ရွှေအိမ်စည် | |
Thursday, 07 February 2008 12:26 - မြန်မာစံတော်ချိန် | |
(က)နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက တပ်မတော်သားတွေအတွက် "စစ်သည်တော် ကျင့်ဝတ်" ဆိုတဲ့ လက်စွဲ စာအုပ်ငယ်လေးကို ၁၉၉၂ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့က ထုတ်ဝေခဲ့ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ) ရဲ့ ညွှန်ကြားချက်အရ ထုတ်ဝေတာလို့လဲ လက်စွဲ စာအုပ်ရဲ့ မျက်နှာဖုံးမှာ ရေးသားထားပါတယ်။ ဖြန့်ဝေတာကတော့ ….. စစ်သည်တော် အားလုံး (တပ်မတော်သား အားလုံး) ကို ဖြန့်ဝေပါတယ်။ အဲ့ဒီမှာ ….. စစ်သည်တော် (တပ်မတော်သား) ဆိုရာမှာလည်း ဗိုလ်ချုပ်မှူးကြီးကစလို့ တပ်သားအဆင့်ထိ အကျုံးဝင်တာလို့ ဖွင့်ဆိုထားပါတယ်။ စာအုပ်ရဲ့ စာမျက်နှာ (၃)မှာ ……" တပ်မတော်၏ အစဉ်အလာ" ဆိုပြီး…..ခေါင်းစဉ်ငယ် တစ်ခုနဲ့ တပ်မတော်ရဲ့ အစဉ်အလာ (၁၂) ရပ်ကို ဖော်ပြထားပါတယ်။ ပြီးတော့ ….. ဒီအစဉ်အလာ (၁၂) ရပ်ကို စောင့်ထိန်းဖို့လည်း ဆိုထားပါတယ်။ အစဉ်အလာ (၁၂) ရပ်ထဲက ပထမဆုံး အချက်က " မျိုးချစ် တပ်မတော် ဖြစ်သည်" ဆိုတဲ့ အချက် ဖြစ်ပါတယ်။ ဒီတော့ ….. မျိုးချစ် တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းပါလို့ နားလည်ရပါတယ်…….။ မျိုးချစ် တပ်မတော်ရဲ့ အစဉ်အလာကို စောင့်ထိန်းမှလဲ ဒီနေ့ တပ်မတော်ဟာ မျိုးချစ် တပ်မတော် ဖြစ်သည် …..ဆိုတဲ့ အင်္ဂါရပ် နဲ့ ပြည့်စုံမှာပါ။ ဒီတော့ …… မျိုးချစ်တပ်မတော်ရဲ့ သမိုင်းမှန်ကူကွက် အချို့ကို ပြန်ကြည့်ကြရအောင်ပါ။ (ခ)၁၉၄၅ ခုနှစ် စက်တင်ဘာလ ပထမအပတ်မှာ သီရီလကာင်္နိုင်ငံ ကန္ဒီမြို့မှာ မြန်မာ့ တပ်မတော်သစ်နဲ့ ပါတ်သတ်လို့ စာချုပ် ချုပ်ဆိုခဲ့ကြတယ်။ ကန္ဒီစာချုပ်ပါ ……။ မြန်မာဖက်က ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ထိုးပြီး ဗြိတိသျှတို့ ဘက်ကတော့ ဗိုလ်ချုပ်ကြီး လော့ဒ်လူဝီ မောင့်ဘတ်တန် လက်မှတ်ထိုးခဲ့တယ်။ စာချုပ်အရ ….. မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းပြီး ၊ စစ်အင်အား ၅၂၀၀နဲ့ ဗြိတိသျှဘားမား ရိုင်ဖယ်တပ်တွင် ပူးပေါင်း၍ တပ်မတော် အသစ်အား ဖွဲ့စည်းသွားရန် ဖြစ်ပါတယ်။ တပ်မတော်သစ်တွင် ပါဝင်ကြမယ့် မျိုးချစ် ဗမာ့တပ်မတော်က အရာရှိ တပ်မှူးတွေကို အင်္ဂလိပ်တပ်က စစ်ပညာသင်တန်း ပြန်ပို့ချပါတယ်။ တပ်ရင်း (၄)က တပ်မှူးတွေကို ပြည်မြို့မှာ သင်တန်းပေးတယ်။ ဗိုလ်ချုပ်ကြီး နေ၀င်း၊ ဗိုလ်မှူးချုပ် အောင်ကြီးတို့ တက်ကြရပါတယ်။ တပ်ရင်း(၅)က တပ်မှူးတွေကိုတော့ ပျဉ်းမနားမှာ သင်တန်းပေးပါတယ်။ ဗိုလ်မှူးကြီး ဇေယျတို့ ဗိုလ်မှူးကြီး ကြည်မောင်တို့ တက်ကြရပါတယ်။ မိတ္တီလာမှာ ဖွင့်တဲ့ သင်တန်းကိုတော့ အမြောက်တပ်နဲ့ အခြားတပ်က တပ်မှူးတွေ တက်ကြရပါတယ်။ ဗိုလ်မှူးချုပ် အောင်ရွှေ၊ ဗိုလ်ချုပ်ကြီး တင်ဦးတို့ တက်ကြရပါတယ်။ ဘားမားရိုင်ဖယ် တပ်ရင်း(၃) တပ်မှူးတွေရဲ့ သင်တန်းကိုတော့ သန်လျင်မှာ ဖွင့်ပါတယ်။ အဲဒီမှာ ဗိုလ်မှူးချုပ် ကျော်ဇော ၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်မှူးကြီး စိန်မြ၊ ဗိုလ်မှူးကြီး တင်မောင် (စာရေးဆရာ မြတ်ထန်) တို့ တက်ကြရပါတယ်။ တပ်ရင်း(၃) သင်တန်းသား အားလုံး စုစုပေါင်း ၂၈-ယောက် ရှိပါတယ်။ အခြေခံ စစ်ရေးပြ "လက်(ဖ)ရိုက်"..... "လက်(ဖ)ရိုက်" က စသင်ကြရပါတယ်။ ပြီးတော့ …." တပ်အုပ်ချုပ်မှုနဲ့ စစ်တပ်ဥပဒေ" ဘာသာရပ်တို့ကိုလည်း သင်ကြရပါတယ်။ ဒါက…..လူစုလူဝေး ဖြိုခွင်းခြင်းဆိုင်ရာ စစ်တပ်ရဲ့ ဥပဒေ ဘာသာရပ်ရဲ့ သင်ကြားချက်ပါ။ သင်တန်းဆရာက ဘာသာရပ်ဆိုင်ရာ သဘောတရားကို ပို့ချပြီးတဲ့နောက် သင်တန်းသားတွေကို ကြည့်ပြီး လက်ချာဆက်ပေးပါတယ်။ "……ဟောဟိုလမ်းမကြီးပေါ်မှာ လူထုကြီးအလံတွေ ကိုင်လို့ ပါးစပ်ကလည်း အစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ အော်လို့ ချီတတ်လာနေကြတယ် …… ခင်ဗျားတို့ ဘာလုပ်မလဲ……" သင်တန်းဆရာက သင်တန်းသား ဗမာ့မျိုးချစ် တပ်မတော်သား တပ်မှူးတွေကို မေးပါတယ်။ "………. ရှေ့ကို တတ်မလာပါနဲ့ လို့ သတိပေးမယ်" သင်တန်းသားတပ်မှူးများက ဖြေကြတယ်။ "…… ဟုတ်ပြီ …… ကဲဗျာ တားလို့ မရဘူး။ ရှေ့ဆက် တက်လာကြပြီ ဆိုပါတော့ ခင်ဗျားတို့ ဘာဆက်လုပ်မလဲ" သင်တန်းသားအားလုံး ဗမာ့မျိုးချစ် တပ်မတော်သား တပ်မှူးများအားလုံး ချက်ချင်း အဖြေမပေးနိုင်။ သူတို့ အားလုံး၏ အမြင်အာရုံတွင် ….. ဖဆပလအဖွဲ့ဝင် သခင်များနှင့် ပြည်သူလူထုကြီး …..။ "…..လွတ်လပ်ရေး ချက်ချင်းပေး " "…..သူပုန်၊ သူပုန် ထ ထ….." ကြွေးကြော်သံများအား ဟစ်ကြွေးနေတဲ့ လူထုကြီးနဲ့ အနီခံ ကြယ်ဖြူတစ်ပွင့် အလံနီကြီးများ …… ခွပ်ဒေါင်းအလံများ ၀င့်၍၀င့်၍ ချီတတ်လာနေကြတဲ့ မြင်ကွင်းတွေကို သင်တန်းသား အားလုံး မြင်ယောင်နေကြတယ်။ သင်တန်းသား အားလုံးဟာ ငြိမ်သက်နေတယ်။ အဖြေ မပေးနိုင်ကြသေး။ သင်တန်းဆရာက ထပ်မေးတယ်။ "…. ကဲဗျာ …… ရှေ့ဆုံးက ချီတတ်လာတာက ဦးအောင်ဆန်း (ဗိုလ်ချုပ်အောင်ဆန်း) ဗျာ….။ သတိပေးလို့လဲ မရဘူး……။ ဆက်ပြီး ချီတတ်လာပြီ ခင်ဗျားတို့ ဘာလုပ်မလဲ ……။ ပစ်မလား။ မပစ်ဘူးလား ……" "မပစ်ဘူး….." သင်တန်းသား ဗမာ့မျိုးချစ် တပ်မတော်ရဲ့ တပ်မှူးတွေအားလုံးက အဖြေပေးလိုက်ကြတယ်။ ဤတွင် ကျနော် နားလည်လိုက်မိတယ်။ "ငါတို့သည် ……နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည် " ဆိုတဲ့ တပ်မတော်သားတို့ရဲ့ နေ့စဉ် ရွှတ်ဆိုရသည့် သစ္စာအဓိဌာန်အား …….။ သို့သော် …… ယခု တပ်မတော်က …….။ ထားတော့ …..။ အဲ့ဒီတုန်းက သင်တန်းမှာ တတ်နေခဲ့ကြတဲ့ တပ်မှူးတွေဟာ ရဲဘော်သုံးကျိပ်ဝင်တွေ ပါတယ်။ ပြီးတော့ ဗမာ့ လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေး တပ်မတော် စတဲ့ တပ်မတော်တွေမှာ တာဝန်ထမ်းခဲ့ပြီး လွတ်လပ်ရေးအတွက် အသက်စွန့် တိုက်ပွဲ ၀င်ခဲ့ကြတဲ့သူတွေ ဖြစ်တယ်။ ဆိုရရင်တော့ ဒီနေ့ တပ်မတော်ကြီးရဲ့ သန္ဓေသားတွေ….။ ဒီနေ့ တပ်မတော်ကြီးရဲ့ ပထမ မျိုးဆက် တပ်မှူးကြီးတွေ …….။ တင်ပြခဲ့တဲ့ အဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် သူတို့တွေရဲ့ စဉ်းစားချက် ၊ ရပ်တည်ချက်၊ တွေးခေါ်ချက်နဲ့ လုပ်ဟန်တွေဟာ မျိုးချစ် တပ်မတော်ရဲ့ရပ်တည်ချက်နဲ့ လုပ်ဟန်တွေ ဖြစ်ခဲ့တယ်။ ဒါတွေဟာ မျိုးချစ် တပ်မတော်ရဲ့အစဉ်အလာ ကောင်းတွေပါ။ ဒီလို အစဉ်အလာကောင်းတွေကို ဒီနေ့ တပ်မတော်ကြီးဟာာ စောင့်ထိန်း ထားနိုင်ကြသေးရဲ့လား။ မေးစရာတွေ ဖြစ်နေပါပြီ။ ဒါဟာ …..ဒီနေ့ တပ်မတော်သားတိုင်း ဆန်းစစ်ကြည့်ကြဖို့ လိုသလို တစ်ဦးချင်း အဖြေပေးကြရမှာလည်း ဖြစ်တယ်။ ရွှေအိမ်စည် အညွှန်း - ဗိုလ်မှူးကြီး တင်မောင်၏ "တိုင်းပြည်ကနုနု မုန်တိုင်းကထန်ထန်" စာမျက်နှာ (၁၃-၃၂)မှ |
အောင်ဖြိုး | |
Thursday, 07 February 2008 12:09 - မြန်မာစံတော်ချိန် | |
နာရီကို ကြည့်လိုက်တော့ နေ့လည် (၂) နာရီ တိတိ။ လက်ထဲက ကိုင်ထားတဲ့ ကင်မရာကို ပျာယာခတ် ပြေးလွှားနေတဲ့ လူတွေနဲ့ မတိုက်မိအောင် သတိထားရှောင်ရင်း ရန်ကုန်ဘူတာကြီး ဂုံးကျော်တံတားဆီကို ခပ်သွက်သွက်လေး ပြေးလာလိုက်ပါတယ်။ ကျနော့်ရှေ့က သားအမိ နှစ်ယောက်ကလည်း ဘားလမ်းထဲရောက်အောင် ပြေးနေပါတယ်။ လမ်းဘေး ပလက်ဖေါင်းပေါ်က ဈေးသည်တွေကလည်း ဈေးဗန်းသိမ်းတဲ့သူကသိမ်း၊ ဘားလမ်းထဲ သွားကြည့်ဖို့ အဖော်ညှိသူကညှိနဲ့ အားလုံးရှုပ်ယှက် ခတ်နေကြတယ်။ ဘားလမ်းထဲ ရောက်တော့ တလမ်းလုံး လူတွေက ပြည့်နေပြီ။ ရန်ကုန်မြို့ထဲမှာ လူတွေမှ ကျန်သေးရဲ့လားလို့ ထင်ရလောက်အောင် ဂုံးတံတားပေါ်မှာရော၊ အောက်မှာပါ ကျပ်ညှပ်နေတယ်။ အားလုံးရဲ့ မျက်နှာပေါ်မှာ ခံပြင်းမှုတွေ၊ ကြောက်ရွံ့ ထိပ်လန့်မှုတွေ ကိုယ်စီနဲ့။ ဆာကူရာ တာဝါရှေ့ကို ကြည့်နေကြတယ်။ ကျနော်လည်း တံတားပေါ်ရောက်တော့ လူအုပ်ကြားထဲ အတင်းတိုးဝင်ပြီး ဆာကူရာ တာဝါရှေ့ကို လှမ်းကြည့်လိုက်တယ်။ အပေါ်စီးက မြင်ရတဲ့ မြင်ကွင်းက သွေးပျက်စရာပါပဲ။ လက်နက် အပြည့်အစုံနဲ့ စစ်သားတွေဟာ ကျနော်တို့ဘက် မျက်နှာမူပြီး ရပ်စောင့်နေတာကို တွေ့လိုက်ရတယ်။ တက်လာသမျှ လူတိုင်းကို ပစ်ဖို့အသင့် အနေအထားပါပဲ။ တပ်စုမှူးက စစ်သားတွေရဲ့နောက်မှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ်။ ဂုံးတံတားအောက်က တချို့လူတွေက လမ်းဘေးက စည်ပင်သာယာ အမှိုက်ပုံးကြီးတွေကို လမ်းမအလယ် သယ်လာပြီး အကာအကွယ် လုပ်ထားကြတယ်။ အဲဒီ အချိန်မှာပဲ တပ်စုမှူးရဲ့ လော်စပီကာအသံက ကျယ်လောင်စွာ ထွက်ပေါ်လာပါတော့တယ်။ "မိဘပြည်သူများ ခင်ဗျား ဆူဆူပူပူ မလုပ်ပဲ ကိုယ့်အိမ်ကိုယ် ငြိမ်းချမ်းစွာ ပြန်ကြပါရန် သတိပေးအပ်ပါတယ်။ မလိုက်နာပါက နောက်ငါးမိနစ်နေရင် ငြိမ်းချမ်းရေးကို ပျက်ပြားအောင် လုပ်ဆောင်မှုနဲ့ အရေးယူရပါလိမ့်မယ်"။ တပ်စုမှူးရဲ့ကြေညာသံ အဆုံးမှာတော့ ပြည်သူတွေဘက်က အသံပေါင်းစုံ ထွက်လာပါ တယ်။ ကလေးကို လက်တဖက်က ချီထားတဲ့ စွပ်ကျယ်ဂျိုင်းပြတ်နဲ့ ဦးလေးကြီးက "ဟေ့ကောင် မင်းတို့ လက်နက်ကိုင်နေတာ ပြည်သူတွေကို ပြန်ပစ်ဖို့လား၊ ဆန္ဒပြတဲ့အထဲမှာ မင်းတို့အမေတွေတောင် ပါနိုင်တယ်ဆိုတာ သိရဲ့လားကွ" လို့ ပြန်အော်လိုက်ပါတယ်။ လူအုပ်ကြီးကလည်း သဘောကျလို့ ထောက်ခံ အားပေးကြတယ်။ တဖက်က တပ်စုမှူး က လော်စပီကာနဲ့အော် သတိပေးလိုက် ပြည်သူတွေကလည်း ပြန်အော်လိုက်နဲ့ အချိန်တော်တော် ကြာသွားပါတယ်။ အဲဒီအချိန်မှာပဲ ဆူးလေဘက်က ချီတက်လာတဲ့ သံဃာတော်တွေ ဦးဆောင်တဲ့ လူအုပ်ကြီးဟာ ဘားလမ်းထိပ်ကို ရောက် လာပါတယ်။ သံဃာတော်တွေကို မြင်တယ်ဆိုရင်ပဲ ဂုံးတံတားပေါ်က လူအုပ်ကြီးဟာ လက်ခုပ်သံ တဖြောင်းဖြောင်းတီးပြီး ကြိုဆိုကြပါတယ်။ ထောင်ပေါင်းများစွာသော လူအုပ်ကြီးဆီက ထွက်လာတဲ့ လက်ခုပ်သံတွေဟာ ကြားရသူတိုင်းကို ကြက်သီးမွှေးညှင်း ထသွားစေပါတယ်။ နောက် တဖြည်းဖြည်း သံဃာတော်တွေနဲ့ ဂုံးတံတားပေါ်က လူအုပ်ကြီး ပေါင်းမိသွားပါတယ်။ လူအုပ်ကြီးဟာ တာမွေအထိသွားဖို့ ဂုံးတံတားအတိုင်း ဆက်လက် ချီတက်နေကြပါတယ်။ တံတားအဆင်းမှာ နအဖ တပ်စုတစုကလည်း ပစ်ဖို့ အသင့်စောင့်နေတယ်။ ကိုယ့်ကိုပစ်ဖို့စောင့်နေတဲ့ စစ်သားတွေကို မြင်ပေမယ့် လူအုပ်ကြီးဟာ မကြောက်မရွံ့ မိမိတို့လိုလားချက်တွေကို အော်ဟစ်ပြီး ဆက်လက် ချီတက်မြဲ ချီတက်လျက် ရှိနေပါတယ်။ လူအုပ်ကြီးက ကြီးလွန်းလို့ စစ်သားတွေ သွေးပျက်စ ပြုလာပါပြီ။ အဲဒီအချိန်မှာပဲ အံ့သြစရာကောင်းတဲ့ ကိစ္စတခု ဖြစ်ပေါ်လာပါတယ်။ အသက် (၁၈)နှစ်သာသာ ရှိသေးတဲ့ ကျောင်းသားလေး တယောက်က လူအုပ်ကြီးရှေ့ပြေးထွက်လာပြီး " ကျနော် ဒီတိုက်ပွဲဝင်တာ ကျနော့်အတွက် မဟုတ်ပါဘူး။ ကျနော်တို့ နိုင်ငံ ဒီမိုကရေစီရဖို့အတွက်ပါ။ ကျနော် သေမှာမကြောက်လို့ ဒီတိုက်ပွဲဝင်တာပါ" လို့ အော်ပြီး ရှေ့ဆုံးက ရဲဝံ့စွာ ချီတက် သွားပါတယ်။ အဲဒီနောက် တပ်စုမှူးရဲ့ "ပစ်" ဆိုတဲ့ အမိန့်ပေးသံနဲ့အတူ သေနတ်သံတွေ တဒိုင်းဒိုင်း ထွက်ပေါ်လာပါတော့တယ်။ ပထမဦးဆုံး သေနတ်သံ အဆုံးမှာပဲ ရှေ့ဆုံးကကောင်လေး ဦးနှောက်ပွင့်ပြီး လမ်းမပေါ် နောက်ပြန် လဲကျသွားပါတယ်။ သွေးတွေက လမ်းမပေါ် မြင်မကောင်းအောင် အိုင်ထွက်သွားတယ်။ "ပစ်ပြီဟ" "ပြေး" ဆိုတဲ့ အသံနဲ့အတူ လူအုပ်ကြီးကလည်း ကြောက်လန့်တကြား နောက်ပြန် လှည့်ပြေးကြတယ်။ ဂုံးတံတားပေါ်က ခုန်ချတဲ့လူက ခုန်ချ၊ စနစ်တကျပြေးဖို့ သတိပေးတဲ့လူက ပေးနဲ့ ရှုပ်ယှက်ခတ်သွားကြတယ်။ ကျနော်လည်း လူအုပ်ကြီးနဲ့ ရောပြီး ပြးလိုက်တာ ဘေးကင်းတဲ့နေရာ ရောက်မှ သက်ပြင်းချနိုင်တော့တယ်။ အချိန် အနည်းငယ် ကြာတော့ ဂုံးတံတားပေါ်က လူတွေ ရှင်းသွားပြီ။ သေနတ်မှန်ပြီး လဲကျကျန်ရစ်တဲ့ ကောင်းလေးရဲ့အခြေအနေ သိရအောင် တံတားပေါ်ကို မယောင်မလယ်နဲ့ တက်ကြည့်လိုက်တယ်။ စစ်သား(၄)ယောက်က အလောင်းကိုကောက်ပြီး ကားပေါ်တင်နေတာ တွေ့လိုက်ရတယ်။ သွေးတွေကတော့ အများကြီးပဲ။ ကြည့်ရင်းကြည့်ရင်းနဲ့ အန်ချင်စိတ် ဖြစ်လာတယ်။ နောက် စစ်ကားလည်း အလောင်းတင်ပြီး ထွက်သွားတယ်။ ဘယ်သူမှ မရှိတော့တာနဲ့ ကျနော်လည်း ဆူးလေဘက်ကို ထွက်လာခဲ့တယ်။ ဆန္ဒပြတဲ့လူတွေကလည်း နောက် တနေ့အတွက် အားပြန်မွေးဖို့ လူစုခွဲပြီး အိမ်ပြန်သွားကြတယ်။ ဆူးလေထိပ် ရောက်တော့ မောတာနဲ့ လ္ဘက်ရည်ဆိုင် ထိုင်ပြီး လ္ဘက်ရည်တခွက် မှာလိုက်တယ်။ မှာထားတဲ့ လ္ဘက်ရည် လာချသွားတဲ့အခါ ရုတ်တရက် ကောက်ပြီး မသောက်သေးပဲ ငိုင်နေမိသေးတယ်။ ဘာပြုလို့လဲ။ ဘာလို့ ဒီလောက်အထိ လုပ်ရက်ကြတာလဲ။ လူအုပ်ထဲ သေနတ်နဲ့ပစ်ဖို့ အမိန့်ပေးတဲ့လူက ဘယ်သူလဲ။ ပစ်တဲ့လူ၊ ပစ်နိုင်တဲ့ စိတ်ထား ရှိသူတွေကကော ဘယ်သူတွေလဲ။ သတိရလို့ စားပွဲပေါ်က လ္ဘက်ရည်ခွက်ကို ငုံ့ကြည့် လိုက်ပါတယ်။ လ္ဘက်ရည်ခွက်ထဲမှာတော့ လ္ဘက်ရည်တွေ မဟုတ်ပဲ သွေးတွေ။ |
No comments:
Post a Comment