ကိုင် အပစ်အခတ်ရပ် အဖွဲ့တွေဆီကို ဆွေမျိုးသားချင်းလို အလည်အပတ် သွားနေပါတယ်။ ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က လာမယ့် ရွေးကောက်ပွဲ အသစ်မှာ အပစ်ရပ်အဖွဲ့တွေ ပါလာစေဖို့ပါ။ ဒီ့အတွက် ဆွယ်တရားတွေ လိုက်ဟောနေတာပါ။

ရှမ်းပြည် (မြောက်ပိုင်း) အတွင်းက ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA(N) ၊ ကချင်အမျိုးသား ကာကွယ်ရေး တပ်မတော် KDA၊ မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (ကိုးကန့်) MNDAA၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (ဦးစိုင်းလင်း - မုံးလားအခြေဆိုက်) NDAA နဲ့ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA အဖွဲ့ကို ဇန်နဝါရီလ ၂၂ ရက်နေ့ကနေ ဒီလကုန်အထိ သွားတွေ့နေတာပါ။

ဒါ့အပြင် ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့်ကလည်း ဒီလဆန်းပိုင်းမှာပဲ ကချင်ပြည်နယ် အတွင်းက အပစ်ရပ်အဖွဲ့တွေ ဖြစ်တဲ့ ကချင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KIA နဲ့ ဒီမိုကရေစီသစ် တပ်မတော် (ကချင်) NDA (K) တို့ကို သွားတွေ့ခဲ့ပါတယ်။

ဒီတခေါက် အပစ်ရပ်အဖွဲ့တွေကို နအဖ က ချဉ်းကပ်ပုံဟာ အရင်ထက်စာရင် အများကြီး ညင်သာ ပျော့ပြောင်းပါတယ်။ အရေးပေါ် လိုအပ်ချက်အရ နည်းပရိယာယ်ပြောင်း ကျင့်သုံးနေတာလို့ အကဲခတ်တွေက ဆိုပါတယ်။

အရင်က ဒေသဆိုင်ရာ စစ်တိုင်းမှူးတွေက ဆင့်ခေါ်ရင် အမိန့်ပေးသံနဲ့ ပြောဆိုတတ်ပေမယ့် အခုတခါမှာ နှစ်များစွာ ကွဲကွာနေတဲ့ သားအဖတွေ ပြန်တွေ့တဲ့ တွေ့ဆုံမှုမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။ အပစ်ရပ် တိုင်းရင်းသား ခေါင်းဆောင်တွေကို တွေ့ပြီး ထမင်းစားပွဲတိုင်းမှာ နအဖ အတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ သတင်းစကားတွေကို ပြောသွားလို့ ပိုပြီး စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။

“ဒီတခေါက် လာပြောတာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုတော့မယ်။ အဲဒီအခါကျရင် အဆင်သင့် ဖြစ်အောင်၊ ရွေးကောက်ပွဲ ဝင်နိုင်အောင်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပါတီဖွဲ့ထားကြ၊ ပြင်ထားကြ။ တပ်တွေကတော့ စစ်သားတွေဆိုတော့ ကျနော်တို့ နားလည်ပါတယ်။ လက်နက်တွေ ဘယ်သူအပ်ချင်မလဲ။ ပြီးတော့ အနားယူတာတို့၊ ပင်စင်ကိစ္စတွေ ဘာတွေကလည်း ချက်ခြင်းလုပ်လို့ ဘယ်ဖြစ်အုံးမလဲဆိုပြီး ပြောတာပါ” လို့ စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇော က ပြောပါတယ်။

အပစ်ရပ်တွေကို ကျောသပ်ချော့မြူနေတဲ့ အခုလို အပြုအမူမျိုး၊ အပြောမျိုးတွေကြောင့် ရွှေဝါရောင် တော်လှန်ရေးကြီးကပဲ နအဖ ရဲ့ စဉ်းစားပုံစဉ်းစားနည်းနဲ့ အပစ်ရပ်တွေအပေါ် ဆက်ဆံရေး နည်းပရိယာယ် ပြောင်းလဲစေခဲ့ဟန် တူပါတယ်။

ပြည်သူတွေနဲ့ အပစ်ရပ်တွေကို နှိုင်းယှဉ်ရာမှာ အရေးပေါ် ရန်သူ ဘယ်သူဖြစ်မလဲ၊ ဘယ်သူ့ကို အရင် ဖြိုခွဲ ချေမှုန်းမလဲ၊ ရေတို မဟာမိတ်အဖြစ် ဘယ်ဘက်ကို ရွေးချယ်ရမလဲဆိုတဲ့ နည်းဗျူဟာကို ကျင့်သုံးဖို့ ကနဦး ရည်ရွယ်ချက်နဲ့ ဗိုလ်ချုပ်ရဲမြင့် ရောက်လာတာလို့ အကဲခတ်တွေက ယုံကြည်နေပါတယ်။

နအဖ က အပစ်ရပ်တွေအပေါ် အခုလို ခြေတလှမ်း ဆုတ်ပေးလိုက်တာဟာ သူတို့ရဲ့ လတ်တလော ဖြစ်တန်ချေရှိတဲ့ မဟာမိတ် ဘယ်သူဖြစ်တယ်ဆိုတဲ့ အဖြေကို ရှင်းရှင်းလင်းလင်း ဖော်ပြနေပြီး၊ ပြည်သူတွေရဲ့ ရွှေဝါရောင် တော်လှန်ရေးမျိုး ထပ်ဖြစ်လာနိုင်တယ်လို့ တွက်မိထားပုံ ရပါတယ်။ ပြည်သူတွေဟာ သူတို့အတွက် မိတ်ဆွေ မဖြစ်နိုင်ဘူးဆိုတာ အသေအချာ ထည့်တွက်ထားပြီး ဖြစ်မှာပါ။

ဘာကြောင့်လည်းဆိုတော့ ဗိုလ်ချုပ်ရဲမြင့်ဟာ အပစ်ရပ် ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ ပြောဆိုနေတဲ့ နိုင်ငံရေး သတင်းစကားဟာ ပြည်သူတွေ မလိုလားတဲ့ ရွေးကောက်ပွဲ အသစ်ကို မဖြစ်မနေ လုပ်သွားမယ့် အကြောင်းပါပဲ။

အပစ်ရပ် တိုင်းရင်းသား ခေါင်းဆောင်တွေကို နိုင်ငံရေးပါတီ ခေါင်းဆောင်တွေအဖြစ် အသွင်ပြောင်းလိုက်မှာ ဖြစ်ပြီး တပ်သားထုကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ခံ နယ်မြေခံ အထူးရဲတွေအဖြစ် အသွင်ပြောင်းမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း ဦးအောင်ကျော်ဇောက ပြောပါတယ်။

“ဖွဲ့စည်းပုံတွေလည်း ပြန်ဖွဲ့စည်းပေးမယ်။ လက်နက်ခဲယမ်းတွေလည်း တပ်ဆင်ပေးမယ်။ အခု လက်နက်တွေ သုံးစရာ မလိုတော့ဘူး။ အဲလိုပြောတယ်” လို့ သူက ဆိုပါတယ်။

အခုလောလောဆယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (မူကြမ်း) ကို ထပြီး အကောင်အထည် ဖေါ်မယ်ဆိုရင်တော့ နအဖ အနေနဲ့ အပစ်ရပ်အဖွဲ့တွေကို စစ်ထတိုက်ဖို့ပဲ ရှိပါတယ်။ အဲလို စစ်မတိုက်ချင်သေးတာကြောင့် အခုလို ရွေးကောက်ပွဲအသစ် အခွင့်အရေးနဲ့ အပျော့ဆွဲ ဆွဲနေတာ ဖြစ်ပါတယ်။

ရွှေဝါရောင် သံဃာလူထု လှုပ်ရှားမှုကြီးကို အကြမ်းဖက် ဖြိုခွဲပြီးနောက် နအဖ စစ်အစိုးရအပေါ် နိုင်ငံတကာ ဖိအား ကြီးမားနေချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆက်ထိန်းထားနိုင်တယ်ဆိုတဲ့ နိုင်ငံရေးအမြတ်ကလည်း ထုတ်ပြဖို့ လိုအပ်နေပါတယ်။

ဒါ့အပြင် ၂ဝဝ၈ ခုနှစ် တရုတ်အိုလံပစ် ပွဲတော်အတွင်း နယ်စပ်ဒေသတွေ တည်ငြိမ်စေဖို့ တရုတ်အစိုးရက တောင်းဆိုထားတာက တကြောင်း၊ ငြိမ်းအဖွဲ့တွေဘက်က နအဖ ရဲ့ ညောင်နှစ်ပင် ညီလာခံကို တက်ခဲ့ပေမယ့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး လိုလားတဲ့ သဘောထားတွေ ရှိနေတာကို သတိထားမိတဲ့ အချက်တွေကြောင့်တကြောင်း လိမ္မာပါးနပ်စွာ ကိုင်တွယ် စည်းရုံးနေတာပါ။

ဗိုလ်ချုပ်ရဲမြင့်နဲ့ တွေ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ဒီအဖွဲ့တွေထဲမှာလည်း ကြိတ်ဝိုင်း ဆွေးနွေးပွဲတွေ လုပ်ကြရပါတယ်။ အမျိုးသားရေးအတွက် တော်လှန်ရေး လုပ်နေတယ်ဆိုတဲ့ အပစ်ရပ် အဖွဲ့တွေဟာ ဦးတည်ရာ လမ်းကြောင်းတွေ ကွဲပြားလာတာ ကြားနေရပါတယ်။

နအဖ လက်ထဲ အကြွင်းမဲ့ လက်နက်အပ်ခဲ့တဲ့ ဦးအိုက်မုံး ခေါင်းဆောင်တဲ့ ပလောင် ငြိမ်းချမ်းရေးအဖွဲ့နဲ့ ရန်မော်အန်း၊ ရန်မော်လျံ ခေါင်းဆောင်တဲ့ ကိုးကန့်အဖွဲ့ရဲ့ လမ်းကြောင်းက ပထမ လမ်းကြောင်းပါ။

ဒါ့အပြင် အခုရက်ပိုင်းအတွင်း SSA (N) အဖွဲ့မှာ အစည်းအဝေး လုပ်တဲ့အခါ ဥက္ကဋ္ဌ ဦးလွယ်မောင်း နှုတ်ထွက်စာ တင်ခဲ့ပါတယ်။ (ဒါပေမဲ့ အစည်းအဝေး ဆုံးဖြတ်ချက်တော့ မကျခဲ့ပါဘူး။) KIA မှာလည်း အသက်အရွယ်နဲ့ ကျန်းမာရေးအရ ဒါမှမဟုတ် နိုင်ငံရေး ပွဲခင်းအတွင်း ဆက်မပါလိုတဲ့အတွက် ကိုယ်လွတ်ရုံးလိုတဲ့ ခေါင်းဆောင်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

တခြား လမ်းကြောင်းတခုက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တချို့က အေးအေးလူလူ နေချင်ပါတယ်။ နအဖ ခင်းပေးလာတဲ့ အခင်းအကျင်းကို စိတ်ဝင်စားပါတယ်။ သိက္ခာလည်း မကျ၊ လက်နက်ကိုင် တော်လှန်ရေးလည်း ဆက်လုပ်စရာ မလိုတော့ဘူးလို့ ထင်မှတ်နေသူတွေပါ။ ဗိုလ်ချုပ်ရဲမြင့် ပေးခဲ့တဲ့ သတင်းစကားအတိုင်း (လမ်းကြောင်းအတိုင်း) ပုံစံတကျ နေသွားချင်သူတွေပါ။

နောက်ဆုံးလမ်းကြောင်းကတော့ ဦးစိုင်းရီ ခေါင်းဆောင်တဲ့ SSNA ငြိမ်းချမ်းရေးအဖွဲ့လို ခေါင်းဆောင်တွေပါပဲ။ ၂ဝဝ၅ ခုနှစ်မှာ ဦးစိုင်းရီနဲ့ အဖွဲ့ကို လက်နက်ချဖို့ ဖိအားပေးခဲ့တုန်းက နအဖ ပေးခဲ့တဲ့ ကားတွေနဲ့ တိုက်အိမ်တွေ မီးတင်ရှို့လိုက်ပြီး၊ မွေးထားတဲ့ ကြက်ဝက်တွေကို လူထုလက်ထဲ ပေးအပ်ခဲ့ပါတယ်။ ဒါကတော့ လက်နက်ကိုင် တော်လှန်ရေး ပြန်လုပ်ခဲ့တဲ့ လမ်းကြောင်းမျိုးပါ။

အခုလို နောက်ဆုံးလမ်းကြောင်းအတိုင်း လိုက်ပါမယ့် ခေါင်းဆောင်မျိုးတွေဟာ အဖွဲ့အစည်းတိုင်းမှာတော့ ရှိနေပါတယ်။ နအဖ နဲ့ အပစ်အခတ် ရပ်ထားပေမယ့် တိုင်းရင်းသား အခွင့်အရေးကို နအဖ ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေက ဖေါ်ဆောင်ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ သိထားသူတွေပါ။ ဒါ့အပြင် ဒီလမ်းကြောင်းဟာ သူတို့အတွက် ယာယီသာ ကောင်းကျိုးပြုနိုင်ပေမယ့် ရေရှည်အတွက် သက်ဆိုးရှည်မှာ မဟုတ်လို့ အလိုက်အထိုက် နေမသွားချင်ကြပါဘူး။

ဒါပေမယ့်လည်း အပစ်ရပ် အဖွဲ့တိုင်းဟာ ဒီလမ်းကြောင်းတွေအတိုင်း အတိအကျ သွားရတော့မယ် ဆိုတာမျိုးအထိတော့ မူတွေ ချမှတ်နိုင်သေးတာ မဟုတ်ပါဘူး။ လတ်တလော ပေါ်ထွက်လာတဲ့ သဘောထားအမြင်တွေ၊ ရပ်တည်ချက်တွေကတော့ ဖော်ပြခဲ့တဲ့ လမ်းကြောင်းမျိုးတွေအဖြစ် ပုံကြမ်းပေါ်နေတာပါ။ စီးပွားရေး အဆင်ပြေတဲ့ ခေါင်းဆောင်တွေနဲ့ အမျိုးသား တော်လှန်ရေးကို အကျပ်အတည်း ပေါင်းစုံကြားက ဆက်လုပ်လိုတဲ့ ရဲဘော်တွေကြားမှာ ကွဲပြား ခြားနားမှုတွေဟာ တစထက်တစ ပိုပြီး ကွာဟလာနေပါပြီ။

ဘယ်လိုပဲဖြစ်ပါစေ ပထမနဲ့ ဒုတိယလမ်းကြောင်းအတိုင်း ရွေးကောက်ပွဲ အသစ်နဲ့ လိုက်ပါလိုတဲ့ အပစ်ရပ်တွေ အနေနဲ့ သတိပြုစေလိုတာက ၉ဝ ခုနှစ် ရွေးကောက်ပွဲမှာ မဲအများဆုံးရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ ဒုတိယ မဲအများဆုံးရခဲ့တဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေကို နအဖ က အကြောင်းမဲ့ မတရား နှစ်ရှည် ထောင်ချနေတယ် ဆိုတာပါပဲ။

ပြည်သူလူထုရဲ့ ထောက်ခံမှု မရဘဲ မြေပေါ်ပါတီအဖြစ် ရပ်တည်သွားမယ်ဆိုရင် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေရဲ့ နောင်ရေးဟာ မတွေးရဲစရာပါ။ အဖွဲ့ခေါင်းဆောင်တွေ အနေနဲ့ နအဖ ရဲ့ ဖမ်းဆီးမှုကို အချိန်မရွေး ရင်ဆိုင်ရမှာ ဖြစ်တယ်လို့တော့ သတိပေးစကား ပြောလိုပါတယ်။

Saturday, February 2, 2008

အကျပ်အတည်းအတွင်း ဦးဆောင်မှု (ဆောင်းပါး)

အောင်သူငြိမ်း
Saturday, 02 February 2008 14:03 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်က မှာလိုက်သည်။ "အကောင်းဆုံးကို မျှော်လင့်ထားပါ။ သို့သော်လည်း အဆိုးဆုံးအခြေအနေ အတွက်လည်း ပြင်ဆင်ထားရန်" အမှာပါးလိုက်သည်။ ဤအခြေအနေက အကျပ်အတည်းကို မရည်ညွှန်းပါသလော။

ကျနော် အမေရိကန်နိုင်ငံတွင် ကျောင်းတက်နေစဉ်က တိုက်တိုက်ဆိုင်ဆိုင် စက်တင်ဘာ (၁၁) တိုက်ခိုက်မှုကြီး ဖြစ်ပွားခဲ့သည်။ များမကြာမီပင် အမေရိကန် ပြည်ထောင်စုက လူသူလက်နက်စုကာ အာဖဂန်နစ္စတန်ရှိ တာလီဘန်များကို စစ်ကြေငြာ ၀င်တိုက်ခဲ့တော့သည်။ နိုင်ငံတကာ မဟာမိတ်များကို စုရုံး၍၊ မိမိပြည်တွင်း လူထုထောက်ခံမှုကို အရယူ၍ အာဖဂန်စစ်ကို ပြတ်ပြတ်သားသား နွှဲခဲ့သည်။ မှန်သည်ဖြစ်စေ - မှားသည်ဖြစ်စေ သမတဘုရှ်က အကျပ်အတည်း အခြေအနေကို သူ့နည်းသူ့ဟန်ဖြင့် တုံ့ပြန်ခဲ့သည်။ ဤနောက်ပိုင်းတွင်တော့ ကျောင်းထဲတွင် ဆွေးနွေးစရာ ကိစ္စများ၊ အစည်း အဝေးများ၊ ဆီမီနာများ ဆက်တိုက် ဖြစ်လာခဲ့သည်။ "အကျပ်အတည်းအတွင်း ဦးဆောင်မှု" (Leadership on line) ဟူ၍ ခေါင်းစဉ်တပ်ခါ ပညာရှင်ပေါင်းစုံက ရှုထောင့်ပေါင်းစုံဖြင့် ဆွေးနွေးခဲ့သည်ကို မိမိကြားနာခဲ့ရသည်။

ပြောရမည်ဆိုလျှင် မေ (၃၀) ဒီပဲယင်း လုပ်ကြံမှုကြီးက မြန်မာနိုင်ငံ၏ "စက်တင်ဘာ (၁၁) အတိုင်းအတာနှင့် ညီမျှသည့်" အကြမ်းဖက်မှုကြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များ ကားတန်းကို စစ်အစိုးရက ဦးဆောင်၍ အမာခံ လူရမ်းကားများဖြင့် ကျူးလွန်ခဲ့ကြသည့် နိုင်ငံတော် အကြမ်းဖက်မှုကြီး ဖြစ်သည်။ ဤမေ (၃၀) အခြေအနေက အကျပ်အတည်း မမြည်ပါသလော။ ပြောရလျှင် မြန်မာပြည်သူများနှင့် အတိုက်အခံ ခေါင်းဆောင်များ၏ တုံ့ပြန်မှုများက အားနည်း လှသလို၊ နှေးကွေးလှသည်ဟုလည်း ဆိုနိုင်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များက အငိုက်မိ နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အခန့်မသင့်လျှင် သေသွားနိုင်သည့် ကိန်းရှိသော်လည်း၊ ဒေါ်စုကို ချစ်သည့် ပြည်သူများက ဒေါသဖြင့် တုံ့ပြန်မှု မတွေ့ခဲ့ကြရ။ လမ်းမများပေါ်တွင် ဆူပူရုန်းရင်း ဆန်ခတ်မှုများ မရှိ။ ကားတာယာများ မီးလောင်မနေ။ မီးပွိုင့် များလည်း မကွဲမကျိုး။ သတင်းယူရန်သွားသည့် နိုင်ငံခြား သတင်းထောက်များပင် လက်ပလာဖြင့် ပြန်ခဲ့ရသည်။ ဤသို့ လူထု လှုပ်ရှားမှု ပေါ်ပေါက်စေရန် အတွက် လှုံ့ဆော်မှုများကိုလည်း မတွေ့ခဲ့ကြရ။

ပြည်ပ အခြေစိုက် အဖွဲ့အစည်းများ၏ တုံ့ပြန်မှုကလည်း အားနည်းခဲ့သည်ဟုပင် ဆိုရလိမ့်မည်။ အမေရိကန်မှ မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီအရေး အက်ဥပဒေ (၂၀၀၃) (Burma Freedom and Democracy Act 2003) ချမှတ်ခဲ့သည်မှ လွဲ၍ ထူးခြားသိသာမှု မရှိခဲ့။ အရှေ့တီမော ခေါင်းဆောင် ဟိုဆေး ရားမို့စ် ဟိုတာ (Dr. Jose Ramos Horta) ထံမှ သူတို့ လှုပ်ရှားမှု အတွေ့အကြုံ ကြားခဲ့ရဖူးသည်။ အရှေ့တီမောတွင် အင်ဒိုနီးရှား ထောက်ခံသူ လက်နက်ကိုင်များက အရှေ့တီမော ပြည်သူအများကို ဒုတ်၊ ဓါးများဖြင့် သတ်ဖြတ်နေကြစဉ်တွင် ပြည်ပတွင် ရှိသည့် ဒေါက်တာ ဟိုဆေးက ဖုန်း ၃-လုံး ဖြင့် အလုပ်ရှုပ် နေခဲ့သည်။ ဒေါက်တာ ဟိုဆေးက ကုလ အထွေထွေအတွင်းရေးမှူး ကိုဖီအာနန်ကို တိုက်ရိုက် ဖုန်းခေါ်နိုင်သည်။ အမေရိကန်သမတ ကလင်တန်၏ အိမ်ဖြူတော်ထံ တိုက်ရိုက် စကားပြောနိုင်သည်။ တောင်ကိုရီးယား၏ ထိုအချိန်က သမတဖြစ်နေသူ ကင်ဒေးဂျုံ ကိုလည်း သူက တိုက်ရိုက် စကားပြောနိုင်ခဲ့သည်။ ဤ ကမ္ဘာ့ခေါင်းဆောင်များ၏ ဆက်စပ် ညှိနှိုင်းမှုဖြင့် နောက်ဆုံး အရှေ့တီမောသို့ နိုင်ငံတကာ ကယ်ဆယ်ရေး တပ်များ ၀င်ရေး အစီအစဉ် ဖြစ်လာခဲ့ရသည်။ ယခုတော့ မိမိတို့ အင်အားစုများတွင် ဤသို့ အရေးကြီး ဖုန်းလိုင်း (hotline) ဆက်သွယ် ကိုင်ထားနိုင်သူများ မတွေ့ခဲ့ရသေးပါ။ ဒီပဲယင်း ပြီး၍ ၄ နှစ် ကျော်ခဲ့သည့်တိုင် ဤအခြေအနေကို ပြင်ဆင် မထားနိုင်သေးပါ။

တဖန် စစ်တပ်အတွင်း ၀န်ကြီးချုပ်ဆိုသူ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလတွင် ဗိုလ်ချုပ်ခင်ညွန့် အပါအ၀င် အရာရှိကြီး (၅၀) ကျော်၊ စီးပွားရေးသမား ၃၀၀ ကျော်ကို ဖမ်းသည်။ ထောက်လှမ်းရေး တဖွဲ့လုံး ဖျက်သိမ်းသည်။ ၀န်ကြီးဌာနများအတွင်း ယခင် လူဟောင်းများနှင့် နီးစပ်သူများကိုပါ ဖြုတ်သည်။ ၂၀၀၅ ဇွန်တွင် စစ်တပ်အရာရှိကြီး ၇၆ ဦးကို စစ်တပ်မှ အငြိမ်းစား စေ၍ နေရာရွှေ့ပြောင်းပစ်သည်။ ၂၀၀၆ မေတွင် စစ်တပ်အရာရှိ ၈၄ ဦးကို ထပ်အနားပေးပြန်သည်။ ၂၀၀၆ ဇွန်တွင် ဒု-၀န်ကြီး ၈ ဦးနှင့် တရားသူကြီးချုပ်ရုံး တရားသူကြီး တဦးကို အနားပေးပြန်သည်။၂၀၀၇ ဖေဖေါ်ဝါရီတွင် ဗိုလ်ကြီအဆင့်မှ အထက် (၈၅၀) ကို စစ်တပ်မှ ရွှေ့ပြောင်းစေပြီး၊ အရပ်ဖက်သို့ ပြောင်းစေသည်။ ၂၀၀၇ ဒီဇင်ဘာလတွင် အကောက်ခွန်ဌာနမှ အရာရှိ (၃၀၀) ကျော်ကို အရေးယူပြန်သည်။ စစ်အစိုးရ အတွင်း ဖြုတ်ထုတ်သတ် ကိစ္စများနှင့် ရှုပ်နေခဲ့သည်။ ဤသို့ စစ်တပ်အတွင်း အကွဲအပြဲ အခြေအနေများက အကျပ်အတည်း မမြည်ပါသလော။ မိမိတို့ဘက်မှ ထိရောက်သည့် ကြိုးပမ်း အားထုတ်မှုများကို မတွေ့ခဲ့ရပြန်ပါ။

၂၀၀၃ တွင်ပင် ဘဏ်များ အကျပ်အတည်း ဆိုက်သည်။ ဘဏ်အချို့ ပြိုလဲရသည်။ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံ ဗဟိုဘဏ်က ကျပ်သန်းထောင်ပေါင်း (၂၅) (အမေရိကန်ဒေါ်လာ ၂၅ သန်း) ကို ပုဂ္ဂလိကဘဏ်များသို့ ထုတ်ပေး ကူညီခဲ့ရသည်။ ဘဏ်တွင် ငွေသွင်းထားသူ တဦးကို တပတ် ကျပ် (၅၀,၀၀၀) သာ ထုတ်ပေးနိုင်တော့သည်။ ဤပြဿနာကြောင့် ဗိုလ်ချုပ်သန်းရွှေ အင်ဒိုနီးရှား ခရီးစဉ်ကို ဖျက်ရသည်။ ၅-ရက်ကြာ ရန်ကုန်တွင် ပြသရန် စီစဉ်ထားသည့် ငါးနှင့် ရေထွက်ပစ္စည်း အရောင်းပြပွဲကို ဖျက်သိမ်းရသည်။ ဘဏ်များ အခြေအနေက ထိုအချိန်မှစ၍ ထူထောင်မလာနိုင်ခဲ့။ ဓါတ်ဆီ ဈေးများ တိုးမြှင့်လိုက်သည့်အခါ ၂၀၀၇ စက်တင်ဘာတွင် ရွှေဝါရောင် တော်လှန်ရေး ဖြစ်ရသည်အထိ အုံကြွ ပေါက်ကွဲလာခဲ့သည်။ နောက်ပိုင်း ပြစ်ဒဏ်အဖြစ် ပိုမို ချမှတ်ခံကြရသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများ အောက်တွင် ပြန်၍စီးပွားရေး ထူထောင်လာရေး ဆိုသည်မှာ စိတ်ကူးယဉ်မှု သက်သက်သာ ဖြစ်တော့သည်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ထိခိုက် ကျဆင်းလာနေသည့် အခြေအနေတွင် ရင်းနှီးမြှုပ်နှံမှုများက တိုးလာဖို့ မရှိ။ ဆုတ်ယုတ်ဖို့သာ ရှိနေတော့သည်။ ဆတိုးကဲလာနေသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အကျပ်အတည်းများကလည်း နောက်တကြိမ် ခပ်ကြမ်းကြမ်းလှိုင်း ဆောင့်ခံရလျှင် ခံနိုင်ဖွယ်မရှိ။ စုံးစုံးနစ်ရတော့မည်။ ဤအခြေအနေက အကျပ်အတည်း မမြည်ပါသလော။

တဖန် နိုင်ငံရေးအရ တွက်လျှင်လည်း ၂၀၀၇ ခုနှစ်တွင် (၁၄) နှစ်ကြာ ဆွဲနေခဲ့သော ညီလာခံကို ပိတ်သိမ်းလိုက်ခြင်းဖြင့် စစ်တပ်က သူ၏ လက်မောင်းကြွက်သား ညှစ်ပြဖို့ ကြိုးစားခဲ့သည်။ မည်သူပါပါ-မပါပါ လမ်းပြမြေပုံ ၇-ချက်ကို ဆက်ချီတက်မည် ဆိုနေခဲ့သည်။ ကုလ လုံခြုံရေးကောင်စီ သတိပေးချက်ကိုလည်း မမှု။ သံဃာများ၏ ပတ္တနိက္ကုဇ္ဇနကံကိုလည်း ပမာမထား။ ရဟန်းနှင့် လူထုများ၏ ဆန္ဒပြပွဲများကိုလည်း နိုင်ငံတကာ မျက်စေ့ရှေ့မှောက်တွင် အကြမ်းဖက် ဖြိုခွဲပြလိုက်သေးသည်။ လူဦးရေ ၉၀% ခန့်က ဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံတွင် သံဃာများနှင့် ဗုဒ္ဓဘာသာ အဖွဲ့အစည်း၊ သာသနာကို ပုတ်ခတ်တိုက်ခိုက်သည့် ကိစ္စသည် အလွန်ကြီးလေးသည့် အမှုပင် ဖြစ်သည်။ ဤနောက်ပိုင်းတွင် ၎င်း၏ အမာခံ ကြံ့ဖွံ့၊ စွမ်းအားရှင်များဖြင့် ဆက်လက် ဖိနှိပ်၍ အကြောက်တရားဖြင့် အုပ်ချုပ်နေသေးသည်။ နိုင်ငံတကာ မိသားစုအတွက်လည်း လက်မှိုင်ချရတော့မည့်ကိန်း ဖြစ်လာခဲ့ပြီ။ ဤအခြေအနေက အကျပ်အတည်း မမြည်ပါသလော။ ပို၍ ဆိုးသည်က ဗိုလ်ချုပ် သန်းရွှေ၏ ကျန်းမာရေးက သိသိသာသာ ကျဆင်းလာသည်။ ယခု နှစ်အတွင်းပင် သေသွားနိုင်သည်ဟု ခန့်မှန်းထား၍ပင် ရနိုင်သည်။ သို့သော်လည်း စနစ်တကျ အာဏာလွှဲပြောင်း နေရာချ ထားရေးအတွက် ပြင်ဆင်ထားမှုများ မတွေ့ရသေး။ စစ်အစိုးရ၏ လုပ်ငန်းစဉ်များကလည်း ထူးခြားသည့် ပြောင်းလဲမှု မရှိ။ တနေ့ရွှေ၊ တနေ့ငွေ တနေ့ရှာ တနေ့ချက်စား ဆိုသည့် ပုံစံမျိုးဖြင့် ခရီးချီတက်နေကြသည်။

ယခုတော့ ဒေါ်စုက ပြောလာခဲ့ပြီ။ "အဆိုးဆုံးကို ရင်ဆိုင်ရန် ပြင်ဆင်ထားပါ" ဟု ဆိုသည်။ ဤအခြေအနေက တကယ့် အကျပ်အတည်းဟု မမြည်သေးပါသလော။

သို့သော်လည်း "အကျပ်အတည်း" ဟူသည့် စကားလုံးသည်ပင်၊ တဖက်တွင် "အခွင့်အလမ်း" ဟု ဘာသာပြန်၍ ရနိုင်သေးသည်။ သို့သော်လည်း သက်ဆိုင်ရာ ခေါင်းဆောင်မှု အသီးသီးက ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေ (dilemma) တွင် ညိနေကြသည်။ စစ်ဗိုလ်ချုပ်များက အခွင့်ကောင်း ယူတတ်၍ ယခု အပြောင်းအလဲကို ဦးဆောင်နိုင်မည် ဆိုလျှင်လည်း သူတို့အတွက် ရွှေအခွင့်အလမ်း ဖြစ်သွားနိုင်သည်။ တိုင်းပြည်အတွက် သူရဲကောင်းများ ဖြစ်သွားနိုင်သည်။ ကယ်တင်ရှင်များ ဖြစ်သွားနိုင်သည်။ သို့သော် သူတို့ ရှေ့မတိုးနိုင်သည့် အသက်၊ အိုးအိမ်၊ စည်းစိမ် ပြဿနာလည်း ရှိနေသေးသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည်လည်း ယခုကဲ့သို့ ရှေ့မတိုး၊ နောက်မဆုတ်သာ အခြေအနေတွင် ပိတ်မိနေပြန်သည်။ သူတို့က ဆွေးနွေးပွဲ ထိုင်စောင့်နေကြသည့်နှယ် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမိန့်ကို ထိုင်စောင့်နေကြသည့်နှယ် ရှိသည်။ လူထုကို ဦးမဆောင်နိုင်လျှင်လည်း သိက္ခာကျရခြိမ့်မည်။ ယခုကဲ့သို့ အင်အားချိနဲ့နေသည့် အနေအထားမှ ထ၍ အချိန်မသင့်ဘဲ လှုံ့ဆော်မိလျှင်လည်း ပါတီ ဖျက်သိမ်းခံရနိုင်သည်။ မတရားအသင်း ကြေငြာခံရနိုင်သည့် စစ်အစိုးရအကွက် ၀င်သွားနိုင်သည်။ အမှန်တွင်လည်း NLD အတွက် ရွေးချယ်စရာ အခွင့်အလမ်းက နည်းလှပါသည်။ ဤအခြေအနေ အောက်မှ ဖြစ်သမျှ ဆောင်ရွက်နေကြရဆဲ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု၊ အရည်အချင်းနှင့် လူထုအများက ယုံကြည် အားကိုးမှုကို အငြင်းပွားစရာ မရှိပါ။ သို့သော်လည်း အိမ်အကျယ်ချုပ် ကျနေရသည်။ တဖက်တွင်လည်း စစ်အစိုးရနှင့် စကားပြောနေရသောကြောင့် ရန်မပိုစေမည့်၊ ပြေလည်ရာ ပြေလည်ကြောင်း ရနိုင်စေမည့် စကားမျိုး ရွေးချယ်၍ သတိကြီးစွာဖြင့် ပြောနေရသေးသည်။

ပြည်ပ အတိုက်အခံ အဖွဲ့များအတွက်လည်း မေးခွန်းများ ရှိလာပါသည်။ ပြီးခဲ့သည့် ရွှေဝါရောင် တော်လှန်ရေး ကာလမှ စ၍ နိုင်ငံတကာ အာရုံစိုက်မှု တိုးတက် ရရှိခဲ့သည်။ ယခင်က နိုင်ငံရေး စိတ်မ၀င်စားသည့် လူငယ်များ တက်ကြွဝင်စားလာကြသည်။ အချို့ ပြည်သူများကလည်း သာသနာနှင့် သံဃာထိ၍ ထွက်လာကြသည်။ ပြည်ပတွင်လည်း တက်ကြွလှုပ်ရှားသူ အများအပြားက ၀ိုင်းရံလာကြသည်။ ဤအင်အားစုများကို မည်သို့စုစည်း၍ အင်အားဖြစ်အောင် လုပ်ကြပါမည်နည်း။ သို့ သော် ခက်နေသည်။

ပြည်ပရှိ ဒီမိုကရေစီအဖွဲ့များတွင် ခိုင်မာသည့် ဦးဆောင်မှု မရှိသည်မှာ လျှို့ဝှက်ချက် မဟုတ်တော့ပါ။ အကွဲ အပြဲများနှင့် အစိတ်စိတ် အမွှာမွှာ ဖြစ်နေသည်မှာလည်း ရှက်စရာ မဟုတ်ပါ။ လူအများ သိနေကြသည့်ကိစ္စပင် ဖြစ်သည်။ သို့သော်လည်း ပြောရမည်ဆိုလျှင် အချို့ အဖွဲ့အစည်းများကတော့ ပို၍ တရားဝင်မှု၊ (တနည်း) ပြောရေးဆိုခွင့် ရှိနေကြသည်ကတော့ အမှန်ပင် ဖြစ်သည်။ ဥပမာအားဖြင့် -ပြည်တွင်းတွင် NLD ဌာနချုပ်နှင့် ၈၈- မျိုးဆက် ကျောင်းသားများ အဖွဲ့တို့က အခရာ ကျပြီး၊ ပြည်ပတွင်တော့ ထိုင်း-မြန်မာ နယ်စပ်ရှိ အမျိုးသားကောင်စီ (NCUB) နှင့် အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) တို့၏ အခန်းကဏ္ဍကိုလည်း ပြည်ပတွင် ပစ်ပယ်ရန် မဖြစ်နိုင်သေးပါ။ သို့အတွက်ကြောင့် လက်ရှိ အကျပ်အတည်းကို ကျော်လွှားနိုင်ရန် ပို၍ တာဝန်ရှိနေသည်ဟု ဆိုနိုင်ပါသည်။ လက်ရှိ အခြေအနေကို ထိုင်စောင့်နေသည်ထက်၊ မိမိတို့ဖက်က တင်ကူး လှုပ်ရှားမှု (pro-active actions) များဖြင့် အပြောင်းအလဲ ဖြစ်စေရန် ဖန်တီးကြရမည် ဖြစ်ပါသည်။ ပြည်သူအများကို အနာဂတ်အတွက် မျှော်လင့်ချက် (vision) ကို ပြနိုင်ကြရန် လိုအပ်ပါသည်။

မြင်နေရသည်မှာ စိတ်ပျက်ဖွယ်တော့ ဖြစ်သည်။ အချို့ နိုင်ငံရေး အဖွဲ့အစည်းများက တောင့်တောင့်ကြီး ရပ်နေပါသည်။ ရပ်တည်ချက်ခိုင်လျှင် ပြီးရော၊ အသစ်လည်း ထိုးထွင်းကြံဆ မလှုပ်ကြပါ။ စစ်တပ်မကောင်း၊ အကုန်ရှုံ့ချ - တို့ကောင်း၊ အကုန် ထောက်ခံမူဖြင့် ရပ်နေကြပါသည်။ အချို့ကလည်း ဒေါ်အောင်ဆန်းစုကြည် ပါးလာမည့် အမိန့်စာကို ထိုင်စောင့်နေကြပါသည်။ အချို့ကလည်း ကိုယ့်ခြံစည်းရိုး ကိုယ်ကာနေကြသည်။ ဤသို့ ဗိုလ်နေမြဲ-ကျားနေမြဲ နေကြေးဆိုလျှင်ဖြင့် စစ်အစိုးရ ၀မ်းသာပါလိမ့်မည်။ သူတို့က အာဏာ ဖင်ခုထိုင်ထားပြီး နိုင်ငံကို ချရောင်းစားနေရသည် မဟုတ်ပါလား။ ထုတ်ပြန် ကြေငြာချက်များ ထုတ်နေရုံဖြင့်သာ မလုံလောက်ပါ။ တီးတိုး-လူသူ မသိသည့် အစည်းအဝေးများ တခုပြီးတခု တက်နေရုံ ဖြင့်သာ မလုံလောက်ပါ။ စနစ်တကျ ပြင်ဆင်ရတော့မည့် အချိန် ဖြစ်ပါသည်။

အကျပ်အတည်း ဆိုသည်မှာ နိုင်ငံရေး ကိစ္စများမှသာ မဟုတ်ပါ။ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များပင် ကြုံကြရသည့် ကိစ္စဖြစ်ပါသည်။ ကုမ္ပဏီများ နာမည်ပျက်ကိန်း ကြုံရသည်။ ပြိုင်ဘက်က တိုက်ခိုက်ခံရသည် စသဖြင့် ရှိတတ်ကြပါသည်။

ဤအခြေအနေတွင် ခေါင်းဆောင်မှုက ပြတ်သားဖို့ လိုအပ်ပါသည်။ ရဲရဲလှမ်းရန် လိုအပ်ပါသည်။ သံန္နိဌာန်ခိုင်ခိုင်ဖြင့် အမိန့်ပေးရန် လိုပါသည်။ မှန်သည်ဖြစ်စေ - မှားသည်ဖြစ်စေ အာဖဂန်သို့ သမတဘုရှ် စစ်သွားတိုက်လိုက်သည့် ကိစ္စကို ခေါင်းဆောင်မှု အမြင်ဘက်မှ နေ၍ မှန်သည်ဟု သုံးသပ်ကြသည်။

ထို့အပြင် ဤအကျပ်အတည်းကို ကိုင်တွယ်ရန် "အကျပ်အတည်း ထိန်းသိမ်း စီမံခန့်ခွဲရေး အဖွဲ့" (crisis management team) မျိုး ဖွဲ့ရန် လိုအပ်ပါသည်။ ကုမ္ပဏီများတွင်ပင် ဤအခြေအနေမျိုး၌ တယောက်တပေါက် အသံထွက်နေ၍ မရပါ။ လက်ငင်းကိစ္စများကို အဖွဲ့က ဆုံးဖြတ်ရပါသည်။ သတင်း မီဒီယာများကို ၎င်းအဖွဲ့က တုံ့ပြန်ရပါသည်။ အနာဂတ် မဟာဗျူဟာအတွက် ပြင်ဆင်ကြရပါသည်။ ယခု အကျပ်အတည်း ကြားထဲမှ ထွက်နိုင်မည့် အခြားရွေးလမ်းများကို စဉ်းစားကြရပါသည်။

သေချာသည်မှာ ရှိသမျှ အရင်းအမြစ် အားလုံးကို စုစည်းရန်ပင် ဖြစ်ပါသည်။ စစ်တိုက်လျှင် လူသူ၊ လက်နက်၊ ကျည် စုစည်းရသကဲ့သို့ အဖွဲ့များ၏ ထောက်ခံမှု၊ လူသား အရင်းအမြစ်၊ ရနိုင်သည့် ဘဏ္ဍာ အရင်းအမြစ်များ စုစည်းရန် လိုအပ်ပါသည်။ ထိုမျှမက ရနိုင်သည့် မဟာမိတ် အင်အားစုများ အားလုံးကိုလည်း စုစည်းရန် လိုအပ်ပါသည်။ အမေရိကန် စစ်သွားမတိုက်မီကလည်း "လိုလားသော အင်အားစုများ၏ ညွန့်ပေါင်း မဟာမိတ်အဖွဲ့" (coalition of the willing) ကို ရနိုင်သမျှ ဖွဲ့ခဲ့ကြပါ သည်။ မဟာအင်အားကြီး နိုင်ငံသည်ပင် တဦးတည်းကျဲ၍ မဖြစ်နိုင်ပါ။

သို့သော်လည်း မဟာမိတ်ဖွဲ့သည် ဆိုသည်မှာ ကြားကောင်းရုံ၊ ကျင့်ဝတ်ရေးရာအရ လျော်ညီသောကြောင့်၊ လူမြင်ကောင်းသောကြောင့် ဖွဲ့ကြခြင်း မဟုတ်ပါ။ အလုပ်လုပ်ရန် ဖွဲ့ကြခြင်း ဖြစ်ပါသည်။ အင်အားအာဏာ (power) တည်ဆောက်ရန်၊ အရင်းမြစ် စုဆောင်းရန်၊ ခေါင်းဆောင်သစ်များ မွေးထုတ်နိုင်ရန် မဟာမိတ်ဖွဲ့ကြခြင်း ဖြစ်ပါသည်။ ဤနေရာတွင် သတိပြုရန် အချက်မှာ အကြွင်းမဲ့ ညီညွတ်ရေးမျိုး (absolute unity) လုံးဝ မရနိုင်ပါ။ အဖွဲ့အချင်းချင်း အကြား တည်ရှိနေသည့် မတူညီသည့် အင်အား၊ မတူညီသည့် အကျိုးစီးပွားဆိုင်ရာ ကိစ္စများကို အသိအမှတ် ပြုကြရပါလိမ့်မည်။ အလုပ်ဖြစ်နိုင်မည့် ညီညွတ်ရေးမျိုး (functional unity) ကိုသာ တည်ဆောက်ကြရပါလိမ့်မည်။ အခြားသတိပြုရန် အချက်မှာလည်း မတူညီသည့် အကျိုးစီးပွား ခွဲဝေမှုကြောင့် နောက်ထပ် မညီညွတ်ဖြစ်ရမှုများလည်း ထပ်မံ ကြုံရနိုင်ပါသေးသည်။

ထိုမျှမက ခေါင်းဆောင် လုပ်နေသူများက ညီညွတ်သည့် သတင်းစကား (coordinate message) ကို ဆောင်ထားကြရပါလိမ့်မည်။ သတင်းမီဒီယာများနှင့် ပြောဆိုရာ၊ အင်တာဗျူးသည့်နေရာ၊ ထုတ်ပြန် ကြေငြာချက်များ ထုတ်ပြန်ရာနှင့် နိုင်ငံရပ်ခြား အသိုင်းအ၀ိုင်းများနှင့် ပြောဆိုရာတွင်ပင် ညီညွတ်နေရန် လိုအပ်ပါသည်။ ဤ သတင်းစကားများကြောင့် ပြည်သူကို မျှော်လင့်ချက် တက်စေပြီး၊ ဗျူဟာမြောက် သေချာ ပြင်ဆင်ထားသည့် သတင်းစကားများလည်း ဖြစ်ရန် လိုအပ်ပါသည်။

ထို့အပြင် အကျပ်အတည်း ဆိုက်သည့် အခြေအနေများတွင် ထိုအခြေအနေကို ထိန်းသိမ်းနိုင်ရန်အတွက် ခေါင်းဆောင်များက လူအင်အား၊ ငွေအင်အားသာမက ဦးနှောက် အင်အားကိုပါ ထည့်သွင်း သိမ်းသွင်းရန် မမေ့သင့်ပါ။ တဦးတဉာဏ် ဆိုသလို စုပေါင်း တိုင်ပင်မှုကြောင့် ပို၍ အကျိုးဖြစ်စေနိုင်ပါသည်။ အနောက်နိုင်ငံများတွင်တော့ ထိုအချိန်တွင် ခေါင်းဆောင်လုပ်သူများက လူအများ စစ်တမ်းကောက်သည့် ရလဒ်များ (polls result) ကို ကြည့်ကြသည်။ လက်ငင်း ဆောင်ရွက်ရမည့် အစီအစဉ်များ (urgent programs) ကို အကြံပေးများ၊ ဗျူဟာဆွဲသမားများနှင့် ညှိနှိုင်းရေးဆွဲကြသည်။ ထို့နောက် ခေါင်းဆောင်များက လူထုများကို လက်ငင်းအန္တရာယ်၊ ခြိမ်းခြောက်နေမှုများနှင့် ရေရှည် အန္တရာယ်များ (immediate and long-term threats) ကို ရှင်းပြကြသည်။ မျှော်လင့်ချက်ဖြင့် ပြည်သူများ လှုပ်ရှားဆောင်ရွက် ကူညီလာစေရန်လည်း ရေရှည် အမြင်များ (long-term vision) များ ဆွေးနွေး တင်ပြကြသည်။

ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း အခြေအနေတွင် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ခေါင်းဆောင်မှု အတွင်း၌ ဤအခြေအနေများ မတွေ့ရှိရသေးပါ။ ပြည်သူလူထု၏ မျှော်လင့်ချက်ကို အသက်ဆက်စေလိုလျှင်ဖြင့်၊ လက်ရှိ အကျပ်အတည်းမှ အခွင့်အလမ်းအဖြစ် ပြောင်းလိုလျှင်ဖြင့်၊ မိမိတို့ကိုယ်တိုင် ပင်မနိုင်ငံရေး ရေစီးကြောင်းတွင် ဆက်လက်ဦး ဆောင်လိုလျှင်ဖြင့် ဤသို့ လတ်တလော - အလယ်အလတ် - ရေရှည် လုပ်ငန်းစဉ်များ ခေါင်းချင်း ရိုက်ရတော့မည့် အချိန် ဖြစ်ပါသည်။ "အကျပ်အတည်း စီမံခန့်ခွဲရေး အဖွဲ့မျိုး" ဖြင့် အခြား ရွေးချယ်စရာ နည်းလမ်းအဖုံဖုံကို ကြံဆရတော့မည့် အချိန်ပင် ဖြစ်သည်။ မိမိ ပြည်သူလူထုကို သာမက ဒေသဆိုင်ရာ နိုင်ငံများနှင့် နိုင်ငံတကာ မဟာမိတ်များသို့ တိုး၍ ထိုးဖောက် စည်းရုံးရတော့မည့် အချိန် ဖြစ်ပါသည်။ ဤအချိန်တွင် ယခင်က စည်းတုပ်နှောင်ထားသလို ဖြစ်နေခဲ့သည့် အဖွဲ့အစည်း အစွဲ၊ ကန့်သတ်မှုများကို ချွင်းချန်၍ ခေါင်းချင်းစုဆုံ၊ တူညီသော ကိစ္စ (issue) ပြဿနာများတွင် တူရာ တွဲလုပ်နိုင်ကြသည့် မဟာမိတ် ဖွဲ့စည်းပုံ အသစ်တမျိုးကို စဉ်းစားကြရတော့မည် ဖြစ်ပါသည်။ မိမိ၏ ထီးပေါင်းမိုးကို လူများများ ခိုလှုံနိုင်စေရန် အတွက်လည်း ပို၍ ကျယ်ကျယ်ပြန့်ပြန့် ထားပေးရတော့မည် ဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် တင်ပြလိုသေးသည်။ သို့သော်လည်း အရေးမကြီးသည့် အတွက်ကြောင့် နောက်ဆုံး တင်ပြခြင်း မဟုတ်ပါ။ ယခုတခါ စုစည်းမှု ပုံစံတွင် ယခင် ပုံစံခွက်များထဲက ထွက်ရန် လိုအပ်ပါလိမ့်မည်။ အများအပြား ပေါ်ထွန်းလာပြီး အားကောင်းကောင်းဖြင့် လှုပ်ရှားလာကြသည့် အရပ်ဖက် လူမှုအဖွဲ့များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုပါလိမ့်မည်။ အမျိုးသမီး အဖွဲ့များကိုလည်း ချွင်းချန်ထား၍ မဖြစ်နိုင်ပါ။ နေရာ ပေးကြရပါလိမ့်မည်။ ယခင် တော်လှန်ရေး တပ်ပေါင်းစုများ ဖွဲ့စည်းပုံ စဉ်းစားချက်ဟောင်းများတွင် ဤအင်အားစုများက ကျွင်းကျန်ရစ် နေခဲ့ပါသည်။ သို့သော် ပြောင်းလဲလာသည့် ခေတ်သစ် ဆက်သွယ်ရေး နည်းပညာခေတ်တွင် ဤအင်အားစုများ၏ အစွမ်းကို လျှော့တွက်၍ မရနိုင်တော့ပါ။ ထိုမျှမက ဤအင်အားစုများကို ဖိတ်ခေါ်လာပြီဆိုလျှင် မဟာမိတ် တပ်ပေါင်းစု ပူးပေါင်း ဆောင်ရွက်မှုသည်လည်း ပုံစံအသစ် ဖြစ်ရပါလိမ့်မည်။ ယခင် အပေါ်-အောက် ဆက်ဆံရေး စနစ်မျိုးမှသည် ပို၍ တန်းတူရည်တူ အလျားလိုက် ဆက်ဆံရေး ပုံစံမျိုးသို့လည်း ခေတ်နှင့်အညီ ပြောင်းလဲလာရန် လိုအပ်ပါလိမ့်ဦးမည်။

သို့မဟုတ်ပါက မိမိတို့ လှုပ်ရှားမှုက ဤအကျပ်အတည်းများက ပေးလာသည့် အခွင့်အလမ်းများကို နောက်တကြိမ် ထပ်မံ လက်လွတ် ကြရပါဦးမည်။ နောက်ထပ် ဆယ်စုနှစ်တိုင် ပုံစံတူ အခြေအနေဆိုး၊ ထောင်ချောက်ကျင်းထဲ ကျရဖွယ် ရှိနေပါတော့သည်။

အောင်သူငြိမ်း

၂-၂-၂၀၀၈