News Article Photo Poem Video Cartoon Music Radio

Friday, November 28, 2008

ကောက်သစ်ပေါ်ဦး၊ ဆန်ပြဿနာနှင့် နေပြည်တော်ဘယ်လဲ .

ဆောင်းပါး
မင်းဆွေသစ်
ကြာသပတေးနေ့၊ ဂျူလိုင်လ 31 2008 16:45 - မြန်မာစံတော်ချိန်


(က)

၂၀၀၈ ခုနှစ် မေ ၂ ရက်နှင့် ၃ ရက်နေ့များအတွင်း နာဂစ်မုန်တိုင်း တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့တွင် ပျက်စီးဆုံးရှုံးမှု အများအပြားရှိခဲ့၏။ ပထ၀ီ အပိုင်းအခြားအရမူ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် စစ်တောင်းမြစ်ဝှမ်း ဒေသတို့ ဖြစ်သည်။ မြို့နယ်ပေါင်း ၄၇ မြို့နယ်၊ ကျေးရွာပေါင်း ၃၅၀၀ ပျက်စီး ဆုံးရှုံးခဲ့၏။ စစ်အာဏာပိုင်တို့၏ ထုတ်ပြန်မှုအရပင် သေဆုံးသူနှင့် ပျောက်ဆုံးသူ အပေါင်းမှာ တသိန်း သုံးသောင်းကျော် ရှိပြီး၊ အိုးမဲ့အိမ်မဲ့ ဖြစ်ရသူပေါင်းမှာ ၂ ဒဿမ ၅ သန်း ရှိသည်ဟု ဆို၏။ ကျေးရွာသားများ ဖြစ်ကြသည်

ပျက်စီးမှု၏ ၈၀ ရာခိုင်နှုန်းသည် ကျေးလက်တွင် ဖြစ်သည်။ သူတို့၏ အသက်မွေးမှု အတတ်ပညာက လယ်ယာလုပ်ငန်း ဖြစ်သည်။ ပျိုးကြဲမည်။ ထွန်ယက်မည်။ ကောက်စိုက်မည်။ ရိတ်သိမ်းမည်။ မြန်မာ့ လယ်ယာလုပ်ငန်းက စက်မှုလယ်ယာ မဟုတ်…..။ ကြွက်သားအားနှင့် စွမ်းအင်ပြုရသည့် လက်မှုလက်ယာ …..။

နာဂစ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွင် ဧရာဝတီတိုင်းသည် အများဆုံး ထိခိုက်ပျက်စီးခဲ့၏။ တနိုင်ငံလုံး သေဆုံးသူနှင့် ပျောက်ဆုံးသူပေါင်း၏ ၇၅ ရာခိုင်နှုန်းရှိပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ရသူပေါင်း ၈၀ ရာခိုင်နှုန်း ရှိ၏။ ဧရာဝတီတိုင်းက မြန်မာ့မြေယာ လုပ်ငန်း၏ ၃၀ ရာခိုင်နှုန်းအား ထုတ်လုပ်မှုပေး၏။ နှစ်စဉ် စပါးတင်း သန်းပေါင်း ၄၀၀ ခန့် ထွက်ရှိသည်။ စပါးစိုက်ပျိုးမြေ ဧကပေါင်းမှာ မိုးစပါး စိုက်ဧက ၃၅ သိန်းကျော် ၃၅၀၈၂၉၁ ရှိပြီး နွေစပါး စိုက်ဧကမှာ ၁၄ သိန်းကျော် ၁၄၂၁၈၆၀ ရှိသည်။ FAO ၏ အစီရင်ခံစာအရ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတွင် လယ်ယာစိုက်ပျိုးမြေ ဧက သိန်း ၂၀ ကျော်သည် ဆားငန်ရေများ ဖုံးလွှမ်း၍ ပျက်စီးခဲ့ပြီး ဧက-၅ သိန်းကျော်သည် လယ်ယာလုပ်ငန်း လုံးဝ လုပ်ကိုင်၍ မရအောင် ပျက်စီးခဲ့သည်ဟု ဆိုသည်။

ဆားငန်ရေ ၀င်ရောက်ခဲ့သည့် လယ်မြေဧက သိန်း ၂၀ ကျော်တွင် ပြန်လည်၍ စိုက်ပျိုးနိုင်သည် ထားဦး …… အထွက်နှုန်းကမူ ယခင်ကကဲ့သို့ ထွက်ရှိတော့မည်မဟုတ် …. လျော့မည်သာ ……။ အလျော့အနည်းနှင့် အလျော့အများသာ ကွာမည်။ ထားတော့…..။

ဧရာဝတီတိုင်းအတွင်း မိုးစပါးရာသီ၌ လယ်မြေဧက သိန်း ၃၀ ခန့် စိုက်ပျိုး၍ ရသည်ဆိုလျှင်ပင် ပထမ ပြဿနာက လယ်ယာလုပ်သား ပြဿနာ ဖြစ်၏။

လယ်မြေ ၁၀ ဧကခန့်အား လုပ်ကိုင်လျှင် လယ်ဦးစီးတယောက် လို၏။ ကိုယ်တိုင် မလုပ်ကိုင်နိုင်ပါက လယ်ဦးစီးအား `စာရင်းငှား´ ငှားရသည်။ သူက …. `ကဆုန်လ´ လဆန်းမှစ၍ လုပ်ငန်းခွင် ၀င်ရပြီ….။ ကန်သင်းတွေ ပြင်ရမည်။ လယ်တဲ ပြင်၊ ထင်းစု…..။

`တမံ´ ညက်အောင် ထွန်ရမည်။ `ကဆုန်လပြည့်´ ကျော်သည်နှင့် မိုးလေက မှန်ပြီ။ ဤတွင် ပျိုးခင်း၌ ပျိုးကြဲရမည်။ ပျိုးသက်က ရက်သတ္တ ၅ ပတ်မှ ၆ ပတ်မျှရှိပြီး၊ ဤအတွင်း စိုက်နိုင်ရမည်။ ကျော်၍မဖြစ်။ ကျော်လျှင် ပျိုးပင်များ `ခွ´ လာမည်။ ခွလာလျှင် ပျိုးနုတ်ရာ၌ အပျက်အစီး များမည်။ သို့ဖြစ်၍ ပျိုးသက်မရင့်မီ ပျိုးနုတ်ကောက်စိုက် လုပ်ရမည်။ ဤတွင် လယ်ယာလုပ်ငန်းခွင်၌ လယ်ယာလုပ်သား အများအပြား လိုအပ်လာမည် ဖြစ်သည်။ အချိန်နှင့် လုပ်ရသည့်အပိုင်း ဖြစ်သည်။ လုပ်အားများများ သုံးရမည်။ လယ် ၁၀ ဧကခန့်တွင် ပျိုးနုတ်၊ ကောက်စိုက်လုပ်သား ၁၀ ယောက်မှ ၁၅ ယောက်ခန့်လိုသည်။ ပျိုးပင်မခွမီ ပျိုးပင်များအား ပျိုးခင်းမှ လယ်ကွက်အတွင်းသို့ ပြောင်း၍ စိုက်နိုင်ရမည်။ ဤအတွက် လယ်ယာလုပ်သား လို၏။ ဤလုပ်အားအား လယ်ကွက်အတွင်းသို့ ဖြည့်တင်းနိုင်မှ နာဂစ်မုန်တိုင်း တိုက်ခတ်ခြင်း ခံခဲ့ရသည့် လယ်မြေများတွင် စပါးစိုက်နိုင်မည်။ ဤအရေးက မုန်တိုင်း တိုက်ခတ်ခံရခြင်း မရှိသည့် ပြည်နယ်၊ တိုင်းများမှ လူများအား ပေါ်တာဖမ်းပြီး လုပ်ခိုင်း၍မရ…..။

`ခရာ´တွက်၍ ပျိုးခင်းများဖြစ်မလာ။ `၀ီစီ´မှုတ်၍ ကောက်ပင်များမဖြစ်။
(ခ)


ဒုတိယ ပြဿနာက မျိုးစပါး ပြဿနာ ဖြစ်သည်။

မြန်မာပြည်၌ `မျိုးစေ့´ ထုတ်လုပ် ရောင်းချသည့် ကုမ္ပဏီကြီးများ မရှိ။ မိမိ၏ မျိုးစေ့အား မိမိဘာသာ ချန်၍ စိုက်ပျိုးကြခြင်း ဖြစ်သည်။ လယ်သမားသည် လယ်သိမ်းပြီးပါက မျိုးစပါးအား သီးသန့် သိမ်းကြရ၏။ ကျန်သည်ကိုမှ မဖြစ်မနေ ပေးရမည်တို့အား ပေး……။ ပြီးမှ ၀မ်းစာထားကြသည်။ မျိုးစပါးအား မိမိစိုက်မည့် လယ်နှင့် တွက်၍သာ ထားတတ်ကြသည်။ ပိုမထားကြ။ စပါးတဧကအတွက် မျိုးစပါး ၂ တင်း (၃၂ ပြည်) ခန့်လို၏။ နာဂစ်ကြောင့် ဧရာဝတီတိုင်းအတွင်း မျိုးစပါး ပျက်စီးမှုသည် ၉၀ ရာခိုင်နှုန်းခန့်ရှိသည်။ ဆားငန်ရေ၀င်သည့် လယ်မြေများအပါအ၀င် ပြန်လည် စိုက်ပျိုး၍ရမည့် လယ်မြေများ၌ စပါးပြန်စိုက်နိုင်ရန် မျိုးစပါးတင်းရေ ၆ သန်းခန့် လိုသည်။ မည်သို့ ဖြည့်ဆည်းမည်နည်း ……။ စစ်အုပ်စု ယခုပြုလုပ်နေသည့် နည်းနှင့်မူ မည်သို့မျှ မဖြစ်နိုင်။

စစ်အုပ်စုက ဧရာဝတီတိုင်းအတွက် လိုအပ်မည့် မျိုးစပါးများအား မုန်တိုင်းတိုက်ခတ်မှု မခံရသည့် ပြည်နယ်၊ တိုင်းများရှိ လယ်သမားများထံမှ သိမ်း၍ ဧရာဝတီတိုင်းသို့ ဖြန့်သည်။ လယ်သမားတို့၏ မျိုးစပါး ချန်ထားမှုက နောက်နှစ် မိမိစိုက်မည့် လယ်ဧကနှင့် တွက်၍သာ သိမ်းကြ၏။ ချန်ထားတတ်ကြ၏။ ပိုပိုလျှံလျှံ မထား…။ ယခုကဲ့သို့ စိုက်ပျိုးရာသီမျိုး၌မူ လယ်သမားတို့၏ စပါးကျည်အတွင်း ၀မ်းစာစပါးပင် မရှိကြတော့။ ပြီးလျှင် …. မျိုးစပါးဟူသည်က ၀မ်းစာစပါးကဲ့သို့ ထား၍မရ….. ဂရုစိုက်ရသည်။ မိုးရေအထိမခံ … . မိုးရေနည်းနည်းပါးပါး ထိသည်နှင့် အညှောက်ထွက်လာနိုင်သည်။ ဤအတွက် မုန်တိုင်းမထိသည့် ပြည်နယ်၊ တိုင်းများမှ လယ်သမားများထံတွင်လည်း မျိုးစပါးဟူသည် ပိုပိုလျှံလျှံမရှိ……။ ခွဲဝေပေးရန် မဖြစ်နိုင်။
(ဂ)


တတိယပြဿနာက လယ်ယာလုပ်ငန်းသုံး ကုန်ထုတ်ကိရိယာ ဖြစ်သည်။ နာဂစ်မတိုင်မီ ဧရာဝတီတိုင်းအတွင်း ကျွဲ၊ နွားကောင်ရေ ၁ ရာခိုင်နှုန်း ၅ သန်း ရှိသည်။ နာဂစ်ကြောင့် ဧရာဝတီတိုင်းအတွင်း၌ ကျွဲ၊ နွား ၉၀ ရာခိုင်နှုန်းကျော် သေကြေ ပျက်စီးခဲ့သည်။ မြန်မာ့ လယ်ယာကဏ္ဍက စက်မှုလယ်ယာ မဟုတ်…..။ ကျွဲ၊ နွားနှင့် ဖက်၍ ထွန်ယက် နေကြရဆဲ….။ လယ် ၁၀ ဧကအား ထွန်တတုံး၊ နွားတရှဉ်းနှင့် ထွန်လျှင် ၁၅ ရက်ခန့် ထွန်ရသည်။ အချိန်နှင့် လုပ်ရသည်။ ကဆုန်၊ နယုန် လများက ထွန်ယက်မှု ပြီးစီးရမည့် အချိန် ဖြစ်သည်။ သို့မှသာ ပျိုးသက်မရင့်မီ လယ်ကွက်အတွင်း၌ ကောက်စိုက်၍ ပြီးမည် ဖြစ်သည်။ ဤတွင် မုန်သုန်မိုးက မိုးမှန်လေမှန်ဖြစ်ပြီ…….။ ယခုမူ ဧရာဝတီတိုင်းအတွင်း လယ်ပြန်စိုက်၍ရမည့် လယ်ကွင်းများ၌ ဧက ၇၀၊ ၈၀ ခန့်တွင် ထွန်တတုံး၊ နွားတရှဉ်းနှင့် ထွန်ယက်နေကြရသည်။ ဧရာဝတီတိုင်းအတွင်း လယ်မြေများ ထွန်ယက်ပြီးစီးရန် မည်မျှကြာမည်နည်း……။ မုန်သုန်မိုးက စောင့်မည်မဟုတ်……။
(ဃ)


ဧရာဝတီ မြစ်ဝကျွှန်းပေါ် ဒေသနှင့် စစ်တောင်းမြစ်ဝှမ်းတို့က မြန်မာ့လယ်ယာ စိုက်ပျိုးရေး၏ အဓိက အသက်သွေးကြော နေရာများဖြစ်သည်။ နာဂစ်ကြောင့် ဤသွေးကြောမကြီးများ ပေါက်ပြဲခဲ့ရပြီ…..။ မြန်မာ့လယ်ယာ စိုက်ပျိုးရေး၏ ၃၅ ရာခိုင်နှုန်းခန့် ပျက်စီးသွားခြင်း ဖြစ်သည်။ ဤအတွက် ၂၀၀၈ ခုနှစ် မိုးစပါးထွက်ရှိမှုတွင် ၄၀ ရာခိုင်နှုန်းခန့် လျော့ကျ၍သွားနိုင်သည်။ စစ်အုပ်စု၏ ကိန်းဂဏန်းအရ …. ၂၀၀၇ ခုနှစ် ဆန်စပါး ထွက်ရှိမှုသည် မက်ထရစ်တန်ချိန် ၁၉ သန်းခန့် ရှိသည်ဟု ဆို၏။ ပြည်တွင်းစားသုံးမှုမှာ ၁၈ ဒဿမ ၉၅ သန်းခန့်ရှိရာ မြန်မာ့ဆန်စပါး ထုတ်လုပ်မှုသည် ပြည်တွင်း ဖူလုံရုံမျှသာ ရှိသည်။ ထွက်ရှိမှုနှင့် စားသုံးမှုသည် ညီမျှ၍နေပြီး အရံဆန်စပါးဟူ၍မရှိ…..။

မြန်မာ့လယ်ယာ လုပ်ငန်းသည် မြန်မာနိုင်ငံရှိ အလုပ်လုပ်နိုင်သူ ဦးရေ၏ ၆၆ ရာခိုင်နှုန်းအား အလုပ်အကိုင် ပေးထားသည်။ ဆန်စပါးက မြန်မာတို့၏ အဓိက စားသောက်ကုန်ဖြစ်၍ အသက်သွေးကြော သီးနှံဟု ဆိုရမည်။ မြန်မာ့လယ်ယာ လုပ်ငန်းနှင့် ဆန်စပါး စိုက်ပျိုး ထုတ်လုပ်မှုသည် မြန်မာ့နိုင်ငံရေးတွင် အရေးပါသော အခန်းကဏ္ဍ၌ ရှိခဲ့၏။ ဤအတွက်ပင် စပါးအား နိုင်ငံရေး သီးနှံဟုပင် ၀ိဂြိုဟ်ပြုကြ၏။ သမိုင်းစဉ်၌ မြေယာ အကျပ်အတည်းကြောင့် တော်လှန်ရေးကြီးများ ပေါ်ပေါက်ခဲ့ကြ၏။ ဆန်ပြဿနာကြောင့် အရေးတော်ပုံကြီးများ ဖြစ်ပေါ်ခဲ့ကြ၏။

လာမည့်နှစ် ကောက်သစ်ပေါ်ဦးက ….. နေပြည်တော်အဖို့ ကြီးမားသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်မှာ မလွဲ …..။
မင်းဆွေသစ်