မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း (၂၀၀၈) အပေါ် သုံးသပ်ချက်
စောကပီ
Saturday, 12 April 2008 00:00 - မြန်မာစံတော်ချိန်
ပြည်ထောင်စုစနစ် အစစ်အမှန်လား၊ ဒါမှမဟုတ် တပ်မတော် ကြိုးကိုင် တပြည်ထောင်စနစ်လား
မြန်မာစစ်အစိုးရက ၎င်းတို့ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုနိုင်ဖို့ အတွက် ပြည်သူ့ဆန္ဒ ခံယူပွဲကို လာမည့် မေလ ၁၀ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ မူကြမ်းကိုတော့ ဧပြီလ ၈ ရက်နေ့ကစပြီး စတင်ဖြန့်ဝေတယ်လို့ သိရပါတယ်။ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်းဟာ အင်တာနက်ပေါ်မှာတော့ အတော့်ကို ပြန့်နှံ့နေခဲ့တာ ရက်အနည်းငယ် ရှိခဲ့ပါပြီ။ ပုံနှိတ်ထုတ်ဝေဖို့ ပေးလိုက်တဲ့ ဌာနဆိုင်ရာ ပုဂ္ဂိုလ်အချို့ကနေတဆင့် ပြန့်ပွားခဲ့တာလို့လဲ ဆိုကြပါတယ်။ ယခု တရားဝင် ထုတ်ပြန်လိုက်ပြီ ဖြစ်တဲ့ ဒီနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းကို အတိုချုပ် လေ့လာ သုံးသပ်လိုပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေမူကြမ်း အခန်း (၁) နိုင်ငံတော် အခြေခံမူများ ဆိုတဲ့အခန်းမှာ "နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်" ဆိုပြီး ပါရှိတာကို တွေ့ရပါတယ်။ ပြီးတော့တခါ "နိုင်ငံတော်ကို ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်း တည်ဆောက်သည်" ဟူ၍ အတိအလင်း ပြဌာန်းထားပါတယ်။ ဒီနေရာမှာ "ပြည်ထောင်စု" (Union) ဆိုတဲ့ နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ လက္ခဏာနဲ့ ပတ်သက်ပြီး အနည်းငယ် အဓိပ္ပါယ်ဖွင့်ဆို ဆွေးနွေးလိုပါတယ်။
"ပြည်ထောင်စု" ဆိုတဲ့ စကားလုံးရဲ့ အရိုးဆုံးနဲ့ အရှင်းဆုံး အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ ကိုယ်ပိုင် အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ ပြည်နယ်များ ပေါင်းစုပြီး သဘောတူညီချက် တရပ်ဖြင့် အချုပ်အခြာ အာဏာရှိတဲ့ တိုင်းပြည်တခုအဖြစ် တည်ထောင် ထားတဲ့ တိုင်းပြည်မျိုးပါ။ အဲဒီ ပြည်ထောင်စုနဲ့ ဆန့်ကျင်ဖက် (သို့မဟုတ်) ပြည်ထောင်စုနိုင်ငံတော်ရဲ့ အသွင်လက္ခဏာ မရှိပဲ ဗဟိုအစိုးရ တရပ်ကသာ ကြိုးကိုင်အုပ်ချုပ်တဲ့ စနစ်နဲ့ အုပ်ချုပ်တဲ့ တိုင်းပြည်မျိုးကိုတော့ တပြည်ထောင်နိုင်ငံလို့ ခေါ်ဆိုနိုင်ပါတယ်။ ဥပမာအားဖြင့် အင်ဒိုနီးရှား နိုင်ငံဟာ "တပြည်ထောင်စနစ်" (Unitary System) နဲ့ တည်ထောင်ထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် နိုင်ငံထဲမှာရှိတဲ့ နယ်မြေဒေသ (သို့မဟုတ်) ပြည်နယ်တွေဟာ ဗဟိုအစိုးရရဲ့ တိုက်ရိုက်အုပ်ချုပ်မှု အောက်မှာသာ ရှိပြီး သူတို့မှာ အုပ်ချုပ်ရေးရာ ကိစ္စရပ်များ၊ တရားဥပဒေပြုရေးရာနဲ့ တရားစီရင်ရေးတွေမှာ ဗဟိုအစိုးရရဲ့ သဘောတူညီမှု၊ ညွှန်ကြားမှုမပါပဲ ဆုံးဖြတ်နိုင်ခွင့် မရှိပါဘူး။
ပြည်ထောင်စု နိုင်ငံရဲ့ အဓိက အင်္ဂါရပ်ကတော့ ဒီပြည်ထောင်စုထဲမှာ ရှိတဲ့ ပြည်နယ် ဒါမှမဟုတ် တိုင်းဒေသတွေဟာ ပြည်ထောင်စု အစိုးရရဲ့ လက်အောက်မှာ တိုက်ရိုက် ထိမ်းချုပ်ခံထားမှုမျိုး မဟုတ်ဘဲ ကိုယ်ပိုင်ပြဌါန်းခွင့် အာဏာဆိုတာ ရှိရပါတယ်။ တနည်းအားဖြင့် ပြောရရင် ပြည်ထောင်စုနိုင်ငံတွေမှာ ပြည်ထောင်စု အစိုးရဟာ ပါဝင်ဖွဲ့ထားတဲ့ ပြည်နယ်များရဲ့ အပေါ်မှာ အချုပ်အခြာအာဏာ အားလုံးမရှိပါဘူး။ နိုင်ငံတော်ရဲ့ အဓိက အချုပ်အခြာ အာဏာခက်မကြီး သုံးခုဖြစ်တဲ့ ဥပဒေပြုရေး အာဏာ (Legislative Power)၊ အုပ်ချုပ်ရေး အာဏာ (Executive Power) နဲ့ တရားစီရင်ရေး အာဏာ (Judiciary Power) တွေဟာ ပြည်နယ်က လူထုက ရွေးကောက် တင်မြှောက်ထားတဲ့ ပြည်နယ်အစိုးရ အဖွဲ့တွေရဲ့ လက်ထဲမှာလဲ ရှိရပါတယ်။ ပို၍ တိကျအောင် ပြောရရင် ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ် အစိုးရတွေကြားမှာ အထက်က ပြောခဲ့တဲ့ အာဏာသုံးရပ်ကို ခွဲဝေထားရှိရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရတွေကြား အာဏာ ခွဲဝေအပ်နှင်းမှုအပေါ်မှာ မူတည်ပြီးတော့ ပြည်ထောင်စု နိုင်ငံတော်တွေရဲ့ အမျိုးအစားနဲ့ အဆင့်အတန်းတွေဟာလဲ အမျိုးမျိုး ကွဲပြားကြတာကိုတွေ့နိုင်ပါတယ်။
ယခု မြန်မာစစ်အစိုးရရဲ့ တင်းကြပ်စွာ ထိမ်းချုပ်မှု၊ ပိတ်ပင်မှုတွေ အမျိုးမျိုးနဲ့ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံက ချမှတ်ပေးလိုက်တဲ့ အခြေခံ မူတွေအတိုင်း ရေးဆွဲခဲ့တဲ့ အနာဂတ် မြန်မာနိုင်ငံအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းထဲမှာတော့ "နိုင်ငံတော်၏ အာဏာသုံးရပ်လုံးကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝေအပ်နှင်းသည်" ဟူ၍ ပါရှိပါတယ် [အခန်ုး (၁) ပုဒ်မ ၁၁ (ခ)]။ ယေဘူယျအားဖြင့်တော့ ဒါဟာ ပြည်ထောင်စု နိုင်ငံတော်တခုရဲ့ ဖွဲ့စည်းပုံမှာရှိရမဲ့ သဘောလက္ခဏာကို ထည့်သွင်း ပြဌါန်းထားခြင်း ဖြစ်ပါတယ်။
သို့သော် ဒီအခြေခံဥပဒေ မူကြမ်းမှာပါရှိတဲ့ အသေးစိတ် အာဏာခွဲဝေရေး (power sharing) ဆိုင်ရာ ပုဒ်မတွေကို ကြည့်တဲ့ အခါမှာတော့ နိုင်ငံတော် ဗဟိုအစိုးရက နိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေး အာဏာ အများစုကို ရယူထားပြီး၊ အရေးမကြီးလှတဲ့ အာဏာ အစိတ်အပိုင်းများကိုသာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရဲ့ လက်ထဲမှာ ထားတာကို တွေ့ရပါတယ်။
ဥပဒေပြုခွင့် အာဏာ (Legislative Power) ဆိုင်ရာ ပြဌါန်းချက်များကို ကြည့်မယ်ဆိုရင်၊ နိုင်ငံတော်ရဲ့ ကာကွယ်ရေး၊ နိုင်ငံခြားရေးနဲ့ နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ အဓိက ကိစ္စရပ်များမှာ ပြည်ထောင်စု လွှတ်တော်က ဥပဒေပြုခွင့် အာဏာ ရရှိမှာ ဖြစ်တယ်။ ဒါ့အပြင် ပြည်ထောင်စု လွှတ်တော်ကသာလျှင် ရဲတပ်ဖွဲ့၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် စသည့် အဆင့်မြင့် ပညာဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက စာသင်ကျောင်းများနှင့် သင်တန်းများ၊ စာပေရုပ်ရှင်ဆိုင်ရာ ဥပဒေပြုခွင့် အာဏာများကို ရရှိထားတာ ဖြစ်ပါတယ်။ ပြည်နယ်နှင့်တိုင်း ဒေသကြီး လွှတ်တော်များကတော့ စည်ပင်သာယာရေး၊ အိမ်တွင်း အသေးစား စက်မှုလက်မှုလုပ်ငန်း၊ အပန်းဖြေစခန်း၊ တိရိစ္ဆာန် ဥယျာဉ်အစရှိတဲ့ အရေး သိပ်မပါလှသော ကိစ္စရပ်များတွင်သာ ဥပဒေပြုခွင့် အာဏာရှိတာ ဖြစ်ပါတယ်။ အမည်အားဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်လို့ ခေါ်တွင်ရန် ပြဌါန်းထားသော်လည်း ယခု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းပါ ဥပဒေပြုရေးဆိုင်ရာ ပြဌါန်းချက်များအရ ဗဟိုကြိုးကိုင် တပြည်ထောင်နိုင်ငံကိုသာ အသားပေး တည်ဆောက်နေခြင်း ဖြစ်ပါတယ်။
အုပ်ချုပ်ရေးအာဏာ (Executive Power) အပိုင်းကို ကြည့်ပြန်တော့လည်း၊ နိုင်ငံတော်သမ္မတ လုပ်သူကသာ အာဏာအများစုကို ရယူထားပြီး၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများရဲ့ ၀န်ကြီးချုပ်တွေကိုလည်း ရွေးချယ် ခန့်ထားနိုင်တဲ့ အာဏာတွေကို ပေးထားတာ တွေ့ရပါတယ်။ အဲဒီတော့ အုပ်ချုပ်ရေးအပိုင်းမှာ ပြည်ထောင်စု အစိုးရလို့ခေါ်တဲ့ ဗဟို အစိုးရကသာ ပြည်နယ်နဲ့တိုင်း ဒေသကြီးများကို ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးများရဲ့ ၀န်ကြီးချုပ်များ ကနေတဆင့် ဆင့်ကဲ အုပ်ချုပ်မှာ ဖြစ်ပါတယ်။ ဒီတော့ ပြည်နယ်တွေမှာ သူတို့ပြည်နယ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဆိုတာ လုံးဝ မရှိသလောက်ပါ။
ထိုသို့ ခန့်အပ်ရာမှာ (ပုဒ်မ ၂၆၁၊ အပိုဒ် ၈ အရ) နိုင်ငံတော်သမ္မတဟာ ပြည်နယ်လွှတ်တော်၏ သဘောတူညီမှုကို ရယူရန် လိုအပ်သော်လည်း အပိုဒ် (ဃ) မှာတော့ "တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ၀န်ကြီးချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက အမည်စာရင်း တင်သွင်းသည့် လွှတ်တော် ကိုယ်စားလှယ်အား တိုင်းဒေသကြီး (သို့) ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ" လို့ ဆိုထားပြန်ပါတယ်။ တနည်းအားဖြင့် ပြောရရင်တော့ ပြည်နယ်လွှတ်တော် အမတ်များထဲမှာ ပြည်နယ် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူရန် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံမည့်သူ တဦးထက်ပို၍ ရှိနိုင်သော်လည်းပဲ၊ နိုင်ငံတော် သမ္မတသာ စိတ်ကြိုက် ရွေးချယ် ခန့်အပ်နိုင်တာကို တွေ့ရပါတယ်။
အလားတူစွာပင် နိုင်ငံတော်သမတဟာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးများအတွက် တရားသူကြီးချုပ်ကို စိတ်ကြိုက် ရွေးချယ်ခန့်ထားနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော်သမတက ပြည်နယ် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းတဲ့အခါမှာ ပြည်နယ် လွှတ်တော် အမတ်အများစုရဲ့ ထောက်ခံမဲကို ရရှိစရာ မလိုဘဲ၊ "သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံကြောင်းကို ပြည်နယ်လွှတ်တော်မှ အထင်အရှား မပြသနိုင်ပါက အမည်စာရင်း ပေးပို့သူများကို ငြင်းပယ်ခွင့် မရှိစေရ" လို့ အတိအလင်း ပြဌါန်းထားပါတယ်။ ဒီတော့ တရားစီရင်ရေး အာဏာ (Judiciary Power) အပိုင်းမှာလဲ နိုင်ငံတော် သမတကသာ အာဏာကို ထိမ်းချုပ်ထားပြီး တိုင်းရင်းသား ပြည်နယ်များရဲ့ တရား စီရင်ရေး ကိစ္စတွေမှာ တိုက်ရိုက် ဩဇာ သက်ရောက်နေနိုင်မှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် အမျိုးသား လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် အစရှိတဲ့ လွှတ်တော်သုံးရပ်လုံးရဲ့ အမတ်များထဲမှ လေးပုံတပုံဟာလည်း နိုင်ငံတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းပြီး ခန့်အပ်ထားတဲ့ တပ်မတော်သားများ ဖြစ်ရမယ်လို့ ဆိုထားပြန်ပါတယ်။ ဒီတော့ သတ်မှတ်ထားသော နိုင်ငံတော် သမ္မတရဲ့ ရှိရမည့် အရည်အချင်းများအရ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များထဲမှ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရဖို့ သေချာသလောက် ဖြစ်နိုင်ပါတယ်။ အဲဒီလိုပဲ ပြည်နယ် ၀န်ကြီးချုပ်တွေဟာလည်း နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်း ခန့်အပ်နိုင်တာဖြစ်လို့ တပ်မတော်သားများထဲကပဲ ဖြစ်လာဖို့ များပါတယ်။
အတိုချုပ်ပြီး ပြောရရင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဟာ တပ်မတော် ကြိုးကိုင်ဗဟိုအစိုးရဲ့ လုံးဝ လက်အောက်ခံသဖွယ် ဖြစ်ပြီး၊ အုပ်ချုပ်ရေး အာဏာ၊ ဥပဒေပြု အာဏာနဲ့ တရားစီရင်ရေး အာဏာ အားလုံးတို့မှာ နိုင်ငံတော် သမ္မတရဲ့ တိုက်ရိုက်ကြိုးကိုင်မှုကို ခံရမှာ ဖြစ်တယ်။ ဒီတော့ တိုင်းရင်းသား လူမျိုးစုများရဲ့ ကိုယ်ပိုင် ပြဌါန်းခွင့် ဆိုတာဟာလဲ အနှစ်သာရအားဖြင့် လုံးဝမရှိနိုင်ဘူးလို့ ဆိုရမှာ ဖြစ်တယ်။ တနည်းအားဖြင့်တော့ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစုများ လိုလားတဲ့ မိမိတို့ရဲ့ ကိုယ်ပိုင် ပြဌါန်းခွင့်ရှိတဲ့ ပြည်ထောင်စုမျိုးကို ဒီဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းက လုံးဝ ဆန့်ကျင် မျက်ကွယ်ပြုထားတာ ဖြစ်တယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။