အောက်တိုဘာလ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။
(၁)
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ဥက� ဋ္ဌ၏ ထုတ်ပြန် ကြေငြာချက် ထွက်လာခဲ့သည်။ ဒီမိုကရေစီ အတိုက်အခံများနှင့် တွေ့ဆုံ ဆွေးနွေးရေးကို တောင်းဆို ထားသည်။ နိုင်ငံရေး အကျဉ်းသားများကို လွှတ်၍ တိုင်းပြည်ကို အပြောင်းအလဲ လုပ်ရန် တောင်းဆိုထားသည်။ နိုင်ငံ ခေါင်းဆောင် အများက ထုတ်ပြန်ကြေငြာချက် ထွက်လာလာချင်းပင် ထောက်ခံကြသည်။ ကြိုဆိုကြသည်။ စစ်အစိုးရကို အပြောင်းအလဲလုပ်ရန် ဆက်လက် တိုက်တွန်း အားပေးခဲ့ကြသည်။
စစ်အစိုးရကတော့ ချက်ချင်းပင် ပယ်ချလိုက်ပြန်သည်။ ဒါကလည်း အံ့သြစရာတော့ မဟုတ်ပါ။ သူတို့က လမ်းပြမြေပုံ ၇-ချက် အတိုင်း ဆက်သွားမည်ဟု တုံ့ပြန်ခဲ့သည်။ မပြောင်းနိုင်၊ မဆွေးနွေးနိုင်၊ ကိုယ့်လမ်း ကိုယ်သွားမည်ဟု ဆိုသည်။ လူထုအများကို အတင်းအကျပ် ဆင့်ဆို၍ စစ်အစိုးရကို ထောက်ခံကြောင်း လူထုဆန္ဒ ထောက်ခံပြပွဲများ ငွေကုန်ကြေးကျခံ ဆက်လုပ်နေပြန်သည်။ သူတို့ လက်ရွေးစင် စုထားသော လူတစုဖြင့် အမျိုးသား ညီလာခံခေါ် ချမှတ်ထားသည့် ဖွဲ့စည်းပုံအတွက် အခြေခံမူ (၁၀၄) ချက်၊ အသေးစိတ်မူများကို အတင်း ထောက်ခံခိုင်းနေပြန်သည်။
အမှန်တွင်တော့ စစ်အစိုးရက ဆန္ဒပြ သံဃာများအပေါ် တုတ်တချက်ဝင့်ရုံမျှဖြင့် လမ်းပြမြေပုံ ကျဆုံးခဲ့ပြီ ဖြစ်သည်။ စစ်အစိုးရက ပထမဦးဆုံး ပစ်ဖောက်လိုက်သည့် ကျည်၊ သေနတ်သံတွင်ပင် သူတို့ ပြောနေသော အခြေခံမူ (၁၀၄) ချက် သေဆုံးသွားရသည်။ ဆက်လက် အကြမ်းဖက် ဖိနှိပ်မှုများ အောက်တွင် လည်စင်းလိုက်ရသည်မှာ ပြည်သူများ မဟုတ်။ စစ်အစိုးရ ပြောနေသည့် "စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်" သာ ဖြစ်သည်။ သို့သော်လည်း ဤအချက်များက ပြင်ဆင်၍မရ မဟုတ်။ လူများက ဖန်တီးထားသော၊ လူအများက ရေးထားသော အချက်များသာ ဖြစ်သည်။ ပြင်ဆင်၍ ရသည်။ ပြန်လည် ပြင်ဆင်ရေးဆွဲခွင့် မရှိသော ဗျာဒိတ်တော် မဟုတ်ပါ။ တိုင်းပြည် လူအများ ကောင်းစားရေး အတွက် ပြန်လည် ပြင်ဆင် ရေးဆွဲခွင့် ရှိနေပါသည်။ လူအများက ဆန့်ကျင် မလိုလားလျှင် လူအများ သဘောကျ လက်ခံမည့် အချက်များဖြင့် ပြန်လည်ပြင်ဆင် ဖြည့်စွက် ရေးဆွဲခွင့် ရှိနေပါသည်။
အရာကိစ္စတိုင်းသည် ပြင်ဆင်၍ မရတော့သော တရားသေကိစ္စများ မဟုတ်ကြပါ။
(၂)
တခါက ပုံပြင်တပုဒ်တွင် ဖတ်ရသည်။ ဇာတကထဲက ဖြစ်မည် ထင်သည်။ အတိအကျ မမှတ်မိတော့။
"တရံရော အခါက ရဟန်းနှစ်ပါး ခရီးအတူ သွားကြသည်။ သူတို့သည် ကောက်ရိုးနှစ်ထုံးကို အတူတကွ သယ်ဆောင် သွားကြလေသည်။ နေရာသို့ ရောက်သောအခါ မြက်နှစ်ထုံးကို တွေ့ကြရပြန်၏။ ရဟန်းတပါးက ကောက်ရိုးထုံးကို ချ၍ မြက်ထုံးကိုသယ်၏။ ကျန်ရဟန်း တပါးကတော့ ယခု ကောက်ရိုးထုံးသည် ခရီးဝေးစွာ သယ်ဆောင်လာခဲ့ပြီး ဖြစ်သည်။ မစွန့်ပစ်လိုတော့ဟုဆိုကာ ကောက်ရိုးထုံးကိုပင် သယ်လေသည်။ ဆက်လက်၍ ခရီးဆက်ကြပြန်သည်။ တနေရာသို့ ရောက်လတ်သော် ဝါဂွမ်းထုံးများကို တွေ့ရပြန်လေသည်။ ထိုအခါ ရဟန်းတပါးက မြက်ထုံးကို ချ၍ ဝါဂွမ်းထုံးကို ဆက်လက် သယ်ဆောင်လေ၏။ ကောက်ရိုး သယ်ဆောင် လာခဲ့သော ရဟန်းကမူ ခရီးဝေးမှလည်း သယ်ဆောင်လာခဲ့ပြီ။ သယ်ခဲ့သော ကောက်ရိုးထုံးကိုလည်း သံယောဇဉ် ဖြစ်နေပြီ ဆိုကာ ကောက်ရိုးထုံးကိုပင် ဆက်လက် သယ်ဆောင်ပြန်၏။"
ဤရဟန်းနှစ်ပါး ပုံပြင်သည် ကျနော်တို့အတွက် များစွာသော စဉ်းစားစရာ အချက်အလက်များ ပေး၏။ ကျနော်တို့ အစဉ်အဆက် လမ်းဟောင်းအတိုင်း တွေးခေါ်ခဲ့ကြသည်။ အစဉ်အလာအတိုင်း လျှောက်ခဲ့ကြသည်။ သယ်ဆောင်လာခဲ့သော အတွေးအခေါ် ဟောင်းကို သံယောဇဉ် တွယ်နေကြသည်။ အတွေးအခေါ်သစ် အတွက် စမ်းသပ်မှု မလုပ်ရသေး၊ မှားနိုင်သည်ဟု အလွယ်ပင် တွေးကြသည်။ ကောက်ရိုးထုံးကို ဆက်လက် သယ်ဆောင်နေသော ရဟန်းကဲ့သို့ သွားလိုကြသည်။
စစ်အစိုးရကလည်း အလားတူပင် ဖြစ်သည်။ လူအများက လက်မခံသော လမ်းပြမြေပုံ အစုတ်ကြီးနှင့် အခြေခံမူ (၁၀၄) ချက်ကို ဆက်လက် ဖက်တွယ်နေသည်။ ကိုယ်ကျိုးစီးပွား ကြည့်သည်လည်း ပါလိမ့်မည်။ စိုးရိမ် ကြောင့်ကြစိတ်များလည်း ပါလိမ့်မည်။ သို့သော် ဤအချက်များကို လူအများက လက်မခံကြောင်း ပြီးခဲ့သည့် ဆန္ဒပြပွဲများက ထင်ထင်ရှားရှား ပြခဲ့ပြီ ဖြစ်သည်။ နိုင်ငံ တကာ မိသားစုက UNSC ၏ ထုတ်ပြန် ကြေငြာချက်ဖြင့် ပြသခဲ့ပြီ ဖြစ်သည်။ စစ်အစိုးရကတော့ ကောက်ရိုးထုံးကြီးဖြင့်သာ ခရီး ဆက်လိုသည်ကို တွေ့နေရသည်။
ဤသို့ ဆိုလျှင်ဖြင့် မှားခြိမ့်မည်။ တိုင်းပြည်လည်း ချောက်ထဲ ကျရမည့်ကိန်း ရှိနေပါသည်။
(၃)
တတိယလှိုင်း (Third Wave) ဟု အမည်ရသည့် စာအုပ်ကိုရေးသားသူ ပါမောက္ခ ဆင်မြူရယ် ဟန်တင်တန် (Samuel Huntington) က သူ၏ စာအုပ်တွင် ကမ္ဘာကြီး၏ နောက်ဆုံး ဆယ်စုနှစ်များ ကာလအတွင်း နိုင်ငံ အများအပြားတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာပုံကို ရေးသား ဖော်ပြခဲ့ပါသည်။
သူက နိုင်ငံအများတွင် ဒီမိုကရေစီ အပြောင်းအလဲများ ဖြစ်ပေါ်လာပုံကို ခြုံငုံလေ့လာ၍ သုံးသပ်ချက် ထုတ်ခဲ့သည်။ သူက အချက် ၅-ချက် ရှိသည်ဟု ဆိုပါသည်။
ပထမအချက်မှာ- အာဏာရှင် အစိုးရများ၏ တရားဝင်မှု (Legitimacy) ပြဿနာ ပိုမိုနက်ရှိုင်း ကြီးထွားလာခြင်း ဖြစ်ပြီး၊ စစ်ရှုံးရသော အခြေအနေ၊ စီးပွားရေး ကျရှုံးရသော အခြေအနေ အောက်တွင် ကြုံလာသည့်အခါ ပြောင်းလဲလေ့ ရှိပုံကို ဆိုပါသည်။
မြန်မာ စစ်အစိုးရ အနေဖြင့် ၁၉၈၈ စစ်အာဏာသိမ်း တက်လာချိန်မှစ၍ တရားဝင်မှု မရခဲ့ပါ။ (De facto/ De Jure) စသဖြင့် ငြင်းခုံရင်း နိုင်ငံတကာက အသိအမှတ် ပြုထားသောကြောင့်သာ de facto government (တရားဝင် ရွေးကောက်ခြင်း မခံထားရသော်လည်း နိုင်ငံကို ထိန်းချုပ် ထားနိုင်ခြင်းကြောင့် အသိအမှတ် ပြုထားရသော အစိုးရအဖြစ်) လက်ခံထားကြပါသည်။ စစ်အစိုးရက နိုင်ငံအတွင်း လူအများက ထောက်ခံ အသိအမှတ် ပြုလာစေရေးအတွက် ရဟန်းသံဃာများကို အကြီးအကျယ် အလှူ အတန်းပေးကာ သာသနာပိုင်များက အသိအမှတ် ပြုသယောင် တရားဝင်မှု ရစေရန် ကြိုးပမ်းခဲ့ကြပါသည်။ မကြာသေးခင်က သံဃာများကို လူမဆန်စွာ အကြမ်းဖက် ဖြိုခွဲပြီးနောက်ပိုင်းတွင် ဤဘာသာရေးအရ တရားဝင်မှု ဆုံးရရုံသာမျှမက၊ ယခု ကုလ လုံခြုံရေး ကောင်စီ၏ ထုတ်ပြန်ချက် အပြီးတွင် နိုင်ငံတကာဖက်မှ အသိအမှတ် ပြုထားသည့် တရားဝင်မှုမှာ ဆုံးရှုံးယိုယွင်း လာနေပါသည်။ အထူးသဖြင့် ယခင်ကတည်းက မရှိတတ်ခဲ့သော လူထုထောက်ခံမှုမှာ ပို၍ ဆိုးရွားစွာ ပြိုလဲနေပြီ ဖြစ်ပါသည်။
ဒုတိယအချက်အဖြစ်- ပါမောက္ခ ဟန်တင်တန်က ဖော်ပြရာ၌ စီးပွားတက်လာသော နိုင်ငံ အများတွင်လည်း ဒီမိုကရေစီ ပြောင်းလဲ လာတတ်သည်ဟု ဆိုပါသည်။ လူလတ်တန်းစား များပြားလာခြင်း၊ မြို့ပြ ဖြစ်ထွန်းလာခြင်း၊ လူအများ၏ ပညာ အရည်အချင်း မြင့်တက်လာခြင်းကြောင့် ဒီမိုကရေစီ စနစ်ဖက်သို့ ကူးပြောင်းလာပုံ ဖြစ်ပါသည်။ တိုင်ဝမ်၊ တောင်ကိုရီးယား တို့ကို ဥပမာ ပေးနိုင်ပါသည်။ မြန်မာနိုင်ငံအတွက်မူ မဆိုင်လှပါ။
တတိယအချက်မှာ ဘာသာရေး အဖွဲ့အစည်းများအတွင်း ခံယူချက် သဘောထားများ ပြောင်းလဲလာခြင်း ဖြစ်ပြီး၊ ဘာသာရေး ဆိုင်ရာ ခေါင်းဆောင်များက အစိုးရကို ဆန့်ကျင်သော သဘောထားကို ပိုမိုကိုင်စွဲ လက်ခံလာကြသည့် အခြေအနေ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မကြာသေးမီက ဖြစ်ခဲ့သော သံဃာများ၏ "ဓမ္မနှင့် အဓမ္မ တိုက်ပွဲ" နှင့် သိသိသာသာကြီး တိုက်ဆိုင် နေပါတော့သည်။
စတုတ္ထအချက်မှာ- လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး ကိစ္စများအတွက် ပြင်ပတွန်းအားများ ဖြစ်လာခြင်းနှင့် အရပ်ဖက် လူမှု အဖွဲ့အစည်းများ (civil society) ဟု ခေါ်သော ထွန်းကားလာခြင်း ဖြစ်ပါသည်။ ပြင်ပရှိ အင်အားစုများနှင့် အစိုးရ မဟုတ်သည့် (အန်ဂျီအို) အဖွဲ့များ၏ တွန်းအားများကြောင့်လည်း ပါပါသည်။
ပဉ္စမအချက်မှာ ဆန္ဒပြပွဲများ၏ တဖြည်းဖြည်းခြင်း အရှိန်ရ အားကောင်းလာသော အာနိသင် သက်ရောက်မှု (snow balling effect) ဖြစ်ပြီး၊ အခြားနိုင်ငံများမှ ဒီမိုကရေစီ အောင်ပွဲများ၏ ဂယက် ရိုက်ခတ်လာမှု၊ နိုင်ငံတကာနှင့် ပို၍ ကူးလူးဆက်ဆံမှု၊ ပို၍ ကောင်းမွန်သော ဆက်သွယ်ရေး စနစ်များ ရှိလာမှုတို့ကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဆန္ဒပြပွဲများက နောက်ထပ်တပတ်မျှ အချိန်ရလျှင် လူထုများအဖို့ အောင်ပွဲခံဖွယ် ရှိသောကြောင့် စစ်အစိုးရက နောက်ဆုံး အကြမ်းကြုတ် အရက်စက်ဆုံး နည်းသုံး ဖြေရှင်းခဲ့ခြင်း ဖြစ်သည်ဟုလည်း တွက်နိုင်ပါသည်။ တရုတ်က မြန်မာ စစ်အစိုးရကို ကာကွယ်နေခြင်းမှာ မြန်မာ စစ်အစိုးရကို ချစ်လွန်း၍ မဟုတ်ဘဲ၊ ၎င်း၏ ပြည်တွင်း ပြဿနာများကို ကူးစက်မည်စိုး၍လော ဟူ၍လည်း တွက်ဆဖွယ် ရှိနေပါသည်။
မည်သို့ပင်ဖြစ်စေ၊ ပါမောက္ခ ဟန်တင်တန် တင်ပြသည့် နိုင်ငံအများ ဒီမိုကရေစီ ကူးပြောင်းလာကြသည့် အခြေအနေကို ကြည့်ပါက မြန်မာနိုင်ငံက ပြောင်းလဲရတော့မည့် အခြေအနေ ဖြစ်သည်။ လူအများက ဆန္ဒပိုင်းဖြတ် ဆုံးဖြတ်ထားကြပြီ ဖြစ်သလို၊ စစ်အစိုးရကိုလည်း "စစ်အစိုးရ တော်ပါပြီ" ဟု ဖော်ထုတ် ပြသခဲ့ကြပြီ ဖြစ်သည်။
"နိုင်ငံများသည် စစ်တပ်ကြီးများ၏ ကျူးကျော်လာမှုကို ခုခံနိုင်စွမ်း ရှိကောင်း ရှိလိမ့်မည်။ သို့သော် အချိန်အခါကျ၍ ပြောင်းလဲလာသော အတွေးအခေါ် တရပ်၏ အင်အားကို ခုခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်" ဟု ပညာရှင်တဦး ဖြစ်သူ ဗစ်တာဟူးဂိုးက ပြောခဲ့ဖူးပါသည်။ မြန်မာပြည်သူများ ဖက်ကတော့ ပြောင်းလဲရန် ဆန္ဒပိုင်းဖြတ် ဆုံးဖြတ်ထားကြပြီ ဖြစ်သလို၊ နိုင်ငံတကာ မိသားစုကလည်း ထောက်ခံပံ့ပိုးရန် အသင့် ဖြစ်နေကြပါပြီ။
စစ်အစိုးရက ပြောင်းလဲရတော့မည့် အချိန်ဖြစ်ပါသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်များ အနေဖြင့် အတွေးအခေါ် ပြောင်းခြင်းအားဖြင့် ဘာမှမဆုံးရှုံးနိုင်ပါ။ အခွင့်အလမ်းများကသာ ဆီးကြိုနေသည် ဖြစ်ပါတော့သည်။
No comments:
Post a Comment