News Article Photo Poem Video Cartoon Music Radio

Thursday, May 29, 2008

သေခြင်းနှင့်ပျက်သုန်းခြင်း

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ မေလ 27 2008 18:22 - မြန်မာစံတော်ချိန်

(နာဂစ်ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံဒုက္ခသည်များသို့ကူညီလိုသူ နိုင်ငံခြားသားတဦး၏အတွေ့အကြုံ)

ရန်ကုန်။ ။ ညသန်းခေါင်ယံအချိန်ရောက်လာလျှင် ရန်ကုန်မြို့လယ်ရှိ ဘုန်းကြီးကျောင်းများသည် အသက်ဝင်လှုပ်ရှားလာကြပြီး အလုပ်များလာကြပြန်သည်။ ထရပ်ကားများ၊ ပစ်ကပ်ကားများ၊ ဘတ်စ်ကားငယ်များရောက်လာပြီး ဘုန်းတော်ကြီးများ၊ သူတို့၏ဒါယိကာများက ဆန်များ၊ ပဲများ၊ ခေါက်ဆွဲခြောက်များ၊မိုးရေကာဖျင်များ၊ အဝတ်အထည်များနှင့် ဆေးဝါးများကိုကားပေါ်သို့တင်ကြကာ ဧရာဝတီတိုင်းဝေးလံ ခေါင်ဖျားသောဒေသရှိ နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များကို ကူညီကယ်ဆယ်ရေးခရီးစဉ်အတွက် အသင့်ပြင်ကြသည်။

ဤတကြိမ်တွင်လည်း ဗုဒ္ဓဘာသာရဟန်းတော်များက ဆိုင်ကလုံးနာဂစ်မုန်တိုင်းခံခဲ့ရသော ဒုက္ခသည်များ၊ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူများအတွက် ကယ်ဆယ်ရေးကိစ္စကို ခေါင်းဆောင်ကြပြန်သည်။ ဤကိစ္စကို အစိုးရထိန်းချုပ်ထားသော သတင်းစာများကဖေါ်ပြခွင့်မပြုသော်လည်း မြစ်ဝကျွန်း ပေါ်ဒေသ၏ အစွန်အဖျားအကျဆုံး အခေါင်ဆုံးဒေသများသို့သွားရောက်ကူညီရန် အလှူရှင်များကို ရဟန်းတော်များကပင် နိုင်ငံအနှံ့ စည်းရုံးလှုံ့ဆော်လုပ်ဆောင်နေသည်။ နံနက် ၃ နာရီတွင်ကျနော်တို့သွားရန် အသင့်ဖြစ်ပါပြီ။ သံဃာတော် ၂ ပါး၊ ပုဂ္ဂလိကအလှူရှင် ၂၅ ဦးနှင့် နိုင်ငံခြားသားတဦးတို့ ဖြစ်ကြသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့အကြား မည်သို့သဘောတူညီချက် ရခဲ့သည်ပင်ဆိုဆို၊ နိုင်ငံခြားသား ကူညီကယ်ဆယ်ရေးလုပ်သားများမှာ စာဖြင့်ရေးသားပေးထားသော အစိုးရ၏ခွင့်ပြုချက်မပါဘဲ၊ ရန်ကုန်မြို့၏ ပြင်ပသို့ ထွက်ခွင့်မရသေးပါ။ ကျနော်လည်းကားပေါ်တက်၍ ဆန်အိတ်များ၊ ကုလားပဲအိတ်များ၊ ခေါက်ဆွဲခြောက်များ၊ မိုးရေကာဖျင်စများ အလယ်တွင် ထိုင်ကာ မြန်မာလူငယ်မိန်းကလေး၊ယေက်ျားလေးများခြံရံ၍လိုက်ပါရသည်။ ၃ ပတ်တိုင်တိုင် မည်သည့် ပြင်ပအထောက်အပံ့ကိုမျှ မရသေးသည့် ဝေးလံခေါင်ဖျား သောဒေသမှ ရွာသားများ၏အသက်ကိုဆက်ပေးနိုင်မည့် ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်ပေးအပ် လှူဒါန်းပေးနိုင်မည့်အရေးတွေးကာ အားလုံး စိတ်လှုပ်ရှားနေကြသည်။

ရန်ကုန်မြို့လယ်မှ ၁၅ မိုင်ခန့်ဝေးသောနေရာသို့ရောက်သောအခါ စစ်သားများနှင့်ရဲများစောင့်ကြပ်နေသည့် ပထမဆုံးစစ်ဆေးရေးဂိတ်သို့ ရောက်သည်။ ကျနော်လည်းစောင်တထည်ကိုခေါင်းမြီးခြုံကာ ကျနော့်လူငယ်အဖေါ်များ၏ အကာအကွယ်ကိုယူ၍ စစ်အစိုးရအာဏာပိုင်များ မတွေ့အောင် ပုန်းကွယ်နေရသည်။ သူ့အကူအညီကို လက်ခံပါမည့်အရေး နိုင်ငံခြားသားတယောက်က တောင်းပန်တိုးလျှိုးရသည့် တခုတည်း သော နိုင်ငံမှာ မြန်မာနိုင်ငံ ဖြစ်သည်။ ကျနော်လည်း ထိုသို့စစ်အစိုးရ၏ ငြင်းပယ်မှုမခံရရေးအတွက် စောင်ခြုံ၍ ပုန်းနေရသည်။

ကျနော်တို့သည် တဝုန်းဝုန်းခုန်ပေါက်နေသည့် ဆိုးလှသောလမ်းအတိုင်း ဒေးဒရဲမြို့သို့ ဦးတည်သွားနေသည်။ ဤမြို့ကလေးသည် ဧရာဝတီမြစ် ပင်လယ်ထဲသို့စီးဝင်ရာ အဓိကမြစ်လက်တက်တခုပေါ်တွင် ရှိသည်။ကျနော်ပုန်းအောင်းနေရာမှ ချောင်းကြည့်လိုက်လျှင် လုံးဝဥဿုံပျက်စီးနေ သည်များကိုသာ မြင်နေရသည်။ ကြယ်ရောင်သာရှိသည့်အမှောင်ထုထဲ တွင် ခေါင်းပြုတ်နေသောအုန်းပင်များ၊ ထီးပြတ်ကျ၍ပြိုလဲနေသော ဘုရားငုတ်တိုများ၊ ဂျွမ်းထိုးမှောက်ခုံဖြစ်နေသော ဓါတ်တိုင်များ၊ ပျက်စီးပြိုလဲကျနေသော အိမ်အများအပြားကို အချို့မီးကျွမ်းလျက် တွေ့နေရ သည်။

ဤအိမ်အချို့ကို ရတတ်သမျှဓနိများ၊ မိုးရေကာဖျင်စများဖြင့် ဖြတ်ကတတ်ဆန်း ယာယီပြန်လည်တည်ဆောက်ထားသည်ကို တွေ့ကြရသည်။
အချို့နေရာများတွင်လမ်းဆိုးလျှင်ခေတ္တကားကိုရပ်ရသည်။ တင်ထားသောပစ္စည်းများဖရိုဖရဲဖြစ်ပြီး ပဲအိတ်များ၊ ခေါက်ဆွဲခြောက်ဖာများ
ကုန်တင်ခန်းထဲတွင်လိုက်ပါလာသည့်လူအများပေါ်သို့ ပြိုကျလာသည်။

နောက်ထပ်စစ်ဆေးရေးဂိတ် ၂ ခုကိုဖြတ်၍ အစိုးရက ရှိုးပြရန်သက်သက်ဆောက်လုပ်ထားသည့် အစိုးရ၏ကယ်ဆယ်ရေးစခန်းအချို့ကို လွန်မြောက်ကာ သုံးနာရီကျော်ကားမောင်းမိလျှင် ကျနော်တို့ ဒေးဒရဲသို့ရောက်ပါပြီ။ မြစ်ဝကျွန်းပေါ်ရှိကျေးရွာများ၊ လယ်ကွင်းများထဲသို့ လမ်းမပေါက်သဖြင့် လှေဖြင့် ခရီးဆက်ကြရပြန်သည်။ အခုတော့ကျနော်ပုန်းခိုနေ ရာမှထွက်လာနိုင်ပါပြီ။ ဒေသခံများကမူ နိုင်ငံခြားသား တယောက်ဆိုသည်ကို အရေးမစိုက်ပါ။ ကျနော့်ကိုခင်မင်စွာ အားတက်ဖွယ် ပြုံးပြနေသည်ကိုသာ မြင်နေရသည်။ စစ်အစိုးရက သူတို့ကို ဘာအကူအညီမှမပေးသည့်အတွက် အားလုံးက စိတ်ဆိုးဒေါသထွက်ကာ ဝေခွဲမရဖြစ်နေကြသည်။ စစ်တပ်ကရှိသမျှသူတို့စစ်သားတွေကို စစ်ဆေးရေးဂိတ်များ ကိုစောင့်ကြပ်ရန်နှင့် အစိုးရကယ်ဆယ်ရေးစခန်းများရှိ ရွက်ထည်တဲများကိုစောင့်ကြပ်ရန်သာအသုံးချနေသည်။ သူတို့ကို ကြည့်ရသည်မှာ အပြာရောင်တောက်နေသည့် ဤယာယီတဲများအခိုးခံရမည်ကို စိုးရိမ်ကြောင့်ကြနေသည့်ပုံပင်။ ဤအခြေအနေနှင့်ဆန့်ကျင် စွာပင် လူထုကသံဃာတော်များကို အလွန်ကြည်ညိုလေးစားကြသည်။ ဤသံဃာတော်များ နှင့်ပုဂ္ဂလိကအလှူရှင်များကသာမကယ်လျှင် ဘာအကူ အညီမျှ သူတို့ဆီရောက်မည် မဟုတ်ပါ။

ဆိပ်ခံကလေးသည်မနက်တိုင်လျှင် သံဃာတော်များနှင့်ပုဂ္ဂလိကအလှူရှင်များပါသော အုပ်စုအသီးသီးကပါလာသော ပစ္စည်းများချပြီး လှေပေါ်သို့ ပြန်တင်ခြင်းဖြင့် ပျားပန်းခပ်စည်ကားနေသည်။ နောက်ဆုံးတွင်ကျနော်တို့လည်း တောင်ဘက်သို့ ဦးတည်သွားနေပါပြီ။ လမ်းတွင်ဆိုင်ကလုံး မုန်တိုင်းကဖျက်ဆီးခဲ့သောရွာများကိုဖြတ်သန်းသွားရသည်။ ကြည့်ရသည်မှာ စစ်မြေပြင်သို့ ရောက်နေသလိုပင်။ ဝါးဖြင့်ဆောက်လုပ်ထားသော တဲအများစုမှာ ပျက်စီးနေသည်။ ကျန်ရစ်ခဲ့သောတိုင်များသာ မိုးမျှော်ကာ ထိုးထိုးထောင်ထောင်ကျန်ရစ်သည်။ သူ့ထက်ပိုခိုင်ခံ့စွာ ဆောက်လုပ် ထားသော အဆောက်အဦများလည်း ဤနည်းနှင်နှင်ပင်။ အမိုးများမရှိတော့၊ သစ်ပင်များလဲကျကာ နံရံများòပကျပျက်စီးနေသည်။ ရေလယ် ခေါင်တွင် စပါးခင်းများတမျှော်တခေါ်ရှိနေသည့် ကျွန်းကြီးများကိုဖြတ်သန်းလာရသည်။ လူသူအရိပ်အယောင်ဟူ၍ မတွေ့ရသလောက်ပင် ဖြစ်သည်။ ၁၂ ပေခန့်မြင့်သော ပင်လယ်လှိုင်းလုံးကြီးများက အိမ်များ၊ လူများ၊ ကျွဲနွား တရိစ္ဆာန်များအားလုံးကို မျောပါသွားစေခဲ့သည်။ ဝါးအချို့နှင့် ဓနိမိုးအနည်းငယ်ကိုသာ အတော်မြင့်မြင့်သစ်ကိုင်းများတွင် ချိတ်၍ကျန်နေစေခဲ့သည်။ မြစ်ကမ်းတွင်မျောပါနေသော ကျွဲသေကောင် များကို ကျနော်တို့မကြာခဏ ဖြတ်သွားရသည့်အခါ အပုပ်နံ့က မခံမရပ်နိုင်အောင်ပင် နံသည်။

၂ နာရီခန့်သွားပြီးသောအခါ လူဦးရေ ၁၅ဝ ခန့်ရှိသည့် တံငါနှင့်လယ်အလုပ်လုပ်ကိုင်ကြသည့် ချောင်းဘေးပထမဆုံးရွာကလေးသို့ ရောက်သွားသည်။ဤရွာကလေးမှာအခြားရွာများနှင့်စာလျှင်ကံကောင်းပါသည်။ ရွာတည်ရှိရာမှာ အနည်းငယ်ကုန်းကျသည့်အပြင် တက်လာသော ဒီလှိုင်းကလည်း ၅ ပေ ခန့်သာမြင့်သည်။ထိုရွာရှိ အိမ် ၂၅ လုံးအနက် ၇ လုံးသာ ဆုံးရှုံးခဲ့သည်။ သို့သော် အိမ်များအားလုံး ဆိုင်ကလုံးကြောင့် ပျက်စီးခဲ့သည်။ ပြိုသည့်အိမ်ကပြို၊ အမိုးပါသွားသည့် အိမ်ကပါသွားနှင့်သာ ဖြစ်သည်။ အသက်မသေကျန်ခဲ့သော ထိုသူတို့မှာဝမ်းနည်း အားငယ် နေကြရသည်။ ရက်ပေါင်းများစွာ စားစရာဆန်မရှိ ဖြစ်ခဲ့ရသည်။ ကိုယ်တွင်ဝတ်ထားသောအဝတ်မှအပ လဲစရာအဝတ်မရှိ။ သူတို့အိမ်များကိုအရေးပေါ်ကာရံ ပြုပြင်ဖာထေးရန် ဘာမျှမရှိ။ သူတို့ကိုကျနော်တို့ ဆန်၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်၊ အဝတ် အထည်၊ ညှပ်ဖိနပ်၊ ဖရောင်းတိုင်နှင့် မိုးရေကာဖျင်စများ ဝေငှပေးခဲ့သည်။ ဘီစကွတ်မုံ့နှင့်အခြားသားရေစာများ အနည်းငယ်ပေးလိုက်သည့်အခါ ကလေးများက သွားများပေါ်အောင် ပြုံးပြကြသည်။

နောက်ထပ်ကျွန်းတကျွန်းပေါ်ရှိ လူဦးရေ ၁၂ဝဝ ခန့်ရှိသော ရွာကြီးတရွာသို့ကျနော်တို့ ခရီးဆက်ကြရဦးမည်။ ထိုသို့ ခရီးဆက်ရန် ကျနော်တို့ လှေကြီးပေါ်မှ ပစ္စည်းများကို လှေကလေးပေါ်သို့ပြောင်းတင်ရပြန်သည်။ ဤလှေကလေးများ ဖြင့်သာ ၁၂ ပေမှ ၁၆ ပေအကျယ်ရှိသည့် ချောင်းကျဉ်းကလေးထဲသွားနိုင်မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျနော်တို့ခြေလျင်လျှောက်သလောက်သာ ခရီးတွင်ပါသည်။ ချောင်းကျဉ်း ကလေးအတိုင်း ၂ နာရီခန့်သွားမှ ထိုရွာသို့ရောက်သည်။ လမ်းတွင် မဆုံးနိုင်သောစပါးခင်းများ၊ အိမ်ပြိုအိမ်ပျက်များ၊ လဲကျနေသော သစ်ပင်များ ကို ဖြတ်သန်းခဲ့ရသည်။

ထီးထီးချည်း ကျန်နေသည့်သူတို့အိမ်များကို ကြိုးစားပမ်းစားပြန်လည်တည်ဆောက်နေကြသည့် ဒုက္ခသည်များကိုလည်း ရှားရှားပါးပါး တွေ့ခဲ့ရ သည်။ သူတို့ကို အစားအစာများ၊ ခြေညှပ်ဖိနပ်များနှင့်ဖရောင်းတိုင်များပေးခဲ့ပါသည်။နောက်ဆုံးတွင် ထိုရွာကြီးသို့ ကျနော်တို့ရောက်ကြသည်။
၈ဝ% ပျက်စီးနေပြီ ဖြစ်သည်။ ရွာလယ်လမ်းတလျှောက် ပုလဲလေးတွေ သီထားသလိုရှိခဲ့သောအိမ်များမှာမရှိတော့၊ ရွာလယ်လမ်းသာ ကျန်ရစ် သည်။ တချိန်က ဤနေရာတွင် မိသားစုအများအပြားနေခဲ့သည့် အိမ်အများအပြားရှိခဲ့ကြောင်းသာ ရွာလယ်လမ်းမကြီးက ပြန်လည်သတိပေးနေ
သယောင်ရှိသည်။ စုစုပေါင်းအိမ် ၁၈၅ လုံးရှိသည့်အနက် အိမ် ၁၅ဝ မှာလုံးလုံးပျက်စီးသွားသည်။ ကွဲကြေနေသောရေအိုးများ၊ ခြံစည်းရိုးအကြွင်း အကျန်များကိုကြည့်၍သာ အပျက်အစီးပမာဏကို ခန့်မှန်းကြည့်ရသည်။ ဆိုင်ကလုံး မုန်တိုင်းအတွင်း လူ ၅ဝ ပျောက်ဆုံးနေဆဲ ဖြစ်သည်။ သူတို့ ရေနစ်သေသွားကြတာလဲ ဖြစ်နိုင်ပါသည်။ သူတို့အများစုမှာ ဘဝပျက်သွားခဲ့ကြပြီ ဖြစ်သည်။ ကျွဲများ၊ နွားများ၊ ဝက်များအားလုံး သေဆုံးကုန် ကြပြီ။ ဝမ်းစာစပါးလည်းရေတွင် မျောပါကုန်ကာ ကျန်ခဲ့သမျှမှာလည်း ရေစိုပျက်စီးကုန်ပြီ ဖြစ်သည်။ လယ်ကွင်းများမှာလည်း ပင်လယ်ရေများ ဖုံးလွှမ်းလျက်ပင် ရှိသေးသည်။ အသက်မသေကျန်ခဲ့သူ မှန်သမျှမှာ ပြင်ပမှအကူအညီကိုသာ မှီခိုအသက်ရှင်နေရသည်။ ကျန်ခဲ့သမျှ အဆောက်အဦးများနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများတွင် တိုးခွေ့အိပ်ကြရသည်။ ဘုန်းကြီးကျောင်းမှာ ကျောက်တုံးဖြင့်ဆောက်လုပ် ထား၍ မုန်တိုင်းအတွင်း ကျန်ရစ်ခဲ့သော တခုတည်းသောအဆောက်အဦးဖြစ်သည်။ ဤနေရာတွင်ဒေသခံဘုန်းတော်ကြီးများကသာ ရွာသားများ ၏ အခက်အခဲဆင်းရဲ ဒုက္ခကိုကူညီကယ်ဆယ် ဖြေရှင်းပေးနေကြရသည်။ ပုဂ္ဂလိကအလှူရှင်များကလှူဒါန်းသောပစ္စည်းများကို ဝေငှဖြန့်ဖြူး ပေး နေရသည်။

မုန်တိုင်းတိုက်ခတ်သွားခဲ့သည်မှာ ၃ ပတ် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အစိုးရအရာရှိတဦးတလေမှ မပေါ်လာသေး၊ နိုင်ငံတကာအကူအညီ ဆိုသည်ကို မမြင်ရသေး။ ကျနော်တို့ပစ္စည်းများကို လှေပေါ်မှချ၍ လှူဒါန်းရန်ပစ္စည်းများကို သယ်လာသောအခါ ကျေးဇူးတင်စိတ်အပြည့်ဖြင့် အရောင်တောက်နေသော မျက်လုံးများဖြင့် ကျေးရွာသားများက ကျနော်တို့ကိုကြည့်နေကြသည်။ ဤစားနပ်ရိက္ခာများက နောက်ထပ်ရက် အနည်းငယ်မျှကြာအောင် သူတို့ကို အသက်ဆက်ပေးပါလိမ့်မည်။

နောက်ထပ် ဘယ်နှစ်လကြာအောင် သူတို့အသက်ရှငိနိုင်ပါ့မလဲ? မြစ်ဝကျွန်းပေါ်ဒေသသို့ဝင်ရောက်ခွင့်ရထားသော နိုင်ငံတကာအစိုးရ မဟုတ်သောအဖွဲ့အစည်းများအတွက် ဤခေါင်လှသောရွာကလေးများသို့ အရောက်လာရန် အလှမ်းဝေးလွန်းပါသည်။ပင်လယ်ရေငံများကြောင့် နောက်ထပ်လပေါင်းအတော်ကြာသူတို့လယ်ကွင်းများတွင် လယ်ပြန်စိုက်နိုင်လိမ့်ဦးမည်မဟုတ်။ လယ်လုပ်ရန် သူတို့ကျွဲနွားများလည်း သေဆုံးကုန်ကြပြီး မျိုးစပါးများလည်း ပျက်စီးကုန်ပြီ ဖြစ်သည်။ ရန်ကုန်သို့အပြန်လမ်းတွင် ထောင်နှင့်ချီသော အိုးခြေအိမ်ခြေမဲ့ ခိုးကိုးရာမဲ့ မုန်တိုင်းဘေးမှအသက်မသေ လွတ်မြောက်လာသူများ မြစ်ဝကျွန်းပေါ်မှ ရန်ကုန်ကားလမ်းတလျှောက်တွင် တန်းစီစောင့်ဆိုင်းနေကြသည်ကို တွေ့ခဲ့ရသည်။ ညအမှောင်ထုထဲတွင်ပင် ကလေး၊ လူကြီး၊ ယောက်ျားမိန်းမအားလုံး ကားလမ်းဘေးတွင်စောင့်ကာ ဖြတ်သွားသောကားများပေါ်မှ ခရီးသည်များကို အစားအစာ၊ သောက်ရေ အဝတ်အထည်စသည်များပေးခဲ့ပါရန် တောင်းခံနေကြရသည်။ နိုင်ငံတော်အစိုးရက သူတို့၏ အနိဌာရုံ များမှ လာရောက်ကယ်ဆယ်ပေးလိမ့်မည် ဟူသော သူတို့၏မျှော်လင့်ချက်ကို ယခုအခါ စွန့်လွှတ်လိုက်ကြပြီ ဖြစ်သည်။

သူ့တိုင်းသူပြည်သားများအတွက် လူမှုရေးတာဝန်သိမှုကို ဖေါ်ထုတ်ပြသခဲ့သည့် မည်သည့်အစိုးရ၊ အုပ်စိုးသူကိုမျှ သူတို့မကြုံဖူးသေးပါ။
နာရီပေါင်း ၂ဝ အကြာတွင် ကျနော်တို့ရန်ကုန်သို့ ပြန်ရောက်ပါပြီ။ ကျနော်တို့ ခေါင်းဆောင်သံဃာတော်များလည်း အလျင်အမြန်ပင် ထွက်ခွါသွားကြပြီ။ လာမည့်နေ့တွင် နောက်ထပ်သွားရောက်ရမည့် ကယ်ဆယ်ရေးခရီးစဉ်များအတွက် စီစဉ်ပြင်ဆင်ရန် ယခုကတဲကပင် ဖုံးဖြင့် ပြောဆိုစီစဉ်နေပြီဖြစ်သည်။ အသက်ပေါင်းများစွာအန္တရာယ်ဖြင့် ရင်ဆိုင်နေရချိန်တွင် အချိန်က အရေးကြီးပါသည်။

Monday, May 26, 2008

ရန်ကုန် အလှူရှင်များ ကွန်ဖရင့်

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 26 2008 19:03 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ ဆိုင်ကလုံး မုန်တိုင်း ဒုက္ခသည်များ ကယ်ဆယ်ရေး အတွက် နိုင်ငံတကာ အလှူရှင်များ ကွန်ဖရင့်တရပ်ကို ရန်ကုန်မြို့တွင် တနင်္ဂနွေနေ့က ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၅ဝ ခန့်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။ ဤကွန်ဖရင့်သည် ကောလဟလများ၊ နိုင်ငံ ခြေပုန်းခုတ်မှုများ၏ နောက်ကွယ်တွင် ကျင်းပသွားခဲ့ခြင်း ဖြစ်သည်။

လူပေါင်း အနည်းဆုံး ၁၃၅ဝဝဝ သေဆုံး၍ လူပေါင်း ၂ သန်းကျော် အကူအညီများ လိုအပ် နေစေသည့် မေ ၂ ရက်က တိုက်ခတ်ခဲ့သော ဆိုင်ကလုံး မုန်တိုင်းအတွက် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေး မပါစေရန် လူသားချင်း ကယ်ဆယ် စောင့်ရှောက်သည့် အဖွဲ့အစည်းများ၊ မြန်မာအစိုးရနှင့် အခြားသူ အများအပြားက လူသိရှင်ကြား ပန်ကြား မေတ္တာရပ်ခံထားခဲ့သော်လည်း၊ ပဋိပက္ခများနှင့် ပြည့်နှက်နေသော မြန်မာနိုင်ငံအတွက် နိုင်ငံရေးမှာ အဓိက အကြောင်းအရာတရပ် ဖြစ်မြဲ ဖြစ်နေသည်။

အဓိက နိုင်ငံရေး ဖဲချပ်မှာ မေလ ၂၄ ရက်နေ့တွင် ထိန်းသိမ်းမှု သက်တမ်း ၅ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည့် ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်နေသည်။ တည်ဆဲ မြန်မာနိုင်ငံ၏ ဥပဒေအရ နိုင်ငံတော် လုံခြုံရေးအတွက်အန္တရာယ်ရှိသည် ဟူသော စွပ်စွဲချက်ဖြင့် နောက်ထပ် ဆက်လက် ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ပါ။

မုန်တိုင်းဒဏ် ခံခဲ့ရသော မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက်ကြည့်ရှုရန် သူမကို လွှတ်ပေးလိုက်ပြီ ဟု အတိုက်အခံ နိုင်ငံရေးသမားများနှင့် နီးစပ်သော သတင်းရပ်ကွက်တွင် ကောလဟာလများ ပျံ့နှံ့နေခဲ့သည်။ ဤသတင်းမှာ သတင်းမှားသာ ဖြစ်ကြောင်း နောက်ပိုင်းတွင် သိလာရသည်။ သို့သော် သူမထံသို့ အာဏာပိုင်များ စနေနေ့က သွားရောက်ခဲ့ကြောင်း၊ မည်သည့် အကြောင်းအရာများ ပြောဆို ဆွေးနွေးခဲ့သည်ကိုမူ မသိရသေးကြောင်းလည်း ဒေသခံ အတိုက်အခံ နိုင်ငံရေးပါတီနှင့် နီးစပ်သော သတင်းရပ်ကွက်က ယနေ့ ထုတ်ဖေါ် ပြောဆိုပါသည်။

မည်သို့ပင်ဖြစ်စေ စစ်အစိုးရ၏ ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲမှာ အနိုင်ရရှိသွားခဲ့ပြီး ဖြစ်သည်ဟု စစ်အစိုးရက ကြေညာသွားခဲ့ပြီ ဖြစ်ပြီး ယင်းကို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားရုံးတွင် ရင်ဆိုင်ခုခံ သွားမည်ဟု ဆိုထားပါသည်။ ဆန္ဒခံယူပွဲတွင် ဤသို့ အနိုင်ရရှိခဲ့ပုံရခြင်းကြောင့်သာ ဒေါ်ဆောင်ဆန်းစုကြည်ကို ပြန်လွှတ် ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ စစ်အစိုးရ၏ ဆိုင်ကလုံး ကယ်ဆယ်ရေးမဟာ ဗျူဟာ အမှားအယွင်းများ ရှိခဲ့ခြင်းကြောင့် ပေါ်ပေါက်လာသည့် နိုင်ငံတကာ ဖိအားကြောင့် မဟုတ်ပါ။ ဤကိစ္စမှာ ပြည်တွင်း နိုင်ငံရေး ရှုခင်းမြင်ကွင်း အပြောင်းအလဲ သက်သက်ကြောင့် ပေါ်ထွက်လာခဲ့သည့် အရာသာ ဖြစ်ပါသည်။ ဆန္ဒခံယူပွဲသာ မပြီးသေးဟု ဆိုလျှင် အတိုက်အခံများ၏ ဥပဒေဘောင်အတွင်း နိုင်ငံရေးလုပ်ကွက် မှန်သမျှကို စစ်အစိုးရက တားဆီး ကန့်သတ်မှုများ လုပ်နေမည်သာ ဖြစ်သည်။ အကျိုးဆက် အဖြစ် မြန်မာ့ နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍမှာ ခိုင်မြဲသထက် ခိုင်မြဲလာမည်သာ ဖြစ်သည်။

ယနေ့ ကျင်းပသည့် နိုင်ငံတကာ ကယ်ဆယ်ရေး ကွန်ဖရင့်ကို တုံ့ပြန်သည့် အနေဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က “ယေဘူယျကျသော ဒီမိုကရေစီ အပြောင်းအလဲများကို စစ်အစိုးရက မလုပ်သ၍ ထိရောက်သော နိုင်ငံတကာ အကူအညီများ ဖြစ်ပေါ်မလာနိုင်ပါ” ဟု ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။ ဤတရားဝင် ရပ်တည်ချက် သဘောထားသည် ဤသို့ တမျိုးသားလုံး အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် တကမ္ဘာစီ ခြားနေသော ဘက် ၂ ဘက်ကို နီးကပ်လာအောင် လုပ်နိုင်လိမ့်မည် မဟုတ်ပါ။

မည်သို့ပင်ဖြစ်စေ ကုသသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကမူ အသက်ပေါင်းများစွာ ကယ်ဆယ်ရေးကိုသာ အာရုံထား လုပ်ဆောင်ကြရန်၊ ဤပြဿနာအပေါ် နိုင်ငံရေး မလုပ်ကြရန် သူ၏ အဖွင့်မိန့်ခွန်းတွင် မေတ္တာ ရပ်ခံသွားခဲ့သည်။

“ကျနော်တို့ အားလုံး အသက်ပေါင်းများစွာ ကယ်တင်ရေးနဲ့ မြန်မာနိုင်ငံကို ပြန်လည် တည်ဆောက်ရေးအတွက်သာ အခုအချိန်မှာ အာရုံ စိုက်သင့်ပါတယ်။ နိုင်ငံရေး ကိစ္စတွေကို မပြောကြပါနဲ့” ဟု မစ္စတာဘန်က ပြောကြားသွားခဲ့သည်။

“ကျနော် နိုင်ငံတကာ အသိုင်းအဝိုင်းကိုရော၊ မကြာခင်က တွ့ဆုံခဲ့တဲ့ မြန်မာ အာဏာပိုင်တွေကိုရော အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ။ ကျနော်တို့ လတ်တလော ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုဟာ လူသားများကို ကယ်ဆယ် စောင့်ရှောက်ရေး ကိစ္စကြီးပါ” ဟု မစ္စတာဘန်က ဆက်လက် ပြောကြားသွားခဲ့ပါသည်။

ဤအတောအတွင်း စစ်အစိုးရ၏ အုပ်စိုးမှုကို ရှည်ကြာစွာ ခုခံ ဆန့်ကျင်ခဲ့သူတို့ကလည်း ဤသဘာဝ ကပ်ဘေးကြီးအပြီး စစ်အစိုးရထံမှ ပိုမို အလျော့ပေး လိုက်လျောမှုများ ရရှိရန်သာ ကြိုးပန်း လုပ်ဆောင်နေခဲ့ကြသည်။ အသံအကျယ်ဆုံးမှာ အမေရိကန် ဖြစ်သည်။ အမေရိကန်သည် မိမိ၏ ရေတပ်ဖွဲ့ကို အခြားသော ရေတပ်ဖွဲ့များ ဖြစ်ကြသည့် ဗြိတိန်၊ ပြင်သစ် ရေတပ်ဖွဲ့များနှင့်အတူ ဆိုင်ကလုံး ကူညီရေးအတွက်ဟုဆိုကာ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် ရပ်နား စောင့်ဆိုင်းနေစေပြီး မုန်တိုင်းဒဏ်ခံ ဒေသများသို့ ခြွင်းချက်မရှိ ဝင်ရောက်ခွင့်ပေးရေး တောင်းဆိုလျက် ရှိသည်။ သို့သော် အနောက် နိုင်ငံတပ်များ မြန်မာ့မြေပေါ်တွင် တပ်စွဲချထားခွင့်ရရေး၊ တနည်းအားဖြင့် ကျူးကျော် ဝင်ရောက်ခွင့်ရရေးမှာ လက်ရှိအချိန်တွင် စိတ်ကူးယဉ်မျှသာ ဖြစ်ပေလိမ့်မည်။

ဆိုင်ကလုံး မုန်တိုင်းဒုက္ခသည်များ ကူညီရေးအတွက် သူတို့ နိုင်ငံအနေနှင့် အမေရိကန်ဒေါ်လာ သန်း ၂ဝ ပေးအပ်ရန် ကတိပြုပြီး ဖြစ်သည်ဟု အမေရိကန်က ကြွားလုံးထုတ်ခဲ့သည်။ သို့သော် ဤကွန်ဖရင့်တွင် ပေးအပ်ရန် ကတိပြုကြသော အကူအညီ ပမာဏ ကိန်းဂဏန်းမှာ ရှင်းရှင်းလင်းလင်း မရှိလှသေးပါ။ ယခုအထိ အမေရိကန်ဒေါ်လာ ၇၂.၅ သန်း ပေးအပ်ပြီး ဖြစ်သော ဥရောပသမဂ္ဂက နောက်ထပ် ၂၆.၈ သန်း ပေးအပ်ရန် ကတိပြုခဲ့သည်။ တရုတ်က စုစုပေါင်း ၁၁ သန်း၊ သြစတြေးလျားနှင့် ဖိလိပိုင်က ၂၄ သန်းနှင့် သန်း ၂ဝ အသီးသီးစီ၊ တောင်ကိုးရီးယားက ကနဦး ကတိပြုချက်ကို တိုးမြှင့်ကာ စုစုပေါင်း ၂.၅ သန်းပေးမည်ဟု အသီးသီး ကတိပြု သွားခဲ့ကြသည်။

မုန်တိုင်းဒဏ် ခံခဲ့ရသော မြစ်ဝကျွန်းပေါ် ဒေသသို့ အကူအညီပေးရေး လုပ်သားများအားလုံး ဝင်ခွင့်ပေးမည်ဟု စစ်အစိုးရက ကြေညာခဲ့ခြင်းကို အစကတဲက မယုံသင်္ကာ ဖြစ်နေခဲ့သော နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ပထမဆုံး အတားအဆီးနှင့် ကြုံနေရပြီ ဖြစ်သည်။ အကူအညီပေးရေး လုပ်သားအားလုံး မိမိတို့ မည်သည့် ထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းများ လုပ်မည်၊ မည်သည့်ပုံစံ လုပ်ထုံးလုပ်နည်းများနှင့် လုပ်မည်ကို သေချာစွာ ရှင်းလင်းဖေါ်ပြ၍ ဘန်ကောက်သံရုံးတွင် ပထမဆုံး ဗီဇာလျှောက်ထားရန် လိုသည်ဟု စစ်အစိုးရက သတ်မှတ်လိုက်သည်။

အပေါ်ယံအနေဖြင့် ကြည့်လျှင် တနင်္ဂနွေနေ့က ကျင်းပခဲ့သော ကွန်ဖရင့်တွင် လုံခြုံရေး အစီအမံများကို လိုအပ်သလောက် တိုးမြှင့် ချထားသည်မှ လွဲ၍ ရန်ကုန်တွင် ထူးထူးခြားခြား လုံခြုံရေးအရ အသင့် တပ်လှန့်ထားခြင်းမျိုး မတွေ့ရပါ။ မကြာသေးခင်က ပြီးဆုံးသွားသည့် အရေးပါလှသော ဖွဲ့စည်းပုံ ဥပဒေဆိုင်ရာ ဆန္ဒခံယူပွဲနှင့် ယခု ကျင်းပသည့် နိုင်ငံတကာ အကူအညီပေးရေး ကွန်ဖရင့်တို့ ရှိနေခဲ့သော်လည်း ရန်ကုန်၏ အခြေအနေမှာ အေးအေးဆေးဆေးပင် ဖြစ်သည်။ သို့သော် မမြင်ရသော အောက်ခြေတွင်မူ ကယ်ဆယ်ရေး လုပ်ငန်းများ ၊ တိုင်းပြည်၏ နိုင်ငံရေး အလားလာတို့နှင့် ပတ်သက်၍ မကျေနပ်မှုများမှာ ကျယ်ကျယ်လောင်လောင်ပင် ကြားနေရဆဲ ဖြစ်သည်။


ပေးကားပေး၏ မရ

ရဲသွေးနီ
တနင်္လာနေ့၊ မေလ 26 2008 11:44 - မြန်မာစံတော်ချိန်

(နာဂစ်မုန်တိုင်းဒဏ်ခံ ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့သို့ အလှူအတန်း သွားပေးခဲ့သော လူငယ်တဦးက သူ့အတွေ့အကြုံကို ပြောပြထားပါသည်။)

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ကျနော်နဲ့ မိတ်ဆွေသူငယ်ချင်းတွေဟာ မုန်တိုင်းဒုက္ခသည်တွေကို လှူဒါန်းဖို့အတွက် ကွမ်းခြံကုန်းဘက်ကို ခရီးထွက် ခဲ့ပါတယ်။

လှိုင်သာယာအထွက် တံတားကို ကျော်တယ်ဆိုရင်ပဲ ကားလမ်းနံဘေးမှာ ကလေးငယ်တွေဟာ ပြေးလွှားတောင်းရမ်းနေတာကို စတွေ့ရပါတယ်။ တချို့ ကားပေါ်ကစေတနာရှင်တွေက ပါလာတဲ့မုန့်တွေကို ကားပေါ်ကနေပဲ ကြဲချသွားပါတယ်။ ဒါက ပထမဆုံးမြင်လိုက်ရတဲ့ အငတ်ဘေးပြဿ နာရဲ့ ပွဲဦးထွက်မြင်ကွင်းပါ။

တွံတေးတံတားကို ကျော်လာတာနဲ့အမျှ ကားလမ်းဘေးမှာ အကူအညီတောင်းဖို့ စောင့်နေတဲ့ ဒုက္ခသည်တွေကို တစထက်တစ ပိုများလာတာ တွေ့ရပါတယ်။ ကော့မှူးကို ရောက်တာနဲ့ အကူအညီတောင်းဖို့ စောင့်နေတဲ့ ဒုက္ခသည်တွေ ပိုပြီးများလာလိုက်တာ ကားလမ်းတောက်လျှောက် ဖြစ်သွားပါတယ်။ အလိုလိုနေရင်း တောင်းရမ်းရတဲ့ဘဝ ရောက်သွားတဲ့ သူတို့ကို ကြည့်ပြီး အရမ်း စိတ်ထိခိုက်ပါတယ်။ သူတို့ရဲ့ဒုက္ခတွေကို ပြေလျော့စေဖို့ တတ်နိုင်သလောက်လေး အကူအညီပေးခွင့်ရမှာမို့ ပီတိလည်း ဖြစ်မိတယ်။

ကျနော်တို့ ကားတန်းဟာ ကွမ်းခြံကုန်းအဆုံးနားအထိ သွားပြီး ပြန်လှည့်ပါတယ်။ လမ်းတလျှောက် ဒုက္ခသည်တွေကို ဆန်၊ ပဲ၊ ဆား၊ ငါးသေတ္တာ ဗူး၊ အဝတ်အထည်တွေကို ဝေငှပါတယ်။ သူတို့တွေဟာ မုန်တိုင်းဖြစ်ပြီး ဒီရေတက်လာတဲ့အချိန်မှာ ကုန်းတွေပေါ် ပြေးတက်နိုင်ကြလို့ အသက်ရှင် ခဲ့ကြတာပါလို့ ပြောပြပါတယ်။ ရွာတွေမှာ အကူအညီမရလို့ လူတွေသွားလာနိုင်တဲ့ ကားလမ်းဘေးကိုလာပြီး အကူအညီ တောင်းရတာပါ။ သူတို့ရွာ တွေမှာ နေစရာအိမ်တွေ အတော်များများ မရှိတော့ပါဘူးလို့ ရွာသားတယောက်က ပြောပါတယ်။

အစိုးရက အကူအညီပေးတာတွေကတော့ တယောက်ကို နို့ဆီဗူး ၄ လုံးနဲ့ အာလူး ၄ လုံး၊ ၂ ရက်တခါ ပေးပါတယ်တဲ့။ အာလူးတလုံးကို တနပ်စား ရတဲ့ပုံပါပဲ။ ဒုက္ခသည်တွေရဲ့ ငြီးတွားသံတွေကတော့ နားနဲ့မဆန့်အောင် ကြားနေရတာပါ။

ကျနော်တို့အဖွဲ့ထဲက တချို့ကတော့ ဒေးဒရဲဘက်ကို ဆက်သွားပါတယ်။ ကျနော်တို့ အပြန်လမ်းတလျှောက် ပစ္စည်းတွေ ဝေပေးနေရင်း တနေရာ အရောက်မှာတော့ စစ်သားတယောက်က ဒုက္ခသည်တွေကို အဝေးဆီနှင်လွှတ်နေတာ တွေ့လိုက်ရပါတယ်။ ဗျူဟာမှူးလာရင် သူတို့ အဆဲခံရမယ်၊ သွားကြဆိုပြီး နှင်ထုတ်နေတာပါ။

ကွမ်းခြံကုန်းမြို့ထဲ ရောက်လာတော့ အမှတ် ၂ အထက်တန်းကျောင်းထဲမှာ USAID က လှူဒါန်းထားတဲ့ သေတ္တာတွေ အပြည့်ထည့်ထားတာ တွေ့ရပါတယ်။ မလှမ်းမကမ်းမှာရှိတဲ့ လမ်းဘေးဓာတ်ဆီဆိုင်တခုမှာ ဓာတ်ဆီဝယ်ရင်း မေးကြည့်မိပါတယ်။ သူတို့တွေက ‘ပစ္စည်းတွေ ကျောင်းထဲ မှာ အများကြီးရှိကြောင်းနဲ့ စစ်ကားတွေနဲ့ လာထားကြတာဖြစ်ပြီး အခုအချိန်အထိ ပြည်သူတွေကို ဝေငှတာမရှိသေးကြောင်း’ ပြောပြကြပါတယ်။ သူတို့တွေရဲ့အသံဟာ ဒေါသသံ အပြည့်ပါပဲ။

အပြန်လမ်းမှာ နိုင်ငံတကာ အကူအညီ၊ အထောက်အပံ့တွေကို စစ်ကားတွေနဲ့ သယ်လာပြီး အဲဒီကျောင်းဆီ ဦးတည်သွားနေကြတာ တွေ့ခဲ့ရပါ တယ်။


ဆက်သွယ်မှု ဧရိယာပြင်ပတွင် ရောက်ရှိနေပါသည်

အောင်သူငြိမ်း
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 12:47 - မြန်မာစံတော်ချိန်

"လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပတွင် ရောက်ရှိနေပါသဖြင့်" စသည့် အသံမျိုးကို မြန်မာအများစု ကြားဖူးကြပါလိမ့်မည်။ မြန်မာနိုင်ငံရှိ လက်ကိုင်ဖုန်း၊ တယ်လီဖုန်းအများစုက သာမန်အချိန်တွင်ပင် ကောင်းကောင်း ဆက်သွယ်၍မရတတ်ကြပါ။ ယခုလို မုန်တိုင်းတိုက် ပြီးကာလတွင် ဆက်သွယ်ရေးကိစ္စများက ပို၍ ဆိုးပါတော့သည်။

စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်က ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးခဲ့ပြီ။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတော့မည်ဟု ထိုင်းဝန် ကြီးချုပ်ကို ပြောခဲ့သည်။ ယုံကြည်ရ ခပ်ခက်ခက်ပင် ဖြစ်သည်။ အခြားသတင်းများတွင် ပြဿနာများက မကြားချင်မှအဆုံး။ အကူအညီများ ဖြန့်ဖြူးပို့ဆောင်ရန် အတွက် အတတ်ပညာ၊ နည်းပညာ၊ ကျွမ်းကျင်မှု၊ လူအင်အား သူတို့ထံတွင်ရှိသည်ဟု ဆိုသေးသည်။ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများ မလိုဟုလည်း ကန့်သတ်ပိတ်ပင် နေသေးသည်။ သို့သော်လည်း ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန်ကိုယ်တိုင် ဦးဆောင်ခန့်ခွဲနေသည့် အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ စီမံခန့်ခွဲမှုများတွင်ပင် ကမောက်ကမဖြစ်ရပ်များ၊ လိုအပ်ချက်များ အများအပြား တွေ့နေရပါသည်။

အခြားကိစ္စများ ထားဦး။ ဆက်သွယ်ရေးကိစ္စတခုကိုပင် ကြည့်၍ မိမိထောက်ပြလိုသေးသည်။ ယခုလို ကပ်ဘေးဒုက္ခကြီးက မြန်မာနိုင်ငံအတွက် သာမဟုတ်။ ကမ္ဘာအတွက်ပါ အတန်ကြီးမားသည့်၊ လူအသေအပျောက် များပြားလွန်းလှသည့် ကပ်ဘေးဒုက္ခကြီး ဖြစ်သည်။ ဤသဘာဝကပ် ဘေးကို နိုင်ငံတကာ အစိုးရများနှင့် ပြည်သူများက စိုးရိမ်ပူပန်နေကြပါသည်။ သတင်းထူးခြားချက်များကို သိလိုနေကြသည်။ မြန်မာလူမျိုးများ အ တွက်ဆိုလျှင် ကြိမ်မီးအုံးမျှ၊ ဆွေမျိုးမိတ်ဆွေများအတွက် ပူပန်ကြသည်။ နိုင်ငံသား မိမိလူမျိုးအချင်းချင်းအတွက် ပူပန်နေကြပါသည်။ မိမိကိုယ် တိုင်ပင် ရန်ကုန်မြို့ရှိ မိသားစုများကိုပင် ယခုတိုင် ဆက်သွယ်၍ မရသေးပါ။

ဤအခြေအနေတွင် နိုင်ငံတကာ သတင်းဌာနများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအတွက် "ပြောရေးဆိုခွင့်ရှိသူ" မထားရှိပါ။ သတင်းပြန်ကြား ထုတ်ပြန်ပေးနေမည့်ဌာနမျိုး သူတို့ဖွဲ့စည်းထားသည်ဆိုသည့် အမျိုးသားသဘာဝ ဘေးကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီတွင် ရှိမနေပါ။ ယခင်က ကုလအထူးသံ ဂမ်ဘာရီလာစဉ်က ထွက်ထွက်ပြောနေသည့် "ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့" က မည်သည့်နေရာ ရောက်နေမှန်း မသိရပါ။ နေ့စဉ် သတင်းစာရှင်းလင်းပွဲများလည်း မတွေ့ကြရပါ။ ဤကိစ္စများ ထားလိုက်ဦး။ မိမိတို့တဦးချင်း မေးမြန်းစုံစမ်းနိုင်မည့် ဟော့လိုင်း (Hotline) ခေါ် ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည့်ဌာနများလည်း ဖွဲ့စည်းထားရှိခြင်း မရှိပါ။

ဤကိစ္စမျိုးက အစိုးရတခုအတွက် ခက်လှသည်ဟု မထင်ပါ။ သို့မဟုတ် သာမန် အဲန်ဂျီအိုအဖွဲ့အစည်းတခုကပင် ဆောင်ရွက်နိုင်သည့် လုပ်ငန်းမျိုး ဖြစ်ပါသည်။ ဥပမာ - နိုင်ငံရပ်ခြားတွင် ရှိနေသည့် ဆွေမျိုးသားချင်းများက မြန်မာနိုင်ငံရှိ အရေးပေါ်ဖုန်း (Hotline) နံပါတ်တခုကို ဆက်သွယ်မည်။ ဆွေမျိုး မိတ်ဆွေများ ဘေးအန္တရာယ်ကင်းလွတ် - မလွတ် စုံစမ်းနိုင်မည်။ အပြန်အလှန် ဆက်သွယ်နိုင်မည်။ အကူအညီလိုအပ်ပါကလည်း အကူအညီ ပေးနိုင်ပါလိမ့်မည်။ ဖုန်းလိုင်းကြိုးများ ပြတ်တောက်နေသည့် အထူးသဖြင့် ယခုလိုကာလတွင် ဤကဲ့သို့ ၀န်ဆောင်မှုမျိုးက အထူး လိုအပ်ပါသည်။ ဤဌာနတွင် စေတနာ့ဝန်ထမ်းအများအပြား ထားရှိနိုင်ပြီး ထိုသူများက လူကိုယ်တိုင်သွားရောက်စုံစမ်းပေးခြင်း၊ ပြန်ကြားပေးခြင်း၊ ရှာဖွေပေးခြင်းများ လည်း ပြုနိုင်ပါလိမ့်မည်။ ဥပမာ-ဆိုပါစို့။ လပွတ္တာရှိ လူတဦးက အခြားဒေသရှိ မိတ်ဆွေ၊ ဆွေမျိုးများရှိနေပါက အကူအညီ တောင်းခံနိုင်မည့်အပြင်၊ အခြားဒေသရှိ သူများကလည်း ကပ်ဘေးသင့် ဒေသရှိ မိမိတို့ အသိအကျွမ်းများကို ဆက်သွယ်ပေးနိုင်လိမ့်မည်။ အပြန် အလှန် ကူညီပေးနိုင် ကြပါလိမ့်မည်။ "ကျန်းမာ သက်ရှင် ရှိနေကြောင်း" သိရ၍ သက်ပြင်းသက်မ ချနိုင်ပါလိမ့်မည်။ သို့သော် ယခု ၁၉ ရက်တိုင် လာသည့်တိုင် ဤကဲ့သို့ ၀န်ဆောင်ကူညီပေးမှုမျိုး မတွေ့ရ ပါ။ (BBC) မြန်မာပိုင်းဌာနက တတ်နိုင်သမျှ ၀န်ဆောင်မှုပေးနေသော်လည်း အစိုးရပိုင် ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာ များက အလားတူဝန်ဆောင်မှုမျိုး လုပ်ဆောင်ပေးခြင်း မရှိပါ။

ဤသို့ဖြင့် ယခုတိုင် မိမိဖုန်းဆက်တိုင်း ဆက်သွယ်ရေး ဧရိယာပြင်ပသို့ ရောက်နေသည်ကို ကြုံနေရပါသည်။ ရန်ကုန်မြို့ကြီးရှိ လူထုများလည်း ဆက်သွယ်ရေး ဧရိယာပြင်ပသို့ ရောက်နေကြရပါသည်။ ကပ်ဘေးသင့်ဒေသရှိ သန်းနှင့်ချီသည့် အိုးအိမ်မဲ့ ဒုက္ခသည်များသည်လည်း ဆက်သွယ်ရေး ဧရိယာပြင်ပသို့ ရောက်နေကြပါသည်။ နောက်ဆုံး စစ်အစိုးရက လူလူချင်းစာနာမှု ကင်းမဲ့စွာ နိုင်ငံတကာအကူအညီများကို ကန့်သတ်ပိတ်ပင်ထားသော ကြောင့် မြန်မာတနိုင်ငံလုံးသည်ပင် ဆက်သွယ်ရေး ဧရိယာပြင်ပသို့ ရောက်နေကြရပါသည်။

ယခုလို အကူအညီပေးရေးကိစ္စတွင်ပင် နိုင်ငံတကာနှင့် ဆက်ဆံရေး မည်မျှညံ့ဖျင်း၍ စစ်အစိုးရ၏ စဉ်းစားချက်များ မည်မျှခေတ်နောက်ပြန်ဆွဲနေ သည်ကို တွေ့နေကြရပါသည်။ အာဆီယံနိုင်ငံများမှ အကူအညီအဖွဲ့များကိုသာ ရွေး၍ လက်ခံမည်။ အနောက်နိုင်ငံများကို မယုံသင်္ကာစိတ်နှင့် ပယ်ထားသည်ကို တွေ့နေရပါသည်။ စစ်အစိုးရ၏ ကမ္ဘာ့အမြင်ကိုပါ ဆက်၍ တွက်ဆနိုင်သေးသည်။ ဤသို့သော ကမ္ဘာ့အမြင်မျိုးဖြင့် မည်သို့ နိုင်ငံတကာနှင့် ကုန်သွယ်ကြပါမည်နည်း။ မည်သို့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ကြပါမည်နည်း။ ဤသို့စီမံခန့်ခွဲပုံမျိုးနှင့် ဆိုလျှင် အာဆီယံနိုင်ငံများနှင့်သာ ကုန်သွယ်စီးပွား လုပ်ကြတော့မည်လော။ အနောက်နိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံ မလုပ်ကြတော့ပြီလော၊ စဉ်းစားဖွယ် ဖြစ်လာပါသည်။ ပို၍ အကျယ်အပြန့်စဉ်းစားလျှင် စစ်အစိုးရက ကမ္ဘာလွှမ်းပတ်ဆက်သွယ်မှု (ဂလိုဘယ်လိုက်ဇေးရှင်း) မှပါ ဖယ်ခွါ၍ အထီးတည်း ကျင့်ကြံနေပြီ ဆိုသည်ကိုပါ ပို၍ပေါ်လွင်လာပါတော့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သည့် မြန်မာစစ်အစိုးရ ကိုယ်၌က ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်တွင် ဆက်သွယ်ရေး ဧရိယာပြင်ပသို့ ရောက်နေသည်ကို တွေ့ကြရပါတော့သည်။

ဤနေရာတွင် သောမတ်စ် ပီဘာနေး (Thomas P. M. Barnett) ဆိုသူပညာရှင်တဦး၏ တင်ပြချက်က စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ သူက အမေရိကန်ပြည်ထောင်စု ရေတပ်မတော် စစ်ရေးကောလိပ်မှ ပါမောက္ခတဦးဖြစ်ပြီး သူရေးသားခဲ့သည့် "ပင်တဂွန်စစ်ဌာနချုပ်၏ နောက်ဆုံး ကမ္ဘာ့မြေပုံ၊ ၂၁ ရာစုတွင် စစ်နှင့် ငြိမ်းချမ်းရေးအကြောင်း" (Pentagon's New Map: War and Peace in the Twenty-First Century) စာအုပ်က လူသိများလှပါသည်။ သူက အမေရိကန်နိုင်ငံ ၀င်ရောက်စွက်ဖက်ခဲ့ရသည့် စစ်ပွဲများနှင့် ဂလိုဘယ်လိုက်ဇေးရှင်း သဘောတရားကို ဆက်စပ်တင်ပြထားခြင်း ဖြစ်သည်။ သူကပြောရာတွင် ဒုတိယကမ္ဘာစစ် ပြီးချိန်မှစ၍ အမေရိကန်က အခြားအင်အားတူ၊ အင်အားကြီးနိုင်ငံများနှင့် စစ်ဆိုင်ရန် ပြင်ဆင်ခဲ့ရသည်။ သို့သော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း အမေရိကန်နိုင်ငံက ၀င်ရောက်စွက်ဖက်ခဲ့ရ သည့် စစ်ပွဲများကို ပြန်ကြည့်သောအခါ အခြားကမ္ဘာနှင့် မဆက်စပ်နေသည့်၊ တနည်း ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ဝေးကွာဖယ်ခွါနေသည့် နိုင်ငံ များတွင်သာ ဖြစ်ပေါ်ခဲ့ရသည်ကို သူတွေ့ရှိရသည်။

သူက ကမ္ဘာ့မြေပုံတွင် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ထဲထဲဝင်ဝင် ပေါင်းစပ်နေသည့် နိုင်ငံများကို ဖော်ပြသည်။ ဤနိုင်ငံများက စီးပွားရေးစနစ်အရ၊ အုပ်ချုပ်ရေးအရ၊ ဒီမိုကရေစီအရ ကောင်းမွန်စွာ လည်ပတ်ရှင်သန်နေသော နိုင်ငံများဖြစ်သည်။ သူ၏အခေါ်အရ ဤနိုင်ငံများကို ဗဟိုချက်မနိုင်ငံ (core)၊ တနည်း ရှင်သန်လည်ပတ်နေသည့် ချက်မ (functioning core) ဟု သုံးသည်။ ကျန်သည့်နိုင်ငံများကတော့ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် မဆက်စပ်နိုင်ကြသော နိုင်ငံများဖြစ်ပြီး ၎င်းတို့ကို မချိတ်ဆက်မိသည့် ချောက်ကမ်းပါး (non-integrating gap) သို့ ကွာဟနေသည့် ကွက်လပ် (gap) ဟု ခေါ်သည်။ ဤနိုင်ငံများတွင် ကာရစ်ဘီယန်ပင်လယ်အော်ရှိ နိုင်ငံများ၊ အာဖရိကတိုက်ရှိ နိုင်ငံအားလုံးနီးပါး၊ ဘောလ်ကန်ဒေသ၊ ကော့ကေးဆပ် ဒေသ၊ အလယ်ပိုင်းအာရှ၊ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှ၊ အနောက်တောင်အာရှဒေသရှိ နိုင်ငံများ ပါဝင်နေကြသည်ဟု ဆိုသည်။ သူ၏ သဘောတရားအရ "(ဂလိုဘယ်လိုက်ဇေးရှင်းနှင့် ချိတ်ဆက်ထားမှုမရှိသော (နိုင်ငံများ) သည် အန္တရာယ်ရှိနေသည်" (Disconnectedness defines danger.) ဟု ဆိုသည်။

ဘာနေး၏ အဆိုအရ ဂလိုဘယ်လိုက်ဇေးရှင်းနှင့်ဝေးသည့် နိုင်ငံများသည် ဆင်းရဲကြသည်။ ဒီမိုကရေစီ မရှိကြ။ ကမ္ဘာ့၏ယဉ်ကျေးသော လူ့တန်ဖိုးများကို လက်မခံကြ။ ပြဿနာ၊ ပဋိပက္ခများလည်း ပြည့်နေကြသည်။ ဤသို့ဖြင့် ကြောင်လိမ်လှေခါးသဖွယ် ပြဿနာများဖြင့် တ၀ဲလည် လည် ဆင်းနေရင်း၊ နောက်ဆုံး အကျပ်အတည်းများက ကပ်ဆိုက်လာရသည်။ နိုင်ငံတကာမိသားစုက ၀င်မရှင်းလျှင် မရနိုင်တော့သည့် အနေ အထားမျိုး ဖြစ်လာခဲ့သည်ဟု ဆိုသည်။ ဤအယူအဆအပေါ် အမေရိကန်ရေတပ်တွင်လည်း စက်တင်ဘာ ၁၁၊ နောက်ပိုင်းကာလတွင် အလေးအ နက် ဆွေးနွေးမှုများရှိလာခဲ့ သည်ဟုလည်း ဖတ်ရဖူးသည်။

မြန်မာနိုင်ငံကလည်း အလားတူအခြေအနေမျိုး ဆိုက်လာခဲ့ပြီဟု ယူဆရသည်။ မြန်မာစစ်အစိုးရက အထီးကျန်ဝါဒကို ကျင့်သုံးနေရင်း ဂလိုဘယ်လိုက်ဇေးရှင်း၏ ဆက်သွယ်ရေးဧရိယာ ပြင်ပတွင် နေထိုင်လာခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခု နာဂစ်မုန်တိုင်းကာလ လူသားချင်း စာနာမှုဆိုင်ရာ ကပ်ဘေးကြီး ဆိုက်ရသည့်တိုင် အထီးကျန်ဝါဒကို ဆက်လက်ကိုင်စွဲဆဲ ဖြစ်နေသည်။ ဤသို့ ဆက်လက်နေထိုင်ရန် မဖြစ်နိုင်ပါ။ မရှုမကယ်နိုင်နှင့် နိုင်ငံတကာက ၀င်ရောက်ကယ်ဆယ်ရတော့မည့် အခြေအနေသို့ ဆိုက်လာခဲ့ပြီ။ သို့သော် စစ်အစိုးရက ခေါင်းမာမာဖြင့် ငြင်းပယ် နေဆဲ။

သေချာသည့်အချက် တခုတော့ရှိပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်း၏ ဆက်သွယ်ရေးဧရိယာ ပြင်ပတွင်နေထိုင်၍ စစ်အစိုးရ ပြောပြောနေသည့် "ခေတ်မီ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး" ကို တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပါ။

Sunday, May 18, 2008

သိပ်နည်း သိပ်နောက်ကျဟု ကုလက သတိပေး

လာရီဂျေဂင်
စနေနေ့၊ မေလ 17 2008 23:14 - မြန်မာစံတော်ချိန်




ဆန်စပါး စိုက်ပျိုးမှု အန္တရာယ်ရှိနေ


ဘန်ကောက်။ ။ ဆိုင်ကလုံး မုန်တိုင်း ဝင်ရောက် မွှေနှောက် တိုက်ခတ်အပြီး ၂ ပတ်အကြာတွင် အကူအညီများ တဖြည်းဖြည်း ဝင်ရောက်လာနေပြီ။ ကယ်ဆယ်ရေး လုပ်သားအချို့ကိုလည်း တိုင်းပြည်တွင်းသို့ ဝင်ရောက်ခွင့် ပြုနေပြီ။ သို့သော် ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသူများအတွက် အရေးပါသော လိုအပ်ချက်များကို ယနေ့တိုင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးဟု ကုလသမဂ္ဂက သတိပေးလိုက်သည်။

ဆိုင်ကလုံး မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံလိုက်ရသည့် ရန်ကုန်မြို့ အနောက်ဘက် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် ရေမှဖြစ်သော ရောဂါများ စတင် ဖြစ်ပွါးစပြုနေသည့် အရိပ်အယောင်များ မြင်လာနေရသည်။ ကလေးသူငယ်ပေါင်း ၁ သန်းခန့် မိဘများနှင့် ကွဲကွာနေဘွယ် ရှိသည်။ သူတို့သည် စိတ်တုန်လှုပ် ခြောက်ခြားနေသည့် ဝေဒနာကို ခံစားနေကြရပြီး ပြန်ပေးဆွဲခံရမည့် အန္တရာယ်၊ လူကုန်ကူးခံရမည့် အန္တရာယ်လဲ ရှိနေသည်ဟု ကမ္ဘာ့ကလေးများ ရံပုံငွေအဖွဲ့ (UNICEF) က ဆိုလိုက်ပါသည်။

ရေရှည်တွင် တိုင်းပြည်ကို နာလန်ပြန်ထလာအောင် လုပ်နိုင်သည့် စွမ်းရည်မှာလည်း သံသယ ဖြစ်စရာပင်။ စပါးစိုက်ပျိုးသော ဒေသ အများအပြား ရေမြုပ်လျက် ရှိဆဲပင်ဖြစ်ပြီး၊ စပါးစိုက်ရာသီလည်း စတော့မည် ဖြစ်သည်။ ဆိုင်ကလုံးမုန်တိုင်း၏ ဖျက်ဆီးမှုကြောင့် မြန်မာပြည်၏ စပါးစိုက်ပျိုးမှု လုပ်ငန်းသည်လည်း အကြီးအကျယ် လျော့နည်း ထိခိုက်သွားနိုင်သည်။

မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးသိန်းစိန်ကမူ ကူညီရေးနှင့် ကယ်ဆယ်ရေးအဆင့် ပြီးဆုံးသွားပြီ ဖြစ်၍ ယခုအခါ ပြန်လည် တည်ဆောက်ရေး အဆင့်ကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း နိုင်ငံပိုင် တီဗွီနှင့် ရေဒီယိုမှ ကြေညာသွားသည်။

သို့သော် အကူအညီပေးရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ အပြောကမူ တဘာသာ ဖြစ်သည်။ “ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေပြီးဘို့ ဆိုတာ အများကြီး လိုပါသေးတယ်” ဟု ကုလသမဂ္ဂ ကယ်ဆယ်ရေးဌာန ဒေသဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ အမန်ဒါပစ် (Amanda Pitt) က ဘန်ကောက်မြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားပါသည်။

“ဒုတိယ ဘေးဒုက္ခအန္တရာယ်ကြီးကို ရှောင်ရှားချင်ရင် နောက်ထပ် ကယ်ဆယ်ရေး ပစ္စည်းတွေ၊ အကူအညီပေးရေး လုပ်သားတွေ အရေးတကြီး လိုအပ်နေပါသေးတယ်” ဟုလည်း ဆိုလိုက်ပါသည်။

“မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ဒေသက နေရာ ရွှေ့ပြောင်းနေကြတဲ့ ဘုံပျောက်သွားတဲ့ လူတွေဆီ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု၊ ရေသန့်၊ အမိုးအကာနဲ့ စားစရာရိက္ခာတွေ မပေးနိုင်ဘူး ဆိုရင် ရောဂါတွေကြောင့် ဒုတိယအကြိမ် ထပ်ပြီး သေဆုံးရဦးမဲ့ တကယ့် အန္တရာယ်ကြီး ရှိနေပါသေးတယ်” ဟု သူမက ဖြည့်စွက် ပြောကြားသွားပါသည်။

ယခုပင်လျှင် မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ၌ ကာလဝမ်းရောဂါများ စတင်ဖြစ်ပွါးနေပြီ ဟူသော အတည်ပြုနိုင်သည့် သတင်းများကို ရရှိနေပြီ ဖြစ်သည်ဟု ဘန်ကောက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ယာယီ အကြီးအကဲ မော်ရင်းဘာမင်ဂမ် (Maureen Birmingham) က ပြောဆိုလိုက်ပါသည်။ “ဒီအဆင့်မှာ ရောဂါ ဖြစ်ပွါးနေတဲ့သူ အရေအတွက်က သိပ်အရေးမပါပါဘူး။ ဒီဒေသမှာ ရောဂါ ဆက်လက်ဖြစ်ပွါးလေ့ ရှိတယ်ဆိုတဲ့ အချက်ကဘဲ အရေးကြီးပါတယ်” ဟု သူမက ဆိုလိုက်ပါသည်။

သို့သော် စိုးရိမ်စရာ အချက်များက ရှိနေသည်။ အထူးသဖြင့် သန့်ရှင်း စိတ်ချရတဲ့ ရေမလုံလောက်တဲ့ ပြဿနာ ဟု သူမက ဆက်လက် ပြောကြားသွားပါသည်။ ဝမ်းလျှော ဝမ်းပျက်သည့် ရောဂါများ အလျင်အမြန် တိုးလာနေပြီး ကာလဝမ်း ရောဂါကူးစက် ပြန့်ပွါးသည့် အခြေအနေသို့ ဦးတည်သွားနိုင်သည်ဟု ဆိုသည်။ “ပေါက်ကွဲသွားတဲ့ အဆင့်အထိတော့ မရောက်သေးပါဘူး။ ဒါပေမဲ့ အန္တရာယ်က အရမ်းများတယ်” ဟု သူမက စာနယ်ဇင်းသမားကို ပြောကြားသွားခဲ့သည်။

အကူအညီပေးရေး၌ တွေ့ကြုံရသည့် ပြဿနာများထဲမှ အကြီးမားဆုံး ပြဿနာတခုမှာ လူများ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ခြင်း ဖြစ်သည်။ မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဒေသများ တလျှောက်လုံးတွင် သန်းနှင့်ချီသော လူများက အစားအစာနှင့် အမိုးအကာကို အသည်းအသန် လိုက်လံ ရှာဖွေလျက် ရှိကြသည်။ “အကူအညီ လိုနေတဲ့ထဲက တဝက်လောက်က ဘာအကူအညီမှ မရသေးဘူးဗျ” ဟု နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့နှင့် လခြမ်းနီ အဖွဲ့တို့၏ ပြောရေး ဆိုခွင့်ရှိသူ ဂျွန်စပဲရိုး ( John Sparrow) က မဇ္ဈိမကို ပြောကြားသွားခဲ့ပါသည်။


စိတ်ခြောက်ခြားနေသူ ဒုက္ခသည်များ ရေနှင့် လေကို ကြောက်နေကြ

မင်းခက်မောင်
စနေနေ့၊ မေလ 17 2008 18:24 - မြန်မာစံတော်ချိန်

ကွမ်းခြံကုန်း - “အပြင်မှာ လေတွေ တိုက်နေသမျှ၊ ကောင်းကင်ကြီး တခုလုံး မှောင်မဲနေသမျှ၊ အမေ့ကို အပြင်ကို မထွက်ခိုင်းပါနဲ့ သားတို့ရယ်” ဟု မျက်ရည်များ စိုရွှဲနေသော ဒေါ်ဖွားစိန်က အကူအညီပေးရေး လုပ်သားများကို အသံတိမ်တိမ် အက်ကွဲနေသော အသံဖြင့် ပြောသည်။

သူမသည် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများအတွက် ထားသည့် ဘုန်းကြီးကျောင်း တဖြစ်လဲ ကယ်ဆယ်ရေး ဂေဟာ၌ နေထိုင်နေသူ ဖြစ်သည်။

အိမ်နီးချင်းတဦး၏ ကောင်းမှုကြောင့် ၇ ပေ မြင့်သည့် ဒီရေလှိုင်းဒဏ်မှ သီသီကလေး လွတ်မြောက်လာခဲ့သည့် ဒေါ်ဖွားစိန်သည် ယခု သူမနေသည့် ကွမ်းခြံကုန်း ဘုန်းကြီးကျောင်း အနားရှိ ရေကန်သို့ သွားရန်ပင် ကြောက်နေရှာသည်။ ကွမ်းခြံကုန်းသည် ရန်ကုန်မြို့မှ ၃၅ မိုင်ခန့် အကွာတွင် တည်ရှိသည်။
သူတို့ ကောင်းကောင်း အိပ်မရကြောင်း အသက်မသေ လွတ်မြောက်ခဲ့သူ အများအပြားက မဇ္ဈိမကို ပြောပြပါသည်။ ကလေးများဆိုလျှင် ညဘက်များ၌ ယောင်ယမ်း အော်လေ့ ရှိသည်ဟု ဆိုသည်။

“အဲဒီလို ဖြစ်နေတော့ နောက်နေ့မနက်ဆို ဒီကလေးတွေ ပန်းပြီး ယဲ့ယဲ့ပဲ ကျန်တော့တာပေါ့။ အဲဒီလို ပင်ပန်းပြီး အားနည်းလေ၊ သူတို့ အားနည်းလေ ဖြစ်တာပေါ့” ဟု မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဒေသတခုဖြစ်သည့် ဘိုကလေးမြို့မှ ဆရာဝန်တဦးက ဆိုပါသည်။ “အဲဒီတော့ ဒီကလေးတွေမှာ ကာလ ဝမ်းရောဂါလို၊ ဝမ်းလျှောဝမ်းပျက် ရောဂါလို ကပ်ရောဂါတွေ ဖြစ်ဘို့ ပိုများတာပေါ့”။

ကွမ်းခြံကုန်းမြို့သို့ ဆန်နှင့် အဝတ်အစားများ လှူဒါန်းရန် သွားရောက်ခဲ့သည့် ရန်ကုန်သားတဦးက သူထိုမြို့တွင် လမ်းပေါ်၌ ထူးခြားစွာ သွားလာ လှုပ်ရှားနေကြသည့် မုန်တိုင်းဘေးမှ လွတ်မြောက်ခဲ့သူများကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

ခန္ဓာကိုယ်ပေါ်တွင် နနွင်းများ လိမ်းကြံထား၍ မီးတွင်းမှ ထွက်ခါစ အမျိုးသမီးတဦးသည် သူ့သား ၂ ဦး၏ အမည်များကို အော်ဟစ် ခေါ်နေသည်ကို တွေ့ခဲ့ရသည်။

အလားတူပင် “ရေတွေ လာနေပြီ” ဟု အော်ရင်း လမ်းပေါ်တွင် ပြေးလွှားသွားနေသူ အမျိုးသားတဦးကိုလည်း တွေ့ခဲ့ရသည်။ သို့သော် မည်သည့်ရေမျှ တက်လာနေခြင်း မရှိ။ နောက်အမျိုးသားတဦးက တိုင်တလုံးကို ဖက်တက်ရင်း “တိုင်ပေါ်တက်နိုင်ရင် ရေဘေးက လွတ်တာပဲကွ” ဟု ပြောနေသည်။

မုန်တိုင်းတွင် မိသားစုများ အိုးအိမ်များ ဆုံးရှုံး၍ ဘဝ ပျက်ခဲ့ရသူများ၏ စိတ်ကျန်းမာရေး ပြဿနာများကို ကုစားနိုင်ရန် လပေါင်း အတော်ကြာ အချိန်ယူရဦးမည်ဟု ရန်ကုန်မြို့တွင် ကိုယ်ပိုင် ဆေးကုခန်း ဖွင့်လှစ်ထားသည့် စိတ်ပညာရှင်တဦးက ပြောကြားသွားပါသည်။ ကပ်ဘေး စီမံခန့်ခွဲမှုတွင် မြန်မာ အစိုးရသည် အသိပညာနှင့် အတွေ့အကြုံ ချို့တဲ့ပြီး၊ အချို့သော ပြဿနာများမှာမူ နိုင်ငံတကာ အကူအညီပေးရေး ကျွမ်းကျင်သူများကို ဝင်ခွင့်ပြုလိုက်ရုံနှင့် ကိုင်တွယ်ဖြေရှင်း သွားနိုင်သည်ဟုလည်း သူက ဆိုလိုက်ပါသည်။

ဟိုင်းကြီးကျွန်းမှ အသက်မသေ ကျန်ရစ်ခဲ့သူ တဦးကလည်း သူ့အကိုသည် ထမင်းလည်းမစား၊ စကားလဲ မပြောဘဲ ငူငူကြီးသာ ထိုင်နေသည်ဟု ဆိုသည်။ အဆိုပါ သူ့အကိုသည် လေဘေးတွင် ကျပ်ငွေ တသန်းခန့် တန်သော ငါးဖမ်းလှေ နှင့် အိမ်ကို ဆုံးရှုံးခဲ့ရသူ ဖြစ်သည်။

“ကျနော့်အကိုက ပုံမှန် မဟုတ်တော့ဘူးဗျ။ သူ့မျက်လုံးတွေက တွေတွေကြီး ဖြစ်နေတာ။ ဘာမှလည်း မပြောဘူး၊ ဘာမှလည်း မေးလို့ မရတော့ဘူး” ဟု သူက ဆိုပါသည်။

၂ဝဝ၄ ခုနှစ် ဆူနာမီ ရေလှိုင်းကြီး ရိုက်ခတ်အပြီး ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖွင့်လှစ်ခဲ့သလို ယခုကဲ့သို့ မုန်တိုင်းကြောင့် တုန်လှုပ်ခြောက်ခြား ကျန်ရစ်ခဲ့သူများအတွက် စိတ်သောက လျော့ပါးရေးစခန်းများ ဖွင့်လှစ်ပေးသင့်သည် ဟု အန်ဂျီအို တခုမှ ကျွမ်းကျင်သူတဦးက ပြောကြားသွားပါသည်။ အဆိုပါ စခန်းများတွင် အသက်မသေ ကျန်ခဲ့သူများကို ဆေးကုသမှု ခံယူစေရင်း အသက်မွေးဝမ်းကျောင်းနှင့် ကျွမ်းကျင်မှု ပညာရပ် အသစ်များကို သင်ကြားပေးသည်။ ဤသို့ဖြင့် ဝင်ငွေလည်း ရရှိလာပြီး မိသားစုကိုလည်း ထောက်ပံ့လာနိုင်သည်။

“သူတို့ကို လျစ်လျူရှု ပစ်ထားလိုက်လို့ အခြေအနေတွေ ပိုဆိုးသွားရင် နောင်မှာ ကျနော်တို့ နောင်တ ရနေရမယ်” ဟု အမည်မဖေါ်လိုသူ အဆိုပါ ကျွမ်းကျင်သူက ပြောဆိုသွားပါသည်။

အသက် ၃ဝ အရွယ် ကွမ်းခြံကုန်း မြို့သားတဦးက မုန်တိုင်းအတွင်း သူ့မိန်းမကို သေဆုံးစေခဲ့သည့် လဲကျနေသော သစ်ပင်ကြီးကို ကြည့်ရင်း ငိုနေသော သူ့ကလေးကို ချော့နေသည်။

“မငိုပါနဲ့ ကလေးရယ်၊ မေမေက သားကို နို့တိုက်ဖို့ ပြန်လာမှာပါ၊ အဖေလဲ မင်းအမေ ပြန်လာတာကို စောင့်နေတာပါပဲ” ဟု ရေရွတ်နေသည်။

မင်းခက်မောင်

(မောင်ဒီးနှင့် နန်းဒေဝီ ဖြည့်စွက် ရေးသား၍ ထက်မြတ် တည်းဖြတ်သည်)

နာဂစ်နှင့် ငါ၏ ဒိုင်ယာရီ

မင်းသစ်တည်
သောကြာနေ့၊ မေလ 16 2008 14:02 - မြန်မာစံတော်ချိန်





ထိုနေ့က မိုးရွာသည်။ မိုးနှင့်အတူ ပါလာသော လေကတော့ ဘီလူးသဘက် တကောင်အလား ကြောက်ဖို့ ကောင်းလှသည်။ သူ၏ နောက်ဆက်တွဲ မြင်ကွင်းများကလည်း ငိုအားထက် ရယ်အားသန်သန်နှင့် တောက်တခေါက်ခေါက် အသံများကလည်း မြိုင်ဆိုင်လှသည်။

မျက်မှောက်ခေတ် မြန်မာလူမျိုးကို အဓိပ္ပါယ် ဖွင့်ဆိုလျှင် စာရေးသူကတော့ "ဒုက္ခကို လည်စင်းခံကြသူများ" လို့သာ ကင်ပွန်း တပ်ချင်သည်။ ခိုလှုံစရာ ရင်ခွင်မဲ့လှသည်။ အမိမဲ့သား ရေနည်းငါးကဲ့သို့ပါပဲ။

အထင်သေးမိတဲ့နေ့ (၂.၅.၀၈)


ထိုနေ့ ညနေပိုင်းနှင့် ညဦးပိုင်းလောက်က ရန်ကုန်မြို့ကို ဦးတည်ပြီး မုန်တိုင်းလာတော့မယ်။ ည ၁၂ နာရီကနေ မနက် ၆ နာရီအတွင်း ဖြစ်ဖို့ များတယ်ဆိုပြီး သတိပေး သတင်းစကားများ ကြားခဲ့ရသည်။ အကုန်လုံးက တိတိပပ ထူးထူး ခြားခြား မတုန်လှုပ်မိကြ။

တကယ်တမ်း သတင်းစ၀င်လာတော့ ကားတွေတောင် လေထဲ ပါသွားတယ်။ ရှိသမျှ ပြားပြားဝပ်သွားတယ် ဆိုတဲ့ သတင်းစကားတွေလည်း ကြားရသောအခါ နည်းနည်း တုန်လှုပ်စပြုလာပြီး ဘုရားတရားကို သတိရစပြုလာသည်။

လူတွေ ၀ိုင်းဆဲရတဲ့အဖြစ်


ဤသို့ တုန်လှုပ်စိတ်ကလေးတွေ ၀င်စပြုချိန် ည ၉ နာရီကျော် ၀န်းကျင်လောက်တွင် ကားတစီးနှင့်လှည့်၍ လော်စပီကာနှင့် သတိပေးသံ ကြားရသည်။ သြော်… မုန်တိုင်းနဲ့ ပတ်သက်ပြီး လူတွေ ဘယ်လို နေထိုင်ရမယ်။ ဘာတွေ ကြိုတင် စီမံရမယ်၊ ဆိုတာတွေ သတိပေးနေတာပဲဆိုပြီး အားတက်ကာ နားစွင့်မိကြသည်။ တကယ်တန်းတွင် ထိုသို့ မဟုတ်ခဲ့ "ဆန္ဒခံယူပွဲတွင် မဲပေးနိုင်သူများ စာရင်းအား ရ.ယ.က ရုံးတွင် ကပ်ထားကြောင်း၊ စာရင်းတွင် မပါဝင်သေးသူများ ရှိပါက လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း" ကြေငြာသွားခဲ့ခြင်း ဖြစ်သည်။ မုန်တိုင်းအား ကြောက်လန့်စိတ်နှင့် အိမ်အတွင်းပိုင်းတွင် အကုန် စုရုံးနေကြသော မိသားစုဝင်များ အားလုံး တိုင်ပင်မထားဘဲ တခဲနက် ၀ိုင်းဝန်း ဒေါသထွက်မိသည်။

တကယ်က မုန်တိုင်း တိုက်ပြီးသွားပါက ထိုကြော်ငြာသင်ပုန်းအား ဘယ်အရပ်တွင် သွားရောက်ကောက်ယူ ကြည့်ရှု့မည် ကိုပါ ကြေငြာသွားသင့်သည်။ ဤသို့ ဤပုံ အမြှော်အမြင် ကြီးကြသူများပါ။

နာဂစ်လာပြီ


တနေ့လုံးနီးပါး ရွာနေသောမိုးက ည ၁၀ နာရီခွဲလောက်တွင် ပိုစိပ်လာသည်။ လေသံ ခပ်ပြင်းပြင်းပါ ပါလာသည်။ သိပ်တော့ မဆိုးဝါးလောက်ပါဟု ထင်နေကြတုန်းပါ။ ည ၁၂း၃၀ နာရီလောက်ရောက်တော့ သူ့ "ဇ"က မသေးကြောင်း သဘောပေါက်စ ပြုလာကြသည်။ အိမ်အနီးဝန်းကျင်မှ သွပ်မိုးသံများကလည်း ဟာမိုနီ လိုက်ဆိုနေကြပြီ။ အိမ်တွေထဲ မိုးပက်ထားတာကလည်း အတော် စိုရွှဲနေကြပြီ။

နံနက် ၃း၃၀ နာရီ လောက်ကျတော့ နာဂစ် ဘာကောင်လည်းဆိုတာ သဘောပေါက်ကြပြီ။ သွပ်ခေါင်မိုးသံ တွေလည်း ဟာမိုနီဘ၀မှ အဆိုတော်တွေ ဖြစ်လာကြပြီး ရင်ခေါင်းကွဲ၊ နှလုံးပြုတ်မတတ် အော်နေကြပြီ။

နံနက်အာရုဏ်တက် နဲ့ ၈း၀၀ နာရီလောက် ကြားမှာတော့ နာဂစ်ဟာ သူ့ဦးခေါင်းပိုင်း ရုန်းထွက်ပြီး လွတ်မြောက်လာတာကို ၀မ်းသာအားရနဲ့ ကျန်ရှိနေသေးတဲ့ အမြီးပိုင်းနဲ့ အားကုန်ရုန်းကာ ရိုက်လှဲပစ်နေပြီ။ လေသံ တွေဟာ ဆူလွန်းလို့ အနီးအနားက အပင်ကြီးတွေ၊ အပင်လေးတွေ လဲပြိုကျသံတောင် မကြားလိုက်ရ။

စာရေးသူကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မုန်တိုင်းစတိုက်ကတည်းက မျက်စိသာ တွင်တွင်မှိတ်ပြီး တတ်သမျှ မှတ်သမျှ ဘုရားစာတွေသာ non-stop ရွတ်ဆိုတော့သည်။ ကိုယ့်အမြင်အာရုံမှာ သွေးလန့်ဖွယ် မြင်ကွင်းတွေကို မမြင်ရတော့ အနည်းနဲ့ အများ စိတ်တည်ငြိမ်မှု ရရှိအောင် လုပ်ထားနိုင်ခဲ့သည် ဟုတော့ ထင်သည်။ အပြင်ထွက်ပြီး ဘာမှ မလုပ်ကိုင်နိုင်တဲ့ အခြေအနေမှာတော့ ဖြစ်သမျှကို လျစ်လျှူရှုကာ မျက်လုံးမှိတ်ပြီး ကိုယ့်အသက်လေး ဘယ်တော့ ပါသွားမလဲဆိုပြီး သတိထားနေရုံကလွဲ၍ ဘာမျှမတတ်နိုင်ပါ။ ဒါဟာ သဘာဝဘေးဒဏ်၊ ကိုယ်နဲ့ လူများ ကျောမွဲများ ခါးကော့အောင် ခံကြရတော့မည့်ဒဏ်။

နာဂစ် ချန်ခဲ့သည့် မောဘွယ်ရာများ


နာဂစ်သည် သူ့အသံပြဲကြီးနဲ့ ချိန်းခြောက်နေသော်လည်း သူ့ကို လုံးလုံး ဂရုမစိုက်သည့် ခေတ်ပျက် တောကြောင်များကလည်း "ဝေလီဝေလင်း" အချိန်မှာတောင် သွပ်ပြားကောက် ထွက်နေကြတာကိုလည်း မြင်ရသည်။ သူတို့အဖို့တော့ ကိုယ့်အသက်ထက် ငွေတွင်းတွေ ကျလာပြီဟုများ ထင်နေကြရော့သလားမသိ။

နည်းနည်း လင်းလင်းချင်းချင်း ရှိလာတဲ့ အချိန်ကြတော့ လူသံတွေ ကြားလာရသည်။ အိမ်ထဲမှာ ဆက်လက် ဘုရား တနေလို့မရတော့။ လမ်းမပေါ်ထွက်ပြီး အနီးအနားဝန်းကျင် သတင်းမေးစမ်း အခြေအနေ ကြည့်ထွက်ရသည်။ မြင်ကွင်းကတော့ အသေးစိတ် ရေးပြချင်စရာ မရှိ၊ သက်တမ်းရင့် အပင်ကြီး၊ အပင်ငယ်အားလုံး မြေပြင်ပေါ်တွင် ထက်ပိုင်း ကျိုး၊ အမြစ်က ပြုတ်ထွက်ကာ တုံးလုံးလဲကုန်ကြပြီ။ ယိုင်ပြီးသား အိမ်တွေအဆင့် ရောက်ကုန်သည်။ အိမ်တော်တော် များများတွင် ခေါင်မိုးများ မရှိတော့။ ဒီမြင်ကွင်းတွေ ကြားမှပင် တွေးမိတာတခုကတော့ "သြော်… ငါတို့ နိုင်ငံတော် လူကြီးများ ဖြစ်စေချင်နေသော ဆန္ဒတစ်ခုတော့ ပြည့်သွားပြီ" လို့။ ဘာဖြစ်လို့လည်းဆိုတော့ တပ်ထားသော ၈ ပေ စလောင်းတွေဟာ မြေကြီးပေါ် ရောက်တဲ့ဟာကရောက်၊ ခေါင်မိုးပေါ်တွေမှုာပဲ ခေါက်ရိုးကျိုး တွဲလဲကျကာ၊ တိုက်ခေါင်မိုး တွေပေါ်မှာ စက္ကူစွန် ငြိသလို ကျေနေကြရှာလေပြီ။

လူလေး စုစုရုံးရုံး ရှိလာတဲ့အခါကျတော့ ရှိတဲ့ဓါးမ ကိုယ်စီဆွဲ၊ ရဲဒင်း၊ ပုဆိန်တွေဆွဲလို့ ကိုယ့်အိမ်ထက် လမ်းမှာ ပိတ်နေသမျှ အပင်တွေ ဓါတ်တိုင်တွေကို ရှင်းလင်း ဖယ်ရှားပစ်ကြသည်။ အလုပ်လုပ်ရင်း ပြောမိကြတဲ့ အကြောင်းအရာ ကတော့ နာဂစ်ရယ် လုပ်ရက်ပါပေ့ပေါ့။ ဘယ်သူမျှ ဒီလောက် ဖြစ်မယ် ထင်မထားကြပါ။ ဘယ်သူမှလည်း မကြုံဘူးကြတော့ ဘာမှ ကြိုတင် မစီမံနိုင်ခဲ့သလို ဒီလောက်အထိ ဖြစ်မယ်မှန်းသိရင် စလောင်းကလေး ဖြုတ်ထားပါရဲ့၊ အမိုးလေးကို သံတွေနဲ့ ပြန်ရိုက်ထားပါရဲ့နဲ့ ပြောကြဆိုကြရင်းနဲ့ ညဘက်ကကြားခဲ့ရတဲ့ လော်စပီကာသံ ကိုလည်း သတိတရနဲ့ ပြန်လည် ဆဲရေးမိကြတယ်။

ဒီအချိန်မှာတော့ အစိမ်းရောင်ဝတ်တွေကော၊ စွမ်းအားရှင်ကြီးတွေကော ဘယ်ဆီဘယ်ဝယ် ပျောက်နေတယ် မသိတော့ပါဘူး။

မြန်မာလူမျိုးများပါပဲ….။ ဒုက္ခတွေကြားထဲက ဘယ်သူ့ကိုမှလည်း မတမ်းတ၊ (တမ်းတလည်း လာမှာမှ မဟုတ်တာ) ရယ်ကာမောကာနဲ့ ဒုက္ခကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှင်းကြရတာပေါ့။

၃.၅.၀၈ စနေနေ့ နေ့ခင်းပိုင်းလောက် ရောက်တော့ နာဂစ် လုံးဝမရှိတော့သလောက် ဖြစ်သွားပါပြီ။ လူတွေမှာ ဆန်အိတ် ၀ယ်သူဝယ်၊ မီးသွေးအိတ် ၀ယ်သူဝယ်၊ ခေါက်ဆွဲခြောက်ထုပ် ၀ယ်သူဝယ်နဲ့ ဗရုတ်ဗရက်တွေ ဖြစ်ကုန်ကြတယ်။ ဈေးသည်တွေလည်း ဆက်သွယ်ရေး ကိရိယာတွေသာ ပြတ်တောက်သွားပေမယ့် ဈေးတက်ရာမှာတော့ လက်ညီကာ မြိုင်လှသည်။ ခေါက်ဆွဲခြောက်တထုပ် ၃၀၀၊ ဘဲဥတလုံး ၃၀၀ ဖြစ်ကုန်သည်။ ထိုစနေလည်း သစ်ပင်ခုတ်၊ အမိုးဖာဖြင့် ကုန်ဆုံးကြရသည်။


စစ်အစိုးရ၊ မြန်မာပြည်၊ နာဂစ် လေပြင်းမုန်တိုင်းနှင့် ကုလသမဂ္ဂ

စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 10:37 - မြန်မာစံတော်ချိန်

နာဂစ် လေပြင်းမုန်တိုင်းကြီးကတော့ ရာစုနှစ်ဝက်လောက် စိတ်၏ ဆင်းရဲခြင်း ကိုယ်၏ ဆင်းရဲခြင်း အပြင်းအထန် ခံခဲ့ကြရ ရှာသူတွေကိုမှ ရွေးပြီးနှိပ်စက် ဖျက်ဆီးသွားခဲ့ ပါပြီ။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့က အထူးသဖြင့် မရှိဆင်းရဲသား ပြည်သူတွေ သေကြေ ပျက်ဆီးကြ၊ ဒါဏ်ရာရကြ၊ ငတ်ပြတ်ကြ၊ နေစရာ၊ စားစရာ၊ ၀တ်စရာမဲ့ကြ မြင်လိုက် ကြားလိုက်ရတာတွေဟာ ကြေကွဲ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ သဘာဝ ဘေးအန္တရာယ်ဖြစ်လို့ ဘယ်သူ့ကိုမှတော့ အပြစ်တင်လို့ မဖြစ်ပါဘူး။ ဒါပေမယ့် ရက်ပိုင်းနဲ့ ချီပြီး ကြိုတင် သတိပေးထားနိုင်ပါရဲ့နဲ့ မှားယွင်းတဲ့ ခန့်မှန်း သတိပေးချက်ကလေး ကိုပဲ ထုတ်လွှတ်ပေးခဲ့တဲ့ အစိုးရရဲ့ တာဝန်မဲ့မှု လူထုကို ဥပေက္ခာပြုမှုကတော့ ဘယ်တော့မှ ခွင့်လွှတ်ချင်စရာ မရှိပါဘူး။ ဒါဟာ စစ်အစိုးရကို အမြဲတန်း အဆိုးမြင်စိတ်နဲ့ ကြည့်ပြီး အပြစ်တင်တာ မဟုတ်ပါဘူး။ အစိုးရ သိပ်လုပ်ချင်နေတဲ့ သူတွေက အစိုးရတာဝန်ယူဖို့ အရည်အချင်းမရှိတာ စီမံခန့်ခွဲမှု အုပ်ချုပ်မှု မတတ်တာကိုတော့ ပြောစရာရှိရင် ပြောရမှာပါပဲ။ ပြည်သူအပေါ် စေတနာကင်းမဲ့တာ ရန်သူလို သဘောထား တာတွေကတော့ အများမြင်သာ ထင်ရှားဖြစ်လို့ ပြောနေစရာတောင် မလိုတော့ပါဘူး။

နောက်တခု ပြောရမှာကတော့ ဒီလောက်ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါးကြီး သေကြေ ပျက်စီးဆုံးရှုံးသွားတာကို လူသားချင်း သနားထောက်ထားစိတ်နဲ့ နိုင်ငံတကာက အကူအညီ အထောက်အပံ့ အနေနဲ့ စားစရာ၊ သောက်စရာ၊ ဆေးဝါး၊ ၀တ်စရာ၊ နေထိုင်စရာ အစစ၀ိုင်းပြီး ပံ့ပိုးကူညီ ပေးပို့ခဲ့ကြတာ တွေဟာ အလွန်ဝမ်းမြောက် ပီတိဖြစ်စရာပါ။ လေယာဉ်ကြီးတွေ စီးလုံးပြည့် သဘောင်္တွေ၊ ကားတွေ စီးလုံးပြည့်နဲ့ ချက်ခြင်းစေလွှတ် အကူအညီပေးကြ ပေးနေဆဲ ဖြစ်ပါတယ်။ စားသောက်စရာနဲ့ ၀တ်စရာ နေစရာတွေတင် မဟုတ်ပါဘူး။ ဒီလိုမျိုး သဘာဝ ဘေးအန္တရာယ်မျိုးတွေမှာ ဘယ် လို ကယ်တင်စောင့်ရှောက် ကူညီရမယ်ဆိုတာကို စနစ်တကျ သင်ကြား လေ့ကျင့်ပေးထားတဲ့ ကယ်ဆယ်ရေးလုပ်သားတွေကိုပါ အဖွဲ့လိုက် အုပ်စုလိုက် စေလွှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအကူအညီ အထောက်အပံ့ ပစ္စည်းတွေနဲ့ ကျွမ်းကျင် ကယ်ဆယ်ရေးလုပ်သားတွေကို စစ်အစိုးရက ပြည်ဝင်ဗီဇာ မပေးဘဲဆိုင်းငံ့ထားတဲ့ လုပ်ရပ်ဟာ ကမ်းကုန်အောင် လူမဆန်တဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်လို့ မပြောရင် တခြားစကားလုံး ရွေးစရာ မရှိတော့ပါဘူး။ သူတို့ကိုယ်တိုင် အဲဒီမုန်တိုင်းဒဏ်သင့် ခံခဲ့ရတဲ့ တိုင်း ၃ တိုင်းနဲ့ ပြည်နယ် ၂ ခုကို အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး ဖြစ်ပေမယ့် အရေးပေါ် အခြေအနေဆိုတာကို အသေအချာမှ နားလည်ရဲ့လား နားလည်ရက်နဲ့ နားမလည်ချင် ယောင်ဆောင်တာပဲလား။ ဟန့်တား ပိတ်ပင်ဖို့ထားလို့ သူတို့ ကိုယ်တိုင် မုန်တိုင်းဒဏ်သင့် ခံခဲ့ရတဲ့နေရာတွေကို ယာဉ်ရထား စီစဉ်ပြီး အမြန်ဆုံးရောက်အောင် ပို့ဆောင်ပေး သင့်တာပါ။ စက္ကန့်မိနစ်နဲ့အမျှ အရေးကြီးနေတဲ့နေရာ မီးနီရဲနေတဲ့ နေရာတွေ တစ်စက္ကန့် တစ်မိနစ် နောက်ကျခဲ့ရင် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေ ကလေးငယ်ပေါင်းများစွာ သေကြေ ပျက်စီးနိုင်တဲ့ အခြေအနေဆိုတာ ကိုခေါင်းထဲမှာ အာဏာလောဘ၊ ဒေါသ၊ အာဃာတတွေပဲ ရှိတဲ့ ကျနော်တို့တိုင်းပြည်က ဗိုလ်ချုပ်တွေ မသိကြဘူး ထင်ပါတယ်။ ဒါမှမဟုတ် သိရဲ့နဲ့ ယုတ်မာမိုက်ရိုင်းတာပဲ ဖြစ်ပါလိမ့်မယ်။

စစ်ရာဇ၀တ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီးလို့ လူမှုရေးပစ်မှုကြီးကို ထပ်ပြီး ကျူးလွန်ပြခဲ့ပြန်ပါပြီ။ ကမ္ဘာ့သံတမန်ကြီးတွေ ကိုယ်တိုင်က ဒီလိုအခြေအနေမျိုးမှာ အခုလို တုန့်ပြန်ဆောင်ရွက်တာဟာ အလွန်အံသြစရာ ကောင်းတယ်လို့ ပြောကြားခဲ့ရပါတယ်။ စစ်အစိုးရရဲ့ ကမ်းအကုန်ဆုံး လူမဆန်ဆုံး လုပ်ရပ်လို့ပဲ ပြောရမှာပါပဲ။ UK အခြေစိုက် Oxfam ရဲ့ အရှေ့အာရှ ဒါရိုက်တာဖြစ်သူ Sarah Ireland ကတော့ "တကယ့်အန္တရာယ် အစစ်အမှန် ကြီးမားတဲ့ လူထုကပ်ဘေးကြီးတခု မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတော့မှာ ကို ကျမတို့ စိုးရိမ်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ အခုလို နိုင်ငံတကာက ပေးပို့ကူညီ ထောက်ပံ့နေတဲ့ အကူအညီတွေ၊ ကျွမ်းကျင်သူ ကယ်ဆယ်ရေးလုပ်သားတွေကို အနှောက်အယှက် အဟန့်အတားလုပ်နေတဲ့လုပ်ရပ်တွေကို ချက်ခြင်းရက်ဆိုင်းပြီး ချက်ခြင်းရောက်ရှိ ဖြန့်ဝေကယ်ဆယ်ရေး လုပ်ငန်းတွေ မစတင်နိုင်ဘူး ဆိုရင်တော့ မြန်မာပြည်က မုန်တိုင်းဒဏ်ခံ ဒုက္ခသည်တွေရဲ့ ကံကြမ္မာဟာ မတွေးဝံ့စရာပါပဲ။ "မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရတဲ့ နေရာဒေသတွေကို ကြီးမားတဲ့ အကူအညီ အထောက်အပံ့တွေ ကျွမ်းကျင်သူတွေနဲ့ ထောက်ပံ့ပစ္စည်းတွေ အမြန်ဆုံး ၀င်ရောက်နိုင်အောင် မလုပ်နိုင်ဘူး ဆိုရင်တော့ စဉ်းစားတွေးတောလို့တောင် မရနိုင်တဲ့ အဆင့်အထိ ၀မ်းနည်းကြေကွဲစရာ အဖြစ်တခု ဖြစ်လာပါတော့မယ်" လို့ အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က Greg Beck က ပြောကြားခဲ့ပါတယ်။

ကိုယ့်တိုင်းသူပြည်သားတွေ ဒီအဆင့်အထိ ဆိုးဆိုးဝါးဝါး သေကြေ ပျက်စီးဆုံးရှုံးပြီး အတိဒုက္ခရောက်နေကြတာကို သူတို့ အာဏာတည်မြဲရေးအတွက် လုပ်တဲ့ဆန္ဒခံယူပွဲ အနှောက်အယှက်ဖြစ်မှာစိုးလို့ တိုင်းပြည်ထဲကို နိုင်ငံခြားသားတွေ ၀င်ရောက်ပြီး ဆူပူအောင် သွေးထိုးလှုံ့ဆော်ပေးမှာစိုးလို့ ဆိုပြီး အာဏာမထိပါးရေး အဓိကထား ပြည်သူတွေကို မျက်နှာလွှဲရက်တဲ့ အစိုးရမျိုး ဒီကနေ့ခေတ် ဒီကမ္ဘာမှာ ရှိနေသေးတယ်ဆိုတာ အံ့သြစရာပါပဲ။ ကျနော်တို့ ပြည်သူလူထု အနေနဲ့ကလည်း ဒီလိုအစိုးရမျိုးကို ဆက်ပြီး လက်သင့်မခံဘဲ အမြစ်ပြတ်အောင် ဆန့်ကျင်အုံကြွကြဖို့ ကြိုးစားသင့်နေပါပြီ။ အတိုင်းအတာတခု အထိလည်း ဆန့်ကျင်အံတုခဲ့ကြ ပြီးပါပြီ။ ဒါပေမယ့် ပြည်သူလူထုတရပ်လုံး အတိုက်အခံ အင်အားစုအားလုံး တသားတည်း မညီ ညွတ် မပူးပေါင်းနိုင်သေးတဲ့အတွက် အုံကြွဆန့်ကျင်မှုတွေဟာ လက်နက်အင်အားကောင်းတဲ့ စစ်အစိုးရရဲ့ နှိမ်နင်းဖြိုခွင်းမှုကို ခံခဲ့ကြရတာပါ။ ကျနော်တို့တွေ ညီညွတ်ကြဖို့ လိုပါတယ်။ ကိုယ်ရင်ဆိုင်နေရတဲ့ စစ်အစိုးရဆိုတဲ့ ရန်သူဟာ ဘယ်လိုအမျိုးအစားလဲဆိုတာ မှန်မှန်ကန်ကန် အကဲဖြတ်တတ်ဖို့၊ ရန်ငါ စည်းပြတ်ကြဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

နောက်တခု ပြောချင်တာကတော့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍပါပဲ။ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့ကြီး တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်တွေနဲ့ ပဋိဥာဉ်စာတမ်း တွေမှာ ဘယ်လို သတ်မှတ်ပြဌာန်း လက်မှတ်ရေးထိုးခဲ့ကြတယ် ဆိုတာကို ဒီကနေ့ခေတ် ကမ္ဘာ့ပြည်သူတွေက သိနှင့်ခဲ့ကြပါပြီ။ ဒါပေမယ့် တိုင်းပြည်တခု နေရာဒေသတခုမှာ လူ့အသက် ပေါင်းများစွာ သေကြေပျက်စီး လူသားသိန်းပေါင်းများစွာ ဒုက္ခရောက်နေရတဲ့ အရေးပေါ် အခြေအနေတရပ်မှာ အနိုင်နိုင်ငံက ကူညီထောက်ပံ့မှုတွေ၊ အစားအစာနဲ့ ဆေးဝါး ပစ္စည်းတွေ အရေးကြီးတဲ့ ကျွမ်းကျင်သူ ကယ်ဆယ်ရေးတွေ လုပ်သားတွေကို အမျိုးမျိုး အခက်အခဲ ကြုံအောင် ဟန့်တားနှောက်ယှက်နေတဲ့၊ လက်ခံလိုက်ပြန်တော့လည်း တကယ်ကယ်ဆယ်ရေးလုပ်မယ့် ကျွမ်းကျင်သူ ကယ်ဆယ်ရေး လုပ်သားတွေကို လက်မခံဘဲ ကယ်ဆယ်ရေးပစ္စည်းတွေကိုပဲ လက်ခံ၊ နိုင်ငံတကာက အဆင့်မြင့် ကယ်ဆယ်ရေးပစ္စည်းတွေ ၊ စားစရာတွေကို တကယ် လေမုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို ဝေမပေးဘဲ၊ ပြည်တွင်းက အညံ့စားပစ္စည်းတွေ၊ အောက်ဆန်တွေ စားစရာတွေကိုပဲ ဝေပေး၊ များပြားလှတဲ့ ထောက်ပံ့ပစ္စည်းတွေကို သူတို့ဂိုဒေါင်တွေမှာ သိမ်းဆည်းလိုက်ပြီး မဖြစ်စလောက်ပစ္စည်းတွေ လောက်ပဲပေး ကမ်းထောက်ပံ့၊ မီးစက်တွေ၊ ဆက်သွယ်ရေး စကားပြောစက်တွေ၊ အဆင့်မြင့် ဘက်ထရီအိုးတွေလို ပစ္စည်းတွေကို လုံးဝထုတ်မပေးဘဲ အစိုးရအလိုတော်ရိ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကြံ့ဖွံ့လို၊ စွမ်းအားရှင်လို အဖွဲ့အစည်းက လူတွေကိုပဲ မက်လုံးပေး ပေးဝေပြီး အယုတ်မာအပက်စက်ဆုံး လူမဆန်ဆုံး လုပ်ရပ်တွေကို လုပ်နေတဲ့ အစိုးရတရပ် (စစ်အစိုးရဟာ တရားဝင် အစိုးရ မဟုတ်ပါဘူး) ကို ကုလသမဂ္ဂအဖွဲ့ကြီးက ဘာမှဝင်ရောက် မစွက်ဖက်နိုင်အောင် ဖြစ်နေပြီလား။ တခြား အပြည်ပြည်ဆိုင်ရာ အကူအညီ ပေးတာတွေထားလို့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး လေယာဉ်တွေကိုတောင် ဟန့်တားနှောင့်ယှက်နေတဲ့ အစိုးရတရပ်ကိုတောင် သြဇာအာဏာ မသုံးနိုင်အောင် အင်အားအာဏာ မရှိတော့ဘူးလားလို့ မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်လာပြီလို့ ပြောရတော့မှာပဲ။ အဲဒီလို ကိုယ့်အာဏာ တည်မြဲရေးကလွဲလို့ ပြည်သူလူထု အကျိုးစီးပွားကို တစက်ကလေးမှ စေတနာမရှိတဲ့ လူမဆန်အောင် ရက်စက်ယုတ်မာတဲ့ အစိုးရတရပ်ကို ကုလသမဂ္ဂက ဆက်ပြီး အသိအမှတ်ပြု နေရာပေးထားတာ၊ မပြောရဲမဆိုရဲ မဟန့်တားရဲ ဖြစ်နေတာဟာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးအတွက် ဂုဏ်သိက္ခာ ကျစရာတခုလို့များ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ကြီး နဲ့ လုံခြုံရေးကောင်စီကြီးက မယူဆကြဘူးလားလို့ မေးရမလို ဖြစ်နေပါပြီ။ ရပ်ကွက်ထဲက လူဆိုး လူမိုက်တယောက်ကို ရဲနဲ့ဘယ်ရပ်ကွက် လူကြီးကမှ မပြောရဲ မဟန့်တားရဲဘဲ အဲဒီလူမိုက်က အရပ်ကို နှိပ်စက်ညှင်းပမ်း အနိုင်ကျင့် ဗိုလ်ကျနေတာကို လက်ပိုက်ကြည့်နေသလို ဖြစ်မနေပေဘူးလားလို့ မြန်မာပြည်က ပြည်သူလူထုတွေက မေးခွန်းထုတ် နေကြပါပြီ။ ဒီအတိုင်းဆိုရင် ကမ္ဘာ့ကုလသမဂ္ဂဆိုတဲ့ အဖွဲ့ကြီးကို ကျနော်တို့က ဒီလောက်ဆိုးဝါးနေတဲ့ အခြေအနေ ဖြစ်ရပ်မျိုးမှာတောင် အားကိုးခွင့်မရ ဖြစ်နေပါပြီ ။ ကုလသမဂ္ဂ အဖွဲ့ကြီးကိုယ်တိုင်က ကျနော်တို့ အကူအညီပေးပါရစေ ၀င်ခွင့်ပြုပါခင်ဗျာလို့ အသနားခံရမယ့် အခြေအနေ ဖြစ်နေပြီ ဆိုရင်တော့လည်း ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ကံကြမ္မာပဲလို့ သဘောထားရတော့မှာပါပဲ။ လက်လျှော့ဖို့တော့ မဟုတ်ပါဘူး။ ကျနော်တို့ ပြည်သူလူထုအနေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြရမှာပါပဲ။ ကိုယ့်ပြဿနာ ကိုယ်ရှင်းဖို့ ညီညီညွတ်ညွတ် ကြိုးစားကြရမှာပါပဲ။ "တယောက်အားဖြင့် ယူသော်မရ၊ တသောင်းအားဖြင့် ယူသော်ရ၏" ဆိုတဲ့ ဆိုရိုးစကားအတိုင်းဆိုရင် ကျနော်တို့မှာ သန်းငါးဆယ်ကျော် အင်အားရှိပါတယ်။ ကျနော်တို့ အောင်ပွဲရရမှာပါ။

ဒါပေမယ့် နောင်အနာဂတ် ကမ္ဘာကြီးမှာ နေထိုင်နေကြတဲ့ လူသားတွေ ဆင်းရဲဒုက္ခ ကင်းဝေးပြီး ငြိမ်းငြိမ်းချမ်းချမ်း လူ့အခွင့်အရေး ဒီမိုကရေစီ အခွင့်အရေးတွေ ပြည့်ပြည့်၀၀ ခံစားနိုင်ကြရအောင် "ပြည်သူလူထုက တရားဝင် ရွေးချယ်တင်မြှောက်ထားသော အစိုးရတရပ်အား အာဏာသိမ်းယူ ဖွဲ့စည်းထားသည့် အစိုးရတရပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ် မပြုရ၊ ပြည်သူလူထု ရွေးချယ်တင်မြှောက်သော အစိုးရတရပ် အမြန်ဆုံးပြန်လည် ဖွဲ့စည်းနိုင်ရန် ကုလသမဂ္ဂအဖွဲ့ကြီးမှ ကြီးကြပ် ဆောင်ရွက်ပေးရမည်။ ထိုသို့ ကုလသမဂ္ဂအဖွဲ့ကြီး၏ ကြီးကြပ်ဆောင်ရွက်မှုကို လက်မခံ မလိုက်နာပါက အခြေအနေလိုအပ်မှုနှင့်အညီ ကုလသမဂ္ဂအဖွဲ့ကြီးမှ အရေးယူ ဆောင်ရွက်ခွင့် ရှိသည်" ဆိုတဲ့ အချက်မျိုးကို ပဋိဥာဉ်စာတမ်းမှာ ထပ်မံသဘောတူ ဖြည့်စွက်လိုက်ရင် ကောင်းမှာပဲလို့စဉ်းစားမိပါတယ်။






Friday, May 16, 2008

နာဂစ်နှင့် ငါ၏ ဒိုင်ယာရီ

မင်းသစ်တည်
သောကြာနေ့၊ မေလ 16 2008 14:02 - မြန်မာစံတော်ချိန်




ထိုနေ့က မိုးရွာသည်။ မိုးနှင့်အတူ ပါလာသော လေကတော့ ဘီလူးသဘက် တကောင်အလား ကြောက်ဖို့ ကောင်းလှသည်။ သူ၏ နောက်ဆက်တွဲ မြင်ကွင်းများကလည်း ငိုအားထက် ရယ်အားသန်သန်နှင့် တောက်တခေါက်ခေါက် အသံများကလည်း မြိုင်ဆိုင်လှသည်။

မျက်မှောက်ခေတ် မြန်မာလူမျိုးကို အဓိပ္ပါယ် ဖွင့်ဆိုလျှင် စာရေးသူကတော့ "ဒုက္ခကို လည်စင်းခံကြသူများ" လို့သာ ကင်ပွန်း တပ်ချင်သည်။ ခိုလှုံစရာ ရင်ခွင်မဲ့လှသည်။ အမိမဲ့သား ရေနည်းငါးကဲ့သို့ပါပဲ။

အထင်သေးမိတဲ့နေ့ (၂.၅.၀၈)


ထိုနေ့ ညနေပိုင်းနှင့် ညဦးပိုင်းလောက်က ရန်ကုန်မြို့ကို ဦးတည်ပြီး မုန်တိုင်းလာတော့မယ်။ ည ၁၂ နာရီကနေ မနက် ၆ နာရီအတွင်း ဖြစ်ဖို့ များတယ်ဆိုပြီး သတိပေး သတင်းစကားများ ကြားခဲ့ရသည်။ အကုန်လုံးက တိတိပပ ထူးထူး ခြားခြား မတုန်လှုပ်မိကြ။

တကယ်တမ်း သတင်းစ၀င်လာတော့ ကားတွေတောင် လေထဲ ပါသွားတယ်။ ရှိသမျှ ပြားပြားဝပ်သွားတယ် ဆိုတဲ့ သတင်းစကားတွေလည်း ကြားရသောအခါ နည်းနည်း တုန်လှုပ်စပြုလာပြီး ဘုရားတရားကို သတိရစပြုလာသည်။

လူတွေ ၀ိုင်းဆဲရတဲ့အဖြစ်


ဤသို့ တုန်လှုပ်စိတ်ကလေးတွေ ၀င်စပြုချိန် ည ၉ နာရီကျော် ၀န်းကျင်လောက်တွင် ကားတစီးနှင့်လှည့်၍ လော်စပီကာနှင့် သတိပေးသံ ကြားရသည်။ သြော်… မုန်တိုင်းနဲ့ ပတ်သက်ပြီး လူတွေ ဘယ်လို နေထိုင်ရမယ်။ ဘာတွေ ကြိုတင် စီမံရမယ်၊ ဆိုတာတွေ သတိပေးနေတာပဲဆိုပြီး အားတက်ကာ နားစွင့်မိကြသည်။ တကယ်တန်းတွင် ထိုသို့ မဟုတ်ခဲ့ "ဆန္ဒခံယူပွဲတွင် မဲပေးနိုင်သူများ စာရင်းအား ရ.ယ.က ရုံးတွင် ကပ်ထားကြောင်း၊ စာရင်းတွင် မပါဝင်သေးသူများ ရှိပါက လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း" ကြေငြာသွားခဲ့ခြင်း ဖြစ်သည်။ မုန်တိုင်းအား ကြောက်လန့်စိတ်နှင့် အိမ်အတွင်းပိုင်းတွင် အကုန် စုရုံးနေကြသော မိသားစုဝင်များ အားလုံး တိုင်ပင်မထားဘဲ တခဲနက် ၀ိုင်းဝန်း ဒေါသထွက်မိသည်။

တကယ်က မုန်တိုင်း တိုက်ပြီးသွားပါက ထိုကြော်ငြာသင်ပုန်းအား ဘယ်အရပ်တွင် သွားရောက်ကောက်ယူ ကြည့်ရှု့မည် ကိုပါ ကြေငြာသွားသင့်သည်။ ဤသို့ ဤပုံ အမြှော်အမြင် ကြီးကြသူများပါ။

နာဂစ်လာပြီ


တနေ့လုံးနီးပါး ရွာနေသောမိုးက ည ၁၀ နာရီခွဲလောက်တွင် ပိုစိပ်လာသည်။ လေသံ ခပ်ပြင်းပြင်းပါ ပါလာသည်။ သိပ်တော့ မဆိုးဝါးလောက်ပါဟု ထင်နေကြတုန်းပါ။ ည ၁၂း၃၀ နာရီလောက်ရောက်တော့ သူ့ "ဇ"က မသေးကြောင်း သဘောပေါက်စ ပြုလာကြသည်။ အိမ်အနီးဝန်းကျင်မှ သွပ်မိုးသံများကလည်း ဟာမိုနီ လိုက်ဆိုနေကြပြီ။ အိမ်တွေထဲ မိုးပက်ထားတာကလည်း အတော် စိုရွှဲနေကြပြီ။

နံနက် ၃း၃၀ နာရီ လောက်ကျတော့ နာဂစ် ဘာကောင်လည်းဆိုတာ သဘောပေါက်ကြပြီ။ သွပ်ခေါင်မိုးသံ တွေလည်း ဟာမိုနီဘ၀မှ အဆိုတော်တွေ ဖြစ်လာကြပြီး ရင်ခေါင်းကွဲ၊ နှလုံးပြုတ်မတတ် အော်နေကြပြီ။

နံနက်အာရုဏ်တက် နဲ့ ၈း၀၀ နာရီလောက် ကြားမှာတော့ နာဂစ်ဟာ သူ့ဦးခေါင်းပိုင်း ရုန်းထွက်ပြီး လွတ်မြောက်လာတာကို ၀မ်းသာအားရနဲ့ ကျန်ရှိနေသေးတဲ့ အမြီးပိုင်းနဲ့ အားကုန်ရုန်းကာ ရိုက်လှဲပစ်နေပြီ။ လေသံ တွေဟာ ဆူလွန်းလို့ အနီးအနားက အပင်ကြီးတွေ၊ အပင်လေးတွေ လဲပြိုကျသံတောင် မကြားလိုက်ရ။

စာရေးသူကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မုန်တိုင်းစတိုက်ကတည်းက မျက်စိသာ တွင်တွင်မှိတ်ပြီး တတ်သမျှ မှတ်သမျှ ဘုရားစာတွေသာ non-stop ရွတ်ဆိုတော့သည်။ ကိုယ့်အမြင်အာရုံမှာ သွေးလန့်ဖွယ် မြင်ကွင်းတွေကို မမြင်ရတော့ အနည်းနဲ့ အများ စိတ်တည်ငြိမ်မှု ရရှိအောင် လုပ်ထားနိုင်ခဲ့သည် ဟုတော့ ထင်သည်။ အပြင်ထွက်ပြီး ဘာမှ မလုပ်ကိုင်နိုင်တဲ့ အခြေအနေမှာတော့ ဖြစ်သမျှကို လျစ်လျှူရှုကာ မျက်လုံးမှိတ်ပြီး ကိုယ့်အသက်လေး ဘယ်တော့ ပါသွားမလဲဆိုပြီး သတိထားနေရုံကလွဲ၍ ဘာမျှမတတ်နိုင်ပါ။ ဒါဟာ သဘာဝဘေးဒဏ်၊ ကိုယ်နဲ့ လူများ ကျောမွဲများ ခါးကော့အောင် ခံကြရတော့မည့်ဒဏ်။

နာဂစ် ချန်ခဲ့သည့် မောဘွယ်ရာများ


နာဂစ်သည် သူ့အသံပြဲကြီးနဲ့ ချိန်းခြောက်နေသော်လည်း သူ့ကို လုံးလုံး ဂရုမစိုက်သည့် ခေတ်ပျက် တောကြောင်များကလည်း "ဝေလီဝေလင်း" အချိန်မှာတောင် သွပ်ပြားကောက် ထွက်နေကြတာကိုလည်း မြင်ရသည်။ သူတို့အဖို့တော့ ကိုယ့်အသက်ထက် ငွေတွင်းတွေ ကျလာပြီဟုများ ထင်နေကြရော့သလားမသိ။

နည်းနည်း လင်းလင်းချင်းချင်း ရှိလာတဲ့ အချိန်ကြတော့ လူသံတွေ ကြားလာရသည်။ အိမ်ထဲမှာ ဆက်လက် ဘုရား တနေလို့မရတော့။ လမ်းမပေါ်ထွက်ပြီး အနီးအနားဝန်းကျင် သတင်းမေးစမ်း အခြေအနေ ကြည့်ထွက်ရသည်။ မြင်ကွင်းကတော့ အသေးစိတ် ရေးပြချင်စရာ မရှိ၊ သက်တမ်းရင့် အပင်ကြီး၊ အပင်ငယ်အားလုံး မြေပြင်ပေါ်တွင် ထက်ပိုင်း ကျိုး၊ အမြစ်က ပြုတ်ထွက်ကာ တုံးလုံးလဲကုန်ကြပြီ။ ယိုင်ပြီးသား အိမ်တွေအဆင့် ရောက်ကုန်သည်။ အိမ်တော်တော် များများတွင် ခေါင်မိုးများ မရှိတော့။ ဒီမြင်ကွင်းတွေ ကြားမှပင် တွေးမိတာတခုကတော့ "သြော်… ငါတို့ နိုင်ငံတော် လူကြီးများ ဖြစ်စေချင်နေသော ဆန္ဒတစ်ခုတော့ ပြည့်သွားပြီ" လို့။ ဘာဖြစ်လို့လည်းဆိုတော့ တပ်ထားသော ၈ ပေ စလောင်းတွေဟာ မြေကြီးပေါ် ရောက်တဲ့ဟာကရောက်၊ ခေါင်မိုးပေါ်တွေမှုာပဲ ခေါက်ရိုးကျိုး တွဲလဲကျကာ၊ တိုက်ခေါင်မိုး တွေပေါ်မှာ စက္ကူစွန် ငြိသလို ကျေနေကြရှာလေပြီ။

လူလေး စုစုရုံးရုံး ရှိလာတဲ့အခါကျတော့ ရှိတဲ့ဓါးမ ကိုယ်စီဆွဲ၊ ရဲဒင်း၊ ပုဆိန်တွေဆွဲလို့ ကိုယ့်အိမ်ထက် လမ်းမှာ ပိတ်နေသမျှ အပင်တွေ ဓါတ်တိုင်တွေကို ရှင်းလင်း ဖယ်ရှားပစ်ကြသည်။ အလုပ်လုပ်ရင်း ပြောမိကြတဲ့ အကြောင်းအရာ ကတော့ နာဂစ်ရယ် လုပ်ရက်ပါပေ့ပေါ့။ ဘယ်သူမျှ ဒီလောက် ဖြစ်မယ် ထင်မထားကြပါ။ ဘယ်သူမှလည်း မကြုံဘူးကြတော့ ဘာမှ ကြိုတင် မစီမံနိုင်ခဲ့သလို ဒီလောက်အထိ ဖြစ်မယ်မှန်းသိရင် စလောင်းကလေး ဖြုတ်ထားပါရဲ့၊ အမိုးလေးကို သံတွေနဲ့ ပြန်ရိုက်ထားပါရဲ့နဲ့ ပြောကြဆိုကြရင်းနဲ့ ညဘက်ကကြားခဲ့ရတဲ့ လော်စပီကာသံ ကိုလည်း သတိတရနဲ့ ပြန်လည် ဆဲရေးမိကြတယ်။

ဒီအချိန်မှာတော့ အစိမ်းရောင်ဝတ်တွေကော၊ စွမ်းအားရှင်ကြီးတွေကော ဘယ်ဆီဘယ်ဝယ် ပျောက်နေတယ် မသိတော့ပါဘူး။

မြန်မာလူမျိုးများပါပဲ….။ ဒုက္ခတွေကြားထဲက ဘယ်သူ့ကိုမှလည်း မတမ်းတ၊ (တမ်းတလည်း လာမှာမှ မဟုတ်တာ) ရယ်ကာမောကာနဲ့ ဒုက္ခကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှင်းကြရတာပေါ့။

၃.၅.၀၈ စနေနေ့ နေ့ခင်းပိုင်းလောက် ရောက်တော့ နာဂစ် လုံးဝမရှိတော့သလောက် ဖြစ်သွားပါပြီ။ လူတွေမှာ ဆန်အိတ် ၀ယ်သူဝယ်၊ မီးသွေးအိတ် ၀ယ်သူဝယ်၊ ခေါက်ဆွဲခြောက်ထုပ် ၀ယ်သူဝယ်နဲ့ ဗရုတ်ဗရက်တွေ ဖြစ်ကုန်ကြတယ်။ ဈေးသည်တွေလည်း ဆက်သွယ်ရေး ကိရိယာတွေသာ ပြတ်တောက်သွားပေမယ့် ဈေးတက်ရာမှာတော့ လက်ညီကာ မြိုင်လှသည်။ ခေါက်ဆွဲခြောက်တထုပ် ၃၀၀၊ ဘဲဥတလုံး ၃၀၀ ဖြစ်ကုန်သည်။ ထိုစနေလည်း သစ်ပင်ခုတ်၊ အမိုးဖာဖြင့် ကုန်ဆုံးကြရသည်။


စစ်အစိုးရ၊ မြန်မာပြည်၊ နာဂစ် လေပြင်းမုန်တိုင်းနှင့် ကုလသမဂ္ဂ

စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 10:37 - မြန်မာစံတော်ချိန်

နာဂစ် လေပြင်းမုန်တိုင်းကြီးကတော့ ရာစုနှစ်ဝက်လောက် စိတ်၏ ဆင်းရဲခြင်း ကိုယ်၏ ဆင်းရဲခြင်း အပြင်းအထန် ခံခဲ့ကြရ ရှာသူတွေကိုမှ ရွေးပြီးနှိပ်စက် ဖျက်ဆီးသွားခဲ့ ပါပြီ။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့က အထူးသဖြင့် မရှိဆင်းရဲသား ပြည်သူတွေ သေကြေ ပျက်ဆီးကြ၊ ဒါဏ်ရာရကြ၊ ငတ်ပြတ်ကြ၊ နေစရာ၊ စားစရာ၊ ၀တ်စရာမဲ့ကြ မြင်လိုက် ကြားလိုက်ရတာတွေဟာ ကြေကွဲ ၀မ်းနည်းစရာ ကောင်းလှပါတယ်။ သဘာဝ ဘေးအန္တရာယ်ဖြစ်လို့ ဘယ်သူ့ကိုမှတော့ အပြစ်တင်လို့ မဖြစ်ပါဘူး။ ဒါပေမယ့် ရက်ပိုင်းနဲ့ ချီပြီး ကြိုတင် သတိပေးထားနိုင်ပါရဲ့နဲ့ မှားယွင်းတဲ့ ခန့်မှန်း သတိပေးချက်ကလေး ကိုပဲ ထုတ်လွှတ်ပေးခဲ့တဲ့ အစိုးရရဲ့ တာဝန်မဲ့မှု လူထုကို ဥပေက္ခာပြုမှုကတော့ ဘယ်တော့မှ ခွင့်လွှတ်ချင်စရာ မရှိပါဘူး။ ဒါဟာ စစ်အစိုးရကို အမြဲတန်း အဆိုးမြင်စိတ်နဲ့ ကြည့်ပြီး အပြစ်တင်တာ မဟုတ်ပါဘူး။ အစိုးရ သိပ်လုပ်ချင်နေတဲ့ သူတွေက အစိုးရတာဝန်ယူဖို့ အရည်အချင်းမရှိတာ စီမံခန့်ခွဲမှု အုပ်ချုပ်မှု မတတ်တာကိုတော့ ပြောစရာရှိရင် ပြောရမှာပါပဲ။ ပြည်သူအပေါ် စေတနာကင်းမဲ့တာ ရန်သူလို သဘောထား တာတွေကတော့ အများမြင်သာ ထင်ရှားဖြစ်လို့ ပြောနေစရာတောင် မလိုတော့ပါဘူး။

နောက်တခု ပြောရမှာကတော့ ဒီလောက်ပြင်းပြင်းထန်ထန် ဆိုးဆိုးဝါးဝါးကြီး သေကြေ ပျက်စီးဆုံးရှုံးသွားတာကို လူသားချင်း သနားထောက်ထားစိတ်နဲ့ နိုင်ငံတကာက အကူအညီ အထောက်အပံ့ အနေနဲ့ စားစရာ၊ သောက်စရာ၊ ဆေးဝါး၊ ၀တ်စရာ၊ နေထိုင်စရာ အစစ၀ိုင်းပြီး ပံ့ပိုးကူညီ ပေးပို့ခဲ့ကြတာ တွေဟာ အလွန်ဝမ်းမြောက် ပီတိဖြစ်စရာပါ။ လေယာဉ်ကြီးတွေ စီးလုံးပြည့် သဘောင်္တွေ၊ ကားတွေ စီးလုံးပြည့်နဲ့ ချက်ခြင်းစေလွှတ် အကူအညီပေးကြ ပေးနေဆဲ ဖြစ်ပါတယ်။ စားသောက်စရာနဲ့ ၀တ်စရာ နေစရာတွေတင် မဟုတ်ပါဘူး။ ဒီလိုမျိုး သဘာဝ ဘေးအန္တရာယ်မျိုးတွေမှာ ဘယ် လို ကယ်တင်စောင့်ရှောက် ကူညီရမယ်ဆိုတာကို စနစ်တကျ သင်ကြား လေ့ကျင့်ပေးထားတဲ့ ကယ်ဆယ်ရေးလုပ်သားတွေကိုပါ အဖွဲ့လိုက် အုပ်စုလိုက် စေလွှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအကူအညီ အထောက်အပံ့ ပစ္စည်းတွေနဲ့ ကျွမ်းကျင် ကယ်ဆယ်ရေးလုပ်သားတွေကို စစ်အစိုးရက ပြည်ဝင်ဗီဇာ မပေးဘဲဆိုင်းငံ့ထားတဲ့ လုပ်ရပ်ဟာ ကမ်းကုန်အောင် လူမဆန်တဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်လို့ မပြောရင် တခြားစကားလုံး ရွေးစရာ မရှိတော့ပါဘူး။ သူတို့ကိုယ်တိုင် အဲဒီမုန်တိုင်းဒဏ်သင့် ခံခဲ့ရတဲ့ တိုင်း ၃ တိုင်းနဲ့ ပြည်နယ် ၂ ခုကို အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး ဖြစ်ပေမယ့် အရေးပေါ် အခြေအနေဆိုတာကို အသေအချာမှ နားလည်ရဲ့လား နားလည်ရက်နဲ့ နားမလည်ချင် ယောင်ဆောင်တာပဲလား။ ဟန့်တား ပိတ်ပင်ဖို့ထားလို့ သူတို့ ကိုယ်တိုင် မုန်တိုင်းဒဏ်သင့် ခံခဲ့ရတဲ့နေရာတွေကို ယာဉ်ရထား စီစဉ်ပြီး အမြန်ဆုံးရောက်အောင် ပို့ဆောင်ပေး သင့်တာပါ။ စက္ကန့်မိနစ်နဲ့အမျှ အရေးကြီးနေတဲ့နေရာ မီးနီရဲနေတဲ့ နေရာတွေ တစ်စက္ကန့် တစ်မိနစ် နောက်ကျခဲ့ရင် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေ ကလေးငယ်ပေါင်းများစွာ သေကြေ ပျက်စီးနိုင်တဲ့ အခြေအနေဆိုတာ ကိုခေါင်းထဲမှာ အာဏာလောဘ၊ ဒေါသ၊ အာဃာတတွေပဲ ရှိတဲ့ ကျနော်တို့တိုင်းပြည်က ဗိုလ်ချုပ်တွေ မသိကြဘူး ထင်ပါတယ်။ ဒါမှမဟုတ် သိရဲ့နဲ့ ယုတ်မာမိုက်ရိုင်းတာပဲ ဖြစ်ပါလိမ့်မယ်။

စစ်ရာဇ၀တ်မှုတွေ အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီးလို့ လူမှုရေးပစ်မှုကြီးကို ထပ်ပြီး ကျူးလွန်ပြခဲ့ပြန်ပါပြီ။ ကမ္ဘာ့သံတမန်ကြီးတွေ ကိုယ်တိုင်က ဒီလိုအခြေအနေမျိုးမှာ အခုလို တုန့်ပြန်ဆောင်ရွက်တာဟာ အလွန်အံသြစရာ ကောင်းတယ်လို့ ပြောကြားခဲ့ရပါတယ်။ စစ်အစိုးရရဲ့ ကမ်းအကုန်ဆုံး လူမဆန်ဆုံး လုပ်ရပ်လို့ပဲ ပြောရမှာပါပဲ။ UK အခြေစိုက် Oxfam ရဲ့ အရှေ့အာရှ ဒါရိုက်တာဖြစ်သူ Sarah Ireland ကတော့ "တကယ့်အန္တရာယ် အစစ်အမှန် ကြီးမားတဲ့ လူထုကပ်ဘေးကြီးတခု မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတော့မှာ ကို ကျမတို့ စိုးရိမ်နေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ အခုလို နိုင်ငံတကာက ပေးပို့ကူညီ ထောက်ပံ့နေတဲ့ အကူအညီတွေ၊ ကျွမ်းကျင်သူ ကယ်ဆယ်ရေးလုပ်သားတွေကို အနှောက်အယှက် အဟန့်အတားလုပ်နေတဲ့လုပ်ရပ်တွေကို ချက်ခြင်းရက်ဆိုင်းပြီး ချက်ခြင်းရောက်ရှိ ဖြန့်ဝေကယ်ဆယ်ရေး လုပ်ငန်းတွေ မစတင်နိုင်ဘူး ဆိုရင်တော့ မြန်မာပြည်က မုန်တိုင်းဒဏ်ခံ ဒုက္ခသည်တွေရဲ့ ကံကြမ္မာဟာ မတွေးဝံ့စရာပါပဲ။ "မုန်တိုင်းဒဏ်ကို အပြင်းထန်ဆုံး ခံခဲ့ရတဲ့ နေရာဒေသတွေကို ကြီးမားတဲ့ အကူအညီ အထောက်အပံ့တွေ ကျွမ်းကျင်သူတွေနဲ့ ထောက်ပံ့ပစ္စည်းတွေ အမြန်ဆုံး ၀င်ရောက်နိုင်အောင် မလုပ်နိုင်ဘူး ဆိုရင်တော့ စဉ်းစားတွေးတောလို့တောင် မရနိုင်တဲ့ အဆင့်အထိ ၀မ်းနည်းကြေကွဲစရာ အဖြစ်တခု ဖြစ်လာပါတော့မယ်" လို့ အမေရိကန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က Greg Beck က ပြောကြားခဲ့ပါတယ်။

ကိုယ့်တိုင်းသူပြည်သားတွေ ဒီအဆင့်အထိ ဆိုးဆိုးဝါးဝါး သေကြေ ပျက်စီးဆုံးရှုံးပြီး အတိဒုက္ခရောက်နေကြတာကို သူတို့ အာဏာတည်မြဲရေးအတွက် လုပ်တဲ့ဆန္ဒခံယူပွဲ အနှောက်အယှက်ဖြစ်မှာစိုးလို့ တိုင်းပြည်ထဲကို နိုင်ငံခြားသားတွေ ၀င်ရောက်ပြီး ဆူပူအောင် သွေးထိုးလှုံ့ဆော်ပေးမှာစိုးလို့ ဆိုပြီး အာဏာမထိပါးရေး အဓိကထား ပြည်သူတွေကို မျက်နှာလွှဲရက်တဲ့ အစိုးရမျိုး ဒီကနေ့ခေတ် ဒီကမ္ဘာမှာ ရှိနေသေးတယ်ဆိုတာ အံ့သြစရာပါပဲ။ ကျနော်တို့ ပြည်သူလူထု အနေနဲ့ကလည်း ဒီလိုအစိုးရမျိုးကို ဆက်ပြီး လက်သင့်မခံဘဲ အမြစ်ပြတ်အောင် ဆန့်ကျင်အုံကြွကြဖို့ ကြိုးစားသင့်နေပါပြီ။ အတိုင်းအတာတခု အထိလည်း ဆန့်ကျင်အံတုခဲ့ကြ ပြီးပါပြီ။ ဒါပေမယ့် ပြည်သူလူထုတရပ်လုံး အတိုက်အခံ အင်အားစုအားလုံး တသားတည်း မညီ ညွတ် မပူးပေါင်းနိုင်သေးတဲ့အတွက် အုံကြွဆန့်ကျင်မှုတွေဟာ လက်နက်အင်အားကောင်းတဲ့ စစ်အစိုးရရဲ့ နှိမ်နင်းဖြိုခွင်းမှုကို ခံခဲ့ကြရတာပါ။ ကျနော်တို့တွေ ညီညွတ်ကြဖို့ လိုပါတယ်။ ကိုယ်ရင်ဆိုင်နေရတဲ့ စစ်အစိုးရဆိုတဲ့ ရန်သူဟာ ဘယ်လိုအမျိုးအစားလဲဆိုတာ မှန်မှန်ကန်ကန် အကဲဖြတ်တတ်ဖို့၊ ရန်ငါ စည်းပြတ်ကြဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။

နောက်တခု ပြောချင်တာကတော့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍပါပဲ။ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့ကြီး တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်တွေနဲ့ ပဋိဥာဉ်စာတမ်း တွေမှာ ဘယ်လို သတ်မှတ်ပြဌာန်း လက်မှတ်ရေးထိုးခဲ့ကြတယ် ဆိုတာကို ဒီကနေ့ခေတ် ကမ္ဘာ့ပြည်သူတွေက သိနှင့်ခဲ့ကြပါပြီ။ ဒါပေမယ့် တိုင်းပြည်တခု နေရာဒေသတခုမှာ လူ့အသက် ပေါင်းများစွာ သေကြေပျက်စီး လူသားသိန်းပေါင်းများစွာ ဒုက္ခရောက်နေရတဲ့ အရေးပေါ် အခြေအနေတရပ်မှာ အနိုင်နိုင်ငံက ကူညီထောက်ပံ့မှုတွေ၊ အစားအစာနဲ့ ဆေးဝါး ပစ္စည်းတွေ အရေးကြီးတဲ့ ကျွမ်းကျင်သူ ကယ်ဆယ်ရေးတွေ လုပ်သားတွေကို အမျိုးမျိုး အခက်အခဲ ကြုံအောင် ဟန့်တားနှောက်ယှက်နေတဲ့၊ လက်ခံလိုက်ပြန်တော့လည်း တကယ်ကယ်ဆယ်ရေးလုပ်မယ့် ကျွမ်းကျင်သူ ကယ်ဆယ်ရေး လုပ်သားတွေကို လက်မခံဘဲ ကယ်ဆယ်ရေးပစ္စည်းတွေကိုပဲ လက်ခံ၊ နိုင်ငံတကာက အဆင့်မြင့် ကယ်ဆယ်ရေးပစ္စည်းတွေ ၊ စားစရာတွေကို တကယ် လေမုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို ဝေမပေးဘဲ၊ ပြည်တွင်းက အညံ့စားပစ္စည်းတွေ၊ အောက်ဆန်တွေ စားစရာတွေကိုပဲ ဝေပေး၊ များပြားလှတဲ့ ထောက်ပံ့ပစ္စည်းတွေကို သူတို့ဂိုဒေါင်တွေမှာ သိမ်းဆည်းလိုက်ပြီး မဖြစ်စလောက်ပစ္စည်းတွေ လောက်ပဲပေး ကမ်းထောက်ပံ့၊ မီးစက်တွေ၊ ဆက်သွယ်ရေး စကားပြောစက်တွေ၊ အဆင့်မြင့် ဘက်ထရီအိုးတွေလို ပစ္စည်းတွေကို လုံးဝထုတ်မပေးဘဲ အစိုးရအလိုတော်ရိ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကြံ့ဖွံ့လို၊ စွမ်းအားရှင်လို အဖွဲ့အစည်းက လူတွေကိုပဲ မက်လုံးပေး ပေးဝေပြီး အယုတ်မာအပက်စက်ဆုံး လူမဆန်ဆုံး လုပ်ရပ်တွေကို လုပ်နေတဲ့ အစိုးရတရပ် (စစ်အစိုးရဟာ တရားဝင် အစိုးရ မဟုတ်ပါဘူး) ကို ကုလသမဂ္ဂအဖွဲ့ကြီးက ဘာမှဝင်ရောက် မစွက်ဖက်နိုင်အောင် ဖြစ်နေပြီလား။ တခြား အပြည်ပြည်ဆိုင်ရာ အကူအညီ ပေးတာတွေထားလို့ ကုလသမဂ္ဂရဲ့ ကူညီထောက်ပံ့ရေး လေယာဉ်တွေကိုတောင် ဟန့်တားနှောင့်ယှက်နေတဲ့ အစိုးရတရပ်ကိုတောင် သြဇာအာဏာ မသုံးနိုင်အောင် အင်အားအာဏာ မရှိတော့ဘူးလားလို့ မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်လာပြီလို့ ပြောရတော့မှာပဲ။ အဲဒီလို ကိုယ့်အာဏာ တည်မြဲရေးကလွဲလို့ ပြည်သူလူထု အကျိုးစီးပွားကို တစက်ကလေးမှ စေတနာမရှိတဲ့ လူမဆန်အောင် ရက်စက်ယုတ်မာတဲ့ အစိုးရတရပ်ကို ကုလသမဂ္ဂက ဆက်ပြီး အသိအမှတ်ပြု နေရာပေးထားတာ၊ မပြောရဲမဆိုရဲ မဟန့်တားရဲ ဖြစ်နေတာဟာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးအတွက် ဂုဏ်သိက္ခာ ကျစရာတခုလို့များ ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ကြီး နဲ့ လုံခြုံရေးကောင်စီကြီးက မယူဆကြဘူးလားလို့ မေးရမလို ဖြစ်နေပါပြီ။ ရပ်ကွက်ထဲက လူဆိုး လူမိုက်တယောက်ကို ရဲနဲ့ဘယ်ရပ်ကွက် လူကြီးကမှ မပြောရဲ မဟန့်တားရဲဘဲ အဲဒီလူမိုက်က အရပ်ကို နှိပ်စက်ညှင်းပမ်း အနိုင်ကျင့် ဗိုလ်ကျနေတာကို လက်ပိုက်ကြည့်နေသလို ဖြစ်မနေပေဘူးလားလို့ မြန်မာပြည်က ပြည်သူလူထုတွေက မေးခွန်းထုတ် နေကြပါပြီ။ ဒီအတိုင်းဆိုရင် ကမ္ဘာ့ကုလသမဂ္ဂဆိုတဲ့ အဖွဲ့ကြီးကို ကျနော်တို့က ဒီလောက်ဆိုးဝါးနေတဲ့ အခြေအနေ ဖြစ်ရပ်မျိုးမှာတောင် အားကိုးခွင့်မရ ဖြစ်နေပါပြီ ။ ကုလသမဂ္ဂ အဖွဲ့ကြီးကိုယ်တိုင်က ကျနော်တို့ အကူအညီပေးပါရစေ ၀င်ခွင့်ပြုပါခင်ဗျာလို့ အသနားခံရမယ့် အခြေအနေ ဖြစ်နေပြီ ဆိုရင်တော့လည်း ကျနော်တို့ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ ကံကြမ္မာပဲလို့ သဘောထားရတော့မှာပါပဲ။ လက်လျှော့ဖို့တော့ မဟုတ်ပါဘူး။ ကျနော်တို့ ပြည်သူလူထုအနေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကြရမှာပါပဲ။ ကိုယ့်ပြဿနာ ကိုယ်ရှင်းဖို့ ညီညီညွတ်ညွတ် ကြိုးစားကြရမှာပါပဲ။ "တယောက်အားဖြင့် ယူသော်မရ၊ တသောင်းအားဖြင့် ယူသော်ရ၏" ဆိုတဲ့ ဆိုရိုးစကားအတိုင်းဆိုရင် ကျနော်တို့မှာ သန်းငါးဆယ်ကျော် အင်အားရှိပါတယ်။ ကျနော်တို့ အောင်ပွဲရရမှာပါ။

ဒါပေမယ့် နောင်အနာဂတ် ကမ္ဘာကြီးမှာ နေထိုင်နေကြတဲ့ လူသားတွေ ဆင်းရဲဒုက္ခ ကင်းဝေးပြီး ငြိမ်းငြိမ်းချမ်းချမ်း လူ့အခွင့်အရေး ဒီမိုကရေစီ အခွင့်အရေးတွေ ပြည့်ပြည့်၀၀ ခံစားနိုင်ကြရအောင် "ပြည်သူလူထုက တရားဝင် ရွေးချယ်တင်မြှောက်ထားသော အစိုးရတရပ်အား အာဏာသိမ်းယူ ဖွဲ့စည်းထားသည့် အစိုးရတရပ်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ် မပြုရ၊ ပြည်သူလူထု ရွေးချယ်တင်မြှောက်သော အစိုးရတရပ် အမြန်ဆုံးပြန်လည် ဖွဲ့စည်းနိုင်ရန် ကုလသမဂ္ဂအဖွဲ့ကြီးမှ ကြီးကြပ် ဆောင်ရွက်ပေးရမည်။ ထိုသို့ ကုလသမဂ္ဂအဖွဲ့ကြီး၏ ကြီးကြပ်ဆောင်ရွက်မှုကို လက်မခံ မလိုက်နာပါက အခြေအနေလိုအပ်မှုနှင့်အညီ ကုလသမဂ္ဂအဖွဲ့ကြီးမှ အရေးယူ ဆောင်ရွက်ခွင့် ရှိသည်" ဆိုတဲ့ အချက်မျိုးကို ပဋိဥာဉ်စာတမ်းမှာ ထပ်မံသဘောတူ ဖြည့်စွက်လိုက်ရင် ကောင်းမှာပဲလို့စဉ်းစားမိပါတယ်။

Wednesday, May 14, 2008

တရုတ်နှင့်မြန်မာ အပုံကြီးကွာ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 19:16 - မြန်မာစံတော်ချိန်

တရုတ်က သဘာဝကပ်ဘေးကို ဂရုဏာဖြင့် တုံ့ပြန်၊ မြန်မာက ပေါ့ပေါ့ဆဆ တုံ့ပြန်ခြင်းဖြင့် ရာဇဝတ်မှုကျူးလွန်

ကြောက်မက်ဘွယ် ကောင်းသော သဘာဝကပ်ဘေးကြီး ၂ ခု ရှစ်ရက်သာခြား၍ အိမ်နီးချင်းနိုင်ငံ ၂ ခုတွင် ဖြစ်ပွါးခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွါးခဲ့သော ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်း ၁ သိန်းအထိ သေဆုံး သို့မဟုတ် ဒဏ်ရာရ ရှိခဲ့ကာ စစ်အစိုးရက အရေးတကြီး အပူတပြင်း လိုအပ်နေသော နိုင်ငံခြား အကူအညီများကို ငြင်းပယ်သည့် ရာဇဝတ်မှု ကိုကျူးလွန်နေသဖြင့် နောက်ထပ် ထောင်ပေါင်းများစွာ ထပ်မံ သေဆုံးဦးမည့် အန္တရာယ် ရှိနေသည်။ နှစ်ပေါင်း ၃ဝ အတွင်း အဆိုးဝါးဆုံး ငလျင်ကြီး လှုပ်ခတ်ခဲ့သဖြင့် အနည်းဆုံး လူပေါင်း ၁၂ဝဝဝ တရုတ်ပြည်တွင် သေဆုံးခဲ့ရသည်။ ယခုအခါ ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေသည့် ငလျင်ဗဟိုချက် ကျရောက်ရာ ဝမ်ချွင် (္တနညခ့ကညေ) တမြို့တည်းပင်လျှင် သေဆုံးသူ အရေအတွက်မှာ အဆိုပါ အရေအတွက်၏ ၄ ဆအထိ ရှိနိုင်သည်။ သို့သော် တရုတ် ခေါင်းဆောင်များက ဤသဘာဝ ကပ်ဘေး အန္တရာယ်ကြီးကို စံနမူနာ ပြုလောက်သည့် စိုးရိမ်ပူပန်မှု၊ လျင်မြန် သွက်လက်မှုတို့ဖြင့် တုံ့ပြန် ဆောင်ရွက်ခဲ့ကြသည်။ ရောဂါများ ဖြစ်ပွါး ပေါ်ပေါက်ခြင်း မရှိစေရန်၊ အသက်ရှင် ကျန်ရစ်သူများကို ကယ်တင်ရန် အကြီးအကျယ် လှုံ့ဆော်၍ အမျိုးသားရေး လုပ်ငန်းကြီးတရပ် အနေဖြင့် တုံ့ပြန် ဆောင်ရွက်ခဲ့သည်။ ၂ နိုင်ငံကြား ကွာခြားချက် မှာ ဒီထက် ပို၍ ဆွတ်ပျံ့ကြေကွဲဘွယ် မရှိ။

လျှို့ဝှက်လွန်းသည့် အကျင့်ဟောင်းများ ရှိနေလင့်ကစား တရုတ်ပြည်၏ ယခု ပွင့်လင်းမှုနှင့် စိုးရိမ် ပူပန်မှုမှာ အားတက်သရော ရှိလှသည်။ ဝန်ကြီးချုပ် ဝမ်ကြားပေါင်သည် ကပ်ဘေး အန္တရယ် ကျရောက်သော ဒေသသို့ ချက်ချင်း သွားရောက်၍ တမျိုးသားလုံး၏ ပူဆွေးဝမ်းနည်းမှုနှင့် စာနာမှုကို ထုတ်ဖေါ် ပြသခဲ့သည်။ အသက်မသေ လွတ်မြောက်ခဲ့သူများကို သွားရောက် တွေ့ဆုံခဲ့သည်။ အဆောက်အဦ အပြိုအပျက်များ အောက်တွင် ပိတ်မိနေကြသည့် သူများကို အမြန်ဆုံး သွားရောက် ကယ်တင်ရန် ကြိမ်ဖန်များစွာ တိုက်တွန်း ပြောကြားခဲ့သည်။ အရေးပေါ် ကယ်ဆယ်ရေး တပ်ဖွဲ့များကို ကူညီရန်နှင့် အစားအစာများ ဝေငှ ဖြန့်ဖြူးနိုင်ရန် တရုတ်တပ်ဖွဲ့ဝင် ၅ဝဝဝဝ ကို အသင့်ပြင် စေလွှတ်ခဲ့သည်။ ဆေးဝါးများ နှင့် ကယ်ဆယ်ရေး ပစ္စည်းများ ချပေးနိုင်ရန် ရဟတ်ယဉ်များ အသင့်ပြင် ထားခဲ့သည်။ အနီးအနားရှိ လေယဉ်ကွင်း အားလုံးတွင် အရပ်ဘက် သယ်ယူ ပို့ဆောင်ရေး လေယာဉ်များ ဆင်းသက်ခွင့်ကို ပိတ်ပင်၍ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် အတွက်သာ ဖွင့်ပေးထားသည်။ ပိတ်ဆို့နေသော လမ်းများ ရှင်းလင်းရေးနှင့် ပြတ်တောက်သွားသော လျှပ်စစ်မီး ပြန်လည် ရရှိရေးကို ဦးစားပေး လုပ်ဆောင်နေသည်။ သွေးလှူဒါန်းရန် မေတ္တာ ရပ်ခံချက်များ ထုတ်ပြန်၍ ရုတ်မြင်သံကြားမှလည်း ငလျင်ဘေးနှင့် ပတ်သက်သည့် သတင်းများကို မကြာခဏ ထုတ်လွှင့် ပေးနေသည်။

ဤသို့ ပွင့်လင်းမှု၊ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်မှုတို့ကို ရရှိရန် တရုတ်ပြည်သည် ၁၉၇၆ ခုနှစ်မှ စတင်၍ ခရီးရှည်ကြီးကို ချီတက် လျှောက်လှမ်းလာခဲ့ရသည်။ အဆိုပါ ၁၉၇၆ ခုနှစ်တွင် ပီကင်းမြို့ အရှေ့မြောက်ဘက် ထန်စန်းတွင် ငလျင်ကြီးလှုပ်၍ တမြို့လုံး ပျက်စီးခဲ့သည်။ အစိုးရ၏ တရားဝင် စာရင်းအရပင် လူပေါင်း ၂၄ဝဝဝဝ အသက် ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်က အရေးပေါ် ကယ်ဆယ်ရေး တပ်ဖွဲ့များ ဆိုသည်မှာ လုံးဝ အဆင်သင့်မဖြစ်။ အင်အား ၈.၃ အင်အားဖြင့် လှုပ်သွားခဲ့သော အဆိုပါ ငလျင်ကြီးအကြောင်း အသေးစိတ် အချက်အလက်များကို တတ်နိုင်သမျှ ဖုံးကွယ်ထားခဲ့သည်။ မည်သည့် နိုင်ငံရပ်ခြား ကယ်ဆယ်ရေး အဖွဲ့ကိုမျှလည်း ဝင်ရောက်ခွင့် မပြုခဲ့။ တရုတ်နိုင်ငံ တဝှမ်းတွင် ကောလဟလများ၊ နိမိတ်ဆိုးများ အကြောင်းကိုသာ ပြောဆို နေခဲ့ကြသည်။ လေးဦးဂိုဏ်း ကျဆုံးသွားခဲ့ခြင်းကြောင့် အဆိုပါ ငလျင်ကြီး ဖြစ်ပေါ်လာရသည်ဟု ပြောဆို နေခဲ့ကြသည်။

ယခုတကြိမ် တရုတ်အစိုးရ၏ သဘာဝ ကပ်ဘေးကို တုံ့ပြန်ပုံမှာမူ ပိုမို ရင့်ကျက်လာပြီး ပိုမို ထက်မြက်စူးရှ လာခဲ့သည်။ ကမ္ဘာတဝှမ်းလုံး၏ စာနာမှုကို ကျေးဇူးတင်ရှိကြောင်း ပီကင်း အစိုးရက ထုတ်ဖေါ် ပြောကြားခဲ့သည်။ အကူအညီပေးရေး ကမ်းလှမ်းချက်များကို လက်ခံခဲ့သည်။ မကြာသေးခင်က အေးစက်စက် ဆက်ဆံရေး ရှိခဲ့သည့် အိမ်နီးချင်း ဂျပန် နိုင်ငံသို့ပင် အကူအညီ ပေးပါရန် ပန်ကြား မေတ္တာရပ်ခံခဲ့သည်။ သမတဘုရှ်၏ တယ်လီဖုံး ဆက်သွယ် ပြောကြားချက်ကို တရုတ်သမတ ဟူ က လက်ခံ ပြောကြားပြီး ငလျင်အရေး သာမက တိဗက်အရေးကိုပါ ဆွေးနွေးခဲ့သည်။ “ဓမ္မဓိဌာန်ကျ၍ မျှတသော သဘောထား” တရပ်ကို မျှော်လင့်ကြောင်း မယုတ်မလွန် ထုတ်ဖေါ် ပြောကြားသွားခဲ့သည်။ နိုင်ငံခြားသား ကယ်ဆယ်ရေး လုပ်သားများ မလိုအပ်ပါဟု ပြောခြင်းသည်လည်း ကာကွယ်ရေးအရ လျှို့ဝှက်လို၍ မဟုတ်ဘဲ တရုတ်တွင် ထိုလုပ်ငန်းတွင် အမှန်တကယ် လူအင်အားနှင့် ကျွမ်းကျင်မှုများ ရှိနေ၍ ပြောကြားခြင်းသာ ဖြစ်သည်။

ယင်းနှင့် ဆန့်ကျင်စွာပင် မြန်မာနိုင်ငံ အနေဖြင့် မုန်တိုင်းဒဏ် ခံခဲ့ရပြီး အန္တရာယ် ကျရောက်နေသည့် အကူအညီ အရေးတကြီး လိုအပ်နေသည့် လူပေါင်း တသန်းခွဲကို ကူညီ ကယ်ဆယ်ရန် အတွေ့အကြုံလည်း မရှိ၊ လုပ်ကိုင်နိုင်သည့် အရည်အချင်းလည်း မရှိ။ မုန်တိုင်း ဝင်ရောက် ဖျက်ဆီးအပြီး ၁ဝ ရက်ကြာသည်အထိ နိုင်ငံတကာ အကူနှင့် ကျွမ်းကျင်မှုကို လက်ခံရန် စစ်အစိုးရက ငြင်းပယ်နေခြင်းကို နိုင်ငံတကာ ကယ်ဆယ်ရေး အေဂျင်စီများနှင့် ကမ္ဘာ့ ကုလသမဂ္ဂ တို့ကပါ ကြာလေ စိတ်မရှည်လေ မချင့်မရဲဖြစ်လေ ဖြစ်လာနေသည်။ ဤသို့ဖြင့် လက်တွေ့ ဖြစ်နိုင်ခြေနည်းသော်လည်း အသေအချာ ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ထားသည့် လက်နက်ကိုင် တပ်များဖြင့် ဝင်ရောက် စွက်ဖက်၍ အကူအညီများ ဝင်ပေးရေး အဆို ပြုချက်များ ထွက်ပေါ်လာစေသည်။ လူအများ၏ အသက်ရှင် ရပ်တည်ရေးထက် အစိုးရ တရပ်၏ လုံခြုံရေးကို အထက်တွင် ထား၍ စဉ်းစားသည့်၊ အဖြစ်မှန်နှင့် နီးစပ်လှသည့် စိတ်ဓါတ်ကို နားလည်ရန်မှာ ခက်ခဲလှသည်။ စစ်အစိုးရကမူ ဆိုင်ကလုံး မုန်တိုင်းကို နိမိတ်ဆိုး တရပ်အဖြစ် ယခုတိုင် ရှုမြင်နေဆဲ ဖြစ်ပြီး နိုင်ငံ၏ မြို့တော်ကို ကုန်းတွင်းပိုင်းဒေသသို့ ရွှေ့ပြောင်းလိုက်စဉ်ကလည်း ပြင်ပကမ္ဘာက မည်သို့ပင် သရော်လှောင်ပြောင်စေ မည်သို့မျှ ဂရုထားခဲ့သည် မဟုတ်။ အမှန်စင်စစ် တရုတ်နိုင်ငံကသာလျှင် ကြမ်းတမ်း ခက်ခဲလှသည့် အမှန်တရားကို မြန်မာနိုင်ငံအား ပြောပြနိုင်သူ ဖြစ်သည်။ ဤသို့ လုပ်ဖို့လည်း လိုနေပြီ။ သူ့နိုင်ငံသား ကပ်ဘေး ဒုက္ခသည်များကို ကယ်တင်ရန် ပီကင်းအစိုးရက သူ၏ ခေါင်းဆောင်မှုနှင့် သိမြင် နားလည်မှုကို ပြသခဲ့ပြီး ဖြစ်သည်။ အသိပညာ နုံနဲ့သော ထိုမြန်မာနိုင်ငံမှ ဒုက္ခ ခံစားနေရသူများကို ကယ်တင်ရန် ဗမာအစိုးရအား ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲ ပြောဆိုပေးခြင်းက အမှန်ပင် အထောက်အကူ ဖြစ်စေပါလိမ့်မည်။

(တိုင်းမ် မဂ္ဂဇင်းပါ China and Burma: a seismic shift ကို ဘာသာပြန်ဆိုပါသည်။)


အရိုင်းအစိုင်း နိုင်ငံတော်နှင့် လူသားဆန်မှု ပြဿနာ

အောင်သူငြိမ်း
အင်္ဂါနေ့၊ မေလ 13 2008 18:13 - မြန်မာစံတော်ချိန်

စစ်အစိုးရက မြန်မာတို့၏ အမျိုးသား ယဉ်ကျေးမှု မြင့်လှပါသည်ဟု ၀ါကြွားနေသော်လည်း နိုင်ငံတကာ အလယ်တွင် ကြုံရသမျှ မျက်နှာမပြရဲစရာ အခြေအနေချည်း ဖြစ်နေရသည်။ လွန်ခဲ့သောနှစ် စက်တင်ဘာလက သံဃာများ ဦးဆောင်သည့် မေတ္တာပို့ လှုပ်ရှားမှု ဖြစ်လာခဲ့သည်။ စစ်အစိုးရက အကြမ်းဖက် တုံ့ပြန်မှုများ ရက်ရက် စက်စက် ကျူးလွန်ခဲ့ပြီး သံဃာများကို သတ်ဖြတ်နေသည်မှာ နိုင်ငံတကာ သတင်းမီဒီယာ များတွင် ဟိုးလေးတကျော် မြင်မကောင်း ရှုမကောင်း ဖြစ်လာခဲ့ရသည်။ နိုင်ငံခြားသား မိတ်ဆွေ အများအပြားက မေးခွန်းထုတ်ကြသည်။

"ဘာဖြစ်လို့ သံဃာတွေကို သတ်ဖြတ်ကြရသနည်း" အဖြေ မရှိပါ။ ဗုဒ္ဓဘာသာကို လူများစု ကိုးကွယ်သည့် နိုင်ငံတခုတွင် ဤသို့ သံဃာများကို သတ်ဖြတ်နေသည်ကို နိုင်ငံခြားသားတို့ နားမလည်ကြသလို၊ မြန်မာ့ ယဉ်ကျေးမှုကိုပါ မေးခွန်းထုတ်လာခဲ့သည်။ ယခုတကြိမ်တွင်လည်း နာဂစ်မုန်တိုင်း ဘေးဒဏ်သင့် ပြည်သူများ ဒုက္ခရောက် နေကြပုံကို နိုင်ငံတကာ သတင်းမီဒီယာများတွင် အကျယ်အပြန့် ဖော်ပြလာကြပြန်သည်။ ၎င်းသတင်းများနှင့် အတူ စစ်အစိုးရ၏ တုံ့ပြန်ပုံ ညံ့ဖျင်းမှု၊ နိုင်ငံတကာ အကူအညီ ပေးမည့် အဖွဲ့များကို ပြန်၍ မောင်းနှင်ထုတ်လိုက်သည့် ကိစ္စ၊ နိုင်ငံတကာ အကူအညီများကို ဟန့်တားထားသည့် ကိစ္စ၊ နိုင်ငံရပ်ခြား အကူအညီပေးရေး အဖွဲ့များကို ကြန့်ကြာနေစေရန် ဗီဇာမပေးသည့် ကိစ္စ၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင်က သြချ ညည်းညူနေရသည့် ကိစ္စများကို မြင်တွေ့နေရသည်။ သူတို့ နားမလည်ကြတော့ပါ။ ထို့မျှမက အလောင်းများကို ကောင်းစွာ သဂြိုင်္ဟ်ခြင်း မရှိဘဲ မြစ်အတွင်း မျှောချနေသည်ကိုလည်း စီအဲန်အဲန် ရုပ်မြင်သံကြားတွင် တွေ့ခဲ့ကြရသည်။ မြန်မာနိုင်ငံ၏ အခြေအနေက ယဉ်ကျေးသော လူ့အသိုင်းအ၀ိုင်း အလယ်တွင် ပို၍ မျက်နှာမပြရဲစရာ ဖြစ်လာရသည်။ အရိုင်းအစိုင်းတို့၏ နိုင်ငံတခုလို ဖြစ်လာရသည်။

မြန်မာနိုင်ငံနှင့် ဝေးကွာသည့် အမေရိကန် ပြည်ထောင်စု၏ သမ္မတ ဂျော့ဘုရှ်က မုန်တိုင်းသင့် ပြည်သူများအတွက် ၀မ်းနည်း စကားဆိုခဲ့သည်။ အကူအညီပေးရန် အဆင်သင့် ဖြစ်ကြောင်း ချက်ချင်း ကမ်းလှမ်းခဲ့သည်။ မြန်မာနိုင်ငံနှင့် ရှိနေသည့် သံတမန်ရေး ပြဿနာများ ခဏထား၊ လူမှုကယ်ဆယ်ရေးအတွက် ပြောလာခဲ့သည်။ မြန်မာနိုင်ငံ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဆိုသူ သန်းရွှေက ယခုတိုင် ၀မ်းနည်းပူပန်ကြောင်း တခွန်းမဟ။ ဒုက္ခရောက်နေသည့် နေရာများသို့လည်း ခြေဦးပင် မလှည့်ခဲ့ပေ။ ထို့အပြင် ယခု အကူအညီများကို ငြင်းပယ်နေခြင်း၊ ဗီဇာ တင်းကျပ်ထားခြင်းမှာလည်း အထက်က ချုပ်ကိုင် အမိန့်ပေး ဆုံးဖြတ်နေသည်မှာ သူပင် ဖြစ်သည်ဟု ယူဆရသည်။ ကုလသမဂ္ဂ၏ ကပ်ဘေးသင့် လူမှု ကယ်ဆယ်ရေး လုပ်ငန်းများ သမိုင်းတလျှောက်လုံးတွင်ပင် ပထမဦးဆုံးအကြိမ် အဆိုးရွားဆုံး အခြေအနေဟု ပြောလာကြပြီ။

ကပ်ဘေး ဒုက္ခသင့်ကြရသည့် အခြေအနေ၊ သဘာဝ ဘေးအန္တရာယ် ဆိုက်ရောက်ကြရသည့် အခြေအနေတွင် အရေးအကြီးဆုံး ဦးတည်ထားကြရမည့် ကိစ္စမှာ "လူသားများ"ပင် ဖြစ်သည်။ ဤလူသားများသည်လည်း မိမိတို့ သူငါမခြား အခြား လူသားများကဲ့သို့ပင် ဘ၀၊ မိသားစု၊ အလုပ်အကိုင်၊ မျှော်မှန်းချက်များ၊ အိပ်မက်များ၊ ပိုင်ဆိုင်မှုများ ရှိကြသူများ ဖြစ်သည်။ ထိုမျှမက ထိုသူများသည် ထိတ်လန့်ကြောက်ရွံ့ဖွယ် ဘေးဆိုးကို ဖြတ်သန်း၍ ကံကောင်းထောက်မစွာ ရှင်ကျန်ရစ် ကြသူများ ဖြစ်သည်။ ထိုသူများတွင် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဒဏ်ရာများ သာမက၊ အကုန် ဆုံးရှုံးလိုက်ကြရသည့် အတွက် စိတ်ဒဏ်ရာ အနာတရများပါ ရှိနေကြသည်။ နောက်ဆုံး သဘာဝ ကပ်ဘေးကြောင့် သေဆုံးသွားသည် ထားဦး။ ထိုသူများ သည် "လူသားများ"ပင် ဖြစ်သည်။ ကောင်းမွန်စွာ သဂြိင်္ုဟ်ခွင့် ရသင့်ကြသည်။ ထိုသူများကို မြစ်ထဲမျှောပစ်နေခြင်း၊ အစုအပြုံလိုက် မြေမြှုပ်ပစ်နေခြင်းမှာ မလုပ်သင့်သော ကိစ္စဖြစ်သည်။ ထိုမျှမက သဘာဝဘေးဆိုးကြောင့် ပျက်စီးရသည့် အခြေအနေများ ကို ဖုံးကွယ်၍ အမှောင်ချနေသည်။ သတင်းထောက်များကို ထိုနေရာများသို့ တားမြစ်ထားသည်။ နိုင်ငံခြားသား သတင်းထောက်များကို ရှာဖွေ ပိတ်ဆို့နေသည်။ နိုင်ငံရေးနှင့် ကပ်ဘေး ဒုက္ခပြဿနာကို အရောရော အထွေးထွေး စီမံနေပြန်သည်။ မခက်ပါလော။

ကျနော်က အခြေခံ အလွယ်ဆုံးကိစ္စ အချို့ကို စဉ်းစားကြည့်သည်။ မုန်တိုင်း တိုက်ခတ်ပြီး၍ ၈ ရက် ကြာသည့်တိုင်၊ ယာယီ ဒုက္ခသည်စခန်း မည်မျှ၊ ခိုလှုံနေသူ မည်မျှ ထုတ်ပြန် ကြေညာနိုင်ခြင်း မရှိသေး။ ထိုသူများ၏ အရေးပေါ် လိုအပ်ချက်များကို စာရင်းပြုစု အသိပေးနိုင်ခြင်း မရှိသေး။ အပျက်အစီး ပမာဏတန်ဖိုးကို ထုတ်ပြန် ကြေညာနိုင်ခြင်း မရှိသေး။ မည်မျှ အကူအညီလိုမည်ကို တင်ပြ ပြောဆိုပေးခြင်း မရှိသေး။ လိုအပ်သည့် ဆက်သွယ်ရေး ကိစ္စများ စီစဉ်ပေးနိုင်ခြင်း မရှိသေးပါ။ ဥပမာ- ကျနော်၏ မိဘများက ရန်ကုန်မြို့ ဆင်ဖြေဖုံး ဒဂုံမြို့သစ်တွင် နေကြသည်။ ယခုတိုင် ဖုန်းပြော၍ မရနိုင်သေး။ ဖုန်းလိုင်းများကလည်း မကောင်းပါ။ မိမိကဲ့သို့ အလားတူ ပူပန်နေသူ လူပေါင်းသိန်းနှင့် ချီ၍ ရှိနိုင်သည်။ ထိုသူများကို ဆက်သွယ်ခွင့် ရနိုင်ရေး၊ ပျောက်ဆုံးနေသူများ စာရင်းပြုစုရေး၊ အမျိုးအဆွေများ ဆက်သွယ်နိုင်သည့် ပြန်ကြားရေးဌာနများ ရှိမနေပါ။ ဥပမာ- မုန်တိုင်းဒဏ် အဆိုးဆုံးခံလိုက်ရသည့် လပွတ္တာသို့ အမျိုးတယောက်က သူ၏ ဆွေမျိုးများ အခြေအနေကို မေးမြန်း သိလိုသည်။ ကူညီလိုသည်။ ဆက်သွယ်ရမည့် နေရာမရှိ။ လပွတ္တာရှိ ကံကောင်းထောက်မ၍ အသက်ရှင် ကျန်ရစ်ရသူကလည်း အခြားဒေသရှိ ဆွေမျိုးများထံ၊ နိုင်ငံခြား ရောက်နေသူ ဆွေမျိုးများထံ ဆက်သွယ် အကူအညီ တောင်းခံလိုသည်။ ဆက်သွယ်ရန် လမ်းကြောင်းဌာန မရှိ။

ထိုင်းနိုင်ငံတွင် ဆူနာမီ လှိုင်းဒဏ်သင့်ရသည့် ကာလက သေဆုံးသူ အများအပြား ရှိခဲ့သည်။ ထိုသူများထဲတွင် တရားမ၀င် မြန်မာလုပ်သားများလည်း အပါအ၀င်။ သို့သော်လည်း ထိုသေဆုံးရသူများကို လူသားဆန်စွာ၊ လူသား ဂုဏ်သိက္ခာနှင့် လျှော်ညီစွာ ဆက်ဆံခဲ့ကြသည်။ အလောင်းများကို ကောင်းစွာ သိမ်းဆည်းပေးသည်။ မျိုးရိုးဗီဇ (genetic) တိုက်ဆိုက် စစ်ဆေး၍ မည်သူမည်ဝါ ဖြစ်သည်ကို ဖော်ထုတ်ပေးသည်။ တရားမ၀င် မြန်မာလုပ်သားများ၏ အလောင်းကို သဂြိင်္ုဟ်ရန်ပင် မိသားစုများ မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်၍ လာတွေ့ခွင့်ပေးသည်။ ထိုသူ၏ နောက်ဆုံးခရီးအတွက် စီစဉ်ပေးမှုများ၊ လျှော်ကြေးများ ဆောင်ရွက်ပေးခဲ့သည်။ မြန်မာစစ်အစိုးရသည် ကပ်ဘေးကယ်ဆယ်ရေးအတွက် လုပ်နိုင်စွမ်းအား မိမိဘာသာ အပြည့်အ၀ ရှိနေသည်ဟု ဆိုနေသော်လည်း မြင်နေကြရသည်မှာ စိတ်မချမ်းမြေ့စရာ။ လူသားများကို လူသားတန်ဖိုး၊ ဂုဏ်သိက္ခာ ရှိသည့်အတိုင်း မဆက်ဆံသည်ကို မြင်နေကြရသည်။ မြန်မာနိုင်ငံတွင် သေဆုံးရသူများ၏ အလောင်းများကို ထိန်းသိမ်းထားနိုင်သည့် အခြေအနေ မရှိပါ။ မျိုးရိုးဗီဇ စစ်ဆေးနိုင်ရန် ပို၍ ဝေးတော့သည်။ ပညာရှင်နှင့် အဆင့်မြင့် နည်းပညာများလည်း ရှိမနေကြပါ။ ထို့အပြင် ပို၍ဆိုးသည်မှာ စာရင်းဇယားမရှိဘဲ ယခုလို အလောင်းများ ဖျက်ဆီးပစ်နေခြင်းနှင့် ကူညီကယ်ဆယ်မည့် သူများကို ပိတ်ဆို့နေခြင်းပင် ဖြစ်သည်။ ဤသည်မှာ လူသားချင်း စာနာမှုဆိုင်ရာ ရာဇ၀တ်မှု ကို ကျူးလွန်နေခြင်း ဖြစ်သည်။ ယဉ်ကျေးသည့် လူ့ကမ္ဘာ၏ တန်ဖိုးထားမှုများကို ချိုးဖောက် စော်ကားနေခြင်း ဖြစ်သည်။

ထိုထက် ပိုဆိုးသည်မှာ ကပ်ဘေးဒုက္ခကို အခြေခံ၍ နိုင်ငံရေး အမြတ်ထုတ်နေခြင်း ဖြစ်သည်။ ကြံ့ဖွံ့အလံစုတ်ကို ထိုးတင်နေသည်။ အကူအညီများကို လက်ဝါးကြီးအုပ် ချုပ်ကိုင်နိုင်ရေး လုပ်နေသည်။ ကယ်ဆယ်ရေးကိစ္စများကို အလေးမထား။ ဆန္ဒခံယူပွဲဖြင့် အာဏာတည်ရေး ကိစ္စကို ရှိသမျှ အရင်းအမြစ်များ ပုံအော လုပ်ဆောင်နေသည်။ အခြား အရပ်သား အင်အားစုများက တတ်စွမ်းသမျှ စေတနာ့ဝန်ထမ်း ကူညီနေသည်ကို အားမပေး။ မရှုစိမ့်။ ဖျက်လို ဖျက်ဆီး ပိတ်ဆို့နေသည်။ "ကူချင်လျှင် တို့ရပ်ကွက်/ မြို့နယ်ရုံး ထားခဲ့။ တို့ဝေပေးမည်" လုပ်နေသည်။ ဒုက္ခသည်များကို ပြန်ပေးဆွဲ၍ အေးဓါးပြ တိုက်နေသည်။ ဒုက္ခသည်များကို ရှေ့ထား၍ သီးသန့် ခန့်ညားသော ကုလားထိုင် များဖြင့် မိန့်မိန့်ကြီး သြ၀ါဒ ချွေနေကြသေးသည်။ ဒုက္ခသည်များသည်လည်း သူလို ငါလို လူသားများဟု သဘောမထား၊ လူသား ဂုဏ်သိက္ခာနှင့် အညီ မဆက်ဆံ။ ယာယီ ခိုလှုံရာစခန်းများမှ ဒုက္ခသည်များကို အရေအတွက် လျှော့ချနိုင်ရေးအတွက် နှင်ထုတ်နေကြသည်ဟုပင် ကြားနေရသည်။ ဤထက်ဆိုးသည့် အခြေအနေ မရှိတော့ပါ။

" မရှိတာထက် မသိတာခက်" ဟု ဆိုရတော့မည့် အခြေအနေပင်။ ပို၍ ဆိုးသည်မှာ စစ်အစိုးရက လူသားချင်း စာနာကူညီမှုတွင် လိုက်နာစောင့်ထိန်း ရမည့် ကျင့်ဝတ်များကို မသိဘဲ ငါတကောကော လက်ဝါးကြီး အုပ်နေခြင်းနှင့် လူသားဆန်မှု တန်ဖိုး ကို မသိခြင်းက ပို၍ ဆိုးနေပါတော့သည်။ သို့မဟုတ်လျှင်လည်း ပြည်သူတို့အပေါ် လုံးဝ စေတနာမထားသော အစိုးရမျိုးက အုပ်ချုပ်နေသည့် အရိုင်းအစိုင်းတို့ နိုင်ငံတော်အဖြစ် ကျရောက်မှန်း မသိ၊ ကျရောက်နေရပြီ ဖြစ်ပါတော့သည်။

ကြက်ခြေနီအဖွဲ့မှ အဆိုပြုသော အဲန်ဂျီအိုများ ထားရှိသင့်သည့် လူမှုကယ်ဆယ်ရေး ကျင့်ထုံး (၁၀) ချက်

၁။ လူသားချင်း စာနာသော အခြေခံအရေးပေါ် လိုအပ်ချက်သည် ပထမ ဖြစ်သင့်သည်။

၂။ အကူအညီပေးရာ၌ လူမျိုး၊ နိုင်ငံသား၊ အယူဝါဒ ကွဲပြားမှုအပေါ် အခြေမခံပဲ လိုအပ်ချက်အပေါ်သာ အခြေခံ ကူညီရမည်။

၃။ အကူအညီကို အကြောင်းပြု၍ အခြားသော နိုင်ငံရေး၊ ဘာသာရေး ရပ်တည်ချက်များအတွက် အသုံးချခြင်း မပြုရ။

၎။ မိမိတို့သည် အစိုးရများ၏ နိုင်ငံခြားရေး မူဝါဒများအတိုင်း ဆောင်ရွက်ရန် လက်ကိုင်တုတ်အဖြစ် ဆောင်ရွက်ခြင်းမပြုရ။

၅။ မိမိတို့သည် ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို လေးစားပါမည်။

၆။ မိမိတို့သည် ကပ်ဘေးဒုက္ခများကို ရင်ဆိုင်ရန် ဒေသခံပြည်သူများ၏ စွမ်းအင်ကို အခြေခံထား၍ ကြိုးပမ်းပါမည်။

၇။ အထောက်အပံ့ အကူအညီများ ပေးဝေရေး စီမံခန့်ခွဲစဉ်ကာလအတွင်း ပိုမိုထိရောက်သော ပိုမိုအကျိုးရှိစေသော နည်းလမ်းများ ရှာဖွေပါမည်။

၈။ ထောက်ပံ့သော အကူအညီများသည် အနာဂတ်ကာလတွင် အလားတူ ထိခိုက်ရမှုများ မဖြစ်ပေါ်နိုင်ရေးကို အထူး ရှေးရှုပါမည်။ အလားတူ အခြေခံလိုအပ်ချက်များ ပြည့်မီရေး ဆောင်ရွက်ပေးပါမည်။

၉။ မိမိတို့သည် မိမိတို့ဘဏ္ဍာငွေ လက်ခံရရှိရာ ဌာနများသို့ရော၊ အကူအညီ လက်ခံယူသူ ပြည်သူများသို့ပါ ပွင့်လင်း အစီရင်ခံ တင်ပြပါမည်။

၁၀။ မိမိတို့သည် ကပ်ဘေးဒုက္ခသင့်ရသော ဒုက္ခသည်များကို ဂုဏ်သရေရှိ လူသားများအဖြစ် ဆက်ဆံပါမည်။ မျှော်လင့်ချက် ကင်းမဲ့နေသော အပြုခံများအဖြစ် မဆက်ဆံပါ။


သဘာဝ ကပ်ဘေးဒုက္ခများနှင့် ပဋိပက္ခ အတက်အကျ

အောင်သူငြိမ်း
အင်္ဂါနေ့၊ မေလ 13 2008 11:35 - မြန်မာစံတော်ချိန်

သဘာဝကပ်ဘေးများကို ယခင်က အလွယ်သဘောသာ စဉ်းစားခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် လေ့လာသူများက သဘာဝကပ်ဘေးနှင့် ပဋိပက္ခများ ဆက်စပ်နေပုံ၊ ပဋိပက္ခ ဖြစ်ပေါ်နေသည့် ဒေသများ၌ သဘာဝဘေးဒဏ် ကျရောက်ပါက ဖြစ်လာနိုင်သည့် အခြေအနေများကိုပါ ထည့်သွင်း တွက်ချက် စဉ်းစားလာကြသည်။ ဤသို့သော အခြေအနေများကို သဘာဝကပ်ဘေး (Natural disaster) ထက်၊ ပြဿနာစုံ အရေးပေါ် အခြေအနေ (Complex emergencies) ဟု ခေါ်ဆို သုံးစွဲလာကြသည်။ ယခု မြန်မာနိုင်ငံ၏ နာဂစ်မုန်တိုင်းပြီး အခြေအနေကလည်း ဤသို့ "ပြဿနာစုံ အရေးပေါ် အခြေအနေ" သို့ ဆိုက်ရောက် ဖြစ်ပေါ်လာခဲ့ပြီ။

အကြောင်းက ဤသို့ ဖြစ်သည်။ သဘာဝ ကပ်ဘေးဒုက္ခများ ကျရောက်အပြီးတွင် လူသားနှင့် သဘာဝ ပတ်ဝန်းကျင် ဆက်ဆံရေး၊ သဟဇာတ ဖြစ်နေမှုများ ပျက်စီးသွားသည်။ ပြန်လည် ထူထောင်ရေးဟု ပြောသည့် လုပ်ငန်းများတွင်ပင် ယခင်ကလို ရိုးရိုးစဉ်းစား၍ မရတော့ပါ။ လူများတွင် အရင်းအမြစ်များ ဆုံးရှုံးကုန်ကြသည်။ လူသားအင်အား၊ လယ်ယာမြေ၊ ကျွဲ/နွား၊ ရေ၊ ပိုင်ဆိုင်မှု၊ သက်မွေးဝမ်းကျောင်းလုပ်ငန်း စသဖြင့် ပျက်စီးလာသည်။ ဤအခြေအနေတွင် "ရေကနည်းလာပြီး ဆင်လည်း သောက်မည်၊ ခြင်္သေ့လည်း သောက်မည်" ဖြစ်လာသောအခါ အရင်းအမြစ် ခွဲခြမ်းရေးဆိုင်ရာ ပဋိပက္ခများ ဖြစ်လာသည်။ အရင်းအမြစ်များ နည်းလာသည်နှင့်အမျှ ထိန်းချုပ်လိုသူက ထိန်းချုပ်လိုလာသည်။ ထိုမျှမကပါ။ အခြားနောက်ခံ အကြောင်းများကလည်း ပတ်သက်နေသေးသည်။ ဥပမာ- မြန်မာနိုင်ငံဆိုလျှင် မက္ကရို စီးပွားရေး အခြေခံကိုက ချိနဲ့အား နည်းနေသည်။ ကပ်ဘေးဒုက္ခများ သင့်ခံရသည့်အခါ ဆင်းရဲသူများက ပို၍ ဆတိုးဒဏ် ခံကြရသည်။ အသက်အရွယ် ကြီးရင့်သူ၊ ကလေးများ၊ အမျိုးသမီးများက ကပ်ဘေးဒဏ်ကို ပို၍ မမျှမတ ခံစားနစ်နာကြရသည်။ မြန်မာနိုင်ငံတွင်က နိုင်ငံရေး နောက်ခံ ပြဿနာပါ ရှိနေသေးသည်။ အရပ်ဖက် လူမှု အဖွဲ့အစည်းများကို မူလကတည်းက နှိပ်ကွပ်ထားသည်။ အစိုးရ ဖိနှိပ်မှုများက ကျေးလက်တွင် ပို၍ ပြင်းထန် ဆိုးရွားသည်။ ထို့အပြင် ယခင်က နိုင်ငံတကာ ဖိအားပေး ပိတ်ဆို့မှုဒဏ် ခံနေရပြီး၊ ယခုအခါ နိုင်ငံတကာ အကူအညီကို စစ်အစိုးရက တဖန် ပြန်၍ ပိတ်ဆို့နေသည်။ ဤသို့ လူမှုရေး အကူအညီများကို စစ်အစိုးရက ကြန့်ကြာစေရန် ပိတ်ဆို့နေမှုအပေါ် နိုင်ငံတကာ ဖိအားများက တိုး၍ သက်ရောက်လာပြန်သည်။ မြန်မာနိုင်ငံတွင်း ၀န်ဆောင်မှု ပေးနေသော၊ ယန္တယား၊ ဗျူရိုကရေစီ၊ အဖွဲ့အစည်း၊ အင်စတီကျူးရှင်းများက အားနည်းချက် အပြည့်။ ဤသို့ ခြစားနေသည့် အဖွဲ့အစည်းများကို "ငွေသာပေးလိုက်၊ ကယ်ဆယ်ရေး အကူအညီများကို သူတို့သာ ခန့်ခွဲမည်" ဟူ၍ ကတော့ မည်သူကမှ လက်ခံလိမ့်မည် မဟုတ်ပါ။ ဤသည်က တစုံလုံ ခြုံငုံ ကြည့်သည့်အခါ ဖြစ်လာသည့် ပြဿနာစုံ အရေးပေါ် အခြေအနေ (comples emergencies) ဖြစ်နေသည်။

နောက်ပိုင်းတွင် ပညာရှင်များ၏ လေ့လာချက်အရ သဘာဝကပ်ဘေးများ သင့်ပြီး နောက်ပိုင်းတွင် နိုင်ငံရေး အခြေအနေ၊ ပဋိပက္ခများက ပြေလည် တိုးတက်လာသည် ရှိသကဲ့သို့၊ တိုး၍ ဆိုးရွားသွားရသည့် အခြေအနေများလည်း ရှိခဲ့သည်။ အကြောင်းကတော့ သက်ဆိုင်ရာ နိုင်ငံနှင့် လူမှုအဖွဲ့အစည်း၏ တုံ့ပြန်ပုံနှင့် သက်ဆိုင်နေသည်။ အထူးသဖြင့် ဤသို့ လေ့လာမှုများကို ဆူနာမီလှိုင်းဒဏ် သင့်ခံရပြီး နောက်ပိုင်းတွင် ပို၍ အာရုံထား ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် ဆူနာမီလှိုင်းက အင်ဒိုနီးရှားနိုင်ငံမှ အာချေကျွန်းကို ဖျက်ဆီးလိုက်သည်။ သို့သော် အဆိုးထဲမှ အကောင်း အဖြစ် ဒေသအတွင်း ငြိမ်းချမ်းရေး ရလာခဲ့သည်။ ဆူနာမီလှိုင်း၏ ကြီးမားသော ဖျက်ဆီးမှုကြောင့် လူများ ထိတ်လန့်ခဲ့ကြရ သည်။ ဤလှိုင်းကပင် နိုင်ငံရေး မြေအနေအထားကိုလည်း ရွှေ့စေခဲ့ပြီး၊ အင်ဒိုနီးရှား အစိုးရနှင့် အာချေသူပုန်များအကြား ငြိမ်းချမ်းရေး သဘောတူညီချက်နှင့် ကယ်ဆယ်ရေး/ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပူးတွဲ လုပ်ကိုင်ရေး ဖြစ်လာစေခဲ့ ရသည်။ လူထုများကလည်း ဤအခြေအနေတွင် ငြိမ်းချမ်းရေးကို တောင်းဆိုလာကြသည်။ သို့ဖြင့် နှစ် ၃၀ ကျော် လက်နက်ကိုင် ပဋိပက္ခကို တခန်း ရပ်နိုင်ခဲ့သည်။ အစိုးရဖက်ကရော၊ သူပုန်ဖက်ကပါ ရှေ့တိုးခြေလှမ်းများ အပြုသဘော ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံတကာ အာရုံစိုက်မှုနှင့် ကြားဝင် ဆောင်ရွက်ပေးမှုများကြောင့်လည်း ဆွေးနွေးပွဲများ အဆင်ပြေစေရေးကို ပို၍ တွန်းပို့ပေးခဲ့သည်။ အင်ဒိုနီးရှား အစိုးရကလည်း အာချေးကျွန်း သာမက၊ အင်ဒိုနီးရှား တနိုင်ငံလုံးတွင်ပါ ဒီမို ကရေစီ ပြုပြင်ပြောင်းလဲမှုများ တိုး၍ လုပ်ဆောင်ပါမည်ဟု ကတိထားလာခဲ့ရသည်။

သို့သော်လည်း ၂၀၀၄ ဆူနာမီက သီရိလင်္ကာနိုင်ငံ ကံကြမ္မာကိုမူ တမျိုးဖန်ခဲ့သည်။ သီရိလင်္ကာသည်လည်း ဆူနာမီသင့်၍ ဖျက်ဆီးခံခဲ့ရသည်။ လူအများစု၏ သဘောထား စစ်တမ်း ကောက်ချက်များက ငြိမ်းချမ်းရေးကို လိုလားနေကြသည်ဟု ထိုအချိန်က ပြဆိုခဲ့ကြသော်လည်း သူပုန်များကရော၊ အစိုးရ ခေါင်းဆောင်များက နားမထောင်ခဲ့ကြ။ အကူအညီများ ထိန်းချုပ်နိုင်ရေး အတွက်သာ မဲနေခဲ့ကြသည်။ သီရီလင်္ကာတွင်တော့ အကူအညီများက ပို၍ သဘောထား တင်းမာစရာ ဖြစ်စေခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှု မဖြစ်စေခဲ့။ ဆူနာမီ မတိုင်မီ တွေ့ဆုံ ဆွေးနွေးမှုများ ရှိနေ၍ ပြည်တွင်းစစ်ကြောင့် လူအသေအပျောက်နှုန်း ကျဆင်းခဲ့သော်လည်း၊ ဆူနာမီ ပြီးခါမှ တိုက်ပွဲများက ပိုပြင်းထန်လာခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် စစ်ပွဲကြောင့် လူအသေအပျောက်မှာ မဆိုစလောက်သာ ရှိခဲ့သည်။ သို့သော်လည်း ဆူနာမီပြီးခါမှ ၂၀၀၄ ခုနှစ်တွင် လူသေနှုန်း ၃၀၀ မှ ၂၀၀၆ ခုနှစ်တွင် လူအသေအပျောက် ၄,၀၀၀ အထိ တိုးတက်လာခဲ့သည်။

အချင်းချင်း အပြန်အလှန် မယုံကြည်မှုများကလည်း ဒုက္ခပေးပါသည်။ ၂၀၀၅ အောက်တိုဘာလတွင် ပါကစ္စတန်နိုင်ငံ၊ ကက်ရှ်မီးယားဒေသ၌ ငလျှင်ကြီး လှုပ်ခဲ့သည်။ မူလက နိုင်ငံရေးအရ တင်းမာခဲ့ကြသည့် အိန္ဒိယ-ပါကစ္စတန်ကြား ဆက်ဆံရေးက တိုးတက်ပြောင်းလဲဖို့ ဖန်လာခဲ့သည်။ အိန္ဒိယနိုင်ငံက အစားအသောက်၊ ဆေးဝါး၊ ယာယီတဲများ ကူညီခဲ့သည်။ ပျောက်ဆုံးနေသော လူများကို ရှာဖွေရန် အိန္ဒိယက ရဟတ်ယာဉ်များ ကူ၍ ပူးတွဲ ဆောင်ရွက်ကြရန် အဆိုပြုသော်လည်း၊ အခြေအနေက ဤအထိ မဖြစ်ခဲ့ပါ။ ပါကစ္စတန်က အိန္ဒိယ လေယာဉ်များ သူ့နိုင်ငံထဲ မပျံဝဲစေလိုသလို၊ အိန္ဒိယကလည်း သူ့ရဟတ်ယာဉ်များချည်း လွှတ်၍ ပါကစ္စတန် လေယာဉ်မှူးများဖြင့် မောင်းနှင်စေရမည့် အရေးအထိ သဘောထား မပျော့ပြောင်းနိုင်ခဲ့ပါ။ မည်သို့ဖြစ်စေ နှစ်နိုင်ငံ ဆက်ဆံရေးက တိုးတက်လာပြီး နှစ်နိုင်ငံကြား ကူးသန်းရောင်းဝယ်ရေး ပမာဏ ၆-ဆအထိ တိုးတက်လာခဲ့သည်။

ဆိုင်ကလုန်း နာဂစ်ကရော မြန်မာနိုင်ငံကို မည်သို့ ပြောင်းလဲစေနိုင်မည်နည်း။

ပညာရှင်များက သဘာဝကပ်ဘေးများ နောက်ပိုင်းတွင် မျှော်လင့်ချက် သက်တန့်ရောင်ခြည်ကို မြင်နိုင်သည်ဟု ဆိုခဲ့ကြပါသည်။ ဤအခြေအနေကို စစ်အစိုးရက ကောင်းမွန်စွာ အသုံးချနိုင်လျှင် သူတို့အတွက်ရော၊ ပြည်သူအတွက်ပါ၊ နိုင်ငံတခုလုံး အတွက်ပါ အကျိုးရှိမည် ဖြစ်သည်။ ယခင်က အနောက် ဒီမိုကရေစီ နိုင်ငံများက မြန်မာ စစ်အစိုးရကို အဖက်မလုပ် ဖိအားပေး ပိတ်ဆို့ဒဏ်ခတ် ထားကြသည်။ ယခုတော့ ဤနိုင်ငံများက လူမှုရေး ကပ်ဘေးကြောင့် ကူညီဖို့အရေး၊ ပူးပေါင်း ဆောင်ရွက်ဖို့ အရေး ကမ်းလှမ်းနေကြသည်။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ ဆက်ဆံရေး မျက်နှာစာသစ် ဖွင့်နိုင်လိမ့်မည် ဖြစ်သည်။ ထို့အပြင် တည်ရှိနေသည့် ပဋိပက္ခများ ပြေလည်စေရေးအတွက် အတိုက်အခံ အင်အားစုများနှင့်လည်း ပူးတွဲ ဆောင်ရွက်နိုင်လျှင် ရေရှည် သင့်မြတ်ပြေလည်ရေးအထိ ဖြစ်နိုင်ပါသည်။ အရပ်ဖက် လူမှုအဖွဲ့အစည်းများကို အားကောင်း မောင်းသန် ဖြစ်လာစေရန်လည်း လှုံ့ဆော် ဆောင်ရွက်နိုင်ပါသေးသည်။ အင်ဒိုနီးရှား နိုင်ငံကဲ့သို့ ပို၍ ကျယ်ပြန့်သော ဒီမိုကရေစီ အပြောင်းအလဲများအထိပါ တက်လှမ်းနိုင်ပါသေးသည်။ အဆိုးထဲမှ အကောင်း ဖြစ်လာနိုင်ပါသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ အခြေအနေက ဆန့်ကျင်ဖက် အနေအထားသို့ သွားနေသည့် သဘော ဖြစ်နေသည်။ နိုင်ငံတကာမှ ပညာရှင်များ၏ တွေ့ရှိချက်အရ သဘာဝ ကပ်ဘေး ဆိုက်ရောက်ချိန်များတွင် မူလက တိမ်မြုပ်နေသည့် လက်အောက်ခံ ပဋိပက္ခများက ထကြွ နေရာယူလာကြသည့် အခြေအနေမျိုးလည်း ဖြစ်နိုင်ပါသည်။ ရှားပါးလာသည့် အရင်းအမြစ်များကို လုကြမည်။ ရရှိလာသည့် အကူအညီကို ထိန်းချုပ်ရေး ကြိုးပမ်းကြမည်။ စသဖြင့် လူ့အဖွဲ့အစည်းက လက်မခံ နိုင်လောက်အောင် ကသောင်းကနင်း ဖြစ်လာနိုင်သည်။ တည်ဆဲစနစ် ပျက်သွားနိုင်သည်။ ပဋိပက္ခများက ပိုခေါင်းထောင် ထကြွလာမည်... စသဖြင့် အရေးပေါ်အခြေအနေက တာရှည်မျော၍ ပျက်ကိန်းဆိုက်နိုင်သည့် အခြေအနေလည်း ရှိနေပါသေးသည်။ အထူးသဖြင့် စစ်အစိုးရက နိုင်ငံရေး ရည်ရွယ်ချက်ကိုသာ ရှေ့ဆက်တွန်းနေသည်။ ကပ်ဘေးဒုက္ခ၏ အတိမ်အနက်ကို လျှော့ပေါ့ တွက်ထားသည်။ နိုင်ငံတကာနှင့် အတိုက်အခံ နိုင်ငံရေး အင်အားစုများက ဆန္ဒခံယူပွဲကို ရွှေ့ဆိုင်းထားပါရန် ၀ိုင်းဝန်း တိုက်တွန်းကြသည့်တိုင် ခေါင်းမာမာနှင့် ဆက်လုပ်ခဲ့သည်။ မဲလိမ်ညာမှုများ ရှိသည်။ ဆန္ဒခံယူပွဲတွင် အကျပ်ကိုင်မှုများ ရှိနေသည်ဟူသော သတင်းများကလည်း တက်လာနေသည်။ ဤအခြေအနေက မကောင်းလှပါ။ အစိုးရအပေါ် ပို၍ ယုံကြည်မှု ကျဆင်းစေနိုင်ပြီး၊ ကပ်ဘေးဒုက္ခ ပြေလည်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုများအပေါ် ဆိုးကျိုး ရှိလာစေနိုင်သည်။ အတိုက်အခံများကလည်း ဤသို့ မဲခိုး ညစ်ပတ်နေသည်ကို ရေငုံနှုတ်ပိတ် နေ၍ ရမည် မဟုတ်သောကြောင့် ပဋိပက္ခ၊ တင်းမာမှုများက ပို၍ တိုးလာနိုင်သည်။ ပိုဆိုးသည်က စစ်တပ်က အကူအညီ ပေးမှုများကို နာမည်ကောင်း မင်္ဂလာ ၀င်ယူနေကြရာ အပျက်သဘောအထိ ဆောင်လာစေခဲ့သည်။

ဤအခြေအနေတွင် ပေးလာသည့် အခွင့်ကောင်းကို အမိအရယူ၍ မြန်မာနိုင်ငံကို လမ်းကြောင်းမှန်ပေါ် ပြန်လှမ်းရန်မှာ တပ်မတော် အတွင်းရှိ သဘောထားမှန်သည့် စစ်ခေါင်းဆောင်များပေါ်တွင် များစွာ တာဝန်ရှိနေသည်။ အတိုက်အခံ အင်အားစုများ ဖက်မှလည်း ဤကပ်ဘေး ကယ်ဆယ်ရေးနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ပါမည်ဟု ကမ်းလှမ်းထားကြပြီး ဖြစ်သည်။ သို့သော်လည်း အသိဉာဏ် တထွာတမိုက်သာ ရှိသည့် စစ်ခေါင်းဆောင်တစု၊ လူနည်းစုက ဖီလာဆန့်ကျင် ပြုနေကြသေးသည်။ လက်ရှိ အခြေအနေကို မိမိတို့ ဒီမိုကရေစီ အင်အားစုများ၊ မြန်မာ့ လူ့အဖွဲ့အစည်း၊ စစ်အစိုးရတို့က မည်သို့ မည်ပုံ တုံ့ပြန်ကြပါမည်နည်း။ မြန်မာနိုင်ငံ၏ အနာဂတ် အလားအလာသည် ဤတုံပြန်မှုများအပေါ် မူတည်၍ နေပါတော့သည်။

အောင်သူငြိမ်း

အကိုးအကား

1. Report from Seminar "Beyond Disasters: Creating Opportunities for Peace", Wilson Center Event, Environmental Change and Security Program, June 28, 2007.


ငါတို့ကို ဧရာဝတီ ပြန်ပေးပါ

အောင်မော်ဦး
အင်္ဂါနေ့၊ မေလ 13 2008 11:31 - မြန်မာစံတော်ချိန်

နာဂစ်ရေ

မင့် ခံတွင်းထဲ ငုံခဲထားတဲ့

ငတို့ သွေးချင်းသားရင်းတွေ ပြန်ပေးပ

ငတို့ စပါးကျီကြီး ပြန်ပေးပ

ငတို့ မြစ်ဝကျွန်းပေါ်ကြီး ပြန်ပေးပ

ငတို့ ဧရာဝတီကြီး ပြန်ပေးပ။

ကျနော့်ဇနီးသည်က ဘိုကလေး ဇာတိ။ ဘိုကလေး၌ သူ၏ မောင်နှမများနှင့် ဆွေမျိုးသားချင်းများ ရှိသည်။ ဘိုကလေး၌ သူတို့ မိသားစုပိုင် အိမ်ကလေး တလုံး၊ ခြံကလေး တ၀ိုင်း၊ လယ်ကလေး တကွက်၊ နွားကလေး တရှဉ်း၊ ကျီကလေး တလုံး စသဖြင့် ဇာတိရနံ့ဟု ပြော၍ ရနိုင်သည့် အရာများ ရှိသည်။ အိမ်၌ အတူနေကြ သူများသည်လည်း ဖျာပုံ၊ ဘိုကလေး ဇာတိသားများချည်း ဖြစ်၍ သူတို့၏ မိသားစု အားလုံးသည်လည်း နာဂစ်၏ ခံတွင်း၊ နာဂစ်၏ စက်ကွင်းနှင့် လမ်းသင့်လေရာ၌...။

မည်သူ့မျှ မေး၍မရ၊ မည်သည့်ဖုန်းမျှ ဆက်၍ မရသဖြင့် သောက ရောက်နေကြသည့် ဇနီးသည်နှင့် အိမ်ရှိ လူများ၏ အဖြစ်သည် တခုခုကို သိချင်စိတ် ပြင်းပြစွာဖြင့် အပူတပြင်း ကြိုးပမ်းနေသော်ငြား တကယ်တမ်း သိရမည့်အဖြေကိုမူ ကြားရဲကြပုံ မရ။ သို့သော် အမျိုးမျိုးသော ဖော်ပြချက်များအရ အနီးစပ်ဆုံး အဖြေတခုကိုမူ အဆိုးဆုံးအထိ မျှော်လင့် ထားကြပုံတော့ ရသည်။

သည်လို အစိုးရမျိုးနှင့် သံသရာ တခရီးတည်း သွားနေရသည့် တိုင်းပြည်သည် ကံဆိုးလှ၍ တိုင်းသူ ပြည်သူများသည်လည်း ကံဆိုးလွန်း လှပေသည်ဟု ပြောရမည် ထင်သည်။ သိန်းနှင့်ချီ သေ၍ သန်းနှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်စေမည့် နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ အစိုးရသည် လက်တ၀ါးစာမျှရှိသည့် သတင်းစာ ဖြတ်ပိုင်းလေးတခုဖြင့် တိုင်းပြည်နှင့် လူထုကို မည်ကာမတ္တ သဘော အသိပေးခဲ့သည်။ ထို့အတူ မည်သည့် အရေးယူ ဆောင်ရွက်မှုကိုမျှလည်း အလေးထား မလုပ်ဆောင်ခဲ့။

နေပြည်တော် နာဂစ်သတင်းမင်နီသားထားသည့် ဤ ဖြတ်ပိုင်းလေးကို http://www.ireport.com/docs/DOC-20548 ၌ ဖတ်လိုက်ရသည်။ အိန္ဒိယနိုင်ငံမှလည်း မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို မုန်တိုင်း မကျရောက်မီ အနည်းဆုံး တပါတ်ခန့် စော၍ (၃) နာရီခြား တကြိမ် စစ်အစိုးရထံ အသိပေးခဲ့သည်ဟု ထုတ်ဖော် ပြောဆိုသည်ကိုလည်း ဖတ်ရှုလိုက်ရသည်။

အကယ်၍ "မုန်တိုင်းအန္တရာယ် အထူးသတိပေး ကြေညာချက်" ဟူ၍ သတင်းစာမျက်နှာဖုံး၌ စာလုံးမည်းကြီးများနှင့် ဖော်ပြ၍ ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ နာရီမလပ် ထုတ်လွှင့်ကြေညာပြီး ရပ်ကွက်တိုင်း၌ ဥသြဆွဲ သတိပေးခဲ့မည် ဆိုလျှင်၏။ အကယ်၍ မုန်တိုင်း ဗဟိုချက်ကျရာ အရပ်ဒေသများမှ ပြည်သူများကို ရွေ့ပြောင်း နေရာ ချထားမှုများ ပြုလုပ်ပေးခဲ့မည် ဆိုလျှင်.... ။ အကယ်၍ ကျီများနှင့် ဂိုထောင်များထဲရှိ ဆန်၊ စပါးများနှင့် မျိုးစပါးများအား ရွှေ့ပြောင်း သိုလှောင်မှုများ ပြုလုပ်ပေးခဲ့မည် ဆိုလျှင်.... ။ အကယ်၍ မဲရုံများအစား ကယ်ဆယ်ရေးနှင့် နေရာ ချထားရေး စခန်းများ လုံလုံလောက်လောက် ဖွင့်လှစ် ထားရှိပေးခဲ့မည် ဆိုလျှင်.... ။ အကယ်၍ နိုင်ငံတကာ အစိုးရများ၊ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများနှင့် ကျွမ်းကျင်သူ ပညာရှင်များ၏ အကူအညီကို ရယူ၍ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်မှုများ ပြုလုပ် ထားပေးခဲ့မည် ဆိုလျှင်.... ။

သို့သော် စစ်အစိုးရသည် ပြည်သူလူထုကို လိမ်လည် လှည့်ဖျားခဲ့သည်။ တနာရီ မိုင် ၁၂၀ နှင့် ၁၆၀ အကြားဟု ပြောရမည့် အစား တနာရီ မိုင် ၄၀ နှင့် ၄၅ မိုင်ဟု ပြောခဲ့သည်။ နီးရာဓား ကြောက်ကြရသည့် ပညာရှင်များထဲ၌ မိုးလေ၀သ ပညာရှင်များလည်း ပါဝင် ကြလိမ့်မည်ကို နားလည်နိုင်ပါသည်။ သို့သော် ယခုကိစ္စသည် လူသန်းပေါင်းများစွာ အတိဒုက္ခ ရောက်ကြရမည့် "မဟာကပ်ဆိုက်မှုကြီး" ဖြစ်ပါသည်။ မိမိတို့ ကျွမ်းကျင်ရာ၊ အသက်မွေးဝမ်းကျောင်း ပြုရာပညာရပ်ဖြင့် ရှာဖွေ တွေ့ရှိထားသည့် (သို့) နိုင်ငံတကာပညာရှင်များ ပေးပို့ ဖလှယ်ထားသည့် သတင်း အချက်အလက် အမှန်များကို တရားဝင် ထုတ်ဖော် တင်ပြခွင့်မရလျှင် အခြားနည်းလမ်းတခုခုကို သုံး၍ လူအများသိအောင် မုချ ကြိုးပမ်းသင့်ပါသည်။ ယနေ့လို သတင်းနှင့် နည်းပညာ ထွန်းကားသည့် ခေတ်၌ ပို၍ပင် လွယ်ကူပါသည်။ ကိုယ်ကျိုးစွန့်ရန်လည်း မလိုသလို၊ အသက်စွန့်ရန်လည်း မလိုပါ။ မီဒီယာများ၊ ဘလော့ဂါများမှ တဆင့် လူထုဆက်သွယ်ရေး နည်းလမ်းတခုခုကို အသုံးပြု၍ (အမည်မဖော်ဘဲ) အလွယ်တကူ မျှဝေနိုင်ပါသည်။ သို့သော် ထိုပညာရှင်များသည် အဖြစ်မှန်ကို ထိန်ချန်ဖုံးကွယ်ခြင်းနှင့် သတင်းအချက်အလက် အမှားများ ကို လူအများအား ဖြန့်ဝေခြင်းဟူသည့် လုပ်ကြံမှုကြီးတခုကို ဗိုလ်ချုပ်ကြီးများ နည်းတူ ကျူးလွန်ခဲ့ကြပါသည်။

မြန်မာပြည်၏ စပါးကျီဟု ပြောစမှတ် ပြုရသည့် မြစ်ဝကျွန်းပေါ် ဒေသကြီးတခုလုံး ပျက်သုဉ်းသွားခဲ့ပြီ။ ထိုဒေသကြီးရှိ လယ် မြေဧကပေါင်း များစွာ ပျက်သုဉ်းသွားကြပြီ။ ထိုဒေသကြီး၌ ဓားမဦးချ နေထိုင်၍ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်ပေးနေသည့် လယ်သမား မိသားစုကြီးများ ပျက်သုဉ်းသွားကြပြီ။ ထိုလယ်သမားများ၏ အသက်သခင်ဟု ပြောစမှတ် ပြုကြရသည့် ကျွဲ၊ နွား သတ္တ၀ါများ ပျက်သုဉ်းသွားကြပြီ။ ထို လယ်သမားများ စုဆောင်း သိုလှောင်ထားသည့် မျိုးစပါးများ ပျက်သုဉ်းသွားကြပြီ။

ဤအရပ် ဤဒေသ၌ စပါးကျီကြီးတခု ပြန်ဖြစ်လာစေရန် အနည်းဆုံး (၅) နှစ်မက စနစ်တကျ ကြိုးပမ်းမည် ဆိုလျှင်တောင်မျှ ရနိုင်ပါမည်လော မပြောတတ်။ ကပ်မဆိုက်မီကတည်းက ငတ်နေနှင့်သည့် တိုင်းပြည်တပြည်အဖို့ ကပ်ဆိုက်ပြီးနောက် ပို၍ ငတ်ကြပြတ်ကြမည်မှာ မြေကြီးလက်ခတ်မလွဲ။ ဆန်ရေစပါး ရှားပါးမှုနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို လာမည့် သုံးလေးငါးနှစ်မက အလူးအလဲ ခံကြရပေလိမ့်မည်။ ကောသွားသည့် လယ်များ၊ ကွင်းဆက်ပြတ်သွားသည့် လယ်သမား မျိုးဆက်များ၊ မျိုးတုန်းသွားသည့် မျိုးစပါးများ၊ ပျောက်ဆုံးသွားသည့် ကျွဲနွားများနှင့် လယ်လုပ် ကိရိယာများ စသဖြင့် ဖော်ပြခြင်းငှာ မစွမ်းနိုင်သည့် ဆုံးရှုံးမှုများအား နိုင်ငံတကာ အကူအညီနှင့် နည်းပညာ အကူအညီတို့ကို သာမက အလွန် အရေးပါသည့် နိုင်ငံသူနိုင်ငံသားများ၏ အကူအညီကို မရရှိပါဘဲနှင့် မည်သို့မျှ တည်ဆောက်နိုင်လိမ့်မည် မဟုတ်ပေ။

ကမ္ဘာ့နိုင်ငံ အသီးသီး၌ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများကလည်း မိမိတို့နှင့် သွေးသားတော်စပ်မှ မဟုတ် လူသားချင်း စာနာသနားစိတ်၊ ကိုယ်ချင်းစာစိတ်တို့ဖြင့် လှူကြ တန်းကြသည်။ မိမိတို့ ရောက်ရှိရာနိုင်ငံရှိ ဘာသာရေးအဖွဲ့ များမှတဆင့် လှူကြသည်။ နိုင်ငံရေးအဖွဲ့များမှတဆင့် လှူကြသည်။ လူမှုရေးအဖွဲ့များမှ တဆင့် လှူကြသည်။ ကုလသမဂ္ဂမှ တဆင့် လှူကြသည်။ အစိုးရမဟုတ်သည့်အဖွဲ့များမှတဆင့် လှူကြသည်။ ထူးခြားသည်မှာ မည်သူမျှ မြန်မာသံရုံးများသို့ သွား၍ သံအမတ်ကြီးများထံ အလှူငွေများထည့်ဝင်ကြသည်ဟူ၍ မကြားမိခြင်းပင်။

နိုင်ငံတကာမှ လေယာဉ်ကြီးငယ်များ၊ သင်္ဘောကြီးငယ်များဖြင့် အခေါက်ခေါက် အခါခါ ပို့ဆောင်ပေးနေသည့် လူသားချင်း စာနာသည့် အကူအညီများသည် လတ်တလော ဒုက္ခရောက်နေကြရရှာသည့် မသေမပျောက် ရှင်ကျန်ရစ်ခဲ့သူများအတွက် ရုပ်ပိုင်းဆိုင်ရာအရ သာမက စိတ်ဓာတ်ရေးရာအရပါ အထူးတလည်ကို အထောက်အကူ ပြုပေလိမ့်မည်။ သို့သော် စစ်အစိုးရသည် ဤအကူအညီများ (ပစ္စည်းများသက်သက်)ကိုသာ လက်ခံ၍ ကပ်ဘေးဒုက္ခ ကြီးငယ်ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်များအား လက်သင့်လည်း မခံသလို ၎င်းတို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်မည်ကို အထူး စိုးရိမ်မိရပေသည်။

စစ်တပ်သာလျှင် တိုင်းပြည်ချစ်သည် ဟူသည့် စိတ်ကူး တထွာတမိုက်ဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို စစ်သားများချည်း လုပ်၍မရ။ ကယ်ဆယ်ရေး ဌာနများချည်း လုပ်၍ မရပါ။ စေတနာ့ဝန်ထမ်း အရပ်သူ အရပ်သားများ ၀ိုင်းဝန်းလုပ်ဆောင်ကြမှ ရနိုင်ပေမည်။ ရဟန်းသံဃာများ၊ ကျောင်းသူ ကျောင်းသားများ၊ ၀န်ထမ်းများ၊ တတ်သိ ပညာရှင်များ၊ အနုပညာရှင်များ၊ အားကစားသမားများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကုန်သည်ပွဲစားများ၊ လက်လုပ်လက်စားများ စသဖြင့် နယ်စုံပယ်စုံမှ လူစုံတက်စုံ အင်တိုက်အားတိုက် လုပ်မှ ရပေမည်။ များများနှင့် မြန်မြန်လုပ်မှသာ ကူးစက်ရောဂါ အပါအ၀င် နောက်ဆက်တွဲ ပြဿနာများကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ် ဖြေရှင်း ပေးနိုင်ပေလိမ့်မည်။ ထို့ကြောင့် NLD အပါအ၀င် နိုင်ငံရေး အင်အား စုများအားလည်း လွတ်လွတ်လပ်လပ် ကူညီ ဆောင်ရွက်ခွင့် ပေးရပေမည်။ လူမှုအသင်းအဖွဲ့များ ထူထောင်ခွင့်နှင့် လူမှုရေး လုပ်ငန်းများ လုပ်ပိုင်ခွင့်ကို စစ်အစိုးရအနေဖြင့် မုချ ခွင့်ပြုပေးရပေမည်။

ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အရေအတွက်ကို တိတိကျကျ စာရင်းပြုစုနိုင်ခြင်း မရှိသေးသော်လည်း ခန့်မှန်းခြေ စာရင်းများအရ (၃)သန်းမှ (၅) သန်းအထိ ရှိနိုင်သည်ဟု ဆိုကြသည်။ အကယ်၍ (၅) သန်းမျှ ရှိ၍ တဦးလျှင် တဒေါ်လာစီ ထည့်ဝင် စုဆောင်းကြသည် ဆိုပါစို့။ တလလျှင် ဒေါ်လာ(၅) သန်းမျှ ရှိမည့် ရန်ပုံငွေသည် ပြန်လည်ထူထောင်ရေး လုပ်ငန်း များအတွက် အထောက်အကူ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျနော်တို့ အနေဖြင့် "ပြန်လည်ထူထောင်ရေး ရန်ပုံငွေ" ဟူသည့် ရန်ပုံငွေစနစ်တရပ်ကို ထူထောင်နိုင်ကြမည် ဆိုပါက မုချပင် အကျိုးရှိပေမည်။ သို့သော် ထိုရန်ပုံငွေကို ယခုလို ကပ်ဆိုက်မှုကြီးများ ပေါ်ပေါက်လာပါက အသုံးပြုရန်နှင့် (စစ်အစိုးရလွန်) အနာဂတ် မြန်မာပြည် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ၌သာ အသုံးပြုရန် ဟူသည့် ဦးတည်ချက်မျိုးဖြင့် ထူထောင်ထားရှိမည် ဆိုလျှင် မဖြစ်နိုင်ပါ၏လော။

အခွန်ပေးဆောင်ရသည့် နိုင်ငံများရှိ မြန်မာနိုင်ငံသားများအတွက် "အခွန်ကင်းလွတ်စေသည့်" ရန်ပုံငွေမျိုး ဖြစ်စေရန်နှင့် အခွန်ပေးဆောင်ရန် မလိုသည့် နိုင်ငံများရှိ မြန်မာနိုင်ငံသားများအတွက် "သာရေး နာရေးစရိတ် ဖြစ်စေသည့်" ရန်ပုံငွေမျိုး ဖြစ်စေရန် ထူထောင်သင့်သည်။ ထိုသို့သော ရန်ပုံငွေအဖွဲ့မျိုးကို ထူထောင်ရာ၌ မိမိတို့ဘာသာ ထူထောင်ကြခြင်းထက်၊ မိမိတို့ အသင်းအဖွဲ့တခုခု၏ လက်အောက်၌ ထားရှိကြခြင်းထက် ကုလသမဂ္ဂကဲ့သို့သော ကြားခံအဖွဲ့အစည်းကြီးတခုခု၏ ကြီးကြပ် ကွပ်ကဲမှုအောက်၌ မှတ်ပုံတင်၍ တရားဝင် ထူထောင်ခြင်းမျိုး ဖြစ်သင့်ပါသည်။ (ဥပမာ ယူနီဆက်၊ ယူနက်စကို ကဲ့သို့သော အဖွဲ့အစည်းများအောက်၌ မှတ်ပုံ တင်ထားရှိခြင်းမျိုး)

အခွန်ပေးဆောင်ရသည့် နိုင်ငံများအနေဖြင့် ဥပမာ အမေရိကန်၌ မြန်မာအလုပ်သမား တယောက်သည် တလလျှင် ပျမ်းမျှ ဒေါ်လာ (၃၀၀) မှ (၅၀၀) အတွင်း အခွန်ပေးဆောင်ရပါသည်။ ထိုအခွန်ငွေများ မြန်မာပြည် ပြန်လည်ထူထောင်ရေး ရန်ပုံငွေ အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားစေရေးအတွက် "အခွန် ကင်းလွတ်စေသည့်" ရန်ပုံငွေမျိုး ဖြစ်စေရန် မြန်မာနှင့် နိုင်ငံတကာ ပညာရှင်များ စုစည်း၍ ညှိနှိုင်း လုပ်ဆောင်မည်ဆိုက ဖြစ်နိုင်ပါသည်။ အလားတူ အခွန်ပေးဆောင်ရန် မလိုသည့် နိုင်ငံများ၊ ဥပမာ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားတယောက် အနေဖြင့် မိမိတို့ တိုင်းပြည် ပြန်လည် ထူထောင်ရေးအတွက် တနေ့လျှင် ထိုင်းဘတ်ငွေ (၁) ဘတ်နှုန်း ထည့်ဝင် လှူဒါန်းနိုင်ပါသည်။ သို့သော် ကျန်းမာရေး အာမခံနှင့် လုပ်သား အာမခံစနစ် မရှိသည့် ထူးခြားချက်အရ ၎င်းလုပ်သားတဦး ထည့်ဝင်လှူဒါန်းငွေထဲမှ ရာခိုင်နှုန်းအချို့ကို သာရေးနာရေး စရိတ်အဖြစ် ပြန်လည် အသုံးပြုပေးရန် လိုပါသည်။ ဤနည်းဖြင့် အခွန်မပေးဆောင်ရသည့် နိုင်ငံများရှိ မြန်မာအလုပ်သမားများအတွက် "သာရေး နာရေးစရိတ် ဖြစ်စေသည့်" ရန်ပုံငွေ စနစ်တရပ်ကို ထူထောင်ထားရှိ နိုင်ပါသည်။

သေချာသည်မှာ မြန်မာပြည်၏ အကြီးဆုံး စပါးကျီကြီးတခုဟု ပြောစမှတ် ပြုရသည့် မြစ်ဝကျွန်းပေါ်ဒေသကြီးသည် ကပ်ဘေးကြီး ဆိုက်၍ စုံးစုံးမြုပ်နေရာမှ ရုန်းထ၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သကဲ့သို့၊ စစ်အာဏာရှင် စနစ်အောက်၌ ချွတ်ခြုံကျ မွဲတေနေရသည့် ကျနော်တို့ တိုင်းပြည်ကြီးသည်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် မလွဲမသွေ လိုအပ်လိမ့်ဦးမည် ဟူသည့် အချက်ပင် ဖြစ်ပါသည်။

ပင်ကိုယ်အားဖြင့် ရိုးသားအေးဆေးစွာ နေထိုင်လို၍ အလှူအတန်းဟေ့ ဆိုလျှင် ရှေ့ဆုံးမှ ပါလေ့ရှိတတ်သည့် ကျနော်တို့ နိုင်ငံသူ နိုင်ငံသားများ၏ ထူးခြားမှုမှာ ငွေကြေးရှိသူက ငွေကြေးလှူ၍ ပစ္စည်းရှိသူက ပစ္စည်းလှူပြီး ဘာမျှ မရှိသူက ကိုယ်ထဲရှိ သွေးကိုပင် ဖောက်၍ လှူတတ်ကြခြင်း ဖြစ်သည်။ သူတို့တွင် ရှိသည့် ကိုယ်ချင်းစာနာစိတ်နှင့် နိုင်ငံချစ်စိတ်ကို စစ်အစိုးရက အဓမ္မ ပိတ်ပင်ထားခဲ့သဖြင့် သူတို့ခမြာ ဖော်ပြခွင့် မရရှာကြ။ ထို့ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ လူသားချင်း စာနာစိတ်နှင့် တိုင်းပြည်ချစ်စိတ်ကို ပြည့်ပြည့်၀၀ ဖော်ပြနိုင်စေရေးအတွက် ပြည်ပရောက် ပညာရှင်များ အနေဖြင့် နိုင်ငံတကာ ပညာရှင်များနှင့် ပူးပေါင်း၍ အလေးထား ဆောင်ရွက်သင့်ပေသည်။

သေချာသည်မှာ ကျနော်တို့၏ ချွေးနှဲစာ တကျပ်တပြားသည် ကပ်ဘေးကြီး ကယ်ဆယ်ရေးအတွက် အုတ်တချပ် သဲတပွင့်၊ ကျနော်တို့ တိုင်းပြည်ကြီး ပြန်လည် ထူထောင်ရေးအတွက် အုတ်တချပ် သဲတပွင့် ဖြစ်လေမည်လား မပြောတတ်။ သို့သော် နိုင်ငံသူ နိုင်ငံသားတယောက်အနေဖြင့် မိမိနိုင်ငံအတွက် မိမိတတ်နိုင်သည့် ဘက်မှ တခုခု လုပ်လိုက်ရသဖြင့် (သို့) လုပ်ခွင့်ရလိုက်ကြသဖြင့် ကျေနပ်မှု ရရှိသည်ကား အမှန်၊ ပီတိဖြစ်ရသည်ကား အမှန်ပင်။ မျက်ရည်ကြားမှ ပြုံးဖြစ်လိုက်သည့် အပြုံး။

အို ...

နာဂစ်ငဲ့

ဧရာဝတီဟာ

ငတို့ရဲ့ ၀ိညာဉ်

ငတို့ရဲ့ မိခင်

ငတို့ဖို့ ဧရာဝတီ ပြန်ပေးပ။

အောင်မော်ဦး


လူသားချင်း စာနာမှု အကူအညီ ဆိုတာဟာ ...

ကျော်လင်းဦး
အင်္ဂါနေ့၊ မေလ 13 2008 11:29 - မြန်မာစံတော်ချိန်

နာဂစ်မုန်တိုင်းဒဏ်ခံ မြန်မာနိုင်ငံကို နိုင်ငံတကာ မိသားစုမှ လူသားချင်း စာနာမှု အကူအညီအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေ ပံ့ပိုးပေးဖို့ ပြင်ပြီးတဲ့ နောက်ပိုင်းမှာ မြန်မာစစ်အစိုးရက ကယ်ဆယ်ရေး ပစ္စည်းတော့ လက်ခံမယ်၊ ဒါပေမယ့် ကယ်ဆယ်ရေး လုပ်သားတွေတော့ အ၀င်မခံနိုင်ဘူးလို့ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ မိသားစုနဲ့ ကမ္ဘာ့ ကုလသမဂ္ဂကတောင်မှ မြန်မာစစ်အစိုးရအပေါ် အံ့သြတကြီး ဖြစ်ကြရပါတယ်။ ပြည်သူ တသန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီး လူပေါင်း သိန်းနဲ့ချီ သေဆုံးတယ်လို့ ကုလသမဂ္ဂ ၀န်ထမ်းတွေက ပြောပါတယ်။ ဒါပေမယ့် စစ်အစိုးရတော့ ခေါင်းမာမာနဲ့ ကယ်ဆယ်ရေး လုပ်သားတွေဝင်ဖို့ ငြင်းဆန်နေပြီး လာတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကိုလဲ သူတို့ လက်ထဲ အပ်ရမယ်လို့ တောင်းဆိုနေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကတော့ ကမ္ဘာ့ စာနပ်ရိက္ခာ အဖွဲ့က လေယဉ်နှစ်စီးပေါ်မှာ ပါလာတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို သိမ်းယူလိုက်ပြီး နောက်ထပ် တစ်စင်းကိုတော့ ပစ္စည်းတွေ ချခွင့်မပေးပဲ ပြန်လွှတ်လိုက်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ စာနပ်ရိက္ခာ အဖွဲ့ကြီးက အကူအညီတွေကို ယာယီ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့ နောက်မှာ နအဖ အာဏာပိုင်တွေနဲ့ ဆက်လက် ဆွေးနွေးနေပြီး ကယ်ဆယ်ရေး ပစ္စည်းတွေကို ပြန်လည် တင်ပို့ပေးဦးမယ်လို့ ယာယီ ဆုံးဖြတ်ထားပါတယ်။

ဒီအဖြစ်အပျက်တွေကြောင့် နအဖ စစ်အစိုးရရဲ့ ရုပ်လုံးဟာ ကမ္ဘာပေါ်မှာ သုံးမရအောင် စုတ်ပြတ် သွားခဲ့ပါပြီ။ နိုင်ငံတကာ အစိုးရတွေတင်မက ပြည်သူတွေကပါ နအဖ စစ်အစိုးရအပေါ် ပြစ်တင် ဝေဖန်မှုတွေ ပြုလုပ်နေကြပြီး စစ်အစိုးရ လက်အောက်က ပြည်သူတွေကို စာနာမှုအပြည့်နဲ့ ကူညီနေကြပါတယ်။ နအဖ စစ်အစိုးရ ကတော့ ပြောင်ပြောင်တင်းတင်းပဲ နိုင်ငံတကာက ၀င်လာတဲ့ အကူအညီတွေပေါ်မှ စစ်ဗိုလ်ချုပ်တွေရဲ့ နာမည်တပ်ပြီး စစ်သားတွေက လိုက်ဝေနေတဲ့ ပုံရိပ်တွေကို အစိုးရပိုင် ရုပ်မြင်သံကြားလိုင်းတွေမှာ ထုတ်လွှင့်နေပါတယ်။ ဒါကြောင့် အကူအညီ ပေးရေးအဖွဲ့တွေက တကယ် မုန်တိုင်းဒဏ်ခံ ဒုက္ခသည်တွေဆီ လုံလုံလောက်လောက် ရောက်ပါ့မလား ဆိုတာရယ်၊ ပစ္စည်းဖြန့်ဝေတဲ့ စစ်သားတွေက ထိထိရောက်ရောက် ဖြန့်ဝေနိုင်ပါ့မလား ဆိုတာရယ်ကို စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် စစ်အစိုးရကတော့ သူတို့မှာ လူအင်အား လုံလုံလောက်လောက်နဲ့ စစ်တပ်ပိုင် ယာဉ်တွေ သုံးပြီး ဖြန့်ဝေနေတယ်လို့ တုံ့ပြန်ပါတယ်။ စစ်အစိုးရဘက်ကတော့ လေမုန်တိုင်းဒဏ် ခံရတဲ့ အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေကို အစားအစာနဲ့ စောင်၊ ခြင်ထောင်တွေ ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင် လိုက်ဝေနေတာဟာ လူသားချင်း စာနာမှု အကူအညီတွေ ပေးနေတာလို့ တွက်ဆထားပုံ ရပါတယ်။

လူတွေ သိန်းနဲ့ချီပြီး သေဆုံးခဲ့ရတဲ့ သဘာဝ ဘေးအန္တရာယ် ကပ်ဆိုးကြီး ဖြစ်ပွာပြီးတိုင်းမှာ ကယ်ဆယ်ရေး လုပ်သားတွေနဲ့ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေရဲ့ အလုပ်ဟာ အစားအသောက်နဲ့ ဆေးဝါးပစ္စည်းတွေ လိုက်ဝေရုံ သက်သက် မဟုတ်ပါဘူး။ အရင်ဦးဆုံး ကပ်ဘေးကြောင့် သေကြေ ပျက်စီးသူတွေရဲ့ အလောင်းတွေကို လိုက်ကောက်ဖို့ လွန်စွာ အရေးကြီပါတယ်။ ဒီအလောင်းတွေဟာ ရက်သတ္တပတ် ကြာသွားတာနဲ့အမျှ ရောဂါပိုးတွေ ပေါက်ဖွားလာပြီး ကျန်တဲ့ မသေတဲ့ လူတွေကို ကူးဆက်ကာ နောက်ဆက်တွဲ သေဆုံးမှုတွေအထိပေါ် ပေါက်နိုင်ပါတယ်။ အဲဒီနောက်မှာ ကျန်တဲ့ အိုးမဲအိမ်မဲ့ ဖြစ်နေတဲ့ ကျန်သူတွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အစားအစာနဲ့ ဆေးဝါး လုံလောက်မှုတွေနဲ့ သန့်ရှင်းတဲ့ သောက်ရေသုံးရေ ရရှိဖို့တွေဟာ ချက်ချင်း လက်ငင်း အကောင်းအထည် ဖေါ်ရမည့် ကိစ္စတွေ ဖြစ်ပါတယ်။ ဒီနောက်မှာမှ သူတို့ရဲ့ အိုးအိမ် ပြန်လည်ထူထောင်ရေးနဲ့ ဘ၀သစ် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို နှစ်နဲ့ချီပြီး လုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။ အဲဒီကြား ကာလမှာတော့ မုန်တိုင်းတွင်းက သူတို့ရဲ့ အိုးအိမ် ပျက်စီးဆုံးရှုံးလို့ပဲ ဖြစ်ဖြစ်၊ သူတို့ မိသားစုဝင်တွေ သေဆုံးသွားလို့ပဲ ဖြစ်ဖြစ် ပေါ်ပေါက်လာတဲ့ စိတ်ဖိစီးမှုဒဏ်တွေကို ကုစားဖို့ စိတ်ပညာရှင်တွေနဲ့ နားလည် တတ်ကျွမ်းတဲ့ လူမှုရေး လုပ်သားတွေက အဲဒီ ဒေသတွေကို ကိုယ်တိုင် သွားရောက်ပြီး ဒုက္ခသည်တွေကို ရင်းရင်းနှီးနှီး ပြောဆို ဆွေးနွေးမှုတွေကို လုပ်ရပါဦးမယ်။ ဒါဟာ `ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေက တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပါတယ်´ ဆိုတဲ့ အဆင့်လောက်နဲ့ မရပါဘူး။

ဒီလိုလုပ်ငန်းတွေကို အဆင်ပြေ ချောမွေ့စွာ လုပ်နိုင်ဖို့ နအဖမှာ အတွေ့အကြုံ မရှိသလို၊ တက်ကျွမ်းမှုလဲ မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဟိုယခင်ကတည်းက လေဘေးဖြစ်ဖြစ်၊ မီးဘေးဖြစ်ဖြစ် ပေါ်ပေါက်လာတိုင်း တာဝန်ရှိသူတွေက ဆန်တွေ၊ ဆီတွေ သွားဝေတာပဲ လုပ်လာခဲ့တာပါ။ ဒါကိုပဲ တကယ့် ကယ်ဆယ်ရေး လုပ်ငန်းလို့ ယူဆထားခဲ့ပုံလဲ ရပါတယ်။ အခုလို သိန်းနဲ့သန်းနဲ့ချီပြီး သေကြေ ဒုက္ခရောက်ကြရတဲ့ အခုလို အဖြစ်မျိုးမှာတော့ နအဖအနေနဲ့ ဘယ်လိုမှ မစွမ်းဆောင်နိုင်ပါဘူး။ ဒါကို ကိုယ့်ကိုယ်ကို `ထင်´ တလုံနဲ့ နိုင်ငံတကာက အတွေ့အကြုံရှိ၊ ကျွမ်းကျင်မှုရှိတဲ့ ကယ်ဆယ်ရေး လုပ်သားတွေ ၀င်လာမယ့် အရေးကို တာဆီးနေရင်တော့ လူတွေ ပိုမို သေကြေကုန်မယ့်အပြင်၊ နောက်ဆက်တွဲ ကပ်ရောဂါတွေလဲ ပိုမို ပျံနှံ့လာပါလိမ့်မယ်။ ဒီ အခြေအနေ ရောက်ယင်တော့ `အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပေါက်ဆိန်နဲ့ ပေါက်ရမယ့်´ အဖြစ်မျိုး ရောက်သွားမှာ မလွဲပါဘူး။

မြန်မာနိုင်ငံက စစ်သားတွေနဲ့ ကြံ့ဖွံ့လို လူတွေအတွက် ဒီပစ္စည်းသွားဝေ၊ ဟိုပစ္စည်းသွားပေး ဆိုတဲ့အလုပ် လောက်သာ လုပ်နိုင်မှာပါ။ မြန်မာနိုင်ငံထဲမှာ မုန်းတိုင်း မဖြစ်မှီကတည်းက အခြေစိုက်နေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေတောင်မှ မုန်းတိုင်းလွန် ဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ ကျွမ်းကျင်သူတွေ မရှိပါဘူး။ ဒါကြောင့် နိုင်ငံတကာက ကျွမ်းကျင်သူတွေ တိုင်းပြည်ထဲကို ၀င်ကို ၀င်မှဖြစ်မှာပါ။ မုန်တိုင်း ဒဏ်ခံ ပြည်သူလူထုရဲ့ အကျိုှးစီပွားအတွက် စစ်အစိုးရက တားဆီးပိတ်ဆို့မှုတွေ မလုပ်ပဲ လူသားချင်း စာနာတတ်တဲ့ စိတ်ဓါတ်နဲ့ နိုင်ငံတကာက ပေးလာမယ့် အကူအညီတွေကို လှိုက်လှိုက်လှဲလှဲ လက်ခံဖို့ လိုအပ်နေပါပြီ။

ကျော်လင်းဦး

(ကျော်လင်းဦး သည် Burma Democratic Concern ၏ ဒါရိုက်တာ တဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်က ဆူနာမီ ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကယ်ဆယ်ရေး လုပ်ငန်းများ အတွေ့အကြုံ ရှိခဲ့သူ တဦးလည်း ဖြစ်သည်။)


ကြိမ်မီးအုံး ပြည်သူများနှင့် အသိဉာဏ် သေးနုတ်လွန်းသည့် စစ်ခေါင်းဆောင်များကြောင့် ထပ်မံ နစ်နာကြရဦးမည့် အခြေအနေ